ဆရာလင်၏ သင်ခန်းစာ
Vol. 19 Ch. 262
လင်ကျဲသည် သူ့ရှေ့တွင် ရပ်နေသော လူငယ်ကို ပြုံးပြလိုက်၏။
“မင်းတို့အားလုံး ငါ့စာအုပ်ကို ဒီလောက်တောင် စိတ်ဝင်စားကြမှတော့၊ ဒီစာအုပ်ရဲ့ အဓိပ္ပာယ်ကို မင်းတို့ နားလည်သွားအောင် ငါဘက်ကလည်း အစွမ်းကုန် ကြိုးစားပေးမှာပါ... မင်းတို့အားလုံးကို ပိုပြီးတော့ ပြုပြင်ပြောင်းလဲ ပေးနိုင်အောင် ငါတို့ ပေါ့ပေါ့ပါးပါး စကားပြောကြတာပေါ့”
“မင်းတို့အားလုံးက ကိုယ့်သဘောနဲ့ကိုယ် လာကြတာဆိုတော့ အသိတရားတွေကတော့ ရှိပြီးသားလို့ ငါ ယုံကြည်ပါတယ်”
ညဉ့်သိမ်းငှက်ဟု ခေါ်သည့် လူငယ်မှာ ဆံပင်ကို ရွှေဝါရောင် တောက်တောက် ဆိုးထားပြီး ကုတ်ကုတ်လေး ညှပ်ထားသည်။ နားကပ်များ၊ နှုတ်ခမ်းကွင်းများနှင့် ပန်ဒါ မျက်ကွင်းများကို ဆံပင်ပုံစံနှင့် ပေါင်းစပ်လိုက်သောအခါ လူမိုက်ပုံစံပင် ပေါက်နေခဲ့သည်။ ပထမဆုံး ကြည့်လိုက်ပါက သူ့ကို ‘ဟစ်ဟော့ပ် ရက်ပါ’ တစ်ယောက်ဟုပင် မှားယွင်း ထင်မှတ်မိနိုင်သည်။
ထို့ပြင်... သူ၏ လည်ပင်းနှင့် လက်များပေါ်တွင် အဓိပ္ပာယ်ဖော်ရခက်သော အနက်ရောင် အမှတ်အသားများ ရှိနေသည်။ ၎င်းတို့မှာ တစ်စုံတစ်ရာသော သင်္ကေတများ သို့မဟုတ် စာသားများကို တက်တူးထိုးထားခြင်း ဖြစ်ဟန်တူသည်။
ထိုလူငယ်မှာ တကယ့်ကို လူ့ပတ်ဝန်းကျင်မှ လမ်းသရဲ လူငယ်တစ်ဦး၏ ပုံစံမျိုးပင်။
အစကတည်းက လင်ကျဲ ‘ဘလပ်ဖိစ်’ ဟု ခေါ်သော အဖွဲ့အစည်းအပေါ် ကောင်းသော အမြင် မရှိခဲ့ပေ။ ထိုအဖွဲ့အကြောင်း ပထမဆုံး စတင် ကြားခဲ့ရစဉ်က ၎င်းမှာ သက်ကြီးရွယ်အိုများကို ပစ်မှတ်ထားသည့် ‘ပိရမစ်စနစ်’ အရောင်းအဖွဲ့အစည်း တစ်ခုဟု ထင်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင်မှ ထိုအဖွဲ့အစည်း၏ သဘောသဘာဝမှာ သူ ထင်ထားသည်ထက် များစွာ ပိုမို ယုတ်မာရက်စက်ကြောင်း သိခဲ့ရသည်။
တားမြစ်ပစ္စည်းမျိုးစုံကို အရောင်းအဝယ် ပြုလုပ်ခြင်း၊ အမိုးခုံး ဘုရားကျောင်းတော်၏ ဝါဒဖြန့်မှုများကို ကူညီပေးခြင်းနှင့် အခြားသော မကောင်းမှုများစွာကို တိတ်တဆိတ် လုပ်ဆောင်နေသည့် အဖွဲ့အစည်း ဖြစ်သည်။ သူတို့က တကယ့်ကို ဆိုးသွမ်းသော ရာဇဝတ်ဂိုဏ်းကြီးပင် ဖြစ်သည်။
ထို့ကြောင့်ပင်... သူ့ရှေ့မှ ‘ညဉ့်သိမ်းငှက်’ ဟု အမည်ရသော လူငယ်၏ ပုံစံမှာလည်း သူ ထင်မှတ်ထားသည့်အတိုင်းပင်...။ ကိုယ်ကျင့်တရား ပျက်ပြားနေသည့် ရုပ်ရည်မျိုးနှင့်....။ ကြည့်လိုက်ရုံနှင့်ပင် စိတ်ဓာတ် လမ်းလွဲနေပြီး ပြုပြင်ပေးရန် လိုအပ်နေသော လူစားမျိုးပင်။
လူငယ်များ၏ စိတ်ဓာတ်ကို ပျိုးထောင်ပေးခဲ့ဖူးသည့် ကျွမ်းကျင်အဆင့် ‘စိတ်ဓာတ်မြှင့်တင်ရေးသမား’ တစ်ဦးအနေဖြင့် လင်ကျဲ အစီအစဉ်တစ်ခုကို စိတ်ထဲ၌ ကြံစည်ရင်း ဝမ်းသာအားရ လက်ပွတ်နေမိသည်။
ညဉ့်သိမ်းငှက်မှာမူ စာအုပ်ဆိုင်ပိုင်ရှင်၏ ကြင်နာသော အပြုံးကို ရင်ဆိုင်ရသောအခါ တံတွေးကို ခိုး၍ မျိုချလိုက်မိ၏။ သူသည် ရှောင်လွှဲ၍မရသော ဖိအားတစ်ခုကို ခံစားနေရသည်။ အထူးသဖြင့် လင်ကျဲ၏ ရင်ခွင်ထဲမှ ကြောင်ကလေးကြောင့် ပို၍ စိုးရိမ်တကြီး ချွေးပြန်နေရသည်။
သို့သော်လည်း... လင်ကျဲအပေါ် ထားရှိသော သူ၏ ရူးသွပ်သည့် ယုံကြည်ကိုးကွယ်မှုက နောက်ဆုံးတွင် အနိုင်ရသွားသည်။
ညဉ့်သိမ်းငှက် အခက်အခဲကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ပါ... ကျွန်တော် ဆရာကြီးရဲ့ လက်ရာတွေကို အရမ်း စိတ်ဝင်စားသလို ဆရာကြီးကိုလည်း အရမ်း ကြည်ညိုလေးစားပါတယ်... ကျွန်တော့်ကို သွန်သင်ပြသပေးဖို့ မျှော်လင့်ပါတယ်ခင်ဗျာ”
ဤသည်မှာ ဝယ်လ်က သူတို့ကို ကြိုတင် မှာကြားထားသည့်အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဤအရာခပ်သိမ်းကို သိမြင်သည့် တည်ရှိမှုကြီးမှာ မိမိကိုယ်မိမိ သာမန် စာအုပ်ဆိုင်ပိုင်ရှင်တစ်ဦးအဖြစ် ဟန်ဆောင်ကာ ကမ္ဘာကြီးကို လေ့လာစောင့်ကြည့်နေခြင်း ဖြစ်ကြောင်း သူတို့အားလုံး သိထားကြသည်။
ထို့ကြောင့်ပင် ဝယ်လ်၏ ညွှန်ကြားချက်များကို သူတို့ လိုက်နာရမည်ဖြစ်သည်။ သို့မဟုတ်ပါက မစ္စတာလင်ကို စိတ်ဆိုးအောင် လုပ်မိပေလိမ့်မည်။
“ကျွန်တော်တို့ ဘလပ်ဖိစ်ကနေ ထွက်လာပြီးကတည်းက ဆရာဝယ်လ်ရဲ့ လမ်းညွှန်မှုအောက်မှာ လေ့လာနေကြတာပါ... ကျွန်တော်တို့ရဲ့ အရည်အချင်းက ကန့်သတ်ချက် ရှိနေတဲ့အတွက် စာအုပ်ရဲ့ အပိုင်းကဏ္ဍတစ်ခုစီကိုပဲ ခွဲပြီး လေ့လာနိုင်ကြပါသေးတယ်... ဒါပေမဲ့ အဲဒီကနေတင် ကျွန်တော်တို့ အများကြီး ရရှိခဲ့ပါတယ်”
ညဉ့်သိမ်းငှက်က ဆက်ပြောလိုက်၏။
“ဆရာကြီးရဲ့ စာအုပ်ကို ဖတ်ပြီးနောက်မှာ ကျွန်တော်ရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တွေက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါတယ်... ကျွန်တော့်ရဲ့ အတိတ်က လုပ်ရပ်တွေက ရှက်စရာကောင်းမှန်း သိလိုက်ရပါတယ်... ကြီးကျယ်ခမ်းနားတဲ့ ဗဟုသုတတွေနောက်ကို လိုက်တာကပဲ တစ်ခုတည်းသော မှန်ကန်တဲ့ ရွေးချယ်မှု ဆိုတာကို အခုတော့ ကျွန်တော် ယုံကြည်သွားပါပြီ”
လင်ကျဲ မျက်ခုံးတစ်ချက် ပင့်လိုက်၏။ ဤကောင်လေးမှာ သူ ထင်ထားသည့် လမ်းသရဲ လူငယ်ပုံစံနှင့် အနည်းငယ် ကွာခြားနေသည်။ ရုပ်ရည်က ဆိုးသွမ်းပုံပေါက်သော်လည်း၊ သူ၏ အပြောအဆိုမှာ တကယ့်ကို ယဉ်ကျေးပျူငှာပြီး စကားပြောလည်း တတ်လှသည်။
‘ကြည့်ရတာ သူ တကယ်ပဲ စာအုပ်ထဲကနေ တစ်ခုခု ရသွားပုံရတယ်...’
လင်ကျဒ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
“ဒါနဲ့ အခု မင်း ဘယ်အပိုင်းကို လေ့လာနေတာလဲ”
“ပထမ... ပထမဆုံး အပိုင်းပါ...”
ညဉ့်သိမ်းငှက်က အနည်းငယ် ထစ်ထစ်ငေါ့ငေါ့ ဖြေလိုက်သည်။ ၎င်းမှာ စာအုပ်အတွင်းရှိ အခြေခံ အပိုင်းကဏ္ဍများ၏ ခြုံငုံသုံးသပ်ချက် ဖြစ်သည်။ သို့သော် ပထမပိုင်း၏ အကြောင်းအရာများမှာ အခြေခံဆိုသည်ထက် ပိုမိုနက်နဲလှသည်။
၎င်းမှာ “လူသား” နှင့် “နတ်ဘုရား” အကြား ဆက်သွယ်မှု နည်းလမ်းများကို ဖော်ပြထားခြင်း ဖြစ်သည်။ ဤအချက်က ညဉ့်သိမ်းငှက် ယခင်က သိထားသမျှ အရာရာကို ပြောင်းလဲသွားစေပြီး ‘ညစ်ညမ်းသော သွေး’ အပေါ်တွင်လည်း အမြင်သစ်များ ပေးခဲ့သည်။
‘အော်... သူက နိဒါန်းပိုင်း၊ ထုံးတမ်းစဉ်လာနဲ့ ယဉ်ကျေးမှုတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ အဲဒီနှစ်ခုကြားက ဆက်စပ်မှုကိုပဲ ဖတ်ရသေးတာပဲ’
လင်ကျဲက တွေးလိုက်သည်။ ဟုတ်တော့လည်း ဟုတ်သည်။ ကမ္ဘာမြေပေါ်မှ ဥပမာများနှင့် ဝေါဟာရများကို အခြားကမ္ဘာမှ လူများ နားလည်ရန် ခက်ခဲပေလိမ့်မည်။ အဘိုးဝယ်လ်ကဲ့သို့ ခိုင်မာသည့် အခြေခံ မရှိဘဲနှင့် ဤသီအိုရီများကို နားလည်ရန်မှာ တကယ့်ကို မလွယ်ကူလှပေ။
“စိတ်အေးအေးထားပါ... အရမ်း စိတ်မလှုပ်ရှားပါနဲ့... ဖြည်းဖြည်းချင်း သွားကြတာပေါ့... မင်း နားမလည်တာ တစ်ခုခု ရှိလား”
ညဉ့်သိမ်းငှက်သည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး မျက်ရည်ပင် ကျလုနီးပါး ဖြစ်သွား၏။ ဤမြင့်မြတ်လှသော ပုဂ္ဂိုလ်ကြီး၏ သဘောထားကြီးမှုနှင့် ကြင်နာမှုတို့က သူ၏ ကြေကွဲနေသော နှလုံးသားကို ကုစားပေးနေသကဲ့သို့ပင်။
ဖရန့်ခ် ဝယ်လ်၏ အတင်းအကျပ် ခိုင်းစေမှုကြောင့် ခံစားခဲ့ရသော ဒုက္ခများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
“ကျွန်တော် သိချင်တာက... လူသားနဲ့ နတ်ဘုရား ဆက်သွယ်တဲ့နေရာမှာ သွေးက ဘယ်လို နေရာကနေ ပါဝင်နေတာလဲ ဆိုတာပါပဲ”
ညဉ့်သိမ်းငှက်က သူ အသည်းအသန် သိချင်နေသော မေးခွန်းကို မေးလိုက်သည်။ မုဆိုး တစ်ဦး အနေဖြင့် သူ ပိုင်ဆိုင်ထားသည့် စွမ်းအားမှာ အိပ်မက်သားရဲများမှ လာသည့် ‘ညစ်ညမ်းသော သွေး’ မှ လာခြင်း ဖြစ်သည်။ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း စာအုပ်ထဲမှ အချက်အလက်များနှင့် ချိတ်ဆက်ကြည့်လိုက်သောအခါ - အကယ်၍ ထိုသွေးသာ အမြင့်ဆုံးသော တည်ရှိမှုတစ်ခုမှ လာခဲ့လျှင်၊ သူတို့သည်လည်း ထိုကဲ့သို့ စွမ်းအားမျိုးကို ရရှိနိုင်မည်လော - ဆိုသည့် အတွေးတစ်ခု ပေါ်လာခဲ့သည်။
ဝမ်းနည်းစရာက... ယခုအချိန်အထိ မည်သူမျှ ထိုအရာကို အောင်မြင်အောင် မလုပ်ဆောင်နိုင်သေးခြင်း ဖြစ်သည်။
ညစ်ညမ်းသော သွေးသည် စိတ်ဓာတ်ကို ညစ်ညမ်းစေသည်။ သွေး၏ အာနိသင် ပြင်းထန်လေလေ၊ မုဆိုးများအတွက် ခံနိုင်ရည်ရှိရန် ခက်ခဲလေလေ ဖြစ်သည်။
ထို့ကြောင့်ပင် ပြဿနာမှာ... အခရာ အဆင့် ရှိသည့် အိပ်မက်သားရဲ တစ်ကောင်၏ သွေးကို မရနိုင်ခြင်း မဟုတ်ဘဲ၊ မုဆိုးတစ်ဦး သတိတရား ကပ်နေစေရန်အတွက် ထိုသွေးကို ထိန်းညှိပေးနိုင်သည့် ပါဝင်ပစ္စည်း မရှိခြင်းသာ ဖြစ်သည်။
အလားတူ ကြိုးစားခဲ့သူ အများစုမှာ ချက်ချင်း သေဆုံးသွားကြပြီး၊ အနည်းငယ်သော အသက် ရှင်သန်သူများမှာလည်း ရူးသွပ်သွားကြရသည်။
သို့သော် ‘အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း - ဓလေ့ထုံးတမ်းများနှင့် အခမ်းအနားများ’ စာအုပ်က သူ့ကို လမ်းစသစ်တစ်ခု ပြသပေးခဲ့သည်။
“...”
လင်ကျဲ တစ်ယောက် လူငယ်၏ မေးခွန်းကြောင့် အံ့အားသင့်သွားခဲ့၏။ သူ၏ အမူအရာမှာလည်း ပေါ့ပေါ့ပါးပါးမှ တည်ကြည်သော ပုံစံသို့ ပြောင်းလဲသွားသည်။
ကြည့်ရတာ သူ ညဉ့်သိမ်းငှက်ကို အထင်သေးခဲ့မိပုံရသည်။ သူ့ရှေ့မှ လမ်းသရဲပုံစံ လူငယ်လေးမှာ ဤမျှ နက်နဲသော မေးခွန်းကို မေးနိုင်သည်ဆိုလျှင် စာအုပ်အပေါ် အတိုင်းအတာတစ်ခုအထိ နားလည်မှုနှင့် အတွေးအခေါ် ရှိနေပြီဟု ဆိုလိုသည်။
ဤသည်က တကယ့်ကို တန်ဖိုးရှိသော ရှာဖွေတွေ့ရှိမှုပင်။ ညဉ့်သိမ်းငှက်မှာ ဟန်ဆောင်နေခြင်း မဟုတ်ဘဲ ဤသီအိုရီကို တကယ် နားလည်ထားခြင်း ဖြစ်သည်။
ထုံးတမ်းစဉ်လာနှင့် အခမ်းအနားများသည် များသောအားဖြင့် လူသားနှင့် နတ်ဘုရား ဆက်သွယ်သည့် နည်းလမ်းများ ဖြစ်ကြသည်။ ထိုနတ်ဘုရားဆိုသည်မှာ လူသားတို့၏ စိတ်ကူးထဲက နတ်ဘုရားကိုသာ ဆိုလိုခြင်း မဟုတ်ဘဲ၊ သဘာဝတရား အားလုံးကိုလည်း ဆိုလိုသည်။ ဥပမာအားဖြင့် ရာသီဥတု ကောင်းမွန်ရန် ဆုတောင်းခြင်းမှာ လူသားတို့၏ ဆန္ဒကို ဖော်ပြခြင်းပင် ဖြစ်သည်။
“ဒါက တကယ့်ကို မေးခွန်းကောင်းပဲ...”
လင်ကျဲ ချီးမွမ်းဖို့ မတွန့်တိုခဲ့ပေ။
“သွေးဆိုတာ ယဇ်ပူဇော်တဲ့ အခမ်းအနား အမျိုးမျိုးမှာ မရှိမဖြစ် ပါဝင်ပစ္စည်း တစ်ခုပဲ... အဲဒီနောက်ကွယ်က အကြောင်းရင်းကတော့ သွေးထဲမှာ ပါဝင်တဲ့ ‘ဝိညာဉ်စွမ်းအား’ ကြောင့်ပဲ...”
“ဝိညာဉ်စွမ်းအား... ဟုတ်လား...”
ညဉ့်သိမ်းငှက်က တိုးတိုးလေး ရေရွတ်လိုက်၏။
***