ထောင်ချောက်
Vol. 19 Ch. 266
ဖရန်စစ်၏အမြင်တွင် ဤတာဝန်မှာ အပျော်ခရီးထွက်ရသကဲ့သို့ ရိုးရှင်းလှသည်။ ရရှိထားသော သတင်းများအရ ဆိုင်ပိုင်ရှင် လူငယ်တစ်ဦးနှင့် မကြာသေးမီကမှ ရောက်လာသည့် အမျိုးသမီး လက်ထောက်တစ်ဦးသာ ရှိသည်။ နှစ်ဦးလုံးမှာ သာမန်လူများသာ ဖြစ်ကြသည်။ ထို့ကြောင့်ပင် ကိစ္စများမှာ အလွန်လွယ်ကူသွားသည်။
သူတို့လုပ်ရမှာက အထဲကို ဝင်သွားမည်။ သူတို့ကို သတိလစ်အောင် လုပ်ပြီး မှတ်ဉာဏ်တွေကို ပြုပြင်မည်။ ပြီးလျှင် စာအုပ်ဆိုင်ထဲတွင် တားမြစ်ပစ္စည်းတွေကို ရှာမည်။
ဘာမှ ရှာမတွေ့ရင်တောင်မှ... အရန်အစီအစဉ်က ရှိပြီးသားပင်။
ဖရန်စစ် စိတ်အားထက်သန်စွာဖြင့် စာအုပ်ဆိုင်ဆီသို့ လျင်မြန်စွာ လျှောက်သွားလိုက်၏။
“သွားကြစို့... ငါ့နောက်က လိုက်ခဲ့... ဒီတာဝန်က ကလေးဆီက မုန့်ကို ယူရသလောက်...”
စကားမဆုံးခင်မှာပင် ဖရန်စစ် တစ်ယောက် နေရာမှာတင် တောင့်ခဲသွားတော့၏။
အဘယ်ကြောင့်နည်း။ ဟောင်းနွမ်းစုတ်ပြတ်နေသည့် ပျဉ်ပြားများဖြင့်ပင် ဖာထားသည့် စာအုပ်ဆိုင်တံခါးမှ လူအချို့ ထွက်လာသည်ကို မြင်လိုက်ရသောကြောင့်ပင်။
ရှေ့ဆုံးမှ ထွက်လာသူမှာ ဝတ်စုံအပြည့်ဖြင့် အဖိုးအိုတစ်ဦး ဖြစ်သည်။ သူ၏ ဆံပင်များမှာ ဖြူတစ်ဝက် မည်းတစ်ဝက် ဖြစ်နေပြီး၊ စိမ်းဖန့်ဖန့် မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းသော အကြည့်များကို ပေးစွမ်းနေသည်။ သူ၏ လက်ထဲတွင် ပျက်စီးနေသည့် ကျောက်သား ဂါဂွိုင်းလ် ရုပ်တုတစ်ခု ရှိနေသည်။
သူက ဆိုင်အတွင်းဘက်ကို လှည့်ပြီး စကားအနည်းငယ် ပြောလိုက်ကာ ရိုသေနှိမ့်ချစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် တံခါးကို ညင်သာစွာ ပိတ်ပြီး နောက်သို့ အနည်းငယ် ဆုတ်လိုက်ကာ ဖရန်စစ်နှင့် သူ၏အဖွဲ့ကို အေးစက်စက်နှင့် ယုတ်မာသောအပြုံး တစ်ခု ပြုံးပြလိုက်သည်။
“တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်... ထူးခြားအဆင့် ခြောက်ယောက်နဲ့ ငရဲဘုံအဆင့် နှစ်ယောက်... ငါတို့ရဲ့ တစ်နေ့တာကို အဆုံးသတ်ဖို့ အတော်လေး ကောင်းတဲ့ နည်းလမ်းပဲ... ကြည့်ရတာ ဆရာလေးလင်က မင်းတို့ရဲ့ စွမ်းအားကို စမ်းသပ်ဖို့ အခွင့်အရေးကိုတောင် ပြင်ဆင်ပေးထားပုံရတယ်”
သူက မစ္စတာလင်၏ လက်ချာကို တက်ရောက်လာပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ အသိအမြင်သစ်များ ရရှိလာကြသည့် လူလေးဦးကို လှည့်၍ ပြောလိုက်သည်။
နဂါးပျံ၊ စာဂျိပိုး၊ ညဉ့်သိမ်းငှက်နှင့် နှင်းပွင့်တို့ လေးယောက် တက်ကြွ သွားကြ၏။ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းမှ လူများမှာ လိမ္မာပြီး ဥပဒေကို လိုက်နာမည့်သူများ မဟုတ်ကြချေ။ သူကောင်းမျိုးနွယ်ဖြစ်သူ ‘နှင်းပွင့်’ ပင်လျှင် မြေအောက် တိုက်ခိုက်ရေးကွင်းများအား ကြည့်ရသည်ကို အလွန် ဝါသနာ ထုံသူ ဖြစ်သည်။
သူတို့၏ မျက်လုံးများမှာ အစာကို ချောင်းမြောင်းနေသည့် ဆာလောင်မွတ်သိပ်လှသော ဝံပုလွေအုပ်ကဲ့သို့ အေးစက်သော အလင်းတန်းများနှင့် ပြည့်နှက်နေ၏။ လူဆိုးအုပ်စုတစ်စု စင်မြင့်ပေါ် တက်လာသကဲ့သို့ပင်။
‘ဒါက... ဆရာကြီးလင်ပေးတဲ့ တာဝန်ပဲ၊ ငါတို့ အပြတ်အသတ် လုပ်ရမယ်...’
ဆန့်ကျင်ဘက်အနေဖြင့် လွန်ခဲ့သည့် တစ်ခဏကပင် မာန်တက်နေခဲ့သည့် ဖရန်စစ်နှင့် သူ့ လူများမှာ ယခုအခါ သနားစရာကောင်းပြီး အကူအညီမဲ့သည့် သားကောင်များ ဖြစ်သွားကြပြီ ဖြစ်သည်။
ဖရန်စစ် တစ်ယောက်တည်း မှင်သက်သွားခြင်း မဟုတ်ပေ။ သူ့ နောက်မှ လူများလည်း သူတို့ ရင်ဆိုင်နေရသူက မည်သူမည်ဝါ ဖြစ်ကြောင်း သဘောပေါက် နေကြပြီ ဖြစ်သည်။
‘သူက.. ကျိန်စာသင့် ဝယ်လ် မဟုတ်လား...’
သူတို့၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးထွက်နေကာ နှလုံးခုန်သံများမှာလည်း မြန်ဆန်နေ၏။ စဉ်းစားဆင်ခြင်နိုင်စွမ်းများက ချက်ချင်း ပျောက်ကွယ်သွားကာ ကြောက်ရွံ့မှုများသာလျှင် နှလုံးသားထဲတွင် အမြစ်တွယ်သွားတော့သည်။
‘ဘယ်လိုလုပ် ဝယ်လ် ဖြစ်နိုင်မှာလဲ... ဝယ်လ်က ဘာလို့ ဒီလို သာမန်စာအုပ်ဆိုင်ထဲမှာ ရှိနေရတာလဲ... ငါတို့ အခု ဘာလုပ်ကြမလဲ... ငါတို့ ဘာလုပ်နိုင်မှာမလို့လဲ... ဒါ အိပ်မက်လာ...’
မျက်နှာမဲ့ မဟူရာ အကြေးခွံ ဖရန့်ခ် ဝယ်လ်၊ ဖျက်ဆီးခြင်း အဆင့် အောက်လမ်း မှော်ဆရာကြီး၊ ဂျိုးဇက်ကို အနားယူစေခဲ့သည့် အဓိကတရားခံကြီးမှာ သူတို့ရှေ့တွင် ပေါ်လာခဲ့ပြီ ဖြစ်လေသည်...။
အမှန်တရား အသင်းတော် နှင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် နှစ်ခုလုံးမှ အလိုရှိနေသည့် အဆင့်မြင့် ရာဇဝတ်သားကြီးသည် ဤဟောင်းနွမ်းလှသော သာမန်စာအုပ်ဆိုင်ထဲမှ လမ်းလျှောက် ထွက်လာခြင်းပင် ဖြစ်သည်။
သူ့ နောက်မှ ပါလာသော လေးဦးမှာလည်း အားလုံး ‘ငရဲဘုံအဆင့်’ ရှိသူများ ဖြစ်ကြသည်။ ဤကဲ့သို့သော လူအင်အားမှာ ဒေသတစ်ခုလုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။
“ဆုတ်... ဆုတ်... နောက်ဆုတ်ကြ... ဒါ ထောင်ချောက်ပဲ...”
ဖရန်စစ် တစ်ယောက် ကြောက်ရွံ့စိတ်ကြောင့် စဉ်းစား ဆင်ခြင်နိုင်စွမ်းများ ပျောက်ဆုံးနေပြီး ဝယ်လ် ဘာကြောင့် ထိုနေရာတွင် ရှိနေသလဲဆိုတာကိုပင် မစဉ်းစားနိုင်တော့ပေ။ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက သူ့ကို ထွက်ပြေးရန် အော်ဟစ်နေ၏။ သူ ပြောသည်ပင် နောက်ကျနေသေးသည်။ ကျန်လူများမှာ သူ အမိန့်မပေးခင်မှာပင် ဖနှောင့်နှင့် တင်ပါး တစ်သားတည်း ကျအောင် ပြေးနေကြပြီ ဖြစ်လေသည်။
ထိုအရာက ဖျက်ဆီးခြင်း အဆင့် တစ်ယောက် ဖြစ်သည်။ သူတို့၏ စွမ်းအားမှာ ထိုလူများကို တိုက်ခိုက်ဖို့ ဝေးစွ...။ ခုခံဖို့ပင် မဖြစ်နိုင်ချေ။ အထက်လူကြီးများကို သတင်းမပို့မီ သူတို့ အသက်ရှင်လျက် လွတ်မြောက်ရန်သာ အရင်စဉ်းစားရတော့မည်။
ဖရန်စစ် တစ်ယောက် လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်... လမ်းကို ပိတ်ဆို့ကာ ရပ်နေသည့် ဝံပုလွေနှင့်တူသော သတ္တဝါကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်းမှာ အရိုးစုပုံသဏ္ဌာန် ပါးစပ်ကြီးကို ဟထားပြီး အတွင်းရှိ အသားစိုင်များ၊ သွားများနှင့် မျက်လုံးများကို ပြသနေသည်။
ဖရန်စစ်၏ မျက်နှာမှာ စက္ကူ တစ်စနှယ် ဖြူလျော်သွားတော့၏။
‘ဒါက တကယ့်ကို ပြီးပြည့်စုံတဲ့ အဆုံးသတ်ပဲ... ငါ သေပြီ’
ဖရန်စစ် တွေးလိုက်ရင်း ခါးသီးစွာ ပြုံးလိုက်မိတော့၏။
...
“ချီးပဲ... သူတို့က ဘယ်က ရောက်လာတာလဲ...”
ကလောက် ရုတ်တရက် မျက်နှာ ပျက်သွားပြီး၊ ခေါင်မိုးပေါ်မှ ထရပ်လိုက်ကာ စာအုပ်ဆိုင်ဆီသို့ ဦးတည်သွားနေသည့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ သူရဲကောင်းများကို လှမ်းကြည့်လိုက်သည်။
“သူတို့က တိုက်ခိုက်ရေးဌာနက... ‘အော်စဝေါလ်’ အုပ်စုက ထင်တယ်”
ဘေးနားက လုပ်ဖော်ကိုင်ဖက်က ခပ်တိုးတိုး ပြောသည်။
“သူတို့ကို ကျွန်တော်တို့ရဲ့ စစ်ဆင်ရေး အကြောင်း အသိပေးမထားဘူး... သူတို့ဘာသာသူတို့ လာကြတာ... ဆရာ”
“သူတို့ဘာသာသူတို့ ဟုတ်လာ...”
ကလောက် တစ်ယောက် မျက်နှာ တစ်ခုလုံး ရှုံ့မဲ့နေမိသည်။ ဤသည်မှာ တကယ့်ကို အဓိပ္ပာယ်မရှိသော ကိစ္စပင်။ အကယ်၍ ဝယ်လ်သာ တစ်ခုခု မှားယွင်းနေပြီဆိုတာကို သိသွားပါက သူတို့၏ ထောင်ချောက် တစ်ခုလုံး ပျက်စီး သွားနိုင်သည်။
“သူတို့ ဘယ်သူလဲဆိုတာနဲ့ ဘာကြောင့်လာလဲဆိုတာကို စုံစမ်း... ခဏလေး...”
ကလောက် ရုတ်တရက် ရပ်လိုက်၏။ သူ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားသည်။
‘ဒါမှမဟုတ်... မစ္စတာလင်က သူ့ရဲ့ ဖောက်သည်တွေကြားထဲမှာ အငြင်းပွားမှုတွေ မဖြစ်အောင် တမင်တကာ စီစဉ်လိုက်တာလာ...’
မစ်ရှင်ကို မစတင်ခင်က သူတို့သည် စာအုပ်ဆိုင်ရှေ့တွင် လှုပ်ရှားမှု ပြုလုပ်ကြမည် ဖြစ်သဖြင့် မစ္စတာလင်၏ အတွေးအခေါ်နှင့် ဆန္ဒများကို သဘာဝကျကျ ထည့်သွင်းစဉ်းစားခဲ့ကြသည်။
သုံးသပ်ချက်များအရ... မစ္စတာလင်သည် သူ၏ ဖောက်သည်များအကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ယှဉ်ပြိုင်ခြင်းများကို ဂရုမစိုက်ကြောင်း ထင်ရှားသည်။
ဥပမာအားဖြင့်... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်သည် မစ္စတာလင်၏ ဖောက်သည်တစ်ဦးဖြစ်သူ ဗင်းဆင့် နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ တစ်ချိန်တည်းမှာပင်... ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး မစ္စကျိ နှင့် အက်ရှ် ကုန်သည်ကြီးများ အသင်းမှ ဒုတိယဌာနခွဲမှူး ချယ်ရီတို့အကြား ပြိုင်ဆိုင်မှုများလည်း ရှိနေသည်။
ထို့ကြောင့်ပင် သူတို့ အထက် ဖော်ပြပါ အတိုင်း ယူဆခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း... စာအုပ်ဆိုင်၏ ဖောက်သည်များအကြား အသက်အန္တရာယ်ရှိသည့် ရန်ငြိုးများ ဖြစ်ပေါ်လာလျှင်ရော...။
ဖောက်သည်များ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ရာမှ သေဆုံးမှု ဖြစ်ပေါ်သွားပါက မစ္စတာလင်အတွက် ဖျော်ဖြေမှုတစ်ခု ဆုံးရှုံးသွားခြင်းလည်း ဖြစ်နိုင်သည်။
အတည်မပြုနိုင်သေးသည့် အချက်များစွာလည်း ရှိနေသေးသည်။ အစကတည်းကပင် မစ္စတာလင်သည် ‘ကြားနေ’ အဖြစ်သာ အမြဲတမ်း ရပ်တည်ခဲ့သည်။ သူသည် ဖောက်သည်များအပေါ် အမြဲတမ်း ကြင်နာတတ်ပြီး ကောင်းမှုနှင့် မကောင်းမှုအကြား မည်သည့်ဘက်မှ မလိုက်ခဲ့ပေ။
သို့သော်လည်း... မကြာသေးမီက မစ္စတာလင်၏ အကြံပေးမှုဖြင့် အမိုးခုံး ဘုရားကျောင်းတော်ကို နှိမ်နင်းနိုင်ခဲ့ခြင်းက၊ စာအုပ်ဆိုင် ပိုင်ရှင်မှာ တရားမျှတမှုဘက်တော်သား ဖြစ်သည်ဟု သူတို့ကို မသိစိတ်က ယုံကြည်သွားစေခဲ့သည်။
ဤအတွေးဝင်လာသည်နှင့် ကလောက်၏ စိတ်ထဲ၌ လေးလံသွား၏။ အကယ်၍ သူတို့သာ ဝယ်လ်ကို ဖမ်းမိသွားပါက... မျက်နှာမဲ့ မဟူရာ အကြေးခွံမှာ စာအုပ်ဆိုင် ပိုင်ရှင် အတွက် တန်ဖိုးမရှိတော့ခြင်း သို့မဟုတ် စိတ်ဝင်စားစရာ မကောင်းတော့ခြင်း ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ မဟုတ်လျှင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်သည် ဝယ်လ်ကို ဖမ်းဆီးရန် အခွင့်အရေး လုံးဝ ရရှိမည် မဟုတ်ပေ။
ကလောက် တစ်ယောက် ဝယ်လ်နှင့် သူ၏နောက်လိုက်သစ် လေးဦးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။ သူတို့အားလုံးမှာ စာအုပ်ဆိုင်အပြင်ဘက်တွင် ဖရန်စစ်တို့ အဖွဲ့နှင့် တိုးနေကြခြင်း ဖြစ်သည်။
“အရင်က ဆရာက ဝယ်လ်ရဲ့ တည်နေရာကို စာအုပ်ဆိုင် ပိုင်ရှင်ဆီမှာ မေးခဲ့ဖူးတယ်... ဒါပေမဲ့ ဘာတုံ့ပြန်မှုမှ မရခဲ့ဘူး...”
“ဒါပေမဲ့ သူက အက်ကာမန်ကိုတော့ ကျိကျစ်ရှို့ဆီမှာ အလုပ်လုပ်ဖို့ တိုက်ရိုက် လမ်းညွှန်ပေးခဲ့ပြီး နောက်ပိုင်းမှာ ပင့်ကူ အဖွဲ့ ကြီးထွားလာဖို့ အများကြီး ကူညီပေးခဲ့တယ်...”
“ဒါက စာအုပ်ဆိုင်ပိုင်ရှင်ရဲ့ ရပ်တည်ချက်ကို ဖော်ပြနေတာပဲ... သူက သူ့ရဲ့ ဖောက်သည်တွေ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေတာကို မလိုလားဘူး...”
ကလောက်သည် မစ္စတာလင်၏ ရည်ရွယ်ချက်ကို အမှန်အတိုင်း ခန့်မှန်းမိပြီဟု ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ စိတ်ဓာတ်မှာလည်း အောက်ဆုံးသို့ ကျဆင်းသွားသည်။ အကြောင်းရင်းမရှိဘဲ ဤကဲ့သို့ တိုက်ဆိုင်မှုမျိုး ဖြစ်လာစရာ အကြောင်းမရှိပေ...။
သူတို့သည် မူလက ဝယ်လ်နှင့် အဖွဲ့ မပြင်ဆင်ရသေးမီ အရှိန်အဟုန်ဖြင့် တိုက်ခိုက်ကာ ဖမ်းဆီးရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။ ဝယ်လ်၏ စွမ်းအားကို လျှော့တွက်၍မရသော်လည်း လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှာလည်း ပျော့ညံ့သူများ မဟုတ်ပေ။ ‘အခရာအဆင့်’ များပင်လျှင် သူတို့၏ ပစ်မှတ်ဖြစ်နိုင်ရာ ‘ဖျက်ဆီးခြင်း အဆင့်’ ဆိုသည်မှာ ပြောနေစရာ မလိုပေ။
လက်ရှိ အင်အားဖြင့် ဝယ်လ်ကို ဖမ်းဆီးရန် ခက်ခဲနိုင်သော်လည်း၊ အလစ်အငိုက် မိခဲ့လျှင် သူ့ကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်စွမ်း ရှိသည်။ ထို့ပြင် သူတို့၏ အဓိက အင်အားဖြစ်သည့် ဂျိုးဇက်မှာလည်း လမ်းခုလတ်တွင် လာနေပြီ ဖြစ်သည်။
သို့သော်လည်း... ဖရန်စစ်နှင့် အခြားသူများ၏ စဉ်းစားဆင်ခြင်မှုမရှိသော လှုပ်ရှားမှုများက ဝယ်လ်ကို သတိပြုမိသွားစေခဲ့ပြီး၊ အစွမ်းထက်သော ရန်သူကို နိုးကြားသွားစေခဲ့သည်။ ထို့ပြင် သူ့နောက်တွင် ‘ငရဲဘုံအဆင့်’ အချို့နှင့် ‘ကောင်းကင် ဝံပုလွေ’ တစ်ကောင်လည်း ပါဝင်နေသေးသည်။
ပုံမှန်အတိုင်းဆိုလျှင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ဤမစ်ရှင်မှာ ကျရှုံးသွားပြီဟု သတ်မှတ်ရမည် ဖြစ်သော်လည်း...
“ကျွန်တော်တို့ စစ်ဆင်ရေးကို ဆက်လုပ်မလား”
လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့ဝင်တစ်ဦးက အမိန့်ကို စောင့်ရင်း မေးလိုက်၏။
ကလောက်က သူ့ စိတ်ခံစားချက်ကို ထိန်းချုပ်လိုက်၏။
“ဆက်လုပ်မယ်... အဖွဲ့အားလုံး နားထောင်... ငါတို့ရဲ့ အဓိက ရည်မှန်းချက်ကို ဟိုက တရားဝင် သူရဲကောင်း ရှစ်ယောက်ကို ကယ်ထုတ်ဖို့ပဲ... ဝယ်လ်တို့ကို ဖမ်းဖို့ မဟုတ်တော့ဘူး...”
သူ အမိန့်ပေးလိုက်သည်။
ဖရန်စစ်နှင့် သူ့ အဖွဲ့၏ လုပ်ရပ်မှာ လုပ်ထုံးလုပ်နည်းနှင့် ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ၊ သို့မဟုတ် တစ်စုံတစ်ဦး၏ အမိန့်ကြောင့် ဖြစ်စေ၊ ယခုအချိန်တွင် သူတို့မှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ အဖွဲ့ဝင်များ၊ ရဲဘော်ရဲဘက်များသာ ဖြစ်ကြသည်။ မူလမစ်ရှင်မှာ ပျက်စီးသွားခဲ့လျှင် ရဲဘော်များ၏ ဘေးကင်းလုံခြုံရေးမှာ ပထမဦးစားပေး ဖြစ်သည်။
နောက်ဆက်တွဲ ကိစ္စများကိုမူ အားလုံးပြီးဆုံးမှ အဖွဲ့တွင်း၌သာ ဖြေရှင်းကြရပေလိမ့်မည်။
“ဟုတ်ကဲ့...”
လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် အဖွဲ့ဝင်များမှာ ပြိုင်တူ ပြန်ဖြေလိုက်ကြပြီး သူတို့၏ နေရာများမှ ခွဲထွက်သွားကြတော့၏။
***