အခန်း (၉၃၆-၉၄၀)
Vol. 52 Ch. 936-940
အခန်း(၉၃၆)
ဘန်း
ဟွမ်ပေါ့ထန်းက အမိန့်ပေးလိုက်သည့် တခဏတွင် သူ၏အနောက်မှ တိဗက်စစ်သည် ဆယ်ယောက်ခန့်က သူတို့၏ ဝု့စ်သံမဏိဓားများကို ထုတ်လိုက်ပြီး ရက်စက်ကြမ်းတမ်းသော အကြည့်များနှင့်အတူ တိဗက် ကင်းစောင့်များနောက်ကို ချိန်ရွယ်ခုတ်ပိုင်းကြသည်။
စွစ် စွစ် စွစ်
တိဗက်ကင်းထောက်များက သူတို့၏ဓားအောက်သို့ တစ်ယောက်ပြီးတစ်ယောက် ကျရှုံးကုန်ချိန်တွင် သွေးများက နေရာအနှံ့ ပန်းထွက်ကုန်သည်။ ဝူရှန်းမြင်းတပ်ကသာ ထိုမျှလျှင်မြန်လွန်းသော အရှိန်နှုန်းနှင့် တိဗက်အတွင်းဝင်ရောက်ကာ သူတို့၏ဝု့စ်သံမဏိဓားများကိုသုံးပြီး တိဗက်၏ သံချပ်ကာပြားများကို အမှန်တကယ် မတည်ရှိသလိုမျိုး ခုတ်ဖြတ်နိုင်ကြသည်။ ဟွမ်ပေါ့ထန်း၏ လူများက အရေအတွက် အပြတ်အသတ် နည်းပါးသော်လည်း သူတို့၏ အသင်းလိုက် ပူးပေါင်းဆောင်ရွက်မှု အင်အားနှင့် လက်နက်များက ထိပ်တန်းအဆင့်ဖြစ်သည်။
မျက်တောင်တစ်ခတ် အချိန်အတွင်း တိဗက်များ၏ အလောင်းများက ထိုမျှော်စင်ဝန်းကျင်အနှံ့ တစ်စစီဖြစ်သွားသည်။ ညပိုင်းဝင်စီးမှုတွင် အတော်ဆုံးသော လူများထဲမှ အတော်ဆုံးများကသာ ဝင်ပါသည်။ ထို့ကြောင့် တိုက်ပွဲက ပို၍မြန်ဆန်စွာဖြင့် အဆုံးသတ်သွားသည်။ တခဏခန့် ကြာပြီးနောက် ဟွမ်ပေါ့ထန်းနှင့် ထန်စစ်သည်တော်များကသာ ကွင်းထဲတွင်ရပ်လျှက် ကျန်ရစ်သည်။
“သွား”
ဟွမ်ပေါ့ထန်းက သူ၏အနီးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးမှသာ ရုပ်ဖျက်ထားသော ထန်လက်ရွေးစင်များကို အခြားသောတစ်ဖက်ခြမ်းသို့ ဦးဆောင်ခေါ်သွားသည်။
တိဗက်များကလည်း အလွန်အမင်း လျှင်မြန်စွာ တုန့်ပြန်နိုင်ကြလေသည်။ လောက်လေးခွကြီးများက ကာပေးထားသည့်တိုင်အောင် စခန်းအတွင်းသို့ ကျောက်တုံးရာပေါင်းများစွာက မိုးရွာသလို ဆက်တိုက်ကျပြီး ဖျက်ဆီးခြင်းအသံများကို ထုတ်ဖော်နေသော်လည်း ထိုမျှော်စင်ဝန်းကျင်အနီးရှိ တိုက်ပွဲက တိဗက်ပေါင်းများစွာ၏ အာရုံကို စိုက်ခံရသေးသည်။ သူတို့၏မြင်းခွာများကပင် မြေပြင်နှင့် ထိခတ်သောကြောင့် ကျယ်လောင်သည့် မိုးခြိမ်းသံများကို ထုတ်လွှတ်လာသည်။
“ရန်သူတိုင်းက တိုက်ခိုက်ထားတယ်။ တစ်ယောက်ယောက်က စောင့်ကြည့်မျှော်စင်ကို တိုက်ခိုက်သွားတာပဲ”
“ငါ့နောက်ကလိုက်ခဲ့ကြ။ စောင့်ကြည့်မျှော်စင်တွေကို အားဖြည့်ပေးရမယ်”
“ထန် ထန်တွေပဲဖြစ်ရမယ်။ ငါနဲ့လိုက်ပြီး အားလုံးကိုသတ်စမ်း”
ဒုန်းစိုင်းနှင်သော မြင်းစီးသံများနှင့်အတူ ပြေးလွှားနေသော ခြေလျှင်တပ်များကလည်း လျှင်မြန်စွာ ရောက်ရှိလာသည်။ သို့သော် ဟွမ်ပေါ့ထန်းက ထွက်သွားပြီဖြစ်သည်။ ရိုက်ချက်က ရုတ်ချည်းဆန်လွန်းပြီး တိုက်ပွဲကလည်း အလွန်ချောမွေ့စွာ ဖြစ်သွားခဲ့၏။ တိဗက်များက ရောက်ရှိလာသောအချိန်တွင် သူတို့က အလောင်းများကိုသာ မြင်ရတော့သည်။
“အားလုံးပဲ ငါ့နောက်ကိုလိုက်ခဲ့ကြ။ နောက်မကျန်ခဲ့ကြစေနဲ့”
ဟွမ်ပေါ့ထန်းက အလောတကြီး သတိပေးသည်။
“အရှင်အမတ်ရဲ့ စကားတွေကို မှတ်ထား။ သာ့လွန်ရော့ကျန်းက အရမ်းကိုဉာဏ်ကောင်းတယ်။ သူက ထူးချွန်ပြောင်မြောက်လွန်းတဲ့ ဗျူဟာပညာရှင်ပဲ။ ငါတို့က ဒီနေရာကို တိုက်ခိုက်လိုက်ချိန်ကတည်းက သူက ငါတို့ရဲ့နေရာကို တွက်ချက်ထားလိမ့်မယ်။ ဒီတော့ ငါတို့က တစ်နေရာတည်းမှာ အကြာကြီးနေလို့မရဘူး”
လီစစ်ယဲ့က ဒီစီမံကိန်းကို တာဝန်ယူထားချိန်တွင် သူတို့အားလုံးကလည်း အစစ်အမှန် ကြံစည်ထားသူက ဝမ်ချောင်သာဖြစ်ကြောင်း နားလည်နေကြသည်။
“နားလည်ပါတယ်”
စစ်သည်တော်တိုင်းက ပြန်ဖြေကြသည်။
ထိုညပိုင်းဝင်စီးမှုက တိဗက်များကို ပစ်မှတ်ထားချိန်တွင် တိဗက်များကလည်း အလွန်အမင်း ဆိုးရွားသော ခုခံသည့် အနေအထားသို့ ရောက်ရှိနေခဲ့ကြသည်။ သာ့လွန်ရော့ကျန်းကပင် ဝမ်ချောင်၏ ထိန်းချုပ်မှုအောက်သို့ အရာအားလုံး ရောက်ရှိနေကြောင်း သိနေလိမ့်မည်မဟုတ်ချေ။ အစပိုင်းမှ ဝင်ရောက်စီးနင်းသလို အယောင်ပြ တိုက်ခိုက်မှုများက စတင်လာပြီးနောက်ပိုင်းတွင် အဆုံးသတ်တွင် အစစ်အမှန် တိုက်ခိုက်မှုများက ကပ်ပါလာသည်။ သာ့လွန်ရော့ကျန်း၏ တွက်ချက်နိုင်စွမ်းရည်ကို ဝမ်ချောင်က အားလုံးတွက်ချက်သွား၏။ သာ့လွန်ရော့ကျန်းကပင် မသိလောက်ချေ။ သို့သော် သူက ဒီပွဲတွင် ရှုံးသွားပြီဖြစ်သည်။
“သတ်”
တခဏခန့် ကြာပြီးနောက် လေထဲတွင် တိုက်ခိုက်သံများက တဖန်ပြန်ထွက်ပေါ်လာပြန်သည်။ သို့သော် ဒီတစ်ကြိမ်တွင် ကျန်းတစ်ထောင်အကွာတွင်ရှိသော စောင့်ကြည့်နေရာဖြစ်နေသည်။ သေချာအာရုံစိုက်ကြည့်မည်ဆိုလျှင် ဟွမ်ပေါ့ထန်း၏အဖွဲ့က တိုက်ခိုက်ရမည့် ပစ်မှတ်များကို ကျဘမ်းရွေးချယ်ခြင်းမဟုတ်ကြောင်း သိထားမိပေလိမ့်မည်။ ပစ်မှတ်တိုင်းကလည်း တစ်နေရာနှင့်တစ်နေရာ အလွန်အမင်း ဝေးကွာသောကြောင့် လမ်းညွှန်မှုအချို့အတိုင်း လုပ်ပုံရကြောင်း နားလည်နိုင်မည်ဖြစ်သည်။
ကောင်းကင်မှသာ ငုံ့ကြည့်လိုက်မည်ဆိုလျှင် တိဗက်စခန်းတခွင်အနှံ့ အလားတူ တိုက်ခိုက်နေသောမြင်ကွင်းပေါင်း များစွာကို မြင်ရမည်ဖြစ်သည်။ အားလုံးက တစ်ခုနှင့်တစ်ခု ဆက်သွယ်နေကြပုံပေါ်သည်။
ထိုအချိန်တွင် တောင်ကုန်းအနောက်ဘက်မှ တိဗက်ဗိုလ်ချုပ် ရွက်ဖျင်တဲအရှေ့တွင် ရပ်နေသော သာ့လွန်ရော့ကျန်းက မြေပြင်တွင် ဒူးထောက်ထားသော အနေအထားမျိုးနှင့် လက်ညိုးကိုသုံးကာ မြေပြင်တွင် ဆက်တိုက်ခြစ်နေသည်။ သူဟာ တစ်စုံတစ်ရာကို ခပ်တိုးတိုးရေရွတ်သည်။ ထို့နောက် မျက်မှောင်ကျုံ့ပြန်၏။ သူ၏မျက်ဝန်းများက ဆက်တိုက် တောက်ပနေသည်။ သူရထားသော သတင်းအချက်အလက်များကို စုစည်းပြီးနောက် မြေပုံတွင် တိုက်ခိုက်ခံရသည့် နေရာများကို အမှတ်အသားပြုထားသည်။
စခန်း၏ မြေပုံဟာ သင်္ကေတများ၊ အမှတ်အသားများနှင့် ပြည့်နှက်နေပြီဖြစ်သည်။ အရေအတွက်က များသထက်သာ များလာသည်။ သာ့လွန်ရော့ကျန်းက မရွေ့လျားသော ရုပ်ထုတစ်ခုကဲ့သို့ ဖြစ်နေသည်။ သို့သော် သူ၏စိတ်ကမူ ဆက်တိုက် လှုပ်ရှားနေသည်။ ထိုအခိုက် ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ် တုဝူစစ်လီက သူ၏အနောက်တွင် တိတ်တဆိတ် ရပ်နေသည်။ သူကပင် မနှောက်ယှက်ဝံ့ချေ။
တုဝူစစ်လီကလည်း သာ့လွန်ရော့ကျန်းက ပြသသည့် ထိုအဆင့်တွင် ရှိသော စွမ်းရည်ကို မှင်သက်နေရလေသည်။ သာ့လွန်ရော့ကျန်းကဲ့သို့ ဉာဏ်ကောင်းသော အမတ်တစ်ယောက်က သိုင်းပညာရှင်တစ်ယောက်၏ အရှေ့တွင် မည်သည့်တန်ကြေးမှ မရှိချေ။ သို့သော် သာမာန်လူမျိုးကမျှ ကြည့်ရလောက်အောင် မြင့်မားသည့် တောင်တန်းတစ်ခု ဖြစ်နေသေးသည်။ သူက ရင်ဆိုင်ရသည့် စိန်ခေါ်မှု၊ ခက်ခဲမှုများက မတူသောအဆင့်မျိုးတွင်ဖြစ်နေပြန်သည်။
ဗျူဟာနယ်မြေတွင် သိုင်းပညာခွန်အားက အသုံးမကျလုနီးပါးဖြစ်သည်။ ကြံစည်မှုများ၊ တွက်ချက်မှုများ အားလုံးကလည်း ဆုံးဖြတ်ချက်ပြတ်သားသည့် ကဏ္ဍမှ ဖော်ပြပြန်သည်။ ဒီနယ်မြေတွင် သာ့လွန်ရော့ကျန်းကသာ မဟာဗိုလ်ချုပ်အဆင့် အရည်အချင်း ပြည့်မှီသူဖြစ်သည်။
“တွေ့ပြီ”
သာ့လွန်ရော့ကျန်း၏ မျက်လုံးတွင် ကြောက်မက်ဖွယ်ကောင်းသည့် အလင်းက ရုတ်ချည်း ပေါက်ကွဲလာသည်။ သူက ခေါင်းကိုမော့သည်။ သူ၏မျက်မှောင်က ကျုံ့နေရာမှ ပြေလျော့သွားသည်။
“တစ်ယောက်ယောက် ဗိုလ်ချုပ်ဟော်ပါးစမ်းယဲ့ကို ခေါ်လိုက်ပါ။ သူ့ရဲ့တပ်ဖွဲ့တွေကို ဒီနေရာကို ဦးဆောင်ခေါ်သွားခိုင်းလိုက်”
ချွင်
သာ့လွန်ရော့ကျန်းက ဓားကိုမြှောက်လိုက်ပြီး မြေပုံ၏ အရှေ့မြောက်ပိုင်း အကျဆုံး တစ်နေရာသို့ ထိုးစိုက်လိုက်သည်။
“ဝမ်ချောင် ငါမင်းကို အထင်သေးမိသွားတယ်။ ဒါပေမဲ့ ကစားပွဲက ပြီးဖို့လိုသေးတယ်”
သာ့လွန်ရော့ကျန်း၏ ဝတ်ရုံက လေတွင်လွင့်နေသည်။ သူဟာ ကြောက်မက်ဖွယ်ကောင်းလွန်းသော မျက်နှာထားမျိုးနှင့် မြေပုံကိုစိုက်ကြည့်နေသည်။ သူဟာ ယခုအခါ ဝမ်ချောင်၏အကြံကို အခြေခံအားဖြင့် ဖမ်းဆုပ်နိုင်ပြီဖြစ်သည်။ ပြဿနာလှည့်ရှာနေသော အဖွဲ့က နှစ်ဆယ်ကျော်ရှိလောက်၏။ သို့သော် အချို့ကသာ သူ၏ အကဲဖြတ်မှုကို စိတ်ရှုပ်ထွေးစေခြင်းဖြစ်သည်။ မူရင်းအင်အားစုက အရှေ့မြောက် ထောင့်စွန်းတစ်နေရာတွင် တည်ရှိနေပေလိမ့်မည်။ သာ့လွန်ရော့ကျန်းကလည်း ထိုတိုက်ခိုက်မှု အင်အားစု၏ အချက်ပြမှုအရ ဝူရှန်းမြင်းတပ်ဖြစ်နိုင်သည်ဟု အနှစ်ချုပ်လိုက်နိုင်သည်။ ထိုအဆင့်တွင်ရှိသော စစ်သည်တော်များကသာ ဒီလိုတာဝန်မျိုးကို လုပ်နိုင်လောက်သည်။
ဝူရှန်းမြင်းတပ်ကို အမိန့်ပေးနေသော လူကလည်း ကြောက်မက်ဖွယ်ကောင်းသည့် ထန်ဗိုလ်ချုပ်ဖြစ်သည့် လီစစ်ယဲ့ဆိုသူဖြစ်လောက်သည်။
ဟော်ပါးစမ်းယဲ့နှင့် မူထရီမဟာမြင်းတပ်ကို ပို့လိုက်ခြင်းအားဖြင့် ထိုဝင်စီးသော အင်အားစုကို ဝိုင်းပြီး တိုက်ပွဲ၏ အခြေအနေကို ကြိုးကိုင်နိုင်ပေလိမ့်မည်။
“ဟော်ပါးစမ်းယဲ့ မှတ်ထား မင်းဒီနေရာကိုပဲ ချီတက်သွား။ သူတို့ကို ရှာမတွေ့သွားစေနဲ့။ နောက်ပြီး သူတို့ရဲ့ ဆုတ်လမ်းတွေအားလုံးကိုလည်း ပိတ်ထားဖို့ သတိရပါ။ သူတို့ကို တစ်သုတ်တည်းနဲ့ ချေမွနိုင်တာလိုချင်တယ်”
သာ့လွန်ရော့ကျန်း၏ အရှေ့တွင် တောင့်တင်းသန်မာသော ပုံရိပ်တစ်ခုက ပေါ်လာသည်။ သာ့လွန်ရော့ကျန်းက သူ၏ဓားကို မြေပြင်မှ တဖန်ပြန်ဆွဲနုတ်လိုက်ပြီး မြေပုံတွင် အက်စ်ပုံစံမျိုးကို ရေးဆွဲလိုက်သည်။
“နားလည်ပါပြီ”
ဟော်ပါးစမ်းယဲ့က ခေါင်းကိုငုံ့ကာ တစ်ချက်ကြည့်သည်။ ထို့နောက် ခပ်မြန်မြန် ထွက်သွား၏။
“မဟာအမတ်မင်း ငါလည်းသွားလိုက်မယ်”
တုဝူစစ်လီကလည်း ရဲရင့်ပြတ်သားစွာဖြင့် ရှေ့သို့တက်လှမ်းသည်။
သာ့လွန်ရော့ကျန်းက အနည်းငယ် တုန့်ဆိုင်းသွားပြီးနောက် ခေါင်းညိမ့်လိုက်သည်။
“အွန်း”
ဒီတစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်မှုတွင် တိဗက်များက လက်ဦးမှု မယူနိုင်ခဲ့ချေ။ သူတို့က အသာစီးမရခဲ့ချေ။ ကြီးမားသော ထိုးနှက်ချက်ကိုသုံးပြီး သူတို့၏ ကံကောင်းမှုများကို ပြောင်းပြန်လှန်လိုက်ကာ အနိုင်မှ အရှုံးသို့ ပြောင်းပြန်လှန်နိုင်မည်ဖြစ်သည်။
စွစ်
ဖြတ်ကနဲ လက်သွားပြီးနောက် တုဝူစစ်လီကလည်း ပျောက်သွားသည်။
.....
မဟာဗိုလ်ချုပ် သုံးယောက်လုံးက ထွက်သွားမှုနှင့်အတူ မူထရီမဟာမြင်းတပ်ကလည်း ရွေ့လျားသွားသည်။ အမှောင်ထုတွင်း သတ်ဖြတ်လိုစိတ်က ပြင်းထန်စွာ ပျံ့နှံ့လာပြီး ဝင်စီးသော ထန်အင်အားစု တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
သာ့လွန်ရော့ကျန်း၏ ဉာဏ်ပညာက တိုင်းတာရ အလွန်အမင်း ခက်ခဲသည်။ တိုက်ခိုက်မှုများနှင့် ပတ်သတ်သည့် သတင်းပို့နှင့် တင်ပြမှုများက သက်သေအပြည့်အဝ မရှိသော်လည်း သူဟာ စခန်း၏ အရှေ့မြောက်ဘက် အကျဆုံးအပိုင်းမှဖြစ်ကြောင်း နားလည်လိုက်နိုင်သည်။ သာ့လွန်ရော့ကျန်း၏ ဆုံးဖြတ်ချက် ချမှုကလည်း မှန်ကန်သည်။ ထိုအခိုက် ထိုနေရာက အလွန်ပြင်းထန်သော တိုက်ပွဲနယ်မြေ ဖြစ်နေသည်။
ဂရုတစိုက် ကြည့်လိုက်မည်ဆိုလျှင် ထောင်ပေါင်းများစွာသော တိဗက်အလောင်းများက မြေပြင်တွင် လွှမ်းခြုံနေကြောင်း မြင်ရမည်ဖြစ်သည်။ ထိုနေရာ၏ အလယ်တွင်လည်း လက်ရွေးစင် ထန်စစ်သည် လေးထောင်ခန့်က တိဗက်သံချပ်ကာများကို ဝတ်ဆင်လျှက် အစီအစဉ်ကျသော ပုံစံမျိုးဖြင့် တိဗက်များကို အားနည်းအောင် လုပ်နေကြောင်း မြင်နိုင်သည်။
ထိုစစ်သားများက မည်သည့်နေရာသို့ ထွက်သွားစေကာမူ ပျက်စီးမှုကသာ ကျန်ရစ်သည်။ တိဗက်စစ်သည်တော်တိုင်းက ပေါင်းပင်များကဲ့သို့ အခုတ်ဖြတ်ခံရ၏။ သံတမန်များ၊ သတင်းပို့သူများ၊ အရာရှိများ၊ တိဗက်စစ်သည်တော်တိုင်းက သတင်းအချက်အလက်ကို တင်ပြရန် တာဝန်ယူထားသော တိဗက်စစ်သည်တော်တိုင်းက ထိုလုပ်ကြံသတ်ဖြတ်မှု၏ အဓိက ပစ်မှတ်ထားရာဖြစ်သွားသည်။ ရလဒ်အနေဖြင့် အလွန်အမင်းတိုက်ခိုက်ပြီး ကြောက်မက်ဖွယ်ကောင်းလောက်သည့် တိုက်ပွဲမျိုး ဖြစ်နေသည့်တိုင်အောင် မည်သည့်သတင်းပို့ကမျှ မရောက်လာနိုင်ချေ။ အထူးသဖြင့် ထိုနေရာမှဖြစ်သည်။
“စစ်သားတိုင်း ငါ့ရဲ့အမိန့်ကို နာခံကြ။ ဆယ်စက္ကန့်ကြာရင် စစ်သားတိုင်း နောက်ဆုတ်ရမယ်”
လီစစ်ယဲ့၏ အမိန့်က စစ်တပ်၏ အလယ်ဗဟိုနေရာမှ ထွက်လာသည်။ သူဟာသူ၏ ကြီးမားသော ဝု့စ်သံမဏိဓားကြီးကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ထားပြီး မြေပြင်သို့ လွှဲယမ်းလိုက်သည်။
ဘုန်း
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဓားချည်က ဆယ်ကျန်းခန့် ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး လေထုတစ်ခုလုံးကို ရှင်းလင်းလိုက်ကာ ချီတက်လာသည့် တိဗက်မြင်းတပ်ကို ပေါက်ကွဲသွားစေသည်။
“အား”
ကျယ်လောင်သော စွမ်းအင်များက တိဗက်မြင်းတပ် ဆယ်ယောက်ခန့်ကို လေထဲတွင် အော်ဟစ်လျှက် လွင့်ထွက်သွားစေသည်။ ကျန်သောခြောက်ယောက်ကမူ အခုတ်အဖြတ်ခံရပြီး ခန္ဓာကိုယ်က ပွင့်ထွက်သွားသည်။ သူတို့၏ သွေးများက ထိုဆယ်ကျန်းဝန်းကျင်လုံးအနှံ့ မိုးရွာသလို ရွာသွန်းသည်။ လီစစ်ယဲ့ကဲ့သို့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို ရင်ဆိုင်ရရာတွင် တိဗက်စစ်သားများက အားနည်းလွန်းအားကြီးသည်။
“သတ်”
အမှောင်ထုထဲမှ အော်ဟစ်သံများက ပြန့်ထွက်လာသလို အရပ်မျက်နှာအနှံ့မှ တိဗက်များက ပြုံတိုးဝင်ရောက်လာကြသည်။ လီစစ်ယဲ့၏ အဖွဲ့နှင့် ကျန်းနှစ်ဆယ်ခန့်သာ ဝေးကွာသော စစ်သည်တော် တစ်ဖွဲ့ကလည်း သူ့ထံ ချီတက်လာပြီး အမှောင်ထုအတွင်းသို့ ဝင်ရောက်သွားသည်။ နောက်ထပ် တစ်ဖွဲ့ကလည်း လီစစ်ယဲ့ဘက်မှ စစ်သည်တော်များနှင့် တိုက်ခိုက်နေသည့် အခြားသော အဖွဲ့ကမူ တစ်ဖက်မှ တိဗက်စစ်တပ်နှင့် ဆန့်ကျင်ဘက်သို့ ချီတက်သွားလေသည်။
လီစစ်ယဲ့၏ အဖွဲ့ဝင်များ ဝတ်ဆင်ထားသည့် သံချပ်ကာများက အရေးပါသော ကဏ္ဍမှ ပါဝင်သည်။ အမှောင်ထဲတွင် တိဗက်များက အော်ဟစ်သံများကိုသာ ကြားရသည်။ ထို့ကြောင့် မည်သူက ရန်သူဖြစ်ပြီး မည်သူက မိတ်ဆွေဖြစ်ကြောင်း မသိနိုင်ကြချေ။ တိဗက်များက ဗဟိုပြင်ကျယ်မှ လူများထက် အရပ်ပုသည်။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် ခွဲခြားရ လွယ်ကူသည်။ သို့သော် သာ့လွန်ရော့ကျန်း၏ တပ်ဖွဲ့များကမူ အတော်ဆုံးသော လက်ရွေးစင်များဖြစ်ပြီး ပုံမှန်အဖွဲ့ဝင်များထက် အရပ်ရှည်ပြီး သန်မာကြသည်။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်က ဟန်လူမျိုးနှင့် အထူးတလည် ခြားနားခြင်းမရှိချေ။
တောင်ပေါ်ဒေသတွင် နေထိုင်ကြသော အသားနီသည့် လူများကြောင့် အမှောင်ထဲသို့ ရောက်သွားသည့်အချိန်နှင့် မီးပုံမီးမှ ထင်ဟပ်သော မီးအနီရောင်ကြောင့် ထန်စစ်သည်တော်များကလည်း အသားနီသလို ဖြစ်နေကြသည်။
ထိုကဲ့သု့ိသော အခြေအနေမျိုးတွင် တိဗက်များကလည်း မည်သူက ရန်သူဖြစ်ပြီး မည်သူက မိတ်ဆွေဖြစ်ကြောင်း မခွဲနိုင်ကြချေ။ ထိုနည်းအားဖြင့် စစ်တပ်တစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်သွားလေသည်။
အခန်း(၉၃၇)
လီစစ်ယဲ့၏ လူများက အနိုင်နှင့်သာ ကြုံတွေ့နေရ၏။ လီစစ်ယဲ့က စိတ်မအေးသေးချေ။ အနှစ်ချုပ်ဆိုရသော် သူ၏ အမူအရာက ပို၍ပင် တင်းမာကာ တင်းကြပ်လာသည်။
“မှတ်ထား သာ့လွန်ရော့ကျန်းကို ရင်ဆိုင်တဲ့ ညပိုင်းဝင်စီးတဲ့တိုက်ပွဲမှာ ငါတို့ သတိလက်လွတ် နေလို့မရဘူး။ မင်းတို့ရဲ့ တိုက်ခိုက်မှုတွေကို လောက်လေးခွကြီးတွေက ကာထားပေးတယ်ဆိုပေမဲ့လည်း မင်းတို့မှာ တိဗက်သံချပ်ကာတွေရှိပြီး အဖွဲ့နှစ်ဆယ်လောက်က ပြေးလွှားလို့ ပြဿနာရှာနေလို့ သူ့ရဲ့ ဆုံးဖြတ်ချက်ချမှုကို နှောက်ယှက်နေပေမဲ့ သာ့လွန်ရော့ကျန်းလို စွမ်းအင်မျိုးရှိတဲ့ လူမျိုးကို အချိန်အကြာကြီး ဆွဲထားလို့မရဘူး။ ပိုဆိုးတာက တိဗက်နဲ့ အနောက်ပိုင်းတူရကီတွေမှာ မဟာဗိုလ်ချုပ်ကြီးတွေရှိတယ်။ ဒါကြောင့် အချိန်ကျလာတဲ့အခါ ငါတို့နည်းနည်းမှ နှောင့်နှေးလို့မရဘဲ သေချာပေါက် နောက်ဆုတ်ရမယ်”
ထိုစကားလုံးများက သူ၏ပတ်ပတ်လည်မှ လေပြင်းလို ဟိန်းသံနှင့်အတူ ပျံ့လွင့်စေသည်။ လီစစ်ယဲ့က ဝမ်ချောင်၏အမိန့်ကို သတိရသွားပြီး စကားလုံး တစ်လုံးချင်းစီတိုင်းကို ပြန်ပြောသည်။
ကျွမ်းကျင်ပညာရှင်များ အကြားမှ တိုက်ပွဲက စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်နိုင်သည်။ ဝမ်ချောင်နှင့် သာ့လွန်ရော့ကျန်းအကြားမှ အကွက်ချင်း ဖလှယ်ရာတွင် အနည်းငယ်သော နှောင့်နှေးမှုကတင် ခြားနာသော ရလဒ်ကို ထုတ်ပေးနိုင်လေသည်။ အကြံအစည်ချနိုင်စွမ်းအားနှင့် ဉာဏ်ပညာခြင်း ယှဉ်ပြိုင်ခြင်းက သိုင်းပညာခြင်းယှဉ်ပြိုင်ခြင်းထက် ကွာခြားသည်။ ပေါက်ကွဲမှုများမရှိချေ။ ဓားအလင်းနှင့် ဆေဘာအလင်းများကလည်း မလက်ချေ။ သို့သော် ပို၍ အန္တရာယ်များသည်။
နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ သိုင်းပညာခြင်း ထိပ်တိုက်ရင်ဆိုင်သော ရလဒ်က လူတစ်ယောက်တစ်ရာ သေခြင်း၊ ဒဏ်ရာရခြင်းနှင့် အဆုံးသတ်နိုင်သည်။ သို့သော် အကြံအစည်းခြင်း ထိပ်တိုက်ရင်ဆိုင်သည့်အခါ လူထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာ၊ သိန်းပေါင်းများစွာ၊ သို့မဟုတ် သန်းပေါင်းများစွာအထိ ဆုံးရှုံးရင်းနှင့် အဆုံးသတ်နိုင်သည်။ မည်သည့်သိုင်းပညာရှင်ကမျှ ထိုကဲ့သို့သော ရလဒ်မျိုးကို မလုပ်နိုင်ကြချေ။
လီစစ်ယဲ့ကဲ့သို့ အဆင့်တွင်ရှိသော လူမျိုးကပင် ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို မလုပ်နိုင်သေးပါချေ။ သူကလည်း ဝမ်ချောင်၏ အမိန့်အတိုင်း ယုံကြည်လျှက် လုပ်ဆောင်ရမည်ဖြစ်သည်။
ဟီး...
ဝမ်ချောင်က သူ၏စစ်တပ်ကို တိဗက်များအကြောင်း မယုံကြည်နိုင်ဖြစ်အောင် ဦးဆောင်ခေါ်သွားနေချိန်တွင် တခဏခန့်ကြာပြီးနောက် တိဗက်ထောင်ပေါင်းများစွာက အဆုံးသတ်ကျပြန်သည်။ ထိုသို့ အပြင်းထန်ဆုံးသော တိုက်ပွဲ၏ အခိုက်အတန့်တွင် လီစစ်ယဲ့က ကောင်းကင်ကို တစ်ချက်ကြည့်ပြီး အမိန့်ထုတ်သည်။
“နောက်ဆုတ်”
ထိုအသံနှင့်အတူ ထန်လက်ရွေးစင် စစ်သည်လေးထောင်အပါအဝင် အခြားသော အဖွဲ့နှစ်ဆယ်လုံးက ချက်ချင်းဆိုသလို မြင်းဇာတ်ကြိုးများကိုဆွဲပြီး ဒုတိယမြောက် ထန်ခုခံရေးအားလှိုင်း ရှိရာဘက်သို့ အပြေးပြန်နှင်ကြသည်။
ထိုသို့ရုတ်ချည်း ပြောင်းလဲသွားသော မြင်ကွင်းက တိဗက်တိုင်းကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။
“နောက်ကလိုက်”
တခဏခန့် ကြာပြီးနောက် သူတို့က နောက်ဆုံးတွင် အသိပြန်ဝင်သွားကြကာ နောက်မှလိုက်ကြသည်။ သို့သော် အဝေးရှိ လီစစ်ယဲ့နှင့် အဖွဲ့သားများကမူ ထိုအခြေအနေကို ခန့်မှန်းထားပြီးသားဖြစ်သည်။
“ဖြတ်တောက်ခြင်းဝင်္ကပါ”
သူတို့က တစ်ဖက်သို့ ပြန်လှည့်လိုက်ပြီး ထိုတိဗက်များကို ကစဉ့်ကလျားဖြစ်အောင် လူစုကွဲအောင် လုပ်ပြီးမှသာ ထန်စစ်တပ်ထံ ပြန်ဆုတ်သည်။
ဘုန်း
လီစစ်ယဲ့က ဖြတ်သွားပြီး တခဏခန့် ကြာပြီးနောက် ရွှေရောင်နှင့်အနီရောင် ရောယှက်ထားသော သံချပ်ကာကို ဝတ်ဆင်ထားသည့် အင်အားစုတစ်ခုက ပေါ်ထွက်လာသည်။
“သေစမ်း နည်းနည်းနှေးသွားတယ်”
ဟော်ပါးစမ်းယဲ့က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး နောက်ဆုတ်သွားသော ထန်စစ်တပ်ကိုကြည့်သည်။ သာ့လွန်ရော့ကျန်း၏ အမိန့်နောက်လိုက်ပြီး သူဟာ အမြန်ဆုံးသော အရှိန်နှုန်းကိုသုံးပြီး ဒီနေရာသို့ အမြန်ဆုံးလာခဲ့သည်။ သို့သော် ထန်ထန်များကလည်း ဒီအခြေအနေကို ခန့်မှန်းထားပြီးပုံပေါ်ပြီး စဆုတ်နေကြသည်။ ဟော်ပါးစမ်းယဲ့ကပင် ထိုအခြေအနေကို လက်မခံနိုင်ချေ။ သူဟာ လေထုကို လက်သီးဖြင့် ထိုးနေရသလို ခံစားရသည်။
“အရှင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
မူထရီမဟာမြင်းတပ် အဖွဲ့ဝင်တစ်ယောက်ကမေးသည်။
ဟော်ပါးစမ်းယဲ့က ဘာစကားမှမပြောဘဲ သူ၏မျက်ဝန်းအတွင်း တွေးတောသော အလင်းတစ်ချက်က လက်လာသည်။ သာ့လွန်ရော့ကျန်း၏ အကြံအစည်အရ သူတို့ဟာ ရန်သူအင်အားစုနှင့် ကြမ်းတမ်းသော တိုက်ပွဲအတွင်း ဝင်ရောက်ချင်သည်။ သို့သော် ရှင်းလင်းစွာဖြင့် သာ့လွန်ရော့ကျန်း၏ တွက်ချက်မှုက အနည်းငယ် လိုအပ်ချက် ရှိနေခဲ့သည်။ သူကလည်း သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချရန်လိုအပ်သွားသည်။
ဝုန်း
သူက တွေးတောနေသည့်အချိန်တွင် ရုတ်တရက် ထူးဆန်းသော အခြေအနေကို ခံစားမိသဖြင့် နောက်လှည့်ကြည့်လိုက်သည်။ ထိုအခါ အနောက်မြောက်ဘက်ပိုင်းမှ စွမ်းအားကြီးမားသည့် စွမ်းအင်လှိုင်းများက လိမ့်တက်လာပြီး ချဉ်းကပ်လာကြောင်း မြင်လိုက်ရသည်။
ရှည်ကြာသော လေတိုးသံနှင့်အတူ တစ်စုံတစ်ရာက လေထုကို စူးရှစွာ ထိုးခွဲသွားသည်။
“ဒါက... ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ် တုဝူစစ်လီပဲ”
ဟော်ပါးစမ်းယဲ့၏ မျက်လုံးက မှေးကျဉ်းသွားပြီး ထိုလူကို မှတ်မိလိုက်သည်။ သို့သော် တုဝူစစ်လီကမူ သူတို့ကို အာရုံမစိုက်ဘဲ သူ၏ခန္ဓာကိုယ်ကိုသာ မြင်းထံကပ်ထားလျှက် မူထရီမဟာမြင်းတပ်ကို ကျော်ဖြတ်ပြီး အမှောင်ထုအတွင်းသို့ တိုးဝင်သွားလေသည်။
“မင်းတို့က ဘယ်ကိုပြေးတာလဲ”
လူတိုင်းကလည်း တုဝူစစ်လီ၏ ဒေါသတကြီးအော်သံကို ကြားနိုင်သည်။
“သွား နောက်ကလိုက်”
ဟော်ပါးစမ်းယဲ့၏ မျက်ဝန်းက တောက်ပသောအလင်းများ လက်လာပြီး ဆုံးဖြတ်ချက် ချလိုက်သည်။ မူထရီ မဟာမြင်းတပ် ငါးထောင်ကလည်း နောက်မှလိုက်ဖမ်းရန် အပြေးနှင်ကြသည်။
.....
“ဗိုလ်ချုပ် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ။ ဒါက ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်ပဲ”
ဝူရှန်းမြင်းတပ် အဖွဲ့ဝင်တစ်ယောက်က ရုတ်တရက်ပြောသည်။ သူ၏မျက်ဝန်းက စိုးရိမ်မှုဖြင့် တောက်လောင်လာသည်။
တုဝူစစ်လီ၏ အော်သံက အလွန်ဝေးကွာသော နေရာထိ ရောက်နိုင်သည်။ ပို၍အရေးကြီးသည်မှာ သူတို့အားလုံးကလည်း လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ချဉ်းကပ်လာပြီး တုဝူစစ်လီ၏ စွမ်းအင်မုန်တိုင်းကို ခံစားမိနေကြခြင်းဖြစ်သည်။
ထိုအရှိန်နှုန်းနှင့်ဆို တုဝူစစ်လီက အချိန်မရွေး မှီလာနိုင်သည်။ ထိုကဲ့သို့ လက်ရွေးစင်အဆင့် အင်ပါယာ မဟာဗိုလ်ချုပ်တစ်ယောက်က လိုက်မှီသွားသည့်အခါ ဖော်ပြရန်ခက်ခဲသည့် ကပ်ဆိုးကြီးစိုက်နိုင်သည်။
“စိုးရိမ်စရာမလိုဘူး”
လီစစ်ယဲ့ကပြုံးသည်။ သူ၏အမူအရာက အေးဆေးသွားသည်။
“အရှင်အမတ်က ဒီအခြေအနေတွေ အားလုံးကို တွက်ချက်ထားပြီးသား။ အားလုံးပဲ အကြံအစည်အတိုင်း ဆက်လုပ်”
ထိုစကားများနှင့်အတူ လီစစ်ယဲ့က သူ၏မြင်းကို အပြေးနှင်ပြီး ပို၍မြန်ဆန်စွာ သွားလာသည်။
.....
“ဟွန်း မင်းတို့က လွတ်မယ်လို့ ထင်နေတာလား”
မှောင်မည်းနေသော အမှောင်ထုအတွင်းတွင် တုဝူစစ်လီက သူ၏ နတ်တူရကီမြင်းကို ဇာတ်ကြိုးကို ခပ်တင်းတင်းဆွဲလျှက် အပြေးနှင်ကာလိုက်သည်။ သူ၏ မျက်ဝန်းက ထိုးဖောက်မတက် ပြင်းထန်သော အလင်းများဖြင့် တောက်လောင်နေသည်။ ဂရုတစိုက်သာ ကြည့်မည်ဆိုလျှင် ထိုမျက်ဝန်းအတွင်းတွင် ထိုးထွက်နေသည့် ဒေါသများကို မြင်နိုင်မည်ဖြစ်သည်။
တုဝူစစ်လီက ဟော်ပါးစမ်းယဲ့၏ ဘယ်ဘက်ခြမ်းတည့်တည့်မှ ကျော်ဖြတ်သွားသည်။ ဟော်ပါးစမ်းယဲ့နှင့် မတူသည်မှာ သူက တဖြောင့်တည်းလာ၏။ သူ၏မဟာဗိုလ်ချုပ်ဆိုသော ခွန်အားနှင့်အတူ ဟော်ပါးစမ်းယဲ့၏ အရှေ့သို့ ချက်ချင်းရောက်သွားသင့်သော်လည်း အမှန်တရားကမူ ထိုသို့မဟုတ်ချေ။ တုဝူစစ်လီက တိဗက်ဗိုလ်ချုပ် ရွက်ဖျင်တဲအတွင်းမှ ထွက်လိုက်သည့်အချိန်တွင် သူ၏ကိုယ်ပိုင် စခန်းဘက်မှ မီးများတောက်လောင်နေမှုကို သတိထားမိခဲ့သည်။ ထို့ကြောင့် ဝမ်ချောင်၏ လောက်လေးခွကြီးများက တူရကီစခန်းထံ ပစ်မှတ်ထားသည်ဖြစ်ကြောင်း သိလိုက်သည်။ တုဝူစစ်လီအနေဖြင့် ပို၍များပြားသော သတင်းများကို လက်ခံရရှိခဲ့သေးသည်။
သူကလည်း တိဗက်များက သူ၏စခန်းကို တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်လုံးမှ တိုက်ခိုက်နေကြကြောင်း သတင်းရခဲ့သည်။
တုဝူစစ်လီကလည်း ထန်စစ်သည် အမြောက်အများကို ကိုင်တွယ်ရန် စိုးရိမ်စိတ် ကြီးနေခဲ့သည်။ သို့သော် ထိုကိစ္စကို ဘေးဖယ်ထားရ၏။ သူက သူ၏စခန်းသို့ ရောက်သွားသည့်အချိန်တွင် လောက်လေးခွများအားလုံးက ပစ်ခတ်မှု ရပ်စဲသွားပြီဖြစ်ပြီး အရေးကြီးသော သတင်းများအားလုံးက ရပ်တန့်သွားသည်။ ကျန်နေရစ်သော တစ်ခုတည်းသော အကြောင်းပြချက်ကမူ တူရကီနှင့် တိုက်ခိုက်နေသော တိဗက်များဖြစ်သည်။
တုဝူစစ်လီကလည်း အရူးလုပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
အနောက်ပိုင်း တူရကီ ခါကာနိတ်၏ အတော်ဆုံးသော မဟာဗိုလ်ချုပ်ကြီးများထဲမှ တစ်ယောက်ဖြစ်သည့် တုဝူစစ်လီအနေဖြင့် ထိုသို့ အရှက်ခွဲမခံရဖူးချေ။ ထိုအခြေအနေကြောင့်လည်း သူက အလွန်အမင်း ဒေါသထွက်နေခြင်းဖြစ်သည်။
“မင်းတို့ဘယ်ပြေးပြေး မင်းတို့ကို စောင့်နေမှာက သေခြင်းပဲ”
တုဝူစစ်လီ၏ ခန္ဓာကိုယ်က သတ်ဖြတ်ခြင်း စိတ်ဆန္ဒများဖြင့် တောက်လောင်နေပြီး ကောင်းကင်ဘုံထိတိုင် ထိုးတက်တော့မည့်ပုံပေါ်သည်။ တုဝူစစ်လီအတွက် ထိုထန်စစ်သည် လေးထောင်က ငါးထောင်ခန့်ကို သတ်ဖြတ်ခြင်းက လက်ဖြင့် တစ်ချက်ရိုက်ရုံခန့်သာ လိုအပ်သည်။ သို့သော် လိုက်ဖမ်းနေသည့် အလယ်တွင် ရုတ်တရက် ထန်အင်အားစုက အထိတ်တလန့်ဖြစ်သွားသော ငှက်များကဲ့သို့ လူစုခွဲကာပြေးသည်။
“???”
တုဝူစစ်လီကလည်း သူ၏နှလုံးသားက ထိုးကျသွားပြီဟု ခံစားလိုက်ရသည်။ ထိုထန်အင်အားစုက လူစုခွဲပြေးသည့် အကြောင်းအရာကို မတွေးနိုင်ခဲ့ချေ။ မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်သည့် တုဝူစစ်လီအနေဖြင့် ထွက်ပြေးသွားသော ထန်မြင်းတပ်နောက်သို့ လိုက်မဖမ်းနိုင်ချေ။
“သေလိုက်ပါတော့”
တုဝူစစ်လီက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်သည်။ သူ၏ခန္ဓာကိုယ်တွင် ဒေါသများက ပွက်ပွက်ဆူလာသည်။ ထိုတခဏတွင် သူဟာ မည်သည့်ဘက်သို့ ရွေးချယ်သင့်ကြောင်း မသိတော့ချေ။ သို့သော် သူ၏မျက်ဝန်းကမူ အေးစက်သွားပြီး ရှေ့ဆုံးမှ ကြီးမားသည့် ခန္ဓာကိုယ်ကို အာရုံစိုက်လိုက်သည်။
“ငါမင်းကို အရင်သတ်ပြီးမှ အခြားသူတွေကို သွားသတ်မယ်”
တုဝူစစ်လီက လီစစ်ယဲ့နောက်သို့ မြင်းကိုအပြေးနှင်ကာ လိုက်သည်။ လီစစ်ယဲ့၏ ခန္ဓာကိုယ်က မြင့်မားလွန်းပြီး သန်မာလွန်းသည်။ သူဟာ နှစ်မီတာကျော်ခန့်မြင့်ကာ ထင်ရှားသိသာလွန်းနေခဲ့သည်။ နေ့အချိန် အတောအတွင်းတွင် တုဝူစစ်လီကလည်း ဝူရှန်းမြင်းတပ်မှ ထိုခေါင်းဆောင်ကို ကောင်းကောင်း မှတ်သားမိခဲ့သည်။ သူဟာ ကြီးမားသော ဓားကြီးကို လွှဲယမ်းသည့် ထိုခေါင်းဆောင်ကိုသာ သတ်နိုင်လျှင် မဟာထန်မြင်းတပ်ကို အထိနာအောင် လုပ်နိုင်ပေလိမ့်မည်။
“ငါ့အတွက်သေစမ်း”
အော်ဟစ်လိုက်သည့် တုဝူစစ်လီနှင့် သူ၏မြင်းက လေထဲသို့ ခုန်တက်လိုက်သည်။ သူက ကောင်းကင်ဘုံ ဝံပုလွေ နတ်ဘုရားဝင်ပူးခြင်းကို ထုတ်သုံးလိုက်ပြန်၏။ အဝေးမှ ကြည့်လျှင် တုဝူစစ်လီက ထိုးထွက်သွားသော ကြယ်တစ်စင်းကဲ့သု့ိ လီစစ်ယဲ့ထံ မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ထွက်သွားကြောင်း မြင်နိုင်ပေလိမ့်မည်။ လီစစ်ယဲ့က ဝူရှန်းမြင်းတပ်မှ ဗိုလ်ချုပ် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော် သူဟာ ကျော်ကြားသော တုဝူစစ်လီကဲ့သို့ လက်ရွေးစင် အင်ပါယာ မဟာဗိုလ်ချုပ်ကို ယှဉ်နိုင်စွမ်းအား မရှိသေးချေ။
ဘုန်း
တုဝူစစ်လီ၏ ဓားဖြင့်ခုတ်ချက်က တောက်ပလွန်းသော ဆယ်ကျန်းခန့်ရှည်သည့် ဓားချည်တစ်မျိုးကို ထုတ်လွှတ်နိုင်သည်။ လီစစ်ယဲ့ကပင် ထိုကြောက်မက်ဖွယ်ကောင်းသော ရိုက်ချက်၏ အရှေ့တွင် အားနည်းလွန်းပုံပေါ်သည်။
“မကောင်းတော့ဘူး”
လီစစ်ယဲ့ကလည်း အနောက်ဘက်မှ အလွန်ပြင်းထန်သည့် အန္တရာယ်ကို ခံစားမိသည်။ သူ၏နှလုံးသားက လေးလံသွားပြီး သေဆုံးခြင်းရနံ့ကိုပင် ရလိုက်၏။ သူဟာ သူ၏ဖာဟားနားမြင်းကို ခပ်ကြမ်းကြမ်း တွန်းကာ ဒုန်းစိုင်းအပြေးနှင်သည်။ သို့သော် တုဝူစစ်လီက ထိုသို့လှုပ်ရှားမည်ဟု မမျှော်လင့်ထားမိချေ။ ထိုအကွက်မှ ထက်ရှမှု၏ အရှိန်နှုန်းက ရှောင်ရှားရန်ခက်ခဲသည်။
လီစစ်ယဲ့ကလည်း မျက်လုံးမှိတ်ကာ သတင်းကို စောင့်ဆိုင်းနေသည့်အခိုက် အမှောင်ထဲမှ ညင်သာသော လှောင်ရယ်သံ ခပ်တိုးတိုးက ထွက်လာသည်။
“ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ် ငါမင်းကို စောင့်နေတာကြာပြီ”
လေဟာနယ်အတွင်းမှ ရုတ်ချည်းဆိုသလို ကျယ်လောင်သော စွမ်းအင်အလင်းတန်းက ဖြာထွက်လာသည်။ လီစစ်ယဲ့ကမူ မတုန့်ပြန်လိုက်သေးခင် ခြောက်ခြားဖွယ်ကောင်းသော ဓားချည်က လီစစ်ယဲ့ကို ကျော်ဖြတ်သွားပြီး တုဝူစစ်လီထံ ပြန်ရောက်သွားသည်။
ခြိမ်း
လေထဲတွင် အလင်းနှင့် ဓားချည်က ထိပ်တိုက်ရင်ဆိုင်သွားပြီး ကြမ်းတမ်းသော လေပြင်းများက အရပ်မျက်နှာအနှံ့ လွင့်ထွက်သွားအောင် တိုက်ခတ်လိုက်သည်။ အဆင့်လွန် မဟာဗိုလ်ချုပ်ကြီးများက ကွင်းပြင်တွင် ထိပ်တိုက်ရင်ဆိုင်ကြသည်။ လီစစ်ယဲ့ကလည်း သူတို့၏စွမ်းအင် ထိပ်တိုက်ရင်ဆိုင်မှုမှ ထွက်ပေါ်လာသော စွမ်းအားများကြောင့် စိတ်ထဲတွင် အံ့အားတကြီး ဖြစ်ရလေသည်။
ကောင်းရှန်းကျစ်
မဟာထန် အနောက်မြောက်ပိုင်းတွင် တုဝူစစ်လီကို လက်ဗလာနှင့် ရင်ဆိုင်နိုင်သောလူက ကောင်းရှန်းကျစ်သာ ရှိလောက်သည်။
“သေစမ်း မင်းပဲ”
တုဝူစစ်လီ၏ မျက်ဝန်းက မှေးကျဉ်းသွားသည်။ လျှပ်စီးများနှင့် ကွဲအက်သံများက ပေါ်ထွက်လာပြီးနောက် သူဟာ အရှေ့တွင် ရပ်နေသော ထိုပုံရိပ်ကို ကြည့်လိုက်သည်။
အခန်း(၉၃၈)
ကောင်းရှန်းကျစ်၏ ပေါ်ပေါက်လာမှုက အချိန်ကိုက်ဆန်သည်။ စတင်ဝင်စီးချိန်ကစပြီး ယခုအချိန်အထိ တုဝူစစ်လီက အရပ်မျက်နှာအနှံ့မှ ကြိုးကိုင်ခံနေရသည်ဆိုသော ခံစားချက်ကို ရနေ၏။ အချိန်တိုင်းလိုလို သူ၏ပြိုင်ဘက်က ခြားနားနေသော်လည်း တစ်ယောက်ချင်းစီတိုင်း၏ အနောက်တွင် တည်ကြည်သော မျက်နှာကို ဖျော့တော့စွာ မြင်နိုင်နေသလို ထင်ရသည်။ ထိုငယ်ရွယ်သော လူငယ်တစ်ယောက်၏ အတွေးကတင် တုဝူစစ်လီကို ကြိတ်မနိုင်ခဲမရဖြစ်လာစေသည်။
ဒါဟာ မတူသော အင်အားချင်းအကြားမှ ပြိုင်ပွဲဖြစ်သည်။ ဉာဏ်ပညာနှင့် ခွန်အားအကြားမှ ပြိုင်ပွဲဖြစ်သည်။ တုဝူစစ်လီကလည်း အားနည်းသော အနေအထားမျိုးတွင် ရှိနေသည်။
“တုဝူစစ်လီ မင်းက အနောက်ပိုင်းတူရကီအာကင်းရဲ့ စန်းမီတောင်က မဟာဗိုလ်ချုပ်တစ်ယောက် ဖြစ်နေသေးတယ်။ မင်းထက် အဆင့်နိမ့်တဲ့ ဗိုလ်ချုပ်တစ်ယောက်ကို လိုက်ဖမ်းတာ မရှက်ဘူးလား”
ကောင်းရှန်းကျစ်က အမှောင်ထဲတွင် ရပ်လျှက်ရှိသည်။ သူ၏ ဓားပေါ် လက်တင်ထားပြီး နှုတ်ခမ်းတွင်လည်း လှောင်ပြုံးက ရှိနေသည်။
“ကောင်းရှန်းကျစ် ငါမင်းနဲ့ စကားပြိုင်ဖို့ အချိန်မရှိဘူး။ မင်းက ရောက်လာပြီဆိုတည်းက ငါသူ့နောက်ကို လိုက်မနေတော့ဘူး။ တိုက်ပွဲနယ်မြေမှ တွေ့ကြရအောင်”
တုဝူစစ်လီက သူ၏ သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်လိုက်ပြီးနောက် တစ်ခေါက် စူးစိုက်ကြည့်ကာ မြင်းကို နောက်ပြန်လှည့်လိုက်သည်။
မဟာဗိုလ်ချုပ်များအကြားမှ တိုက်ပွဲက ဖော်ပြရန်ခက်ခဲလောက်အောင် အင်အားကုန်ဆုံးစေသည့်အပြင် အချိန်အလွန် ကုန်စေနိုင်သည်။ ယခုအခါ ကောင်းရှန်းကျစ်က ပေါ်လာပြီဆိုကတည်းက တုဝူစစ်လီကလည်း တိုက်ပွဲကို ဆက်လက်ရန် မလိုအပ်ကြောင်း နားလည်သွား၏။ သူက အနည်းငယ်ပင် နှောင့်နှေးကျန့်ကြာမှုမရှိဘဲ အမှောင်ထုအတွင်းဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
ကောင်းရှန်းကျစ်က ပြောလိုက်ပြီး ထွက်ခွာသွားသော တုဝူစစ်လီကိုကြည့်သည်။ သူကလည်း တားရန်ဆန္ဒ မရှိပါချေ။
တုဝူစစ်လီက ထွက်သွားပြီး သိပ်မကြာခင် ချန်းချန့်လီက ကောင်းရှန်းကျစ်၏အနောက်မှ ပေါ်ထွက်လာသည်။ သူက ဓားလက်ကိုင်ပေါ် လက်တင်ထားသေးသည်။
“အရှင် ဒါကတကယ်ကို ဝမ်ချောင်ခန့်မှန်းထားတဲ့အတိုင်းပဲ။ မဟာဗိုလ်ချုပ် သာ့လွန်ရော့ကျန်းက တုဝူစစ်လီကို တကယ်ပို့လိုက်တယ်”
“ဟော်ရှု့ဟွေ့ခမ်းနဲ့ တုစုန့်မာန်ဖော်ကျဲ့တို့က ယွီစန်းရဲ့ မဟာဗိုလ်ချုပ်တွေဆိုတော့ သာ့လွန်ရော့ကျန်းနဲ့ အရမ်းရင်းနှီးတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို သာ့လွန်ရော့ကျန်းက ကန့်သတ်နိုင်တယ်။ တုဝူစစ်လီကပဲ တူရကီနဲ့တိဗက် စစ်တပ်ပူးပေါင်းမှုအကြားက မဟာဗိုလ်ချုပ်ဖြစ်လို့ ငါတို့ရဲ့လူနောက်ကို လိုက်နိုင်တာ”
ကောင်းရှန်းကျစ်က ပြုံးလျှက်ပြောသည်။
ဗျူဟာနှင့် နည်းပညာကိုကျွမ်းကျင်သော မဟာဗိုလ်ချုပ်တစ်ယောက်ဖြစ်သည့်အလျောက် ကောင်းရှန်းကျစ်ကလည်း ဝမ်ချောင်နှင့် အလွန်တူသည်။ သူတို့၏ တူညီမှုကြောင့်လည်း သူဟာ ဝမ်ချောင်ကို အသိအမှတ်ပြုမိခဲ့ခြင်းဖြစ်သည်။ သိပ်မကြာခင် သူတို့က တွေ့ဆုံခဲ့ရသည်။
ကောင်းရှန်းကျစ်ကိုယ်တိုင်ကလည်း မဟာထန်တွင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးရှိကြောင်း စိတ်ကူးယဉ်ကြည့်ရန်ပင် ခက်ခဲခဲ့၏။ သူကသာ ကြိုတင်သိခဲ့မည်ဆိုလျှင် သူ၏ အန်းရှီကာကွယ်ရေး ဗိုလ်ချုပ်ဆိုသော အဆင့်အတန်းကိုပင်သုံးပြီး တစ်ဖက်သူကို အနောက်ပိုင်းနယ်မြေအတွင်း အရခေါ်မိပေလိမ့်မည်။ သူတို့ကသာ အတူပူးပေါင်းဆောင်ရွက်ခဲ့လျှင် အနောက်ပိုင်းနယ်မြေက ယခုလို အဆုံးသတ်သွားလိမ့်မည်မဟုတ်ချေ။
“သွားရအောင် ငါတို့ စခန်းကို လုံလောက်အောင် ဖျက်ပြီးသင့်ပြီ။ အာရပ်တွေက တိုက်ခိုက်လာတော့မယ်”
ကောင်းရှန်းကျစ်က နောက်သို့ တဖြည်းဖြည်းချင်းလှည့်ပြီး တာလာ့ထံ ဆက်လျှောက်သွားသည်။
တစ်ဖက်ကယူလျှင် တစ်ဖက်က ပေးရသည်။ သူဟာ ဒီနေရာတွင် ပေါ်လာခဲ့သည်မှာ တုဝူစစ်လီကို တားရုံတင်မဟုတ်ချေ။ တစ်ယောက်က ငါးတစ်ကောင်ကို ဖမ်းချင်လျှင် တစ်ယောက်က ချိတ်ကိုအရင်ဟပ်ရန် လိုအပ်၏။ ဒါက ဘယ်သောအခါမှ မပြောင်းလဲသည့် စည်းမျဉ်းဖြစ်နေသေးသည်။
အမှောင်ထဲတွင် ဟော်ပါးစမ်းယဲ့နှင့် သူ၏ ရွှေရောင်သံချပ်ကာနှင့် မူထရီမဟာမြင်းတပ်က ကောင်းရှန်းကျစ်၏ ကျောပြင်ကို စိုက်ကြည့်နေသည်။ သူတို့က ဆန္ဒမရှိသည့်တိုင်အောင် ထိုဆန္ဒကို ဖိနှိပ်ထားရန်လိုအပ်သည်။
“နောက်ဆုတ်”
ထိုအမိန့်နှင့်အတူ သူတို့က လာချိန်ကအတိုင်း ပြန်လည်ထွက်ခွာသွားရသည်။
......
စွစ် စွစ် စွစ်
ကောင်းရှန်းကျစ်၏ ဆုံးဖြတ်ချက်က မှန်ကန်သည်။ ကောင်းရှန်းကျစ်က တုဝူစစ်လီကို တားရန် ထွက်ခွာသွားသည့်အချိန်တွင် ပထမခုခံရေးအားလှိုင်းတွင်လည်း အမှောင်ထုအတွင်းမှ ထွက်လာသော မြှားပေါင်းများစွာက ရောက်လာသည်။ ထိုမြှားတိုင်းက သံမဏိမြို့ရိုးပေါ်တွင်ရှိသော မီးတုတ် သို့မဟုတ် မီးပြင်းဖိုများကို ရည်ရွယ်သည်။
ဘန်း ဘန်း ဘန်း
ထိုမြှားများနှင့် ဆက်သွယ်ထားသည့် ကြယ်တာရာစွမ်းအင်များက ပေါက်ကွဲသွားသည်။ မီးများအားလုံးကလည်း ငြိမ်းသွား၏။ ထိုသု့ိဖြင့် တောက်ပလျှက်ရှိသော ပထမမြောက် ခုခံရေးအားလှိုင်း တစ်ခုလုံးက အမှောင်ထုအတွင်း ကျရောက်သွားသည်။
“သတိထား ရန်သူတိုက်ခိုက်လာပြီ”
ပထမခုခံရေးအားလှိုင်းမှ ထန်အစောင့်တစ်ယောက်က အခြေအနေကို သတိထားမိပြီးအော်သည်။
စွစ်
ညအမှောင်အတွင်းမှ အဆိပ်ပြင်းမြွေတစ်ကောင်လို မြှားတစ်စင်းက ထိုးထွက်လာလေပြီး သတိအပြည့်နှင့် အော်ဟစ်လိုက်သော် ထိုစစ်သည်တော်၏ လည်ပင်းကို ထိုးဖောက်သွားကာ မျက်လုံးပြူးကျယ်လျှက်သားနှင့် မြေပြင်သို့ ပြုတ်ကျသွားစေသည်။
ချွင် ချွင် ချွင်
အေးစက်သော အလင်းများက ဆက်တိုက်လက်သလို ထန်စစ်သည်တော်များကလည်း သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။ သူတို့၏ ကြွက်သားများက တောင့်တင်းနေလေပြီး မြို့ရိုး၏ တစ်ဖက်ခြမ်းသို့ကြည့်သည်။
“ဒိုင်းကာသမားတွေ ခုခံဖို့ အသင့်ပြင်ထားကြ။ ဒိုင်းတွေကိုသုံးပြီး အဟကြားတွေကိုပိတ်”
ထန်ဗိုလ်ချုပ်က သူ၏စည်းကမ်းသေသပ်မှုနှင့် လေ့ကျင့်မှု စွမ်းရည်များကို ထုတ်ဖော်ပြသလိုက်သည်။ သူဟာ ရန်သူ၏ အရေအတွက်ကို မသိရသေးသလို သူတို့အင်အားစုအကြောင်းကိုလည်း နားမလည်သေးသည့်တိုင်အောင် ချောမွေ့စွာဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချလိုက်သည်။ အချိန်တခဏတည်းနှင့် ထန်ဒိုင်းကာသမားများက အဟကြားနေရာကို ဖိရန် အပြေးအလွှား ရောက်လာကြပြီး သူတို့၏ မြင့်မားကာ လေးလံသောဒိုင်းများကို မြေပြင်သို့ ထိုးစိုက်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်ကလည်း ခုခံသည့် အနေအထားအတိုင်း ရှေ့သို့ မှီကပ်လိုက်ကြ၏။
ရန်သူက မည်မျှ များနေစေကာမူ သူတို့က မည်သို့ တိုက်ခိုက်လာစေကာမူ ထန်အင်အားစုက အဟကြားကို တားဆီးနိုင်သမျှ ရန်သူ၏အကြံကို နှောင့်နှေးနိုင်ပေလိမ့်မည်။
သို့သော် မဟာထန်က လျှင်မြန်စွာ တုန့်ပြန်ခဲ့သည့်တိုင်အောင် အမှောင်ထုအတွင်းမှ ရန်သူများကလည်း ပို၍လျှင်မြန်စွာ တုန့်ပြန်နိုင်သေးသည်။
ဟီး...
ညအမှောင်ထု၏ တိတ်ဆိတ်မှုကို စစ်မြင်းအော်သံများက ထိုးခွဲလာသည်။ မြေပြင်က တသိမ့်သိမ့် တုန်သွားသည့်အချိန်တွင် အမည်မသိရသော ရန်သူအင်အားစုက ပထမမြောက် ခုခံရေးအားလှိုင်းထံ ဝင်ရောက်လာသည်။ သူတို့က ပုန်းနေခဲ့သည်မှာ အချိန်တစ်ခုကြာလောက်လေပြီ။ ထို့ကြောင့် ပေါ်လာပြီးပြီးချင်း ချက်ချင်းဆိုသလို တိုက်ခိုက်လိုက်ကြ၏။
“သူတို့ကိုသတ်”
“အားလုံးပဲ ငါ့နောက်ကိုလိုက်ခဲ့ကြ။ မလိုက်တဲ့ကောင်းတွေသေတော့”
“ဒီထန်တွေအားလုံးကိုသတ်”
မျက်တောင်တစ်ခတ် အချိန်အတွင်း တောက်ပသော မျက်ဝန်းများနှင့် အာရပ်မြင်းတပ် ထောင်ကျော်က ထန်ခုခံရေးအားလှိုင်းထံ ကြမ်းတမ်းသည့် လုပ်ကြံသတ်ဖြတ်မှုကို စတင်လေသည်။
စွစ် စွစ် စွစ်
မြှားတစ်သုတ်ပြီးတစ်သုတ် ပစ်ခတ်မှုနှင့်အတူ သိပ်သည်းသော ခုခံမှုများက တစ်ခုပြီးတစ်ခု သိပ်သည်းစွာ ခုခံနေသည့် အင်အားစုထံ ပြိုကျလာကြပြီး မရေမတွက်နိုင်သော ထန်စစ်သည်တော်ပေါင်းများစွာထံ ရောက်သည်။ အာရပ်မြင်းတပ်ကလည်း ထိုတိုက်ကွက်ကို အကာအကွယ် ယူလိုက်နိုင်သည်။
ဘုန်း
အမှောင်အတွင်းတွင် ကြီးမားသော မြင်းခွာနှစ်ခုက ဖိနင်းသွားပြီး လေထဲသို့ ခုန်တက်သွားပြီး ကြီးမားသည့် ဒိုင်းတစ်ခုပေါ် ခုန်တက်လျှက် မိုးခြိမ်းမတက် ကျယ်လောင်သည့် အရှိန်အဟုန်ကို ယူသည်။ ထိုမြင်းခွာ၏ ဖိနင်းမှုက ဒိုင်းကိုင်ထားသော ထိုခြေလျှင်တပ်သမားကို သတ္တုချင်း ထိခတ်သံ၊ ခြိမ်းကနဲ မြည်ဟီးသံကိုသာ ကြားလိုက်ရစေသည်။ ထိုအသံကလည်း အခြားသော ပေါက်ကွဲသံများအကြား မြုပ်သွားပြန်သည်။
ထိုဒိုင်းအနောက်မှ ဒိုင်းသမားက ညဉ်းညူလိုက်ရသည်။ သူ၏မျက်နှာကလည်း သွေးမရှိတော့သလို ဖြူစုတ်သွား၏။ သူ၏နှုတ်ခမ်းတွင်လည်း သွေးများက စီးကျလာသည်။ သူဟာ ထိုတိုက်ကွက်ကို တားနိုင်ခဲ့သည်။ သို့သော် သူက အသက်ရှုချိန်ပင် မရသေးခင် နောက်ထပ် မြင်းခွာတစ်စုံကလည်း ဖိနင်းလာပြန်သည်။ ထို့နောက် တတိယ၊ စတုတ္ထ...
ထိုသို့ဖြင့် တောင့်တင်းသန်မာသော အာရပ်စစ်မြင်းငါးကောင်က ဒိုင်းတစ်ခုတည်းကို ဖိနင်းချေသည်။ ကျွမ်းကျင်သော ဒိုင်းသမားများကပင် ထိုအင်အားစုကို ရင်မဆိုင်နိုင်ပါချေ။
ဘုန်း
ထိုဒိုင်းသမားက ဒိုင်းနှင့်အတူ နောက်သို့လွင့်ထွက်သွားပြီး အာရပ်မြင်းတပ်ကို ဖိနင်းကာ ဝင်ရောက်နိုင်စေသည်။
“သတ်”
အာရပ်များက သူတို့၏ ဘာသာစကားနှင့် အော်ကြသည်။ သူတို့ဟာ ဒီဝင်စီးမှုအတွက် ပြင်ဆင်ပြီးသည်မှာ ကြာလှချေပြီ။ ယခုအခါ အကြမ်းတမ်းဆုံး အင်အားမျိုးဖြင့် တိုက်ခိုက်လိုက်ကြ၏။ အချိန်နှစ်လခန့်ကြာပြီးနောက် အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာက ခုခံရေးအားလှိုင်းကို အောင်မြင်စွာဖြင့် ကျော်ဖြတ်လိုက်ကြပြီး ထန်စခန်းအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။
“သူတို့ိကိုတား”
“မီးတွေထွန်းကြ”
ထန်ဗိုလ်ချုပ်များက သွေးကြောများ ထောင်ထသည်အထိ အော်ဟစ်လိုက်ကြသည်။
ဝုန်း
တိုက်ပွဲနယ်မြေ အပြင်ဘက်မှ မီးတုတ်များကို ပစ်သွင်းမှုနှင့်အတူ အနီးအနားရှိ ထန်စစ်သည်တော်များကလည်း သူတို့၏ ရဲဘော်ရဲဘက်များကို ကူညီပေးလိုက်ကြသည်။ မီးတုတ် ရာပေါင်းများစွာက ထိုနေရာသို့ ပစ်သွင်းလာမှုကြောင့် ထိုနေရာတစ်ခုလုံးက လင်းထိန်သွားပြီး အာရပ်မြင်းတပ်၏ ကြမ်းတမ်းသည့် အပြင်ပန်းပုံစံကို ထင်ဟပ်လာသည်။
“တက်”
တပ်ကူရောက်လာသော ထန်များက အော်ဟစ်လိုက်ကြပြီး အာရပ်များထံ ချီတက်သွားသည်။
သို့သော် သူတို့က တိုက်ပွဲနယ်မြေသို့ မရောက်နိုင်သေးခင် နောက်ထပ် အံ့အားသင့်ဖွယ်ကောင်းသော အပြောင်းအလဲက ဖြစ်ပွားလိုက်ပြန်သည်။
စွစ်
စူးရှသော လေတိုးသံနှင့်အတူ မျက်စိကြိမ်းမတက် တောက်ပသည့် အဖြူရောင်အလင်းတန်းက ပေါ်ထွက်လာသည်။ ထိုအရာက ဖြူဖွေးသော လခြမ်းကွေးကဲ့သို့ ထင်ရပြီး ပထမခုခံရေးအားလှိုင်းထံ ပစ်သွင်းလာကာ ထန်ခြေလျှင်တပ် အဖွဲ့ဝင်တစ်ယောက်၏ လည်ပင်းကို လှီးဖြတ်သွားသည်။ ထို့နောက် ဒုတိယတစ်ယောက်... ထိုသို့ဖြင့် သိပ်သည်းစွာ ရှိနေသော ထန်စစ်သည်တော်များအကြားတွင် ထိုလခြမ်းကွေးလေးက ကခုန်သွားသည်။ ပို၍များပြားသော လေချွန်သံများကို ကြားရပြန်၏။ ဒုတိယမြောက် လခြမ်းကွေးတစ်ခုက ပေါ်လာပြန်၏။ ထို့နောက် တတိယ... အချိန်တခဏ အနည်းငယ်အတွင်းတွင် မရေမတွက်နိုင်အောင် မြောက်များသော လခြမ်းကွေးပေါင်းများစွာက အမှောင်ထုအတွင်း ကခုန်သည်။ ထန်စစ်သည်တော်များအကြားသို့ ဖြတ်သန်းသွားပြီးနောက် သွေးစီးကြောင်းကိုသာ ချန်ထားရစ်ခဲ့၏။ အလင်းရာပေါင်းများစွာက မြန်ဆန်လွန်းပြီး တိကျပြတ်သားလွန်းလေရာ သေဆုံးခြင်းနှင့်အတူ ကခုန်နေပုံနှင့်တူသည်။
ချွင်
ထန်စစ်သည်တော်တစ်ယောက်က ဓားကိုဆွဲထုတ်လိုက်ပြီး မျက်စိကြိမ်းမတက် တောက်ပသော အဖြူရောင် အလင်းတန်းကို ခုတ်ပိုင်းလိုက်သည်။
တင်
ထိုအလင်းက ထိုသို့အတားခံရသောကြောင့် နှေးကွေးသွားရုံသာမကသေးလေဘဲ အရှိန်နှုန်းက ပို၍ပင် မြန်ဆန်သွားပြီး နောက်ထပ် ထန်စစ်သည်တော် တစ်ယောက်ထံ တိုးဝင်သွားသည်။
ပွက်
အင်းက ဖြတ်ကနဲလက်သည်။ သွေးကလည်း ပန်းထွက်လာသည်။ ထို့နောက် ဒုတိယမြောက် ထန်စစ်သည်တော်တစ်ယောက်က မြေပြင်သို့ လဲကျန်သွားပြန်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
“ဘာတွေဖြစ်နေတာလဲ”
“အားလုံးပဲ သတိထားကြ။ ဒါက အာရပ်ဓားမောက်ရှည်တွေပဲ။ ဒီဓားမောက်ရှည်တွေနဲ့ ပတ်သတ်ပြီး တစ်ခုခုမှားနေတယ်”
အစီအစဉ်တကျ ရှိနေသော ထန်စစ်သည်တော်များ အားလုံးက ကစဉ့်ကလျားဖြစ်သွားသည်။ ထိုတောက်ပသည့် လခြမ်းကွေးပုံသဏ္ဍန် အရာများက မြန်လွန်းသည်။ ထု့ိပြင် တိကျလွန်းပြီး ကြမ်းတမ်း၏။ ပို၍ဆိုးသည်မှာ သေးငယ်သော အရွယ်အစားက ခုခံရ အလွန်အမင်းခက်ခဲစေသည်။ ကြီးမားသော ဆုံးရှုံးမှုက လျှင်မြန်စွာ ပေါ်ထွက်လာ၏။
“ဟား ဟား သေကြ ဒီကုန်းမြေမှာ ငါ့ရဲ့ သေဆုံးခြင်းတောင်ပုံကို ဘယ်သူကမှ မတားနိုင်စေရဘူး”
ပထမခုခံရေးအားလှိုင်းနှင့် ကျန်းသုံးဆယ်ခန့်အကွာဝန်းကျင်တွင် ကြောက်မက်ဖွယ်ကောင်းသော အာရပ်ဗိုလ်ချုပ် နော်မာန်က သူ၏မြင့်မားသည့် တောင်ပေါ်မြင်းပေါ်တွင် ထိုင်နေသည်။ သူ၏နှုတ်ခမ်းတွင် ရက်စက်သောအပြုံးက ရှိနေ၏။ သေဆုံးသွားသော ထန်စစ်သည်တော်များ၏ အော်ဟစ်သံက သူ၏နားအတွင်းတွင်မူ အလွန်လှပသော လောကမှ သံဇဉ်ဖြစ်သည်။
“လာ လာ လာ မင်းတို့များများပို့လေလေ များများ သေလေလေပဲ”
နော်မာန်က အဝေးသို့ မျက်လုံးမှေးကျဉ်းကာ ကြည့်လိုက်သည်။ သူ၏မျက်ဝန်းအတွင်း သားရဲတစ်ကောင်၏ ရူးသွပ်မှု၊ စိတ်လှုပ်ရှားမှုများက ပေါက်ကွဲသွားသည်။
သေဆုံးခြင်းတောင်ပံ...
ထိုအင်အားစုက နော်မာန်၏ အမိန့်အောက်တွင်ရှိသည့် ဒီညခင်းပိုင်းတွင် ဝင်စီးသည့် ဒီအင်အားစုတစ်ခုဖြစ်သည်။ အမှောင်ထုက သူတို့၏ အကြီးမားဆုံး အကူအညီဖြစ်သည်။ ဒီနည်းအားဖြင့် သူတို့၏ အင်အားကို အပြည့်အဝ ထုတ်ပြနိုင်စေသည်။
ကြမ်းတမ်းသော တိုက်ပွဲပေါင်းများစွာတွင် နော်မာန်ဟာ အလားတူသော ဝင်စီးသည့် အဆင့်လွန် အင်အားစုကိုသုံးပြီး မရေမတွက်နိုင်အောင် မြောက်များသည့် ရန်သူများကို သတ်ဖြတ်ခဲ့ဖူးသည်။ သူတို့၏ အရေအတွက်က မြောက်များခြင်း မရှိသော်လည်း အလွန်အမင်း ခြိမ်းခြောက်နိုင်သည့် စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားသည်။ ဝင်စီးသည့် ဗျူဟာမျိုးကိုသုံးရာတွင် နော်မာန်၏ သေဆုံးခြင်းတောင်ပံက သူတို့ထက် အရေအတွက် ဆယ်ဆခန့်သာသည့် အင်အားစုကိုပဲ သတ်နိုင်ခဲ့ဖူးသည်။ အဆနှစ်ဆယ်ခန့်ဆိုလျှင်လည်း ရသေး၏။ အာရပ်များ၏ ရန်သူက ထိုနာမည်ကို ကြားချိန်တွင် မျက်နှာက ဖြူဖျော့သွားလေ့ရှိသည်။ ရန်သူများက ပို၍များပြားသော တပ်ကူများကို စေလွှတ်လာလေလေ သူတို့က ဆုံးရှုံးရသည့် ပမာဏက ပိုများလေလေဖြစ်သည်။ ထိုအခါ သေဆုံးခြင်းတောင်ပံကလည်း ပို၍အင်အားကြီးလာလေဖြစ်သွားသည်။
အခန်း(၉၃၉)
သေဆုံးခြင်းတောင်ပံက ပစ်လွှတ်သည့် ဓားမောက်ရှည်များက အခြားသော အာရပ်မြင်းတပ် အင်အားစုများကသုံးသည့် ဓားမောက်ရှည်များနှင့် မတူညီချေ။ သူတို့က အလွန်အမင်း ပါးလျသည်။ သာမာန်အာရပ် ဓားမောက်ရှည်များ၏ သုံးပုံတစ်ပုံခန့်သာထူသည်။ သို့သော် အလွန်အမင်း ထက်ရှပြန်၏။ သူတို့၏ အားသာဆုံး လှည့်ကွက်ကမူ လက်ကိုင်မရှိခြင်းဖြစ်သည်။ သေဆုံးခြင်းတောင်ပံက ထူးခြားသော နည်းလမ်းတစ်ခုကိုသုံးပြီး ထိုဓားမောက်များကို ရန်သူများထံ ပစ်ခတ်လေ့ရှိသည်။ ထိုဓားမောက်များက လေထုကို ထိုးခွဲသွားသည့်အခါ တစ်ပတ်လည်သွားပြီး အလွန်အမင်း ခြိမ်းခြောက်နိုင်စွမ်းအားရှိသလို ကိုင်တွယ်ရန်လည်း အလွန်အမင်း ခက်ခဲစေလေသည်။
နော်မာန်၏ သေဆုံးခြင်းတောင်ပံက ထိုဓားမောက်များအတွက် နာမည်မှတ်ပေးထားသည်။ ထိုအရာများက မည်သည့်နေရာသို့ ဖြတ်သန်းသွားစေကာမူ သေဆုံးခြင်းနှင့် အဆုံးအစမဲ့သည့် ရန်သူများ၏ အလောင်းကိုသာ ချန်ရစ်သည်။
သို့သော် ထိုမျှအင်အားကြီးသော အင်အားစုကလည်း နေ့အချိန်တိုက်ပွဲအတွက် အသုံးမဝင်ပြန်ချေ။ အကြောင်းမူကား သူတို့၏ ထူးခြားသော ဓားမောက်များက အလွန်တိုသည်။ လက်နက်ကြီးများနှင့် ယှဉ်နိုင်စွမ်းအားလည်းမရှိချေ။ သေဆုံးခြင်း တောင်ပံများက အနားမကပ်နိုင်သေးခင် အမြစ်ဖြတ် သုတ်သင်ခံရနိုင်သေးသည်။ ထိုအကြောင်းပြချက်ကြောင့် နော်မာန်၏ အဖွဲ့က နောက်တန်းတွင်သာ နေခဲ့ခြင်းဖြစ်သည်။
နေ့အချိန်အတောအတွင်း မရေမတွက်နိုင်သော အာရပ်မြင်းတပ်ပေါင်း များစွာက ထန်စစ်သည်တော်များ ထန်တွင် ကျရှုံးနေခဲ့ရသည့် အချိန်တိုင်းလိုလို နော်မာန်ဟာ ကြည့်၍သာ ကြည့်နေရလေပြီး ကြိတ်မနိုင် ခဲမရ ဖြစ်ခဲ့ရသည်။ သူက ကလဲ့စားချေနိုင်မည့် အချိန်ကို စောင့်ခဲ့ရ၏။ ထိုထန်စစ်သည်တော်များက ပေါင်းပင်များလို လှီးဖြတ်ခံရသော မြင်ကွင်းကို မြင်ရမှသာ သူ၏ ခန္ဓာကိုယ်အတွင်း ဖော်ပြရန်ခက်ခဲသည့် ပျော်ရွှင်မှုများက ပေါ်ထွက်လာသည်။
အူမာက သေသွားသည်။ အာမာကလည်း ရှုံးသွား၏။ ခါလဲ့၏ သံမဏိသားရဲ စစ်တပ်ကပင် ကြီးမားသော ဆုံးရှုံးမှုကို ရင်ဆိုင်ခဲ့ရသည်။ အဆုံးသတ်တွင် နော်မာန်၏ သေဆုံးခြင်း တောင်ပံကသာ အရှင်၏ လက်အောက်မှ အကောင်းဆုံး အင်အားစုဖြစ်ကြောင်း အကောင်းဆုံး သက်သေပြလိုက်သည်။ အရှေ့ပိုင်း အာဘတ်ဆစ်ကယ်လီဖိတ်၏ အကောင်းဆုံး အင်အားစုပင် ဖြစ်နိုင်၏။ အလေးစားရဆုံးသော ထန်အင်အားစုကလည်း သူ၏ ဓားမောက်များအောက်တွင် သေဆုံးပေလိမ့်မည်။ သူတို့က ကြောက်လန့်မှုကြောင့် အော်ဟစ်နေကြရသည်။
ပို၍ဆိုးသည်မှာ သူလုပ်ကြံသတ်ဖြတ်ရန် ရွေးချယ်ထားသောနေရာက တာလာ့မြို့ဂိတ်နှင့် အလွန်ဝေးသော အရှေ့ပိုင်း ခုခံရေးအားလှိုင်းနယ်မြေ ဖြစ်နေသည်။ ထို့ပြင် အဆုံးသတ်ပိုင်းနေရာ ဖြစ်နေသေးသော် ထန်များအနေဖြင့် တပ်ကူများပို့ရန် အချိန်လိုပေလိမ့်မည်။
“နောက်ဆုတ် မြန်မြန်လေး နောက်ဆုတ်ကြ”
အဝေးမှ အသံတစ်သံလာသည်။ ကြောက်မက်ဖွယ်ကောင်းသော ရလဒ်ကို ရင်ဆိုင်ရသောအခါ တစ်စုံတစ်ယောက်က ဉာဏ်ရှိသော ဆုံးဖြတ်ချက်ကို ချလိုက်၏။ အာရပ်များ၏ လုပ်ကြံသတ်ဖြတ်မှုက ထိုမျှအထိ ကြောက်စရာမကောင်းချေ။ သို့သော် ထိုလက်ကိုင်မပါသည့် ဓားမောက်များက ကြောက်စရာကောင်းနေသည်။ သူတို့ကို တားနိုင်သည့် လက်နက်များလည်းမရှိချေ။
ထို့ကြောင့် ထိုဓားမောက်များက များများတိုက်ခိုက်လေလေ မြန်လာလေလေဖြစ်ပြီး ခြိမ်းခြောက်နိုင်လေလေဖြစ်သည်။ ထိုအတွက်ကြောင့် ကြီးမားသည့် ဆုံးရှုံးမှုကိုသာ ပို၍လက်ခံရရှိရုံ ရှိပေလိမ့်မည်။
ပတ်ဝန်းကျင်ရှိ အမှောင်ထုက ကောင်းမွန်သော အကာအကွယ် ဖြစ်နေလေရာ သူတို့လှုပ်ရှားမှုတိုင်းက ပတ်ဝန်းကျင်နှင့် တစ်သားတည်း ပေါင်းစပ်နေလေပြီး ထိပ်တိုက်ရင်ဆိုင်ရန် ခက်ခဲသွားစေသည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် နောက်ဆုတ်ခြင်းက အကောင်းဆုံး ဖြေရှင်းချက်ဖြစ်သည်။
“ဟား ဟား မင်းတို့က လွတ်နိုင်မယ်လို့ ထင်နေတာလား”
နော်မာန်ကလည်း ထန်ဘာသာစကားကို နားမလည်သည့်တိုင်အောင် ချီတက်လာသော အင်အားစုများက ပြန်ဆုတ်နေကတည်းက အခြေအနေကို နားလည်လိုက်သည်။
“မင်းတို့က ထွက်ပြေးချင်တယ်ဆိုရင် ငါက ခွင့်ပြုမလားဆိုတာကို အရင်ကြည့်ရဦးမယ်”
နော်မာန်၏ မျက်ဝန်းအတွင်း ရက်စက်သောအလင်းက ဖြတ်ပြေးသွားသည်။
ဝှစ်
သူ၏ညာလက်က အောက်သို့ ယမ်းချလိုက်သည့်အချိန်တွင် မြှားတစ်သုတ်က အမှောင်ထုအတွင်း ဟိန်းဟောက်လျှက် ပြန်ထွက်လာပြန်သည်။
ဝှစ် ဝှစ် ဝှစ်
မီးတုတ်များက တဖန်ပြန်ငြိမ်းသွားပြီး အမှောင်ထုက ဆင်းသက်လာပြန်သည်။
ဝှီး
တောက်ပသော အလင်းစက်ဝိုင်းခြမ်းတစ်ခုက အမှောင်ထုပေါ် ကျော်ဖြတ်လာပြန်သည်။ အလွန်ဖျော့တော့သော အလင်းက ထွက်ပေါ်လာပြီးပြီးခြင်း ထန်စစ်သည် ဆယ်ယောက်ခန့်ထံမှ အော်ဟစ်သံနှင့်အတူ လဲပြိုကျသံကို ကြားရသည်။
“သူတို့ကိုသတ်”
နော်မာန်က ကြမ်းတမ်းစွာ အော်ဟစ်သည်။ မရေမတွက်နိုင်အောင် မြောက်များလှစွာသော အလင်းစက်ဝိုင်းခြမ်းများက ရှေ့သို့ထွက်သွားပြန်၏။ သို့သော် နော်မာန်ကလည်း နောက်ထပ်တစ်သုတ် ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်နေသည့်အချိန်တွင် မမျှော်လင့်ထားသော အခြေအနေက ဖြစ်လာသည်။
...
ဘန်း
ကျယ်လောင်သော ပေါက်ကွဲသံက အရှေ့ပိုင်းမှ ထွက်လာသည့်အချိန်တွင် နော်မာန်က မော့ကြည့်လိုက်သည်။ ထိုအခါ ကြီးမားသော ကျောက်တုံးကြီးတစ်တုံးကို မြင်လိုက်ရသည်။ ထိုကျောက်တုံးကြီးက လူတစ်ဝက်စာခန့်ပင် မြင့်သေးသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူရှိရာဘက်သို့ ဝုန်းကနဲ ဝင်ရောက်လာသည်။
“ဘာဖြစ်တာလဲ”
သူ၏မျက်လုံးက မှေးကျဉ်းသွားပြီး မျက်နှာက ဖြူဖျော့သွားသည်။ သို့သော်သူက မတုန့်ပြန်နိုင်ခင် ထိုကျောက်တုံးကြီးက ပြုတ်ကျလာသည်။
ဘုန်း
သေဆုံးခြင်းတောင်ပံအဖွဲ့မှ မြင်းတပ်အဖွဲ့ဝင် သုံးယောက်က အသားကုန် အော်ဟစ်လိုက်ရသည်။ သို့သော် အချိန်မှီ မတုန့်ပြန်နိုင်ခဲ့ဘဲ အသားပြားဖြစ်သွားသည်။ ပို၍ဆိုးသည်မှာ ထိုသက်ရောက်မှုက ဖြစ်ပွားလာခဲ့သော ဖုန်မှုန့်များ၊ အားလှိုင်းများ အားလုံးက ဆယ်ကျန်းဝန်းကျင်ရှိ စစ်သည်တော်တိုင်းကို လေထဲသို့ မြောက်တက်သွားစေသည်။
ရုတ်ချည်းဆိုသလို...
ရုတ်တရက်ဆန်လွန်းတယ်။
နော်မာန်ကလည်း ယခုလို တိုက်ခိုက်မှုပုံစံမျိုးကို မမျှော်လင့်ထားဘူးချေ။ ဒါက အစမျှသာဖြစ်သေးသည်။
ဘုန်း
ဘန်း
ခလွက်
ကျောက်တုံး တစ်တုံးပြးတစ်တုံး ဆက်တိုက်ပြုတ်ကျလာသည်။ အားလုံးက သူတို့၏ သေဆုံးခြင်း တောင်ပံထံ ရောက်လာသည်။
“သေလိုက်ပါတော့ ဘာလို့ဒီလို ဖြစ်တာလာလဲ”
သူ၏သေဆုံးခြင်း တောင်ပံပင် မဆိုထားဘိ နော်မာန်ကိုယ်တိုင်ကပင် ထိုအပြောင်းအလဲကြောင့် မှင်သက်သွားသည်။
“နောက်ဆုတ် မြန်မြန် နောက်ဆုတ်ကြ”
နော်မာန်က အာရပ်ဘာသာစကားဖြင့်အော်သည်။
ဒီတိုက်ပွဲက သူ၏ခန့်မှန်းထားမှုကို ကျော်လွန်သွားပြီဖြစ်သည်။ လူတိုင်းကလည်း လောက်လေးခွကြီးများ၏ အကြီးမားဆုံး ပစ်ချက်က အားနည်းသည့် ချိန်ဆမှုဖြစ်ကြောင်း သိနေ၏။ သူတို့က မီတာ ရာပေါင်းများစွာကို အမှတ်အသားပြုနိုင်သည်။ ထိုထက် ဝေးသောနေရာကို ပစ်ခတ်နိုင်လောက်၏။ သို့သော် ပိန်းပိတ်အောင် မည်းမှောင်နေသော အမှောင်အတွင်းတွင် လောက်လေးခွကြီးများက သူတို့၏ တည်နေရာကို ချိန်ရွယ်ရန် ခက်ခဲသည်။
သေဆုံးခြင်းတောင်ပံ၏ ဓားမောက်တိုက်ခိုက်မှုများက ထိုကဲ့သို့သော လုပ်ကြံသတ်ဖြတ်မှုများကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် နောက်ဆုတ်ရန်သာ ဖြစ်လာသည်။
ဟီး...
သေဆုံးခြင်းတောင်ပံက အားသာချက် အရယူနေရာမှ ကစဉ့်ကလျားဖြစ်သွားပြီး အထိတ်တလန့်ဖြစ်လျှက် လောက်လေးခွကြီးများ၏ ပစ်ခတ်မှုမှ လွတ်မြောက်အောင် ခပ်မြန်မြန် ဆုတ်ကြရသည်။
“ဟွန်း မင်းဘယ်လောက် လုပ်နိုင်လဲဆိုတာကို ကြည့်ရမယ်”
နော်မာန်မြင်နိုင်သော တစ်နေရာတွင် ရှိနေသည့် ချန်းပုယွမ်က ကြီးမားသော သံမဏိ လောက်လေးခွကြီးအနားတွင် ရပ်နေသည်။ သူ၏နှုတ်ခမ်းအမူအရာအရ သူက ရယ်ချင်စိတ် ပေါက်နေပုံပေါ်သည်။ ထိုလောက်လေးခွကြီးများကို ကျန်းရှို့ကျစ်က အထူးတလည် ပြင်ဆင်ထားခြင်းဖြစ်သည်။ မီတာသုံးဆယ်ကျော်သော လက်ယမ်းကြီးများ၊ ဘောင်ကြီးများက ပို၍ ဝေးကွာသောနေရာကို ပစ်နိုင်အောင် ချိန်ရွယ်စေသည်။ ထိုအတွက်ကြောင့်လည်း အလွန်အမင်း ကြီးမားသည့် လှည့်ဘီးကြီးများနှင့်တွဲကာ တပ်ဆင်ထားရ၏။ ထိုအခါ တိုက်ပွဲနယ်မြေတွင် လျှင်မြန်စွာ ရွေ့လျားနိုင်စေသည်။
“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် သူတို့ကို လဲဖြိုကြ။ သူတို့အားလုံးကို ပစ်ခတ်ကြ။ ထောင့်ကို တစ်ဆယ်ဒီဂရီလောက် စောင်းပြီးချိန်”
“မင်းတို့က နောက်ဆုတ်တာနဲ့ လုံလောက်တယ်လို့ ထင်နေတာလား။ ဟွန်း တုံးလိုက်တာ”
ချန်းပုယွမ်က အေးစက်စွာရယ်သည်။ သူက သူ၏တာဝန်ကို ပြီးမြောက်ပြီးနောက် တာလာ့သို့ အပြေးလာခဲ့သည်။ ထိုအခြေအနေတွင် တိုက်ခိုက်သံများက ကြားနေရပြီဖြစ်သည်။ ချန်းပုယွမ်က တာလာ့တွင် ကြီးပြင်းလာခဲ့သူဖြစ်ပြီး အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အကြားအာရုံကောင်းသည်။ အသံကို ကြားလိုက်သည်နှင့် နေရာအတိအကျကို ခန့်မှန်းနိုင်၏။ နော်မာန်၏ လူများက သာမာန်လူများထံမှ ပုန်းကွယ်နိုင်ပေလိမ့်မည်။ သို့သော် သူ့ထံမှ မပုန်းကွယ်နိုင်ချေ။
ကြီးမားသော ကျောက်တုံးကြီးများ အားလုံးကို သံမဏိ လောက်လေးခွကြီးများကို သုံးကာ ပစ်ခတ်နေခြင်းဖြစ်လေရာ နော်မာန်၏ သေဆုံးခြင်းတောင်ပံမှ အကောင်းဆုံးသော လူများကပင် ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ချေ။ ကျောက်တုံးကြီးများဖြင့် ပစ်ခတ်ခံရသည့်အခါ သူတို့က သေဆုံးရမည်မှာ သေချာသည်။ ပို၍ဆိုးသည်မှာ ပိန်းပိတ်အောင် မည်းမှောင်နေသော အမှောင်ထုကြောင့် နော်မာန်၏လူများက အကာအကွယ်ယူနိုင်ရုံသာ မကသေးလေဘဲ ကျောက်တုံးမိုးကိုလည်း မြင်နိုင်လိမ့်မည်မဟုတ်ချေ။ သေဆုံးခြင်း တောင်ပံများက ကျောက်တုံးများကို သတိထားမိသည့်အချိန် ကျောက်တုံးက သူတို့နှင့် အလွန်နီးနေလောက်လေပြီ။
ဘုန်း ဘုန်း ဘုန်း
အမှောင်ထုအတွင်း ကျယ်လောင်သော ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာသည်။ နော်မာန်၏ သေဆုံးခြင်း တောင်ပံကလည်း အဆုံးအစွန်ထိ ခုခံရသော အနေအထားသို့ ရောက်သွားသည်။
ချန်းပုယွမ်က လက်မောင်းကိုယမ်းကာ အမိန့်ပေးသည်။
“သုံးဆယ်ဒီဂရီလောက် ပြောင်းပြီးပစ်။ အဲ့ဒီဆရာသခင် လေးသည်တော်တွေကိုလည်း ပစ်လိုက်ပါ”
သူ၏နားက နော်မာန်၏နေရာကို အတိအကျ ပစ်နိုင်ရုံသာ မကသေးလေဘဲ အာရပ်ဆရာသခင် လေးသည်တော်များ၏ နေရာကိုလည်း သိနိုင်သည်။ ထိုလေးသည်တော်များက ထန်များကို ချိန်ရွယ်နေခြင်း မဟုတ်သော်လည်း မီးတုတ်များနှင့် မီးပြင်းဖိုများကို ငြိမ်းသက်အောင် လုပ်ခြင်းအားဖြင့် ဒုက္ခပေးနိုင်သေးသည်။ ထို့ကြောင့် နော်မာန်၏ လူများလောက်နီးပါး ခြိမ်းခြောက်မှု ရှိနိုင်သေးပြန်သည်။
ဘုန်း ဘုန်း ဘုန်း
အာရပ်စခန်းဘက်မှ အော်ဟစ်သံများ၊ ပေါက်ကွဲသံများက ပေါ်ထွက်လာသည်။ ချန်းပုယွမ်၏ လောက်လေးခွကြီးများနှင့် လုပ်ကြံသတ်ဖြတ်မှုက တစ်ဖက်မှ လေးသည်တော်များကို အထိတ်တလန့် ထွက်ပြေးရအောင် တွန်းအားပေးလိုက်နိုင်သည်။
ခလွီး
ရုတ်တရက် တာလာ့အတွင်းမှ အော်ဟစ်သံများက ထွက်ပေါ်လာသည်။ မတိုးလွန်းသလို မကျယ်လွန်းသော အသံမျိုးဖြစ်၏။ တိုက်ပွဲအတွင်းတွင်မူ ထိုအသံက ပျောက်သွားလေသည်။ သို့သော် ချန်းပုယွမ်ကမူ အသံကိုကြားလိုက်ပြီး ဖျော့တော့စွာ ပြုံးလိုက်သည်။
“လုံလောက်ပြီ ငါတို့သူတို့ကို သင်ခန်းစာပေးပြီးပြီ။ အားလုံးပဲ လောက်လေးခွကြီးတွေကို မြို့ထဲကို ပြန်သယ်သွားတော့”
ချန်းပုယွမ်က ထိုသို့ပြောသည်။
“ဒါပေမဲ့အရှင် ကျွန်တော်တို့ကို တိုက်ခိုက်လာတဲ့ အာရပ်တွေကို ဘာလုပ်လိုက်ရမလဲ”
ချန်းပုယွမ်အနီးမှ စစ်သည်တော်တစ်ယောက်က မေးသည်။
“စိုးရိမ်စရာမလိုဘူး။ အသံကိုမကြားဘူးလား။ ငါတို့ရဲ့တာဝန်က ပြီးသွားပြီ။ အရှင်အမတ်က နောက်ဆက်လုပ်ရမဲ့ လူအတွက် တာဝန်ကို စီစဉ်ထားပြီးသား။ ဒီအာရပ်တွေကတော့ သေမှာပေ့ါ”
ချန်းပုယွမ်ကရယ်သည်။ သူ၏နှုတ်ခမ်းတွင် လှောင်ပြုံးကပေါ်လာသည်။
သူဟာ အမတ်၏အမိန့်ကို ဘယ်သောအခါကမှ သံသယဝင်လိမ့်မည်မဟုတ်ချေ။ အမတ်က သူ့အား ပြန်လာပြီး အမိန့်ပေးနေကတည်းက အရာအားလုံးက ကိုင်တွယ်ပြီးသားဟု ယူဆရပေလိမ့်မည်။
“သွားရအောင်”
ကြီးမားသည့် ထိုလောက်လေးခွကြီးများက တဝုန်းဝုန်းအသံနှင့်အတူ တာလာ့ထံ ပြန်လည်လိမ့်သွားခံရသည်။ ထိုသို့ဖြင့် အနောက်မှ စစ်သည်တော် ထောင်ကျော်က ပြန်ဝင်သွားသည်။
.....
“သေစမ်း သေစမ်း သေစမ်း”
နော်မာန်၏ ခန္ဓာကိုယ်တစ်ခုလုံးက ဒေါသမီးတောက်ဖြင့် တောက်လောင်နေသည်။ သူဟာ ပေါက်ကွဲမတက် ဖြစ်နေ၏။ သေဆုံးခြင်းတောင်ပံက လောက်လေးခွကြီးများကြောင့် ကစဉ့်ကလျား ဖြစ်သွားခဲ့သည်။ ထို့ကြောင့် ခြိမ်းခြောက်နိုင်စွမ်းအား မရှိတော့ချေ။
“စစ်သည်တော်တိုင်း မြန်မြန်လေး နောက်ဆုတ်ကြတော့”
နော်မာန်၏ သေဆုံးခြင်းတောင်ပံက မရေမတွက်နိုင်သော လူပေါင်းများစွာကို သတ်ရန်လိုအပ်သည်။ ဒီနည်းအားဖြင့် တစ်ဖက်သူများကို သူတို့နိုးထလာသည့်အချိန်တွင် သွေးပင်လယ်နှင့် အလောင်းတောင်တန်းကို ချန်ထားရစ်ခဲ့ရန် လိုအပ်သည်။ ထိုနည်းမှသာ သူတို့၏ လက်ရှိကျော်ကြားမှုကို အောင်မြင်စွာ ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။ သို့သော် ယခုလိုမျိုး နှစ်ပေါင်းများစွာ ဝန်ဆောင်မှု ပြုလာပြီးသည့်တိုင်အောင် ဒီလိုအခြေအနေမျိုးကို မကြုံဖူးကြချေ။
“ငါတို့ကို ဘယ်သူကမှ ဒီအခြေအနေကို ရောက်အောင် မလုပ်နိုင်ဘူး။ ငါ့အတွက် သေစမ်းပါ။ ငါတို့ဘက်က သေသွားတဲ့ တစ်ယောက်ချင်းစီတိုင်းအတွက် ထန်တွေဘက်က ဆယ်ဆလောက်များတဲ့ လူတွေနဲ့ ပြန်မြုပ်ရမယ်။ ဒီထက်ပိုများရင် ပိုကောင်းသေးတယ်”
အမှောင်ထုအတွင်းမှ မြင်းခွာသံများနှင့်အတူ နော်မာန်က သူ၏အင်အားစုကို လျှင်မြန်စွာဖြင့် နောက်ဆုတ်စေသည်။
ရန်ငြိုးများကို ကလဲ့စားနှင့် ပြန်ချေရသည်။ ဒါက အာရပ်အားလုံးနားလည်သော စည်းမျဉ်းဖြစ်သည်။
နော်မာန်ကလည်း တစ်ဖက်ပြန်ကွေ့ပြီး ထန်များကို တိုက်ခိုက်ရန် ကြံစည်နေသည့်အချိန်တွင်...
ဝှစ်
လေထုကို မီးမြှားတစ်ချောင်းက ထိုးခွဲလာပြီး နော်မာန်၏ အရှေ့တည့်တည့်ကျသည်။ မီးမှ အားနည်းသောအလင်းက သေဆုံးခြင်းတောင်ပံအဖွဲ့မှ အံ့အားသင့်သော မျက်နှာထားကို ဖော်ပြလာ၏။ နော်မာန်ကလည်း သူ၏နှလုံးသားက ခုန်လှုပ်လာပြီး မကောင်းသော ခံစားချက်ကို ရလိုက်သည်။
သို့သော် သူက ပါးစပ်မဟနိုင်သေးခင် ကျယ်လောင်သော အသံတစ်သံနှင့်အတူ ပထမခုခံရေး အားလှိုင်းထံမှ မီးတုတ်တစ်တုတ်က ရောက်လာသည်။ ထိုမီးတုတ်က လေထုကို ထိုးခွဲသွားပြီးနောက် နော်မာန်၏ အရှေ့တည့်တည့်သို့ ကျလာပြန်သည်။ ထိုအရာက အချက်ပြလိုက်သလို အရပ်မျက်နှာအနှံ့မှ မီးတုတ်ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာကိုလည်း ပစ်ခတ်လိုက်စေပြီး သေဆုံးခြင်းတောင်ပံကို ဝိုင်းသွားစေသည်။
အခန်း(၉၄၀)
အမှောင်ထုက ချောမွေ့စွာဖြင့် ဖယ်ရှားခံရပြီး လျို့ဝှက်ဆန်းကြယ်သော အာရပ်ဘက်မှ ဝင်စီးသူကို ပထမဦးဆုံးအကြိမ် မြင်လိုက်ရသည်။ အလင်းကြောင့် မျက်စိကြိမ်းသွားသောကြောင့် ဖြစ်လောက်သည်။ သေဆုံးခြင်းတောင်ပံမှ မုတ်ဆိတ်နှင့် စစ်သည်တော်တစ်ယောက်က လက်မောင်းကိုမြှောက်ပြီး မျက်လုံးကိုအုပ်လိုက်ကာ မြင်းကိုနောက်သို့ ဆုတ်လိုက်မိစေသည်။ သေဆုံးခြင်းတောင်ပံများက အမှောင်ထဲမှသာ ရန်သူများကို တိုက်ခိုက်ရာတွင် ကျင့်သားရနေလေရာ ရုတ်ချည်းပေါ်ထွက်လာသော မီးတောက်လေးများက သူတို့ကို အလွန်အမင်း မသက်မသာ ဖြစ်စေလေသည်။
အမှန်တိုင်းဆိုရသော် သေဆုံးခြင်းတောင်ပံ တစ်ဖွဲ့လုံးကလည်း မီးတုတ်များ ပေါ်လာမှုကြောင့် ထိတ်လန့်သော လက္ခဏာများကို ပြသလာသည်။
“သေစမ်း ဒီမီးတုတ်တွေကို ဖယ်ကြစမ်း”
နော်မာန်ကလည်း အန္တရာယ်ကို အာရုံခံမိလိုက်သည်။ အခြေအနေက အလွန်အမင်း ဆိုးရွားနေသည်။ ထို့ကြောင့် ရန်သူဗိုလ်ချုပ်က သူ၏လူများကို ရင်ဆိုင်ရန် နည်းလမ်းတစ်ခု ရှာတွေ့သွားကြောင်း နားလည်နေလေသည်။ သူ၏ ဘဝသက်တမ်း တစ်လျှောက်တွင်ပင် ယခုလောက်ထိ ပြင်းထန်သည့် အန္တရာယ်မျိုးကို အာရုံမခံစားမိဖူးချေ။
“နောက်ဆုတ်”
နော်မာန်က သူ၏ညာလက်မောင်းကို လေထဲသို့မြင့်အောင် မြှောက်လိုက်ပြီး နောက်ဆုတ်ရန် အမိန့်ထုတ်သည်။ သို့သော်သူက နှေးကွေးလွန်းသွား၏။ ရန်သူဗိုလ်ချုပ်က သူမျှော်လင့်ထားသည်ထက် ပို၍လေးစားဖွယ် ကောင်းနေသေးသည်။
ဘုန်း
လေးကြိုးက လှုပ်ခတ်သွားပြီးနောက် ကြီးမားပြီး တစ်ကျန်းကျော်ခန့်ရှိသော လက်နက်ကြီးတစ်ခုက ပထမခုခံရေးအားလှိုင်း၏ အနောက်ဘက်မှ ပျံသန်းထွက်လာပြီး သေဆုံးခြင်းတောင်ပံ အဖွဲ့ဝင်တစ်ယောက်ကို ထိုးဖောက်သွားသည်။ ထိုသို့ဖြင့် တစ်ဖက်သူက သေဆုံးသွားပြီးသည့် အချိန်တွင်ပင် ထိုလက်နက်ကြီးက သူ၏ကိုယ်ကို ချောမွေ့စွာ ထွက်သွားပြီး အနောက်ဘက်သို့ ဆက်သွားသည်။ တစ်ဖက်သူက အော်ချိန်ပင် မရခဲ့ချေ။
ထိုလက်နက်ကြီးက တစ်ယောက်ပြီးတစ်ယောက်ကို ဆက်တိုက် ထိုးဖောက်သွားလေပြီး သေဆုံးခြင်းတောင်ပံ အဖွဲ့ဝင်ခြောက်ယောက်ခန့်ကို ကျော်ဖြတ်ပြီးမှသာ အမှောင်ထုအတွင်း ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
မဟာထန်ရဲ့လက်နက်ကြီး
နော်မာန်ကလည်း အခြေအနေကို ချက်ချင်းဆိုသလို သိလိုက်သည်။ သူ၏မျက်နှာက စက္ကူစကဲ့သို့ ဖြူစုတ်သွားသည်။ နေ့အချိန်အတောအတွင်းတွင်လည်း ထိုလက်နက်ကြီးများ၏ လှုပ်ရှားမှုကို သေချာမြင်ခဲ့ပြီးသားဖြစ်သည်။ လက်နက်တစ်လက်ချင်းစီတိုင်း၏ လေထဲသို့တက်ပြီး ဟိန်းဟောက်သံက သေဆုံးခြင်းနတ်ဘုရား၏ ဟိန်းသံနှင့်ပင် တူသေးသည်။
ညပိုင်းဝင်စီးမှုအတွက် သူဟာ ထန်၏ လက်နက်ကြီးများ မရှိသောဘက်ကို အထူးတလည် ရွေးချယ်ခဲ့သည်။ မမျှော်လင့်ထားစွာပင် လက်နက်ကြီးများက ချက်ချင်းလိုလို ရောက်လာမည်ဟု မထင်ထားမိချေ။
“ပြေးတော့”
နော်မာန်က ထိတ်လန့်ရုံတင် မဟုတ်တော့ချေ။ အလွန်အမင်း ခြောက်ခြားသွားသည်။ ထန်လက်နက်ကြီးအဖွဲ့၏ လုပ်နိုင်စွမ်းအားက သေဆုံးခြင်းတောင်ပံ၏ ဓားမောက်များထက် အပြတ်အသတ်သာသည်။ သူတို့၏ စွမ်းအားကပင် သာလွန်လွန်းနေခဲ့သည်။ တိုက်ရိုက်ထိပ်တိုက် ရင်ဆိုင်မည်ဆိုလျှင် သေဆုံးခြင်းတောင်ပံကလည်း ထန်၏ လေးလံသော လက်နက်များကို ရင်မဆိုင်နိုင်ပါချေ။
ရိုးရှင်းစွာဆိုရသော် မဟာထန်လက်နက်ကြီးများက သေဆုံးခြင်းတောင်ပံ၏ အဆိပ်ဖြစ်သည်။
“နောက်ဆုတ် နောက်ဆုတ် နောက်ဆုတ်”
အမိန့်ကို သုံးကြိမ်တိုင်တိုင် အော်ဟစ်ပြီးနောက် နော်မာန်က စတင်ကာ နောက်ပြန်လှည့်ပြီး အပြေးနှင်သည်။ သူ၏နောက်ဘက်တွင်လည်း သေဆုံးခြင်းတောင်ပံများက သူနှင့်အတူ လိုက်ပြေးကြ၏။ သို့ရာတွင် မဟာထန်က ထိုတခဏကို ပြင်ဆင်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူတို့ကို အလွယ်တကူ လွှတ်ပေးလိမ့်မည်မဟုတ်ချေ။ နော်မာန်၏ သေဆုံးခြင်းတောင်ပံကသာ ရှင်သန်ခဲ့လျှင် ထန်အင်အားစုနှင့် အလွန်အမင်းကြီးမားသည့် ရန်ငြိုးကို ပိုင်ဆိုင်သွားပြီး ကတောက်ကဆဖြစ်ပေလိမ့်မည်။
ဘုန်း ဘုန်း ဘုန်း
လက်နက်ကြီးများက အဘက်ဘက်မှ ဝင်ရောက်လာပြီး ထွက်ပြေးသွားသော သေဆုံးခြင်းတောင်ပံ အဖွဲ့ဝင်တိုင်းကို အလုံးအရင်းနှင့် သတ်ဖြတ်သည်။ စစ်မြင်းများက မြန်သည်။ သို့သော် သူတို့က လက်နက်ကြီးများထက် ပိုမမြန်နိုင်ချေ။ လက်နက်ကြီးများက သူတို့ကို ထိုးဖောက်သွားပြီး လေထဲသို့ မြောက်တက်သွားစေလျှက် သေဆုံးခြင်းတောင်ပံများအား ပေါင်းပင်များကဲ့သို့ လှီးဖြတ် သုတ်သင်ပြန်သည်။
ခွက်
ခလွက်
မျက်တောင်တစ်ခတ် အချိန်အတွင်း သေဆုံးခြင်းတောင်ပံ အဖွဲ့၏ မရေမတွက်နိုင်အောင် မြောက်များသော မြင်းသည်တော်များက မြင်းပေါ်မှ ပြုတ်ကျကြသည်။ သူတို့၏အလောင်းက မြေပြင်တွင် တစ်စစီ လွင့်နေသည်။ မြင်းဟီသံများ၊ အော်ဟစ်သံများ၊ တခွက်ခွက်သံများ၊ လက်နက်ကြီးများ၏ ပေါက်ကွဲသံများက အမှောင်ထုတစ်ခုလုံးကို ပြင်းထန်လွန်းသည့် သွေးညှီရနံ့ဖြင့် လွှမ်းသွားစေသည်။
ထိုသို့ တစ်ဖက်သတ် လုပ်ကြံသတ်ဖြတ်မှုက အခြားတစ်ဖက်ကို လျှင်မြန်စွာဖြင့် အပြတ်ရှင်းနိုင်လုနီးပါး ဖြစ်သွားစေသည်။ နော်မာန်သေဆုံးခြင်းတောင်ပံက နယ်မြေတွင် လွှမ်းမိုးနိုင်စွမ်း ရှိနေစေကာမူ ယခုအခါ မဟာထန်လက်နက်ကြီးကြောင့် အလွှမ်းမိုးခံရသည်။
“နောက်ဆုတ် နောက်ဆုတ် နောက်ဆုတ်”
“ပြေး ပြေး”
အဝေးမှ ချန်းပင်းကလည်း သူ၏လက်မောင်းကို တစ်ကြိမ်ပြီးတစ်ကြိမ် အောက်သို့ ယမ်းချနေခဲ့၏။ ထိုနည်းအားဖြင့် လက်နက်ကြီးများဖြင့် ထွက်ပြေးသွားသော အာရပ်များကို တစ်ကြိမ်ပြီးတစ်ကြိမ် ပစ်ခတ်ခိုင်းနေခဲ့သည်။
“မင်းတို့ဘယ်လောက်ထိ ပြေးနိုင်လဲဆိုတာကိုကြည့်မယ်”
ချန်းပင်း၏ အမူအရာက အေးစက်သည်။ သူ၏မျက်နှာထားက သံမဏိကဲ့သို့ မာကြော၏။ ထိုအာရပ်များက ကောက်ကျစ်လွန်းသည်။ သူတို့၏ တိုက်ခိုက်သောနည်းလမ်းက ခြောက်ခြားဖွယ် ကောင်းလွန်းသည်။ သံမဏိမြို့ရိုး အနောက်ဘက်တွင်ရှိသော ခုခံသူများ၏ တခဏခန့် ကျန့်ကြာသွားသည့် နှောင့်နှေးမှုကတင် ကြီးမားသည့် ဆုံးရှုံးမှုကို ဖြစ်သွားစေလေသည်။ လက်ရွေးစင်တစ်ဖွဲ့က ညပိုင်းဝင်စီးရာတွင် ကျွမ်းကျင်သူများဖြစ်သည်။ သူ၏နည်းလမ်းကလည်း ရှင်းလင်းစွာပင် ကြိုတင်ပြင်ဆင်ထားပြီးကြောင်း သိသာနေခဲ့၏။ မီးတုတ်များကို ပစ်ခတ်သော ထိုလေးသည်တော်များက လေးသည်တော်များ၏ အနောက်မှ ကပ်ဝင်လာသော ထိုဓားမောက်များကလည်း ရိတ်သိမ်းမှုကို အရယူသောလက်နက်များဖြစ်နေသည်။
မည်သည့်သာမာန် စစ်သည်အင်အားစုကမှ ထိုသို့မလုပ်နိုင်ချေ။ သို့သော် ချန်းပင်းက သူတို့ကို မလွှတ်ပေးနိုင်ချေ။
“ပစ်လွှတ် ပစ်လွှတ် ပစ်လွှတ်”
ချန်းပင်း၏ မျက်နှာထားက အလွန်အေးစက်နေသည်။ သူ၏မျက်ဝန်းတွင် ခံစားချက်များက ကင်းမဲ့၏။ သေဆုံးခြင်းတောင်ပံကို တိုက်ရိုက်စောင့်ကြည့်နေသည့် သူက လက်မောင်းကို တစ်ကြိမ်ပြီးတစ်ကြိမ် ယမ်းချနေသည်။
ချန်းပင်းက လက်နက်ကြီးစစ်တပ်မှ လေးစားဖွယ်ကောင်းသော ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။ သူဟာ သူ၏ လုပ်နိုင်စွမ်းအားကိုလည်း အပြည့်အဝ ဖော်ထုတ်ပြသနေသည်။ သူကသာ သူတို့ကို အင်အားအပြည့်နှင့် လမ်းညွှန်ပြသပေးနိုင်သူဖြစ်သည်။
ရွှီခဲ့ယွီကပင် သူ့လောက်ထိ လုပ်နိုင်စွမ်းအားမရှိချေ။
လက်နက်ကြီးများက ဆက်တိုက်ဆိုသလို သေဆုံးခြင်းတောင်ပံအဖွဲ့၏ အသက်များကို ဖမ်းယူသွားသည်။ ထိုသို့ဖြင့် ဆုံးရှုံးမှုက ကြီးမားသထက် ကြီးမားလာသည်။ ထိုသို့ဖြင့် ချန်းပင်း၏ မျက်လုံးက သူတစ်ယောက်တည်းတွင်သာ အာရုံစိုက်နေသည်။ လက်နက်ကြီးများက လောက်လေးခွကြီးများလောက် အဝေးသို့ ပစ်နိုင်စွမ်းအားမရှိသော်လည်း အလွန်အမင်း ဝေးကွာသည့် တစ်နေရာထိ ပစ်ခတ်နိုင်လေသည်။ ချန်းပင်းအနေနှင့် ထိုလူတစ်ယောက်ကို ကိုင်တွယ်ရခြင်းက အလွန်အမင်း လွယ်ကူလွန်းနေသည်။
“ထွက်ပြေးဖို့တွေးနေတာဆိုရင်တော့ နောက်ကျသွားပြီ”
ချန်းပင်းက နေရာရွေ့ပြောင်း ရထားလုံးပေါ်တွင် ရပ်နေသည်။ သူ၏အကြည့်က အဝေးရှိ နော်မာန်၏ ခန္ဓာကိုယ်ပေါ်တွင်သာ ရှိနေသည်။ သူ၏မျက်ဝန်းအတွင်း သတ်ဖြတ်လိုစိတ်က ပြင်းထန်စွာ ထွက်ပေါ်လာသည်။ သူ၏ထန်ပေါင်းများစွာကို သတ်ရဲသောမည်သူကမဆို ခြစ်ရာပင် မထင်ဘဲ ထွက်ပြေးရန် တွေးတောနေခြင်းက အိမ်မက် မက်နေခြင်း ဖြစ်ရပေမည်။
ဆယ်လှမ်း
ကိုးလှမ်း
ရှစ်လှမ်း
...
ချန်းပင်းက အရှိန်ကို တွက်ချက်နေသည်။ ထို့နောက် ရုတ်တရက် လက်ကိုအောက်သို့ ယမ်းချသည်။
“ဒုတိယအဖွဲ့ ပစ်”
ဘုန်း
ကြီးမားသော လက်နက်ကြီး အလက်ခြောက်ဆယ်ခန့်က တစ်သုတ်တည်း ပစ်ခတ်လိုက်သောအခါ သူတို့ ချိန်ရွယ်ထားသောလူက အဝေးရှိ တစ်ဦးတည်းသော နော်မာန်သာဖြစ်နေလေသည်။ သူတို့၏ လက်နက်ကြီးပေါင်းများစွာက နဂါးများကဲ့သို့ လေးကြိုးမှ ထိုးထွက်သွားသည်။
“မကောင်းတော့ဘူး”
နော်မာန်၏မျက်နှာက တင်းမာသွားသည်။ သူ၏ကျောက ပထမခုခံရေးအားလှိုင်းကို ပေးထားသော်လည်း ထိုလက်နက်ကြီးကို ပစ်လိုက်ချိန်တွင် ဖော်ပြရန်ခက်ခဲသည့် အလွန်အမင်း ပြင်းထန်လွန်းသော အန္တရာယ်ကို ခံစားလိုက်ရသည်။ သူ၏ ကြွက်သားများက တောင့်တင်းသွားပြီး ဦးခေါင်းခွံက ထုံထိုင်းသွားသည်။ သူ၏ခန္ဓာကိုယ်ရှိ မွှေးညှင်းပေါက်တိုင်းက အေးစက်သော စွမ်းအင်ကိုပင် လွှတ်ထုတ်မတက် ဖြစ်လာ၏။
တိုက်ပွဲပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသူဖြစ်သည့်အလျောက် နော်မာန်ကလည်း သေဆုံးနိုင်သည့် အန္တရာယ်မျိုးကို ပထမဦးဆုံးအကြိမ် ခံစားဖူးခြင်းဖြစ်နေသည်။
ဘုန်း
ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သည့် တစ်စုံတစ်ရာက သူ့ကို ချဉ်းကပ်လာသည်။
“သွား”
သူ့တွင် တွေးတောရန် အချိန်မရှိတော့ချေ။ နော်မာန်က မြင်းထံမှ တဖန်ခုန်ပျံလိုက်သည်။ အာရေးဗီးယားဟာ မြင်းတပ်တိုင်းပြည်ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်တစ်ယောက်အနေနှင့် မည်သည့် အချိန်တွင်မျှ မြင်းနှင့်ကိုယ်မခွဲသင့်ချေ။ သို့သော် နော်မာန်ကလည်း ထိုအကြောင်းအရာများကို တွေးတောရန် အချိန်မရှိတော့ပါချေ။
ဘန်း
နော်မာန်က ခေါ်သွားပြီးသည့်အချိန်တွင်ပင် ထူထည်းသိပ်သည်းသော လက်နက်ကြီး အလက်နှစ်ဆယ်ခန့်က သူ၏မြင်းကို ပစ်ခတ်သွားပြီး မြေပြင်သို့ ပြုတ်ကျသွားစေသည်။
နော်မာန်၏ နှလုံးသားက ကြောက်လန့်မှုကြောင့် အေးစက်သွားသည်။ သို့သော် သူဟာ အန္တရာယ်မှ မလွတ်သေးချေ။
ချန်းပင်း၏ အင်အားစုက လုပ်ကြံသတ်ဖြတ်မှုကို စတင်သောအခါ ချန်းပင်းကိုယ်တိုင်ကလည်း ထွက်ပြေးသည့် လမ်းကြောင်းကို တွက်ဆထားပြီးသားဖြစ်သည်။ ထို့ကြောင့် လက်နက်ကြီး အလက်ခုနှစ်ဆယ်က သူ၏နေရာပတ်ဝန်းကျင် တစ်ခုလုံးကို အပြည့် လွှမ်းခြုံထားလေရာ နော်မာန်အနေဖြင့် ပြေးစရာနေရာမရှိချေ။
ဘုန်း ဘုန်း ဘုန်း
နော်မာန်က ခုန်လိုက်သည့် တခဏတွင် လက်နက်ကြီး (၁၇)လက်ခန့်က နောက်မှကပ်လိုက်လာပြီး သူ့ကျောတည့်တည့်ထံ ချိန်ရွယ်ပြန်သည်။ နော်မာန်ကလည်း ကြယ်တာရာစွမ်းအင်များကို ဖောက်ထုတ်လိုက်လျှက် ခုန်လိုက်ပြန်သည်။
“အား”
နော်မာန်က အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ပတ်ဝန်းကျင်မှ ကြယ်တာရာစွမ်းအင်များက တဖြတ်ဖြတ် လက်လာ၏။ သူဟာ ထိုလက်နက်ကြီးများကို တားမြစ်လိုက်နိုင်သည့်တိုင်အောင် သူကလည်း သက်ရောက်မှုအားကြောင့် လွင့်ထွက်သွားသည်။
ဝှီး
နော်မာန်က လေထဲသို့ ပျံတက်သွားသည့်အချိန်တွင် အမှောင်ထုအတွင်းမှ မြင်းတစ်ကောင်က ခုန်ထွက်လာသည်။ အပေါ်တွင်မူ ကြွက်သားအပြည့်နှင့် လူတစ်ယောက်က စီးနင်းသည်။
“မဟာထန်ရဲ့ ရှီယွမ်ချင်က ဒီမှာပဲ။ မင်းရဲ့အသက်ကို ပေးလိုက်”
ဘုန်း
ကောင်းကင်ကိုပင် တုန်ခါသွားစေသည့် ပေါက်ကွဲသံကြီးက ထွက်လာပြီးနောက် အရာအားလုံးက တိတ်ဆိတ်သွားသည်။
ရှီယွမ်ချင်က နော်မာန်ကို ဖိနှိပ်လိုက်ပြီးပြီးချင်းဆိုသလိုပင် အာရပ်စခန်းက ရုတ်ချည်းဆိုသလို တိုက်ခိုက်သံများဖြင့် ပေါက်ကွဲသွားသည်။ မရေမတွက်နိုင်အောင် မြောက်များသည့် အာရပ်များကလည်း တောက်လောင်နေသော မီးတုတ်များအကြားတွင် လိုက်ဖမ်းကြသည်။
.....
ထိုညပိုင်းဝင်စီးမှုက အာရုံတက်ချိန်မှသာ အဆုံးသတ်သွားသည်။ အန်းရှီကာကွယ်ရေးစစ်တပ်မှ အာရပ်များကို ဝင်စီးရန် တာဝန်ယူသော လက်ရွေးစင်များအားလုံးက ပြန်လာမှသာ ထိုညက အမှန်တကယ် အဆုံးသတ်သွားခြင်းဖြစ်သည်။
တာလာ့မြို့အရှင်၏ ကြိုဆိုရေးခန်းမအတွင်းတွင်ရှိသော မြို့ရိုးတောက်လျှောက် မီးတုတ်များက တောက်လောင်စွာ ထိန်လင်းနေသည်။ အဝါရောင်အလင်းကလည်း အခန်းထဲရှိ လူတိုင်း၏မျက်နှာကို ထင်ရှားစွာ ဖော်ပြနေ၏။ ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ လီစစ်ယဲ့၊ ချန်းပင်း၊ ရှီယွမ်ချင်း၊ ဟွမ်ပေါ့ထန်းနှင့် အခြားသော တိုက်ပွဲတွင် ဝင်ပါခဲ့သော အရာရှိတိုင်းကလည်း ရှိနေကြသည်။ ဖာဟားနားမှ ခေါင်းဆောင် ပါးနားဟန်နှင့် တာလာ့ခေါင်းဆောင် ကုလီတို့လည်းရှိသည်။
အခန်းရှိ လေထုက တင်းမာနေသည်။
“ဘယ်လိုလဲ”
ကောင်းရှန်းကျစ်က လီစစ်ယဲ့ကို ကြည့်သည်။ ဒီစီမံကိန်းတွင် ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်က သီးသန့်ခွဲ၍လှုပ်ရှားသည်။ ထို့ကြောင့် သူတို့က တိဗက်နှင့် အာရပ် အသီးသီးကို တာဝန်ယူထားကြလေရာ ကိုယ်ပိုင်နည်းလမ်းတစ်မျိုးစီနှင့်ဖြစ်နေသည်။ ယခုတိုက်ပွဲက ပြီးဆုံးသွားသဖြင့် ဆုံးရှုံးမှုနှင့် အကျိုးအမြတ်များကို ဆွေးနွေးရန် လိုအပ်သွားသည်။
“စွန်းကျစ်မင်နှင့် ချန်းစန်းယွမ်တို့က အစောပိုင်းကတည်းက ရှာတွေ့သွားကြလို့ သူတို့ရဲ့ အင်အားစုသုံးခုက ဘာမှမဆုံးရှုံးသွားကြဘူး။ ဒါပေမဲ့ ငါတို့ကတော့ နည်းနည်းဆုံးရှုံးသွားတယ်။ အဖွဲ့အချို့က နှောက်ယှက်ခံရပြီး ခြောက်ဆယ်ကနေ ခုနှစ်ဆယ်လောက်ထိ ဆုံးရှုံးလိုက်ရတယ်”
လီစစ်ယဲ့က တင်းမာစွာ ပြန်ဖြေသည်။
သူတို့ဟာ ဒီစီမံကိန်းအတွက် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ သူတို့ဟာ တိဗက်သံချပ်ကာကိုဝတ်သည်။ သူတို့၏ ရန်သူများကို စိတ်ရှုပ်ထွေးအောင် လုပ်နိုင်ခဲ့သည်။ သို့တိုင်အောင် အယောက်ခြောက်ဆယ်ခန့် ဆုံးရှုံးသွားသေးသည်။ ဒါက စစ်ပွဲဖြစ်သည်။ သူတို့က မည်မျှ သတိကြီးနေစေကာမူ ဆုံးရှုံးမှုက ရှိနေဦးမည်ဖြစ်သည်။
ကောင်းရှန်းကျစ်ကလည်း ခေါင်းညိမ့်သည်။
“ဒါဆိုရင် တိဗက်တွေဘက်က ဘယ်လိုလဲ”