အခန်း (၉၅၁-၉၅၅)
Vol. 53 Ch. 951-955
အခန်း(၉၅၁)
“အရှင်အမတ် အဲ့ဒီမကောင်းဆိုးဝါး ပေါ်လာတဲ့အချိန်မှာ ကျွန်တော်တို့ စပြီး တည်ဆောက်နိုင်ပါတယ်။ ဒါပေမဲ့ ဒီမဟာလက်နက်ကြီးရဲ့ တည်ဆောက်မှုက တအားကိုရှုပ်ထွေးပြီး အချိန်ကုန်လွန်းလို့ ပြီးမြောက်တဲ့အထိ အချိန်ပိုလိုအပ်မှာကိုစိုးရိမ်ရတယ်”
ကျန်းရှို့ကျစ်က ခေါင်းကိုငုံ့ပြီး ဂါရဝပြုသည်။
“ဝမ်ချောင် ဘာတွေဖြစ်နေတာလဲ။ မဟာလက်နက်ကြီးဆိုတာက ဘာလဲ”
ကောင်းရှန်းကျစ်က သူ၏သိချင်စိတ်ကို မတောင့်ခံနိုင်တော့ဘဲ ထုတ်မေးလာသည်။ မဟာထန်တွင် လက်နက်ကြီးရှိသည်။ သို့သော် မဟာလက်နက်ကြီး အကြောင်းကိုမူ မကြားဖူးချေ။ ထိုမဟာလက်နက်ကြီးကလည်း သိသာစွာပင် မဟာကို ထည့်သုံးထားကတည်းက ပို၍ကြီးမားပြီး တည်ဆောက်ရန် အချိန်ပိုကုန်နိုင်သည်။ သို့သော် ကောင်းရှန်းကျစ်က မကြားဖူးပါချေ။
“အနောက်တောင်ပိုင်းရဲ့စစ်ပွဲမှာ တိဗက်တွေက ကြီးမားတဲ့ လူထွားစစ်သည် စစ်တပ်ကို ပိုင်ဆိုင်ခဲ့တယ်။ အရှင်အမတ်ကလည်း အဲ့ဒီကိစ္စကို သိလောက်မယ်ထင်တယ်”
ဝမ်ချောင်ကပြောသည်။
ကောင်းရှန်းကျစ်က ခေါင်းညိမ့်သည်။ အနောက်တောင်ပိုင်း၏ စစ်ပွဲက သက်ရောက်မှု ကြီးမားလွန်းခဲ့၏။ ကောင်းရှန်းကျစ်ကလည်း ထိုအကြောင်းကို စုံစမ်းခဲ့သည်။ ထိုအကြောင်းအရာ၏ အခြေအနေ အနည်းငယ်ကိုတော့ဖြင့် နားလည်သည်။
“ဒါပေမဲ့ဒါက ဒီကိစ္စနဲ့ ဘယ်လိုပတ်သတ်လို့လဲ”
“ဒီမဟာလက်နက်ကြီးတွေက အဲ့ဒီလူထွားကြီးတွေကို ကိုင်တွယ်ဖို့ပဲ”
ဝမ်ချောင်က ချက်ချင်း ဝန်ခံလိုက်သည်။
ကောင်းရှန်းကျစ်၏ မျက်နှာက အံ့အားသင့်မှုဖြင့် အေးခဲသွားသည်။
“အနောက်တောင်ပိုင်းရဲ့စစ်ပွဲ ပြီးကတည်းက ငါကဒီလို အရမ်းကြီးမားလွန်းတဲ့ ပြိုင်ဘက်တွေကို ကိုင်တွယ်ဖို့ လက်နက် ဖန်တီးချင်ခဲ့တာ။ ဒါပေမဲ့ ဖြစ်စဉ်က ထင်သလောက် မချောမွေ့ခဲ့ဘူး။ မဟာထန်ရဲ့ လက်နက်ကြီး ဆောက်လုပ်မှုက လျို့ဝှက်ချက်ဖြစ်နေခဲ့တော့ မဟာလက်နက်ကြီးနဲ့ပတ်သတ်ပြီး ဘယ်သူကမှလည်း အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ ဒီတော့ တစ်ခုတည်ဆောက်ဖို့က တအားကို ခက်ခဲလွန်းတယ်။ ဒီအတွက်ကြောင့် အချိန်တွေ တအားကုန်ပြီး စွမ်းအင်တွေ အများကြီး စိုက်ထုတ်ပြီးမှပဲ နည်းနည်းလေး တိုးတက်မှု ရရှိခဲ့တာ”
ဝမ်ချောင်က ကောင်းကင်ခစားခြင်း လူထွားကြီးများကို ကိုင်တွယ်ရန် မဟာလက်နက်ကြီးများကို ကိုယ်တိုင်ကိုယ်ကျ သီးသန့်စမ်းသပ်ခဲ့သည်။ သို့သော် ကြီးမားသော ပဲ့ဟယ်မော့အတွက်ကမူ မရှာဖွေမိခဲ့ချေ။ ထို့ကြောင့် ယခုအနေအထားအရ ဖျက်ဆီးခြင်းလက်နက် မရှိသေးချေ။ ဝမ်ချောင်က သူ့ကို ကိုင်တွယ်နိုင်မည့် လက်ရှိဖြေရှင်းချက်များကိုသာ ထုတ်သုံးရန် တက်နိုင်သည်။ တစ်ဖက်သူများက မသိလောက်သည့်တိုင်အောင် ဝမ်ချောင်ကမူ အာရပ်များတွင် ပဲ့ဟယ်မော့တစ်ယောက်တည်း မရှိနိုင်ကြောင်း နားလည်နေသည်။ ဒီလုပ်ကြံသတ်ဖြတ်မှုက စမ်းသပ်မှုမျှသာ ဖြစ်လောက်၏။
ဝမ်ချောင်က ကောင်းရှန်းကျစ်တို့နှင့် စကားပြောနေချိန်တွင် အဝေးတွင်ရှိသော အပုမူစလင်က ပဲ့ဟယ်မော့၏ အလောင်းကိုကြည့်နေရင်း အချိန်အတန်ကြာပြီးနောက် တဖြည်းဖြည်းချင်း အကြည့်လွှဲသည်။
“ဒါက ရှုံးသွားတယ်။ ကြည့်ရတာ ပဲ့ဟယ်မော့က ထန်ရဲ့ခုခံရေးအားလှိုင်းကို မဖျက်နိုင်လောက်တဲ့ပုံပဲ”
ကျစ်ရကလည်း မျက်မှောင်ကျုံ့သည်။ မူလကမူ ပဲ့ဟယ်မော့စစ်တပ်ကို သူက မျှော်လင့်ချက် ထားခဲ့သေး၏။ သို့သော် သူလိုအပ်သော ရလဒ်ကို မရနိုင်ခဲ့ပါချေ။
အပုမူစလင်က တိတ်ဆိတ်နေသည်။ သူ၏မျက်နှာ၏ ခံစားချက်မဲ့မှုက တဖြည်းဖြည်းချင်း ပြောင်းလဲသွားပြီး တခြားတစ်ဖက်သို့ကြည့်သည်။ ဆယ်ကျန်းခန့်အကွာတွင် အနက်ရောင်ဝတ်စုံနှင့် မာစီက တိတ်တဆိတ် ရပ်နေသည်။ သူဟာ ပဲ့ဟယ်မော့စစ်တပ်၏ ဗိုလ်ချုပ်ဖြစ်သည်။
“ဒါက တိုက်ဆိုင်တာပါ”
အပုမူစလင်၏ အကြည့်ကို နားလည်သလိုမျိုး မာစီက သွားဖြဲလျှက်ရယ်ရင်း ပြန်ငြင်းလာသည်။
“ပဲ့ဟယ်မော့စစ်တပ်က မဖျက်ဆီးနိုင်တဲ့ ရန်သူစစ်တပ်ဆိုတာ မရှိဘူး။ ဘယ်မြို့ကမှလည်း ငါ့ရဲ့ ပဲ့ဟယ်မော့စစ်တပ်က မဖြိုနိုင်တာ မရှိခဲ့ဖူးဘူး။ ငါ့ကို အခွင့်အရေး တစ်ခုပဲပေးပါ။ ငါသူတို့ကို ဖျက်ဆီးပေးမယ်။ ငါသူတို့ရဲ့ ခုခံရေးအားလှိုင်းကို ဆွဲဖြဲပြီး သူတို့ရဲ့ ခံတပ်ကို ဖြိုပစ်နိုင်တယ်”
မာစီက သူ၏လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်သည်။ တိုက်ပွဲနယ်မြေ တစ်ခုတည်းတွင် မဟာအင်ပါယာ ဗိုလ်ချုပ်ကြီးလေးယောက်နှင့် ဆုံတွေ့မည်ဟု မထင်ထားဖူးချေ။ ဒါက သာမာန်အခြေအနေ မဟုတ်တော့ချေ။ အာရပ်က ရင်ဆိုင်ခဲ့ဖူးသည့် တိုင်းပြည်ပေါင်းများစွာတွင်ပင် ဒီလောက်ထိ များပြားသည့် မဟာဗိုလ်ချုပ်များ မရှိခဲ့ဖူးချေ။
အပုမူစလင်က နောက်ဆုံးတွင်ပြောသည်။ သူ၏အသံက တည်ငြိမ်ကာ ပြတ်သားသည်။
“မင်းသူတို့ကို ဖျက်ဆီးစရာမလိုဘူး။ သူတို့ရဲ့ ခုခံရေးအားလှိုင်းကို ဆွဲဖြဲပြီး ခံတပ်ကို ဖြိုပေးရုံပဲ။ ကျန်တဲ့ကိစ္စက မင်းနဲ့မဆိုင်ဘူး”
ပဲ့ဟယ်မော့များက မည်မျှ လေးစားဖွယ် ကောင်းနေစေကာမူ သူတို့က လူသားအသိဉာဏ် မရှိချေ။ အပုမူစလင်ကလည်း သူတို့ကိုသုံးပြီး ရန်သူကိုအုပ်စိုးရန် မစဉ်းစားထားပါချေ။
သူတို့က ထန်စစ်တပ်ကို ဖျက်ဆီးကောင်း ဖျက်ဆီးနိုင်လောက်သည်။ သို့သော် ဝမ်ချောင်ကို ကိုင်တွယ်နိုင်မည်ဟု မမျှော်လင့်ဖူးချေ။ ကောင်းရှန်းကျစ်နှင့် အခြားသော လက်ရွေးစင် ဗိုလ်ချုပ်များကလည်း ကိုင်တွယ်ရ ခက်ခဲနေသေးသည်။
“မင်း...”
မာစီက ဒေါသများနှင့် ပေါက်ကွဲသွားသည်။ ဒါဟာ မျက်စိဖြင့် ကြည့်ရုံနှင့်တင် သူ့ကိုအထင်သေးပြီး စော်ကားခြင်းဖြစ်သည်။ သူဟာ ပဲ့ဟယ်မော့စစ်တပ်၏ ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး ကာလစ်မှ ယုံကြည်ရသော လက်အောက်ငယ်သားတစ်ယောက်ဖြစ်သည်။ မည်သည့် အုပ်ချုပ်သူကမှ သူ့ကိုထိုသို့ မဆက်ဆံခဲ့ဖူးချေ။
“အရှင်မင်းကြီးရဲ့ အမိန့်ကိုမမေ့နဲ့။ ဒီအရှေ့ပိုင်းတိုက်ပွဲမှာ ငါက အမြင့်ဆုံး ရာထူးရထားတဲ့ ဗိုလ်ချုပ်တစ်ယောက်ပဲ။ အရာအားလုံးက ငါ့ရဲ့အမိန့်အတိုင်းလုပ်ရမှာ”
အပုမူစလင်က ခပ်တင်းတင်းပြောသည်။
သူ၏မျက်နှာထားက သံမဏိကဲ့သို့ အေးစက်လာပြီး ငြင်းဆန်ရန် ခွင့်မပေးချေ။
“ရန်သူဗိုလ်ချုပ်တွေကို သတ်တဲ့အကြောင်းကို မင်းပြောစရာမလိုဘူး။ မင်းက ဒီလိုမြို့ရိုးကို ဖျက်ဆီးပြီး ခုခံရေးအားလှိုင်းကို ကျော်ဖြတ်တယ်ဆိုတဲ့ ရိုးရှင်းတဲ့တာဝန်ကိုတောင် မလုပ်နိုင်ရင် ငါကမင်းကို တုန့်ဆိုင်းမနေဘဲ သတ်ပစ်လို့ရသေးတယ်။ ကာလစ်တောင် မင်းကို မကယ်နိုင်စေရဘူး”
မာစီက တိတ်ဆိတ်သွားသည်။ အပုမူစလင်၏ စကားလုံးများက အရှက်ခွဲနေခြင်းဖြစ်သော်လည်း သူက ပြောသည့်အတိုင်း လုပ်တတ်သည်။ အရှေ့ပိုင်းတွင် အပုမူစလင်ကသာ အစစ်အမှန် အုပ်ချုပ်သူဖြစ်သည်။ မာစီက ဆန္ဒမရှိသည့်တိုင်အောင် သံမဏိသွေး အရှေ့ပိုင်းအုပ်ချုပ်သူထံ ခေါင်းကိုငုံ့ကာ ဂါရဝပြုရသည်။
“မင်းရဲ့ဆန္ဒအတိုင်းပါပဲ အရှင်အုပ်ချုပ်သူ။ ငါမင်းရဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်ပေးမယ်”
“ကောင်းပြီ ငါဒီမှာနေပြီး မင်းတင်ပြတာကို စောင့်နေမယ်”
အပုမူစလင်က မာစီကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အကြည့်ပြန်လွှဲသွား၏။
....
တိုက်ပွဲက အဆုံးသတ်သွားသည်။ သို့သော် တောင့်တင်းမှုကမူ ပို၍ပင် ပြင်းထန်လာသေး၏။
ပထမခုခံရေးအားလှိုင်း အနောက်ဘက်တွင် လက်မှုပညာသည် တစ်အုပ်က စတင်ကာ စုစည်းလာသည်။ မရေမတွက်နိုင်သော ပစ္စည်းကြီးပေါင်းများစွာက အနှံ့ရှိနေသည်။ အလယ်တွင် ကြီးမားသည့် စက်ကြီးတစ်ခုက စတင်ကာ ပုံပေါ်လာပြီဖြစ်သည်။ သူ၏ပုံပန်းသွင်ပြင်မှတဆင့် မီတာနှစ်ဆယ် သုံးဆယ်ခန့် ရှည်လျားကြောင်း ခန့်မှန်းမိနိုင်မည်ဖြစ်သည်။ ထိုကြီးမားသော လက်နက်ကြီးက လူငါးယောက် ခြောက်ယောက်က ပူးပေါင်းကာ ကိုင်တွယ်နိုင်သည့် အနေအထားမဟုတ်ချေ။
သူတို့၏ တပ်ဆင်မှုက မပြီးသေးသော်လည်း ရှုပ်ထွေးပြီး ကြီးမားလွန်းသည့် အပြင်ပိုင်းပုံစံနှင့်တင် အလွန်အမင်း အင်အားကြီးသည့် လက်နက်ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။
ထိုအရာက ဝမ်ချောင်၏ မဟာလက်နက်ကြီးဖြစ်သည်။
အရာအားလုံးမှာ အားနည်းချက်ရှိတယ်။ ဒီပဲ့ဟယ်မော့မှာလည်း ချွင်းချက် မရှိနိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါသူတို့ရဲ့အားနည်းချက်ကို ရှာရမယ်။
ကျန်းရှို့ကျစ်၏ လက်မှုပညာရှင်များက အင်အားအကုန်သုံးကာ မဟာလက်နက်ကြီးကို တပ်ဆင်နေချိန်တွင် ဝမ်ချောင်ကမူ စစ်တပ်၏ရှေ့ဆုံးတွင်ရပ်ပြီး ထိုမေးခွန်းကို တွေးတောနေသည်။ သူဟာ ပဲ့ဟယ်မော့စစ်တပ်ကို သေချာနားလည်ထားခြင်း မရှိချေ။ သူရထားသော သတင်းအချက်အလက် မှန်သမျှက ဒဏ္ဍာရီများနှင့် ချဲ့ကားလွန်းသော ကောလဟာလများထံမှဖြစ်သည်။
သူ့ကိုပြောနေသော သတင်းအချက်အလက် အပုံလိုက်က အာရေးဗီးယားအင်ပါယာ၏ ပဲ့ဟယ်မော့စစ်တပ်ဟာ အရှိန်မြင့်အတွေးနှင့် တိတ်တဆိတ် ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသည်ဟုဆိုသည်။ သူတို့က အလွန်အမင်း လေးစားဖွယ်ကောင်းသည့် ရန်သူကို တွေ့ရသောကြောင့်သာ မဟုတ်လျှင် ပဲ့ဟယ်မော့တွင် အလွန်ကြီးမားပြီးပြင်းထန်သည့် မွေးရာပါ ပြစ်ချက်ရှိနေသည်။
ဒါပေမဲ့ အဲ့ဒါကဘာလဲ။ သူတို့ရဲ့ပြစ်ချက်က ဘာလဲ။
ဝမ်ချောင်၏စိတ်က အတွေးပေါင်းများစွာနှင့် ရှုပ်ထွေးကုန်သည်။
ဝမ်ချောင်ကလည်း ဘယ်သောအခါမှ သူ၏ မျှော်လင့်ချက်တိုင်းကို အတည်မပြုနိုင်သည့် အရာများအပေါ် ပုံအောထားလေ့မရှိချေ။ မည်သို့ပင်ဆိုစေ ဒီနေရာတွင် ရှိနေသည်မှာ အသက်တစ်သက် နှစ်သက် မဟုတ်ချေ။ သိန်းကျော်သော စစ်သည်တော်များ၏ အသက်ဖြစ်နေသည်။ ထို့ပြင် ယခုလို လီထောင်ပေါင်းများစွာကျယ်သော မျက်နှာသွင်ပြင်မျိုးအပြင် လုံရှီနှင့်မြို့တော် လုံခြုံရေးကလည်း ရှိနေသေး၏။ သူက ပဲ့ဟယ်မော့ကို အနိုင်ယူနိုင်သည့် နည်းလမ်းတစ်မျိုးကို ရှာနိုင်မှသာ အောင်နိုင်ဖို့က သေချာသွားမည်ဖြစ်သည်။
ဝေါင်း
ဝမ်ချောင်က တွေးတောနေချိန်တွင် မြေကမ္ဘာက တုန်ဟီးသွားသည်။ ကြီးမားသော စွမ်းအင်မုန်တိုင်း နှစ်ရပ်က ပေါ်ထွက်လာ၏။ ထိုစွမ်းအင်မုန်တိုင်းက ရက်စက်သည်။ ကြမ်းတမ်းပြီး လူတိုင်း၏ ရှု့ထောင့်အောက်သို့ ချက်ချင်းပေါ်ထွက်လာသည်။ ဝမ်ချောင်က အံ့အားတကြီး ခေါင်းမော့ကာ ကြည့်လိုက်သောအခါ မိုးကုတ်စက်ဝိုင်း တည့်တည့်မှ ချီတက်လာသည့် ကြီးမားသော ခန္ဓာကိုယ်ကြီး နှစ်ခုကို မြင်လိုက်ရသည်။ ထိုခန္ဓာကိုယ်ကြီးများတွင် ယခုလေးတင် မြင်လိုက်ရသည့် ဒိုင်နိုဆော ပုံသဏ္ဍန်ရှိသည့် ပဲ့ဟယ်မော့ထက် သေးငယ်ခြင်း မရှိချေ။
“???”
စစ်တပ်နောက်တန်းမှ အံ့အားတကြီးဖြစ်သံများက ပေါ်ထွက်လာသည်။ ထန်စစ်သည်တော်များနှင့် ကြေးစားစစ်သားများက မျက်နှာဖြူဖျော့သွားကြပြန်သည်။
ကြီးမားသော သားရဲနှစ်ကောင်ထဲမှ တစ်ကောင်ကတင် ကိုင်တွယ်ရ ခက်ခဲနေပြီဖြစ်သည်။ ယခုလို နှစ်ကောင်ရောက်ရှိလာသောအခါ မဟာထန်အတွက် ကပ်ဘေးစိုက်ပေလိမ့်မည်။
“ငါတို့ ဘယ်လိုလုပ်ကြမလဲ”
“ဒီအတိုင်း ဆက်ဖြစ်နေရင် ငါတို့အားလုံး သေကုန်လိမ့်မယ်”
ချီရှီစစ်သည် တစ်သိန်းကျော်အတွင်း အထိတ်တလန့်ဖြစ်သံများက ပေါ်ထွက်လာသည်။ လူတိုင်းက ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်ကို ကြည့်ကြသည်။ အင်အားအကြီးဆုံး လူသားနှစ်ယောက်က ကြီးမားသော သားရဲနှစ်ကောင်၏ အရှေ့တွင်ပင် အလွန်အမင်း သေးငယ်လွန်းနေခဲ့သည်။ ဒီလိုအခြေအနေမျိုးတွင် သူတို့ကလည်း ထိုဗိုလ်ချုပ်နှစ်ယောက်ကိုသာ မှီခိုထားရပေမည်။
ဝမ်ချောင်က ဘာစကားမှ မပြောချေ။ တိုက်ပွဲက သူထိန်းချုပ်မှုနှင့် ကင်းလွတ်နေသည်။ သူ့တွင်လည်း ဖြေရှင်းချက် အများကြီးမရှိချေ။
ဝေါင်း
ဟိန်းသံက တစ်သံပြီးတစ်သံ ပေါ်ထွက်လာသည်။ ထန်စစ်တပ်က ကြီးမားသော သားရဲကြီးနှစ်ကောင် ချီတက်လာမှုနှင့်အတူ အထိတ်တလန့်ဖြစ်လာပြီး နောက်ဆုတ်သွားကြ၏။ ပဲ့ဟယ်မော့ နှစ်ကောင်၏ ပုံရိပ်က ရှင်းလင်းသထက် ရှင်းလင်းလာပြီး နေရောင်အောက်တွင် အပြေးအလွှား လာနေသော ပုံစံကို မြင်နေရသည်။ တစ်ကောင်က ကြီးမားသော ကြံ့ကြီးနှင့်တူသည်။ သူ၏အသားများကလည်း ကြေးခွံများကဲ့သို့ မာကြောလွန်းနေသည်။ ဒိုင်နိုဆောပုံသဏ္ဍန်ရှိသော ပဲ့ဟယ်မော့ကပင် ထိုမျှအထိ မမာကြောနိုင်လောက်ချေ။ ထိုကြံပဲ့ဟယ်မော့က ကြီးမားသော သံချပ်ကာကြီးကိုပင် ဝင်ဆင်ထားသေးသည်။
အခြားသော ပဲ့ဟယ်မော့ တစ်ကောင်ကမူ ကြီးမားသော ဝက်ဝံ့ပုံသဏ္ဍန်ဖြစ်သည်။ သူ၏အပြင်ပန်းက သိပ်သည်းသော အနက်ရောင်ကွန်ရက်ဖြင့် ပြည့်နှက်နေလေပြီး လက်လေးဘက်လုံးက အလွန်အမင်း ထူတုတ်ကာ ဖြတ်လတ်သည်။ ထက်ရှသော အဖြူရောင် အစွယ်ကြီးကလည်း ပါးစပ်ထဲမှ ထိုးထွက်နေ၏။ သူ၏ သွေးနီရောင် မျက်ဝန်းတစ်စုံက တာလာ့၏ ခမ်းနားသော မြို့ကြီးပေါ်တွင်သာ မြဲမြံစွာရှိနေသည်။ ဒီတစ်ခါ အချိန်မှီ တိုက်ခိုက်မိပုံပေါ်သည်။
အင်အားခြင်းနှင့် အရွယ်အစားခြင်း ကွာခြားချက်အရ ထိုပဲ့ဟယ်မော့ နှစ်ကောင်လုံးက ယခင်တစ်ခေါက် ပေါ်ထွက်လာခဲ့သည့် ဒိုင်နိုဆောအရွယ်အစားခန့်ရှိသော ပဲ့ဟယ်မော့ထက် ပို၍အင်အားကြီးသလို ပို၍လည်း အန္တရာယ်များပုံပေါ်သည်။
ခလွက်
လေထဲတွင် ကြာပွတ်ရိုက်သံက ပေါ်ထွက်လာသည်။ အာရပ်အစောင့်တစ်ယောက်က ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေလေပြီး အသားကုန်အော်ဟစ်ကာ ခုနှစ်မီတာကျော်ခန့်ရှည်သော ကြာပွတ်ကြီးကိုယမ်းလျှက် ထိုပဲ့ဟယ်မော့နှစ်ကောင်ရှေ့သို့ သွားသည်။ အချိန်တိုအတွင်း ပဲ့ဟယ်မော့ နှစ်ကောင်လုံးက အနောက်ဘက် တိုက်ပွဲနယ်မြေ အစွန်းနားသို့ ရောက်လာသည်။ သူတို့ရောက်လာမှုက အာရပ်များကို ကျယ်လောင်စွာ အော်ဟစ်စေသည်။
“အရှင်မင်းကြီး အရှင်မင်းကြီး အရှင်မင်းကြီး”
အာရပ်စစ်သည် သောင်းကျော်က ကြမ်းတမ်းကာ ရက်စက်သော ပဲ့ဟယ်မော့ကိုကြည့်သည်။ သူတို့က သူတို့၏ လက်မောင်းများကို စိတ်လှုပ်ရှားစွာ မြှောက်လိုက်ကြပြီး ကျယ်လောင်စွာ အော်ဟစ်အားပေးကြသည်။ အာဘတ်ဆစ်ကယ်လီဖိတ်တွင်လည်း ထိုပဲ့ဟယ်မော့များဟာ ကာလစ်၏ အယုံကြည်ရဆုံးသော အိမ်မွေးတိရိစ္ဆာန်များအဖြစ် လူသိများသည်။ သူ၏စိတ်ဆန္ဒ၏ အင်အားအကြီးဆုံး သင်္ကေတလည်းဖြစ်သည်။ ထို့ပြင် ထိုကောင်များက အလွန်အမင်း အန္တရာယ်များသည့်တိုင်အောင် အာရပ်ရန်သူပေါင်းများစွာကို အဖြစ်ဖြတ် သုတ်သင်ခဲ့သော်လည်း အယုံကြည်ရဆုံးသော လက်အောက်ငယ်သားများဖြစ်နေသေးသည်။
“အရှင်အုပ်ချုပ်သူ ဒီနှစ်ကောင်ကိုမြင်လား။ သူတို့က အရှင်မင်းကြီးနဲ့ ငါ့ကိုကူညီပေးပြီး တိုင်းပြည်ပေါင်းများစွာကို အုပ်စိုးစေခဲ့တာ။ လူပေါင်းများစွာကိုလည်း နင်းချေခဲ့တယ်။ မြို့တွေကို ဖျက်ဆီးပြီး အင်အားကြီးတဲ့ တိုက်ကွက်တိုုင်းအောက်မှာ ရပ်တည်နေနိုင်တဲ့ အနေအထားအရ ဘယ်သူကမှ သူတို့ကို မကျော်ဖြတ်နိုင်ဘူး။ ဒါကြောင့် မဟာထန်ရဲ့ လက်နက်ကြီးတွေက ဘယ်လောက်ပဲ လေးစားဖို့ကောင်းကောင်း ဒီနှစ်ကောင်ကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူး။ သူတို့ရဲ့ခန္ဓာကိုယ် သူတို့ရဲ့ ခွန်အား သူတို့ရဲ့အရှိန်နှုန်းက အရင်ပဲ့ဟယ်မော့တစ်ကောင်ထက် အပြတ်အသတ်သာတယ်”
မာစီက ပဲ့ဟယ်မော့နှစ်ကောင်၏ အရှေ့တွင်ရပ်လျှက် အပုမူစလင်ကို တဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ကာ ပြောသည်။
အခန်း(၉၅၂)
အပုမူစလင်က ဘာစကားမှမပြောချေ။ သူ၏စိတ်အတွင်း အတွေးတချို့က ဖြတ်သွားပြီး ကြီးမားသည့် ပဲ့ဟယ်မော့ နှစ်ကောင်ကိုကြည့်သည်။ ထိုပဲ့ဟယ်မော့နှစ်ကောင်၏ နာမည်များကလည်း အင်ပါယာတခွင် ကျော်ကြားပြီးသားဖြစ်သည်။ သူတို့က သူတို့အုပ်စိုးခဲ့သည့် တိုင်းပြည်ပေါင်းများစွာ အပိုင်မှ လူတိုင်းအတွက် ဆိုးရွားလွန်းသည့် အိမ်မက်ဆိုးအဖြစ် ကျန်ရစ်သည်။ ဒီနည်းအားဖြင့် မည်သူကမှ မပုန်ကန်ရဲအောင်ဖြစ်စေသည်။
ထိုပဲ့ဟယ်မော့နှစ်ကောင်က မည်သည့်နေရာသို့ ဖြတ်သန်းသွားစေကာမူ နေရာတိုင်းက ကြီးပွားခြင်း ဆုံးရှုံးသည်။ ဖျက်ဆီးခြင်းကသာ ကျန်ရစ်ပြီး သေဆုံးခြင်း မရေမတွက်နိုင်သော ကြောက်လန့်နေကြသည့် စိတ်ဝိညာဉ်များ၏ အော်ကြွေးသံကသာ ကျန်ရစ်သည်။
“ဒီပဲ့ဟယ်မော့နှစ်ကောင်က အကြမ်းဖက်သူနဲ့ ဖျက်ဆီးသူလား”
အပုမူစလင်၏ မျက်လုံးက ပြူးကျယ်သွားသည်။ သူ၏အမူအရာက နောက်ဆုံးတွင် ပြောင်းလဲဟန် ပြလာသည်။
“ဟုတ်တယ်”
မာစီက ဂုဏ်ယူစွာ ခေါင်းညိမ့်သည်။ ထိုပဲ့ဟယ်မော့ နှစ်ကောင်၏ နာမည်က အာရေးဗီးယားအင်ပါယာတွင် ဒဏ္ဍာရီတင်ထားပြီးသားဖြစ်ပြီး အများကြီး ရှင်းပြနေရန် မလိုအပ်ချေ။ သူ၏နာမည်ကတင် လူအများကို ကြောက်လန့်မှုနှင့် တုန်ယင်စေလောက်သည်။
မာစီကလည်း အပုမူစလင်၏ တုန့်ပြန်မှုကြောင့် အလွန်ကျေနပ်သွားသည်။ သူက တစ်ဖက်သို့ ခေါင်းပြန်လှည့်ပြီး အမိန့်ပေးသည်။
“စတော့”
ထက်ရှသော ကြာပွတ်ရိုက်ချသံနှင့်အတူ မြေပြင်က တသိမ့်သိမ့် တုန်သွားသည်။ နဂိုက ရပ်နေသည့် ပဲ့ဟယ်မော့ကြီး နှစ်ကောင်က တဖြည်းဖြည်းချင်း စလှုပ်လာသည်။ အာရပ်စစ်သည် တစ်သောင်းကျော်က ဘေးဘက်သို့ ခွဲထွက်ပေးလိုက်ပြီး ထိုနှစ်ကောင်အတွက် လမ်းဖယ်ပေးသည်။
ပဲ့ဟယ်မော့နှစ်ကောင်က တစ်ကောင်နှင့်တစ်ကောင် နီးကပ်သလို ရပ်နေခဲ့ရာမှ တဖြည်းဖြည်းချင်း အကွာအဝေးခြားသည်။ ကြေးခွံအပြည့်နှင့် ကြံကြီးက တဖြည်းဖြည်းချင်း လှုပ်ရှားလေပြီး ခုခံရေးအားလှိုင်း နှစ်ခု ရှိရာဘက်သို့ သွားနေချိန်တွင် သွေးနီရောင်မျက်လုံးနှင့် ဝက်ဝံကမူ တာလာ့၏ မြို့ရိုးပေါ်သို့ ကြမ်းတမ်းသော မျက်ဝန်းဖြင့် စိုက်ကြည့်နေသည်။
ဝုန်း
ထိုသို့ သေးငယ်သော ပြောင်းလဲမှုကတင် ထန်များအားလုံး၏ အာရုံကို ဆွဲဆောင်သွားပြီး စစ်တပ်ကို ဝရုန်းသုန်းကား ဖြစ်သွားစေသည်။
“အရှင် အာရပ်တွေက စပြီးလှုပ်ရှားတော့မယ်။ တာလာ့က သူတို့ရဲ့ပစ်မှတ် ဖြစ်လောက်တယ်။ တာလာ့ရဲ့ မြို့ရိုးတွေက ကျိုးပျက်သွားတဲ့အခါ ထိန်းထားဖို့ ခက်ခဲမှာပဲ”
ရွှယ်ချန်ကျွင်းက ဝမ်ချောင်ကိုကြည့်သည်။ သူ၏အမူအရာက စိုးရိမ်နေပုံပေါ်သည်။
သူဟာ အထိတ်တလန့်ဖြစ်လွယ်သော ဗိုလ်ချုပ်တစ်ယောက် မဟုတ်ချေ။ သို့သော် ဒဏ္ဍာရီလာ ပဲ့ဟယ်မော့များ၊ တိုက်ပွဲနယ်မြေပေါ်သို့ ဆင်းသက်လာမှုက လူတိုင်း၏ မျှော်လင့်မှုကို ခုန်ကျော်သွားသည်။ အာရပ်များက မြင်းများကို အောင်မြင်စွာ ဖြတ်လိုက်နိုင်လျှင် မဟာထန်ကလည်း သူတို့၏ အကြီးမားဆုံးခံတပ်ကို ဆုံးရှုံးရပြီး အဆုံးအဖြတ် တိုက်ပွဲကို ဆင်နွဲရပေလိမ့်မည်။
တာလာ့ထဲတွင် ရိက္ခာတိုင်း အကူလက်နက်ပစ္စည်းတိုင်း ရှိနေသည်။ ထို့ပြင် လက်မှုပညာရှင်များ အားလုံးကလည်း တိုက်ပွဲအတွင်းတွင် ဝင်မပါနိုင်သဖြင့် မြို့အတွင်းတွင် ပုန်းအောင်းနေကြရလေသည်။ မြို့က ကျသွားလျှင် ထိုလူများအားလုံးက ဆိုးရွားသည့် ဆုံးရှုံးမှုကို ကြုံတွေ့ကြရပေလိမ့်မည်။ ထိုအရာသာ မကသေးချေ။ ခုခံရေးအားလှိုင်း နှစ်ခုလုံးက နာမည်သာ တည်ရှိနေတော့လျှင် အာရပ်များကလည်း ဘက်ထောင့်တိုင်းမှ တိုက်ခိုက်လာနိုင်လေသည်။
ပို၍ဆိုးသည်မှာ အာရပ်များကသာ တာလာ့ နှစ်ဖက်လုံးတွင်ရှိသော မြို့ရိုးကို အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်ခဲ့လျှင် သူတို့ဟာ တူရကီ တိဗက်များနှင့် ပူးပေါင်းသွားပေလိမ့်မည်။ ဝမ်ချောင်၏ ခုခံရေးအားလှိုင်း နှစ်ခုကိုသုံးပြီး ရန်သူများကို ခွဲထားသော ဗျူဟာက ရှုံးနိမ့်သွားပေလိမ့်မည်။
အင်ပါယာသုံးခုလုံး ပူးပေါင်းသွားလျှင် သူတို့၏ ကျွမ်းကျင်ပညာရှင်များက အတူပူးပေါင်း လုပ်ဆောင်နိုင်သည်။ မဟာထန်က အဆုံးသတ်မည်မှာ သေချာသည်။
ကောင်းရှန်းကျစ်ကလည်း စိုးရိမ်တကြီး ပြောလာသည်။
“ဝမ်ချောင် အခြေအနေက မကောင်းဘူး။ ငါတို့ရဲ့ စွမ်းအင်နဲ့ဆိုရင် ဒီနှစ်ကောင်လုံးကို တစ်ပြိုင်တည်း ရင်ဆိုင်နိုင်မှာမဟုတ်ဘူး”
အနောက်ပိုင်းနယ်မြေမှ စစ်နတ်ဘုရားကပင် အနည်းငယ် ထိတ်လန့်နေသည်။ သူတို့လေးယောက်က စစ်တပ်၏ အင်အားနှင့် ပူးပေါင်းပြီး နတ်ဘုရားများအဖြစ် ပြောင်းလဲနိုင်သည်။ သို့တိုင်အောင် ဒိုင်နိုဆော ပုံသဏ္ဍန်ရှိသည့် သားရဲကောင် ပဲ့ဟယ်မော့ကိုသတ်ရန် အချိန်တချို့လိုခဲ့သည်။ ထို့ပြင် စစ်တပ်မှ စစ်သည်တစ်သောင်းဝန်းကျင်ကိုလည်း ဆုံးရှုံးခဲ့ရသေးသည်။
ယခုအခါ ပဲ့ဟယ်မော့က နှစ်ကောင်ဖြစ်သည်။ သူတို့လေးယောက်က အင်အားခြင်း ခွဲခြမ်းလိုက်သော် စစ်တပ်ကလည်း ဆုံးရှုံးမှုကို ကြီးလာမည်ဖြစ်သည်။
ချန်းချန့်လီက စိုးရိမ်တကြီး ဖြစ်နေသည်။
“ငါတို့နောက်ထပ် အများကြီး ဆုံးရှုံးလို့ မရတော့ဘူး။ မဟုတ်ရင် ငါတို့ပြိုလဲကျသွားလိမ့်မယ်”
သူက ခါးသီးသော တိုက်ပွဲပေါင်းများစွာကို အတွေ့အကြုံရှိခဲ့သူဖြစ်သည်။ သို့သော် မည်သို့သော အခြေအနေမျိုးတွင်မဆို သူဟာ အနိုင်ရနိုင်သညဟု ယုံကြည်မှုအပြည့် ရှိခဲ့လေသည်။ အခြေအနေတိုင်းကိုလည်း သူက ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သည်။ သို့သော် ဒီတိုက်ပွဲတွင်မူ မည်သည့်အရာက အဆုံးသတ်ဖြစ်ပြီး မည်မျှအထိ ခံနိုင်မည်ဖြစ်ကြောင်းကိုပင် မသေချာတော့ချေ။
“ကျန်းရှို့ကျစ် မဟာလက်နက်ကြီးတွေရဲ့ အနေအထားက ဘယ်လိုလဲ။ အဆင်သင့်ဖြစ်ဖို့ ဘယ်လောက် ကြာဦးမှာလဲ”
ဝမ်ချောင်က ရုတ်တရက်မေးသည်။ သူ၏စိတ်က မုန်တိုင်းထန်နေသော အနေအထားမျိုးတွင်ရှိသည်။
“အခြေအနေက မကောင်းဘူး။ မဟာလက်နက်ကြီးတွေက ဒီတိုင်း စိတ်ကူးသပ်သပ်ပဲ။ ငါတို့ တစ်ခါမှ စမ်းသပ်ခဲ့ဖူးတာလည်းမဟုတ်ဘူး။ ဒီတော့ အောင်မြင်မလားဆိုတာက ပြောဖို့ခက်တယ်။ နောက်ပြီး ပဲ့ဟယ်မော့ အကောင်ကြီးတွေကို ကိုင်တွယ်ဖို့ဆိုတာကို တွေးဖူးတာလည်း မဟုတ်ဘူး။ ငါတို့ဒီတိုင်း ချိန်ညှိပြီး အကောင်အထည် ဖော်ထားရုံပဲ။ ဒါကြောင့် အချိန်မလိုလောက်ဘူးလို့ ပြောလို့ရတယ်”
ကျန်းရှို့ကျစ်ကအော်သည်။ သူ၏ ငွေဖြူရောင်ဆံပင်များကလည်း လေတွင်လွင့်နေသည်။
အနောက်ပိုင်း တိုက်ပွဲနယ်မြေမှ ဝရုန်းသုန်းကားဖြစ်ရပ်က ပို၍ပြင်းထန်လာသည်။ ပဲ့ဟယ်မော့ နှစ်ကောင်က ချီတက်ရန် အဆင်သင့်ဖြစ်ကြောင်း လက္ခဏာပြလာ၏။ တာလာ့ကို သိပ်သည်းလွန်းသော အန္တရာယ်က လွှမ်းခြုံလာသည်။ လူတိုင်းကလည်း သူတို့၏ ဦးခေါင်းခွံက ပေါက်ကွဲတော့မည်ဟု ခံစားနေရသည်။ ပြင်းထန်သော သိပ်သည်းသည့် သေဆုံးခြင်းရနံ့က သူတို့ကို ရူးသွပ်မတက် ဖြစ်စေသည်။
ကျန်းရှို့ကျစ်ကလည်း ဝမ်ချောင်ထက်ပင် ပို၍ ထိတ်လန့်ပြီး စိုးရိမ်စိတ် ကြီးနေသေးသည်။ သို့သော် မဟာလက်နက်ကြီးများက တစ်ကြိမ်သော်မျှ မစမ်းသပ်ရသေးသည့် ချိတ်ဆက်မှုဖြစ်နေသည်။ နေရာပေါင်းများစွာက အကြမ်းထည်မျှသာ ရှိနေသေးပြီး ပြင်ဆင်ရသေးခြင်း မရှိသေးချေ။ ယခုအချိန်တွင် သူက အကောင်းဆုံး ကြိုးစားရုံသာ တက်နိုင်သေးသည်။ ဒီနည်းအားဖြင့် သူ၏ မိစ္ဆာစစ်တပ်မှ အတော်ဆုံးသော လက်မှုပညာရှင်ဆိုသော စွမ်းရည်ကို မှီခိုလေပြီး အကောင်အထည်ဖော်လျှက် တပ်ဆင်ကာ တည်ဆောက်ထားရုံသာ ရှိလေသည်။
မဟာလက်နက်ကြီး အနီးအနားတွင် မီးပြင်းဖို တစ်ရာခန့်က တောက်လောင်နေသော မီးတောက်များကို ထုတ်လွှတ်ပြီး ကောင်းကင်ထိတိုင် ညွှန့်တက်နေကြသည်။ မီးဖိုတစ်ခုချင်းစီတိုင်းက အနည်းဆုံး အလုပ်များနေသည့် လက်မှုပညာရှင် ဆယ်ယောက်ခန့် ဝိုင်းထားသည်။ အနက်ရောင် မီးခိုးငွေ့များက လေထဲသို့ မြောက်တက်နေသည်။ သူတို့က သံမဏိကိုပင် အရည်ပျော်ကျအောင် လုပ်နိုင်လေပြီး ပုံစံဖော်နိုင်ပုံပေါ်သည်။
ကျန်းရှို့ကျစ်၏ လက်အောက်မှ လက်မှုပညာရှင်တိုင်း၏ ဆောက်လုပ်နေသည့်အလယ် ချိန်ညှိနေသည့် အလယ်တွင် မဟာလက်နက်ကြီး၏ အစိတ်အပိုင်းများက နေရာမှန်များကိုချလျှက် တဖြည်းဖြည်းချင်း တပ်ဆင်ခံနေရသည်။ ဒီနည်းအားဖြင့် ဝမ်ချောင်၏စိတ်ကူးကို အမြန်ဆုံး အကောင်အထည် ဖော်နေကြ၏။ နောက်ဆုံးသော ရလဒ်အတွက်ကမူ ကျန်းရှို့ကျစ်ကိုယ်တိုင်ကပင် မမျှော်လင့်ကြည့်နိုင်ချေ။
ဝမ်ချောင်က ဘာစကားမှမပြောချေ။ သို့သော် သူ၏နှလုံးသားကမူ စတင်ကာ လေးလံလာသည်။ မဟာလက်နက်ကြီးများက စိတ်ကူးသာဖြစ်သည်။ ဒါက မျှော်မှန်းချက် သပ်သပ်သာဖြစ်သည်။ သို့သော် သူကလည်း ထိုအရာအပေါ် သူ၏မျှော်လင့်ချက်တိုင်းကို ပုံအောထား၍ မရနိုင်သေးချေ။ သူ၏အကြည့်က အဝေးဘက်ရှိ ကြီးမားသော ပုံရိပ်ကြီးနှစ်ခုထံ ခိုင်မာစွာ ရွှေ့ပြောင်းထားလိုက်သည်။ မရေမတွက်နိုင်သော အတွေးပေါင်းများစွာက စိတ်အတွင်း ချိုးဖောက်ဝင်ရောက်သွား၏။ လူတိုင်းကသူ့ကို မျှော်လင့်ချက် ပုံအောထားကြသည်။ ကောင်းရှန်းကျစ်လည်းပါသည်။
ဝမ်ချောင်ကလည်း ထိုဖိအားက မည်မျှကြီးကြောင်း နားလည်သည်။ သို့သော် သူက အနည်းငယ်မျှပင် ယိုင်နဲ့ဟန်မပြချေ။
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က စတင်ကာ အမိန့်ထုတ်သည်။
“လီစစ်ယဲ့ ငါ့ရဲ့အမိန့်ကိုထုတ်။ မြို့ထဲကို စစ်သည်တော်တွေ ပို့လိုက်တော့”
“ကျန်းရှို့ကျစ် မဟာလက်နက်ကြီးကို တပ်ဆင်တဲ့ကိစ္စကို မြန်မြန်လုပ်လိုက်။ နောက်ပြီး အချို့ လက်နက်ပုံးတွေကို တပ်ဆင်ခိုင်းအုံးမယ်။ အချင်းတစ်မီတာ ဒါမှမဟုတ် အနည်းဆုံး မီတာနှစ်ဆယ်လောက် ရှည်ရမယ်။ ကောင်းကောင်းလုပ်ထားဖို့ မလိုဘူး။ ဒီတိုင်း တက်နိုင်သမျှ မြန်မြန် လုပ်နိုင်ရင်ရတယ်”
ပဲ့ဟယ်မော့များနှင့် တိုက်ခိုက်သော တိုက်ပွဲတွင် ဝမ်ချောင်၏ သုံးပေခန့်ရှည်သော ဝု့စ်သံမဏိဓားနှင့် ကြယ်တာရာစွမ်းအင် ဗာဂျရာ ငရုတ်ကျည်ပွေ့က မလုံလောက်ချေ။ ထို့ကြောင့် ဝမ်ချောင်က ပို၍အင်အားကြီးမားပြီး သက်ရောက်မှုရှိသည်ကို လိုအပ်သည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် စစ်သည်တော်တွေကို မြို့ထဲကို သွင်းထားတာက သင့်တော်ပါ့မလား”
ချန်းချန့်လီက မသက်မသာဖြစ်သွားသည်။
“အာရပ်တွေနဲ့ တိဗက်တွေက ငါတို့ကို မတိုက်ခိုက်သေးတာကလည်း မြို့ပြင်မှာရှိနေတဲ့ စစ်တပ်ကြောင့်ပဲ။ ဒါက သူတို့ကို ခြောက်ထားနိုင်လို့။ ငါတို့ကသာ ဒီစစ်တပ်ကို မြို့ထဲကိုပြန်သွင်းထားလိုက်ရင် တပ်ဖွဲ့တွေအများကြီး ရှိတော့မှာမဟုတ်ဘူး။ အဲ့ဒီအခါ နှစ်ဖက်လုံးက ပေါင်းပြီး တိုက်ခိုက်လာနိုင်တယ်”
ချန်းချန့်လီက ဝမ်ချောင်၏အကြံကို ငြင်းလိုစိတ်မရှိချေ။ သို့သော် ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာနိုင်သည့် ဖြစ်နိုင်ချေကို ပြောပြခြင်းသာဖြစ်သည်။
“သာ့လွန်ရော့ကျန်းကတော့ တိုက်ခိုက်မှာမဟုတ်ဘူး။ သူ့ရဲ့ လက်ရှိ အနေအထားအရ အင်အားလည်း မလုံလောက်ဘူး။ သူက တိုက်ခိုက်မယ်ဆိုရင် ငါတို့အရှေ့ဘက်က ဖောက်ထွက်လို့ရတယ်။ ဒါကိုနားလည်ထားရင် သာ့လွန်ရော့ကျန်းက လွတ်မှာမဟုတ်ဘူး။ အပုမူစလင်အတွက်ကတော့ မင်းရဲ့ စကားတွေက မှန်တယ်။ သူက ငါတို့ရဲ့အင်အားကို ကြိတ်ချေဖို့ ကြိုးစားမှာ။ နောက်ဆုံး အတိုင်းအတာထိ မရောက်ခင်ထိ သူက လှုပ်ရှားဖို့ ဆုံးဖြတ်ချက် ချမှာမဟုတ်ဘူး။ ပိုဆိုးတာက အာရပ်တွေက သူ့ရဲ့လူတွေကို ချီတက်ခိုင်းထားပြီး ပဲ့ဟယ်မော့နှစ်ကောင်ကို ချီတက်ခိုင်းထားမယ်ဆိုရင် ပဲ့ဟယ်မော့တွေရဲ့ လက်အောက်မှာ သူ့ရဲ့လူတွေကလည်း ထိခိုက်သွားမှာပဲ။ ငါတို့က ငါတို့ရဲ့ လူတစ်ဝက်ကျော်ကို အတွင်းသို့ မသွင်းထားသမျှ အပုမူစလင်တွေက လုပ်ကြံသတ်ဖြတ်မှုကို စတင်မှာမဟုတ်ဘူး”
ဝမ်ချောင်က တဖြည်းဖြည်းချင်း ရှင်းပြသည်။ တိုက်ပွဲနယ်မြေ၏ အခြေအနေကို မည်သူကမှ သူ့ထက်ပို၍ နားမလည်ချေ။ သူ၏လုပ်ဆောင်မှုတိုင်း အမိန့်တိုင်းကလည်း သေချာစဉ်းစားဆင်ခြင်ပြီး ဂရုစိုက် တွေးတောပြီးမှသာ ထုတ်ပြန်ခြင်းဖြစ်သည်။
“နားလည်ပါတယ်”
မျှော်လင့်ထားတဲ့အတိုင်း ဝမ်ချောင်၏ ရှင်းပြချက်က ချန်းချန့်လီ၏ မျက်ဝန်းအတွင်းမှ သံသယများကို ဖယ်ရှားလိုက်သည်။
ဝေါင်း
သူတို့နှစ်ယောက်က စကားပြောနေသည့် အချိန်တွင် အနောက်ဘက်မှ ကျယ်လောင်သော သားရဲ၏ အသံများက ပေါ်ထွက်လာသည်။ လေပြင်းက ထိုးတိုက်လာသည်။ ဖုန်မှုန့်နှင့် ကျောက်စရစ်ခဲများက အနောက်ပိုင်း တိုက်ပွဲနယ်မြေ တစ်ခုလုံးအတွင်းသို့ လေထုနှင့်အတူ လွင့်ပျံသည်။ ပဲ့ဟယ်မော့နှစ်ကောင်က နောက်ဆုံးတွင် ချိန်ညှိမှုများ ပြီးဆုံးသွားပြီး နောက်ဆုံးတွင် လာတိုက်ခိုက်လာပြီဖြစ်သည်။
ဘုန်း
ပဲ့ဟယ်မော့ နှစ်ကောင်လုံးတွင် ဘယ်တစ်ကောင် ညာတစ်ကောင် ဝန်းရံလျှက် စတင်ကာ လှုပ်ရှားလိုက်ပြီး တာလာ့ထံ ဒုန်းစိုင်းပြေးလာကြသည်။
ခြိမ်း
ပထမဦးဆုံး ချီတက်လာသည့် အကောင်က ဝက်ဝံပုံသဏ္ဍန်ရှိသည့် ပဲ့ဟယ်မော့ဖြစ်သည်။ သူ၏တစ်ကိုယ်လုံးကို မာကြောသော အနက်ရောင် အမွှေးများက လွှမ်းခြုံသွားသည်။ မျက်တောင်တစ်ခတ်အတွင်း သူက ကြံံ့ပုံသဏ္ဍန်ရှိသည့် ပဲ့ဟယ်မော့ကို ကျော်လွန်လာ၏။ သူ၏ ခွာလေးဘက်လုံးက အလွန်အမင်း မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ရွေ့လျားနေလေပြီး ဖုန်တိမ်စိုင်လုံးများကိုသာ မွှေနှောက်ကာ ဆယ်မီတာခန့်အထိ မြောက်တက်သွားစေသည်။
ကြံ့ပုံသဏ္ဍန်မျိုးရှိသော ပဲ့ဟယ်မော့က ဝက်ဝံပုံသဏ္ဍန်ရှိသော ပဲ့ဟယ်မော့လောက် မမြန်ဆန်ချေ။ သို့သော် သူကလည်း မနှေးကွေးပါချေ။ သူက ဖြတ်လတ်ပုံ မရသည့်တိုင်အောင် အလွန်အမင်း လျှင်မြန်စွာ ရွေ့လျားနိုင်နေသေးသည်။ ပဲ့ဟယ်မော့နှစ်ကောင်က အရှိန်ရလာပြီး ခုခံရေးအားလှိုင်းနှင့် တာလာ့မြို့ရိုး ရှိရာဘက်သို့ လျှင်မြန်စွာ ပြေးလာကြသည်။
“အသင့်ပြင်”
ခုခံရေးအားလှိုင်း အပေါ်သို့ စူးရှသောအသံက ကျော်လွန်ကာ လွှမ်းမိုးသွားသည်။ စစ်သည်တော်များက စတင်ကာ အသင့်နေရာယူကြသည်။ လက်နက်ကြီးအဖွဲ့ကလည်း အလားတူပင် လှုပ်ရှားရန် ပြင်ဆင်ကြသည်။ အနက်ရောင် လက်နက်ကြီး အဖွဲ့က အဆင်သင့်တပ်ဆင်ပြီး ပစ်မှတ်ကို ချိန်ရွယ်ထားသည်။ ထိုလက်နက်ကြီးများကလည်း စစ်တပ်၏ တစ်ခုတည်းသော တောင်ကြီးကဲ့သို့ ဖြစ်နေသည့် သားရဲများကို ရင်ဆိုင်နိုင်သည့် လက်နက်ဖြစ်လောက်သည်။
“ဝမ်ချောင်”
ကောင်းရှန်းကျစ်က ထိတ်လန့်တကြားအော်သည်။ အဝေးရှိ လျှင်မြန်စွာ မြောက်တက်လာသော သဲမုန်တိုင်းကို ကြည့်နေပြီးနောက် ပဲ့ဟယ်မော့နှစ်ကောင်က သယ်ဆောင်လာသည့် ခြောက်ခြားဖွယ်ကောင်းသော အရှိန်အဝါက ဒိုင်နိုဆောပုံသဏ္ဍန်ရှိသည့် ပဲ့ဟယ်မော့ထက် သာလွန်နေသည်မှာ ထင်ရှားသည်။ ဒိုင်နိုဆောပုံသဏ္ဍန်ရှိသော ပဲ့ဟယ်မော့ကပင် အလွန်အမင်း ကြီးလေးသော ဆုံးရှုံးမှုကို ဖြစ်စေခဲ့ကြောင်း မြင်ခဲ့ပြီးနောက် ကောင်းရှန်းကျစ် ကိုယ်တိုင်ကလည်း ထိုနှစ်ကောင်က မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း နားလည်နေသည်။ သူတို့က မြို့ရိုးပေါ်သို့ မချီတက်ခင်ကတည်းက တိုင်တွယ်ထားသင့်သည်။ သို့မဟုတ်လျှင် စစ်တပ်က အရှုံးကြီး ရှုံးသွားနိုင်သည်။ ခုခံရေးအားလှိုင်း အတွင်းတွင်သာ သတ်ခဲ့လျှင် ပို၍ကြီးမားသော ခန္ဓာကိုယ်ကြီးများကလည်း စစ်တပ်ကို ဆိုးရွားသည့် ချီတက်မှု ဖြစ်စေနိုင်သေးသည်။
ပို၍ကြီးမားသော ဆုံးရှုံးမှုကြီး မဖြစ်စေရန်အလို့ငှာ သူတို့လေးယောက်လုံးက ကြိုတင်ကိုင်တွယ်ထားရမည်ဖြစ်သည်။
“ကြေးခွံနဲ့ပဲ့ဟယ်မော့ကို ငါ့တာဝန်ထား။ အခြားတစ်ကောင်ကိုတော့ အရှင်ကောင်း၊ အရှင်ချန်း အဖေတို့ တာဝန်ယူလိုက်”
အချိန်ကတိုသည်။ စက္ကန့်တိုင်းက အဖိုးတန်၏။ ထိုစကားလုံးများကို ပြောပြီးပြီးချင်း ဝမ်ချောင်က ချက်ချင်းဆိုသလို ခုခံရေးအားလှိုင်းထံမှ ခုန်ထွက်သွားသည်။
“လီစစ်ယဲ့၊ ခုံးကျစ်အန်း မင်းတို့ရဲ့ ဝူရှန်းမြင်းတပ် အဖွဲ့ဝင်တွေကိုခေါ်ပြီး ငါ့အနောက်ကို လိုက်ခဲ့”
ဝမ်ချောင်၏ မိုးခြိမ်းသံမတက် ကျယ်လောင်သော ဟိန်းသံက ခုခံရေးအားလှိုင်း နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
အခန်း(၉၅၃)
ပဲ့ဟယ်မော့များက အလွန်အမင်း အင်အားကြီးမားသည်။ ထူးချွန်စွာ ဖြတ်လတ်ပြီး အချိန်မှီ မတုန့်ပြန်နိုင်သော မည်သူကမှ သူတို့၏အနားသို့ ချဉ်းကပ်ရန် မတွေးတောမိလောက်ကြချေ။ သတိလက်လွတ် ချဉ်းကပ်သွားမိသည့်အခါ သေလျှင်သေ သို့မဟုတ် ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရသည့် အနေအထားမျိုးနှင့် အဆုံးသတ်သွားနိုင်သည်။ စစ်တပ်ထဲတွင် ထိုအကောင်ကြီးများနှင့် တိုက်ခိုက်နိုင်သော စွမ်းရည်ရှိသော စစ်တပ်က ဝူရှန်းမြင်းတပ်ကဲ့သို့ တစ်ဘဝလုံး တောင်တန်းထဲတွင် ရှင်သန်နေထိုင်ခဲ့ရင်း လေ့ကျင့်လာခဲ့ကြသော မျောက်ဝံများကဲ့သို့ ဖြတ်လတ်မြန်ဆန်သော အဖွဲ့ဝင်များသာ ရှိလောက်သည်။
ပို၍ဆိုးသည်မှာ ဝမ်ချောင်က နတ်ဘုရင်ရာမ ဝင်္ကပါကိုသုံးပြီး ဝူရှန်းမြင်းတပ်အဖွဲ့ဝင် ငါးထောင်ထံမှ အင်အားကို ချေးငှားယူနိုင်သည်။ ထိုအတွက်ကြောင့် သူက ထိုလူများကို လိုအပ်နေသည်။
ဝမ်ချောင်က ရှေ့သို့ ခုန်တက်သွားသည့် တခဏတွင် ဝူရှန်းမြင်းတပ် အဖွဲ့ဝင် ငါးထောင်က နောက်မှ အနီးကပ် ကပ်ပါသွားပြီး ကြီးမားသည့် ဖုန်တိမ်စိုင်လုံးများကို ချန်ထားရစ်ခဲ့လျှက် အကြောက်အလန့်မဲ့စွာဖြင့် ကြံ့ပုံသဏ္ဍန်နှင့် ပဲ့ဟယ်မော့ထံ ခုန်ဝင်သွားသည်။
ဝမ်ချောင်ကို အကြိမ်ပေါင်းများစွာ အဖော်ပြုပြီးနောက် ဝူရှန်းမြင်းတပ်ဟာ အလွန်အမင်း ဆုံးဖြတ်ချက် ပြတ်သားပြီး အင်အားကြီးမားတဲ့ အင်အားစုဖြစ်သွားသည်။
သူတို့က မည်သို့သော အန္တရာယ်ကို ရင်ဆိုင်ရစေကာမူ မည်သည့်အချိန်တွင်မှ နောက်မဆုတ်ချေ။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်ဝမ်”
ချန်းချန့်လီ၊ ကောင်းရှန်းကျစ်နှင့် အခြားသောလူများက ထိုမြင်ကွင်းကြောင့် ကြောင်သွားကြသည်။ မည်သူကမှလည်း ဝမ်ချောင်ဟာ ထိုမျှအထိ ဆုံးဖြတ်ချက်ပြတ်သားပြီး သူတစ်ယောက်တည်း ကိုင်တွယ်မည်ဟု မမျှော်လင့်ထားကြချေ။
အာရေးဗီးယား ပဲ့ဟယ်မော့များက ခြိမ်းခြောက်နိုင်စွမ်းအားရှိသည့် ခြောက်ခြားဖွယ်ကောင်းသော သတ္တဝါကြီးများဖြစ်သည်။ သူတို့၏ အင်အားအကြီးဆုံး ဗိုလ်ချုပ်လေးယောက် အင်အားနှင့်ပင် ဒိုင်နိုဆောပုံသဏ္ဍန်ရှိသည့် ပဲ့ဟယ်မော့တစ်ကောင်ကို ရင်မဆိုင်နိုင်ချေ။ ယခုအခါ ဝမ်ချောင်က သူတစ်ယောက်တည်းနှင့် ပို၍အင်အားကြီးမားသည့် ပဲ့ဟယ်မော့ကို ရင်ဆိုင်မည်ဟု ဆိုနေသည်။
ချန်းချန့်လီက စိုးရိမ်သွားပြီး သူ၏ဗိုလ်ချုပ်ကိုပြောသည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ကျွန်တော်တို့ ဝမ်ချောင်ကို ပြန်ခေါ်ရမယ်။ ဒါက အန္တရာယ်များလွန်းတယ်။ ဒီကြီးမားတဲ့ သားရဲကြီးတစ်ကောင်ကိုတောင် ကျွန်တော်တို့က မကိုင်တွယ်နိုင်တာ သူသေသွားလိမ့်မယ်”
“မလိုဘူး”
ဝမ်ရန်က ရုတ်တရက် ဝင်ပြောသည်။ သူနောက်တန်းမှ လျှောက်လာ၏။
“တိုက်ပွဲက အမြဲတမ်း သေခြင်းနဲ့ကပ်နေတဲ့ အန္တရာယ်များတဲ့နေရာပဲ။ ဗိုလ်ချုပ်တစ်ယောက်က အခြေအနေတိုင်းရဲ့ ဖြစ်နိုင်ချေကို နားလည်ထားဖို့ လိုအပ်တယ်။ အဲ့ဒီထဲမှာ သေတာလည်းပါတယ်။ ချောင်အာက မိုက်ရူးရဲဆန်ပြီး အလောတကြီးလုပ်တတ်တဲ့ လူမျိုးမဟုတ်ဘူး။ ငါသူ့ကို ယုံတယ်။ သူဒီလိုလုပ်ရတဲ့ အကြောင်းပြချက်ကလည်း ရှိလိမ့်မယ်။ ဒီတော့ ငါတို့က သူပြောထားတဲ့အတိုင်း အခြားတစ်ကောင်ကို ကိုင်တွယ်ဖို့ပဲ အာရုံစိုက်ထားသင့်တယ်”
ဝမ်ရန်က ဝက်ဝံပုံသဏ္ဍန်ရှိသည့် ပဲ့ဟယ်မော့ကိုကြည့်သည်။ ထိုအကောင်က မြို့ရိုးနှင့် အလွန်နီးလာသည်။ ကောင်းရှန်းကျစ်က သက်ပြင်းချပြီး ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ကြေညာသည်။
“ဒါက ငါတို့လုပ်နိုင်တဲ့ အရာပဲ”
တာလာ့ဟာ အလွန်အမင်း အရေးကြီးသည်။ သူတို့၏ နောက်ဆုံး ခုခံခြင်းအင်အားစုလည်းဖြစ်သည်။ ဒီခုခံရေးအားလှိုင်းက ပြိုကျ၍ရသည်။ သို့သော် တာလာ့က ပြိုကျ၍မရချေ။ မည်သို့ပင်ဖြစ်စေ သူတို့က ထိုပဲ့ဟယ်မော့များကို ထိန်းရပေမည်။
“ချန်းချန့်လီ၊ ချီယွမ်ချင် အားလုံးပဲ ငါနဲ့လိုက်ခဲ့ကြ”
ကောင်းရှန်းကျစ်က သူ၏စစ်မြင်းကို တစ်ချက်ပုတ်လိုက်ပြီး ဝက်ဝံပုံသဏ္ဍန်ရှိသည့် ပဲ့ဟယ်မော့ထံ ဒုန်းစိုင်းစီးသွားသည်။
“မဟာဗိုလ်ချုပ်က အမိန့်ပေးလိုက်ပြီ။ ငါ့ရဲ့နောက်ကိုလိုက်ခဲ့ကြ”
တစ်ချိန်ထဲလိုလို ဝမ်ရန်ကလည်း သူ၏ကိုယ်ပိုင်အမိန့်ကိုထုတ်သည်။
ခြိမ်း
အဖွဲ့ဝင် တစ်သောင်းခန့်ရှိမည့် ခြေလျှင်တပ် အဖွဲ့ဝင်များက ပထမခုခံရေးအားလှိုင်းထံမှ ချီတက်လာကြသည်။ တဒုန်းဒုန်း၊ တဒိုင်းဒိုင်း အသံများနှင့်အတူ သူတို့၏ ထွက်ခွာသံက မြေပြင်တွင် ပဲ့တင်ထပ်နေသည်။
ဝမ်ရန်၏ ခြေလျှင်တပ်က စတင်လှုပ်ရှားသည့် တခဏတွင် လေထုက တင်းအားများဖြင့် ပြည့်နှက်လာသည်။ စစ်သည်တော်တိုင်းက ကြည့်လိုက်ကြသည့်အချိန်တွင် သူတို့၏ အသက်ရှုနှုန်းကပင် အလွန်အမင်း မြန်ဆန်လာပြီး အစောတလျင်နိုင်လာ၏။
“ကြောက်စရာကောင်းလွန်းတယ်။ ကာကွယ်ရေး ဗိုလ်ချုပ်တွေကလွဲပြီး ဘယ်သူကမှ ဒါကို တားနိုင်မှာမဟုတ်ဘူး”
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်တွေက သူတို့ကို တားနိုင်ဖို့ မျှော်လင့်ရတာပဲ။ အဲ့ဒီလိုမှမဟုတ်ရင် ငါတို့အားလုံး သေမှာပဲ”
“သူတို့နိုင်လိမ့်မယ်။ သူတို့သေချာပေါက် နိုင်လိမ့်မယ်။ ကျေးဇူးပြုပြီး”
အားလုံးက သူတို့၏ လက်နက်များကို ထိတ်လန့်မှုအပြည့်နှင့်အတူ တင်းတင်းကြပ်ကြပ် ကိုင်ထားကြသည်။ အားလုံး၏မျက်နှာက ဖြူဖျော့ကာ ထိတ်လန့်မှုဖြင့် ပြည့်နှက်နေကြ၏။ သူတို့၏ ခွန်အားက နိမ့်ကျလွန်းသည်။ သူတို့၏ ကံကြမ္မာကလည်း ထိုဗိုလ်ချုပ်လေးယောက်နှင့် ချည်နှောင်ထားသည်။
ဘန်း
ပထမခုခံရေးအားလှိုင်း တောက်လျှောက်ရှိသည့် သံမဏိမြို့ရိုးက တချွင်ချွင်အသံများဖြင့် ပဲ့တင်ထပ်နေသည်။ အချိန်၏ တိကျမှုက ထင်ရှားသထက် ထင်ရှားလာသည်။
ဝေါင်း
လေအားလှိုင်းက မြို့ရိုးကို လာရောက်ရိုက်ခတ်သည့်အချိန်တွင် အင်အားပြင်းထန်လွန်းသဖြင့် သံမဏိမြို့ရိုးကပင် မြေပြင်သို့ ကျွံကျသွားသည်ဟု ခံစားရသည်။ ထိုမြို့ရိုးများကပင် ဖိအားဒဏ်ကြောင့် လှုပ်ခါနေ၏။ ထို့နောက် သတ္တုချင်း ထိခတ်သံများက ပေါ်ထွက်လာ၏။ ပဲ့ဟယ်မော့နှစ်ကောင်က ခုခံရေးအားလှိုင်းနှင့် ကျန်းနှစ်ထောင်ပင် မဝေးကွာတော့ချေ။
“အဲ့ဒီကိုကြည့်”
တာလာ့၏ မျှော်စင်ပေါ်မှ ပုံရိပ်များက အဝေးသို့ ကြည့်လိုက်ကြသည်။ သူတို့အားလုံးကလည်း အလန့်တကြား အော်ဟစ်ကြသည်။ မျှော်လင့်ထားသည်ထက် ပထမဦးဆုံး ရောက်လာသည့်အကောင်က ကြံ့ပုံသဏ္ဍန်ရှိသော ပဲ့ဟယ်မော့မဟုတ်ဘဲ အနက်ရောင်ဝက်ဝံပုံသဏ္ဍန်ကြီးဖြစ်သည်။ ထိုအကောင်ကြီးကတာလာ၏ ရှည်လျားသော မြို့ရိုးထံသို့ တိုးဝင်လာနေ၏။ သူတို့၏ မြို့ရိုးဘက်မှကြည့်သော် ဖုန်အတန်းလိုက်ကိုသာ မြင်နိုင်သည်။ ထိုအကောင်ကြီးက ကျန်းထောင်ပေါင်းများစွာ ကြီးသည်။
ကြီးမားသော ပဲ့ဟယ်မော့ ပုံသဏ္ဍန်ကြီးက ဖုန်လုံးထဲတွင် ထင်ရှားစွာ မြင်နိုင်နေသည်။ သူ၏ သွေးနီရောင် မျက်ဝန်းတစ်စုံက တာလာ့ကိုသာကြည့်ထားသည်။ သူ၏ ဖျက်စီးလိုစိတ်၊ နင်းချေလိုစိတ်က အလွန်ပြင်းထန်လွန်းနေ၏။ တစ်ချက်ကြည့်ရုံဖြင့်ပင် အားလုံးက ထုံထိုင်းသွားလောက်သည်။ ထိုမျက်ဝန်းတစ်စုံကြောင့်တင် သူတို့၏ စိတ်ဝိညာဉ်အတွင်း၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ခြောက်ခြားမှုက အပြည့်ဝင်ရောက်နိုင်၏။
ကျန်းနှစ်ထောင်
ကျန်းတစ်ထောင့်ငါးရာ
ကျန်းတစ်ထောင်
ထိုအနက်ရောင် ဝက်ဝံကြီးက မျှော်လင့်ထားသည်ထက် ပိုမြန်သေးသည်။ ကျန်းနှစ်ထောင်ဝန်းကျင်ကို မျက်တောင်တစ်ခတ် အချိန်အတွင်း ကျော်လွှားသွား၏။ ပဲ့ဟယ်မော့က ကြီးမားသောလြေင်းကို ထိုးမွှေလိုက်ပြီး နှာမှုတ်သံ၊ ဟိန်းသံကိုပြုသည်။ ထို့နောက် အနီးဆုံးသော တာလာ့မြို့ရိုးထံ ဝင်တိုးလာသည်။
“ပစ်”
ပြင်ကျယ်တောက်လျှောက် ကျယ်လောင်သော အော်ဟစ်သံက ပဲ့တင်ထပ်သွားသည်။ ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် ဝမ်ရန်တို့အားလုံးက ရောက်ရှိလာကြသည်။ တစ်ယောက်ချင်းစီတိုင်းက အင်ပါယာ မဟာဗိုလ်ချုပ်တစ်ယောက်၏ အင်အားကို လွှဲယမ်းထားသည်။
“ပြိုင်ဘက်ကင်း အရှင်သခင်ခြောက်ပါး နတ်ဘုရားသိုင်း”
“အဆင့်လွန်ခွဲခြားခြင်း နတ်ဘုရားသိုင်း”
“အရှိန်အဟုန်မြင့် မှင်သက်ဖွယ် နတ်ဘုရားသိုင်း”
မြေပြင်ထံမှ အလွန်ကြီးမားသော နတ်ဘုရားတစ်ပါးက မြောက်တက်လာသည်။ သူတို့၏ ကြီးမားသော လက်သီးကြီးများကမူ ဝက်ဝံပုံသဏ္ဍန်ရှိသည့် ပဲ့ဟယ်မော့ တစ်ကောင်ထံ ချိန်ရွယ်ပြီး ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။ ကောင်းရှန်းကျစ်ကလည်း ပြိုင်ဘက်ကင်း အရှင်သခင်ခြောက်ပါး နတ်ဘုရားသိုင်းကို ထုတ်သုံးကာ ပူးပေါင်းဆောင်ရွက်ပေးသည်။
“မဟာမီးတောက် ကျီးကန်းသိုင်း”
တချိန်ထဲလိုလို နေမင်းထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းသည့် မီးတောက်က တောက်ပစွာ ထိန်လင်းလာပြီး ရွှေရောင်ကျီးကန်းတစ်ကောင်အဖြစ် ပြောင်းလျှက် ကျန်းနှစ်ဆယ်ကျော်ခန့်ရှည်သော တောင်ပံကို ဖြန့်ကားလာသည်။ ထိုအကောင်ကြီး၏ ခန္ဓာကိုယ်က မီးခိုးငွေ့များဖြင့် ဖန်တီးထားသလိုမျိုး ပဲ့ဟယ်မော့၏ကိုယ်ကို ဝင်ဆောင့်တိုးသည်။
နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့် ဖာဟားနားခေါင်းဆောင် ပါးနားဟန်ကလည်း နောက်တန်းမှ ရောက်ရှိလာပြီဖြစ်သည်။
အာဝူး...
ဝံပုလွေနက်ကြီးက ခေါင်းကိုမော့ပြီး နာကျင်မှုအပြည့်နှင့် ဟိန်းဟောက်သည်။ အံ့အားသင့်စရာ ကောင်းသည်မှာ ပဲ့ဟယ်မော့က တိုက်ခိုက်ရန် မနေရစ်ချေ။ သူက မဟာဗိုလ်ချုပ် သုံးယောက်လုံးနှင့် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်တိုင်း၏ တိုက်ခိုက်မှုတိုင်းကို လျစ်လျူရှု့လိုက်ပြီး တာလာ့ထံဝင်တိုးသည်။
“ဘာ”
ထိုမြင်ကွင်းက လူတိုင်းကို စွံ့အသွားစေသည်။ သူတို့ကလည်း ထိုအကောင်ကြီးက ထိုနေရာတွင်ရပ်ကာ သူတို့နှင့်တိုက်ခိုက်ရန် မျှော်လင့်သည်။ သို့သော် ပဲ့ဟယ်မော့၏ တုန့်ပြန်မှုက သူတို့အားလုံးကို သတိလက်လွတ် ဖြစ်သွားစေခဲ့သည်။ ပို၍ဆိုးသည်မှာ သူတို့၏တိုက်ခိုက်မှုကို ကျော်ဖြတ်လိုက်သည့် အချိန်တွင် ကောင်းရှန်းကျစ်တို့ အားလုံးကလည်း ထိုပဲ့ဟယ်မော့ကြီးက ယခင်တစ်ကောင်နှင့် မတူကြောင်း သိလိုက်ကြသည်။
သူ၏အသားများက ပိုထူသည်။ ပို၍သိပ်သည်းသည်။ ပို၍ကြမ်းတမ်းပီး မာကြောကာ ထိုးဖောက်ရခက်သည်။ ပို၍ဆိုးသည်မှာ သူ၏အနက်ရောင် အမွှေးများက ထူးခြားသော အားတစ်ရပ်ကို ပိုင်ဆိုင်ထားသလိုမျိုး လေတိုးသံနှင့်အတူ မြည်ဟီးနေခြင်းဖြစ်ပြီး သူတို့၏တိုက်ကွက်တိုင်းကို သဘာဝအလျောက်ပင် အားလျော့သွားစေသည်။
“တားစမ်း”
သူတို့အနေဖြင့် ဒီလိုကိစ္စမျိုးကို တွေးတောရန် အချိန်မရှိချေ။ လူတိုင်း၏စိတ်က အစွန်းနားသို့ ရောက်ရှိနေပြီး ထိုအကောင်ကြီးနောက်သို့လိုက်သည်။ သို့သော် နောက်ကျသွားသည်။
ဘုန်း
ဂြိုလ်ကြီးတစ်ခုက ဂြိုလ်သိမ်ကြီးတစ်ခုကို ဝင်တိုးလိုက်သလိုမျိုး ထိုဝက်ဝံကြီးက တာလာ့၏ ထူထည်းသော အနောက်ပိုင်းမြို့ရိုးကို ဝင်ဆောင့်တိုးကာ ဝုန်းကနဲအသံကို ပေါ်ထွက်လာစေသည်။
ဘုန်း
မြေကမ္ဘာက တသိမ့်သိမ့် တုန်သွားသည်။ ကွဲအက်ရာပေါင်းများစွာက ပေါ်ထွက်လာ၏။ ဖုန်မှုန့်ပေါင်းများစွာကလည်း မြောက်တက်လာသည်။ ထိုသို့ဖြင့် ဖုန်ပင်လယ် လောကကြီးအဖြစ် ပြောင်းလဲလိုက်သည်။
မိုးထိုးမတက် မြင့်မားလွန်းသော တာလာ့၏မြို့ရိုးများက တုန်ယင်သွားသည်။ အောက်ခြေပိုင်းမှ ထိပ်ဆုံးအထိ ယမ်းခါသွားသည်မှာ ကြမ်းတမ်းလွန်းသဖြင့် သူတို့က ပြိုလဲကျတော့မည်ဟုပင် ခံစားလိုက်ရ၏။ မရေမတွက်နိုင်သော အုတ်ကျိုးအုတ်ပဲ့ပေါင်း များစွာက မြို့ရိုးပေါ်မှ ပြိုကျလာသည်။
“အား”
မြို့ရိုးဘက်မှ အော်ဟစ်သံများက ပေါ်ထွက်လာသည်။ ကြောက်လန့်တကြား အော်ဟစ်သံများက မြို့တစ်မြို့လုံးအနှံ့ ပျံ့နှံ့သွားသည်။ ကြေးစားစစ်သားများအပြင် ဝမ်ချောင်က ဒိုင်းကာသမား၊ လှံသမားများကိုလည်း ခေါ်လာခဲ့သည်။ ထိုသူများကလည်း စစ်တပ်တစ်ခုလုံးကို ထောက်ပံ့ပေးမည့် ကျွဲ၊ နွားများကို မြို့ထဲသု့ိ မောင်းသွားရသူများဖြစ်သည်။ ပဲ့ဟယ်မော့၏ တိုက်ခိုက်မှုက သူတို့အတွက် အဆိုးရွားဆုံး အိမ်မက်ဆိုးဖြစ်သွားသည်။
သို့သော် သူတို့က မတုန့်ပြန်နိုင်သေးခင် ဝက်ဝံနက်ကြီးက တာလာ့၏မြို့ရိုးကို တဖန် ဝင်ဆောင့်တိုက်ပြန်သည်။
“မဟုတ်သေးဘူး”
ပထမဦးဆုံး တုန့်ပြန်သူက စောင့်ကြည့်နေသည့် တုဝူစစ်လီဖြစ်သည်။ သူ၏မျက်မှောင်က အသားကုန် ကျုံ့နေပြီး တာလာ့ကိုကြည့်သည်။
“ဘာဖြစ်နေတာလဲ အာရေးဗီးယား ပဲ့ဟယ်မော့တွေက ကြီးပြီး အင်အားကြီးတာမှန်ပါတယ်။ ဒါပေမဲ့ မဟာဗိုလ်ချုပ် လေးယောက်ကတောင်မှ မတားနိုင်တော့ဘူးလား။ တာလာ့ရဲ့မြို့ရိုးက ဒီလိုအင်အားအပြည့်နဲ့ ခုခံတာကို ဘယ်လိုများ တောင့်ခံနိုင်တာလဲ”
အဝေးရှိ မြို့ရိုးက တဆတ်ဆတ် တုန်ခါနေပြီး အချိန်မရွေး ပြိုကျတော့မည်ဟု ထင်ရသော်လည်း တုဝူစစ်လီမြင်ချင်သည့် ပြိုကျသောမြင်ကွင်းက ပေါ်မလာသေးချေ။ ထို့ကြောင့် တာလာ့၏မြို့ရိုးက ဒီလို ကြောက်မက်ဖွယ်ကောင်းသော အကောင်ကြီး၏ ဝင်ဆောင့်တိုက်မှုကို ခံနေနိုင်သည့်အခါ အံ့အားသင့်လာရသည်။
“ဒါကဒီလောက် မရိုးရှင်းဘူး”
သာ့လွန်ရော့ကျန်း၏ အသံက ဘေးဘက်မှ ထွက်လာသည်။ သူ၏ ပညာတတ်တစ်ယောက်လို သေသပ် ကြည့်ကောင်းသော မျက်နှာက အံ့အားသင့်မှု အနည်းငယ်ကို ဖော်ပြသည်။
“တာလာ့ရဲ့မြို့ရိုးက လွန်ခဲ့တဲ့ နှစ်ရာကျော်လောက်ကတည်းက တည်ဆောက်ထားခဲ့တာ။ အဲ့ဒီအချိန်က တာလာ့က တောတွင်းနယ်မြေလေ။ အနီးအနားက အနောက်ပိုင်းနယ်မြေတွေ အားလုံးက စစ်ပွဲကြောင့် ပျက်စီးနေခဲ့ကြတာ။ ဒီလိုမြို့ကို တည်ဆောက်တဲ့အချိန်မှာ တာလာ့မြို့ကတည်း ဒီလို အဝိုင်းခံရနိုင်တယ်ဆိုတဲ့ အနေအထားကို တွေ့ခဲ့ပြီးသားပဲ။ ဒီအတွက်ကြောင့် ကြီးမားတဲ့“ဒဏ္ဍာရီရာရှာဆာ မြေသားခံတပ်ဝင်္ကပါ”ကို ထည့်သွင်းတည်ဆောက်ခဲ့ကြတယ်။ ဒီဆောက်လုပ်မှုက နှစ်နှစ်ဆယ်တောင် ကြာခဲ့တယ်။ နောက်ပြီး လုပ်သားအင်အား ခုနှစ်သိန်းကနေ ရှစ်သိန်းအထိ ပေါင်းပြီး တည်ဆောက်ခဲ့ကြရတာ သူတို့ရဲ့ပန်းတိုင်ကတော့ ဒီပိုးသားလမ်းမှာ ဘယ်တော့မှ မကျမဲ့မြို့ရိုးကို တည်ဆောက်ဖို့ပဲ။ ဒီလိုနဲ့သူတို့က ကပ်ဘေးတိုင်းကို တောင်ခံနိုင်လိမ့်မယ်”
“ပိုဆိုးတာက ဒဏ္ဍာရီရာရှာဆာ မြေသားခံတပ်ဝင်္ကပါက အရမ်းကို လေးစားဖို့ကောင်းတဲ့ မြေသား အခြေပြုစွမ်းအား ဝင်္ကပါဖြစ်နေတယ်။ တာလာ့ရဲ့မြို့ရိုးတွေကို ကြီးမားတဲ့ ကျောက်သားမြို့ရိုးတွေသုံးပြီး တည်ဆောက်ထားခဲ့တာ။ မြေသားအခြေပြုစွမ်းအင်တွေက ဒီတာလာ့ရဲ့ မြို့ရိုးတွေကို တစ်သားတည်းအဖြစ် ပေါင်းစည်းသွားစေတယ်။ ဒါကို ချိုးဖျက်ဖု့ိက လွယ်ကူတဲ့တာဝန် မဟုတ်ဘူး။ နောက်ပြီး အာရပ်တွေက မြေသားအခြေပြု စစ်သည်တော်တွေကို အသုံးပြုပြီး မတိုက်ခိုက်တာကလည်း ဒီအတွက်ကြောင့်ပဲ”
သာ့လွန်ရော့ကျန်းကပြောသည်။
“ငါဘာလို့ ဒီဒဏ္ဍာရီ ရာရှာဆာ မြေသားဝင်္ကပါခံတပ်အကြောင်း မကြားဖူးရတာလဲ”
တုဝူစစ်လီက မျက်လုံးကို မှေးကျဉ်းလိုက်သည်။ သူ၏မျက်နှာတွင် မယုံကြည်နိုင်သော မျက်နှာထားမျိုးက ပေါ်ထွက်နေ၏။
သာ့လွန်ရော့ကျန်းက လက်ကိုအသာယမ်းသည်။ သူက ဖြေ၏။
“ဟားဟား ဒီကိစ္စကို “တာလာ့ရဲ့မြို့မှတ်တမ်း”မှာ မှတ်တမ်းတင်ထားပြီးသား။ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်က ရေးသားထားခဲ့တာပေါ့။ တိုက်ဆိုင်စွာနဲ့ ငါ့ဆီမှာ ကူးယူထားတဲ့ တစ်စုံရှိနေတယ်။ အာရေးဗီးယား ဧကရာဇ်ကလည်း စာအုပ်တွေ စုဆောင်းရတာကို တအားပျော်မွှေ့တာ။ ဒီတော့ သူ့မှာလည်း ကူးယူထားတဲ့တစ်စုံ ရှိနေလိမ့်မယ်။ ဒီကိစ္စကို သိတဲ့လူက သိပ်မများဘူး။ ဒါပေမဲ့ အမှန်တရားကတော့ သံသယဝင်စရာ မရှိဘူး”
သူဟာ စာဖတ်ရခြင်းကို သဘောကျသည်။ မဟာထန်၏ သမိုင်းမှတ်တမ်းများ အမျိုးမျိုးသော စာအုပ်များကို စုဆောင်းရခြင်းကို သဘောကျသည်။ ထို့ပြင် အနောက်ပိုင်းနယ်မြေတခွင်လည်း အခြားသော သိုင်းပညာအကြောင်း မှတ်တမ်းများကိုလည်း စုဆောင်းထားသည်။
တာလာ့မှတိုက်ပွဲက အလွန်အမင်း အရေးကြီးလေရာ သူဟာ အိမ်စာကောင်းကောင်းမလုပ်ခဲ့ဘဲ သတင်းအချက်အလက် ကောင်းကောင်း မစုစည်းခဲ့ဘဲ ထွက်လာလိမ့်မည်မဟုတ်ချေ။
အခန်း(၉၅၄)
ဟော်ရှု့ဟွေ့ခမ်းက မျက်မှောင်ကျုံ့လိုက်သည်။ သူကမေးသည်။
“ဒါပေမဲ့ ဒဏ္ဍာရီ ရာရှာဘာ မြေသားခံတပ်ဝင်္ကပါက ပဲ့ဟယ်မော့ကတောင် မဖောက်နိုင်အောင် ဒီလောက် လေးစားဖို့ကောင်းနေရင် မဟာထန်က ပြိုင်ဘက်ကင်းတဲ့နေရာကို ယူထားနိုင်တာမဟုတ်လား”
“ဟား ဟား ဒီလောက်မလွယ်ဘူး”
သာ့လွန်ရော့ကျန်းက ခေါင်းကိုခါပြီးရယ်သည်။
“ဒဏ္ဍာရီ ရာရှာဘာ မြေသားခံတပ်ဝင်္ကပါက လွန်ခဲ့တဲ့ နှစ်နှစ်ရာကျော်က တည်ဆောက်ခဲ့တာ။ လွန်ခဲ့သော နှစ်တစ်ရာကျော် ဝန်းကျင်လောက်က ဒီဝင်္ကပါက သက်ရောက်မှုလျော့တဲ့ လက္ခဏာ ပြလာတယ်။ ပိုဆိုးတာက တစ်လောကလုံးအနှံ့ ကြည့်မယ်ဆိုရင် ဒီဝင်္ကပါက မြေသားထဲကစွမ်းအင် စုပ်ယူမှု နည်းသထက်နည်းကြောင်း ပြသလာတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒီဝင်္ကပါရဲ့ မူရင်းစွမ်းအား လေးဆယ် သို့မဟုတ် ငါးဆယ်ရာခိုင်နှုန်းလောက်ကိုပဲ ဖော်ထုတ်ပြသနိုင်တော့မှာ။ ဒီတော့ အကြာကြီးခံနိုင်မှာမဟုတ်ဘူး။ အာရေးဗီးယား သားရဲက တိုက်ခိုက်မှုတွေကို ဆက်တိုက် ထိန်းထားနိုင်ပြီး ဝင်္ကပါကို အကန့်အသတ်ကိုရောက်အောင် တွန်းပို့နိုင်သမျှ မြို့ရိုးကျမှာပဲ”
သာ့လွန်ရော့ကျန်း၏ အမူအရာက ပြောင်းလဲခြင်းမရှိဘဲ စိတ်အေးနေပုံပေါ်သည်။ သူ၏ယုံကြည်မှုကလည်း သူ၏ ပတ်ဝန်းကျင်တွင် တောက်ပသည့် အလင်းတန်းကို ဖြာထွက်နေစေသလို ထင်ရသည်။
လေးစားဖွယ်ကောင်းသော ပြိုင်ဘက်ပေါင်းများစွာနှင့် အမျိုးမျိုးသော အကြံအစည်များကိုသုံးကာ နှစ်ပေါင်းများစွာကြာအောင် စခန်းချ ရင်ဆိုင်ခဲ့ပြီးနောက် သာ့လွန်ရော့ကျန်းဟာ သူကိုယ်တိုင်အတွက် မှင်သက်ဖွယ်ကောင်းသည့် အသိဉာဏ်နှင့် တွက်ချက်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားလာခဲ့သည်။ အာရေးဗီးယား ပဲ့ဟယ်မော့စစ်တပ်က အနည်းငယ် အံ့ဩစရာကောင်းသော်လည်း သာ့လွန်ရော့ကျန်းကမူ တိုက်ပွဲ၏ အရှိန်ကို ခပ်မြန်မြန် ခန့်မှန်းလိုက်နိုင်သည်။ သူ၏မျှော်လင့်ထားမှုကို ကျော်လွန်မှု အနည်းငယ်ပင် မရှိလောက်သေးချေ။
“မဟာအမတ်မင်း မင်းရဲ့အတွေ့အကြုံကို မှီခိုရရင် ဒီမြို့ရိုးတွေပြိုကျဖို့ အချိန်ဘယ်လောက် လိုမယ်လို့ထင်လဲ”
တုဝူစစ်လီက ရုတ်တရက်မေးသည်။
“အခြေအနေကသာ သက်ရောက်တဲ့နည်းလမ်းကိုရှာပြီး မတားနိုင်ဘူးဆိုရင် ... ငါးမိနစ်မကျော်ဘူး”
သာ့လွန်ရော့ကျန်းက ယုံကြည်မှုအပြည့်နှင့် ကျုံးဝါးလိုက်သည်။
.....
အဝေးတွင် တစ်လောကလုံးက ယမ်းခါနေသည်။ တာလာ့အပြင်ဘက်ရှိ အနက်ရောင် ဝက်ဝံပဲ့ဟယ်မော့က ချီတက်ခြင်း၊ ထိုးသွင်းခြင်း၊ မြေသားကိုတူးဆွခြင်း၊ အော်ဟစ်ရင်းနှင့် အလုပ်များနေသည်။ အစစ်အမှန် တွေ့ကြုံခဲ့ဖူးသော လူများကသာ ထိုပဲ့ဟယ်မော့ဟာ မည်သည့်အတွက်ကြောင့် မြို့များ၏ ဖျက်စီးသူအဖြစ်ခေါ်ကြောင်း နားလည်ပေလိမ့်မည်။ သူ၏ တိုက်ခိုက်သည့် အရှိန်နှုန်းနှင့် လျှင်မြန်မှုနှုန်းက လူတိုင်း၏ မျှော်လင့်ထားမှုကိုကျော်သည်။ တစ်စက္ကန့်ဆိုသော အချိန်တည်းနှင့် သူဟာ မြို့ကို ငါးကြိမ်၊ ခြောက်ကြိမ်ခန့်ထိ တိုက်ခိုက်ပြီးလေပြီ။
ကောင်းကင်ကပင် သူ၏ကျယ်လောင်သော တွန်းတိုက်သံများကြောင့် တဝုန်းဝုန်းမြည်သံများနှင့် ပဲ့တင်ထပ်နေသည်။ တစ်မြို့လုံးကလည်း ကြောက်လန့်မှုကြောင့် တုန်ယင်နေသည်။
မြို့အတွင်းတွင် ထွက်ပြေးစရာ နေရာမရှိချေ။ ပဲ့ဟယ်မော့က ဝင်တိုက်လိုက်သည့် အချိန်တိုင်းလိုလို သေဆုံးခြင်းနတ်ဘုရားက အိမ်တံခါးလာခေါက်နေသလို သူတို့အနားသို့ လာကပ်ကာ ခေါင်းလောင်းတီးနေသလို ခံစားနေကြရသည်။
“မြန်မြန် သတ်ကြစမ်းပါ။ ဒီအကောင်ကို မြို့ရိုးဆီ မကပ်စေနဲ့”
ကောင်းရှန်းကျစ်၊ ချန်းချန့်လီ၊ ဝမ်ရန်နှင့် ပါးနားဟန်တို့အားလုံးကလည်း ထိုမြင်ကွင်းကြောင့် မှင်သက်ပြီး စိတ်လွတ်သွားကြ၏။ ပဲ့ဟယ်မော့၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်များက မြို့ကိုအကြာကြီး ခံနိုင်စေမည်မဟုတ်ချေ။
ဘုန်း ဘုန်း ဘုန်း
ကျယ်လောင်သော အသံမုန်တိုင်းများနှင့်အတူ ဝက်ဝံနက်ကိုယ်ကြီး၏ တွန်းတိုက်မှုကြောင့် မြို့ရိုးတွင် ကွဲအက်မှုများက ပေါ်ထွက်လာသည်။ ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် ဝမ်ရန်တို့အားလုံးကလည်း ထိုးနှင်လာကြ၏။ ထိုရိုက်ချက် တစ်ချက်ချင်းစီတိုင်းက သူတို့အားလုံးကို ကြောက်ရွံ့စေသည့် အင်အားများကို သယ်ဆောင်ထားသည်။
“အသုံးမဝင်ဘူး။ ဖျက်ဆီးသူက အခြားပဲ့ဟယ်မော့တွေနဲ့ မတူဘူး။ ဘယ်လိုတိုက်ကွက်မျိုးကိုမဆို သူက ရင်ဆိုင်နိုင်တယ်။ မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အားလုံးက အလကားပဲ”
မာစီက မဟာဗိုလ်ချုပ်သုံးယောက်က ဖျက်ဆီးသူကို တိုက်ခိုက်ရန် ကြိုးစားနေသောမြင်ကွင်းကိုကြည့်ပြီး အေးစက်စွာရယ်နေသည်။
ဖျက်ဆီးသူဟာ လူများကို တိုက်ခိုက်သည့်အချိန်တွင် လက်ရွေးစင် ကျွမ်းကျင်ပညာရှင်များ၏ တိုက်ခိုက်မှုကို ခံရနိုင်သည့်အချိန်ကို ဖျက်ချပြီး ဖန်တီးထားခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် အစပိုင်းကတည်းက ပြောင်မြောက်သည့် ခုခံနိုင်စွမ်းရည်ကို ထည့်သွင်းထား၏။ ပထမ ပဲ့ဟယ်မော့ တစ်ကောင်ကမူ ထိုကောင်ကို ယှဉ်နိုင်လိမ့်မည်မဟုတ်ချေ။
မြို့ရိုးများက ပြိုကျသွားပြီးလျှင်ပင် ကောင်းရှန်းကျစ်နှင့် အခြားသော မဟာဗိုလ်ချုပ်များက ဖျက်ဆီးသူကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။
အာဝူး...
မာစီက ထိုသု့ိ လှောင်နေသည့်အချိန်တွင် သူ၏နားအနောက်ဘက်မှ ကျယ်လောင်သည့် အူသံကို ကြားလိုက်ရသည်။ အံ့အားသင့်သွားသော မာစီက နောက်လှည့်ကာ ကြည့်လိုက်သောအခါ ကြေးခွံအပြည့်နှင့် ကြံ့ကြီးဖြစ်သည့် အကြမ်းဖက်သူက ကြီးမားသော လက်လေးဘက်နှင့် နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရကြောင်း တွေ့လိုက်ရသည်။ သူ၏တစ်ကိုယ်လုံးက တောက်ပသော ခရမ်းရောင်မီးတောက်နှင့် တောက်ပနေပြီး ထိုးလိုက်သော လက်သီးချက်တိုင်းက ထိုအကြမ်းဖက်သူ၏ ခေါင်းကို ချိန်ရွယ်သည်။ ထိုခရမ်းရောင်မီးတောက်များက အလွန်အမင်း ကြမ်းတမ်းသည်။ ဝမ်ချောင်၏ လက်သီးမှတဆင့် ထိုအကောင်ကြီး၏ ကိုယ်အတွင်းသို့ တိုးဝင်သွားပြီး ကြေးခွံများကိုပင် မီးရှို့ပြာချလာပုံပေါ်သည်။
ထိုအကြမ်းဖက်သူက အလွန်အမင်း လေးစားဖွယ်ကောင်းသည့် ခုခံစွမ်းအားကို ပိုင်ဆိုင်ထားပြီး သူ၏ကြေးခွံများက ဖျက်ဆီးသူ၏ ဆူးချွန်များထက်ပင် သာလွန်သည့် ခုခံနိုင်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သို့သော် ဝမ်ချောင်၏ လက်သီးချက် အနည်းငယ်ကတင် ထိုအကြမ်းဖက်သူကို နာကျင်မှုကြောင့် အော်ဟစ်နေစေသည်။ မာစီကိုယ်တိုင်ကပင် ထိုအပြောင်းအလဲကြောင့် သတိလက်လွတ်ဖြစ်သွားသည်။
သူကိုယ်တိုင်ကလည်း အကြမ်းဖက်သူဟာ ဒဏ်ရာပြင်းပြင်းထန်ထန် ရနေပြီး ပြင်းထန်သည့် နာကျင်မှုကို ခံစားနေရကြောင်း ခံစားကြည့်နိုင်သည်။ ရှင်းလင်းစွာဖြင့် ထိုတိုက်ကွက်များက အကြမ်းဖက်သူကို ခြိမ်းခြောက်နိုင်စွမ်းအားကြီးသည်။
“မဖြစ်နိုင်ဘူး မဟုတ်သေးပါဘူး။ ဘယ်သူကမှ အကြမ်းဖက်သူကို ဒီလောက်ထိ ထိခိုက်အောင် မလုပ်နိုင်ဘူး”
မာစီ၏မျက်လုံးက ပြူးသွားသည်။ သူ၏မျက်လုံးတွင် အံ့အားသင့်သည့် အလင်းများက လက်လာသည်။ သူဟာ သူ့မျက်လုံးသူပင် မယုံနိုင်တော့ချေ။
“ဘာတွေဖြစ်နေတာလဲ”
မာစီမဆိုထားဘိ အပုမူစလင်ကပင် အံ့ဩသွားပုံပေါ်သည်။
ပဲ့ဟယ်မော့များ၏ စွမ်းရည်ကို မေးခွန်းထုတ်ရန် မလိုချေ။ အပုမူစလင် ကိုယ်တိုင်ကလည်း ပြိုင်ဘက်များ၏ အပြောင်းအလဲကို ခန့်မှန်းနိုင်ပြီဟု ယုံကြည်ခဲ့သည်။ သို့မဟုတ်လျှင် ထန်မဟာဗိုလ်ချုပ် တစ်ယောက်လောက်က အကြမ်းဖက်သူကို ဒီလောက်ထိ နာကျင်စွာ အော်ဟစ်နေတာလောက်အောင် လုပ်နိုင်စွမ်းအား မရှိသင့်ချေ။
“လီစစ်ယဲ့ သူ့ရဲ့အဆစ်တွေကို တိုက်ခိုက်။ နောက်ပြီး အားလုံးပဲ ပဲ့ဟယ်မော့ရဲ့ ခြေထောက်ကို ဂရုစိုက်ထားကြ”
ဝမ်ချောင်၏ အော်သံက ပြင်ကျယ်တစ်ခုလုံးတွင် လွှမ်းထွက်နေသည်။ သူ၏နတ်ဘုရင်ရာမက အကြမ်းဖက်သူ၏ခေါင်းကို ဘေးဘက်မှ ဆွဲထားသည်။ လက်လေးဘက်လုံးကလည်း ဆက်တိုက် ထိုးနေခဲ့သည်။
သူ၏ ယခင်တွက်ချက်မှုက ယခုအခါ သက်သေပြလာနိုင်ခဲ့သည်။ လုဝူ၏ခွန်အားက ပဲ့ဟယ်မော့များကို ရင်ဆိုင်ရာတွင် အလွန်သက်ရောက်မှုပြင်းထန်ပြီး လက်သီးတစ်ချက်ချင်းစီတိုင်းက ပဲ့ဟယ်မော့၏ အတက်စွမ်းအင်ပေါင်း များစွာကို ဝမ်ချောင်၏ ကိုယ်အတွင်းသို့ စုပ်ယူနေခဲ့သည်။ အစပိုင်းတွင်မူ နတ်ဘုရင်ရာမက မဟာဗိုလ်ချုပ်တစ်ယောက်၏ အခြေခံ ခွန်အားကိုသာ ထုတ်သုံးနိုင်ခဲ့သည်။ သို့သော် ပဲ့ဟယ်မော့၏ အတက်စွမ်းအင်က သူ၏ခွန်အားကို တိုးမြှင့်လာစေခဲ့ပြီး ရူးသွပ်စွာဖြင့် ရပ်တန့်လာစေခဲ့သည့်အတွက် အလယ်အလတ် အဆင့်သို့ပင် ရောက်ရှိသွားစေခဲ့သည်။ ထို့ပြင် ဝမ်ချောင်၏ ကိုယ်ပိုင်ခွန်အားက ဆက်တိုက် မြင့်တက်နေခဲ့သည်။ သူတော်စင်သိုင်းနယ်မြေအဆင့် ခုနှစ်မှ ရှစ်ထိ ရောက်ရှိလာပြီး အဆင့်ကိုးသို့ တက်လက်စလမ်းတွင်ဖြစ်သည်။ သူဟာ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့်သို့ပင် ရောက်လာတော့မည်ဖြစ်သည်။
သူကသာ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်သွားခဲ့လျှင် သူ၏ခွန်အားက ပြဇာတ်ဆန်ဆန် ပြောင်းလဲသွားပေလိမ့်မည်။ သူနှင့် နတ်ဘုရင်ရာမတို့က သူ၏စစ်သည်တော် ခွန်အားများနှင့် ပေါင်းစပ်ပြီး ပို၍မြင့်မားသော အတိုင်းအတာထိ တိုက်ခိုက်နိုင်ပေလိမ့်မည်။
ဝေါင်း
ကြံ့ပုံသဏ္ဍန်ရှိသည့် ထိုပဲ့ဟယ်မော့ကြီးက ဝမ်ချောင်၏ တိုက်ခိုက်မှုများကြောင့် ဒေါသထွက်နေသည်။ သူဟာ အသားကုန်ကုန်းကာ အော်ဟစ်နေလေပြီး ဝမ်ချောင်ကို ကိုယ်ပေါ်မှ လွင့်ပစ်ရန်ကြိုးစားသည်။ သို့ရာတွင် ဝမ်ချောင်က ကောင်းရှန်းကျစ်ထက် အားနည်းချိန်တွင် သူ၏ ကျွမ်းကျင်မှုနှင့် စွမ်းရည်များက ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်ကြီး တုဝူစစ်လီကပင် မကိုင်တွယ်နိုင်သည့် အတိုင်းအတာမျိုးတွင် ဖြစ်နေသည့်အတွက် အသိဉာဏ်မရှိသည့် သားရဲတစ်ကောင်ဆိုလျှင် ပို၍ဆိုးသေးသည်။
ဘန်း
ဝမ်ချောင်က တစ်ချက်ယမ်းလိုက်ပြီး နတ်ဘုရားတစ်ပါး၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကိုသုံးကာ ပဲ့ဟယ်မော့ ဘေးဘက်ခြမ်းရှိ ကြေးခွံများကိုသုံးပြီး ဆွဲခွာ၍ အခြားတစ်ဖက်ခြမ်းသို့ ခုန်သည်။ သူက ခြေပြန်ချလိုက်သည့်အချိန် သူ၏လက်သီးများကလည်း မိုးရွာသွန်းသလိုမျိုး ပဲ့ဟယ်မော့၏ခေါင်းထံ ရောက်လာပြန်၏။ ကြမ်းတမ်းသော ခရမ်းရောင်မီးတောက်က ပို၍ပင် တောက်ပလာသလို လက်သီး တစ်လုံးချင်းစီတိုင်းက ပဲ့ဟယ်မော့၏ အတက်စွမ်းအင်များကို မှေးမှိန်လာစေသည်။
အာရပ် ပဲ့ဟယ်မော့စစ်တပ်ကပင် ထိုမျှမကြုံဖူးချေ။
“ဒီမျိုးမစစ်က ဘာကောင်လဲ။ လာစမ်းပါ။ တစ်ယောက်ယောက် သူ့ကိုသွားသတ်စမ်းပါ”
မာစီ၏ ခန္ဓာကိုယ်က ဒေါသဖြင့် တုန်ယင်နေသည်။
“ဆရာသခင် လေးသည်တော်တွေ ဆရာသခင် လေးသည်တော်တွေ ဘယ်ရောက်နေကြတာလဲ”
“အသုံးမဝင်ဘူး။ ဆရာသခင် လေးသည်တော်တွေရဲ့ တိုက်ကွက်က အင်ပါယာ မဟာဗိုလ်ချုပ်အဆင့်ကို မယှဉ်နိုင်ဘူး”
ကျစ်ရကပြောသည်။ သူ၏မျက်လုံးကလည်း တင်းမာနေပြီး တိုက်ပွဲကို လေ့လာနေသည်။ ကျစ်ရကပင် ဒီလိုအခြေအနေမျိုး ဖြစ်လာနိုင်သည်ဟု မမျှော်လင့်ထားမိချေ။ ပဲ့ဟယ်မော့စစ်တပ်က ကာလစ်အနေနှင့် အင်ပါယာတစ်ခုလုံးကို ထိန်းထားနိုင်သည့် အဓိကလက်နက်ဖြစ်သော အကြောင်းပြချက်ရှိသည်။ ကျစ်ရပင် မဆိုထားဘိ သူက မဟာဗိုလ်ချုပ်အဆင့်သို့ရောက်အောင် စတေးသည့် ပစ္စည်းများကို ထုတ်သုံးမည်ဆိုလျှင်ပင် ထိုအကောင်များကို တိုက်ခိုက်နိုင်မည်ဟု ယုံကြည်မှုမရှိပေ။
သူကဲ့သို့ အတွေ့အကြုံရှိသည့် ဗိုလ်ချုပ်ကြီးတစ်ယောက်ကပင် ထိုအခြေအနေကို မရှင်းပြနိုင်ချေ။
ရန်သူဘက်က ထိုငယ်ရွယ်သော မဟာဗိုလ်ချုပ်က ပဲ့ဟယ်မော့စစ်တပ်ကို ရင်ဆိုင်နိုင်သည့် တစ်စုံတစ်ရာ ရှိနေ၍ဟုသာ ပြောရတော့ပေမည်။ ခရမ်းရောင် မီးတောက်များပင်ဖြစ်စေ သို့မဟုတ် တစ်စုံတစ်ရာပင်ဖြစ်စေ ဖြစ်နိုင်သည်။ မည်သည့်အရာပင်ဖြစ်ဖြစ် အာရပ်များအတွက် မကောင်းချေ။
“သေလိုက်ပါတော့ ဆရာသခင် လေးသည်တော်တွေက သက်ရောက်မှုရှိမရှိ ငါဂရုမစိုက်ဘူး။ အဲ့ဒီ ထန်အကောင် သေရမယ်။ ကယ်လီဖိတ်အတွက်ပဲဖြစ်ဖြစ် ဒီတိုက်ပွဲအတွက်ပဲဖြစ်ဖြစ်”
မာစီက ဝမ်ချောင်ကို လက်ညိုးညွှန်လိုက်သည်။ သူ၏မျက်ဝန်းက အနီးအနားရှိ အပုမူစလင်နှင့် ကျစ်ရထံ ပြန်ရောက်သွားသည်။ အရှေ့ပိုင်းမှ ရာထူးအကြီးဆုံး ဗိုလ်ချုပ်များကို သူက အာရုံစိုက်ထားသည်။ သူ၏တာဝန်က မြို့ကို ဖျက်ဆီးရန် ထိပ်တိုက်တွေ့ဆုံမှုကို ကျော်ဖြတ်ရန်၊ အင်အားကြီး ရန်သူစစ်တပ်ကို ပျောက်ပျက်သွားအောင်လုပ်ရန်ဖြစ်သည်။ စစ်တပ်အတွင်းရှိ ကျွမ်းကျင်ပညာရှင်များအတွက်ကမူ အပုမူစလင်နှင့် ကျစ်ရတို့က တာဝန်ယူပေးရန် မလိုအပ်ချေ။
မာစီ၏ အဓိပ္ပာယ်က အလွန်အမင်း ရှင်းလင်းပြတ်သားသည်။ အရှေ့ပိုင်း၏ အာရပ်စစ်တပ်တွင် အပုမူစလင်နှင့် ကျစ်ရက ရာထူးအကြီးဆုံးဖြစ်ပြီး ထိုအကောင်ကို ခြိမ်းခြောက်ပေးနိုင်သူဖြစ်သည်။
“စိတ်အေးအေးထား သူမရှင်ပါဘူး။ ဒီတိုက်ပွဲက ဘယ်လိုပဲဖြစ်လာဖြစ်လာ သူက အရှေ့ပိုင်းကနေ အသက်ရှင်လျှက် မထွက်သွားနိုင်ပါဘူး”
အပုမူစလင်က သူ၏ အင်အားအပြည့်ပါပြီး ကြမ်းတမ်းသော လေသံမျိုးဖြင့်ပြောသည်။ သူ၏အကြည့်ကလည်း အထင်သေးမှုအပြည့် ပါနေ၏။ အသံကပင် နိမ့်နေသည်။
“အမှန်တိုင်းပြောရရင် မင်းမြင်တဲ့ အဲ့ဒီထန်တွေအားလုံးထဲမှာ ဘယ်သူကမှ ထွက်သွားနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင်တော့ ငါတို့ရဲ့ သဘောတူညီမှုတိုင်း မင်းလုပ်တာကို ငါလိုချင်သေးတယ်။ ထန်တွေရဲ့ ခုခံရေးအားလှိုင်းကိုဖျက် သူတို့ရဲ့ မြို့ရိုးကိုဖြို”
အပုမူစလင်က မာစီကို နက်နဲသော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ သူ၏အဓိပ္ပာယ်က ရှင်းလင်းသည်။
အဖက်ဖက်တိုင်းတွင် မာစီက ခုခံရေးအားလှိုင်း အပြင်ဘက်တွင်ရပ်ပြီး ထန်မဟာဗိုလ်ချုပ်တစ်ယောက်ကို တိုက်ခိုက်ခိုင်းသော လုပ်ရပ်က ဉာဏ်ပညာမရှိကြောင်း ဗျူဟာကျကျ ဖော်ပြနေသည်။ အာရပ်များကလည်း ထိုတိုင်း လိုက်မလုပ်ပေးနိုင်ချေ။ အပုမူစလင်က ထန်ခုခံရေးအားလှိုင်းကို ပျက်စေလိုသည်။ ထိုမြို့ရိုး မပျက်သမျှ တိုက်ပွဲက ခြားနားသော အနေအထားအတိုင်း ဆက်ဖြစ်နေပေလိမ့်မည်။
အာရပ်စစ်သည် သိန်းကျော်ကလည်း ရန်သူကို နင်းချေရန် လိုအပ်သေးသည်။
“နားလည်ပြီ အရှင်အုပ်ချုပ်သူ စိတ်အေးအေးထားပါ။ ငါတို့ သဘောတူထားတဲ့အတိုင်း ငါလုပ်ပေးမယ်”
မာစီက အရှေ့မှ မည်သူ့ကိုမျှ ဂရုမစိုက်သည့်တိုင် ထိုတခဏတွင် သူ၏မျက်နှာက နီရဲနေပြီး ကြမ်းတမ်းစွာ ဂါရဝပြုလိုက်သည်။ ထို့နောက် အကြမ်းဖက်သူပင်ဖြစ်စေ၊ ဖျက်ဆီးသူပင်ဖြစ်စေ အောင်မြင်မှ ဖြစ်ပေလိမ့်မည်။ သူတို့အောင်မြင်မှသာ ပဲ့ဟယ်မော့စစ်တပ်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။
သူက တုန့်ဆိုင်းမနေတော့ဘဲ အနောက်ဘက်သို့ လက်တစ်ချက် ယမ်းလိုက်ပြီး အနက်ရောင်ဝတ်ရုံ ခြုံထားသော လူတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
အခန်း(၉၅၅)
ကပ်ဘေးပြိုလဲမဲ့လက္ခဏာ
ခလွီး..
အရိုးပလွေ၏ စူးရှသော အသံက တိုက်ပွဲနယ်မြေတစ်ခုလုံးကို ကျော်ဖြတ်သွားသည်။ ထိုအသံကို ကြားသောအခါ ဝမ်ချောင်၏ တိုက်ကွက်များကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေသည့် အကြမ်းဖက်သူက ရုတ်တရက် စိတ်ငြိမ်သွားသည်။ သူဟာ သူ၏ သွေးနီရောင်မျက်ဝန်းကို ဝမ်ချောင်ထံမှ ဖယ်ခွာပြီး အဝေးရှိ သံမဏိခုခံရေးအားလှိုင်း နှစ်လှိုင်းနှင့် သိပ်သည်းသော ထန်စစ်သည်တော်များကိုကြည့်သည်။
“သောက်ကျိုးနည်း အာရပ်တွေက ပဲ့ဟယ်မော့တွေကို အတင်းတိုက်တွန်းနေတာ”
ဝမ်ချောင်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး မကောင်းသော ခံစားချက်ကို ရလိုက်သည်။ သူဟာ မြို့ရိုးထဲမှ ခုန်ထွက်ပြီး ပဲ့ဟယ်မော့တစ်ကောင်ကို ကိုယ်တိုင် ကိုင်တွယ်လျှက် ခုခံရေးအားလှိုင်းနှင့် စစ်သည်တော်များ၏ ဆုံးရှုံးမှုကို ဖာထေးရန် ရည်ရွယ်ခဲ့သည်။ သို့သော် အာရပ်များကမူ ထိုအခြေအနေကို သတိထားမိပုံရပြီး သူတို့ကို အတင်းအကြပ် တိုက်တွန်းလုနီးပါး ဖြစ်လာစေသည်။
ဝေါင်း
ကောင်းကင်ကိုပင် တုန်ခါသွားစေသည့် ဟိန်းသံနှင့်အတူ အကြမ်းဖက်သူက လက်လေးဘက်လုံးကို စတင်ကာ လှုပ်ရှားသည်။ သူက ကျန်သည့်မြို့ရိုးထံ အတင်းခုန်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားများက ခန္ဓာကိုယ်မှ ပေါက်ထွက်လာသည်။
“လီစစ်ယဲ့ ဂရုစိုက် အားလုံးပဲ နောက်ဆုတ်ကြ”
ဝမ်ချောင်၏ မျက်လုံးက မှေးကျဉ်းသွားပြီး အန္တရာယ်ကို အာရုံခံမိကြသည်။
ဝူရှန်းမြင်းတပ်က မြေပြင်တွင်သာ တချိန်လုံး ရှိနေကြခြင်းဖြစ်သည်။ ပဲ့ဟယ်မော့၏ တိုတောင်းသော်လည်း တုတ်ခိုင်သည့် ခြေထောက်များ၏ တိုက်ခိုက်ခံရသည့် အချိန်တွင် အများစုက ပဲ့ဟယ်မော့ထံ တဖြောင့်တည်း ချီတက်လာခြင်းနှင့် ကွက်တိဆုံသွားသည်။ ပဲ့ဟယ်မော့၏ ရုတ်တရက် လှုပ်ရှားမှုကလည်း ဝူရှန်းမြင်းတပ်ထံမှ ကြီးလေးသည့် ဆုံးရှုံးမှုဖြစ်နိုင်သည်။
“နောက်ဆုတ်”
လီစစ်ယဲ့၊ ခုံးကျစ်အန်းနှင့် အခြားသောလူတိုင်းက နောက်ဆုတ်လိုက်သည့် တခဏတွင် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားရသည်။ ကြီးမားသော ဖုန်လုံးကြီးများက လေထဲသို့ မြောက်တက်သွားပြီး ကြေးခွံအပြည့်နှင့် အာရေးဗီးယား ပဲ့ဟယ်မော့က အလွန်လျှင်မြန်သည့် အရှိန်နှုန်းနှင့် စတင်ကာ လှုပ်ရှားသည်။ သူက ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်လာသည်။
ဘန်း
ဝူရှန်းမြင်းတပ် ရာပေါင်းများစွာက ထိုနေရာမှ နောက်ဆုတ်ပြီး တစ်စက္ကန့်ခန့် ကြာပြီးနောက် ကြီးမားသော ခြေထောက်ကြီးက စတင်ကာ နင်းချေပြီး နက်ရှိုင်းသည့် ခြေရာကြီးကို ချန်ရစ်သည်။ စစ်တပ်အတွင်း အလန့်တကြား အော်ဟစ်သံများက ပေါ်ထွက်လာ၏။ သူတို့ကသာ အနည်းငယ် နှေးကွေးသွားခဲ့လျှင် အသားပြားဖြစ်သွားလောက်သည်။
ဝူရှန်းမြင်းတပ်က ပဲ့ဟယ်မော့၏အင်အားကို ရင်ဆိုင်ရချိန်တွင် ရုတ်တရက် ပဲ့ဟယ်မော့၏ အထက်မှ အော်ဟစ်သံက ထွက်ပေါ်လာသည်။
“သားရဲ မင်းကဘယ်ကိုသွားမှာလဲ”
ဝမ်ချောင်က အကြမ်းဖက်သူကို အပြည့်အဝ အာရုံစိုက်ထားသည်။ ပဲ့ဟယ်မော့က ရုတ်တရက် အင်အားများဖြင့် ပေါက်ထွက်လာပြီး ချီတက်တော့မည့်အချိန်တွင် နတ်ဘုရင်ရာမက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ထိုအကောင်၏ ခပ်တိုတိုအမြှီးကိုဆွဲသည်။
“ဟီဟီ”
အောင်မြင်သွားသည့် ဝမ်ချောင်က ချက်ချင်းဆိုသလို ဒူးတစ်ဖက် ထောက်ချလိုက်သည်။ သူ၏ခန္ဓာကိုယ်က အခြားလက်သုံးဖက်လုံးကိုသုံးပြီး ပဲ့ဟယ်မော့၏ နောက်ခြေထောက် နှစ်ချောင်းကိုလည်း ဆွဲထားပြန်သည်။ ပဲ့ဟယ်မော့၏ ခွန်အားက များပြားသန်မာသည်။ ဝမ်ချောင်၏ လက်သီးထိုးချက်များကလည်း သူ၏အတက်စွမ်းအင်ကို စုပ်ယူလိုက်နိုင်သည်။
ဝမ်ချောင်က ပဲ့ဟယ်မော့၏ ကိုယ်ထဲမှ စွမ်းအင်များကိုသုံးပြီး အလယ်အလတ် မဟာဘုရင်အဆင့်ကို ရောက်ရှိနိုင်သေးလေသည့်တိုင်အောင် သူနှင့် ပဲ့ဟယ်မော့ကြားမှ အင်အားခြင်း ကွားခြားချက်က သိသာနေသေးသည်။ ပဲ့ဟယ်မော့က သူ၏ခွန်အားတိုင်းကို ပြန်လည်မြှင့်တင်ပြီး ခုခံရေးအားလှိုင်းထံ အသည်းအသန် ချီတက်သွားခဲ့လျှင် ဝမ်ချောင်ကပင် တားနိုင်မည်မဟုတ်ချေ။
ဝုန်း
ကြောက်မက်ဖွယ်ကောင်းသည့် လေပြင်းနှင့်အတူ ခြေကန်ချက်များက ထွက်ပေါ်လာသည်။ သဲနှင့်ဖုန် မုန်တိုင်းများက အဝေးရှိ တာလာ့မြို့ရိုးထံရောက်သည်။ ကြေးခွံနှင့် ကြံ့သားရဲက အနောက်တွင် လေပြင်းကို ချန်ထားရစ်ခဲ့သည်။
ခီး....
ပဲ့ဟယ်မော့က တရွတ်တိုက်ဆွဲမှုနှင့်အတူ နတ်ဘုရင်ရာမ၏ ခြေထောက်နှစ်ဖက်လုံးကလည်း မြေပြင်တွင် ကြီးမားသည့် တူးမြောင်းကြီးကို ချန်ထားရစ်ခဲ့ရသည်။ ထို့နောက် ဖုန်တိမ်စိုင်များကို ချန်ထားရစ်၏။
“သေစမ်း ဒီလိုနဲ့တောင် မယှဉ်နိုင်သေးဘူး”
ဝမ်ချောင်၏မျက်နှာက တင်းမာသွားသည်။
“ဝါး”
သူ၏အရှေ့ဘက်မှလာသည့် အထိတ်တလန့်ဖြစ်နေသော စစ်သည်တော်များ၏ အော်ဟစ်သံများကို ကြားရသည်။ သူတို့က အလန့်တကြား နောက်ဆုတ်ကြ၏။ ကျန်းတစ်ထောင်၊ ကျန်းရှစ်ရာ...
အကွာအဝေးက တိုလာသည်။ လေထုကတည်း တင်းကြပ်လာပြီး အထိတ်တလန့်ဖြစ်လာ၏။ ဝမ်ချောင်၏ စိုးရိမ်မှုက အထွတ်အထိပ်သို့ ရောက်သွားသည်။ ပထမဦးဆုံး ချီတက်မှုတွင် မဟာထန်က စစ်သည်တစ်သောင်း ဆုံးရှုံးသွားသည်။
ထိုကြံ့ပုံသဏ္ဍန်ရှိသည့် ပဲ့ဟယ်မော့ကသာ ဒုတိယခုခံရေးအားလှိုင်းကို ဒီအရှိန်နှုန်းနှင့် ဝင်တိုးမည်ဆိုလျှင် စစ်တပ်တစ်ခုလုံးက ဒီနေ့ပြိုကျသွားလောက်သည်။ သူအင်အားစိုက်ထုတ်ပြီး ကြိုးစားထားသမျှ အရာအားလုံးက လေနှင့်လွင့်သွားလောက်ပြီ။
“စစ်သည်တော်တိုင်း အသင့်ရပ်နေ”
ခုခံရေးအားလှိုင်း တစ်ခုလုံးအနှံ့ စူးရှသည့်အော်သံက ပဲ့တင်ထပ်လာသည်။ ချန်းပင်း၏ ညာလက်က ဝု့စ်သံမဏိဓားကို တင်းတင်း ဆုပ်ကိုင်ထားသည်။သူက အရှေ့သို့ ချိန်ရွယ်သည်။ သူ၏အကြည့်က အဝေးတွင်ဖြစ်သည်။ ချန်းပင်း၏ စကားနှင့်အတူ မရေမတွက်နိုင်သော လက်နက်ကြီးများက အဝေးရှိ ကြေးခွံနှင့် ပဲ့ဟယ်မော့ကိုပစ်သည်။
“လက်နက်ကြီးတိုင်း သုံးဆယ်ဒီဂရီကိုချိန် ပဲ့ဟယ်မော့ရဲ့ခေါင်းကို ပစ်မှတ်ထားပြီးပစ်”
ချန်းပင်း၏အသံက တင်းကြပ်သော လေထုတစ်ခုလုံးမှ ဖောက်ထွက်လိုက်သည်။ သူဟာ သူ၏ ရဲဘော်ရဲဘက်များထက် မလျော့သော ထိတ်လန့်မှုမျိုး ဖြစ်နေသည်။ သို့သော် သူ၏အသံကမူ တည်ငြိမ်နေသည်။ သူ၏ မျက်ဝန်းကလည်း ပဲ့ဟယ်မော့ထံတွင်သာ ထာဝရရှိနေမည့်ပုံပေါ်သည်။
စစ်သည်တစ်သိန်းကျော်လုံး မှီခိုအားထားနိုင်သည့် အရာက ထိုလက်နက်ကြီးများသာဖြစ်သည်။ လက်နက်ကြီး သုံးထောင်က စစ်တပ်၏ နောက်ဆုံးသော မျှော်လင့်ချက်ဖြစ်သလို ခုခံမှုလည်းဖြစ်သည်။ မည်သို့ပင်ဆိုစေ သူက နောက်ဆုတ်၍မရချေ။
ခြိမ်း
ထိုအကောင်ကြီးက ချီတက်လာမှုနှင့်အတူ မြေပြင်ကပင် ကွဲအက်သလို တသိမ့်သိမ့် တုန်လာသည်။ ကျန်းခြောက်ရာ၊ ကျန်းလေးရာ...
အကွာအဝေးက ကျုံ့သထက် ကျုံ့လာသည်။ သဲမုန်တိုင်းက စစ်သည်တော်များ၏ မျက်နှာကိုပင် လာရိုက်လာ၏။ သံမဏိမြို့ အနောက်ဘက်တွင် ကြေးစားစစ်သည်တော်များ၏ မျက်နှာကို သဲများက အပ်များကဲ့သို့ လာထိုးလာသည်။ သို့ရာတွင် သူတို့အားလုံးကလည်း သူတို့၏ နေရာတွင် ရပ်နေသော ကျောက်တုံးကြီးများကဲ့သို့ မရွေ့လျားဘဲ ရှိနေကြသည်။
စက္ကန့်အနည်းငယ် ကုန်လွန်သွားပြီးနောက် ပဲ့ဟယ်မော့အကောင်က ကျန်းတစ်ရာခန့်အကွာသို့ ရောက်ရှိလာသည်။ ထို့နောက် ကျန်းသုံးရာခန့်သာ ကွာဝေးတော့သော အချိန်တွင် လူတိုင်းကလည်း အလွန်အမင်း ပြင်းထန်သည့် အန္တရာယ်ကို ခံစားလိုက်မိသည်။ သေဆုံးခြင်းရနံ့က အလွန်ပြင်းထန်လာပြီး အတွေ့အကြုံရှိသော လူဟောင်းများအားလုံး၏ မျက်နှာကိုပင် ဖြူဖျော့သွားစေလေသည်။
သို့တိုင်အောင် မည်သူကမှ မထွက်ပြေးကြချေ။
“ပစ်”
သေဆုံးခြင်းရနံ့က လေထဲတွင် အလွန်သိပ်သည်းလာသည့်အချိန်တွင် ချန်းပင်းက သူ၏ ဝု့စ်သံမဏိဓားကို အောက်သို့ လွှဲယမ်းချသည်။
ဘုန်း ဘုန်း ဘုန်း
ထိုလက်နက်ကြီးများက ကောင်းကင်ထံမှ ဖောက်ထွက်လာသည့် နဂါးများကဲ့သို့ ပဲ့ဟယ်မော့၏ ခေါင်းနှင့် တည့်တည့်ဝင်တိုးသွားသည်။ လက်နက်ကြီး ထောင်ပေါင်းများစွာ၏ ဟိန်းသံက ဆူညံသည့် မုန်တိုင်းကဲ့သို့ အော်ဟစ်သံမျိုးကို ထုတ်လွှတ်လေပြီး အခြားသော အသံတိုင်းကို လွှမ်းမိုးလိုက်သည်။
အာဝူး...
လက်နက်ကြီးသုံးထောင်က ပဲ့ဟယ်မော့၏ခေါင်းကို ထိမှန်သွားသည်။ ပဲ့ဟယ်မော့၏ ကိုယ်ပေါ်မှ ကြေးခွံများကပင်ကျွတ်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် ထိချက်ဖြစ်သွားလောက်သည်။ သူကလည်း နာကျင်စွာ အော်ဟစ်သည်။ သူ၏ ပင်လယ်ကြီးကဲ့သို့ ကျယ်ပြောသော အတက်စွမ်းအင်များကလည်း အားနည်းစပြုလာသည်။ သို့သော် ပဲ့ဟယ်မော့၏ အရှိန်က မနှေးကွေးသွားခဲ့ချေ။
“ထပ်ပစ်”
ချန်းပင်း၏မျက်နှာထားက ပြောင်းလဲခြင်းမရှိဘဲ လက်ကိုထပ်မြှောက်ပြီး ထပ်ယမ်းချသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း ဒုတိယတစ်သုတ်က တဖန်ထပ်ပစ်ပြီး ပဲ့ဟယ်မော့၏ခေါင်းကို ချိန်ပြန်သည်။
“ထပ်ပစ်”
တတိယတစ်သုတ်က တဖန် ထပ်ပစ်ပြန်သည်။ ထိုအရာက ထူထည်းသော ကြေးခွံကို ကျော်ဖြတ်ပြီး အသားထဲသို့ရောက်သည်။ သို့သော် မည်သည့်အရာကမှ ထိုအကောင်ကို သေစေနိုင်သည်အထိ မခြိမ်းခြောက်နိုင်ချေ။
“မလုံလောက်ဘူး”
လက်နက်ကြီးအဖွဲ့ထဲမှ အရာရှိတစ်ယောက်က အော်သည်။
“ပဲ့ဟယ်မော့ရဲ့ ခေါင်းကြေးခွံက မာကြောလွန်းတယ်။ ကြေးခွံကိုကျော်ဖြတ်ပြီး အသားကို ထိနိုင်မှ ငါတို့ရဲ့ လက်နက်ကြီးတွေက သူ့ရဲ့အရိုးထဲထိ မဖောက်နိုင်ဘူး”
ပဲ့ဟယ်မော့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံငုံကြည့်သော် ခေါင်းကသာ ကြေးခွံအနည်းဆုံး နေရာဖြစ်သည်။ သို့သော် လက်နက်ကြီးများက ကြေးခွံကို မဖောက်နိုင်ပြန်ချေ။ ဆိုလိုသည်မှာ သူတို့က ထိုအကောင်ကို ဘယ်သောအခါမှ သတ်နိုင်လိမ့်မည်မဟုတ်ချေ။ သူတို့၏ တိုက်ကွက်က မည်မျှကြမ်းတမ်းနေစေကာမူ မဖြစ်နိုင်ချေ။
“အရှင် ငါတို့ ဘယ်လိုလုပ်ကြမလဲ”
အားလုံးက ချန်းပင်းကိုကြည့်သည်။
ချန်းပင်းက တိတ်ဆိတ်သွားသည်။ သူ၏သံချပ်ကာက လေတွင် တချွင်ချွင် မြည်နေသည်။ သူ၏ဆံပင်က လေတွင်လွင့်နေသည်။ သူ၏ခေါင်းအတွင်း အတွေးပေါင်းများစွာက ကစဉ့်ကလျား ဖြတ်ပြေးနေ၏။ လက်နက်ကြီးတပ်ဖွဲ့ တစ်ခုလုံးက နောက်ဆုံးသော ခံတပ်လွှာဖြစ်သည်။ လက်နက်ကြီးများကသာ ဘာမှမလုပ်နိုင်ခဲ့လျှင် ချန်းပင်းက လုပ်နိုင်စွမ်းအား မရှိတော့ဟု ဆိုလိုသည်။ သို့သော် ချန်းပင်းကလည်း နောက်မဆုတ်နိုင်သလို ဘာမှမလုပ်ဘဲနေ၍လည်းမရချေ။ လက်နက်ကြီးအဖွဲ့က စစ်တပ်တစ်ခုလုံး၏ စိတ်ဓာတ်အင်အားကို တက်ကြွစေနိုင်သည့်နေရာ နှလုံးသားလည်းဖြစ်သည်။ ကြီးမားသော ပဲ့ဟယ်မော့၏ အော်သံက ကျန်းနှစ်ရာပင် မဝေးတော့ချေ။
“ချန်းပင်း မင်းရဲ့အဖွဲ့ကို ဘေးဘက် ထွက်ရပ်နေခိုင်းလိုက်”
ထိုအခိုက် အနောက်ဘက်မှ အသံတစ်သံ ထွက်လာသည်။ ချန်းပင်းက ခေါင်းမော့လိုက်သောအခါ လေထဲတွင် မြောက်တက်သွားသည့် ခရမ်းရောင်မီးလုံးကို မြင်လိုက်ရ၏။ ကြီးမားသော လက်လေးဘက် နတ်ဘုရားကြီးက ရုတ်တရက် ပဲ့ဟယ်မော့၏ အနောက်ဘက်မှ ခုန်တက်လာပြီး လေထုကို ကျော်ဖြတ်လာ၏။ သူ၏လက်မောင်းနှစ်ဖက်က ပဲ့ဟယ်မော့၏ကျောကို လှမ်းဖိထားသည်။ သူ၏ တစ်ကိုယ်လုံးက ခုန်ပျံသွားပြီးနောက် ပဲ့ဟယ်မော့၏ အရှေ့ဘက်ရှိ ခြေထောက်များ အရှေ့တည့်တည့် ရောက်သွားသည်။
ဘုန်း
နတ်ဘုရင်ရာမ ကျလိုက်သည့် တခဏတွင် ခရမ်းရောင်မီးတောက်များ ပါဝင်သည့် လက်သီး လေးချက်လုံးက ပဲ့ဟယ်မော့၏ခေါင်းကို ထိမှန်သွားသည်။ ကြီးမားသော အံ့အားသင့်ဖွယ် အားလှိုင်းများက ဖြာထွက်လာလျှက် မြေကမ္ဘာတစ်ခုလုံးက ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တသိမ့်သိမ့် တုန်သွားသည်။
“ကျန်းရှို့ကျစ် မဟာလက်နက်ကြီးက ပြီးပြီလား။ ဘယ်လောက်ကြာအုံးမှာလဲ”
ဝမ်ချောင်က ဒေါသတကြီးအော်သည်။ သူ၏အသံထဲတွင် တောင့်တင်းမှုကို ဖော်ပြနိုင်သည်။
“မကောင်းတော့ဘူး အချိန် မလုံလောက်ဘူး”
ကျန်းရှို့ကျစ်က စိုးရိမ်တကြီး ပြန်အော်သည်။ သူ၏အနားရှိ လက်မှုပညာရှင်များ အားလုံးကလည်း စိုးရိမ်တကြီး ဖြစ်နေကြသည်။ သူတို့အားလုံးကလည်း စိုးရိမ်တကြီး ကြည့်ကြသည်။ သူတို့၏ နဖူးတွင် ချွေးများ ပြည့်နှက်နေလေပြီ။ သို့သော် ထိုအရာကို သုတ်ရန် အချိန်မရချေ။ တစ်ထောင်ကျော်သော လူများအားလုံးက ကြီးမားသော မဟာလက်နက်ကြီးကို တပ်ဆင်နေကြသည်။ သူတို့အားလုံးက အတက်နိုင်ဆုံး ကြိုးစားပြီး ပူးပေါင်းဆောင်ရွက်နေကြသည့်တိုင်အောင် အချိန်က မလောက်ချေ။
“အချိန်ထပ်မရှိတော့ဘူး မြန်မြန်”
ဝမ်ချောင်၏ စိုးရိမ်တကြီးအော်သံက တိုက်ပွဲနယ်မြေ တစ်ခုလုံးထံ ပဲ့တင်ထပ်သွားသည်။ ပဲ့ဟယ်မော့က အလွန်အမင်း အင်အားကြီးမားသည်။ ဝမ်ချောင်ကပင် ထိုအကောင်၏ အကြမ်းပတမ်း ရုန်းကန်မှုတွင် မပြုတ်ကျအောင် ထိန်းထားနိုင်ကြောင်း မသေချာချေ။ ဒီမဟာလက်နက်ကြီးကသာ ဝမ်ချောင်၏အကြံမှ အဓိက အသက်သွေးကြောအပိုင်းဖြစ်သည်။ သို့သော် အချိန်က မလောက်တော့ချေ။
“ရာမက လောကကို ဆင်းသက်ခြင်း”
ဝမ်ချောင်က နတ်ဘုရင်ရာမမှ အင်အားအကြီးဆုံး သိုင်းကွက်ကို တစ်ကြိမ်ထပ်သုံးလိုက်သည်။ ထိုသိုင်းက မဟာဗိုလ်ချုပ် အလယ်အလတ်အဆင့်သို့ မရောက်ခင်အထိ သုံးနိုင်စွမ်းရည် မရှိသော သိုင်းကွက်လည်းဖြစ်သည်။
ဘုန်း
နတ်ဘုရင်ရာမက ရုတ်တရက် လက်လေးဘက်လုံးကို ကြက်ခြေခတ်လိုက်သည့် အချိန်တွင် လောကတစ်ခုလုံးကပင် ရန်ငြိုးကြီးဝိညာဉ်များ၏ ငိုညဉ်းသံ၊ ကျိန်ဆဲသံများဖြင့် ပြည့်နှက်သွားပုံပေါ်သည်။ ဒီတစ်လောကလုံးမှ မူလစွမ်းအင်များက ဝမ်ချောင်၏ ပတ်ပတ်လည်တွင် စုစည်းလာပုံပေါ်သည်။
ဘုန်း
သူ၏ခြေထောက်က ကွဲသွားပြီး ခန္ဓာကိုယ်က ရှေ့သို့ငုံ့ကိုင်းသွားသည်။ သူ၏ ကြီးမားသော လက်မောင်းကြီးများက ကြေးခွံနှင့် ထိုပဲ့ဟယ်မော့ကို တိုက်ရိုက် ထိုးသွင်းပြီး ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများကို အပြည့်အဝ ထုတ်ဖော်လိုက်လျှက် ထိုအကောင်ကို ရပ်တန့်အောင်တားသည်။
ပဲ့ဟယ်မော့၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားနှင့်တင် သူ၏အရှိန်နှုန်းက နှေးကွေးသွားသည်။
ဝှစ်
တိုက်ပွဲနယ်မြေတစ်ခုလုံးအနှံ့ ဝရုန်းသုန်းကားဖြစ်သော ဖြစ်စဉ်က ပေါက်ထွက်လာသည်။ ထန်စစ်တပ်က မဟုတ်သလို အဝေးရှိ တိဗက်၊ တူရကီနှင့် အာရပ်များထံမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ သူတို့အားလုံးကလည်း ပဲ့ဟယ်မော့၏ အင်အားကို မြင်နိုင်ပြီးသားဖြစ်သည်။ မည်သူကမှလည်း ဝမ်ချောင်ဟာ လက်ဗလာနှင့် ထိုအကောင် ရှေ့မတက်အောင် တားနိုင်မည်ဟု မမျှော်လင့်ထားကြချေ။