← Chapters

အခန်း (၉၇၆-၉၈၀)

Vol. 55 Ch. 976-980

အခန်း (၉၇၆-၉၈၀)

Vol. 55 Ch. 976-980

အခန်း(၉၇၆)

စိတ်စွမ်းအား ကျွမ်းကျင်ပညာရှင်များကြားမှတိုက်ပွဲ

“အဖေ”

ဝမ်ချောင်၏စိတ်က တုန်ယင်သွားသည်။ သူသည် ပဲ့ဟယ်မော့များကို ကိုင်တွယ်ရင်ဆိုင်ရန် နည်းလမ်းများကို တွေးတောရင်း အာရုံစိုက်နေခဲ့သောကြောင့် ဖခင်ဖြစ်သူ၏ အရှိန်အဟုန်မြှင့် မှင်သက်ဖွယ် နတ်ဘုရားဟာ ဆိုးရွားသော အခြေအနေသို့ ကျရောက်နေကြောင်း သတိမထားမိခဲ့ချေ။ သို့သော် ယခုလိုအကာအဝေးအရဆိုလျှင် ဝမ်ချောင်၏ ခွန်အားနှင့်ပင် ဝမ်ရန်ကို ကယ်ဆယ်နိုင်ရန် မဖြစ်နိုင်တော့ချေ။

“ဟား ဟား ဟား သေတော့”

မြေအောက်နက်ရှိုင်းသော တစ်နေရာမှ မာစီက ရူးသွပ်စွာ အော်ရယ်နေသည်။ သူက အလွယ်တကူ စိတ်ကျေနပ်တတ်သော လူမျိုးမဟုတ်ချေ။ ယခုစီမံကိန်းတွင် ထိုထန်လူငယ်ဗိုလ်ချုပ်သာ မကသေးလေဘဲ တစ်ဖက်မှ အခြားထန်ဗိုလ်ချုပ် သုံးယောက်လုံးက သူ၏ပစ်မှတ်များဖြစ်နေသည်။

ရန်သူမဟာဗိုလ်ချုပ်များကို သတ်ဖြတ်ရခြင်းက သူအနေနှင့် မည်သည့်အချိန်တွင်မှ ငြီးငွေ့မည်မဟုတ်သည့် ပျော်ရွှင်မှုဖြစ်လေသည်။ ထန်လူငယ်နှင့် အခြားသော ထန်မဟာဗိုလ်ချုပ်များကို သတ်ဖြတ်ခြင်းထက် မည်သည့်အရာကမှ ပျော်စရာမကောင်းချေ။

“ကောင်လေး အရင်ဆုံး ဒီထန်ကိုငါ့အတွက် အရင်သတ်ပေးစမ်း”

မြေအောက်မှ မာစီက လောင်ကျွမ်းသူကို ထိန်းချုပ်လိုက်ပြီး တောက်လောင်သော မီးတောက်များကို မှုတ်ထုတ်လိုက်စေသည်။ ဆယ်ကျန်း၊ ကျန်းနှစ်ဆယ်... မီးတောက်က ရှေ့သို့ ဆက်တိုက်တိုးသွားသည်။ သို့သော် လောင်ကျွမ်းသူ၏မီးတောက်က ဝမ်ရန်ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်မည့်အချိန်တွင် မာစီက မမျှော်လင့်ဖွယ်ကောင်းသော အခြေအနေတစ်ခုကို ကြုံတွေ့လိုက်ရသည်။

ဘန်း

စွမ်းအားကြီးမားသည့် စိတ်စွမ်းအားလှိုင်းတစ်ရပ်က ထိုးထွက်လာပြီး လောင်ကျွမ်းသူကို ထိမှန်သွားသည်။ မာစီက ထုတ်လွှတ်ထားသော စိတ်စွမ်းအားများကလည်း ထိုအရာနှင့် ချိတ်ဆက်မိသွားသည်။

“အဖေ”

ထိုအခါမှသာ ဝမ်ချောင်၏အော်သံက ရောက်လာသည်။ မာစီကလည်း ဝမ်ချောင်၏ အထိတ်တလန့် အခြေအနေကို မခံစားနိုင်သေးချေ။ သူက သတိလက်လွတ် လောင်ကျွမ်းသူထံ စိတ်စွမ်းအားများကို ထပ်မံလောင်းထည့်လိုက်မိသည်။

ဘုန်း

ဒီတစ်ကြိမ်ထွက်လာသော မီးတောက်များက ကျောက်သားကိုပင် အရည်ပျော်စေနိုင်သည်။ ဝမ်ရန်နှင့် ဆယ်ကျန်းအကွာရှိ မြေပြင်ကို ကွဲကြေသွားစေ၏။ ဝမ်ချောင်၏ စိတ်စွမ်းအင်များက လောင်ကျွမ်းသူပေါ်တွင် ချန်ထားရစ်ခဲ့သည့် မာစီ၏ စိတ်စွမ်းအင်များကို ချက်ချင်းဆိုသလို ထိုးဖောက်လိုက်သည်။

“???”

ထိုအချိန်တွင် တစ်လောကလုံးက တောင့်ခဲသွားသလိုဖြစ်သွားသည်။ မာစီက သူ၏ ကင်းမြှီးကောက် မကောင်းဆိုးဝါးကြီးပေါ်တွင် ထိုင်နေရင်း မျက်လုံးအပြူးသားနှင့် အံ့အားသင့်နေသည်။

ဘယ်လိုဖြစ်နိုင်မှာလဲ။

မာစီ၏စိတ်က ဝရုန်းသုန်းကားဖြစ်သွားပြီး ပြင်းထန်သည့် အားလှိုင်းများက ရိုက်ခတ်နေသည်။ သူ၏ စိတ်စွမ်းအား တစ်လှိုင်းကသာ ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်နေသည့်တိုင်အောင် မာစီအတွက် ဒါက ငလျှင်လှုပ်ခြင်းထက် မလျော့နည်းချေ။ သူ၏အရှေ့ရှိ ပဲ့ဟယ်မော့လေးကောင်လုံးက သေသွားခဲ့သည့်တိုင်အောင် မာစီက ယခုလောက်ထိ မှင်သက်မိလောက်မည်မဟုတ်ချေ။ စိတ်စွမ်းအား ကျွမ်းကျင်ပညာရှင်တိုင်းကလည်း ဒီလောကတွင် အလွန့်အလွန် ရှားပါးသော လူနည်းစုများဖြစ်ကြောင်း နားလည်ကြသည်။ တိုက်ပွဲနယ်မြေတစ်ခုတည်းတွင် အရှိန်အဝါကြီးမြတ်သည့် လေးစားဖွယ်ကောင်းသော စိတ်စွမ်းအားသုံး ကျွမ်းကျင်ပညာရှင်နှစ်ယောက် တစ်ကြိမ်တည်းပေါ်ရန် ဖြစ်နိုင်သော်လည်း ထိုသို့ပေါ်ရန် အခွင့်အရေးကမူ အလွန့်အလွန် နည်းပါးသည်။

သူတို့ဘက်မှာလည်း အရမ်းကို ထူးချွန်ပြောင်မြောက်လွန်းတဲ့ စိတ်စွမ်းအား ကျွမ်းကျင်ပညာရှင်တစ်ယောက် ရှိနေတာလား။ မဖြစ်နိုင်ဘူး။ ဘာလို့ဒီလိုအခြေအနေက ဖြစ်လာရမှာလဲ။

မာစီ၏စိတ်က ထိုသို့ ဝရုန်းသုန်းကား ဖြစ်နေသည့်အချိန်တွင် ဝမ်ချောင်၏ စိတ်စွမ်းအားများက သူ့အား ပြင်းထန်သည့် ထိုးနှက်ချက်များ ပေးလိုက်သည်။

“တိုက်ဆိုင်လိုက်တာ တိုက်ဆိုင်တာပဲနေမှာပါ”

မာစီက အံ့ကိုကြိတ်ပြီး ခံစားချက်များကို ထိန်းချုပ်သည်။ ပဲ့ဟယ်မော့စစ်တပ်၏ ဗိုလ်ချုပ်တစ်ယောက် အနေနှင့် သူက ကာလစ်ထံမှ စိတ်စွမ်းအင်ကို မြှင့်တင်နိုင်သည့် ပစ္စည်းပေါင်းများစွာကို ရခဲ့သည်။ ပို၍ဆိုးသည်မှာ ဘုန်းတော်ကြီးတစ်ယောက်အနေနှင့် သူက ရှေးဟောင်းအမွေအနှစ်ကို ပိုင်ဆိုင်ထားသေးသည်။ ထိုနှစ်ခုပေါင်းလိုက်သော် သူဟာ လေးစားဖွယ်ကောင်းသော စိတ်စွမ်းအားများကို ပိုင်ဆိုင်နိုင်သွားသည်။ မည်သည့်သာမာန် သိုင်းပညာရှင်ကမှ သူ၏စိတ်စွမ်းအား တစ်မျှင်ကိုပင် မယှဉ်နိုင်ကြချေ။

မဟုတ်သေးဘူး။

ဒီလောကမှာ စိတ်စွမ်းအားတွေကို ကျင့်ကြံနိုင်တဲ့ ဘယ်သိုင်းပညာရှင်လို တည်ရှိမှုမှ မရှိနေသေးဘူး။ ဒါက အမှားအယွင်းပဲဖြစ်မှာပါ။

“လောင်ကျွမ်းသူတိုက်ခိုက်”

မာစီ၏ စိတ်ထဲတွင် အသားကုန် ကုန်းအော်လိုက်ပြီး လောင်ကျွမ်းသူနှင့် ဆက်သွယ်လိုက်သည်။

...

“ချောင်အာ”

တိုက်ပွဲနယ်မြေထဲတွင် ဝမ်ရန်၏ အရှိန်အဟုန်မြှင့် မှင်သက်ဖွယ်နတ်ဘုရားက အရည်ပျော်ကျနေသော ကျောက်သားပုံအတွင်းမှ တဖြည်းဖြည်းချင်း လျှောက်လာသည်။ ထို့နောက် ဝမ်ချောင်ထံလာသည်။ မီးတောက်ဖွတ်ကြီး၏ တိုက်ကွက်က အလွန်အမင်း စွမ်းအားကြီးမားပြီး ကျောက်သားများကိုပင် အရည်ပျော်စေနိုင်လေရ အချင်းဆယ်ကျန်းခန့်နက်သည့် တွင်းပေါက်ကြီးကိုပင် ချန်ထားရစ်ခဲ့လေသည်။ ထို့ကြောင့် အဘက်ဘက်တိုင်းက အနက်ရောင်မီးခိုးများ လှိုင်ထွက်နေသည်။

အနီရောင်ဖွတ်ကြီး၏ တိုက်ကွက်က ဘယ်သောအခါမှ မလွဲချော်ဖူးချေ။ ဝမ်ရန်ကလည်း တိကျသည့် အကြောင်းပြချက်ကို မသိသည့်တိုင်အောင် ဒါဟာ ဝမ်ချောင်နှင့် ပတ်သတ်နိုင်ကြောင်း နားလည်သည်။

ဝမ်ချောင်ကလည်း ဖခင်ဖြစ်သူ၏ အကြည့်ကို သတိထားမိသည်။ သို့သော် သူ၏ အံ့အားသင့်မှုကလည်း ဝမ်ရန်ထက် မလျော့နည်းချေ။ စစ်သူတော်စင် တစ်ယောက်အနေနှင့် သူဟာ မှင်သက်ဖွယ်ကောင်းသော စိတ်စွမ်းအင်များကို ပိုင်ဆိုင်ထားသည်။ သို့သော် ထိုအရာများကိုသုံးရန် အခွင့်အရေးမရှိချေ။ ဝမ်ချောင်အနေနှင့် ပထမဦးဆုံးအကြိမ် ယခုလို ကြီးမားသော တိုက်ပွဲနယ်မြေကြီးတွင် အင်အားကြီးမားသည့် စိတ်စွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို ထိပ်တိုက် ရင်ဆိုင်ဖူးခြင်းဖြစ်သည်။ ထိုတခဏတွင် ဝမ်ချောင်၏ မသိစိတ်အရ စိတ်စွမ်းအင်များကို လွှတ်ထုတ်လိုက်မိခြင်းဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် ဒါက သက်ရောက်မှုရှိသွားသည်။

ဝေါင်း

ခပ်တိုးတိုးအော်သံနှင့်အတူ စစ်သည်တော်များ အားလုံးက အလန့်တကြား အော်ဟစ်ကြသည်။

“အရှင် သတိထား”

“မကောင်းတော့ဘူး ဒီပဲ့ဟယ်မော့က ထပ်ပြီး မီးမှုတ်ထုတ်တော့မယ်”

တိုက်ပွဲနယ်မြေရှိ စစ်သည်တော်တိုင်းက အလန့်တကြားဖြစ်သွားသည်။ ဝမ်ချောင်ကလည်း ထိတ်လန့်သွားသည်။ သူက ခေါင်းလှည့်ကြည့်လိုက်သောအခါ ပဲ့ဟယ်မော့က ခန္ဓာကိုယ်ကို မြေပြင်ကိုကပ်ကာ ငုံ့လိုက်ပြီး လည်ချောင်းက ဖောင်းကြွလာကာ ယခင်တစ်ခေါက်ထက် ပို၍ပြင်းထန်သည့် မီးတောက်များကို စုစည်းနေကြောင်း သိလိုက်သည်။

ဘုန်း

ဝမ်ချောင်နှင့် ဝမ်ရန်တို့က လှည့်ကြည့်လိုက်သည့် အချိန်တွင် ပဲ့ဟယ်မော့ကြီးက ပါးစပ်ကိုဟကာ မီးတောက်ကို မှုတ်ထုတ်သည်။

ဝုန်း

တွေးတောရန် အချိန်မရှိတော့သည့် ဝမ်ချောင်က နောက်ထပ် စိတ်စွမ်းအင်တစ်လှိုင်းကို မျက်ခုံးကြားထဲမှ ထွင်းထုတ်လိုက်သည်။ ထိုစွမ်းအင်များက တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ကျော်ဖြတ်လျှက် ကြီးမားသော အနီရောင် ဖွတ်ကြီးထံသို့ ထိမှန်သွားသည်။

ဘုန်း

လေထဲတွင်မူ မည်သည့်အရာကမှ ဖြစ်လာသလို မထင်ရချေ။ သို့သော် ဝမ်ချောင်ကမူ သူဟာ ခိုင်မာလွန်းသော သံမဏိချောင်းတစ်ခုကို ဝင်ဆောင့်တိုက်မိသလို ခံစားလိုက်ရသည်။ ထိုမီးတောက်ဖွတ်ကြီး၏ ကိုယ်ထည်ထဲမှ အလွန်အေးစက်ကာ ဆိုးယုတ်သည့် စိတ်စွမ်းအင်တစ်လွှာကို ခံစားမိသည်။

စိတ်စွမ်းအား စွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်

သူက မမြင်နိုင်သော်လည်း ဝမ်ချောင်အနေနှင့် ထိုလူဟာ လိုက်ကာအနောက်မှ ပဲ့ဟယ်မော့များကို ထိန်းချုပ်နေသူဖြစ်ကြောင်း သိလိုက်သည်။

“ကောင်စုတ်လေး မင်းကတကယ်ပဲ ဘယ်သူလဲ”

ရုတ်တရက် မာစီ၏ ဒေါသတကြီးဖြစ်နေသော အသံက ဝမ်ချောင်၏စိတ်အတွင်း ဟိန်းထွက်လာသည်။

“မင်းကိုသတ်မဲ့လူ”

ဝမ်ချောင်ကလည်း စိတ်စွမ်းအင်တစ်လှိုင်းကို ထပ်မံထုတ်လိုက်ပြီး လှောင်ရယ်လိုက်သည်။ ဒီတစ်ကြိမ်က ယခင်တစ်ခေါက်ထက် ပို၍ စွမ်းအားကြီးမားသေးသည်။ သူ၏စိတ်စွမ်းအင် အားလှိုင်းနှစ်လှိုင်းက ပေါင်းစပ်သွားပြီးနောက် မာစီ၏ စိတ်စွမ်းအင်လှိုင်းက ကာကွယ်ပေးထားသည့် မည်းမှောင်ကာ အေးစက်သော အကာအကွယ်လွှာကို ထိပ်တိုက် ဝင်ဆောင့်တိုက်မိပြီး အစိတ်စိတ်အပိုင်းပိုင်း ကွဲကြေသည်။

ဘုန်း

တစ်ချိန်ထဲလိုလို လောင်ကျွမ်းသူအတွင်းမှ မီးတောက်များက မှုတ်ထုတ်လိုက်ပြီး မမြင်ရသော အကာအကွယ်လွှာတစ်ခု၏ အတားခံရသလိုဖြစ်သွားသည်။ ထိုသို့ဖြင့် ဝမ်ရန်နှင့် ကျန်းသုံးဆယ်အကွာ မြေပြင်သို့သာ မည်းတူးလောင်ကျွမ်းပြာကျသွားစေသည်။

“နောက်ဆုတ် ငါ့ရဲ့အမိန့်ကိုထုတ် စစ်သားတိုင်း နောက်ဆုတ်ကြစမ်း”

ဝမ်ရန်က အမိန့်ကိုထုတ်သည်။ သို့သော် သူကိုယ်တိုင်ကမူ မလုပ်ချေ။ အခြေအနေအရ မည်သည့်အရာက ဖြစ်ပျက်နေကြောင်း မသိသလို ဝမ်ချောင်လုပ်နေခြင်းဟုတ်မဟုတ် နားမလည်သော်လည်း ယခု အခြေအနေအရ မဟာထန်ဘက်မှ အားသာနေသော အခိုက်အတန့်ဖြစ်ကြောင်း နားလည်သည်။ ထို့ကြောင့် သူက ထိုစစ်တပ်ကို နောက်ဆုတ်နိုင်ရန် ကာပေးရမည်ဖြစ်သည်။

စစ်တပ်တစ်ခုလုံးကို ကာကွယ်ထားနိုင်ရန်အလို့ဌာ ဝမ်ရန်၏ ခြေလျှင်တပ်က ဆုံးရှုံးမှုကြီးမားခဲ့သည်။

ခြိမ်း

ဝမ်ရန်က သူ၏ခြေလျှင်တပ်များကို နောက်ဆုတ်ရန်ပြောလိုက်ပြီး စည်းကမ်းသေဝပ်သော ပုံစံမျိုးဖြင့် အားလုံးက နောက်ဆုတ်ကြသည်။

လောင်ကျွမ်းသူ၏မီးတောက်က ဆက်တိုက်လွဲချော်နေခြင်းက အပုမူစလင်နှင့် ကျစ်ရတို့ကို သတိထားမိသွားစေသည်။ ပဲ့ဟယ်မော့များက လူသားများလောက် ဉာဏ်မကောင်းသော်လည်း သူတို့ဟာ ကြောက်မက်ဖွယ်ကောင်းသည့် မသိစိတ်အရ တုန့်ပြန်နိုင်စွမ်းအားကို ပိုင်ဆိုင်ထားကြလေရာ အတော်ဆုံး သိုင်းပညာရှင်များဟု ဆို၍ရသည်။

ကြီးမားသော မီးတောက်ဖွတ်ကြီး၏ မူလတိုက်ကွက်များက မီးမှုတ်ထုတ်နိုင်ခြင်းဖြစ်သည်။ ဒါက အလွန်မြန်သလို တိကျပြတ်သားမှုရှိသည်။ နှစ်ကြိမ်ဆက်တိုက် လွတ်သွားခြင်းက ပုံမှန်မဟုတ်တော့ချေ။ နှစ်ယောက်လုံးက မျက်မှောင်ကျုံ့နေကြသည်။

သို့သော် ပဲ့ဟယ်မော့စစ်တပ်က သူတို့၏ အုပ်ချုပ်မှုအောက်တွင်မဟုတ်ချေ။ ထို့ကြောင့် တိုက်ရိုက် အမိန့်ပေးနိုင်စွမ်းအားလည်းမရှိသလို ကာလစ်နှင့် အာရပ်အင်ပါယာ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသည့် အပုမူစလင်ကလည်း လျို့ဝှက်ချက်များကိုမသိချေ။ ရလဒ်အနေနှင့် ပဲ့ဟယ်မော့များနှင့် ပတ်သတ်သည့် အခြေအနေကို သူက မဆုံးဖြတ်နိုင်တော့ချေ။

မည်သူကမှ မြေအောက် အနက်ရှိုင်းဆုံးအပိုင်းတွင် ကင်းမြှီးကောက်ပေါ် တက်ထိုင်နေသည့် မာစီထက် ပို၍အံ့အားသင့်လိမ့်မည်မဟုတ်ချေ။ ဝမ်ချောင်၏ စိတ်စွမ်းအင်အားလှိုင်း၏ သက်ရောက်မှုက အောက်ဘက်ရှိ မာကြောသောမြေပြင်ကို ဆက်တိုက် တုန်လှုပ်သွားစေသည်။

မာစီ၏ ခန္ဓာကိုယ်ကလည်း အံ့အားသင့်ဖွယ်ကောင်းသည့် အံ့အားသင့်မှုအတွင်း နစ်မြုပ်နေသေးသည်။

စိတ်စွမ်းအားကျွမ်းကျင်ပညာရှင် စိတ်စွမ်းအား ကျွမ်းကျင်ပညာရှင်ပဲ။ သူက စိတ်စွမ်းအားကျွမ်းကျင်ပညာရှင် ဖြစ်နေတယ်။

မာစီ၏မျက်ဝန်းများက အံ့အားသင့်လွန်းသောကြောင့် မျက်အိမ်များမှ ကျွတ်ထွက်တော့မည်ဟု ထင်ရသည်။ သူကလည်း ပထမဦးဆုံးအကြိမ် ဒါဟာ တိုက်ဆိုင်မှုဖြစ်ကြောင်း ဒီလိုတူညီသော တိုက်ပွဲနယ်မြေအတွင်းတွင် လေးစားဖွယ်ကောင်းသော စိတ်စွမ်းအားသုံး ကျွမ်းကျင်ပညာရှင်နှစ်ယောက် မတွေ့ဆုံနိုင်ကြောင်း နှစ်သိမ့်နိုင်ခဲ့သေးသည်။ သို့သော် ဝမ်ချောင်၏ စိတ်စွမ်းအား ရိုက်ချက်က သူ၏မျှော်လင့်ချက်တိုင်းကို ကွဲကြေသွားစေခဲ့သည်။

ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီကောင်စုတ်က ဘယ်လောက် အသက်ကြီးသေးလို့လဲ။ ဘယ်လောက် အသက်ကြီးသေးလို့လဲ။ သူကဘယ်လောက် အသက်ကြီးသေးလို့ ဒီလောက် စွမ်းအားကြီးတဲ့ စိတ်စွမ်းအား စွမ်းအင်တွေကို ပိုင်ဆိုင်ရမှာလဲ။

ငါမယုံဘူး။ လုံးဝဘဲ။

မာစီက စိတ်ထဲတွင် အော်ဟစ်နေသည်။

သိုင်းပညာရှင်များနှင့်အတူ စိတ်စွမ်းအားများကလည်း ရှေးဟောင်းမျိုးဆက်နှင့် အမွေအနှစ်များထံမှ ရရှိနိုင်သည်။ ဒါဟာ သိုင်းပညာလောကမျိုးတွင် ဖြစ်နေသောကြောင့် စိတ်စွမ်းအားမျိုးဆက်က သိုင်းပညာရှင်များလောက် အသက်ကြီးရင့်ပြီး သက်တမ်းပိုကြာရှည်သည်ဟုပင် ဆို၍ရသေးသည်။ ထို့ကြောင့် သာမာန်အခြေအနေမျိုးတွင် မည်သည့် လေးစားဖွယ်ကောင်းလွန်းသော စိတ်စွမ်းအားသုံး ကျွမ်းကျင်ပညာရှင်ကမှ မငယ်ရွယ်ကြပါချေ။

မာစီက အလွန်အမင်း ပါရမီကြီးလွန်းသည့် အနေအထားမျိုးနှင့် မွေးဖွားလာခဲ့သည်။ သူက ခါးကုန်းပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့်တိုင်အောင် သူ၏စိတ်စွမ်းအား စွမ်းအင်က အာရေးဗီးယားအင်ပါယာ တစ်ခုလုံးကို ယှဉ်နိုင်သည်။ ဒီနည်းအားဖြင့် သူက ပဲ့ဟယ်မော့များကိုမွေးကာ ပျိုးထောင် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ သံမဏိနှင့်သွေးအစိုးရဖြစ်သော အပုမူစလင်ကပင် ဒီနယ်မြေတွင် သူ့ထက် နိမ့်ကျကြောင်း ဝန်ခံရပေမည်။

သူ၏ ချွင်းချက်မရှိ ပြိုင်ဘက်ကင်းလွန်းသော ရှားပါးသည့် ပါရမီမျိုးကြောင့် မာစီဟာ ဒီအင်ပါယာမှ ကာလစ်၏ မျက်နှာသာပေးမှုကို ခံခဲ့ရပြီး သူ၏ သိုင်းစွမ်းအင်ကို မြှင့်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုမူ နောက်ထပ် အင်အားကြီးမားလွန်းသော စိတ်စွမ်းအားသုံး ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုတစ်ယောက်က သူ့ထက် အများကြီး ငယ်ရွယ်နေသည်။ ထိုအခြေအနေက မာစီသိထားသမျှ အခြေအနေတိုင်းကို သွေဖွယ်သွားစေသည်။

ဒီလောကက ဒီလောက်ထိ အင်အားကြီးတဲ့ စိတ်စွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်တွေ အများကြီးကို မပိုင်ဆိုင်ထားနိုင်ဘူး။ ငါတစ်ယောက်ထဲကတင် လုံလောက်ပြီလေ။ ကျန်တဲ့လူတွေအားလုံးက သေရမယ်။ မင်းလည်းသေရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်တန်ကြေးကိုပေးရပေးရ ငါကမင်းအလောင်းကို ချန်ထားခိုင်းရလိမ့်မယ်။

မာစီက စိတ်ထဲတွင် အသားကုန် ကုန်းအော်နေသည်။

မာစီက ဝမ်ချောင်ကို နဂိုကတည်းက ရက်စက်စွာ သတ်ဖြတ်လိုစိတ် ရှိပြီးသားဖြစ်သည်။ သူ၏ တစ်ကိုယ်ကောင်းဆန်မှုအရပင်ဖြစ်စေ၊ ပဲ့ဟယ်မော့သုံးကောင်နှင့် ကလဲ့စားချေမှုအရပင်ဖြစ်စေ သတ်ဖြတ်လိုစိတ် ရှိပြီးသားဖြစ်သည်။ သု့ိသော် ယခုမူ သူ၏ သတ်ဖြတ်လိုစိတ်များက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူက ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် ဝမ်ရန်တို့ကိုပင် ဂရုမစိုက်တော့ချေ။

စွမ်းအားကြီးမားလွန်းသော စိတ်စွမ်းအား စွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်တစ်ယောက်က ကြီးမားလွန်းသည့် ရန်စွယ်ကြီးဖြစ်သည်။ သူ့အတွက်ပင်ဖြစ်စေ၊ သူ၏ ပဲ့ဟယ်မော့ စစ်တပ်အတွက်ပင်ဖြစ်စေ အာရပ်အင်ပါယာ တစ်ခုလုံးအတွက်ပင်ဖြစ်စေ ကြီးမားလွန်းသော ခြိမ်းခြောက်မှုကြီးဖြစ်နေသည်။ မာစီအနေနှင့် ဒီလောကတွင် သူ့လောက် အင်အားကြီးမားသော နောက်ထပ် စိတ်စွမ်းအား စွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်တစ်ယောက် ရှိနေလိမ့်မည်ဟု မထင်ထားမိပါချေ။

အခန်း(၉၇၇)

အရိပ်ထိုးဖောက်ခြင်း

ဝေါင်း

ရုတ်တရက် လောင်ကျွမ်းသူ၊ ရိတ်သိမ်းသူ၊ မြင့်မြတ်သူနှင့် နောက်ဆုံးသော ပဲ့ဟယ်မော့တို့ အားလုံးက ကြမ်းတမ်းပြီး ခက်ထန်သည့် မျက်ဝန်းများကိုလှည့်ကာ ဝမ်ချောင်ကိုကြည့်ကြသည်။ ဝမ်ချောင်ကမူ အလောင်းများ ပြည့်နှက်နေသော ကွင်းပြင်အတွင်းရှိ ကျောက်တုံးကြီးပေါ် တက်ရပ်နေခြင်းဖြစ်သည်။

ဒုန်း ဒုန်း ဒုန်း

ပဲ့ဟယ်မော့ လေးကောင်လုံးက ကိုယ်ထည်ကြီးများကိုလှည့်ကာ ဝမ်ချောင်ထံ ချီတက်လာချိန်တွင် မြေကမ္ဘာက တသိမ့်သိမ့်တုန်သွားသည်။ သူတို့က သူတို့၏ တိုက်ကွက်ပေါင်းများစွာကိုလည်း ဆက်တိုက်ထုတ်ကာ သူ့အပေါ် ထုတ်သုံးနေသေးသည်။

ဝုန်း

လောင်ကျွမ်းသူ၏ လည်ချောင်းအတွင်းမှ နေမင်းထက်ပင် တောက်ပသေးသော မီးတောက်များက လင်းလက်လာသည်။ ဒီတစ်ကြိမ်တွင် သူတို့၏ ပစ်မှတ်က ဝမ်ရန်မဟုတ်ဘဲ သွေးများစင်ထားသည့် ဝတ်စုံ ဝတ်ထားသည့် ဝမ်ချောင်ဖြစ်သည်။

“အား”

ပတ်ဝန်းကျင်ရှိ စစ်သည်တော်တိုင်းက အလန့်တကြားအော်ကြသည်။ သို့သော် ထိုအချိန်တွင် ထန်များသာမဟုတ်ချေ။ အာရပ်မြင်းတပ်ကလည်း ထူးဆန်းမှုကို သတိထားမိကြပြီး အချင်းချင်း စိတ်ရှုပ်ထွေးသလိုကြည့်ကြသည်။

လေထဲတွင်ရှိသည့် အပုမူစလင်နှင့် ကျစ်ရတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်သည်။ သူတို့ကလည်း တစ်ယောက်မျက်နှာမှ မျက်မှောင်များကို သတိထားမိကြသည်။ ဒါက သူတို့အကြံထဲတွင် မပါဝင်ချေ။

ပဲ့ဟယ်မော့လေးကောင်က သူတို့၏ သာမာန်ပစ်မှတ်များကို ဘေးဖယ်ထားခြင်းက အပုမူစလင် မမျှော်လင့်ထားသော အခြေအနေမျိုးဖြစ်သည်။

အဲ့ဒီမျိုးမစစ်မာစီက ဘာလုပ်တာလဲ။

အပုမူစလင်က စိတ်ထဲတွင် ကျိန်ဆဲကာ ဒေါသထွက်လာသည်။

အမိန့်က တောင်တမျှ လေးလံသည်။ စစ်တပ်၏ ဗိုလ်ချုပ်တစ်ယောက်လည်းဖြစ်သလို အရှေ့ပိုင်းမှ ကျော်ကြားလွန်းသော သွေးနှင့်သံမဏိ အစိုးရဖြစ်သည့် အပုမူစလင်ကလည်း သူ၏တင်းကြပ်သော စည်းကမ်း ရက်စက်သော ပြုမူပုံနှင့် သံမဏိလက်သီးတို့ကြောင့် ကျော်ကြားသည်။ သူ၏ အမိန့်အောက်ရှိ မည်သည့်ဗိုလ်ချုပ်ကမှ ... သူတို့၏နောက်ခံ မည်မျှမြင့်ပါစေ သူတို့၏စွမ်းအင်က မည်မျှပြောင်မြောက်ပါစေ သူ၏ လူရင်းလက်ထောက် အစိုးရဆိုလျှင်ပင် သူ၏အမိန့်ကို မဖီဆန်ရဲချေ။

သို့သော် လက်ရှိအခြေအနေအရ မာစီက သူ၏ကိုယ်ပိုင်ရည်ရွယ်ချက်ကြောင့် ပဲ့ဟယ်မော့ လေးကောင်လုံးကို ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း သေချာနေလေရာ အပုမူစလင်က အလွန်အမင်း မကျေမနပ်ဖြစ်လာသည်။ သို့ရာတွင် အပုမူစလင်ကလည်း သူ၏စိတ်အခြေအနေကို ရှေ့တန်းတင်မည့် လူမျိုးမဟုတ်ချေ။ ယခုအခြေအနေအရ ထန်များ၏ ခုခံရေးအားလှိုင်းက ပြိုပျက်သွားပြီဖြစ်သည်။ သူတို့၏အရှုံးက သေချာသွားသည်။ ယခုလို အခြေအနေမျိုးတွင် အပုမူစလင်အနေဖြင့် မာစီကို အခြားသူများကို ဆက်ဆံသလို ဆက်ဆံမနေတော့ချေ။

အဲ့ဒီကောင်လေးကြောင့်လား။

အပုမူစလင်က ပဲ့ဟယ်မော့လေးကောင်လုံး ဦးတည်နေသောနေရာကို မျက်လုံးမှေးကျဉ်းကာ ကြည့်လိုက်သောအခါ ဝမ်ချောင်ကို သတိထားမိလိုက်သည်။ ဖြတ်ကနဲဆိုသလိုပင် သူက နားလည်သွားသည်။ သို့သော် ဆက်တွေးမနေတော့ချေ။ သူ၏ ကိုယ်အတွင်းမှ အနက်ရောင် စွမ်းအင်များက လိမ့်တက်လာလေပြီး ကောင်းရှန်းကျစ်ကို စွမ်းအားအကုန်သုံးကာ တိုက်ခိုက်သည်။ အပုမူစလင်၏ ဝမ်ချောင်ကို သတ်ဖြတ်ခြင်းစိတ်က မာစီထက်မနိမ့်ကျချေ။ သို့သော် ထိုမတိုင်ခင် ကောင်းရှန်းကျစ်ကို အရင်သတ်ရဦးပေမည်။ တစ်ဖက်သူက အန်းရှီကာကွယ်ရေးစစ်တပ်၏ နှလုံးသား အချက်အချာဖြစ်နေသည်။

ဘုန်း ဘုန်း ဘုန်း

အံ့အားသင့်ဖွယ် အားလှိုင်းများက လေထဲသို့ မြောက်တက်နေသလို မိုးကြိုးနှစ်စင်း ယှဉ်ပြစ်နေသလိုမျိုး ပုံရိပ်နှစ်ခုက ထိပ်တိုက် ရင်ဆိုင်နေသည်။ ထိုသို့ဖြင့် လေထဲတွင် ပုံရိပ်ပေါင်းများစွာကို ချန်ထားရစ်ခဲ့သည်။

အခြားတစ်ဖက် အဆုံးနားတွင် ပဲ့ဟယ်မော့လေးကောင်က ချဉ်းကပ်လာနေသောမြင်ကွင်းကို ကြည့်နေသည့် ဝမ်ချောင်က ချောမွေ့စွာဖြင့် လှုပ်ရှားလိုက်သည်။

ဝုန်း

ခမ်းနားသော စိတ်စွမ်းအင် စွမ်းအားများက ရှေ့သို့တိုးဝင်သွားသည်။ အလိုအလျောက်ပင် ပဲ့ဟယ်မော့ လေးကောင်လုံးကို ထိမှန်အောင် ရိုက်ခတ်လိုက်သည်။ ထိုတခဏတွင် ဝမ်ချောင်နှင့်မာစီတို့က အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ကြပြန်သည်။ ဝမ်ချောင်၏ စိတ်ကလည်း အသေးစား လှုပ်ခတ်သွားသည်။ သို့သော် မာစီ၏ အသိစိတ်ကမူ ပဲ့ဟယ်မော့လေးကောင်လုံးနှင့် တွဲဆက်ထားခြင်းဖြစ်လေရာ ချက်ချင်းဆိုသလိုပင် ထိုးဖောက်ခံရပြီး ဖယ်ရှားရှင်းလင်းခံရသည်။

ပဲ့ဟယ်မော့လေးကောင်လုံးက ရပ်တန့်လိုက်ကြသည်။ သူတို့၏ နီရဲသောမျက်ဝန်းအတွင်း စိတ်ရှုပ်ထွေးမှုများ ရှိနေ၏။ စွံ့အသွားသော သူတို့က ထိုနေရာတွင် ဒီတိုင်းရပ်လျှက် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေကြသည်။

မျှော်လင့်ထားတဲ့အတိုင်းပဲ။

ဝမ်ချောင်ကလည်း သူ၏တွေးဆမှုကို ချက်ချင်းဆိုသလို အတည်ပြုလိုက်နိုင်သည်။

ဝမ်ချောင်၏ဘဝတွင် ထိုမျှအင်အားကြီးမားသော စိတ်စွမ်းအား စွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်ကို ပထမဦးဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ဖူးခြင်းဖြစ်သည်။ သူ၏ပထမဦးဆုံးတိုက်ကွက်က အသိစိတ်အလျောက် တုန့်ပြန်လိုက်ခြင်းဖြစ်သည်။ သို့သော်ယခုမူ တတိယမြောက် အကွက်ဖလှယ်သော အခိုက်အတန့်တွင် ဝမ်ချောင်က ထိုစွမ်းအင်များကို မည်သို့ထုတ်သုံးကာ ရွေ့လျားရမည်ဖြစ်ကြောင်း ပို၍နားလည်လာသည်။ သူက ထိုစွမ်းအင်ကို လက်ချောင်းထိပ်လေးများဖြင့် ခပ်သေးသေး ဆုပ်ကိုင်လိုက်နိုင်သည်နှင့်အမျှ ဒီတိုက်ပွဲ၏ အဆုံးအဖြတ်ကို ပြောင်းလဲနိုင်သေးကြောင်း သိလိုက်သည်။

သူကလည်း တာလာ့၏တိုက်ပွဲမှ ရလဒ်ကို ကြိုးကိုင်နိုင်လောက်မည့် အလွန်အမင်း အရေးပါသော တစ်စုံတစ်ရာကို ဖမ်းဆုပ်လိုက်နိုင်ကြောင်း ခံစားလိုက်ရသည်။

“မျိုးမစစ်ကောင် သောက်ကျိုးနည်း ဒီအခြေအနေကို မယုံကြည်နိုင်ဘူး”

အလွန်နက်သော မြေအောက်တစ်နေရာမှ မာစီက ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲလုနီးပါးဖြစ်လာသည်။ ပဲ့ဟယ်မော့စစ်တပ်၏ ဗိုလ်ချုပ်တစ်ယောက်အနေနှင့် မာစီဟာ ယခင်ကဆိုလျှင် ထိုပဲ့ဟယ်မော့များကို ထိန်းချုပ်မှုလွတ်ကင်းသွားသည့် အခိုက်အတန့်မျိုး မကြုံဖူးချေ။ သို့သော် ယခုမူ ထိုထန်လူငယ်က သူ၏အရှေ့တွင် သုံးကြိမ်ဆက်တိုက်တားလာသည်။ သူ၏ ထူးခြားလွန်းသော ပြောင်မြောက်သည့် စိတ်စွမ်းအားကို သိုလှောင်နိုင်စွမ်းနှင့်ပင် သူက ဆက်လက်ပြီး ထပ်မထုတ်နိုင်တော့ချေ။

သူက တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင်ခံနေရသည်ဟု ခံစားလိုက်ရသည်။

“မဖြစ်နိုင်ဘူး မုတ်ဆိတ်မွှေးတောင် မပေါက်သေးတဲ့အကောင်ကို ငါမရှုံးနိုင်ဘူး”

မာစီ၏စိတ်အတွင်း ရက်စက်သောစွမ်းအားများက ပြင်းထန်လာသည်။

ဘုန်း

သူ၏လေးစားဖွယ်ကောင်းသော စိတ်စွမ်းအင်များက အလွန်ထက်ရှသော ထိပ်တစ်ခုအဖြစ် သိပ်သည်းသွားပြီး ဝမ်ချောင်ရှိသောနေရာသို့ ချိန်ရွယ်ကာ မြေပြင်မှတောက်လျှောက် ထိုးတက်သွားစေသည်။

အရိပ်ထိုးဖောက်မှု

ဒါဟာမာစီက ပဲ့ဟယ်မော့စစ်တပ်၏ ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာပြီးနောက် အာရပ်အင်ပါယာ၏ ဘုန်းတော်ကြီးတစ်ပါးဖြစ်လာသည်နှင့်အမျှ ရရှိလာသည့် အမွေအနှစ်ထဲတွင်ပါဝင်သော စွမ်းအားကြီးမားသည့် စိတ်စွမ်းအားသိုင်းဖြစ်သည်။ ထိုသိုင်းဟာ အခြားသူ၏ဝိညာဉ်ကို အလွယ်တကူ ဖျက်ဆီးနိုင်စွမ်းရည်ရှိသည်။ မာစီကလည်း တိုင်းပြည်ပေါင်းများစွာမှ ဗိုလ်ချုပ်ပေါင်းများစွာကို ထိုစွမ်းအင်သုံးပြီး သတ်ခဲ့ဖူးသည်။ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများကပင် ထိုတိုက်ကွက်အောက်တွင် အထိနာတတ်သည်။

စိတ်စွမ်းအားနယ်မြေအတွင်းတွင် အကျည်းတန်သော မာစီက မဟာဆရာသခင်ဆိုသော ဘွဲ့နှင့် ထိုက်တန်နေသည်။

ဘုန်း

မာစီ၏ အရိပ်ထိုးဖောက်မှုက ဝမ်ချောင်၏စိတ်သို့ ထက်ရှသော ဓားတစ်စင်းကဲ့သု့ိ တိုးဝင်သွားသည်။ သို့သော် ရုတ်တရက် ထိုစိတ်စွမ်းအား လောကအတွင်း ကျယ်လောင်သော ပေါက်ကွဲသံကြီးက ဟိန်းထွက်လာသည်။ မာစီကိုယ်တိုင်ကလည်း သူ၏အရိပ်ထိုးဖောက်မှုက ဒီလောက၏ အခိုက်မာဆုံး စိတ်စွမ်းအား အကာအကွယ်လွှာကို ထိပ်တိုက်ရင်ဆိုင်လိုက်မိကြောင်း သိလိုက်သည်။ သက်ရောက်ခံရပြီးနောက် နှစ်ခုလုံးက ပျောက်ကွယ်သွားသည်။

မာစီကို အံ့အားအသင့်စေဆုံး ကိစ္စကမူ ဘာကောင်မှမဟုတ်ဟု ယူဆထားသော ထိုလူငယ်က သူမည်သည့်အချိန်တွင်မျှ မမြင်ခဲ့ဖူးသည့် စိတ်စွမ်းအင်တစ်မျိုးကို ပိုင်ဆိုင်ထားသည်။ ထိုစိတ်စွမ်းအင်က အလွန်စွမ်းအားကြီးမားသည်။ ထို့ပြင် အခြားသော ထူးခြားသော နယ်ပယ်ပေါင်းများစွာ ရှိပုံရသည်။

မာစီ၏အမြင်အရ ဝိညာဉ်ပေါင်းများစွာကို အထပ်ထပ် ထပ်ထားသော ပုံစံမျိုးနှင့်တူသည်။ ထူးခြားစွာပင် ထိုဝိညာဉ်တိုင်းက စည်းစနစ်တကျရှိနေပြီး ပြီးပြည့်စုံသော ပုံစံမျိုးနှင့်ဖြစ်သည်။ သူကပင် ထိုမျှရှုပ်ထွေးသော ဝိညာဉ်မျိုးကို မမြင်ဖူးချေ။

“ကောင်လေး တကယ်ပဲ မင်းကဘာကောင်လဲ”

မာစီက အံ့အားတကြီး မေးမြန်းမိသည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း အနည်းငယ် အံ့ဩသွားသည်။

ပုန်းနေသော စိတ်စွမ်းအားသုံး ကျွမ်းကျင်ပညာရှင်က သူမျှော်လင့်ထားသည်ထက်ပင် ပို၍ လေးစားဖွယ်ကောင်းလွန်းနေသေးသည်။ ဝမ်ချောင်၏ အစစ်အမှန် သဘာဝကို အနည်းငယ် နားလည်သွားနိုင်၏။ ထိုအခြေအနေက ယခင်က မဖြစ်ပျက်ခဲ့ဖူးသော အခြေအနေလည်းဖြစ်သည်။ သို့သော် ဝမ်ချောင်ကလည်း ခပ်မြန်မြန် ဟန်အမူအရာထိန်းလိုက်သည်။ ကံကြမ္မာကျောက်တုံးက မည်သူကမှ ရှာဖွေမတွေ့ရှိနိုင်သည့် လျို့ဝှက်ချက်ဖြစ်သည်။ မာစီ၏ စိတ်စွမ်းအားစွမ်းအင် တိုက်ကွက် အတွက်ကမူ ဝမ်ချောင်က သေခြင်းဝန်ထုတ်ဝန်ပိုးကိုပင် ခံနိုင်သောသူဖြစ်သည့်အလျောက် စိတ်စွမ်းအားသုံး လုပ်ကြံသတ်ဖြတ်မှုမျိုးကို ဂရုမစိုက်ချေ။

“ဟား ဟား အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။ ငါကမင်းရဲ့နေရာကို ရှာတွေ့သွားပြီ။ ပဲ့ဟယ်မော့ကိုသုံးပြီး ငါ့ရဲ့လူပေါင်းများစွာကို သတ်ပြီးတဲ့နောက်မှာ မင်းက လွတ်နိုင်ဦးမယ်လို့ထင်နေတာလား”

ဝမ်ချောင်က ပြန်လှောင်လိုက်သည်။

မာစီက ပုံသဏ္ဍန်ပေါ်သော စိတ်စွမ်းအားတိုက်ကွက်မျိုးကို မသုံးခဲ့သင့်ချေ။ ယခင်ကဆိုလျှင် ဝမ်ချောင်အနေဖြင့် မာစီက မြေအောက်တွင်သာရှိကြောင်း သိထားသည်။ သို့သော် နေရာအတိအကျကို မဆုံးဖြတ်နိုင်ခဲ့ချေ။ သို့သော် မာစီက ရုတ်တရက် ဝမ်ချောင်ကို အောက်ဘက်မှ တိုက်ရိုက် တိုက်ခိုက်လိုက်သည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း သူ၏သဲလွန်စနောက်သို့ တိုက်ရိုက် လိုက်ခြင်းအားဖြင့် မာစီ၏ နေရာအတိအကျကို ပြန်လည်တိုက်ခိုက်နိုင်မည်ဖြစ်သည်။

“ဘာ”

မြေအောက်ပိုင်းမှ မာစီက ထိုစကားကြောင့် ကြောင်သွားသည်။ သို့သော်သူက ထိုစကားလုံးများကို ကောင်းကောင်း မတုန့်ပြန်နိုင်သေးခင် ရုတ်တရက် သူ့ထံတိုးဝင်လာနေသည့် ပြင်းထန်လွန်းသော စိတ်စွမ်းအင်လှိုင်းများကို ခံစားလိုက်ရသည်။ သူ၏မျက်နှာက ချက်ချင်းဆိုသလို တစ္တေတစ်ကောင်ကဲ့သို့ ဖြူစုတ်သွားသည်။ ထိုစိတ်စွမ်းအင်များက အပြန်အလှန်အနေဖြင့် ပြန်လည်တုန့်ပြန်လာသော စွမ်းအင်လှိုင်းဖြစ်ပြီး ထက်ရှသော ထိပ်တစ်ခုအဖြစ် ပြောင်းလဲထားကြောင်း သိလိုက်သည်။

ဒါက မာစီသုံးခဲ့သည့် အရိပ်ထိုးဖောက်မှုနှင့် တစ်ပုံစံတည်းတူနေသည်။

ဝုန်း

ဝမ်ချောင်၏ စိတ်စွမ်းအားသုံး လုပ်ကြံသတ်ဖြတ်မှုက မာစီ၏စိတ်အတွင်း ပေါက်ကွဲသွားသည်။ ကျင်းတစ်သောင်းတန်အားများနှင့်အတူ ပေါက်ကွဲသွားခြင်းဖြစ်နေလေရာ နှစ်ဖက်လုံးက တူညီသည့် ကြမ်းတမ်းသည့် တိုက်ကွက်မျိုးကို ထုတ်ဖော်လိုက်ခြင်းဖြစ်နေသည်။ မြေပြင်အထက်မှ ဝမ်ချောင်ကပင် အနည်းငယ် ယမ်းခါသွားသည်။

မြေအောက်ထဲမှ မာစီက အနည်းငယ် အခြေအနေကောင်းသေးသည်။ သို့သော် သူ၏ နှာခေါင်းပေါက်ထဲမှ သွေးစီးကြောင်းနှစ်ကြောင်း ဆင်းကျလာသည်။

ဒါက စိတ်စွမ်းအားခြင်း ထိပ်တိုက်ရင်ဆိုင်မှုသာဖြစ်သည်။ သို့သော် မာစီကဲ့သု့ိ စွမ်းရည်ရှိသော လူတစ်ယောက်အနေနှင့် ဝမ်ချောင်ကို ကြောက်ရန် မလိုအပ်ချေ။ ဝမ်ချောင်က သူတော်စင် သိုင်းအင်ပါယာ အဆင့်ရှိ ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေချိန်တွင် မာစီက အလွန်အားနည်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် စိတ်စွမ်းအင်ချင်း တစ်ချက် ထိပ်တိုက်ရင်ဆိုင်ရုံနှင့် သူ၏ အရှိန်အဝါက မုန်တိုင်းထန်သွားရလေပြီး ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားရခြင်းဖြစ်သည်။

ဘယ်လိုဖြစ်နိုင်မှာလဲ။ သူက ဘယ်လိုဖြစ်ပြီး ငါ့ရဲ့သိုင်းကို ဒီလောက်မြန်မြန် တက်သွားတာလဲ။

မာစီ၏ ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်နေသလို နှလုံးသားကလည်း အေးစိမ့်တက်သွားသည်။ သူ၏ ဒဏ်ရာများက ဒုတိယနေရာတွင်ဖြစ်သည်။ ဝမ်ချောင်က သူ၏သိုင်းကိုသုံးပြီး သူ့ကို ပြန်လည် တိုက်ခိုက်နိုင်ခြင်းကသာ အရေးကြီးဆုံးဖြစ်ပြီး လက်သင့်မခံနိုင်သောအချက်လည်းဖြစ်သည်။

ဝမ်ချောင်ကလည်း ရှင်းလင်းစွာဖြင့် ထိုသိုင်းကို မသုံးဖူးချေ။ သိပင်သိလိမ့်မည်မဟုတ်ချေ။ သို့မဟုတ်လျှင် အစောပိုင်းကတည်းက တိုက်ခိုက်ပြီးလောက်လေပြီ။ သို့သော် ထိုလူက သူသုံးပြလိုက်သည့်သိုင်းကို တစ်ကြိမ်ခံစားလိုက်ရရုံနှင့် ချက်ချင်းလိုလို ကျွမ်းကျင်သွားပြီး အစစ်အမှန် သိုင်းအဖြစ် ထုတ်သုံးနိုင်ခြင်းက မာစီကိုယ်တိုင်ပင် မယုံကြည်နိုင်သည့် အခြေအနေမျိုးဖြစ်သည်။ ဒါက မယုံနိုင်စရာကောင်းသော ပါရမီမျိုးဖြစ်သည်။

မာစီ၏ ဒီလောကအပေါ် နားလည်ထားမှုအရ ထိုကဲ့သို့သော အရာမျိုးက မဖြစ်နိုင်ပါချေ။ သူ့လောက်နီးပါး ပါရမီကြီးသော လူများကပင် ထိုမျှအထိ မလုပ်နိုင်သင့်ချေ။

“သတ် သတ် သတ် ကောင်လေး ငါမင်းကို သေချာပေါက်သတ်မှာ”

မာစီ၏စိတ်က အနည်းငယ်ပင် ကျုံ့သွားသည်။ သူ၏မာနနှင့် ကြွေးကြော်မှုတိုင်းကို ဝမ်ချောင်၏ တည်ရှိမှုက ထိုးနှက်သလိုဖြစ်သွားသည်။ သူက အနည်းငယ်မျှပင် မတုန့်ဆိုင်းတော့ဘဲ သူ၏စိတ်စွမ်းအားများကိုသုံးပြီး ဆူးချွန် တစ်ဆယ့်နှစ်ခုအဖြစ် ပြောင်းလဲလျှက် ဝမ်ချောင်ထံ မီးမြှားများကဲ့သို့ပစ်သည်။

“ဟွန်း အကွက်ကောင်းပဲ”

မြေပြင်အထက်မှ ဝမ်ချောင်က အကြောက်အလန့်မဲ့သော မျက်နှာထားမျိုးနှင့် ကျောက်တုံးပေါ်တွင်ရပ်နေသည်။ ထိုစိတ်စွမ်းအား စွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်က အလွန်အင်အားကြီးသည်။ သို့သော် မည်သည့်စိတ်စွမ်းအင် တိုက်ကွက်ကမှ လောက၏ ကပ်ဘေးကာလ အတောအတွင်း ဝမ်ချောင်ခံစားခဲ့ရသည့် ပြင်းထန်သည့်ဖိအားကို မယှဉ်နိုင်ချေ။

ဝမ်ချောင်၏ မျက်ခုံးအလယ်ကြားတွင် ပင်လယ်တမျှ ကြီးမားလွန်းသော စိတ်စွမ်းအင်များက စုစည်းလာသည်။ ထို့နောက် မာစီထက်ပင် ကြမ်းတမ်းသော ပုံသဏ္ဍန်မျိုးဖြင့် မာစီရှိရာသို့ လှမ်းလာ တိုက်ခိုက်လိုက်လေသည်။

ဒီတစ်ကြိမ်က ဒီဘဝတွင် ဝမ်ချောင် ပထမဦးဆုံးအကြိမ် အလုံးအရင်းဖြင့် ရှုံးဖူးသောကာလလည်း ဖြစ်နေသည်။ မြေပြင်တွင် ပြည့်နှက်နေသည့် သွေးညှီရနံ့နှင့် သိပ်သည်းလွန်းသော အလောင်းများက သူ၏နှလုံးသားကိုနာကျင်စေသည်။ ဒီနေ့၏အရှုံးက ထိုပဲ့ဟယ်မော့လေးကောင်၏ လျို့ဝှက်ဆန်းကြယ်သော စိတ်စွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်ကြောင့်ဖြစ်နေသည်။

အပုမူစလင်နှင့် သူ၏စစ်အာရပ်မြင်းတပ် နှစ်သိန်းကပင် ဒီလောက်ပြင်းထန်သည့် အင်အားမျိုးကို မထုတ်နိုင်သင့်ချေ။

မာစီကဝမ်ချောင်ကိုသတ်ချင်သည်။ သူ၏ သေဆုံးမှုကြောင့် ပျော်ရပေလိမ့်မည်။ သို့သော် ဝမ်ချောင်ကလည်း တစ်ချိန်ထဲတွင်ပင် အလားတူ စိုးရိမ်စိတ်ဝင်နေရခြင်းဖြစ်သည်။

အခန်း(၉၇၈)

ပဲ့ဟယ်မော့ပူးပေါင်းခြင်းသိုင်း

ဘုန်း ဘုန်း ဘုန်း

အပေါ်ယံမျက်နှာပြင်နှင့် ကျန်းသုံးဆယ်ခန့် နက်သော မြေအောက်ပိုင်းတွင် လေးစားဖွယ်ကောင်းသည့် စိတ်စွမ်းအင် အားလှိုင်းနှစ်ရပ်က ထိပ်တိုက်ရင်ဆိုင်နေသည်မှာ ဒေါသတကြီးဖြစ်နေသော နဂါးနှစ်ကောင် အချင်းချင်း ဝင်တိုးနေသကဲ့သို့ ထင်ရသည်။ သဘာဝခြင်း ခြားနားသော စိတ်စွမ်းအင်အားလှိုင်းနှစ်ရပ်က တစ်ဖက်က ဆိုးယုတ်သော စွမ်းအင်မျိုးဖြစ်ပြီး အခြားတစ်ဖက်ကမူ မာကြောကာ မည်သည့်အချိန်တွင်မျှ အညံ့ခံမည်မဟုတ်သည့် စွမ်းအားမျိုးဖြစ်နေသည်။ ထိုစွမ်းအင်နှစ်ရပ်က ထိပ်တိုက်ရင်ဆိုင်နေသည်။ မြေကြီးကလည်း ကြယ်တာရာစွမ်းအင်များ ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ကွဲမအက်သွားသည့်တိုင်အောင် ဒီတိုက်ပွဲကမူ အန္တရာယ်အလွန်ပြင်းထန်သည်။

ထိုအဆင့်တွင်ရှိသော စိတ်စွမ်းအားစွမ်းအင်များ၏ တိုက်ပွဲက အင်ပါယာမဟာဗိုလ်ချုပ်ကြီးများ၏ မျက်နှာကိုပင် ဖြူဖျော့စေသေးသည်။

သူတို့၏စိတ်က ထပ်ခါတလဲလဲ ထိပ်တိုက်ရင်ဆိုင်နေသည်နှင့်အမျှ ဝမ်ချောင်နှင့် မာစီတို့၏ကိုယ်ပေါ်သို့ သက်ရောက်လာသည့် စိတ်စွမ်းအား စွမ်းအင်များက ပြင်းထန်လာသည်။ ဝမ်ချောင်က ကျောက်တုံးပေါ်တွင် မရွေ့လျားဘဲ ရပ်နေနိုင်သည်။ သို့သော် သူ၏မျက်နှာကမူ စက္ကူရောင်ပြောင်းနေပြီဖြစ်သည်။ သို့သော် ဝမ်ချောင်က သူတော်စင်သိုင်းအဆင့်ရှစ် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေသည့်အတွက် သူ၏ဒဏ်ရာများက မာစီထက် အများကြီး ပေါ့လျော့သည်။ မာစီ၏ နှာခေါင်း၊ မျက်လုံး၊ နားများမှ သွေးများက ဆက်တိုက်စီးကျနေပြီး ကုန်းနေသော ခါးကပင် သွေးစိမ်းရှင်ရှင်ထွက်နေသည်။

“မျိုးမစစ်ကောင်”

“ငါဒါတွေ ဂရုမစိုက်ဘူး ငါမင်းကိုသတ်မှာ”

မာစီက ယိုင်နဲ့နေပြီဖြစ်သည်။ သူ၏ကိုယ်တွင် ဒေါသများက ပြည့်နှက်နေ၏။ မာစီဟာ အလွန်မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ အထက်တန်းလွှာများဖြစ်စေ၊ အစိုးရများဖြစ်စေ၊ ဗိုလ်ချုပ်များဖြစ်စေ သူ့ကိုလေးစားရသည်။ အင်ပါယာတစ်ခုလုံးတွင် ကာလစ်ကလွဲပြီး မည်သူကမှသူ့ကို အမိန့်လျောက်မပေးရဲချေ။ ထိုအစားသူက အပုမူစလင်၏ အမိန့်နောက် နာခံခဲ့သည်မှာ ကာလစ်က လုပ်ခိုင်းခဲ့သောကြောင့်ဖြစ်သည်။

ကာလစ်ကြောင့်သာမဟုတ်လျှင် မာစီက နောက်လှည့်ကာ ထွက်သွားပြီးလောက်လေပြီ။ အရှေ့ပိုင်းမှ အစိုးရကပင် သူ့ကို အမိန့်မပေးဝံ့ချေ။ သို့သော် ယခုမူ မာစီကလည်း အရှေ့ဘက်သို့ လာရောက်ရင်း ယခုလို ဆိုးရွားသော အခြေအနေထိ ရိုက်နှက်ခံရသည်။ သူက သိက္ခာကျသည်ဟု ခံစားရသည်။

ဝုန်း

သူ၏မျက်လုံးက မီးတောက်လာသည်။ မာစီက ကင်းမြှီးကောက် မကောင်းဆိုးဝါးကို ထိန်းချုပ်လိုက်ပြီး မြေအောက်သု့ိ ထပ်ဆင်းလိုက်သည်။

“ဟွန်”

ဝမ်ချောင်၏မျက်လုံးက မှေးကျဉ်းသွားသည်။ မာစီ၏ လုပ်ဆောင်မှုကြောင့် သူက အံ့အားတကြီး မျက်ခုံးပင့်လိုက်မိသည်။ သို့သော် ခပ်မြန်မြန်ပင် အခြေအနေကို နားလည်သွားသည်။ စိတ်စွမ်းအင်များက အတိုင်းအတာ အကန့်အသတ်မရှိချေ။ ဝေးလေလေ တိုက်ကွက်က အားနည်းနိုင်သေးသည်။

သိသာစွာပင် မာစီကလည်း သူတို့၏ ထိပ်တိုက်ရင်ဆိုင်မှုတွင် အခြေအနေ ဆိုးရွားသွားသောကြောင့် နောက်သု့ိ အနည်းငယ်ပြတ်ဆုတ်ပြီး တိုက်ကွက်ရောက်နိုင်သည့် ဝန်းကျင်မှ ထွက်ချင်ပုံပေါ်သည်။ သို့သော် ဝမ်ချောင်က မလိုက်ပါချေ။ မြေအောက်က သိုင်းပညာရှင်များအတွက် တားမြစ်နယ်မြေဖြစ်သည်။ ထူးခြားသော သိုင်းမျိုးမရှိသမျှ မြေအောက်ထဲတွင် သွားလာပြီး ထူးဆန်းသောပြိုင်ဘက်ကို ရင်ဆိုင်နိုင်လိမ့်မည်မဟုတ်ချေ။ သိသာစွာပင် သူ၏ပြိုင်ဘက်ကလည်း အသာစီးရနေသည်။ အားနည်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် စိတ်စွမ်းအားသုံး ကျွမ်းကျင်ပညာရှင် အများစုက သူတို့၏ လုံခြုံရေး အာမခံချက်မရှိသမျှ ရှေ့ထွက်လာခြင်းမရှိတတ်ချေ။

အခုအရေးတကြီး လုပ်ရမဲ့ကိစ္စက ဒီပဲ့ဟယ်မော့လေးကောင်ကို ကိုင်တွယ်ဖို့ပဲ။

ဝမ်ချောင်က ကျောက်တုံးပေါ်တွင်ရပ်သည်။ သူ၏ဆံပင်နှင့်အဝတ်က လေတွင် လွင့်နေသည်။ သူ၏ နှလုံးသားက စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည့်တိုင်အောင် သူဟာ မျက်နှာတွင် ဖော်ပြထားခြင်းမရှိပါချေ။ စစ်တပ်က အလွန်အန္တရာယ်များသော အနေအထားမျိုးတွင် ရှိနေသည့် အပုမူစလင်နှင့် ကျစ်ရတို့ကလည်း တိုက်ပွဲထဲသို့ ဝင်ထားသေးသည်။

ထိုနှစ်ယောက်၏ ခြိမ်းခြောက်မှုကတင် အလွန်ပြင်းထန်နေပြီဖြစ်သည်။ အနည်းနဲ့အများဆိုသလို ကြီးမားသော ကပ်ဘေးစိုက်စေနိုင်သည့် သတ္တဝါကြီးလေးကောင်က ပါနေသေးသည်။ ထိုအတွေးနှင့်အတူ ဝမ်ချောင်က ပဲ့ဟယ်မော့လေးကောင်ကို အာရုံစိုက်လိုက်သည်။

“ဟွန်း ငါဒီသိုင်းကိုမသုံးချင်ဘူး။ ကောင်စုတ် မင်းက ငါ့ကို ဖိအားပေးလိုက်တာပဲ”

မြေအောက်မှ မာစီ၏အသံက ရုတ်တရက်ထွက်လာသည်။ ထိုအသံက ဝမ်ချောင်၏စိတ်အတွင်း ဟိန်းထွက်လာသည်။ ထိုအခိုက် ဝမ်ချောင်ဘယ်သောအခါကမှ မမြင်ဖူးသည့် ပို၍စွမ်းအားကြီးပြီး ပြင်းထန်လွန်းသည့် စိတ်စွမ်းအားများက မြေကြီးထဲမှထိုးထွက်လာသည်။ ထိုအရာက ဝမ်ချောင်ကို ပစ်မှတ်ထားခြင်းမဟုတ်ချေ။ သို့သော် မျောက်ဝံကြီးကို ပစ်မှတ်ထားခြင်းဖြစ်သည်။

ဝုန်း

ဖြတ်ကနဲဆိုသလိုပင် ထိုစိတ်စွမ်းအင်များက မျောက်ဝံကြီး၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

... ဒါက...

ဝမ်ချောင်၏စိတ်က ရုတ်ချည်းဆန်လွန်းသဖြင့် မှင်သက်သွားသည်။ သူကလည်း ပြိုင်ဘက်ဟာ တိုက်ပွဲကို ရှောင်ချင်သည်ဟုသာ ထင်ထားသည်။ သို့သော် သူ၏အထင်က မှားသွားပုံပေါ်သည်။

ဖြတ်ကနဲဆိုသလိုပင် ဝမ်ချောင်နှင့်မာစီအကြားမှ တိုက်ပွဲက သဘာဝသွေဖယ်သွားသည်။

ဝေါင်း

ဝမ်ချောင်၏အနောက် ကျန်းတစ်ဆယ်ကျော်အကွာတွင် ကြီးမားလွန်းသော မျောက်ဝံကြီးက သွေးများစိုရွှဲနေသည့် ပါးစပ်ကြီးကို ဖြဲဟလိုက်သည်။ သူ၏ခန္ဓာကိုယ်ရှိ အမွှေးတိုင်းက အဆုံးထိ ထောင်တက်သွားသည်မှာ မီးတောက်များ တောက်လောင်နေသကဲ့သို့ ထင်ရသည်။ သူ၏ခန္ဓာကိုယ်က စွမ်းအင်များဖြင့် ပေါက်ကွဲသွားလေပြီး ကောင်းကင်ကိုပင် ဝါးမြိုနိုင်သည့် အရှိန်အဝါကို ထုတ်ပြသည်။

“နံဟောင်နေတဲ့ ကောင်စုတ်လေး မင်းတော့သေပြီ။ ငါမင်းရဲ့တစ်ကိုယ်လုံးကို ဝါးမြိုလိုက်မယ်”

မြေအောက်ထဲတွင် မာစီ၏အသံက နောက်ဆုံးတွင် ထွက်ပေါ်လာပြီးနောက် တိတ်ဆိတ်သွားသည်။ မြေအောက် အနက်ရှိုင်းဆုံးအပိုင်းမှ မာစီက သွေးချောင်းဆိုးနေသည်။ သူ၏မျက်နှာက အသားကုန် ပျက်ယွင်းနေသည်။ ထိုသို့ဖြင့် ပို၍ပင်အိုစာကာ ပို၍ပင် အကျည်းတန်လာသည်။

ပဲ့ဟယ်မော့ ပေါင်းစပ်ခြင်းသိုင်း

ထိုသိုင်းက ပဲ့ဟယ်မော့များကို ပျိုးထောင်သည့် သိုင်းကျမ်းထဲတွင် ပါဝင်သည့် စိတ်စွမ်းအားသုံး သိုင်းကျမ်းဖြစ်သည်။ ပဲ့ဟယ်မော့များကို သုံးကာ အသုံးပြုရန်လိုအပ်သည်။ ဒါက အာရပ်ဘုန်းတော်ကြီးနှင့် လေးစားဖွယ်ကောင်းသော စိတ်စွမ်းအင်များကို ပိုင်ဆိုင်သောသူမှသာ အသုံးပြုနိုင်သည်။ ပဲ့ဟယ်မော့များကိုပေါင်းကာ သုံးနေရသည့်တိုင်အောင် အလွန်အင်အားကြီးသော ရန်သူမျိုးကိုတွေ့မှသာ သုံးသင့်သည်။

ပဲ့ဟယ်မော့ပေါင်းစပ်ခြင်းသိုင်းက ထိုကဲ့သို့သော ရန်သူမျိုးကို ချေမွနိုင်ရန် ရည်ရွယ်ထားသည်။

ထိုစိတ်စွမ်းအားသိုင်း၏ အောင်မြင်နိုင်ချေက အလွန်နိမ့်ကျရုံသာမကသေးလေဘဲ ရှုံးနိမ့်သည့်အခါ ဖြစ်လာသည့် တန်ပြန်အားကို ခံစားရမည်ဖြစ်သည်။ ဒါက သေသည်အထိ ဖြစ်သွားနိုင်သည်။ အောင်မြင်လိုလျှင်လည်း ပြင်းထန်သည့် တန်ကြေးကို ပေးဆပ်ရဦးမည်ဖြစ်၏။ စိတ်ဝိညာဉ်ကပင် ဆွဲစုတ်ခံရနိုင်သည်။ အသုံးပြုသူ၏ စိတ်စွမ်းအားများကပင် ပြင်းပြင်းထန်ထန် အားနည်းသွားနိုင်သေးသည်။ အတက်စွမ်းအင်များကပင် လျော့ကျသွားနိုင်သေး၏။ ထို့ကြောင့် အာရပ်ဘုန်းတော်ကြီးတိုင်းက ထိုသိုင်းကို အသုံးပြုသည့် အချိန်တိုင်း အလွန်သတိထားရသည်။

သို့ရာတွင် ဝမ်ချောင်က အင်အားကြီးမားလွန်းသော စိတ်စွမ်းအင်များကို ထုတ်ပြထားသည်မှာ မာစီကိုယ်တိုင်ကလည်း ဒီလောကတွင် သူနှင့်အတူယှဉ်နိုင်သည့် ထိုကဲ့သို့သော ကျွမ်းကျင်ပညာရှင်မျိုးကို ရှိခွင့်မပြုနိုင်ချေ။ သူ၏အနေအထားက ခြိမ်းခြောက်ခံရသောကြောင့်သာ မဟုတ်လျှင် သူကလည်း ပဲ့ဟယ်မော့ ပေါင်းစပ်ခြင်းသိုင်းကို ထုတ်သုံးလိမ့်မည်မဟုတ်ချေ။

“သေစမ်း ဆယ်နှစ်စာ ကြီးမားတဲ့တန်ကြေးကို ပေးဆပ်ခိုင်းပြီးတဲ့နောက်မှာ ငါမင်းရဲ့အလောင်းကို ဘာမှ မကျန်တဲ့အထိ ဆွဲစုတ်ဖြဲပစ်မယ်။ မင်းကလည်း ပိုကြီးတဲ့တန်ကြေးကို ပေးရမယ်”

မာစီ၏မျက်ဝန်းက သည်းမခံနိုင်သော အလင်းများဖြင့် ပေါက်ထွက်လာသည်။ ထိုအတွေးနှင့်အတူ သူ၏ခေါင်းက အောက်သို့ ငိုက်စိုက်ကျသွားသည်။ သူ၏စိတ်စွမ်းအင်များကလည်း မြေပြင်အထက်သို့ ဆက်တိုက် တိုးတက်လာရင်း မျောက်ဝံကြီးထံရောက်သွားသည်။

ဘန်း

ကောင်းကင်က မှေးမှိန်သွားပြီး အလွန်ကြီးမားသည့် လက်သီးတစ်လက်က ထွက်ပေါ်လာသည်။ ထို့နောက် ဝမ်ချောင်ထံချိန်ရွယ်သည်။ ဒါဟာ မျောက်ဝံကြီးဖြစ်နေသေးသည်။ သို့သော် အရှိန်နှုန်းနှင့် စွမ်းအားကမူ ခြားနားသော အတိုင်းအတာသို့ ရောက်ရှိသွားပြီဖြစ်သည်။ မြေပြင်က တသိမ့်သိမ့်တုန်သွားသည်။ လွင့်ထွက်သွားသော အုတ်ကျိုးအုတ်ပဲ့များနှင့် ကျောက်စရစ်ခဲများ အားလုံးက ဆယ်ကျန်းခန့်အထိပင် မြောက်တက်သွားသေးသည်။ ကြီးမားသော မျောက်ဝံကြီး၏ လက်သီးက အနက်ရောင် စွမ်းအင်များကိုပင် ထွက်လာစေသည်။

ထိုမျောက်ဝံကြီး၏ တိုက်ကွက် ကျရောက်သောနေရာရှိ အာကာသပြင်က တွန့်လိမ်ရှုံ့တွလာသည်။

ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘာလို့ဒီလောက်ထိ မြန်နေတာလဲ။

ဝမ်ချောင်ကပင် ထိုတိုက်ကွက်ကို ရှောင်နိုင်ရုံသာတက်နိုင်သည်။ သူ၏စိတ်က အံ့အားသင့်မှုအတွင်း ရောက်နေသေးသည်။ ထိုမျောက်ဝံကြီးက သူ့နောက်သို့ လိုက်ဖမ်းခဲ့ဖူးသည်။ သို့သော် ထိုအရှိန်နှုန်း ထိုခွန်အားမျိုးကို ပိုင်ဆိုင်ခဲ့ဖူးပါချေ။ ဝမ်ချောင်ကိုယ်တိုင်ကသာ မြန်မြန် မတုန့်ပြန်နိုင်ခဲ့လျှင် သူ၏စိတ်စွမ်းအား စွမ်းအင်များက သူ့ကို သတိပေးပြီး ရှောင်ရှားရန် အချက်မပြခဲ့လျှင် သူကတိုက်ရိုက် တိုးခံရလောက်သည်။

ထိုအရာသာမကသေးချေ။ ဝမ်ချောင်က နောက်သို့ပြန်လှည့်ကာ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် သားရဲကြီးကို ကြည့်လိုက်သည့်အခိုက် ထိုသားရဲကြီး၏ ခန္ဓာကိုယ်က အနက်ရောင် စုပ်ဝဲတစ်ခုကဲ့သို့ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထိုသို့ဖြင့် ထိုနေရာအတွင်းရှိ မူလစွမ်းအင်တိုင်းကို စုပ်ယူနေသည်။ ဒီလောကရှိ မူလစွမ်းအင်များဖြင့် ထောက်ပံ့ပေးမှုကို ခံရသောအခါ ထိုမျောက်ဝံ့ကြီးက စွမ်းအားများဖြင့် ဖောင်းကြွလာသည်။ သူ၏ခေါင်းကပင် ပိုကြီးသွားသည်။

ဝမ်ချောင်၏ မျက်ဝန်းထဲတွင် ပြင်းထန်သည့် အံ့အားသင့်မှုက ထင်ရှားစွာ ထွက်ပေါ်နေသည်။ ပဲ့ဟယ်မော့ တစ်ကောင်က ထိုကဲ့သို့ ပုံသဏ္ဍန်မျိုးဖြင့် ကြီးထွားနိုင်ကြောင်း မမြင်ဖူးချေ။ ဒါက သိုင်းပညာရှင် တစ်ယောက်ကဲ့သို့ ထင်ရသည်။

“ငါ့အတွက်သေစမ်း”

မာစီထံမှ နောက်ထပ် အော်သံတစ်သံ ထွက်လာသည်။ ထို့နောက် စိတ်စွမ်းအင်အားလှိုင်းဖြင့် တုန့်ပြန်သံက ထွက်ပေါ်လာ၏။ ထိုအသံက မြေအောက်ထဲမှမဟုတ်ချေ။ သို့သော် ကြီးမားသော မျောက်ဝံ့ကြီးထံမှဖြစ်သည်။

ဘုန်း

မာစီက မျောက်ဝံ့ကြီးကိုသုံးပြီး နောက်ထပ်မြေကမ္ဘာကို ကွဲအက်စေနိုင်သည့် လက်သီးတစ်လုံးကို လျှင်မြန်ဖြတ်လတ်သော ပုံသဏ္ဍန်မျိုးဖြင့် ထုတ်လွှတ်လိုက်သည်။ မာစီက မာစီမဟုတ်တော့ချေ။ သူက မျောက်ဝံ့ဖြစ်သွားသည်။ မျောက်ဝံ့ကလည်းသူဖြစ်သည်။ သူ၏အရှေ့တွင် ဝမ်ချောင်က သေးငယ်သော ပုရွက်ဆိတ်သာဖြစ်သည်။

ခြိမ်း

ပဲ့ဟယ်မော့ပေါင်းစပ်ခြင်းသိုင်း

ရှေးဟောင်းသိုင်းကို အောင်မြင်စွာ အသုံးပြုနိုင်သွားသည်မှာ ချက်ချင်းဆိုသလိုပင် ဝမ်ချောင်ထံ ပြင်းထန်သည့် တိုက်ကွက်များကို ဆက်တိုက် ထုတ်လွှတ်သည်။ ပဲ့ဟယ်မော့၏ ခွန်အားက နှစ်ဆကျော်ခန့် မြင့်တက်သွားသည်။ ပဲ့ဟယ်မော့ ပေါင်းစပ်ခြင်းသိုင်းက အသုံးပြုသူကို ထိုပဲ့ဟယ်မော့အား တိုက်ရိုက်ထိန်းချုပ်နိုင်ရုံသာ မကသေးလေဘဲ လီရာပေါင်းများစွာအတွင်းမှ မူလစွမ်းအင်များကိုပင် ဆုတ်ယုတ်စေနိုင်သည်။ ဒီနည်းအားဖြင့် ပဲ့ဟယ်မော့၏အားက ပိုမြင့်လာပြီဖြစ်သည်။

အချိန်ကြာလေလေ စွမ်းအားက ပိုကြီးလေလေဖြစ်ပြီး ခွန်အားက မယုံကြည်နိုင်စရာကောင်းသည့် အဆင့်သို့ပင် ရောက်ရှိသွားနိုင်သေးသည်။

“အရှင်အမတ် မြန်မြန်သွားရအောင်”

ချန်းပုယွမ်၊ စွန်းကျစ်မင်နှင့် လီစစ်ယဲ့တို့က ကောင်းကင်ခစားခြင်း လူထွားကြီးများကို တိုက်ခိုက်နေရာမှ အလန့်တကြား လှမ်းအော်သည်။ သူတို့၏ လီလောကအပေါ် နားလည်သဘောပေါက်ထားမှုအရ အင်အားအကြီးဆုံး သိုင်းပညာရှင်များက အင်ပါယာ မဟာဗိုလ်ချုပ်များဖြစ်သည့် နေရာတိုင်းတွင် ထိပ်ဆုံးတွင် ရပ်တည်နေနိုင်သော ပုဂ္ဂိုလ်ကြီးများဖြစ်သည်။ သို့သော် အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများကပင် ထိုပဲ့ဟယ်မော့၏ အရှေ့တွင် မှေးမှိန်ရလောက်သည်။ သူတို့ကပင် အရောင်အဝါ ပျောက်ရှသွားလောက်၏။ ဝမ်ချောင်က မဟာဗိုလ်ချုပ်ပင် မဟုတ်သေးချေ။ သူက သူတော်စင် သိုင်းအဆင့်ရှစ်တွင်သာ ရှိနေသေးသည်။

ဝေါင်း

ထိုမျောက်ဝံ့ကြီး၏အော်သံက လူတိုင်းကို ကြောက်ရွံ့မှုကြောင့် တုန်ယင်စေသည်။ ထိုတိုက်ကွက်က အရာအားလုံးကို ဖျက်ဆီးစေနိုင်သည်။ ဒီတိုက်ကွက်များ၏ အလယ်မှ ဝမ်ချောင်ကမူ ဘယ်ညာဆက်တိုက် ခုန်ရှောင်နေပြီး သူ၏အသက်ဘေးမှ လွတ်မြောက်အောင် ကပ်သီးလေး ရှောင်ရှားနိုင်နေခဲ့သည်။ သို့သော် အချိန်မရွေး ထိုးဖောက်ခံရကာ အဆုံးသတ်သွားနိုင်သော အနေအထားမျိုးဖြစ်လာသည်။

“မဟုတ်သေးဘူး ဒီတိုင်းဆက်ဖြစ်နေရင် အရှင်အမတ် သေသွားလိမ့်မယ်။ သူက ဒီပဲ့ဟယ်မော့ကို ဘယ်လိုမှ ရင်ဆိုင်နိုင်မှာမဟုတ်ဘူး”

စွန်းကျစ်မင်က စိုးရိမ်တကြီးပြောသည်။

ဝမ်ချောင်က သူအလေးစားရဆုံးလူဖြစ်သည်။ သူအတုခိုးချင်သောလူလည်းဖြစ်သည်။ ဝမ်ချောင်ကြောင့်သာ မဟုတ်လျှင် သူဟာ တန်းမင်ရှင်းနှင့် တန်းကလန်၏ အစေခံသာ ဆက်ဖြစ်နေပြီး သူတို့၏ အရှက်ခွဲမှု၊ အနိုင်ကျင့်မှုများကို ခံစားနေရဦးပေလိမ့်မည်။ အမတ်ကဲ့သို့ အစစ်အမှန် အမျိုးသား တစ်ယောက်ကသာ သာမာန်လူများကို ကာကွယ်ပေးပြီး ကြီးမားသည့် စစ်အကျိုးအမြတ်ကို လျစ်လျူရှု့သောလူဖြစ်သည်။ ဒီနည်းအားဖြင့် အင်ပါယာအတွက် ခုခံပေးရင်း မျိုးနွယ်ခြားများကို ခုခံလျှက် သေဆုံးမည့်လူမျိုးဖြစ်သည်။ ထိုကဲ့သို့သော လေးစားဖွယ်ကောင်းကာ လုပ်ရဲကိုင်ရဲသော စိတ်ဓာတ်က စွန်းကျစ်မင် အလေးစားရဆုံးနှင့် အလိုချင်ဆုံး အခြေအနေဖြစ်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် အရှင်အမတ် ဒီနေရာမှာ သေလို့မရဘူး”

စွန်းကျစ်မင်၏ စိတ်အတွင်း ပူပန်မှုများက ပြည့်နှက်လာပြီး ဝမ်ချောင်ရှိရာဘက်သို့ အပြေးသွားသည်။

“အသုံးမဝင်ဘူး အရှင်အမတ်က ထွက်သွားမှာမဟုတ်ဘူး”

ထိုအခိုက် ချန်းပုယွမ်၏ ငယ်ရွယ်ပြီး အင်အားအပြည့်ပါသည့် လက်မောင်းက စွန်းကျစ်မင်ကို ပြန်ဆွဲခေါ်သည်။ သူ၏မျက်နှာက တည်ငြိမ်ကာ ပြတ်သားသည်။

အခန်း(၉၇၉)

စိတ်စွမ်းအားစွမ်းအင်၊ သားရဲယဉ်ပါးခြင်းသိုင်း

“ကျစ်မင် မင်းလည်းအရှင်အမတ်ရဲ့ ပုံစံကိုသိတာပဲ။ သူကသာ ထွက်ပြေးချင်ရင် ဘာကမှ သူ့ကို မတားနိုင်ဘူး။ အာရပ်နဲ့ အဲ့ဒီမျောက်က တားနိုင်မှာတဲ့လား။ ဒါကသူ ထွက်မသွားနိုင်တာမဟုတ်ဘဲ ထွက်မသွားချင်တာ... မင်းသတိမထားမိသေးဘူးလား။ အရှင်အမတ်က ဒီနည်းလမ်းကိုသုံးပြီး ပဲ့ဟယ်မော့ လေးကောင်လုံးရဲ့အာရုံကို ဆွဲဆောင်လာတာ။ ဒီလိုနဲ့ စစ်တပ်ရဲ့ ဆုံးရှုံးမှုကို လျော့ပါးနေစေတာလေ”

ဝုန်း

ချန်းပုယွမ်၏စကားက စွန်းကျစ်မင်ကို တုန်ယင်သွားပြီး ရပ်တန့်သွားစေသည်။

“ကျစ်မင် ဒါက အရှင်အမတ်ရဲ့ ရွေးချယ်မှုပဲ။ သူ့ရဲ့လုံခြုံရေးအတွက်ကို ထည့်မပြောနဲ့။ သူက သူ့ရဲ့ ပိုင်ဆိုင်မှုနဲ့ အရာအားလုံးကိုတောင်သုံးပြီး လူတိုင်းက မျှော်လင့်ချက်ပျောက်ဆုံးနေတဲ့ အနောက်တောင်ဘက်ကိုတောင် ထွက်လာခဲ့တာမဟုတ်လား။ အဲ့ဒီလိုသာမလာခဲ့ရင် သူဒီနေရာကို ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူး။ သူက အနောက်တောင်ပိုင်းမှာလည်း နောက်မဆုတ်ခဲ့ဘူးဆိုရင် ဒီနေ့ ဒီနေရာမှာလည်း နောက်ဆုတ်မှာမဟုတ်ဘူး... ဒါက အရှင်အမတ်ရဲ့ ဆုံးဖြတ်ချက်ပဲ။ ဒါကို ဘယ်သူမှ ပြောင်းလို့မရဘူးဆိုတာကို မင်းလည်းသိပါတယ်”

ချန်းပုယွမ်က ခပ်တင်းတင်းပြောသည်။

သူက အရှင်အမတ်ကို မကယ်ချင်ခြင်းမဟုတ်ချေ။ ဒီလောကတွင် လူနည်းစုကသာ အရှင်အမတ်ကဲ့သို့ အရာအားလုံးကို တိုင်းပြည်ထဲ မြုပ်နှံထားခြင်းဖြစ်သည်။ ချန်းပုယွမ်ကလည်း ယခုစစ်တပ်၏ အခြေအနေအရ ရွေးချယ်စရာမရှိတော့ကြောင်း နားလည်နေသည်။ အရှင်အမတ်ကလည်း ဆက်နေပြီး တိုက်ခိုက်ရန် ဆုံးဖြတ်ချက် ချထားကတည်းက မည်သူကမှ သူ၏စိတ်ကို ပြောင်းနိုင်တော့မည်မဟုတ်ချေ။

စွန်းကျစ်မင်၏ မျက်နှာက သေလုခြောက်ခြားဖွယ် ဖြူဖျော့သွားသည်။ သူ၏လက်သီးက အရိုးများ၏ အသံပင် ထွက်သည်အထိ အသားကုန် အဆုပ်ခံလိုက်ရသည်။ သို့သော် အဆုံးသတ်တွင် သူက ရှေ့ဆက်မသွားတော့ချေ။ အချိန်တစ်ခုကြာပြီးနောက် နောက်ပြန်လှည့်ကာ ထွက်သွားလိုက်သည်။

...

အခြားတစ်ဖက်ခြမ်းမှ ဝမ်ချောင်က ထိုအခြေအနေများကို သတိမထားမိပါချေ။ သူ၏စိတ်က မျောက်ဝံ့ကြီးထံတွင်သာ အပြည့်အဝ အာရုံစိုက်ထားသည်။ ထိုအကောင်က အချိန်ကြာလာသည်နှင့်အမျှ စွမ်းအားကြီးလာနေသည်။

ဘုန်း

မျောက်ဝံ့ကြီးရှိသော နေရာဝန်းကျင်တွင် ကျောက်တုံးများက တစ်စစီ လွင့်ထွက်ကုန်သည်။ ထိုသို့ဖြင့် သေစေနိုင်လောက်အောင် ခြိမ်းခြောက်နိုင်သည့် အချွန်အထက် အပိုင်းအစများအဖြစ် ပြောင်းလဲသွားသည်။ ဝမ်ချောင်က လေထဲတွင် ဆက်တိုက် ထွက်ပြေးကာ တိမ်းရှောင်နေရချိန်တွင် သူက မျောက်ဝံ့ကြီး၏တိုက်ကွက်များကို ရှောင်နိုင်ရုံသာ တက်နိုင်သည်။ သူ၏ ကြယ်တာရာစွမ်းအင်များက အခြားသော သေစေနိုင်လောက်အောင် ခြိမ်းခြောက်နိုင်သည့် အုတ်ကျိုးအုတ်ပဲ့များကို ကာကွယ်ထားရသေးသည်။

သေချာပေါက် နည်းလမ်းတော့ ရှိမှာပါ။

ဝမ်ချောင်က မျောက်ဝံ့ကြီး၏ တူရိုက်သလို အပေါ်မှ လက်ဖြင့်ဖိချသော တိုက်ကွက်မျိုးကို ခုန်ရှောင်လိုက်သည်။ သူက ကြီးမားလွန်းသော သားရဲကောင်ကြီးကို ကြည့်နေရင်း သူ၏ပိန်းပိတ်အောင် မည်းမှောင်သော မျက်ဝန်းအတွင်း ပုံရိပ်များက ရှောင်ပြန်ဟပ်လာသည်။ မရေမတွက်နိုင်သော သိုင်းပေါင်းများစွာ၊ မာချရာပေါင်းများစွာက ပေါ်လာသည်။

ဘုန်း

သူကတွေးတောနေသော အချိန်တွင် သူ၏မျက်ခုံးကြားထဲမှ စွမ်းအားကြီးမားလွန်းသည့် စိတ်စွမ်းအားတစ်ရပ်က ထွက်ပေါ်လာပြီး ထိုမျောက်၏ကိုယ်ထဲသို့ တူထုသလိုဝင်ရောက်သွားသည်။

“ဟ ဟ အသုံးမဝင်ဘူး။ တူညီတဲ့သက်ရောက်မှု ရအုံးမယ်လို့ထင်နေတာလား။ အခုငါက အားမနည်းတော့ဘူး။ မင်းရဲ့စိတ်က ငါ့ထက်ပိုပြီးမသာနိုင်ပါဘူး။ အခု ငါ့ရဲ့ခန္ဓာကိုယ်က မင်းထက်ပိုပြီး အင်အားကြီးသွားတယ်။ ဟား ဟား ဟား”

မာစီ၏ရယ်သံက သူ၏မောက်မာထောင်လွှားမှုကို မဖုံးကွယ်ထားနိုင်ချေ။

ပဲ့ဟယ်မော့ ပေါင်းစပ်ခြင်းသိုင်းက အလွန်ကြီးလေးလွန်းသည့် တန်ကြေးကို ပေးဆပ်ရသော်လည်း တန်ကြေးက ဆုံးရှုံးမှုနှင့်တန်သည်။ သူက ယခင်ကဆိုလျှင် ထိုပြင်းထန်သည့်အားကို ကြောက်နေရသေးသည်။ သု့ိသော် ယခုမူ သူ၏မျက်စိရှေ့တွင် ဒီစွမ်းအားက ပြောပလောက်ခြင်း မရှိတော့ပါချေ။ မာစီက ထိုအရာကို အရုပ်လိုပင် ဆော့ကစားနိုင်သည်။ ထိုအတွေးတစ်ခုနှင့်အတူ မာစီက မျောက်ဝံ့ကြီး၏ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး အခြားသော နောက်ထပ် ပြင်းထန်သည့် လက်သီးတစ်လုံးကို ထုတ်ကာ ဝမ်ချောင်ကိုထိုးခိုင်းပြန်သည်။

တိုက်ပွဲက အမြဲတစေ နိုင်ရမည်ဖြစ်သည်။ သို့မဟုတ် နိုင်ပြီးပြီဟုဆို၍ရ၏။ မဟာထန်မှ စိတ်စွမ်းအား စွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်က စဉ့်နီတုံးပေါ်မှ ငါးတစ်ကောင်ဖြစ်သွားလေပြီ။ သူက ဗိုက်အခွဲခံရရန် စောင့်နေသည်။

ဘုန်း

ဝမ်ချောင်ကလည်း မည်သည့်ခံစားချက်ကိုမျှ ထုတ်မပြချေ။ မာစီက ပြောနေရင်း နောက်ထပ် စိတ်စွမ်းအားတစ်ရပ်က မျောက်ဝံ့၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားသေးသည်။

မမှားနိုင်ဘူး ပဲ့ဟယ်မော့ရဲ့ အားနည်းချက်က စိတ်စွမ်းအားပဲ။ သူတို့ရဲ့ခန္ဓာကိုယ်ကကြီးပြီး ခွန်အားက မယုံနိုင်စရာကောင်းတယ်ဆိုပေမဲ့လည်း စိတ်စွမ်းအားက ပိုကြီးအောင်လုပ်လို့မရဘူး။ သူတို့ရဲ့ အကြီးမားဆုံး အားနည်းချက်က သေချာပေါက် စိတ်စွမ်းအင်ပဲ။

ဝမ်ချောင်က သူ့ကိုယ်သူပြောနေသည်။ သူ၏ခန္ဓာကိုယ်က လေထဲသို့ ဆက်တိုက် ခုန်ပျံနေရင်း မြေပြင်သို့ ပြန်ခြေမချသေးခင် ခြေထောက်က မြေပြင်ကို ရှပ်တိုက်ထိပြီးနောက် တဖန်ခုန်တက်လိုက်ပြန်သည်။ ထိုသို့ဖြင့် မျောက်ဝံ့ကြီး၏ နောက်ထပ်တိုက်ကွက်ကို ရှောင်လိုက်သည်။

ထိုသို့ဖြင့် ဝမ်ချောင်က နောက်ထပ် စိတ်စွမ်းအင်အားလှိုင်းတစ်ရပ်ကို ထိုးသွင်းလိုက်သည်။ သို့သော် ဒီတစ်ကြိမ်တွင် ပစ်မှတ်က မျောက်ဝံ့မဟုတ်တော့ချေ။ ထိုအစား မီးတောက်ကျားသစ် ပဲ့ဟယ်မော့ လောင်ကျွမ်းသူဖြစ်သွားသည်။ ထိုလောင်ကျွမ်းသူက ကျန်းတစ်ဆယ်ကျော်အကွာတွင်ဖြစ်သည်။

ဘုန်း

မည်သည့်အရာမှ ဖြစ်မလာသလို ဖြစ်နေသော်လည်း ဝမ်ချောင်ကမူ မီးတောက်များဖြင့် ရူးသွပ်စွာ တောက်လောင်နေသော လောင်ကျွမ်းသူက တောင့်ခဲသွားကြောင်းသိလိုက်သည်။ အချိန်အနည်းငယ် ကြာပြီးနောက် ထိုဖွတ်၏ပါးစပ်ထဲမှ မီးတောက်များက ထပ်ထွက်လာသည်။ သို့သော် မြေပြင်ရှိ ကြီးမားသော အပေါက်ကြီးကို အရည်ပျော်သွားအောင်လုပ်လိုက်သည်။

သက်ရောက်မှုရှိတယ်။

စိတ်စွမ်းအားက ပဲ့ဟယ်မော့ကို ရင်ဆိုင်နိုင်တယ်။ ဒါပေမဲ့ ငါကသူတို့ကို ဒဏ်ရာရအောင်လုပ်ဖို့၊ သူတို့ကို ထိန်းချုပ်နိုင်အောင်လုပ်ဖို့က ဘယ်နည်းလမ်းကိုသုံးရမှာလဲ။

ဝမ်ချောင်၏မျက်မှောင်က အသားကုန်ကျုံ့နေသည်။

ဒါဟာ နည်းလမ်းတစ်ခုကို မှန်ကန်စွာ အသုံးပြုနိုင်မှသာ လုပ်နိုင်မည်ဖြစ်ကြောင်း နားလည်သည်။ သို့သော် အချို့သော အကြောင်းပြချက်များအရ သက်ရောက်မှုက အကန့်အသတ်ရှိနေသည်။ သူက မှန်ကန်သော လမ်းကြောင်းကို ရှာတွေ့သွားသော်လည်း အရှေ့မှတံခါးကို တစ်ဝက်ထက်ကျော်အောင် မဖွင့်နိုင်သေးချေ။ သူက မည်သို့ဆက်လုပ်သင့်ကြောင်း တွေးတောနေသည့်အချိန်တွင် ရင်းနှီးကျွမ်းဝင်သော အရူးတစ်ယောက်၏ ရယ်သံကို ကြားလိုက်ရသည်။

“ဟား ဟား ဟား ဟား ဟား ငါမင်းကို အထင်ကြီးမိတာပဲ။ မင်းက စိတ်စွမ်းအားစွမ်းအင် ကျင့်ကြံသူမှမဟုတ်တာ။ မင်းက လေးစားဖွယ်ကောင်းတဲ့ စိတ်စွမ်းအားတွေကို ပိုင်ဆိုင်ထားပေမဲ့လည်း ဘယ်လိုသုံးရမလဲဆိုတာကို မသိဘူးဘဲ”

မာစီကလည်း ကုန်းမြေကြီးတစ်ခုကို ရှာတွေ့လိုက်သလို ခံစားလိုက်ရသည်။ မူလကမူ သူက ဝမ်ချောင်ကို အလွန်ကြောက်ခဲ့သည်။ ထိုကြောက်လန့်မှုက သူ၏သတ်ဖြတ်လိုစိတ်ကိုပင် ကျော်သေး၏။ သို့သော် ဝမ်ချောင်က ပဲ့ဟယ်မော့ကို တိုက်ခိုက်သောအခါ ရုတ်တရက် မာစီအနေနှင့် အထင်မှားသွားကြောင်း သိလိုက်သည်။ ထိုအကောင်က သူမျှော်လင့်ထားသလောက် အင်အားကြီးမားခြင်း မရှိပါချေ။ ဒီတိုင်း စိတ်စွမ်းအားနယ်မြေကို ရှာတွေ့လိုက်ရသည့် လူသစ်လေးသာသာဖြစ်သည်။

“အိုး မင်းကအဲ့ဒီလိုထင်တာလား”

ဝမ်ချောင်၏ခန္ဓာကိုယ်က တခဏခန့် ရပ်တန့်သွားသည်။ ထို့နောက်သူက ခေါင်းကိုမော့ပြီး ဝက်ဝံ့ကိုကြည့်ကာ လှောင်ရယ်သလိုပြုံးသည်။ ရုတ်တရက် သူလုပ်သင့်သည့်အရာကို နားလည်သွားပြီဖြစ်သည်။ သူဟာ စိတ်စွမ်းအား စွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်တစ်ယောက် သီးသန့်မဟုတ်သော်လည်း စိတ်စွမ်းအားသိုင်းပေါင်းများစွာကိုသိသည်။

ထိုထဲမှ တစ်ခုက တိုက်ဆိုင်စွာဖြင့် သားရဲယဉ်ပါးခြင်းသိုင်းဖြစ်နေသည်။ ထိုသိုင်းက စိတ်စွမ်းအားသုံးကာ အခြားသားရဲများကို ထိန်းချုပ်ခြင်းဖြစ်သည်။ တစ်ခုတည်းသော ပြဿနာကမူ ထိုကဲ့သို့သောသိုင်းများ တည်ရှိကြောင်းကိုသာ သိထားသည်။ မည်သို့အသုံးပြုသင့်ကြောင်း မသိချေ။ ယခုလိုကပ်ဘေး လောကကြီးတွင် ဝမ်ချောင်ကြုံတွေ့ရသော တိရိစ္ဆာန်များက ကျားနှင့် ဝံပုလွေများသာဖြစ်ခဲ့သည်။

သားရဲယဉ်ပါးခြင်းသိုင်းက ထိုအရွယ်အစားရှိသော တိရိစ္ဆာန်များကိုသာ ထိန်းချုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ဝမ်ချောင်အနေဖြင့်လည်း ပဲ့ဟယ်မော့ကဲ့သို့ သတ္တဝါမျိုးကို ထိန်းချုပ်နိုင်ခြင်း ရှိမရှိ မသေချာပါချေ။

ငါစမ်းကြည့်ရင် အသုံးဝင်မဝင်ဆိုတာ သိရမှာပဲ။ အနည်းဆုံး ဒါက စိတ်စွမ်းအားသုံးသိုင်းပဲ။

ဝမ်ချောင်၏ မျက်ဝန်းက ဆုံးဖြတ်ချက် ပြတ်သားမှုနှင့်အတူ တောက်ပသွားသည်။

ဝမ်ချောင်က လေထဲသို့ စွန်ရဲတစ်ကောင်ကဲ့သို့ ထိုးတက်သွားပြီး ပဲ့ဟယ်မော့၏ ခေါင်းထိပ်တည့်တည့်ထံ ဦးတည်လိုက်သည်။ ထိုသို့ ပြောင်မြောက်လွန်းသော ပုံသဏ္ဍန်မျိုးနှင့်သူက ထိုမျောက်ဝံ့ကြီး၏ လက်မောင်းပေါ်သို့ ဦးတည်လိုက်ပြီး ချောမွေ့စွာ ဆင်းသက်လိုက်သည်။

“ဘာလဲ”

မာစီက ကြောင်သွားသည်။ ဝမ်ချောင်ဟာ ထိုမျှအားနည်းကြောင်း သိထားပြီးသည့်တိုင်အောင် ယခုလိုမျိုး ပြန်လည်တိုက်ခိုက်လာမည်ဟု မထင်ထားမိသေးချေ။

“သေစမ်း”

မျောက်ဝံ့ကြီးကလည်း အခြားသော လက်မောင်းတစ်ဖက်ကိုယမ်းလျှက် ဝမ်ချောင်ကို ဖိရိုက်သတ်ရန် ကြိုးစားသည်။

ဝမ်ချောင်၏အကြည့်က ရုတ်ချည်း အေးစိမ့်သွားသည်။ ယခင်နှင့်မတူသော ခြားနားသည့် စိတ်စွမ်းအား တစ်မျိုးက မျက်ခုံးကြားအတွင်းမှ ထိုးထွက်လာသည်။

“သားရဲယဉ်ပါးခြင်းသိုင်း”

ထိုစွမ်းအားက ကြယ်စင်များကဲ့သို့ တောက်ပသော စိတ်စွမ်းအင်ဖြစ်သည်။ ထို့ပြင် ဝံပုလွေသို့မဟုတ် ဝက်ဝံကြီးများကဲ့သို့ ရိုင်းစိုင်းသော သဘာဝနှင့် ပေါင်းစပ်နေသေးသည်။ ထို့ကြောင့် ချက်ချင်းဆိုသလို ထိုမျောက်ဝံ့ကြီး၏ မျက်ခုံးကြားအတွင်းသု့ိ တိုးဝင်သွားပြီး စိတ်ဝိညာဉ်တိုက်ရိုက် ဆက်နွယ်လိုက်သည်။

ဝုန်း

မျောက်ဝံ့၏ ခန္ဓာကိုယ်တစ်ခုလုံးက စတင်ကာ တုန်ယင်လာသည်။

“မဟုတ်ဘူး မဖြစ်နိုင်ဘူး”

မာစီ၏အသံက လောကရှိ ကြောက်စရာအကောင်းဆုံးသော အရာကြီးကို တွေ့လိုက်ရသလိုဖြစ်သွားသည်။ ထိုထန်လူငယ်ကလည်း ပဲ့ဟယ်မော့ပေါင်းစပ်ခြင်းသိုင်းနှင့် အလားသဏ္ဍန်တူသောသိုင်းမျိုးကို သိထားမည်ဟု မထင်ထားမိချေ။ ထို့အပြင် ပဲ့ဟယ်မော့၏စိတ် အနက်ရှိုင်းဆုံးအပိုင်းသို့ တိုက်ရိုက်ဝင်ပြီး ပဲ့ဟယ်မော့၏ ဝိညာဉ်ကိုပင် ထိန်းချုပ်လိုက်သေးသည်။

“ဘာလို့ဒီလိုကိစ္စမျိုးက ဖြစ်လာရတာလဲ”

မာစီက အံ့အားသင့်လွန်းသဖြင့် ခန္ဓာကိုယ်တစ်ခုလုံးက တုန်ခါနေသည်။ သို့သော်သူ၏ အံ့အားသင့်မှုပြီးနောက် နောက်မှကပ်ပါလာသည်မှာ မသိစိတ်အရ အလိုအလျောက် တုန့်ပြန်သည့် အနေဖြင့် ဝမ်ချောင်ကို ရိုက်သတ်ခြင်းဖြစ်သည်။ သူ၏ ဒေါသများကြောင့် ထိုတိုက်ကွက်က ယခင်ထက် အဆပေါင်းများစွာ မြန်သွားသည်။ ကြီးမားသော လက်သီးကြီးက ဝမ်ချောင်၏ကိုယ်ကို ထိလုနီးပါးဖြစ်လာသော အချိန်တွင် ဝမ်ချောင်ကဲ့သို့ သူတော်စင်သိုင်းအဆင့်ရှစ် ကျွမ်းကျင်ပညာရှင်ကပင် မမျှော်လင့်ထားသော အခြေအနေမျိုးတွင် သေကောင်း သေသွားနိုင်သည်။

သို့သော် အခြားလက်တစ်ဖက်က ဆင်းသက်လာသောလက်ကို ပြန်လည်ရင်ဆိုင်လိုက်ရင်း ကျယ်လောင်သော ပေါက်ကွဲသံကို ထွက်ပေါ်လာစေသည်။ ထိုသို့ဖြင့် တိုက်ကွက်က ရပ်သွားသည်။

ထိုမြင်ကွင်းကို မြင်လိုက်သောလူတိုင်းက အံ့ဩသွားသည်။

ထိုတခဏတွင် တိုက်ပွဲနယ်မြေတစ်ခုလုံးက ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။ အပုမူစလင်နှင့် ကျစ်ရတို့ကပင် ပုံမှန်မဟုတ်သောမြင်ကွင်းကို သတိထားမိလိုက်သည်။

“ဒါ ဒါ ... ဘာတွေဖြစ်နေတာလဲ”

“ဒီမျောက်က သူ့ကိုယ်သူ တိုက်ခိုက်နေတာလား”

မြေပြင်ရှိ လူတိုင်းကလည်း အခြေအနေကို နားလည်နိုင်ရန် မနည်းကြိုးစားနေကြရသည်။

“မဖြစ်နိုင်ဘူး”

မြေအောက်မှ မာစီက အံ့အားသင့်မှုနှင့်အတူ ပင့်သက်ရှိုက်လိုက်သည်။ သူ၏မျက်လုံးကပင် အပြင်သို့ ထွက်သွားပြီဟုထင်ရလောက်အောင် ပြူးထွက်နေသည်။

ပဲ့ဟယ်မော့ပေါင်းစပ်ခြင်းသိုင်းက ရှေးကျသော အင်အားကြီးမားသည့် လူမျိုးစုတစ်စုက လက်ဆင့်ကမ်းပေးခဲ့သည့် လျို့ဝှက်သိုင်းဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးမှုများက များသထက် များလာသော်လည်း စွမ်းအားကိုမူ သံသယမဝင်သင့်သေးချေ။ သို့သော် သူဟာ ပဲ့ဟယ်မော့ကို ထိန်းချုပ်နေသော အနေအထားမျိုးတွင် ရှိနေသေးသည့်တိုင်အောင် ထိုထန်လူငယ်ကောင်က လက်မောင်းတစ်ဖက်ကို အမိအရ အောင်မြင်စွာ ထိန်းချုပ်လိုက်နိုင်သေးသည်။ ဒါက မယုံနိုင်စရာကောင်းလွန်းသော အခိုက်အတန့်ဖြစ်သည်။

အနည်းဆုံး မာစီကိုယ်တိုင်ပင် ဒီလိုအခြေအနေမျိုးကို မကြုံဖူးချေ။

“ဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေမျိုးက ရှိနေရတာလဲ။ ဘယ်သိုင်းကမှ ပဲ့ဟယ်မော့ပေါင်းစပ်ခြင်းသိုင်းကို မယှဉ်နိုင်သင့်ဘူး”

မာစီက အံ့ကြိတ်သည်။ သူ၏မျက်လုံးက မျက်အိမ်ထဲမှ ကျွတ်ထွက်ခါနီးဖြစ်လာသည်။

“ဟား ဟား ဟား ငါမင်းကို အပျော်မစောနဲ့လို့ ပြောချင်တယ်”

ရုတ်တရက် မာစီ၏စိတ်အတွင်း အသံတစ်သံက ထွက်ပေါ်လာသည်။ ဝမ်ချောင်က မျောက်ဝံ့ကြီး၏ ကျယ်ပြောသော ဘယ်ဘက်ပုခုံးပေါ်တွင် ရှိနေသည်။ ထိုဘက်ခြမ်းမှ အမွှေးများက ဒူးရောက်သည်အထိ ထူသည်။ အောက်ဘက်မှ ဖောင်းကြွနေပြီး တောင့်တင်းနေသော ကြွက်သားများက ဖောက်ခွဲမတက် ပြင်းထန်သည့် ခွန်အားများနှင့် တောက်လောင်နေကြောင်းကိုလည်း သူက ခံစားမိနေသည်။

ဝမ်ချောင်က ကြီးမားသော မျောက်ဝံ့ကြီး၏ ကြမ်းတမ်းလွန်းသော ခေါင်းကြီးကိုကြည့်သည်။ သူ၏မျက်ဝန်းအတွင်း ထူးဆန်းလွန်းသော အလင်းက လက်လာသည်။ သားရဲယဉ်ပါးခြင်းသိုင်းက မျှော်လင့်ထားသည်ထက် လွယ်ကူနေသည်။

ပဲ့ဟယ်မော့တွေက တိရိစ္ဆာန်တွေ ဖြစ်နေတုန်းပဲ။ တိရိစ္ဆာန်ဖြစ်နေသမျှ သားရဲယဉ်ပါးခြင်းသိုင်းက သုံးလို့ရသေးတယ်။

ဝမ်ချောင်က စိတ်လှုပ်ရှားစွာတွေးသည်။

သားရဲယဉ်ပါးခြင်းသိုင်းဟာ ယခုလိုသားရဲမျိုးကို ရင်ဆိုင်ရာတွင် အသုံးမဝင်နိုင်၊ အသုံးပြု၍ မရနိုင်ဟု တွေးမိသေးသည်။ သို့သော် ရုတ်တရက် ပဲ့ဟယ်မော့၏ ကိုယ်ထဲတွင်လည်း သားရဲများ၏ မျိုးရိုးဗီဇကို ပိုင်ဆိုင်ထားသေးကြောင်း သိလိုက်သည်။ ဝံပုလွေ၊ ကျား၊ ဆင် သို့မဟုတ် ခြင်္သေ့များကို ယဉ်ပါးရာတွင်ဖြစ်စေ၊ မည်သို့သော နည်းလမ်းမျိုးကိုမဆိုသုံးပြီး ပဲ့ဟယ်မော့၏ကိုယ်ကို ယဉ်ပါးအောင်လုပ်ရင်း ထိန်းချုပ်၍ရသေးသည်။

ပဲ့ဟယ်မော့၏ ထိုအနှစ်သာရက ပြသထားသော ခွန်အားများထက် အဆပေါင်းများစွာ အားနည်းလွန်းနေသည်။

အခန်း(၉၈၀)

စိတ်စွမ်းအင်လောက

“မင်းက မြင့်မြတ်သူရဲ့ လက်မောင်းတစ်ဖက်ကို ထိန်းချုပ်နိုင်တာ မထိန်းချုပ်နိုင်တာကို ဘယ်သူက ဂရုစိုက်နေလို့လဲ။ ငါ့ရဲ့စွမ်းအင်က မင်းထက် အဆပေါင်းများစွာ သာတယ်။ ငါနဲ့တိုက်ခိုက်တဲ့တိုက်ပွဲမှာ မင်းကသေချာပေါက် သေရမှာပဲ”

မာစီက ကြမ်းတမ်းစွာ ပြန်ငြင်းသည်။

ဘန်း

မျောက်ဝံ့၏ ညာလက်ကြီးက ယမ်းခါသွားပြီး ဘယ်လက်ကိုခါထုတ်လျှက် ပုရွက်ဆိတ်ကဲ့သို့ သေးငယ်သော ဘက်ဘက်ပုခုံးပေါ်မှ ဝမ်ချောင်ကို လက်သီးဖြင့်လှမ်းထိုးသည်။

ခွက်

ပိန်းပိတ်အောင် မည်းမှောင်သော အနက်ရောင် တံတောင်တစ်ခုကလည်း လမ်းတွင် ပိတ်ကာလာပြီး ထိုမျောက်ဝံ့၏ အရှိန်အဝါကြီးမားလှသည့် လက်သီးကြီးကိုတားသည်။

“ဟေ့”

မာစီက ညဉ်းလိုက်ရသည်။ သူဟာ မျောက်ဝံ့၏လက်မောင်းကို ထိန်းချုပ်နေကြခြင်းဖြစ်သော်လည်း ဝမ်ချောင်ကမူ ပို၍ သက်တောင့်သက်သာရှိပြီး ပြောင်မြောက်စွာ ထိန်းချုပ်နိုင်သည်။ အနည်းဆုံး မာစီကမူ ထိုကဲ့သို့သော လွတ်လပ်မှုမျိုးကို ပိုင်ဆိုင်ထားသည်။

မည်သို့ပင်ဆိုစေ မာစီက စိတ်စွမ်းအားစွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်တစ်ယောက်သာဖြစ်ပြီး ခန္ဓာကိုယ်ခြင်း တိုက်ခိုက်သည့် သိုင်းမျိုးတွင် ဝမ်ချောင်ကို မယှဉ်နိုင်ပါချေ။

“ဟား ဟား ဒီလိုပျော်ဖို့က စောပါသေးတယ်။ ကြည့်ရတာ ယဉ်ကျေးနေဖို့ မလိုတော့ဘူးထင်တယ်။ အခုကငါ့ရဲ့ အလှည့်ပဲ”

ဝမ်ချောင်က လှောင်လိုက်သည်။ သူက အသေခံရန် စောင့်နေမည့်ပုံစံမျိုး မဟုတ်ပါချေ။ ထို့ကြောင့် ခပ်မြန်မြန် တိုက်ခိုက်လိုက်သည်။

ဘုန်း

ဝမ်ချောင်က မျောက်ဝံ့ကိုတိုက်ခိုက်ရန် မရွေးချယ်ဘဲ မျောက်ဝံ့၏နဖူးထဲသို့ စိတ်စွမ်းအင်အားလှိုင်း တစ်လှိုင်းကို ထိုးသွင်းလိုက်ပြီး အမျိုးမျိုးသော ဆက်သွယ်နေသည့် လမ်းကြောင်းများမှတဆင့် မာစီ၏ အသိစိတ်သို့ တိုက်ရိုက် ပို့လိုက်သည်။

“အား”

အခြားသော တိုက်ကွက်များနှင့် မတူသည်မှာ ဒီတစ်ကွက်ကမူ မာစီအား သူ၏ဝိညာဉ်ထံသို့ ချွန်ထက်သော တစ်စုံတစ်ရာဖြင့် ဆောင့်ထိုးလာသလို ခံစားလိုက်ရသဖြင့် အသားကုန် အော်ဟစ်လိုက်ရသည်။

“ဟား ဟား မာစီ”

ရုတ်တရက် ဝမ်ချောင်က မာစီ၏နာမည်ကို ကုန်းအော်သည်။ သူက ပို၍များပြားသော စိတ်စွမ်းအားများကို ထုတ်သုံးလာသည်နှင့်အမျှ လျို့ဝှက်ချက်များကို နားလည်လာသည်။ သူတို့က အောင်အောင်မြင်မြင် တိုက်ခိုက်ခဲ့ပြီးသော တိုက်ကွက်များအတွင်း သတင်းအချက်အလက် အများကြီးကို သိလိုက်ရသည်။ ထိုစိတ်စွမ်းအားသုံး ကျွမ်းကျင်ပညာရှင်၏နာမည်က မာစီဖြစ်သည်။

“ငါမင်းရဲ့လျို့ဝှက်ချက်တွေကို ဖော်ပြီးပြီ။ ငါ့ရဲ့အရှေ့မှာ မင်းက နောက်ထပ်အခွင့်အရေး မရစေရဘူး”

ဝမ်ချောင်က စိတ်စွမ်းအားသီးသန့်သုံး ကျွမ်းကျင်ပညာရှင်တစ်ယောက် မဟုတ်သလို စိတ်စွမ်းအင်သုံး တိုက်ပွဲတွင် အတွေ့အကြုံမရှိသောသူလည်းမဟုတ်ချေ။ သို့သော် သူနှင့်မာစီ၏တိုက်ပွဲတွင် သူက ထပ်ခါတလဲလဲ အတွေ့အကြုံ ရလာခဲ့ပြီးနောက် ထိုအခြေအနေကို နားလည်လာသည်။ ထိုသို့ဖြင့် အသုံးပြုနည်းကိုသိလာသည်။

ပို၍အရေးကြီးသည်မှာ ဝမ်ချောင်က ပဲ့ဟယ်မော့ပေါင်းစပ်ခြင်းသိုင်းကို မသိသလို မာစီကဲ့သို့ အတွေ့အကြုံ မများသော်လည်း သိုင်းတိုင်းက အခြေခံအုတ်မြစ်ခြင်းတူသည်။ ထို့ကြောင့် သားရဲယဉ်ပါးခြင်းသိုင်းကို သုံးနေချိန်တွင် ဝမ်ချောင်ကလည်း စိတ်စွမ်းအင်များ၏ အနှစ်သာရဗဟိုချက်ကို နားလည်လိုက်သည်။

စိတ်စွမ်းအင်၏ အရေးကြီးဆုံးနေရာက မျက်ခုံးအလယ်ကြားတွင်ရှိသည်။ ထိုနေရာက ဦးနှောက်ဖြစ်သည်။ ထို့နောက် လူသားတစ်ယောက်၏ ဦးနှောက်က စိတ်စွမ်းအင် အခွဲလက်တံပေါင်းများစွာနှင့် ဆက်နွယ်နေသည်။ ထိုသို့ဖြင့် ထိုလက်တံများကိုသုံးပြီး စိတ်စွမ်းအားများကို ပို့လွှတ်နိုင်သည်။ ဒါက ခံတပ်ထဲတွင် ပုန်းအောင်းနေခြင်းအားဖြင့် အပြင်ဘက်မှ လာရောက်နိုင်သည့် စိတ်စွမ်းအင် တိုက်ကွက်တိုင်းကို အမျိုးမျိုးသော ကွဲထွက်နေသည့် အခက်အလက်များကြောင့် အားအင်လျော့နည်းသွားစေပြီးမှ အဓိကနေရာသို့ ရောက်ရှိသွားစေနိုင်သော အခြေအနေကဲ့သို့ ဖြစ်သည်။

ထို့ကြောင့် သူကမာစီကို ဒဏ်ရာရစေပြီး မျောက်ဝံ့ကြီးကို ပုန်းထားသောသိုင်းကို ဖယ်ရှားစေလိုလျှင် မာစီ၏ စိတ်စွမ်းအင်များကို ကုန်ဆုံးသွားအောင်လုပ်ပြီး မောင်းထုတ်ရန်လိုအပ်သည်။

ဘန်း

ထိုလျို့ဝှက်ချက်ကို နားလည်သွားသည့် ဝမ်ချောင်ကလည်း ထိုနေရာသို့ စိတ်စွမ်းအင်များကို နောက်ထပ် တစ်လှိုင်း ထပ်သွင်းလိုက်ပြန်ပြီး မာစီ၏ စိတ်စွမ်းအင်များကို တွန်းထုတ်ရန် ကြိုးစားသည်။ နောက်ထပ် အနှောက်အယှက် မရှိသောကြောင့် ဝမ်ချောင်၏ စိတ်စွမ်းအင် စွမ်းအားများက ခြားနားသော သက်ရောက်မှုကို ထုတ်ဖော်နိုင်သွားသည်။ မာစီက ဆက်တိုက်အော်နေသည်။ သူ၏ခန္ဓာကိုယ်က နာကျင်မှုကြောင့် တုန်ယင်နေသည်။ ကြီးမားသော မျောက်ဝံ့ကြီးကပင် သက်ရောက်ခံရပြီး အမွှေးများက ကြမ်းတမ်းစွာ တုန်ယင်လာသည်။

“သေစမ်း”

မာစီက အံ့အားသင့်သလို ဒေါသလည်းထွက်လာသည်။ သူကလည်း ဝမ်ချောင်ဟာ စိတ်စွမ်းအင် အနှစ်သာရကို ထိုမျှမြန်မြန် ပြောင်းလဲသွားမည်ဟု မထင်ထားမိချေ။ ဝမ်ချောင်က ယခုလေးတင် အသစ်ကလေးဖြစ်သေးသည်။ သို့သော် ချက်ချင်းဆိုသလို ကျွမ်းကျင်သော ကျောင်းသားတစ်ယောက် ဖြစ်သွားလေပြီး ဆရာနီးပါးလိုက်လာနိုင်သည်။

“ငါမင်းကို မလွှတ်ပေးဘူး။ ဘယ်သူကမှ ငါ့ရဲ့ရှေ့မှာ မမောက်မာရဲရဘူး”

သူ၏နှလုံးသားက ဒေါသများဖြင့် ပြည့်နှက်လာသည်။ မာစီက မြေကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ဆုတ်သွားသော ထန်စစ်သည်တော်များကို သတိထားမိလိုက်သည်။ သူ၏စိတ်အတွင်း အကြံတစ်ခု ဝင်လာသည်။ ထို့ကြောင့် သူ၏မျက်နှာတွင် ဆိုးယုတ်သောအတွေးက ပေါ်လာသည်။

“ကောင်စုတ်လေး ငါကမင်းကို ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတယ်မဟုတ်လား။ ကောင်းပြီလေ မင်းက ဒီနိမ့်ကျတဲ့အကောင်တွေကို အရမ်းဂရုစိုက်တယ်မဟုတ်လား။ ဒီတော့ မင်းကငါနဲ့ ဒီလောက်ထိ တိုက်ခိုက်နေတာက ဒီအကောင်တွေအတွက် အချိန်ဝယ်ပေးနေတာမဟုတ်လား။ ဒီလိုဖြစ်နေမှတော့ ငါ့ကိုရင်ဆိုင်တဲ့အခါ ဘယ်လိုကြုံရလဲဆိုတာကို သက်သေပြပေးလိုက်မယ်။ ငါဒီကောင်တွေ အားလုံးကိုသတ်မယ်”

မာစီ၏မျက်နှာက ကြမ်းတမ်းသော ပုံစံအဖြစ်ပြောင်းလဲသွားသည်။

ခွက်

ရုတ်တရက် ကြီးမားသော မျောက်ဝံ့ကြီးက ခြေထောက်နှစ်ဖက်လုံးကိုမြှောက်ပြီး ထန်စစ်သည်တော်များထံ ချီတက်သွားသည်။

“မကောင်းတော့ဘူး”

ဝမ်ချောင်၏ မျက်နှာက ဖြူဖျော့သွားသည်။ မာစီက ခန့်မှန်းထားသလိုမျိုး သူက မာစီနှင့် ထိုသို့တိုက်ခိုက်နေခဲ့သည်မှာ ထန်များအတွက် နောက်ဆုတ်ချိန်ရရန် ကြိုးစားပေးနေခြင်းဖြစ်သည်။ မာစီက သာမာန်စစ်သားများကို တိုက်ခိုက်ခြင်းက သူအကြောက်လန့်ဆုံး အခြေအနေဖြစ်သည်။ ဒါကသူ၏ အားနည်းချက်ကို တိုက်ရိုက်ထိသည်။

“ဟား ဟား ဟား နောက်ဆုံးတော့ ရှာတွေ့ပြီ။ မင်းက ဒီစစ်သားတွေကို ကာကွယ်ပေးချင်နေတာပဲ။ ကောင်းပြီလေ စိတ်ပျက်အားငယ်ရတဲ့ ခံစားချက်ကို ခံစားလိုက်တော့”

မာစီက ကျယ်လောင်စွာ အော်ရယ်ရင်း မျောက်ဝံ့ကြီးကိုထိန်းချုပ်ကာ နောက်ဆုတ်နေသည့် ထန်စစ်သည် ထောင်ပေါင်းများစွာထံ ချီတက်သွားသေးသည်။ တစ်ချိန်ထဲလိုလို ပဲ့ဟယ်မော့ သုံးကောင်လုံးက ဟိန်းဟောက်ကြပြီး အမိန့်အတိုင်း ခေါင်းမော့လာကြသည်။

ဝုန်း

မျက်တောင်တစ်ခတ် အချိန်အတွင်း ပဲ့ဟယ်မော့ လေးကောင်လုံးက စတင်လှုပ်ရှားသည်။ သူတို့၏ ပစ်မှတ်က နောက်ဆုတ်နေသော ထန်စစ်တပ်ဖြစ်သည်။

“မင်းသူတို့ကို မကယ်ချင်ဘူးလား။ မင်းဘယ်လိုလုပ်လဲ ကြည့်ရအောင်။ ငါက ဒီကောင်တွေအားလုံးကို သတ်မှာ”

မာစီကအော်သည်။ သူနှင့်ဝမ်ချောင်၏တိုက်ပွဲတွင် သူက ခုခံရသော အနေအထားသို့ ရောက်သွားသည်။ သို့သော် ယခုအခြေအနေအရ ဝမ်ချောင်၏ အားနည်းချက်ကို ရှာတွေ့သွားပြီဖြစ်လေသည်။ ထို့ကြောင့် သူက ဝမ်ချောင်ကို တိုက်ခိုက်မနေတော့ဘဲ သူ၏စိတ်စွမ်းအင်ကိုသုံးပြီး အခြားသော စစ်သားများကို သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏စိတ်စွမ်းအင်မှ မြင်နေရသော အနေအထားအရ ဝမ်ချောင်၏ မျက်နှာက ဖြူဖျော့နေသည်။ သူကလည်း ထိုထန်လူငယ်ကို မောက်မာသည့်အတွက် တန်ကြေးပေးဆပ်ခံရပေမည်။

ခြောက်ရာနီးပါးခန့်ရှိသော ထန်စစ်သည်တော်များက နောက်ဆုတ်နေကြသည်။ သူတို့၏ သံချပ်ကာများက အက်ကွဲနေပြီး ဒဏ်ရာများက သွေးများစိမ့်ထွက်နေသည်။ သူတို့က အကန့်အသတ်သို့ ရောက်နေလေပြီ။

“အို မကောင်းတော့ဘူး။ ဒါက မျောက်ဝံ့ကြီးပဲ”

“ငါတို့စီလာနေတာ”

“အားလုံးပဲ နောက်ဆုတ်”

ထန်စစ်သည်တော်တိုင်းက အလန့်တကြား အော်ဟစ်ကြသည်။

“ဟေး မင်းတို့က လွတ်နိုင်မယ်ထင်နေလား။ ငါမင်းတို့အားလုံးကို အရင်သတ်မယ်။ နောက် ကျန်တဲ့လူတွေကို ဆက်သတ်မယ်”

မာစီက အောက်သို့ ငုံ့ကြည့်သည်။ သူ၏ သွေးနီရောင်မျက်ဝန်းက ရက်စက်မှု၊ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ သူက သံမဏိလက်သီးကို မသုံးချေ။ ဒီတိုင်း ကြီးမားသည့် ခြေထောက်ကြီးကိုသုံးကာ ဖိနင်းကြိတ်ချေရန် ဆုံးဖြတ်ထားသည်။ ထိုမျောက်ဝံ့ကြီးများ၏ ခြေထောက်ဖြင့်ဆိုလျှင် ဖနောင့်တစ်ချက် ပေါက်လိုက်ရုံနှင့် ထိုအကောင်များအားလုံးက သေမည်မှာ သေချာသည်။

“လာ မင်းဘယ်လို ငါ့ကိုတားမလဲ ကြည့်ရအောင်”

မာစီ၏ မျက်နှာတွင် လှောင်ရယ်မှုက အထင်းသားပေါ်နေသည်။ သူက ရက်စက်မှုနှင့်အတူ တောက်ပနေသည်။ သူကလည်း ထန်စစ်သည်တော်များကို သတိမထားပါချေ။ သို့သော် သူက ဝမ်ချောင်ကိုသာ နာကျင်အောင် လုပ်နိုင်မည်ဆိုလျှင် မည်သူ့ကိုသတ်ရသတ်ရ ကိစ္စမရှိချေ။

“မျိုးမစစ်”

ဝမ်ချောင်၏မျက်လုံးက နီရဲသွားသည်။ ထိုထန်စစ်သည် ခြောက်ရာက ဖိနင်းချေကာ သေကာနီး အခြေအနေတွင် ဝမ်ချောင်က ခရမ်းရောင် ဓားခြည်တစ်လက်ကို ထုတ်လွှတ်လိုက်ပြီး မျောက်ဝံ့ကြီး၏ ဒူးခေါင်းနောက်ခုံသို့ ဝင်ရောက်ပျောက်ကွယ်သွားစေသည်။

မျောက်ဝံ့ကြီး၏ခြေထောက်က ချက်ချင်းဆိုသလို ထုံထိုင်းသွားသည်။ ထိုသို့ဖြင့် နှစ်စက္ကန့်ခန့် လေထဲတွင် တောင့်ခဲသွားလေသည်။

“သေစမ်း”

မာစီက အံ့ကိုကြိတ်သည်။ သူကလည်း ဝမ်ချောင်၏ တိုက်ကွက်က မျောက်ဝံ့၏ခြေထောက်မှ ထုံထိုင်းစေသော အကြောကို ဖိနှိပ်လိုက်ခြင်းဖြစ်ကြောင်း သိလိုက်သည်။

“မင်းက သူတို့အတွက်ကြောင့်နဲ့ ဘယ်လောက်ထိ ရုန်းကန်ပေးနိုင်မလဲကြည့်ရအောင်။ ဘာပဲဖြစ်ဖြစ် မင်းက သေခါနီး တံခါးဝမှာပါပဲ”

ဘုန်း

ထိုမြင့်မြတ်သူ၏ ကြီးမားသော ခြေထောက်ကြီးက အောက်သို့ ဖိနင်းလိုက်သောအခါ ကျောက်သားများ၊ ကျောက်တုံးပေါင်းများစွာက လွင့်ပျံသွားပြီး ကြီးမားသော တွင်းပေါက်ကြီးကို ဖြစ်လာစေသည်။ သို့သော် ဝမ်ချောင်၏ တိုက်ကွက်က ထိုစစ်သားများကို ထွက်ပြေးရန် အချိန်ရသွားစေသည်။ သူတို့က ကြောက်လန့်တကြားဖြစ်နေကြသည့်တိုင် အသက်ရှင်သွားသည်။

“မင်းက သူတို့ကို ခဏတော့ကယ်နိုင်တယ်။ ဒါပေမဲ့ ထာဝရတော့ မကယ်နိုင်ဘူး”

မာစီက လှောင်ရယ်လိုက်ပြီး မြင့်မြတ်သူကို ဆက်လက်ပြီး လိုက်နင်းစေသည်။ ထိုသို့ဖြင့် ဘယ်ခြေထောက်က မြောက်လာသည်။ သို့သော် မာစီကို အံ့အားသင့်စေသည်မှာ နောက်ခြေထောက်က ထောက်လိုက်တော့မည့်အချိန်တွင် ရုတ်တရက် နောက်ပြန်ဆုတ်လိုက်ခြင်းဖြစ်သည်။

မြင့်မြတ်သူ၏ ဘယ်ခြေထောက်က ရှေ့သို့တက်လိုက်သောအခါ ညာခြေထောက်ပေါ် အလေးချိန်တိုးသွားသည်။ သို့သော် ညာခြေထောက်က ရုတ်တရက် မနာခံဘဲ နောက်သို့ ဆုတ်သွားသောကြောင့် ပဲ့ဟယ်မော့က ဟန်ချက်ပျက်သွားပြီး နောက်သို့ လဲကျသည်။

“မင်း မင်း မင်း မျိုးမစစ်ကောင်”

မာစီက ဒေါသထွက်သွားသည်။ ဝမ်ချောင်က ပဲ့ဟယ်မော့၏ ညာခြေထောက်ကို ဒီအချိန်တိုအတွင်း ထိန်းချုပ်နိုင်သွားမည်ဟု မထင်ထားမိချေ။ ရည်ရွယ်ချက်ရှိရှိပင် ဟန်ချက်ပျက်အောင် လုပ်လိုက်သည်။

“ငါမင်းကိုသတ်မယ်”

မာစီက ဘယ်ဘက်ပုခုံးပေါ်မှ ဝမ်ချောင်ကို ညှစ်သတ်ချင်သွားသည်။ သို့သော် ဝမ်ချောင်က သူ၏ တိုက်ကွက်များကို တားဆီးနိုင်လေသည်။

“မာစီ မင်းကမောက်မာလွန်းတယ်။ ငါပြောထားသလိုပဲ ငါကမင်းရဲ့ လျို့ဝှက်ချက်တိုင်းကို သိတယ်။ ဒီတော့ မင်းငါ့ကိုယှဉ်ပြီး မနိုင်နိုင်ဘူး”

ဝမ်ချောင်၏အသံက မာစီ၏စိတ်ထဲတွင် ဟိန်းထွက်လာသည်။ သူက မျောက်ဝံ့၏ ဘက်ဘက်ပုခုံးပေါ်တွင် ရပ်လျှက် အထင်သေးသော မျက်ဝန်းများနှင့် ကြည့်နေသည်။ ဗဟိုပြင်ကျယ်၏ အဆင့်လွန် စစ်သူတော်စင်တစ်ပါး၏ နားလည်နိုင်စွမ်းအားက မာစီ စိတ်ကူးယဉ်နိုင်စွမ်းအားကိုပင် ကျော်လွန်နေသေးသည်။ စိတ်စွမ်းအားနယ်ပယ်တွင် သူက ကျွမ်းကျင်ပညာရှင်တစ်ယောက် မဖြစ်သေးသည့်တိုင်အောင် မာစီက အတော်ဆုံး ဆရာတစ်ယောက်အဖြစ် ရှေ့မှ လမ်းပြသွားလေသည်။

ဝမ်ချောင်က စိတ်စွမ်းအားများ၏ အနှစ်သာရကို ဖမ်းဆုပ်နိုင်ရုံသာ မကတော့ဘဲ မာစီ၏ လျို့ဝှက်ချက်ကို နားလည်လိုက်သည်။ ပို၍အရေးကြီးသည်မှာ ထိုလျို့ဝှက်ချက်များကို နားလည်ရင်းနှင့် တိုက်ပွဲနယ်မြေတွင် ပို၍ လွှမ်းမိုးလာနိုင်ခြင်းဖြစ်သည်။

ဘန်း

ဝမ်ချောင်၏ တစ်စစီဖြစ်နေသော စိတ်စွမ်းအင်များက ရုတ်တရက် ထောင်ပေါင်းများစွာသော တွန့်လိမ်နေသည့် နဂါးများအဖြစ် ပြောင်းလဲလိုက်ပြီး မာစီထံ တိုးဝင်သွားစေသည့်အခိုက် ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ဝမ်ချောင်၏တိုက်ကွက်က ပထမဦးဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံသော အချိန်မျိုးနှင့်ယှဉ်သော် အဆရာကျော် သို့မဟုတ် ထောင်ကျော် ပြင်းထန်သွားပြီဖြစ်သည်။

ဘန်း ဘန်း ဘုန်း

စိတ်စွမ်းအင် နဂါးများက မာစီ၏စိတ်အတွင်း ပေါက်ကွဲသည်။ ကိုက်ခဲသည်။ စုတ်ဖြဲသည်။ ကုတ်ခြစ်သည်။ ထိုသို့ဖြင့် သူ၏စွမ်းအင်များအားလုံးကို စုပ်ယူရင်း အားနည်းသထက် အားနည်းအောင် လုပ်နေသည်။ ဝမ်ချောင်က ဘာကိုမှမသိသော အသစ်ကလေးမဟုတ်တော့ချေ။ သူက သူ၏စိတ်စွမ်းအင်ကို အမှန်တကယ် အင်အားကြီးမားလွန်းသည့် ဆရာသခင်များကဲ့သို့ သုံးနိုင်သွားပြီဖြစ်သည်။

မာစီ၏ဘဝတွင် ပထမဦးဆုံးအကြိမ် ထိုမျှကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်မျိုးကို ရင်ဆိုင်ရခြင်းဖြစ်သည်။

မာစီဟာ ဒေါသတကြီးဖြစ်ပြီး အံ့အားသင့်နေရသည့်တိုင်အောင် ဝမ်ချောင်၏ တိုက်ကွက်များအောက်တွင် သူ၏အသိစိတ်က ရုတ်တရက် ဝေဝါးသွားပြီး မည်းမှောင်နေသည့် အကန့်အသတ်မဲ့သော သမုဒ္ဒရာပြင် အတွင်းသို့ ပြောင်းရွှေ့ခံလိုက်ရသည်။

All Chapters