← Chapters

အခန်း (၁၃၄)

Vol. 14 Ch. 134

အခန်း (၁၃၄)

Vol. 14 Ch. 134

အခန်း။ ၁၃၄

"ငါ ကားအမိုးပေါ်မှာ ကြာကြာကြီး လိုက်လာလို့ လေတိုက်ပြီး ဦးနှောက်တွေများ ထိကုန်ပြီလား"

"ဇွန်ဘီတွေ ကားမောင်းတာကို မြင်ရရုံတင်မကဘူး။ အခု လယ်ပါ စိုက်နေကြတာလား ဒါထက်ပိုပြီး ရယ်စရာကောင်းတာ ရှိဦးမလား"

သို့သော် ခဏတာ မှင်တက်သွားပြီးနောက် လီယင်း၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး သူ၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာခဲ့သည်။

"ဇွန်ဘီတွေက ဘယ်အချိန်ကတည်းက ဒီလောက်အထိ ဆင့်ကဲပြောင်းလဲသွားတာလဲ ကြည့်ရတာ လူသားတွေနဲ့တောင် မခြားနားတော့ဘူး"

"သေသေချာချာ မကြည့်ရင် ဒီကောင်တွေက လူလား ဇွန်ဘီလားဆိုတာတောင် ခွဲခြားလို့ မရနိုင်တော့ဘူး"

တစ်ကမ္ဘာလုံးက ကမ္ဘာပျက်ကပ် ဘေးဒုက္ခထဲ ကျရောက်နေပြီး ဘီလီယံနဲ့ချီတဲ့ လူတွေက ဇွန်ဘီတွေ ဖြစ်ကုန်ကြပြီ။ ကျန်ရှိနေတဲ့ လူသားအရေအတွက်ကလည်း တဖြည်းဖြည်း နည်းပါးလာနေတယ်။ အကယ်၍ အခြေအနေက ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ဒီဇွန်ဘီတွေက လူသားတွေရဲ့ နေရာမှာ အစားထိုးဝင်ရောက်ပြီး ကမ္ဘာမြေရဲ့ မျိုးနွယ်စုသစ် ဖြစ်လာတော့မှာလား။

ဤသို့ တွေးမိလိုက်ခြင်းက လီယင်း၏ လက်ဖျားခြေဖျားများကို ချက်ချင်းပင် အေးစက်သွားစေပြီး သွေးများပင် ခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ အကယ်၍ သူ စိတ်ကူးယဉ်သလိုသာ တကယ်ဖြစ်လာခဲ့လျှင် လူသားတွေအတွက် ရှင်သန်ဖို့ နေရာ ဘယ်မှာ ရှိတော့မှာလဲ။

ယခုပင်လျှင် ရှင်သန်ကျန်ရစ်သူ လူသားများ၏ ဘဝမှာ အလွန်ပင် ခက်ခဲပင်ပန်းနေပြီဖြစ်သည်။ အကယ်၍ ဤဇွန်ဘီများသာ ဆက်လက် ဆင့်ကဲပြောင်းလဲနေမည်ဆိုပါက အနာဂတ်တွင် သာမန်လူသားများ နေထိုင်ရန် နေရာလပ်ပင် ရှိတော့မည် မဟုတ်ပေ။

ထိုအချိန်တွင် ချင်းရွှေလယ်ယာခြံအတွင်း၌ လုချွမ်းသည် ဟင်းသီးဟင်းရွက် စိုက်ခင်းကို စစ်ဆေးနေသည်။ အစောပိုင်းက စိုက်ပျိုးခဲ့သော မျိုးစေ့များမှာ စတင်အပင်ပေါက်နေပြီဖြစ်ရာ မကြာမီမှာပင် ဟင်းသီးဟင်းရွက်များ ရရှိတော့မည်ဖြစ်သည်။

ကုန်တင်ကားကြီးမှာ လယ်ယာခြံထဲသို့ ပြန်လည်ရောက်ရှိလာပြီး လုချွမ်းသည် လျှပ်စီး ၁ နှင့် အခြားဇွန်ဘီရုပ်သေးများကို ထိန်းချုပ်ကာ ပစ္စည်းများကို စတင်ချခိုင်းလိုက်တော့သည်။

လီယင်းသည် သူ၏ ကိုယ်ပျောက်စွမ်းအားကို အသုံးပြု၍ ဇွန်ဘီရုပ်သေးများ၏ နောက်သို့ တိတ်တဆိတ် လိုက်ပါသွားရာ မကြာမီပင် မိမိမျက်စိရှေ့၌ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ဆွံ့အမှင်တက်သွားရလေသည်။

ဤဇွန်ဘီအုပ်စုသည် လယ်ယာခြံအတွင်း၌ အမှန်တကယ်ပင် အပန်းဖြေကစားကွင်းငယ်တစ်ခုကို တည်ဆောက်နေကြလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့မိပေ။ မြို့ထဲမှ သယ်ဆောင်လာသော ကစားကွင်းသုံး ပစ္စည်းကိရိယာများကို ချင်းရွှေလယ်ယာခြံအတွင်း၌ စနစ်တကျ ပြန်လည်တပ်ဆင်နေကြခြင်း ဖြစ်သည်။

ဒီဇွန်ဘီတွေက ဘာလုပ်ဖို့ ရည်ရွယ်နေကြတာလဲ။ သူတို့က အမှန်တကယ်ပဲ အပန်းဖြေကွင်းတစ်ခု တည်ဆောက်ဖို့ လုပ်နေတာလား။

ဒါကြီးကတော့ လုံးဝမဖြစ်နိုင်ဘူး။

လီယင်းသည် အလွန်အမင်း အံ့အားသင့်ကာ ကြောင်အမ်းနေမိတော့သည်။ လမ်းခရီးတစ်လျှောက်တွင် သူသည် ဖြစ်နိုင်ခြေ အမျိုးမျိုးကို တွေးတောခဲ့မိ၏။ ဤဇွန်ဘီများသည် ထူးခြားဆန်းပြားသော ဆင့်ကဲပြောင်းလဲမှုတစ်ရပ်ကို ကြုံတွေ့နေရခြင်းဖြစ်ပြီး ဤသံထည်ပစ္စည်းများကို အသုံးပြု၍ တစ်စုံတစ်ရာသော စွမ်းအားမြင့်လက်နက်များအဖြစ် အသွင်ပြောင်းလဲပစ်မည်ဟုပင် သူက စိတ်ကူးယဉ် ခန့်မှန်းခဲ့မိသည်။

သို့သော်လည်း ဤဇွန်ဘီများက ကစားကွင်းပစ္စည်းများကို သယ်ဆောင်လာရခြင်း၏ ရည်ရွယ်ချက်မှာ အပန်းဖြေကွင်းတစ်ခု ပြန်လည်တည်ဆောက်ရန်အတွက်သာ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသောအခါ သူ အကြီးအကျယ် အံ့သြသွားရတော့သည်။ အဓိက သံသယဖြစ်

ဖွယ်ရာ အချက်မှာဇွန်ဘီအုပ်စုတစ်စုက တည်ဆောက်နေသော ဤအပန်းဖြေကစားကွင်းက ဘယ်သူ့အတွက်လဲဆိုသည့် အချက်ပင်။

ဇွန်ဘီတွေက လူသားတွေရဲ့ သွေးသားတွေကို အရမ်းစားမိလိုက်လို့ စိတ်အပန်းဖြေဖို့ လိုအပ်

နေတာလား။

အဲ့တာဆိုရင်လည်း ကစားကွင်းထဲက ပစ္စည်းတွေကို လယ်ယာခြံအထိ ဘာလို့ ခက်ခက်ခဲခဲ သယ်လာရမှာလဲ။

မြို့ထဲမှာရှိတဲ့ ကစားကွင်းထဲမှာ အေးအေးလူလူ သွားပြီးဆော့ကစားနိုင်တာပဲလေ မဟုတ်ဘူးလား။

သူတို့ကိုယ်တိုင်က ဇွန်ဘီတွေပဲဟာ ဘယ်သူ့ကိုကြောက်နေရမှာလဲ။

လီယင်းသည် သူ့ရှေ့၌ မြင်တွေ့နေရသော မြင်ကွင်းများကို ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်နေရသည်။ ဤအခြေအနေမှာ သူ၏ အသိဉာဏ်နှင့် နားလည်မှုအတိုင်းအတာကို လုံးဝကျော်လွန်နေ၏။

ထိုစဉ်မှာပင် လယ်ယာခြံ၏ လူနေဧရိယာအတွင်းမှ ကလေးမလေးတစ်ဦး လမ်းလျှောက်

ထွက်လာခဲ့သည်။ ထိုကလေးမလေးမှာ အလွန်ပင် သေးငယ်ကာ ချစ်စဖွယ်ကောင်းလှသော်လည်း လီယင်းကို အရှိန်အဝါအကြီးမားဆုံး တုန်လှုပ်သွားစေသည့် အချက်မှာ သူမသည် လူသားစစ်စစ် တစ်ဦး ဖြစ်နေခြင်းပင်။

တောက်ပြောင်နက်မှောင်သော ဆံကေသာ၊ ဖြူဝင်းနုနယ်သော အသားအရေ၊ နီမြန်းနေသော ပါးပြင်လေးများနှင့် ကြည်လင်လှသော မျက်ဝန်းအစုံတို့မှာ ဤကလေးငယ်၏ လူသားဘဝကို သက်သေပြနေကြသည်။ ထိုကလေးငယ်မှာ အရုပ်မလေးတစ်ရုပ်ကဲ့သို့ ချစ်စရာကောင်းလှပြီး ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း အလွန်ပင် သန့်ရှင်းသပ်ရပ်လှသည်။

ကမ္ဘာမပျက်မီကာလက ဤမြင်ကွင်းမှာ သာမန်မျှသာဖြစ်သော်လည်း ယခုကဲ့သို့သော ကမ္ဘာပျက်ကပ်အတွင်း၌မူ လွန်စွာထူးခြားနေလေပြီ။ အရွယ်ရောက်ပြီးသူများပင်လျှင် ဤခေတ်ဆိုးကြီးထဲတွင် သန့်သန့်ပြန့်ပြန့် နေထိုင်ရန် ခဲယဉ်းလှရာ ဤမျှသေးငယ်သော ကလေးငယ်တစ်ဦးအတွက်မူ ဆိုဖွယ်ရာမရှိတော့ပေ။

အဓိကအချက်မှာ... ဤနေရာသည် ဇွန်ဘီများဖြင့် ပြည့်နှက်နေသောကြောင့်ပင်။ ဇွန်ဘီများ ဝန်းရံနေသော လယ်ယာခြံကြီးအတွင်း လူသားကလေးငယ်တစ်ဦး ပေါ်ပေါက်လာခြင်းမှာ အလွန်ပင် ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။

လီယင်းသည် မျက်မှောင်ကြုတ်လျက် မလှမ်းမကမ်းရှိ အပန်းဖြေကွင်းကို လှမ်းကြည့်လိုက်ရာမှ ရုတ်တရက် မှင်တက်သွားရပြန်သည်။ သူ၏ စိတ်ထဲတွင် ရဲတင်းလှသော အတွေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

"ဒါ... ဒါက ဖြစ်နိုင်ပါ့မလား..."

ဒီကစားကွင်းကို ဇွန်ဘီတွေက ဒီကလေးမလေးအတွက် တည်ဆောက်ပေးထားတာ ဖြစ်နိုင်ပါ့မလား။

မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး

ဤအတွေးဝင်လာသည်နှင့်တစ်ပြိုင်နက် လီယင်းသည် သူ၏ခေါင်းကို အသည်းအသန် ခါယမ်းလိုက်မိသည်။

“ငါ့ဦးနှောက်တော့ တစ်ခုခုဖြစ်နေပြီ ထင်တယ်။ ဒီလိုမျိုးတွေ ဘယ်လိုဖြစ်ပြီး တွေးမိနေရတာလဲ”

“သွေးကိုသာ အငမ်းမရ တောင့်တတတ်တဲ့ အသိဉာဏ်မဲ့ ဇွန်ဘီတစ်အုပ်က ကလေးမလေးတစ်ယောက်အတွက် ကစားကွင်းဆောက်ပေးတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါက တကယ်ကို ရယ်စရာကောင်းလွန်းတယ်”

ဤသို့တွေးမိကာ လီယင်းသည် သူ၏ ထူးဆန်းလှသော စိတ်ကူးစိတ်သန်းများကို သူ့ဘာသာ ပြန်လည်လှောင်ပြောင်လျက် ခပ်တိုးတိုး ရယ်မောလိုက်မိသည်။ ဇွန်ဘီများက ကလေးငယ်အတွက် ကစားကွင်းတည်ဆောက်ပေးသည်ဟူသော အချက်မှာ အမှန်တကယ်ပင် လက်ခံရန် ခဲယဉ်းလှသော်လည်း လီယင်း၏ စူးစမ်းလိုစိတ်မှာမူ မပြေပျောက်သေးပေ။ မျိုးစိတ်ချင်း ကွဲပြားသော်လည်း ဤကလေးမလေးသည် ဇွန်ဘီများနှင့်အတူ အမှန်တကယ် ရှင်သန်

နေထိုင်နေသည်မှာ ငြင်းမရသော အချက်ပင်။

ကမ္ဘာပျက်ကပ် စတင်ကတည်းက ဇွန်ဘီများက လူသားများကို ကိုက်ခဲစားသောက်နေသည့် မြင်ကွင်းပေါင်းများစွာကို လီယင်း မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ဤဇွန်ဘီများသည် အလွန်ပင် ရက်စက်ကြမ်းကြုတ်ကြပြီး လူသားတစ်ဦးကို မြင်လိုက်သည်နှင့် ရူးသွပ်သကဲ့သို့ တိုက်ခိုက်သတ်ဖြတ်တတ်ကြသည်။ ဇွန်ဘီများသည် လူသားတို့၏ သွေးသားကိုသာ မွေးရာပါ တောင့်တတတ်ကြသဖြင့် လူသားနှင့် ဇွန်ဘီ အေးအေးချမ်းချမ်း အတူနေထိုင်သည်ဟူသော သတင်းမျိုး သူ တစ်ခါမျှ မကြားဖူးခဲ့ပေ။

သို့သော် ယနေ့တွင် သူသည် ထူးဆန်းသော အရာများစွာကို မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။ ဇွန်ဘီများက ကုန်တင်ကား မောင်းနှင်ခြင်းနှင့် လယ်ယာစိုက်ပျိုးခြင်းတို့ကိုပင် ပြုလုပ်နိုင်နေပြီဖြစ်ရာ ကျန်ရှိသောအရာများမှာလည်း သူ၏ နားလည်မှုအတိုင်းအတာအတွင်း၌သာ ရှိနေပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ လီယင်းသည် ဤကလေးမလေး၏ မည်သူမည်ဝါဖြစ်ကြောင်းကို အလွန်ပင် စိတ်ဝင်စားနေမိသည်။ ဇွန်ဘီများဖြင့် ပြည့်နှက်နေသော လယ်ယာခြံအတွင်း၌ ဤမျှအထိ တည်ငြိမ်စွာ နေထိုင်နိုင်ခြင်းမှာ သာမန်ကလေးငယ်တစ်ဦး မဟုတ်ကြောင်း သက်သေပြနေခြင်းပင်။ အကယ်၍ သာမန်ကလေးတစ်ဦးသာ ဖြစ်ခဲ့လျှင် ကြောက်လန့်တကြား အော်ဟစ်ငိုယိုနေမည်မှာ အသေအချာပင်။

ကျိရုရွှယ်၏ မည်သူမည်ဝါဖြစ်ကြောင်းကို စူးစမ်းရန်အတွက် လီယင်းသည် သူမ၏နောက်သို့ အလှမ်းကွာဝေးသော နေရာမှ လိုက်ပါရန် ဆုံးဖြတ်လိုက်သည်။ ချင်းရွှေလယ်ယာခြံအတွင်း၌ သူ၏ အသိဥာဏ်ထက် ကျော်လွန်သော မည်သို့သော ထူးဆန်းအံ့သြဖွယ် အမှုကိစ္စများ ရှိနေဦးမည်ကို သူ သိလိုလှသည်။

ထို့နောက် လီယင်းသည် ကျိရုရွှယ်၏ နောက်သို့ တိတ်တဆိတ် လိုက်ပါလာရာမှ ငါးကန်ရှိရာဘက်သို့ ရောက်ရှိလာခဲ့လေသည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဇွန်ဘီအုပ်ကြီးနှင့် ထိပ်တိုက်တွေ့နေရသော်လည်း ဤကလေးမလေး၏ မျက်နှာတွင် မည်သည့် ထိတ်လန့်တုန်လှုပ်မှုမျှ မရှိသည်ကို မြင်တွေ့ရသောအခါ လီယင်းမှာ ထပ်မံ၍ အံ့အားသင့်သွားရပြန်လေသည်။

All Chapters