← Chapters

အခန်း (၉၂၆-၉၃၀)

Vol. 52 Ch. 926-930

အခန်း (၉၂၆-၉၃၀)

Vol. 52 Ch. 926-930

အခန်း(၉၂၆)

“ဝမ်ချောင် ဟုတ်လား”

အပုမူစလင်၏ မျက်ဝန်းအတွင်း တောက်ပသော အလင်းက ပေါ်လာသည်။ သို့သော် သူ၏ တည်တင်းနေသော မျက်နှာတွင် မည်သည့် ခံစားချက် အားလှိုင်းကိုမျှ မမြင်ရချေ။ သူ၏မျက်နှာတွင် ရက်စက်ကြမ်းတမ်းမှုနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုကသာ တောက်လောင်နေသည်။

“ပြော ထန်... မင်းဘာလိုချင်လဲ”

သူဟာ တိုက်ပွဲနယ်မြေကို ကျော်ဖြတ်လျှက် ဝမ်ချောင်ကို လှမ်းကြည့်သည်။ သူ၏ခန္ဓာကိုယ်မှလည်း လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သော အရှိန်အဝါများက ပေါက်ကွဲနေလေသည်။

အရှေ့ပိုင်းမှ အာဘတ်ဆစ်ကယ်လီဖိတ်၏ အစိုးရတစ်ယောက်အနေနှင့် ခိုရိုစန်းအရှေ့ပိုင်းမှ အင်အားအသင့်အတင့် တည်ရှိမှုဖြစ်သော အပုမူစလင်ဟာ ကာလစ်ပြီးလျှင် ဒုတိယမြောက် အင်အားအကြီးဆုံးဖြစ်သည်။

သူဟာ သူ၏မြင်းခွာအောက်တွင် အရှေ့ပိုင်းနယ်မြေ တစ်ခုလုံးရှိ မည်သည့်အဖွဲ့အစည်းကိုမဆို နင်းချေနိုင်ခဲ့ပြီး အာဘတ်ဆစ်ကယ်လီဖိတ်၏ မရေမတွက်နိုင်အောင် မြောက်များသော ဗိုလ်ချုပ်ပေါင်းများစွာက လမ်းညွှန်ပြသပေးသူများကဲ့သို့ သူ့အား ခစားကြရသည်။ တစ်လောကလုံးတွင် ဗိုလ်ချုပ်အနည်းစုကသာ အပုမူစလင်က အလေးထားရန် ထိုက်တန်သည်။

မဟာထန်အင်ပါယာတွင် အန်းရှီကာကွယ်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်ကသာ ထိုအဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ ကျန်သောသူများက ထည့်တွေးရန်ပင် မတန်ချေ။

အပုမူစလင်က ရန်သူ၏ ဗိုလ်ချုပ်နှင့် ရှေ့ထွက်ပြီး စကားပြောရိုးထုံးစံ မရှိခဲ့ချေ။ သူက ဝမ်ချောင်ကို တုန့်ပြန်ခဲ့သည်မှာ သူဟာ ထန်တစ်ယောက်ဖြစ်သည့်အပြင် မြင့်မြတ်သော အာရပ်ဘာသာစကားကို ပြောနိုင်နေသောကြောင့်ဖြစ်သည်။ ထိုသို့ပြန်ဖြေပေးခြင်းကတင် အပုမူစလင်က ဝမ်ချောင်ကို ချီးမြှောက်ရာ ရောက်နေလေပြီ။

“အပုမူစလင် အရှေ့ပိုင်းက မဟာထန်အင်ပါယာရဲ့ ချီးရှီကာကွယ်ရေးဗိုလ်ချုပ်တစ်ယောက်အနေနဲ့ ငါခင်ဗျားကို နောက်ဆုံးအကြိမ်အနေနဲ့ သတိပေးလိုက်မယ်”

ဝမ်ချောင်၏ ကျယ်လောင်သောအသံက တိုက်ပွဲနယ်မြေ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ သူ၏ အမူအရာက တင်းမာပြီး တည်ကြည်သည်။ သူဟာ သိမ်းထားသော ဓားတစ်လက်ကဲ့သို့ ထင်ရသည်။ သူ၏ထက်ရှမှုများ အားလုံးက မည်သူမှ လျစ်လျူရှု့၍ မရနိုင်သေးချေ။

“ခင်ဗျားရဲ့စစ်တပ်ကိုခေါ်ပြီး နောက်ပြန်ဆုတ်လိုက်တော့”

“အတိတ်မှာ အာရပ်တွေက တိုင်းပြည်တွေဘယ်လောက်များများ အုပ်စိုးနိုင်ခဲ့ပါစေ အနောက်ပိုင်းနယ်မြေကို ဘယ်တော့မှ ချဉ်းကပ်လာပြီး မဟာထန်ရဲ့ရန်သူ မလုပ်သင့်ဘူး”

တိုက်ပွဲက ဆက်ဖြစ်နေသေးသည်။ ဝမ်ချောင်၏ ကျယ်လောင်သော အသံက လေထဲတွင် ဟိန်းသံပင် ထွက်လာသည်။ ထိုတခဏတွင် ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီတို့ကပင် တိတ်ဆိတ်သွားသည်။

“ထန်အမျိုးသား မဖြစ်နိုင်ဘူး”

အပုမူစလင်၏ ပြန်ဖြေသံက တင်းမာသည်။ ပြတ်သား၏။

“ဒီကုန်းမြေမှာ အာဘတ်ဆစ်ကယ်လီဖိတ်ရဲ့ သံမဏိမြင်းခွာကို တားနိုင်တဲ့တိုင်းပြည် မပေါ်သေးဘူး။ မဟာထန်တောင် မပါဘူး”

သူ၏ပြန်ဖြေသံက အေးစက်သည်။ သံမဏိကဲ့သို့ မာကြောသည်။

အရာအားလုံးက တိတ်ဆိတ်နေသည်။ လူအများစုက အာရပ်ဘာသာစကားကို နားမလည်နိုင်သော်လည်း အပုမူစလင်၏ အေးစက်ပြီး ခေါင်းမာသော မျက်နှာကတင် လုံလောက်နေပြီဖြစ်သည်။ လေထုက တင်းမာသထက် တင်းမာလာသည်။

“ဟမ့်”

ဝမ်ချောင်က ရုတ်ချည်းထရယ်သည်။

ချွင်

လေထုက ဓားတစ်လက်၏ အော်ကြွေးသံကဲ့သို့ ကြည်လင်ပြတ်သားသော တုန်ခါသံကိုပြုသည်။

အာရပ်များ၊ ထန်များနှင့် တိဗက်နှင့် အနောက်ပိုင်းတူရကီများ အားလုံး၏ စောင့်ကြည့်နေမှုအောက်တွင် ဝမ်ချောင်က သူ၏ဓားကို ဆွဲထုတ်လိုက်ပြီး အေးစက်သော ဝု့စ်သံမဏိဓားသွား၏ ဆွဲဆောင်မှုပြင်းကာ မှင်သက်ဖွယ်ကောင်းသည့် ကောက်ကြောင်းအလင်းတန်းများကို ထုတ်ဖော်သည်။ သူဟာ ကောင်းကင်သို့ ချိန်ရွယ်လိုက်ပြီး တောက်ပသည့် အလင်းရောင်အောက်တွင် ပို၍ပင် ထိန်လင်းသွားစေသေးသည်။

“ဒီလိုဖြစ်နေမှတော့ ငါ့ရဲ့စကားလုံးတိုင်းကို သေချာနားထောင်”

“ဒီတိုက်ပွဲက ပြီးဖို့အများကြီးလိုသေးတယ်။ အစပဲရှိသေးတယ်။ ဒီတိုက်ပွဲရဲ့နေရာက တာလာ့တင် မဟုတ်သလို အနောက်ပိုင်းနယ်မြေတင်လည်း မဟုတ်ဘူး”

“အခုကစပြီး ဆမ်မာခမ်း၊ ခိုရိုစန်း... အာဘတ်ဆစ်ကယ်လီရဲ့ မြို့တော်အပြင် ပါ့တအပါအဝင် အနောက်ပိုင်း နယ်စပ်တောက်လျှောက် ရှိနေသမျှ နေရာတိုင်းက ဒီတိုက်ပွဲရဲ့ကွင်းပြင် ဖြစ်လာလိမ့်မယ်”

“ဒါကခင်ဗျားနဲ့ ငါ့ရဲ့ကြားက တိုက်ပွဲတင်မဟုတ်ဘူး။ အနောက်ပိုင်းဒေသရဲ့ တိုက်ပွဲတစ်ခုတည်းလည်း မဟုတ်ဘူး။ ဒါက အရှေ့ပိုင်းနဲ့ အနောက်ပိုင်းက အင်ပါယာတွေအကြားက စစ်ပွဲ။ အခုကစပြီး အာဘတ်ဆစ်ကယ်လီဖိတ်က မဟာထန်ကို မအုပ်စိုးနိုင်ရင် မဟာထန်က အာဘတ်ဆစ်ကယ်လီဖိတ်ကို အုပ်စိုးရလိမ့်မယ်။ အာရပ်တိုင်းကလည်း သူတို့ရဲ့ ဘာသာစကားကို ထန်ဘာသာစကားအဖြစ် ပြောင်းလဲရမယ်။ အာဘတ်ဆစ်ကယ်လီဖိတ်ကလည်း မဟာထန်ဟာ လောကရဲ့ အုပ်စိုးသူဆိုတဲ့ အခြေအနေကို လက်ခံရလိမ့်မယ်”

“လီစစ်ယဲ့ ငါ့ရဲ့စကားတွေကို မဟာထန်ဘာသာနဲ့ ပြန်ပြောလိုက်”

......

ဝုန်း

ဝမ်ချောင်၏ စကားလုံးများက အာရပ်စစ်တပ်တစ်ခုလုံးကို မုန်တိုင်းအားလှိုင်းဖြင့် ရိုက်ခတ်လိုက်သလိုမျိုး ဝရုန်းသုန်းကား ဖြစ်သွားစေသည်။

လီစစ်ယဲ့က ထိုစကားများကို ထန်ဘာသာစကားဖြင့် ပြန်ပြောလိုက်သောအခါ အဝေးရှိ သာ့လွန်ရော့ကျန်း၊ တုဝူစစ်လီ၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကပင် အံ့အားတကြီးဖြစ်သွားပြီး မျက်နှာများက ဖြူဖျော့သွားကြ၏။

“ဒီကောင်က ဒီလိုစကားမျိုးကိုတောင် အခိုင်အမာ ပြောရဲတာပဲ”

တုဝူစစ်လီ၏ မျက်ဝန်းအတွင်း လွန်ဆွဲသော အကြည့်တစ်မျိုးက ပေါ်ထွက်လာသည်။ တူရကီများကလည်း စစ်သွေးကြွသော လူများဖြစ်ပြီး အနောက်ပိုင်းနယ်မြေ အာရေးဗီးယားနှင့် ချရာဆပ်ဆင်းနုတောက်လျှောက် သူတို့၏ အမှတ်အသားကို ချန်ချင်ကြသည်။ သူတို့ဟာ အာရပ်အင်ပါယာ၏ စွမ်းအင်များကို အပြည့်အဝ နားလည်ထားပြီးသားဖြစ်သည်။ သို့မဟုတ်လျှင် လူလေးသောင်းကိုခေါ်ပြီး လာရောက်ကူညီရဲသည်အထိ မလုပ်ဖြစ်လောက်ချေ။

အကြောင်းမူကား သူက သူတို့၏အင်အားကို ကောင်းကောင်း နားလည်နေသောကြောင့် ကောင်းကင်ဘုံ ဝံပုလွေ မဟာဗိုလ်ချုပ် တုဝူစစ်လီကပင် အာရပ်များအား ထိုကဲ့သို့သော စကားမျိုးကို မပြောရဲပါချေ။

“ဒါက အလဟသ ကျုံးဝါးတဲ့စကားတွေ မဟုတ်မှာကိုကြောက်ရတယ်”

သာ့လွန်ရော့ကျန်းက ခံစားချက်မဲ့စွာပြောသည်။ သူ၏မျက်ဝန်းတွင်လည်း ထူးဆန်းသည့်အကြည့် ပေါ်နေသည်။ သို့သော် သူက စကားဆက်မပြောတော့ချေ။

အာရပ်များက အခြားတစ်ယောက်ယောက်ကသာ ထိုစကားများကို ပြောလာလျှင် ဂရုစိုက်လိမ့်မည်မဟုတ်ချေ။ သို့သော် ထိုလူငယ်၏ စကားလုံးများကိုမူ မည်သူကမှ အလကားဟု မသတ်မှတ်ဝံ့ချေ။ မည်သူကမှလည်း စစ်သည်ထောင်ကျော်ကို ဦးဆောင်နိုင်သည့် ဆယ်ကျော်သက် တစ်ယောက်လောက်က အနောက်တောင်ပိုင်း၏ စစ်ပွဲအခြေအနေကို ကြိုးကိုင်နိုင်ပြီး စစ်သည်လေးသိန်းကို အနိုင်ယူနိုင်မည်ဟု မယုံကြည်လောက်ချေ။ ထို(၁၇)နှစ်အရွယ်ခန့်သာရှိသည့် ကာကွယ်ရေးဗိုလ်ချုပ်ကမူ ဘယ်သောအခါကမှ အလဟသ မကျုံးဝါးတတ်ချေ။

ဝမ်ချောင်က သူ၏စကားလုံးများကြောင့် ဖြစ်လာသည့် တုန့်ပြန်မှုကို ဂရုမစိုက်ချေ။ ထိုစကားလုံးကို ပြောပြီးနောက် သူကမြင်းကို ပြန်လှည့်လိုက်ကာ သူ့ဘက်သူပြန်ကာ စီးနင်းသည်။

“မင်းက စိတ်ကြီးဝင်နေတာပဲ”

အပုမူစလင်က နောက်ဆုံးတွင် ပြောလာသည်။ သူ၏ပထမ စကားလုံးများကမူ လူတိုင်းကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။ အကြောင်းမူကား သူဟာ မဟာထန်ဘာသာစကားဖြင့် ပြောလာသောကြောင့်ဖြစ်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီတို့ကပင် ဖိအားများသွားသည်။

သူတို့နှစ်ယောက်ဟာ အပုမူစလင်နှင့် တိုက်ခိုက်ခဲ့သည်မှာ နှစ်လခန့်ကြာသွားသည်။ သို့သော် ပထမဦးဆုံးအကြိမ် အပုမူစလင်က မဟာထန်ဘာသာစကား ပြောနိုင်ကြောင်း သိလိုက်ရခြင်းဖြစ်သည်။

အချိန်အနည်းငယ် တွေးတောပြီးနောက် သူတို့၏ နှလုံးသားက လေးလံသွားသည်။ အာရပ်နှင့် မဟာထန်က ခြားနားသော တိုင်းပြည်များဖြစ်သည်။ တိုင်းပြည် နှစ်ပြည်တောင်က ယခင်ကဆိုလျှင် ယခုလောက်အထိ အဆက်အသွယ် မရှိခဲ့ဖူးချေ။

အရှေ့ပိုင်း၏ အစိုးရတစ်ယောက်ဖြစ်သလို စစ်သည်တော်တစ်ယောက်လည်းဖြစ်သည့် အပုမူစလင်က မဟာထန်၏ ဘာသာစကားကိုသင်ရန် မလိုအပ်ပါချေ။ သို့သော် ထိုသို့ သင်ထားကတည်းက သူတို့ဟာ မဟာထန်အတွက် ရည်မှန်းချက် ထားထားသည်မှာ မည်မျှကြာကြောင်း သိနိုင်သည်။

ဝမ်ချောင်က ရပ်တန့်လိုက်သည်။ သို့သော်သူက ခေါင်းမလှည့်ချေ။

“ထန်အမျိုးသား မင်းက ဘယ်လောက်မောက်မာပြီး ပြောခဲ့တဲ့ အရူးလိုစကားတွေက ဘယ်လိုသက်ရောက်စေသလဲဆိုတာကို မသိလောက်ဘူး”

အပုမူစလင်က ဝမ်ချောင်၏ကျောကို စိုက်ကြည့်သည်။ သူ၏မျက်နှာက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တင်းမာပြီး ရှုံ့မဲ့လာသည်။ ဝမ်ချောင်၏ စကားလုံးများက သူ့ကို ဒေါသထွက်စေသည်။ အာရေးဗီးယား၏ သမိုင်းတွင် မည်သည့်ရန်သူဗိုလ်ချုပ်ကမှ သူတို့ကို အုပ်စိုးမည်ဆိုပြီး မခြိမ်းခြောက်ရဲချေ။

“ငါတို့ရဲ့ အာဘတ်ဆစ်ကယ်လီဖိတ်မှာ ဆိုရိုးစကားတစ်ခုရှိတယ် ‘ဗဟုသုတကိုရှာတယ်။ တရုတ်ပြည်ထိဆိုရင်တောင်မှ’တဲ့ အာဘတ်ဆစ်ကယ်လီဖိတ်က အမှန်တကယ် ဘယ်လောက်ထိ အင်အားကြီးမှန်းသာ မင်းသိသွားရင် ဒီလိုစကားလုံးတွေကို စိတ်ကြီးဝင်ပြီး ပြောရဲမှာမဟုတ်ဘူး”

“ငါ့ရဲ့နောက်မှာရှိနေတဲ့ ပင်လယ်ပြင်ကြီးလို မြောက်များတဲ့ စစ်သည်တော်တွေကိုမြင်လား။ ဒီစစ်တပ်က မင်းတို့ လအနည်းငယ်ကြာ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေရတဲ့ အင်အားစုပဲ။ ဒါပေမဲ့ဒါက ငါတို့ အင်ပါယာရဲ့ စစ်တပ်က အရှေ့ပိုင်း ဂိုဏ်းခွဲပဲရှိသေးတာ။ မင်းတို့မြင်သမျှက တောင်တန်းရဲ့ အစွန်အဖျားလေးပဲ။ အင်ပါယာမှာ လေးစားဖွယ်ကောင်းတဲ့စစ်သည် အနည်းဆုံး တစ်သန်းလောက် ရှိသေးတယ်”

အပုမူစလင်က တဖြည်းဖြည်းချင်း လက်မောင်းကိုဖြန့်သည်။ အင်အားကြီးသော စွမ်းအင်လှိုင်းများကို လွှတ်ထုတ်လိုက်သည်။ ထိုအရာက သမုဒ္ဒရာလှိုင်းများကဲ့သို့ ဖြစ်လာ၏။ သူ၏ပတ်ပတ်လည်တွင် ရှိသော အာကာသပြင်က အနက်ရောင် အက်ကွဲကြောင်းများ ပေါ်လာသည်။

“ထန်အမျိုးသား မင်းပြောလိုက်တဲ့ စကားလုံးတွေကြောင့် မင်းပြန်ပေးဆပ်ရလိမ့်မယ်။ မင်းတင်မဟုတ်ဘူး မဟာထန်တစ်ခုလုံးပဲ”

ဝမ်ချောင်က ဖျော့တော့စွာ ပြုံးနေသည်။

“ဒါဆိုလည်း တိုက်ခိုက်ကြတာပေါ့”

“ဟွန်း မင်းရဲ့ဆန္ဒအတိုင်းပဲ”

အပုမူစလင်၏ မျက်နှာက အထင်တသေး လှောင်ပြောင်သလို ဖြစ်သွားသည်။ ထို့နောက် သူက အေးစက်သွားပြီးမြင်းကို နောက်ပြန်လှည့်ကာ အနောက်ဘက်သို့ ပြန်စီးသွားသည်။

“နောက်ဆုတ်”

အပုမူစလင်က လက်မောင်းကို တစ်ချက်ယမ်းလိုက်မှုနှင့်အတူ အာရပ်မြင်းတပ် တစ်သောင်းကျော်က စတင်ကာ နောက်ဆုတ်သည်။ တိုက်ပွဲ၏ ဒုတိယမြောက်နေ့က အဆုံးသတ်သွားလေပြီ။

“အနာဂတ်မှာ အာရပ်တွေက အဆုံးအစမဲ့အောင် တိုက်ခိုက်နိုင်မှာကိုပဲ စိုးရိမ်ရတယ်”

အပုမူစလင်က နောက်ပြန်လှည့်ကာ ထွက်ခွာသွားသည့်နောက်တွင် ကောင်းရှန်းကျစ်ကလည်း ဧကရာဇ်က လက်ဆောင်ပေးထားသော တောင်ပေါ်မြင်းကြီးကိုစီးလျှက် ချန်းချန့်လီနှင့်အတူ ဘေးကပ်လိုက်လာသည်။ နှစ်ယောက်လုံးကလည်း ဝမ်ချောင်ကို လေးစားမိပြန်သည်။

ကောလဟာလတစ်ရာက တစ်ကြိမ်တွေ့ဆုံခြင်းနှင့် မယှဉ်နိုင်သည်မှာ သေချာသည်။ သူတို့က ဝမ်ချောင်ကိုတွေ့ပြီး နားလည်လိုက်လေလေ ပို၍ပင် ဆွဲဆောင်ခံရလေလေဖြစ်သည်။

“အမြဲတမ်း အဲ့ဒီလိုပဲမဟုတ်ဘူးလား”

ဝမ်ချောင်က ခပ်တိုးတိုးရယ်သည်။

“မဟာထန်က ပြိုင်ဘက်မရှားဘူး။ အာရပ်ကတောင် ချွင်းချက်မရှိဘူး။ ဘယ်သူကမှလည်း မဟာထန်ကို ရှုံးအောင်မလုပ်နိုင်ဘူး။ အခုလည်းမရဘူး။ နောင်လည်းမရဘူး။ အနာဂတ်မှာလည်း မရဘူး”

ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီတို့က တခဏခန့် အေးခဲသွားပြီးနောက် ဝမ်ချောင်နှင့် အပြုံးချင်း ဖလှယ်လိုက်ကြသည်။

“ဟုတ်တယ် ဘယ်သူကမှ မဟာထန်ကိုမနိုင်ဘူး”

“နောက်ဆုတ်မယ်”

အမိန့်သုံးခုနှင့်အတူ ထန်စစ်တပ်ကလည်း ခုခံရေးအားလှိုင်းနှစ်ခု၏ အနောက်သို့ ပြန်ဆုတ်သွားပြီး တိုက်ပွဲကို အနှစ်ချုပ်လိုက်သည်။ တိုက်ပွဲနယ်မြေကမူ လူသားမြင်းများ၊ ဝံပုလွေနှင့် လင်းတအလောင်းများဖြင့် ပုံနေသည်။ လေထုကပင် နံဟောင်သော သွေးညှီနံ့ဖြင့် ထောင်းထောင်းထနေသည်။

.....

တိုက်ပွဲနယ်မြေက အာရုံတက်ချိန်မှ နေ့လည်အထိ ကြာသွားသည်။ ထိုသို့ဖြင့် အဆုံးသတ်သွားပြီဟု ဆိုနိုင်သော်လည်း တိုက်ပွဲပြီးနောက် အခြေအနေများ ရှိသေးသည်။

“ကျန်းချွယ် ဆုံးရှုံးမှုက ဘယ်လောက်လဲဆိုတာကို တွက်ချက်ပြီးပြီလား”

တာလာ့အပြင်ဘက်တွင် ဝမ်ချောင်ဟာ ကျောဘက်သို့ လက်နောက်ပစ်လျှက် တင်ပြချက်ကို တောင်းခံသည်။

“ဟုတ်ကဲ့အရှင်အမတ် ကျွန်တော်တို့ တွက်ချက်ပြီးပါပြီ”

ကျန်းချွယ်၏အသံက ဝမ်ချောင်၏ အနောက်ဘက်မှ ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်က ဂါရဝပြုသော အနေအထားမျိုးတွင် ရှိနေသည်။ သူ၏မျက်နှာတွင် လေးစားမှုနှင့် ရိုကျိုးစိတ်ကို မြင်ရသည်။

“နှစ်ရက်တာ တိုက်ပွဲအတောအတွင်းမှာ ကျွန်တော်တို့ရဲ့ လူသုံးသောင်းက သေဆုံးသွားပြီး တစ်သောင်းကျော်က ဒဏ်ရာရရှိသွားပါတယ်။ အကြီးဆုံး ဆုံးရှုံးမှုကတော့ အနောက်ပိုင်းနယ်မြေရဲ့ ကြေးစားစစ်သားတွေဆီကပါပဲ။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်တပ်ဖွဲ့တွေက လက်နက်အပြည့် တပ်ဆင်ထားပြီး ပိုကောင်းတဲ့ပစ္စည်းတွေကြောင့် ဆုံးရှုံးမှုက ထင်သလောက် မကြီးပါဘူး”

“ဆိုလိုတာက ငါတို့မှာ အင်အားတစ်သိန်းဝန်းကျင်လောက်ပဲ ရှိတော့တာပေါ့”

ဝမ်ချောင်ကပြောသည်။ သူ၏မျက်မှောင်က ကျုံ့သွားသည်။

“ဟုတ်ပါတယ်”

“တူရကီ တိဗက်နဲ့ အာရပ်တွေရဲ့ ဆုံးရှုံးမှုက ဘယ်လိုလဲ”

ဝမ်ချောင်က မေးသည်။

“ကျွန်တော်တို့ ပမာဏ အတိအကျတော့ မရနိုင်ပါဘူး။ ဒါပေမဲ့ ကင်းထောက်တွေရဲ့ အကြမ်းဖျင်း တွက်ချက်မှုအရ တူရကီနဲ့ တိဗက်တွေက လက်ရွေးစင် လေးသောင်းဝန်းကျင်နဲ့ ဝံပုလွေ သုံးသောင်းဝန်းကျင်ကို ဆုံးရှုံးသွားပါတယ်။ သူတို့ရဲ့ အဲ့ဒီကြီးမားတဲ့ ဝံပုလွေကြီးတွေက ကျွန်တော်တို့ရဲ့ တိုက်ကွက်တွေအပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိသွားပါတယ်။ လက်နက်ကြီး အဖွဲ့ဝင် အများစုက ဝံပုလွေအလောင်းတွေနဲ့ အပိတ်ခံထားရပြီး မြင်းတပ် တိုက်ပွဲ အတောအတွင်းမှာလည်း ဒီဝံပုလွေတွေကို အရင်ကိုင်တွယ်ဖို့ လိုအပ်ခဲ့ပါတယ်”

“အာရပ်တွေအတွက်ကတော့ သူတို့ရဲ့ မနေ့က ဆုံးရှုံးမှုက ရှစ်သောင်းဝန်းကျင်ပါ။ ဒါပေမဲ့ ဒီနေ့မှာ ကျွန်တော်တို့ရဲ့ အဓိကအင်အားစုက အနောက်ပိုင်းတူရကီနဲ့ တိဗက်တွေကို ရင်ဆိုင်နေခဲ့ပြီး အာရပ်တွေဘက်မှာ ခုခံဖို့ပဲ အာရုံစိုက်ထားခဲ့တယ်။ ဒါပေမဲ့ ချန်းပင်းရဲ့ လက်နက်ကြီးစစ်တပ်နဲ့ ခြေလျှင်တပ်ဝင်္ကပါတွေကလည်း အာရပ်တွေအများကြီးကို သတ်နိုင်ခဲ့သေးပါတယ်။ အကြမ်းဖျင်း တွက်ချင်မှုအရ သုံးသောင်းဝန်းကျင် ရှိနိုင်ပါတယ်။ ဒါ့အပြင် သူတို့ဘက်မှာ ဒဏ်ရာရတဲ့လူတွေ အရမ်းများပါတယ်။ ခန့်မှန်းခြေအရ လေးသောင်းဝန်းကျင် ဖြစ်နိုင်ပါတယ်”

ကျန်းချွယ်က ထိုသို့တင်ပြသည်။

ဝမ်ချောင်က တင်ပြမှုကြောင့် တိတ်ဆိတ်သွားသည်။ သာ့လွန်ရော့ကျန်းနှင့် အပုမူစလင်တို့က ဒီတိုက်ပွဲအတွက် အထူးတလည် ပြင်ဆင်ထားခဲ့သည်။ တုဝူစစ်လီကလည်း ဝံပုလွေပေါင်း မြောက်များစွာခေါ်လာပြီး အာရပ်များ၏ သံမဏိသားရဲစစ်တပ်နှင့် လောက်လေးခွရာကျော်တို့ကတင် သူ၏ လက်နက်ကြီးအဖွဲ့ကို ဆုံးရှုံးမှုပိုကြီးစေခဲ့သည်။

“ငါသိပြီ ဒဏ်ရာရတဲ့လူတိုင်းကို ဒဏ်ရာတွေကို ပတ်တီးစည်းပြီး မြို့ထဲမှာ ကုသမှု ခံယူဖို့အတွက် ပြောင်းရွေ့ထားလိုက်။ နောက်ပြီး လူကြီးမင်းကျန်းကိုခေါ်လိုက်ပါ”

“ဟုတ်ကဲ့အရှင်အမတ်”

ကျန်းချွယ်က ခပ်မြန်မြန် ထွက်ခွာသွားသည်။

ထန်ဘက်တွင် ထိုသို့လေးစားစွာဖြင့် လူကြီးမင်းကျန်းဟု အခေါ်ခံရသောလူက တစ်ယောက်တည်းသာရှိသည်။ တခဏခန့် ကြာပြီးနောက် ကျန်းရှို့ကျစ်နှင့် သူ၏အယုံကြည်ရဆုံး တပည့်နှစ်ယောက်က မြို့ထဲမှ အပြေးအလွှား ထွက်လာသည်။

အခန်း(၉၂၇)

“အရှင်အမတ် ငါ့ကိုရှာတာလား”

ကျန်းရှို့ကျစ်က ဝမ်ချောင်၏ အရှေ့တွင် ဂါရဝပြုသည်။ နှစ်ရက်ခန့် တိုက်ခိုက်ပြီးနောက် ကျန်းရှို့ကျစ်ထက် အလုပ်များခဲ့သောလူ မရှိနိုင်လောက်ချေ။ တာလာ့မှ အမြင့်ဆုံးအဆင့် လက်မှုပညာရှင် တစ်ယောက်ဖြစ်သည့်အပြင် မဟာထန်၏ အတော်ဆုံးသော ဗိသုကာပညာရှင်ဖြစ်သည့် ကျန်းရှို့ကျစ်ဟာ ခံတပ်တိုင်း၏ တည်ဆောက်မှုကို ကိုယ်တိုင်ကိုယ်ကျ ဝင်ပါခဲ့သည်။ ထို့ကြောင့် ခုခံရေးအားလှိုင်း နှစ်ခုပင်ဖြစ်စေ၊ လောက်လေးခွကြီး ရာပေါင်းများစွာကို တပ်ဆင်မှုတွင်ဖြစ်စေ သူပါလေသည်။

အနောက်တောင်ပိုင်းမှ အနောက်မြောက်ပိုင်းအထိ ကျန်းရှို့ကျစ်က ပို၍အရေးကြီးသော ကဏ္ဍများကို ကိုင်တွယ်နိုင်လာသည်။ ပြောရလျှင် သူက သိုင်းပညာအကြောင်း မသိသော်လည်း ချီရှီမှသူ၏ အရေးပါမှုကလည်း ဝမ်ချောင်ပြီးလျှင် ဒုတိယမြောက်ဖြစ်သည်။

“ဒါက ခင်ဗျားအတွက်ပဲ။ ခုခံရေးအားလှိုင်း နှစ်ခုလုံးကို အင်အားမြှင့်ပြီး အဆင့်မြှင့်တင်ထားလိုက်ပါ”

ဝမ်ချောင်က ထိုသို့စကားပြောနေရင်း ပုံစံကြမ်းတစ်ခုပါသည့် စာရွက်တစ်ရွက်ကို ပေးလိုက်သည်။ ထိုအရာက တိုက်ပွဲအဆုံးသတ်သွားပြီးနောက် ပြင်ဆင်ထားသည့် ပုံစံအသစ်တစ်မျိုးဖြစ်သည်။ လက်ရှိ အခြေအနေပေါ် အခြေခံပြီး သူတို့တိုက်ခိုက်ခဲ့သည့် စစ်တပ်တစ်ခုလုံးအပေါ်လည်း အခြေခံထားသည်။ ဝမ်ချောင်၊ ကျန်းရှို့ကျစ်နှင့် သူ၏အဓိကတပည့် အချို့မှလွဲပြီး မည်သူကမှ ထိုပုံစံများကို နားမလည်နိုင်ချေ။

“စိတ်အေးအေးထားပါ။ ဒီကိစ္စကို ငါ့ရဲ့တာဝန်ထားလိုက်”

ကျန်းရှို့ကျစ်က ပုံစံကို တစ်ချက်ကြည့်ပြီး ခေါင်းညိမ့်သည်။ စစ်ဘက်ရေးရာ ကိစ္စများ အားလုံးက အလျင်အလိုဆုံးဖြစ်သည်။ ထို့ကြောင့် အနည်းငယ် မှားယွင်းသွားခဲ့သော် စစ်သည်တစ်သိန်းကျော်၏ အသက်နှင့် ချည်နှောင်နေနိုင်လေရာ ကျန်းရှို့ကျစ်ကလည်း မနှောင့်နှေးရဲပါချေ။ သူက ပုံစံကြမ်းနှင့်အတူ ခပ်မြန်မြန် ထွက်ခွာသွားသည်။

ကျန်းရှို့ကျစ်က ထွက်ခွာသွားပြီးနောက် ဝမ်ချောင်က အမိန့် တသီတတန်း ဆက်ထုတ်သည်။

“လီစစ်ယဲ့ ငါဒီနေရာကို မင်းဆွဲလွှဲထားပေးခဲ့တော့မယ်။ အစောင့်အင်အားကို တိုးမြှင့်ပြီး တိဗက်၊ အနောက်ပိုင်း တူရကီတွေရဲ့ လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေ။ မင်းတစ်ခုခုကို သတိထားမိတာနဲ့ ငါ့ကိုချက်ချင်း အကြောင်းကြား”

“ဒီဗိုလ်ချုပ်က အမိန့်အတိုင်းလုပ်ပါ့မယ်”

လီစစ်ယဲ့က ခပ်တင်းတင်းပြန်ဖြေသည်။

“ရွှီခဲ့ယွီ၊ ချန်းပင်း လက်နက်ကြီးတွေကို ပြင်ဆင်တာကို အရှိန်မြှင့်ထားလိုက်။ သူတို့က အချိန်မရွေး တိုက်ပွဲအတွက် အသင့်ပြင်ထားဖို့လိုတယ်”

“ဟုတ်ကဲ့အရှင်အမတ်”

ထိုနှစ်ယောက်ကလည်း ကျယ်လောင်စွာ အတည်ပြုသည်။

အရာအားလုံးကို ကိုင်တွယ်ပြီးနောက် ဝမ်ချောင်က တာလာ့၏ ဂိတ်ဆီ ဖြတ်လျှောက်သည်။ ထို့နောက် မြို့ထဲသို့ဝင်၏။ မြို့ကိုယ်တိုင်က တင်းတင်းကြပ်ကြပ် စောင့်ကြပ်မှုအောက်တွင် ရှိနေသည်။ ကင်းလှည့်သော လူအုပ်ကလည်းများသည်။ အရာအားလုံးက မြို့တစ်မြို့ရှိသင့်သော အနေအထားမျိုးအတိုင်း ရှိနေသည်။ ထိုမြို့ထဲတွင်လည်း ဈေးနေရာများ၊ နားနေခန်းနေရာများ၊ စစ်တပ် အဆောက်အဦးကြီးများလည်းရှိသည်။ အရာအားလုံးကို ကြီးမားသော ကျောက်သားကြီးများဖြင့် တည်ဆောက်ထားသည်။ ထိုမြို့က မဟာထန်မြို့လောက် ကြွယ်ဝခြင်းမရှိသည့်တိုင်အောင် သူ့အနေအထားနှင့်သူ ခမ်းနားနေသည်။ မြို့၏ပုံစံကြမ်းမှတဆင့် ယခင်စည်ကားသော ထိုမြို့ကြီးက ပိုးသားလမ်း၏ ငွေကြေးများနှင့် စစ်ဘက်ဆိုင်ရာ လိုအပ်ချက်များကို မည်မျှထောက်ပံ့ပေးနိုင်ကြောင်း မြင်နိုင်သည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဒီလမ်းပါ။ ဗိုလ်ချုပ်ဝမ်နဲ့ အခြားသူတွေအားလုံးက အရှင့်ကို အထဲမှာ စောင့်နေကြပါတယ်”

အသင့်စောင့်နေသော အန်းရှီကာကွယ်ရေးစစ်တပ်မှ အရာရှိတစ်ယောက်က ဝမ်ချောင်ကို နှေးထွေးစွာ ကြိုဆိုသည်။

ဝမ်ချောင်ကခေါင်းညိမ့်သည်။

“လမ်းကိုဦးဆောင်ပါ”

အမျိုးမျိုးသော လျှောက်လမ်းများ၊ အချိုးအကွေ့များကို ကျော်ဖြတ်ပြီးနောက် ဝမ်ချောင်က ယခင်တာလာ့ မြို့အရှင်ပိုင်တဲ့ စံအိမ်၏ခန်းမထဲသို့ ရောက်သွားသည်။ ထိုနေရာတွင် သံချပ်ကာ ဝတ်ဆင်ထားသော ကောင်းရှန်းကျစ်အပြင် ချန်းချန့်လီ၊ ရှီယွမ်ချင်တို့ကိုလည်း တွေ့ရသည်။ ဝမ်ချောင်၏အဖေဝမ်ရန် ထို့အပြင် သူ၏အစ်ကို ဝမ်ဖူတို့ကလည်း ရှိနေကြ၏။ ဖာဟာနားခေါင်းဆောင်နှင့် တာလာ့ခေါင်းဆောင် ကုလီတို့ကလည်းရှိသည်။

ဝမ်ချောင်က ရောက်လာသည့် တခဏတွင် သူဟာ လူတိုင်း၏ အာရုံစိုက်ရာဖြစ်သွားသည်။

ကောင်းရှန်းကျစ်ကလည်း ယခုလေးတင် ဗိုလ်ချုပ်များနှင့် တစ်စုံတစ်ရာကို ဆွေးနွေးနေပုံပေါ်သည်။ ဝမ်ချောင်ကို မြင်သောအခါ သူက ချက်ချင်းဆိုသလို အရှေ့တွင်ရှိသော တာလာ့၏ ပုံစံငယ်ဘေးက ဖယ်ထွက်လာပြီး ဝမ်ချောင်ကို လာရောက်ကြိုဆိုသည်။

“ဟား ဟား ဝမ်ချောင် မင်းရောက်လာပြီလား။ ငါတို့အခုပဲ ဗျူဟာအကြောင်း ဆွေးနွေးနေတာ။ ငါတို့လိုအပ်နေတာ မင်းပဲ”

သူ၏မျက်နှာတွင် အပြုံးရှိသောကြောင့် သူဟာ ပေါ့ပါးအေးဆေးနေပုံပေါ်သည်။ အခြားသော ဗိုလ်ချုပ်များကလည်း တုန့်ပြန်မှုအနည်းငယ် ပြသကြသည်။ သို့သော် ချန်းချန့်လီ၏ ဘေးနားတွင်ရှိနေသော အညိုရောင်မုတ်ဆိတ်များနှင့် လူသန်မာကြီးက အလွန်ဖိအားများနေပုံပေါ်သည်။

ကောင်းရှန်းကျစ်က မာနကြီးသော အကျင့်စရိုက်ရှိပြီး အန်းရှီ၏ စစ်နတ်ဘုရားဟူ၍ အနောက်ပိုင်းနယ်မြေတွင် ကျော်ကြားသည်။ ထိုနယ်မြေမှ ခေါင်းဆောင်တိုင်း၊ အကြီးအကဲတိုင်းက ကောင်းရှန်းကျစ်ကို တွေ့သောအခါ ခေါင်းငုံ့လျှက် ဂါရဝပြုရသည်။ ကောင်းရှန်းကျစ်နှင့် ရှိခဲ့သော ဆယ်နှစ်တာကာလ အတောအတွင်းတွင်ပင် သူဟာ အခြားတစ်ယောက်ကို ထိုမျှအထိ ရိုသေပြကြောင်း မမြင်ဖူးကြချေ။

“မဟုတ်သေးဘူး။ ဒါက ရိုသေရုံလောက် မရိုးရှင်းတော့ဘူး”

ကောင်းရှန်းကျစ်၏ အဆင့်အတန်းတွင်ရှိသော တစ်စုံတစ်ယောက်အနေနှင့် ကိုယ်တိုင်ကိုယ်ကျ နေရာမှထွက်ပြီး ကြိုဆိုပေးခြင်းကတင် ထိုလူငယ်၏ အဆင့်အတန်းနှင့် ကောင်းရှန်းကျစ်၏ နှလုံးသားအတွင်းမှ အရေးပါမှုက သိသာထင်ရှားသည်။ ကောင်းရှန်းကျစ်က ထိုလူ့ကို သက်တူရွယ်တူ လုပ်ဖော်ကိုင်ဖက်အဖြစ် သဘောထားပုံပေါ်သည်။

“ငါအားလုံးကို စောင့်ဆိုင်းစေမိပြီ”

ဝမ်ချောင်က ကောင်းရှန်းကျစ်ကို ဂါရဝပြုလိုက်သည်။ ထိုအခါ ထိုဗိုလ်ချုပ်၏ အမူအရာကို အနည်းငယ် သတိထားမိသွား၏။ အပြန်အလှန် ယဉ်ကျေးစွာ နှုတ်ဆက်ပြီးနောက် သူဟာ ခန်းမ၏အလယ်ရှိ ပုံစံငယ်နားသို့ ကပ်သွားလိုက်ပြီး ဂရုတစိုက် လေ့လာကြည့်သည်။

ထိုပုံစံငယ်က ဝမ်ချောင်၏ ချီရှီတွင်ရှိသော ပုံစံနှင့် ခြားနားသည်။ ပို၍ပင် အသေးစိတ်ကျပြီး ပြီးပြည့်စုံသည်။

ထိုကဲ့သို့ ပုံစံငယ်တစ်ခုကို လုပ်ခြင်းက ဗိုလ်ချုပ်တစ်ယောက်၏ အခြေခံစွမ်းရည်ဖြစ်သည်။ အချိန်အများစုတွင်လည်း ထိုဗိုလ်ချုပ်၏စွမ်းရည်ကို ထိုပုံစံငယ်ကိုကြည့်ရုံဖြင့် ဆုံးဖြတ်နိုင်လေသည်။

အန်းရှီကာကွယ်ရေးစစ်တပ်ရဲ့ တိုက်ပွဲနယ်မြေ ပုံစံငယ်က အဖက်ဖက်ကနေ အသေးစိတ်ကျတာပဲ။ တောင်တန်းတွေနဲ့ ချိုင့်ဝှမ်းတွေရဲ့ ယေဘုယျ မြေမျက်နှာသွင်ပြင် အနေအထားကတဆင့် သေးငယ်တဲ့ ချိုင့်ကြားတွေ၊ လျိုမြောင်တွေ၊ တိုက်ပွဲနယ်မြေ အနေအထားတွေ အားလုံးကို ဖော်ပြထားတယ်။ ဒီဘက်ထောင့်ကနေကြည့်ရင် ကောင်းရှန်းကျစ်က မဟာထန်အင်ပါယာရဲ့ မြို့ရိုးအပြင် အန်းရှီစစ်နတ်ဘုရားဆိုတဲ့ နာမည်နဲ့တောင် ထိုက်တန်နေတာပဲ။

ဝမ်ချောင်ကလည်း ပုံစံငယ်ကိုကြည့်ရုံနှင့် တစ်ဖက်သူကို အသိအမှတ်ပြုလိုက်သည်။

“အရှင် ဂါရဝပြုပါတယ်”

ဝမ်ချောင်က ပုံစံငယ်ကို ကြည့်နေချိန်တွင် တစ်စုံတစ်ယောက်က နားနားကပ်ကာ ခပ်တိုးတိုးပြောသည်။ ထိုအသံက ကြမ်းရှသည်။ အင်အားအပြည့်ပါ၏။ ထူထည်းသော လေသံမျိုးလည်း ပါသေးသည်။ ဝမ်ချောင်ကလည်း အသံကို နားထောင်ရုံဖြင့် ထိုလူဟာ ဟူဖြစ်ကြောင်း သိလိုက်သည်။ ခေါင်းလှည့်ကြည့်လိုက်သောအခါ အနည်းငယ် ကြမ်းတမ်းသော မျက်နှာသွင်ပြင်နှင့် အညိုရောင်မုတ်ဆိတ်ကို ပိုင်ဆိုင်ထားသော ဟူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဝမ်ချောင်က ဘာစကားမှမပြောဘဲ မေးခွန်းထုတ်သော မျက်နှာထားမျိုးဖြင့်သာကြည့်သည်။

“ဒီလူက ဖာဟားနားရဲ့ဗိုလ်ချုပ် ပါးနားဟန်ပါ။ ကာကွယ်ရေးဗိုလ်ချုပ်ကို ဂါရဝပြုပါတယ်။ အနာဂတ်မှာလည်း ကာကွယ်ရေးဗိုလ်ချုပ်ကသာ အချိန်ရှိရင် အရှင်ကာကွယ်ရေးဗိုလ်ချုပ်က ငါ့ရဲ့ ဖာဟားနားကို လာလည်ဖို့ မျှော်လင့်ပါတယ်။ ဒီပါးနားဟန်ကလည်း အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုမှာပါ”

ပါးနားဟန်က ဂါရဝအသာပြုသည်။ သူ၏မျက်နှာတွင် အလွန်အမင်း ရိုသေလေးစားမှုကို ဖော်ပြနေသည်။

ဆိုတော့သူကိုး

ဝမ်ချောင်က အစပိုင်းတွင် ဂရုမစိုက်မိချေ။ သို့သော် ဖာဟားနားဆိုသော နာမည်ကိုကြားပြီးနောက် သူ၏မျက်ဝန်းအတွင်း အံ့အားသင့်မှုက ဖြတ်ပြေးသွားသည်။ ဝမ်ဟယ်ဖေးလော့နှင့် ကာလုတို့၏ ကိစ္စကတဆင့် ဖာဟားနားများဟာ မဟာထန်၏ သစ္စာရှိ မဟာမိတ်များဖြစ်ကြောင်း သိခဲ့သည်။ မဟာထန်၏ သမိုင်းတွင် ပါးနားဟန်နှင့် ဖာဟားနားကဲ့သို့သော မဟာမိတ်များကရှားသည်။ သူတို့က အဆုံးအထိ မဟာထန်ကို စိတ်ရင်းဖြင့် သစ္စာရှိကြခြင်းဖြစ်ပြီး ကောင်းခြင်း၊ ဆိုးခြင်းတို့ပင် အတူရှိကြသည်။

တာလာ့တွင် ရှုံးသွားပြီးသည့်တိုင်အောင် သူတို့၏သစ္စာက မယိမ်းယိုင်သွားခဲ့ချေ။

အနောက်ပိုင်းနယ်မြေတွင် ဗဟိုပြင်ကျယ်၏ ယဉ်ကျေးမှုများ ထွန်းကားရာနေရာတွင် ထိုကဲ့သို့ သစ္စာရှိသော တိုင်းပြည်များက အလွန်အမင်း ရှားပါးသည်။ ထိုကဲ့သို့သော မဟာမိတ်များ အလွန်အမင်း ရှားပါးပြီး အဖိုးတန်သည်။

ဝမ်ချောင်၏ စိတ်အခြေအနေက ချက်ချင်းဆိုသလို မြင့်တက်သွားသည်။

“ခါကန်းက ယဉ်ကျေးလွန်းနေပါပြီ”

ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ သူက အကြံတစ်ခုရလာသည်။

“ငါ့တို့ရဲ့ ပထမဦးဆုံး တွေ့တဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့ ဒီလူက ခါကန်းအတွက် လက်ဆောင်ရှိနေတယ်”

“အိုး”

ပါးနားဟန်က အစကမူ ဒီတိုင်း ယဉ်ကျေးစွာဖြင့် နှုတ်ဆက်ခြင်းဖြစ်သည်။ သို့သော် ဝမ်ချောင်၏ စကားလုံးများက သူ့ကို အာရုံစိုက်သွားစေသည်။

“ငါကြားထားတဲ့အတိုင်းဆိုရင် ခါကန်းကလည်း မဟာမီးတောက်မြှားသိုင်းဆိုတဲ့ တော်ဝင်ခုံရုံးက လျို့ဝှက်သိုင်းကို သိတယ်လို့ကြားတယ်။ အမျိုးမျိုးသော အကြောင်းပြချက်တွေကြောင့် အချိန်တွေကြာလာပြီး ခုံးရုံးအတွင်းမှာ အတွင်းပိုင်းထိုးနှက်မှုတွေ ဖြစ်လာခဲ့လို့ ဒီသိုင်းက မပြီးပြည့်စုံတော့ဘူး။ ခါကန်းတွေကလည်း ဆက်လက်ပြီး တိုးတက်အောင်လုပ်ဖို့ တအားခက်ခဲလာတယ်။ ဒီလူက တိုက်ဆိုင်စွာနဲ့ မဟာမီးတောက် ကျီးကန်းသိုင်းက လိုအပ်နေတဲ့ ဟာကွက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ မာန်ထရာတချို့ရှိတယ်။ အဲ့ဒီသိုင်းက အဆင့်တောင် မြင့်သွားနိုင်ပါသေးတယ်”

ဝမ်ချောင်က အပြုံးနှင့် ပြောလိုက်သည်။

“ငါအရှင်ကာကွယ်ရေးဗိုလ်ချုပ် ပြောတဲ့ စကားလုံးတွေကို အမှန်အဖြစ် လက်ခံလို့ရနိုင်မလား”

ပါးနားဟန်၏မျက်လုံးက ပြူးကျယ်သွားသည်။ သူ၏မျက်ဝန်းက ပျော်ရွှင်မှုဖြင့် တောက်လောင်လာသည်။

“ဒီလိုအရာမျိုး ရှိသေးတာလား”

ကောင်းရှန်းကျစ်ကပင် ထိုအခိုက်တွင်ရပ်ကာ အာရုံစိုက်မိသွားသည်။

ဝမ်ချောင်က ပြုံး၍သာတုန့်ပြန်သည်။ ဖာဟားနားများ၏ သစ္စာရှိမှုက သံသယဝင်ရန် မလိုအပ်ချေ။ ဖာဟားနားမှ ခေါင်းဆောင်ဖြစ်သော ပါးနားဟန်က အနောက်ပိုင်းနယ်မြေတွင် သူ၏အင်အားကြောင့် လူသိများခြင်းမဟုတ်ချေ။ ဝမ်ဟယ်ဖေးလော့က သူ့ထက် ခေါင်းတစ်လုံး ပုခုံးနှစ်ဖက် သာသေးသည်။ သံသယဝင်ရန် မလိုလောက်အောင် ပါးနားဟန်က နောင်တရခဲ့ရသည်။ ဝမ်ချောင်ကလည်း ထိုကိစ္စနှင့် ပတ်သတ်ပြီး မှတ်တမ်းအချို့ကို သိခဲ့ရ၏။ ထိုအတွက်ကြောင့် ဒဏ္ဍာရီလာ မဟာမီးတောက် ကျီးကန်းသိုင်းနှင့် ပတ်သတ်သည့် ပြဿနာအကြောင်း သိခဲ့ခြင်းဖြစ်သည်။

ဖာဟားနား တော်ဝင်အိမ်ထောင်စုအတွင်း ကျော်ကြားသော အတွင်းပိုင်းတိုက်ပွဲ ဖြစ်ခဲ့ပြီး ထိုနာမည်ကြီးသိုင်းက ပျက်စီးသွားခဲ့လေရာ အနာဂတ်မှာ ဖာဟားနားခါကန်းများ၏ အင်အားကို လျော့ကျစေခဲ့သည်။ ထိုပြဿနာက အနာဂတ်ကပ်ဘေးအထိသာ ရှိခဲ့သည်။ ထိုကာလရောက်မှသာ သိုင်းတိုင်းကို စုစည်းလိုက်ပြီး အမျိုးမျိုးသော ပူးပေါင်းမှုများလုပ်လျှက် ဟာကွက်ကို ဖြည့်နိုင်ခဲ့ခြင်းဖြစ်သည်။

ဝမ်ချောင်ကလည်း ထိုအခြေအနေကို မှတ်မိနေခဲ့သည်မှာ လက်ရှိဖာဟားနား၏ ခါကန်းပါးနားဟန်က သူ၏ရှေ့သို့ ရောက်လာသောကြောင့်ဖြစ်သည်။

“ငါတို့စမ်းကြည့်တဲ့အခါ အမှန်ဟုတ်မဟုတ် တွေ့ရမှာပေါ့”

ဝမ်ချောင်ကပြောသည်။

သူဟာ အစောင့်တစ်ယောက်ကို ခေါ်ပြီး မှင်စုတ်တံ စာရွက်တို့ကို ယူခိုင်းသည်။ ဝမ်ချောင်က မဟာမီးတောက် ကျီးကန်းသိုင်းကို ပြီးပြည့်စုံရန် လိုအပ်သည့်အပိုင်းကို ခပ်မြန်မြန် ချရေးပြသည်။ ပါးနားဟန်က တစ်ချက်ယူပြီး ချက်ချင်းသိမ်းလိုက်ပြီးမှ အလွန်အဖိုးတန်သည့် ရတနာတစ်ခုကို သိမ်းဆည်းလိုက်သလို ထင်ရသည်။

ထိုသေးငယ်သော အချိန်ကာလပြီးနောက် လူတိုင်း၏အာရုံက ပုံစံငယ်ထံတွင် ပြန်ရောက်သွားသည်။

“ငါတို့က အရင်နှစ်ရက်လုံးလုံး နိုင်ခဲ့တယ်ဆိုပေမဲ့လည်း သတိလက်လွတ် နေလို့တော့မရဘူး”

ပထမဦးဆုံး ပြောလိုက်သူက ချန်းချန့်လီဖြစ်သည်။ အန်းရှီကာကွယ်ရေးစစ်တပ်၏ လက်ထောက် ကာကွယ်ရေးဗိုလ်ချုပ်ဖြစ်သည့် ချန်းချန့်လီကလည်း တိုက်ပွဲနယ်မြေတွင် အတိုင်းအတာတစ်ခု အနေအထားထိ အာဏာရှိနေသည်။

“သာ့လွန်ရော့ကျန်းက နောက်မဆုတ်သေးဘူး။ အပုမူစလင်ကလည်း အဓိကတိုက်ခိုက်တဲ့ အင်အားစုကို ပိုင်ဆိုင်ထားသေးတယ်။ အရေးအကြီးဆုံးအချက်က သူက တိုက်ပွဲထဲကိုတောင် ကိုယ်တိုင်ဝင်သေးတာမဟုတ်ဘူး။ သူ့ရဲ့ဝှက်ဖဲအနေနဲ့ တည်ရှိနေတဲ့ အကွက်တွေက ဘယ်လောက်များသလဲဆိုတာကို မသိရသလို သူ့မှာ စစ်သည်ဘယ်လောက်တောင် ထပ်ရနိုင်သေးလဲဆိုတာကိုလည်း မသိနိုင်သေးဘူး”

ထိုအကူအကြောင်း ပြောချိန်တွင် ခန်းမတစ်ခုလုံး၏ လေထုက တောင့်တင်းသွားသည်။ သူတို့အားလုံးကလည်း အာရပ်များဟာ ကြမ်းတမ်းသော တိုက်ခိုက်သူများဖြစ်ပြီး တာလာ့ကိုယ်တိုင်ကပင် သူတို့၏ ပိုင်နက်နယ်မြေနှင့် အလွန်နီးလွန်းသောကြောင့် အချိန်မရွေး တပ်ကူခေါ်နိုင်ကြောင်း နားလည်နေသည်။ အာရပ်များက တစ်ချိန်လုံး စစ်သည်တော်များကို ဆက်တိုက်ပို့ပေးနိုင်ပြီး အန်းရှီကာကွယ်ရေးစစ်တပ်နှင့် နှစ်လတိုင်တိုင် တိုက်ခိုက်နိုင်ခဲ့သည်။ သူတို့၏ အရေအတွက်က တိုး၍သာလာသည်။ လျော့ပါးသွားခြင်းမရှိခဲ့ချေ။

ဝမ်ချောင်က တာလာ့သို့ ရောက်လာသောအခါ အာရပ်များက အင်အားသုံးသိန်းကျော်ကို စုစည်းထားနိုင်ခဲ့ပြီဖြစ်သည်။

ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွား၏။ အဆုံးသတ်တွင် ဝမ်ချောင်၏အဖေ ဝမ်ရန်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“အာရပ်တွေက ကြမ်းတမ်းတဲ့အရှိန်ကို ပိုင်ဆိုင်ထားပြီး တိုက်ပွဲနယ်မြေက သူတို့ရဲ့နယ်မြေနဲ့ နီးကပ်နေတယ် ဆိုပေမဲ့လည်း စစ်ပွဲက အရေအတွက်ကိုပဲ သီးသန့်မှီခိုတာမှမဟုတ်တာ။ ငါတို့က ခြုံငုံအင်အားကို ကြည့်ဖို့လိုတယ်။ အဲ့ဒီထဲမှာ လေ့ကျင့်မှု၊ အသင်းလိုက် ပူးပေါင်းဆောင်ရွက်မှု၊ ဗျူဟာ၊ နည်းဗျူဟာ၊ ပညာ နောက်ပြီး သူတို့ရဲ့ ရိက္ခာအပိုင်းကိုလည်း ကြည့်လို့ရတယ်။ ငါတို့က ဒီနယ်ပယ်တွေကို တောက်လျှောက် အာရုံစိုက်ကြည့်မယ်ဆိုရင် လူတိုင်းအနေနဲ့ ဒီလောက်ထိ စိုးရိမ်စရာ မလိုအပ်ဘူးလို့ထင်တယ်။ လက်ရှိ အရေးတကြီးလုပ်ရမဲ့တာဝန်က တိဗက်၊ တူရကီနဲ့ အာရပ်တွေနဲ့ ပူးပေါင်းမှုကို ဘယ်လိုပြန်လည် ခုခံတိုက်ခိုက်မလဲဆိုတဲ့ ဗျူဟာအကြောင်း ဆွေးနွေးဖို့ပဲ”

“ငါ့ရဲ့ထင်မြင်ချက်ကတော့ အဖေနဲ့တူတူပဲ။ အပုမူစလင်က မြောက်များတဲ့ တပ်ဖွဲ့တွေကို ပိုင်ဆိုင်ထားသေးတယ်။ သူက ရတိပြတ် မရှုံးသွားသေးသမျှ စစ်ပွဲက အဆုံးသတ်မှာမဟုတ်ဘူး”

ဝမ်ချောင်၏အစ်ကိုကြီး ဝမ်ဖူကလည်း သဘောတူကြောင်း ထုတ်ပြောသည်။

“အပုမူစလင်က ကိုင်တွယ်ရ လွယ်ကူတာမဟုတ်ဘူး။ ငါသူနဲ့ နှစ်လကြာ တိုက်ခိုက်ခဲ့ပြီးပြီ။ ဒီတော့ သူဘယ်လို အလုပ်လုပ်သလဲဆိုတာကို အနည်းငယ်တော့ နားလည်လာတယ်။ သူက ရန်သူကို အယောင်ပြတိုက်ခိုက်ပြီး ရန်သူရဲ့ စိတ်ဓာတ်အင်အား လဲပြိုကျသွားတဲ့အထိ အင်အားသုံးပြီး ပို၍ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို လွှတ်ထုတ်ရတာကို သဘောကျတယ်။ ပြိုင်ဘက်က မရှုံးရင်တောင်မှ သူ့ရဲ့ ဆက်တိုက် လုပ်ကြံသတ်ဖြတ်မှုတွေအောက်မှာ မှတ်ချက်တွေက ပေါ်လာလိမ့်မယ်။ အဲ့ဒီအချိန်မှာ သူက တိုက်ပွဲထဲကို ကိုယ်တိုင်ကိုယ်ကျ ဝင်လာပြီပဲ။ သေစေနိုင်တဲ့ ရိုက်ချက် တစ်ချက်တည်းနဲ့ သူက ရန်သူကို အဆုံးသတ်လိမ့်မယ်”

ကောင်းရှန်းကျစ်က ရှင်းပြသည်။ သူ၏အမူအရာက တင်းမာကာ လေးလံလာသည်။

“ဒါ့အပြင် အာရပ်တွေက တိုက်ပွဲကိုကိုးကွယ်တယ်။ ဒါကြောင့် သူတို့က ဘယ်လောက်ရှုံးရှုံး အပုမူစလင်က အမိန့်မပေးသမျှ ဘယ်တော့မှ နောက်ဆုတ်မှာမဟုတ်ဘူး။ အာရပ်တွေအတွက် သူတို့က ရန်သူကို ရှုံးအောင်လုပ်ပြီး တစ်ဖက်တိုင်းပြည်ကို သိမ်းနိုင်သမျှ သူတို့ပေးဆပ်ရတဲ့ တန်ကြေး အရေးမကြီးတော့ဘူး။ ဒီလိုနည်းလမ်းနဲ့ သူတို့က မဟာထန်က ရင်ဆိုင်ဖူးသမျှ အခြားအင်အားစုတွေနဲ့ ခြားနားတဲ့ အခြေအနေမျိုး ဖြစ်နေတယ်”

ချန်းချန့်လီနှင့် ရှီယွမ်ချင်တို့ကလည်း ခေါင်းညိမ့်ပြီး သဘောတူကြသည်။ သူတို့အားလုံးကလည်း အာရပ်များ၏ အင်အားကို ကိုယ်တိုင်ကိုယ်ကျ ခံစားဖူးပြီးသားဖြစ်သည်။

အခန်း(၉၂၈)

ဖာဟားနားခေါင်းဆောင် ပါးနားဟန်က ရုတ်တရက် ပြောလိုက်သည်။ သူ၏အမူအရာက အလွန်အမင်း ရိုးသားပုံပေါ်သည်။

“အမှန်တိုင်းပြောရရင် မဟာထန်ရဲ့ စစ်သားတွေက အာရပ်တွေနဲ့ အားမနည်းဘူးလို့ ငါခံစားရတယ်။ အရှင်ကောင်းရှန်းကျစ်က စစ်သည်ခုနှစ်သောင်းပဲရှိတယ်။ ဒါပေမဲ့သူက တာလာ့မှာ အဝိုင်းခံထားရတဲ့ အနေအထားမျိုးနဲ့တောင် နှစ်လအထိ အာရပ်တွေကို ထိန်းထားနိုင်ခဲ့တယ်။ အပုမူစလင်ကတောင် ဘာမှမလုပ်နိုင်ခဲ့ဘူး။ ဖာဟားနားရဲ့ အာရပ်တွေပေါ် နားလည်သဘောပေါက်မှုဆိုရင် သူတို့ရဲ့ ဘယ်စစ်ပွဲကမှ ဒီလိုအခြေအနေမျိုး မရှိခဲ့ဖူးဘူး။ နောက်ပြီး ငါတို့မှာ အရှင်လည်းရှိတယ်။ မနေ့က စတဲ့ တိုက်ပွဲနှစ်ပွဲလုံးမှာ အာရပ်တွေက စစ်သည်တော်အင်အား အားဖြင့် အားသာချက် အပြည့်အဝ ရရှိထားပြီး မဟာမိတ်အသစ်တွေ ပိုင်ဆိုင်ထားရင်တောင်မှ အရှင့်ကို မယှဉ်နိုင်သေးဘူး။ ဒီတိုက်ပွဲနှစ်ပွဲမှာ အာရပ်တွေက လူတစ်သိန်းကျော် ဆုံးရှုံးသွားတယ်။ မဟာထန်ရဲ့ ဆုံးရှုံးမှုကတော့ အကန့်အသတ်နဲ့ပဲ။ ဒီသတင်းသာပြန့်သွားရင် အဲ့ဒီအာရပ်က အုပ်စိုးခဲ့တဲ့ တိုင်းပြည်တွေတောင် ကိုယ့်နားကို ယုံကြည်နိုင်မှာမဟုတ်ဘူး”

“ကုန်းမြေရဲ့ တိုင်းပြည်တွေ အားလုံးထဲမှာ မဟာထန်ကပဲ အာရပ်ကို နိုင်နိုင်လောက်တယ်။ ငါတို့လို ကြေးစားစစ်သားတွေရဲ့ အမြင်မှာတော့ မဟာထန်က အင်အားအကြီးဆုံး တိုင်းပြည်ဖြစ်တယ်။ ဒီအတွက်ကြောင့်လည်း ငါတို့က မဟာထန်နဲ့ အတူပေါင်းပြီး တိုက်ခိုက်ချင်စိတ်ရှိတာပေါ့”

အန်းရှီကာကွယ်ရေးစစ်တပ်က အဓိကအင်အားစုနှစ်ခုကို ပိုင်ဆိုင်ထားသည်။ တစ်ခုကမူ တာလာ့ဖြစ်ပြီး အခြားတစ်ခုကမူ ဖာဟားနားဖြစ်သည်။ တာလာ့ခေါင်းဆောင် ဝမ်ဟယ်ဖေးလော့က သေသွားပြီး ကောင်းရှန်းကျစ်၏အရှေ့တွင် ပြောရေးဆိုခွင့်ရှိသူက ပါးနားဟန်ဖြစ်သွားသည်။

ဧည့်ကြိုခန်းမထဲမှ လူများအားလုံးကလည်း ပါးနားဟန်၏ စကားလုံးများကြောင့် အံ့ဩသွားကြသည်။ မည်သူကမှလည်း ဖာဟားနား၏ ခေါင်းဆောင်က မဟာထန်ကို ထိုမျှအထိ ယုံကြည်နေပြီး သူတို့ထက်အောင် ယုံကြည်မှု ပြင်းပြနေမည်ဟု မထင်ထားမိချေ။ ခန်းမ၏ သုန်မှုန်မှုက ချက်ချင်းဆိုသလို အငွေ့ပျံသွား၏။ ဝမ်ချောင်ကပင် ပြုံးလိုက်သည်။

ဖာဟားနားက မဟာထန်၏ အယုံကြည်ရဆုံး မဟာမိတ်ဖြစ်ထိုက်ပေသည်။

“ဒါပေမဲ့ ငါတို့အခု အရှေ့နဲ့အနောက်က ရန်သူတွေကို ရင်ဆိုင်နေရတာ”

နောက်ထပ် အသံတစ်သံက ဆွေးနွေးခန်းထဲသို့ ဝင်လာသည်။

“ငါတို့က ဘယ်ဘက်ကိုတိုက်ခိုက်တိုက်ခိုက် အခြားတစ်ဖက်ကိုလည်း ရင်ဆိုင်ရဦးမှာပဲ။ ငါတို့ ဒီပြဿနာကို မဖြေရှင်းနိုင်ရင် ရှုံးမှာသေချာတယ်”

ထိုလူ၏ ပြောစကားက မဆုံးသေးခင် ပါးနားဟန်က ဖန်တီးပေးထားသော နွေးထွေးသော လေထုအခြေအနေက ပျောက်ပျက်သွားသည်။ လူတိုင်းက ခုခံလိုသော မျက်နှာထားနှင့် ခေါင်းဆောင်ကုလီကို လှည့်ကြည့်လိုက်ကြသည်။ တစ်ဖက်သူကမူ သူ၏ပတ်ဝန်းကျင်မှ အခြေအနေကို သတိထားမိပုံမရချေ။ သူဟာ နောက်ဆုံးတွင် ထူးဆန်းသော တိတ်ဆိတ်မှုကို သတိထားမိသွားပုံပေါ်ပြီး ကုလီက ခေါင်းကိုမော့လာသည်။ အလင်းရောင်တစ်ချက် လက်ပြီးနောက် သူဟာ စကားမှားသွားကြောင်း နားလည်လိုက်ပြီး မျက်နှာက ဖြူဖျော့သွားသည်။

တာလာ့က အာရပ်များနှင့် ပူးပေါင်းခဲ့သည်။ ဝမ်ဟယ်ဖေးလော့ကလည်း ထိုကိစ္စ၏ ပေါ်ပေါက်မှုကြောင့် ကွပ်မျက်ခံခဲ့ရသည်။ တာလာ့က ယခုအခါ ယုံကြည်မှု၏ကပ်ဘေးကို ရင်ဆိုင်နေရပြီဖြစ်သည်။ သူတို့ကသာ ဘောင်ကျော်ပြီး မဟာထန်ကို ရန်စမိခဲ့လျှင် တာလာ့က ပြိုလဲကျကောင်း ကျနိုင်သည်။

ကုလီ၏မျက်နှာတွင် စိတ်ပျက်အားငယ်မှုနှင့် အထိတ်တလန့်ဖြစ်မှုများ ပြင်းထန်နေချိန်တွင် အင်အားအပြည့်ပါသော အသံတစ်သံက ထွက်လာသည်။

“ကုလီပြောတာမှန်တယ်။ အရှေ့နဲ့အနောက်ညှပ်ပြီး တိုက်ခိုက်ခံရတာက စစ်ဗျူဟာမျိုးမှာ လုံးဝကို တားမြစ်ခံထားရသင့်တဲ့ ကိစ္စကြီးပဲ။ ဒီပြဿနာကိုသာ မဖြေရှင်းနိုင်ရင် ငါတို့ကလည်း အာရပ်တွေကို အပြည့်အဝ အာရုံစိုက်ပြီးတိုက်ခိုက်ဖို့ ခက်မှာပဲ”

ဝမ်ချောင်က ထိုတခဏတွင် ကုလီ၏စကားကို သဘောတူလိုက်သည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ်”

ကုလီက မျှော်လင့်ချက် ငွေရောင်တန်းကို မြင်လိုက်ရသလို စိတ်အေးသွားသည်။ ဝမ်ချောင်အကြောင်း မသိသောသူများဟာ သူကဒီတိုင်း (၁၇)နှစ်အရွယ် ကလေးတစ်ယောက်ဟုသာ ထင်ထားသည်။ သို့ရာတွင် သူ့ကိုနားလည်သော လူတိုင်းကမူ ထိုလူက ကောင်းရှန်းကျစ်နှင့် အဆင့်အတန်းတူသော ငယ်ရွယ်သည့် ကာကွယ်ရေးဗိုလ်ချုပ်တစ်ယောက်ဖြစ်သလို ထိုထက်ပင် အဆင့်မြင်လောက်သေးကြောင်း နားလည်နေကြသည်။ မည်သို့ပင်ဆိုစေ မြို့အပြင်ရှိ စစ်သည်တစ်သိန်းကျော်က သူ၏အမိန့်အောက်တွင် ရှိနေသည်။

“ဒါပေမဲ့ ဒီပြဿနာက အဲ့ဒီလောက်ထိ မခက်ပါဘူး။ အပုမူစလင်က အာရေးဗီးယားဆီကနေ အဆုံးအစမဲ့တဲ့ တပ်ကူတွေကို ယူနိုင်ကောင်း ယူနိုင်လိမ့်မယ်။ ဒါပေမဲ့ အခြားဘက်ကတော့ မတူတော့ဘူး”

ဝမ်ချောင်က တင်းမာသော မျက်နှာထားမျိုးနှင့်ပြောသည်။ သူ၏အကြည့်က ကျောက်သားဖြင့် လုပ်ထားသော တိုင်တစ်ခုအလား မည်သို့သော စိန်ခေါ်မှုများကို ရင်ဆိုင်ရစေကာမူ ယိမ်းယိုင်မည့်ပုံစံမရှိသလို ယိုင်နဲ့သွားမည့်ပုံလည်းမပေါ်ချေ။ ထိုအကြည့်က သူ့ကိုကြည့်နေသော လူတိုင်းကို ယုံကြည်မှုရှိလာစေသည်။ သူပြောသည့် စကားကိုလည်း အလိုလို လက်ခံလာမိစေ၏။

“တိဗက်တွေနဲ့ တူရကီတွေက စစ်သည်တစ်သိန်းနှစ်သောင်းပဲ ခေါ်လာတယ်။ ပထမတိုက်ပွဲမှာ သူတို့က လေးသောင်းကျော် ဆုံးရှုံးသွားပြီ။ ဒီလိုနဲ့ သူတို့မှာ ခုနှစ်သောင်းဝန်းကျင်ပဲ ကျန်ခဲ့တယ်။ အခုကစပြီး သာ့လွန်ရော့ကျန်းက သတိအပြည့်ကပ်ထားလိမ့်မယ်။ သူဘယ်တော့မှ ရင်းနှီးတဲ့ကိစ္စမျိုးကို လုပ်လာတော့မှာမဟုတ်ဘူး။ သူ့ရဲ့အင်အားစုက ခံစားရတဲ့ ဆုံးရှုံးမှုတိုင်းကို သူပြန်လည် မဖာထေးနိုင်ဘူးလေ။ ငါမှတ်မိတာ မှန်မယ်ဆိုရင် မူထရီမဟာမြင်းတပ်က ယွီစန်းရဲ့ တော်ဝင်မြို့တော်ကိုပဲ စောင့်ကြပ်ကာကွယ်နေခဲ့ရတာ။ တော်ဝင်မြို့တော်မှာ ထူးခြားတဲ့ကိစ္စတွေမရှိရင် မူထရီမဟာမြင်းတပ်က တာလာ့အပြင်ဘက်ကို ရောက်လာစရာ အကြောင်းမရှိဘူး။ ငါခန့်မှန်းတာ မှန်မယ်ဆိုရင် သာ့လွန်ရော့ကျန်းက စန်းပေါ်ရဲ့ အမိန့်ကို ဖီဆန်ပြီး ထိုစစ်တပ်ကို လျို့ဝှက်စုစည်းခဲ့တာပဲ။ ဒီတော့ သူက ယွီစန်းဆီက တပ်ကူမရဖို့ပိုများတယ်”

ဝုန်း

ထိုအခါ ဝမ်ချောင်၏ စကားလုံးများကြောင့် လူတိုင်းက မှင်သက်သွားကြသည်။ ကောင်းရှန်းကျစ်၏ မျက်လုံးကပင် ပြူးသွားသည်။ ဒီတိုက်ပွဲမှ အခြေအနေကိုသာ သူတို့ကမြင်နိုင်ကြသည်။ သို့သော် ထိုတိုက်ပွဲကို ကျော်လွန်ပြီး ဖြစ်ပျက်နေသည့် ကိစ္စများကိုမူ မသုံးသပ်နိုင်ကြချေ။ ကောင်းရှန်းကျစ်ကပင် ချွင်းချက်မရှိချေ။

သူဟာ ဒီလိုအသေးစိတ်များကို သတိမထားမိနိုင်သောကြောင့် မဟုတ်ချေ။ ဒီတိုင်း အန်းရှီကာကွယ်ရေး စစ်တပ်အနေဖြင့် ကိုင်တွယ်ရမည့်ကိစ္စ များပြားနေသောကြောင့်ဖြစ်သည်။ ဗျူဟာအရ သီးသန့်ကြည့်သော် ဝမ်ချောင်က အခန်းထဲရှိ ဗိုလ်ချုပ်တိုင်းထက် ပို၍အထိမခံဖြစ်သည်။ ထိုထဲတွင် ကောင်းရှန်းကျစ်လည်းပါသည်။

“ဒါက သီးသန့်စစ်ပွဲလို့ မင်းပြောချင်တာလား”

ကောင်းရှန်းကျစ်က တွေးတွေးဆဆပြောသည်။

“မှန်တယ်”

ဝမ်ချောင်က ပေါ့ပါးစွာပြောသည်။ သူ၏မျက်ဝန်းက နက်နဲသွားပြီး အရာအားလုံးကို ဖောက်မြင်နိုင်ပုံပေါ်သည်။

“သာ့လွန်ရော့ကျန်းနဲ့ ဟော်ရှု့ဟွေ့ခမ်းက အနောက်တောင်ပိုင်းက စစ်ပွဲမှာ ဆုံးရှုံးသွားတယ်။ တုစုန့်မာန်ဖော်ကျဲ့က တြိဂံပုံမြေကွက်လပ်ရဲ့ တိုက်ပွဲမှာ ရှုံးသွားတယ်။ ဒီအင်အားစုသုံးခုက သူတို့လူတွေအားလုံး ဆုံးရှုံးလုနီးပါးဖြစ်သွားတယ်။ ဒါကြောင့် စန်းပေါ်က ဘယ်လောက်ပဲ အမြင်ကျယ်ကျယ် အချိန်တိုအတွင်းမှာ လိုအပ်တဲ့ စစ်သားတွေကို ဘယ်တော့မှ ပြန်ပေးနိုင်မှာမဟုတ်ဘူး။ ဒါ့အပြင် ဒါက စန်းပေါ်ရဲ့ ဆန္ဒဆိုရင်တောင်မှ သူက စစ်သည်ခုနှစ်သောင်းပဲ ပို့လိုက်မှာမဟုတ်ဘူး။ အဲ့ဒါအပြင် တုဝူစစ်လီက ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်တစ်ယောက်ဖြစ်သလို လေးစားဖွယ်ကောင်းတဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်လည်း ဖြစ်တယ်။ ဒါပေမဲ့ သူက သူနဲ့အတူ စစ်သည်လေးသောင်းပဲ ခေါ်လာတယ်။ ဒါ့အပြင် တောင်ပေါ်ဒေသရဲ့ ဝံပုလွေတွေ အများကြီးပါလာတယ်။ ငါ့အမြင်အရ အက်ရှာဘာရာခါကန်းက ရေကိုစမ်းသပ်ရုံပဲ”

“အနောက်ပိုင်းတူရကီ ခါကာနိတ်က တပ်ကူတွေ စေလွှတ်မှာမဟုတ်ဘူး”

ဘုရားကျောင်းအတွင်း တွက်ချက်သူများက အနိုင်ရနိုင်ပြီး အတွက်အချက် နည်းသောလူများက အရှုံးနှင့် ရင်ဆိုင်ရနိုင်သည်။ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်က တိုက်ပွဲနယ်မြေတွင် သူမြင်ရသည့်အရာကို ထည့်တွက်ရုံသာ မကသေးလေဘဲ အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် အကြောင်းအရာကိုပင် ထည့်သွင်းစဉ်းစားသင့်သည်။ ထိုထဲတွင် စီမံရေးဌာနများ ပါဝင်သလို နယ်ပယ်ပိုင်းဆိုင်ရာ ကိစ္စများအပြင် တပ်ကူများ၊ အထောက်အပံ့များ၊ မူဝါဒရေးရာဆိုင်ရာများ စသော အဘက်ဘက်မှ ထည့်သွင်းစဉ်းစားရပေမည်။ ဒီစစ်ပွဲတွင် ဝမ်ချောင်က စစ်နယ်မြေကိုပင် ကျော်လွန်နေသည့် ဘက်တိုင်းကို ဆင်ခြင်ထားပြီးသားဖြစ်သည်။

သာ့လွန်ရော့ကျန်းက မည်သည့် အခြေအနေမျိုးကို ဆန္ဒရှိစေကာမူ ဝမ်ချောင်ကလည်း ယခုလေးတင် ဖြစ်ပွားခဲ့သော တိုက်ပွဲမှ သူလိုအပ်သည့် သတင်းအချက်အလက်များကို ရပြီးသွားလေပြီ။ ဒီတိုက်ပွဲက သာ့လွန်ရော့ကျန်း၏ အကြံသီးသန့်သာလျှင် ဖြစ်ပြီး သူ၏ အမှန်တကယ် အခြေအနေကမူ ထင်သလောက် မတောက်ပပါချေ။

ဝမ်ချောင်က လက်ရှိအခြေအနေကို ပို၍ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ခွဲခြမ်းစိတ်ဖြာလိုက်သောအခါ ခန်းမထဲရှိ အခြားသော ဗိုလ်ချုပ်တိုင်းကလည်း အသစ်ရောက်ရှိလာသည့် သတင်းအချက်အလက်ကို စဉ်းစားတွေးတောနေကြသည်။ ဝမ်ချောင်၏ ရှင်းပြချက်က ရှုပ်ထွေးပြီး အားနည်းသော အနေအထားကို စတင်ကာ ကြည်လင်ရှင်းလင်းသွားအောင် လုပ်လိုက်ပုံပေါ်သည်။

“အာရပ်တွေအတွက်ကတော့ တာလာ့က အာရေးဗီးယားနဲ့ နီးတယ်ဆိုပေမဲ့ မမေ့သင့်တာက ငါတို့ကပဲ တိုက်ခိုက်နေတာမဟုတ်ဘူး။ ငါတို့ရဲ့နောက်မှာ မဟာထန်တစ်ခုလုံးရှိတယ်။ ငါတို့ကသာ နည်းနည်းလောက် ပိုကြာအောင် တောင့်ခံထားနိုင်ရင် အဆုံးအစမဲ့တဲ့ တပ်ကူတွေ ရနိုင်တယ်။ ဒီနည်းအတိုင်းပဲ တူရကီနဲ့ တိဗက်တွေနဲ့ ခြားနားတဲ့ အနေအထားမျိုး ဖြစ်သွားတယ်”

ဝမ်ချောင်က သူ၏စကားလုံးထဲတွင် အလေးချိန်သာအောင် ပြောလိုက်ပြီး ထိုကြမ်းခင်းတစ်ခုလုံးကို တသိမ့်သိမ့် တုန်သွားစေပုံပင် ပေါ်သေးသည်။

ခန်းမ၏ လေထုအခြေအနေက အေးအေးဆေးဆေး ဖြစ်သွားသည်။ ပါးနားဟန်နှင့် ကုလီတို့၏ ခံစားချက်များကလည်း တက်ကြွလာကြ၏။ အပုမူစလင်က သူ၏အနောက်တွင် ကြီးမားသော အာရေးဗီးယား အင်ပါယာကြီးကို ပိုင်ဆိုင်ထားသည်မှာ မှန်ကန်သည်။ အန်းရှီကာကွယ်ရေးစစ်တပ်ကလည်း မဟာထန် အင်ပါယာကြီး၏ ကြီးမားသော အင်အားစုကြီး ဖြစ်နေသေးသည်။

အဝေးရှိ အနောက်ပိုင်းဒေသတွင်ပင် မဟာထန်ဟာ မိုးခြိမ်းမတက် ကြောက်မက်ဖွယ်ကောင်းသည့် ဂုဏ်အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ ထိုအတွက်ကြောင့်လည်း မြောက်များလှစွာသော ကြေးစားစစ်သားများက မဟာထန်နှင့်အတူ ပူးပေါင်းကာ အာရပ်များကို တိုက်ခိုက်လိုစိတ် ရှိနေခဲ့ခြင်းဖြစ်သည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ်ပြောတာ အမှန်တရားဖြစ်နိုင်တယ်။ ငါလည်း ဘယ်လိုပဲဖြစ်ဖြစ် မဟာထန်က အကြွင်းမဲ့နိုင်မဲ့လူလို့ ယုံကြည်တယ်။ ငါတို့ရဲ့ တာလာ့အဖွဲ့ကလည်း မဟာထန်နဲ့အတူ အဆုံးအထိ လိုက်ပါအဖော်ပြုသွားမယ်လို့ ကျိန်ဆိုတယ်”

ကုလီက ဝမ်ချောင်ကို ကျေးဇူးတင်သော အကြည့်မျိုးဖြင့်ကြည့်ပြီး အခွင့်အရေးကို အရယူကာ သူ၏သစ္စာရှိမှုကို ဖော်ပြသည်။ ဝမ်ချောင်၏ အချိန်က ပြောလိုက်သော စကားလုံးများကြောင့်သာ မဟုတ်လျှင် သူဟာ အခန်းထဲရှိလူတိုင်း၏ ပစ်မှတ်ဖြစ်ကောင်းဖြစ်လောက်သည်။ ထိုအတွက်ကြောင့်လည်း သူဟာ အသစ်စက်စက် ရောက်လာသည့် ချီရှီကာကွယ်ရေးဗိုလ်ချုပ်ကို အလွန်အမင်း လေးစားမိလာသည်။

“လုံလောက်ပြီ။ ဒီကိစ္စကို ထားလိုက်တော့။ ငါတို့တွေ အရင်ဆုံး ဒီည ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို စဉ်းစားသုံးသပ်ရမယ်။ ငါခန့်မှန်းတာ မှန်ရင် အပုမူစလင်နဲ့ သာ့လွန်ရော့ကျန်းကလည်း ညအလယ်မှာ တစ်ခုခု စမ်းသပ်ကြည့်လိမ့်မယ်”

ဝမ်ချောင်က ပုံစံငယ်ကိုစိုက်ကြည့်လျှက် ပြောလိုက်သည်။

“အာ”

ကုလီက အံ့ဩသွားသည်။ သူက စိတ်ရှုပ်ထွေးစွာပြောသည်။

“အရှင် ကျွန်တော်တို့ ဒီတစ်ညနေလုံး မတိုက်ခိုက်တော့ဘူးပေါ့”

ဝမ်ချောင်၊ ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီတို့အားလုံးက ထိုမေးခွန်းကြောင့်ရယ်သည်။ ကုလီက ဝမ်ဟယ်ဖေးလော့၏ နေရာကိုဝင်ယူထားပြီး တာလာ့၏ ခေါင်းဆောင် ဖြစ်သွားသော်လည်း သူ၏ စစ်အပေါ် အာရုံခံနိုင်စွမ်းအားနှင့် ဗျူဟာကို ဖမ်းဆုပ်နိုင်စွမ်းအားက လိုအပ်နေသည်မှာ ရှင်းလင်းသည်။

“စိတ်အေးအေးထား။ အပုမူစလင်က ဒီညနေမှာ တိုက်ခိုက်ချင်စိတ်ရှိရင် မနက်ပိုင်းကတည်းက ဆုတ်သွားမှာမဟုတ်ဘူး”

ဝမ်ချောင်က လက်ကိုအသာယမ်းပြီး ပေါ့ပါးသောအပြုံးမျိုး ပေးသည်။

“နောက်ပြီး သူက တိုက်ပွဲပြီးတဲ့နောက်မှာ ကိုင်တွယ်ရမဲ့တာဝန်တွေ ရှိသေးတယ်။ သူက နောက်ဆုံးတစ်ပွဲပြီးနောက် တိုက်ပွဲကိုချက်ချင်း စဖို့ဆိုတာက ထင်သလောက် လွယ်တာမဟုတ်ဘူး။ သူက ဆန္ဒရှိရင်တောင်မှ သာ့လွန်ရော့ကျန်းက သဘောတူမှာမဟုတ်ဘူး။ ဒီတော့ သူ့ရဲ့အာရုံစိုက်ရမဲ့ တာလာ့က ညပိုင်းတာဝန်ကျချိန်ပဲ”

အဆင့်လိုဗိုလ်ချုပ်များက ရန်သူ၏ အကြံများကို ဖြိုဖျက်ရသည်။ မည်သည့်ဗိုလ်ချုပ်ကမဆို နေ့အချိန်တွင် ဆိုးဆိုးရွားရွား ရှုံးသွားချိန်တိုင်း ညအချိန်တွင် ပြန်လည်တိုက်ခိုက်ရန် စဉ်းစားလေ့ရှိသည်။ ညဘက်တွင် လုပ်ကြံသတ်ဖြတ်ခြင်းက အားသာချက် အများကြီးရှိသည်။ ဥပမာအနေဖြင့် ရန်သူက ထိုတစ်ညလုံး သတိအပြည့် မကပ်ထားနိုင်ချေ။ တစ်နေ့တာအတောအတွင်းထက် ပို၍ပြင်းထန်သော တိုက်ပွဲမျိုးက ဖြစ်လာသေးပြီး ညအချိန် အိပ်ငိုက်နေသောကာလက အငိုက်ဖမ်းလွယ်သော ကာလမျိုးဖြစ်သည်။

အမှောင်ထုကို အကာအကွယ် ယူထားသဖြင့် ထိုစစ်တပ်ကလည်း အလွယ်တကူ ချဉ်းကပ်လာနိုင်စွမ်းအား ရှိပြီး လေးသည်တော်နှင့် လက်နက်ကြီးအဖွဲ့ကလည်း သတိလျော့ကျနေပေလိမ့်မည်။

“ဒီအတိုင်းလည်း ဟုတ်တာပဲ။ ငါ့ရဲ့အပုမူစလင်ကို နားလည်ထားတဲ့အတိုင်းဆိုရင် သူက ညဘက်မှာ တိုက်ခိုက်ဖို့ အခွင့်အရေးကို ဘယ်တော့မှ လက်လွှတ်မခံတဲ့လူမျိုးပဲ။ ဒါ့အပြင် သာ့လွန်ရော့ကျန်းကလည်း ကိုယ်ပိုင်တွက်ချက်မှုတွေ လုပ်ထားလိမ့်မယ်။ ဒါကြောင့် ညပိုင်းရဲ့ အန္တရာယ်က နေ့ပိုင်းတိုက်ပွဲထက် မနိမ့်နိုင်ဘူး။ ဒါ့အပြင် ဒါက ငါတို့အတွက် အခွင့်အရေးလည်းဟုတ်တယ်”

အန်းရှီကာကွယ်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်က စဉ်းစားဆင်ခြင်သည်။

“စစ်ပွဲမှာ ပရိယာယ်တွေ အများကြီး မလိုအပ်ဘူး။ ငါတို့ဘက်မှာ အာရပ်၊ တူရကီနဲ့ တိဗက်တွေလောက် စစ်သည်တွေ မများဘူးဆိုပေမဲ့လည်း ကြီးမားတဲ့ အားသာချက်တစ်ခု ရှိနေသေးတယ်။ အဲ့ဒါက သံမဏိမြို့ရိုးနဲ့ တာလာ့မြို့ပဲ။ အပုမူစလင်က ဒီလိုခံတပ်မျိုးမရှိဘူး။ ဒီတော့ သူတို့က ငါတို့ကို ညဘက် ဝင်စီးနိုင်သလို ငါတို့ကလည်း အလားတူ ပြန်သုံးလို့ရတယ်။ ဒါ့အပြင် ငါတို့က ဒီလိုဝင်စီးရင်းနဲ့ အချို့ သတင်းအချက်အလက်တွေကို ရအောင်စုစည်းလို့ ရနိုင်သေးတယ်”

ဝမ်ချောင်က ထိုစကားလုံးများကြောင်း ပြုံးလိုက်သည်။ လူအများစုကမူ ကောင်းရှန်းကျစ်ဟာ ကြမ်းတမ်းပြီး ချောမွေ့စွာ လုပ်ကြံသတ်ဖြတ်နိုင်သည့် နတ်ဘုရားလို ဗိုလ်ချုပ်ကြီးတစ်ယောက်ဟု ခေါ်ကြသည်။ သူဟာ ရန်သူမမျှော်လင့်ထားသော နေရာတိုင်းတွင် အမြဲတစေ ပေါ်လာတတ်သည်ဟု ဆိုကြသည်။ သို့ရာတွင် လူအနည်းစုကသာ ကောင်းရှန်းကျစ်တွင် အခြားသော လှည့်ကွက်တစ်ခုရှိကြောင်း သိလောက်သည်။ သူဟာ လှည့်ကွက်များနှင့် လှည့်ဖျားမှုများကို ထိပ်တိုက်ရင်ဆိုင်လိုစိတ် ရှိခြင်းဖြစ်သည်။

တစ်ကြိမ်ပြီးတစ်ကြိမ်လိုလို သူဟာ ထိုလှည့်စားမှုများကို မှီခိုပြီး အနောက်ပိုင်းနယ်မြေမှ တိုင်းပြည်များကို အညံ့ခံအောင် သိမ်းသွင်းနိုင်ခဲ့၏။

ကွန်ဖြူးရှပ် ရှု့ထောင့်ဘက်မှ ကြည့်မည်ဆိုလျှင် ထိုအပြုအမူက ထည်ဝါခြင်းမရှိသည့် အနေအထားမျိုးဖြစ်သည်။ သို့သော် စစ်တပ်ဘက်မှကြည့်သော် ဝမ်ချောင်ဟာ တစ်ဖက်သူကို ချီးကျူးသင့်သည်ဟု ခံစားရသည်။

အခန်း(၉၂၉)

“ငါအရင်က သာ့လွန်ရော့ကျန်းနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတယ်။ ငါ့ရဲ့ သူ့ကို နားလည်ထားတဲ့ အတိုင်းဆိုရင် သူကလည်း ညအချိန်ရဲ့ စီမံကိန်းကို ဆွေးနွေးနေလောက်ပြီ။ ငါ့ရဲ့ခန့်မှန်းမှုတွေကသာ မှန်ကန်မယ်ဆိုရင် သူတို့စီမံကိန်းရဲ့ ပစ်မှတ်က ဒီနေရာပဲ”

ဝမ်ချောင်က ထိုသို့ပြောသည်။ သူက ရုတ်တရက် ပုံစံငယ်၏ တစ်နေရာသို့ လက်ညိုးညွှန်လိုက်သည်။ ချက်ချင်းဆိုသလိုပင် လူတိုင်းက ထိုနေရာသို့ အာရုံစိုက်လိုက်ကြသည်။

.....

“မဟာထန်နဲ့ ငါတို့ရဲ့ နေ့အချိန်တိုက်ပွဲက အနှစ်ချုပ်သွားပြီ။ ဒါပေမဲ့ ညအချိန်ကတော့ စတင်ဖို့လိုသေးတယ်”

တစ်ချိန်ထဲတွင်ပင် တာလာ့၏အရှေ့ဘက် တောင်ကုန်းများ၏အနောက်တွင် ရှိသော ရွှေရောင် အနောက်ပိုင်း တူရကီရွက်ဖျင်တဲအတွင်းတွင် သာ့လွန်ရော့ကျန်း၊ တုဝူစစ်လီ၊ ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့နှင့် အခြားသောတူရကီနှင့် တိဗက်ဗိုလ်ချုပ်တိုင်းက စုစည်းနေကြသည်။

ထန်ဘက်နှင့်မတူသည်မှာ သူတို့တွင် တာလာ့၏ မြေမျက်နှာသွင်ပြင်မြေပုံ စုစည်းထားခြင်းမရှိချေ။ သို့သော် ယွီစန်းအင်ပါယာအပိုင် ကုန်းမြေတစ်ခုလုံး၏ မြေပုံရှိသည်။

“အပေါ်ယံမှာတော့ မဟာထန်ရဲ့ဗိုလ်ချုပ်က ကောင်းရှန်းကျစ်ပေါ့။ ဒါပေမဲ့ အမှန်တိုင်းပြောရရင် သူတို့ရဲ့ဗိုလ်ချုပ်က ငါတို့နဲ့ ရင်းနှီးပြီးတဲ့လူ ဝမ်ကလန်ရဲ့ အငယ်ဆုံးသားပဲ။ ငါသူ့ကို နားလည်ထားတဲ့ အတိုင်းဆိုရင် သူလည်း ဒီညမှာ တစ်ခုခုတော့ စမ်းသပ်ဖို့ကြိုးစားလောက်တယ်။ အနောက်တောင်ပိုင်းမှာ သူက ဒီအကွက်ကို သုံးခဲ့တယ်။ ဒါကြောင့် ဒီအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူး”

ဝမ်ချောင်က သာ့လွန်ရော့ကျန်းနှင့် အတူသုံးသပ်ပြခဲ့သည်။ သာ့လွန်ရော့ကျန်းကလည်း ဝမ်ချောင်နည်းတူ သုံးသပ်ပြပြန်၏။ သူတို့က သေဖော်သေဖက် ရန်သူများဖြစ်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်း နားလည်ထားကြသည်။

“ဒါ့အပြင် နေ့အချိန်အတောအတွင်းပဲ ငါတို့က စစ်သည်တော်တွေ အများကြီးကို ဆုံးရှုံးသွားတယ်။ မဟာထန်နဲ့ မတူတာက ငါတို့က တပ်ကူထပ်မရနိုင်ဘူး။ ဒီတော့ ဝမ်ချောင်ကလည်း တိုက်ခိုက်လာတဲ့အခါ ငါတို့ကို အဓိကပစ်မှတ်ထားလိမ့်မယ်။ သူက နည်းလမ်းတိုင်းကိုသုံးပြီး ငါတို့ရဲ့အင်အားကို လျော့ကျသွားပြီး ငါတို့ပြိုလဲသွားတဲ့အထိ ချိုးဖဲ့လိမ့်မယ်”

ဝမ်ချောင်ကသာ နားထောင်နေလျှင် ဖိအားများသွားမည်မှာ သေချာသည်။ သာ့လွန်ရော့ကျန်းကလည်း တာလာ့၏ အရှင်အပိုင် ကြိုဆိုခန်းမထဲတွင် သူကဗိုလ်ချုပ်များကို ပြောခဲ့သည့်ပုံစံအတိုင်း အလားတူ အနှစ်ချုပ်ပြလိုက်သည်။

“ကွန်းချိုကျဲ့ပု ငါမင်းကို တည်ဆောက်ခိုင်းတဲ့ ခြံစည်းရိုးတွေရဲ့ အနေအထားက ဘယ်လိုလဲ”

သာ့လွန်ရော့ကျန်းက သူ၏အနောက်ဘက်ရှိ တိဗက်ဗိုလ်ချုပ်တစ်ယောက်ကို လှမ်းမေးသည်။

“မဟာအမတ်ကို တင်ပြပါတယ်။ ရထားလုံးတွေ အားလုံးကို သယ်ချပြီး စစ်သည်တော်တွေ အားလုံးကလည်း တည်ဆောက်နေပါပြီ။ တည်ဆောက်မှုတွေအားလုံးက လေးနာရီဝန်းကျင်မှာ အဆုံးသတ်သွားပါလိမ့်မယ်”

ကွန်းချိုကျဲ့ပုက အလွန်အမင်း ထောင်ထောင်မောင်းမောင်း သန်သန်မာမာနှင့် ကြမ်းတမ်းသောမျက်နှာကို ပိုင်ဆိုင်ထားသည့် ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သည်။ သူ၏ခါးတွင်လည်း ဓားမောက်ရှည်ကြီးကို ဆွဲထားသည်။

“အရမ်းကောင်းတယ်။ ကင်းလှည့်တဲ့ စစ်သည်တော်တိုင်းကို စကားဝှက် သင်ပေးထား။ ဒါ့အပြင် ငါတို့ရဲ့ နယ်နိမိတ် အပြင်ဘက်မှာ မီးတုတ်တွေအများကြီး ထွန်းထားဖို့ သေချာပါစေ။ တစ်ယောက်ယောက် ချဉ်းကပ်လာတာနဲ့ ရန်သူပဲဖြစ်ဖြစ်၊ မိတ်ဆွေပဲဖြစ်ဖြစ် အရင်ဆုံး နည်းမှန်လမ်းမှန်နဲ့ စစ်ဆေးရမယ်။ ငါတို့ရဲ့ လူတွေပဲဆိုရင် ပိုလို့တောင် သေချာစစ်ဆေးရဦးမယ်”

သာ့လွန်ရော့ကျန်းက ပြောသည်။

တုဝူစစ်လီက ရုတ်တရက်ပြောသည်။

“မဟာအမတ်က အရှုပ်အထွေး လုပ်လွန်းနေတာမဟုတ်လား။ ညအချိန် ကင်းလှည့်တာကို ဒီလောက်ထိ သတိထားနေဖို့လိုအပ်လို့လား”

ကျောနောက်သို့ လက်ပို့ထားပြီး တိတ်တဆိတ် နားထောင်နေသည့် တုဝူစစ်လီက နားထောင်နေလေလေ၊ မျက်မှောင်ကျုံ့လာလေလေ ဖြစ်လာသည်။ သာ့လွန်ရော့ကျန်းက ယွီစန်း၏ မဟာအမတ်မင်းဖြစ်သည်။ သူတို့က အချိန်တိုခန့်သာ ပြောဆိုဆက်ဆံဖူးလေသည်။ သူက တုဝူစစ်လီ၏ အသိအမှတ်ပြုမှုကို လက်ခံရရှိခဲ့၏။ သို့သော် တုဝူစစ်လီကလည်း သာ့လွန်ရော့ကျန်း၏ အလွန်အမင်း သတိကြီးမှုနှင့်ပတ်သတ်ပြီး မျက်ကန်းမယုံကြည်နိုင်ချေ။ သာ့လွန်ရော့ကျန်းကလည်း မနက်ပိုင်း တိုက်ပွဲအတောအတွင်းတွင်ပင် ထိုသို့ သတိမကပ်နိုင်ခဲ့ချေ။

“ဟား ဟား မဟာဗိုလ်ချုပ်က အဲ့ဒီလူနဲ့ မတိုက်ခိုက်ခဲ့ဖူးတော့ မသိလောက်ဘူး။ ဒါက ပုံမှန်ပါပဲ။ အဲ့ဒီလူရဲ့ စစ်အနုပညာက အခြားလူတွေနဲ့ ကွာခြားတယ်။ အနောက်တောင်ပိုင်းရဲ့ စစ်ပွဲမှာ သူက ထန်တွေကို တိဗက်တွေ ဒါမှမဟုတ် မာန်ရှဲ့ကျောင်းအဖွဲ့ဝင်တွေအဖြစ် အကြိမ်ပေါင်းများစွာ ရုပ်ဖျက်ခိုင်းခဲ့တယ်။ အဲ့ဒီအချိန်မှာ မုန်တိုင်းတစ်ခု ရွာသွန်းသလိုဖြစ်ခဲ့တာပဲ။ ဒါကြောင့် ငါတို့ဝိုင်းထားတဲ့ အနေအထားကနေ အကြိမ်ပေါင်းများစွာ ဖောက်ထွက်နိုင်ခဲ့ပြီး ငါတို့ရဲ့ အားသာချက်ကလည်း တဖြည်းဖြည်း ယိုင်နဲ့လာပြီး ရှုံးသွားတဲ့အထိ ဖြစ်ခဲ့ရတယ်”

သာ့လွန်ရော့ကျန်းက ခပ်တိုးတိုးရယ်သည်။ သူက ဒေါသထွက်နေပုံမရချေ။

ဝုန်း

သာ့လွန်ရော့ကျန်း၏ စကားလုံးများက တုဝူစစ်လီ၊ ရှားမ၊ ချဲ့ခွန်းပန်းပါးနှင့် အခြားသော အနောက်ပိုင်း တူရကီမှ ဗိုလ်ချုပ်တိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ သူတို့ဟာ အနောက်တောင်ပိုင်းမှ စစ်ပွဲအကြောင်း ကြားဖူးသည်။ သု့ိသော် ထိုညအထိ အသေးစိတ် အချက်အလက်များကို မသိထားခဲ့ချေ။

“ဒါက စိတ်ကြီးဝင်လွန်းအားကြီးတာပဲ”

ချဲ့ခွန်းပန်းပါးက ခပ်ကြမ်းကြမ်းပြောသည်။ သို့သော် တူရကီများက ပေါ်တင်တိုက်ပွဲမျိုးကိုသာ ကျင့်သားရသည်။ ဆေဘာနှင့်ဓားများကိုသုံးကာ ခပ်တင်းတင်း တိုက်ခိုက်ခဲ့၏။ ရန်သူကသာ အနောက်ပိုင်းတူရကီ အဖွဲ့ဝင်များအဖြစ် ရုပ်ဖျက်ပြီး ခြုံခိုတိုက်ခိုက်ခဲ့မည်ဆိုလျှင် အနောက်ပိုင်းတူရကီကလည်း ထောင်ချောက်အတွင်း ကျသွားမည်မှာ သေချာသည်။

“မဟာဗိုလ်ချုပ် ဒါကထူးဆန်းတယ်လို့ မထင်ပါနဲ့။ မဟာအမတ်မင်းက ဒီတိုင်း သတိထားတာက ကောင်းတယ်လို့ ထင်လို့ပါ။ သတိထားလို့လည်း အန္တရာယ်မရှိနိုင်ဘူးလေ။ ဒါက စစ်တပ်တစ်ခုလုံးအတွက်ပါပဲ”

ဟော်ရှု့ဟွေ့ခမ်းက ခပ်တင်းတင်း ဝင်ပြောပေးသည်။

“ပိုဆိုးတာက တိုက်ပွဲက အလောင်းတွေအပြည့် ရှိနေပြီးသား။ မဟာထန်က ဒီအကြံကို အကောင်အထည် ဖော်နေလောက်ပြီ။ ဒီလိုနဲ့ အလောင်းတွေက သံချပ်ကာတွေကို ယူသွားလို့ရတယ်။ ငါတို့က ဒီတိုက်ပွဲမှာ စစ်သည်လေးသောင်းနီးပါး ဆုံးရှုံးသွားတာ။ မဟာထန်ကလည်း အယောက်လေးသောင်းလုံးကို ငါတို့လူတွေအဖြစ် ရုပ်ဖျက်ပြီး ညပိုင်းဝင်စီးခိုင်းနိုင်တယ်။ ငါတို့ရဲ့ အခြေအနေအရ ဒီလိုအခြေအနေမျိုးကို တောင့်ခံနိုင်မှာမဟုတ်ဘဲ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးအဖြစ် ဖြစ်သွားလိမ့်မယ်”

သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကလည်း ဝမ်ချောင်၏ သူတို့၏ အဖွဲ့ဝင်များကို အခြားသူအဖြစ် ရုပ်ဖျက်ပြီး ခြုံခိုတိုက်ခိုက်ခဲ့သော နည်းလမ်းမျိုးကို ကျင့်သားရပြီးသားဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့သော ဗျူဟာမျိုးကို အလွန်အမင်း ကြောက်ရွံ့ကြလေသည်။ တုဝူစစ်လီက နားမလည်လောက်သော်လည်း ထိုနှစ်ယောက်ကမူ အလွန်အမင်း နားလည်သည်။ ထိုဖြစ်နိုင်ချေကို ကောင်းကောင်း နားလည်ထားကြသည်။

တုဝူစစ်လီက ဘာစကားမှမပြောကြချေ။ သို့သော် သူ၏မျက်မှောင်ကမူ ပို၍ကျုံ့လာသည်။ အရေအတွက် အဖွဲ့ဝင် အနည်းငယ်က ရုပ်ဖျက်ပြီး ဝင်ရောက်လာခဲ့လျှင် ပြဿနာမရှိချေ။ သို့သော် မြင့်မားလှသော ပမာဏဆိုလျှင် ခြားနားသောကိစ္စဖြစ်သွားလေပြီ။ မဟာထန်မှ ထိုကောင်လေးက ကောက်ကျစ်လွန်းသည်။ ထို့ကြောင့် ကြိုတင်ပြင်ဆင်မှုများက လိုအပ်သည်။

“ဒါဆိုရင်လည်း ငါတို့ မင်းတို့ပြောတဲ့အတိုင်းလုပ်မယ်။ ငါ့ရဲ့လက်အောက်ငယ်သားတွေကိုလည်း လုပ်သင့်တာတွေလုပ်ဖို့ မင်းပဲပြောလိုက်ပါ။ ဒါပေမဲ့ မဟာထန်က ငါတို့ကို ဝင်စီးခဲ့ရင်တော့ ငါတို့က သူတို့ကို တိုက်ခိုက်ဖို့ ကြိုးစားရမှာပဲ။ ငါတို့ဘာသာ သေဖို့စောင့်နေတာထက် သူတို့ကို တိုက်ခိုက်တာက ပိုကောင်းတယ်”

တုဝူစစ်လီက ခပ်ကြမ်းကြမ်းပြောသည်။

“ဟား ဟား ဒါကတော့ မဟာဗိုလ်ချုပ်နဲ့ ငါ့အကြားမှာ သဘောမတူစရာ မရှိပါဘူး”

သာ့လွန်ရော့ကျန်းကရယ်သည်။ ထို့နောက် သူ၏အကြည့်က ရွက်ဖျင်တဲအလယ်ရှိ ကြီးမားသော စားပွဲကြီးပေါ် တင်ထားသော မြေပုံထံ ရောက်သွားလေသည်။

“ထန်တွေက သူတို့ရဲ့အနောက်မှာ ထူးချွန်လွန်းတဲ့ ဗျူဟာပညာရှင်ကို ပိုင်ဆိုင်ထားပြီး လေးစားဖွယ်ကောင်းတဲ့ တိုက်ခိုက်ရေးအင်အားစုကို ပိုင်ထားပေမဲ့လည်း သူတို့ရဲ့ အရေအတွက် တစ်ဝက်ကျော်ကျော်လောက်က ကြေးစားစစ်သည်တွေ တကယ့်အစစ်အမှန် ထန်စစ်သားတွေရဲ့ ပမာဏက တအားနည်းတယ်။ ဒါတွေအပြင် သူတို့မှာ အခြားကြီးမားတဲ့ အားနည်းချက် ရှိနေသေးတယ်။ ငါတို့ကသာ အဲ့ဒီအားနည်းချက်ကို ဖမ်းဆုပ်နိုင်ရင် သူတို့ရဲ့ လက်မောင်းကိုဖြတ်နိုင်ပြီ။ အဲ့ဒီနောက် ငါတို့ဘာကိုမှ ကြောက်စရာလိုတော့မယ်မထင်ဘူး။ မဟာထန်မှာ စစ်သည် တစ်သိန်းတောင် ကျန်တော့မှာမဟုတ်ဘူး”

“ဘာအားနည်းချက်လဲ”

သာ့လွန်ရော့ကျန်း၏ စကားလုံးက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။ သာ့လွန်ရော့ကျန်း၊ ဟော်ပါးစမ်းယဲ့၊ ချဲ့ခွန်းပန်းပါးနှင့် အခြားသော ဗိုလ်ချုပ်တိုင်းက အနားကပ် နားထောင်ကြသည်။

“လက်နက်ကြီးတွေ”

သာ့လွန်ရော့ကျန်းကပြုံးပြီး ထိုစကားလုံးကိုပြောသည်။

...

“လက်နက်ကြီးတွေ”

သာ့လွန်ရော့ကျန်းကလည်း တူညီသော တခဏတွင် ဝမ်ချောင်က တာလာ့၏ မြို့အရှင်ကြိုဆိုရေး ခန်းမထဲမှ ရောက်ရှိနေကြသော ဗိုလ်ချုပ်တိုင်းကို အလားတူသော စကားလုံးကို ပြောနေမည်ဟု မထင်ထားလောက်ချေ။

“လက်နက်ကြီးတွေက မဟာထန်ရဲ့ အရမ်းကို အင်အားကြီးပြီး လေးလံတဲ့ လက်နက်တွေဖြစ်တယ်။ တော်ဝင်ခုံရုံးကလည်း သူတို့ကို အသုံးပြုတဲ့နေရာကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတယ်။ ဒီတော့ ငါတို့ရဲ့ အရင်တစ်ခေါက် တိုက်ပွဲတွေမှာ အာရပ်၊ တူရကီနဲ့ တိဗက် အရေအတွက် ပမာဏ အများအပြားက လက်နက်ကြီးတွေကြောင့် အဆုံးသတ်သွားခဲ့တာ။ သာ့လွန်ရော့ကျန်းကလည်း ဉာဏ်ကောင်းတဲ့အမတ်ပဲ။ ဒီတော့သူက ဒီအချက်ကို သတိထားမိလိမ့်မယ်။ သာ့လွန်ရော့ကျန်းကသာ ညပိုင်းဝင်စီးရင် သူ့ရဲ့ပစ်မှတ်က ဒီလက်နက်ကြီးတွေပဲ”

ဝမ်ချောင်က ယုံကြည်မှုအပြည့်ပါသော လေသံမျိုးဖြင့် ထိုစကားလုံးများကို ပြောလိုက်ခြင်းဖြစ်ပြီး သူဟာ သာ့လွန်ရော့ကျန်းကို အလေးအနက် နားလည်ထားပုံပေါ်သည်။

အလုံးအရင်းဖြင့် ဝင်တိုက်သတ်ဖြတ်ခြင်းမရှိသမျှ ညပိုင်းဝင်စီးသော ကိစ္စက အကန့်အသတ်နှင့်သာ ထိခိုက်နိုင်သည်။ ထို့ကြောင့် သူတို့၏ ပစ်မှတ်က သဘာဝအလျောက်ပင် ဗျူဟာထုတ်သုံးရမည့် အနေအထားမျိုး ပါဝင်လေသည်။ သာ့လွန်ရော့ကျန်းကလည်း ချွင်းချက်မရှိနိုင်ချေ။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် လက်နက်ကြီးတွေက အရမ်းကို အရေးကြီးပါတယ်။ တိဗက်တွေနဲ့ တူရကီတွေကသာ လက်နက်ကြီးတွေကို တိုက်ခိုက်ဖို့ ရွေးချယ်လိုက်မယ်ဆိုရင် လက်နက်ကြီးတွေကို တာလာ့ထဲကိုရွေ့ပြီး ဆုံးရှုံးမှုနည်းအောင် လုပ်ထားသင့်လား”

ချန်းချန့်လီက မေးကြည့်သည်။

ဝမ်ချောင်ကသာ လက်နက်ကြီးများကို ပိုင်ဆိုင်ထားခြင်းမဟုတ်ချေ။ အန်းရှီကာကွယ်ရေးစစ်တပ်တွင်လည်း မြောက်များလှစွာသော လက်နက်ကြီးများကို ပိုင်ဆိုင်ထားသည်။ သို့သော် အားလုံးက လျှင်မြန်စွာ ပစ်ခတ်နိုင်သည့် ကဏ္ဍတွင် ပါဝင်လေသည်။ မည်သူကမှလည်း ဝမ်ချောင်ကဲ့သို့ စစ်တပ်တစ်ခု မဖွဲ့ထားကြချေ။ ထို့အပြင် သူတို့ကို ကိုင်တွယ်ရန် အထူးတလည် စစ်သားများ မပို့ထားကြပါချေ။ ဒီတိုက်ပွဲနယ်မြေတွင် ဝမ်ချောင်၏ လက်နက်ကြီးအဖွဲ့က ထုတ်ပြနိုင်သော ရလဒ်နှင့် အန်းရှီကာကွယ်ရေးစစ်တပ်မှ လက်နက်ကြီးများ၏ ရလဒ်က နေ့နှင့်ညအလား ကွားခြားနေခဲ့သည်။

သာ့လွန်ရော့ကျန်းကသာ ဝမ်ချောင်နှင့် လက်နက်ကြီးအဖွဲ့ကို တိုက်ခိုက်ခဲ့လျှင် တာလာ့ရှိ ထန်စစ်တပ် တစ်ခုလုံးအပေါ် ကြီးမားသည့် သက်ရောက်မှုကြီး ရှိသွားနိုင်သည်။

သို့ရာတွင် ဝမ်ချောင်၏ အမိန့်အောက်မှ လက်နက်ကြီးစစ်တပ်ကလည်း အန်းရှီကာကွယ်ရေးစစ်တပ်မှ ဒုကာကွယ်ရေးဗိုလ်ချုပ် ချန်းချန့်လီကပင် အမိန့်ပေးနိုင်စွမ်းမရှိချေ။ သူကဒီတိုင်း အကြံမျှသာ ပေးနိုင်၏။ စစ်တပ်တွင် အခြားသူ၏အာဏာကို ကျော်ခြင်းက တားမြစ်ထားသည့် အဓိက ပြည့်ညှက်ချက်ဖြစ်သည်။

“မလိုဘူး”

ဝမ်ချောင်က ခပ်အေးအေးရယ်သည်။

“သံမဏိခုခံရေးအားလှိုင်းက လက်နက်ကြီးအဖွဲ့ကို လိုအပ်တယ်။ ဒါမှ သူတို့က ပူးပေါင်းပြီး ရန်သူကို ကိုင်တွယ်နိုင်မှာ။ ဒါ့အပြင် အပုမူစလင်နဲ့ သာ့လွန်ရော့ကျန်းက ညအလယ်မှာ အလုံးအရင်းနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ရွေးချယ်နိုင်တယ်ဆိုတဲ့အချက်ကို မဖယ်ထုတ်ထားသင့်ဘူး။ လက်နက်ကြီးအဖွဲ့ကပဲ အချိန်ကိုက် ပြန်လည်တိုက်ခိုက်နိုင်မှာ။ ဒါ့အပြင် လက်နက်ကြီးအဖွဲ့မရှိဘဲ သာ့လွန်ရော့ကျန်းကို ငါတို့က ဘယ်လိုများ ငါးစာမြှားရမှာလဲ”

ထိုစကားလုံးများနှင့်အတူ လူတိုင်း၏မျက်ဝန်းက တောက်ပသွားသည်။

“ကြည့်ရတာ အရှင်ကာကွယ်ရေးဗိုလ်ချုပ်မှာ အကြံရှိနေတာပဲ”

ကောင်းရှန်းကျစ်က သူ၏မုတ်ဆိတ်ကိုပွတ်ပြီး ဝမ်ချောင်ကို နားလည်သလို အပြုံးမျိုးဖြင့်ကြည့်သည်။

“ဒီလိုကိစ္စတွေမှာ အမြဲတစေ ပြင်ဆင်ထားတာက မပြင်ဆင်ထားတဲ့လူတွေထက် သာပြီးသား။ ငါက သာ့လွန်ရော့ကျန်းက လက်နက်ကြီးတွေကို တိုက်ခိုက်မယ်ဆိုတာကို သိနေပြီးကတည်းက ကြိုတင်ပြင်ဆင်မှုတွေအတွက် အကြံအစည် ချထားပြီးသားပေါ့။ တိဗက်တွေက ငါတို့ကို တိုက်ခိုက်နိုင်တယ်။ ဒါပေမဲ့ ငါတို့ကလည်း သူတို့ကိုပြန်ပြီး တိုက်ခိုက်နိုင်တာပဲ”

ဝမ်ချောင်က ယုံကြည်မှုအပြည့်နှင့်ပြောသည်။ ကောင်းရှန်းကျစ်ကလည်း ဝမ်ချောင်၏စကားကို သဘောတူကြောင်း ခေါင်းညိမ့်သည်။ သူရဲကောင်းများက သူရဲကောင်းများကို လေးစားသည်။ ဝမ်ချောင်က သူ့ထက်အများကြီး ငယ်သော်လည်း သူ၏စစ်အခြေအနေကမူ မဟာဗိုလ်ချုပ်အဆင့်တွင် ဖြစ်သည်။ သူ၏အကြံ၊ သူ၏စိတ်ကူးတိုင်းက ကောင်းရှန်းကျစ်၏ သဘောတူညီမှု အပြည့်အဝ ရရှိထားသည်။ ကောင်းရှန်းကျစ်ကလည်း အန်းရှီကာကွယ်ရေးစစ်တပ်မှ မည်သည့်ဗိုလ်ချုပ်တွင်မျှမရှိသည့် လှည့်စားနိုင်သည့်စွမ်းရည်မျိုးကို သူ့ထံတွင် တွေ့နိုင်သည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ်နဲ့ ငါက အမြင်တူတယ်။ အရင်ဆုံး တိုက်ခိုက်တဲ့သူက တက်ကြွတဲ့ အနေအထားမျိုးမှာ ရှိနေတဲ့အချိန်မှာ နောက်မှလိုက်ပြီး တိုက်ခိုက်တဲ့လူကတော့ ခုခံတဲ့အနေအထားကို ဝင်သွားတတ်တယ်။ တိုက်ခိုက်တာက အကောင်းဆုံးလှုပ်ရှားမှုပဲ”

ကောင်းရှန်းကျစ်ကပြောသည်။ သူ၏မျက်ဝန်းက တောက်ပနေသည်။

ကောင်းရှန်းကျစ်ဟာ ခုခံခြင်းတွင်သာ တော်သည့် မဟာဗိုလ်ချုပ်တစ်ယောက် မဟုတ်ခဲ့ချေ။ အင်အားအပြည့်နှင့် တိုက်ခိုက်ခြင်းက သူ၏အတော်ဆုံးသော လှည့်ကွက်တစ်ခုဖြစ်သည်။ ထို့ကြောင့် သဘာဝအလျောက်ပင် သူဟာ ဝမ်ချောင်၏ တိုက်ခိုက်ရန် ကမ်းလှမ်းချက်ကို သဘောတူသည်။

“ဒါပေမဲ့ အရှင်ကာကွယ်ရေးဗိုလ်ချုပ် သတိအပြည့် ကပ်ထားသင့်တဲ့ ကိစ္စတစ်ခုတော့ရှိတယ်”

ကောင်းရှန်းကျစ်ကပြောသည်။

“ငါသိထားတဲ့အတိုင်းဆိုရင် သာ့လွန်ရော့ကျန်းကလည်း အရင်က မင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးလို့ မင်းရဲ့ လှည့်ကွက်တွေကို နားလည်နေလိမ့်မယ်။ ဒီလူက အရမ်းဉာဏ်ကောင်းတယ်။ ဒီတော့ မင်းရဲ့ လုပ်ကြံသတ်ဖြတ်မှုကိုလည်း ခန့်မှန်းထားနိုင်ပြီး ကြိုတင်ပြင်ဆင်ထားလောက်တယ်။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကသာ တိုက်ခိုက်ဖို့ ဆန္ဒရှိရင် ဒီလုပ်ကြံသတ်ဖြတ်မှုကို ဂရုတစိုက်နဲ့ ကြံစည်ဖို့ လိုအပ်တယ်”

“အရှင်က အရမ်းစိုးရိမ်နေတာပဲ။ စစ်အနုပညာက လှည့်စားမှု အနုပညာပဲ။ သာ့လွန်ရော့ကျန်းက ငါ့ရဲ့ အရင်ဗျူဟာတွေကိုပဲသိတာ။ လက်ရှိဗျူဟာတွေကိုမဟုတ်ဘူး။ ဗိုလ်ချုပ်တစ်ယောက်က နေရာဒေသ အခြေအနေ အမျိုးမျိုးအရ ဗျူဟာကို ပြောင်းသုံးသင့်တယ်။ အချိန်နဲ့နေရာတိုင်းမှာ ဗျူဟာတစ်မျိုးတည်းကို ထပ်ခါတလဲလဲ သုံးနေတာမျိုးက ဘယ်အဆင်ပြေနိုင်ပါ့မလဲ။ တူညီတဲ့ဗျူဟာကိုမသုံးရင် ရန်သူက ဘယ်လိုခုခံနိုင်မှာလဲ။ နောက်ပြီး သာ့လွန်ရော့ကျန်းက ဘယ်လောက်ပဲ ကြိုတင်ပြင်ဆင်မှု လုပ်ထားလုပ်ထား အသုံးမဝင်ပါဘူး”

ဝမ်ချောင်က အောင်နိုင်သူအပြုံးမျိုးနှင့် စကားကို အဆုံးသတ်လိုက်သည်။

အခန်း(၉၃၀)

“အို”

ကောင်းရှန်းကျစ်၏ မျက်ဝန်းက ဝမ်ချောင်၏ စကားလုံးများကြောင့် တောက်ပသွားရုံသာ မကသေးလေဘဲ အခြားသော အန်းရှီဗိုလ်ချုပ်တိုင်း၏ မျက်ဝန်းကလည်း တောက်ပသွားကြသည်။ သူတို့ဟာ ထိုကဲ့သို့ စစ်သီအိုရီမျိုးကို မကြားဖူးကြချေ။ ကောင်းရှန်းကျစ်ကပင် သစ်လွင်သည်ဟု ခံစားရသည်။ ဝမ်ရန်နှင့် ဝမ်ဖူက တုန့်ပြန်မှု အနည်းငယ်သာပြသည်။ သူတို့က ကျင့်သားရနေလေပြီ။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ်ရဲ့ စကားလုံးတွေက တကယ်ကို တောက်ပထင်ရှားလွန်းပါပေတယ်။ ငါတို့တောင် ဉာဏ်အလင်းပွင့်သွားတယ်။ ရေစီးတဲ့လမ်းက အမြဲတမ်း တသမတ်တည်းမဟုတ်ဘဲ ပြောင်းလဲနေသလိုပဲ အရှင်က သဘာဝ မြေမျက်နှာသွင်ပြင်ကိုတောင် ခြုံငုံသုံးသပ်ပြီး စစ်အနုပညာကို ဒီလောက် ထဲထဲဝင်ဝင် နားလည်ထားမယ်လို့ မထင်ထားဘူး”

ချန်းချန့်လီက ဝမ်ချောင်ကို ချီးကျူးသည်။ သူ၏နှလုံးသားအတွင်း လေးစားမှုများက ပြည့်နှက်နေသည်။

ဝမ်ချောင်ဟာ အခြားသော မဟာထန်ဗိုလ်ချုပ်တိုင်းနှင့် ခြားနားသော စစ်အနုပညာကို လေ့ကျင့်သည်။ ထို့ကြောင့် (၁၇)နှစ်အရွယ်သာ ရှိသေးသည့် ထိုလူငယ်က စစ်ဗျူဟာတွင် အလွန်ထူးခြားသော နားလည်သဘောပေါက်မှုကို ပိုင်ဆိုင်ထားကြောင်း ယုံကြည်ရန် ခက်ခဲသည်။

“လက်ထောက်ကာကွယ်ရေးဗိုလ်ချုပ်ရဲ့ ချီးကျူးမှုက လွန်သွားပါပြီ”

ဝမ်ချောင်က ဖျော့တော့စွာသာပြုံးသည်။ သူက ဂုဏ်ယူသလို မခံစားရသလို နှိမ့်ချမှုလည်းမပြုချေ။

သူက ယခင်ဘဝမှ ကျင့်ကြံခြင်းအဆင့်ကို ပြန်မရသေးသော်လည်း လောကရှိ လူအနည်းစုကသာ ဗျူဟာကျွမ်းကျင်မှုနှင့် နည်းပညာအရာတွင် ဗဟိုပြင်ကျယ်၏ စစ်သူတော်စင်ကို ယှဉ်နိုင်တော့သည်။ သာ့လွန်ရော့ကျန်းက အနောက်တောင်ပိုင်းတွင် ဝမ်ချောင် ထုတ်ပြခဲ့သည့် စစ်အနုပညာကို တုပရုံသာ တက်နိုင်၏။

“သာ့လွန်ရော့ကျန်းကို ငါ့ရဲ့တာဝန်ထားလိုက်။ ဒါပေမဲ့ အပုမူစလင်ရှိသေးတယ်။ သာ့လွန်ရော့ကျန်းက ညဘက်မှာ လှုပ်ရှားရင် အပုမူစလင်ကလည်း လှုပ်ရှားမှာပဲ။ အဲ့ဒါတွေအပြင် ငါသာ့လွန်ရော့ကျန်းကို နားလည်ထားတဲ့အတိုင်းဆိုရင် သူက အပုမူစလင်ဆီ သတင်းပို့ပင်ဂွင်းနဲ့ စာလွှတ်ပြီး ငါတို့နဲ့ပတ်သတ်လို့ သတိထားခိုင်းလိမ့်မယ်”

ဝမ်ချောင်ကပြောသည်။

“ငါ့ရဲ့တာဝန်ထားလိုက်”

ကောင်းရှန်းကျစ်က ချက်ချင်းလိုလို ပြန်ဖြေသည်။ သူ၏မျက်နှာတွင် ယုံကြည်မှုရှိပြီး ခပ်အေးအေး အပြုံးမျိုးက ပေါ်လာသည်။

“ဘာပဲဖြစ်ဖြစ် ငါက အပုမူစလင်နဲ့ တိုက်ခိုက်နေတာ ဒီလောက်ကြာပြီ။ သူကဘာလုပ်လုပ် အန်းရှီကာကွယ်ရေးစစ်တပ်က သူ့ကို လက်ဗလာနဲ့ ပြန်ခိုင်းမှာပဲ။ ဒါ့အပြင် ငါတို့က ဒီအခြေအနေကို အရယူပြီး အာရပ်တွေရဲ့ အားနည်းချက်ကို နှိုးဆွလို့ သူတို့က အခြေအနေကို ဘယ်လိုပြောင်းပြန်လှန်နိုင်လဲဆိုတာ ကြည့်ရမယ်”

အနောက်တောင်ပိုင်း၏ စစ်နတ်ဘုရားတစ်ယောက်ဖြစ်သည့် ကောင်းရှန်းကျစ်တွင်လည်း ကိုယ်ပိုင်မာနရှိသည်။ သူဟာ အခြေအနေတစ်ခုလုံးကို ခြုံငုံသုံးသပ်ပြီး ဗျူဟာများ ချရသည့် နည်းပညာရှု့ထောင့်များတွင် လိုအပ်ချက် ရှိကောင်းရှိနေသည်။ သို့သော် တိုက်ပွဲတွင် တိုက်ခိုက်မှုနှင့် ယှဉ်လာသော် ကောင်းရှန်းကျစ်က မည်သည့်အမျိုးသားထက်မှ နိမ့်ကျခြင်းမရှိချေ။ ထန်ဗိုလ်ချုပ်နှစ်ယောက်က သဘောတူညီမှု ရရှိသွားပြီး ခပ်မြန်မြန်ပင် လှုပ်ရှားရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ဝမ်ချောင်က သာ့လွန်ရော့ကျန်းကို ကိုင်တွယ်မည်ဖြစ်ပြီး ကောင်းရှန်းကျစ်က အပုမူစလင်ကို ကိုင်တွယ်ပေလိမ့်မည်။

ထို့နောက် ဗိုလ်ချုပ်နှစ်ယောက်က အခြားသော ဗိုလ်ချုပ်များနှင့်အတူ အသေးစိတ် အခြေအနေများကို ဆွေးနွေးကြသည်။ အချိန်တခဏခန့်သာ ကြာသေးသည့်တိုင်အောင် အရာအားလုံးက အောင်မြင်စွာ အတည်ပြုလိုက်နိုင်၏။ ထိုသို့ဖြင့် ညအချိန်က ရောက်လာသည်။

.....

အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်လာသည်။ ကောင်းကင်က မှောင်လာသည်နှင့်အမျှ အနောက်ပိုင်းတူရကီ၊ အာရပ်နှင့် တိဗက်များအားလုံးက မဟာထန်နှင့် ထိပ်တိုက်ရင်ဆိုင်နေသော အနေအထားမျိုးကို ဆက်လက်ထိန်းထားကြသည်။

“ကျစ်ရ ပါးတဆီက ဘာသတင်းရသေးလဲ။ ကာလစ်က မာမဲ့လုကိုပို့ဖို့ သဘောတူထားပြီးသားမဟုတ်လား။ ဘာလို့ အဲ့ဒီမာမဲ့လုတွေက လွန်ခဲ့တဲ့ တစ်လကတည်းက ရောက်လာခဲ့သင့်တာကို အခုအချိန်ထိ မပေါ်လာသေးတာလဲ”

တာလာ့၏အနောက်ပိုင်းတွင် တောက်ပစွာ ထွန်းလင်းထားသော အာရပ်စခန်းတစ်ခုအတွင်းတွင် သံမဏိနှင့် သွေးအစိုးရ အပုမူစလင်က ရွှေသားနှင့် သံမဏိသားတို့ပေါင်းစပ်ကာ လုပ်ထားသော အလွန်ကြီးမားသည့် ပုလ္လင်ကြီးပေါ်တွင်ထိုင်နေပြီး အောက်ဘက်ရှိ ကျစ်ရကိုကြည့်သည်။ ကျစ်ရကမူ အခြားသော အာရပ်ဗိုလ်ချုပ်များကို ဦးဆောင်လျှက် ရှေ့ဆုံးတွင်ရပ်နေသည်။

“အုပ်ချုပ်သူအရှင် ငါတောင်းဆိုတဲ့စာတွေကို ထပ်ခါတလဲလဲ ပို့ထားပြီးပါပြီ”

ကျစ်ရက ဂါရဝပြုသည်။

“ငါတို့ နောက်တန်းက ရထားတဲ့ သတင်းတွေအရ ခိုရာစန်းမှာ နောက်ထပ် ပုန်ကန်တဲ့ကိစ္စတစ်ခု ပေါ်လာတယ်။ ပုန်ကန်တဲ့လူတွေက ဆာဆန်းနစ်တွေနဲ့ပေါင်းပြီး ပြဿနာထပ်ရှာကြတယ်။ ကာလစ်ကလည်း ဒီကိစ္စကို ပိုပြီးအရေးကြီးတယ်လို့ ရှု့မြင်လို့ မာမဲ့လုကို ဒီပုန်ကန်မှုကို နှိမ်နှင်းဖို့ လွှတ်ထားတာပါ”

အပုမူစလင်၏ မျက်မှောင်က ပြေလျော့သွားသည်။ ဆာဆန်းနစ်မင်းဆက်က အာရပ်က အုပ်စိုးခဲ့သည့် အင်ပါယာများထဲမှ တစ်ခုဖြစ်သလို သူတို့၏နယ်မြေချဲ့ထွင်မှုတွင် ကြုံတွေ့ရသမျှ ပြိုင်ဘက်များထက် အင်အားအကြီးဆုံးပြိုင်ဘက် ဖြစ်ခဲ့သည်။ ခိုရာစန်းက ဆာဆန်းနစ်မင်းဆက်၏ အရှေ့ပိုင်း ဖြစ်ခဲ့ဖူးသည်။

အာရပ်က ဆာဆန်းနစ်မင်းဆက်ကို သိမ်းပိုက်ခဲ့ချိန်တွင် အခြားသော ရှင်သန်ကျစ်ရသူပေါင်းများစွာရှိခဲ့ပြီး မကြာခဏဆိုသလို အာရပ်များကို ပုန်ကန်ရန် ကြိုးစားလေ့ရှိသည်။ ခိုရာစန်းနယ်မြေက ထိုပုန်ကန်မှု၏ အကြမ်းတမ်းဆုံးအိမ်ဖြစ်သည်။ အာရပ် ကာလစ်တို့ကလည်း ထိုပုန်ကန်မှုကို ပို၍ပင် အလေးထားလေရာ သူတို့၏အင်အားအကြီးဆုံး အင်အားစုကိုလွှတ်ပြီး ဖိနှိပ်ခိုင်းရခြင်းဖြစ်သည်။

အပုမူစလင်က အရှေ့ပိုင်းအစိုးရ ဖြစ်သောအခါ သူ၏ ကိုယ်ပိုင်ကြမ်းတမ်းသည့် စခန်းများအား ဖိနှိပ်မှုကို ထုတ်သုံးခဲ့သည်။ သို့သော် နောက်ဆုံးတစ်ခုပြီးနောက် နောက်ထပ်တစ်ခုက ထွက်ပေါ်လာမည်ဟု မထင်ထားမိချေ။

“ငါတို့က အဲ့ဒီဆာဆန်းနစ် အထက်တန်းလွှာတွေကို မဖမ်းမိသေးဘူးလား”

အပုမူစလင်က မျက်မှောင်ကျုံ့လျှက်မေးသည်။ သူ၏မျက်ဝန်းအတွင်း ထက်ရှသော အလင်းတန်းက လက်လာသည်။

“မမိသေးပါဘူး အဲ့ဒီဆာဆန်းနစ်အထက်တန်းလွှာတွေက အရမ်းကိုသတိထားပြီး ထွက်ပြေးဖို့ ကြံစည်ထားခဲ့ကြတယ်။ ခိုရာစန်းမှာ သူတို့ကို ကူညီပေးတဲ့လူတွေ အများကြီးရှိနေလို့ သူတို့အားလုံးကိုဖမ်းဖို့က တအားခက်ခဲနေပါတယ်။ ကာလစ်ကလည်း အုပ်ချုပ်သူရာစစ်ကို ဒီတာဝန်ကို ကိုင်တွယ်ဖို့လွှတ်ထားတယ်။ နောက်ပြီး ခိုရာစန်းအနံ့ှ ဖမ်းဆီးမိန့်တွေကို ထုတ်ထားပေမဲ့လည်း အရင်အတိုင်းလိုပဲ ရလဒ်က နည်းပါးလွန်းနေခဲ့ပါတယ်။ ဒါ့အပြင်...”

ကျစ်ရက တခဏခန့်ရပ်တန့်သည်။ သူက အပုမူစလင်ကိုကြည့်၏။

“ငါကာလစ်က အခုလေးတင် သတင်းရထားတဲ့အတိုင်းဆိုရင် အရှင်မင်းကြီးကလည်း တာလာ့က ငါတို့ရဲ့လုပ်ဆောင်မှုကို အရမ်းကို မကျေမနပ်ဖြစ်နေတယ်”

ဝုန်း

ကျစ်ရ၏ စကားလုံးများက ရွက်ဖျင်တဲတစ်ခုလုံးကို ချက်ချင်းဆိုသလို တိတ်ဆိတ်သွားစေခဲ့သည်။ အာရပ်ဗိုလ်ချုပ်တိုင်းက ခေါင်းကိုငုံ့ထားကြပြီး အလွန်အမင်း စိတ်ဓာတ်ကျသွားကြ၏။ ကာလစ်က အာဘတ်ဆစ်ကာလစ်တွင် ကာလစ်၏အမိန့်က နတ်ဘုရားအမိန့်တော်ဖြစ်သည်။ မည်သူကမှ ကာလစ်ကို မဖီဆန်ရဲချေ။ ကာလစ်ဟာ သူ၏လက်အောက်တွင်ရှိသည့် အစိုးရများက မည်သို့သော ဆုံးရှုံးမှုများ ခံစားရစေကာမူ လက်အောက်ငယ်သား မည်မျှက အသတ်ခံခဲ့ရပြီး အဖမ်းအဆီးခံခဲ့ရစေကာမူ ဂရုစိုက်လေ့မရှိချေ။ ကာလစ်က ရလဒ်ကိုသာ ဂရုစိုက်သည်။ တာလာ့က နှစ်လကြာအောင် ဝိုင်ထားသော်လည်း မကျသွားသေးချေ။ ထိုအခြေအနေက ကာလစ်ကို မကျေမနပ် ဖြစ်လာစေသည်။ ထိုအခြေအနေက မပြောင်းလဲသယောင် အပုမူစလင်ကလည်း ပြန်အခေါ်ခံရပြီး အစားထိုးခံရရင်းနှင့် အဆုံးသတ်သွားနိုင်သည်။

အရှေ့ပိုင်း၏ အစိုးရပေါင်းများစွာက တူညီသော အကြောင်းပြချက်ကြောင့် အစားထိုးခံရတတ်သည်။

ရွက်ဖျင်တဲထဲရှိ လေထုအခြေအနေက အလွန်အမင်း အထိမခံဖြစ်လာသည့် အခြေအနေတွင် အပုမူစလင်က နောက်ဆုံးတွင်ပြောလိုက်သည်။

“တာလာ့ကကျလိမ့်မယ်။ မဟာထန်က ရှုံးမှာပဲ”

သူ၏အသံက သံမဏိသားနှင့်တူသည်။ မယိမ်းယိုင်နိုင်ပုံပေါ်၏။

“ငါ့အတွက် ကာလစ်ဆီစာရေးလိုက်။ အပုမူစလင်က ဒီတိုက်ပွဲကို နှစ်လအတွင်း အဆုံးသတ်ပေးမယ်။ မဟာထန်ရဲ့ အနောက်ပိုင်းနယ်မြေ တစ်ခုလုံးကို ကာလစ်အတွက် လက်ဆောင်ပေးမယ်လို့ ပြောလိုက်ပါ။ ဒါ့အပြင် ဒီတိုက်ပွဲပြီးသွားတဲ့အခါ ငါက အလုံးအရင်းသတ်ဖြတ်မှုကို စတင်မယ်။ ထန်စစ်သည် တစ်သိန်းကျော်ရဲ့ အလောင်းတွေနဲ့ အရှင်မင်းကြီးရဲ့ မကျေမနပ်မှုတွေကို ဖြေသိမ့်မယ်လို့ပြောလိုက်ပါ။ သူတို့ထဲက ဘယ်သူကမှ မဟာထန်ကို အသက်ရှင်လျှက် မပြန်နိုင်စေရဘူး”

အပုမူစလင်၏ စကားများက တဲတစ်ခုလုံးကို ထူးဆန်းသောအားလှိုင်း ဖြတ်တိုက်သွားစေသည်။ ထိုးဖောက်မတက် ပြင်းထန်သည့် အပူဒဏ်က ထွက်ပေါ်လာ၏။ ရုန်းရင်းသတ်ဖြတ်မှုဆိုသည်မှာ အပုမူစလင်ကို နားလည်သည့် အာဘတ်ဆစ်ကယ်လီဖိတ်မှ စစ်သည်တော်များကသာ အဓိပ္ပာယ်ကို သိနိုင်ကြလေသည်။

ထိုအဓိပ္ပာယ်အရ အာဘတ်ဆစ်ကယ်လီဖိတ်၏ ရန်သူတိုင်းဟာ အဆုံးအစမဲ့သော ခြောက်ခြားမှုများကို ခံစားခဲ့ရပြီး ဘဝ၏တာဝန်အရ တိုက်ခိုက်ရန် သတ်ဖြတ်ရန်ကိုသာသိသော အာရပ်များအတွက်ကမူ အလွန်အမင်း စိတ်လှုပ်ရှားဖွယ်ရာဖြစ်သည်။ ရန်သူစစ်တပ် တစ်တပ်လုံး၏ သွေးကိုသုံးပြီး ကိုယ်ပိုင်စစ်တပ်၏ စိတ်ဓာတ်အင်အားကို မြှင့်တင်ပေးသော စကားလုံးလည်းဖြစ်သည်။

“ဒီလက်အောက်ငယ်သားက ထွက်သွားလိုက်ပါ့မယ်”

ကျစ်ရက ရိုးသားစွာပြောသည်။

“အို ဟုတ်သားပဲ နောက်ထပ် ကိစ္စတစ်ခုရှိသေးတယ်။ အရှင်မင်းကြီးက မာမဲ့လုကို ဆာဆန်းနစ်ရဲ့ ပုန်ကန်မှုကို နှိမ်နှင်းဖို့ လွှတ်လိုက်ပေမဲ့လည်း အရှင်မင်းကြီးက အခြား အုပ်ချုပ်သူနှစ်ယောက်ရဲ့ တောင်းဆိုမှုကို သဘောတူထားသေးတယ်။ ဒီတော့ အထူးစစ်တပ်နှစ်ခုက နောက်အကျဆုံး မနက်ဖြန်ဆိုရင် တာလာ့ကိုရောက်လိမ့်မယ်။ သူတို့က အရှင်အုပ်ချုပ်သူရဲ့ အမိန့်ကို နာခံဖို့ အဆင်သင့်ပါပဲ”

“ကောင်းတယ်”

အပုမူစလင်၏ မျက်ဝန်းက တောက်ပသောအလင်းဖြင့် ပေါက်ကွဲလာသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက စွမ်းအင်များဖြင့် တောက်လောင်လာသည်။

“ကျစ်ရ ငါမင်းကို ဒီကိစ္စကို လွှဲထားပေးလိုက်မယ်။ မနက်ဖြန်မှာ ငါတို့ဒီတိုက်ပွဲကို အဆုံးသတ်မယ်”

“ဒီဗိုလ်ချုပ်သွားပါ့မယ်”

ဖလပ် ဖလပ်

ရုတ်တရက် တောင်ပံခတ်သံက သူတို့၏ဆွေးနွေးမှုကို နှောက်ယှက်လိုက်သည်။

ဝှစ်

မျက်တောင်တစ်ခတ် အချိန်အတွင်း ရွက်ဖျင်တဲအတွင်းသို့ သေးငယ်သော်လည်း အားအင်တက်ကြွသည့် သိန်းငှက်လေးတစ်ကောင်က ဝင်တိုးလာပြီး ပုလ္လင်ပေါ်တွင် ထိုင်နေသည့် အပုမူစလင်နှင့် တည့်တည့်တိုးလာသည်။

ရုတ်ချည်းဆန်မှုက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။

ပုလ္လင်ပေါ်တွင် ထိုင်နေသော အပုမူစလင်ကလည်း လက်မောင်းကို အသာကမ်းလိုက်သည်။ သေးငယ်သော သိန်းငှက်လေးက သူ၏လက်မောင်းပေါ်သို့ အသာဆင်းသက်လာ၏။ သူ၏ ခြေထောက်လေးတွင် ပါးလျသော နှင်းဖြူရောင်စာရွက်လေး ရှိနေသည်။

“ဒါကတိဗက်ဆီကပဲ”

အပုမူစလင်၏ မျက်ဝန်းအတွင်း သိချင်စိတ် ပြင်းပြမှုက ပေါ်ထွက်လာသည်။ သူက စာကို ခပ်မြန်မြန် ဖြေကြည့်လိုက်၏။ ရွက်ဖျင်တဲတစ်ခုလုံးက တိတ်ဆိတ်သွားသလို အပုမူစလင်၏ စာဖတ်နေစဉ်တောက်လျှောက် အပ်ကျသံကိုပင် မကြားရချေ။ ကျစ်ရကပင် စကားတစ်ခွန်းမဆိုချေ။

“စိတ်ဝင်စားစရာပဲ။ တိဗက်တွေက သတိထားဖို့ စာပို့လိုက်တယ်။ ထန်တွေက သူတို့ကိုယ်သူတို့ ငါတို့အဖြစ် ရုပ်ဖျက်ပြီး ငါတို့အဖြစ် ဟန်ဆောင်နိုင်တယ်တဲ့”

အပုမူစလင်က ရယ်သည်။ သူက ထိုစာကို အနားရှိ အာရပ်ဗိုလ်ချုပ်ထံ ပေးလိုက်၏။

“ငါကလည်း ငါတို့ကို ဘယ်သူကများ အောင်အောင်မြင်မြင် ချောင်းပြီး တိုက်ခိုက်နိုင်မလဲဆိုတာကို နားမလည်ပေမဲ့ တိဗက်တွေက ဒီလိုစာပို့တယ်ဆိုကတည်းက သူတို့ရဲ့စိတ်ရင်းကို ဖော်ပြတာပဲ။ နာမန် မင်းဒါကိုကိုင်တွယ်လိုက်။ တစ်ခုခုတော့ ပြန်လိုက်ပါ”

“ဒီလက်အောက်ငယ်သားက သွားလိုက်ပါ့မယ်”

အာရပ်ဗိုလ်ချုပ် နာမန်က ချက်ချင်းပြန်ဖြေသည်။

“နောက်ပြီး တိဗက်နဲ့ အနောက်ပိုင်းတူရကီတွေက ငါတို့နဲ့ ပူးပေါင်းပြီး မဟာထန်ကို တိုက်ခိုက်ချင်နေတယ်။ သူတို့က ဒီတိုက်ခိုက်မှုကို ဒီနောက်ပိုင်းမှာ စတင်ချင်တယ်။ ဒီအကြံနဲ့ ပတ်သတ်ပြီး ငါတို့မှာလည်း ငြင်းစရာမရှိဘူး။ အာရပ်တွေအတွက်လည်း အကျိုးရှိမှာအမှန်ပဲ။ နာမန် မင်းရဲ့လူတွေကို စုစည်းပြီး အသင့်ပြင်ထားလိုက်”

အပုမူစလင်က ထိုသို့ပြောသည်။

“ဒီဗိုလ်ချုပ်က သွားပါ့မယ်”

နာမန်က စိတ်လှုပ်ရှားစွာ ပြန်ဖြေသည်။ သူ၏မျက်ဝန်းက သတ်ဖြတ်လိုစိတ်ဖြင့် တောက်လောင်လာသည်။ ထို့နောက် သူက ထွက်သွားသည်။

အာရပ်စစ်တပ်ရှိ မည်သူကမှ ညပိုင်းဝင်စီးရာတွင် ကျွမ်းကျင်ခြင်းမရှိကြချေ။ ဒီညတော့ဖြင့် ခမ်းနားသော သွေးရောင်ဖြင့် လွှမ်းခြုံသည့်ပွဲတစ်ခု ကျင်းပနိုင်ပေလိမ့်မည်။

.....

တာလာ့က နှစ်တစ်နှစ်၏ နောက်ဆုံးနေ့တစ်နေ့ကို ကြုံတွေ့နေရသလိုဖြစ်နေပြီး နောက်ဆုံးနေဝင်ချိန် နောက်ဆုံးနေထွက်ချိန်ကို ကြုံတွေ့ရသလို ဖြစ်သွားနိုင်သည်။ နေဟာ မိုးကုတ်စက်ဝိုင်းတည့်တည့် ဝင်ရောက်သွားသောအခါ ကောင်းကင်က ချောမွေ့စွာ မည်းမှောင်သွားသည်။ နာရီအနည်းငယ်ခန့် ကြာပြီးနောက် တာလာ့အပေါ်ရှိ ကောင်းကင်က ပိန်းပိတ်အောင် မည်းမှောင်သွားပြီဖြစ်သည်။

ဝှစ်

မှေးမှိန်သော အလင်းရောင်အောက်တွင် မီးတုတ်မီးများက တာလာ့၏ ကြီးမားသော ဂိတ်အရှေ့တွင် စတင်ကာ တောက်လောင်လာသည်။ တောက်ပလွန်းသဖြင့် သံမဏိမြို့ရိုး အရှေ့ပိုင်းတောက်လျှောက် ရောင်ပြန်ဟပ်ပေးနေသည်။ ငါးဆယ်ကျန်းအတွင်းရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေ၏။ တူညီသောမြင်ကွင်းကလည်း အနောက်ပိုင်းခုခံရေးအားလှိုင်းတွင် ပေါ်လာသည်။

ထိုမီးတုတ်နှစ်တန်းက ခုခံရေးအားလှိုင်း နှစ်တန်းလုံးမှာ ညစောင့်များကို ကောင်းကောင်းမြင်နိုင်ရန် လုံလောက်သည်။

တချိန်ထဲတွင်ပင် အရှေ့ဘက်ခြမ်းရှိ အဝေးရှိ တောင်ကုန်းတစ်နေရာတွင်လည်း ကြီးမားသည့် မီးဖိုမီးကြီးက အသက်ဝင်လာပြီး ခုခံရေးအားလှိုင်းနှစ်ခုမှ ထုတ်ထားသော ကြောက်မက်ဖွယ်ကောင်းသည့် အလင်းထက်ပင် ပို၍ပြင်းပြီး တောက်ပနေသေးသည်။ ထိုမီးဖိုမီးက တိဗက်နှင့် တူရကီအတွက် ကြီးမားသည့် ခုခံရေးနယ်မြေဖြစ်သည်။ အနောက်ဘက်မှ အာရပ်များကလည်း အလားတူပင် ပြုမူသည်။

ထိုသို့ဖြင့် မီးတောက်တစ်ခုပြီးတစ်ခုက တောက်လောင်လာပြီး အညွန့်တလူလူဖြစ်လာသည်။ အေးစက်သော တာလာ့က ကြယ်ကောင်းကင်အောက်တွင် ပူနွေးလာသည်။

ညအချိန် ကျရောက်လာသည်။ အင်အားစုသုံးခု၊ အင်ပါယာ လေးပြည်ထောင်က သတိအပြည့် ကပ်ထားကြသည်။

“သာ့လွန်ရော့ကျန်းက သူ့ကိုယ်သူအတွက် ကောင်းကောင်း ပြင်ဆင်ထားတာပဲ”

တာလာ့မြို့ရိုး အရှေ့မြောက်ဘက်ထောင့်ပိုင်းမှ အလုပ်ရှုပ်နေသော တိဗက်နှင့် တူရကီများကို ကြည့်နေသည့်ဝမ်ချောင်က ဖျော့တော့စွာ ပြုံးလိုက်သည်။

“ကံဆိုးတာက မင်းကဘယ်လောက်ပဲ ပြင်ဆင်ထားပြင်ဆင်ထား အသုံးမဝင်တာပဲ”

All Chapters