အခန်း (၁၄၆)
Vol. 15 Ch. 146
အခန်း။ ၁၄၆
ကျောက်လင်းတစ်ယောက် အံ့ဩတုန်လှုပ်နေဆဲမှာပင် လုချွမ်းသည် လျှပ်စီး ၁ ကို အမိန့်ပေးကာ သူမအား သံကြိုးဖြင့် ကားပေါ်မှ ဆွဲချစေခဲ့သည်။
လုချွမ်းသည် လက်ရှိကျောက်လင်း ခံစားနေရသော နာကျင်မှုနှင့် ဒဏ်ရာများကို အနည်းငယ်မျှ ဂရုမစိုက်ပေ။
ဤအမျိုးသမီးမှာ တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသည့်တိုင် လုချွမ်း၏ မျက်ဝန်းများတွင် အေးစက်လှသော အကြည့်များသာ ကိန်းအောင်းနေသည်။
အကယ်၍ ဤမိန်းမတွင် ဒုက္ခပေးလွန်းလှသော ပြန်လည်ရှင်သန်ခြင်း စွမ်းရည်သာ မရှိပါက လုချွမ်းအနေဖြင့် သူမအား အကြိမ်ပေါင်းများစွာ သတ်ဖြတ်ပြီးဖြစ်ပေလိမ့်မည်။
သူမသည် ခွာထုတ်၍မရသော ကပ်စေးနှဲပလာစတာတစ်ခုနှင့် တူလှသည်။ နေရောင်ခြည်ရပ်ကွက်မှ ချင်းရွှေလယ်ယာခြံအထိ ပြောင်းရွှေ့လာခဲ့သော်လည်း သူမက နောက်ကနေ တစ်ကောက်ကောက် လိုက်လာနိုင်ခြင်းမှာ လုချွမ်းကို စကားပင် ဆွံ့အစေခဲ့သည်။
မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော ကျောက်လင်းအား လုချွမ်းသည် သံကြိုးကိုယူ၍ လျှောစီးစင်၏ လက်ရန်းတိုင်တွင် တုပ်နှောင်ပစ်လိုက်သည်။
ခွေးတစ်ကောင်ကို ချည်ထားသကဲ့သို့ သူမအား ချည်နှောင်ထားခြင်းအပေါ် လုချွမ်းအနေဖြင့် ဘာမျှားမှားယွင်းသည်ဟု မခံစားမိပေ။
လုချွမ်း၏ ဆက်ဆံပုံကြောင့် ကျောက်လင်းမှာ ဒေါသချောင်းချောင်း ထွက်သွားရသည်။ "ဟေ့... ဘာပဲဖြစ်ဖြစ် ကျွန်မတို့က အသိဟောင်းတွေပဲ မဟုတ်လား။ ဒီလိုလုပ်ဖို့ တကယ်ကြီး လိုလို့လား"
"ဘာပဲဖြစ်ဖြစ် ကျွန်မက ချီချီလေးရဲ့ သူငယ်ချင်းပဲလေ။ တခြားနည်းလမ်းနဲ့ ဆက်ဆံလို့မရဘူးလား စိတ်ချပါ။ ကျွန်မ ထွက်မပြေးပါဘူး"
အတွင်းစိတ်တွင်မူ ကျောက်လင်းသည် လုချွမ်းကို အကြီးအကျယ် ဒေါသထွက်နေပြီး စိတ်ထဲမှ တရစပ် ကျိန်ဆဲနေတော့သည်။
"ဒီကောင်စုတ် ငါ့ကို တကယ်ကြီး ခွေးတစ်ကောင်လို ချည်ထားတယ်ပေါ့လေ"
မှန်ပါသည် ကျောက်လင်းသည် စိတ်ထဲမှသာ ကျိန်ဆဲဝံ့ခြင်းဖြစ်သည်။
ဤဇွန်ဘီဘုရင်၏ လက်ချက်များကို သူမ ကောင်းကောင်းကြီး သိထားသည်။ သူသည် သူမကို မသတ်ရဲသော်လည်း နှိပ်စက်ရန် နည်းလမ်းရှာမည်မှာ သေချာလှသည်။
သူမအနေဖြင့် သူမ၏ ခြေထောက်များကို အကြောင်းမဲ့ အကျိုးမခံလိုတော့ပေ။
လုချွမ်းသည် ကျောက်လင်းကို တစ်ချက်ကြည့်ကာ သူမ၏ မကျေနပ်ချက်များကို လျစ်လျူရှုလိုက်ပြီး ဧရာမဇွန်ဘီ ၂ ကို သူမအား စောင့်ကြပ်ရန် စေလွှတ်လိုက်သည်။
ကျောက်လင်းမှာ ယခုအချိန်တွင် သနားစဖွယ် အခြေအနေသို့ ရောက်နေသော်လည်း သူမ၏ စွမ်းရည်မှာ အထင်သေး၍မရကြောင်း လုချွမ်း သိသည်။
အကယ်၍ ဤမိန်းမသည် ကိုယ့်ကိုယ်ကိုယ် သတ်သေပြီး ပိုမိုအစွမ်းထက်သော စွမ်းအားဖြင့် လက်စားချေရန် ပြန်လာပါက ပို၍ အလုပ်ရှုပ်ပေလိမ့်မည်။
သူမ၏ ဘေးနားတွင် ရှိနေသော ဒုတိယအဆင့် ဧရာမဇွန်ဘီကို ကြည့်ရင်း ကျောက်လင်းမှာ တံတွေးပင် မျိုချလိုက်မိသည်။ ဧရာမဇွန်ဘီမှာ လျှပ်စီး ၁ ထက် ပို၍ ကြမ်းတမ်းခက်ထန်သော ပုံစံရှိသည်။
ယခင်က ဤကဲ့သို့သော ဧရာမဇွန်ဘီတစ်ကောင်ကြောင့် သူမ မည်မျှအထိ မျှော်လင့်ချက်မဲ့ခဲ့ရသည်ကို ကျောက်လင်း မှတ်မိနေသေးသည်။
ဓာတ်ဆီဆိုင် ပေါက်ကွဲမှုကြီးတောင် ထိုဧရာမဇွန်ဘီကို မသတ်နိုင်ခဲ့ပေ။
ဒုတိယအဆင့် ဧရာမဇွန်ဘီထံမှ ထွက်ပေါ်နေသော ဖိအားများကြောင့် ကျောက်လင်းမှာ စိုးရိမ်
ထိတ်လန့်လာပြီး အကျယ်ကြီး အော်ဟစ်လိုက်သည်။
"ဇွန်ဘီဘုရင် နင် ဘာလိုချင်နေတာလဲ"
"ကျွန်မ ပြောပြီးပြီလေ ကျွန်မမှာ တခြားရည်ရွယ်ချက် မရှိပါဘူး။ ချီချီလေးကိုပဲ တွေ့ချင်တာပါ"
ကျောက်လင်းက စိုးရိမ်တကြီး အော်ပြောလိုက်သည်။
သူမသည် နေရောင်ခြည်ရပ်ကွက်မှ ကျန်းနန်ခရိုင်အထိ ခက်ခဲစွာ လာခဲ့ခြင်းမှာ ချီချီလေးကို အန္တရာယ်မှ ကယ်တင်ရန်နှင့် အပြစ်ကင်းသော မိန်းကလေးငယ်အား ဇွန်ဘီများ၏ ထိန်းချုပ်မှုအောက်မှ ဆွဲထုတ်သွားရန် ဖြစ်သည်။
ဘေးပတ်ဝန်းကျင်ရှိ ဇွန်ဘီများ၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ဘဲ သူမသည် ကျိရုရွှယ်၏ နာမည်ကိုသာ တရစပ် ခေါ်နေတော့သည်။
"ချီချီလေး... သမီး ဘယ်မှာလဲ"
"ချီချီလေး အန်တီ ကျောက်လင်းလေ။ အန်တီ သမီးကို လာရှာတာ"
အော်ဟစ်နေသော ကျောက်လင်းကို ကြည့်ရင်း လုချွမ်းသည် သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်မိသည်။
"ဒီမိန်းမက ပြဿနာတွေတော့ ရှိသားပဲ။ ဒါပေမဲ့ ချီချီလေးအပေါ်မှာတော့ တကယ်ကြီး တန်ဖိုးထားတာပဲ..."
ချီချီလေးအတွက်နှင့် ဤမျှဝေးကွာလှသော ခရီးကို လာခဲ့ခြင်းက ကျောက်လင်းသည် ဤကိစ္စတွင် စစ်မှန်သော စိတ်ထားရှိကြောင်း သက်သေပြနေသည်။
ထိုအချိန်တွင် ချင်းရွှေလယ်ယာခြံရှိ ငါးကန်အနီး၌...
အလျား ၂၆ မီတာရှိသော ဗီဇပြောင်း ရွှေရောင်မြွေဟောက်ကြီး၏ ခန္ဓာကိုယ်မှာ အတော်ပင် ဟောင်းလောင်းဖြစ်နေသည်။
ကျိရုရွှယ်သည် သူမ စာချုပ်ချုပ်ဆိုထားသော လိပ်ကြီးကို ကျွေးမွေးရန်အတွက် မြွေသားများကို အမြဲတစေ လှီးဖြတ်ယူလေ့ရှိသောကြောင့်ပင်။
အချိန်ကြာလာသည်နှင့်အမျှ လိပ်အိုကြီးသည် လေထုအတွင်းရှိ စွမ်းအင်များကို စုပ်ယူရင်း ပထမဆုံးတွေ့ရှိချိန်ထက် ပိုမိုကြီးမားလာခဲ့သည်။ ၎င်း၏ ကိုယ်ဟန်မှာ ပိုမိုခန့်ညားလာပြီး ထုတ်လွှတ်နေသော အရှိန်အဟုန်မှာလည်း ပို၍ ပြင်းထန်လာသည်။
ကျိရုရွှယ်သည် ၎င်းအား ဗီဇပြောင်းမြွေသားများကို စဉ်ဆက်မပြတ် ကျွေးမွေးရုံသာမက ကျင့်စဉ်တစ်ခုကိုပါ သင်ကြားပေးခဲ့သည်။
ရှေးဟောင်းသားရဲယဉ်ပါးစေခြင်းအတတ်တွင် သားရဲများကို ထိန်းချုပ်သည့် နည်းလမ်းများသာမက စာချုပ်ချုပ်ထားသော သားရဲများ၏ စွမ်းအားကို မြှင့်တင်ပေးနိုင်သည့် နည်းလမ်းများစွာလည်း ပါရှိသည်။
၎င်း၏ အရှိန်အဝါမှာ များစွာကြီးမားလာသော်လည်း ဗီဇပြောင်းလိပ်အိုကြီးသည် ကျိရုရွှယ်
အပေါ်တွင်မူ အလွန်ပင် သံယောဇဉ်တွယ်နေခဲ့သည်။
ချီချီလေးနှင့် ဗီဇပြောင်းလိပ်အိုကြီးတို့၏ သဟဇာတဖြစ်လှသော ဆက်ဆံရေးမှာ လုချွမ်းကို ဇဝေဇဝါ ဖြစ်စေခဲ့သည်။
ကနဦးတွင် သူသည် အလွန်သတိထားခဲ့ပြီး ချီချီလေးအား လိပ်အိုကြီးအနားသို့ မချဉ်းကပ်ရန် တားမြစ်ခဲ့ဖူးသည်။
သို့သော် အကြိမ်အနည်းငယ် စမ်းသပ်ကြည့်ပြီးနောက် လိပ်အိုကြီးတွင် မကောင်းသော ရည်ရွယ်ချက်မရှိသည်ကို တွေ့ရှိရသဖြင့် နောက်ပိုင်းတွင်မူ ချီချီလေးအား အနားသို့ သွားခွင့်ပြုလိုက်လေသည်။
"ဟင် ဒီအသံက ရင်းနှီးနေသလိုပဲ"
ကျောက်လင်း၏ အော်ဟစ်သံကို ကြားလိုက်ရချိန်တွင် ကျိရုရွှယ်မှာ အံ့အားသင့်သွားရသည်။
ချင်းရွှေလယ်ယာခြံအတွင်းမှ သူမ၏ အသံကို ကြားရလိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။
"ဒီအသံက ကစားကွင်းဘက်က လာတာပဲ"
"သူ တကယ်ကြီး နေရောင်ခြည်ရပ်ကွက်ကနေ နောက်က လိုက်လာတာလား"
ကျောက်လင်းမှာ သူမဖခင်၏ ဖမ်းဆီးခြင်းကို ထပ်မံခံလိုက်ရပြီဖြစ်ကြောင်း သိရှိသွားသဖြင့် ကျိရုရွှယ်သည် ကစားကွင်းဘက်သို့ အမြန်ပြေးသွားလေသည်။
မကြာမီမှာပင် လျှောစီးစင်ဘေး၌ ခွေးတစ်ကောင်ကဲ့သို့ သံကြိုးဖြင့် ချည်နှောင်ခံထားရသော ကျောက်လင်းကို တွေ့လိုက်ရသည်။
သူမမှာ ဖခင်ဖြစ်သူက မကြာသေးမီကမှ လွှတ်ပေးလိုက်သော ကျောက်လင်းပင်။
"ချီချီလေး... သမီး ဒီမှာရှိနေမယ်ဆိုတာ အန်တီသိသားပဲ"
ကျိရုရွှယ်ကို မြင်လိုက်ရချိန်တွင် ကျောက်လင်းမှာ စိတ်လှုပ်ရှားစွာဖြင့် နှုတ်ဆက်လိုက်သည်။
"တော်သေးတာပေါ့... သမီး အသက်ရှင်နေတာ မြင်ရတာ တကယ့်ကို ဝမ်းသာစရာပဲ"
ဘေးကင်းလုံခြုံနေရုံသာမက ယခင်ကထက်ပင် ပိုမိုကျန်းမာရွှင်လန်းနေသော ချီချီလေးကို မြင်လိုက်ရသဖြင့် ကျောက်လင်းမှာ စိတ်သက်သာရာရသွားခဲ့သည်။
ရဲစခန်းဖြစ်ရပ်အပြီးတွင် ကျောက်လင်းသည် အခြားလူသားများအပေါ်တွင် မျှော်လင့်ချက် လုံးဝပျက်သုဉ်းသွားခဲ့ပြီဖြစ်သည်။
ချီချီလေးကဲ့သို့ ဖြူစင်သော မိန်းကလေးငယ်များကိုသာ မည်သည့်အဖိုးအခပေးရစေကာမူ ကာကွယ်ပေးရန် ထိုက်တန်သည်ဟု သူမ ယုံကြည်ထားသည်။
ချီချီလေးနှင့် ကတိပြုခဲ့ဖူးသော လက်သန်းချင်းချိတ်ကတိစကားကိုလည်း ကျောက်လင်း မှတ်မိနေသည်။
ကတိဆိုသည်မှာ တည်ရမည်ဖြစ်ရာ ကျောက်လင်းသည် ထိုကတိကို အသက်နှင့်လဲ၍ စောင့်ထိန်းရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။
ကျိရုရွှယ်သည် အနားသို့ ချဉ်းကပ်လာပြီး ခွေးတစ်ကောင်လို ချည်နှောင်ခံထားရသော ကျောက်လင်းကို ကြည့်လိုက်သည်။
ကျောက်လင်း၏ ကိုယ်ပေါ်တွင် သွေးများနှင့် ဖုန်မှုန့်များ ပေကျံနေပြီး အလွန်ပင် ဖရိုဖရဲ ဖြစ်နေရှာသည်။
သူမ၏ မျက်နှာမှာ ဖြူဖျော့အားနည်းနေပြီး ဆံပင်များမှာလည်း ခြောက်သွေ့နေခြင်းက ခရီးတစ်လျှောက်တွင် ကျောက်လင်း မည်မျှအထိ ဆင်းရဲဒုက္ခခံခဲ့ရသည်ကို သက်သေပြနေသည်။
ယခင်ဘဝ၏ ကမ္ဘာပျက်ကပ်အတွေ့အကြုံများအရ သာမန်ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေဖြင့် ခရိုင်တစ်ခုမှ တစ်ခုသို့ ဖြတ်ကျော်ရန် မည်မျှခက်ခဲကြောင်း ကျိရုရွှယ် ကောင်းစွာသိသည်။
ကျောက်လင်း၏ ဝမ်းသာအားရ ဖြစ်နေမှုကို မြင်ရသဖြင့် ကျိရုရွှယ်မှာ စိတ်မကောင်းဖြစ်မိသလို တစ်ဖက်တွင်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေရသည်။
ဒီမိန်းမက ဘာကြောင့် ဒီလောက်အထိ အူကြောင်ကြောင်နိုင်ရတာလဲ။
စက္ကူစလေးတစ်စပေါ်က စာလုံးကိုကြည့်ပြီး ချင်းရွှေလယ်ယာခြံအထိ ရောက်အောင် လာရလား။
ယခုကဲ့သို့ သနားစဖွယ် အခြေအနေကို ကြည့်ခြင်းအားဖြင့် လမ်းတွင် ဖခင်ဖြစ်သူ၏ အပြင်းအထန် ဆုံးမခြင်းကို ခံခဲ့ရသည်မှာ သေချာလှသည်။
ဖခင်ဖြစ်သူ၏ စရိုက်ကို သူမ ကောင်းစွာသိသည်။ သူသည် သူမအပေါ်တွင်သာ နူးညံ့သိမ်မွေ့သူ ဖြစ်သည်။
ယခုတစ်ခေါက် ကျောက်လင်း၏ ခြေထောက်များကို မချိုးပစ်လိုက်ခြင်းမှာပင် အတော်လေး ကရုဏာထားခြင်းဟု ပြောရပေမည်။
လုချွမ်းက ဘေးတွင်ရပ်ကြည့်ရင်း သူ့ဘာသာ ခေါင်းငြိမ့်လိုက်မိသည်။ ဤအူကြောင်ကြောင် မိန်းမကို သူ မနှစ်သက်သော်လည်း ချီချီလေးနှင့် ပုံမှန်အတိုင်း စကားပြောဆိုနိုင်မည့်သူတစ်ဦး ရှိနေခြင်းက ကောင်းမွန်သည်ဟု သူ ဝန်ခံရပေလိမ့်မည်။
လုချွမ်းက စက္ကူနှင့် ကလောင်ကို ထုတ်ယူ၍ ရေးလိုက်သည်။
"ချီချီလေး... ဖေဖေ သမီးအတွက် သမီးရဲ့ အိမ်မွေးတိရစ္ဆာန်ကို ပြန်ဖမ်းပေးထားတယ်နော်"