မူလ အစ
Vol. 19 Ch. 265
တစ်စက္ကန့်...
ထိုပွဲမှာ တစ်စက္ကန့်သာ ကြာမြင့်ခဲ့သည်။ တော့ဒ် တစ်ယောက် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ သူ၏ လက်မှာ စားပွဲပေါ်သို့ ဝုန်းခနဲ ကျသွားသည်။ မေလီဆာက သူ့ကို အမှိုက်သရိုက်တစ်ခုကဲ့သို့ အထင်သေးသော အကြည့်ဖြင့် ကြည့်နေသည်ကိုသာ မြင်လိုက်ရသည်။ နောက်ထပ် နှစ်ပွဲလုံးတွင်လည်း ရလဒ်မှာ အတူတူပင်။
သူ မိန်းကလေး တစ်ဦးကို လူအများရှေ့တွင် သုံးကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ဒေါသအလွန်အမင်း ထွက်သွားသဖြင့် တော့ဒ် စတင် တိုက်ခိုက်ခဲ့သော်လည်း၊ သူမ၏ ကန်ချက်တစ်ချက်နှင့်ပင် လဲကျသွားခဲ့ရသည်။ ပြန်မထနိုင်တော့...။ သုံးရက်တိုင်တိုင် စိတ်အေးအောင် ထားပြီးနောက်တွင်မှ သူသည် ဤ ‘ကလဲ့စားချေမှု’ ကို ကြံစည်ခဲ့ခြင်း ဖြစ်သည်။
“နင်... နင်တို့တွေ...”
မေလီဆာမှာ အသံပင် တုန်ရီနေ၏။ သူမ တော့ဒ်နှင့် အခြားသူများကို မယုံကြည်နိုင်သကဲ့သို့ စိုက်ကြည့်နေမိသည်။
သူတို့ ဤမျှလောက်အထိ မိုက်မဲသော အလုပ်ကို လုပ်လိမ့်မည်ဟု သူမ မယုံကြည်နိုင်ပေ။ ဤသည်မှာ အသားကြိတ်စက်ထဲသို့ ကိုယ့်သဘောနှင့်ကိုယ် ခုန်ဆင်းပြီး ၎င်းမှာ အနှိပ်စက်ကြီး ဖြစ်သည်ဟု ဂုဏ်ယူစွာ ပြောနေသကဲ့သို့ပင်။ မကြာခင်မှာပင် ထိုအသားကြိတ်စက်က ဘယ်လိုမျိုး နှိပ်ပေးမလဲဆိုတာကို လူတိုင်း မြင်ကြရတော့မည်။
စာအုပ်ဆိုင်ကို သွားရောက် သိမ်းပိုက်ခြင်းမှာ ပုရွက်ဆိတ်တစ်ကောင်က ဆင်တစ်ကောင်ကို သတ်ဖြတ်မယ်ဟု ပြောနေသကဲ့သို့ ရယ်စရာ ကောင်းလှသည်။ ဤသည်မှာ ရူးသွပ်သူတို့၏ လုပ်ရပ်သာ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဆလီနာက သူမ၏ လျှို့ဝှက်ချက်ကို ပြောပြလိုက်သဖြင့်လည်း သူမ ဝမ်းနည်းမိသည်။
သို့သော်လည်း... ဆလီနာမှာ ထူးထူးခြားခြာ ပါရမီမရှိသည့် သူတစ်ယောက် ဖြစ်သဖြင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်သို့ ဝင်ရောက်ရန် အလွန်ခက်ခဲခဲ့ကြောင်း မေလီဆာ သိထားသည်။ ထို့ကြောင့်ပင်... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ မျိုးဆက်သုံးဆက်မြောက် ဖြစ်သူ တော့ဒ်ထံတွင် သူမ လက်မြှောက် အရှုံးပေးလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။
မည်သို့ပင် ဆိုစေ... မေလီဆာသည် ဆီလီနာကို သူငယ်ချင်းစစ်စစ်ဟု သဘောထားခဲ့သော်လည်း ယခုအခါ သစ္စာဖောက်ခံလိုက်သလို ခံစားလိုက်ရသည်။
ဝမ်းနည်းမသည်ထက် မေလီဆာ ပို၍ ထိတ်လန့်နေမိသည်။
“စနောက်နေတာတွေ တော်တော့... သူတို့ကို ချက်ချင်း ပြန်ခေါ်လိုက်...”
မေလီဆာက အော်ဟစ်လိုက်ရင်း ဓားကို မြှောက်လိုက်၏။ ထိုသတင်းမှာ သူမထံမှ ပေါက်ကြားသွားခြင်း ဖြစ်သည်။ မစ္စတာလင် စိတ်ဆိုးသွားလျှင် ဘာဖြစ်လာမလဲဆိုတာကို သူမ မတွေးဝံ့ပေ...။
မစ္စတာလင်မှာ သူမကြောင့် ဆိုတာ သေချာပေါက် သိပေလိမ့်မည်။ အကြောင်းနှင့် အကျိုးကို သိရှိသွားသည်နှင့် သူမကိုလည်း အပြစ်တင်ပေလိမ့်မည်။ သို့သော်လည်း... ထိုထက် ပိုဆိုးသည်က သူတို့မှာ စာအုပ်ဆိုင်ကို တစ်ခုခု လုပ်တော့မည် ဖြစ်ခြင်းပင်...။
စာအုပ်ဆိုင်ကို သိမ်းပိုက်တာဖြစ်စေ၊ ပိတ်သိမ်းတာဖြစ်စေ... မဟုတ်သေး... ဝင်ရောက်ရှာဖွေတာတောင်မှ တကယ့်ကို ကြောက်စရာကောင်းသည့် အကြံဉာဏ်ပင်။
အကယ်၍ စာအုပ်ဆိုင် ပိုင်ရှင်သာ စိတ်ဆိုးသွားလျှင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ကြီးတစ်ခုလုံး ပျက်စီးကိန်း ဆိုက်သွားပေလိမ့်မည်။
တော့ဒ်ကမူ မေလီဆာ တစ်ယောက် ကြောက်သွားပြီဟု ထင်မှတ်ကာ ရယ်မောလိုက်၏။
“ဒါဆိုရင် ငါ့ကို တောင်းပန်လေ... မင်း တောင်းပန်ရင်...”
“တောင်းပန်ရမှာလား... သွားသေလိုက်...”
မေလီဆာ တစ်ယောက် ဝ မရှိပဲ ဝိ လုပ်နေသည့် ဤမျိုးဆက် သုံးဆက်မြောက် သူရဲကောင်းကို ဆက်လက် သည်းမခံနိုင်တော့ပေ။ သူမသည် အီသာ စွမ်းအင်များကို ဓားပေါ်တွင် စုစည်းလိုက်ပြီး တော့ဒ်ထံသို့ မြှားတစ်စင်းကဲ့သို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
တော့ဒ် တစ်ယောက် အံ့အားသင့်သွား၏။ သို့သော် ယခင်က ရှုံးနိမ့်ခဲ့ဖူးသဖြင့် သူ ယခုတစ်ကြိမ်တွင် သင်ခန်းစာ ရထားပြီး ဖြစ်သည်။ မမြင်ရသော အီသာ အကာအကွယ်တစ်ခုမှာ သူ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး မေလီဆာ၏ ဓားကို တားဆီးလိုက်သည်။
“ဟူး...”
တော့ဒ် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ကံကောင်းထောက်မစွာပင် သူသည် “အကာအကွယ် ဒိုင်းလွှား” ဟု ခေါ်သော ထူးခြားသည့် ပစ္စည်းတစ်ခုကို ယူဆောင်လာခဲ့သည်။
တော့ဒ်က ရယ်မောကာ ပြောလိုက်၏။
“ဟတ် ဟတ်... အပိုပဲ ဒီဒိုင်းလွှားက ဖျက်ဆီးခြင်း အဆင့် အောက်မှာရှိတဲ့ ဘယ်တိုက်ခိုက်မှုကိုမဆို ခုခံနိုင်တယ်... မင်း ဘယ်လိုမှ ဒါကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး...”
သို့သော်လည်း မေလီဆာက လက်မလျှော့ဘဲ အရှိန်အဟုန်ဖြင့် ရှေ့တိုးနောက်ဆုတ် လုပ်ကာ တိုက်ခိုက်နေသည်။ သူမ ဒိုင်းလွှားကို အဆက်မပြတ် ရိုက်ခတ်နေစဉ် အီသာ စွမ်းအင်များမှာလည်း တဖျတ်ဖျတ် ထွက်ပေါ်နေ၏။
သူမ၏ မျက်လုံးများထဲတွင် အချက်အလက်များ စီးဆင်းနေသကဲ့သို့ မြင်တွေ့လိုက်ရပြီးနောက်၊ ရုတ်တရက် ထိုဒိုင်းလွှားမှာ အားနည်းချက်များဖြင့် ပြည့်နှက်နေသယောင် ဖြစ်သွားသည်။
“သော့ချက် - မူလအစ”
အရာခပ်သိမ်း၏ အခြေခံ အုတ်မြစ်...
မည်သည့်အရာကိုမဆို ဖွင့်နိုင်သော မဟာသော့ချက်...
ယခုအခါ မေလီဆာ၏ မျက်လုံးထဲတွင် ထိုဒိုင်းလွှားမှာ တစ်ချက်လေးတောင် ခံနိုင်စွမ်း မရှိတော့ပေ။
နောက်ဆုံးတွင်...
ဘုန်း...
ဒိုင်းလွှားမှာ ပျက်စီးသွားတော့၏။
“နင်... နင်...”
တော့ဒ် တစ်ယောက် ထိတ်လန့်တကြား ကြည့်နေစဉ်မှာပင် မေလီဆာမှာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာကာ သူ၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးလိုက်တော့၏။ ထို့နောက် ခြေထောက်ကို မြှောက်ကာ သူြ မျက်နှာကို ကန်လိုက်တော့သည်။
ဘုန်း...
ပြင်းထန်သော အသံနှင့်အတူ တော့ဒ်၏ မျက်နှာမှာ မြေကြီးထဲသို့ စိုက်ဝင်သွားတော့၏။
...
ဖရန်စစ်...
ဖရန်စစ်သည် ‘ငရဲဘုံအဆင့်’ တရားဝင် သူရဲကောင်း တစ်ဦးဖြစ်သည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ရာထူးစနစ်အရ တရားဝင် သူရဲကောင်း ရာထူးမှာ ‘အလုပ်သင် သူရဲကောင်း’ ထက် မြင့်မားပြီး၊ အလုပ်သင် သူရဲကောင်းမှာ ‘အဆင့်နိမ့် သူရဲကောင်း’ ထက် မြင့်မားသည်။
ယခုအချိန်တွင် သူသည် မစ်ရှင်တစ်ခုကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဖရန်စစ် သူ့ လူများကို ဦးဆောင်ကာ သာမန် စာအုပ်ဆိုင်တစ်ခုအတွင်းသို့ ဝင်ရောက်၍ ‘မဟာ ရောင်စဉ် သူရဲကောင်း’ ၏ မြေးဖြစ်သူ လိုလားသည့် ပြီးပြည့်စုံသော အဆုံးသတ်ကို ဖော်ဆောင်ရန်အတွက် အသင့်ဖြစ်နေပြီ ဖြစ်သည်။
“အဲဒီစာအုပ်ဆိုင်ဆိုတာ သေချာလား”
ဖရန်စစ်က မလှမ်းမကမ်းရှိ ဆိုင်မျက်နှာစာကို ကြည့်ရင်း မေးလိုက်၏။ သို့သော်လည်း... ဆိုင်က သတင်းပို့ထားသည့် အတိုင်းပင်။ ဆိုင်းဘုတ်မရှိ၊ အလှဆင်ထားခြင်းမရှိသလို ထူးခြားတာလည်း ဘာမှမရှိချေ။ မည်သူမဆို ကြည့်လိုက်လျှင် ‘သာမန်’ နဲ့ ‘နွမ်းပါးသည်’ ဆိုသည့် စကားလုံးများကိုသာ သုံးပြီး ဖော်ပြကြလိမ့်မည်။
သို့သော်လည်း... ဘေးကပ်လျက်ရှိ ‘စာအုပ်ကဖေး’ ဆိုင်မှာမူ ဆန်းသစ်ပြီး မျက်စိပသာဒ ဖြစ်လှသည်။ ဗဟိုခရိုင်တွင် ရှိနေလျှင်ပင် ၎င်းကို ‘အဆင့်မြင့်’ နေရာတစ်ခုအဖြစ် သတ်မှတ်ကြပေလိမ့်မည်။ ဆိုင်နှစ်ဆိုင်က ကပ်လျက်ရှိနေသဖြင့် ကွာခြားချက်က ပို၍ပင် သိသိသာသာ ထင်ရှားနေသည်။
ဖရန်စစ်မှာ စီးပွားရေးအမြင် မရှိသော်လည်း စာအုပ်ကဖေးဆိုင်သည် အရောင်းအဝယ်ကောင်းရန်အတွက် ဤကဲ့သို့ စုတ်ပြတ်နေသည့် စာအုပ်ဆိုင်ဘေးတွင် တမင်တကာ လာဖွင့်ခြင်းဖြစ်မည်ဟု တွေးမိလိုက်သည်။ ကြည့်ရသည်က... သူ၏ ယနေ့လုပ်ရပ်မှာ ကဖေးဆိုင်၏ ပြိုင်ဆိုင်မှုအစွမ်းကို အနည်းငယ် လျော့ကျစေကောင်း လျော့ကျစေနိုင်သည်။
‘အင်း... အဲဒီအတွက်တော့ စိတ်မကောင်းပါဘူးကွာ’
ဖရန်စစ်၏ နှုတ်ခမ်းထောင့်များက မသေမသပ် ပြုံးလိုက်မိ၏။
တစ်ချိန်တည်းမှာပင် သူ့ဘေးရှိ ထွားကြိုင်းသော သူရဲကောင်းက အက်ကွဲကွဲအသံဖြင့် ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့၊ မမှားပါဘူး... ဒါ ဆလီနာပြောတဲ့ စာအုပ်ဆိုင်ပါပဲ...”
“ဒါပေမဲ့ ဒီတစ်ဝိုက်မှာ ဒါက တစ်ခုတည်းသော စာအုပ်ဆိုင်ပဲ... ဘာမှမရှိတဲ့ နေရာမှာ နှစ်နဲ့ချီ တည်ရှိနေပြီး အခုထိ မပိတ်သေးတာက ထူးဆန်းတယ်... ပြီးတော့ ပြီးခဲ့တဲ့ လပိုင်းအတွင်း ဖြစ်ခဲ့သမျှ အရာအားလုံးကလည်း ဒီနားမှာချည်းပဲ”
ထိုသူရဲကောင်းက ခေတ္တတွေဝေသွားပြီးမှ မေးလိုက်၏။
“သခင်လေးတော့ဒ် ဆီက အမိန့်ကို စောင့်ပြီးမှ ဆက်လုပ်မလား...”
ဖရန်စစ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း လက်ကာပြလိုက်၏။
“သခင်လေးတော့ဒ် ငါတို့ကို ဘာလုပ်ခိုင်းချင်လဲဆိုတာ မင်းမမြင်ဘူးလား... အခုထိ ဘာသတိပေးချက်မှ မလာတာကိုကြည့်လေ... မင်းက တကယ့်ကို အတွေ့အကြုံ မရှိသေးတာပဲ”
“အဲဒါတ...”
ထွားကြိုင်းသော သူရဲကောင်းက ခေါင်းကို ကုတ်လိုက်သည်။
“ဒါပေမဲ့ မေလီဆာရဲ့ စွမ်းအားက အခုတလော အရမ်းတိုးတက်လာတာ... ကပ္ပတိန် ရောဘတ်တောင်မှ သူ့ကို အတော်လေး ချီးကျူးထားတ... သခင်လေးတော့ဒ်က သူ့ကို ယှဉ်နိုင်ပါ့မလား... တကယ်လို့များ...”
သူ ဆက်ပြောချင်သည်က ‘တကယ်လို့များ သခင်လေးတော့ဒ် သတိလစ်သွားတာ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အချည်ခံထားရလို့ သတင်းမပို့နိုင်တာ ဖြစ်ဖြစ် ဖြစ်နေရင်ကော...’ ဟူ၍...။
“သခင်လေးတော့ဒ်မှာ အကာအကွယ် ဒိုင်းလွှာ ရှိတယ်”
ဖရန်စစ်က သူ့ကို လူအတစ်ယောက်ကို ကြည့်သလို ကြည့်လိုက်၏။
“အဲဒါက သူ့အဖိုးကိုယ်တိုင် ပေးထားတဲ့ ထူးခြားတဲ့ ပစ္စည်း တစ်ခုပဲ... ဖျက်ဆီးခြင်း အဆင့် အောက်က ဘယ်တိုက်ခိုက်မှုကို မဆို အလဟဿ ဖြစ်စေတယ်... မေလီဆာက အဲဒီလောက် စွမ်းနိုင်မယ် ထင်နေတာလား... ကွင်း... ကွင်း... မင်းက လူကသာ ထွားတာ ဉာဏ်ကတော့ တစက်မှမရှိဘူး”
“အော်... အော်...”
ထွားကြိုင်းသော သူရဲကောင်းက ရုတ်တရက် နားလည်သွားသလို ပြုံးလိုက်သည်။
“သိပါပြီဗျာ... ခင်ဗျားကလည်း... သခင်လေးတော့ဒ်မှာ အဲဒီလို ပစ္စည်းရှိတာ မဆန်းပါဘူး... ကျွန်တော်ဖြင့် တကယ့်ကို အားကျမိတာပဲ”
ဖရန်စစ်က ရွံရှာစွာဖြင့် မဲ့လိုက်၏။
“အေးပါကွာ၊ အဲဒါက ကံပါလာတာပဲ... အားကျနေလို့လည်း ထူးမှာမဟုတ်ဘူး... အဲဒါကို စိတ်ပူနေမယ့်အစား တာဝန်ကို အောင်အောင်မြင်မြင် လုပ်လိုက်စမ်းပါ... ဒါဆို သခင်လေးတော့ဒ်က ကျေနပ်ပြီး မင်းကိုလည်း အဲဒီလို ပစ္စည်းတစ်ခု ဆုချချင် ဆုချမှာပေါ့”
ထို့နောက် ဖရန်စစ်က နောက်ကလူများကို လက်ယပ်ခေါ်ပြီး စာအုပ်ဆိုင်ဆီသို့ ဦးဆောင်ကာ ချီတက်သွားတော့၏။
***