← Chapters

အခန်း (၉၉၁-၉၉၅)

Vol. 56 Ch. 991-995

အခန်း (၉၉၁-၉၉၅)

Vol. 56 Ch. 991-995

အခန်း(၉၉၁)

ပဲ့ဟယ်မားသံချပ်ကာက နှိုင်းယှဉ်၍ မရလောက်အောင် ကြမ်းတမ်းခိုင်မာလွန်းသည်။ လက်နက်တိုင်းနီးပါး၏ တိုက်ကွက်များကို တားဆီးပေးနိုင်သောစွမ်းရည် ရှိရုံသာမကသေးလေဘဲ တိုက်ကွက်ထဲတွင် ပါဝင်သည့် စွမ်းအားများကိုလည်း အများကြီး လျော့ကျစေနိုင်စွမ်းအား ရှိနေသေးသည်။ အပုမူစလင်သည် ဒီလောကတွင် ပဲ့ဟယ်မား သံချပ်ကာကို ဖျက်ဆီးနိုင်သည့်အရာ မရှိဟုပင် ခံစားခဲ့ရ၏။ သို့သော် ယခုမူ ထိုမျှအင်အားကြီးမားသော ပဲ့ဟယ်မားသံချပ်ကာကလည်း ပဲ့ဟယ်မော့ လေးကောင်၏ တိုက်ကွက်များအောက်တွင် ကွဲကြေသွားရလေသည်။

အပုမူစလင်က သံသယဝင်ကာ ကြောင်တောင်တောင် ဖြစ်သွားသည်။

“အပုမူစလင် မင်းက တိုက်ခိုက်ရတာကိုကြိုက်မှန်း ငါသိတယ်။ လာ အဆုံးထိ တိုက်ခိုက်ရအောင်”

ဝမ်ချောင်၏အသံက ကောင်းကင်တခွင်တွင် ပဲ့တင်ထပ်လာပြီး အပုမူစလင်ကို ရယ်မောလိုသော အပြုံးမျိုးဖြင့် ကြည့်လာသည်။ အပုမူစလင်က မည်မျှအင်အားကြီးစေကာမူ အာရေးဗီးယား ရတနာကို မည်မျှများအောင် စုစည်းထားစေကာမူ ပဲ့ဟယ်မော့လေးကောင်ကို ကိုင်တွယ်နိုင်သွားပြီးသည့် အချိန်ကာလမှစတင်ပြီး ဝမ်ချောင်ဟာ တိုက်ပွဲနယ်မြေ အင်အားအကြီးဆုံး အင်အားစုဖြစ်သွားသည်။ မည်သည့်လက်နက်ကမှ ထိုအရှိန်အဝါကို မယှဉ်နိုင်ချေ။

ဒီနေရာရှိ မည်သည့်အဖွဲ့အစည်းကမှလည်း ပဲ့ဟယ်မော့လေးကောင်၏ လုပ်ကြံသတ်ဖြတ်မှုကို မခံနိုင်ချေ။

ဝှစ်

ဝမ်ချောင်က ထိုသို့သာ ပြောရသေးသည်။ အပုမူစလင်ထံ နောက်ထပ် ကြီးမားသော မီးတောက်လျှာကြီး တစ်လက်က တိုးဝင်သွားသည်။ အပုမူစလင်က သံမဏိလက်သီးနှင့် အခြားသော စွမ်းရည်များကိုသုံးပြီး မိစ္ဆာနတ်ဆိုး မျက်လုံးစွမ်းအားကိုသုံးကာ မြင့်မြတ်သူနှင့် တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခိုက်ရဲသော်လည်း ယခုအခါ သူက ကန့်သတ်ခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်က ဘေးဘက်သို့ ဖြတ်လျှောက်လိုက်ပြီးနောက်တွင် လောင်ကျွမ်းသူ၏ တိုက်ကွက်ကို ကပ်သီးလေး ရှောင်ရှားလိုက်ရသည်။

“ဟင်း မင်းက ထွက်ပြေးနိုင်မယ်လို့ ထင်တာလား”

ဝမ်ချောင်ကလှောင်သည်။ အပုမူစလင်ဟာ အရှိန်လျော့ကျသွားပြီဖြစ်ကြောင်း သိနေသည်။ ပဲ့ဟယ်မော့ တစ်ကောင်က တိုက်ခိုက်လိုက်သည့် အချိန်တိုင်းလိုလို နောက်ဆုံးရောက်သည်အထိ သူတို့က သူ၏စွမ်းအားကို ခြောက်ကပ်သွားစေပေလိမ့်မည်။ သူက ပဲ့ဟယ်မော့ သုံးကောင်ကို တစ်ပြိုင်တည်း ရင်ဆိုင်ရသည့်အခါ သေဆုံးခြင်း ရလဒ်ကသာ ထွက်လာပေလိမ့်မည်။

ဝေါင်း

မြင့်မြတ်သူက ရုတ်တရက် ပါးစပ်ကြီးကိုဟပြီး သူ၏ချွန်ထက်သော သွားများကို ဖြဲကာပြသည်။ ထို့နောက် လက်မောင်းနှစ်ဖက်လုံးကိုသုံးပြီး အပုမူစလင်ကို လှမ်းချိန်ကာ တိုက်ခိုက်ရန်ကြိုးစားသည်။ ရိတ်သိမ်းသူနှင့် အခြားသော ပဲ့ဟယ်မော့က နောက်မှကပ်လိုက်လာသည်။

“မော့သိုင့်ရဲ့အမျက်ဒေါသ”

အပုမူစလင်၏ မျက်နှာက ဖြူဖျော့သွားပြီး ပြင်းထန်သည့် လက်သီးတစ်ချက်ကို ထုတ်ဖော်သည်။ တချိန်ထဲတွင်ပင် သူက အနောက်ဘက်သို့ ခပ်မြန်မြန်ဆုတ်၏။ သို့သော် သူက အဝေးသို့ မရောက်နိုင်သေးခင် နောက်ထပ် မီးတောက်များက သူ၏ဆုတ်ခွာမည့် လမ်းကြောင်းကို ပိတ်လာသည်။ လောင်ကျွမ်းသူ၏ အင်အားအပြည့်နှင့် တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ပဲ့ဟယ်မား သံချပ်ကာ မရှိတော့သော အပုမူစလင်ကပင် ဒုက္ခများမည်ဖြစ်သည်။

“မင်းကအခု ထွက်သွားချင်ရင်တောင်မှ အဲ့ဒီလောက်ထိ မလွယ်ဘူး”

ဝမ်ချောင်က အေးစက်စွာပြုံးပြီး အခြားသော ပဲ့ဟယ်မော့ သုံးကောင်အား အပုမူစလင်ကို ဝိုင်းခိုင်းထားသည်။ အပုမူစလင်က အလွန်အမင်း အင်အားကြီးသည်။ ကောင်းရှန်းကျစ်ထက် ပို၍ အင်အားကြီးမားသည်။ သူက မှင်သက်ဖွယ်ကောင်းသော ခုခံနိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ အခြားသော နယ်ပယ်များတွင်လည်း အပုမူစလင်က ဝမ်ချောင်မြင်ဖူးသမျှထဲတွင် အတော်ဆုံး မဟာဗိုလ်ချုပ်ကြီး ဖြစ်သည်။ သို့သော် တိုက်ပွဲနယ်မြေ၏ အတွေ့အကြုံနှင့် သိုင်းပညာများနှင့်ယှဉ်သော် အပုမူစလင်ဟာ ဝမ်ချောင်ကို ယှဉ်ရာတွင် အားသာချက် မရှိနိုင်ပါချေ။

ဘန်း

ကြီးမားသော ဝက်ဝံလက်ဝါးကြီးက အရှေ့ဘက်မှနေ၍ အပုမူစလင်ကို ဖြတ်ရိုက်လာချိန်တွင် နောက်ထပ် ကြီးမားသော လက်ဝါးကြီးတစ်ဖက်ကလည်း အနောက်ဘက်မှ ဖြတ်ရိုက်လာသည်။ တချိန်ထဲတွင်ပင် ဝမ်ချောင်က မြင့်မြတ်သူကို အမိန့်ပေးပြီး အနီးကပ် သွားစေကာ လက်မောင်းနှစ်ဖက်လုံးဖြင့် အပုမူစလင်၏ ခေါင်းကို ညှပ်ခိုင်းသည်။ ပဲ့ဟယ်မော့သုံးကောင်က ပြီးပြည့်စုံစွာ ပူးပေါင်းနေပြီးနောက် သူတို့၏ တိုက်ကွက်များက ဆက်တိုက်ဆိုသလို ကပ်ပါလာလေပြီး အပုမူစလင်အား အသက်ရှုချိန်ပင် မရအောင် ဒုက္ခပေးသည်။

အပုမူစလင်က ဘယ်နှင့်ညာ ဆက်တိုက် တောက်လျှောက် ရှောင်ရှားပြီး ထိုတိုက်ကွက်များ အားလုံးကို ရှောင်တိမ်းနေခဲ့သည်။ သူ၏မျက်နှာက ပြာနှမ်းလာသည်။ သူ၏မျက်နှာ၏ တင်းမာမှုက ဆိုးသထက် ဆိုးလာသည်။ သို့သော်သူက တိတ်ဆိတ်နေသေးသည်။ တိုက်ပွဲ၏ ဒီလိုအဆင့်တွင် အပုမူစလင်ကဲ့သို့သော လူကပင် ပြောစရာမရှိချေ။ အပုမူစလင်ကလည်း တိုက်ပွဲတစ်ခုလုံး၏ အပြစ်တင်ခံရမည့် အနေအထားမျိုးမှ မလွတ်မြောက်နိုင်သေးချေ။

သို့သော် စစ်တပ်၏ ဗိုလ်ချုပ်ကြီးဖြစ်သည့်အလျောက် သူဟာ ဝမ်ချောင်ကို မယှဉ်နိုင်ကြောင်း သိနေသည့်တိုင်အောင် အပုမူစလင်အား ဆက်လက်ပြီး သည်းခံနေသေးသည်။ သူက ဒီနည်းအားဖြင့် နောက်ဆုံးသော မျှော်လင့်ချက်အမျှင်ကို ရှာဖွေလိုသည်။ ဒီနည်းအားဖြင့် အရှုံးမေးရိုးအောက်မှ အနိုင်ကို လုယူပြီး အခြေအနေကို ပြောင်းပြန်လှန်လိုသေးသည်။

သို့သော် ထိုတခဏတွင် သူ၏နားအတွင်းသို့ အော်ဟစ်သံက တိုးဝင်လာသည်။

“ကျစ်ရ”

အပုမူစလင်၏ မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ထိုအသံကို မှတ်မိလိုက်၏။ သူ၏နှလုံးသားက တင်းကြပ်သွားပြီး ချက်ချင်းဆိုသလို ခေါင်းလှည့်ကာ ကြည့်လိုက်သောအခါ သမုဒ္ဒရာလက်စွပ်ကို ကိုင်ထားသောကျစ်ရက လောင်ကျွမ်းသူ၏ မီးတောက်ဖြင့် ထိမှန်ခံလိုက်ရကြောင်း တွေ့လိုက်ရသည်။ ကျစ်ရ၏ အနောက်တွင်လည်း ကင်းမြှီးကောက် ပုံသဏ္ဍန်ရှိသည့် မကောင်းဆိုးဝါးကြီး တစ်ကောင်ကို တွေ့လိုက်ရသည်။

“ဒါကမာစီရဲ့ သားရဲပဲ”

အပုမူစလင်ကလည်း ထိုအကောင်ကို မှတ်မိလိုက်သည်။ ဝမ်ချောင်ဟာ မည်သည့်အချိန်ကမှန်းမသိ ထိုမကောင်းဆိုးဝါးကို ထိန်းချုပ်လိုက်ပြီး ကျစ်ရ၏အနောက်သို့ ခိုးဝင်ခိုင်းလိုက်သည်။ ထိုကင်းမြှီးကောက် မကောင်းဆိုးဝါး ရုတ်တရက်ပေါ်လာပြီး ကျစ်ရ၏လမ်းကို ပိတ်ဆို့လိုက်ခြင်းက ကျစ်ရအား လောင်ကျွမ်းသူ၏ မီးတောက်ဖြင့် ထိမှန်ခံလိုက်ရစေခြင်းဖြစ်သည်။

အပေါ်ယံတွင် ဝမ်ချောင်က အပုမူစလင်ကို ကိုင်တွယ်ရန် အားစိုက်ထုတ်ထားသည်ဟု ထင်ရသော်လည်း သူက အခြားသော အမိန့်မျိုးနှင့် ကျစ်ရကို တိုက်ခိုက်ခိုင်းလိုက်ခြင်းဖြစ်သည်။

ထိုအခြေအနေကို နားလည်လိုက်သည့် အပုမူစလင်၏ နှလုံးသားက လေးလံသွားသည်။ သူဟာလည်း ဝမ်ချောင်ကို အလွန့်အလွန် အသိအမှတ်ပြုလာမိလေသည်။ ထိုငယ်ရွယ်သော ထန်ဗိုလ်ချုပ်က အလွန်အမင်း ဉာဏ်များလွန်းသော အကြံအစည်များကို ပိုင်ဆိုင်ထားသည်မှာ သူရင်ဆိုင်ဖူးသမျှ မည်သည့် ပြိုင်ဘက်ထက်မဆို ကြောက်မက်ဖွယ်ကောင်းလွန်းအားကြီးနေသည်။

“ပြောင်မြောက်တဲ့ အခွင့်အရေးပဲ”

ဝမ်ချောင်က အပုမူစလင်ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ အပေါ်ယံတွင်သူဟာ အပုမူစလင်ကို လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ကျစ်ရကို ပြန်လည်အာရုံစိုက်ကာ သုတ်သင်နေသည်ဟု ထင်ရသော်လည်း ဝမ်ချောင်၏ အစစ်အမှန် ပန်းတိုင်က ဘယ်သောအခါကမှ မပြောင်းလဲချေ။ သူဟာ အရှေ့ပိုင်းမှ ရာထူးအမြင့်ဆုံး အာရပ်ဗိုလ်ချုပ်ကြီးကို ပန်းတိုင်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ အပုမူစလင်က ခေါင်းလှည့်ကာ ကျစ်ရကို ကြည့်လိုက်သော တခဏတွင် ဝမ်ချောင်က ချက်ချင်းဆိုသလို သူစောင့်နေသည့် အချိန်သို့ ရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။

အပုမူစလင်၏ အဆင့်တွင်ရှိသော ကျွမ်းကျင်ပညာရှင် တစ်ယောက်အနေဖြင့် စွမ်းအင်ပေါင်း များစွာရှိပြီး အတွေ့အကြုံပေါင်းများစွာကို ထုတ်သုံးနိုင်သည်။ သူ၏အမိန့်အောက်တွင် ဖျက်ဆီးခြင်းစွမ်းအား ပြင်းထန်ပြီး အရှိန်အဝါ ကြီးမြတ်သည့် ပဲ့ဟယ်မော့လေးကောင် ရှိနေသည့်တိုင် ဝမ်ချောင်အနေဖြင့် သူ့ကိုသတ်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။ သူ၏ အကြံအစည်များထဲမှ တစ်ခုတည်းသော ပြစ်ချက်ကို ကိုင်တွယ်နိုင်မှသာ အကြံကို အောင်မြင်အောင် အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။

ဘန်း

အပုမူစလင်က အာရုံပြောင်းလိုက်သည့် တခဏတွင် ဝမ်ချောင်က ကြီးမားသော မျောက်ဝံကြီး ဝက်ဝံကြီးနှင့် ပဲ့ဟယ်မော့တို့ိကို အပုမူစလင်အား ဗဟိုပြု၍ သုံးဘက် သုံးလံမှ ဝိုင်းထားခိုင်းလိုက်သည်။ ပဲ့ဟယ်မော့ သုံးကောင်လုံးက ဆက်တိုက်ဆိုသလို တိုက်ခိုက်ကြပြီး အပုမူစလင်၏ ဆုံလမ်းတိုင်းကိုပိတ်သည်။

ထိုအခြေအနေဟာ ဝမ်ချောင်တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့သည့် ရှားပါးလွန်းသော အခွင့်အရေးကြီးဖြစ်သည်။ ပဲ့ဟယ်မော့များ၏ ခွန်အားက မယုံနိုင်စရာကောင်းသော အဆင့်သို့ မြင့်တက်သွားသည်။ ကြီးမားသော ပဲ့ဟယ်မော့များ၏ လက်ဝါးကြီးများက မကြာသေးခင်ကတည်းက အလယ်ဗဟိုပြုထားရသော နေရာက ပြင်းထန်သည့် ဖိအားကြောင့် လေထုကပင် တုန်ခါသည့် အခြေအနေမျိုးကို ထုတ်လွှတ်လာသည်။ ထိုနေရာမှ လေထုကပင် ပြောင်ရှင်းသွားသည်။ ပဲ့ဟယ်မား သံချပ်ကာ၏ ကာကွယ်မှုမရှိတော့သည့် အပုမူစလင်က ကြောက်မက်ဖွယ်ကောင်းသော လုပ်ကြံသတ်ဖြတ်မှုကို အံ့ကြိတ်ကာသာ ခံရသည်။

သူ၏ဘဝတွင် ပထမဦးဆုံးအကြိမ်အနေနှင့် သံမဏိနှင့်သွေး အစိုးရက သေဆုံးခြင်းရနံ့ကို ခပ်ပြင်းပြင်း ရလိုက်ခြင်းဖြစ်သည်။

သို့သော် ရုတ်တရက် အပုမူစလင်၏ ထူထည်းသော မျက်ခုံးက ပင့်သွားသည်။ သူက တစ်စုံတစ်ရာကို သတိထားမိလိုက်သည်။

ပဲ့ဟယ်မော့ သုံးကောင်၏ တိုက်ကွက်က မကျလာခင် အပုမူစလင်က ချော်ထွက်သွားသည်။ သူက ပိုက်ကွန်ထဲမှ ချော်ထွက်သွားသော ငါးတစ်ကောင်ကဲ့သို့ ပဲ့ဟယ်မော့ သုံးကောင်၏ တိုက်ကွက်များထဲမှထွက်ပြီး ဝမ်ချောင်၏ ထောင်ချောက်အတွင်းမှ ခုန်ထွက်လိုက်သည်။

“ကျစ်ရ မြန်မြန် ဒီနေရာကထွက်လာ”

အပုမူစလင်က ကြီးမားသော လောင်ကျွမ်းသူကို ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်ဖြင့် ဘေးကိုဖယ်လိုက်ပြီးနောက် ကျစ်ရအတွက် အချိန်အနည်းငယ်ယူကာ အသက်ရှုချိန်ပေးသည်။ ထို့နောက် အဝေးသို့ ခပ်မြန်မြန် ပျံသန်းသွားသည်။ သူဟာ ဆန္ဒမရှိသော်လည်း အပုမူစလင်အနေဖြင့် ရုန်းကန်ချင်စိတ်ကို ဆုံးဖြတ်ရန် လက်လျော့လိုက်ရသည်။

ဝမ်ချောင်၏ သူတော်စင်သိုင်းအဆင့်ရှစ် ခွန်အားက အပုမူစလင်ထံမှ တစ်ချက်ကြည့်ခံရရန် မတန်သော်လည်း သူထုတ်ပြသည့်ဉာဏ်ရည် သူသုံးနေသော စွမ်းအင်များအားလုံးက အပုမူစလင်ကို အလွန်အမင်း မသက်မသာ ဖြစ်စေလေသည်။ သူ၏အမိန့်အောက်တွင် ပဲ့ဟယ်မော့လေးကောင်က မယုံနိုင်စရာကောင်းသော စွမ်းအားမျိုးကို ထုတ်ပြနိုင်လေရာ အာရပ်များကပင် လက်ဝယ်ပိုင်ဆိုင်နိုင်ကာ ထိုသို့သော အင်အားမျိုးကို မထုတ်နိုင်ခဲ့ကြချေ။ ပို၍ဆိုးသည်မှာ ထိုပဲ့ဟယ်မော့များက မှင်သက်ဖွယ်ကောင်းသော တည်ငြိမ်မှုနှင့်အတူ အချင်းချင်း အလုပ်လုပ်ကြခြင်းဖြစ်သည်။

ကျစ်ရက ဒဏ်ရာရသွားခဲ့သည့်တိုင်အောင် အပုမူစလင်၏ အကူအညီပေးမှုက သူ့ကို ချောမွေ့စွာ လွတ်မြောက်သွားစေခဲ့သည်။ အနည်းငယ်ပင် တုန့်ဆိုင်းမနေဘဲ သူ၏ခန္ဓာကိုယ်က အပုမူစလင်ကို လိုက်မှီသည်အထိ ပြေးသွားသည်။ ဒီတစ်ကြိမ်တွင် ဝမ်ချောင်က လိုက်မဖမ်းပါချေ။

ဒီမှာဘာတွေဖြစ်နေတာလဲ။

ဝမ်ချောင်၏စိတ်က ဝရုန်းသုန်းကားဖြစ်သွားသည်။ သူက ခေါင်းကိုလှည့်ပြီး အနီးအနားရှိ ဝက်ဝံဖြူကြီးကို ကြည့်သည်။ သူ၏မျက်ခုံးအတွင်း မည်းမှောင်သော စိုးရိမ်မှုက ပေါ်ထွက်လာသည်။

သူ၏အကြံအစည်အရ ပဲ့ဟယ်မော့ သုံးကောင်၏ စွမ်းအားက အပုမူစလင်ကို သေလျှင်သေ သို့မဟုတ် ဒဏ်ရာပြင်းပြင်းထန်ထန် ရသည်အထိ လုံလောက်နေသည်။ သို့သော် ပဲ့ဟယ်မော့ သုံးကောင်က နောက်ဆုံးရိုက်ချက်ကို ထုတ်ဖော်တော့မည့် အချိန်တွင် ဝက်ဝံဖြူပဲ့ဟယ်မော့ကြီးက ရုတ်တရက် အရှိန်နှုန်း တစ်ဝက်ခန့် နှေးကွေးသွားသည်။ ထိုသို့သော သေးငယ်သည့် နှောင့်နှေးမှုကတင် အပုမူစလင်ကို လွတ်မြောက်သွားစေခဲ့ခြင်းဖြစ်သည်။

ငါက ပဲ့ဟယ်မော့ လေးကောင်လုံးကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီးသား။ သူတို့ရဲ့ ခြေလက်တွေ ကြွက်သားတွေ၊ အရေပြားတွေ နေရာတိုင်းကို ထိန်းချုပ်ထားပြီးသား။ ဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေမျိုးက ပေါ်လာရတာလဲ။

ဝမ်ချောင်ကလည်း အခြားသော ပုံမှန်မဟုတ်သည့် ဖြစ်ရပ်မျိုးမရှိကြောင်း သတိထားမိသည်။ သို့သော် တွေးတောရန် အချိန်မရှိတော့သည့်အတွက် ဝမ်ချောင်က အရှေ့ဘက်သို့ ခပ်မြန်မြန် အကြည့်ပြောင်းလိုက်ရသည်။

“စစ်သားတိုင်း ငါ့ရဲ့အမိန့်ကိုနာခံ။ မြန်မြန်ဝင်္ကပါထဲဝင်ရောက်ပြီး တိုက်ခိုက်ကြ”

အပုမူစလင်က မြန်သည်။ ကျစ်ရက အနည်းငယ်သာလျှင်နှေး၏။ ဝမ်ချောင်ကလည်း ထိုဗိုလ်ချုပ်နှစ်ယောက်ကို လိုက်မမှီနိုင်ချေ။ သို့သော် နောက်တွင် ကျန်ရစ်ခဲ့သည့် စစ်သားများအတွက်ကမူ ခြားနားသည်။ ပို၍ဆိုးသည်မှာ အာရပ်စစ်သားများအပြင် ဝမ်ချောင်က ရင်ဆိုင်ရမည့် နောက်ထပ် ကြီးမားသော ခြိမ်းခြောက်မှုကြီးဖြစ်သည့် ကောင်းကင်ခစားခြင်း လူထွားကြီးများ ရှိနေသေးသည်။

ဝှစ်

လောင်ကျွမ်းသူက ခေါင်းကိုမော့ပြီး မီးတောက်များကို ထုတ်လွှတ်ကာ ကျန်းတစ်ရာခန့်အကွာမှ ကောင်းကင်ခစားခြင်း လူထွားကြီးကို ရိုက်ခတ်သည်။

အော်သံနှင့်အတူ (၁၈)မီတာခန့်မြင့်သော ကောင်းကင်ခစားခြင်း လူထွားကြီးက မီးများတောက်လောင်သွားသည်။

ဝမ်ချောင်ကလည်း ထိုမြင်ကွင်းကို ကြည့်ပြီးနောက် သူ၏အကြည့်က တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ခြုံငုံကာ ကြည့်လိုက်သည်။ သူ၏ မြင့်မားလွန်းသော ရှု့ထောင့်မှတဆင့် မရေမတွက်နိုင်အောင် မြောက်များသော ကောင်းကင်ခစားခြင်း လူထွားကြီးများက တိုက်ပွဲနယ်မြေအနှံ့ အော်ဟစ်ရင်း စုတ်ဖြဲနေကြောင်း တွေ့ရသည်။

ကောင်းကင်ခစားခြင်း လူထွားကြီးများက အလွန်အင်အားကြီးမားသော်လည်း သူတို့၏ ဉာဏ်ရည်မဲ့မှုကို အပြည့်အဝ မြင်နိုင်နေသေးသည်။ ဝမ်ချောင်က ပဲ့ဟယ်မော့ လေးကောင်ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး တိုက်ပွဲနယ်မြေ တစ်ခုလုံးကို လွှမ်းမိုးနိုင်လာခဲ့သည့်အခါ အာရပ်စစ်သည်ပေါင်း များစွာက အထိတ်တလန့် အနောက်ဘက်သို့ ထွက်ပြေးနေကြရသည်။ အပုမူစလင်နှင့် ကျစ်ရတို့ကပင် ယာယီဆုတ်ခွာသွားရသည်။

သို့သော် ကောင်းကင်ခစားခြင်း လူထွားများကမူ သတိမထားမိသေးချေ။ သူတို့အားလုံးက တိုက်ပွဲတွင် မွေ့လျော်နေကြပြီး ကောင်းကင်ခစားခြင်း စစ်တပ်မှ ရှစ်ဆယ်ရာခိုင်နှုန်း ကျော်ခန့်က တိုက်ခိုက်နေကြပြီး နောက်ဆုတ်မည့်လက္ခဏာ မပြကြချေ။

“တော်တော်ကို ခေါင်းမာတဲ့ အရာတွေပဲ။ အပုမူစလင်က အရေးကြီးတဲ့ အခိုက်အတန့်ကို စောင့်ပြီးမှ သူတို့ကို ထုတ်ခဲ့တာ မအံ့ဩတော့ပါဘူး”

ဝမ်ချောင်က အေးစက်စွာပြောသည်။

အတိတ်တွင် ကောင်းကင်ခစားခြင်းလူထွား ငါးကောင်၊ ခြောက်ကောင်ခန့်ကတင် မဟာထန်ကို ကြီးမားသည့် ထိုးနှက်ချက်ပေးရန် လုံလောက်နေခဲ့သည်။ သို့သော် ပဲ့ဟယ်မော့ လေးကောင်ကြောင့် ကောင်းကင်ခစားခြင်း လူထွားများက ထည့်တွေးရန်ပင် မလိုအပ်တော့ချေ။

ကောင်းကင်ခစားခြင်း လူထွားများက အင်အားကြီးကောင်း ကြီးပေလိမ့်မည်။ သို့သော် သေစေနိုင်လောက်အောင် ခြိမ်းခြောက်နိုင်သော ပဲ့ဟယ်မော့များက ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်နိုင်စွမ်းအားနှင့် ခုခံနိုင်စွမ်းအားကို ပိုင်ဆိုင်ထားလေရာ ကောင်းကင်ခစားခြင်း လူထွားများ၏ တိုက်ကွက်က သူတို့ကို ဖုန်ပင်တင်ကျန်ရစ်အောင် မလုပ်နိုင်တော့ချေ။

အခန်း(၉၉၂)

တိုက်ပွဲနယ်မြေကို လွှမ်းမိုးခြင်း

ဝေါင်း

ဝက်ဝံဖြူပဲ့ဟယ်မော့ကြီးက ရှေ့သို့ ခုန်ထွက်သွားရင်း ဟိန်းဟောက်နေသည်။ သူက သူ၏ ကြီးမားသော လက်ဝါးကြီးကိုလည်း ရှေ့သို့ ရိုက်ချသေး၏။ ကောင်းကင်ခစားခြင်း လူထွားတစ်ကောင်က ကြောက်လန့်တကြား ခေါင်းမော့လိုက်ပြီး အသားကုန် အော်ဟစ်သည်။ သို့သော် သူက သိပ်မကြာခင် အသားတုံးအဖြစ် ဖိနင်းချေခံရသည်။

တချိန်ထဲလိုလို ဝမ်ချောင်၏ အမိန့်အောက်တွင် ကြီးမားသော မျောက်ဝံကြီးကလည်း မီတာနှစ်ဆယ်ခန့် မြင့်မားသည့် ကောင်းကင်ခစားခြင်း လူထွားကြီးနှစ်ကောင်ကို လက်သီးဖြင့်ထိုးသည်။ သူတို့၏ အစိမ်းရင့်ရောင် မဟာနတ်ဘုရား သံချပ်ကာကြီးက သတ္ထုတုံးများအဖြစ် ပြောင်းလဲသွားသလို ခန္ဓာကိုယ်ကလည်း နှစ်ခြမ်းကွဲသွားသည်။ မြင့်မြတ်သူ၏ အင်အားက လောင်ကျွမ်းသူပင်ဖြစ်စေ၊ အခြားသော ပဲ့ဟယ်မော့များထက်ပင်ဖြစ်စေ အပြတ်အသပ် သာလေရာ ကောင်းကင်ခစားခြင်း လူထွားများက ယှဉ်နိုင်စွမ်းအား မရှိပါချေ။

“သူ့ကိုသတ်”

အံ့အားသင့်စရာကောင်းသည်မှာ သူတို့၏ ရဲဘော်ရဲဘက်များက ထိုသို့ လုပ်ကြံသတ်ဖြတ်ခံနေရကြောင်း မြင်နေရသည့်တိုင်အောင် အနီးအနားရှိ ကောင်းကင်ခစားခြင်း လူထွားများက ကြောက်လန့်ခြင်း မရှိကြချေ။ ထွက်ပြေးရမည့်အစား သူတို့၏မျက်လုံးက သွေးဆာမှုဖြင့် ပြည့်နှက်သွားပြီး မဟာ မျောက်ဝံကြီးထံ ပြေးဝင်လာသည်။

ကောင်းကင်ခစားခြင်း လူထွားတစ်ကောင်၏ အော်သံက မြေကမ္ဘာကို မိုးကြိုးပစ်လိုက်သလို ကျယ်လောင်ကာ ဟိန်းထွက်သွားသည်။ ကောင်းကင်ခစားခြင်း လူထွားရှစ်ယောက်က သူတို့၏ (၁၈)မီတာ၊ (၂၃)မီတာခန့်အထိ မြင့်မားလွန်းသော အရပ်ကြီးများကို အားယူလျှက် ဒေါသတကြီး ဟိန်းဟောက်ကာ မျောက်ဝံကြီးထံ ဝင်တိုးလာကြသည်။

ဘုန်း

ထိုကောင်းကင်ခစားခြင်း လူထွားကြီးများက သူတို့၏ လက်နက်များ၊ လှံရှည်များကို လွှဲယမ်းကြပြီး ဘက်ထောင့်တိုင်းမှတဆင့် ထိုမဟာမျောက်ဝံကြီးကို တိုက်ခိုက်လာလေသည်။

ဝေါင်း

အချို့သော ကောင်းကင်ခစားခြင်း လူထွားကြီးများက မျောက်ဝံကြီး၏ကိုယ်ပေါ်သို့ ကုန်းတက်ကြပြီး ခေါင်းပေါ်သို့ တက်ချင်ကြသည်။ သူတို့၏လှံတိုင်းနှင့် လက်သီးပေါင်းများစွာက မျောက်ဝံကြီးကို ဆက်တိုက် ထုနှက်ကာ ထိုးဖောက်နေသည်။

ထိုကောင်းကင်ခစားခြင်း လူထွားကြီးများက ဖော်ပြရန်ခက်ခဲသည့် ခွန်အားမျိုးကို ပိုင်ဆိုင်ထားသည်။ သူတို့၏ လက်သီးတစ်ချက်က တောင်များကို ကွဲကြေစေနိုင်ပြီး သံမဏိကိုပင် ချိုင့်ဝင်စေနိုင်သည်။ သို့ရာတွင် သူတို့၏ တိုက်ကွက်များအားလုံးကို မျောက်ဝံကြီး၏ မာကြောလွန်းသော အသားအရည်က ခုခံထားနိုင်သည်။

ဝမ်ချောင်ကလည်း ထိုမြင်ကွင်းကြောင့် ခေါင်းအသာခါနေမိသည်။

ဘုန်း

မျောက်ဝံကြီး၏ ကြီးမားသော လက်မောင်းကြီးတစ်ဖက်က ကောင်းကင်မှ ဆင်းသက်လာပြီး ကောင်းကင်ခစားခြင်း လူထွားတိုင်းကို ပြားကပ်သွားစေသည်။ အစိမ့်ရင့်ရောင် သံချပ်ကာများအတွင်းမှ အရေများက ရေတံခွန်ကဲ့သို့ စီးကျလာသည်။

ဘန်း

ကြမ်းတမ်းသော လူထွားကြီးတစ်ကောင်က သူ၏ဒိုင်းကြီးကို မြှောက်လိုက်လျှက် လေထဲသို့ ခုန်တက်ပြီး ပြင်းထန်သော လက်သီးချက်နှင့်အတူ လက်မောင်းကိုထိုးသည်။

ဂျွတ် ဂျွတ်

ဒိုင်းက ကွဲအက်သွားရသလို လက်သီးချက်မှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းရည်များအားလုံးကလည်း လူတိုင်း၏ ခန္ဓာကိုယ်အတွင်းမှ အရိုးတိုင်းကို ကွဲကြေသွားစေခဲ့သည်။ သူ၏ ဒြွာရအပေါက်တိုင်းမှ သွေးများက ပန်းထွက်လာသည်။

ခွက်

ကောင်းကင်ခစားခြင်း လူထွားကြီးက မြေပြင်ပေါ်သို့ အထိုးခံ လည်သာအိတ်တစ်အိတ်အလား ပစ်ကျသွားသည်။

ဘုန်း ဘုန်း ဘုန်း

ခလွက်

မျောက်ဝံကြီးက လျှင်မြန်ဖြတ်လတ်လွန်းသည်။ သူက လက်မောင်းနှစ်ဖက်လုံးကိုသုံးပြီး ဆက်တိုက် လွှဲယမ်းကာ ခုတ်သင်ဖိချနေခဲ့၏။ သူ၏ ခြေထောက်ဖြင့် ကန်ချက်၊ တက်နင်းချက်၊ လက်ဝါးရိုက်ချက်များ အားလုံးကိုသုံးပြီး ထိုလူထွားတိုင်း၏သွေးကို ကောင်းကင်တွင် ဆေးခြယ်နေလေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် မြေပြင်တွင် မလှုပ်ရှားနိုင်တော့သည့် အလောင်းများက ပုံသွားသည်။

အလွန်ဝေးလံသော နေရာတွင် မျောက်ဝံကြီးအနေဖြင့် လူထွားကြီးများကို ကိုင်တွယ်ရန် အလွန့်အလွန် လွယ်ကူလွန်းနေသည်။

ပဲ့ဟယ်မော့ လေးကောင်က စတင်ကာ လှုပ်ရှားသည်နှင့်အမျှ ကောင်းကင်ခစားခြင်း လူထွားများက ထန်များ၏ နှလုံးသားအတွင်းမှ ဆူးချွန်များကို ချက်ချင်းဆိုသလို ဖယ်ရှားလိုက်သည်။ ထိုသို့ဖြင့် ဆုံးရှုံးမှုများက နည်းပါးလာသည်။ ကောင်းကင်ခစားခြင်း လူထွားများ၏ ဆုံးရှုံးမှုက ကြီးသထက် ကြီးလာ၏။ နှစ်ဆယ်၊ ငါးဆယ်၊ ရှစ်ဆယ်၊ တစ်ရာ၊ တစ်ရာ့နှစ်ဆယ်... ပဲ့ဟယ်မော့များက ကောင်းကင်ခစားခြင်း လူထွားများကို ဟင်းရွက်ကန်စွန်းများ လှီးဖြတ်ခုတ်သင်သလို ကိုင်တွယ်နေချိန်တွင် ထိုဓားကြီးများ၏ အရှိန်အဝါကြီးမြတ်သော ပုံရိပ်ပေါင်းများစွာက မြေပြင်တွင် ဆက်တိုက် ဖိချေခံနေရသည်။

ကောင်းကင်ခစားခြင်းလူထွား တစ်သုတ်ပြီးတစ်သုတ် ရောက်လာကာ အကြောက်အလန့် မဲ့စွာဖြင့် တိုက်ပွဲထဲသို့ ဝင်ရောက်သည်။ တစ်သုတ်ပြီးနောက် နောက်တစ်သုတ်က ထပ်မံရောက်ရှိလာပြန်သည်။ နောက်ဆုံးတွင်...

“ထွက်ပြေးကြတော့”

လူထွားကြီးများ၏ ဆိုးရွားကာ ကျယ်လောင်လွန်းသော အော်သံနှင့်အတူ ပဲ့ဟယ်မော့များ၏ လုပ်နိုင်စွမ်းရည် အင်အားကို သူတို့က စတင်ကာ ကြောက်လန့်သွားကြသည်။ ကောင်းကင်ခစားခြင်း လူထွားကြီးတစ်ယောက်က မျောက်ဝံကြီးရှိရာဘက်သို့ ချီတက်နေရာမှ လဲကျသေဆုံးသွားသော သူ၏ ရဲဘော်ရဲဘက်များ၏ ခန္ဓာကိုယ်များကိုမြင်ပြီး ရပ်တန့်သွားသည်။ သူ၏ မျက်ဝန်းတွင် ကြောက်လန့်မှုက ပေါ်ထွက်လာသည်။ သူက နားလည်ကာ စပြေးသည်။

ဒါက ပထမဦးဆုံးအကြိမ် အသိဝင်သည့် လူထွားကြီးဖြစ်သည်။ ထို့နောက် ဒုတိယ၊ တတိယ...

လူထွားကြီးများက ခွန်အားကြီးလွန်းပြီး အသိဉာဏ်ကို စတေးထားရကာ တိုက်ပွဲနယ်မြေမှ အလှည့်အပြောင်းကိုပင် သတိမထားမိသော်လည်း သူတို့ဟာ အလယ်အလတ်အဆင့် အရည်အသွေးမျိုးကိုလောက်တော့ဖြင့် ပိုင်ဆိုင်နေသေးသည်။ ထို့ကြောင့် သေရမည်ကို ကြောက်ရကောင်းမှန်းသိသည်။

အမြစ်ဖြတ် သုတ်သင်ခံရသည့် အခြေအနေက ချက်ချင်းဆိုသလိုဖြစ်လာသည်။ သူတို့၏ သတ္တိက လျှင်မြန်စွာဖြင့် ဖြိုလဲခံရသည်။ ကောင်းကင်ခစားခြင်း လူထွားတိုင်းက သွေးကြောများ ပျောက်ဆုံးပြီး စတင်ကာ အာရပ်ဘက်သု့ိ ပြေးကြသည်။

ထိုအချိန်တွင် လူထွားအကောင် သုံးရာခန့်နီးပါး သေဆုံးသွားပြီဖြစ်သည်။

“သတ်”

ကောင်းကင်ခစားခြင်း လူထွားကြီးများ၏ ကပ်ဘေးအခြေအနေနှင့်အတူ ထန်စစ်သည်တော်တိုင်းက အသက်ရှုချောင်သွားကြသည်။ သူတို့က လက်နက်များကိုထုတ်ပြီး အဝေးရှိ အာရပ်များကို ထိပ်တိုက် ရင်ဆိုင်သည်။ ပဲ့ဟယ်မော့များပင်ဖြစ်စေ၊ ကောင်းကင်ခစားခြင်း လူထွားကြီးများပင်ဖြစ်စေ၊ တိုက်ပွဲနယ်မြေအတွင်း သမန်ကာလျံကာ ပေါ်လာနိုင်သော အခြေအနေမျိုး မဟုတ်ကြသေးချေ။ အဆုံးသတ်တွင်မူ လူထွားတိုင်းကသာ စစ်သားများကို တိုက်ခိုက်ရလေသည်။ ဒါက သူတို့၏ စစ်ပွဲမျိုးဖြစ်သည်။

...

“သေစမ်း ဘာတွေဖြစ်နေတာလဲ။ မာစီရဲ့ ပဲ့ဟယ်မော့က ဘယ်လိုကြောင့်များ အရှေ့ပိုင်းက လူသားတွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားရတာလဲ။ အဲ့ဒီမျိုးမစစ်က ဘယ်မှာလဲ”

မည်သူကမှ ကောင်းကင်ခစားခြင်း စစ်တပ်မှ ဗိုလ်ချုပ်ခါရာဟယ်စန်ထက် ပို၍ အံ့အားသင့်နေခြင်း မရှိချေ။ သူက ပို၍ပင် ထိတ်လန့်နေသေးသည်။ ယခုအချိန်အထိ တိုက်ပွဲ၏ အခြေအနေက မည်သို့မည်ပုံ ပြောင်းလဲသွားကြောင်း နားမလည်နိုင်သေးချေ။ အရှေ့ပိုင်းမှ ကျော်ကြားလွန်းသော အပုမူစလင်၏ လက်ထောက် ကျစ်ရကလည်း ထွက်ပြေးသွားခဲ့သည်။ သူ၏နှလုံးသားကလည်း အေးစိမ့်သွားခဲ့သည်။ အကြောင်းမူကား သူ၏ ကောင်းကင်ခစားခြင်း စစ်တပ်မှ အယောက်နှစ်ရာကျော်ခန့်က အချိန်တိုအတွင်း သေဆုံးသွားခဲ့သောကြောင့်ဖြစ်သည်။

“မြန်မြန် ဒီနေရာက ထွက်သွားကြတော့။ ဒီထန်တွေက ကောလဟာလတွေထက် အများကြီး အင်အားကြီးလွန်းတယ်။ ငါတို့ ဒီနေရာမှာနေပြီး တိုက်ခိုက်လို့မရဘူး။ ငါတို့ ထွက်မပြေးနိုင်ရင် သေရမှာပဲ”

သူက ထိတ်လန့်တကြီးအော်သည်။ ထို့နောက် စိုးရိမ်တကြီး ထွက်ပြေး၏။ ထို့နောက် တစ်စုံတစ်ရာဟာ မှားယွင်းနေကြောင်း သိလိုက်ပြီး ဒေါသထွက်သွားသည်။

“ဒီမျိုးမစစ်တွေ သူတို့က ငါ့ထက်တောင် ပြေးတာ မြန်နေသေးတယ်”

သူ၏အရှေ့ မီတာရာပေါင်းများစွာအကွာတွင် ကောင်းကင်ခစားခြင်း လူထွားများက အသက်ဘေးသို့ ထွက်ပြေးနေကြပြီဖြစ်ပြီး သူ့ကိုပင် ကျော်လွန်သွားသည်။ ထိုအခြေအနေက ထိုကောင်းကင်ခစားခြင်း လူထွားအဖွဲ့၏ ဗိုလ်ချုပ်အား လိုက်မမှီနိုင်အောင် ဖြစ်စေသည်။

သူက လိုက်မှီရန် ပြင်ဆင်နေသည့် အချိန်တွင် ရုတ်တရက် ထူးဆန်းသော ခံစားချက်ကို ရလိုက်သည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း သူ၏အရှေ့တွင် နေမင်းထက်ပင် တောက်လောင်သော မီးတောက်ကြီးက ပေါ်ထွက်လာသည်။ သူက အံ့အားတကြီး လှည့်ကြည့်လိုက်မိသည်။

ဒါက အဆုံးသတ် မဟုတ်သေးဘူး။

ဘုန်း

တစ်စုံတစ်ရာက ကောင်းကင်ကို ဖြတ်သန်းထိုးခွဲလာသလို မုန်တိုင်းတစ်ခုအဖြစ် မွှေနှောက်လိုက်ပြီး သူ၏ အရှေ့သို့ ပြုတ်ကျလာသည်။ သူက သူ၏အရှေ့သို့ ရောက်လာသော ကြီးမားသည့် မျောက်ဝံကြီးကို မြင်လိုက်ရသည့် အချိန်တွင် သူ၏မျက်နှာက ဖြူဖျော့သွားသည်။

မြင့်မြတ်သူ

ဂါရီဟာဆန်ကလည်း ပဲ့ဟယ်မော့များထဲမှ အကြီးဆုံးအကောင်က သူ၏လမ်းကို ပိတ်လာမည်ဟု မထင်ထားမိချေ။

“ကျန်တဲ့လူတွေအားလုံး ထွက်သွားလို့ရတယ်။ ဒါပေမဲ့ မင်းကတော့ လိမ်လိမ့်မာမာနဲ့ နေခဲ့ရမယ်”

မျောက်ဝံ၏ ပုခုံးပေါ်မှ အသံတစ်သံ ထွက်လာသည်။ ဝမ်ချောင်က သူ့ကို လှောင်ရယ်နေသော အကြည့်မျိုးဖြင့် ကြည့်လာသည်။ သူ၏အမူအရာက တင်းမာနေပြီး အသံက ဆုံးဖြတ်ချက် ပြတ်သားနေလေသည်။

လူထွားများ၏ဘုရင်ထက် မည်သူကမှ အင်အားမကြီးနိုင်ချေ။ သူဟာ မီတာသုံးဆယ်နီးပါးမြင့်သည်။ ကြက်အုပ်အတွင်းပင် ထင်းထွက်နေသော ကြိုးကြာတစ်ကောင်ကဲ့သု့ိ ဖြစ်နေပြီး အခြားသော လူထွားများထဲတွင်ပင် သူက ထင်းထွက်နေသည်။ သို့သော် ဝမ်ချောင်က သူ့ကိုခေါ်ထားရသည့် အကြောင်းပြချက်က ထိုအချက်ကြောင့် မဟုတ်ချေ။ ဝမ်ချောင်၏အကြည့်က ခါရာဟယ်ဆန်၏ ခေါင်းမှလည်ပင်း ထို့နောက် ရင်ဘက် ထို့နောက် ခြေထောက်အောက်ဘက်ရှိ စစ်ချည်စက်ကွင်းများထံ ရောက်သွားသည်။

ထိုလူထွားများ၏ဘုရင်က သူ၏ဘွဲ့နာမည်က ပိုသာရုံကလွဲပြီး အခြားသော လူထွားများထက် အထူးတလည် ခြားနားနေခြင်းမရှိချေ။ သူ့ထံမှ စွမ်းအားပင်လယ်မျိုးကို ဝမ်ချောင်က ခံစားမိနေသည်။

ဝမ်ချောင်ကလည်း အနောက်ဘက်တိုက်ပွဲတွင် လူထွားများကို တွေ့ခဲ့ဖူးသည်။ သို့သော် သူ့အနေဖြင့် ပထမဦးဆုံးအကြိမ် သိုင်းပညာတတ်သော လူထွားမျိုးကို မြင်ဖူးခြင်းဖြစ်သည်။ သူ့တွင် များပြားသော ကြယ်တာရာစွမ်းအင်ပေါင်း များစွာကို ပိုင်ဆိုင်ထားသည်။ သူက နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့် မဟုတ်သေးသော်လည်း စွမ်းအားအရချင်း ယှဉ်လျှင်မူ သူဟာ နောင်ဖြစ်လာမည့် ဗိုလ်ချုပ် အယောက်နှစ်ဆယ်ကပင် မယှဉ်နိုင်သော အနေအထားမျိုးတွင်ဖြစ်သည်။ မဟာဗိုလ်ချုပ်ကြီးများကပင် သူ့ကို ဒီနယ်ပယ်တွင် မယှဉ်နိုင်လောက်ချေ။

ဝမ်ချောင်၏အမြင်တွင် သူဟာ ရွှေ့လျားနေသည့် ကြယ်တာရာစွမ်းအင် သိုလှောင်အိမ်ကြီးဖြစ်သည်။

တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ဝမ်ချောင်၊ ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် ဝမ်ရန်တို့ အားလုံးက ဆိုးဆိုးရွားရွား ဒဏ်ရာရသွားသောအခါ လူထွားများ၏ဘုရင်က ထွက်ပြေး၍ မရနိုင်တော့ချေ။

“ဆိုးယုတ်တဲ့အကောင် မင်း မောက်မာမနေစမ်းပါနဲ့။ မင်းက ပဲ့ဟယ်မော့တွေကို ထိန်းချုပ်နိုင်နေတယ်ဆိုတာကို ငါမသိဘူးလို့ ထင်နေလား။ ငါက မြင့်မြတ်သူကို မနိုင်ပေမဲ့ မင်းကိုတော့ အသာအယာနိုင်တယ်”

ဂါရာဟယ်ဆန်က ဝမ်ချောင်ကိုအော်သည်။

“အိုး”

ဝမ်ချောင်၏မျက်လုံးက အံ့အားတကြီး ပြူးသွားသည်။ လူထွားများ၏ဘုရင်က ပြဿနာအရင်းအမြစ်ကို မြင်နိုင်လျှင် သူထင်ထားသည်ထက် ဉာဏ်ကောင်းရပေမည်။

“ငါ့ကို လူထွားတစ်ယောက်က ရန်စရဲတယ်ဆိုတော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒါပေမဲ့ မင်းက ငါ့ရဲ့ရှေ့မှာ နာနာခံခံနဲ့ လှဲအိပ်နေသင့်တယ်”

ဝမ်ချောင်ကရယ်သည်။ ထို့နောက် မျောက်ဝံအား တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

ဘုန်း

လေထုက ဟိန်းထွက်လာလေပြီး မျောက်ဝံ၏ သံမဏိလက်သီးကြီးက ခါရာဟယ်ဆန်ကို ထိမှန်သည်။ ခါရာဟယ်ဆန်၏ အမူအရာက ပြောင်းလဲသွားသည်။ သူက လက်မောင်းနှစ်ဖက်ကို ကြက်ခြေခတ် ခတ်လိုက်ပြီး ခုခံသောပုံစံလုပ်သည်။

ခါရာဟယ်ဆန်က အလွန်အင်အားကြီးမားသည်။ သို့သော် သူနှင့် မျောက်ဝံကြီးကြား ကွာဟချက်က ရှိနေသေးသည်။

ဘန်း

ခါရာဟယ်ဆန်၏ ဘယ်ဘက်ပုခုံးကို ထိမှန်သွားသောအခါ သံချပ်ကာက ကွဲကြေသွားပြီး သူဟာ ကျည်ဆံတစ်ခုကဲ့သို့ လွင့်ထွက်သွားသည်။

ဘုန်း ဘုန်း

သူက မြေပြင်ပေါ်သို့ ကွဲကြေကျသွားပြီး ကြီးမားသော တွင်းပေါက်ကြီးကို ပေါ်ထွက်စေသည်။

“ဟွန်”

ခါရာဟယ်ဆန်ကို လက်သီးထိုးလိုက်ခြင်းက ဝမ်ချောင်အပေါ် ဖိအားအနည်းငယ် ယူဆောင်ပေးရုံသာ မကသေးလေဘဲ သူ့ကို ရပ်တန့်သွားစေသည်။ သူ၏မျက်မှောင်က ကျုံ့သွားပြီး လူထွား၏ လက်မောင်းကိုကြည့်သည်။ ဝမ်ချောင်ကလည်း ထိုလူထွား၏လက်သီးက ခါရာဟယ်ဆန်၏ ရင်ဘက်ကို ထိမှန်သွားခြင်းဖြစ်ပြီး ဘယ်ဘက်လက်မောင်းကို ထိမှန်သွားခြင်းမဟုတ်ကြောင်း နားလည်နေသည်။ ထိုကဲ့သို့သော ထိုးနှက်ချက်က ခါရာဟယ်ဆန်အား ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေပြီး စွမ်းအားများ အားလုံးကို လျော့ကျသွားစေနိုင်သည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် မြင့်မြတ်သူ၏ တိုက်ကွက်က နောက်ဆုံးတခဏတွင် လျော့ကျသွားသည်။

“ဘာတွေဖြစ်နေတာလဲ”

တစ်စုံတစ်ရာဟာ မှားယွင်းနေကြောင်း ခံစားမိလာသည်။ ဝမ်ချောင်၏ ထိုသို့သော ခံစားချက်က ပြင်းထန်သထက် ပြင်းထန်လာ၏။ အပုမူစလင်နှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲကပင်ဖြစ်စေ ယခု မြင့်မြတ်သူ၏ တိုက်ကွက်က ရုတ်တရက် လျော့ကျသွားခြင်းပင်ဖြစ်စေ မာစီသေဆုံးသွားပြီးချိန်ကတည်းက သူ၏ ပဲ့ဟယ်မော့ကို ထိန်းချုပ်မှုက ထင်သလောက် မချောမွေ့တော့ကြောင်း ခံစားလာမိနေလေသည်။

အခန်း(၉၉၃)

ပဲ့ဟယ်မော့များအကြားမှ ထူးဆန်းသော လက္ခဏာများ

“ဒါတွေအားလုံးက မာစီနဲ့ ပတ်သတ်နေတာလား”

ဝမ်ချောင်ကလည်း မာစီ၏ နောက်ဆုံးစကားများကို ကြားပြီး မျက်မှောင်က ပိုကျုံ့လာသည်။ သူက မာစီ၏ လျို့ဝှက်ချက်တိုင်းကို သိထားပြီးပြီဟု ထင်နေသည်။ သူဟာ စိတ်စွမ်းအားစွမ်းအင် တိုက်ပွဲတွင်လည်း အပြည့်အဝ အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် မာစီက သူ့ထံမှ ဘာကိုမှ မထိန်ချန်ထားနိုင်ချေ။

ပို၍ဆိုးသည်မှာ သူဟာ ပဲ့ဟယ်မော့များကို ထိန်းချုပ်နိုင်စွမ်းအားက ပို၍မြင့်မားလာသည်။ အကြောင်းမူကား သူက အချိန်ကြာရှည်စွာ ထိန်းချုပ်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ပြဿနာ အစစ်အမှန် မရှိလောက်ချေ။

ထိုအတွေးများနှင့်အတူ ဝမ်ချောင်က ခပ်မြန်မြန် စိတ်ငြိမ်သွားပြီး အဝေးသို့ကြည့်သည်။ မြေပြင်တွင်ရှိသော လူထွားများ၏ဘုရင် ခါရာဟယ်ဆန်က မျှော်လင့်ထားသည်ထက် ပိုကောင်းသော အခြေအနေမျိုးတွင်ဖြစ်သည်။ သူက သေစေနိုင်သည့် နေရာများကို မတိုက်ခိုက်ခံခဲ့ရပုံပေါ်သည်။

“သောက်ကျိုးနည်းအရာ ငါ့ကိုနောက်ထပ် အခွင့်အရေးတောင် မပေးဘူး။ အဲ့လိုမှမဟုတ်ရင် ငါမင်းကို အရှင်လတ်လတ် ဝါးစားပြီး ဆွဲစုတ်ဖြဲပစ်မှာပဲ”

သူက မြေကြီးထဲမှ ကုန်းထလာသည်။ ခါရာဟယ်ဆန်က ဒေါသတကြီး အံ့ကြိတ်လျှက်ဖြေသည်။

ဝမ်ချောင်ကလည်း သူ၏စကားလုံးတိုင်းကို လှောင်ရယ်လိုက်သည်။ သူက အာရပ်ဘာသာစကားကို နားလည်သည်။ ထို့ကြောင့် ထိုလူထွားဘုရင် ပြောသမျှစကားတိုင်းကို နားလည်သည်။ သို့သော် သူက ပြန်မငြင်းသလို ပြန်လည်မပြောချေ။ ခါရာဟယ်ဆန်ကို တိတ်တဆိတ်သာ ကြည့်နေပြီး အမိန့်သာ ပေးလိုက်သည်။

ဘုန်း

ခါရာဟယ်ဆန်က ဒေါသတကြီး ကျိန်ဆဲလိုက်သည့် အချိန်တွင် သူ၏အပေါ်ရှိ ကောင်းကင်က မှေးမှိန်သွားသည်။ ကြီးမားသော လက်ဝါးကြီးတစ်ဖက်က ခါရာဟယ်ဆန်၏ကျောကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိုက်သည်။

ဝေါင်း

ကြီးမားသော ဝက်ဝံဖြူကြီးက လက်ဝါးကြီးကို ပြန်ရုတ်လိုက်ပြီး ဟိန်းဟောက်ကာ ထိုခါရာဟယ်ဆန်ကို သတိမေ့သွားစေသည်။

“လုံလောက်အောင် ဉာဏ်မကောင်းဘူး”

ဝမ်ချောင်က ဖျော့တော့စွာ ပြုံးလိုက်ပြီး မျောက်ဝံ၏လက်ကို ချောမွေ့စွာ လှန်လိုက်လျှက် အရှေ့ဘက်သို့ ဝင်ရောက်တိုက်ခိုက်သွားစေသည်။ တိုက်ပွဲက ဆုံးဖြတ်ပြီးလေပြီ။ ကောင်းကင်ခစားခြင်းစစ်တပ်က ထွက်ပြေးသွားပြီး အပုမူစလင်နှင့် ကျစ်ရတို့ကလည်း နောက်ဆုတ်သွားရန် ရွေးချယ်လိုက်သည်။ ထို့ကြောင့် ကျန်နေရစ်သမျှက အာရပ်စစ်သားများကို လိုက်ဖမ်းရုံသာရှိသည်။ ယခင်ကနှင့်မတူသည်မှာ အာရပ်များက ဒီတိုက်ပွဲတွင် လက်ရွေးစင်များ အားလုံးနီးပါးကို ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။ ထို့ကြောင့် သံမဏိကို ပူတုန်းထုပြီး အကျိုးအမြတ်ကို များများ ရိတ်သိမ်းရမည်ဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း

မျောက်ဝံကြီးက ရှေ့သို့ ချောမွေ့စွာတိုးသည်။ ဝမ်ချောင်ကလည်း တိုက်ပွဲနယ်မြေကို ပုခုံးမှတဆင့် စစ်ဆေးနေခဲ့သည်။ ထို့ကြောင့် မရေမတွက်နိုင်သော အထိတ်တလန့် အော်သံများကို ကြားရသည်။ အာရပ်မြင်းတပ် တစ်သိန်းကျော်ခန့်က လက်နက်များနှင့် သံချပ်ကာများကို လွင့်ပစ်ပြီး အနောက်ဘက်သို့ ရူးသွပ်စွာ ထွက်ပြေးနေကြသည်။ သူတို့၏ အနောက်ဘက်တွင် ထန်စစ်တပ်က နောက်မှလိုက်သတ်နေသည်။

ထန်စစ်သားများ၏ အနက်ရောင်ဒီရေက မည်သည့်နေရာသို့ ရောက်ရှိသွားစေကာမူ အာရပ်များက အလုံးအရင်းနှင့် သုတ်သင်ခံရသည်။ ပထမဦးဆုံးအကြိမ် အာရပ်များ၏ အလောင်းများက ထန်အလောင်းထက် ပိုများသွားသည်။

“အခုက မင်းတို့အားလုံးရဲ့ တန်ကြေးကို ပေးဆပ်ရမဲ့အချိန်ပဲ”

ဝမ်ချောင်၏မျက်နှာတွင် အပြုံးကရှိနေသေးသည်။ သို့သော် ခပ်မြန်မြန် ဖျော့တော့သွားသည်။ အကြောင်းမူကား လေဖြင့်သယ်ဆောင်လာသော ညှီစို့စို့ရနံ့ကို ရလိုက်သောကြောင့်ဖြစ်သည်။ သိပ်မကြာခင် ထိုရနံ့က ပို၍ထူထည်းလာပြီး ပျောက်ကွယ်သွားခြင်းမရှိကြောင်း ခံစားလိုက်ရသည်။ ဝမ်ချောင်ကပင် အာရုံခံနိုင်ကတည်းက ထိုရနံ့က အလွန်နီးကပ်သော နေရာမှ လာရခြင်းဖြစ်ရပေမည်။

ဒွစ်

သူ၏နားအတွင်း ရေကျသံကိုပင် ကြားလိုက်ရသည်။ အသံက အလွန်အမင်း တိုးသော်လည်း ထိုအသံက ဝမ်ချောင်၏ အဆင့်တွင်ရှိသော လူတစ်ယောက်အတွက် မိုးခြိမ်းတမျှ ကျယ်လောင်သည်။ အရေးအကြီးဆုံး အချက်ကမူ ထိုရနံ့က အလွန်ပြင်းနေခြင်းဖြစ်သည်။

“ဒါက...”

ဝမ်ချောင်က သတိလက်လွတ် ခေါင်းလှည့်လိုက်ပြီး သံသယဝင်ဖွယ် မြင်ကွင်းမျိုးကို မြင်လိုက်ရသည်။

မျောက်ဝံကြီး၏ ဘယ်ဘက်နားအတွင်းမှ စေးကပ်သော အနက်ရောင်သွေးများက စီးကျလာသည်။ ညှီစို့နေသော ရနံ့က ထိုနေရာမှလာခြင်းဖြစ်သည်။ ဝမ်ချောင်ကလည်း တိုက်ပွဲနယ်မြေကို တစ်ချိန်လုံး အာရုံစိုက်ထားလေသည်။ သို့သော်သူက မျောက်ဝံကြီး၏ မျက်နှာကို ပြောင်းကြည့်လိုက်သည့် တခဏတွင် သွေးများက စီးကျလာပြီး သူ၏မျက်နှာက အလွန်အမင်း နာကျင်နေဟန် ဖြစ်နေကြာင်း မြင်လိုက်ရသည်။

“???”

ဝမ်ချောင်က တုန့်ပြန်မှုများ နှေးကွေးစေကာမူ တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သိလိုက်သည်။ ဝမ်ချောင်က အခြားသော ပဲ့ဟယ်မော့သုံးကောင်ကို ပြောင်းကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း အားလုံး၏မျက်နှာတွင် နာကျင်နေဟန်များက ပေါ်နေသည်။

အားအနည်းဆုံး ပဲ့ဟယ်မော့ဖြစ်သည့် လောင်ကျွမ်းသူကဆိုလျှင် မီးတောက်များကို လွှတ်ထုတ်နေသေးသော်လည်း မီးတောက်များက တိကျမှုမရှိတော့ကြောင်း တွေ့ရသည်။ အကြောင်းမူကား သူက ထိုလောင်ကျွမ်းသူကို တိကျသောပစ်မှတ်ကို မပြောထားသောကြောင့်လည်း ဖြစ်နိုင်သည်။ ထိုအချက်အပြင် လောင်ကျွမ်းသူ၏ ကိုယ်က တဆတ်ဆတ် တုန်ယင်နေပြီး တည်ငြိမ်အောင် မရပ်နိုင်တော့ကြောင်းလည်းမြင်ရသည်။

ဝမ်ချောင်၏ နှလုံးသားက လေးလံသွားသည်။ သူ၏မျက်နှာက ဖြူဖျော့သွားသည်။

ကြယ်တာရာစွမ်းအင်များက လေထဲသို့ ထိုးခွဲသွားလေပြီး လောင်ကျွမ်းသူ၏ နဖူးကြားအတွင်းသို့ ဝင်ရောက်သွားသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

လောင်ကျွမ်းသူ၏ စိတ်အတွင်းမှ အရာများကို မြင်လိုက်ရသောအခါ သူက တည်ငြိမ်အောင်ပင် မထိန်းနိုင်တော့ချေ။ စိတ်စွမ်းအား စွမ်းအင်သုံး ကျွမ်းကျင်ပညာရှင်များက ပဲ့ဟယ်မော့များကို သူတို့၏ ဦးနှောက်အတွင်းရှိ အသက်သွေးကြော အခက်အလက် လှိုင်းများကိုသုံးလျှက် ထိန်းချုပ်ယူရခြင်းဖြစ်ပြီး ဝမ်ချောင်ကလည်း ထိုအတိုင်းလုပ်ခဲ့သည်။ ထို့ကြောင့် အရာအားလုံးက ဆက်တိုက် တည်ငြိမ်နေကြောင်း မြင်ခဲ့ရလေသည်။ သို့သော် ယခုဝမ်ချောင်က သူ၏စိတ်စွမ်းအားများကို လောင်ကျွမ်းသူ၏ ဦးနှောက်အတွင်းသို့ ထည့်သွင်းခဲ့ကြည့်သောအခါ အတွင်းမှ အခြေအနေက အလွန့်အလွန် ဆိုးရွားနေကြောင်း တွေ့လိုက်ရသည်။

ဦးနှောက်အတွင်းမှ အသက်သွေးကြော လှိုင်းများက ပုံမှန်ဖြစ်နေသေးသော်လည်း သူ၏ဦးနှောက်ကမူ ရှင်းလင်းစွာပင် ကျုံ့လာသည်။ အချို့သော အပိုင်းများကဆိုလျှင် အနက်ရောင် အပိုင်းအစများအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ ထိုအခြေအနေက သူ၏နှလုံးသားကို ကျောက်သားလို လေးလံသွားစေသည်။

“မဖြစ်နိုင်ဘူး”

ဝမ်ချောင်၏စိတ်က အံ့အားသင့်မှုနှင့်အတူ လေးလံသွားသည်။ ထိုအခြေအနေက ဆိုးရွားသော သတင်းဖြစ်သည်။ သို့သော် ယခုအခြေအနေတွင် သူက ကိစ္စများက တိုက်ဆိုင်မှု သို့မဟုတ် မျှော်လင့်ထားသလောက် ဆိုးရွားလာခြင်း ဟုတ်မဟုတ် မသေချာနိုင်သေးချေ။

ဝုန်း

ဝမ်ချောင်က သူ၏စိတ်စွမ်းအားစွမ်းအင်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဝက်ဝံဖြူကို ပြန်ကြည့်သည်။

တစ်ချက်ကြည့်ရုံဖြင့် ဝက်ဝံဖြူ၏ဦးနှောက်က လောင်ကျွမ်းသူလောက် မဆိုးရွားနေသည့်တိုင်အောင် ဝက်ဝံဖြူ၏ကိုယ်မှ အခြားသော အစိတ်အပိုင်းများကို စစ်ဆေးကြည့်လိုက်သည်။ သူ၏ မျက်နှာထားက ပြောင်းလဲသွားရသည်။ ဝက်ဝံဖြူ၏ သွေးကြောများနှင့် ကြားခံနယ်မြေများအားလုံးက ဖောင်းကြွကာ အက်ကွဲလာသည်။ ဝက်ဝံဖြူကြီးက အပေါ်ယံတွင် တည်ငြိမ်သည်ဟု ထင်ရသော်လည်း အတွင်းပိုင်းတွင်မူ အန္တရာယ်များသော အခြေအနေ ဖြစ်နေလေပြီ။

ဝမ်ချောင်က ဝက်ဝံဖြူ၏ ဦးနှောက်ကို တဖန်ပြန်လည် စစ်ဆေးကြည့်ပြန်သည်။ ထိုအခါ စိတ်စွမ်းအား စွမ်းအင်များနှင့် ဆက်စပ်နေသော လှိုင်းနှစ်ကြောင်းက ကျုံ့လာသည့် လက္ခဏာများပြကြောင်း တွေ့ရသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ဝမ်ချောင်၏စိတ်က တုန်ယင်သွားပြီး သူက နောက်ဆုံးပဲ့ဟယ်မော့၏ ကိုယ်အတွင်းသို့ စိတ်စွမ်းအင်များကို ထည့်သွင်းကြည့်ပြန်သည်။ မျှော်လင့်ထားသည့်အတိုင်း ထိုအကောင်၏ ဦးနှောက်ကလည်း အလားတူပင် ကစဥ့်ကလျား ဖြစ်လာသည်။ ဝမ်ချောင်ကပင် မကောင်းသော ခံစားချက်ကို ရလိုက်သည်။

ဒါတွေအားလုံးက ဒီပဲ့ဟယ်မော့တွေရဲ့ ဦးနှောက်က စိတ်စွမ်းအားနဲ့ ထိန်းချုပ်တာကို ကြာရှည်မခံနိုင်လို့လား။

ဒါက ဝမ်ချောင်တွေးမိသည့် ပထမဦးဆုံး တုန့်ပြန်မှုဖြစ်သည်။

ပဲ့ဟယ်မော့များက အလွန်အမင်း အင်အားကြီးမားပြီး အင်ပါယာ မဟာဗိုလ်ချုပ်များကပင် တိုက်ခိုက်ရန် ခက်ခဲသည်။ သို့သော် သူတို့၏ အားနည်းချက်က ဦးနှောက်တွင်ဖြစ်သည်။ ယခုလိုမျိုး သူတို့က ခန္ဓာကိုယ်ကြီးမားသော်လည်း ပဲ့ဟယ်မော့ လေးကောင်အပါအဝင် အင်အားအကြီးဆုံး မြင့်မြတ်သူ၏ ဦးနှောက်ကပင် သူတို့၏ ခန္ဓာကိုယ်နှင့်အတူ မာကြောခြင်းမရှိချေ။ ထိုအတွက်ကြောင့်လည်း ယခုလို အခြေအနေမျိုး ဖြစ်လာရခြင်းဖြစ်သည်။

သို့သော် သူတို့၏ခန္ဓာကိုယ်မှ မာကြောမှု၊ အင်အားကြီးမားမှုများ အားလုံးက တန်ကြေးတစ်ခု ပေးဆပ်ရန်လိုအပ်သည်။ ဝမ်ချောင်ကပင် ဦးနှောက်မှ အခြေအနေများက စိတ်စွမ်းအား စွမ်းအင်ကြောင့်ဟု အတည်မပြုနိုင်သေးချေ။ သို့သော် ထိုသို့ မဖြစ်နေခဲ့လျှင်လည်း ဆက်စပ်မှု ရှိနေရဦးပေမည်။

ပဲ့ဟယ်မော့များက တိုက်ပွဲနယ်မြေကို လွှမ်းမိုးနိုင်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ သူတို့ကို ထိန်းချုပ်နိုင်သည့် မည်သူကမဆို တိုက်ပွဲ၏ရလဒ်ကို ဆုံးဖြတ်နိုင်သည်။

ဝမ်ချောင်က ထိုသို့သော အခြေအနေမျိုးကို ရင်ဆိုင်နေရသည်။ ပဲ့ဟယ်မော့ လေးကောင်၏ ဦးနှောက်မှ အခြေအနေအရ သူတို့ဟာ သေရန်အခြေအနေများနေသည်။ ထိုသို့မဟုတ်လျှင် သူဟာ ပဲ့ဟယ်မော့များကို ထိန်းချုပ်မှုမှ လွတ်ကင်းပေးပြီး သူတို့ကို အသက်ရှင်ချိန် အချိန်ဆွဲရုံသာ ရှိပေလိမ့်မည်။ သို့ရာတွင် ထိုသို့ဖြစ်လာခဲ့လျှင် ပဲ့ဟယ်မော့များ၏ သဘာဝအရ ဆိုးဆိုးရွားရွား တုန့်ပြန်ပေလိမ့်မည်။ သူတို့က ထန်စစ်တပ်အတွင်း မွှေနှောက်နိုင်သေးသည်။ ပို၍ဆိုးသည်မှာ ထွက်ပြေးသွားသော အပုမူစလင်နှင့် ကျစ်ရတို့ကလည်း ဒီအခြေအနေကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လာနိုင်သေးသည်။ ထိုသို့ဖြစ်လာသည့်အခါ အခြေအနေက ဆိုးရွားသွားနိုင်သေးသည်။

ဝှစ်

လေပြင်းက သူ၏ပတ်ပတ်လည်တွင် ဟိန်းဟောက်နေပြီး ဆံပင်များကို လွင့်စေသည်။ ဝမ်ချောင်က မျောက်ဝံကြီး၏ ပုခုံးပေါ်တွင် မလှုပ်ရှားဘဲ ရှိနေသည်။ သူ၏စိတ်က မုန်တိုင်းထန်နေသည်။

ပဲ့ဟယ်မော့တွေကို လွှတ်ရင်လွှတ် မဟုတ်ရင် သူတို့သေတာကို စောင့်ကြည့်... ဝမ်ချောင်အနေဖြင့် ဆုံးဖြတ်ချက်ကို ခပ်မြန်မြန် ချရတော့ပေမည်။

“ချောင်အာ မြန်မြန် အခုက အာရပ်တွေကို တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ပဲ”

ထိုအခိုက် မြေပြင်မှ အော်ဟစ်သံက ထွက်လာသည်။ ဝမ်ရန်က တောင့်တင်းသန်မာသော မြင်းကြီးကိုစီးလျှက် ဝမ်ချောင်ထံ လာနေသည်။ သူက သားဖြစ်သူကို မှင်သက်နေသော အနေအထားမျိုးမှ လှုပ်နှိုးလိုက်သည်။

“ဟုတ်ကဲ့အဖေ အဖေ့ရဲ့သားက နားလည်ပါတယ်”

မျက်တောင်တစ်ချက် ခတ်လိုက်သည်။ သူ၏အကြည့်က ပြန်လည်အာရုံ စူးစိုက်သွားသည်။ သူက သူလုပ်သင့်သည့် အရာကိုသိသည်။

မြေကမ္ဘာက တုန်ခါသွားသလို ပဲ့ဟယ်မော့ လေးကောင်ကလည်း တဖြည်းဖြည်းချင်း လှုပ်ရှားလာပြန်သည်။ ထိုသို့ဖြင့် အာရပ်ကို ဦးဆောင်ကာ လိုက်ဖမ်းသည်။

“လေး၊ ငါး၊ ခြောက်၊ ခုနှစ်အဖွဲ့တွေ ငါ့ရဲ့အမိန့်ကိုနာခံကြ။ မင်းတို့အားလုံး နောက်တန်းမှာနေပြီး တိဗက်နဲ့ တူရကီတွေ တိုက်ခိုက်လာမဲ့ အခြေအနေကို စောင့်ကြပ်နေကြ။ ကျန်တဲ့လူတွေအားလုံး လိုက်ဖမ်းကြ”

ဝမ်ချောင်၏အသံက တိုက်ပွဲနယ်မြေအနှံ့ ဟိန်းထွက်လာသည်။ တိုက်ပွဲက အနိုင်ရထားပြီးသော်လည်း သာ့လွန်ရော့ကျန်းနှင့် သူ၏တိဗက် စစ်သားများက ပြဿနာ ဖြစ်နိုင်နေသေးသည်။ နောက်တန်းမှသာ တိုက်ခိုက်လာခဲ့မည်ဆိုလျှင် သူတို့က အာရပ်များကို လိုက်ဖမ်းရင်း တာလာ့ကို ရှုံးသွားခဲ့သော အသေးစား အကျိုးသက်ရောက်မှုအတွက် အားသာချက်ကြီးတစ်ခုကို ဆုံးရှုံးလိုက်ရသလို ဖြစ်သွားပေလိမ့်မည်။

“ဟုတ်ကဲ့အရှင်အမတ်”

နောက်တန်းမှ စိတ်အားထက်သန်သော အသံများက ထွက်လာသည်။ စစ်သားတိုင်း၏ အမြင်တွင် ဝမ်ချောင်က နတ်ဘုရားဖြစ်သည်။ သူတို့၏ရန်သူက မည်မျှ အင်အားကြီးမားစေကာမူ အရေအတွက်က မည်မျှများပြားစေကာမူ ဝမ်ချောင်ပေါ်ထွက်လာသမျှ သူတို့ဟာ အပြတ်အသပ် အနိုင်ရမည်ဆိုသော အတွေးမျိုးကို လက်ကိုင်ဆွဲထားကြသည်။

ယခုအခါ သူက ဆုံးဖြတ်ချက် ချလိုက်ပြီဆိုကတည်းက ဝမ်ချောင်က တုန့်ဆိုင်းမနေတော့ချေ။ သူက ပဲ့ဟယ်မော့လေးကောင်ကို အင်တိုက်အားတိုက်နှင့် ချီတက်ခိုင်းသည်။ ဒီနည်းအားဖြင့် စစ်မြင်းများ အားလုံးကိုပင် အပြတ်အသပ် ကျော်သွားသည်။

ပဲ့ဟယ်မော့ တစ်ကောင်၏ ခြေတစ်လှမ်းက ကျန်းတစ်ဆယ်ကျော်သည်။ အချိန်အနည်းငယ်တည်းနှင့် သူတို့က ထွက်ပြေးသွားသော အာရပ်များကို မှီသွားသည်။ ထိုသို့ဖြင့် မီးတောက်များ ကြီးမားသော လက်ဝါးကြီးများ၊ သံမဏိလက်သီးများနှင့် အမျိုးမျိုးသော တိုက်ကွက်များအားလုံးက ထွက်ပြေးသွားသော စစ်သားများပေါ် ပုံကျသည်။

“အား”

တိုက်ပွဲနယ်မြေတွင် အော်ဟစ်သံများ ထွက်ပေါ်လာသလို အာရပ်များက တစ်စစီ ဖြိုလဲခံရသည်။ ခြောက်သောင်းရှစ်ထောင်၊ ခုနှစ်သောင်း၊ ရှစ်သောင်း... အာရပ်စစ်သည် နှစ်သိန်းမှ တစ်ဝက်ခန့်နီးပါးက သေဆုံးသွားကြပြီဖြစ်သည်။ သူတို့၏ ဆုံးရှုံးမှုက ဆက်တိုက် များပြားလာနေသည်။ ဒါက အာရပ်စစ်သားများအတွက် အိမ်မက်ဆိုးဖြစ်သည်။

“ဖယ်စမ်း ငါ့ရဲ့လမ်းကိုမပိတ်နဲ့”

“ငါကဗိုလ်ချုပ်ပဲ ငါ့ရဲ့လမ်းကဖယ်”

“ပြေး ပြေး ပြေး ပဲ့ဟယ်မော့တွေက မှီလာပြီ အား..”

သေဆုံးခြင်းတရား၏အရှေ့တွင် လူတိုင်းက တူညီသည်။ သူတို့က တိဗက်ဖြစ်စေ၊ တူရကီဖြစ်စေ၊ အာရပ်ဖြစ်စေ၊ ထန်ဖြစ်စေ အတူတူသာလျှင်ဖြစ်သည်။ အာရပ်များက ရည်မှန်းချက်အပြည့်နှင့် တိုက်ခိုက်လိုစိတ်ရှိပြီး ရှုံးသွားသည့်ထန်များကို လိုက်လံတိုက်ခိုက်ခဲ့သော အခြေအနေမျိုးမှတဆင့် ယခုမူ သူတို့က ကြောက်လန့်မှုအပြည့် ဖြစ်နေသော အခြေအနေမျိုးသို့ ပြောင်းလဲသွားသည်။ သူတို့၏အဆင့် ကွာခြားချက်က မရှိတော့ချေ။ သူတို့၏မြင်းပင်ဖြစ်စေ၊ လူပင်ဖြစ်စေ၊ မည်သို့သော အခြေအနေပင်ဖြစ်စေ ထွက်ပြေးနေကြရသည်။

အခန်း(၉၉၄)

ပဲ့ဟယ်မော့တွေရဲ့ ပြစ်ချက်

“ရပ် အဲ့ဒီမှာနေ”

ဝရုန်းသုန်းကား အခြေအနေထဲတွင် အာရပ်ဗိုလ်ချုပ်တစ်ယောက်က ကိုယ့်ကိုယ်ကို ထိန်းချုပ်လိုက်သည်။ သူက စစ်တပ်ကို ကစဥ့်ကလျားပြေးပြီး အချင်းချင်းဝင်တိုက်ကာ ဖိနင်းခြင်းမပြုအောင်တားသည်။ သို့သော် သူက အမိန့်ထုတ်ပြီး သိပ်မကြာခင် ကြီးမားသော ခြေထောက်ကြီးတစ်ဖက်က သူအပါအဝင် အနီးအနားတွင်ရှိသော ဝင်္ကပါနှင့်အတူရှိနေသည့် စစ်သည်တော်တိုင်းကို အသားတုံးအဖြစ် ပြောင်းလဲလိုက်သည်။

“ဝင်္ကပါတွေကို မေ့လိုက်တော့ ပြေးတော့”

ထွက်ပြေးသွားသော အာရပ်များ အနောက်မှ အော်သံများက ထွက်ပေါ်လာသည်။ သို့သော် တစ်စုံတစ်ယောက်ဟာ သူတို့၏လည်ပင်းကို အနင်းခံနေရသလိုမျိုး ကြောက်လန့်မှုကြောင့် တုန်ယင်လျှက် ဆက်တိုက်သာ ထွက်ပြေးနေကြသည်။ မည်သူကမှ မည်သူ့ကိုမှ ဂရုမစိုက်နိုင်ကြချေ။

သေဆုံးခြင်း၏ ခြိမ်းခြောက်မှုကို ခံရသောအခါ သတ္တိအကြီးဆုံး အာရပ်စစ်သားများကပင် အထိတ်တလန့် ဖြစ်ကြရသည်။ ယခုအခါ ဝမ်ချောင်က ပဲ့ဟယ်မော့တိုင်း၏ အလားအလာတိုင်းကို လှုံ့ဆော်ထားသည်။ ထို့ကြောင့် ထိုအာရပ်များက လုံလောက်အောင် မပြေးနိုင်ကြတော့ချေ။ ရှစ်သောင်း၊ ကိုးသောင်း၊ ကိုးသောင်းခြောက်ထောင်... အာရပ်များ၏ ထိန်းချုပ်မှုက ထိုးတက်လာသည်။ မရေမတွက်နိုင်သော ခြေပြတ်လက်ပြတ်များ၊ အာရပ်၏ ဓားမောက်ရှည်များ၊ သံချပ်ကာ အပိုင်းအစများ အားလုံးက သွေးပင်လယ်နှင့် သွေးမြစ်များအကြားတွင် ကျန်ရစ်ခဲ့သည်။

“သွားပြီ အာရပ်တွေက ဒီတစ်ပွဲတော့ ရှုံးသွားပြီ။ မျှော်လင့်ချက်ကို မရှိတော့ဘူး”

တောင်ကုန်းမြင့်ပေါ်တွင် ... တိုက်ခတ်နေသော လေပြင်းများအကြားတွင် ရပ်နေသော တိဗက် ဗိုလ်ချုပ်ကြီး သုံးယောက်က စိတ်ဓာတ်ကျနေသည်။ အာရပ်များ၏အရှုံးက သူတို့၏အရှုံးနှင့် တူနေပုံရသည်။

နှုတ်ခမ်းက မရှိတော့သောအခါ သွားကလည်း လေအေးဒဏ်ကို ခံရမည်ဖြစ်သည်။ အားရပ်များ အားလုံးက ထန်များထံတွင် ရှုံးသွားခဲ့လျှင် တိဗက်များက ပို၍ဆိုးရွားသော အခြေအနေကို ရင်ဆိုင်ရပေလိမ့်မည်။ သူတို့က အနိုင်ရနိုင်ချေ မရှိတော့ချေ။

“ငါတို့နောက်ဆုတ်ဖို့ ပြင်ဆင်ထားသင့်တယ်။ ငါတို့ဒီနားမှာ ဆက်နေရင် ဆုံးရှုံးမှုက ပိုဆိုးသွားမှာပဲ”

ဟော်ရှု့ဟွေ့ခမ်း၏ ပထမဦးဆုံး အတွေးက နောက်ဆုတ်ရန်ဖြစ်သည်။ အာရပ်များ၏ ပဲ့ဟယ်မော့များထဲမှ တစ်ကောင်ကတင် သူတို့ကို ကြီးကြီးမားမား ဆုံးရှုံးရန် လုံလောက်နေပြီဖြစ်သည်။ လေးကောင်ဆိုလျှင် ပို၍ဆိုးသည်။

“ဒါပေမဲ့ အာရပ်တွေအတွက် ငါတို့က မဟာမိတ်တွေပဲလေ။ ငါတို့က နောက်မဆုတ်ခင် သူတို့ကို ကူညီပြီး ထွက်ပြေးနိုင်အောင် တိုက်ခိုက်ပေးသင့်တယ်မဟုတ်လား”

တုစုန့်မာန်ဖော်ကျဲ့ကပြောသည်။ သူ၏စိတ်က ရှုပ်ထွေးနေသည်။ သူက ခေါင်းလှည့်ပြီး သာ့လွန်ရော့ကျန်းကို ကြည့်သည်။ သာ့လွန်ရော့ကျန်းက ပြင်ဆင်မှုများ အားလုံးကို လုပ်လာခဲ့ပြီး ကြိုတင်ပြင်ဆင်မှု ချခဲ့သည်။ သို့သော် သူကသာ ဒီလိုအခြေအနေမျိုးတွင် ဆုံးဖြတ်ချက် ချနိုင်မည်ဖြစ်သည်။

သာ့လွန်ရော့ကျန်းက ဘာစကားမှမပြောချေ။ သူက တည်ငြိမ်စွာဖြင့် ရှေ့သို့သာကြည့်သည်။ သူ၏ အင်္ကျီလက်က တစ်ချက်ယမ်းသွားသည်။ ဟော်ရှု့ဟွေ့ခမ်းပင်ဖြစ်စေ၊ တုစုန့်မာန်ဖော်ကျဲ့ကပင်ဖြစ်စေ သူ၏အတွေးကို မပြောနိုင်ချေ။

“အလျင်မလိုနဲ့”

သာ့လွန်ရော့ကျန်းက ရုတ်တရက်ပြောသည်။

“အာရပ်တွေက တကယ်ရှုှုံးသွားပြီ။ ဒါပေမဲ့ ဒီစစ်ပွဲက မင်းတို့ထင်ထားသလောက် မရိုးရှင်းဘူး”

နောက်ဆုံးစကားနှင့်အတူ သာ့လွန်ရော့ကျန်းက တိုက်ပွဲနယ်မြေရှိ ပဲ့ဟယ်မော့များကို အာရုံပြန်စိုက်လိုက်သည်။ သူ၏စူူးရှသောအကြည့်က လင်းလက်လာသည်။

ထိုအခိုက် တာလာ့ အနောက်ဘက် တိုက်ပွဲနယ်မြေတွင် အာရပ်များက နောက်ဆုတ်ပြေးရင်း ကစဥ့်ကလျား ဖြစ်သွားကြသည်။

သူတို့ နောက်ဆုံးအချိန်အထိ တောင့်ခံနိုင်ဖို့ မျှော်လင့်ရတာပဲ။ ဒါကပဲ ငါတက်နိုင်တဲ့အရာပဲ။

ဝမ်ချောင်က ခပ်တိုးတိုးပြောသည်။

မြောက်များလှစွာသော အာရပ်များက အစုလိုက် သေဆုံးနေသည့်တိုင်အောင် ဝမ်ချောင်က မပျော်သလို စိတ်လှုပ်ရှားခြင်းလည်းမရှိချေ။ သူ၏စိတ်က ပဲ့ဟယ်မော့ လေးကောင်ကို ထိန်းချုပ်ရင်း အလုပ်များနေသည်။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို မြင်နိုင်လေသည်။

စွစ်

လောင်ကျွမ်းသူက သွေးမီးတောက်ကို တစ်သုတ်ပြီးတစ်သုတ် မှုတ်ထုတ်သည်။ သို့သော် တိကျမှုမရှိသော ပြဿနာက ပြင်းထန်လာသလို ခွန်အားနှင့် အပူဒဏ်ကပင် လျော့ကျလာသည်။ ခန္ဓာကိုယ်က ဆက်တိုက် တုန်ယင်ပြီး ယမ်းခါနေသည်။ သူက ပြိုလဲမကျသွားသေးသည့်တိုင်အောင် သူ၏ခန္ဓာကိုယ်က ခွန်အားတိုင်းကို ညှစ်ထုတ်နေရပုံပေါ်သည်။ ထို့ကြောင့် ရှေ့သို့သွားသော ခြေလှမ်းတိုင်းက ယိမ်းယိုင်လာသည်။

အနီးအနားရှိ ဝက်ဝံဖြူပဲ့ဟယ်မော့၏ ရက်စက်သော မျက်ဝန်းများကလည်း ရူးသွပ်သထက် ရူးသွပ်လာသည်။ သူ၏ကြီးမားသော ပါးစပ်ကြီးက ဆက်တိုက် ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသည်။ သို့သော် ဆူညံသံက ထွက်မလာချေ။ ဝမ်ချောင်ကသာ သူ၏ကိုယ်တွင်းအင်္ဂါများက ဆက်တိုက် ကျုံ့လာခဲ့ပြီး ထိန်းချုပ်ထားသော အချက်အလက်များက ပြောင်းလဲလာကြောင်း သိရသည်။ သူ၏ခန္ဓာကိုယ်က ဆိုးဆိုးရွားရွား ပျက်ဆီးနေသည်။ သူ၏ပြုလုပ်မှုက အစီအစဉ်တကျ မရှိတော့ချေ။ ထိန်းချုပ်ထားသော ဝမ်ချောင်ကိုယ်တိုင်ကလည်း ယခင်ထက် ပို၍များပြားသည့် စွမ်းအင်များကို ထုတ်သုံးနေရသည်။

ဝက်ဝံဖြူ၏ဘေးနားမှ တတိယမြောက် ပဲ့ဟယ်မော့ကလည်း အခြေအနေ မကောင်းပါချေ။ ဝမ်ချောင်က ထိုသားရဲများကို ထိန်းချုပ်ထားသည့် အချိန်တိုင်းလိုလို သူ၏အခြေအနေက ဆိုးလာသည်။

ဘုန်း

အချိန်တစ်ခုကြာပြီးနောက် အားအနည်းဆုံး ပဲ့ဟယ်မော့ထံမှ ကျယ်လောင်သော ဘုန်းကနဲအသံကြီးက ထွက်လာသည်။ လောင်ကျွမ်းသူ၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး မြေပြင်သို့ ရုတ်ချည်းထိုးကျသွားသည်။ ထိုသို့ဖြင့် ဖုန်လှိုင်းများစွာကို မြင့်တက်လာစေသည်။ သူ၏မျက်လုံးက မှိတ်သွားသည်။ သူက မလှုပ်တော့ချေ။ ရုတ်တရက်ဆန်လွန်းသဖြင့် မမျှော်လင့်ထားသော အဖြစ်အပျက်က ထန်စစ်သားတိုင်းကို မှင်သက်သွားစေသည်။ အဝေးရှိ အပုမူစလင်နှင့် ကျစ်ရတို့ကပင် ကြောင်တောင်တောင်ဖြစ်သွားသည်။

“ဒါကလောင်ကျွမ်းသူပဲ”

“ဘာတွေဖြစ်နေတာလဲ”

အာရပ်ဗိုုလ်ချုပ် နှစ်ယောက်ကလည်း ကျယ်လောင်သော ပြိုလဲကျသံကြီးကို ကြားသဖြင့် ခေါင်းလှည့်ကာ ကြည့်လိုက်မိကြသည်။ ထိုအခါ ဖုန်များအကြားရှိနေသော မလှုပ်ယှက်တော့သည့် လောင်ကျွမ်းသူကို မြင်လိုက်ရသည်။

လူတိုင်းကလည်း ပဲ့ဟယ်မော့များ၏ အင်အားကိုသိသည်။ မဟာထန်က ပဲ့ဟယ်မော့လေးကောင်ကိုသုံးပြီး အာရပ်စစ်တပ်ကို နောက်မှလိုက်သတ်နေခဲ့ချိန်တွင် အပုမူစလင်နှင့် ကျစ်ရတို့ကလည်း စစ်တပ်ကို နောက်သို့ ဆက်တိုက် ဆုတ်ခိုင်းထားရသည်။ သူတို့က မည်မျှတွန့်ဆုတ်နေစေကာမူ ထိုဆုံးဖြတ်ချက်ကို ချလိုက်ရ၏။ သူတို့က ခိုရာဆန်းသို့ တောက်လျှောက် ဆုတ်နိုင်သည်အထိ ဖြစ်သွားနိုင်သေးသည်။ ယခုအခါ မလှုပ်ရှားသော လောင်ကျွမ်းသူကို မြင်လိုက်သောအခါ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က တစ်ယောက်မျက်လုံးအတွင်းမှ လင်းလက်မှုကို မြင်နိုင်သည်။

“အရှင် အရင်က ဒီပဲ့ဟယ်မော့က...”

ကျစ်ရကလည်း တုန့်ဆိုင်းသွားသည်။

လောင်ကျွမ်းသူက ပြိုလဲကျသွားသည့် တခဏတွင် သူ၏အရှိန်အဝါက ရုတ်ချည်း ပျောက်ကွယ်သွားသည်။ အခြားသော ပဲ့ဟယ်မော့တစ်ကောင်ကလည်း တာလာ့၏ရှေ့ တိုက်ပွဲနယ်မြေတွင် ယမ်းခါနေသေးသည်။ ကျစ်ရကိုမူ အခြေအနေကို နားမလည်နိုင်တော့ချေ။ သို့သော် လောင်ကျွမ်းသူကို လက်ဗလာနှင့် ဒဏ်ရာရအောင် လုပ်နိုင်သောသူ၊ သတ်ကောင်းသတ်နိုင်သောသူက တစ်ယောက်တည်းသာရှိသည်။ ထိုသူကလည်း အပုမူစလင်၏ မိစ္ဆာနတ်ဆိုး (၇၂)တိုင်သိုင်းကို အသုံးပြုချိန်မှသာလျှင်ဖြစ်နိုင်သည်။

“ငါမဟုတ်ဘူး”

အပုမူစလင်၏ မျက်မှောင်က ကျုံ့သွားသည်။ ကျစ်ရက ထိုမေးခွန်း၏အဖြေကို မရနိုင်သေးခင် အပုမူစလင်က သူပြောလိုသည့်စကားကို နားလည်သည်။

“လောင်ကျွမ်းသူက မြင့်မြတ်သူနဲ့ အခြားပဲ့ဟယ်မော့တွေလောက် ခုခံနိုင်စွမ်းအားမမြင့်တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူ့ကိုသတ်ဖို့က လွယ်တာမဟုတ်ဘူး။ ပိုဆိုးတာက ငါက အဲ့ဒီထန်က ချီရှီကာကွယ်ရေးဗိုလ်ချုပ်နဲ့ တိုက်ခိုက်ခဲ့တဲ့အချိန်မှာ လောင်ကျွမ်းသူက ကိုင်တွယ်ဖို့ အခက်ခဲဆုံးပဲ။ နောက်ပြီး သူ့ကို ကိုင်တွယ်ဖို့လည်း အချိန်မရခဲ့ဘူး”

ကျစ်ရက ထိုစကားကြောင့် ကြောင်သွားသည်။

အပုမူစလင်သာ မဟုတ်လျှင် လောင်ကျွမ်းသူကို မည်သူကမှ သတ်နိုင်သောစွမ်းရည်မရှိချေ။

ဒါမှမဟုတ် ထန်တွေလား။

ဒါကမဖြစ်နိုင်တဲ့အရာပဲ။

လောင်ကျွမ်းသူ၏ သေဆုံးမှုက ထန်များ၏ လိုက်ဖမ်းမှုကို မနှေးကွေးသွားစေခဲ့ချေ။ အာရပ်များကလည်း ပြင်းထန်စွာ ဆုံးရှုံးနေရသည်။ သူတို့၏ ခန္ဓာကိုယ်များက တိုက်ပွဲနယ်မြေတွင် တစ်စစီ ကျန်ရစ်ခဲ့သည်။

အာဝူး....

နောက်ထပ် အသံတစ်သံနှင့်အတူ ဝက်ဝံဖြူပဲ့ဟယ်မော့ကြီးက ရုတ်တရက် လိုက်ဖမ်းရာမှ ရပ်တန့်သွားသည်။ သူ၏ ခက်ထန်သော အကြည့်ကြီးနှင့်အတူ သူက အနီးအနားရှိ မြေပြင်ရှိ ခပ်ကြမ်းကြမ်း တိုက်ခိုက်ကာ ခန္ဓာကိုယ်ကြီးဖြင့် ဖိနင်းသည်။ လေထုထဲတွင်ပင် တဝုန်းဝုန်း တဒိုင်းဒိုင်း အသံများက ထွက်လာပြီး ဖုန်မှုန့်များက လေထဲသို့ မြောက်တက်ကုန်သည်။

“အား”

“ပြေးကြ ပြေးကြ ဒီဝက်ဝံဖြူပဲ့ဟယ်မော့က ရူးသွားပြီ။ အားလုံးပဲ အကွာအဝေး ခြားထားကြ”

မဟာထန် စစ်သားများကလည်း ကြောက်လန့်တကြား ထွက်ပြေးကြသည်။ ထိုဝက်ဝံဖြူ ပဲ့ဟယ်မော့က ထန်စစ်သားတိုင်းကို ရူးသွပ်စွာ တိုက်ခိုက်လာလျှင် အာရပ်များကသာ ဆုံးရှုံးမှု ကြီးမားခြင်း မဟုတ်တော့ချေ။ သို့သော် လူတိုင်းကလည်း သိပ်မကြာခင် အခြေအနေကို နားလည်သွားကြသည်။ ဝက်ဝံဖြူပဲ့ဟယ်မော့ကြီးက ရူးသွပ်သွားသော်လည်း ရှေ့သို့တက်ခြင်း မမပြုသလို နောက်သို့ ဆုတ်ခြင်းလည်း မပြုချေ။

ဒုတိယတစ်ကောင်...

မျောက်ဝံ၏ ပုခုံးပေါ်တွင် ရပ်နေသော ဝမ်ချောင်က ဝက်ဝံဖြူ ပဲ့ဟယ်မော့ကိုကြည့်သည်။ သူက ပဲ့ဟယ်မော့ လေးကောင်ကို ထိန်းချုပ်နိုင်ပြီဟု တွေးခဲ့ချိန်က အင်အားကြီးသော အင်အားစုတစ်ခုကို ပိုင်ဆိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် ယခုမူ နောက်ထပ် ပဲ့ဟယ်မော့တစ်ကောင်က လောင်ကျွမ်းသူနည်းတူ သေဆုံးတော့မည်ဖြစ်သည်။ ဝက်ဝံဖြူပဲ့ဟယ်မော့၏ နောက်ဆုံးသော ရူးသွပ်မှုက သူ၏ သေဆုံးမှုကို ဖြစ်စေပေလိမ့်မည်။

ဘုန်း

အကြိမ်အနည်းငယ် လှုပ်ရှားပြီးနောက် ထိုကြီးမားသော ဝက်ဝံဖြူကြီးက မြေပြင်ပေါ်သို့ ပြိုလဲကျသွားပြီး အသက်ရှုမှု ချုပ်ငြိမ်းသွားသည်။ သူက သေဆုံးသွားသည့် တခဏတွင် သူ၏အရေပြား ကွဲအက်မှုတိုင်းမှ သွေးများက စိမ့်ထွက်လာသည်။ သူ၏အဖြူရောင် အမွှေးများကပင် နီရဲသွားသည်။

လောင်ကျွမ်းသူ၏ သေဆုံးမှုက ဖဲချပ်တစ်ချပ် ပြိုကျသွားသလို ဖြစ်နေလေပြီး ပဲ့ဟယ်မော့ လေးကောင်မှ သေဆုံးမှုများကို ဆက်တိုက် ဖြစ်လာစေသည်။ ထို့နောက် ဝက်ဝံဖြူ ပြီးသွားချိန်တွင် အော်ဟစ်သံ တစ်သံနှင့်အတူ တတိယမြောက် ပဲ့ဟယ်မော့ကလည်း အဆုံးသတ်သွားသည်။ အပုမူစလင်နှင့် ကျစ်ရတို့ကသာ ငြိမ်သက်သွားခြင်းမဟုတ်ချေ။ အာရပ်စစ်သည် သောင်းကျော်နှင့် ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့တို့ကလည်း ကြောင်တောင်တောင် ဖြစ်သွားကြသည်။

ပဲ့ဟယ်မော့လေးကောင်၏ ကြီးမားသော ခန္ဓာကိုယ်ကြီးများက ရင်ဆိုင်ရသော မည်သူ့ကိုမဆို ပြင်းထန်သည့် ဖိအားကို ခံစားရစေနိုင်သည်။ သူတို့၏အရှေ့တွင် ထန်စစ်သားများ၏ ဖိအားက အလွန်ပြင်းထန်သည်။ ယခုလေးတင် ထိုဖိအားက တိဗက်နှင့် အာရပ်အပေါ်သာ ကျရောက်နေခဲ့သည်။ သို့သော် မည်သူကမှ မမျှော်လင့်ထားသည်မှာ ပဲ့ဟယ်မော့များက ရုတ်တရက် သေဆုံးကုန်ကြသည်။ မြင့်မြတ်သူကသာ ကျန်ရစ်၏။

ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့က သာ့လွန်ရော့ကျန်းကို လှည့်ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်က နောက်ဆုတ်ရန် တွေးမိချိန်က သာ့လွန်ရော့ကျန်းက သူတို့ကို တားခဲ့သည်။ ယခုအခါမှသာ သူတို့တွေးမိသောအချိန်က သာ့လွန်ရော့ကျန်း သိခဲ့လောက်ကြောင်း နားလည်လိုက်သည်။

“ငါကအဲ့ဒီလောက်ထိ မြင်နိုင်စွမ်းအား ရှိတာမဟုတ်ဘူး”

သာ့လွန်ရော့ကျန်းက ခြားနားစွာပြောသည်။ သူ၏အကြည့်က တိုက်ပွဲနယ်မြေထံတွင် ရှိနေသေး၏။ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့၏ အတွေးကို သူက သိနိုင်သည်။

“ဒီတိုင်း ဒီပဲ့ဟယ်မော့ လေးကောင်ရဲ့ တုန့်ပြန်မှုတွေကို သတိထားမိခဲ့ရုံပဲ။ ဒီပဲ့ဟယ်မော့တွေကို ပျိုးထောင်ရ၊ ကျွေးမွေးရ မလွယ်ကူနိုင်တာကို လူတိုင်းသိတယ်။ နောက်ပြီး သူတို့ကို ကိုင်တွယ် အသုံးပြုနိုင်တဲ့နည်းလမ်းကို ရှေးခေတ်လူမျိုးစုဆီက အာရပ်တွေက ပိုင်ဆိုင်ထားခဲ့တာ။ အဲ့ဒီတည်းက အခုက လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာ အကြာကပဲ။ ဒါကြောင့် နှစ်ပေါင်းများစွာ ကြာသွားပြီးတဲ့နောက်မှာ ဘယ်အရာကမှ ထာဝစဉ် အပြည့်အစုံ မတည်မြဲနေနိုင်တော့ဘူး။ ဒီတော့ နည်းလမ်းတွေက ပြီးပြည့်စုံချင်မှ ပြီးပြည့်စုံလိမ့်မယ်။ ဒါကြောင့် ဒီပစ္စည်းမှာ ပြစ်ချက်က ရှိလာမှာပဲ။ အဲ့ဒီလိုသာမဟုတ်ရင် သူတို့ကို ဘာလို့ အလွယ်တကူ ထိန်းချုပ်နိုင်မှာလဲ”

သာ့လွန်ရော့ကျန်းက ဝမ်ချောင်ကိုကြည့်ရင်း ပြောခြင်းဖြစ်သည်။

ဟော်ပါးစမ်းယဲ့က ရုတ်တရက် ဝင်ပြောလာသည်။

“မဟာအမတ်မင်း ဘာလို့ငါတို့... အခွင့်အရေးကို အရယူပြီး ဘာလို့သူတို့နောက်တန်းကို မတိုက်ခိုက်ရတာလဲ။ ငါတို့က အရှုံးကို အနိုင်အဖြစ် ပြောင်းလဲနိုင်တာပဲ။ ဒီလိုဆိုရင် မဟာထန်ကို နိုင်ရုံမဟုတ်ဘဲ အပုမူစလင်နဲ့ အာရပ်တွေကိုလည်း ကျေးဇူးတင်စေမှာမဟုတ်လား”

သူက အချိန်တစ်ခုကြာအောင် ဘေးဘက်သို့ ထွက်ရပ်နေခဲ့သည်။ ထို့ကြောင့် သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ စကားတိုင်းကို နားထောင်နေခဲ့သည်။ ယခုအခါမှသာ သူ၏ထင်မြင်ချက်ကို ထုတ်ပြောလာခြင်းဖြစ်သည်။

“အဲ့ဒီလောက်မလွယ်ဘူး။ တာလာ့အရှေ့က စစ်သားတွေကိုမြင်လား။ လူငယ်အမတ်မင်းက ငါတို့ကိုရင်ဆိုင်ဖို့ ပြင်ဆင်ထားခဲ့ပြီးသား”

သာ့လွန်ရော့ကျန်းက ခေါင်းကို အသာခါရင်း ပြောလေသည်။

အခန်း(၉၉၅)

ပဲ့ဟယ်မော့ လေးကောင်ထဲတွင် မျောက်ဝံကြီးတစ်ကောင်ကသာ ကျန်ရစ်သည်။ သို့သော် ထိုအကောင်ကလည်း တိဗက်များကို ဖျက်ဆီးခြင်း စွမ်းအားအပြည့်နှင့် ရင်ဆိုင်နိုင်ရန် လုံလောက်နေသေးသည်။ ပို၍ဆိုးသည်မှာ ဖြောင့်မတ်မှန်ကန်စွာ လုပ်ဆောင်နိုင်စွမ်းရည်ရှိသော စစ်တပ်ကသာ အနိုင်ရရှိပေလိမ့်မည်။ ထန်များက အာရပ်များကို နိုင်ကာစဖြစ်သည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းအားက အထွတ်အထိပ်တွင်ဖြစ်သည်။ ထို့ကြောင့် သူတို့ကို ဒီတခဏတွင် တိုက်ခိုက်လိုက်ခြင်းက ဆိုးရွားသော အကြံဖြစ်သည်။

ဝမ်ချောင် မင်းယူထားတဲ့ အင်အားက မင်းရဲ့ ကိုယ်ပိုင်အင်အားမဟုတ်ဘူး။ မင်းက မင်းရဲ့ အကြီးမားဆုံး အကာအကွယ်လွှာကို ဆုံးရှုံးလိုက်ရပြီ။ စမှတ်ကို ပြန်ရောက်သွားပြီ။ မင်းအခု ဘယ်လိုလုပ်မှာလဲ။

သာ့လွန်ရော့ကျန်းက စိတ်ထဲတွင် သဘောတကျတွေးသည်။ သူကလည်း တည်ငြိမ်စွာ ရှိနေသေးသည့် မျောက်ဝံကြီးကိုကြည့်သည်။ ထို့နောက် ဘယ်ဘက်ပုခုံးပေါ်မှ ငယ်ရွယ်သော ပုံရိပ်ကိုကြည့်သည်။ သာ့လွန်ရော့ကျန်းက ဖျော့တော့စွာပြုံးသည်။ အချို့သော အကြောင်းပြချက်များကြောင့် ဆုတ်ခွာသွားသော အာရပ်များကို မြင်ရခြင်းက သူ့ကိုစိတ်အေးစေသည်။ အဆုံးသတ်တွင် ဝမ်ချောင်က အာရပ်များ၏လက်တွင် မသေသွားခဲ့ချေ။

သူက သူ၏အိမ်မက်ကို အကောင်အထည်ဖော်ရန် အချိန်ရှိသေးသည်။ သူက ဗျူဟာများနှင့် အကြံအစည်များတွင် ပြောင်မြောက်ထူးချွန်သော ဝမ်ချောင်ကို ကိုယ်တိုင်ကိုယ်ကျ ရှုံးနိမ့်အောင် အနိုင်ယူနိုင်ဦးမည်ဖြစ်သည်။

...

တာလာ့မှ ကျန်းထောင်ပေါင်းများစွာ ဝေးကွာသောနေရာတွင် စစ်ဗုံများက ဆက်တိုက် ဟိန်းထွက်နေသည်။ မျောက်ဝံ၏ ပုခုံးပေါ်တွင် ရပ်နေသော ဝမ်ချောင်က သူတို့ကို နောက်ဆုတ်ရန် အမိန့်ပေးလိုက်သည်။ ထိုအမိန့်က ထန်စစ်တပ်ကို မမြင်ရသောနံရံကို ဝင်တိုက်မိပြီး ရပ်တန့်သွားစေသလို ဖြစ်သွားသည်။

ထိုအခိုက် မဟာထန်မှစစ်တပ်က သူတို့၏ ထူးခြားသော လေ့ကျင့်ထားခဲ့သည့်စွမ်းရည်၊ စည်းကမ်းသေဝပ်မှုများကို ပြသရမည့်အချိန် ဖြစ်လာသည်။

“ချောင်အာ”

မြေပြင်မှ ဝမ်ရန်၏ ခမ်းနားတည်ကြည်ကာ ရင်းနှီးသောအသံက ထွက်လာသည်။ ဝမ်ချောင်က ကြီးမားသော တောင်ပေါ်မြင်းကြီးပေါ်တွင်ထိုင်ရင်း သားဖြစ်သူကို စိုးရိမ်တကြီးကြည့်သည်။

“ဒီမျောက်ဝံက ဘယ်လိုလဲ။ ထိန်းထားနိုင်သေးလား”

ရှေ့မှ ပဲ့ဟယ်မော့များ၏ သေဆုံးပြိုကျမှုက တိုက်ပွဲမှ နှစ်ဖက်လုံးကို မှင်သက်သွားစေခဲ့သည်။ ဝမ်ရန်ကလည်း အခြေအနေကို မသိပါချေ။ သို့သော် မမေးခဲ့ချေ။ သို့ရာတွင် ဆက်တိုက် သေဆုံးမှုများကလည်း တစ်စုံတစ်ရာဟာ မှားယွင်းနေကြောင်း ခံစားမိလာစေသည်။

“အဆင်ပြေပါတယ်။ ဒီကောင်က ထိန်းနိုင်သေးတယ်”

ဝမ်ချောင်ကပြောသည်။

သူ၏စိတ်ထဲတွင် ပူပန်နေသော်လည်း မျက်နှာတွင်မူ ဖော်ပြခြင်းမရှိချေ။ ပဲ့ဟယ်မော့များ၏ သေဆုံးမှုက ရှောင်ရှား၍မရနိုင်ချေ။ တိကျသော အကြောင်းပြချက်က မည်သို့ဖြစ်နေစေကာမူ ဒါဟာ သေဆုံးရမည့် အခြေအနေ ဖြစ်လာပြီးသားဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ပဲ့ဟယ်မော့ သုံးကောင်၏ သေဆုံးမှုက တိုက်ပွဲနယ်မြေပေါ် သက်ရောက်မှုရှိသွားသည်။

ရှေ့တန်းမှ အနောက်ပိုင်း နယ်မြေတွင် ထွက်ပြေးနေသော အာရပ်များအားလုံးက အရှိန်နှုန်း နှေးကွေးသွားကြသည်။ သူတို့က အံ့အားသင့်မှုမှ ပြန်လည် အသိဝင်လာကြသည်။ ကြောက်လန့်မှုက လျော့သထက်လျော့ပြီး ထိတ်လန့်မှုကလည်း နည်းသထက် နည်းလာကြ၏။ မျောက်ဝံကြီး၏ ပုခုံးပေါ်မှ ဝမ်ချောင်က ထိုအခြေအနေကို မြင်နိုင်သည်။ အပုမူစလင်နှင့် ကျစ်ရတို့ကလည်း စစ်တပ်ကို ပြန်လည် စုစည်းနေကြပြီဖြစ်သည်။

မျောက်ဝံက နည်းနည်းကြာကြာ ထိန်းထားနိုင်ဖို့ မျှော်လင့်ရတာပဲ။

ဝမ်ချောင်က မျောက်ဝံကို ပြန်ကြည့်သည်။ နားနှစ်ဖက်လုံးက အနက်ရောင်သွေးများ ဆက်တိုက် စီးကျနေသည်။ သူ၏ရှု့ထောင့်မှကြည့်သော် မျက်လုံးနှင့်နှာခေါင်းမှပင် သွေးများစီးကျနေသေး၏။ ဆိုးရွားသောရနံ့က အလွန်သိပ်သည်းလာသည်။

မျောက်ဝံကြီး၏ အခြေအနေက ဆိုးရွားနေပြီဖြစ်သည်။ သူ၏အသက်ရှုသံက နှေးပြီးလေးလံလာသည်။ သူ၏ အရှိန်အဝါကလည်း လျှင်မြန်စွာ အားနည်းလာသည်။ ဝမ်ချောင်က အတက်နိုင်ဆုံး ကြိုးစားပြီး ဝက်ဝံကြီး၏ သေဆုံးမှုကို နှေးကွေးအောင် လုပ်ထားရသည်။ ထို့ကြောင့် ဝက်ဝံကြီး၏ စိတ်ထဲသို့ ပို့လွှတ်ထားသော စိတ်စွမ်းအင်များကို နည်းသထက် နည်းအောင် လုပ်ထားသည်။ သို့သော် ဝက်ဝံကြီး၏ သေဆုံးမှုကို ရှောင်ရှား၍ မရနိုင်သေးချေ။

ဝမ်ချောင်က ဝက်ဝံကြီး၏ သေဆုံးမှုကို အတက်နိုင်ဆုံး အချိန်ဆွဲရန်သာ မျှော်လင့်သည်။

“အပုမူစလင်က ကိုင်တွယ်ရမလွယ်ဘူး။ ပဲ့ဟယ်မော့သုံးကောင် သေဆုံးသွားတဲ့အခါ အပုမူစလင်ကလည်း ပြန်လည်တိုက်ခိုက်လာဖို့ ကြိုးစားလာလိမ့်မယ်။ သူ့ရဲ့ မဟာထန်အပေါ် တိုက်ခိုက်လိုစိတ်က ပြန်ကြီးလာလိမ့်မယ်။ နောက်ဆုံးပဲ့ဟယ်မော့တစ်ကောင် သေသွားရင် ငါတို့တွေ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားရတော့မယ်”

ဝမ်ရန်က စိုးရိမ်တကြီးပြောသည်။

အနောက်ဘက်သို့ မလာခင်ကလည်း အပုမူစလင်၏ နာမည်ကို မည်သူကမှ မသိကြချေ။ သို့သော် ယခုမူ အာရေးဗီးယား အင်ပါယာနှင့် အပုမူစလင်အကြောင်း ကြားချိန်တိုင်း လူတိုင်းက ထိတ်လန့်နေကြပြီဖြစ်သည်။ ထိုအင်ပါယာ၏ အင်အားက သူ၏မျှော်လင့်ထားသည်ထက် အပြတ်အသတ် သာလွန်နေသည်။

အရှေ့ဘက်မှ အင်အားအကြီးဆုံး ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သည့် အပုမူစလင်က ရည်မှန်းချက် ကြီးလွန်းသည်။ အသေးငယ်ဆုံး ပြစ်ချက်ကတင် သူ့အား ကျားတစ်ကောင်လို ခုန်ထွက်လာစေနိုင်သည်။ သူက အုပ်စိုးနိုင်ရန် အခွင့်အရေး ရှိလာသည်နှင့် ရန်သူကို အမြစ်ဖြတ် သုတ်သင်ပေလိမ့်မည်။ ဝမ်ရန်ကလည်း ထိုမျှအင်အားကြီးသော ရန်သူမျိုးကို မမြင်ဖူးချေ။ သို့သော် မဟာဗိုလ်ချုပ်ကြီးအဆင့်ဖြစ်သည့် သံမဏိနှင့်သွေး အစိုးရက အုပ်စိုးသိမ်းပိုက်လိုစိတ် ထိုမျှပြင်းထန်မည်ဟု မထင်ထားမိချေ။ သူဟာ တိုက်ပွဲအတွက် သီးသန့်မွေးဖွားလာသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

သူ့အတွက် တိုက်ခိုက်သိမ်းပိုက် အုပ်စိုးလိုစိတ်နှင့်သာ ရှင်သန်နေခြင်းဖြစ်လောက်သည်။

“အဖေ စိတ်အေးအေးထားပါ။ သူမလုပ်ပါဘူး”

ဝမ်ချောင်က ရုတ်တရက် ပြုံးလိုက်သည်။ သူ၏ စူးရှသောအကြည့်က အဝေးသို့ရောက်သွားပြီး တစ်စုံတစ်ရာကို မြင်နိုင်သလိုဖြစ်သွားသည်။

“အာရပ်တွေက အများကြီး ဆုံးရှုံးသွားပြီ။ ကျွန်တော်တို့ထက်တောင် အများကြီး ဆုံးရှုံးသွားသေးတယ်။ ကျွန်တော်က ပဲ့ဟယ်မော့စစ်တပ်ကို ထိန်းချုပ်လိုက်ပြီး ကောင်းကင်ခစားခြင်း စစ်တပ်ကလည်း တစ်ဝက်ကျော်ကျော်နီးပါး ဆုံးရှုံးသွားတယ်။ ဒီအင်အားကြီး စစ်တပ်တွေရဲ့ ထောက်ပံ့မှုမရှိတော့တဲ့အခါ အပုမူစလင်ကလည်း ကျွန်တော်တို့ကို အပြည့်အဝ အခွင့်အရေး မယူနိုင်ပါဘူး။ ပိုပြီးအရေးကြီးတာက အာရပ်တွေရဲ့ တိုက်ခိုက်လိုစိတ်က မတူတော့ဘူး”

ဝမ်ချောင်က ယုံကြည့်မှုအပြည့်ဖြင့်ပြောသည်။ စစ်သူတော်စင်တစ်ယောက်ဖြစ်သည့်အလျောက် ဝမ်ချောင်ကလည်း အခြေအနေများကို အနားလည်ဆုံးဖြစ်သည်။ ထိုအကြောင်းပြချက်ကြောင့်လည်း ထန်များက ဒီတိုက်ပွဲတွင် ပြန်လည်တိုက်ခိုက်နိုင်ခဲ့ပြီး ပဲ့ဟယ်မော့များ၏ ထိုမျှကြီးမားသော ပြစ်ချက်ကို ရှာတွေ့ခဲ့သည့်တိုင်အောင် ဆက်လက်ပြီး တိုက်ခိုက်ခိုင်းခဲ့ခြင်းဖြစ်သည်။

ပဲ့ဟယ်မော့များ၏ စွမ်းရည်ကို အသုံးပြုခြင်းဖြင့် ဝမ်ချောင်ဟာ သူ၏စစ်တပ်ကို အားပေးကူညီရင်း သူ၏စစ်တပ်ကို အထိနာအောင် လုပ်နိုင်ခဲ့သည်။ သို့သော် အာရပ်များက ကြောက်လန့် ထိတ်လန့်ပြီး မသက်မသာ ဖြစ်နေဦးပေလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ ပဲ့ဟယ်မော့ တစ်ကောင် တည်ရှိနေသမျှ သူတို့က ထိတ်လန့်နေကြပေလိမ့်မည်။

ဒီအခြေအနေတွင် အချိန်ကြာလာသည်နှင့်အမျှ အာရပ်များ၏ အခြေအနေက ဆိုးရွားသထက် ဆိုးရွားလာပေလိမ့်မည်။ အပုမူစလင်ကိုယ်တိုင်ကလည်း ဘာမှလုပ်နိုင်လိမ့်မည်မဟုတ်ချေ။ သို့သော် အမျိုးသားတစ်ယောက်တည်းက စစ်တပ်တစ်ခုလုံးကို ရင်ဆိုင်ရန် စဉ်းစားခြင်းက စိတ်ကူးယဉ်ဆန်လွန်းသည်။

ပို၍ဆိုးသည်မှာ ဆက်တိုက် တိုက်ခိုက်လာပြီးနောက် အပုမူစလင်၏ စွမ်းအင်များက လျော့ကျလာပေလိမ့်မည်။ သူက အချိန်တချို့ယူပြီး အားဖြည့်ရပေလိမ့်မည်။

...

ဝမ်ချောင်က အပုမူစလင်နှင့် အာရပ်စစ်တပ်ကို စောင့်ကြည့်နေချိန်တွင် အပုမူစလင်ကလည်း ရပ်ဆိုင်းသွားသော ထန်များကို လေ့လာနေသည်။

ဝမ်ချောင်၏ ဆုံးဖြတ်ချက်က မှန်ကန်သည်။ အပုမူစလင်က အခြေအနေမကောင်းချေ။ မိစ္ဆာနတ်ဆိုး မျက်ဝန်းကို အလကားနေရင်း သုံး၍မရချေ။ ပဲ့ဟယ်မော့လေးကောင် တစ်ပြိုင်တည်း တိုက်ခိုက်ရန် ကိစ္စက မလွယ်ကူချေ။ အပုမူစလင်ကပင် အထွတ်အထိပ် အခြေအနေတွင် မဟုတ်တော့ချေ။

“မင်းသူ့ကို ခေါ်လာပြီလား”

အပုမူစလင်က ရုတ်တရက်မေးသည်။

“အရှင် သူဒီမှာရောက်ပါပြီ”

နောက်ကွယ်မှ ကြမ်းတမ်းသောအသံက ထွက်လာသည်။ ထို့နောက် သံပုံးတစ်ပုံကဲ့သို့ ထင်ရသည့် အာရပ်ဗိုလ်ချုပ် တစ်ယောက်က အနီရောင်ဝတ်စုံနှင့် လက်ထောက်ကို ရှေ့သို့ ပစ်သွင်းလိုက်သည်။ ထိုလူက ပိန်ပါးလွန်းသဖြင့် အရိုးဖြင့် လုပ်ထားသည်ဟုသာ ထင်ရသည်။ ခွက်ကနဲ အသံနှင့်အတူ မာစီ၏လက်ထောက်က မြေပြင်ပေါ်သို့ ဝုန်းကနဲ ပြစ်ချခံရပြီး ဖုန်မှုန့်များက မြောက်တက်လာသည်။

အဟွတ် အဟွတ်

ထိုအနီရောင်ဝတ်စုံနှင့် လက်ထောက်က မြေပြင်မှ ကုန်းထလာသည်။ မျက်နှာက သွေးများစွန်းပေနေသည်။ မာစီ၏ အစေခံနှင့် လက်ထောက်များအားလုံးက မည်သည့်သိုင်းမျှ မတက်ကြချေ။ သူတို့၏ခန္ဓာကိုယ်က အလွန်အားနည်းသည်။ ယခုလို ပစ်ချခံရခြင်းကတင် သူ့ကို အလွန်ပြင်းထန်သည့် ဒဏ်ရာများ ရသွားစေလေသည်။

သို့သော် ထိုအနီရောင်ဝတ်စုံနှင့် လက်ထောက်က ဒဏ်ရာများကို စိုးရိမ်ခြင်းမရှိချေ။ သူက အပေါ်မှ ပုံရိပ်ကို ကြောက်လန့်တကြီး မော့ကြည့်လိုက်သည်။ သူ၏ခြေထောက်က တဆတ်ဆတ် တုန်နေပြီး အချိန်မရွေး လဲကျသွားမည့် ပုံသဏ္ဍန်ပေါ်လာသည်။

“အရှင် အရှင် အရှင်မြို့စား”

လက်ထောက်၏အသံက တုန်ယင်နေသည်။ သူက ငိုတော့မည်ဟုပင် ထင်ရသေးသည်။ အပုမူစလင်က မျက်မှောင်ကျုံ့သည်။ သူက ထိုကိစ္စကို ခပ်မြန်မြန် ဘေးဖယ်ထားလိုက်သည်။

“ငါမင်းကိုမေးမယ်။ ဒီပဲ့ဟယ်မော့တွေက ဘာဖြစ်တာလဲ။ သူတို့ရဲ့ခန္ဓာကိုယ်က ကောင်းနေတာ အရှင်းကြီးပဲ။ ဘာဒဏ်ရာမှလည်း မရှိဘူး။ ဒါကိုဘာလို့ သေသွားတာလဲ”

ပဲ့ဟယ်မော့စစ်တပ်က အာရေးဗီးယား အင်ပါယာ၏ အင်အားအကြီးဆုံး အင်အားစုဖြစ်သည်။ အခြားသော စစ်တပ်တိုင်းထက် အင်အားကြီးမားသည်။ ကာလစ်၏ တန်ဖိုးအထားဆုံး စစ်တပ်လည်းဖြစ်သည်။ ထိုအကြောင်းပြချက်ကြောင့်လည်း အပုမူစလင်က ပဲ့ဟယ်မော့စစ်တပ်ကို အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။ သို့သော် ပဲ့ဟယ်မော့များကို ရန်သူက ထိန်းချုပ်ပြီး သိပ်မကြာခင် သူတို့က ရုတ်ချည်း သေဆုံးသွားခဲ့ကြသည်။ ထိုသတင်းက စစ်တပ်တစ်ခုလုံးကို အံ့အားသင့်စေရန် လုံလောက်နေပြီဖြစ်သည်။

သူတို့သိမ်းပိုက်ခဲ့သော အင်ပါယာများကလည်း ထိုအခြေအနေကို သိသောအခါ ပြန်လည် ပုန်ကန်မည့် အတွေးများ တွေးလာနိုင်သည်။

“အရှင် ဒီပဲ့ဟယ်မော့တွေက... ပဲ့ဟယ်မော့တွေက သူတို့ရဲ့ဦးနှောက်ကြောင့် သေသွားတာပါ။ သူတို့ရဲ့ ဦးနှောက်က ထင်သလောက် အင်အားမကြီးပါဘူး”

လက်ထောက်၏အသံက တုန်ယင်နေသည်။ သူ၏နဖူးက ချွေးများရွှဲနေသည်။ အချိန်တခဏခန့် ကြာပြီးနောက် သူ၏ လက်နှင့်ခြေထောက်များက စိုရွှဲသွားသည်။

“ဦးနှောက်ဟုတ်လား ဘာကိုဆိုလိုတာလဲ”

အပုမူစလင်က အာရုံပြန်စိုက်လိုက်သည်။ ကျစ်ရကလည်း အလားတူသာလျှင်ဖြစ်သည်။ သူ၏မျက်နှာက စိတ်ရှုပ်မှုနှင့် ပြည့်နှက်နေသည်။ ဗိုလ်ချုပ်ကြီးတစ်ယောက်၏ စိုက်ကြည့်ခံရသောအခါ ထိုအနီရောင်ဝတ်စုံနှင့် လက်ထောက်က ပို၍သာ ကြောက်လန့်လာပြီး သူ၏ခေါင်းက ခါးထိကိုင်းသွားသည်။

“ကျွန်တော် အသေးစိတ်တော့ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော် အရှင်မာစီရဲ့ဘေးမှာ ခစားရင်း ကြားထားတဲ့ကိစ္စတော့ ရှိပါတယ်”

ထိုလက်ထောက်က တုန်ယင်နေသည်။ သူက ဘာကိုမှ မဖုံးကွယ်ရဲချေ။

“ပဲ့ဟယ်မော့တွေက ခန္ဓာကိုယ်အရမ်းကို ကြီးမားနေပေမဲ့ သူတို့ရဲ့ဦးနှောက်က အရမ်းကို သေးငယ်ပြီး အားနည်းပါတယ်။ သူတို့က စိတ်စွမ်းအားစွမ်းအင်ကို အချိန်အကြာကြီး တောင့်မခံနိုင်ပါဘူး။ ဒါကြောင့် မလိုအပ်ဘူးဆိုရင် အရှင်မာစီကလည်း စိတ်စွမ်းအားတွေကိုသုံးပြီး ပဲ့ဟယ်မော့တွေကို မထိန်းချုပ်ပါဘူး။ သူက သွယ်ဝိုက်ပြီး သုံးလို့ရမဲ့ နည်းလမ်းတွေကိုပဲ အသုံးပြုပါတယ်”

“ပဲ့ဟယ်မော့တွေက အင်အားကြီးပါတယ်။ ဒါပေမဲ့ သူတို့က အသိစိတ်အရ တုန့်ပြန်တတ်တဲ့ သားရဲတွေ ဖြစ်နေတုန်းပါပဲ။ ဒီလိုတုန့်ပြန်မှုက မြို့တွေ ခံတပ်တွေကို ဖျက်ဆီးတဲ့နေရာမှာ ပြဿနာတော့ မရှိပါဘူး။ ဒါပေမဲ့ သူတို့အချင်းချင်း မနီးကပ်အောင်တော့ အာရုံစိုက်ထားဖို့ လိုအပ်ပါတယ်”

“ကျွန်တော်ဒါတွေအားလုံးကို အရှင်မာစီဆီက ကြားခဲ့တာပါ”

အနီရောင်ဝတ်စုံနှင့် ထိုလက်ထောက်၏ ခန္ဓာကိုယ်က တောင့်တင်းရင်း ကြောက်လန့်မှုနှင့်အတူ လဲကျသွားသည်။

All Chapters