အားလုံးက ကြည်ဖြူစွာနဲ့ပါပဲ
Vol. 19 Ch. 261
“မြောင်...”
ဝယ်လ် အံ့အားသင့်သွား၏။ သို့သော်လည်း... ထိုအသံမှာ ခေါင်းမော့ကြည့်လာသည့် လင်ကျဲထံမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ သူ၏ ရင်ခွင်ထဲတွင် ပွေ့ချီထားသော ကြောင်ကလေးထံမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်သောကြောင့် ပြန်လည် စိတ်သက်သာရာ ရသွားသည်။
“ဒါက ဆရာလေးလင်ရဲ့ အိမ်မွေးတိရစ္ဆာန်အသစ်လား...”
သူက မေးလိုက်သည်။
လင်ကျဲက ပြုံးလျက် ခေါင်းညိတ်ပြ၏။
“ဟုတ်တယ်... ဒီကောင်လေးကို နေမင်းယုံကြည်မှုရဲ့ ပုပ်ရဟန်းမင်းကြီး ဖြစ်လာတဲ့ ဗင်းဆင့် ဆီက လက်ဆောင်ရထားတာ... အဘိုးဝယ်လ်လည်း သူ့အကြောင်း ကြားဖူးမှာပါ... သူကလည်း ကျွန်တော်ရဲ့ ဖောက်သည်တစ်ယောက်ပဲလေ”
ဝဖြိုးဖြိုး ကြောင်ဖြူလေးမှာ တိုးတိုးလေး အော်မြည်နေဆဲဖြစ်ကာ လက်ဖဝါးများကို ကောင်တာပေါ် တင်လိုက်ရင်း ဝယ်လ်ကို စိုက်ကြည့်နေ၏။ ထို့နောက်... သူမ၏ အကြည့်များမှာ ဂရေဒီ ထံသို့ ရွှေ့သွားသည်။
ကြောင်ဖြူလေး၏ စိုက်ကြည့်ခြင်းကို ခံရသောအခါ ဝယ်လ် တစ်ယောက် မသိစိတ်ကပင် ကိုယ်ရှိန်သတ်သွားမိသည်။ ထိုသတ္တဝါလေး၏ အကြည့်ခံရသည့် ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းတွင် ကြက်သီးမွေးညင်းများ ထလာကာ သတိထားမှုမှာလည်း အထွတ်အထိပ်သို့ ရောက်သွား၏။
ခန္ဓာကိုယ်က ကြောင်နှင့်တူသည့် ဤသတ္တဝါလေးမှာ မြင်တွေ့နေရသကဲ့သို့ ရိုးရှင်းသူမဟုတ်ကြောင်း သူ အကြိမ်ကြိမ် ခံစားနေရသည်။
၎င်းမှာ သေချာပေါက် ရိုးရှင်းမည်မဟုတ်ချေ...။
မျက်နှာဖုံးနောက်ကွယ်မှ ဝယ်လ်၏ မြွေမျက်လုံးများမှာ ကျဉ်းမြောင်းသွား၏။ ချက်ချင်းပင်... မြူများ ပျောက်ကွယ်သွား သကဲ့သို့ ကြောင်လေး၏ ပုံမှန်မဟုတ်မှုများကို သူ ချက်ချင်းပင် သိမြင်သွားတော့သည်။
အမွေးအမှင်များ ဖုံးလွှမ်းနေသည့် ခြေဖဝါးနှစ်ဖက်မှာ တကယ်တမ်းတွင် ချစ်စဖွယ် ခြေဖဝါးလေးများ မဟုတ်ဘဲ အတွင်းတွင် ကွေးညွှတ်နေသည့် ရှည်လျားထက်မြက်လှသော လက်သည်းချွန်များ ရှိနေသည်။ သူမ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော အမွေးအမျှင်များမှာလည်း အမှန်စင်စစ် ရေတွက်၍မရနိုင်အောင် သေးငယ်သည့် အာရုံခံမျှင်များပင် ဖြစ်သည်။ အကယ်၍ သေချာ စိုက်ကြည့်မည်ဆိုပါက ထိုလှုပ်ရှားနေသော အမျှင်များကြားတွင် သေးငယ်သည့် မျက်လုံးလေးများကိုပါ မြင်တွေ့နိုင်မည် ဖြစ်သည်။
ထို့ပြင်... အစဉ်မပြတ် လည်ပတ်ပြောင်းလဲနေသော ဝါကျင်ကျင် မျက်လုံးများမှာလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။ မျက်လုံးအတွင်းပိုင်းသို့ အချိန်အတော်ကြာ စိုက်ကြည့်မိပါက မျက်လုံးနောက်ကွယ်ရှိ အနီနှင့် အနက်ရောင် သွေးကြောမျှင်များ ဖုံးလွှမ်းနေသော တွန့်လိမ်နေသည့် အသားစိုင်ခဲများကိုပါ သတိထားမိလာလိမ့်မည်...။
ဝယ်လ် အနည်းငယ် တုန်လှုပ်သွားခဲ့၏။ ဤအချက်များအားလုံးက သူ့ရှေ့မှ ‘ကြောင်’ မှာ ဂရေဒီကဲ့သို့ပင် ထူးခြားသည့် သတ္တဝါ တစ်မျိုး ဖြစ်ကြောင်း သက်သေပြနေသည်။
“ဂီး...”
ဝယ်လ်၏ ဘေးရှိ ဂရေဒီသည်လည်း ကိုယ်ကို အနည်းငယ် နှိမ့်ချလိုက်ပြီး အဖြူလေးကို စိုက်ကြည့်ကာ အဆုံစွန်သော သတိဖြင့် တိုးတိုးလေး ဟိန်းဟောက်နေခဲ့သည်။
ကြောင်နှင့် ခွေးမှာ တစ်ကောင်နှင့်တစ်ကောင် အကြည့်ချင်း ဆုံလျက် တင်းမာသော အခြေအနေတွင် ရှိနေကြ၏။
ဝယ်လ်၏ နောက်မှ လိုက်ပါလာသည့် အဖွဲ့ဝင်များမှာလည်း ဤအေးစက်လှသည့် အရှိန်အဝါကို သတိပြုမိကြသဖြင့် မျက်နှာများ ဖြူလျော်ကာ တုန်ရီနေကြသည်။ ဂရေဒီနှင့် အနီးဆုံးရှိနေသော ဂေါလ်မှာ ထိုဒဏ်ကို အခံရဆုံး ဖြစ်၏။ ဗီဇက ထွက်ပြေးရန် ပြောနေသော်လည်း ဝမ်းနည်းစရာ ကောင်းစွာပင်... သူ၏ ခြေထောက်များမှာ ပျော့ခွေနေသဖြင့် လက်မတစ်ဝက်မျှပင် မရွေ့နိုင်တော့ချေ။
ငရဲဘုံအဆင့်များပီပီ သူတို့သည် ဤသတ္တဝါ နှစ်ကောင်ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါ အဆင့်အတန်းကို တိကျစွာ ခန့်မှန်းနိုင်ကြသည်။ ဂရေဒီသည် ဖျက်ဆီးခြင်း အဆင့် ကောင်းကင် ဝံပုလွေဖြစ်ကြောင်းမှာ ငြင်းပယ်၍မရသော အချက်ပင်။ အဘယ်ကြောင့်ဆိုသော် သူတို့ ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရပြီး ဖြစ်သောကြောင့်ပင်။
ထို့ကြောင့်ပင် ဂရေဒီနှင့် အင်အားချင်း ယှဉ်နိုင်သော တည်ရှိမှုမှာ အနည်းဆုံး ဖျက်ဆီးခြင်း အဆင့် ဖြစ်ရပေမည်။ ဆိုလိုသည်က... ဝယ်လ် အပါအဝင် ဤစာအုပ်ဆိုင် သေးသေးလေးထဲ၌ ဖျက်ဆီးခြင်း အဆင့် သုံးဦး စုဝေးနေခြင်းပင်...။
အမိုးခုံး ဘုရားကျောင်းတော် ကဲ့သို့သော အစွမ်းထက်သည့် အဖွဲ့အစည်းကြီးတွင်ပင် ‘ဖျက်ဆီးခြင်း အဆင့်’ သုံးဦးနှင့် အခရာအဆင့် တစ်ဦးသာ ရှိခဲ့ခြင်း ဖြစ်လေရာ၊ တိုက်ခိုက်ရေး စွမ်းအားအရ ဆိုလျှင် ဤသာမန်ဟု ထင်ရသော စာအုပ်ဆိုင်မှာ အမိုးခုံး ဘုရားကျောင်းတော်နှင့် ရင်ပေါင်တန်းနိုင်နေပြီ ဖြစ်သည်။
သို့သော်လည်း ၎င်းက... အကြောက်စရာဆုံး အချက်မဟုတ်သေးပေ။ ပို၍ ထိတ်လန့်စရာ ကောင်းသည်က ထို‘ကြောင်’မှာ စာအုပ်ဆိုင်ပိုင်ရှင်၏ ရင်ခွင်ထဲတွင် အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်ကဲ့သို့ ပြုမူနေခြင်းပင်...။
ညဉ့်သိမ်းငှက် တံတွေးကို အနိုင်နိုင် မျိုချလိုက်၏။ ဂရေဒီမှာ အိမ်မွေးခွေးကြီးတစ်ကောင်၏ ပုံစံရှိသော်လည်း၊ သူက ဝယ်လ်၏ အိမ်မွေးတိရစ္ဆာန်ထက် အဖော်တစ်ဦးနှင့် ပိုတူသည်။ သို့သော်လည်း... လင်ကျဲ၏ ရင်ခွင်ထဲမှ ကြောင်မှာမူ လုံးဝကို အိမ်မွေးတိရစ္ဆာန်လေး ဖြစ်နေ၏။
ညဉ့်သိမ်းငှက်၏ သွေးများ ဆူပွက်လာသည်။ ဝယ်လ်ထံမှ ‘မစ္စတာလင်’ အကြောင်း ကြားဖူးသမျှ အရာအားလုံးက သူ့ စိတ်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာတော့သည်။ ဤသူမှာ အမှန်တကယ်ပင် အရာခပ်သိမ်းကို သိမြင်ပြီး အစွမ်းတန်ခိုး ထက်မြက်လှသော တည်ရှိမှုကြီးပင်။
အခြားသူများမှာလည်း ထပ်တူပင် တွေးတောနေကြသည်။ ထို ခြိမ်းခြောက်မှု သရုပ်ပြချက်က သူတို့ကို ချက်ချင်းပင် သိမ်းသွင်းနိုင်ခဲ့သည်။ ထိုတစ်သိုက်မှာ မိမိတို့ ကိုးကွယ်ရာ နတ်ဘုရား ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို တွေ့မြင်ရသကဲ့သို့ပင် လင်ကျဲကို စိုက်ကြည့် နေမိကြ၏။ သူတို့၏ ယုံကြည်မှုက အကြွင်းမဲ့ပေသည်။
“အမ်...”
လင်ကျဲမှာ ဝယ်လ်နှင့်အတူ ပါလာသည့် လူငယ်တစ်စုက သူ့ကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြသဖြင့် အနည်းငယ် ထူးဆန်းသလို ခံစားနေရသော်လည်း အပြုံးမပျက်ဘဲ ဆက်လက် ဟန်ဆောင်နေလိုက်သည်။ သူတို့က သူ့ကို ကြည့်နေကြပုံမှာ အိုင်ဒေါကို တွေ့လိုက်ရသည့် အမာခံပရိသတ်များကဲ့သို့ပင်။
လင်ကျဲ အစပိုင်းတွင် သံသယရှိနေသော်လည်း အဘိုးဝယ်လ်၏ ရှင်းပြချက်ကြောင့် ထိုသံသယများမှာ ချက်ချင်း ပြေပျောက်သွားခဲ့သည်။
“ဆရာလေးလင် ပေးအပ်ခဲ့တဲ့ တာဝန်နဲ့ ပတ်သက်ပြီး တိုးတက်မှုအချို့ ရှိလာခဲ့ပါတယ်”
ဝယ်လ်က ထိုလူများကို မိတ်ဆက်ပေးပြီးနောက် ဆက်လက် ရှင်းပြသည်။
“သူတို့က အစက ‘ဘလပ်ဖိစ်’ ရဲ့ အဖွဲ့ဝင်တွေဖြစ်ပြီး လမ်းမှားရောက်နေတဲ့ လူငယ်လေးတွေပါ... ဒါပေမဲ့ ကျွန်တော်က ဆရာလေးလင်ရဲ့ အတွေးအခေါ်တွေနဲ့ စာအုပ်တွေကို သူတို့ဆီ လက်ဆင့်ကမ်း ပေးလိုက်ကတည်းက သူတို့အားလုံး စိတ်ဓာတ်တွေ ပြောင်းလဲသွားပြီး ဆရာလေးလင်ရဲ့ စာအုပ်တွေကို ကြည်ဖြူစွာနဲ့ပဲ လိုက်နာသူတွေ ဖြစ်လာခဲ့ကြပါတယ်... သူတို့က ဆရာလေးလင်ကို သူတို့ရဲ့ ဘဝလမ်းပြ ဆရာတစ်ယောက်အဖြစ် အပြည့်အဝ ယုံကြည်နေကြပါတယ်...”
လူငယ်တစ်စုကလည်း ခေါင်းတညိတ်ညိတ် လုပ်လိုက်ကြ၏။
“ဟုတ်ပါတယ်၊ ကျွန်တော်တို့အားလုံးက ကြည်ဖြူစွာနဲ့ပဲ ဆရာကြီးရဲ့ နောက်လိုက်တွေ ဖြစ်လာတာပါ...”
ဝယ်လ်က ဆက်ပြောလိုက်၏။
“ဒီနေ့ သူတို့ကို ဒီကို ခေါ်လာတာက ဆရာလေးလင်ရဲ့ သွန်သင်ချက်တွေကို ကြားနာခွင့်ပေးဖို့နဲ့၊ သူတို့အပေါ် ဆရာလေးလင် စိတ်ကျေနပ်မှု ရှိမရှိ သိချင်လို့ပါ”
လင်ကျဲ ချက်ချင်းပင် နားလည်သွားတော့၏။ ခွေးကြီးနှင့် တွေ့လိုက်ရသဖြင့် အမွေးများ ထောင်နေသည့် အဖြူလေးကို အသာအယာ ပွတ်သပ်ပေးလိုက်ပြီးနောက် သူ သူမကို ပေါင်ပေါ်သို့ ပြန်တင်လိုက်သည်။
အမှန်ပင်...
လင်ကျဲ အဘိုးဝယ်လ်ထံ တောင်းဆိုခဲ့ဖူးတာ နှစ်ကြိမ်သာ ရှိသည်။ ပထမ တစ်ကြိမ်မှာ... ဝယ်အား ‘ဓလေ့ထုံးတမ်းများနှင့် အခမ်းအနားများ’ စာအုပ်ကို ငှားခဲ့စဉ်က ‘အခြားသူတွေကိုလည်း ဒီစာအုပ်ကို ညွှန်ကြားပေးစေချင်တယ်’ ဟု ပြောခဲ့ခြင်း ဖြစ်သည်။ ဒုတိယတစ်ကြိမ်မှာမူ ဝယ်လ်က သူ့ထံ လာလည်စဉ်က ‘ဘလပ်ဖိစ်’ မှ လမ်းမှားရောက်နေသူများကို ပြုပြင်ပြောင်းလဲသင့်ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။
ဆိုလိုသည်က ဤလူငယ်တစ်စုမှာ အဘိုးဝယ်လ်၏ ကြိုးစားအားထုတ်မှု ရလဒ်များပင် ဖြစ်သည်။
လင်ကျဲ ဝမ်းသာသွားပြီး ပျော်ရွှင်စွာ ရယ်မောလိုက်၏။
“ဒါက တကယ့်ကို သတင်းကောင်းပဲ... အဘိုးဝယ်လ် တကယ်ကို ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တာပဲ... ကျွန်တော် မျှော်လင့်ထားတာထက်တောင် ပိုနေပါသေးတယ်...”
“ဒီကမ္ဘာပေါ်မှာ... အဲလေ ဒီဒေသမှာ ကျွန်တော့်ရဲ့ စာအုပ်တွေကို စိတ်ဝင်စားတဲ့လူ ဒီလောက်အများကြီး ရှိလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး...”
“အဘိုးဝယ်လ် သိတဲ့အတိုင်းပဲ၊ ဒီလို အကြောင်းအရာတွေက ဘယ်နေရာမှာမှ သိပ်ပြီး လူကြိုက်မများဘူးလေ... ကျွန်တော့်ရဲ့ အရင်က တပည့်တွေတောင် ဒီအကြောင်းအရာတွေက သူတို့အတွက် အရမ်း ခက်ခဲနက်နဲလွန်းတယ်လို့ ညည်းညူခဲ့ကြသေးတယ်”
“သူတို့ကို စာဖတ်ခိုင်းတိုင်း အတင်း အဓမ္မ နှိပ်စက်ခံနေရသလို ဟန်ဆောင်ကြတယ်... စာတွေ အများကြီး ဖတ်တာက သူတို့ရဲ့ အသိဉာဏ်ကို ထိုင်းမှိုင်းစေတယ်၊ စိတ်ကို ပျက်ပြားစေတယ်ဆိုပြီး မျက်ရည်လည်ရွှဲနဲ့ ဗရုတ်သုတ်ခ လုပ်လေ့ရှိကြတယ်”
‘ဆရာကြီးလင်က တော်တော် နှိမ့်ချတာပဲ...’
ညဉ့်သိမ်းငှက်နှင့် အခြားသူများမှာ လင်ကျဲ၏ စကားများကို မယုံကြည်နိုင်ဖြစ်နေကြ၏။ သူတို့သည် ထိုစာအုပ်အတွင်းရှိ စွမ်းအားများကို ကိုယ်တိုင် မြင်တွေ့ခံစားခဲ့ရပြီး ဖြစ်ပေသည်။
အကယ်၍ ခံနိုင်ရည်သာ မရှိခဲ့ပါက သူတို့သည်လည်း ဒွိုင်းလ် ကဲ့သို့ပင် ရူးသွပ်သွားပြီး ဦးခေါင်းများ ပေါက်ကွဲသွားပေလိမ့်မည်။ ယခုပင် သူတို့သည် စာမျက်နှာ အနည်းငယ်ကိုသာ ခံနိုင်ရည် ရှိသေးသည်။ ထို့ထက် ပိုဖတ်မိပါက သူတို့၏ ဦးနှောက်ထဲမှ သတ္တဝါ တစ်ကောင် အတင်းတိုးထွက်နေသကဲ့သို့ ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကို ခံစားရမည် ဖြစ်သည်။
သို့သော် ဝယ်လ်ကမူ “ဒီကမ္ဘာပေါ်မှာ” ဆိုသည့် စကားလုံးကို သတိပြုမိသွားသည်။ အတိတ်က သဲလွန်စများနှင့် ပေါင်းစပ်ကြည့်လိုက်သောအခါ အံ့ဩဖွယ်ရာ တစ်ခုကို သူ မြင်ယောင်လာသည်။
‘ဆရာလေးလင်က မြူတံတိုင်းရဲ့ နောက်ဖက်မှာ ရှိတဲ့ ကမ္ဘာအကြောင်း ပြောနေတာလား... ဒါမှမဟုတ် အိပ်မက်နယ်မြေအကြောင်းလား...’
ထို့အပြင်... ဆရာလေးလင်၏ အိမ်မွေးတိရစ္ဆာန်အသစ်ထံတွင် လမင်း၏ အရှိန်အဝါ သဲ့သဲ့ ရှိနေသလိုပင်။
အမိုးခုံး ဘုရားကျောင်းတော်မှာ အသစ်ဖွဲ့စည်းလိုက်သည့် ‘နေမင်းယုံကြည်မှု’ နှင့် ‘လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်’ တို့၏ လက်ချက်ဖြင့် ပျက်စီးသွားကြောင်း လူတိုင်း သိကြသော်လည်း၊ အခြေအနေကို ပို၍ နားလည်သူများကမူ... ဗင်းဆင့်၏ ထွန်းတောက်လာမှုနှင့် ‘လငုပ် တမန်တော်’ ၏ သေဆုံးမှုများ အပါအဝင် ထိုဖြစ်ရပ်တစ်ခုလုံးမှာ စာအုပ်ဆိုင်နှင့် နီးကပ်စွာ ပတ်သက်နေကြောင်း သိကြသည်။
အမိုးခုံး ဘုရားကျောင်းတော် ပျက်စီးသွားသည်မှာ မကြာသေးသော်လည်း ဆရာလေးလင်မှာ လမင်း၏ အရှိန်အဝါရှိသည့် အမည်မသိ သတ္တဝါတစ်ကောင်ကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။ ဤသည်မှာလည်း အလွန်ပင် စဉ်းစားစရာ ကောင်းလှသည်။
ကြည့်ရသည်က ဆရာလေးလင်မှာ ဂရေဒီကို မြင်တွေ့ပြီးနောက် စိတ်ကူးပေါက်ကာ အိမ်မွေးတိရစ္ဆာန်တစ်ကောင် လိုချင်သွားခြင်း ဖြစ်လိမ့်မည် ဝယ်လ် တွေးလိုက်မိသည်။ ထို့နောက် ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက်တွင် အမိုးခုံး ဘုရားကျောင်းတော်မှာ မရှိတော့ဘဲ၊ ဆရာလေးလင် လိုချင်ခဲ့သည့် အိမ်မွေးတိရစ္ဆာန်မှာလည်း ယခု ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဝယ်လ် တစ်ယောက် လင်ကျဲ အပေါ် ကြည်ညိုလေးစားမှုများဖြင့် နစ်မွန်းနေစဉ်၊ လင်ကျဲက ရှေ့ဆုံးတွင် ရပ်နေသော လူငယ်ကို ပြုံးပြလိုက်၏။
“မင်းနာမည်က ညဉ့်သိမ်းငှက်လား... ငါ့ရဲ့ စာအုပ်နဲ့ ပတ်သက်ပြီး မင်းရဲ့ အမြင်လေးတွေကို ပြောပြပါဦး”
***