အခန်း (၁၀၀၁-၁၀၀၅)
Vol. 57 Ch. 1001-1005
အခန်း(၁၀၀၁)
ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီတို့က တခဏခန့် မှင်သက်သွားကြသည်။ သို့သော် သူတို့က အခြေအနေကို ခပ်မြန်မြန် နားလည်လိုက်ကြပြီး တိတ်ဆိတ်သွားကြ၏။ သူတို့၏ စိတ်အခြေအနေကလည်း ဖိအားများသွားသည်။
ချန်းပင်းသည် ဝမ်ချောင်၏အနားတွင် အချိန်အတန်ကြာ နေခဲ့သူဖြစ်သည်။ အနောက်တောင်ပိုင်းတွင် သူက ဝမ်ချောင်နှင့်အတူ သေရေးရှင်ရေး အခြေအနေများကို ကျော်ဖြတ်ခဲ့ပြီး တိုက်ပွဲနယ်မြေတွင် ထူးချွန်ပြောင်မြောက်သည့် လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် သံမဏိမြို့ တည်ဆောက်ချိန်ကာလ အတောအတွင်းတွင်ဖြစ်စေ၊ တုစုန့်မာန်ဖော်ကျဲ့နှင့် တောင်ပေါ်ဒေသတွင် ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်းအချိန်တွင်ဖြစ်စေ၊ တာလာ့၏ တိုက်ပွဲအတောအတွင်းတွင်ပင်ဖြစ်စေ ချန်းပင်းဟာ ဝမ်ချောင်ကို အတက်နိုင်ဆုံး ကြိုးစားပြီး ထောက်ပံ့ကူညီပေးခဲ့သည်။ သူက လုပ်သင့်သမျှ တာဝန်အများစုကို လုပ်သွားခဲ့၏။
ဝမ်ချောင်ကလည်း ချန်းပင်းဟာ လျို့ဝှက်ချက်ကို ပေါက်ကြားစေမည့် အရေးကို မစိုးရိမ်ပါချေ။ ချန်းပင်း၏ အကျင့်စရိုက်အရ သူဟာ ထိုသို့သော အခြေအနေမျိုးကို မည်သည့်အချိန်တွင်မျှ လုပ်မည့်လူမျိုး မဟုတ်ချေ။ သို့သော် ချန်းပင်းကသာ ပါးစပ် ဆက်ပိတ်နေခဲ့လျှင် တုဝူစစ်လီ၏ ပုံစံအရ သူ့ကို သတ်ကောင်းသတ်နိုင်သည်။
“အရှင်အမတ် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”
ရွှယ်ချန်းကျွင်းကမေးသည်။ ထိုစကားလုံးများက လူတိုင်း၏အတွေးဖြစ်သည်။ ချန်းပင်းသည် စစ်သည်တော်တိုင်းနှင့် အလွန်ဆက်ဆံရေးကောင်းသည်။ သူဟာ မကြာခဏဆိုသလို တိုက်ပွဲနယ်မြေတွင် သူတို့ကို ဦးဆောင်လေ့ရှိသည်။ တိုက်ပွဲပြီးနောက်တွင်လည်း အတူစားသောက်ကာ ပျော်ပါးကြ၏။ သူတို့အားလုံးသည် အလွန်ကောင်းမွန်သော ဆက်ဆံရေးကောင်းရှိသည့် ညီအစ်ကိုကောင်းများ ဖြစ်နေကြသည်။ ယခုအခါ ချန်းပင်းက အဖမ်းခံထားရလေရာ မည်သူကမဆို သူတို့၏ ခံစားချက်ကို တွေးတောကြည့်နိုင်သည်။
“တစ်ယောက်ယောက်လာဦး။ ငါ့ကို စုတ်တံ၊ မှင်နဲ့ စာရွက် ပြင်ဆင်ပေးစမ်း။ ငါအခုပဲ တုဝူစစ်လီဆီ စာရေးပို့မယ်။ ဒီကိစ္စကို ငါကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်မယ်”
ဝမ်ချောင်က အရှေ့ဘက်သို့ကြည့်သည်။ သူ၏အကြည့်ထဲတွင် အေးစက်သောအလင်းများ လက်လာသည်။
...
အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ တိုက်ပွဲက အဆုံးသတ်သွားသည်နှင့်အမျှ နေမင်းက ဝင်သွားပြီး တစ်လောကလုံးက အမှောင်ထုအတွင်းသို့ ကျရောက်သွားသည်။ တာလာ့၏မြို့နှင့် လီခြောက်ဆယ်ခန့်ဝေးကွာသော နေရာတွင် မရေမတွက်နိုင်သော ဝံပုလွေပေါင်း များစွာက ကင်းလှည့်နေသော နေရာရှိသည်။ ဝံပုလွေများ၏ အနောက်တွင် အပြာရောင်နောက်ခံနှင့် ရွှေရောင်ဝံပုလွေကြီးပါသော ကြီးမားသည့် အလံကြီးကို လွင့်ထူထားသည်။ ထိုအလံ၏အနောက်တွင်မှ မရေမတွက်နိုင်သော ရွက်ဖျင်တဲပေါင်းများစွာ ရှိနေသည်။ ထိုနေရာက တုဝူစစ်လီ ဦးဆောင်ကာ စခန်းချထားသော တူရကီစစ်တပ် ရှိရာနေရာဖြစ်သည်။
စစ်ပွဲမှ တိုက်ခိုက်မှုများ ယာယီအဆုံးသတ်သွားပြီးနောက် တူရကီစစ်တပ်က စိတ်အေးနေသင့်သည်။ သို့သော် လက်ရှိအခြေအနေကမူ ဆန့်ကျင်ဘက်ဖြစ်နေ၏။ စခန်းကို တင်းတင်းကြပ်ကြပ် စောင့်ကြပ် ကာကွယ်ထားပြီး လေထုကပင် တောင့်တင်းနေပုံရသည်။
“ဘယ်လိုလဲ”
အလယ်ဗဟိုအကျဆုံး နေရာရှိ အဖြူရောင် ရွက်ဖျင်တဲကြီးအတွင်းမှ တုဝူစစ်လီက ဘေးဘက်ရှိ မှော်ဆရာ သမားတော်ကို လှည့်ကြည့်ရင်းမေးသည်။
“အရှင် သူ့ရဲ့ဒဏ်ရာတွေက တော်တော်လေးကို ပြင်းထန်ပါတယ်။ အရှင်သူ့ကို မဖမ်းခင်ကတည်းက သူက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီးသားပါ။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရ စစ်မေးတာကို တောင့်ခံနိုင်ဖို့ ခက်ခဲပါတယ်။ သူဝန်ခံလာတဲ့ အခြေအနေအထိ တောင့်မခံနိုင်မှာကို စိုးရိမ်ရပါတယ်”
ထိုလူဟာ တူရကီနတ်ဆရာတဖြစ်လဲ မှော်ဆရာ သမားတော်ဖြစ်သည်။ သူဟာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပြင်းထန်လွန်းသည့် ဆေးရနံ့ကို လွှတ်ထုတ်နေသည်။ ထိုသူဟာ သိုးသားရေအခင်းပေါ်တွင် လှဲနေသော ချန်းပင်းကို လှည့်ကြည့်လိုက်သည်။ သူ၏မျက်ဝန်းထဲတွင် စိုးရိမ်မှုများက ပြည့်နှက်လာသည်။ ထိုထန်လူငယ်၏ ခန္ဓာကိုယ်က သွေးများစွန်းပေနေသည်။ အဝတ်များကလည်း စုတ်ဖြဲခံထားရသည်။ သူဟာ ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည်။
သို့ရာတွင် သူ၏ကိုယ်အတွင်းမှ အခြေအနေကမူ အပြင်ပန်းထက် ပို၍ဆိုးရွားနေသည်။ သူ၏အရိုး လေးဆယ်ရာခိုင်နှုန်းကျော်ခန့်က ကျိုးနေပြီး သွေးကြောများကလည်း ကစဉ့်ကလျားဖြစ်နေသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများကလည်း နေရာရွေ့ကုန်သည်။ မည်သည့်ဒဏ်ရာကမဆို သူ၏အသက်ကို ယူသွားနိုင်၏။ ပို၍ဆိုးသည်မှာ ထိုမျှများပြားသော ဒဏ်ရာအများစုက လူတစ်ယောက်တည်းထံတွင် စုပြုံဖြစ်နေခြင်းဖြစ်သည်။
“မင်းဒီလောက်ထိ အားစိုက်ထုတ်စရာမလိုဘူး။ အဟွတ် အဟွတ် မင်းကဘာကိုပဲ သိချင်သိချင် ငါပြောမှာမဟုတ်ဘူး”
ချန်းပင်းက သူ၏ကိုယ်တစ်ဝက်ခန့်ကို သိုးသားရေအခင်းပေါ်မှ မြောက်လာအောင် ခက်ခက်ခဲခဲ ကြိုးစားကာ မလိုက်သည်။ သူ၏မျက်နှာတွင် လှောင်ပြုံးကရှိနေ၏။ သို့သော် သူက စကားလုံး အနည်းငယ် ပြောပြီးနောက် ချောင်းကို ပြင်းပြင်းထန်ထန် ဆိုးပြန်သည်။ သူကချောင်းဆိုးနေရင်းမှ သွေးများက ပါးစပ်မှ စီးကျလာပြီး ဖြူဖျော့သောမျက်နှာကို ဖြူစုတ်သွားစေသည်။ ထိုသို့ဖြင့် ခြောက်ခြားဖွယ်ကောင်းသော မြင်ကွင်းက ဖြစ်လာ၏။
“မင်းကသွေးတွေအများကြီး ဆုံးရှုံးနေပြီးပြီ။ မင်းဆက်ပြီး ဒီလောက်ထိ ခေါင်းမာနေရင် သေရုံပဲရှိမယ်”
တူရကီနတ်ဆရာက တဖြည်းဖြည်းချင်း အနားသို့လျှောက်သွားပြီး အလွန်အမင်း ခံစားချက်မဲ့သည့် လေသံမျိုးဖြင့် ပြောလိုက်သည်။ စစ်ဟာ စစ်သည်တော်များအတွက်သာဖြစ်သည်။ နတ်ဆရာအတွက်မူ သူဟာ ဖျားနာသူ၊ မဖျားနာသူကိုသာမြင်သည်။ နတ်ဆရာဆိုသော်လည်း ထိုဟန်ကို သာမာန်လူကဲ့သို့သာ ဆက်ဆံသည်။
“ဟား ဟား ငါသေတော့ရော ဘာဖြစ်လဲ။ ငါက သေမှာကိုကြောက်နေရင် တိုက်ပွဲနယ်မြေပေါ် ခြေချခဲ့ပါ့မလား။ တုဝူစစ်လီ မင်းရဲ့အားစိုက်ထုတ်မှုတွေကို ဖြုန်းတီးမနေနဲ့တော့။ ငါမင်းကို အရှိန်အဝါ ဝင်္ကပါရဲ့ ဘာလျို့ဝှက်ချက်ကိုမှ ပြောမှာမဟုတ်ဘူး။ မြန်မြန်လေး ငါ့ကိုသာ သတ်လိုက်တော့”
ချန်းပင်းက ဖျော့တော့စွာပြုံးသည်။ သူ၏အမူအရာအရ သူ၏သေဆုံးမှုကို လက်ခံထားပြီးသော လူတစ်ယောက်ကဲ့သို့ ထင်ရသည်။ နတ်ဆရာကပင် သူ၏ခေါင်းမာမှုကို လေးစားသွားရ၏။
“ဟွန်း မင်းကသေချင်တယ်ဟုတ်လား။ အဲ့ဒီလောက် မလွယ်ဘူး။ ငါက ငါလိုချင်တာကို မရခင် မင်းသေချင်ရင်တောင်မှ သေဖို့ခက်လိမ့်မယ်”
တုဝူစစ်လီ၏ မျက်လုံးများက အေးစက်လာပြီး အနားသို့ လဲသွားကာ ချန်းပင်း၏ ထုံထိုင်းနာကျင်နေသည့် ညာဘက်လက်ကို လှမ်းကိုင်လိုက်သည်။
ဘုန်း
ရွှေရောင်အလင်းက ဖြတ်ကနဲ လက်သွားပြီးနောက် ခမ်းနားသော စွမ်းအင်အလင်းတန်းများနှင့် အကန့်အသတ်မဲ့သော အတက်စွမ်းအားများက ချန်းပင်း၏ကိုယ်ထဲသို့ ဝင်သွားသည်။
“အား”
ချန်းပင်းက ကျယ်လောင်စွာ အော်ဟစ်ပြီး ကျောက ဖြောင့်မတ်သွားသည်။ ပြင်းထန်လွန်းသော အတက်စွမ်းအင်က သူ၏အဓိကသွေးကြော ခုနှစ်ခုနှင့် သွေးပြန်ကြောရှစ်ခုလုံးကို ကျော်ဖြတ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ဝင်ရောက်သွားသည်။ ထိုစွမ်းအင်များ၏ သက်ရောက်မှုအောက်တွင် ချန်းပင်း၏ ကိုယ်အတွင်းမှ ဒဏ်ရာများက မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် လျှင်မြန်စွာ ကုသခံရသည်။ အချိန်တစ်ခုကြာပြီးနောက် ထိုးထွက်လာသော ရွှေရောင်အလင်းတန်းများက အလွန်အမင်း ညင်သာနေပြီး ရွက်ဖျင်တဲတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
“ဘယ်အချိန်က ငါတုဝူစစ်လီက လူကယ်ချင်တဲ့အခါ ငါ့ကိုဘာလုပ်ရမယ်ဆိုပြီး ဘယ်သူကမှ မတားနိုင်ခဲ့ဘူး။ မင်းနာနာခံခံနဲ့ အဲ့ဒီလျို့ဝှက်ချက်ကို ပြောပြရင်ကောင်းမယ်”
တုဝူစစ်လီ၏အသံက ရွက်ဖျင်တဲအတွင်း ဟိန်းထွက်လာသည်။
အချိန်အတန့်ကြာပြီးနောက် တုဝူစစ်လီက နောက်ဆုံး ရွက်ဖျင်တဲထဲမှ ထွက်သွားသည်။ သူ၏မျက်နှာက အနည်းငယ် ဖြူဖျော့နေသည်။ သို့သော် သူ၏အမူအရာအရ ပျော်ရွှင်မှုကိုလည်း တစ်စွန်းတစ်စ ခံစားမိနိုင်သည်။ ထန်တစ်ယောက်အတွက်နှင့် စွမ်းအင်ပေါင်းများစွာ ကုန်ဆုံးသွားခြင်းက အလွန်အမင်း ဖြုန်းတီးရာရောက်သည်။ သို့သော် တုဝူစစ်လီကမူ ဒါဟာ အလွန်အမင်း ထိုက်တန်သည်ဟု ယုံကြည်သည်။
သူ၏အမြင်တွင် ဒါဟာ ထန်လူတစ်ယောက်တည်း မဟုတ်တော့ချေ။ သူ့အတွက်... တုဝူစစ်လီဟာ အနောက်ပိုင်းတူရကီ ခါကာနိတ်အတွက် အကန့်အသတ်မဲ့သော ဖြစ်နိုင်ချေပေါင်း များစွာကို မြင်ခဲ့ရသည်။
သူကသာ ထန်လူများထံမှ ထိုဝင်္ကပါ၏ လျို့ဝှက်ချက်ကို အရယူနိုင်ခဲ့ပြီး အနောက်ပိုင်းတူရကီ ခါကာနိတ်တခွင် ဖြန့်နိုင်ခဲ့မည်ဆိုလျှင် အနောက်ပိုင်းတူရကီ ခါကာနိတ်ကလည်း အာရပ်များထက်ပင် အင်အားကြီးမားသည့် တည်ရှိမှုကြီးဖြစ်လာပေလိမ့်မည်။ မည်သို့ပင်ဆိုစေ အာရပ်များက ပြိုင်ဘက်ကင်းသော စစ်မြင်းများကို ပိုင်ဆိုင်ထားချိန်တွင် အနောက်ပိုင်းတူရကီ ခါကာနိတ်ကလည်း သူတို့ထက် ပိုများသည့် စစ်မြင်းများကို ပိုင်ဆိုင်ထားလေသည်။
တာလာ့မှ လွန်ဆွဲနေသော အခြေအနေက အရေးမကြီးတော့ချေ။ သူက ထိုအရာကိုသာ ရနိုင်မည်ဆိုလျှင် အနောက်ပိုင်းတူရကီ ခါကာနိတ်မှ စစ်နတ်ဘုရား ဖြစ်လာပေလိမ့်မည်။ သူက ခြေတစ်လှမ်းသာ ထပ်လှမ်းနိုင်မည်ဆိုလျှင် အရာအားလုံးက ဖြစ်လာနိုင်ပေလိမ့်မည်။
တုဝူစစ်လီက စိတ်ထဲတွင် ကန့်သတ်ခံလိုက်ရသည့် စကားတစ်လုံးကိုပင် တွေးလိုက်မိသည်။ သို့သော် ထုတ်မပြောခဲ့ချေ။ သူက အမှန်တကယ် မအောင်မြင်သမျှ သူ၏ရည်မှန်းချက်ကို သဲလွန်စ အနည်းငယ်သော်မျှ မဖော်ထုတ်လိုပါချေ။
လေပြင်းကသူ့ကို ဖြတ်တိုက်သွားသည်။ တုဝူစစ်လီကလည်း ရုတ်တရက် မည်းမှောင်နေသော ကောင်းကင်ကိုကြည့်ပြီး အများကြီး စိတ်လက်အေးချမ်းသွားသည်။ ကောင်းကင်ရှိ ကြယ်စင်များကို သူက ငေးကြည့်နေမိ၏။
“သတင်းပို့”
ထိုအခိုက် အသံတစ်သံကို ကြားလိုက်ရသည်။ တုဝူစစ်လီ၏ မျက်မှောင်က ကျုံ့သွားပြီး သတိလက်လွတ် ခေါင်းလှည့်ကာ ကြည့်လိုက်သောအချိန်တွင် အပြေးအလွှား လာနေသည့် အနောက်ပိုင်းတူရကီ အဖွဲ့ဝင် သတင်းပို့တစ်ယောက်ကို တွေ့ရသည်။
“မင်းကဘာတွေ အော်ကြီးဟစ်ကျယ် လုပ်နေတာလဲ”
တုဝူစစ်လီက မပျော်မရွှင် ဖြစ်စွာဖြင့် အင်္ကျီလက်ကိုယမ်းရင်း အော်လိုက်သည်။
“သတင်းပို့ မဟာဗိုလ်ချုပ် ထန်မင်းဆက်ရဲ့ ကင်းထောက်တစ်ယောက် ရောက်လာပါတယ်။ ကျွန်တော်တို့ရဲ့ လူတွေက သူ့ကိုကိုင်တွယ်ဖု့ိ သွားတဲ့အချိန်မှာ သူက ကျွန်တော်တို့ရဲ့ဂိတ်ကို မြှားတစ်ချောင်း ပစ်သွားပါတယ်။ အဲ့ဒီမြှားမှာ ဒီစာချည်သွားတာပါ”
ထိုသတင်းပို့က ပြောလာပြီးနောက် အလျင်စလို ရှေ့တက်လာကာ ဒူးတစ်ဖက် ထောက်ချသည်။ ထို့နောက် မြှားနှင့်စာကို လက်နှစ်ဖက်လုံးဖြင့် ကမ်းပေးလာသည်။
“ဘာ”
တုဝူစစ်လီ၏ မျက်ခုံးက ပင့်တက်သွားပြီး သူ၏ညာဘက်လက်ညိုးဖြင့် ထိုမြှားကို အသာပွတ်သပ်ကြည့်သည်။ သတင်းပို့ကလည်း သူ၏လက်ဟာ မြှားနည်းတူ ပြေလျော့သွားသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် မြှားနှင့်စာက တုဝူစစ်လီ၏ လက်အတွင်းသို့ ရောက်သွားသည်။
မဟာဗိုလ်ချုပ်ရဲ့စည်းတံဆိပ်
တုဝူစစ်လီ၏ မျက်လုံးက မှေးကျဉ်းသွားပြီး မျက်နှာက ဖြူဖျော့သွားသည်။ အကြောင်းမူကား စာအနောက်ဘက်ရှိ စကားလုံးများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၍ဖြစ်သည်။
တုဝူစစ်လီအနေဖြင့် ထန်မင်းဆက်နှင့် ပထမဦးဆုံးအကြိမ် အဆက်အသွယ် လုပ်ဖူးခြင်းမဟုတ်ချေ။ သူဟာ ပေ့ထင်ကာကွယ်ရေးဗိုလ်ချုပ် အန်းစစ်ရွှန်းနှင့် မကြာခဏ တိုက်ခိုက်ခဲ့ဖူးသည်။ အများဆုံး တိုက်ခိုက်ခဲ့ဖူးသည်ဟုပင် ဆို၍ရသည်။ တုဝူစစ်လီကလည်း ထိုစည်းတံဆိပ်နှင့် စိမ်းသက်နေခြင်းမရှိချေ။ ဗဟိုပြင်ကျယ် ထန်မင်းဆက်မှ မဟာဗိုလ်ချုပ်များကသာ ထိုစည်းတံဆိပ်ကို သုံးနိုင်သည်။ တာလာ့နယ်မြေ တခွင်လုံးတွင် ထိုစည်းတံဆိပ်ကို သုံးနိုင်သူက ဝမ်ချောင်သို့မဟုတ် ကောင်းရှန်းကျစ်သာဖြစ်သည်။
သူတို့က မြန်မြန်တုန့်ပြန်လာကြတာပဲ။
တုဝူစစ်လီ၏ စိတ်ထဲတွင် အံ့အားသင့်မှုက ပြည့်နှက်လာသည်။ အနည်းဆုံးသူက ချန်းပင်းကို ဖမ်းဆီးပြီး နာရီအနည်းငယ်တော့ဖြင့် အချိန်ရလိမ့်မည်ဟု ယူဆထားခဲ့သည်။ သို့သော် မမျှော်လင့်ထားသည်မှာ ထိုမျှမြန်မြန် ရောက်လာသည်။
“ဒီကောင်တွေက တော်တော်လေးကို ကိုင်တွယ်ဖို့ ခက်လွန်းတယ်”
တုဝူစစ်လီ၏ မျက်ဝန်းအတွင်း အသိအမှတ်ပြုသော အလင်းက တစ်ချက်ဖြတ်ပြေးသွားပြီးနောက် သူဟာ စာကို ခပ်မြန်မြန် ဖွင့်ကြည့်လိုက်သည်။
...
ညတာက ဆင်းသက်လာသည်။ သို့သော် တာတာ့မြို့ကမူ ထင်မှတ်မထားလောက်အောင် တောက်ပလင်းထိန်နေသေး၏။ ဝမ်ချောင်၊ လီစစ်ယဲ့၊ ဟွမ်ပေါ့ထန်း၊ ခုံးကျစ်အန်း၊ ရွှယ်ချန်းကျွင်းနှင့် ချီရှီကာကွယ်ရေးစစ်တပ်မှ ဗိုလ်ချုပ်တိုင်းက အတူတကွ ရှိနေကြသည်။ ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီကဲ့သို့ အန်းရှီကာကွယ်ရေးစစ်တပ်မှ လူများကပင် ဆက်လက်ပြီး အဝေးတွင် နေနေကြသည့်တိုင်အောင် အန်းရှီကာကွယ်ရေးစစ်တပ်မှ တတိယအဆင့် အရာရှိ ရှီယွမ်ချင်ကို နားထောင်ရန် လွှတ်ထားပေးသေးသည်။
ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီတို့က အလွန်ကို့ယို့ကားယားနိုင်သော အနေအထားမျိုးတွင်ဖြစ်သည်။ ချန်းပင်း၏ အဖမ်းခံရမှုက ထိုအရှိန်အဝါ ဝင်္ကပါနှင့် အလုံးစုံပတ်သတ်နေသည်။ သူတို့က ထိုကိစ္စကို သဘောမတူနိုင်သလို သဘောတူ၍လည်း မရပြန်ချေ။ သို့သော် သူတို့ဟာ ရှီယွမ်ချင်ကို ပို့လိုက်သော သက်ရောက်မှုအရ ထိုလူဟာ ချန်းချန့်လီပြီးလျှင် ဒုတိယမြောက် အင်အားအကြီးဆုံး ဖြစ်နေသေးသဖြင့် သူတို့၏ စိုးရိမ်မှုကို ပြသနိုင်ရန် လုံလောက်နေပြန်သည်။
“ဘယ်လိုလဲ ဘာသတင်းရလဲ”
ခန်းမထဲသို့ ပြန်ဝင်လာသော လူတစ်ယောက်ကို မြင်သောအခါ လီစစ်ယဲ့၊ ခုံးကျစ်အန်း၊ ဟွမ်ပေါ့ထန်း၊ စွန်းကျစ်မင်နှင့် အခြားသောလူတိုင်းက မတ်တပ်ထရပ်လိုက်ကြသည်။ ဝမ်ချောင်က ထမရပ်သော်လည်း သူ၏မျက်ဝန်းထဲမှ အလျင်လိုမှုကတင် သူဟာ ထိုကိစ္စကို လူတိုင်းထက်မနည်း စိုးရိမ်နေကြောင်း ပြသနိုင်သည်။
“အမတ်မင်း”
သတင်းပို့က အခြားသောလူများကို အာရုံမစိုက်ပါချေ။ သူက ဝမ်ချောင်၏အနားသို့ တိုက်ရိုက် လျှောက်သွားလိုက်ပြီး ဒူးတစ်ဖက် ထောက်ချသည်။
“စာကိုအောင်အောင်မြင်မြင် ပို့ပြီးပါပြီ။ ကျွန်တော် ကိုယ်တိုင်ကိုယ်ကျ တူရကီစခန်းဆီ မြှားပစ်ပြီး သူတို့ယူသွားတာကို စောင့်ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ကြာကြာ စောင့်နေခဲ့ပေမဲ့ ပြန်စာမရသေးပါဘူး”
“ဘာ”
ကင်းထောက်၏စကားက လူတိုင်း၏ နှလုံးသားကို ဖြစ်ညှစ်လိုက်သလို ဖြစ်သွားသည်။
“စာပု့ိပြီးတာ သေချာလား”
“သူတို့မြှားမှာစာပါတာကို သတိမထားမိလို့များလား”
“အဲ့ဒီမှာဘယ်လောက်ထိ စောင့်ခဲ့လဲ။ တုဝူစစ်လီက စာကိုပြန်နေတဲ့ အတောအတွင်းမှာ မင်းက ပြန်လာလို့ လွဲသွားတာဖြစ်နေမလား”
လူတိုင်းက စတင်ကာ ပြောကြသည်။ သူတို့၏အမူအရာတွင် စိုးရိမ်မှုများက ပြည့်နှက်နေသည်။
“မဖြစ်နိုင်ပါဘူး”
ကင်းထောက်က ခေါင်းခါပြီး လေးစားစွာ လျှောက်တင်သည်။
“ကျွန်တော်ကိုယ်တိုင်ကိုယ်ကျ သူတို့က ဂိတ်ကမြှားကိုထုတ်ပြီး စာကိုဖယ်ယူလိုက်တာကို တွေ့ခဲ့ပါတယ်”
“သူတို့က အဲ့လိုယူပြီးသွားတဲ့အချိန်မှာ တစ်စုံတစ်ယောက်က ဗိုလ်ချုပ်ရဲ့စခန်းကို အသည်းအသန် ပြေးသွားခဲ့တာကိုလည်း မြင်ခဲ့ရပါသေးတယ်”
“လုံလောက်ပြီ”
ခန်းမထဲရှိလူတိုင်းက မေးခွန်းများ ဆက်မေးချင်နေကြကြောင်း မြင်သောအခါ ဝမ်ချောင်က နောက်ဆုံးတွင် ဝင်ပြောလျှက် နှောက်ယှက်လိုက်ရသည်။ ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားပြီး လူတိုင်းက ဝမ်ချောင်ကို လှည့်ကြည့်လိုက်ကြသည်။
“မင်းတို့အားလုံး ချန်းပင်းရဲ့လုံခြုံရေးကို အရမ်းစိုးရိမ်နေမယ်ဆိုတာကို ငါနားလည်တယ်။ ဒါပေမဲ့ မင်းတို့အားလုံး စိတ်ငြိမ်ငြိမ်ထားဖို့ ငါမျှော်လင့်တယ်။ ကင်းထောက်က စာကို ပို့သွားပြီးပြီဆိုကတည်းက စာကသေချာပေါက် ရောက်သွားပြီ။ ထန်မင်းဆက်ရဲ့ ကင်းထောက်တွေက သေရမှာကို မကြောက်ဘူး။ ဒီတော့ သူတို့က စာသာမပို့နိုင်တဲ့ အခြေအနေက ဘယ်လိုများဖြစ်နိုင်မှာလဲ”
သူက ပြောနေရင်းမှ ဝမ်ချောင်၏ စူးရှကာ ခက်ထန်သည့်အကြည့်က လူတိုင်း၏ မျက်နှာပေါ် ဖြတ်ပြေးသွားသည်။ ချက်ချင်းဆိုသလိုပင် လူတိုင်းက ခေါင်းငုံ့လိုက်ကြသည်။ သူတို့က ရှက်သွား၏။ ကင်းထောက်ကလည်း ဝမ်ချောင်ကို ကျေးဇူးတင်စိတ် အပြည့်နှင့်ကြည့်ရင်း သက်ပြင်းရှည်ကြီးကိုချသည်။
ထန်မင်းဆက်၏ ကင်းထောက်များက လောက၏ အကောင်းဆုံးဖြစ်ကြောင်း သံသယဝင်ရန်ပင် မရှိချေ။ အင်အားအရပင်ဖြစ်စေ၊ အတွေ့အကြုံအရပင်ဖြစ်စေ၊ သစ္စာရှိမှုအရပင်ဖြစ်စေ၊ တာဝန်သိတတ်မှု အရပင်ဖြစ်စေ သူတို့က အတော်ဆုံးဖြစ်သည်။ လူတိုင်းကလည်း ဒါကိုသိကြ၏။ သို့သော် ဝမ်ချောင်က ပြောလိုက်သလိုမျိုး သူတို့၏ ချန်းပင်း၏ လုံခြုံရေးအပေါ် စိုးရိမ်မှုဟာ အလွန်ပြင်းထန်လွန်းသဖြင့် ဟန်ချက်ပျက်သွားကြခြင်းသာဖြစ်သည်။
“ငါမေးမယ် အနောက်ပိုင်းတူရကီ စခန်းထဲမှာ မင်းဘာကိုမြင်ခဲ့ရလဲ။ ငါ့ကိုအားလုံးပြောစမ်း။ ကိစ္စအကြီးအငယ်မဆို ငါ့ကို မချွင်းမချန် ပြောနိုင်တယ်”
အခန်း(၁၀၀၂)
“ဟုတ်ကဲ့အမတ်မင်း”
ကင်းထောက်က ဘာကိုမှ မဖုံးကွယ်ထားခဲ့ဘဲ အနောက်ပိုင်းတူရကီ စခန်းအတွင်းတွင် သူမြင်ခဲ့ရသမျှ အရာအားလုံးကို ပြောပြခဲ့သည်။ သူကပြောလေလေ ခန်းမက တိတ်ဆိတ်လေလေဖြစ်ပြီး ပင်အပ်ကျသံကိုပင် ကြားနိုင်လာသည်။ ဝမ်ချောင်ကလည်း ဘာကိုမှ မစဉ်းစားမဆင်ခြင်ဘဲ မပြောတတ်ချေ။ ထို့ကြောင့် မည်သူကမှ သူ့ကို မနှောက်ယှက်ရဲချေ။
“ငါမင်းကို ထပ်မေးမယ်။ မင်းစာသွားမပို့ခင်က အနောက်ပိုင်းတူရကီရဲ့ တုန့်ပြန်မှုက ဘယ်လိုမျိုးလဲ။ မင်းစာပို့ပြီးတဲ့နောက်မှာ သူတို့ရဲ့တုန့်ပြန်မှုက ဘယ်လိုမျိုးလဲ”
ဝမ်ချောင်က ထပ်မေးသည်။
“ဒါက... ကျွန်တော်အရင်ဆုံး ပေါ်လာတော့ အနောက်ပိုင်းတူရကီ စခန်းတစ်ခုလုံးက တော်တော်လေးကို သတိအပြည့် ကပ်ထားတဲ့ပုံစံပဲ။ ကျွန်တော် သူတို့ရဲ့စခန်း နယ်နိမိတ်အနားကို ရောက်သွားတဲ့အချိန်မှာ လူတွေက ချက်ချင်းထွက်လာပြီး ကျွန်တော်ကိုတားကြတယ်။ ဒါက အခြားအဖွဲ့အစည်းတွေရဲ့ စခန်းတွေကို သူလျိုပို့တဲ့အချိန်က တုန့်ပြန်မှုတွေနဲ့တော့ မခြားနားပါဘူး။ ဒါပေမဲ့ ကျွန်တော် စာပို့ပြီးတဲ့နောက်မှာ နှစ်နာရီနီးပါးလောက် ကြာပြီးတဲ့နောက်မှာ မြင်းတပ်ပမာဏ အများကြီး ထွက်လာပြီး ကျွန်တော့်ကို သူတို့ရဲ့ စခန်းထဲက မောင်းထုတ်တာပဲ။ သူတို့ရဲ့တုန့်ပြန်မှုက အရင်နဲ့ တော်တော်လေးကို ကွာခြားသွားတယ်”
ဝမ်ချောင်က မျက်ခုံးပင့်လိုက်သည်။ သို့သော် ဘာစကားမှမပြောချေ။
“ငါနားလည်ပြီ မင်းသွားတော့”
“ဟုတ်ကဲ့အမတ်မင်း”
ကင်းထောက်က ခပ်မြန်မြန် ထွက်ခွာသွားသည်။ ထိုသု့ိဖြင့် အခန်းက ယခင်ကထက် ပို၍ပင် တိတ်ဆိတ်သွားသေးသည်။ လူတိုင်း၏မျက်လုံးက ဝမ်ချောင်ထံတွင်ဖြစ်ပြီး မျှော်လင့်စောင့်စားမှုနှင့် တောက်ပနေသည်။
“အမတ်မင်း တစ်ခုခုကို ရှာတွေ့ခဲ့ပါသလား”
ရွှယ်ချန်ကျွင်းက သတိအပြည့်ကပ်လျှက် မေးလိုက်သည်။
“ချန်းပင်းက အသက်ရှင်နေသေးပြီး အနောက်ပိုင်းတူရကီ စခန်းထဲမှာရှိတဲ့အကြောင်း ငါတို့အခု အတည်ပြုနိုင်ပြီ”
ဝမ်ချောင်က နောက်ဆုံးစကားကိုပြောပြီး လူတိုင်းကိုကြည့်သည်။ ထိုစကားက လူတိုင်းကြားချင်နေသော စကားဖြစ်သည်။
ဝှစ်
ချက်ချင်းဆိုသလိုပင် ခန်းမအတွင်း သက်ပြင်းရှည်ချသံမျိုးကို ကြားရသည်။ လူတိုင်း၏ နှလုံးသားက လေထဲတွင် တွဲလောင်းအဆွဲခံထားရရာမှ ရုတ်တရက် ငြိမ်သက်သွားသည်။ သူတို့က အများကြီး စိတ်အေးသွားနိုင်ပြီဖြစ်သည်။
“ဝမ်းသာစရာပဲ”
“ချန်းပင်းက အဆင်ပြေတယ်။ ဒါက ကံဆိုးမှုအကြားက ကံကောင်းမှုပေါ့”
“ငါတို့အခု လုပ်ရမှာက ချန်းပင်းကိုကယ်ဖု့ိ နည်းလမ်းတစ်ခု တွေးဖို့ပဲ။ အမတ်မင်း ငါတို့ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ”
...
လူအုပ်က တက်ကြွမှုအပြည့်နှင့် ဝမ်ချောင်ကိုကြည့်သည်။ ချန်းပင်းဟာ အသက်ရှင်နေသေးပြီး ကျန်းမာရေးကောင်းကြောင်း ဝမ်ချောင်က မည်သို့ တွေးတောကာ ဆုံးဖြတ်လိုက်ကြောင်း မည်သူကမှ မမေးမြန်းကြပါချေ။ သူတို့က ဝမ်ချောင်၏ အကဲဖြတ်မှုကိုယုံသည်။
“ထိုင်ပါ”
ဝမ်ချောင်က လက်မောင်းနှစ်ဖက်ကို ဖြန့်ကားလျှက် အားလုံးကို ထိုင်ရန် အမူအရာပြသည်။ သူကိုယ်တိုင်ကလည်း ချန်းပင်းအသက်ရှင်နေသေးကြောင်း အတည်ပြုနိုင်သည့်တိုင်အောင် ဝမ်ချောင်က လူတိုင်းတွေးသလောက် မပေါ့ပါးနေပါချေ။
“ဒီကိစ္စက ထင်သလောက် မရိုးရှင်းဘူး။ ချန်းပင်းက အသက်ရှင်နေသေးပေမဲ့လည်း တုဝူစစ်လီက ငါတို့နဲ့ မညှိနှိုင်းချင်ကြောင်း ပြသထားပြီးသား။ ငါအထင်မမှားရင် သူက အချိန်ဆွဲချင်ရုံပဲဖြစ်လိမ့်မယ်။ ဒီလိုနဲ့ ချန်းပင်းဆီက အဖြေလိုချင်နေတာ။ ငါစိုးရိမ်တာက အခုချန်းပင်း ခံစားနေရမှာကိုပဲ”
ထိုစကားကိုပြောပြီးနောက် သူ၏မျက်ဝန်းအတွင်း စိုးရိမ်မှုများက ထင်ဟပ်လာသည်။
အဓိကခန်းမအတွင်းရှိ တောက်ပနေသော လူတိုင်း၏မျက်နှာက ထိုစကားများကြောင့် ချက်ချင်းဆိုသလို ပျက်ယွင်းနေသည်။ သူတို့၏ခေါင်းပေါ်မှ ရေအေးများဖြင့် လောင်းချလိုက်သလိုမျိုး နှလုံးသားက လေးလံသွားသည်။ သူတို့ဟာ တိုက်ပွဲနယ်မြေကို အတူတကွ တိုက်ခိုက်ခဲ့သူများ ဖြစ်သည့်အလျောက် အလွန်အမင်း ရက်စက်ကြမ်းတမ်းကြသည်။ အမျိုးမျိုးသော ကဏ္ဍများမှ စစ်တပ်အသီးသီးဟာ သူတို့၏ ကိုယ်ပိုင်နှိပ်စက်သည့်နည်းလမ်း၊ သတင်းအချက်အလက် ရယူရန် အကျဉ်းသားများကို စစ်မေးသည့်နည်းလမ်းများကို ပိုင်ဆိုင်ထားကြသည်။
တုဝူစစ်လီကသာ ထိုဝင်္ကပါ၏ လျို့ဝှက်ချက်ကို အရယူလိုလျှင် သံသယဝင်ရန် မလိုလောက်အောင် ချန်းပင်းကို နှိပ်စက်ပေလိမ့်မည်။ ထိုအတွေးက လူတိုင်း၏နှလုံးသားကို ဖြစ်ညှစ်လာသလို ခံစားရစေသည်။
“အမတ်မင်း အရှင်ကာကွယ်ရေး ဗိုလ်ချုပ်ကလည်း လိုအပ်ခဲ့ရင် ကျွန်တော်တို့ လူတွေလွှတ်ပြီး အရှင်အမတ်နဲ့ ပူးပေါင်းလို့ တူရကီစခန်းထဲကို ဝင်စီးပြီး ချန်းပင်းကို ကယ်ဆယ်မယ်လို့ ပြောထားပြီးသားပါ”
ထိုအခိုက် တစ်ချိန်လုံးတိတ်ဆိတ်ကာ အခြေအနေကို နားထောင်နေခဲ့သည့် ရှီယွမ်ချင်က ရုတ်ချည်း ထပြောလာသည်။ သူကရှေ့သို့ လျှောက်လာသည်။
“ကျွန်တော်တို့ကသာ မှန်ကန်တဲ့နည်းလမ်းကို သုံးနိုင်သမျှ အောင်မြင်မဲ့အခွင့်အရေး ရှိပါလိမ့်မယ်။ အတိုချုံ့ပြောရရင် ဘယ်လိုပဲဖြစ်လာဖြစ်လာ ဒီဝင်္ကပါရဲ့လျို့ဝှက်ချက်ကို အနောက်ပိုင်းတူရကီတွေရဲ့ လက်ထဲကို ရောက်သွားစေလို့မဖြစ်ပါဘူး”
“အမတ်မင်း ငါ့ကိုသွားခွင့်ပြုပါ။ ငါဝူရှန်းမြင်းတပ်ကို ဦးဆောင်ခေါ်သွားလိုက်မယ်။ ငါတို့ချန်းပင်းကို ကယ်နိုင်မှာပါ”
တစ်ချိန်လုံးတိတ်နေခဲ့သည့် လီစစ်ယဲ့က နောက်ဆုံးတွင် ထပြောလာသည်။ သူ၏အသံက ကျယ်သည်။ ထို့နောက် ရှင်းလင်းပြတ်သားပြီး ကြီးမားသော ခေါင်းလောင်းကြီးကဲ့သို့ ထင်ရသည်။
“အမတ်မင်း ငါလည်းသွားမယ်”
“ငါလည်းသွားမယ်”
...
အခြားသောလူများကလည်း လိုလိုချင်ချင် လိုက်ပါပြောဆိုကြသည်။
“မလိုဘူး”
ဝမ်ချောင်က ခေါင်းခါသည်။ သူက လူတိုင်း၏ အကြံပြုချက်ကို ငြင်းသည်။ ထိုသို့ပြောနေရင်းမှ ရှီယွမ်ချင်ကို ကြည့်လိုက်သည်။
“ဗိုလ်ချုပ်ရှီ ငါမင်းရဲ့သဘောထားကောင်းကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ရေရှည်ဆွေးနွေးသင့်တဲ့ ကိစ္စမျိုးပဲ။ တုဝူစစ်လီက အားနည်းတဲ့လူလည်းမဟုတ်ဘူး။ သူက ကြိုတင်ကြံစည်ထားခဲ့တာ ကြာပြီဆိုကတည်းက သူက သေချာပေါက် ပြင်ဆင်မှုတွေ လုပ်ထားလိမ့်မယ်။ ပိုဆိုးတာက ဟော်ရှု့ဟွေ့ခမ်းနဲ့ တုစုန့်မာန်ဖော်ကျဲ့တို့ရဲ့ အခြေအနေကို ငါတို့က မသိနိုင်သေးဘူး။ ငါတို့ကသာ အလောတကြီး စစ်သားတွေ ပို့လွှတ်ခဲ့ရင် သူတို့ရဲ့ထောင်ချောက်ထဲကိုကျပြီး ငါတို့ဘာသာ အရူးလုပ်မိသလို ဖြစ်သွားလိမ့်မယ်”
“အမတ်မင်း အမတ်မင်းက အမတ်မင်းရဲ့ လက်အောက်ငယ်သားကို အရမ်းအလေးထားပြီး နောက်ထပ် လူတွေ မစတေးချင်တော့တာကို ငါတို့နားလည်ပါတယ်။ ဒါပေမဲ့ တုဝူစစ်လီကသာ ဒီဝင်္ကပါရဲ့ လျို့ဝှက်ချက်ကို တောင်းဆိုလာမယ်ဆိုရင် အကျိုးဆက်က ငါတို့ထဲက လူဆယ်ယောက်ကျော်လောက်တောင် မဖာထေးနိုင်လောက်တဲ့အထိ ကြီးလေးသွားပါလိမ့်မယ်”
ရှီယွမ်ချင်က တင်းမာစွာပြောသည်။ ဖြောင့်မတ်မှန်ကန်မှုက ကြွယ်ဝမှုကို မပိုင်ဆိုင်နိုင်ချေ။ သဘောထားကြီးမှုကလည်း စစ်သားများကို အမိန့်မပေးနိုင်ချေ။ ဗိုလ်ချုပ်များအနေဖြင့် စတေးသင့်လျှင် စတေးရမည့် အခိုက်အတန့်ရှိသည်။
“ဟား ဟား ဗိုလ်ချုပ်ရှီ ခင်ဗျားနားလည်မှုလွဲနေပြီ”
သူ့ကိုအံ့အားသင့်စေသည်မှာ ဝမ်ချောင်က ရှီယွမ်ချင်၏စကားကို ရယ်မောလိုက်ခြင်းဖြစ်သည်။
“ချန်းပင်းကို သေချာပေါက် ကယ်ရမယ်။ ဒါပေမဲ့ ဒီလိုပုံစံမျိုးနဲ့တော့မဟုတ်ဘူး။ ငါအရာအားလုံးကို စီစဉ်ထားပြီးသားပါ။ ချန်းပင်းရဲ့ဘက်က လျို့ဝှက်ချက်မပေါက်ကြားမှာ သေချာတယ်။ တုဝူစစ်လီက သူလိုချင်တာကို မရနိုင်လေလေ သူ့ကိုအသေမခံနိုင်လေလေပဲ။ ငါတို့က လှုပ်ရှားလိုက်တဲ့အခါ ငါတို့က ချောင်းဝင်ပြီး သူ့ကိုအင်အားသုံးပြီး ကယ်ဆယ်မယ်ဆိုရင် တုဝူစစ်လီက စိတ်ရူးပေါက်ပြီး ချန်းပင်းရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ တစ်စုံတစ်ရာကိုတောင် လုပ်ကောင်းလုပ်မိသွားနိုင်တယ်။ ဒီအခါ ငါတို့လိုချင်တာနဲ့ ဆန့်ကျင်ဘက် မဖြစ်သွားဘူးလား”
“အာ”
ဝမ်ချောင်၏စကားများကြောင့် ရှီယွမ်ချင်ကပင် ကြောင်တောင်တောင် ဖြစ်သွားသည်။ တခဏခန့် ကြာသည်အထိ သူက မတုန့်ပြန်နိုင်ချေ။
“စိတ်အေးအေးထား တုဝူစစ်လီက သူလိုချင်တာကို မရတဲ့အခါ ငါ့ကိုလာရှာလိမ့်မယ်။ အဲ့ဒီအချိန်က သိပ်မကြာပါဘူး”
ဝမ်ချောင်က စားပွဲကို လက်ညိုးနှင့် လက်ခလယ်သုံးကာ တဒေါက်ဒေါက် ခေါက်နေရင်း ပေါ့ပါးစွာ ပြောလိုက်သည်။
ရှီယွမ်ချင်ကို ပြန်ပို့ပြီးမှ အခန်းအတွင်း ချီရှီကာကွယ်ရေးစစ်တပ်မှ လူများသာ ကျန်ရစ်မှသာ ဝမ်ချောင်၏ အမူအရာက သုန်မှုန်သွားသည်။ ရှီယွမ်ချင်၏အရှေ့တွင် ဝမ်ချောင်ဟာ ယုံကြည်မှုအပြည့်ရှိသောပုံကို ပြခဲ့သည်။ သို့သော် သူကိုယ်တိုင်ကသာ သူမည်မျှစိုးရိမ်နေကြောင်း သိနိုင်သည်။
“လီစစ်ယဲ့ အသင့်ပြင်ထား ငါတို့ချန်းပင်းကို စောင့်နေလို့မရဘူး။ ဝူရှန်းမြင်းတပ်အားလုံးကို စုစည်းပြီး ငါတို့တုဝူစစ်လီကို သွားတွေ့မယ်”
ဝမ်ချောင်က ရုတ်တရက်ပြောသည်။ သူက ခေါင်းမော့လိုက်သည်။
“ဟုတ်ကဲ့အမတ်မင်း”
လီစစ်ယဲ့ကလည်း စစချင်း ကြောင်သွားသည်။ ထို့နောက် ချက်ချင်းဆိုသလို ခေါင်းပြန်ငုံ့ကာ ရိုသေလေးစားစွာ ပြန်ဖြေသည်။
ခြိမ်း
တခဏခန့် ကြာပြီးနောက် ဝမ်ချောင်က စစ်တပ်ကိုစုစည်းလိုက်ပြီး ဝူရှန်းမြင်းတပ်ငါးထောင်ကို ဦးဆောင်ကာ လီခြောက်ဆယ်အကွာမှ အနောက်ပိုင်းတူရကီ စခန်းသို့ ထွက်လာခဲ့သည်။
...
ဝမ်ချောင်၏ အကဲဖြတ်မှုက မှန်ကန်သည်။ ချန်းပင်းက အလွန်ဆိုးရွားသော အနေအထားမျိုးတွင်ဖြစ်သည်။ တုဝူစစ်လီကလည်း သူလိုချင်သော ဝင်္ကပါကြောင့် ချန်းပင်းကို မသတ်နိုင်ချေ။ သို့တိုင်အောင် သူမသေသမျှ ကြိုက်သလောက် နှိပ်စက်၍ရသည်။ သူ့တွင်လည်း ရက်စက်သော နည်းလမ်းပေါင်း များစွာရှိသည်။
“မျိုးမစစ်ကောင်”
နာရီအနည်းငယ် ကြာပြီးနောက် တုဝူစစ်လီက ရွက်ဖျင်တဲအတွင်းမှ ထွက်လာသည်။ သူက ဆက်တိုက် ကျိန်ဆဲနေသည်။ သူ၏ လက်သီးတွင် သွေးများစီးကျနေသည်။
“ငါကမင်းကို မသတ်ရဲဘူးလို့ ထင်နေလား။ မင်းစကားမပြောရင် ငါကမင်းကိုသတ်လိုက်ပြီး နောက်ထပ် တစ်ယောက်ကို သွားဖမ်းရုံပဲ။ ငါ့မှာ ဒီဝင်္ကပါကိုသိနိုင်မဲ့ အခြေအနေတွေ အများကြီးရှိတယ်”
တုဝူစစ်လီ၏ မျက်လုံးက ဒေါသကြောင့် လောင်ကျွမ်းလာသည်။
အနောက်ပိုင်းတူရကီ မဟာဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်သည့်အလျောက် တုဝူစစ်လီ မကိုင်တွယ်နိုင်သည့် ရန်သူအနည်းငယ်သာရှိသည်။ အန်းစစ်ရွှမ်းကပင် သူ့ကြောင့် ရှုံးခဲ့ဖူးသည်။ ထို့ကြောင့် အခြားသူများဆိုလျှင် ပို၍ဆိုးသေးသည်။ သို့သော် ထိုထန်မှ ချန်းပင်းဟုခေါ်သော လူကမူ သူကျွမ်းကျင်သမျှ နှိပ်စက်သော နည်းလမ်းတိုင်းဒဏ်ကို ခံနိုင်ခဲ့သည်။ သို့တိုင်အောင် စကားထုတ်မပြောလာသလို မည်သည့်လျို့ဝှက်ချက်ကိုမျှ ပြောပြလာခြင်းမရှိချေ။
ထိုအခြေအနေက တုဝူစစ်လီကို ဒေါသထွက်စေသည်။ သူဟာ အရှုံးကြီးရှုံးသည်ဆိုသော ခံစားချက်မျိုးကို ရနေ၏။ တစ်ဖက်လူဟာ ဒီတိုင်း နာမည်မရှိသည့် စစ်သားတစ်ယောက်မျှသာဖြစ်သည်။ တုဝူစစ်လီ ကိုယ်တိုင်ကမူ ထိုကဲ့သို့သော လူတစ်ယောက်က မည်သည့်အတွက်ကြောင့် လျို့ဝှက်ချက်ကို ထုတ်ပြောရမည့်အစား နှိပ်စက်မှုကိုသာ ခံလိုစိတ်ရှိပြီး ခေါင်းမာနေကြောင်း နားမလည်နိုင်ချေ။
“သူ့ကိုကုသဖို့ နည်းလမ်းတစ်ခုတွေးလိုက်။ သူ့ရဲ့ကိုယ်ပေါ်မှာ ဘာဒဏ်ရာတစ်ခုမှ မကျန်စေနဲ့။ အာရုဏ်တက်လာတဲ့အခါ သူက အကောင်းတိုင်းရှိနေတာကို ငါမြင်ချင်တယ်။ ဒါမှငါသူ့ကို ဆက်ပြီး စစ်မေးလို့ရမှာ”
တုဝူစစ်လီက အနားသို့ရောက်လာသော နတ်ဆရာကိုပြောလိုက်သည်။ ထို့နောက် သူ၏ဒေါသကို ဖိနှိပ်လိုက်သည်။
“ဟုတ်ကဲ့အရှင်”
ထိုနတ်ဆရာက ခေါင်းလည်းမညိမ့်၊ ခေါင်းလည်းမခါဘဲ ဒီတိုင်းသာပြန်ဖြေလိုက်ရင်း တဲအတွင်း တိတ်တဆိတ် ဝင်သွားသည်။
“ဟား ဟား တုဝူစစ်လီ လာစမ်းပါ။ မင်းငါ့ကို ဘယ်လောက်နှိပ်စက်နှိပ်စက် ငါစကားတစ်ခွန်း ထုတ်ပြောမိရင် ငါက ဟန်မဟုတ်တော့ဘူး။ နောက်ပြီး အရှင်အမတ်ရဲ့ လက်အောက်ငယ်သား ဖြစ်ဖို့တောင် မထိုက်တန်ဘူး။ ငါမင်းကိုပြောမယ် မင်းကအဲ့ဝင်္ကပါရဲ့ လျို့ဝှက်ချက်ကို လိုချင်ရင် ကိုယ့်ကိုယ်ကို အယုံသွင်းနေတာပဲဖြစ်လိမ့်မယ်”
တုဝူစစ်လီက အပြင်ကို ထွက်သွားသည့်အချိန်တွင် အတွင်းမှ အော်ရယ် လှောင်ပြောင်သံကို ကြားရသည်။
“မျိုးမစစ်ကောင်”
တုဝူစစ်လီ၏ မျက်လုံးက ခက်ထန်ကြမ်းတမ်းလာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ သူ၏မျက်ဝန်းအတွင်း သိပ်သည်းလွန်းသော သတ်ဖြတ်လိုစိတ်က ဖြတ်ပြေးသွားသည်။ သို့သော် တုဝူစစ်လီက ထိန်းလိုက်ရ၏။ သူ၏သံမဏိလက်သီးမှ အပြာရောင် သွေးကြောများကပင် ထောင်တက်လာသည်။ အချိန်အတန်ကြာပြီးနောက် နောက်ဆုံးတွင် ပြန်ပြေလျော့လိုက်သည်။
“အချိန်တစ်ခုကြာပြီးရင် ငါမင်းကိုသတ်မှာ”
ထိုအတွေးနှင့်အတူ တုဝူစစ်လီက ခပ်မြန်မြန် ထွက်သွားသည်။
“မဟာအမတ် သတင်းဆိုး”
တုဝူစစ်လီက ထွက်ခွာသွားမည့် အချိန်တွင် ရုတ်တရက် စစ်မြင်းတစ်ကောင်က ရုတ်ချည်း ဒုန်းစိုင်းစီးလာကာ ဖုန်တိမ်စိုင်များကို ကန်ထားခဲ့သည်။ စစ်မြင်းက မြေပြင်သို့ ခြေမချနိုင်သေးခင် မြင်းစီးသူက ချက်ချင်းခုန်ဆင်းသည်။ သူက အမောတကော အသက်ရှုပြီး ခြေလှမ်းကျဲကြီးများဖြင့် အပြေးလာကာ တုဝူစစ်လီအရှေ့တွင် ဒူးထောက်ချသည်။
“ရှေ့တန်းက ကင်းထောက်တွေက သတင်းပို့လာပါတယ်။ ကျွန်တော်တို့ရှိရာဘက်ကို အရှိန်နှုန်းမြှင့်ပြီး အပြေးလာနေတဲ့ ရန်သူတပ်ဖွဲ့ ပမာဏ အများကြီးကို တွေ့ရပါတယ်။ အနည်းဆုံး ငါးထောင်လောက် ရှိလောက်ပါတယ်။ သူတို့ရဲ့ပုံစံက ထန်မင်းဆက်ရဲ့ ဝူရှန်းမြင်းတပ်နဲ့ တူနေပါတယ်။ ကင်းထောက်တွေကလည်း ရှေ့တန်းမှာ ဆက်တိုက် စောင့်ကြည့်နေပါတယ်။ အရှင်ဟူလန်ယဲ့က လာရောက်ပြီး သတင်းပို့ခိုင်းလို့ မဟာဗိုလ်ချုပ် ကျေးဇူးပြုပြီး ဆုံးဖြတ်ချက် ချပေးပါ”
“ဘာ”
တုဝူစစ်လီ၏မျက်နှာက ဖြူဖျော့သွားသည်။ ဝမ်ချောင်ဟာ ထိုမျှမြန်ဆန်စွာ တုန့်ပြန်နိုင်မည်ဟု မမျှော်လင့်ခဲ့မိချေ။ ယခုအခါ သူက စစ်တပ်ကိုပင် ဦးဆောင်ပြီး ရောက်လာသည်။ သူစာရပြီးသည်မှာ သိပ်မကြာသေးချေ။ သာမာန်လက်အောက်ငယ်သားတစ်ယောက် အတွက်ကြောင့်နှင့် စစ်တပ်တစ်ခုကို ဦးဆောင်ရလောက်သည်အထိ ဝရုန်းသုန်းကားဖြစ်အောင် မလုပ်သင့်ပါချေ။
“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် စစ်တပ်ကိုစုစည်းပြီး သတိအပြည့် ကပ်ခိုင်းစမ်း။ နောက်ပြီး ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ကိုလည်း စုစည်းခိုင်းလိုက်။ အားလုံးပဲ ငါ့ရဲ့နောက်ကိုလိုက်ခဲ့ကြ”
တုဝူစစ်လီက ခပ်မြန်မြန်ပြောသည်။
ဖြတ်ကနဲဆိုသလိုပင် အနောက်ပိုင်းတူရကီ စခန်းတစ်ခုလုံးက တင်းမာသော လေထုနှင့်အတူ ခပ်မြန်မြန် လုပ်ဆောင်ကြသည်။ သူတို့က အင်အားကြီးမားသည့် ရန်သူကို ရင်ဆိုင်ရမည်ဖြစ်သည်။
ဝူရှန်းမြင်းတပ်
လွန်ခဲ့သော နှစ်ရက်ခန့်ကအထိ မည်သူကမှ ထိုနာမည်ကို မကြားဖူးကြချေ။ သို့သော် ယခုမူ ကြားလိုက်သူတိုင်းကလည်း ထိုအင်အားစုကြီးဟာ မည်မျှအင်အားကြီးမားပြီး လေးစားဖွယ်ကောင်းကြောင်း သိကြသည်။ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်နှင့် မူထရီမဟာမြင်းတပ်တို့ကပင် သူတု့ိထံတွင် ရှုံးခဲ့ရသည်။ ထို့ကြောင့် သူတို့၏ အင်အားကို အလွယ်တကူ ခန့်မှန်းနိုင်သည်။
မည်သူကမှ သီးသန့်မဆွေးနွေးကြသည့်တိုင်အောင် ထန်မင်းဆက်မှ ထိုမြင်းတပ်ဟာ ကုန်းမြေတွင် အင်အားအကြီးဆုံး အင်အားစုကြီးဖြစ်ကြောင်း လူတိုင်းက လက်ခံထားပြီးသားဖြစ်လေသည်။
ဝှစ်
အခန်း(၁၀၀၃)
ထိုအချိန်တွင် ကောင်းကင်ဘုံဝံပုလွေမြင်းတပ်နှင့် တူရကီမြင်းတပ် အဖွဲ့ဝင်တိုင်းက ဦးတည်ရာဘက် တစ်ခုတည်းသို့သာ ကြည့်နေကြသည်။ အမှောင်ထုက တိတ်ဆိတ်လွန်းနေပြီး ဘာမှ ဖြစ်ပျက်လာခြင်း မရှိသလို ထင်နေရသော်လည်း လေထဲတွင်မူ မသက်မသာဖြစ်စေသော ခံစားချက်တစ်ရပ်က ဖြတ်တိုက်လာနေသည်။ လူတိုင်းကလည်း ထိုဦးတည်ရာဘက်မှ... သူတို့၏ မြင်နိုင်စွမ်းအား အကန့်အသတ် ကျော်လွန်နေသော နေရာမှ အင်အားကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းလွန်းသော ထန်မင်းဆက်မှ မြင်းတပ်တစ်ဖွဲ့က အပြေးနှင်ချီတက်လာနေကြောင်း သိရသည်။
ခြိမ်း
အဝေးမှ ခပ်ဖျော့ဖျော့ တုန်ခါသံကို ကြားလိုက်ရသည်။ ထိုအသံက ပြင်းသထက်ပြင်းကာ ကြီးမားသထက် ကြီးမားလာသည်။ မျက်တောင်တခတ် အချိန်အတွင်း ဆူနာမီမုန်တိုင်းကဲ့သို့ တုန်ခါသံများက ဆက်တိုက် ဖြစ်ပေါ်လာသည်။ တုဝူစစ်လီ၏ ခြေထောက်အောက်ရှိ မြေပြင်ကပင် တုန်ခါနေသည်။
“သူတို့ရောက်လာပြီ”
အနောက်ပိုင်းတူရကီ ဗိုလ်ချုပ်တစ်ယောက်က ရုတ်တရက်ပြောသည်။
သူ့အနေဖြင့် ဆက်ပြောရန် မလိုအပ်တော့ချေ။ တာလာ့မြို့ရှိရာဘက်ခြမ်းမှ အနက်ရောင် သံမဏိ ရေလှိုင်းများက သူတို့ဆီလိမ့်တက်လာသည်။ စစ်တပ်၏ အရှေ့ဆုံးတွင် ထန်မင်းဆက်၏ ကြီးမားလွန်းသော နဂါးအလံကြီးကို လွင့်ထူထားခြင်းဟာ ကြောက်ရွံ့ရိုသေဖွယ် မြင်ကွင်းမျိုးကို ဖြစ်ပေါ်လာစေသည်။
ဗဟိုပြင်ကျယ်ရဲ့ထန်မင်းဆက်
တူရကီများအနေဖြင့် ထိုနာမည်ကို ကြားဖူးသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်သလို ပထမဦးဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ဖူးခြင်းလည်း မဟုတ်ချေ။ သို့သော် ဒီနေ့မတိုင်ခင်ကဆိုလျှင် သူတု့ိက ထိုနာမည်ကို အထင်သေးမှုအပြည့်ဖြင့် ကြည့်ကြသည်။ သို့သော် တာလာ့၏ တိုက်ပွဲတွင် ထိုထန်မင်းဆက်က အပုမူစလင်နှင့် အာရပ်စစ်တပ်ကို လှည်းကျင်းသုတ်သင်ခဲ့သော မြင်ကွင်းကိုမြင်လိုက်ရပြီးချိန်တွင် ထိုအဖွဲ့ထံ နက်ရှိုင်းသော ရိုသေလေးစားမှုနှင့် အံ့အားသင့်သော ခံစားချက်များကို ရရှိနေနှင့်ပြီးသားဖြစ်သည်။
လူတိုင်း၏ နှလုံးသားထဲတွင်လည်း ထိုစကားလုံးလေးလုံးက ယခင်ကထက်ပို၍ အလေးချိန်စီးလာသည်။
“ဆမ်ဆာ၊ ချဲ့ခွန်းပန်းပါ့ ငါ့ရဲ့အမိန့်ကိုနာခံ တိုက်ပွဲအတွက် အဆင်သင့်ပြင်ထားကြ”
တုဝူစစ်လီက အဝေးသို့ကြည့်နေရင်း ရုတ်တရက် ထပြောသည်။
“ဟုတ်ကဲ့အရှင်”
သူတို့နှစ်ယောက်က ဂါရဝပြုလိုက်ကြပြီး ပြန်ဖြေသည်။ ဆမ်ဆာ၏မျက်ဝန်းများက တိုက်ခိုက်လိုစိတ်များဖြင့် သိပ်သည်းလာသည်။
“အရှင် စိတ်အေးအေးထားပါ ဒီဗိုလ်ချုပ်က အတက်နိုင်ဆုံး ကြိုးစားပါ့မယ်”
ဆမ်ဆာကပြောသည်။
သူဟာ ဝူရှန်းမြင်းတပ်နှင့်တိုက်ပွဲတွင် မျက်နှာပျက်ခဲ့ရသည်။ ဒီကိစ္စက ပြီးဆုံးသွားခဲ့သော်လည်း ဆမ်ဆာကမူ အလွန်ပြင်းထန်သည့် အရှက်ခွဲမှုကြီးအဖြစ် ခံစားနေရသေးပြီး ထိုအကြောင်းအရာကို ပြန်လည်ပြောင်းလဲကာ သူ၏ဂုဏ်သိက္ခာကို အဖက်ပြန်ဆယ်လိုနေသည်။
အချိန်ကတဖြည်းဖြည်း ကုန်ဆုံးသွားပြီးနောက် လေထုအခြေအနေက ပို၍ တောင့်တင်းသထက် တောင့်တင်းလာသည်။ လူအုပ်၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် ဝမ်ချောင်နှင့် ဝူရှန်းမြင်းတပ် အဖွဲ့ဝင်ငါးထောင်က မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ချဉ်းကပ်လာသည်။ ကျန်းရှစ်ထောင်၊ ကျန်းခြောက်ထောင်၊ ကျန်းလေးထောင်... ဝမ်ချောင်က နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။
စစ်တပ်နှစ်ခုက အကွာအဝေး တစ်ခုခြားပြီး တစ်ဖက်ကိုတစ်ဖက် စိုက်ကြည့်နေကြသည်။ လေထုက အလွန်အမင်း တောင့်တင်းလာသည်။ တူရကီစခန်းအတွင်းတွင် မရေမတွက်နိုင်အောင် မြောက်များသော အစိမ်းရောင် ဝံပုလွေကြီးများက အံ့ကိုကြိတ်ကာ သွားဖြဲကြပြီး တိုက်ခိုက်လိုစိတ်အပြည့်နှင့် မာန်ဖီနေကြသည်။ သို့သော် အနောက်ပိုင်းတူရကီ လက်ရွေးစင်များကမူ ပို၍သာ ထိတ်လန့်နေသည်။ သူတို့အားလုံးက အာရုံအပြည့်စိုက်ထားကြပြီး ခန္ဓာကိုယ်က တောင့်တင်းနေသည်။ သွေးကြောများကပင် တင်းကြပ်နေသည်။ လက်များကလည်း လက်နက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရသဖြင့် ချွေးစေးများပင် ရွှဲလာသည်။
ထန်မင်းဆက်က အာရပ်များကို ခပ်အေးအေး လှည်းကျင်းခဲ့သော မြင်ကွင်းကို မြင်လိုက်ရပြီးနောက် သူတို့အားလုံးကလည်း တာလာ့မှ ထိုထန်များကို နက်ရှိုင်းစွာ ကြောက်လန့်နေမိပြီဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ဝမ်ချောင်က ဦးဆောင်လာသည့် ဝူရှန်းမြင်းတပ်ငါးထောင်က အများကြီး တည်ငြိမ်သည်။
“မဟာဗိုလ်ချုပ် ငါ့ရဲ့ကမ်းလှမ်းချက်ကို စဉ်းစားပြီးပြီလား”
ကျန်းတစ်သောင်းကျော် အကွာမှ ဝမ်ချောင်က သူ၏ခွာဖြူအရိပ်မြင်းကို စီးနင်းလျှက် ရှေ့သို့ရောက်လာရင်း တည့်တိုးပြောလိုက်သည်။ သူ၏စူးရှသောအသံက ထက်ရှသော ဓားတစ်လက်ကို အမှောင်ထုကို ထိုးခွဲသွားပြီး အနောက်ဘက် စစ်တပ်အတွင်းမှ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
“ဟွန်း”
တုဝူစစ်လီက အဝေးမှ ဝမ်ချောင်ကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် သူ၏လက်ထဲမှ စစ်ပုဆိန်ကို ယမ်းလျှက် ရှေ့သို့သွားသည်။
“ကောင်စုတ်လေး မင်းဘာတွေ လာပြောနေလဲငါမသိဘူး။ ဒါပေမဲ့ ငါသိတာ တစ်ချက်တော့ရှိတယ်။ မင်းအနေနဲ့ ငါ့ရဲ့အိမ်တံခါးဝကို ကိုယ်တိုင်ကိုယ်ကျ လာရဲကတည်းက သေဆုံးခြင်းဆိုတဲ့ အဓိပ္ပာယ်ကို မသိတော့ဘူးလို့ ခံစားရတယ်။ မင်းအရင်တစ်ခေါက်က ထွက်ပြေးသွားနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ မင်းကိုဘယ်သူလာကယ်မလဲလို့ကြည့်မယ်”
သူကထိုသို့ ပြောနေရင်းမှ တုဝူစစ်လီ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များက ပြင်းထန်စွာ ပေါက်ကွဲသွားသည်။
ဝမ်ချောင်က လုံလောက်အောင် အင်အားမကြီးချေ။ သို့သော် အကြံအစည်ကြီးသည်။ သူ၏နတ်ဘုရင်ရာမက အစောပိုင်း မဟာဗိုလ်ချုပ်အဆင့်တွင်သာ ရှိသော်လည်း အထွတ်အထိပ်အဆင့် တိုက်ကွက်ကိုပင် တားနိုင်၏။ ထိုသတင်းကသာ ပျံ့နှံ့သွားခဲ့လျှင် သူက မျက်နှာပျက်ရပေမည်။ သူက ထိုအရှိန်အဝါ ဝင်္ကပါကို အရလိုချင်သော်လည်း ဝမ်ချောင်ကို သတ်ရမည်ဆိုလျှင်လည်း စိတ်မရှိပါချေ။
“ဟား ဟား ဟား”
တုဝူစစ်လီ၏ စကားကို ကြားသောအခါ ဝမ်ချောင်က ရယ်သည်။ သူက မကြောက်သလို ရှေ့သို့အနည်းငယ်ပင် ဆက်တိုးလိုက်သေးသည်။
“ဒီလိုဆိုမှတော့ ဘာလို့ မကြိုးစားကြည့်တာလဲ မဟာဗိုလ်ချုပ်”
“ရမ်းကားတယ်”
တုဝူစစ်လီ၏ မျက်ဝန်းများက မှေးကျဉ်းသွားပြီး ဒေါသအမျက် ချောင်းချောင်းထသွားသည်။
ဘုန်း
အလင်းက ဖြတ်ကနဲ တောက်ပသွားချိန်တွင်... လူတိုင်းကလည်း ဗိုလ်ချုပ်နှစ်ယောက်ကြားမှ အလဘသလဘစကားများကို နားထောင်နေရင်းမှ ထိုနှစ်ယောက်က မတိုက်ခိုက်ဟု ထင်နေကြချိန်တွင် ရုတ်တရက် တုဝူစစ်လီက သူ၏မြင်းနှင့် တစ်သားတည်းအဖြစ် ပြောင်းလဲသွားလေပြီး ကောင်းကင်ဘုံ ဝံပုလွေနတ် စီတန်းခြင်းကို တပြိုင်တည်း ထုတ်သုံးလိုက်လေရာ မြေကမ္ဘာကို ကွဲအက်သွားစေသည့် ဝုန်းကနဲအသံကြီးက ထွက်ပေါ်လာသည်။ ထိုသို့ကွဲအက်သွားစေသော အသံကြီးနှင့်အတူ သူက ရုတ်တရက် အနက်ရောင် သက်တန့်အဖြစ်ပြောင်းလဲပြီး ဝမ်ချောင်ကို ခုန်အုပ်သည်။
ထိုတိုက်ကွက်၏ စွမ်းအားက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည်။ တုဝူစစ်လီက မြင်းပေါ် ထိုင်နေသောနေရာ... အနက်ရောင် စစ်ပုဆိန်က ရေကိုခုတ်ပိုင်းသလို လေထုကို ထိုးခွဲသွားသောနေရာနှင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက ကျန်းတစ်ဆယ်ကျော် ဝန်းကျင်အတွင်းရှိ လေထုကို ရှုံ့တွသွားစေသည်။ ထိုနေရာက ချက်ချင်းဆိုသလို အသူရာငရဲနှင့် ဆက်စပ်လိုက်သလို ဝုန်းကနဲ တိတ်ကျသွားပြီး မှောင်မည်းကာ ခြောက်ခြားဖွယ်ကောင်းသွားသည်။
ပို၍အံ့အားသင့်စရာကောင်းသည့် အချက်ကမူ ထိုခက်ရင်းခွအတွင်းတွင် ဖျက်ဆီးခြင်းစွမ်းအင်များ ပါဝင်နေပြီး ပမာဏက အလွန့်အလွန် ကြောက်စရာကောင်းသည်။ တုဝူစစ်လီ ဖြတ်သန်းသွားသော နေရာတိုင်းရှိ မြေပြင်က မမြင်ရသော သံမဏိပေါက်တူးဖြင့် တူးဆွခံရသလိုဖြစ်သွားသည်။ မရေမတွက်နိုင်သော ကျောက်သားများ၊ မြေဆီလွှာအစိတ်အပိုင်းများ အားလုံးက အရပ်မျက်နှာအနှံ့ လွင့်စင်ကုန်ပြီး မြေပြင်တွင် နက်ရှိုင်းသော ချိုင့်အမြောင်းလိုက် ချန်ထားရစ်ခဲ့သည်။
“မဟာဗိုလ်ချုပ်”
ထိုပုဆိန်တိုက်ကွက်က ရုတ်ချည်းဆန်လွန်းသဖြင့် ဆမ်ဆာနှင့် ချဲ့ခွန်းပန်းပါ့တို့ကဲ့သို့ နောက်တန်းတွင် အသင့်ပြင်ထားသော လူများကပင် အလန့်တကြား ထခုန်မိသွားသည်။ သူတို့က မတုန့်ပြန်နိုင်သည့် အချိန်တွင် တုဝူစစ်လီက ထန်စစ်တပ်အရှေ့သို့ ချက်ချင်းရောက်သွားပြီး မြေကမ္ဘာကို ကွဲအက်စေသည့် တိုက်ကွက်မျိုးနှင့် ဝမ်ချောင်ကို ခုတ်ပိုင်းလိုက်ခြင်းဖြစ်သည်။
“အမတ်မင်း”
“မကောင်းတော့ဘူး”
အနောက်ဘက်မှ ဝူရှန်းမြင်းတပ်ကလည်း မှင်သက်သွားသည်။ မည်သူကမှလည်း တုဝူစစ်လီက ဒီလိုနည်းလမ်းကိုသုံးပြီး အကောက်ကြံကာ တိုက်ခိုက်လာမည်ဟု မထင်ထားကြချေ။ သို့သော် ထိုအခိုက် ဝမ်ချောင်ကသာ အတည်ငြိမ်ဆုံးဖြစ်နေသည်။ သူက ဖျော့တော့စွာပြုံးလိုက်ရင်း ချောမွေ့စွာ တိုက်ခိုက်လိုက်သည်။
ဘုန်း
မြေကမ္ဘာက ကွဲအက်သံများကို ထုတ်ဖော်သလို လေပြင်းက ဟိန်းတက်လာသည့် အချိန်တွင် ဝမ်ချောင်ဟာ နတ်ဘုရင်ရာမဝင်္ကပါကို အသက်သွင်းပြီး တုဝူစစ်လီကို ပြန်လည်ရင်ဆိုင်လိုက်ပြီဖြစ်သည်။
အလင်းတစ်ချက် ဖြတ်ပြေးသွားပြီးနောက် တစ်လောကလုံးက သတ်ဖြတ်ခြင်း အသူရာဓားအောက်တွင် ဖျက်ဆီးခံရသလို ဝရုန်းသုန်းကားဖြစ်သွားသည်။ ကျယ်လောင်သော တဘုန်းဘုန်းအသံက အနောက်ပိုင်း တူရကီနှင့် ဝူရှန်းမြင်းတပ်အဖွဲ့ဝင်တိုင်း၏ နားကိုအုပ်ပြီး နောက်ဆုတ်မိစေသည်။
လောကတခွင်အနှံ့ အကြမ်းတမ်းဆုံး သဲမုန်တိုင်းက ဖြတ်တိုက်သွားသလို အသံမျိုးနှင့်အတူ ဝမ်ချောင်က နှာတစ်ချက်မှုတ်ရင်း နတ်ဘုရင်ရာမကို လေတွင်ခိုင်မြဲစွာရပ်အောင် ထိန်းထားနိုင်သည်။ သို့သော် တုဝူစစ်လီကမူ ဘေးဘက်သို့ အနည်းငယ် လျောထွက်သွားသည်။ သို့သော် သူက လေထဲတွင် ကိုယ့်ကိုယ်ကို ပြန်တည်ငြိမ်အောင် ထိန်းလိုက်နိုင်သည်။
တိတ်ဆိတ်မှုက ကြီးစိုးလာသည်။ တိုက်ပွဲနယ်မြေတစ်ခုလုံးက ခြောက်ခြားဖွယ် တိတ်ဆိတ်သွား၏။
လူတိုင်း၏နှလုံးသားက လည်ချောင်းတွင် တစ်သွားသည်။ အဖြစ်အပျက်က မြန်လွန်းသည်။ မည်သူကမှ မတုန့်ပြန်ခင် တိုက်ပွဲက ပြီးသွားပြီဖြစ်သည်။ ဝမ်ချောင်က တုဝူစစ်လီအဆင့်တွင် ရောက်ရှိသွားသည်နှင့် စစ်သည်ပေါင်းများစွာက သူတို့ကို မော်သာကြည့်ရတော့မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များ အတွက်မူကား ပါဝင်ပတ်သတ်သော လူများကလွဲပြီး မည်သူကမှ မသိနိုင်ချေ။
“ညစ်ပတ်တဲ့အကောင်”
တုဝူစစ်လီက သူ၏အနက်ရောင် တောင်ပေါ်မြင်းကြီးပေါ်တွင် ထိုင်လျှက် လေထဲတွင် ဝဲပျံနေသည်။ သူ၏ မျက်ဝန်းအတွင်း သိပ်သည်းလွန်းသော သတ်ဖြတ်လိုစိတ်က ထွက်ပေါ်နေသည်။ သူကအပေါ်ယံတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ မုန်တိုင်းထန်နေသည်။ သူကသာ အဖြစ်အပျက်ကို ကောင်းကောင်း နားလည်နိုင်သည်။ သံသယဝင်ရန် မလိုလောက်အောင် တုဝူစစ်လီက လောကရှိ အင်အားအကြီးဆုံး အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများထဲမှ တစ်ယောက်ဖြစ်သည်။ သူဟာ သံမဏိနှင့်သွေး အစိုးရနှင့်ယှဉ်သော် အနည်းငယ် လိုအပ်ချက်ရှိလောက်သည့်တိုင်အောင် ဝမ်ချောင်ထက် အပြတ်အသတ် သာသည်မှာ မေးခွန်းထုတ်ရန် မလိုအပ်သော အခြေအနေဖြစ်သည်။
သို့သော် တုဝူစစ်လီက အင်အားအပြည့်ဖြင့် တိုက်ခိုက်ခဲ့သည့်တိုင်အောင် ဝမ်ချောင်က တားနိုင်ခဲ့သည်။ သူက မည်သည့်ထူးခြားသည့် သိုင်းကိုမျှ မသုံးသွားခဲ့ချေ။ တူညီသော နတ်ဘုရင်ရာမကိုသာ သုံးသွားခဲ့သည်။ သို့သော် တစ်ရက်တည်းနှင့် အင်အားခြင်းကွာခြားချက်က ကြီးမားလွန်းပြီး ကောင်းကင်နှင့် မြေပြင်အလားထင်ရသည်။
“ဘာဖြစ်သွားတာလဲ ဘာလို့ ဒီအကောင်က အချိန်တိုအတွင်း ဒီလောက်ထိ အင်အားကြီးသွားတာလဲ”
တုဝူစစ်လီ၏ လက်ချောင်းများက တကျွတ်ကျွတ် မြည်သံသာ ထွက်လာ၏။ သို့သော် သူက အခြေအနေကို မယုံကြည်ရဲချေ။
ယခုလေးတင် တိုက်ခိုက်ခဲ့ပြီးနောက်တွင် သူက ကောင်းကင်ဘုံဝံပုလွေ နတ်ဘုရားစီတန်းခြင်းကိုသုံးပြီး သူ၏ခန္ဓာကိုယ်ကို လေပေါ်တွင်သာ ဆက်တိုက်ဝဲပျံနေစေခဲ့သည်။ ဝမ်ချောင်နှင့် မတူသည်မှာသူ့တွင် အားနည်းချက်ရှိသည်။ သို့သော် သံသယဝင်ရန် မလိုလောက်အောင် ဝမ်ချောင်၏ ခွန်အားက ပမာဏအများကြီး တိုးလာခဲ့သဖြင့် သူနှင့် လက်ရည်တပြင်တည်း ရပ်နိုင်သွားသည်။
တုဝူစစ်လီအတွက် ဒါက လက်သင့်မခံနိုင်သော ကိစ္စဖြစ်သည်။ မည်သူကမှမဟုတ်သည့် လူငယ်မျိုးဆက် အဖွဲ့ဝင်တစ်ယောက်က သူနှင့်ကျန်းတပြေးတည်း ရပ်နေသည်ကို လက်သင့်မခံနိုင်ချေ။
“ဘယ်လိုလဲ တုဝူစစ်လီ မင်းထပ်စချင်သေးလား”
တုဝူစစ်လီက တုန်လှုပ်နေသည့် အချိန်တွင် ဝမ်ချောင်က ဆက်ပြောလာသည်။ သူ၏မျက်နှာ အမူအရာက လွတ်လပ်ပေါ့ပါးပြီး သဘာဝကျသည်။ မည်သည့်ကြောက်လန့်မှုကိုမျှ မမြင်ရသလို တုဝူစစ်လီကဲ့သို့ ပထမတန်းစား ထိပ်တန်းအဆင့် အင်ပါယာ မဟာဗိုလ်ချုပ်ကြီးကို ရင်ဆိုင်နေရသည့်တိုင်အောင် ကြောက်လန့်ဟန်မပြချေ။ ခါရာဟယ်ဆန်၏ စွမ်းအင်များကို စုပ်ယူပြီးနောက် ဝမ်ချောင်၏ ခွန်အားက အံ့အားသင့်ဖွယ်ကောင်းသော အတိုင်းအတာထိ ထိုးတက်သွားသည်။ သူဟာ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ပြီး မဟာဗိုလ်ချုပ်ကြီးအဆင့်နှင့် ခပ်ပါးပါးသာ ခြားတော့သည်။
ဝမ်ချောင်၏ လက်ရှိအင်အားမျိုးနှင့်ဆိုလျှင် နတ်ဘုရင်ရာမ ဝင်္ကပါမှ စွမ်းအားများကို အလွယ်တကူ ထုတ်သုံးနိုင်ကြောင်း သိနိုင်ပြီဖြစ်သည်။
“မျိုးမစစ်ကောင် ငါမင်းကို မသတ်နိုင်ဘူးလို့ တကယ်ထင်နေတာလား”
တုဝူစစ်လီက သူ၏ အနက်ရောင် စစ်ပုဆိန်ကြီးကို တည့်တည့်ချိန်ထားသည်။ သူ၏ကိုယ်မှ ဒီရေကြီးသလို ကြီးမားသည့် သတ်ဖြတ်လိုစိတ်များက ထိုးထွက်လာပြီး အရှေ့ဘက် ကျန်းတစ်ဆယ်ကျော် ဝန်းကျင်တစ်ခုလုံးရှိ အာကာသပြင်ကို လိမ်တွန့်လာစေသည်။ အဝေးမှသာကြည့်လျှင် မှင်သက်ဖွယ်ကောင်းသော မြင်ကွင်းဖြစ်သည်။
“တုဝူစစ်လီ မင်းငါ့ရဲ့လူကို ပြန်ပေးဆွဲသွားတာကို ငါသိတယ်။ ဒီတော့သူ့ကို ငါ့ကိုပြန်အပ်။ သူ့ရဲ့ဆံပင်တစ်ချောင်း ဆုံးရှုံးရင် မင်းဘယ်လိုအကျိုးဆက်ကို ရင်ဆိုင်ရမလဲ... ငါကဘယ်လို တုန့်ပြန်မလဲဆိုတာကို သိလိမ့်မယ်လို့ထင်တယ်”
ဝမ်ချောင်က မကြားချင်ဟန်သာ ဆောင်သည်။ သူက တုဝူစစ်လီကိုကြည့်ပြီး ခပ်ပြတ်ပြတ် လေသံဖြင့် ပြောလိုက်သည်။ သို့သော် သူ၏အသံကမူ သိပ်သည်းလွန်းသည့် ခြိမ်းခြောက်မှုနှင့် ပြည့်နေသည်။
မည်သည့်ညှိနှိုင်းမှုတွင်မဆို အင်အားက အရေးကြီးဆုံးဖြစ်သည်။
အစပိုင်းတွင် ဝမ်ချောင်က တုဝူစစ်လီ၏ အမြင်တွင် ညှိနှိုင်းရန် အခွင့်မရှိခဲ့ချေ။ သို့သော် ဒီတစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးနောက် ဝမ်ချောင်ဟာ သူ၏အင်အားကို ပြနိုင်ခဲ့သည်။ ဒီနည်းအားဖြင့်သူဟာ တုဝူစစ်လီနှင့် ကျမ်းတပြေးတည်းရပ်ရင်း ညှိနှိုင်းနိုင်ကြောင်း ပြသလိုက်နိုင်သည်။
ဟိန်းဟောက်နေသော လေပြင်းအတွင်းမှ အနောက်ပိုင်းတူရကီများနှင့် ဝူရှန်းမြင်းတပ်က သူတို့၏ ဗိုလ်ချုပ်ကိုသာ ကြည့်နေကြသည်။ သူတို့အားလုံးကလည်း ဒါဟာ စစ်ဖြစ်ခြင်း မဖြစ်ခြင်းဆိုသည့် အခြေအနေအရ ထိုဗိုလ်ချုပ်များအပေါ်သာ မူတည်နေကြောင်း နားလည်နေသည်။ ထိုတခဏက တည်ငြိမ်ကာ ငြိမ်သက်အေးဆေးနေသော်လည်း ထိုတခဏတွင် အလွန်အမင်း ခါးသီးသည့်တိုက်ပွဲ ဖြစ်လာနိုင်သည်။ လေထုက တောင့်တင်းနေသည်။
“ငါ့ရဲ့အမူအရာကိုကြည့်ထား အခြေအနေက ဆိုးလာရင် အရှင်က ငါတို့ကို တိုက်ခိုက်ဖို့ အချက်ပြလိမ့်မယ်”
ဆမ်ဆာက ခပ်တိုးတိုးပြောသည်။
“အွန်း”
ချဲ့ခွန်းပန်းပါ့ကလည်း ခေါင်းညိမ့်သည်။ သူတို့နှစ်ယောက်လုံးက တုဝူစစ်လီ၏ ညာဘက်လက်ကိုသာ ကြည့်နေကြသည်။ တုဝူစစ်လီ၏အနောက်သို့ အချိန်အတန်ကြာ လိုက်ခဲ့ပြီးနောက် နှစ်ယောက်လုံးကလည်း တုဝူစစ်လီတွင် ထူးခြားသော အလေ့အကျင့်ရှိကြောင်း သိလာကြသည်။ သူက တိုက်ခိုက်ရန် အမိန့်ထုတ်ပေးခဲသည်။ သို့သော် မတိုက်ခိုက်ခင် ထူးခြားသော ဟန်အမူအရာကိုသာ ပြတတ်၏။ ကောင်းကင်ဘုံဝံပုလွေ မြင်းတပ်က တိုက်ခိုက်သည့်အချိန်တွင် ရန်သူက မပြင်ဆင်ထားလျှင် သူတို့က သတိလက်လွတ်ဖြစ်ပြီး အငိုက်မိသွားနိုင်လေသည်။
အခန်း(၁၀၀၄)
“ဟား ဟား”
အချိန်တစ်ချို့ကြာပြီးနောက် တုဝူစစ်လီက ရုတ်တရက်ရယ်သည်။ သူ၏အသံထဲတွင် အထင်သေးမှုနှင့် ရက်စက်သောလေသံက ပါနေသည်။
“ကောင်စုတ်လေး မင်းကတော်တော်လေးကို မောက်မာတာပဲ။ ဟုတ်တယ် မင်းလိုချင်တဲ့လူက ငါ့ရဲ့လက်ထဲမှာရှိတယ်။ ဒါပေမဲ့ ငါကသူ့ကို မင်းလက်အပ်မယ်လို့ ဘာကြောင့်များ ထင်ရတာလဲ။ မင်းကမင်းနဲ့ စစ်သည်ငါးထောင် ခေါ်လာရုံနဲ့ ငါ့ရဲ့လက်ထဲကလူတစ်ယောက်ကို ရနိုင်မယ်လို့ ထင်နေတာလား။ မင်းရဲ့အတွေးတွေက ရိုးရှင်းလွန်းမနေဘူးလား။ ငါက ယွီစန်းနဲ့ပေါင်းပြီး မင်းနဲ့ဝူရှန်းမြင်းတပ်ကို သတ်လိုက်မှာကို မကြောက်ဘူးလား”
နောက်ဆုံးစကားများနှင့်အတူ တုဝူစစ်လီ၏ သတ်ဖြတ်လိုစိတ်က ပြင်းထန်စွာ ဖောင်းကြွလာပြီး နောက်တစ်ဆင့်အထိ မြင့်တက်သွားသည်။ လေထဲတွင် ပြင်းထန်သိပ်သည်းလွန်းသည့် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒကလည်း ပြင်းထန်လာသည်။ အပူချိန်ကပင် ထိုးကျလာသည်။
“ဟား ဟား ဟား”
ဝမ်ချောင်က တုဝူစစ်လီ၏ စကားလုံးများကြောင့် မကြောက်လန့်ရုံသာ မကသေးလေဘဲ ရယ်ပင် ရယ်သေးသည်။
“မင်းပြောသလိုသာ မှန်ကန်နေရင် တုဝူစစ်လီ၊ ဟော်ရှု့ဟွေ့ခမ်းနဲ့ တုစုန့်မာန်ဖော်ကျဲ့တို့က ထွက်လာပြီးတာ ကြာလောက်ပြီ။ သူတို့က အခုချိန်ထိ စောင့်နေမှာမဟုတ်ဘူး။ ငါ့ရဲ့ခန့်မှန်းမှုက မှန်ကန်ရင် မင်းရဲ့ဒီဝင်္ကပါအတွက် သူတို့ရဲ့နောက်ကွယ်မှာ အကြံအစည်ချခဲ့တာက မင်းတို့ရဲ့ မဟာမိတ်ကြားမှာ ကွဲအက်ရာထင်သွားစေခဲ့တဲ့ပုံပဲ။ အဲ့ဒီလိုမှမဟုတ်ရင် ဘာလို့မင်းက မင်းရဲ့စစ်တပ်နဲ့အတူ ဒီနေရာမှာလာပြီး တသီးတသန့် စခန်းချနေမှာလဲ”
ဝုန်း
ထိုစကားလုံးများက တုဝူစစ်လီကို အပ်ဖြင့်ထိုးလိုက်သလို ခံစားသွားရသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ခပ်ကြမ်းကြမ်း တုန်ယင်သွားသည်။ ဝမ်ချောင်က စကားလုံးအနည်းငယ်ကို သမန်ကာလျံကာ ပြောခဲ့သည်ဟု ထင်ရသည့်တိုင်အောင် အရေးပါသော အချက်အလက်များကို ထုတ်ပြောသွားသည်။ သူ၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်မှုကြောင့် တုဝူစစ်လီက အစစ်အမှန် ပန်းတိုင်ကို ကွယ်ဝှက်ပြီး တိုက်ပွဲနယ်မြေသို့ တစ်ယောက်တည်းသွားကာ ထိုဝင်္ကပါကို အရယူရန် ကြိုးစားခဲ့သည်။ ထိုကိစ္စအကြောင်းက ပေါ်သွားသည်။ သာ့လွန်ရော့ကျန်းကလည်း မြင်နိုင်ခဲ့၏။ ယွီစန်းက တိုက်ရိုက် ထုတ်မပြခဲ့သော်လည်း နှစ်ဖက်ကြားမှဆက်ဆံရေးက ရှင်းလင်းစွာပင် ကို့ယို့ကားယား ဖြစ်သွားလေသည်။
ထိုသို့ဖြင့် အလွန်ဝေးကွာသောနေရာ တစ်ဖက်တစ်ချက်စီတွင် စခန်းချထားကတည်းက ထိုအခြေအနေကို မြင်နိုင်သည်။
“ဒီကောင်စုတ်... ဘယ်လောက်တောင် စူးရှတဲ့အကြည့်လဲ”
တုဝူစစ်လီက သတိလက်လွတ် လက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်မိသည်။ သူ၏လက်သီးမှ ကွဲအက်သံများက ထွက်ပေါ်လာသည်။ သူ၏ဝမ်ချောင်ကို သတ်ဖြတ်လိုစိတ်က ပြင်းထန်လာသည်။
ဝမ်ချောင်၏ အကြည့်က အလွန်စူးရှသည်။ လက်ရှိအခြေအနေမျိုးတွင် သူက ဆန္ဒရှိလျှင် ဘာကိုမှ မဖုံးကွယ်နိုင်ချေ။
“ကောင်စုတ်လေး မင်းကဘဝင်မြင့်လွန်းတယ်”
တုဝူစစ်လီက ခပ်ကြမ်းကြမ်းပြောသည်။ မည်သူပင်ဖြစ်စေ ဝမ်ချောင်၏ခန့်မှန်းမှုကို သူက ဝန်ခံ၍မရချေ။
“ငါတို့နဲ့ ယွီစန်းက လူတွေအကြားမှာ ဘယ်လိုကိစ္စမျိုးပဲဖြစ်လာဖြစ်လာ ယွီစန်းရဲ့ မဟာအမတ်မင်းက မင်းကို အသတ်ချင်ဆုံးလူဆိုတာကို မမေ့နဲ့ဦး။ ဟင်း ဟင်း မင်းကလူငါးထောင်ကိုပဲခေါ်ပြီး ဒီနေရာကိုလာတဲ့ကိစ္စကို သူသိသွားမယ်ဆိုရင် ဘယ်လိုလုပ်မယ်လို့ထင်လဲ”
ဝမ်ချောင်၏အနောက်မှ လီစစ်ယဲ့၊ ခုံးကျစ်အန်း၊ ဟွမ်ပေါ့ထန်းနှင့် အခြားသောလူတိုင်း၏ မျက်နှာက ဖြူဖျော့သွားကြသည်။ ဝူရှန်းမြင်းတပ်က လောကတွင် ပြိုင်ဘက်ကင်းပြီး ဘယ်သူ့ကိုမှ မကြောက်လန့်သော်လည်း တုဝူစစ်လီ၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့နှင့် ထိုဉာဏ်ပညာကြီးလွန်းသော အမတ်မင်း သာ့လွန်ရော့ကျန်းတို့ကသာ ပူးပေါင်းလိုက်မယ်ဆိုလျှင် ဝူရှန်းမြင်းတပ်ကလည်း တားနိုင်လိမ့်မည်မဟုတ်ချေ။
“စိတ်ဝင်စားစရာပဲ စစ်ဆိုတာက လှည့်စားမှုလမ်းကြောင်းနောက်ကို လိုက်ရတာ။ မဟာဗိုလ်ချုပ်မင်း မင်းမှန်ပါတယ်။ သာ့လွန်ရော့ကျန်း ဒီနေရာမှာ ပေါ်လာနိုင်တဲ့ အခွင့်အရေးက တအားမြင့်တယ်။ ဒါပေမဲ့ ငါကဝူရှန်းမြင်းတပ် ငါးထောင်ပဲ ခေါ်လာတယ်လို့ ဘာကြောင့်များ သေချာနေရတာလဲ”
ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ သူ၏အမူအရာက သဘာဝကျလွန်းပြီး ယုံကြည်မှုအပြည့် ပေါင်းစပ်နေသည်။
ဝုန်း
တုဝူစစ်လီက ထိုစကားလုံးများကြောင့် ဖြူဖျော့သွားသည်။ သူ၏အကြည့်က ဝမ်ချောင်ကိုကျော်ပြီး အနောက်ဘက်ရှိ အမှောင်ထုထဲသို့ပင် ရောက်သွားသေး၏။ ဝမ်ချောင်ဟာ ဝူရှန်းမြင်းတပ် ငါးထောင်ကိုသာ ခေါ်လာကြောင်း ယုံကြည်ထားသည်။ သို့သော် ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီတို့ကသာ ပါလာခဲ့လျှင် အခြေအနေက ခြားနားသွားနိုင်သည်။ သူက ထိုအခြေအနေကို စဉ်းစားရန်လိုအပ်၏။
သို့သော် ဝမ်ချောင်၏ မျက်ဝန်းထဲမှ ရက်စက်သော လှောင်ရယ်လိုစိတ်က တုဝူစစ်လီကို ရုတ်တရက် နားလည်သွားစေပြီး ဒေါသထွက်သွားစေပြန်သည်။
“မျိုးမစစ်ကောင် ငါမင်းကို ဘာမှလုပ်လို့ မရတော့ဘူးလို့ ထင်နေလား။ မင်းကမင်းရဲ့ လက်အောက်ငယ်သားကို အရမ်းကို တန်ဖိုးထားတယ်မဟုတ်လား။ ငါအခုချက်ချင်း သူ့ကိုသတ်ပြီး မင်းကို ဘာမှမရအောင် လုပ်လိုက်လို့ရတယ်”
“မင်းလုပ်ရဲလား”
ဝမ်ချောင်၏အမူအရာက အေးစိမ့်သွားသည်။ သူ၏မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်က ပေါက်ကွဲသွားသည်။ တုဝူစစ်လီကဲ့သို့ ထိပ်တန်းအဆင့် အင်ပါယာ မဟာဗိုလ်ချုပ်တစ်ယောက်၏ အရှေ့တွင်ပင် သူက သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်ထားလိုစိတ်မရှိပါချေ။
ဝမ်ချောင်၏အနောက်တွင် တချွင်ချွင်အသံများဖြင့် မရေမတွက်နိုင်သော ဝူရှန်းမြင်းတပ် အဖွဲ့ဝင်တိုင်းက လက်နက်များကိုထုတ်ပြီး တုဝူစစ်လီကို ချိန်ကြသည်။
“ဟား ဟား နာမည်မဲ့ စစ်သည်တော်တစ်ယောက်ပဲ။ ငါတုဝူစစ်လီက ဒီလိုလူပေါင်း မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့ပြီးပြီ။ လောကမှာ ငါမသတ်ရဲတဲ့လူဆိုတာ မရှိဘူး”
တုဝူစစ်လီက သဘောတကျရယ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်အတန်းကို ပိုင်ဆိုင်ထားသော လူတစ်ယောက်အနေနှင့် မလုပ်ရဲသောအရာဟူ၍ မရှိချေ။ သူဟာ ထိုဝင်္ကပါကို မရနိုင်သေးသည့်အတွက်သာ မလုပ်ဖြစ်သေးခြင်းဖြစ်သည်။ သူက မလုပ်ရဲခြင်းမဟုတ်ချေ။
မည်သို့ပင်ဆိုစေ လူတစ်ယောက်ကို ထပ်ဖမ်းလိုက်ရုံသာ လိုအပ်ပေလိမ့်မည်။
“မျိုးမစစ်”
ဝမ်ချောင်၏အနောက်မှ လီစစ်ယဲ့၊ ခုံးကျစ်အန်း၊ ချန်းစမ်းယွမ်၊ စုရွှတ်ရွှမ်းနှင့် အခြားသောလူတိုင်းက ဒေါသတကြီး အော်ကြသည်။ သူတို့၏မျက်လုံးက နီရဲလာသည်။ ဝမ်ချောင်၏ မျက်လုံးကလည်း သတ်ဖြတ်လိုစိတ်များဖြင့် ထိုးထွက်လာသည်။ တုဝူစစ်လီက ထိုကဲ့သို့သော စကားမျိုးကို ပြောရဲမည်ဟု မထင်ထားမိချေ။ သို့သော် ဝမ်ချောင်က ခပ်မြန်မြန် တည်ငြိမ်သွားသည်။
“အရမ်းကောင်းတယ်”
ဝမ်ချောင်က တုဝူစစ်လီကိုကြည့်ပြီး လှောင်သည်။
“ကြည့်ရတာ ငါတို့ဆက်ပြီး ဆွေးနွေးဖို့ မလိုအပ်တော့ဘူး။ မင်းက စိတ်ဆုံးဖြတ်ပြီးပြီဆိုမှတော့ ပြောတဲ့အတိုင်းသာလုပ်။ ဒါပေမဲ့ အနာဂတ်မှာ မင်းဒီဝင်္ကပါနဲ့ပတ်သတ်ပြီး တစ်ခုခုရနိုင်မယ်လို့ မစဉ်းစားနဲ့တော့။ ဒါ့အပြင် ငါမင်းကိုသတိပေးဖို့မေ့နေတာ။ ငါက သံမဏိမြို့မှာ စစ်သားနည်းနည်း ချန်ထားခဲ့သေးတယ်။ အခုကစတင်ပြီး မင်းချန်းပင်းတစ်ယောက်ကိုသတ်တိုင်း ငါက တူရကီ မြက်ခင်းလွင်ပြင်ဒေသက သိုးကျောင်းသားတစ်သောင်းကို သူနဲ့အတူ မြုပ်နှံမယ်။ မင်းက နှစ်ယောက်ကိုသတ်ရင် နှစ်သောင်းကိုအတူ မြုပ်နှံရလိမ့်မယ်။ လီစစ်ယဲ့ သွားမယ်”
ထိုစကားများနှင့်အတူ ဝမ်ချောင်က စစ်တပ်ကိုဆုတ်ခွာရန် အမိန့်ထုတ်သည်။
သူ၏မျက်နှာချင်းဆိုင်တွင် ရပ်နေခဲ့သည့် တုဝူစစ်လီ၏ မျက်နှာက ဖြူဖျော့သွားသည်။ အနောက်ပိုင်းတူရကီ ခါကာနိတ်က ထန်မင်းဆက်၏ ချီရှီနှင့် ဆက်သွယ်နေသည်။ ထိုနယ်စပ်တောက်လျှောက် သိုးကျောင်းသားပေါင်း များစွာရှိသည်။ အဖွဲ့ပေါင်းများစွာကလည်း သိုးများ၊ ဆိတ်များကို မွေးမြူကြသည်။ အက်ရှာဘာရာခါကန်းကလည်း သိုးကျောင်းသားများကို ဝေးကွာသည့် နေရာထိ ဆုတ်ခိုင်းထားပြီးသားဖြစ်သည်။ ဒီနည်းအားဖြင့် စစ်ပွဲတွင် မညပ်စေလိုချေ။
သို့သော် ထိုနေရာတွင် စိမ်းစိုသောဒေသ၊ သန့်စင်သောလေပြေ၊ မြက်ခင်းလွင်ပြင်ဒေသများက အောက်ဘက်ရှိ အဖိုးတန် မြေအောက်မြစ်နှင့် အိုအေစစ်များနှင့် ဆက်စပ်နေလေရာ အနောက်ပိုင်းတူရကီ ခါကာနိတ်၏ သိုးကျောင်းသားများကလည်း သူတို့၏ သိုးများ၊ နွားများ၊ ဆိတ်များကို ထိုနေရာသို့ ကျောင်းကြသည်။ မည်မျှတားမြစ်စေကာမူ ဒါက အသုံးမဝင်ချေ။
တုဝူစစ်လီက စိတ်သဘောထားပျော့သော ဗိုလ်ချုပ်တစ်ယောက် မဟုတ်ပါချေ။ သူကလည်း ဝမ်ချောင်က လူဘယ်လောက်သတ်သတ် ဂရုမစိုက်ချေ။ သို့သော် အက်ရှာဘာရာခါကန်းကမူ ဂရုစိုက်သည်။ ထိုလူများက အနောက်ပိုင်းတူရကီ၏ သိုးကျောင်းသားများ ဖြစ်နေသေးသည်။ မင်းသားလေးက အဖမ်းခံခဲ့ရချိန်က စစ်မြင်းနှစ်သိန်းနှင့် လဲခိုင်းသည့်ကိစ္စတွင် သူက ခပ်ကြမ်းကြမ်း ဆန့်ကျင်ခဲ့သည်။ သို့သော် ဝမ်ချောင်က သူ၏စစ်သားများကို ဦးဆောင်ပြီး မြက်ခင်းလွင်ပြင် ဒေသသို့တက်ကာ အလုံးအရင်း သတ်ဖြတ်ခဲ့ရုံနှင့် အက်ရှာဘာရာခါကန်းက ချက်ချင်းသဘောတူခဲ့သည်။
ထိုအရာသာမကသေးချေ။ သူက တာလာ့သို့ စစ်သားအများကြီး ပို့လွှတ်ခဲ့ပြီး သာ့လွန်ရော့ကျန်းနှင့် ယွီစန်းတို့နှင့် ပူးပေါင်းခိုင်းခဲ့ခြင်းကလည်း ချီရှီကာကွယ်ရေးစစ်တပ်၏ အပြုအမူများက အက်ရှာဘာရာခါကန်းကို ဒေါသထွက်စေခြင်းဖြစ်သည်။ ဝမ်ချောင်ကသာ စစ်သားများထပ်ပို့ပြီး တူရကီမြက်ခင်းလွင်ပြင် ဒေသသို့ဝင်ကာ နောက်ထပ် အလုံးအရင်း သတ်ဖြတ်မှုကို စတင်ခဲ့လျှင် အပြစ်ဝန်ခံရမည့်လူက သူဖြစ်သွားသည်။ အက်ရှာဘာရာခါကန်းက ဝမ်ချောင်အပေါ် ဒေါသကို သူ့အပေါ် ပုံချပေလိမ့်မည်။
“မျိုးမစစ်ကောင် မင်းက ကောက်ကျစ်လွန်းတယ်”
တုဝူစစ်လီ၏မျက်ဝန်းက ဒေါသကြောင့် တောက်လောင်လာသည်။ ဝမ်ချောင်ဟာ သူ၏အားနည်းချက်ကို ထိသွားသည်ဟု ပြောရပေမည်။ ဒီတစ်ချက်တွင် သူက အားနည်းချက် အနည်းငယ်ပင် မရပါချေ။
“နပေါဦး”
တုဝူစစ်လီက ဝမ်ချောင်ကို ချက်ချင်းလှမ်းခေါ်လိုက်သည်။ ချန်းပင်းကို သတ်ဖြတ်ခြင်းက ရှင်းလင်းစွာပင် ခြိမ်းခြောက်ရုံမျှသာဖြစ်သည်။ သူကလည်း အရေးကြီးသောဝင်္ကပါနှင့် ပတ်သတ်သော ကိစ္စကို မိုက်ရူးရဲဆန်စွာ မလုပ်နိုင်ပါချေ။ သို့သော် ထိုအခိုက် ရုတ်တရက် အပြောင်းအလဲက ဖြစ်လာသည်။
“သာ့လွန်ရော့ကျန်း ထွက်လာခဲ့”
ဝမ်ချောင်က ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် ပတ်ဝန်းကျင်ကိုကြည့်ပြီး ခပ်ကြမ်းကြမ်းအော်လိုက်သည်။
အရာအားလုံးက တိတ်ဆိတ်နေသည်။ တုဝူစစ်လီ၏ အမူအရာကလည်း အေးခဲသွားပြီး ပြောလိုမည့်စကားများကို ပြန်လည်မြိုချလိုက်သည်။ သူ၏အနောက်ဘက်မှ ဆမ်ဆာ၊ ချဲ့ခွန်းပန်းပါ့နှင့် အနောက်ပိုင်းတူရကီ စစ်သည်သောင်းကျော်က ကျယ်ကျယ်လောင်လောင် ဖြစ်သွားကြသည်။
သာ့လွန်ရော့ကျန်းဟုတ်လား
သူတို့က ဘယ်နေရာကလာတာလဲ။ ဘယ်အချိန်လာတာလဲ။ ဘာလို့သူတို့က မသိတာလဲ။
ပို၍ဆိုးသည်မှာ သာ့လွန်ရော့ကျန်းနှင့် ယွီစန်းစစ်တပ်က လီနှစ်ဆယ်ကွာသော နောက်တန်းတွင် ရှိနေကြခြင်းဖြစ်သည်။
ဒါကိုဒီနေရာကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။
မည်းမှောင်နေသော အမှောင်ထုအတွင်းတွင် မြေသားနှင့်ကောင်းကင်က တသားတည်း ပေါင်းစပ်နေသည်ဟု ထင်ရပြီး ထိုးထိုးထောင်ထောင် အရိပ်အချို့ကိုသာမြင်နိုင်သည်။ သူတို့ကလည်း ဝမ်ချောင်က အမှားလုပ်မိသည်ဟု ထင်နေသည့်အချိန်တွင် ရင်းနှီးကျွမ်းဝင်သောအသံကို ကြားလိုက်ရသည်။
“ဟား ဟား လူငယ်အမတ်မင်း မင်းရောက်လာပြီဆိုမှတော့ ဘာလို့အလောတကြီး ထွက်သွားတော့မှာလဲ”
အမှောင်ထုအတွင်းမှ ခပ်တိုးတိုးရယ်သံက ထွက်လာသည်။ ထိုအသံက တုဝူစစ်လီ၏ အနောက်ဘက်မှ မဟုတ်ဘဲ ဝူရှန်းမြင်းတပ်ငါးထောင် အနောက်ဘက်မှဖြစ်သည်။ ထိုရယ်သံက တဖြည်းဖြည်းချင်း ဖျော့တော့သွားသည့်အချိန်တွင် ကျော့ရှင်းကြည့်ကောင်းသော ပုံရိပ်တစ်ခုက လူအုပ်ထဲမှ ထိုးထွက်လာသည်။ သူက ဝူရှန်းမြင်းတပ်အနောက်ဘက် ကျန်းထောင်ပေါင်းများစွာ အကွာမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ သူ၏အနောက်တွင်လည်း ထောင်ထောင်မောင်းမောင်း သန်သန်မာမာနှင့် ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ သူ၏လက်က ဆေဘာဓားပေါ်တင်ထားပြီး အစောင့်အရှောက် နတ်တစ်ပါးအလား ထင်ရသည်။
အခြားသော ဦးတည်ရာဘက်တစ်ခုမှ နောက်ထပ် ပုံရိပ်တစ်ခု ထွက်လာသည်။ သူ၏ကိုယ်မှ စွမ်းအင်မုန်တိုင်းများက ဖြာထွက်နေပြီး သူက လျှောက်လာသည်။ အနောက်မှ တိဗက်ဗိုလ်ချုပ်များက အဖော်ပြုလာ၏။ ထိုသို့ဖြင့် ဘယ်ညာနှစ်ဖက်နှစ်ချက်ဝိုင်းလျှက် နောက်ဆုတ်မည့် ဝမ်ချောင်နှင့် ဝူရှန်းမြင်းတပ် ငါးထောင်၏ လမ်းကြောင်းကိုပိတ်သည်။ တုဝူစစ်လီနှင့် အနောက်ပိုင်းတူရကီများကိုသာ ထပ်ထည့်လိုက်လျှင် ဝမ်ချောင်ကို အဖက်ဖက်မှ ဝိုင်းထားပြီးသားဖြစ်လေသည်။
သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့
ရင်းနှီးကျွမ်းဝင်သော ပုံရိပ်များက အနောက်ပိုင်းတူရကီ စစ်သားများကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။ တုဝူစစ်လီကပင် မျက်လုံးပြူးသွားသည်။
“မဟာဗိုလ်ချုပ် မင်းမှာ ဧည့်သည်ရှိတယ်လို့ကြားလို့ ငါကလူနည်းနည်းခေါ်ပြီး လာကြည့်တာ။ မဟာဗိုလ်ချုပ် စိတ်ထဲမထားဘူးမဟုတ်လား”
သာ့လွန်ရော့ကျန်းက ဖျော့တော့စွာပြုံးပြီး အနားသို့လျှောက်လာသည်။ သူ့ကို ဟော်ရှု့ဟွေ့ခမ်းက အဖော်ပြုထားသည်။
“ဒါပေါ့ မဟာအမတ်မင်း ဒီနေရာကိုရောက်လာတာကို မသိလိုက်ရုံပါ”
တုဝူစစ်လီ၏မျက်နှာက တောင့်တင်းနေသည်။
သူက ယခင်တစ်ခေါက်က ကြည့်ပြီးကတည်းက မည်သူမှမရှိတာ သတိထားမိပြီးသားဖြစ်သည်။ ယခုအခါ တွေးကြည့်မှသာ သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့က သူနှင့်ဝမ်ချောင်တို့ တိုက်ပွဲကို အခွင့်ကောင်းယူပြီး ခိုးကြောင်ခိုးဝှက်လာကာ ဝင်ရောက်လာခြင်းဖြစ်မည်ဟု တွေးဆလိုက်မိသည်။
ယခုလိုအခြေအနေမျိုးတွင် တုဝူစစ်လီကဲ့သို့သော လူမျိုးက သာ့လွန်ရော့ကျန်းကို မမြင်ချင်ဆုံးဖြစ်သည်။
“ဟား ဟား မဟာအမတ်မင်းရဲ့ သဘောထားကြီးမှုက သာ့လွန်ရော့ကျန်းရဲ့ လေးစားမှုနဲ့ ထိုက်တန်ပါပေတယ်”
သာ့လွန်ရော့ကျန်းက ဖျော့တော့စွာပြုံးပြီး ဝမ်ချောင်ကို လှည့်ကြည့်သည်။
“သာ့လွန်ရော့ကျန်း မင်းတကယ်လာတာပဲ”
ဝမ်ချောင်၏ ကြီးမားသော နတ်ဘုရင်ရာမကို မသိမ်းရသေးချေ။
“ဟား ဟား ငါကလည်း မဟာအမတ်မင်းကို စောင့်နေတာ အချိန်နည်းနည်းတောင် ကြာသွားပြီ”
အခန်း(၁၀၀၅)
မူထရီမဟာမြင်းတပ်
ဝမ်ချောင်၏မျက်လုံးက မှေးကျဉ်းသွားပြီး လက်ရွေးစင်မြင်းတပ်ကိုကြည့်သည်။ သူက ထိုမြင်းတပ်ကို ချက်ချင်းမှတ်မိလိုက်၏။ သာ့လွန်ရော့ကျန်းက ယခုလိုအခြေအနေမျိုးတွင် သူ၏ အင်အားအကြီးဆုံး လက်ရွေးစင်မြင်းတပ်ကို ခေါ်လာမည်ဟု မထင်ထားမိချေ။ ယွီစန်း၏ မူထရီမဟာမြင်းတပ်၊ အနောက်ပိုင်းတူရကီ၏ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်နှင့် လက်ရွေးစင် မဟာဗိုလ်ချုပ် သုံးယောက်ကတင် ဝမ်ချောင်နှင့် ဝူရှန်းမြင်းတပ်ငါးထောင်ကို ဖျက်ဆီးရန် လုံလောက်နေပြီဖြစ်သည်။
အမှန်တိုင်းဆိုရသော် သာ့လွန်ရော့ကျန်းကလည်း သူ၏ရည်ရွယ်ချက်ကို ဖုံးကွယ်ရန် ဆန္ဒမရှိပါချေ။ သူကပြောနေရင်းမှ အင်ပါယာနှစ်ခု၏ လက်ရွေးစင်အင်အားစုနှစ်ခုက တဖြည်းဖြည်းချင်း ဝိုင်းထားသော ပုံသဏ္ဍန်မျိုးကို ဖန်တီးလာသည်။ တစ်ချိန်ထဲလိုလို ဝုန်းကနဲမြည်သံနှင့်အတူ အင်အားကြီးမားသော စွမ်းအင်လှိုင်းများကို လွှတ်ထုတ်နေသည့် ပုံရိပ်နှစ်ခုက ပေါ်လာသည်။ သူတို့က သံမဏိသားဖြင့် တည်ဆောက်ထားသလို လေးလံခိုင်မာပုံပေါ်ပြီး လေထုကို ထိုးခွဲလျှက် ဝမ်ချောင်ကို ပိတ်ထားလိုက်သည်။
ဝမ်ချောင်၏ကိုယ်က လေးလံသွားပြီဟုပင် ခံစားလိုက်ရသေးသည်။ သူ၏မျက်နှာက တင်းမာသွားသည်။ ယခုအခါ အဆုံးသတ်မဟုတ်သေးချေ။ တစ်ချိန်ထဲလိုလို တတိယမြောက် မဟာဗိုလ်ချုပ်ကြီးအဆင့် စွမ်းအင်များက အနောက်ဘက်မှ ထိုးထွက်လာပြီး ဝမ်ချောင်ကို ချိတ်ပိတ်လာသည်။ တုဝူစစ်လီကလည်း ဝင်ရောက်လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။
သူကလည်း သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကို ဒီလိုအခြေအနေမျိုးတွင် မမြင်ချင်သော်လည်း တုဝူစစ်လီအနေဖြင့် သူတို့နှင့် ပူးပေါင်းရန် ရွေးချယ်လိုက်သည်။ အင်ပါယာမဟာဗိုလ်ချုပ်ကြီး တစ်ယောက်အနေနှင့် အခြေအနေတစ်ခုလုံးကို ခြုံငုံသုံးသပ်ရမည်ဖြစ်သည်။ သူ၏ဗျူဟာပန်းတိုင်က ပုဂ္ဂိုလ်ရေးရာ ရန်ငြိုးများနှင့် အကျိုးအမြတ်များကို အမြဲတစေ သာလွန်သည်။
“ကောင်စုတ်လေး မင်းဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး။ ငါမင်းကိုပြောထားသားပဲ မင်းက ဘဝင်မြင့်လွန်းတယ်”
တုဝူစစ်လီက အော်သည်။
သူကမူ ဝမ်ချောင်နှင့် သီးသန့်သဘောတူညီမှုလုပ်ရန် စီစဉ်ထားခဲ့သည်။ သို့သော် သာ့လွန်ရော့ကျန်း ပေါ်ပေါက်လာခြင်းက အခြေအနေအားလုံးကို ကစဉ့်ကလျားဖြစ်သွားစေသည်။ သူက ဘာမှပင် မလုပ်နိုင်တော့ချေ။ ထို့ကြောင့် ထွက်သွားရမည့်အစား အကောင်းဆုံး ပူးပေါင်းပြီး ဒီအင်အားစုကို ရှင်းပစ်လိုက်ခြင်းက ပို၍ကောင်းမွန်သည်။ သူက ဝမ်ချောင်ကို ဖမ်းမိနိုင်ခဲ့လျှင် အကောင်းဆုံးရလဒ်ဖြစ်သည်။ အနည်းဆုံး ချန်းပင်းကို စစ်မေးနေခြင်းထက် ပို၍ကောင်းမွန်လေသည်။
အခြေအနေက ခပ်မြန်မြန် ပြောင်းလဲသွားသည်။ ဝူရှန်းမြင်းတပ်ငါးထောင်က ဆိုးရွားသော ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရမည့် အနေအထားမျိုးတွင်ရှိသည်။ ဗိုလ်ချုပ်သုံးယောက်၊ လီစစ်ယဲ့၊ ဟွမ်ပေါ့ထန်း၊ ခုံးကျစ်အန်းနှင့် အခြားသော ဝူရှန်းမြင်းတပ် အဖွဲ့ဝင်တိုင်း၏မျက်နှာက ဖြူဖျော့သွားသည်။
ထိုအခိုက် သူတို့အားလုံးကလည်း သေဆုံးခြင်းရနံ့ကိုရလိုက်သည်။
“ဟား ဟား ဟား”
သာ့လွန်ရော့ကျန်းက သူ၏ကြိုတင်ပြင်ဆင်မှုကိုပြီးဆုံးပြီး ဝမ်ချောင်ကို ဝိုင်းထားပြီးပြီဟု ထင်လိုက်သည့်အချိန်တွင် ဝမ်ချောင်က ရုတ်တရက် ထရယ်သည်။ သူ၏အမူအရာက ထိတ်လန့်မှု မရှိပါချေ။ ပုံမှန်မဟုတ်သော တုန့်ပြန်မှုက လူတိုင်းကို သံသယဝင်သွားစေသည်။ သာ့လွန်ရော့ကျန်းကပင် သတိလက်လွတ် ရပ်လိုက်မိသည်။
“သာ့လွန်ရော့ကျန်း မင်းငါ့ကိုဒီနေရာမှာ တကယ်ပဲ ထိန်းထားနိုင်မယ်လို့ ထင်နေတာလား”
ဝမ်ချောင်၏အသံက ယုံကြည်မှုအပြည့်နှင့် တောက်လောင်လာသည်။ သူက သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့ကိုကြည့်သည်။ သူ၏ကိုယ်မှ ကြီးမားသော စွမ်းအင်လှိုင်းများက လိမ့်တက်လာသည်။ သူ့ကို ဗဟာဗိုလ်ချုပ်သုံးယောက်က ဝိုင်းထားသည့်တိုင်အောင် သူက ကြောက်လန့်မှုကို မပြသချေ။ သူက တစ်စုံတစ်ရာကို မှီခိုနိုင်ပုံပေါ်နေသည်။
အမှောင်ထုအတွင်းမှ ဝမ်ချောင်၏မျက်နှာထားကို မြင်လိုက်ရခြင်းဟာ သာ့လွန်ရော့ကျန်း၏ နှလုံးသားကို ခုန်လှုပ်သွားစေသည်။ သူ့အနေဖြင့် ဝမ်ချောင်ကို ပထမဦးဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်ခြင်းလည်း မဟုတ်ချေ။ ထိုလူငယ်က သူရင်ဆိုင်ဖူးသော ပြိုင်ဘက်တိုင်းထက် ကိုင်တွယ်ရခက်ခဲပြီး ကောက်ကျစ်ကြောင်းကို သူ့ထက်ပိုပြီး မည်သူမျှ နားမလည်နိုင်ချေ။ သူ၏ခြေလှမ်းတိုင်းကို ဂရုစိုက်တွက်ချက်ရန် လိုအပ်သည်။ သူဟာ သတိလက်လွတ် ပေါ့ပေါ့ပါးပါး နေတတ်သည်ဟု ထင်ရသော်လည်း ဒါက အမြဲတစေ ထောင်ချောက်ဖြစ်နေတတ်သည်။ အပျော်စောသောလူကသာ ဒုက္ခအရောက်ဆုံး ဖြစ်တတ်လေသည်။
သာ့လွန်ရော့ကျန်းကလည်း အနောက်တောင်ပိုင်း တိုက်ပွဲတွင်ကတည်းက ထိုသင်ခန်းစာကို ရထားပြီးသားဖြစ်သည်။ သူက သတိလက်လွတ် နောက်ဘက်သို့လှည့်ကာ ကြည့်လိုက်မိသည်။ သို့သော် အမှောင်ထုက တိတ်ဆိတ်နေသည်။ မည်သည့်အရာမှ ဖြစ်မလာချေ။
“ဟား ဟား ဝမ်ချောင် မင်းကမြေခွေးလို ကောက်ကျစ်တယ်ဆိုတာကို ငါသိပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေကနေ မင်းဘယ်လိုထွက်ပြေးသွားမလဲဆိုတာကို ငါသိချင်သေးတယ်။ မင်းကသာ မဟာဗိုလ်ချုပ်သုံးယောက်နဲ့ လက်ရွေးစင်မြင်းတပ် အဖွဲ့ဝင်တွေရဲ့ကြားက လွတ်မြောက်သွားနိုင်ခဲ့ရင် မင်းကို ထန်မင်းဆက်ရဲ့ စစ်နတ်ဘုရားလို့ ခေါ်ရတော့မယ်။ ကောင်းရှန်းကျစ်တောင်မှ အရှုံးဝင်ခံရလိမ့်မယ်”
သာ့လွန်ရော့ကျန်းကရယ်သည်။
သာ့လွန်ရော့ကျန်းက အနည်းငယ်ပင် တုန့်ဆိုင်းမနေတော့ဘဲ ဟော်ရှု့ဟွေ့ခမ်းကို ကြည့်လိုက်သည်။ စစ်ပွဲတွင် အမြန်နှုန်းက အဆီအနှစ်ဖြစ်သည်။ ရှည်ကြာသောညတွင် အိမ်မက်ပေါင်းများစွာ မက်နိုင်သည်။ မည်သူကမှလည်း ဝမ်ချောင်တွင် မည်သို့သောဝှက်ဖဲများရှိကြောင်း မသိနိုင်ချေ။ ထို့ကြောင့် ဝမ်ချောင်ကို အမြန်ဆုံးသတ်နိုင်သမျှ အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။
ဝမ်ချောင်မရှိတော့သောအခါ ထန်မင်းဆက်လောက်သာ အင်အားကြီးနိုင်ပေလိမ့်မည်။ သို့သော် သာ့လွန်ရော့ကျန်း၏ အမြင်တွင် သူတို့က ထည့်တွေးရန်ပင် မတန်တော့ချေ။ ကြောက်လန့်ရန်ပင် မလိုအပ်တော့ပါချေ။
“ဝမ်ချောင် ငါစိတ်မကောင်းပါဘူး။ ငါတကယ်ကို ကိုယ်တိုင်ကိုယ်ကျ မင်းနဲ့ ဉာဏ်ပညာသုံးပြီး စီးချင်းထိုးချင်ပါသေးတယ်။ ဒါပေမဲ့ အဓိကပန်းတိုင်က အနိုင်ရဖို့ပဲ။ ဒီတော့ မင်းသာငါ့နေရာမှာဆိုရင် ဒီလိုပဲလုပ်မယ်လို့ ယုံကြည်ပါတယ်”
သာ့လွန်ရော့ကျန်းက သူ့ကိုယ်သူပြောသလိုမျိုးနှင့် နတ်ဘုရင်ရာမကိုကြည့်လိုက်သည်။
သာ့လွန်ရော့ကျန်းက မည်မျှနောင်တရနေစေကာမူ ဟော်ရှု့ဟွေ့ခမ်းကလည်း ကြိတ်လုပ်သော အတွေးမျိုး နည်းပါးသောလူဖြစ်သည်။ ထို့ကြောင့် အမိန့်ကိုနာခံရသော စစ်သားတစ်ယောက် ဖြစ်နေသည့်အလျောက် သာ့လွန်ရော့ကျန်း၏ အမိန့်ကို သံသယဝင်ခြင်းမရှိချေ။
ချွင်
မှင်သက်ဖွယ်ကောင်းသော ရွှေနီရောင် ဆေဘာဓားအလင်းက လေထဲတွင် ထိုးခွင်းလာပြီးနောက် ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့လွန်ရော့ကျန်းကို ကျော်ဖြတ်လျှက် လေထုအတွင်း ထိုးခွင်းကာ ကြွေကျဆင်းသွားသော ကြယ်တစ်စင်းအလား ကြီးမားသော နတ်ဘုရင်ရာမထံ ခုန်ဝင်သွားသည်။
တစ်ချိန်ထဲတွင်ပင် ကျယ်ပြောသော ရွှေရောင်အလင်းတန်းများက ပေါက်ကွဲလာလေသည်။ ယွီစန်းအင်ပါယာ၏ နာ့ယိတော်ဝင်တပ်ရင်းမှ မဟာဗိုလ်ချုပ်ကြီး ဖြစ်သည့်အလျောက် သူဟာခပ်မြန်မြန် ပုံသဏ္ဍန်ပြောင်းလိုက်သည်။ မျက်တောင်တခတ် အချိန်အတွင်း သူဟာ ကြီးမားသည့် ရွှေရောင်ဗုဒ္ဓ ရုပ်ပွားတော်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ပြင်းထန်စွမ်းအား ကြီးမားလွန်းသည့် စွမ်းအင်များက လူတိုင်း၏ အာရုံခံနိုင်စွမ်းအားကိုပင် လုပ်ကြံသတ်ဖြတ်သေးသည်။
ဘန်း
ဟော်ရှု့ဟွေ့ခမ်းက သူ့နားမရောက်ခင် ကြီးမားသည့် ဗာဂျရာငရုတ်ကျည်ပွေ့ကြီးက အလင်းကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် ပေါ်ပေါက်လာပြီး ကောင်းကင်ကိုအံ့တုနိုင်သည့် ဆေဘာစွမ်းအင်နှင့် ပူးပေါင်းသွားသည်။
ခြိမ်း
ရွှေရောင်အလင်းတန်းက လောကကို ရောင်ပြန်ဟပ်သည်။ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့်ကို ရောက်ရှိသွားပြီးနောက် ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်များက ရွှေသားအတိပြီးသွားသည်။ ကြယ်တာရာစွမ်းအင်များနှင့် ထိပ်တိုက်ရင်ဆိုင်မှုကတင် ကောင်းကင်ကို စုတ်ဖြဲနိုင်မည့်ပုံပေါ်သည်။
ဟော်ရှု့ဟွေ့ခမ်း၏ တိုက်ကွက်က အချက်ပြလိုက်သလိုမျိုး မဟာဗိုလ်ချုပ်သုံးယောက်က ဝမ်ချောင်ကိုသတ်ရန် ဖန်တီးထားသော ထောင်ချောက်တံခါးက ပွင့်သွားသည်။
ဘုန်း
အနည်းငယ်သော တုန့်ဆိုင်းမှုမရှိဘဲ တုစုန့်မာန်ဖော်ကျဲ့၏ မျက်ဝန်းကလည်း အေးစက်သောအလင်းဖြင့် လက်လာသည်။ သူက ဆေဘာဓားကိုဆွဲပြီး ဟော်ရှု့ဟွေ့ခမ်း၏ နောက်မှလိုက်သည်။ ဥက္ကာခဲကြီး ကြွေကျသလိုမျိုး သူက ဝမ်ချောင်ကို မှင်သက်ဖွယ်ကောင်းသော စွမ်းအင်မျိုးဖြင့် ခုတ်ချသည်။ တစ်ချိန်ထဲတွင်ပင် တုဝူစစ်လီက တုန့်ဆိုင်းသွားသည်။ သူက လိုချင်သည့် ဝင်္ကပါကို မရသေးချေ။ ထို့ကြောင့် ဝမ်ချောင်ကို မသတ်ချင်သေးပါချေ။ သို့သော် သူက ဉာဏ်ပညာရှိသော ဆုံးဖြတ်ချက်ကိုချပြီး ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့နှင့် ပူးပေါင်းကာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
ခြိမ်း
တန်တစ်သိန်းခန့်လေးမည့် စွမ်းအင်လှိုင်းများနှင့်အတူ တုဝူစစ်လီက သူ၏ပုဆိန်ကြီးနှင့် တစ်သားတည်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ဘုံဝံပုလွေ နတ်ဘုရားစီတန်းခြင်းကို အသုံးပြုကာ ဝမ်ချောင်ထံ မြှားတစ်စင်းကဲ့သို့ တိုးဝင်သွားသည်။
မဟာဗိုလ်ချုပ်သုံးယောက်က တိုက်ခိုက်လိုက်သည့် တခဏတွင် တစ်လောကလုံးက မှေးမှိန်သွားပုံပေါ်သည်။ ခြောက်ခြားဖွယ်ကောင်းသော လေထုက လူတိုင်းကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။
“အရှင်”
“အမတ်မင်း”
မြေပြင်မှ လီစစ်ယဲ့၊ ခုံးကျစ်အန်းနှင့် အခြားသောလူတိုင်းက အလန့်တကြား အော်ဟစ်လိုက်ကြသည်။ သူတို့၏မျက်နှာက ဖြူဖျော့သွားသည်။
အခြားတစ်ဖက်တွင် ဆမ်ဆာနှင့် ချဲ့ခွန်းပန်းပါ့တို့၏ မျက်နှာကလည်း ဖျော့တော့သောအပြုံးက ပေါ်လာသည်။
သို့သော် အခြေအနေက ထိုသို့ပြောင်းလဲလာခဲ့ပြီး အရာအားလုံးက အဆုံးသတ်တော့မည်ဟု ထင်လိုက်သည့်အချိန်တွင်...
ဘုန်း
တုစုန့်မာန်ဖော်ကျဲ့က ဝမ်ချောင်ရှိရာလေထုကို ထိုးခွဲလျှက် ခုန်ဝင်သွားသည့် အချိန်တွင် သူ၏အနောက်ဘက်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ ကြီးမားသော အနက်ရောင် မျောက်ဝံလက်မောင်းတစ်ဖက်က မြေကြီးထဲမှ ထိုးထွက်လာသည့် အချိန်တွင် မြေကမ္ဘာက ကွဲအက်သွားသည်။ တုစုန့်မာန်ဖော်ကျဲ့ကလည်း ယင်တစ်ကောင်ကဲ့သို့ လွင့်ထွက်သွားသည်။
ဝေါင်း
မျောက်ဝံကြီးက ဟိန်းဟောက်သည်။ မြေကမ္ဘာက တသိမ့်သိမ့် တုန်သွားသည်။ မရေမတွက်နိုင်သော လူပေါင်းများစွာ၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ထိုကြီးမားသော သတ္တဝါကြီးက လေထဲသို့ ခုန်တက်လိုက်ပြီး လူတိုင်း၏အရှေ့သို့ ပေါ်လာသည်။
စွစ်
မူထရီမဟာမြင်းတပ်ကလည်း ရုတ်ချည်းပေါ်လာသော ထိုအကောင်ကြီးကြောင့် ထိတ်လန့်သွားကြသည်။ အလွန့်အလွန် ကြောက်လန့်သွားသလိုမျိုး သူတို့က ကစဉ့်ကလျား ထွက်ပြေးကြသည်။
အခြားတစ်ဖက်မှ အနောက်ပိုင်းတူရကီစစ်သား သောင်းကျော်အပါအဝင် ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ကလည်း အလန့်တကြားဖြစ်သွားသလိုမျိုး စတင်ကာ နောက်ဆုတ်ကြသည်။
ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ် တုဝူစစ်လီကဲ့သို့ ဝမ်ချောင်ထံခုန်ဝင်သွားသော လူအတွက်ကမူ မျက်လုံးပြူးကျယ်လျှက် သရဲတစ်ကောင်ကို မြင်လိုက်သလိုမျိုး နောက်သို့ အသည်းအသန်ဆုတ်သည်။
“မြင့်မြတ်သူ”
ထိုအခိုက် တုဝူစစ်လီကလည်း သူ့ကိုမိုးကြိုးပစ်လိုက်သည်ဟု ခံစားလိုက်ရသည်။ သူ၏စိတ်က မုန်တိုင်းထန်သွားပြီး ဘာလုပ်ရမှန်း မသိတော့လောက်အောင် စွံ့အသွားသည်။ ထိုမျောက်ဝံကြီးက သူနှင့် ထိုမျှနီးကပ်နေအောင် ရုတ်တရက် ပေါ်လာမည်ဟု မထင်ထားမိချေ။ မျောက်ဝံကြီး၏ တိုက်ခိုက်နိုင်စွမ်းအား၊ ခုခံနိုင်စွမ်းအားက အင်ပါယာ မဟာဗိုလ်ချုပ်တစ်ယောက် မမှီနိုင်သော အဆင့်မျိုးတွင်ဖြစ်သည်။ သူက ကိုင်တွယ်နိုင်သော အဆင့်မျိုးတွင်လည်းမဟုတ်ချေ။
ပဲ့ဟယ်မော့ တစ်ကောင်ကတင် တိုက်ပွဲ၏အခြေအနေကို ပြောင်းပြန်လှန်နိုင်သည်။
တုဝူစစ်လီ စိတ်အရှုပ်ဆုံး ကိစ္စကမူ သူဟာ ဝမ်ချောင်နှင့် ဝူရှန်းမြင်းတပ်ငါးထောင်ကို ဂရုတစိုက် စစ်ဆေးကြည့်ခဲ့သည်။ သို့သော် ထိုမျောက်ဝံက မပါလာခဲ့ပါချေ။ ဝမ်ချောင်ကသာ ထိုအကောင်ကို သူမမြင်အောင် ဖုံးကွယ်လိုခဲ့လျှင် သူ့အနေနှင့်...
“သေစမ်း”
အခြေအနေကို နားလည်သွားသည့် တုဝူစစ်လီက လက်သီးကို ဒေါသတကြီးဆုပ်လိုက်သည်။ သူက ဒေါသထွက်နေသည်။ လက်သင့်မခံနိုင်သော စိတ်ကလည်း ပြင်းထန်လာသည်။ တုဝူစစ်လီအနေဖြင့် ရွေးချယ်စရာမရှိဘဲ ရုတ်တရက်ပေါ်လာသော ပဲ့ဟယ်မော့ကို ရှောင်ရသည်။
တုစုန့်မာန်ဖော်ကျဲ့၏ ပူးပေါင်းမှုမရှိတော့သောအခါ သူနှင့် ဟော်ရှု့ဟွေ့ခမ်းကလည်း ဝမ်ချောင်ကို အချိန်တိုအတွင်း သတ်နိုင်လိမ့်မည်မဟုတ်ချေ။ သို့သော် ပဲ့ဟယ်မော့ ရောက်လာခဲ့လျှင် သူ၏အနောက်ပိုင်း တူရကီစစ်တပ်ကသာ ဆုံးရှုံးမှု ကြီးမားတော့မည်မဟုတ်ချေ။ သူနှင့် ဟော်ရှု့ဟွေ့ခမ်းကလည်း ကိုယ့်ကိုယ်ကိုပင် ကာကွယ်ရန် ခက်ခဲလာမည်ဖြစ်သည်။ ထို့ကြောင့် သူတို့ ဒီနေရာတွင် သေကောင်းသေသွားနိုင်သည့် အခွင့်အရေးကပင် များသေးသည်။
ခြိမ်း
အဝေးမှ မျောက်ဝံ့ကြီး၏ ကြီးမားသောခြေထောက်ကြီးက အောက်သို့ ဆင်းသက်လာသည်။
“အား”
ငယ်သံပါအောင် အော်ဟစ်သံများက လေထဲတွင် ဟိန်းထွက်လာသည်။ မူထရီမဟာမြင်းတပ်က အသားတုံးများအဖြစ် နင်းချေခံရသည်။ သူတို့က ရှောင်နိုင်စွမ်းအားပင် မရှိချေ။ သူတို့၏ သံချပ်ကာကပင် သံမဏိပန်ကိတ်အဖြစ် ပြောင်းသွားသည်။
“နောက်ဆုတ် နောက်ဆုတ် နောက်ဆုတ် စစ်သားတိုင်း နောက်ဆုတ်ကြစမ်း”
တုဝူစစ်လီက ထိုမြင်ကွင်းကြောင့် စိုးရိမ်တကြီးဖြစ်သွားပြီး ခပ်ကြမ်းကြမ်းအော်သည်။
“ဟား ဟား တုဝူစစ်လီ ဘာတွေအလောကြီးနေတာလဲ။ မင်းပဲ ငါတို့ကိုပေါင်းပြီး တိုက်ခိုက်ချင်ခဲ့တာမဟုတ်လား။ ဘာလို့ အလောတကြီး ထွက်ပြေးသွားချင်နေတာလဲ”
ဝမ်ချောင်က သဘောတကျရယ်သည်။
ခြိမ်း
ဝမ်ချောင်က ပြောလိုက်သည့်အချိန်တွင် မျောက်ဝံကြီး၏လက်သီးက အောက်သို့ထိုးခွဲလိုက်ပြီး မြေကမ္ဘာကို ပွင့်ထွက်သွားစေသည်။ မူထရီမဟာမြင်းတပ် အဖွဲ့ဝင်ဆယ်ယောက်ကျော်က အသားတုံးများဖြစ်သွားပြန်သည်။ ကြီးမားသော စွမ်းအားများက မူထရီမဟာမြင်းတပ်ဝင်ပေါင်း များစွာကို ခွေးသေကောင်များကဲ့သို့ လွင့်ထွက်သွားစေသည်။
ဇွက် ဇွက် ဇွက်
မူထရီမဟာမြင်းတပ် အဖွဲ့ဝင်များ၏ ရင်ဘက်က တဆတ်ဆတ် တုန်နေသည်။ သူတို့က လေထဲတွင်သာ ရှိနေသေးသည်။ သို့သော် ဆက်တိုက် သွေးအန်နေရသည်။ သူတို့၏ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလေပြီ။
မူထရီမဟာမြင်းတပ်က လေးစားဖွယ်ကောင်းသော ခုခံနိုင်စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း မဟာဗိုလ်ချုပ်များထက်ပင် သာလွန်သေးသော မြင့်မြတ်သူကိုမူ သူတို့က မည်သည့်နည်းနှင့်မျှ မယှဉ်နိုင်ပါချေ။
ဝေါင်း