← Chapters

လင်ကျဲ၏ နောက်လိုက်များ

Vol. 19 Ch. 260

လင်ကျဲ၏ နောက်လိုက်များ

Vol. 19 Ch. 260

“အခု ငါ မင်းတို့ကို ငါတို့ရဲ့ ဓမ္မ တရားတော်တွေ ဟောပြောပို့ချပေးတဲ့၊ ဒီစာအုပ်ရဲ့ မူလစာရေးသူဖြစ်တဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးနဲ့ တွေ့ပေးမယ်”

ဝယ်လ်က ‘အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း... ဓမ္မ ထုံးတမ်းများနှင့် အခမ်းအနားများ’ စာအုပ်ကို လေ့လာနေကြသည့် လူအုပ်စုကို တံခါးဖွင့်လျက် ပြောလိုက်သည်။

အခန်းထဲရှိ လူအနည်းငယ်မှာ သူတို့လုပ်လက်စ အလုပ်များကို ချက်ချင်းရပ်လိုက်ပြီး ဝယ်လ်ကို ရိုသေစွာ အလေးပြုလိုက်ကြသည်။

“ဆရာမျက်နှာမဲ့...”

ဝယ်လ်က အခန်းကို ဝေ့ကြည့်လိုက်၏။ ထို့နောက် သူတို့၏ လေ့လာမှုရလဒ်များကို စစ်ဆေးရန် တစ်ဦးချင်းစီ၏ ဘေးမှ ဖြတ်လျှောက်သွားလိုက်သည်။ အတန်ကြာသော် သူက ခေါင်းညိတ်လိုက်၏။

“မင်းတို့အားလုံး ဒီတရားတော်တွေကို လေ့လာရာတဲ့ နေရာမှာ နားလည်မှု အတိုင်းအတာတစ်ခုအထိ ရောက်နေပြီပဲ... မင်းတို့ရဲ့ သဒ္ဓါတရားကို ဆရာလေးလင် သေချာပေါက် ခံစားမိမှာပါ”

အလယ်တွင်ရှိသည့် လူငယ်တစ်ဦးက ပထမဆုံး စိတ်လှုပ်ရှားစွာ ပြောဆိုလာ၏။

“ကျွန်တော်တို့က အပေါ်ယံလောက်ပဲ နားလည်ပါသေးတယ်၊ အများကြီး ပိုကြိုးစားရပါဦးမယ်... ဒီအကြောင်းအရာတွေက တကယ့်ကို နက်နဲပြီး စိတ်ဝင်စားဖို့ကောင်းလွန်းတယ်... စာကြောင်း နှစ်ကြောင်း သုံးကြောင်းလောက် ဖတ်ရုံနဲ့တင် ကျွန်တော် အများကြီး အကျိုးရှိခဲ့ပါတယ်... ဆရာကြီးလင်းရဲ့ အစွမ်းနဲ့ ဉာဏ်ပညာကတော့ စကားလုံးတွေနဲ့ ဖော်ပြဖို့တောင် မဖြစ်နိုင်ပါဘူး”

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးဟာ မြင့်မြတ်ပြီး အရာခပ်သိမ်းကို သိမြင်တော်မူတဲ့ အရှင်သခင်အတွက် တစ်ဘဝလုံး ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်... နည်းလမ်းမျိုးစုံနဲ့ သူ့အနားကို ချဉ်းကပ်ပြီး သူ့ သစ္စာရှိ အစေခံတွေ ဖြစ်လာစေရပါမယ်”

ဤသို့ ပြောနေစဉ်တွင် သူ့ မျက်ဝန်းများမှာ ကြည်ညိုမှု၊ ရူးသွပ်မှုတို့နှင့် အတူ တဖျပ်ဖျပ် တောက်ပ နေလေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဂရေဒီ ကို လှောင်ပြောင်နေခဲ့ကြသည့် ‘ဘလပ်ဖိစ်’ အဖွဲ့ဝင်များမှာ ဤကဲ့သို့ လူပုဂ္ဂိုလ်များ ဖြစ်လာကြောင်း ယုံကြည်ရန် ခက်ခဲလှသည်။ သူတို့က လုံးဝ တခြားလူများကဲ့သို့ပင်။

ညဉ့်သိမ်းငှက်သည် ယခုအခါ မျက်နှာမဲ့ မဟူရာ အကြေးခွံ၏ ဦးဆောင်မှုကို လိုက်နာကာ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း၏ ကောင်းချီးခံ အဖွဲ့ဝင်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

သူသည် တစ်ချိန်က အလွန်အမင်း ထောင်လွှားသည့် ‘ငရဲဘုံအဆင့်’ မုဆိုးတစ်ဦး ဖြစ်ခဲ့ဖူးသည်။ သို့သော်လည်း... နှိုင်းယှဉ်၍ မရနိုင်သည့် ဤမြင့်မြတ်လှသော ပုဂ္ဂိုလ်အကြောင်း ပြောဆိုသည့်အခါတိုင်း၊ နှလုံးသား အတွင်း ဖြစ်ပေါ်လာသည့် ရိုသေမှုနှင့် ကြောက်ရွံ့မှုတို့က သူ့ကို အရေးမပါသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားရစေသည်။ ထိုအချိန်မှစ၍ သူသည် မည်သည့် စော်ကားမော်ကား အတွေးမျိုးကိုမျှ မတွေးဝံ့တော့ချေ။

ထိူအပြောင်းအလဲမှာ ‘အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း - ဓလေ့ထုံးတမ်းများနှင့် အခမ်းအနားများ’ စာအုပ်ကို ဖတ်ရှုမိခြင်းကြောင့် မသိစိတ်ကပင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

သတိလစ်ရာမှ ပြန်လည်နိုးထလာချိန်တွင် သူသည် ကမ္ဘာကြီးကို လုံးဝခြားနားသော အမြင်ဖြင့် မြင်တွေ့ခဲ့ရသည်။

နှလုံးသား၏ အနက်ရှိုင်းဆုံးမှ ထွက်ပေါ်လာသည့် အားကောင်းလှသော စိတ်အားထက်သန်မှုမှာ ဒီရေကဲ့သို့ လွှမ်းမိုးသွားသဖြင့် ညဉ့်သိမ်းငှက် တစ်ယောက် ပီတိကို ခံစားလိုက်ရသည်။ သူသည် ယခုအခါ “မစ္စတာလင်” ၏ စုံလုံးကန်း ယုံကြည်သူတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ညဉ့်သိမ်းငှက်သည် သူ့ကိုယ်သူ တစ်ခုခု မှားယွင်းနေသည်ဟု မခံစားရပေ။ ဆန့်ကျင်ဘက်အနေဖြင့် တစ်ကျော့ပြန် မွေးဖွားလာသကဲ့သို့ပင် ခံစားရသည်။ သူ ဝယ်လ်၏ လမ်းညွှန်မှုအတွက် အလွန် ကျေးဇူးတင်မိသည်။ ဝယ်လ်သာ မရှိပါက သူ ဤအမှန်တရားများကို မည်သည့်အခါမှ သိရှိရမည် မဟုတ်ဘဲ ပျော်ရွှင်ဖွယ်ရာ မရှိသည့် ဘဝကို ဆက်လက် ရှင်သန်နေပေလိမ့်မည်။

သူ့အပြင် ရှင်သန်ကျန်ရစ်သူ အနည်းငယ်ထဲတွင် ဘလပ်ဖိစ်မှ အဖွဲ့ဝင် နှစ်ဦးလည်း ပါဝင်သည်။ သူ၏ ဘယ်ဘက်တွင် ‘စာဂျပိုး’ ဟု လျှို့ဝှက်အမည်ပေးထားသည့် ပညာရှင်တစ်ဦးရှိပြီး၊ ညာဘက်တွင်မူ ဝယ်လ်ကဲ့သို့ပင် မှော်ဆရာမ တစ်ဦးဖြစ်သူ ‘နှင်းပွင့်’ ရှိသည်။

ဤကိစ္စများ မဖြစ်ပျက်မီအထိ၊ သူတို့သည် ‘ဘလပ်ဖိစ်’ အတွင်း မကြာခဏ အရောင်းအဝယ် ပြုလုပ်ခဲ့ကြသော်လည်း တစ်ဦးနှင့်တစ်ဦး မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိခဲ့ကြပေ။

ညဉ့်သိမ်းငှက်သည်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်းမှသာ ထိုနှစ်ဦးနှင့် ရင်းနှီးခဲ့ခြင်း ဖြစ်သည်။

‘စာဂျပိုး’ မှာ အမှန်တရား အသင်းတော် အဂ္ဂိရတ်ဌာနမှ လာသူဖြစ်သော်လည်း လူသားအသွင်ပြောင်းခြင်း ကဲ့သို့သော တားမြစ်ထားသည့် ဗဟုသုတများကို သုတေသနပြုရန် ဝါသနာပါသူ ဖြစ်သည်။ ပြုလုပ်နေဆဲ ဖြစ်သည့် လျှို့ဝှက်စမ်းသပ်မှုတစ်ခုကို ဖော်ထုတ်ခံလိုက်ရပြီးနောက် သူသည် အမှန်တရား အသင်းတော်၏ ဝရမ်းပြေးစာရင်းတွင် ပါဝင်ခဲ့ပြီး ဝယ်လ်ကဲ့သို့ပင် အလိုရှိသူ တစ်ဦး ဖြစ်လာခဲ့သည်။

‘နှင်းပွင့်’ ၏ ဇစ်မြစ်ကလည်း အံ့အားသင့်စရာပင်။ သူမသည် ဂုဏ်သရေရှိသည့် သူကောင်းမျိုးနွယ်မှ လာသူဖြစ်ပြီး အာဏာနှင့် ကြွယ်ဝမှုများကို ပိုင်ဆိုင်မှုရှိသည့် သူကောင်းမျိုးနွယ်စု၏ တစ်ဦးတည်းသော သမီးဖြစ်သည်။ အတော်အတန် အဆင့်အတန်း မြင့်မားသူ ဖြစ်သည်။ ဗဟိုခရိုင်အတွင်း ‘နှင်းပွင့်’ သည် အေးစက်စက် ကိုယ်ရည်ကိုယ်သွေးရှိသည့် အလှပဂေးတစ်ဦးအဖြစ် ကျော်ကြားသည်။

မွေးရာပါ ပါရမီရှိသဖြင့် သူမသည် မှော်ဆရာမတစ်ဦး ဖြစ်လာခဲ့ပြီး ‘ဘလပ်ဖိစ်’ သို့ ဝင်ရောက်ခဲ့ခြင်းမှာလည်း စိတ်လှုပ်ရှားမှုကို လိုလားရုံသက်သက်သာ ဖြစ်သည်။ သို့သော်လည်း ထိုစိတ်လှုပ်ရှားမှုမှာ ဤတစ်ကြိမ်တွင် အတိုင်းအထက်အလွန် ဖြစ်သွားလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးဖူးခဲ့ချေ။

၎င်းက အတော်လေးကို ကြောက်စရာ ကောင်းခဲ့သည်။

ဟုတ်ပါသည်။ ယခုအချိန်တွင်မူ သူမသည် ထိုသို့ မတွေးတော့ပေ။ သူမ၏ စိတ်အစဉ်မှာ ပီတိများဖြင့် လွှမ်းမိုးနေပြီး ‘အရာခပ်သိမ်းကို သိမြင်တော်မူသည့် မစ္စတာလင်’ နှင့် တွေ့ဆုံရတော့မည့်အပေါ် အလွန် စိတ်လှုပ်ရှားနေသည်။ သူမ၏ မျက်နှာမှာပင် စိတ်လှုပ်ရှားမှုကြောင့် နီမြန်း၍ပင် နေ၏။

အကယ်၍ သူမကို တိတ်တခိုးလေး ကြိတ်ပိုးနေကြသည့် သူကောင်းမျိုးနွယ် လူငယ်လေးများသာ သူမ၏ ထိုအမူအရာကို မြင်လျှင်... သူတို့၏ အိပ်မက်ထဲက မိန်းကလေးမှာ အထက်ပိုင်း ခရိုင်ရှိ အမည်မသိ အမျိုးသားတစ်ဦးအပေါ် အစွဲအလမ်းကြီးနေသည်ကို မြင်ကာ မှင်တက်သွားကြပေလိမ့်မည်။

ဤနှစ်ဦးအပြင် နောက်ထပ် လူတစ်ဦးလည်း ရှိသေးသည်။ သူကတော့ ဤနေရာတွင် မရှိဘဲ ဘေးအခန်းတွင် ဝယ်လ်ကို ကူညီလျက်... အစွမ်းထက်ပြီး ဒေါသကြီးသည့် ‘မိုးကောင်းကင်ဝံပုလွေ’ ကို အစာကျွေးရန် ရုန်းကန်နေရသည်။

‘နဂါးပျံ’ ဟု အမည်ပေးထားသော ထိုသူမှာ အခြားသုံးဦးနှင့် နှိုင်းယှဉ်လျှင် ပို၍ ကံကောင်းသူ ဖြစ်သည်။ အခြားသူများ မနာလိုဖြစ်ရလောက်အောင်ပင် သူသည် ‘မျက်နှာမဲ့ မဟူရာ အကြေးခွံ’ ၏ လက်ထောက် ဖြစ်လာခဲ့သည်။

ထိုနေ့မှစ၍ ဝယ်လ်သည် သူတို့အားလုံးကို ယုံကြည်သူများ၏ ပုန်းခိုရာနေရာအဖြစ် အသုံးပြုထားသည့် သူ၏ လျှို့ဝှက်နေအိမ်သို့ ခေါ်ဆောင်လာခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း စစ်ဆေးမှုများ ပြုလုပ်ပြီးနောက်၊ သူတို့မှာ အသိအမှတ်ပြုခံရပြီး ‘မစ္စတာလင်’ နှင့် တွေ့ဆုံခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

“ကောင်းပြီလေ... မင်းတို့အားလုံး ဒီလောက်ထိ နားလည်သဘောပေါက်လာတဲ့အတွက် ငါ ဝမ်းသာပါတယ်... ဒါဟာ မင်းတို့ အားလုံး အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းရဲ့ နောက်လိုက်တွေ ဖြစ်လာဖို့ ကံပါလာတာကို သက်သေပြနေတာပဲ... ဒါဟာ ငါတို့ အရှင်သခင်ရဲ့ စောင့်ကြည့်မှုအောက်မှာ အသေးစိတ် ရေးဆွဲထားတဲ့ ကံကြမ္မာပဲ”

“မှတ်ထားပါ၊ မင်းတို့ရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် အားလုံးဟာ သူ ပေးသနားတဲ့ လက်ဆောင်တွေပဲ... မင်းတို့ရဲ့ တည်ရှိမှု တစ်ခုလုံးဟာ မစ္စတာလင်နဲ့ပဲ သက်ဆိုင်တယ်”

ဝယ်လ်သည် သူ့ ရှေ့မှ လူသုံးဦးကို စိတ်ကျေနပ်စွာ ကြည့်ရင်း လင်ကျဲကို ချီးမွမ်းဂုဏ်ပြုဖို့လည်း မမေ့ခဲ့ပေ။

“ဟုတ်ကဲ့ပါ ဆရာမျက်နှာမဲ့...”

သုံးဦးလုံးက ပြိုင်တူပင် စိတ်အား ထက်သန်စွာ ဖြေကြားလိုက်သည်။

“ကောင်းကောင်း လုပ်ဆောင်မယ်ဆိုရင် မင်းတို့ မခန့်မှန်းနိုင်တဲ့ လက်ဆောင်တွေကို ရလိမ့်မယ်... ဒါပေမဲ့ မစ္စတာလင်က စိတ်တိုင်းမကျဘူးဆိုရင်တော့၊ သူက ဂရုမစိုက်ဘူးဆိုရင်တောင် ငါ့ရဲ့ နာမည်ဆိုးနဲ့ နာမည်ကျော်ကြားမှုတွေ ဘယ်လို ရလာတယ်ဆိုတာကို မင်းတို့ကို မြည်းစမ်းခိုင်းရလိမ့်မယ်”

ဝယ်လ်သည် နောက်လိုက်သစ်များအပေါ် အလွန် ကျေနပ်နေမိသည်။ သို့သော်လည်း ထိုအရာက စာအုပ်ဆိုင် ပိုင်ရှင် ပေးလိုက်သည့် စာအုပ်၏ လွှမ်းမိုးမှုပင် ဖြစ်သည်။ စာအုပ်ကို စတင် ဖတ်ရှုလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့သည် ပျက်စီးသွားပြီး အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာရန် ကံပါလာပြီးသား ဖြစ်သည်။

ဝယ်လ် ဦးထုပ်ကို တစ်ချက်ပြင်ဆင်လိုက်ပြီးနောက်... လက်စွဲတုတ်ကို ကိုင်ကာ အပြင်သို့ ထွက်လာခဲ့တော့သည်။

“လာကြ၊ ငါ့နောက်က လိုက်ခဲ့...”

ခြံဝင်းထဲတွင် ဂေါလ်က စောင့်ဆိုင်းနေ၏။ သူ၏ ဘေးရှိ မြက်ခင်းပေါ်တွင် မီးခိုးရောင်နှင့် အနက်ရောင်များ ရောယှက်နေသည့် ငွေရောင်အမွေးပွ ခွေးကြီးတစ်ကောင်မှာ လျှာထုတ်ကာ အသက်ပြင်းပြင်း ရှူနေသည်။

ဂေါလ်မှာ ဂရေဒီ၏ အမွေးများကို ဖြီးပေးရင်း ပြုံးပျော်နေ၏။ ဝယ်လ်နှင့် ကျန်သုံးဦးကို မြင်သောအခါ သ‌ေ ချက်ချင်းပင် နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။

“ကြိုဆိုပါတယ် ဆရာ... ကျွန်တော် ဓာတ်ခွဲခန်းကို သန့်ရှင်းရေးလုပ်ပြီး ကာကွယ်ရေး မန္တန်တွေကိုလည်း စစ်ဆေးပြီးပါပြီ... ဟင်းလင်းပြင် လှုပ်ခတ်မှုတွေကို တည်ငြိမ်စေမယ့် မန္တန်စက်ဝိုင်းကိုလည်း ပြင်ဆင်ပြီးပါပြီ၊ ဂရေဒီကိုလည်း အစာကျွေးပြီးပါပြီ... သွားဖို့ အသင့်ပါပဲ”

ဂေါလ်က ဂုဏ်ယူစွာဖြင့် ရင်ဘတ်ကို ပုတ်ပြလိုက်၏။ သူ၏ အိုင်ဒေါကြီး အတွက် အလုပ်အကျွေး ပြုရသရွေ့ မည်သည့် အခက်အခဲကိုမဆို သူ ဝမ်းမြောက်စွာ ခံနိုင်ရည်ရှိသည်။

ဝယ်လ်က ခေါင်းညိတ်လိုက်ပြီး ဂရေဒီ၏ ခေါင်းကို အသာအယာ ပုတ်ပေးလိုက်၏။ ‘မိုးကောင်းကင်ဝံပုလွေ’ တစ်ကောင်ကို ယဉ်ပါးအောင် လုပ်နိုင်ခဲ့ပြီးနောက် ကိစ္စများမှာ အလွန်ပင် လွယ်ကူသွားခဲ့သည်။ ဟင်းလင်းပြင်အတွင်း သွားလာနိုင်သည့် ၎င်း၏ စွမ်းရည်ကို မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍ မရဘဲ၊ ခရီးသွားလာမှု အရှိန်အဟုန်ကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သည်။

ဝုတ်... ဝုတ်...

ဂရေဒီက ဟောင်လိုက်၏။ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးများနှင့် မြူခိုးများ ပေါ်ပေါက်လာကာ လူတိုင်းကို လွှမ်းခြုံသွားသည်။ ခဏအကြာတွင် သူတို့ အားလုံး အတူတကွပင် ပျောက်ကွယ်သွားတော့သည်။

ပြန်လည် ပေါ်လာသောအခါ ထိုအုပ်စုမှာ စာအုပ်ဆိုင်၏ တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဝယ်လ် တစ်ယောက် ရင်းနှီးသော်လည်း အနည်းငယ် ထူးဆန်းနေသည့် မြင်ကွင်းကို ငေးကြည့်နေမိသည်။ အထူးသဖြင့် ဘေးရှိ စာအုပ်ကဖေးဆိုင်နှင့် အသစ်တည်ဆောက်ပြီးစီးသွားသော အဆောက်အအုံသစ်တို့ကို ဖြစ်သည်။

အခြားသော လူများမှာမူ ဟောင်းနွမ်းသော်လည်း လျှို့ဝှက်ဆန်းကြယ်လှသည့် စာအုပ်ဆိုင်ကိုသာ အာရုံစိုက်နေကြသည်။

“အထဲ ဝင်ကြစို့... လက်ကို ငြိမ်ငြိမ်ထားကြဖို့နဲ့ ဆိုင်ထဲက ဘာကိုမှ မထိဖို့ သတိထားကြပါ”

ဝယ်လ်က ပြောကာ ရှေ့ဆုံးမှ ဦးဆောင်၍ ဝင်သွား၏။

ကလောင်...

ဝယ်လ် တစ်ယောက် စာအုပ်ဆိုင်ထဲသို့ ဝင်လိုက်ချင်းပင် ကောင်တာနောက်၌ အမြဲတမ်းလိုလို စာဖတ်နေသော ဖော်ရွေသည့် လင်ကျဲကို မြင်တွေ့လိုက်ရလေသည်။ သူ၏ မျက်ဝန်းများ တောက်ပသွားကာ စာအုပ်ဆိုင်ပိုင်ရှင်ထံ ချဉ်းကပ်သွားပြီး နှုတ်ဆက်လိုက်လေ၏။

“ဆရာလေးလင်... မတွေ့တာ ကြာပြီနော်...”

“ဆရာလေး ပေးအပ်ခဲ့တဲ့ တာဝန်ကို ကျွန်တော် အောင်မြင်အောင် လုပ်ဆောင်ခဲ့ပါပြီ...”

***

All Chapters