← Chapters

ဆန်းကြယ်ဧကရာဇ် ခင်ဗျားမတရားဘူး

Vol. 45 Ch. 616

ဆန်းကြယ်ဧကရာဇ် ခင်ဗျားမတရားဘူး

Vol. 45 Ch. 616

ငရဲအဆင့် ခက်ခဲမှု ဝိညာဉ်ရိုင်းရွာသည် မိစ္ဆာဝိညာဉ် တောင်ကြား၏ အလယ်တွင်ရှိပြီး ပေါက်ကွဲသံများနှင့် ရှီးဖေး၏ ဒေါသတကြီး အော်ဟစ်သံများက ပေါ်ထွက်နေလေ၏။

“ဆန်းကြယ်ဧကရာဇ် ခင်ဗျား မတရားဘူး။ တကယ် မတရားဘူး။ သင့်တော်တဲ့ ဖြေရှင်းချက် မပေးရင် ကျုပ်ဒီတိုင်း ခွင့်မလွှတ်ဘူး”

ရှီးဖေး၏ အမူအရာ၌ အမျက်ဒေါသများ ပြည့်နေပြီး သူကဧရာမ ကျောက်တံခါးကို ဆက်တိုက် တိုက်ခိုက်နေ၏။ ကျောက်တံခါးပေါ်ရှိ အစီအရင်များက ဆက်တိုက် ဖြာထွက်နေသော်ငြား ရှီးဖေးမည်မျှ တိုက်ခိုက်စေကာမူ ထိခိုက်သွားမည့် အရိပ်အယောင် မရှိပေ။ ယင်းက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော အစီအရင်ပင် ဖြစ်သည်။

(၇)ရက် ကြာသွားခဲ့ချေပြီ။ (၇)ရက်ကုန်သွားပြီးနောက် ဝူနီနှင့် ကျန်သည့်သူများသည် သတိအနေအထား ပြန်ရရှိပြီး အားလုံးက တင်ပျဉ်ခွေချိတ် ထိုင်လိုက်ကြ၏။ သူတို့အားလုံးသည် ကျောက်တံခါးနားရှိ သစ်ပင်အိုကြီးနားတွင် စုဝေးနေကြစဉ် ရှီးဖေးကမူ မကျေမချမ်းဖြစ်လျက် ဒေါသတကြီး အော်ဟစ်နေသေးဆဲဖြစ်သည်။

“ဖေးသခင်လေး မေ့လိုက်ပါတော့”

ရှီးဖေးသည် သူ၏မျိုးရိုး အမည်အစား သူ၏အမည်အတိုင်း ခေါ်ဝေါ်ခြင်းဖြစ်သည်။

ဝူနီသည် အလွန်တည်ငြိမ်နေပြီး ရဲတင်းသည့် စိတ်နေစိတ်ထားရှိသည်။ သူက ဖျောင်းဖျရန် ကြိုးစားသော်ငြား ရှီးဖေးက နားမကြားသူပမာ ဖြစ်နေ၏။ ဝူနီက ရွေးချယ်စရာမရှိဘဲ မနှစ်မြို့စွာပြုံးပြီး ပြောလိုက်တော့သည်။

“ဖေးသခင်လေး ဒါကရူးတာပဲ”

ထူးဆန်းသော သားရဲတိုက်ပွဲဝင် သံချပ်ကာကို ဝတ်ဆင်ထားသော ထူလုံက ပြောလိုက်၏။

“ဖေးသခင်လေး ဆန်းကြယ်ဧကရာဇ်က တက်လှမ်းသွားတာ အနှစ်(၇)သိန်းကျော် ကြာသွားပြီ။ ခင်ဗျားလည်ချောင်းကွဲအောင် အော်နေရင်တောင်မှ အသုံးမဝင်ဘူး။ အပြင်ထွက်ဖို့အတွက် ဦးနှောက်ခြောက်အောင် တွေးရတော့မှာလား။ (၇)ရက်မြောက်နေ့ရှိနေပြီး ဘာကြောင့်အပြင် မရောက်သေးတာလဲ”

“ဟုတ်တယ်”

လင်းချီကျန့်၏ ထူထဲပြီး ဖြောင့်တန်းသည့် မျက်ခုံးတစ်စုံက မြင့်တက်သွားသည်။ သူက စိုးရိမ်ပူပန်စွာ ပြောလိုက်၏။

“ဒီရတနာ ရှာဖွေမှုမှာ ပြောင်းလဲမှုရှိတယ်။ ငါတို့တွေ ဒီမှာ သေတဲ့အထိ မပိတ်မိတာ ပိုကောင်းတယ်”

ဓားဧကရာဇ်၏မြေး ကျန့်ဝူယင်ကမူ သူ့လက်ထဲတွင် ကျောက်စိမ်းပုလွေကို ကိုင်ထားပြီး အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ့၌ ချစ်စဖွယ်ကောင်းသော နီထွေးထွေး နှုတ်ခမ်းနှင့် အဖြူရောင်သွားတို့ရှိသည်။ လင်းချီကျန့်၏ စကားကို ကြားသောအခါ မျက်လုံးထဲ၌ ကြောက်လန့်ရိပ် တစ်စွန်းတစ်စ ပေါ်လာပြီး ယဉ်ရို့ပင်းနား ကပ်လိုက်၏။ သူကသူမကို သနားစဖွယ်ကြည့်ကာ မေးလိုက်တော့သည်။

“အစ်မကြီးပင်း ကျွန်တော်တို့တွေ ဒီနေရာကနေ တကယ်ထွက်လို့ မရတော့ဘူးလား”

ကျန့်ဝူယင် ပြောပြီးသည်နှင့် သူကပိုတောင် ကြောက်လန့်သွားကာ ယဉ်ရို့ပင်းဆီကို ရုတ်တရက် တိုးဝင်တော့သည်။ မထင်ထားဘဲ ယဉ်ရို့ပင်း ဖြူသွယ်သော လက်တစ်ချောင်းကိုမြှောက်ကာ ကျန့်ဝူယင်၏ နဖူးကို တို့လိုက်ပြီး နှင်ထုတ်လိုက်လေ၏။

“သခင်လေးဝူယင် ကျွန်မရှေ့မှာ သနားစရာ ကောင်းချင်ယောင်မဆောင်နဲ့။ ကျွန်မက ရှင့်မျိုးနွယ်စုက အစ်မကြီး မဟုတ်ဘူး”

“ဟား ဟား ဟား”

ဝူနီ၊ လင်းချီကျန့်နှင့် ကျန်သည့်သူများ အားလုံးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထူလုံက မပြောဘဲ မနေနိုင်တော့ချေ။

“ပင်းသခင်မလေး ဒီကလေးက ပါရမီထူးတယ်။ သူကအသက်(၇)နှစ် အရွယ်နဲ့ မိန်ကလေးတွေကို စဆော့ကစားနေပြီဆိုပြီး ကောလာဟလတွေ ရှိနေတာ။ ဓားဧကရာဇ် မျိုးနွယ်စုထဲက အမျိုးကောင်းသမီး တော်တော်များများ သူဖျက်ဆီးတာ ခံခဲ့ရတယ်လေ”

“ဟမ့်”

ကျန့်ဝူယင်၏ အရှက်တရားက ဒေါသအဖြစ် ပြောင်းလဲသွားပြီး သူကရုတ်တရက် ထရပ်လိုက်သည်။ သူ၏ပုလွေရှည်ကို လွှဲယမ်းလျက် ထူလုံကို အေးစက်စက် ပြောလိုက်တော့၏။

“မင်း သားရဲကောင် သေချင်နေလား”

“အို မင်းကတိုက်ချင်တယ်ပေါ့။ မင်းက ဝိညာဉ်ချိတ်ပုလွေ ကိုင်ဆောင်ထားတာကြောင့် မင်းကိုငါ ကြောက်လိမ့်မယ်လို့ ထင်မနေနဲ့”

ထူလုံက အကြောက်တရား ကင်းမဲ့စွာ ထရပ်ပြီး ရန်စသည့်လေသံဖြင့် ပြောလိုက်၏။

“ကျုပ်ဒီအရုပ်ဆိုးတဲ့ စကားတွေကို အရင်ပြောတာ မဟုတ်ဘူးနော်။ လူတိုင်း မျက်မြင်တွေ့တယ်။ ဒီကလေးကပဲ ပြဿနာ လာရှာတာ။ ကျုပ်သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့ရင်တောင် ဓားဧကရာဇ်ကို အကြောင်းပြချက်ရှာဖို့ ကူညီပါအုံး”

“ကောင်းပြီ ကောင်းပြီ”

ဝူနီက အခြေအနေကို ဖြေရှင်း၏။

“ငါတို့တွေအခု ဘယ်လိုအခြေအနေမျိုးမှာ ရှိနေတာလဲ။ တိုက်ခိုက် သတ်ဖြတ်နေတာ အဓိပ္ပာယ် ရှိလို့လား။ ဒီနေရာကနေ ထွက်နိုင်ဖို့ နည်းလမ်းကို အရင်စဉ်းစားကြရအောင်။ ဟုတ်ပြီလား”

“ဟုတ်တယ်”

လင်းရှီယာ့ကမူ ထူးမခြားနား ပြောလိုက်၏။

“ရှင်တို့တွေ တိုက်ခိုက်ချင်သပဆို အရင်ဆုံး အပြင်ထွက်ကြပေါ့။ အပြင်ရောက်ပြီဆိုတာနဲ့ ကျွန်မတို့တွေ ဂရုမစိုက်တော့ဘူး။ ဒီလိုအခြေအနေမျိုးမှာ ရှုပ်ချင်သေးတာလား”

“ဟမ့်”

ထူလုံနှင့် ကျန့်ဝူယင်တို့က တစ်ဖက်သို့ အကြည့်လွှဲသွားပြီး တိတ်တဆိတ် ထိုင်ချလိုက်သည်။ ဓားဧကရာဇ်၏ မျိုးနွယ်စုက ဝမ်းကွဲမျိုးနွယ်စုများ ကဲ့သို့ပင် သူတို့က အချင်းချင်း တိုက်ရိုက်ထိခိုက်အောင် မလုပ်ပေ။ ထူလုံနှင့် ကျန့်ဝူယင်က ထိုအကြောင်းကို သိနေ၏။ သူတို့တိုက်ခိုက်လျှင်တောင် တစ်ယောက်နှင့်တစ်ယောက် ထိခိုက်ဒဏ်ရာရအောင် လုပ်မှာမဟုတ်သောကြောင့် သတ်ဖြတ်ဖို့ဆိုလျှင် ပိုတောင်မလုပ်လောက်ပေ။

“ဆန်းကြယ်ဧကရာဇ် ထွက်လာခဲ့။ ခင်ဗျားဖြေရှင်းချက် တစ်ခုမပေးရင် ကျုပ်ရှီးဖေးက လက်မခံဘူး လက်မခံနိုင်ဘူး”

ဖုန်း ဖုန်း ဖုန်း

ရှီးဖေးသည် ကျောက်တံခါးကို မရပ်မနား ဆက်တိုက် တိုက်ခိုက်နေ၏။ သူက သူရူူးတစ်ယောက်ပမာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခေါင်းမာနေသည်။ လင်းရှီယာ့ကလည်း စိုးရိမ်ပူပန်နေပြီးဖြစ်ရာ ကျန့်ဝူယင်နှင့် ထူလုံတို့၏ အငြင်းပွားမှုကြောင့် စိတ်အခြေအနေက ဆိုးနေပြီးသားဖြစ်၏။ ပြီးနောက်သူက ဒေါသတကြီး ပြောလိုက်တော့သည်။

“အရူးတွေ ရှီးမျိုးနွယ်စု အားလုံးအရူးတွေပဲ”

“ညီမလေးရ ညီမလေးမှားနေပြီ”

ယဉ်ရို့ပင်းက ပြုံးလိုက်ရာ ပန်းပွင့်တစ်ပွင့် ဖူးပွင့်လာလေ၏။ သူမက ရှီးဖေးဘက် လေးစားစွာကြည့်ပြီး ပြောလိုက်တော့သည်။

“ရှီးဖေးက ရူးသွားတာကြောင့် ဒီလိုစိတ်လိုက်မာန်ပါ လုပ်နေတာမဟုတ်ဘူး။ တကယ်တော့ သူက ပါးနပ်တယ်။ ဆန်းကြယ်နတ်ဘုရား နန်းတော်ရဲ့ စည်းမျဉ်းက ပြောင်းလဲသွားပြီ။ သူက လှုပ်ရှားမှုတစ်ခု လုပ်ချင်ရုံပဲ။ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိတာကလည်း ပတ်ဝန်းကျင်ကောင်း တစ်မျိုးပဲလေ။ သူက ဆန်းကြယ်ဧကရာဇ်ရဲ့ အာရုံစိုက်မှုကို ရနိုင်ခဲ့ရင် ဘယ်လိုဖြစ်လာမလဲ။ ဒါ့အပြင် သူအပြင် ထွက်ချင်တာကြောင့် ဒီလိုမျိုး ဆူပူနေတာပဲ”

“သူကအပြင် ထွက်ချင်တယ်လား”

လင်းရှီယာ့က နားမလည်နိုင်ပေ။ ထူလုံနှင့် လင်းချီကျန့်တို့က မျက်မှောင်ကြုတ်လိုက်ပြီး သူတို့ကလည်း နားလည်ပုံ မရပေ။ ဝူနီနှင့် ကျန့်ဝူယင်က ရှီးဖေးကို အတွေးမျက်ဝန်းများဖြင့် ကြည့်လိုက်တော့၏။

ဖုန်း

ထိုစဉ် ကောင်းကင်က ရုတ်တရက် လှုပ်ခါသွားပြီး အားလုံးကို ထိတ်လန့်သွားစေတော့သည်။ ရှီးဖေးက တိုက်ခိုက်တာ ချက်ချင်းရပ်တန့်ပြီး မျက်လုံးများ လက်သွားကာ ကောင်းကင်ကို စိုက်ကြည့်လျက် ဆိုးယုတ်သည့်အကြည့် ပေါ်လာတော့သည်။

ဖုန်း

နောက်တစ်စက္ကန့်တွင် သူကထပ် မပြုံးနိုင်တော့ပေ။ အလင်းတန်းက ကောင်းကင်ကိုခွင်းလျက် လျှင်မြန်စွာ သွန်ကျလာသည်။ သူကမလှုပ်ရှားနိုင် ဖြစ်သွားပြီး မိုးကြိုးပစ်တာကိုသာ ကြည့်နေရ၏။

ချီ ချီ

ရှီးဖေး၏ အနီရောင် ဝတ်ရုံကလည်း လောင်သွားပြီး တစ်ကိုယ်လုံးက တူးခြစ်ကုန်ကာ ဆံပင်များတောင် ဖုန်ဖြစ်ကုန်၏။ သူ၏ခန္ဓာကိုယ် တစ်ဝိုက်တွင် လျှပ်စီးမြွေတစ်ကောင်က ရစ်ပတ်နေပြီး ခန္ဓာကိုယ်တစ်ဝိုက် ဝေ့ဝိုက်သွားနေတော့သည်။ သားရဲအရိုး လည်ဆွဲကသာ လင်းမလာခဲ့လျှင် သူ၏ခန္ဓာကိုယ်ထဲ စွမ်းအင်ကို ချက်ချင်း မဖြည့်ပေးလျှင် ယခုလောက်ဆို သေနေလောက်ပြီဖြစ်သည်။

“အို မဟုတ်ဘူး”

ရှီးဖေး၏ဝတ်ရုံက ဖုန်မှုန့်ဖြစ်သွားလေရာ ယခုလောက်ဆို အဝတ်ဗလာကျင်းနေလျက် ရှိလောက်သည်။ သူကတစ်ကိုယ်လုံး တူးခြစ်နေ၏။ သူ့နားတစ်ဝိုက်ကလည်း တူးခြစ်ကုန်သည်။ သို့သော် သူ၏ သီးသန့်အစိတ်အပိုင်းကမူ မြင်နိုင်သေးသည်။ လင်းရှီယာ့က ချက်ချင်းပင် ရှက်ရွံ့တကြီး တစ်ဖက်လှည့်လိုက်ပြီး ယဉ်ရို့ပင်း၏ မျက်နှာကလည်း နီနေကာ မျက်လွှာချလိုက်၏။

ချီ ချီ

လျှပ်စီးမြွေက ရှီးဖေး၏ ခန္ဓာကိုယ်တစ်ဝိုက် လှည့်ပတ်သွားလာပြီး လူတိုင်းက အသားညှော်နံ့ကို ရနေသည်။ ထူလုံနှင့် ကျန်သည့်သူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သော်ငြား မလှုပ်ရဲချေ။ မည်သူကမှ ရှီးဖေးကို ကယ်တောင် ကယ်ချင်တာမဟုတ်ပေ။ ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုက သားချင်း မျိုးနွယ်စုများကဲ့သို့ ဖြစ်နေသည့်တိုင် သူတို့အသက်ကို စွန့်စားရလောက်သည်အထိ ဆက်ဆံရေး မကောင်းကြချေ။

ဘီး

ရုတ်တရက် ရှီးဖေး၏ ခန္ဓာကိုယ်က အဖြူရောင်အလင်း ဖြတ်ခနဲပေါ်လာစဉ် ခန္ဓာကိုယ်က ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားလေ၏။ ကောင်းကင်ထဲရှိ ကြိမ်နှုန်း အတက်အကျက ဖြေးဖြေးချင်း ပျောက်ကွယ်သွားလျက် ပတ်ဝန်းကျင်က ပုံမှန်အခြေအနေ ပြန်ရောက်သွားကာ ဖုန်များတော့ လွင့်နေသေး၏။

“အမ်”

လင်းချီကျန့်၊ ဝူနီနှင့် ကျန်သည့်သူများက အံ့သြသွားလျက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ပြီး ကြည့်လိုက်တော့သည်။ မည်သို့ပင် ကြည့်စေကာမူ ရှီးဖေး၏ အရိပ်အယောင်ကို မတွေ့ကြချေ။ ထူလုံက မျက်တောင်ခတ်လျက် ပြောလိုက်တော့သည်။

“ဖေးသခင်လေးက မိုးကြိုးကြောင့် အမှုန်အမွှား ဖြစ်သွားတာတော့ မဟုတ်လောက်ပါဘူးနော်”

လင်းချီကျန့်ကလည်း အနေရခက်သည့် အမူအရာ ရှိနေသည်။ ရှီးဖေးသေသွားခဲ့လျှင် မိစ္ဆာဧကရာဇ်က ဒေါသထွက်မှာ သေချာပြီး အရှေ့ပိုင်း တော်ဝင်နယ်မြေက သွေးမုန်တိုင်း ဖြစ်ပေါ်လိမ့်မည်။

“မဖြစ်နိုင်တာ”

ဝူနီ၏မျက်လုံး၌ တောက်ပမှုများ ပြည့်နေပြီး ခေါင်းခါကာ ပြောလိုက်တော့သည်။

“ဖေးသခင်လေးက အကာအကွယ် အနေနဲ့ ရှေးနတ်ဆိုး နတ်ဘုရားရဲ့ အရိုးရှိနေတာ။ စောစောတုန်းက သူ့ကို လျှပ်စီးက မသတ်နိုင်ဘူးမလား။ သူအပြင်ရောက်သွားတာပဲ ဖြစ်မယ်။ ယဉ်သခင်မလေးရဲ့ ပြောကြားချက်က မှန်နေတာများလား။ ဖေးသခင်လေးရဲ့ ဇွဲ၊လုံ့လ၊ဝီရိယက ဆန်းကြယ်ဧကရာဇ်ကို လှုပ်ရှားသွားစေပြီး သူ့ကိုအခွင့်အရေး ပေးလိုက်တာများလား”

“ဒါက”

ဝူနီ၏ ပြောကြားချက်က လူတိုင်းကို မျက်လုံးလက်သွားစေသည်။ ထူလုံတောင် ရှေ့သို့နှစ်လှမ်းတိုးပြီး ရှီးဖေးကိုတုပကာ ကျောက်တံခါးကို ထုနှက်ချင်၏။ သူသည် ကြောက်မက်ဖွယ်ကောင်းသည့် လျှပ်စီးကို တွေးမိသည့်အချိန်တွင်မူ ဦးရေပြားများ ကျိန်းလာပြီး ရှီးဖေးသည် ဖုန်မှုန့် အပိုင်းအစများအဖြစ် ပြောင်းလဲသွားနိုင်ချေ ရှိသည်ဟု တွေးလိုက်မိ၏။

“ခစ် ခစ်”

ယဉ်ရို့ပင်းက ရယ်မောလိုက်ပြီးနောက် မူလနေရာသို့ လျှောက်သွားကာ မကြာမီ၌ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်လိုက်တော့သည်။ လူတိုင်းက လှည့်ကြည့်လာသည့် အချိန်၌ သူမကပြုံးပြကာ ပြောလိုက်တော့၏။

“ကျွန်မခန့်မှန်းတာ မမှားရင် ရှီးဖေးက အပြင်ဘက်ကို အပို့ခံရမှာပဲ။ ကျွန်မတို့တွေလည်း မကြာခင် အပြင်ရောက်လောက်တယ်”

“ပင်းသခင်မလေးက ပြိုင်စံရှား ဉာဏ်ကြီးပါပေတယ်။ ဝူနီလက်ခံပါတယ်”

ဝူနီက စကားပြောရပ်ပြီးနောက် ခေါင်းညိတ်ကာ ယဉ်ရို့ပင်းရှေ့၌ လက်သီးနှစ်ဖက်ကို ဆုပ်လိုက်၏။ ပြီးနောက်သူက ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

“အားလုံးပဲ ကျေးဇူးပြုပြီး ထိုင်ကြပါ။ ပင်းသခင်မလေးပြောတာ မှန်တယ်။ မကြာခင်မှာ အပြင်ထွက်ရလောက်တယ်”

“ထွက်ဖို့လား”

လူတိုင်း၏ မျက်လုံးက တောက်ပသွားပြီး ကျန့်ဝူယင်၊ ထူလုံနှင့် ကျန်သည့်သူများ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နေ၏။ အဓိပ္ပာယ်က ရှင်းနေသည်။ သူတို့အပြင်ထွက်ရသ၍ ရတနာသုံးပါးကို ရီချန်းမရသွားလျှင် ရတနာရသွားသည့်သူက သေချာပေါက် အသတ်ခံရပေလိမ့်မည်။

***

All Chapters