အခန်း (၁၃၈)
Vol. 14 Ch. 138
အခန်း။ ၁၃၈
ဤစကားကို ကြားလိုက်ရချိန်တွင် လီယင်း၏ မျက်နှာထက်၌ အဆုံးစွန်သော ကြောက်ရွံ့တုန်လှုပ်မှုများ အထင်အရှား ပေါ်ပေါက်လာခဲ့သည်။
ကမ္ဘာပျက်ကပ် စတင်ဖြစ်ပွားချိန်မှ ယနေ့အထိ လီယင်းသည် သေဘေးနှင့် ရင်ဆိုင်ခဲ့ရသော အခြေအနေပေါင်းများစွာကို ဖြတ်ကျော်ခဲ့ဖူးသလို လူပေါင်းမျိုးစုံနှင့်လည်း ကြုံတွေ့ခဲ့ဖူးသည်။ သို့သော် ယခုအချိန်တွင်မူ သူ၏ရှေ့မှ ကလေးမလေးသည် လိမ်လည်နေခြင်း မဟုတ်ကြောင်း လီယင်း အပြည့်အဝ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။
သူမသည် ပြောသည့်အတိုင်း အမှန်တကယ် လုပ်ဆောင်မည့်သူ ဖြစ်သည်။ ကြည့်ရသည်မှာ အပြစ်ကင်းစင်သော ကလေးငယ်တစ်ဦးကဲ့သို့ ရှိနေသော်လည်း သူမ၏ အတွေးအခေါ်နှင့် လုပ်ရပ်များမှာမူ ကမ္ဘာပျက်ကပ်အတွင်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော ဝါရင့်ရှင်သန်သူတစ်ဦးကဲ့သို့ပင်…
သံသယဖြစ်စရာမလိုသည်မှာ သူမအနေဖြင့် သူ့ထံမှ ခြိမ်းခြောက်မှုတစ်ခုခုကို ခံစားမိသည်နှင့် တစ်ပြိုင်နက် မဆိုင်းမတွဘဲ သူ့ကို သတ်ပစ်မည်မှာ အသေအချာပင်။ ဤမျှ ချစ်စဖွယ်ကောင်းသော ကလေးမလေးတစ်ဦးထံမှ ဤကဲ့သို့သော သွေးအေးလှသည့် အရှိန်အဝါမျိုး ထွက်ပေါ်လာလိမ့်မည်ဟု လီယင်း ထင်မှတ်မထားခဲ့ပေ။
အကယ်၍ ဤကလေးမလေးသည် ဤမျှအထိ ထူးခြားဆန်းကြယ်သူဖြစ်ကြောင်း ကြိုတင်သိရှိခဲ့ပါက သူသည် မည်သည့်အခါမျှ ရူးသွပ်စွာ လှုပ်ရှားခဲ့မည် မဟုတ်ပေ။ သူမ၏ စွမ်းရည်များမှာ သူ စိတ်ကူးထားသည်ထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းနေတော့သည်။
ဇွန်ဘီများကို ထိန်းချုပ်နိုင်ရုံသာမက သူ့ကို ကျောက်ရုပ်ကဲ့သို့ အေးခဲသွားစေနိုင်သည့် ထူးဆန်းသော စွမ်းရည်ပိုင်ရှင်လည်း ဖြစ်နေသည်။ ယခုအချိန်အထိ လီယင်းမှာ သူ ဘယ်လို ဖမ်းဆီးခံလိုက်ရသည်ကိုပင် အဖြေရှာ၍ မရနိုင်သေးချေ။
လီယင်း၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာကို ကြည့်ရင်း ကျိရုရွှယ်သည် စိတ်ထဲမှ ခပ်တိုးတိုး ပြုံးလိုက်မိသည်။ ဤကဲ့သို့ မိမိအသက်ကို နှမြောတွန့်တိုပြီး သေရမည်ကို ကြောက်ရွံ့တတ်သူမျိုးမှာ သူမအတွက် အတိအကျ လိုအပ်နေသော လူစားမျိုးပင်။ လူတစ်ဦးသည် သေဘေးကို ကြောက်ရွံ့လေလေ မိမိအသက်ကို တန်ဖိုးထားလေလေဖြစ်ပြီး အမိန့်ကို ပိုမိုနာခံကာ ရရှိထားသော အသက်ရှင်ခွင့်ကို အလေးထားတတ်ကြသောကြောင့်ပင်။
နောက်တစ်စက္ကန့်တွင် ကျိရုရွှယ်၏ စိတ်အာရုံမှာ လှုပ်ရှားသွားပြီး သူမသည် ဝိညာဉ်စာချုပ်ကို စတင်လှုံ့ဆော်လိုက်သည်။
"အားးးးးးး"
ရုတ်တရက်ဆိုသလို လီယင်း၏ မျက်နှာမှာ နာကျင်မှုကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်ကာ သူ၏ မျက်စိသူငယ်အိမ်များမှာပင် ထွက်ကျတော့မတတ် ဖောင်းကြွလာခဲ့သည်။
သူ၏ ဦးနှောက်မှာ အပိုင်းပိုင်းအစစ ပေါက်ကွဲထွက်တော့မည်ဟု လီယင်း ခံစားလိုက်ရလေသည်
ထိုအခိုက်အတန့်တွင် လီယင်းသည် သူ၏ဦးနှောက်အတွင်းသို့ ငွေအပ်ပေါင်း ထောင်သောင်းချီ၍ ထိုးစိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသော ထိုကြောက်မက်ဖွယ်ကောင်းလှသည့် နာကျင်မှုကြောင့် သူ သတိလစ်မတတ် ဖြစ်သွားရသော်လည်း အဆိုးရွားဆုံးအချက်မှာ သူသည် ကျိရုရွှယ်၏ ထိန်းချုပ်မှုကို ခံထားရခြင်းပင်။
သူသည် မြေပြင်ပေါ်၌ လှုပ်ရှား၍မရဘဲ လဲလျောင်းနေရပြီး စူးရှလှသော နာကျင်မှုများက ဦးနှောက်တစ်ခုလုံးကို ဖုံးလွှမ်းနေသော်လည်း အော်ဟစ်ညည်းတွားရန်ပင် အခွင့်မရှိခဲ့ပေ။ ဤကဲ့သို့သော နှိပ်စက်ညှဉ်းပန်းမှုမှာ သေရသည်ထက်ပင် ပိုမိုဆိုးရွားလှသည်ဟု လီယင်း ခံစားနေရတော့သည်။
"ဒါက ငါ့ရဲ့ နည်းလမ်းပဲ။ မင်း အသက်ရှင်ချင်တယ်ဆိုရင် ဒီနေ့ကစပြီး ငါ့အမိန့်တွေကို နာခံရမယ်။ မဟုတ်ရင်တော့ မင်းကို အဆုံးမရှိ နာကျင်အောင် ငါလုပ်နိုင်တယ်"
"ဒါပေမဲ့ မင်းကို ချက်ချင်း အသက်ပျောက်သွားအောင်လည်း ငါလုပ်ပေးနိုင်တယ်။ မင်းရဲ့ သေခြင်းနဲ့ ရှင်ခြင်းဆိုတာ ငါ့အတွက်တော့ စိတ်ကူးတစ်ချက်လေးပဲ"
ကျိရုရွှယ်၏ စကားများကို ကြားလိုက်ရသောအခါ လီယင်းမှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်လောက်အောင် ဖြစ်နေရသည်။
အစောကြီးကတည်းက ပြောပါတော့လား
ငါ့ကို တိုက်ရိုက်ပြောခဲ့ရင် ရနေတာပဲကို။
ငါက မသဘောတူဘူးလို့ ဘယ်တုန်းက ပြောလို့လဲ။
လီယင်းမှာ ခေါင်းထဲ၌ စူးစူးဝါးဝါး နာကျင်နေဆဲဖြစ်ပြီး ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း အေးစက်သော ချွေးများဖြင့် စိုရွှဲနေတော့သည်။ သူသည် စကားမပြောနိုင်သဖြင့် ကျိရုရွှယ်ကို ကြည့်ကာ မျက်တောင်များကိုသာ အသည်းအသန် ခတ်ပြနေမိသည်။
ထို့နောက်မှ ကျိရုရွှယ်သည် လီယင်း၏ ပိတ်ဆို့ထားသော သွေးကြောမှတ်များကို ပြန်လည်ဖွင့်ပေးလိုက်လေသည်။ လီယင်းသည် လှုပ်ရှားခွင့် ရရှိသွားသည်နှင့် တစ်ပြိုင်နက် နေရာမှ ချက်ချင်းပင် ခုန်ထလိုက်မိ၏။ သို့သော်လည်း သူသည် လှုပ်ရှားနိုင်စွမ်း ပြန်လည်ရရှိသွားသော်လည်း ချက်ချင်း ထွက်မပြေးရဲပေ။
စောစောက သူ ခံစားခဲ့ရသော ငရဲခန်းမှာ လီယင်းအတွက် မည်သည့်အခါမျှ မေ့ပျောက်နိုင်စရာ မရှိတော့ပေ။ ကျိရုရွှယ် ပြောခဲ့သော စကားများမှာ အမှန်တရားဖြစ်ကြောင်း သူ အနည်းငယ်မျှပင် သံသယ မရှိတော့ချေ။
"ကျွန်တော့်အသက်ကို မသတ်ပါနဲ့ ကျွန်တော် သခင်မလေးဆီမှာ အညံ့ခံပါ့မယ်။ ဒီနေ့ကစပြီး သခင်မလေး ခိုင်းသမျှကိုပဲ တသွေမတိမ်း လုပ်ပါတော့မယ်"
သေဘေးကို အလွန်အမင်း ကြောက်ရွံ့သူဖြစ်သည့်အလျောက် လီယင်းသည် အနည်းငယ်မျှပင် တွန့်ဆုတ်မနေဘဲ အညံ့ခံရန် ရွေးချယ်လိုက်တော့သည်။ စောစောက ခံစားခဲ့ရသော ငရဲခန်းအပြီးတွင် လီယင်းသည် ကျိရုရွှယ်ကို ပြန်လည်ခုခံရန် သို့မဟုတ် သံသယပွားရန် လုံးဝမဝံ့ရဲတော့ပေ။
လီယင်းသည် မည်သည့်ရုန်းကန်မှုမျှမရှိဘဲ အလွယ်တကူ အညံ့ခံသွားသည်ကို မြင်ရသောအခါ ကျိရုရွှယ်မှာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်မိသည်။ အဆုံးစွန်တွင်မူ ဤကမ္ဘာပေါ်၌ သေရမည်ကို ကြောက်ရွံ့သူများကသာ ပို၍များပြားနေဆဲပင်။
အကယ်၍သာ ကျောက်လင်းကဲ့သို့သောသူမျိုးနှင့် တွေ့ဆုံခဲ့ပါက အမှန်တကယ်ပင် ခေါင်းခဲစရာ ဖြစ်ပေလိမ့်မည်။ ထိုအမျိုးသမီးမှာ လူယုံလွယ်သော အူကြောင်ကြောင်နိုင်သူ ဖြစ်လင့်ကစား သူမ၌ ကိုယ်ပိုင်ခံယူချက်နှင့် ဇွဲနပဲရှိသည်။ ကျောက်လင်းကဲ့သို့သောသူမျိုးကို အတင်းအဓမ္မဖိအားပေး၍ အညံ့ခံခိုင်းရန်မှာ မလွယ်ကူလှပေ။ သူမ၏ စိတ်ဓာတ်အရ ကိုယ့်ကိုယ်ကိုယ် သတ်သေသည့်နည်းလမ်းကိုပင် ရွေးချယ်နိုင်ပြီး သေဘေးနှင့် ခြိမ်းခြောက်ရုံမျှဖြင့် အလွယ်တကူ လက်လျှော့မည့်သူ မဟုတ်ပေ။
ကျိရုရွှယ်သည် သက်ပြင်းချလိုက်မိ၏။ ကျောက်လင်းမှာ သူမအနေဖြင့် သတ်လည်းမသတ်နိုင် ကိုင်တွယ်ရလည်း အလွန်ခက်ခဲသော သူမျိုးဖြစ်သည်။
ထိတ်လန့်တုန်လှုပ်နေသော လီယင်းကို ကြည့်ကာ ကျိရုရွှယ်က တည်ငြိမ်အေးစက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။
"ငါ မင်းကို အမိန့်ပေးမယ်။ ကျန်းဟိုင်မြိုထဲက လူသားရှင်သန်သူစခန်းတွေဆီ ခိုးဝင်ပြီး သတင်းအချက်အလက်တွေ စုဆောင်းပေးရမယ်။ ပြီးရင် ငါ့ဆီကို ဆယ့်ငါးရက်တစ်ကြိမ် လာပြီး သတင်းပို့ရမယ်"
"အကယ်၍ မင်းပျက်ကွက်ခဲ့ရင်တော့ သေတာကမှ ပိုချမ်းသာဦးမယ်ဆိုတာကို ငါ လက်တွေ့ပြလိုက်မယ်။ ငါ အမှန်အတိုင်း ပြောပြရရင် မင်းရဲ့ သေခြင်းရှင်ခြင်းဆိုတာ ငါ့ရဲ့ စိတ်ကူးတစ်
ချက်လေးတင်ပဲ"
ဤစကားကို ကြားလိုက်ရချိန်တွင် လီယင်းမှာ ခေါင်းကို တရစပ် ညိတ်ပြရင်း "သဘောတူပါတယ် အကုန်လုံး သဘောတူပါတယ်။ ကျွန်တော့်အသက်ကိုသာ ချမ်းသာပေးပါ" ဟု အသည်းအသန် ပြောရှာတော့သည်။ ကျိရုရွှယ်က စိတ်ပြောင်းသွားမည်ကို သူ အလွန်စိုးရိမ်နေပုံရသည်။
"စိတ်မပူပါနဲ့ ငါက ဆုပေးဒဏ်ပေး မျှတတဲ့သူပါ။ အကယ်၍ မင်းသာ ငါ့အတွက် တကယ်
အလုပ်အကျွေးပြုမယ်ဆိုရင် အနာဂတ်မှာ ငါ မင်းကို ကောင်းကောင်း ဆက်ဆံပါ့မယ်"
"ရှင်သန်သူစခန်းတွေထဲမှာ ရဖို့ခက်ခဲလှတဲ့ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲဆေးတွေကိုလည်း ငါ ကိုယ်တိုင် ဖော်စပ်ပေးနိုင်တယ်။ စိတ်ချပါ ငါက လူသားစခန်းတွေထက် အများကြီး ပိုပြီး ရက်ရောတတ်တယ်"
ကျိရုရွှယ်သည် တုတ်တစ်လှည့် မုန့်တစ်လှည့်ပေးရမည့် မူဝါဒကို ကောင်းစွာနားလည်ထားသူ ဖြစ်သည်။
ယခုအခါ လီယင်းသည် သူမကို အသေအလဲ ကြောက်ရွံ့သွားပြီဖြစ်ရာ နောက်ထပ်ခြေလှမ်းမှာ သူ့ကို ကြောက်ရွံ့စေရုံတင်မကဘဲ သူမအပေါ် မှီခိုအားထားလိုစိတ်ဖြစ်လာအောင် ဖန်တီးရန်ဖြစ်သည်။ လူသားတို့သည် အကျိုးအမြတ်ရှိရာသို့ လိုက်ပါတတ်ကြသည်ဖြစ်ရာ လုံလောက်သော အကျိုးကျေးဇူးကိုသာ ပေးနိုင်ပါက လီယင်းသည် သေဘေးနှင့် ခြိမ်းခြောက်ရန်ပင်မလိုဘဲ သူမအတွက် အစွမ်းကုန် အလုပ်အကျွေးပြုလာပေလိမ့်မည်။
ကျိရုရွှယ်၏ စကားကို ကြားလိုက်ရချိန်တွင် လီယင်း၏ မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပလာခဲ့သည်။ ရှင်သန်သူစခန်းများတွင်လည်း မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲဆေးများကို လဲလှယ်၍ ရနိုင်သော်လည်း အများစုကို အထက်လူကြီးများကသာ ရယူထားကြခြင်းဖြစ်သည်။ သူသည် အမြုတေအမြောက်အမြား ပေးအပ်လျှင်ပင် ရရှိနိုင်သော ဆေးအရေအတွက်မှာ အလွန်ပင် နည်းပါးလှသည်။
"ဒီလိုအခြေအနေ ရောက်မှတော့... အသက်ရှင်ခွင့်ရတဲ့အပြင် ဆင့်ကဲပြောင်းလဲဆေးပါ ရနိုင်မယ်ဆိုရင် ဒါက အမြတ်ပဲ..."
လီယင်းသည် ကျိရုရွှယ်ကို ဝေခွဲမရသောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူမ၏ အချက်ပြမှုအရ ကိုယ်ပျောက်စွမ်းအားကို ပြန်လည်အသက်သွင်းကာ ချင်းရွှေလယ်ယာခြံမှ တိတ်တဆိတ် ထွက်ခွာသွားတော့သည်။ သို့သော် လီယင်းသည် အဝေးတစ်နေရာမှ ချင်းရွှေလယ်ယာခြံဘက်သို့ လှည့်ကြည့်လိုက်မိချိန်တွင်မူ တစ်ကိုယ်လုံး တုန်ရီသွားရလေသည်။
သူသည် ယခုအချိန်တွင် နောင်တများဖြင့် ပြည့်နှက်နေ၏။ အမှန်တကယ်ပင် စပ်စုခြင်းသည် အသက်ဘေးကို ခေါ်ဆောင်လာခြင်းပင်။ အကယ်၍ သူသာ ဤမျှအထိ စပ်စုမနေခဲ့ပါက ယခုကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရမည် မဟုတ်ပေ။ အသက်ရှင်လျက် ထွက်ခွာနိုင်ခဲ့သော်လည်း သူ၏ဝိညာဉ်မှာ တစ်စုံတစ်ဦး၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံလိုက်ရပြီဖြစ်ရာ သူ၏ သေခြင်းနှင့် ရှင်ခြင်းမှာ သူ့လက်ထဲတွင် မရှိတော့ချေ။
လီယင်းသည် အလွန်အမင်း နောင်တရနေသော်လည်း ဘာမှမတတ်နိုင်တော့ဘဲ ကျိရုရွှယ်၏ အမိန့်ကိုသာ နာခံရန် ဆုံးဖြတ်လိုက်ရတော့သည်။
ခြံဝင်းအတွင်းရှိ သူမ၏ အိပ်ခန်းထဲ၌ ကျိရုရွှယ်သည် ပြတင်းပေါက်မှတစ်ဆင့် အပြင်လောကကို တည်ငြိမ်စွာ ငေးကြည့်နေမိသည်။ သူမ၏ မျက်ဝန်းအစုံမှာ ကလေးငယ်တစ်ဦးနှင့်မတူဘဲ ရင့်ကျက်တည်ငြိမ်လှသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
"အခုတော့ လီယင်းကို နယ်ရုပ်တစ်ခုအဖြစ် ရပြီဆိုတော့ လူသားရှင်သန်သူစခန်းတွေရဲ့ လှုပ်ရှားမှုမှန်သမျှကို ငါ ကြိုတင်သိနိုင်တော့မယ်။ ဒါဆိုရင် ဖေဖေနဲ့ ငါ ဘယ်တော့မှ အကြပ်အတည်းမဆိုက်အောင် ကြိုတင်ကာကွယ်နိုင်လိမ့်မယ်"
"ဒီလီယင်းက အတော်လေး သူရဲဘောကြောင်တယ်ဆိုပေမဲ့ သတင်းထောက်လှမ်းဖို့အတွက်တော့ သူက တကယ်ကို အသုံးဝင်တဲ့သူပဲ။"
ကျိရုရွှယ်၏ နှုတ်ခမ်းထောင့်တွင် အောင်နိုင်သူ၏ အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ အကယ်၍ လူသားများဘက်က ဖခင်ဖြစ်သူကို တစ်ခုခုလုပ်ရန် ကြံစည်လာပါက သူမသည် လီယင်းထံမှ သတင်းကို ကြိုတင်ရရှိမည်ဖြစ်ပြီး အရာအားလုံးကို အဆင်သင့် ပြင်ဆင်ထားနိုင်မည် ဖြစ်သည်။
[စာရေးသူ၏ မှတ်ချက်: စာဖတ်သူအချို့က လုချွမ်းက ကိုယ်ပျောက်နေတဲ့ လီယင်းကို ဘာလို့ အာရုံမခံမိတာလဲလို့ သိချင်နေမှာပဲ။ လုချွမ်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက ဇွန်ဘီတွေကို ထိန်းချုပ်ဖို့အတွက်ပဲ အဓိကအသုံးချနေရပြီး သူရဲ့စွမ်းအင်အားလုံးကို နေရာအနှံဖြန့်ကျက်ထားရတာကြောင့် ကျိရုရွှယ်ရဲ့ စိတ်စွမ်းအင်အာရုံခံခြင်းနဲ့ သိသိသာသာ ကွဲပြားခြားနားမှာပါ။ မူရင်းဘာသာပြန်ကရေးပေးထားလို့ထည့်ပေးထားတာပါ။ စာဖတ်သူတို့လည်းဖတ်ရတာပိုရှင်းသွားမှာပါ…ဖတ်ရှုအားပေးကြလို့ကျေးဇူးပါဗျ….]