အရေးကြီး သတင်း
Vol. 19 Ch. 263
လင်ကျဲ ခေါင်းညိတ်လိုက်ပြီးနောက် ဆရာတစ်ယောက်၏ ခံစားချက်ကို ဖြည်းဖြည်းချင်း ပြန်ရလာသည်။ ယခု လိုအပ်တာ ဆို၍ စင်မြင့်တစ်ခုနှင့် ကျောက်သင်ပုန်းတစ်ချပ်သာ ရှိတော့သည်။
“ယဇ်ပူဇော်တဲ့ အချိန်မှာ လူတွေက သွေးဆီမှာ ဝိညာဉ်ရှိတယ်လို့ ယုံကြည်ကြတယ်... သေဆုံးသူတွေကို ဝိညာဉ် ပြန်သွင်းပေးနိုင်သလို၊ နတ်ဘုရားတွေ အပါအဝင် ဝိညာဉ်လောကနဲ့ ဆက်သွယ်ပေးနိုင်တဲ့ အရာတစ်ခုလို့လည်း ယူဆကြတယ်လေ”
ဤသည်မှာ သူ၏ ယခင်က သုတေသနများသာ မကပဲ လူသားအရေခွံစာအုပ်မှ သင်ယူခဲ့ရသည့် အချက်အလက်များကို ပေါင်းစပ်ကာ ပြောလိုက်ခြင်း ဖြစ်သည်။
“သေဆုံးသူတွေကို ဝိညာဉ် ပြန်သွင်းပေးတယ်... ဝိညာဉ် ပြန်သွင်းပေးတယ်... ကျွန်တော် နားလည်သွားပြီ...”
ညဉ့်သိမ်းငှက် တစ်ဦးတည်း ရေရွတ်လိုက်၏။ မျက်ဝန်းများ တောက်ပလာပြီးနောက် အလျင်အမြန်ပင် ဆက်လက် ပြောဆိုလာသည်။
“သွေးထဲမှာ ပါတဲ့ ဝိညာဉ်စွမ်းအားဆိုတာ ဝိညာဉ်ရဲ့ အကြွင်းအကျန်တွေပဲ... ဒါကြောင့် ညစ်ညမ်းတဲ့ သွေးဟာ ဘာပဲဖြစ်ဖြစ် လူသားတွေရဲ့ စိတ်ဓာတ်ကို အမြဲတမ်း သက်ရောက်မှု ပေးနေတာပဲ... ဒါပေမဲ့ သေဆုံးနေတဲ့ အရာတွေကတော့ မပေးနိုင်ဘူး... ဒါဆိုရင် အခရာ အဆင့် ညစ်ညမ်းတဲ့ သွေးကို အစစ်အမှန် အသုံးချနည်းက လူသားတွေမှာ သုံးဖို့ မဟုတ်ဘဲ၊ ပစ္စည်းတွေကို မှော်သွင်းဖို့ အတွက်ပဲ...”
“ဟမ်...”
လင်ကျဲ သူ ဘာတွေပြောသွားမှန်း မသိချေ။
‘မင်း ဘာတွေကို နားလည်သွားတာလဲ...’
သို့သော်လည်း... ညဉ့်သိမ်းငှက်ကတော့ သူ့ကို ကျေးဇူးတင်စကား ဆိုကာ ဝမ်းသာအားရဖြင့် ဘေးသို့ ကခုန်ကာ ထွက်သွားတော့သည်။ လင်ကျဲ လူရေခွံ စာအုပ်ထဲမှ တွားသွား ထွက်လာသည့် သွေးကောင်ကြီး၏ ဘရိတ်ဒန့် အကကိုပင် ပြန်လည် သတိရလိုက်မိသည်။
ဤလူငယ်လေးလည်း အလားတူ ဘရိတ်ဒန့် ဆွဲနေသည်ကို ကြည့်ရင်း လင်ကျဲ သက်ပြင်းချလိုက်ပြီး သူ၏ စိတ်ဓာတ်ပြုပြင်ရေးကို လက်လျှော့လိုက်သည်။ ထို့နောက် နောက်တစ်ယောက်ကို ကြည့်ကာ မေးလိုက်၏။
“မင်းနာမည်က ‘စာဂျပိုး’ လို့ ခေါ်တယ် မဟုတ်လား... မင်းရဲ့ အမြင်တွေကိုလည်း ပြောပြပါဦး...”
အတန်းထဲတွင် ဆရာက မေးခွန်းဖြေရန် ခေါ်လိုက်သကဲ့သို့ပင်၊ ထိုကြောက်လန့်နေသည့် ပညာရှင်လေးမှာ ထစ်ထစ်ငေါ့ငေါ့ဖြင့် စတင် ဖြေကြားလိုက်တော့သည်။
...
“ဆရာ... အရေးပေါ် အခြေအနေ ရှိပါတယ်...”
ကလောက် အစည်းအဝေးခန်း တံခါးကို ဝုန်းခနဲ ဖွင့်ကာ အော်ဟစ်လိုက်၏။
ဂျိုးဇက်သည် အခြား အဖွဲ့ဝင်များနှင့် အစည်းအဝေး လုပ်နေစဉ်မှာပင် ချက်ချင်း ထရပ်လိုက်ပြီး တံခါးဝကို ကြည့်လိုက်သည်။ ကလောက်၏ အကြည့်နှင့် ဆုံလိုက်သောအခါ သူ အခြားသူများကို ချက်ချင်း တောင်းပန်စကား ပြောပြီးနောက် အပြင်သို့ ထွက်လာခဲ့သည်။
“ဘာဖြစ်တာလဲ... စာအုပ်ဆိုင်မှာ တစ်ခုခု ထူးခြားလို့လား”
လမ်းလျှောက်ရင်း ဂျိုးဇက်က မေးလိုက်၏။
“ဝယ်လ်... နောက်ဆုံးတော့ ဝယ်လ် ပေါ်လာပြီ...”
ကလောက်က ပြောလိုက်လေ၏။
“ဝယ်လ် ပေါ်လာတယ် ဟုတ်လား... စာအုပ်ဆိုင် အနီးအနားမှာလား”
ဂျိုးဇက်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
တစ်ဦးနှင့်တစ်ဦး ဒုက္ခပေးရန် ကြိုးစားခဲ့ကြသည့် အချိန်ကာလကို ကြည့်လျှင် ဝယ်လ်ကို သူ့ဘဝ၏ ကံကြမ္မာပေး ရန်သူဟု ခေါ်ဆိုလျှင် မှန်ကန်ပေလိမ့်မည်။ ထို့ပြင် ဝယ်လ်နှင့် တိုက်ပွဲမှာ သူ၏ ဘဝကို ထာဝရ ပြောင်းလဲစေခဲ့သည့် အရေးကြီးသော အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့သည်။
ထိုတိုက်ပွဲသာ မရှိခဲ့လျှင် သူ လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရမည် မဟုတ်သလို၊ နတ်ဆိုးဓား၏ ကျိန်စာသင့်ခြင်းကို ခံရကာ ရာထူးမှ ကျဆင်းသွားခဲ့မည်လည်း မဟုတ်ပေ။
ထိုစဉ်က ဂျိုးဇက် ဝယ်လ်ကို အပြတ်အသတ် ခြေမှုန်းနိုင်ခဲ့သည်ဟု ထင်ရသော်လည်း၊ ဝယ်လ်ကလည်း ဂျိုးဇက်ကို အကြီးအကျယ် ထိခိုက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ပြောရလျှင် ပို၍ အခြေအနေ ဆိုးခဲ့သည်က ဂျိုးဇက်သာ ဖြစ်သည်။ သူ၏ ဒဏ်ရာဟောင်းများ ပြန်ပွင့်လာပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်လည်း အကြီးအကျယ် ထိခိုက်ခဲ့ရသည်။
ဤအချက်များကြောင့်ပင် ဂျိုးဇက်သည် ရှေ့တန်းတိုက်ပွဲများမှ နောက်ဆုတ်ကာ စစ်မြေပြင်ကို စွန့်ခွာခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း... ဤကဲ့သို့သာ မဖြစ်ခဲ့လျှင် ဂျိုးဇက်သည် ဝယ်လ်နောက်ကို လိုက်ရင်း စာအုပ်ဆိုင်နှင့် တွေ့ဆုံခဲ့မည် မဟုတ်ပေ။ ထိုတွေ့ဆုံမှုကပင် သူ၏ ဘဝအတွက် တကယ့် အလှည့်အပြောင်း ဖြစ်လာခဲ့သည်။ ၎င်းမှာ အခရာအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးပင်။
အိပ်မက်ဘုံအတွင်းရှိ နတ်ဘုရားတုနှင့် တိုက်ခိုက်ပြီးနောက် ဂျိုးဇက်သည် သူ၏ ရင်ထဲမှ ဓားကို အမှန်တကယ် ပြန်လည် တွေ့ရှိခဲ့ပြီ ဖြစ်သည်။ သူသည် အခရာအဆင့်သို့ ရောက်ရန် နောက်ဆုံး ခရီးတစ်ပိုင်းသာ လိုတော့ကြောင်း ခံစားနေရသည်။
ထိုခရီးမှာ ယခုအခါ သူ၏ စွဲလမ်းမှုတစ်ခု ဖြစ်လာခဲ့လေပြီ။ လွန်ခဲ့သော နှစ်နှစ်က တိုက်ပွဲအပေါ် စွဲလမ်းခဲ့သကဲ့သို့ပင်။
ဝယ်လ်ကို ရှာဖွေတွေ့ရှိပြီး အနိုင်ယူလိုက်သည်နှင့် သူ အခရာအဆင့်သို့ အမှန်တကယ် တက်လှမ်းနိုင်လိမ့်မည် ဟု ဂျိုးဇက် ယုံကြည်နေမိသည်။
ကလောက်က သူရရှိထားသည့် သတင်းအချက်အလက်များကို စနစ်တကျ တင်ပြလာသည်။
“ဝယ်လ်က စာအုပ်ဆိုင် တံခါးဝနဲ့ မနီးမဝေးမှာ ရုတ်တရက် ပေါ်လာတာပါ... အဲဒါက အချိန်နဲ့ ဟင်းလင်းပြင်ကို စိုးမိုးနိုင်တဲ့ နည်းပညာတစ်ခုခုလို့ ကျွန်တော်တို့ သံသယရှိပါတယ်”
“ဒါပေမဲ့ သူ့နောက်မှာ ပါလာတဲ့ ဝံပုလွေ ခွေးကြီးနဲ့ အဲဒီအချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဟင်းလင်းပြင် လှုပ်ခတ်မှုတွေကို ကြည့်ရင် သူက မိုးကောင်းကင် ဝံပုလွေ’တစ်ကောင်ကို အစေခံသတ္တဝါအဖြစ် ရရှိထားတယ်လို့ ယူဆရပါတယ်”
“မိုးကောင်းကင် ဝံပုလွေ... စိတ်ဝင်စားဖို့ ကောင်းသားပဲ”
ဂျိုးဇက် ခေတ္တမျှ စဉ်းစားလိုက်ပြီး တစ်စုံတစ်ခုကို သတိရသွား၏။
“ဒါနဲ့ ဝံပုလွေဖြူ မုဆိုး အဖွဲ့သုံးတဲ့ မူလဆေးရည်ဖော်မြူလာက မိုးကောင်းကင် ဝံပုလွေကနေ လာတာ မဟုတ်လား... အဲဒီတုန်းက တိုက်ပွဲမှာ ဝယ်လ်ရဲ့ အရိပ်အယောင်တချို့ ရှိခဲ့သလို၊ နောက်ပိုင်းမှာလည်း ဟယ်ရစ်ရဲ့ အလောင်းကို ရှာမတွေ့ခဲ့ဘူး... ဒါက တစ်ခုခု ပတ်သက်နေလိမ့်မယ်လို့ ငါထင်တယ်”
“ဒီနှစ်နှစ်အတွင်းမှာ ဝယ်လ်က ငြိမ်နေခဲ့ပေမဲ့၊ သူ အားနေခဲ့တာတော့ မဟုတ်ဘူးပဲ”
ဂျိုးဇက်၏ ရင်ထဲမှ တိုက်ပွဲဝင်လိုစိတ်မှာ အရင်ကထက် ပို၍ ပြင်းထန်လာသည်။ သူသည် ခါးတွင် ချိတ်ထားသည့် ဓားအား ဆွဲထုတ်လိုစိတ်ကိုပင် အနိုင်နိုင် ထိန်းထားရသည်။ နတ်ဆိုးဓားကို လင်ကျဲထံ ပေးအပ်ခဲ့ပြီး ဖြစ်သော်လည်း၊ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်တွင် အဆင့်မြင့် လက်နက်များ မရှားပါးပေ။ ထို့ကြောင့် ဂျိုးဇက်ကို ‘ရွေးနုတ်ခြင်း’ ဟု အမည်ရသော ဓားအသစ်တစ်လက် ပေးအပ်ထားသည်။
ဂျိုးဇက်မှာ အကြီးအကဲများ ကောင်စီ၏ အရေးပေါ် အစည်းအဝေးမှ ထလာခြင်းဖြစ်သဖြင့် သာမန်ရှပ်အင်္ကျီ ဝတ်မထားပေ။ ထို့အစား တရားဝင် မစ်သရီလ် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားရာ၊ ခါးရှိ ဓားနှင့် အလွန်ပင် လိုက်ဖက်နေသည်။
ပြတ်သားမှု၊ စိတ်ဓာတ်ပြင်းထန်မှုတို့ဖြင့် ပြည့်နှက်နေသည့် ရုပ်သွင်နှင့် ပေါင်းစပ်လိုက်သောအခါ ဂျိုးဇက်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ပုံမှန်ထက် သုံးဆခန့် ပိုမို အားကောင်းနေသည်။ ထိုအခိုက်၌ သူ၏ ပုံစံက မျက်လုံးဖွင့်လိုက်ကာ အမဲလိုက်ရန် အသင့်ဖြစ်နေသည့် အိပ်ပျော်နေသော ခြင်္သေ့ကြီးတစ်ကောင်နှင့် တူလှသည်။
ဂျိုးဇက် ချောင်းတစ်ချက် ဟန့်လိုက်ပြီး စိတ်ကို ထိန်းကာ ကလောက်ကို ကြည့်လိုက်၏။
“ဆက်ပြောပါဦး...”
ကလောက်မှာ ဝယ်လ်အကြောင်း ပြောလိုက်တိုင်း စိတ်လှုပ်ရှားသွားတတ်သော ဆရာဖြစ်သူကို အသားကျနေပြီ ဖြစ်သဖြင့် ထူးထူးထွေထွေ မအံ့ဩတော့ပဲ ဆက်လက် တင်ပြလိုက်သည်။
“ထူးခြားတာက ဝယ်လ်က ဒီတစ်ကြိမ်မှာ တစ်ယောက်တည်း မဟုတ်ဘဲ တခြားလူ လေးယောက်ကိုပါ ခေါ်လာတာပါ... အဲဒီ လေးယောက် ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာကိုတော့ ကျွန်တော်တို့ စုံစမ်းနေဆဲပါ”
“ဒါပေမဲ့ သေချာတာကတော့ ဝယ်လ်က သူတို့ကို စာအုပ်ဆိုင်ရဲ့ ဖောက်သည်တွေအဖြစ် ပြောင်းလဲဖို့ ရည်ရွယ်ထားပုံ ရပါတယ်...”
မကြာသေးမီက ပြုလုပ်ခဲ့သည့် အစည်းအဝေး၏ အရေးကြီး အချက်တစ်ချက်မှာ စာအုပ်ဆိုင်ပိုင်ရှင်ကို မည်သို့ ချဉ်းကပ်ရမည်နှင့် စာအုပ်ဆိုင်၏ အရင်းအမြစ်များမှ မည်သို့ အကျိုးအမြတ် အများဆုံး ရရှိအောင် လုပ်ဆောင်ရမည် ဆိုသည့် အချက်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် စာအုပ်ဆိုင်၏ လုံခြုံရေးကိုလည်း အာမခံနိုင်ရန် ဆွေးနွေးခဲ့ကြသည်။
မှန်ပေသည်။ နောက်ဆုံးအချက်မှာ ပြောရုံသက်သက်သာ ဖြစ်သည်။ သူတို့သည် စာအုပ်ဆိုင်ပိုင်ရှင်၏ အစစ်အမှန် စွမ်းအားကို ကောင်းကောင်း သိမြင်ထားကြပြီး ဖြစ်ရာ၊ စာအုပ်ဆိုင်၏ လုပ်ရပ်နှင့် ရည်ရွယ်ချက်များကို ထိန်းချုပ်ရန် ကြိုးစားခြင်းကား လုံးဝ မဖြစ်နိုင်သည့် အရာပင်။
သူတို့ လုပ်နိုင်သည်မှာ... လိုက်လျောညီထွေ နေထိုင်ရန်သာ ဖြစ်သည်။
အလွယ်ကူဆုံး နည်းလမ်းမှာ သူတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသူများကို စာအုပ်ဆိုင်သို့ လွှတ်၍ စာအုပ်များ ဝယ်ယူခိုင်းခြင်းပင်...။
လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှာ ထိုသို့လုပ်ရန် ပြင်ဆင်ထားသော်လည်း၊ ဝယ်လ်က ရုတ်တရက် ပေါ်လာပြီး သူတို့ထက် လက်ဦးမှု ရယူသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သို့သော်လည်း... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က ဤသို့ တွေးနိုင်လျှင်၊ စာအုပ်ဆိုင်နှင့် ပထမဆုံး တွေ့ဆုံခဲ့သူမှာလည်း ထိုကဲ့သို့ပင် တွေးတောနိုင်မည် ဖြစ်သည်။
“သူက အရင်အတိုင်း ပါးနပ်နေတုန်းပဲ... ဒါဆိုရင် ငါတို့ မြန်မြန် လှုပ်ရှားရမယ်... သူ စာအုပ်ဆိုင်ကနေ ထွက်လာတဲ့ အချိန်ကျရင် ဝိုင်းဖမ်းဖို့ အစီအစဉ်ဆွဲလိုက်”
ဂျိုးဇက်က ဝယ်လ်နှင့် သူ၏ အပေါင်းအပါများကို ကွပ်မျက်လိုက်သကဲ့သို့ လက်ဖြင့် အောက်သို့ ခုတ်ချသည့် ပုံစံ ပြုလုပ်ကာ ပြောလိုက်၏။
ကလောက် ခေါင်းညိတ်လိုက်သည်။
“နားလည်ပါပြီ... ကျွန်တော် တပ်ဖွဲ့တွေကို ချက်ချင်း စေလွှတ်လိုက်ပါ့မယ်...”
ဂျိုးဇက်က ကလောက်၏ ပုခုံးကို ပုတ်ကာ ဆက်ပြောလိုက်သည်။
“ငါကတော့ အကြီးအကဲ ဆော်လမွန် ကို တင်ပြစရာ အချို့ ရှိသေးတယ်... ပြီးမှ ငါကိုယ်တိုင် လာပြီး ကွပ်ကဲမယ်... တစ်ခုခု ထူးခြားတာနဲ့ ငါ့ကို ချက်ချင်း ဆက်သွယ်လိုက်။”
“ဟုတ်ကဲ့ပါ ဆရာ...”
ကလောက်မှာ ခေတ္တမျှ တွေဝေသွားပြီးမှ ပြောလိုက်၏။
“ဒါနဲ့ ဆရာ... မေလီဆာ တစ်ယောက်တော့ တိုက်ခိုက်ရေးဌာနက လူတချို့နဲ့ ပြဿနာဖြစ်နေပုံ ရပါတယ်... ဆရာ အဲဒီကိစ္စကို ဝင်ပါချင်လား...”
***