ငါ့တံခါးကြီး ဘယ်ရောက်သွားတာလဲ ဂေ့...
Vol. 19 Ch. 254
ကျေနပ်အားရစွာ လေချဉ် တစ်ချက် တက်လိုက်ပြီးနောက် ကြောင်ဖြူလေးမှာ ပါးစပ်ကို အကျယ်ကြီး ဟကာ ပရိုင်မာ့အပေါ်သို့ ကိုင်းညွတ်ပြီး အနံ့ခံလိုက်သည်။ သို့သော်လည်း... တစ်စုံတစ်ခုကို အတည်ပြုပြီးနောက်တွင်မူ စိတ်ပျက်လက်ပျက်ဖြင့် ပါးစပ်ကို ပြန်ပိတ်လိုက်၏။
ပရိုင်မာ့ဘေးတွင် ဝပ်ဆင်းနေရင်း ကြောင်ဖြူလေးမှာ ခေါင်းကို ခါယမ်းလိုက်ပြီးမှ မိမိကိုယ်မိမိ မျက်လုံးတပ်ပေးရန် မေ့နေကြောင်း သတိရသွားသည်။
ဖောက်... ဖောက်...
ခေါင်းထက်၌ မျက်လုံးအိမ်နှစ်လုံးမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီးနောက် သာမန်ကြောင်မျက်လုံးများနှင့် တူသွားအောင် ဖြည်းဖြည်းချင်း ညှိယူလိုက်သည်။
အဖြူလေးမှာ မျက်တောင်ခတ်လိုက်ပြီးနောက် အမြီးကို နှာမောင်းတစ်ခုကဲ့သို့ လှည့်ယမ်းကာ မြေပြင်ပေါ်ရှိ သွေးအိုင်ထဲသို့ ထိုးစိုက်လိုက်ပြီး သွေးများကို စုပ်ယူပစ်လိုက်သည်။
‘အသားမရှိတော့ပေမဲ့လည်း သွေးစွပ်ပြုတ်လေး သောက်ရတာလည်း မဆိုးပါဘူးလေ...’
ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေဆဲဖြစ်သည့် ပရိုင်မာမှာ ကျန်ရှိနေသည့် ဆေးရည်ပုလင်းအနည်းငယ်ထဲမှ အဆိပ်ဖြေဆေးကို ထုတ်ယူရန် အစွမ်းကုန် ကြိုးစားနေ၏။ သို့သော်လည်း... သူမ မလုပ်နိုင်ခင်မှာပင် နောက်ဆုံးလက်ကျန် အသက်စွမ်းအင်များ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်နေပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။
သူမ ခေါင်းကို အသာအယာစောင်းကာ ရှေ့မှ ကြောင်ဖြူလေးကို ငေးကြည့်နေမိသည်။ ကြောင်၏ အမွေးများမှာ လရောင်ကဲ့သို့ ဖျော့ဖျော့လေး လင်းလက်နေ၏။ သူမ၏ မျက်ဝန်းထဲမှ အလင်းရောင်များ တဖြည်းဖြည်း ကွယ်ပျောက်လာချိန်တွင် နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကွေးညွတ်သွားသည်။
‘ကောင်းလိုက်တာ... ညဉ့်ဦးယံကို အုပ်စိုးတဲ့ အရှင်မ ဝါးပူဂစ်... သူ သိနေတာပဲ... သူမ ကျွန်မတို့ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး...’
ပရိုင်မာ၏ ပိုမို ဝေဝါးလာနေသည့် အမြင်အာရုံထဲတွင် ကြယ်စင်များထက်မှ အမျိုးသားတစ်ဦး၏ ပုံရိပ်မှာ ရုတ်တရက် ပေါ်ထွက်လာ၏။ သူမ မျက်လုံးကို မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်သောအခါတွင်မူ သူမ တစ်ခါမှ မမြင်ဖူးသည့် မျက်နှာတစ်ခုကို အနီးကပ် မြင်တွေ့လိုက်ရသည်။
နက်မှောင်သည့် ဆံကေသာနှင့် မျက်ဝန်းအိမ်ပိုင်ရှင် ဤလူငယ်ထံမှ ထူးဆန်းလှသည့် သံယောဇဉ်မျိုးကို သူမ ခံစားလိုက်ရသည်။ ဤသည်မှာ သေခါနီးအချိန်တွင် ဖြစ်ပေါ်တတ်သည့် အာရုံချောက်ခြားမှု မဟုတ်ကြောင်း ပရိုင်မာ ကျိန်ဆိုရဲသည်။
ထိုအရာက ဝိညာဉ်အတွင်းပိုင်းအထိ သိရှိနားလည်နိုင်သည့် ရင်းနှီးမှုမျိုး၊ မိခင်၏ ဝမ်းဗိုက်အတွင်းရှိ နွေးထွေးလုံခြုံသော ပတ်ဝန်းကျင်သို့ ပြန်ရောက်သွားသကဲ့သို့ ခံစားချက်မျိုးပင်...။
ဤနွေးထွေးမှုကြောင့် ပရိုင်မာ တစ်ယောက် မသိစိတ်ကပင် စိတ်အေးလက်အေး ဖြစ်သွားတော့သည်။
သူမ၏ အမြင်အာရုံများ လုံးဝ မှောင်အတိမကျသွားမီ ထိုလူငယ်၏ ဖြူလွလွ လက်ချောင်းတွင် ဝတ်ဆင်ထားသော လက်စွပ်ကို မြင်လိုက်ရလေသည်။
“ဝါးပူဂစ်...”
အမျိုးသမီးငယ်၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း မည်သည့်အသံမျှ ထွက်မလာခဲ့ပေ။
...
လင်ကျဲ ညအိပ်ဝတ်စုံဖြင့်ပင် လှေကားပေါ်မှ အပြေးအလွှား ဆင်းလာခဲ့၏။ အစပိုင်းတွင် သူ အိပ်ချင်မူးတူး ဖြစ်နေသော်လည်း ပထမထပ်ရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် မျက်လုံးပွင့်သွားတော့သည်။
သူ၏ ပထမဆုံး တုံ့ပြန်မှုက...
“ငါ့တံခါးကြီး ဘယ်ရောက်သွားတာလဲ...”
ဟူ၍...။
“အိပ်ရာမဝင်ခင်ကမှ တံခါး အကြီးကြီး ရှိနေသေးတာလေ... ဘာလို့ အခု ရုတ်တရက်ကြီး ပျောက်သွားရတာလဲ...”
ယခုမူ သူ လုံးဝကို နိုးသွားပြီ ဖြစ်သည်။
“...”
လင်ကျဲ၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်နေ၏။ သူ၏ ဆိုင်တံခါးဝမှာ သူခိုးဝင်ခံထားရသည့် နေရာတစ်ခုအလား ပုံပျက်ပန်းပျက် ဖြစ်နေသည်။
သစ်သားစများမှာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေပြီး ဖုန်မှုန့်များနှင့် အပိုင်းအစများမှာလည်း နေရာအနှံ့ ရှိနေသည်။ ထို့အပြင် ပတ္တာများ ပြုတ်ထွက်နေသည့် တံခါးချပ်ကြီး၏ အလယ်တည့်တည့်တွင် ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု ရှိနေ၏။
သို့သော်လည်း... ပို၍ အရေးကြီးသည်မှာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော အမျိုးသမီးပင် ဖြစ်သည်။ စုတ်ပြတ်နေသည့် ဝတ်ရုံအောက်တွင် အမျိုးသားဝတ် အင်္ကျီများကို ဝတ်ဆင်ထားသော်လည်း ဆံပင်ပုံစံအရ အမျိုးသမီးဖြစ်ကြောင်း သိသာလှသည်။
သူမ၏ နှာခေါင်းနှင့် ပါးစပ်တို့က ပြာနေကာ နဖူးတွင်လည်း အမည်းရောင်များ ယှက်သန်းနေသည်ကို ကြည့်ခြင်းအားဖြင့် သူမ အသက်ရှင်ရန် အချိန်သိပ်မကျန်တော့ကြောင်း မည်သူမဆို သိနိုင်ပေသည်။
ဤအချက်ကပင် လင်ကျဲကို အခြေအနေ ဆိုးရွားနေကြောင်း သတိပြုမိသွားစေသည်။
‘သန်းခေါင်ယံအချိန်ကြီး ငါ့စာအုပ်ဆိုင် တံခါးဝမှာ လူသတ်မှု ဖြစ်သွားတာလား...’
လင်ကျဲ၏ မျက်နှာ တစ်ခုလုံး ဖြူရော်သွား၏။ သူမ ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး မိန်းကလေးကို ထိန်းမပေးရန် သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် ဘာမှ အကူအညီမပေးဘဲ ဘေးကနေ လာရှုပ်နေသည့် အဖြူလေးကိုလည်း ဘေးသို့ မောင်းထုတ်လိုက်သည်။
“မြောင်...”
ချစ်ခင်မှုကို ပြသရန် ကြိုးစားသော်လည်း မောင်းထုတ်ခံလိုက်ရသဖြင့် ကြောင်ဖြူလေးမှာ ထောင့်တစ်နေရာသို့ လှည့်ကာ စိတ်ကောက်နေတော့သည်။
ပရိုင်မာ၏ ပုခုံးကို ထိတွေ့လိုက်သောအခါ အခြေအနေမှာ အလွန်စိုးရွားနေကြောင်း လင်ကျဲ သိလိုက်ရ၏။ လက်ထဲတွင် စေးကပ်ကပ် အရည်များ စွန်းထင်သွားပြီး သေချာကြည့်လိုက်သောအခါ သွေးများ ဖြစ်နေသည်ကို တွေ့ရသည်။
ဤအမျိုးသမီး၏ အခြေအနေမှာ ဒဏ်ရာနှင့် ရောက်လာခဲ့သည့် မွန်းထက်ပင် ပို၍ ဆိုးရွားလှသည်။ သူမမှာ သွေးထွက်လွန်နေရုံသာမက အဆိပ်ပါ မိထားခြင်း ဖြစ်သည်။
ထို့ပြင် ဤအဆိပ်မှာ သာမန်မဟုတ်ပေ။ တစ်ကိုယ်လုံးမှာ ဖောယောင်လာနေပြီဖြစ်လေရာ သူမ အသက် အန္တရာယ်ရှိနေပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။
လင်ကျဲ ထိတ်လန့်နေစဉ်မှာပင် သူ့ အာရုံမှာ အခြားသို့ ရောက်သွား၏။
‘မွန်း ဘယ်မှာလဲ’
မကြာသေးမီကပင် မွန်းသည် ဂျိုးဇက်ကို ခြေတုလက်တု တပ်ဆင်ပေးရာတွင် ကူညီပေးခဲ့သည် မဟုတ်ပါလား။ ဆိုလိုသည်မှာ ထိုကလေးမမှာ ဇီဝဗေဒ၊ ဆေးပညာနှင့် အခြားသော နယ်ပယ်များတွင် ကျွမ်းကျင်သူအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ သူမသာ ရှိနေလျှင်...
‘ဒါပေမဲ့ မွန်းကို သွားနှိုးနေရင် ဒီမိန်းကလေး သေသွားလိမ့်မယ်...’
လင်ကျဲ သွားနှိုးလျှင်လည်း အကျိုးထူးလိမ့်မည် မဟုတ်ချေ။ မွန်းမှာ ဝါးပူဂစ်၏ ပူးကပ်မှုကို ခံခဲ့ရသဖြင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ကာ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး အလွယ်တကူ နှိုး၍ မရနိုင်သည့် အခြေအနေတွင် ရှိနေသည်။
“ဟင်...”
လင်ကျဲ ငုံ့ကြည့်လိုက်သောအခါ အသက်အန္တရာယ် အလွန် ဆိုးရွားနေသည့် မိန်းကလေးမှာ တစ်စုံတစ်ခုကို ပြောလိုဟန်ဖြင့် မျက်လုံးများကို အားယူကာ ဖွင့်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူမက ခေါင်းကို အသာအယာမော့ကာ သူ့ကို အလွန် ယုံကြည်အားကိုးသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။
လင်ကျဲ၏ ရင်ထဲတွင် လေးလံသွားတော့၏။
‘ဒီကလေးမလေးက ငါ့ကို ယုံကြည်နေတာပဲ၊ ငါ သူ့ကို ကယ်မှဖြစ်မယ်...’
လင်ကျဲ သူမ၏ ကျောပြင်ကို အသာအယာ ပုတ်ပေးရင်း တိုးတိုးလေး ပြောလိုက်၏။
“စိတ်မပူပါနဲ့... မင်း မသေစေရဘူး”
ထို့နောက် သူ ပရိုင်မာ၏ သွေးများစွန်းနေသည့် လက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ နဖူးပေါ်တွင် သင်္ကေတတစ်ခုကို လက်ဖြင့် ရေးဆွဲလိုက်သည်။ ထို့နောက် သူ မျက်လုံးမှိတ်ကာ အိပ်မက်ဘုံအတွင်း လွတ်လပ်စွာ ပျံ့နှံ့နေသည့် အီသာ စွမ်းအင်များကို ဖမ်းဆွဲလိုက်သည်။ ထို့နေက်... လက်ချောင်းနှင့် သင်္ကေတတို့မှ တစ်ဆင့် သူတို့ နှစ်ယောက်၏ ဝိညာဉ်နှစ်ခုကို ချိတ်ဆက်ပေးမည့် တံတားတစ်ခုကို တည်ဆောက်လိုက်သည်။
ကံကောင်း ထောက်မစွာပင် သူ ယခုလေးတင် ဆစ်ဗာထံမှ ‘သွေးကျိန်စာ - အသက်ဆက် သွေးလွှဲပြောင်းခြင်း’ မန္တန်ကို သင်ယူခဲ့ပြီး ဖြစ်သည်။
လူရေခွံစာအုပ်ထဲရှိ မန္တန်အများစုမှာ ရက်စက်ပြီး ယုတ်မာသည့် အရာများဖြစ်သော်လည်း၊ အကယ်၍ မှန်ကန်စွာ အသုံးပြုတတ်ပါက အလွန်တန်ဖိုးရှိသည့် ကောင်းကျိုးများကို ပေးစွမ်းနိုင်ပေသည်။
အကယ်၍ ‘ဝိညာဉ်ကူးပြောင်းခြင်း’ ကို သင့်တော်သော အချိန်တွင် အသုံးပြုပါက အသက်အန္တရာယ်ရှိနေသူကို ကယ်တင်နိုင်မည် ဖြစ်သည်။
အသက်ငင်နေသော်လည်း မသေသေးသော လူတစ်ဦး၊ အသက်စွမ်းအား မကုန်ဆုံးသေးသော သွေးစစ်စစ်...
မန္တန်ရွတ်ဆိုရန် လိုအပ်ချက်များ ပြည့်စုံသွားပြီ။
ဝိညာဉ်ကို အစားထိုး...
ခန္ဓာကိုယ်ကို ထိန်းချုပ်...
သက်တမ်းကို ရှည်ကြာစေ...
လင်ကျဲ မျက်တောင်များကို ပြန်ဖွင့်လိုက်သောအခါ သူ၏ မျက်လုံးများမှာ လုံးဝ နက်မှောင်သွားတော့သည်။ အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာတွင်မူ သွေးရောင်မီးလျှံတစ်ခုကိုသာ မြင်တွေ့ရ၏။ ထိုအရာကား ပရိုင်မာ၏ ဝိညာဉ်မီးလျှံပင် ဖြစ်သည်။
လင်ကျဲ မိမိကိုယ်မိမိ အာရုံခံလက်တံများစွာရှိသော သတ္တဝါကြီးတစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။ ဒြပ်မဲ့ဝိညာဉ်စွမ်းအင်မှာ သူ့ လက်မောင်းမှတစ်ဆင့် ပရိုင်မာ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဆင်း သွားခဲ့သည်။
သွေးလှည့်ပတ်မှုစနစ်အတိုင်း တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီးနောက်၊ အားနည်းနေသည့် ပရိုင်မာ၏ အသိစိတ်ကို လွှမ်းမိုးကာ သူမကို ထိန်းချုပ်လိုက်လေသည်။
ပရိုင်မာ၏ စိတ်ကို ထိန်းချုပ်လိုက်သည်နှင့်အမျှ လင်ကျဲ၏ အမြင်အာရုံနှင့် အာရုံခံစားမှုများမှာ နှစ်ခုကွဲသွားသလို ခံစားရသည်။ သို့သော်လည်း အညီအမျှ ကွဲသွားခြင်းမျိုး မဟုတ်ပေ။
သူ ခန္ဓာကိုယ်တစ်ခုကိုသာ အဓိက ထိန်းချုပ်ထားနိုင်ပြီး၊ အခြားတစ်ခုမှာမူ တုံ့ပြန်မှု နှေးကွေးနေသည့်အလား ခံစားရသည်။ သို့သော်လည်း ခန္ဓာကိုယ်နှစ်ခုလုံးကို ထိန်းချုပ်ရန်မှာ သူ့အတွက် သိပ်ပြီး အခက်အခဲ မရှိလှပေ။
ထို့အပြင် သူသည် ပရိုင်မာ သေခါနီးအချိန်တွင် တွေးတောနေခဲ့သော အတွေးအချို့ကိုပင် ဝေဝါးစွာ သိရှိနေရသည်။
“အဆိပ်ဖြေဆေးလား...”
လင်ကျဲ အသုံးဝင်သော သတင်းအချက်အလက်တစ်ခုကို ရရှိလိုက်၏။ ပရိုင်မာ၏ လက်မှာ သူမ၏ ဝတ်ရုံထဲတွင် တစ်စုံတစ်ခုကို ရှာဖွေနေခဲ့ရင်း ထိုအတိုင်း တောင့်တင်းနေသည်ကို တွေ့လိုက်ရသဖြင့် သူ ဝမ်းသာသွား၏။
မူလကမူ ပရိုင်မာ၏ အသက်ကို ခေတ္တမျှ ဆွဲဆန့်ထားပြီးမှ အပေါ်ထပ်သို့တက်ကာ မွန်းကို သွားနှိုးရန် သူ စီစဉ်ထားခြင်းဖြစ်သည်။ သို့သော်လည်း... ယခုမူ သင့်သင့်သည့် ဖြေရှင်းချက်ကို တွေ့လိုက်ရပြီ ဖြစ်သည်။
လင်ကျဲ ပရိုင်မာ၏ လက်ကို ထိန်းချုပ်ကာ အဆိပ်ဖြေဆေးကို ထုတ်ယူ၍ သောက်စေလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ရှေးဦးသူနာပြုသေတ္တာကို သွားယူပြီး၊ ပရိုင်မာ၏ သွေးထွက်နေသည့် နေရာများကို ကျွမ်းကျင်စွာ တားဆီးပေးကာ ဒဏ်ရာများကို ကုသပေးလိုက်သည်။
လင်ကျဲသည် စိတ်တစ်ခုတည်းဖြင့် အလုပ်နှစ်ခုကို ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ မွန်းကို ပြုစုစောင့်ရှောက်ခဲ့ရသည့် အတွေ့အကြုံများကြောင့် ယခုအခါ သူသည် ပြင်းထန်သည့် ဒဏ်ရာများကို ကုသရာတွင် ဆရာတစ်ဆူ ဖြစ်နေချေပြီ ဖြစ်လေသည်။
***