အခန်း (၉၂၁-၉၂၅)
Vol. 51 Ch. 921-925
အခန်း(၉၂၁)
နတ်ဘုရင်ရာမ
ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ် တုဝူစစ်လီ
တစ်ဖက်သူဟာ ပေ့ထင်ကာကွယ်ရေးဗိုလ်ချုပ် အန်းစစ်ရွှန်းကိုပင် ကျော်နိုင်သော ခြောက်ခြားဖွယ်ကောင်းသည့် တည်ရှိမှုကြီးဖြစ်သည်။ သူ့ကို လောကအနှံ့ရှိ မဟာဗိုလ်ချုပ်များနှင့်ယှဉ်သော် တုဝူစစ်လီဟာ အကောင်းဆုံးထဲတွင် စာရင်းဝင်သည်။
သူ၏ဘဝတွင် သူဟာ မြောက်များလှစွာသော သိုင်းပညာရှင်များကို သတ်ဖြတ်ခဲ့သည်။ တာလာ့မှ လူအနည်းစုလောက်ကသာ သူ့ကိုဖိအားပေးနိုင်၏။ အန်းရှီကာကွယ်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်ကပင် အင်အားအပြည့် ရှိနေသော အခိုက်အတန့်မျိုးတွင် အာရုံအပြည့်စူးစိုက်ပြီး တိုက်ခိုက်မှသာ လက်ရည်တူနိုင်သည်။ တုဝူစစ်လီက သူ၏အင်အားအကြီးဆုံး တိုက်ကွက်မျိုးနှင့် တိုက်ခိုက်လိုက်လျှင် လူတိုင်းဟာ ကြောက်လန့်မှုကြောင့်သာ ဖြူဖျော့ရတော့ပေမည်။
“အရှင်အမတ်”
“သတိထား”
နောက်တန်းမှ လီစစ်ယဲ့၊ ဟွမ်ပေါ့ထန်း၊ ခုံးကျစ်အန်းနှင့် ဟုန်ယို့ချီတို့အားလုံးက အလန့်တကြား အော်လိုက်ကြသည်။ အလွန်ဝေးကွာသော တစ်နေရာမှ ဝမ်ရန်၊ ဝမ်ဖူ၊ ကျန်းချွယ်၊ ချန်းချန့်လီနှင့် ကောင်းရှန်းကျစ်တို့၏မျက်နှာက ဖြူဖျော့သွားသည်။
“မကောင်းတော့ဘူး တုဝူစစ်လီက ဝမ်ဟယ်ဖေးလော့မှမဟုတ်တာ။ ဝမ်ချောင်ကသူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး”
ကောင်းရှန်းကျစ်၏ နှလုံးသားက လေးလံသွားသည်။ သူဟာ အရာအားလုံးကို တာလာ့၏မြို့ရိုးပေါ်မှ ကြည့်နေခဲ့ခြင်းဖြစ်၏။ ကောင်းရှန်းကျစ်ဟာ ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်နှင့် အကြိမ်အများကြီး မတိုက်ခိုက်ဖူးသော်လည်း တုဝူစစ်လီဟာ အနောက်ပိုင်းတူရကီ ခါကာနိတ်၏ ထိပ်တန်းမဟာဗိုလ်ချုပ် သုံးယောက်ထဲမှ တစ်ယောက်ဖြစ်ကြောင်း သိနေသည်။ ထို့ကြောင့် လူအနည်းစုလောက်ကသာ သူ့ကိုကျော်နိုင်သည်။
ဝမ်ချောင်ဟာ အလွန်အမင်း အင်အားကြီးမားပြီး နောင်ဖြစ်လာမည့် ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော ဝမ်ဟယ်ဖေးလော့ကပင် သူ့ကို ရင်မဆိုင်နိုင်သော်လည်း သူက မဟာဗိုလ်ချုပ် မဟုတ်သေးချေ။ ထိုအတွက်ကြောင့် အစစ်အမှန် မဟာဗိုလ်ချုပ်နှင့် ထိုထက်အဆင့်နိမ့်သော လူများ၏ ကွာခြားချက်က သိသာသည်။
ကောင်းရှန်းကျစ်ကလည်း ဝမ်ချောင်ဟာ ကိုယ်ပိုင်စိတ်ဆန္ဒဖြင့် တစ်ယောက်တည်းသွားကာ တုဝူစစ်လီကို စိန်ခေါ်လိမ့်မည်ဟု မထင်ထားမိချေ။ ယခုမှတားလျှင် နောက်ကျသွားလေပြီ။
“သွားပြီ”
ကောင်းရှန်းကျစ်၏ နှလုံးသားက ရေခဲတုံးကဲ့သို့ ဖြစ်သွားသည်။ ဝမ်ချောင်၏ ဗျူဟာစွမ်းရည်က သူ၏ သိုင်းပညာစွမ်းရည်ထက် ကျော်လွန်လွန်းနေခဲ့သည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် သူဟာ တိဗက်နှင့် တူရကီစစ်သားများကို သာ့လွန်ရော့ကျန်းအရှေ့တွင် ထောင်ချောက်ဆင်နိုင်ခဲ့၏။ ထိုကဲ့သို့သော ဗျူဟာပညာရှင်မျိုးက တာလာ့၏ တိုက်ပွဲအတွက် အလွန်အမင်း အဖိုးတန်သည်။ အထူးသဖြင့် ထန်က ထိုကဲ့သို့သော လူမျိုးကို လိုအပ်နေသည်။
ဝမ်ချောင်ကသာ သတ်ခံရလျှင် ထန်များက ကြီးမားသည့် ထိုးနှက်ချက်ကို ခံရတော့ပေမည်။
ဝုန်း
တိုက်ပွဲနယ်မြေ၏ တစ်ဝက်ကျော်ကျော်ခန့်က ဝမ်ချောင်နှင့် တုဝူစစ်လီအပေါ် အာရုံစိုက်နေကြသည်။ လူတိုင်းကလည်း ဝမ်ချောင်ဟာ သေလိမ့်မည်ဟု ယုံကြည်ထားသည့်အခိုက် ရုတ်ချည်းဆိုသလို အော်ရယ်သံက ထွက်လာသည်။
“တုဝူစစ်လီ ခင်ဗျားအနေနဲ့ ဒီလိုစကားတွေပြောဖို့ စောပါသေးတယ်”
ဘုန်း
ကျယ်လောင်သော ပေါက်ကွဲသံက ကောင်းကင်တစ်ခုလုံးကို တသိမ့်သိမ့် တုန်သွားစေသည်။ ပြင်းထန်စွာ တိုက်ခတ်နေသော လေထုနှင့် မြင့်တက်နေသော နေမင်း၏အလင်းရောင်အောက်တွင် ဝမ်ချောင်ဟာ မရွေ့လျားသော တောင်တစ်လုံးကဲ့သို့ ရပ်နေသည်။ သူ၏ အနက်ရောင်ပုံရိပ်က စွမ်းအင်မုန်တိုင်းကို လွှတ်ထုတ်နေလေပြီး သူ၏ပိန်ပါးသော ခန္ဓာကိုယ်နှင့်ပင် လိုက်ဖက်ညီခြင်းမရှိချေ။
အောက်ဘက်တွင် မြောက်များလှစွာသော စစ်ချည်စက်ကွင်းပေါင်းများစွာက တုန်ခါကာ ပဲ့တင်ထပ်သံများ ထွက်ပေါ်လာပြီး လီစစ်ယဲ့၊ ဟွမ်ပေါ့ထန်း၊ ခုံးကျစ်အန်းနှင့် အခြားသော ဝူရှန်းမြင်းတပ် ငါးထောင်၏အောက်ဘက်ရှိ ချည်စက်ကွင်းများနှင့် ပေါင်းစပ်သွားသည်။ ရှင်းလင်းစွာပင် ချည်စက်ကွင်းများက အချင်းချင်း ပြုံဝင်နေကြခြင်းဖြစ်သည်။
ဝုန်း
လေထုကပင် တဝီဝီမြည်နေလေပြီး လူတိုင်း၏ အံ့အားတကြီး စောင့်ကြည့်နေမှုအောက်တွင် အနက်ရောင် သံချပ်ကာနှင့် မီတာလေးဆယ်ကျော်ခန့် မြင့်မားသော လက်လေးဘက်ခန့်ရှိသည့် နတ်ဘုရားတစ်ပါးက ပေါ်ထွက်လာသည်။ ထိုအရာက ကြယ်တာရာစွမ်းအင်များဖြင့် ဖန်တီးထားသည့် ဗာဂျရာ ရုပ်ထုကြီးဖြစ်သည်။ ထိုရုပ်ထုကသူ၏ လက်လေးဘက်လုံးတွင် ကိုင်ဆွဲထားသော လက်နက်များကို လွှဲယမ်းလျှက် တုဝူစစ်လီထံ ဒေါသမုန်တိုင်းနှင့်အတူ ဝင်တိုးသွားသည်။
ဘန်း
ထိုရိုက်ချက်က ပြင်းထန်လွန်းသည့် အားလှိုင်းပေါင်းများစွာကို ထုတ်လွှတ်သည်။ အံ့အားသင့်စရာ ကောင်းသည်မှာ တုဝူစစ်လီက သူ၏ အင်အားအပြည့်နှင့် တိုက်ကွက်အောက်တွင်ပင် မြင်းနှင့်အတူ လွင့်ထွက်သွားရသည်။ သူဟာ မြေပြင်ပေါ်သို့ ပြုတ်ကျသည်။ ကျယ်လောင်သော ဖုန်တိမ်စိုင်များက လေထဲသို့ မြောက်တက်လာသည်။ လူတိုင်းက မှင်သက်သွားသည်။ ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းလည်းပါသည်။
ဝမ်ချောင်ကသုံးသော ဗျူဟာကို မည်သူကမှ စိမ်းသက်မနေချေ။ အနောက်တောင်ပိုင်းတွင် ဝမ်ချောင်၏အဖေ ဝမ်ရန်က ထိုသိုင်းကိုသုံးပြီး မာန်ရှဲ့ယွီစန်းစစ်တပ်၏ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်ခဲ့သည်။ သို့သော် ဝမ်ချောင်ဟာ အလားတူသိုင်းကို သုံးပါသော်လည်း ဝမ်ချောင်က ထုတ်သုံးသည့် ထိုနတ်ဘုရားပုံရိပ်ကြီးက တချိန်က ဝမ်ရန်ဆင့်ခေါ်ခဲ့သည့် ပုံရိပ်နှင့် အပြတ်အသတ် ခြားနားနေမည်ဟု မထင်မိကြချေ။
“နတ်ဘုရင်ရာမဝင်္ကပါ”
အဝေးရှိ တာလာ့မြို့ရိုးပေါ်မှ ကောင်းရှန်းကျစ်က အဝေးရှိ လက်လေးဘက်နှင့် နတ်ဘုရားပုံရိပ်ကြီးကိုကြည့်ပြီး မှင်သက်သွားသည်။
ဗဟိုပြင်ကျယ်က နတ်ဘုရားဝင်္ကပါ ဆယ်ခုကို ပိုင်ဆိုင်ထားသည်။ ထိုထဲတွင် အရှိန်အဝါကြီးမြတ်သော မှင်သက်ဖွယ် နတ်ဘုရားဝင်္ကပါ၊ ဗာဂျရာဝင်္ကပါနှင့် ထိုတစ်ခုဖြစ်သည့် နတ်ဘုရင်ရာမဝင်္ကပါတို့လည်း ပါသည်။ ထိုဝင်္ကပါဆယ်ခုလုံးက စစ်တပ်တစ်ခုလုံး၏ အင်အားကို ယူရသည်။ မည်သည့်ဝင်္ကပါကမှ အလွယ်တကူ မသင်ယူနိုင်ချေ။
ထိုဝင်္ကပါများက ပြောင်မြောက်သော အသင်းလိုက် ပူးပေါင်းဆောင်ရွက်မှုများရှိရန် လိုအပ်လေပြီး အလားတူ ကျင့်ကြံခြင်းအဆင့်တွင်ရှိသော အဖွဲ့ဝင်ပေါင်းများစွာက တင်းကြပ်သော လိုအပ်ချက်များအောာက်တွင် ထုတ်သုံးမှသာ အလွန်အမင်း လေးစားဖွယ်ကောင်းသည့် ဝင်္ကပါမျိုးကို ထုတ်သုံးနိုင်မည်ဖြစ်သည်။ ပညာစွမ်းရည်မြင့်ပြီး လေးစားဖွယ်ကောင်းသော သိုင်းပညာရှင်များကပင် မလေ့လာနိုင်ကြချေ။
နတ်ဘုရင်ရာမဝင်္ကပါက အင်အားချင်းယှဉ်သော် ဝင်္ကပါဆယ်မျိုးထဲတွင် ထိပ်ဆုံးလေးနေရာတွင်ရှိသည်။ သူ၏ခက်ခဲမှု လိုအပ်ချက်ကလည်း အရှိန်အဝါကြီးမြတ်သော မှင်သက်ဖွယ်နတ်ဘုရားဝင်္ကပါနှင့် ဗာဂျရာနတ်ဘုရားဝင်္ကပါများထက် သာသည်။ ကောင်းရှန်းကျစ်က ညာလက်ရုံး တော်ဝင်အစောင့်ဘဝမှ မဟာဗိုလ်ချုပ်အဆင့်သို့ ရာထူးတက်ခဲ့သောအခါ သူတော်စင်ဧကရာဇ်၏ အရှေ့တွင် ထိုဝင်္ကပါအကြောင်း မေးမြန်းခဲ့ဖူးသည်။
နတ်ဘုရင်ရာမဝင်္ကပါနှင့် အခြားသော အလားတူ ဝင်္ကပါများကို မင်းဆက်၏ စတင်တည်ထောင်သော အစောပိုင်းနှစ်များတွင် တည်ထောင်သော ဝင်္ကပါအချို့က လက်ဆောင်အဖြစ် လက်ခံရရှိခဲ့သည်။ နောက်ပိုင်းတွင် ထိုကလန်ကြီးများက ဆုတ်ယုတ်လာခဲ့ပြီး တစ်ဦးတစ်ယောက်ချင်းစီ၏ ပါရမီများအရ ထိုဝင်္ကပါများကို လေ့ကျင့်နိုင်စွမ်းရည် မရှိတော့ချေ။ ထိုဝင်္ကပါများက သမိုင်းတွင် ပျောက်ရှသွားသည်။ တည်ထောင်ခြင်းကလန်မှ အဖွဲ့ဝင်များကပင် ထိုဝင်္ကပါများ မည်သည့်နေရာသို့ ရောက်သွားကြောင်း မသိနိုင်ကြချေ။ ထို့ကြောင့် တော်ဝင်ကလန်ဆိုလျှင် ပို၍ဆိုးလေသည်။
မဟာထန်တွင် နတ်ဘုရင်ရာမဝင်္ကပါက ဆွေ့မြေ့သွားပြီး အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားပြီဆိုသော ကောလဟာလများပင် ရှိသေးသည်။ ကောင်းရှန်းကျစ်ကလည်း ထိုသို့ဒဏ္ဍာရီလာ သိုင်းမျိုးက ဝမ်ချောင်၏လက်အတွင်း ရောက်ပြီး ပြန်ပေါ်လာလိမ့်မည်ဟု မထင်ထားမိချေ။
“ဒီမှာဘာတွေဖြစ်နေတာလဲ”
ကောင်းရှန်းကျစ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဝမ်ချောင်ဟာ အရှိန်အဝါမြင့် မှင်သက်ဖွယ်နတ်ဘုရားဝင်္ကပါကို ထုတ်သုံးနိုင်လျှင် လက်ခံနိုင်ဖွယ် ရှိသေးသည်။ သို့သော် သူဟာ သူ၏နောက်ခံကြောင့် ဒီလိုဝင်္ကပါမျိုးကို ထုတ်သုံးလျှင်ပင် ရှင်းပြရန် ခက်ခဲကြသည်။ သို့သော် အရေးကြီးသော အချက်ကမူ ဝမ်ချောင်က အသက်ရှင်နေသေး၏။
“လော့ရှစ်ရီ ငါ့ရဲ့နေရာကိုယူထား”
ကောင်းရှန်းကျစ်က ချက်ချင်းအမိန့်ပေးသည်။
“ဟုတ်ကဲ့အရှင်”
သူ၏အနောက်ဘက်မှ အသံတစ်သံက ထွက်လာသည်။ နောက်ထပ် စကားတစ်ခွန်း မဆိုတော့ဘဲ ကောင်းရှန်းကျစ်က ထိုဂိတ်ထံမှ ခုန်ဆင်းလိုက်၏။
.....
အရှေ့ပိုင်း တိုက်ပွဲနယ်မြေ အလယ်ဗဟိုနေရာတွင် ... လူအများက ဝမ်ချောင်နှင့် တုဝူစစ်လီ၏ ထိပ်တိုက်ရင်ဆိုင်မှုကြောင့် မှင်သက်နေကြသည်။ အထူးသဖြင့် ကြီးမားသော လက်လေးဘက်နှင့် အနက်ရောင်သံချပ်ကာ နတ်ဘုရားပုံရိပ်ကြီးကို မြင်နေရချိန်တွင်ဖြစ်သည်။ ကြီးမားသော နတ်ဘုရင်ရာမကို ရင်ဆိုင်ရသည့်အခါ မြင်းတပ်များက သေးငယ်သော ပုရွက်ဆိတ်များအလား ဖြစ်သွားသည်။
ဟီး....
စစ်မြင်းများက အလန့်တကြားဟီသည်။ ချီတက်လာသော မူထရီမဟာမြင်းတပ်ကလည်း အလန့်တကြား ဆုတ်ခွာ၏။ သူတို့က အလန့်တကြားဖြစ်သွားချိန်တွင် တစ်စုံတစ်ယောက်က မြင်းကိုထိန်းချုပ်မှု လွတ်ကင်းသွားပြီး အရှိန်အဝါကြီးမြတ်သော နတ်ဘုရားအတွင်းသို့ တိုက်ရိုက်ပစ်ဝင်မိသွားသည်။
ဘုန်း
ကြီးမားသော အလင်းတန်း တစ်တန်းက ဆင်းသက်လာပြီး ချက်ချင်းဆိုသလို ကံဆိုးသော မြင်းသမားက ချေမွခံရ၏။ ဖော်ပြရန်ခက်ခဲလောက်အောင် ခိုင်မာလွန်းသည့် ဥက္ကာပျံသတ္တုသားနှင့် လုပ်ထားသော သံချပ်ကာကပင် နတ်ဘုရင်ရာမ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို မယှဉ်နိုင်သေးချေ။ တစ်ဖက်မှ ဖနောင့်တစ်ချက်ပေါက်ရုံနှင့် သတ္တုသားများက တွန့်လိမ်သွားရသည်။
နတ်ဘုရင်ရာမ...
တကယ် အလုပ်ဖြစ်သားပဲ။
ထိုအခိုက် ဝမ်ချောင်နှင့် သူ၏မြင်းက လေထဲတွင် မျောလွင့်နေသေးသည်။ ချည်စက်ကွင်းများက တုန်ခါနေပြီး သူ၏ခန္ဓာကိုယ်ကိုလှည့်ပတ်ကာ ဝန်းရံထားသဖြင့် ဝူရှန်းမြင်းတပ်နှင့် အပြန်အလှန် ထောက်ပံ့ပေးထားနိုင်သည်။ လောက၏ စွမ်းအားများနှင့် သိပ်သည်းလှစွာသော စွမ်းအင်ပေါင်းများစွာက ပေါင်းစပ်နေပြီး နတ်ဘုရင်ရာမကို စီစဉ်လျှက် ဝမ်ချောင်ဟာ ထိုစွမ်းအင်ကိုလည်း တဖန်ပြန်လည် အသုံးပြုနိုင်နေပြန်သည်။
ထိုအချိန်တွင် ဝမ်ချောင်က နတ်ဘုရင်ရာမဖြစ်သည်။ နတ်ဘုရင်ရာမက သူသာဖြစ်သည်။ ဒီလောကတွင် ပထမဦးဆုံးအကြိမ် ဝမ်ချောင်က အင်ပါယာ မဟာဗိုလ်ချုပ်တစ်ယောက်၏ စွမ်းအားကို ထုတ်လွှတ်နိုင်သော နတ်ဘုရင်ရာမကို ထုတ်သုံးလိုက်သည်။ ထိုနတ်ဘုရင်ရာမက မပြီးပြည့်စုံသေးသော အချက်ကို ထည့်တွက်ရဦးပေမည်။
ဗဟိုပြင်ကျယ်ပေါ် ကပ်ဘေးက စိုက်ကပ်လာသော တခဏတွင် သိုင်းပညာရှင်တိုင်း၏ သိုင်းကျမ်းတိုင်းက အတူစုစည်းခဲ့သည်။ သို့သော် ထိုအခြေအနေမျိုးသို့ ရောက်ခဲ့သည့်တိုင်အောင် ဝမ်ချောင်က နတ်ဘုရင်ရာမဝင်္ကပါ၏ ပြီးပြည့်စုံသော သိုင်းကျမ်းကို မရရှိနိုင်ခဲ့ချေ။ ဒီတစ်ကြိမ်တွင် ထုတ်သုံးထားသော ဝင်္ကပါသိုင်းကျမ်းက ပျက်စီးနေခဲ့သည်။ သူ၏စီနီယာပေါင်းများစွာ မရေမတွက်နိုင်သော အခြားသော ကျွမ်းကျင်ပညာရှင်ပေါင်း များစွာအပြင် ဝမ်ချောင်ကိုယ်တိုင် ပူးပေါင်းဆောင်ရွက်ခဲ့ပြီးမှသာ ဟာကွက်များကို ဖြည့်ခဲ့ရခြင်းဖြစ်သည်။ ထိုသု့ိဖြင့် သူတို့က ထိုဝင်္ကပါ၏ မူရင်းစွမ်းအားထဲမှ ခြောက်ဆယ်ရာခိုင်နှုန်း သို့မဟုတ် ခုနှစ်ဆယ်ရာခိုင်နှုန်းကို ထုတ်သုံးနိုင်ခဲ့သည်။
ဝမ်ချောင်က ထိုပျက်စီးနေသော နတ်ဘုရားဝင်္ကပါကို ရွေးချယ်ခဲ့သည်မှာ ရိုးရှင်းသော အကြောင်းပြချက်ကြောင့်ဖြစ်သည်။
ပျက်စီးနေသော နတ်ဘုရင်ရာမဝင်္ကပါက မူရင်းစွမ်းအား၏ ခြောက်ဆယ်ရာခိုင်နှုန်းခန့်ကိုသာ အသုံးပြုနိုင်ချိန်တွင် အရှိန်အဟုန်မြင့် မှင်သက်ဖွယ်နတ်ဘုရား ဝင်္ကပါနှင့် ဗာဂျရာနတ်ဘုရား ဝင်္ကပါများက လူသောင်းကျော် ပေါင်းပြီးမှသာ သုံးရန်လိုအပ်သော လိုအပ်ချက် ရှိနေခဲ့သည်။ ထို့ကြောင့် အလွန်အမင်း ကြာရှည်သော ကာလတစ်ခုကို ဖြတ်သန်းပြီးမှသာ လေ့လာသင်ယူပြီး ကိုယ်ပိုင်ထုတ်လုပ်နိုင်မည်ဖြစ်သည်။ နတ်ဘုရင်ရာမ၏ ဝင်္ကပါကမူ လိုအပ်ချက်နိမ့်သည်။ လူလေးထောင် ငါးထောင်ခန့် ရှိရုံနှင့် သို့မဟုတ် ထိုထက်နည်းသော ပမာဏနှင့်တင် လေ့ကျင့်၍ရသည်။
နှစ်လဆိုသော အချိန်တိုကာလ အတောအတွင်း တာလာ့၏တိုက်ပွဲအတွက် ပြီးပြည့်စုံသော ဝင်္ကပါက နတ်ဘုရင်ရာမဝင်္ကပါဖြစ်သွားသည်။
“မျိုးမစစ်ကောင်”
အခြားတစ်ဖက်မှ အေးစက်ကာ ဒေါသထွက်နေသော အသံက ထွက်လာသည်။ တုဝူစစ်လီက ဆယ်ကျန်းခန့်အကွာသို့ လွင့်ထွက်သွား၏။ သူ၏မျက်နှာက အေးစက်ကာ မည်းမှောင်နေသည်။ ထိုဗာဂျရာငရုတ်ကျည်ပွေ့များထဲတွင် သယ်ဆောင်ထားသော ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြောက်များလွန်းသည့် စွမ်းအင်ပေါင်းများစွာက တုဝူစစ်လီအပေါ်တွင် သက်ရောက်အောင် မလုပ်နိုင်ခဲ့ချေ။ သို့သော် သူဟာလည်း ဒေါသမီးတောက်ကြောင့် တောက်လောင်နေပြန်သည်။
“ငါမင်းကို တကယ်အထင်သေးမိတာပဲ။ မင်းက နတ်ဘုရားဝင်္ကပါ တစ်ခုကိုတောင် သိနေမယ်လို့ မထင်ထားဘူး”
တုဝူစစ်လီ၏ မျက်ဝန်းက သတ်ဖြတ်လိုစိတ်များဖြင့် တောက်လောင်လာသည်။ သူ၏ညာဘက်လက်က အနက်ရောင် နတ်ခက်ရင်းခွကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။ သူ၏အဆစ်များကပင် ကွဲအက်သံများ ထွက်ပေါ်လာသည်။
“ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင်မှ မင်းသေရမှာပဲ”
တုဝူစစ်လီ၏ ခန္ဓာကိုယ်မှ အပြာနှင့်အစိမ်းက ရောယှက်နေသော စွမ်းအင်များက ရုတ်ချည်း ပေါက်ကွဲထွက်လာပြီး ရေတံခွန်စီးသလိုမျိုး လေအတွင်းသို့ တိုးဝင်သွားသည်။ သူ၏ ခေါင်းအထက်တွင် သိပ်သည်းနေသော ကြယ်တာရာစွမ်းအင်များက ကြယ်စင်ခုနှစ်ပွင့်အထိ ပြောင်းလဲသွားသည်။ အလယ်တွင် အကြီးမားဆုံးနှင့် အတောက်ပဆုံး ကြယ်စင်ပွင့်ကြီးရှိနေသည်။ ထိုအရာက ကောင်းကင်ဘုံဝံပုလွေကြယ်စင် ဖြစ်သည်မှာ ရှင်းလင်းသည်။ ထိုကြယ်စင်ခုနှစ်ပွင့် ပေါ်လာသည့် တခဏတွင် တုဝူစစ်လီ၏ နောက်ကျောပြင်က စတင်ကာ ယမ်းခါလာလေပြီး သူ၏ခွန်အားကလည်း စတင်ကာ မြင့်တက်လာသည်။
အာဝူး..
ကောင်းကင်ဘုံဝံပုလွေကဟိန်းသည်။ လေထုက တုန်ခါသည်။ အပြာနှင့်အစိမ်းရောင် ရောယှက်နေသော တုဝူစစ်လီ၏အနောက်မှ ထိုအလင်းများက တဖြည်းဖြည်းချင်း အလွန်အမင်း ကြီးမားကြမ်းတမ်းသည့် အဖြူရောင်ဝံပုလွေအဖြစ် ပြောင်းသွားသည်။ သူ၏မျက်ဝန်းက သတ်ဖြတ်လိုစိတ်၊ ဖျက်ဆီးလိုစိတ် စိတ်ဆန္ဒများဖြင့် တောက်လောင်နေပြီး တုဝူစစ်လီ၏ မျက်ဝန်းများအတိုင်း ထင်ရလေသည်။၁
အခန်း(၉၂၂)
လောကရဲ့တိမ်စိုင်များ လိမ့်တက်ခြင်း... ကောင်းကင်ဘုံဝံပုလွေ ဝါးမြိုခြင်းကြယ်စင်
တုဝူစစ်လီ၏ ခက်ရင်းခွက ရှေ့သို့ လွှဲယမ်းကာ ခုတ်ချဟန် ပြုလိုက်သည့်အချိန်တွင် ခြိမ်းဆိုသော အသံကြီးက ပေါ်ထွက်လာသည်။ သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အလင်းတန်းနှင့်အရိပ်က ယှက်ထွေးသွား၏။ တိမ်စိုင်များကလည်း အရပ်မျက်နှာအနှံ့မှ စတင်ကာ စုစည်းရောက်ရှိလာပြီး တုဝူစစ်လီ၏ ခက်ရင်းခွ၏ ဆင့်ခေါ်မှုအောက်တွင် စုစည်းလာလျှက် ဝမ်ချောင်ထံ တိုးဝင်သွားသည်။ ထိုထဲတွင် အဆုံးအစမဲ့သော ဖျက်ဆီးခြင်းစွမ်းအားများက ပါဝင်နေသေးသည်။ လေထုက လှုပ်ခါသွားပြီး လေဟာနယ်ပြင်အတွင်းမှလာသည့် ဝံပုလွေတစ်ကောင်၏ ငိုညဉ်းသံကဲ့သို့ အော်ဟစ်သံကြီးကိုပြုသည်။ ထိုခက်ရင်းခွက ကြီးမားသော ဝံပုလွေခေါင်းကြီးအဖြစ် ပြောင်းလဲသွားလျှက် နာကျင်မှုကို ဂရုစိုက်ခြင်းမရှိဘဲ ဝမ်ချောင်ထံ တိုးဝင်သွားသော ပုံသဏ္ဍန်မျိုးက ပေါ်ထွက်လာသည်။
တုဝူစစ်လီ၏ အရှိန်အဝါကြီးမြတ်သော ရိုက်ချက်ကို ရင်ဆိုင်ရချိန်တွင်လည်း လူတိုင်းက သူတို့ဟာ ပုရွက်ဆိတ်များအဖြစ် ပြောင်းလဲသွားပြီး ကြီးမားသော တောင်တန်းကြီးရှေ့တွင် ရပ်နေမိသလို ခံစားလိုက်ကြရပြန်သည်။ မြင်းသည်တော်တိုင်းကလည်း သူတို့၏စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးအပိုင်းမှလာသည့် ရှေးဦးမူလ ကြောက်ရွံ့မှုတစ်ရပ်ကို ရလိုက်ကြသည်။
ဘန်း
လူတိုင်း၏နှလုံးသားက ကြောက်လန့်မှုများဖြင့် ပြည့်နှက်နေချိန်တွင် တုဝူစစ်လီက မြင်းပေါ်မှ လေထဲသို့ ခုန်တက်လိုက်ပြီး ဝမ်ချောင်ရှိရာနေရာသို့ မိုးခြိမ်းမတက် ပြင်းထန်လွန်းသော အရှိန်အဝါမျိုးနှင့်အတူ ခုန်အုပ်လာသည်။
“ကောင်းတယ်”
ဝမ်ချောင်ကလည်း ရှောင်ရန် စိတ်မကူးပါချေ။ သူ၏ ကြီးမားသော လက်လေးဘက်လုံးက အတူယမ်းလိုက်ပြီးနောက် ကြမ်းတမ်းသော လေမုန်တိုင်းလေးခုကို ဖန်တီးကာ တုဝူစစ်လီထံ ပေါက်ကွက်မတက် စွမ်းအားများနှင့်အတူ ဝင်တိုးသွားသည်။ လေထုက ဖိနှိပ်ခံရသည်။ အာကာသပြင်ကပင် ငိုညဉ်းနေသလိုမျိုး ဖြစ်လာလေပြီး ထိုနတ်လက်သီးလေးလုံး ဖြတ်သန်းသွားရာ နေရာတိုင်းက စုတ်ဖြဲခံရပြီး အနက်ရောင် အစင်းကြောင်းများကသာ ကျန်ရစ်သည်။
ပြင်းထန်လွန်းသော နတ်ဘုရင်ရာမ၏ စွမ်းအင်များက ဝမ်ချောင်၏ ထိန်းချုပ်မှုအောက်တွင် နိမ့်ကျသွားခြင်းမရှိဘဲ ပို၍ဖြတ်လတ် ကျော့ရှင်းကြည့်ကောင်းစွာ လှုပ်ရှားသွားလာနိုင်သေးပြီး ဝမ်ချောင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကသာ လှုပ်ရှားနေသလို ထင်ရသည်။ ထိုမျှ ဖော်ပြရန် ခက်ခဲလောက်အောင် မြင့်မားသော စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားသော လူတစ်ယောက်ကသာ ထိုသို့သော အရှိန်အဝါမျိုးကို လွှတ်ထုတ်နိုင်သည်။
ဘန်း
ဝမ်ချောင်၏ နတ်ဘုရင်ရာမနှင့် တုဝူစစ်လီတို့က တစ်ကြိမ်ထပ်ပြီး ထိပ်တိုက်ရင်ဆိုင်ကြပြန်သည်။
ခလွက် ခလွက်
ကောင်းကင်က ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများအောက်တွင် အလိုလို ပြိုကျမိပုံပေါ်သည်။
“အား”
ထိုနေရာနှင့် နီးကပ်လွန်းသော တိဗက်နှင့် တူရကီမြင်းတပ် အဖွဲ့ဝင်ဆယ်ယောက်ကျော်ခန့်က ဒေါသတကြီး အော်ဟစ်နေသော လေပြင်းအောက်တွင် ရွက်ကြွေများကဲ့သို့ လွင့်ထွက်သွားကြသည်။ အခြားသော သူများကလည်း ထိုမြင်ကွင်းကြောင့် ကြောက်လန့်သွားကြပြီး နောက်သို့ဆုတ်ကြသည်။
မဟာဗိုလ်ချုပ်များကြားမှ တိုက်ပွဲက ဟာသမဟုတ်ချေ။ သတိလက်လွတ် ဖြစ်သွားရုံနှင့်တင် ခန္ဓာကိုယ်က အသားပုံဖြစ်သွားနိုင်သည်။
လေထဲတွင် တုဝူစစ်လီနှင့် ဝမ်ချောင်တို့က တိုက်ခိုက်နေကြသေးသည်။
...
ခွက် ခွက် ခွက်
မရေမတွက်နိုင်အောင် မယုံကြည်သလို ဖြစ်နေကြသည့် အကြည့်များအောက်တွင် တုဝူစစ်လီ၏ စစ်မြင်းက မြေပြင်ကို ထိတွေ့ခြင်းမရှိဘဲ ဝမ်ချောင်ထံ တဖန်ခုန်ဝင်လာပြန်သည်။ အချိန်တိုင်းလိုလို သူဟာ မြေပြင်ကို ထိခါနီးအချိန်သို့ ရောက်ချိန်တိုင်း မမြင်ရသည့် စွမ်းအင်တစ်ရပ်က ပြန်လည်ဆွဲတင်လေပြီး တုဝူစစ်လီအား ပြန်လည်တိုက်ခိုက်နိုင်စေသည်။ တုဝူစစ်လီနှင့် မြင်းအကြားတွင် ထိုမမြင်ရသော ချိန်းကြိုးတစ်ခုရှိနေလေပြီး ဝမ်ချောင်၏ နတ်ဘုရင်ရာမထံ ဆက်သွယ်ပေးထားသလို ထင်ရသည်။
ထိုအရာက ကောင်းကင်ဘုံဝံပုလွေနတ် ချိတ်ဆက်မှုဖြစ်သည်။
အနောက်ပိုင်းတူရကီ ခါကာနိတ်၏ အဆင့်လွန်နတ်သိုင်းများထဲမှ တစ်ခုလည်းဖြစ်ပြီး ကောလဟာလအရ ဒဏ္ဍာရီဝင် နတ်ဆရာတစ်ယောက်က ဖန်တီးထားသည်ဟုဆိုသည်။ ထိုသိုင်းကို အဆုံးစွန်ထိရောက်အောင် ကျင့်ကြံနိုင်သော် တုဝူစစ်လီကဲ့သို့ ဖြစ်သွားလေပြီး မြင်းနှင့်လူကို တစ်သားတည်းပေါင်းစပ်၍ ဆက်တိုက် ပျံသန်းနိုင်စေပေလိမ့်မည်။ မြင်းခွာက မြေပြင်သို့ပင် မထိဘဲ ဆက်တိုက် တိုက်ခိုက်နိုင်သည်။ ထိုအခြေအနေက လေထဲပျံနေသည်နှင့်တူသည်။
“အင်အားကြီးလိုက်တာ”
“သူကပျံနိုင်တယ်။ ဘယ်လိုဖြစ်နိုင်မှာလဲ”
“ဒါက အနောက်ပိုင်းတူရကီ ခါကာနိတ်ရဲ့ အဆင့်လွန် မဟာဗိုလ်ချုပ်တစ်ယောက်ရဲ့အင်အားပဲ”
တုဝူစစ်လီက ထုတ်ပြသောအင်အားက လီစစ်ယဲ့၊ ဟွမ်ပေါ့ထန်း၊ ခုံးကျစ်အန်းနှင့် ဟုန်ယို့ချီတို့ကိုပင် အလွန်အမင်း အံ့ဩသွားစေသည်။ သူတို့ကလည်း ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်က အနောက်ပိုင်းတူရကီမှ အင်အားအကြီးဆုံး မဟာဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်ကြောင်း သိထားပြီးသားဖြစ်သည်။ သူဟာ အန်းစစ်ရွှန်းကိုပင် နိုင်ဖူး၏။ သို့သော် ထိုမျှအထိ ခြောက်ခြားဖွယ်ကောင်းကြောင်း မသိကြသေးချေ။
ရုပ်ပိုင်းဆိုင်ရာ နိယာမများက သူ့အပေါ် သက်ရောက်မှုမရှိချေ။ အခြားသော မဟာဗိုလ်ချုပ်များကဆိုလျှင် သူ၏ ကြောက်မက်ဖွယ်အကောင်းဆုံး တိုက်ခိုက်ရေးစွမ်းအားကို ရင်ဆိုင်ရချိန်တွင် သေဆုံးခြင်းရနံ့ကိုပင် ရလာသည်။
သူတို့အားလုံးကလည်း ရုတ်တရက် ပေ့ထင်ကာကွယ်ရေးဗိုလ်ချုပ် အန်းစစ်ရွှန်းက မည်သည့်အတွက်ကြောင့် ရှုံးနိမ့်သွားခဲ့ကြောင်း နားလည်သွားခဲ့သည်။
တုဝူစစ်လီက သာ့လွန်ရော့ကျန်းလောက် ဉာဏ်ကောင်းပြီး ဗျူဟာကျွမ်းကျင်ချင်မှ ကျွမ်းကျင်ပေလိမ့်မည်။ သို့သော် သူ၏ခွန်အားကတင် ထိုဗျူဟာနှင့် အကြံတိုင်းကို လျစ်လျူရှု့နိုင်စေသည်။ ထိုလူဟာ သူ၏ခွန်အားသီးသန့်ကို မှီခိုရုံနှင့် တိုက်ပွဲတစ်ခုလုံးကို ကြိုးကိုင်နိုင်သောလူဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း
တိုက်ပွဲသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ တုဝူစစ်လီကို အစစ်အမှန် တိုက်ခိုက်နေသူကသာ သူက ထုတ်လွှတ်နိုင်သည့် ဖိအားက မည်မျှကြီးကြောင်း ကိုယ်တိုင်နားလည်နေပေလိမ့်မည်။ တုဝူစစ်လီက ဝမ်ချောင်၏ နတ်ဘုရင်ရာမ၏အရှေ့တွင် အလွန်သေးငယ်သည်။ သို့သော် နတ်ဘုရင်ရာမကလည်း ဆက်တိုက် နောက်ဆုတ်နေရသည်။
ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်က တကယ်အင်အားကြီးသားပဲ။
ဝမ်ချောင်က တုဝူစစ်လီကို ရင်ဆိုင်တိုက်ခိုက်ရန် သူ၏အင်အားအများစုကို စိုက်ထုတ်နေရသည်။
မဟာထန်မှ သူ၏စီနီယာဟောင်းကြီးများကလည်း ဗဟုသုတ ကြွယ်ဝသဖြင့် တုဝူစစ်လီ၏ အင်အားကြောင့် ချီးကျူးခဲ့ကြဖူးသည်။ ခွန်အားသီးသန့်ချင်းယှဉ်သော် တစ်ဖက်သူက ထယ်ကြီး၏ မဟာဗိုလ်ချုပ် ခဲ့ရှု့ဟန်ထက်ပင် အင်အားကြီးမားသေးလောက်သည်။ သူ၏ အများအသိအရ ကုန်းမြေမှ အင်အားအကြီးဆုံး မဟာဗိုလ်ချုပ်ထဲမှ တစ်ယောက်ဆိုသော စကားက ချဲ့ကားရာမရောက်ချေ။ သူနှင့်လက်ရည်တူ ယှဉ်ပြိုင်နိုင်သောလူက အနည်းငယ်သာရှိလောက်သည်။ သို့သော် ဝမ်ချောင်က မကြောက်ရုံသာ မကသေးလေဘဲ ပျော်ရွှင်စွာ ယစ်မူးလာသေးသည်။
သူ၏ယခင်ဘဝတွင် ဝမ်ချောင်က ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်နှင့် တိုက်ခိုက်ရန် အိမ်မက် မမက်နိုင်ခဲ့သလို ထိုသို့ အခွင့်အရေးလည်း မရခဲ့ပါချေ။ ကပ်ဘေးပြီးကာလမှ မည်သည့်စစ်သည်တော်မဆို ထိုကဲ့သို့ အဆင့်လွန် မဟာဗိုလ်ချုပ်များနှင့် တိုက်ကွက်ဖလှယ်ရချိန်တိုင်း အလွန်ဂုဏ်ယူရလေ့ရှိသည်။ တုဝူစစ်လီ တိုက်ခိုက်သောပုံစံက ကြမ်းတမ်းသည်။ ထက်ရှသည်။ တည့်တိုးဆန်သည်။ ရိုးရှင်းသည်။ အလွန်အမင်းလည်း ခြိမ်းခြောက်နိုင်၏။ သူ၏ရိုက်ချက် တစ်ချက်ချင်းစီတိုင်းက သေစေနိုင်သည့် အလားအလာကိန်းဝပ်နေသည်။
တိုက်ပွဲနယ်မြေရှိ မည်သူကမှလည်း တုဝူစစ်လီကို မရပ်နိုင်လောက်ချေ။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က ကိုယ်တိုင်ကိုယ်ကျ ထွက်လာခဲ့ခြင်းဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း
ဝမ်ချောင်က သူ၏အဆင့်မြင့်သိုင်းများဖြစ်သည့် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းနှင့် ကျယ်ပြောသော ကောင်းကင်မြေကမ္ဘာသိုင်း စသဖြင့်တို့ကိုမသုံးချေ။ ထိုအစား သူက သူ၏ ယခင်ဘဝတွင် လေ့လာထားသမျှ သိုင်းပညာ သီအိုရီများဖြစ်သည့် တားမြစ်ခြင်း၊ ရိုက်ချခြင်း၊ ပင့်မြှောက်ခြင်း၊ ပြောင်းလဲလွှဲယမ်းခြင်း စသဖြင့် ရိုးရှင်းသော အကွက်များကိုသာသုံးပြီး တုဝူစစ်လီကို တိုက်ခိုက်နေခဲ့၏။ နတ်ဘုရင်ရာမက ထုတ်လုပ်ထားနိုင်သည့် အင်အား ခုနှစ်ဆယ်ရာခိုင်နှုန်းခန့်က ဝမ်ချောင်၏ သူတော်စင်သိုင်းအဆင့် ခုနှစ်မှ မဟာဗိုလ်ချုပ်၏ အခြေခံအဆင့်သို့ရောက်အောင် လုပ်ပေးနိုင်ရုံသာ တက်နိုင်သည်။ ထို့ကြောင့် သူနှင့် အဆင့်လွန် မဟာဗိုလ်ချုပ်တစ်ယောက်ဖြစ်သည့် တုဝူစစ်လီအကြားမှ ကွာခြားချက်က ထင်ရှားနေသည်။
သို့သော် ဝမ်ချောင်၏ လှုပ်ရှားကွက်များက ရိုးရှင်းသော်လည်း အလွန်အမင်း ပြောင်မြောက်သည့် စွမ်းရည်ကို သယ်ဆောင်ထားသည်။ တိုက်ကွက် တစ်ကွက်ချင်းစီတိုင်းက ပြောင်မြောက်ကာ အနုစိတ်လွန်းပြီး တုဝူစစ်လီ၏ ကောင်းကင်ကို အက်ကွဲနိုင်သည့် ရိုက်ချက်များကိုပင် ထိန်းနိုင်နေခဲ့သည်။ တုဝူစစ်လီက မရိုက်ခင်ကတည်းက ဝမ်ချောင်က သူသုံးလာမည့် အကွက်ကို ကြိုတင်ခန့်မှန်းနိုင်နေခဲ့၏။ သူဟာ အန္တရာယ်အတွင်း ရောက်နေသည်ဟု ထင်ရသည့်တိုင်အောင် အချိန်မရွေး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်သည်ဟု ယူဆနိုင်လောက်သည့်တိုင်အောင် ဝမ်ချောင်၏ နေရာအရ သူဟာ ထိုက်တောင်ကဲ့သို့ တည်ငြိမ်နေလေပြီး မည်သည့်အခြေအနေတွင်မှ အန္တရာယ်ကြုံရမည်မဟုတ်သော ယုံကြည်မှုမျိုးကို ပေးစွမ်းနိုင်နေပြန်သည်။
တိုက်ပွဲဟာ ပြင်းထန်သော်လည်း ရလဒ်ကမူ အဆုံးအဖြတ်ရရန်အတွက် အချိန်လိုအပ်ပေလိမ့်မည်။
ခြိမ်း
ဝမ်ချောင်က တုဝူစစ်လီနှင့် ပြင်းထန်သောတိုက်ပွဲကို ဆင်နွဲနေချိန်တွင် အရှေ့ပိုင်း တိုက်ပွဲနယ်မြေသို့ စွမ်းအင်မုန်တိုင်းနှစ်ခုက ချဉ်းကပ်လာပြန်သည်။ တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့က သူတို့၏ နတ်မြင်းများပေါ်တက်လျှက် နောက်ဆုံးတွင် ရောက်ရှိလာကြပြီဖြစ်ပြီး ဝမ်ချောင်ကို ကြည့်လိုက်ကြသည်။
သို့သော် တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့ နှစ်ယောက်လုံးက ဝမ်ချောင်ထံတွင် ရှုံးဖူးကြသည်။ သူတို့ကလည်း သူ၏ဗျူဟာနှင့် နည်းပညာများကို ထုတ်သုံးနိုင်သောစိတ်က မည်မျှထက်ကြောင်း နားလည်သည်။
“ကျန်တာတွေကို ဂရုမစိုက်နဲ့။ သူ့ကိုပဲအရင်သတ်မယ်”
ဟော်ရှု့ဟွေ့ခမ်းက ကြောက်မက်ဖွယ်ကောင်းသော လေသံမျိုးဖြင့် ကျုံးဝါးသည်။
ဘုန်း
မြေကမ္ဘာက တုန်ဟီးသွားလေပြီး ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီးက တိုက်ပွဲနယ်မြေအတွင်း ထင်ရှားစွာ ပေါ်ထွက်လာသည်။ ဗုဒ္ဓရွှေသားခန္ဓာကိုယ်မန်ထရာ
ဟော်ရှု့ဟွေ့ခမ်းက သူ၏ အင်အားအကြီးဆုံးသိုင်းကို တုန့်ဆိုင်းမနေဘဲ ထုတ်သုံးလိုက်သည်။ သူဟာ မဟာဗိုလ်ချုပ်ဖြစ်သော်လည်း ဟော်ရှု့ဟွေ့ခမ်း၏ ဝမ်ချောင်အပေါ် သတ်လိုစိတ်က လူတိုင်းထက်သာသည်။ သူဟာ ဝမ်ချောင်ကို သတ်နိုင်သမျှ ဘာကိုမှ ဂရုမစိုက်ပါချေ။ ရွှေရောင်အလင်းက ဖြတ်ကနဲလက်သွားပြီးနောက် ထိုဗုဒ္ဓဗာဂျရာ ခန္ဓာကိုယ်ကြီးက ဝမ်ချောင်ထံ တိုးဝင်သွားသည်။
တချိန်ထဲလိုလို တုစုန့်မာန်ဖော်ကျဲ့ကလည်း ကြီးမားသော အနက်ရောင်ဗုဒ္ဓရုပ်ပွားတော်အဖြစ် ပြောင်းလဲလိုက်ပြီး ဝမ်ချောင်ထံ ခုန်ဝင်လာသည်။
မဟာဗိုလ်ချုပ်သုံးယောက်၏ ပုံရိပ်ယောင်သုံးခုက တချိန်ထဲလိုလို ဝမ်ချောင်ကို တိုက်ခိုက်လုနီးပါး ဖြစ်သွားသည်။ ထိုအချက်က သိသာထင်ရှားသည့်အပြင် တိဗက်နှင့် အနောက်ပိုင်းတူရကီများက ဝမ်ချောင်ကို မည်မျှအထိ သေစေချင်နေကြောင်း သိသာသည်။
ဝုန်း
ဝမ်ချောင်က အန္တရာယ်များသောရန်သူများ အဝိုင်းခံရပြီး အလွန်အန္တရာယ်များလွန်းသည့် အတိုင်းအတာသို့ ရောက်နေပြီဟု ထင်ရသောအချိန်တွင် ဝမ်ချောင်၏ အနောက်ဘက်တွင် ကြီးမားသည့် စွမ်းအင်လှိုင်းတစ်ရပ်က ပေါ်ထွက်လာပြီး မြေကမ္ဘာကို လှုပ်ခါသွားစေသည်။
“ဟော်ရှု့ဟွေ့ခမ်း မင်းရဲ့ပြိုင်ဘက်ကငါ မင်းရဲ့ အင်ပါယာမဟာဗိုလ်ချုပ်ဆိုတဲ့ အဆင့်အတန်းကို နားလည်စမ်းပါ။ သုံးယောက်တစ်ယောက် တိုက်ခိုက်ဖို့ဆိုရင် ဒါက တစ်ဖက်သပ်ကျတယ်လို့ မထင်ဘူးလား”
အန်းရှီလက်ထောက် ကာကွယ်ရေးဗိုလ်ချုပ် ချန်းချန့်လီက ဝမ်ချောင်၏အနောက်သို့ ရောက်လာပြီး ခေါင်းလောင်းမြည်ဟီးသလို အသံမျိုးဖြင့်ပြောလိုက်သည်။ ဖြတ်ကနဲဆိုသလိုပင် သူ၏ တောင်တန်းတစ်လုံးလို ကြီးမားသည့် ခန္ဓာကိုယ်ကြီးက ဝမ်ချောင်ကိုကျော်ဖြတ်ပြီး ဗုဒ္ဓရွှေသားခန္ဓာကိုယ် ဗာဂျရာ၏လမ်းကိုပိတ်သည်။
အဆင့်မြင့် ခွဲထုတ်ခြင်းနတ်ဘုရား
ဝမ်ချောင်၏အရှေ့တွင် အလွန်ကြီးမားသော နတ်ဘုရားရုပ်ထုကြီးတစ်ခုက ထွက်ပေါ်လာပြန်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အပြာရောင် စွမ်းအင်များဖြင့် လွှမ်းခြုံထားလေပြီး ကြွက်သားများက ရစ်ခွေနေသော နဂါးများကဲ့သို့ ဖုထစ်နေသည်။ မှင်သက်ဖွယ်အကောင်းဆုံး အရာကမူ သူ၏ကိုယ်ကို လွှမ်းခြုံထားသည့် သိပ်သည်းလွန်းသော အနက်ရောင် ချိန်းကြီးများဖြစ်သည်။ ထိုအရာက ရှေးဟောင်းသံချပ်ကာတစ်ခုကို ဝိုင်းပတ်ထား၏။ သူတို့က ဦးချိုပါသော အဆင့်လွန်ခွဲထုတ်ခြင်း နတ်ဘုရားကို ထုတ်ဖော်လေပြီး မြေအောက်လောကထဲမှ သံကြိုးကိုသုံးလျှက် ဆွဲထုတ်လိုက်သကဲ့သို့ ထင်ရသည်။
ဝမ်ချောင်ကလည်း အန်းရှီကာကွယ်ရေးစစ်တပ်မှ ဒုကာကွယ်ရေးဗိုလ်ချုပ်က ထိုမျှအင်အားကြီးမားသည့် နတ်ဘုရားဝင်္ကပါကို ထုတ်သုံးလိမ့်မည်ဟု မထင်ထားမိချေ။
ဘုန်း ဘုန်း ဘုန်း
မျက်တောင်တစ်ခတ် အချိန်အတွင်း ချန်းချန့်လီ၏ အဆင့်လွန်ခွဲထုတ်ခြင်း နတ်ဘုရားက ဟော်ရှု့ဟွေ့ခမ်း၏ ဗုဒ္ဓရွှေသားခန္ဓာကိုယ် ဗာဂျရာနှင့် ထိပ်တိုက်ရင်ဆိုင်သည်။
“မဟာဗိုလ်ချုပ်တုစုန့် မတွေ့ရတာကြာပြီ မင်းရဲ့ပြိုင်ဘက်ကငါ”
တချိန်ထဲလိုလို ဝမ်ချောင်၏ အခြားတစ်ဖက်မှ စူးရှပြီး ခမ်းနားသော အသံတစ်သံက ပြန်ထွက်လာသည်။ နတ်ဘုရားတစ်ပါးကို ဆင့်ခေါ်သောကြောင့် ဝရုန်းသုန်းကားဖြစ်နေသော စွမ်းအင်မုန်တိုင်းများလည်း မရှိသလို ကြီးမားသည့် ဆင့်ခေါ်သည့် ရုပ်ထုလည်း ပေါ်မလာခဲ့ပါဘဲ လျှပ်စီးကဲ့သို့ မြန်ဆန်သော ပုံစံမျိုးဖြင့် ရှေ့သို့ တိုးဝင်လာသည့် အရပ်မြင့်မားပြီး ပိန်ပါးသည့် ခန္ဓာကိုယ်တစ်ခုကသာ ပေါ်လာသည်။ သူ၏လက်ထဲမှ ဓားက ချက်ချင်းဆိုသလိုပင် တုစုန့်မာန်ဖော်ကျဲ့က လွှတ်ထုတ်ထားသည့် အနက်ရောင်ဗုဒ္ဓ ရုပ်ပွားတော်ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားရအောင် လုပ်လိုက်နိုင်သည်။
“ကောင်းရှန်းကျစ်”
တုစုန့်မာန်ဖော်ကျဲ့က အလန့်တကြားအော်သည်။ သူမတွေ့ချင်ဆုံးလူက ကောင်းရှန်းကျစ်ဖြစ်သည်။ အကြောင်းမူကား တစ်ဖက်လူက တာလာ့၏ ထန်စစ်တပ်ထဲမှ အင်အားအကြီးဆုံးလူဖြစ်ပြီး အန်းရှီစစ်နတ်ဘုရားဆိုသောနာမည်နှင့် ထိုက်တန်လောက်အောင် အင်အားကြီးမားသည်။ ထို့ကြောင့် သူကလည်း တစ်ဖက်သူကို အစိုးရိမ်ဆုံးဖြစ်သည်။ သူတို့က ပထမဦးဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ဖူးခြင်း မဟုတ်ချေ။ တုစုန့်မာန်ဖော်ကျဲ့ကလည်း တစ်ဖက်သူကို ရင်ဆိုင်ရလျှင် ရှုံးသောဘက်က များနေခဲ့သည်။ ထို့ကြောင့် သူဟာ ကောင်းရှန်းကျစ်အား ဒီတိုက်ပွဲသို့ လာရောက်မည်ဟု မထင်ထားမိပါချေ။
အခန်း(၉၂၃)
“မင်းကအချိန်မှီ ရောက်လာတာပဲ။ ငါတို့နှစ်ယောက်ကြားမှာ ဘယ်သူက ပိုသာလဲဆိုတာကို တစ်ကြိမ်လောက်ထပ်ပြီး ဆုံးဖြတ်ကြတာပေါ့”
တုစုန့်မာန်ဖော်ကျဲ့၏ အေးစက်ပြီး အညံ့မခံလိုသည့်အသံက တိုက်ပွဲနယ်မြေတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
ကောင်းရှန်းကျစ်က ဘာစကားမှမပြောဘဲ သူ၏လုပ်ဆောင်မှုဖြင့်သာ သက်သေပြလေသည်။
ဘုန်း
သူ၏ဓားတစ်ချက်တည်းနှင့် ကောင်းရှန်းကျစ်က လေထုကို ခုတ်သင်လိုက်ပြီး ခမ်းနားသည့် ဓားချည်ပေါင်းများစွာကို ထွက်လာစေလျှက် တုစုန့်မာန်ဖော်ကျဲ့၏ အနက်ရောင် ဗုဒ္ဓရုပ်ပွားတော်ကို ဆယ်ကျန်းခန့်အထိ နောက်ဆုတ်သွားစေသည်။ သို့သော် ဟိန်းသံနှင့် ဝုန်းကနဲအသံက ပေါ်ထွက်လာလေပြီး တုစုန့်မာန်ဖော်ကျဲ့က ရှေ့သို့တဖန် တိုးလာကာ ခုန်ဝင်လာပြန်သည်။ ဖြတ်ကနဲဆိုသလိုပင် တိုက်ပွဲနယ်မြေက သူတို့၏ မိုးခြိမ်းမတက် ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုကြောင့် တဝုန်းဝုန်း တဒိုင်းဒိုင်းဖြစ်နေသည်။ ဝမ်ချောင်က တုဝူစစ်လီနှင့် ရင်ဆိုင်ပြီး ချန်းချန့်လီကမူ ဟော်ရှု့ဟွေ့ခမ်းနှင့် ရင်ဆိုင်သည်။ ကောင်းရှန်းကျစ်ကမူ တုစုန့်မာန်ဖော်ကျဲ့နှင့် ရင်ဆိုင်သည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း တိုက်ပွဲနယ်မြေက မဟာဗိုလ်ချုပ်အဆင့် ခြောက်ယောက်၏ တိုက်ပွဲကြောင့် ကြောက်မက်ဖွယ်ကောင်းသည့် လေပြင်များ တိုက်ခတ်နေလေပြီး ဖျက်ဆီးခြင်း စွမ်းအင်မုန်တိုင်းများက ထိုနေရာတစ်ခုလုံးကို ဖျက်ဆီးမည့်ပုံပေါ်လာသည်။ သို့သော် ထိုအခြေအနေက အဆုံးသတ်မဟုတ်သေးချေ။
ဝေါင်း
ပထမခုခံရေးအားလှိုင်းထံမှ ကောင်းကင်ဘုံကို လှုပ်ခါသွားစေသည့် ဟိန်းသံကြီးက ပေါ်ထွက်လာပြီး တိုက်ပွဲနယ်မြေ၏ တတိယမြောက် နတ်ဘုရားတစ်ပါးက ပေါ်လာသည်။ ထိုအရာက တောက်ပသော ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထား၏။ သူ၏ကြီးမားသော ကိုယ်ထည်ကြီးက မရေမတွက်နိုင်အောင် များပြားသော အာရပ်စစ်သားပေါင်းများစွာကို ကြောက်လန့်တကြား နောက်ဆုတ်သွားစေသည်။ သူတို့၏မြင်းများကပင် ကြောက်လန့်လွန်းသဖြင့် အချို့ကဆိုလျှင် မြင်းပေါ်မှပြုတ်ကျကြသည်။
သို့သော် ဝမ်ရန်၏ အရှိန်အဝါမြင့် မှင်သက်ဖွယ်နတ်ဘုရားက တိုက်ပွဲထဲသို့မဝင်ချေ။ ထိုအစား အဝေးရှိ အပုမူစလင်နှင့် အာရပ်စစ်သည်တော်များကိုသာ ကြည့်နေသည်။
မဟာထန်ဘက်တွင် မဟာဗိုလ်ချုပ်အဆင့် လက်ရည်တူ ရင်ဆိုင်နိုင်သော လူလေးယောက်သာလျှင်ရှိပြီး ဝမ်ရန်ကလည်း ထိုလေးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ မဟာဗိုလ်ချုပ်အဆင့်များကြားမှ တိုက်ပွဲက ဖော်ပြရန်ခက်ခဲလောက်အောင် ပြင်းထန်သည့် သက်ရောက်မှု ရှိနေလေပြီး ပေါ့ပေါ့သေးသေး သဘောထား၍မရချေ။ ထိုအတွက်ကြောင့်လည်း ဝမ်ရန်က တိုက်ပွဲအနေအထားသို့ အသင့်ဝင်ရောက်ထားခြင်း၊ ဘေးဘက်မှ စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် အရှေ့ဘက်ရှိ တိုက်ပွဲက အလွန်အမင်း ပြင်းထန်လာနေသည်။
ဝမ်ချောင် တုဝူစစ်လီနှင့် အခြားသော မဟာဗိုလ်ချုပ်အဆင့် ပုဂ္ဂိုလ်များက တိုက်ခိုက်နေချိန်တွင် လီစစ်ယဲ့က မူထရီမဟာမြင်းတပ်ကို နောက်သို့ မောင်းထုတ်နေပြီး တိဗက်နှင့် တူရကီ မြင်းတပ်အဖွဲ့ဝင်တိုင်းက မဟာဗိုလ်ချုပ်အဆင့် ခြောက်ယောက် တိုက်ခိုက်နေသောနေရာသို့ မောင်းထုတ်ခံရပြီး စွန်းကျစ်မင်၊ ကျွမ်းကျန်းဖင်းနှင့် အခြားသောအရာရှိများကလည်း ပူးပေါင်းကာ သူတို့အား တိုက်ပွဲနယ်မြေသို့ ပို့လွှတ်နေကြသည်။
တစ်ချိန်ထဲတွင်ပင် ရွှယ်ချန်ကျွင်းနှင့် ရွှီခဲ့ယွီတို့ဦးဆောင်သည့် စစ်သည်တစ်သိန်းကျော်ကလည်း အဝိုင်းခံရသော အနေအထားမျိုးကို ဝင်ရောက်လာကြပြီး စစ်သည်တော်များကို ကြားမှ ဖြတ်တောက်လျှက် တိဗက်နှင့် တူရကီများကို ပိတ်လှောင်လျှက် အမြစ်ဖြတ်သုတ်သင်သော နည်းလမ်းမျိုးကို အသုံးပြုကြသည်။
ဘုန်း ဘုန်း ဘုန်း
ကြီးမားထူထည်းသော လက်နက်ကြီးများက လေထုကို ထိုးခွဲဟိန်းဟောက်သံများ ပြုမူလာလေပြီး မရေမတွက်နိုင်သည့် တိဗက်များနှင့် တူရကီပေါင်းများစွာကို အော်ဟစ်စေလျှက် ရွှီခဲ့ယွီ၏ လက်နက်ကြီးအဖွဲ့အောက်တွင် ထိုးဖောက်သတ်ပစ်လေသည်။ လက်ရှိအချိန်တွင် တိဗက်နှင့် တူရကီများ၏ သုံးသောင်းခန့်နီးပါးက ကျရှုံးသွားခဲ့သည်။ သူတို့၏သွေးများက မြစ်ကဲ့သို့ စီးဆင်းနေပြီး တိုက်ပွဲနယ်မြေတစ်ခုလုံးအနှံ့ ရှိနေသည်။
“ကောင်စုတ်လေး ငါမင်းကို ဒီနေ့မသတ်နိုင်ဘူးလို့ မယုံဘူး”
ကောင်းကင်တွင် တုဝူစစ်လီ၏ ဒေါသတကြီးဟိန်းသံက မိုးခြိမ်းသံကဲ့သို့ပင် ထင်ရှားသေးသည်။ သူ၏ ကြီးမားသော အနက်ရောင် တောင်ပေါ်မြင်းကြီးကလည်း လျှပ်စီးလက်သလိုမျိုး လေထဲတွင် ဖြတ်သန်းနေလေပြီး ဝမ်ချောင်၏ နတ်ဘုရင်ရာမကို ဘက်ထောင့်တိုင်းမှ တိုက်ခိုက်နေခဲ့သည်။ ကြယ်တာရာစွမ်းအင်များ စုစည်းလျှက် မိုးကြိုးတိမ်စိုင်များကို ရစ်ဆိုင်းလာလေပြီး တုဝူစစ်လီကို အတွင်းတွင် ပုန်းကွယ်နိုင်အောင် ကာထားပေးလေသည်။ သူ၏ အနက်ရောင် ခက်ရင်းခွကြီးကလည်း ကလေးတစ်ယောက်၏ လက်မောင်းထက်ပင် ထူသေးသည်။ ထိုအရာကြီးက ရှေ့သို့ ထိုးသွင်းလိုက် ခုတ်ပိုင်းလိုက် လုပ်နေခဲ့ပြီး သားမွှေးတောင်တစ်ခုကဲ့သို့ ပေါ့ပါးစွာ လှုပ်ရှားနေသေး၏။ သို့သော် ရိုက်ချက်တိုင်းထဲတွင် တောင်များကိုပင် ဖြိုနိုင်သည့် အင်အားက ပါသည်။
အကောင်းဆုံး မဟာဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်သည့် တုဝူစစ်လီက လှုပ်ရှားသည့် အကွက်တိုင်းဟာ အလွန်အမင်း ကျွမ်းကျင်မှုများ ပါဝင်နေလေရာ မည်သည့်အကွက်ကမဆို အသေးစိတ်လွန်းသည့် ခွန်အားနှင့် သေစေနိုင်သော ခြိမ်းခြောက်မှုကို ပေးစွမ်းနိုင်ပြန်သည်။ သို့သော် တုဝူစစ်လီက မည်မျှမြန်ဆန်ပြီး သူတိုက်သော ဘက်ထောင့်က မထင်မှတ်ထားသောရှု့ထောင့် ဖြစ်နေခဲ့စေကာမူ သူသုံးထားသော အင်အားက မည်မျှကြီးမားခဲ့စေကာမူ လက်လေးဘက်ပါသော ရာမက တားနိုင်ခဲ့သည်။
တုဝူစစ်လီက ဒီလိုအခြေအနေမျိုးကို မကြုံဖူးပါချေ။ ဝမ်ချောင်ဟာ မဟာဗိုလ်ချုပ်အဆင့်တွင်ရှိသော လိုအပ်ချက်များကို ပြည့်မှီရုံလောက်သာဖြစ်ပြီး အနိမ့်ဆုံးအဆင့်တွင်သာ ရှိနိုင်၏။ တုဝူစစ်လီကမူ သူ့ထက်အများကြီးသာသည်။ သူဟာ ပေ့ထင်ကာကွယ်ရေးဗိုလ်ချုပ် အန်းစစ်ရွှန်းကိုပင် နိုင်ခဲ့ဖူးသည်။ သို့ရာတွင် သူ၏သိုင်းများက ထိုသို့အဘက်ဘက်တွင် သာနေသည့်တိုင်အောင် တုဝူစစ်လီကလည်း ထိုလူငယ်ကို အသာစီးရသော အနေအထားမျိုးနှင့် မတိုက်နိုင်ပြန်ချေ။
ဝမ်ချောင်၏ခွန်အားက မမြင့်ချေ။ သို့သော် သူ၏အကွက် တစ်ကွက်ချင်းစီတိုင်းက တုဝူစစ်လီ၏ အားအနည်းဆုံး အကွက်များကို ကွက်တိ ထိုးနိုင်နေခဲ့သည်။ အချိန်တိုင်းလိုလို ဝမ်ချောင်ဟာ အပြည့်အဝ မထုတ်ခင်ကတည်းက ထိုသိုင်းကို နားလည်ထားသလိုမျိုး ပြုမူနေခဲ့၏။ တုဝူစစ်လီဟာ အနောက်ပိုင်းတူရကီ ခါကာနိတ်၏ အင်အားအကြီးဆုံး မဟာဗိုလ်ချုပ် သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ကောင်းကင်ဝံပုလွေ မဟာဗိုလ်ချုပ်ဖြစ်ပြီး အက်ရှာဘာရာခါကန်းကပင် လေးစားပေးရသော အင်အားကြီးမားသည့် တည်ရှိမှုကြီးဖြစ်သည်။ သို့တိုင်အောင် ဒီလို လွယ်ကူလွန်းသော တိုက်ပွဲအနေအထားမျိုးကို အလွယ်တကူ ပိုင်ဆိုင်သင့်သော အခြေအနေမျိုးတွင်ပင် သူ၏အင်အားဟာ အပိတ်လှောင်ခံနေရကြောင်း သိလိုက်သည်။
ဘုန်း ဘုန်း ဘုန်း
လေထဲတွင် ဖျက်ဆီးခြင်းစွမ်းအင်များက တစ်ကြိမ်ပြီးတစ်ကြိမ် ပေါက်ကွဲလာသည်။ တုဝူစစ်လီက ပြောင်မြောက်သော စွမ်းအင်ကို ထုတ်သုံးပြီး သူ၏တိုက်ကွက်တိုင်းက မည်သည့် သာမာန် အင်ပါယာ မဟာဗိုလ်ချုပ်ကိုမဆို ချေမွရန် လုံလောက်နေခဲ့သည့်တိုင်အောင် ဝမ်ချောင်ကမူ တစ်ကွက်ချင်းစီတိုင်းကို ပျောက်ပျက်သွားအောင် ထိန်းသိမ်းနိုင်နေခဲ့သည်။
“တုဝူစစ်လီ ငါကခင်ဗျားကို အထင်သေးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားမှာ အဲ့ဒီလိုစွမ်းရည် မရှိဘူး”
ဝမ်ချောင်၏ ပေါ့ပါးသော ရယ်သံက တုဝူစစ်လီ၏နားအတွင်း ပဲ့တင်ထပ်လာသည်။ ဒီတိုက်ပွဲ တစ်ပွဲလုံးတွင် ဝမ်ချောင်ဟာ ခပ်အေးအေး ရှိနေခဲ့သည်။
“ကောင်စုတ် မင်းငါ့ကိုရန်စတော့ ကိုယ့်ကိုယ်ကို သတ်သေသလိုဖြစ်သွားပြီ”
တုဝူစစ်လီက ဝမ်ချောင်၏ စကားလုံးများကြောင့် ပို၍ပင် ဒေါသထွက်သွားသေးသည်။ အသက်အရွယ်ချင်း ယှဉ်ရသော် စီနီယာချင်းယှဉ်သော် အရည်အချင်းခြင်းယှဉ်သော် တုဝူစစ်လီဟာ မဟာထန်မှ ဝမ်ချောင်ကဲ့သို့ လူငယ်ထက် အဆပေါင်းများစွာ သာသည်။ သူဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက နာမည်ကြီးခဲ့သူဖြစ်ပြီး အခြားသော မဟာဗိုလ်ချုပ်များအကြားတွင်ပင် အရှင်သခင် ဖြစ်ထိုက်သော အင်အားကြီးမားသည့် တည်ရှိမှုဖြစ်သည်။ အင်ပါယာ၏ ကျားဆိုသော ကျန်းချုံကျန့်ချုံး၊ ထယ်ကြီး၏ မဟာဗိုလ်ချုပ် ခဲ့ရှု့ဟန်နှင့် ပေ့ထင်ကာကွယ်ရေးဗိုလ်ချုပ် အန်းစစ်ရွှန်းတို့ကပင် သူ့ထက် အားနည်းကြသေး၏။ မဟာထန်မှ သူ့ကို ဖိနှိပ်နိုင်သော တစ်ဦးတည်းသောလူက အန်းတုံးကာကွယ်ရေးဗိုလ်ချုပ် ကျန်းရှို့ကွေးနှင့် ယခင်မဟာထန်၏ စစ်နတ်ဘုရား လက်ရှိအိမ်ရှေ့စံ၏ အငယ်တန်းစောင့်ရှောက်သူ ဝမ်ကျုံးစစ်တို့သာ ဖြစ်လောက်သည်။
ဝမ်ချောင်က အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် သာ့လွန်ရော့ကျန်းကို အနိုင်ပိုင်းနိုင်ခဲ့ပြီး တြိဂံပုံမြေကွက်လပ်က တိုက်ပွဲတွင် တုစုန့်မာန်ဖော်ကျဲ့ကို နိုင်ခဲ့ကာ အနောက်ပိုင်းတူရကီ၏ ဝံပုလွေနက်ရကု အကုတုလန်ကို သတ်ခဲ့သောကြောင့်သာ မဟုတ်လျှင် တုဝူစစ်လီက သူ့ကိုတစ်ချက်ပင် ကြည့်လိမ့်မည်မဟုတ်ချေ။ တုဝူစစ်လီအတွက် ဝမ်ချောင်ဟာ နာမည်မဲ့ စစ်သည်တော်တစ်ယောက်ထက် မပိုပါချေ။
“ဟား ဟား ဒါဆိုရင်လည်း ခင်ဗျားအကောင်းဆုံး ကြိုးစားပြီး ခင်ဗျားရဲ့ အစစ်အမှန် စွမ်းရည်ကိုပြပေ့ါ”
ဝမ်ချောင်၏ ကျယ်လောင်သော အသံက တိုက်ပွဲနယ်မြေ တစ်ခုလုံးအနှံ့ ဟိန်းထွက်သွားသည်။
ဝုန်း
ထိုအခိုက် နတ်ဘုရင်ရာမ၏ လက်မောင်းများထဲမှ တစ်ဖက်က တုဝူစစ်လီ၏ မိုးခြိမ်းမတက် ပြင်းထန်သည့် တိုက်ကွက် တစ်ကွက်ကို ထပ်တားလိုက်ပြန်သည်။ အခြားသော လက်မောင်းတစ်ဖက်ကမူ ရွှေရောင်ဗာဂျရာ ငရုတ်ကျည်ပွေ့ကြီးကို မြှောက်လိုက်လေပြီး တုဝူစစ်လီ၏မြင်းကို လှမ်းရိုက်သည်။
နတ်ဘုရင်ရာမ၏ လက်လေးဘက်က ခုခံရန်သာမကဘဲ တိုက်ခိုက်ရန်လည်း သုံးနိုင်ပြန်သည်။ ဒီနည်းအားဖြင့် တုဝူစစ်လီကို ရင်ဆိုင်ရန် နတ်ဘုရားဝင်္ကပါ ဆယ်ခုအား အကောင်းဆုံး အသုံးပြုနိုင်နေခဲ့သည်။
ဝုန်း
ဒေါသထွက်နေသော တုဝူစစ်လီက အလျှင်အမြန် နောက်ဆုတ်ရန် ဖိအားပေးခံလိုက်ရပြီး ကျန်းနှစ်ဆယ် အကွာသို့ ရောက်သွားသည်။
ဝမ်ချောင်ဟာ ထိုမြင်ကွင်းကြောင့် ချီးကျူးသလို သက်ပြင်းချမိသေးသည်။ ကောင်းကင်ဝံပုလွေ၏ နတ်ဘုရားဝင်ပူးခြင်းဝင်္ကပါက လျို့ဝှက်ဆန်းကြယ်သော သိုင်းတစ်မျိုးဖြစ်သည်။ ထိုလျို့ဝှက်ဆန်းကြယ်သော သိုင်းတစ်မျိုးက လူတစ်ယောက်ကို မြင်းနှင့်အတူ လေထဲသို့ အချိန်အတန်ကြာ ပျံသန်းအောင် ထိန်းထားပေးနိုင်သည်။ ထို့ကြောင့် အခြားသူများ၏ ခံစားချက်ကို အလွယ်တကူ စိတ်ကူးယှဉ်ကြည့်၍ရသည်။ ကပ်ဘေးကာလအတောအတွင်း သိုင်းပေါင်းများစွာကို စုစည်းခဲ့သည့်တိုင်အောင် ကောင်းကင်ဘုံဝံပုလွေ နတ်ဘုရားဝင်ပူးခြင်းသိုင်းကမူ ထိုအထဲတွင် မပါဝင်ခဲ့ချေ။
ကောင်းကင်ဘုံဝံပုလွေ၏ နတ်ဘုရားဝင်ပူးခြင်းသိုင်းက အမှန်တကယ် ကျင့်သုံးနိုင်သည့် သိုင်းမျိုးမဟုတ်ချေ။ တစ်ချိန်ခုန်လိုက်သည့် အချိန်အတွင်းမှ အမြင့်နှင့်ကြာချိန်ကိုသာ မြှင့်တင်ပေးနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲနယ်မြေအတွက် အလွန်သင့်တော်သည်။ ထိုစွမ်းအား၏ တစ်စိတ်တစ်ပိုင်းကလည်း ရန်သူ၏ခွန်အားကို တဖန်ပြန်သုံးပြီး ပိုမြင့်အောင်ခုန်နိုင်စေသည်။ သို့တိုင်အောင် ကောင်းကင်ဘုံဝံပုလွေ နတ်ဘုရားဝင်ပူးခြင်းသိုင်းက အလွန်အမင်း လျို့ဝှက်ဆန်းကြယ်သော သိုင်းတစ်မျိုးဖြစ်နေသေးသည်။
ကောင်းကင်ဘုံဝံပုလွေ၏ နတ်ဘုရားဝင်ပူးခြင်းသိုင်းက လှုပ်ရှားကွက်များက ခန့်မှန်းရခက်ခဲသည်။ ထိုစွမ်းရည်က တုဝူစစ်လီ၏ လေးစားဖွယ်ကောင်းသော စွမ်းအားနှင့် ပြောင်မြောက်သောသိုင်းများနှင့် ပေါင်းစပ်လိုက်သော် မည်သည့်အင်ပါယာ မဟာဗိုလ်ချုပ်ကိုမဆို လေးစားမှုကိုသာ ခံစားရပေလိမ့်မည်။ ဝမ်ချောင်ကပင် ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်ကို ထွက်သွားခဲ့သောကြောင့်သာ မဟုတ်လျှင် အခြားသော လူများကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရလောက်သည်။ သို့မဟုတ် အသတ်ခံရလောက်သည်အထိ ဖြစ်သွားနိုင်သည်။
မြင်း၏ အားလှိုင်းများက အနောက်မှ တွန်းတိုက်လာသလိုမျိုး မျိုးဆက်အသစ်က အဟောင်းကို အစားထိုးသည်။ ဒီတာဝန်အတွက် လုံလောက်သည့် စွမ်းအင်မျိုး သူ့တွင်မရှိမည်ကိုသာ စိုးရိမ်ရသည်။ ကြည့်ရသည်မှာ ကံကောင်းစွာဖြင့် သူဖြစ်နေခဲ့၏။ အခြားတစ်ယောက်သာဆိုလျှင် တူညီသော ဗျူဟာကို သုံးလျှင်ပင် တုဝူစစ်လီကိုတားရန် ခက်လောက်သည်။
ကောင်းရှန်းကျစ်က တုစုန့်မာန်ဖော်ကျဲ့နှင့် ကြမ်းတမ်းသည့်တိုက်ပွဲကို ဆင်နွဲနေချိန်တွင် သူဟာ ဝမ်ချောင်ကို အမြဲတစေ အာရုံစိုက်နေခဲ့သည်။ ဝမ်ချောင်၏ စစ်အနုပညာအပေါ် နားလည်သဘောပေါက်မှုက သက်တူရွယ်တူများအတွင်းတွင် သို့မဟုတ် အဆင့်အတန်း တူသူများအတွင်းတွင် နေ့လည်ခင်းနေမင်းကဲ့သို့ ထိပ်ဆုံးတွင် ရှိနေသော်လည်း သူ၏ တိုက်ကွက်ကို ဖမ်းဆုပ်နိုင်စွမ်းအားကမူ လျို့ဝှက်ဆန်းကြယ်နေသေးသည်။ ကောင်းရှန်းကျစ်ကလည်း ဝမ်ချောင်ဟာ တုဝူစစ်လီကြောင့် အလဲထိုးခံရနိုင်သည်ဟု ယုံကြည်နေခဲ့၏။ သို့သော် အခြေအနေကမူ ထင်ထားသလောက် မဟုတ်ဘဲ လွယ်ကူလွန်းနေခဲ့၏။ သူ၏ စစ်သိုင်းများအပေါ် နားလည်သဘောပေါက်မှုက လေးစားဖွယ်ကောင်းသေးသည်။ သူ၏ သိုင်းပညာစွမ်းရည်ကလည်း ပြောင်မြောက်၏။
“ကောင်းရှန်းကျစ် မင်းချီရှီကာကွယ်ရေး ဗိုလ်ချုပ်အသစ်ကို စိုးရိမ်တာထက် မင်းကိုယ်မင်းပဲ ပိုပြီးစိုးရိမ်နေသင့်တယ်”
ဒေါသတကြီးဖြစ်နေသောအသံက ကောင်းရှန်းကျစ်၏ အတွေးများကို နှောက်ယှက်သည်။
“မဟာထန်ရဲ့အရှုံးက ဒီတိုက်ပွဲမှာ သေချာနေပြီးသား။ အဲ့ဒီနောက်မှာ လုံရှီနဲ့ ချုံးတောင်တန်းတွေအကြားက နယ်မြေက ငါတို့ယွီစန်းရဲ့အပိုင်ပဲ”
ထိုစကားလုံးများက လေထဲတွင်သာ ရှိသေးသည်။ အနက်ရောင် အသားအရည်နှင့် ဗုဒ္ဓရုပ်ပွားတော်က တောင်တန်းတစ်လုံးကိုပင် ကွဲအက်သွားစေနိုင်သော လက်ဝါးမျိုးနှင့်အတူ ကောင်းရှန်းကျစ်၏ခေါင်းကို ရိုက်ချသည်။
တုစုန့်မာန်ဖော်ကျဲ့အနေနှင့် ကောင်းရှန်းကျစ်နှင့် ပထမဦးဆုံးအကြိမ် ရင်ဆိုင်ခြင်း မဟုတ်သည့်တိုင်အောင် ကောင်းရှန်းကျစ်ကလည်း ဝမ်ချောင်၏ တိုက်ပွဲကို အာရုံစိုက်ချိန် မရှိတော့ဘဲ တုစုန့်မာန်ဖော်ကျဲ့ကို ဒေါသတကြီး တိုက်ခိုက်သည်။
“ဟား ဟား အရူးစကားပဲ။ ဒီတိုက်ပွဲပြီးသွားတဲ့နောက်မှာ မင်းတို့ယွီစန်းက အနောက်ပိုင်းနယ်မြေမှာ ရှိနေဦးမလား၊ မင်းတို့မှာ တိုက်ခိုက်စရာ ရှိနေဦးမလားလို့ သိချင်ပါသေးတယ်။ ယွီစန်းအင်ပါယာရဲ့ တော်ဝင်တပ်ရင်းလေးခုထဲမှာ နှစ်ခုပဲ ကျန်တော့လောက်တယ်”
ကောင်းရှန်းကျစ်က ပြန်လှောင်သည်။
“မင်း...”
ဒေါသထွက်သွားသော တုစုန့်မာန်ဖော်ကျဲ့က သူ၏ကြီးမားသော လက်ကြီးကို ပို၍မြန်ဆန်သော အရှိန်နှုန်းနှင့်အတူ ကောင်းရှန်းကျစ်ထံ ပို့လွှတ်သည်။
ဝုန်း
မှင်သက်ဖွယ်ကောင်းသော ရိုက်ချက်ကို ရင်ဆိုင်ရချိန်တွင် ကောင်းရှန်းကျစ်၏ မျက်နှာက ရှေးဟောင်းရေတွင်းကဲ့သို့ တည်ငြိမ်နေသေးသည်။ သူ၏ဓားကို အနည်းငယ် ယမ်းလိုက်ရုံဖြင့် လေထုက ပေါက်ကွဲသွားလေပြီး ခမ်းနားသော ဓားချည်အလင်းတန်းများက ဖြာထွက်လာကာ ကောင်းကင်တစ်ခုလုံးအနှံ့ ခုတ်ချလိုက်သည်။
ဘန်း
ကြမ်းတမ်းသော လေပြင်းများက အရပ်မျက်နှာအနှံ့ ဖြတ်သန်းတိုက်ခတ်သွားသည်။ မြေပြင်ရှိ အလောင်းတိုင်းကပင် လွင့်သွား၏။
ထိုတိုက်ခိုက်မှု၏ အလယ်တွင်ရှိသော ကောင်းရှန်းကျစ်ကမူ လှုပ်ခတ်သွားခြင်းပင်မရှိချေ။ သို့သော် တုစုန့်မာန်ဖော်ကျဲ့၏ အနက်ရောင် ဗုဒ္ဓရုပ်ပွားတော်ကြီးကမူ ခြေတစ်လှမ်းခန့် ဆုတ်လိုက်ရသည်။
တုစုန့်မာန်ဖော်ကျဲ့၏ မျက်ဝန်းက ကျဉ်းမြောင်းသွားသည်။ သို့သော် ချက်ချင်းဆိုသလိုပင် တိုက်ပွဲထဲသို့ ပြန်လည်ခုန်ဝင်ပြန်၏။ အခြားတစ်ဖက်တွင် ဟော်ရှု့ဟွေ့ခမ်းကလည်း ပြင်းထန်သည့် တိုက်ပွဲကို ဆင်နွဲနေသည်။ သူ၏ဗုဒ္ဓ ရွှေသားခန္ဓာကိုယ် ရုပ်ပွားတော်ကြီးက တောက်လောင်နေသော နေမင်းကဲ့သို့ဖြစ်နေပြီး ပေါ်တင်တိုက်ကွက်များ ထွက်ပေါ်လာသလို ချောင်းမြောင်းကာ တိုက်ခိုက်သည့် အကွက်များကိုလည်း ထုတ်သုံးနိုင်သည်။ သူ၏လက်ဝါးရိုက်ချက် တစ်ချက်ချင်းစီတိုင်းက မြေပြင်တွင် ကြီးမားသည့် တွင်းပေါက်ကြီးကို ပေါက်ထွက်စေသည်။
ဟော်ရှု့ဟွေ့ခမ်းကလည်း နတ်ဘုရားဝင်္ကပါများနှင့် ပတ်သတ်ပြီး အတွေ့အကြုံ ရှိနေပြီးသားဖြစ်သည်။ သူ၏တိုက်ကွက် တစ်ကွက်ချင်းစီတိုင်းက ခပ်အေးအေးဖြစ်နေပြီး ယုံကြည်မှုအပြည့် ရှိနေ၏။ သူက ပြိုင်ဘက်ကိုပင် နောက်ဆုတ်အောင် လုပ်နိုင်လာသည်။ သို့ရာတွင် အဆင့်လွန် ခွဲထုတ်ခြင်းနတ်ဘုရားဆိုသည့် အန်းရှီကာကွယ်ရေးစစ်တပ်မှ အရှိန်အဝါကြီးမြတ်သော ဝင်္ကပါကလည်း အတွေ့အကြုံသစ်တစ်ခုကို ရနေလေသည်။
ချန်းချန့်လီ၏ အဆင့်မြင့် ခွဲထုတ်ခြင်းနတ်ဘုရားဝန်းကျင်မှ ချိန်းကြိုးများအားလုံးက ကိုယ်ပိုင် အသက်ရှိနေသလိုမျိုး ဟော်ရှု့ဟွေ့ခမ်း၏ အဆင့်မြင့်နေရာတိုင်းကို တိုက်ခိုက်နိုင်သည်။ အခွင့်အရေး ရသည်နှင့် သူ၏ အဆင့်မြင့်နေရာတိုင်းကို ရစ်ပတ်ချုပ်နှောင်ရန် ကြိုးစားသည်။ တစ်ဖက်မှ ရုပ်ပွားတော်ကြီးကပင် အင်အားအပြည့် မထုတ်နိုင်အောင် ဖိနှိပ်ခံထားရပြန်သည်။
အခန်း(၉၂၄)
ခြိမ်း
ကြီးမားသော ကြယ်တာရာစွမ်းအင် ချိန်းကြိုးကြီးက လေထုကို ထိုးခွဲသွားပြီး ဗုဒ္ဓရွှေသားခန္ဓာကိုယ် ဗာဂျရာ၏ ခြေမျက်စိကို ရစ်ပတ်လိုက်သည်။ သို့သော် ဟော်ရှု့ဟွေ့ခမ်းက လက်ဝါးတစ်ချက်ဖြင့် ရိုက်ချခြင်းဖြင့် ကွဲအက်သွားစေလိုက်သည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း နောက်ထပ် ကြယ်တာရာစွမ်းအင် ချိန်းကြိုးတစ်ခုက ဟော်ရှု့ဟွေ့ခမ်း၏ လက်ကောက်ဝတ်ကို လာရစ်ပတ်ပြန်သည်။ ထို့နောက် တတိယ၊ စတုတ္ထ... ဟော်ရှု့ဟွေ့ခမ်း၏ လက်သီးများက ပျံနေသလိုမျိုး ချိန်းကြိုးများကို ဖောက်ကွဲအောင်လုပ်ရင်း၊ လွင့်ထွက်အောင်လုပ်ရင်းနှင့် အလုပ်များနေသည်။ သူက ရှေ့သို့ တစ်လှမ်း တက်လိုက်ပြီးနောက် အဆင့်လွန်ခွဲထွက်ခြင်းနတ်ဘုရားကို နောက်သို့တွန်းသည်။
“လောင်ကျွမ်းခြင်းခန္ဓာကိုယ် မက်ထရာ ငါ့ရဲ့လမ်းကဖယ်”
ထိုရုပ်ပွားတော်ကြီး၏ လက်ဝါးများက ရှေ့သို့ပူးကပ်လာချိန်တွင် တောက်လောင်နေသော မီးတောက်များက နေမင်းကဲ့သို့ ထင်ရှားစွာဖြင့် ပေါက်ကွဲထွက်လာသည်။ စွမ်းအင်လှိုင်းများက ကြမ်းတမ်းသောလေပြင်းကို ထိုးမွှေနှောက်သည်။ အဆင့်လွန်ခွဲထုတ်ခြင်း ဝင်္ကပါက လက်သီးချက် အနည်းငယ်ထဲနှင့် ထိုတောက်ပလွန်းသည့် ရိုက်ချက်မှ စွမ်းအင်များကို ပျက်ပျယ်သွားစေလိုက်သည်။
“မဟာဗိုလ်ချုပ်ဟော်ရှု့ ငါနဲ့သာဆိုရင် မင်းအနေနဲ့ မင်းရဲ့မျှော်လင့်ချက်တွေ အားလုံးကို ထိန်းထားသင့်တယ်။ မင်းငါ့ကိုကျော်ပြီး ခြေတစ်လှမ်းတောင် လှမ်းနိုင်မှာမဟုတ်ဘူး”
ချန်းချန့်လီ၏ ဖြောင့်မတ်မှန်ကန်ပြီး ကျောစိမ့်ဖွယ်ကောင်းသော အသံက တိုက်ပွဲနယ်မြေကို ပဲ့တင်ထပ်သွားစေပြန်သည်။
အစမှအဆုံးအထိ ဟော်ရှု့ဟွေ့ခမ်းက ဝမ်ချောင်ရှိရာဘက်သို့ တဖြည်းဖြည်းချင်း တိုးနေခဲ့သည်။ ချန်းချန့်လီကလည်း အခြေအနေကိုမြင်သည်။ ဝမ်ချောင်ဟာ ယွီစန်းဘက်မှ မဟာဗိုလ်ချုပ်တိုင်းအတွက် ဆူးကဲ့သို့ဖြစ်နေသည်။ ဟော်ရှု့ဟွေ့ခမ်းပင်ဖြစ်စေ၊ တုစုန့်မာန်ဖော်ကျဲ့ပင်ဖြစ်စေ အားလုံးက တုဝူစစ်လီနှင့်ပေါင်းကာ ဝမ်ချောင်ကို သတ်ချင်ကြသည်။ သို့သော် ချန်းချန့်လီကလည်း ထိုဆန္ဒကို ဖြစ်ခွင့်ပြုလိမ့်မည်မဟုတ်ချေ။
ဝမ်ချောင်က စစ်သည်တစ်သိန်းကျော်ကိုခေါ်ပြီး အန်းရှီကာကွယ်ရေးစစ်တပ်ထံ လာရောက် ကူညီပေးခဲ့သည်။ ဝမ်ချောင်ကသာ ဒီနေရာတွင် အဝိုင်းခံခဲ့ရပြီး အသတ်ခံခဲ့ရလျှင် အန်းရှီကာကွယ်ရေးစစ်တပ် တစ်ခုလုံး၏ နာမည်ကပင် မရှိသင့်တော့ချေ။ ထို့ကြောင့် သူဟာ ဟော်ရှု့ဟွေ့ခမ်းထက် အနည်းငယ် အားနည်းနေလင့်ကစား ချန်းချန့်လီက ခြေလှမ်းတစ်ဝက်ပင် နောက်ဆုတ်လိမ့်မည်မဟုတ်ချေ။ သူ၏အင်အားတိုင်းကိုသုံးပြီး ဟော်ရှု့ဟွေ့ခမ်းကို အရတားမည်ဖြစ်သည်။
ဘုန်း ဘုန်း ဘုန်း
နှစ်ယောက်က ကြမ်းတမ်းသော တိုက်ပွဲအတွင်းသို့ ရောက်ရှိသွားသည်။
တိုက်ပွဲနယ်မြေ အလယ်ဗဟိုတွင် ဝမ်ချောင်နှင့် တုဝူစစ်လီ၏ တိုက်ပွဲဖြစ်ပြီး အလွန်နက်ရှိုင်းသော တွင်းကြီးတစ်တွင်းထဲသို့ပင် ရောက်ရှိနေ၏။ လေထဲတွင် တုဝူစစ်လီ၏ တိုက်ခိုက်မှုများက ဝမ်ချောင်၏ ပတ်ပတ်လည်တွင် ပေါက်ကွဲနေသည်။
“ကောင်းကင်ဘုံဝံပုလွေရဲ့ နေမင်းကို ကိုက်ချက်”
“ကောင်းကင်ဘုံဝံပုလွေက ကြယ်စင်ကိုဝါးမြိုခြင်း”
“ကောင်းကင်ဘုံဝံပုလွေရဲ့ တောင်တန်းတွေကို ဖနောင့်နဲ့ပေါက်ခြင်း”
တုဝူစစ်လီက အမျိုးမျိုးသော အဆင့်လွန်သိုင်းတိုင်းကို မြင်းပေါ်မှတဆင့် လှမ်းယူထုတ်သုံးနေခဲ့သည်။ သူက ဝမ်ချောင်ကို အရပ်မျက်နှာတိုင်းမှ ချိန်ရွယ်ကာ တိုက်ခိုက်နေခဲ့၏။ သို့သော်သူက မည်မျှများပြားသော သိုင်းများကို သုံးစေကာမူ ဝမ်ချောင်က အမြဲတစေ ကြိုတင်ခန့်မှန်းနိုင်ပြီး တားမြစ်နိုင်ပြန်သည်။ တုဝူစစ်လီကလည်း မူလကမူ တိဗက်နှင့် တူရကီမြင်းတပ် ခြောက်သောင်းကျော်၏ အဝိုင်းခံနေရသော အနေအထားကို ဖြိုခွဲရန် ဝင်ရောက်ခဲ့ခြင်းသာလျှင်ဖြစ်ပြီး ယခုမူ ထိုပန်းတိုင်ကိုပင် မေ့သွားပြီဖြစ်သည်။ သူ၏စိတ်ထဲတွင် ကျန်နေရစ်သည့် တစ်ခုတည်းသောအရာက ဝမ်ချောင်ကိုသတ်ရန်ဖြစ်သည်။
“မျိုးမစစ်ကောင် ငါမင်းကို ဒီနေ့သတ်မှာ။ ကောင်းကင်ဘုံဝံပုလွေရဲ့ လမင်းကိုရိုက်ချက်”
တုဝူစစ်လီ၏ ဒေါသတကြီး အော်သံက ကောင်းကင်တွင် ဟိန်းထွက်သွားသည်။ သူနှင့်သူ၏မြင်းက ကြွေကျသော ကြယ်စင်အဖြစ် ပြောင်းလဲနေပြီး နတ်ဘုရင်ရာမထံ တိုးဝင်သွားသည်။ သို့သော် အလွန်ကျယ်လောင်လွန်းသော ပေါက်ကွဲသံနှင့်အတူ ဝမ်ချောင်က အကွက်ပေါင်းများစွာကို ထုတ်သုံးလျှက် ထိုရိုက်ချက်၏ အားများကို ပြန်တွန်းထုတ်လိုက်သည်။
တုဝူစစ်လီ၏ အကွက်က ထိုခွန်အား၏ ခုနှစ်ဆယ်ရာခိုင်နှုန်းကျော်ခန့်ကိုသာ ထုတ်ပြနိုင်ခဲ့သည်။
“တုဝူစစ်လီ ငါခင်ဗျားကို မယုံတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားမှာ အဲ့လောက်အချိန် မရှိနိုင်ဘူး”
ဝမ်ချောင်က ယုံကြည်မှုရှိစွာရယ်ရင်း ဗာဂျရာ၏ ငရုတ်ကျည်ပွေ့များထဲမှ တစ်ခုကို တုဝူစစ်လီထံ ယမ်းရင်းတိုက်ခိုက်လိုက်ပြန်သည်။
ဝုန်း
တုဝူစစ်လီက ပေါ့ပါးစွာလှမ်းခုန်လျှက် ဝမ်ချောင်၏ တိုက်ကွက်ကို အသာအယာရှောင်သည်။ သူ၏တိုက်ကွက်မှ အင်အားက လျော့ကျသွားပြီး ဝမ်ချောင်အပေါ် သက်ရောက်အောင် မလုပ်နိုင်သော်လည်း သူဟာ အလွန်အမင်း အင်အားကြီးမားသည့်ပုဂ္ဂိုလ် ဖြစ်နေသေးသည်။ ဝမ်ချောင်၏ တိုက်ကွက်များကမူ သူကဲ့သို့ အနောက်ပိုင်းတူရကီ ခါကာနိတ်မှ အင်အားအကြီးဆုံး မဟာဗိုလ်ချုပ် သုံးယောက်ထဲမှ တစ်ယောက်ကို မခြိမ်းခြောက်နိုင်ချေ။
“ကောင်စုတ်လေး မင်းဘာကိုဆိုလိုတာလဲ”
တုဝူစစ်လီ၏မျက်လုံးက မှေးကျဉ်းသွားပြီး ဝမ်ချောင်ကို စိုက်ကြည့်သည်။
“ဟွန့်”
ဝမ်ချောင်က ရယ်ရင်းနှင့်သာဖြေသည်။ သူ၏မျက်ဝန်းက တုဝူစစ်လီကိုကြည့်ပြီး အဝေးရှိ တောင်ကုန်းထံ ရောက်သွား၏။ တုန့်ပြန်သည့်အနေဖြင့် တိုက်ပွဲနယ်မြေကိုကျော်လွန်ကာ ဟိန်းထွက်လာသည့် ခရာမှုတ်သံက ပေါ်ထွက်လာသည်။ တုဝူစစ်လီ၏ မျက်နှာက အေးခဲသွားပြီး ထိုခရာမှုတ်သံ ထွက်လာသည့်ဘက်သို့ အလွန်အမင်း ဖော်ပြရန်ခက်ခဲသည့် ခံစားမှုမျိုးနှင့် ကြည့်လိုက်သည်။
အနီးအနားရှိ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကလည်း အလားတူ ခံစားလိုက်ကြရသည်။ ထိုအချက်ပြမှုက စစ်တပ်ကို နောက်ဆုတ်ခိုင်းခြင်းဖြစ်သည်။
အခြားသောသူများကမူ ခရာမှုတ်သံကြားမှ ခြားနားချက်ကို မသိလောက်သော်လည်း ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကသိသည်။ အလားတူပင် ထိုအခြေအနေက သူတို့ကို နောက်ဆုတ်ခိုင်းနေခြင်းဖြစ်ပြီး သာ့လွန်ရော့ကျန်းက ပို့လွှတ်ခဲ့သည့် အချက်ပြလည်းဖြစ်သည်။
“မဟာဗိုလ်ချုပ် ငါတို့နောက်ဆုတ်သင့်တယ်။ အနာဂတ်မှာဆက်ပြီး တိုက်ခိုက်လို့ရပါတယ်”
ဟော်ရှု့ဟွေ့ခမ်းက ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်ကို လှမ်းအော်လိုက်သည်။
တုဝူစစ်လီက ဘာစကားမှမပြောချေ။ သူ၏မျက်နှာက ရှုံ့မဲ့နေသည်။ သူဟာလည်း တိဗက်များက နောက်ဆုတ်ခိုင်းမည်ဟု မထင်ထားမိချေ။ သို့သော် သူက တုန့်ဆိုင်းနေသည့်အချိန်တွင် အောက်ဘက်ရှိ တိဗက်နှင့်တူရကီ ထောင်ပေါင်းများစွာက အမိန့်အတိုင်း နောက်ဆုတ်နေကြခြင်းဖြစ်သည်။
ဝုန်း
ထိုအခိုက် တိုက်ပွဲနယ်မြေတစ်ခုလုံးက ဆက်လက်ဖြစ်ပွားနေသေးပြီး လူတိုင်းက နောက်သို့ပြန်ဆုတ်ကြသည့် အချိန်တွင် တာလာ့၏ အရှေ့ပိုင်းမှလည်း နောက်ဆုတ်သည့်လက္ခဏာ ပြလာသည်။
ဘန်း ဘန်း
တုဝူစစ်လီနားတွင် ကျယ်လောင်သည့်ပေါက်ကွဲသံ နှစ်သံက ထွက်လာသည်။ တစ်သံက ဘယ်ဘက်မှဖြစ်ပြီး နောက်တစ်သံက ညာဘက်ခြမ်းမှဖြစ်သည်။ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့က အလားတူပင် အင်အားများကို ဖောက်ထုတ်သုံးလျှက် ပြိုင်ဘက်မျာကို နောက်လွင့်သွားအောင် လုပ်လိုက်ပြီး တိုက်ခိုက်မှုမှ ဖောက်ထွက်လျှက် စစ်တပ်ကိုကာပေးရင်း နောက်သို့ဆုတ်သည်။
တုဝူစစ်လီ၏စိတ်ကလည်း မုန်တိုင်းထန်သွားသည်။ သူဟာ အလွန်အမင်း လက်သင့်မခံလိုလေသည့်တိုင်အောင် နောက်ဆုတ်ရန် ရွေးချယ်လိုက်ရသည်။
သူက ဝမ်ချောင်ကို သတ်ချင်စိတ် ပြင်းထန်နေသေးပြီး လက်မလျော့ချင်သေးသည့်တိုင်အောင် ချန်းချန့်လီနှင့် ကောင်းရှန်းကျစ်ကလည်း တိုက်ပွဲထဲဝင်လာခဲ့သော် သူကလည်း သုံးယောက်လုံးကို တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ချေ။ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့၏ ကာကွယ်ပေးမှု မရှိတော့သောအခါ သူဟာလည်း ဝမ်ချောင်ကို ငြိမ်းငြိမ်းချမ်းချမ်း တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ချေ။
“နောက်ဆုတ်”
တုဝူစစ်လီက လက်ကိုယမ်းလိုက်ပြီး နောက်ဆုတ်ရန်အမိန့်ထုတ်သည်။
ခြိမ်း
တူရကီမြင်းတပ်ကလည်း စတင်ကာ နောက်ဆုတ်ကြသည်။
“ဝမ်ချောင် ငါတို့လိုက်သင့်လား”
ကောင်းရှန်းကျစ်က တုစုန့်မာန်ဖော်ကျဲ့တို့၏ အနောက်သို့ လိုက်ရန်မစဉ်းစားဘဲ ဝမ်ချောင်ကိုသာ လှည့်မေးသည်။
ကောင်းရှန်းကျစ်က ဝမ်ချောင်၏ စီနီယာဖြစ်သည်။ သို့သော် သူကဲ့သို့သော လူမျိုးက ဝမ်ချောင်ကို မည်သည့်အချိန်တွင် မည်သို့လုပ်နေကြောင်း မေးမြန်းခြင်းကတင် သူဟာ ဝမ်ချောင်က ဗျူဟာနှင့် နည်းပညာအရာတွင် သူ့ထက်သာကြောင်း ဝန်ခံပြီးသားဖြစ်ကြောင်း ဖော်ပြနေသည်။
“မလိုပါဘူး”
ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ သူက ပေါ့ပါးသော အပြုံးမျိုးကိုပေးသည်။
“သူတို့ကို သွားခွင့်ပြုလိုက်ပါ။ သူတို့က တကယ်မရှုံးသေးပါဘူး။ တုဝူစစ်လီနဲ့ အဲ့ဒီနှစ်ယောက်ကလည်း နောက်တန်းကိုထိန်းထားသမျှ ငါတို့က လိုက်တိုက်ရင်တောင် ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ နောက်ပြီး ... ဗျူဟာအရ စကားပြောရရင် ငါတို့က ငါတို့လုပ်သင့်တာကို လုပ်ပြီးပြီ။ သူတို့ကို နောက်ဆုတ်ခွင့်ပြုသင့်တယ်”
သာ့လွန်ရော့ကျန်းက အမှန်ပင် လေးစားဖွယ်ကောင်းလေသည်။ ဝမ်ချောင်က တုဝူစစ်လီနှင့် တိုက်ခိုက်နေချိန်တွင် သာ့လွန်ရော့ကျန်းကလည်း ပိတ်လှောင်ခံလိုက်ရသော တိဗက်နှင့်တူရကီမြင်းတပ်ကို လွတ်မြောက်အောင် ဦးဆောင်နိုင်ခဲ့သည်။ ထိုသို့ဖြစ်နေသည့်တိုင်အောင် ဝမ်ချောင်၏ အင်အားစုကလည်း ထိုအဖွဲ့ဝင်လေးသောင်းကျော်ကို အောင်မြင်စွာ သတ်နိုင်ခဲ့သည်။ ထို့ပြင် တိုက်ပွဲနယ်မြေ တစ်ခုလုံးထဲတွင် သေဆုံးနေသော ဝံပုလွေပေါင်း များစွာနှင့်အတူ တိဗက်လင်းတပေါင်း များစွာကလည်း တောင်ပုံရာပုံ မိုးရွာသလို ပြုတ်ကျသေဆုံးနေပြီးသားဖြစ်သည်။
တူရကီနှင့် တိဗက်များ၏ ပူးပေါင်းထားသော တစ်သိန်းနှစ်သောင်းခန့်ရှိမည့် အင်အားစုက အထိနာသွားသည်။ သူတို့က ပမာဏအများကြီး ဆုံးရှုံးသွား၏။ ထို့ကြောင့် သူတို့၏ ပမာဏက ခုနှစ်သောင်းကျော်အထိ လျော့ကျသွားလေသည်။
ထိုမျှအထိ လျော့ကျသွားသောအခါ သာ့လွန်ရော့ကျန်းကဲ့သို့ ဉာဏ်ပညာရှိပြီး ဗဟုသုတ ကြွယ်ဝသောလူကပင် လက်သင့်ခံနိုင်လိမ့်မည်မဟုတ်ချေ။ ဗျူဟာအရ ပြောရသော် ဝမ်ချောင်က သူလုပ်ချင်သည့် ပမာဏထိ ပြည့်မြောက်အောင် လုပ်နိုင်ခဲ့သည်။
“သူတို့နောက်ဆုတ်သွားတာက စောသွားတယ်။ အဲ့လိုမှမဟုတ်ရင် ငါတို့က ဒီထက်များတဲ့ တိဗက်တွေနဲ့ တူရကီတွေကို သတ်နိုင်ပြီး သူတို့ရဲ့စစ်တပ်ကို အထိနာအောင်လုပ်နိုင်မှာ”
ချန်းချန့်လီက ရောက်လာသည်။ သူ၏အသံထဲတွင် နောင်တများပါပြီး သူက နောက်ဆုတ်သွားသော စစ်တပ်ကိုကြည့်သည်။
“သူကလည်း နောက်မဆုတ်ချင်ပါဘူး။ ဒါပေမဲ့ နောက်ဆုတ်ဖို့ ဖိအားပေးခံလိုက်ရတာ”
ဝမ်ချောင်က ထူးမခြားနားသလိုပြောသည်။ သူက ဆက်လက်ပြီး မရှင်းပြချေ။ တိုက်ပွဲနယ်မြေ၏ အဆိပ်ချည်စက်ကွင်းက တချိန်လုံး အသက်သွင်းထားလေရာ တုဝူစစ်လီနှင့် ဟော်ရှု့ဟွေ့ခမ်း၏ အင်အားက ဆက်တိုက်ဆုတ်ယုတ်နေသည်။ သူတို့ကသာ နောက်မဆုတ်လျှင် အချိန်အနည်းငယ် ပိုကြာသည်နှင့် သူတို့အတွက် နောက်ဆုတ်ရန် ခက်သွားပေလိမ့်မည်။
“သွားရအောင် အာရပ်တွေပဲကျန်တယ်”
ဝမ်ချောင်က သူ၏နတ်ဘုရင်ရာမကို ပထမခုခံရေးအားလှိုင်းဘက်သို့ လှည့်ခိုင်းပြီး အမိန့်ကိုထုတ်သည်။
“လီစစ်ယဲ့ စစ်တပ်ကို နောက်ပြန်ဆုတ်ခိုင်းပြီး ဒုတိယမြောက် ခုခံရေးအားလှိုင်းဆီခေါ်သွား။ သူတို့ကို ကျန်တဲ့စစ်တပ်နဲ့ပေါင်းပြီး အာရပ်တွေနဲ့ တိုက်ခိုက်လိုက်ပါ”
“ဒီဗိုလ်ချုပ်က သွားပါ့မယ်”
လီစစ်ယဲ့က ချက်ချင်းပြန်ဖြေသည်။
ပထမဦးဆုံး တုန့်ပြန်လာသည်က ရွှီခဲ့ယွီ၏ လက်နက်ကြီးအဖွဲ့ဖြစ်သည်။ တစ်ထောင်ကျော်သော လက်နက်ကြီးအဖွဲ့ဝင်များက တစ်ချိန်လုံး အင်အားစု၏ အနောက်တွင် ရှိနေခဲ့ပြီး ပထမခုခံရေးအားလှိုင်း၏ အနောက်ဆီ အရင်ရောက်သော အဖွဲ့လည်းဖြစ်သည်။ လက်နက်ကြီးအဖွဲ့က ပေါ်ထွက်လာသည်နှင့်အမျှ အနီးအနားရှိ လက်နက်ကြီး သုံးထောင်လုံးကို အင်အားအဆင့်တစ် တစ်ခုအထိ ထုတ်ပြနိုင်သွားလေသည်။
ဘုန်း ဘုန်း ဘုန်း
လက်နက်ကြီးများ တစ်သုတ်ပြီးတစ်သုတ်က အာရပ်စစ်တပ်ပေါ် ပြုတ်ကျသွားသည်။ သူတို့၏ အောက်ဘက်သို့ထိပြီး ပေါက်ကွဲသွားသောအသံက တိုက်ပွဲနယ်မြေတစ်ခုလုံး ကျယ်လောင်စွာ ဟိန်းထွက်နေသည်။ ဖြတ်ကနဲဆိုသလိုပင် အာရပ်စစ်သည် ခုနှစ်ထောင်နီးပါး အသတ်ခံလိုက်ရသည်။ ထို့နောက် ဒုတိယတစ်သုတ်၊ တတိယတစ်သုတ်... အရေအတွက် အတိအကျပြောရသော် လက်နက်ကြီးအဖွဲ့က မယုံနိုင်စရာကောင်းသော အရှိန်နှုန်းနှင့် တိုက်ခိုက်နိုင်နေသည်ဟု ဆို၍ရလေသည်။
ဝမ်ချောင် ချန်းချန့်လီနှင့် ကောင်းရှန်းကျစ်တို့ ရောက်ရှိလာခြင်းက အာရပ်တိုင်း၏နှလုံးသားအတွင်းသို့ ကြောက်လန့်မှုကို ဝင်ရောက်သွားစေသည်။ သူတို့၏ စစ်မြင်းများကဟီသည်။ သူတို့က နောက်သို့ စဆုတ်ကြသည်။
ဘန်း ဘန်း ဘန်း
အာရပ်စစ်တပ် အနောက်တန်းမှ ဗုံတီးသံက ထွက်ပေါ်လာသည်။ ဝမ်ချောင်နှင့် အခြားသူများက တိုက်ပွဲထဲသို့ အပြည့်အဝ မဝင်နိုင်ခင် အပုမူစလင်က နောက်ဆုတ်ရန် အချက်ပေးပြီး မရေမတွက်နိုင်သော အာရပ်စစ်သည်တော်များကို နောက်တန်းသို့ ဆုတ်သွားစေသည်။
လက်ရွေးစင် အင်ပါယာ မဟာဗိုလ်ချုပ်ကြီးသုံးယောက်နှင့် အနောက်ပိုင်းတူရကီမှ ဗိုလ်ချုပ်များကသာ မဟာထန်ကိုမနိုင်လျှင် အာရပ်များကလည်း နိုင်လိမ့်မည်မဟုတ်ချေ။
“စစ်သားတွေတိုက်ခိုက်”
ဝမ်ချောင်ကလည်း ဒီအခွင့်အရေးကို ဒီတိုင်း လက်လွှတ်မခံနိုင်ချေ။ နတ်ဘုရင်ရာမ၏ လက်ဘေးဘက်လုံးက လွှဲယမ်းမှုနှင့်အတူ ကျယ်လောင်သော ပေါက်ကွဲသံမျိုးနှင့် အော်ဟစ်သံများ ထွက်ပေါ်လာစေလျှက် တိုက်ပွဲနယ်မြေတစ်ခုလုံးကိုဆွဲဖြဲပစ်သည်။ အာရပ်မြင်းတပ် ရာပေါင်းများစွာက နတ်ဘုရင်ရာမ၏ ထိုးဖောက်မှုကို ခံရပြီး သွေးမြူများက လေအတွင်းပြည့်လာသည်။ ထို့အပြင် အသားတုံးနှင့် ခြေပျက်လက်ပျက်များကလည်း မိုးရွာသလို ပြုတ်ကျလာသေးသည်။
သိုင်းပညာလမ်းစဉ်တွင် မဟာဗိုလ်ချုပ်များက နောင်ဖြစ်လာမည့် ဗိုလ်ချုပ်များထက် ခေါင်းနှင့်ပုခုံးပိုသာသည်။
နတ်ဘုရင်ရာမဝင်္ကပါ၏ အင်အားကို ချေးငှားယူပြီးနောက် ဝမ်ချောင်ဟာ မြေကမ္ဘာတစ်ခုလုံးကို လှန်နိုင်သည့် စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားပြီဖြစ်သည်။
ဘုန်း
သူ၏ဘေးဘက်မှ ကြောက်မက်ဖွယ်ကောင်းသည့် အော်ဟစ်သံက ထွက်လာသည်။ လေထဲတွင် အော်ဟစ်သံများက တဖန်ပြန်ထွက်ပေါ်လာပြန်၏။ အာရပ်မြင်းတပ် အဖွဲ့ဝင်ရာကျော်က လေထဲသို့ မြောက်တက်သွားပြီး သေစေနိုင်လောက်အောင် ခြိမ်းခြောက်ခံရသည့် စွမ်းအင်အောက်တွင် ထိုးဖောက်ခံရသည်။ ချန်းချန့်လီ၏ အဆင့်လို ခွဲထုတ်ခြင်း နတ်ဘုရားကလည်း တိုက်ပွဲထဲသို့ ဝင်ရောက်လာလေသည်။
အခန်း(၉၂၅)
“လုံလောက်ပြီ လွှတ်ပေးလိုက်တော့”
ဝမ်ချောင်နှင့် ချန်းချန့်လီက လိုက်ဖမ်းတော့မည့်အချိန်တွင် ကောင်းရှန်းကျစ်၏ အသံက သူတို့၏ နားအတွင်း ဟိန်းထွက်လာသည်။ သူ၏မျက်ဝန်းက ရှေ့သို့သာ စိုက်ကြည့်နေ၏။ သူ၏ အသံအတွင်း ထူးခြားသော လေသံတစ်မျိုးကလည်းပါသည်။
ဝမ်ချောင်က ကောင်းရှန်းကျစ်၏ အကြည့်နောက် လိုက်ကြည့်သောအခါ အာရပ်စစ်တပ်ဘက်မှ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် ပုံရိပ်နှစ်ခုက မြင်းစီးလျှက်လာနေကြောင်း မြင်လိုက်ရသည်။ သူတို့က အရှိန်အဟုန်မြင့်သည့် တောင်ပေါ်မြင်းများကိုစီးပြီး ပင်လယ်သမုဒ္ဒရာအပေါ် တောင်တန်းကြီးကိုသယ်ကာ ကျော်လွှားမင်းမူတော့မည့် ပုံစံမျိုးနှင့် ဝင်ရောက်လာနေခြင်းဖြစ်သည်။ အာရပ်မြင်းတပ် သောင်းကျော်ကပင် သူတို့၏ အစွန်အဖျားကိုပင် မမှီကြချေ။
ထိုနှစ်ယောက်က မည်သည့်အရာကိုမှ မလုပ်ရသေးသော်လည်း သူတို့၏ တည်ရှိမှုကတင် မြေသားတစ်ခုလုံးအနှံ့ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်များဖြင့် ပြည့်နှက်နေလေပြီးဖြစ်သည်။ အကွာအဝေးက ထင်ရှားနေသေးသည့်တိုင်အောင် ဝမ်ချောင်ကလည်း တစ်ဖက်ထံမှ ထွက်ပေါ်နေသည့် ပြင်းပြသော အရှိန်အဝါက သူယှဉ်နိုင်သော အဆင့်မဟုတ်ကြောင်းသိသည်။ သူ၏ နတ်ဘုရင်ရာမထက်ပင် သာလွန်လောက်သည်။
“အပုမူစလင်”
ဝမ်ချောင်က အာရပ်စစ်သေနာပတိချုပ်ဆိုသော တောင့်တင်းသန်မာသည့် ကြွက်သားအပြည့်နှင့် ပုဂ္ဂိုလ်ကြီးကို လှမ်းကြည့်သည်။ တစ်ဖက်က အနက်ရောင်ဝတ်ရုံကို ခြုံထားသည်။ သူ၏ခန္ဓာကိုယ်က သံမဏိသားဖြင့် လုပ်ထားသလိုပင် ထင်ရ၏။ ဝမ်ချောင်က အပုမူစလင်ကို မမြင်ဖူးချေ။ သို့သော် တစ်ချက်ကြည့်ရုံဖြင့်ပင် သူ့ကိုသိနိုင်သည်။
အပုမူစလင်၏ မျက်လုံးက ရက်စက်သည်။ ခြောက်ခြားဖွယ်ကောင်းသော အကြည့်မျိုးကို ပိုင်ဆိုင်ထား၏။ သေးငယ်သော ခံစားချက် အရိပ်အယောင်ကိုပင် မမြင်ရချေ။ အေးစက်သော သံမဏိတုံး နှစ်တုံးဖြင့် လုပ်ထားသလိုထင်ရ၏။ သူ၏ခန္ဓာကိုယ် ပတ်ဝန်းကျင်မှ စွမ်းအင်များကလည်း မရပ်တန့်ဘဲ စီးဆင်းမည့် ဒီရေကဲ့သို့ဖြစ်နေပြီး အဆုံးအစမဲ့ပုံပေါ်သည်။ ဝမ်ချောင်ကလည်း သူဟာ ကောင်းကင်ဘုံဝံပုလွေ တုဝူစစ်လီထက် အင်အားကြီးကြောင်း နားလည်နေသည်။
ဝမ်ချောင်ကလည်း ရုတ်တရက် မည်သည့်အတွက်ကြောင့် အန်းရှီစစ်နတ်ဘုရားက တာလာ့သို့ ရောက်ရောက်ခြင်း အနေအထားကကဲ့သို့ ဆိုးရွားသော အတိုင်းအတာအထိ ထိုးနှက်ခံလိုက်ရသည့် အခြေအနေသို့ ရောက်ခဲ့ကြောင်း နားလည်သွားသည်။ ထိုအာရပ်ဗိုလ်ချုပ်၏ အင်အားက ကောင်းရှန်းကျစ်ထက်သာသည်။
“သူ့ဘေးကတစ်ယောက်က အာရပ်လက်ထောက်အစိုးရ ကျစ်ရတဲ့။ နှစ်ယောက်လုံးက မယုံနိုင်စရာ ကောင်းလောက်အောင် အင်အားကြီးမားတယ်။ ငါတို့ကသာဆက်ပြီး တိုက်ရင် အပုမူစလင်နဲ့ ကျစ်ရက ကွင်းထဲဝင်လာမှာပဲ။ ငါတို့ရဲ့ အခြေအနေနဲ့ဆိုရင် နှစ်ဖက်လုံးက ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး ရှုံးသွားလိမ့်မယ်။ ဟော်ရှု့ဟွေ့ခမ်းနဲ့ အခြားသူတွေကသာ ဒီလိုအခြေအနေကိုရွေးပြီး ဝင်လာခဲ့ရင် ငါတို့က တော်တော်လေးကို အင်အားနည်းပြီး ခုခံရတဲ့ အတိုင်းအတာထိ ရောက်ရှိသွားလိမ့်မယ်”
ကောင်းရှန်းကျစ်က ထိုသို့ပြောသည်။
ကောင်းရှန်းကျစ်က အပုမူစလင်ကို ရည်ညွှန်းသည့်အချိန်တိုင်းလိုလို အလွန်အမင်း လေးစားသောစိတ်ကို ဖော်ပြနေလေ့ရှိသည်။ သိသာစွာပင် သူဟာ နှစ်လကျော် တိုက်ခိုက်ခဲ့သော သူ၏ရန်သူကို အလွန်အမင်း လေးစားပုံပေါ်သည်။
တိုက်ပွဲနယ်မြေက တိတ်ဆိတ်သွားသည်။ စစ်တပ်နှစ်ခု၏ နောက်ဆုတ်သွားသည့် အသံကသာ ထင်ရှားစွာ တည်ရှိနေတော့လေသည်။
ဝမ်ချောင်နှင့် ထန်ဗိုလ်ချုပ်များက အာရပ်စစ်တပ်၏ ရာထူးအမြင့်ဆုံး ဗိုလ်ချုပ်နှစ်ယောက်ကို လှမ်းကြည့်နေကြသည်။ သူတို့ထဲမှ မည်သူကမှ စကားမပြောကြဘဲ ဒီတိုင်းသာ ရပ်ကြည့်နေကြ၏။
.....
“သာ့လွန်ရော့ကျန်း ဘာဖြစ်တာလဲ။ မင်းကဘာလို့ ရုတ်တရက်ကြီး နောက်ဆုတ်ခိုင်းတဲ့အမိန့် ထုတ်ရတာလဲ။ မင်းငါ့ကိုသာ နည်းနည်းပိုပြီး အချိန်ပေးလိုက်မယ်ဆိုရင် ငါအဲ့ဒီကောင်ကို သတ်ရင်သတ်နိုင်မှာ”
ထိုအချိန်တွင် ကြီးမားသော အာရပ်စစ်တပ် နောက်ဆုတ်သွားသည်နှင့်အမျှ တုဝူစစ်လီကလည်း သူ၏ တူရကီမြင်းကိုစီးလျှက် တာလာ့အရှေ့ပိုင်းရှိ တောင်ကုန်းများထံ ပြန်သွားသည်။ သူနှင့် ဝမ်ချောင်၏ တိုက်ပွဲ အပြင်းထန်ဆုံး အခိုက်အတန့်တွင် သာ့လွန်ရော့ကျန်း၏ အချက်ပြမှုကြောင့် နောက်ဆုတ်ရန် ဖိအားပေးခံခဲ့ရလေရာ သူက အလွန်အမင်း မကျေမနပ် ဖြစ်နေသည်။
“မဟာဗိုလ်ချုပ် အလောတကြီးမလုပ်ပါနဲ့။ ဝမ်ချောင်က တာလာ့မှာ ရှိနေတုန်းပဲ။ မဟာဗိုလ်ချုပ်ကသာ သူ့ကိုတိုက်ခိုက်ပြီး သတ်ချင်ရင် အခွင့်အရေးရှိပါသေးတယ်။ ဒါပေမဲ့ ဒီတိုက်ပွဲ ဆက်ဖြစ်နေရင် ငါတို့က အရမ်းကို အကျိုးမသာတဲ့ဘက်ကို ရောက်သွားလိမ့်မယ်”
သာ့လွန်ရော့ကျန်းက ခပ်တိုးတိုးပြောသည်။ သူ၏အမူအရာက တည်ငြိမ်ပြီး အေးဆေးနေသေးသည်။ တုဝူစစ်လီ၏ အံ့အားတကြီး အော်ဟစ်သောအသံကြောင့် သက်ရောက်မခံရသေးချေ။
“အကျိုးမသာဖြစ်မယ်ဟုတ်လား ဘယ်လိုမျိုးလဲ”
တုဝူစစ်လီက အနည်းငယ် ငြိမ်သွားသည်။ သာ့လွန်ရော့ကျန်းက ပြည်တွင်းအမတ်ဖြစ်သည်။ သူဟာ သိုင်းပညာအရတွင် ကျွမ်းကျင်ခြင်းမရှိသည့်တိုင်အောင် သူ၏ကိုယ်မှ ထူးခြားသော အရှိန်အဝါ တစ်ခုအရ လူအများအပြား ဖော်ပြရန် ခက်ခဲလောက်အောင် တည်ငြိမ်သော ခံစားချက်မျိုး ဖြစ်စေသည်။ ဒီနည်းအားဖြင့် အကျိုးအကြောင်း စဉ်းစားနိုင်စိတ် ပေါ်လာစေ၏။ ဒါကသူ၏ ထူးခြားသော လှည့်ကွက်များထဲမှ တစ်ခုဖြစ်သည်။
တုဝူစစ်လီကပင် ထိုအရာ၏ သက်ရောက်ခံရသေးသည်။
“ဒီလူကလည်း မဟာဗိုလ်ချုပ်က အကုတုလန်အတွက် ကလဲ့စားချေပြီး အက်ရှာဘာရာခါကန်းရဲ့ စစ်မြင်းနှစ်သိန်းဆုံးရှုံးမှုကြောင့် ဒေါသထွက်နေကြောင်း နားလည်ပါတယ်။ ဒါပေမဲ့အခုက မဟာထန်နဲ့ သေတဲ့အထိ တိုက်ခိုက်ဖို့ အချိန်မကျသေးပါဘူး။ မဟာဗိုလ်ချုပ် မေ့နေပြီလား။ ငါတို့ထန်တွေကို ရင်ဆိုင်နေတဲ့ အင်အားစုက ဘယ်ဘက်မှာလဲ”
သာ့လွန်ရော့ကျန်းက အပြုံးနှင့်ပြောသည်။ သူက လက်နှစ်ဖက်ကို ကျောနောက်သို့ ပို့ထားသည်။ သူက မြင့်မြတ်တည်ကြည်ပြီး ရှင်းသန့်သောအပြုံးကို သဘာဝအလျောက်ပင် လွှတ်ထုတ်ပေးနေလေရာ တစ်လောကလုံးကို ဆုံးဖြတ်ချက်ပေးနိုင်သော လူတစ်ယောက်၏ အရှိန်အဝါကို သယ်ဆောင်ထားသည်။
ဝုန်း
ဒီစကားလုံးများက တုဝူစစ်လီကို လှုပ်ခါသွားစေသည်။ သူက နောက်ဆုံးတော့ အသိဝင်သွား၏။ သူ၏မျက်ဝန်းထဲမှ ဒေါသများကလည်း လျော့ပါးပျောက်ကွယ်သွားလေသည်။
“ဟား ဟား ကြည့်ရတာ မဟာဗိုလ်ချုပ်က နားလည်ထားပြီးသားထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က မဟာထန်ရဲ့ ဦးဆုံးတိုက်ခိုက်နေတဲ့ အဖွဲ့အစည်း မဟုတ်သေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဘက်က အဖွဲ့အစည်းက ဒီအင်အားစုတွေကို အနိုင်ယူနိုင်မှာမဟုတ်ဘူး။ မဟာဗိုလ်ချုပ်ကလည်း ဒါကို သတိထားမိတယ်မဟုတ်လား။ အာရပ်တွေက မဟာထန်ရဲ့ ပထမခုခံရေးအားလှိုင်းကိုတောင် မဖောက်နိုင်သေးဘူး”
သာ့လွန်ရော့ကျန်းက ရှေ့သို့ ခြေတစ်လှမ်းခန့်တိုးပြီး နောက်ဆုတ်သွားသည့် အာရပ်မြင်းတပ်ဘက်သို့ကြည့်သည်။
ဒီတိုက်ပွဲတွင် ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့နှင့် တုဝူစစ်လီတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး စစ်တပ်၏ အခြားသော အခြေအနေကို အာရုံမစိုက်ခဲ့ချေ။ သို့သော် အခြားတစ်ဖက်တွင် သာ့လွန်ရော့ကျန်းက အခြေအနေကို ခြုံငုံသုံးသပ်နိုင်သေးသည်။ သူက တိုက်ပွဲ၏ အပြောင်းအလဲတိုင်းကို အာရုံစိုက်နေခဲ့သည်။
ထိုတိုက်ပွဲက အလွန်ရိုးရှင်းခဲ့သည်။ တိဗက်၊ တူရကီ၊ အာရပ်များက သူတို့၏အင်အားနှင့် လက်ရွေးစင် အင်အားစုများကို သိမ်းပြီး မဟာထန်ကို အလဲထိုးရန် ကြိုးစားခဲ့၏။ အာရပ်များကနှင့် သူတို့၏စစ်သည် သိန်းကျော်က မူရင်းတိုက်ခိုက်သည့် အင်အားစုဖြစ်သည်။ ဒီနည်းအားဖြင့် မဟာထန်ကို ထိန်းထားပေးချိန်တွင် တိဗက်နှင့် အနောက်ပိုင်း တူရကီများက ဘေးဘက်မှ ကူညီပေးရမည်ဖြစ်သည်။ ကိစ္စတစ်ခုလုံးက လွန်ခဲ့သော နာရီအနည်းငယ်အထိ ထိုကဲ့သို့ ဖြစ်ခဲ့သေးသည်။
သို့သော် ထိုသို့ရိုးရှင်းပြီး မြင်လွယ်သော တိုက်ပွဲမျိုးက မင်းသားအနည်းငယ် သုံးလိုက်ရုံဖြင့် ဝမ်ချောင်က တည်ဆောက်ထားသော ခုခံရေးအားလှိုင်းနှစ်ခုလုံးအောက်တွင် ချေမွခံရသည့် အနေအထားသို့ ရောက်သွားသည်။ အာရပ်များက ကူညီပြီး တိဗက်နှင့် တူရကီများကသာ အဓိက တိုက်ခိုက်သည့် အင်အားစုအဖြစ်သို့ပင် ပြောင်းလဲသွားသေးသည်။ ထိုအခြေအနေက သာ့လွန်ရော့ကျန်းနှင့် တုဝူစစ်လီတို့ စီစဉ်ထားသော အခြေအနေနှင့် ကွားခြားနေသည်။
“မင်းဆိုလိုတာက... အာရပ်တွေက ငါတို့ကိုသုံးပြီး မဟာထန်တွေရဲ့အင်အားကို ကုန်ခမ်းအောင် လုပ်ချင်တာလား”
တုဝူစစ်လီက ရုတ်ချည်းပြောသည်။
“ဒါကတော့ မသေချာဘူး။ မဟာထန်တွေက ဒိုင်းသမားတွေ၊ လှံတိုသမားတွေနဲ့ အခြား ပထမခုခံရေး အားလှိုင်းက ခုခံမှုတွေ အားလုံးကို လေးလံတဲ့ သံချပ်ကာတွေကို ဝတ်ဆင်ပေးထားပြီး သူတို့ရဲ့ တိုက်ခိုက်တဲ့ မူလအင်အားစုကို ငါတို့ကို ရင်ဆိုင်ခိုင်းထားတယ်။ ဒီအခြေအနေကတင် သူတို့က အနာခံပြီး အားထုတ်ထားရတာ သိသာနေတာပဲ။ ဒါပေမဲ့ ငါတို့ကလည်း ခင်ဗျားရဲ့ ထင်မြင်ချက်ကို ပယ်ချလို့တော့ မဖြစ်သေးဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့အနေနဲ့ အာရပ်တွေနဲ့ ပထမဦးဆုံးအကြိမ် ပူးပေါင်းတာဖြစ်နေတယ်။ ဒီတော့ အစစ်အမှန် ယုံကြည်ရတဲ့ မဟာမိတ်လို့ မသေချာသေးဘူး။ အပုမူစလင်ကလည်း ငါတို့က မဟာထန်ကို အားနည်းအောင် လုပ်ပေးတဲ့အခါ ပျော်မှာပဲ”
သာ့လွန်ရော့ကျန်းက ပေါ့ပါးစွာပြောသည်။
တိဗက်များနှင့် တူရကီများက မူရင်းတိုက်ခိုက်သည့် အင်အားစု ဖြစ်သွားခဲ့ပြီး တိုက်ပွဲက ဆက်ဖြစ်နေခဲ့သော် သူ၏ဘက်က ချေမွခံရသည်အထိ ရှုံးသွားနိုင်သည်။ ထိုအခါ အာရပ် သို့မဟုတ် မဟာထန်ကသာ အကျိုးအမြတ် ရသွားနိုင်၏။
“ငါနားလည်ပြီ”
တုဝူစစ်လီက တခဏခန့် တိတ်ဆိတ်သွားသည်။ ထို့နောက် သူ၏မျက်နှာက အေးအေးဆေးဆေး ဖြစ်သွားပြန်၏။ ဝမ်ချောင်ဟာ အသတ်ခံရသင့်သည်။ သို့သော် သာ့လွန်ရော့ကျန်း၏ စကားလုံးများကလည်း အကျိုးအကြောင်း သင့်တော်သည်။ တာလာ့၏တိုက်ပွဲက ထူးခြားလွန်းပြီး အခြားသော တုဝူစစ်လီနှင့် တိုက်ခိုက်ခဲ့ဖူးသမျှ တိုက်ပွဲတိုင်းနှင့် ခြားနားသည်။ မဟာဗိုလ်ချုပ် များလွန်းသည်။ စစ်သည်တော်များလည်း များလွန်း၏။ အဖွဲ့အစည်းပေါင်း များလွန်းသည်။ ထိုအရာအားလုံးက တာလာ့တွင် စုစည်းနေကြသည်။
ဆံပင်တစ်ချောင်းကို ဆွဲခြင်းက တစ်ကိုယ်လုံးကို သက်ရောက်မှုရှိသွားနိုင်သည်။ သူတို့၏ ဆုံးဖြတ်ချက်တိုင်းကို အဖက်ဖက်က တွေးတောနေသင့်သည်။
“မင်းကငါ့ထက် မဟာထန်ကို ပိုနားလည်ပါတယ်။ ကောင်းပြီ ဒီတိုက်ပွဲကို ငါမင်းကိုပဲ လွှဲထားလိုက်တော့မယ်”
တုဝူစစ်လီက ထိုသို့ပြောသည်။ နောက်ဆုံးတွင် သာ့လွန်ရော့ကျန်းက သူ၏ အသိအမှတ်ပြုမှုကို ရသွားသည်။
ဝုန်း
ထိုအခိုက် အလွန်ဝေးကွာသော တာလာ့အနောက်ဘက် တိုက်ပွဲနယ်မြေမှ ဝရုန်းသုန်းကား အခြေအနေက ဖြစ်လာသဖြင့် သာ့လွန်ရော့ကျန်း၊ တုဝူစစ်လီ၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကပင် တစ်ဖက်သို့ ကြည့်လိုက်ကြသည်။
“သူပဲ”
သာ့လွန်ရော့ကျန်း၏ မျက်လုံးက မှေးကျဉ်းသွားသည်။ သူ၏နှလုံးသားက အံ့အားသင့်မှုနှင့် ယမ်းခါသွားသည်။
“ဒီကောင်လေး ဘာလုပ်မလို့လဲ”
ထိုအခိုက် တုဝူစစ်လီ၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကလည်း ပထမခုခံရေးအားလှိုင်းက စွမ်းအင်အပြည့်နှင့် ပေါက်ထွက်နေသော ပုံရိပ်ကို ကြည့်လိုက်ကြသည်။
.....
“အပုမူစလင်”
ဝမ်ချောင်က အရှေ့ဘက် ခုခံရေးအားလှိုင်းမှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ မရေမတွက်နိုင်သော အံ့အားသင့်နေသည့် အကြည့်များအောက်တွင် သူဟာ သူ၏ ခွာဖြူအရိပ်မြင်းကိုစီးလျှက် အပုမူစလင်ထံသွားသည်။ ဝမ်ချောင်က ထံဘာသာစကားဖြင့် အော်လိုက်ခြင်းမဟုတ်ဘဲ ကြမ်းတမ်းသော အာရပ်လေသံနှင့် အော်လိုက်ခြင်းဖြစ်သည်။ ထိုစကားလုံးများက အာရပ်မြင်းတပ်ဝင်တိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။ သူတို့အနေဖြင့် ထိုထန်ဗိုလ်ချုပ်၏ နှုတ်ခမ်းမှ ထွက်လာသော သူတို့၏ အမိန့်ပေးသူ၏နာမည်ကို ပထမဦးဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
“ဝမ်ချောင်”
အနားရှိ ကောင်းရှန်းကျစ်က ဝမ်ချောင်ကို အံ့အားတကြီး ကြည့်လိုက်သည်။ သူဟာ အာရပ်ဘာသာစကား မကျွမ်းချေ။ သို့သော် ဝမ်ချောင်၏ စကားလုံးများထဲမှ ရင်းနှီးကျွမ်းဝင်သော နာမည်ကိုသိလိုက်သည်။ သို့ရာတွင် သူပင်ဖြစ်စေ၊ ချန်းချန့်လီပင်ဖြစ်စေ ဝမ်ချောင်က ထိုသို့လုပ်ရသည့် ရည်ရွယ်ချက်ကို နားမလည်နိုင်ချေ။
ဝမ်ချောင်က ခေါင်းလှည့်မကြည့်ချေ။ သို့သော် သူက အနောက်ဘက်သို့ လက်အသာပြပြီး ထိုနှစ်ယောက်ကို စိတ်အေးအောင်ပြုမူသည်။
နောက်ဆုတ်သွားသော အာရပ်စစ်တပ်ကလည်း ကစဉ့်ကလျားဖြစ်သွားပြန်သည်။ အပုမူစလင်နှင့် ကျစ်ရတို့က ရှေ့သို့စိုက်ကြည့်ကြသည်။ သူတို့၏ သံမဏိကဲ့သို့ ခိုင်မာသော မျက်ဝန်းအတွင်း ငွေရောင်အားလှိုင်းများကို မြင်နိုင်၏။ သူတို့ဟာလည်း ထန်ဗိုလ်ချုပ်က အာရပ်ဘာသာကို သိလိမ့်မည်ဟု မထင်မိချေ။
“အာဘတ်ဆစ်ကယ်လီဖိတ်ရဲ့ အရှေ့ပိုင်းက အစိုးရ အပုမူစလင်က ဒီမှာရှိနေတယ်။ စကားပြောလိုက်တာက ဘယ်သူလဲ။ မင်းရဲ့နာမည်ကိုပြော”
အပုမူစလင်ကလည်း သူ၏အနက်ရောင် စက်စံနီရမ်တောင်ပေါ်မြင်းကို အသာပုတ်လျှက် ရှေ့သို့ ခုန်ထွက်လာစေပြီး နောက်ဆုတ်သွားသော စစ်တပ်နှင့် ဆန့်ကျင်ဘက်အရပ်သို့လာသည်။ သူ၏အရှိန်ဟာ မနှေးလွန်းသလို မြန်လည်း မမြန်ချေ။ သို့သော် အချို့အကြောင်းပြချက်များကြောင့် ကြီးမားသော တောင်တန်းကြီးက တဖြည်းဖြည်းချင်း ရွေ့နေသည်ဟုပင် ခံစားရစေသည်။
သူ့ကိုမြင်တိုင်း မည်သူကမဆို သမုဒ္ဒရာကြီး တစ်ခုလုံးထံမှ ကျယ်ပြောသော အားလှိုင်းကြီးများက သူတို့၏နောက်ဘက်မှ အုပ်မိုးရန်ရောက်လာသည်ဟု ခံစားရပေလိမ့်မည်။
“မဟာထန်အင်ပါယာရဲ့ ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဝမ်ချောင်”
သူက နာမည်ကို ထုတ်ပြောလိုက်သည့်အခိုက် ဝမ်ချောင်၏ မျက်ဝန်းက တောက်ပသွားသည်။ တစ်ကိုယ်လုံးက လေးစားဖွယ်ကောင်းသော အရှိန်အဝါဖြင့် ပေါက်ကွဲလာသည်။ သူဟာ အပုမူစလင်၏ အဆင့်တွင် မရှိသော်လည်း ထိုတခဏက ဝမ်ချောင်ဟာ နေမင်းကဲ့သို့ တောက်ပသည်။ လမင်းကြယ်စင်များထက် အပြတ်အသတ်သာပြီး သူ၏အရှိန်အဝါက အပုမူစလင်ထက် မလျော့ကျချေ။
ထိုတခဏမှ ဝမ်ချောင်ဟာ ဗဟိုပြင်ကျယ် စစ်သူတော်စင်တစ်ယောက်၏ အရှိန်အဝါကို ထုတ်လွှတ်နိုင်သွားသည်။
တစ်ယောက်က ဗဟိုပြင်ကျယ်မှ အင်အားအကြီးဆုံး စစ်သူတော်စင်ဖြစ်ပြီး အခြားတစ်ယောက်ကမူ အနောက်ပိုင်းမှ သံမဏိလက်သီး အစိုးရဖြစ်သည်။ နှစ်ဖက်လုံးက အရှေ့ပိုင်းနှင့် အနောက်ပိုင်း အင်ပါယာ အသီးသီးမှ အလွန်အမင်း တောက်ပကာ အရေးပါသည့် ပုဂ္ဂိုလ်ကြီးများဖြစ်ပြီး တာလာ့ကဲ့သို့ မြို့ကြီးသို့ ဥက္ကာပျံနှစ်စင်း ကြွေကျပြီး ထိုးစိုက်လာသောမြင်ကွင်းမျိုးကို ဖော်ထုတ်နိုင်သည်။ သူတို့ဟာ ပထမဦးဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံကြသည်။
သမိုင်းတွင်ပင် ထိုသို့ပါရမီရှင် ပုဂ္ဂိုလ်မျိုး ထိပ်တိုက်ရင်ဆိုင်သည့် ကဏ္ဍမျိုး မရှိခဲ့ဖူးချေ။