အခန်း (၁၀၀၆-၁၀၁၀)
Vol. 57 Ch. 1006-1010
အခန်း(၁၀၀၆)
“နောက်ဆုတ် မြန်မြန်လေး နောက်ဆုတ်ကြ”
သာ့လွန်ရော့ကျန်း၏ မျက်လုံးများက ပြူးကျယ်သွားသည်။ သူ၏ ယခင်ယုံကြည်မှုများအားလုံး ပျောက်ဆုံးသွားသလိုမျိုး အမူအရာက ပျက်ယွင်းနေ၏။ ချက်ချင်းဆိုသလို ဝမ်ချောင်၏ ကျော့ကွင်းအတွင်းသို့ ကျရောက်သွားကြောင်း နားလည်လိုက်ပြန်သည်။ သာ့လွန်ရော့ကျန်းကလည်း ထိုမျှကြီးမားသော မျောက်ဝံကြီးကို ဖုံးကွယ်ထားရန် ဖြစ်နိုင်မည်ဟု မမျှော်လင့်ခဲ့ဖူးချေ။ သို့သော် ဝမ်ချောင်ကမူ တူရကီစခန်းနှင့် အတန်ငယ်ကွာဝေးသော နေရာတွင် ကြိုတင်ကာ မြုပ်နှံထားခဲ့သည်။
သူက ကြိုတင်ပြင်ဆင်မှုများ ပြီးသွားသောကြောင့်သာ ဝူရှန်းမြင်းတပ်ကိုခေါ်ကာ ထွက်လာခဲ့ခြင်းဖြစ်သည်။
သာ့လွန်ရော့ကျန်းကလည်း ဝမ်ချောင်ကိုကိုင်တွယ်ရန်ကိုသာ တွေးနေခဲ့ပြီး ဝမ်ချောင်တွင် ဝှက်ဖဲပေါင်းများစွာရှိကြောင်း မေ့နေခဲ့လေသည်။
ငါသတိလက်လွတ် နိုင်လွန်းတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ သူနဲ့တိုက်ခိုက်ရတဲ့အခါ အခွင့်အရေး နည်းနည်းလေးတောင် ပေးလို့မရဘူးပဲ။
သာ့လွန်ရော့ကျန်းက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်သည်။ သူ၏မျက်နှာက ဒေါသများဖြင့် ပြည့်နှက်နေသည်။
ဒီစီမံကိန်းဟာ လွယ်လွန်းနေသည်ဟု တွေးခဲ့သည်။ ဝမ်ချောင်ကို သတ်ဖြတ်ပြီး လွှမ်းမိုးရန်အတွေးက သူ၏စိတ်အတွင်း ပြည့်နှက်နေခဲ့၏။ ဝမ်ချောင်ကသာ အသတ်ခံခဲ့ရလျှင် တာလာ့၏ တိုက်ပွဲမှ အကြီးမားဆုံးသော သက်ရောက်မှုကြီးကို ယွီစန်း အနောက်ပိုင်းတူရကီ ခါကာနိတ်နှင့် အခြားသော တိုင်းပြည်ပေါင်းများစွာက ပိုင်ဆိုင်သွားကြမည်ဖြစ်သည်။
သူတို့အားလုံးက ကိုင်တွယ်ရမည့် ရန်စွယ်ကြီးတစ်ခု လျော့သွားပေလိမ့်မည်။
ဝမ်ချောင်ကသာ ဒီလိုပုံစံမျိုးဖြင့် ဆက်လက်ပြီး တိုးတက်လာခဲ့သော် အနာဂတ်တွင် မည်သူကမှ သူ့ကိုသတ်နိုင်တော့မည်မဟုတ်ချေ။ သို့သော် အဆုံးသတ်တွင် ဝမ်ချောင်က သူ၏လောဘကြီးသွားသည့် အခိုက်အတန့်ကို အရယူကာ အောင်နိုင်သွားသေးသည်။
“အားလုံးပဲ နောက်ဆုတ်ကြ”
သာ့လွန်ရော့ကျန်း၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများက ပြည့်နှက်နေသည်။ မျောက်ဝံကြီး၏ တိုက်ကွက်များက မှင်သက်ဖွယ်ကောင်းလွန်းသည်။ မူထရီမဟာမြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာကပင် မယှဉ်နိုင်ကြချေ။ ပို၍ဆိုးသည်မှာ ဒီတစ်ကြိမ်တွင် သာ့လွန်ရော့ကျန်းက နီးကပ်လွန်းနေသော အတိုင်းအတာ အတောအတွင်းတွင် ရှိသွားသည်။
ဝေါင်း
ကြီးမားသော လက်သီးကြီးတစ်လုံးက ရုတ်တရက် ထွက်ပေါ်လာပြီး သာ့လွန်ရော့ကျန်းကို ထိုးလာသည်။
“မဟာအမတ်မင်း”
ပတ်ဝန်းကျင်မှ အော်သံများက ဆက်တိုက် ထွက်ပေါ်လာသည်။ သာ့လွန်ရော့ကျန်း၏ မျက်နှာကလည်း ဖြူဖျော့သွား၏။ သူဟာ မယုံနိုင်စရာကောင်းသော ဉာဏ်ရည်ကို ပိုင်ဆိုင်ထားသည်။ သို့သော် သိုင်းပညာ အနည်းငယ်သာလျှင်သိသည်။ သူ၏ ကြယ်တာရာစွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းအားက ပြောင်မြောက်ရုံမျှသာဖြစ်သည်။ သို့သော် သူ၏အစစ်အမှန် ကျင့်ကြံခြင်းအဆင့်က မြင့်မားခြင်းပင်မရှိချေ။ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့၏ အဆင့်ကိုပင် မှီနိုင်ခြင်းမရှိချေ။
“သားရဲကောင် ရပ်စမ်း”
ဒေါသတကြီး အော်သံနှင့်အတူ ကွေးကောက်နေသော ဆေဘာဓားတစ်ချောင်းက လေထုကိုထိုးခွဲကာ ပျံသန်းရောက်ရှိလာလေပြီး မျောက်ဝံ၏လက်သီးကို ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ဝင်ရောက်ထိုးခွဲသည်။ မြေကမ္ဘာကို ကွဲအက်သွားစေသော စွမ်းအားမျိုးက ထိုဆေဘာအတွင်းတွင် ပါဝင်နေသဖြင့် ထိုမျောက်ဝံကြီး၏ သံမဏိလက်သီးကို ကျန်းအနည်းငယ်သို့ တွန်းလိုက်နိုင်သည်။ ထိုဓားကို အဝေးရှိ တုစုန့်မာန်ဖော်ကျဲ့က အလွန်ထိတ်လန့်သော မျက်နှာမျိုးဖြင့် လှမ်းပစ်လိုက်ခြင်းဖြစ်သည်။
သို့သော် တုစုန့်မာန်ဖော်ကျဲ့က ဝမ်ချောင်၏လက်ထဲသို့ ရောက်သွားသော မျောက်ဝံကြီး၏အင်အားကို အထင်သေးမိသွားသည်။
ခြိမ်း
ညာလက်က အနည်းငယ် တုန့်ဆိုင်းသွားသော်လည်း မျောက်ဝံကြီးက သူ၏ဘယ်ဘက်လက်မောင်းကို မြှောက်ပြီး သာ့လွန်ရော့ကျန်းကို အလားတူ မှင်သက်ဖွယ်ကောင်းသော စွမ်းအားမျိုးဖြင့် ဖြတ်ရိုက်ပြန်သည်။
ဝုန်း
မြေကမ္ဘာက ကွဲအက်သွားသည်။ ဖုန်မှုန့်များက လေထဲအထက် ကျန်းတစ်ဆယ်ကျော်သည်အထိ မြောက်တက်သွားသေးသည်။ ထိုလက်သီးကျသော မြေပြင်က ကျွံကျသွားပြီး မရေမတွက်နိုင်သော ကွဲအက်ရာပေါင်းများစွာနှင့် အစင်းကြောင်းပေါင်းများစွာကို ပေါ်ထွက်လာစေသည်။
“နှမြောစရာပဲ”
အဝေးမှ ဝမ်ချောင်က နတ်ဘုရင်ရာမအတွင်းတွင် ထိုင်ကာကြည့်နေရင်း သက်ပြင်းချသည်။ တုဝူစစ်လီ၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့က အင်အားကြီးမားလွန်းသော မဟာဗိုလ်ချုပ်ကြီးများဖြစ်သည်။ သို့သော် အကြီးမားဆုံး ခြိမ်းခြောက်နိုင်သူက သာ့လွန်ရော့ကျန်းဖြစ်သည်။ သူက မဟာဗိုလ်ချုပ်သုံးယောက်၏ ဦးနှောက်ဖြစ်သည်။ သူတို့၏ ခွန်အားကို အသက်ရောက်ဆုံးနေရာသို့ အသုံးပြုနိုင်စွမ်းအားရှိအောင် ထောက်ပံ့ပေးနေသူဖြစ်သည်။
သာ့လွန်ရော့ကျန်းက ဒီစီမံကိန်းတွင်သူ့ကို ဆက်တိုက် ကြံစည်အကွက်ချနေခဲ့သည်။ သို့သော် ဝမ်ချောင်ကမူ သာ့လွန်ရော့ကျန်းကို ပြန်လည်ပြီး အကွက်ချနိုင်သေးသည်။
“မဟာအမတ်မင်း အဆင်ပြေရဲ့လား”
အဝေးမှ ဟော်ရှု့ဟွေ့ခမ်းက တင်းတင်းဆုပ်ထားသော လက်သီးကို ပြေလျော့လိုက်သည့် အချိန်တွင် ကိုယ်ပေါ်မှ ကြယ်တာရာစွမ်းအင်များက ပေါက်ထွက်သွားသည်။ ထိုသို့ဖြင့် ဖုန်များအားလုံးကို လွင့်ပျယ်သွားစေသည်။ သူက အရှေ့မှ သာ့လွန်ရော့ကျန်းကိုကြည့်သည်။ သူ၏မျက်နှာတွင် နက်ရှိုင်းသော စိုးရိမ်မှုနှင့် ပူပန်သောကများကို မြင်နိုင်သည်။ ထိုတခဏတွင် ဟော်ရှု့ဟွေ့ခမ်းက သာ့လွန်ရော့ကျန်း အန္တရာယ်ရောက်နေကြောင်း မြင်လိုက်ရချိန်တွင် မျောက်ဝံ၏လက်အောက်မှ ကယ်ဆယ်ရန် ချက်ချင်းခုန်ဝင်လာခဲ့သည်။
ဟော်ရှု့ဟွေ့ခမ်းက နာ့ယိတော်ဝင်တပ်ရင်းတွင် သာ့လွန်ရော့ကျန်းနှင့်အတူ နှစ်နှစ်ဆယ်ကျော် အတူစီမံခန့်ခွဲ အုပ်ချုပ်နိုင်ခဲ့သည်။ ထိုနှစ်ယောက်က သေရေးရှင်ရေး အခြေအနေပေါင်းများစွာကို အတူ ကျော်ဖြတ်ခဲ့ကြသည်။ စိန်ခေါ်မှုပေါင်းများစွာကိုလည်း တွန်းလှန်နိုင်ခဲ့ကြ၏။ ထို့ကြောင့် သူတို့တွင် အလွန့်အလွန် နက်ရှိုင်းလွန်းသည့် ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်နေကြပြီဖြစ်သည်။
ရှု့ထောင့်တစ်ခုမှကြည့်သော် ထိုဆက်ဆံရေးက လက်အောက်ငယ်သားနှင့် အကြီးအကဲဆိုသော ဆက်ဆံရေးထက် အဆုံးထိတိုင် အတူရှိသွားမည့် အကောင်းဆုံး မိတ်ဆွေများကဲ့သို့ ဆက်ဆံရေးဟု ဆိုရမည်ဖြစ်သည်။
“ငါအဆင်ပြေတယ်”
သာ့လွန်ရော့ကျန်းက ခေါင်းအသာခါသည်။ သူက ဟော်ရှု့ဟွေ့ခမ်းကိုကျော်ပြီး အဝေးရှိ ဝမ်ချောင်ကို ကြည့်သည်။ ထိုတခဏတွင် သူ၏မျက်ဝန်းအတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။ သာ့လွန်ရော့ကျန်းကလည်း သူ၏ကိုယ်ပိုင် လုံခြုံရေးကို ဂရုမစိုက်ရလောက်အောင် ညံ့ဖျင်းသောလူမျိုး မဟုတ်ချေ။ ဒီတိုင်း ဟော်ရှု့ဟွေ့ခမ်းပေါ်လာသည်နှင့် လုံခြုံသွားကြောင်း နားလည်လိုက်၍ဖြစ်သည်။
သူ့ကိုပို၍ စိုးရိမ်စေသည်မှာ ဝမ်ချောင်ဖြစ်နေသေးသည်။
မျောက်ဝံကြီးက ပြိုင်ဘက်ကင်းနိုင်သော်လည်း ဝမ်ချောင်က မကင်းနိုင်ချေ။ ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့နှင့် တုဝူစစ်လီတို့ကသာ သူတို့၏ခွန်အားကို ပူးပေါင်းလိုက်လျှင် ဝမ်ချောင်ကို သတ်နိုင်သေးသည်။ သို့သော် သာ့လွန်ရော့ကျန်း၏ စိတ်ထဲတွင် ထိုအတွေးက စက္ကန့်အနည်းငယ်သာ ခံသည်။ အကြောင်းမူကား သူ၏မျှော်လင့်ချက်တိုင်းကို ပျက်စီးသွားစေသည့် အသံတစ်သံ ထွက်လာသောကြောင့်ဖြစ်သည်။
“ဟား ဟား ဟား တုစုန့်မာန်ဖော်ကျဲ့၊ တုဝူစစ်လီ၊ ဟော်ရှု့ဟွေ့ခမ်း... မင်းတို့လို မဟာဗိုလ်ချုပ်ကြီးတွေက သုံးယောက်ပေါင်းပြီး လူငယ်လေးတစ်ယောက်ကို ကိုင်တွယ်မယ်လို့ မထင်ထားဘူး။ မင်းတို့မှာ အရှက်တရား မရှိဘူးလား။ လာ ငါကောင်းရှန်းကျစ်က မင်းတို့ကို အဖော်ပြုပေးမယ်”
အဝေးမှ ကျယ်လောင်သောအသံက ထွက်လာသည်။ အစပိုင်းတွင်မူ လီရာပေါင်းများစွာအကွာက ထွက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် မျက်တောင်တစ်ခတ် အချိန်အတွင်းတွင် လူတိုင်း၏အရှေ့သို့ ရောက်လာသည်။ လူတိုင်းက ခေါင်းလှည့်ကာ ကြည့်လိုက်သည့်အချိန်တွင် အသံပိုင်ရှင်ကို ကျန်းတစ်ထောင်ကျော်ခန့်တွင် တွေ့ရသည်။ ထိုလူ့ထံမှ ဖျက်ဆီးခြင်းမုန်တိုင်း စွမ်းအင်များက ဦးစွာရောက်ရှိလာပြီဖြစ်သည်။
သူတို့အားလုံးကလည်း ချဉ်းကပ်လာသော ပုံရိပ်ပေါင်းများစွာက အလွန်အမင်း မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ရောက်လာနေပြီး မှေးမှိန်သော ကြယ်ရောင်အောက်တွင် တောက်ပနေကြောင်း မြင်ရသည်။ ဦးဆောင်လာသောလူက ပိန်ပါးသောခန္ဓာကိုယ်၊ ကျော့ရှင်းကြည့်ကောင်းသော ကျင့်ဝတ်ပုံစံကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ထိုလူဟာ ဓားအိမ်ထဲမှ မထုတ်ရသေးသော ဓားတစ်လက်နှင့်တူသည်။ သူ့ကိုမြင်လိုက်သော မည်သူကမဆို မိမိဟာ သိမ်နုပ်ညံ့ဖျင်းပြီး ထိုလူကို ရိုသေလေးစားသင့်သည်ဟုပင် ခံစားမိလောက်စေသည်။
ကောင်းရှန်းကျစ်
ထိုလူကို မြင်လိုက်သည့်အချိန်တွင် တုစုန့်မာန်ဖော်ကျဲ့၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုဝူစစ်လီတို့ အားလုံး၏ မျက်နှာက တင်းမာသွားကြသည်။ ဝမ်ချောင်နှင့် မျောက်ဝံကြီးကတင် ကိုင်တွယ်ရ အလွန်ခက်နေပြီးသားဖြစ်သည်။ အနောက်ပိုင်းနယ်မြေမှ စစ်နတ်ဘုရား ကောင်းရှန်းကျစ်ပေါ်လာခြင်းက ထိုအခြေအနေကို ဆိုးသထက် ဆိုးသွားစေသည်။
“အင်အားကြီးလွန်းတယ်။ သူ့ကို အပုမူစလင်က ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်ထားတာ ရှင်းနေတာပဲ။ ဘယ်လိုကြောင့်များ ဒီလောက်မြန်မြန် သက်သာသွားတာလဲ”
တုဝူစစ်လီ၏ မျက်နှာကပင် အံ့အားသင့်မှုကြောင့် ရှုံ့မဲ့သွားသည်။ သာ့လွန်ရော့ကျန်းကလည်း နားမလည်နိုင်ပုံပေါ်သည်။
ကောင်းရှန်းကျစ်၏ အရှိန်နှုန်းနှင့် အရှိန်အဝါအရ သူ၏ဒဏ်ရာအများစုဟာ သက်သာနေကြောင်း မြင်နိုင်သည်။ အန်းရှီစစ်နတ်ဘုရားက ဝမ်ချောင်ထက်ပင် အင်အားကြီးသေးသည်။ ကောင်းရှန်းကျစ်က ပေါ်လာခဲ့လျှင် အခြားသော မဟာထန်၏ လက်ရွေးစင်ဗိုလ်ချုပ်များ အားလုံးက သိပ်မဝေးသောနောက်တွင် ပါလာပေလိမ့်မည်။ သူတို့ကသာ ယခုနောက်မဆုတ်လျှင် တိုက်ပွဲဆင်နွဲရနိုင်သည်။
“ပြေးတော့”
သာ့လွန်ရော့ကျန်းက ဝမ်ချောင်ကို ဒီညကိုင်တွယ်မည့် အတွေးတိုင်းကို ပယ်ချလိုက်သည်။ မူထရီမဟာမြင်းတပ်က စတင်ကာ လျှင်မြန်စွာဖြင့် နောက်ဆုတ်သည်။ တခဏခန့် ကြာပြီးနောက် ကြီးမားသော ဗာဂျရာငရုတ်ကျည်ပွေ့ကြီးက လေထုကို ထိုးခွဲလျှက် အရှေ့မှ မူထရီမဟာမြင်းတပ်ကို ဖိချေနင်းသည်။ ကြီးမားသော ကြယ်တာရာစွမ်းအင် စွမ်းအားများကလည်း မြေကမ္ဘာအတွင်းသို့ပင် တိုးဝင်သွားသေးသည်။
ဝေါင်း
တစ်ချိန်ထဲလိုလို မျောက်ဝံကြီးက ခက်ထန်ကြမ်းတမ်းသော မျက်နှာထားမျိုးနှင့် ရှေ့သို့ခုန်အုပ်သည်။
ဘုန်း
ထိုသို့ဖြင့် မူထရီမဟာမြင်းတပ်၏ အရှေ့သို့ ခြေချလိုက်ပြီး သူတို့၏ နောက်ဆုတ်မည့်လမ်းကိုပိတ်သည်။
ခလွက်
ကြီးမားသော လက်သီးကြီးက အောက်သို့ ဖိချေနင်းပြီး ရှေ့ဆုံးမှ မူထရီမဟာမြင်းတပ် အဖွဲ့ဝင်ဆယ်ယောက်ကျော်ကို အသားတုံးဖြစ်သွားစေပြီး သေဆုံးသွားစေသည်။
ကြီးမားသော မျောက်ဝံကြီးက မူထရီမဟာမြင်းတပ်ကို ရင်ဆိုင်တိုက်ခိုက်နေပြီး တိုက်ကွက်ပေါင်း များစွာကို ဆက်တိုက်ဆိုသလို ထုတ်သုံးနေခဲ့သည်။
ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကဲ့သို့ မဟာဗိုလ်ချုပ်ကြီးများ၏ ထွက်ပြေးသည့် အခြေအနေကို မျောက်ဝံကြီးက မတားနိုင်လျှင်ပင် မူထရီမဟာမြင်းတပ်ကို ကိုင်တွယ်ရန် လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။ မူထရီမဟာမြင်းတပ်က ထွက်ပြေးသွားနိုင်လျှင်ပင် သူတို့က ကြီးမားလွန်းသည့် တန်ကြေးကို ပေးဆပ်သွားရန် လိုအပ်သည်။
“အား”
ကျော်ကြားသော မူထရီမဟာမြင်းတပ်မှ မြင်းသည်တော်တိုင်းက မျောက်ဝံကြီး၏ မြက်ရိတ်ဓားများကဲ့သို့ ဆက်တိုက်ရောက်လာသော တိုက်ကွက်များကြောင့် လေထဲသို့ လွင့်ထွက်ကုန်ပြီး အော်ဟစ်နေကြရသည်။
အချိန်တိုအတွင်းတွင် မူထရီမဟာမြင်းတပ် အဖွဲ့ဝင်နှစ်ရာမှ သုံးရာခန့်က အသတ်ခံလိုက်ရသည်။
“သတ်”
မူထရီမဟာမြင်းတပ်က ထိုအန္တရာယ် တစ်ခုတည်းကိုသာ ရင်ဆိုင်နေရခြင်းမဟုတ်ချေ။ တစ်ချိန်ထဲတွင်ပင် လီစစ်ယဲ့က သူ၏ဓားကို ဆွဲထုတ်လိုက်ပြီး သတိလက်လွတ် တုန့်ပြန်လိုသည့် စိတ်ဆန္ဒဖြင့် အခွင့်အရေးကို အမိအရယူရန် ကြိုးစားသည်။ သူက သူ၏တပ်ဖွဲ့များကို ဦးဆောင်ပြီး မူထရီမဟာမြင်းတပ်ထံ ချီတက်သည်။
“ရပ်စမ်း”
ညကောင်းကင်ကို ဟိန်းထွက်လာစေသည့် အသံတစ်သံက ရုတ်ချည်းထွက်ပေါ်လာသည်။
“ကောင်စုတ်လေး မင်းချန်းပင်းရဲ့အသက်ကို လိုချင်သေးလား။ မင်းအခုမရပ်ရင် ငါသူ့ကို ချက်ချင်း သတ်လိုက်မယ်။ ဒါဆိုရင် ငါတို့ တိုက်ပွဲဆက်ဖြစ်ရုံပဲ”
တုဝူစစ်လီက လေထဲတွင် လွင့်ပျံလျှက်ရှိနေသည်။ သူ၏မျက်နှာတွင် အံ့အားသင့်မှုနှင့် ဒေါသများကို မြင်နိုင်သည်။ ကြီးမားသော မျောက်ဝံကြီးက ရုတ်ချည်းဆန်စွာ ပေါ်ထွက်လာခဲ့ပြီးနောက် သိပ်မကြာခင် ကောင်းရှန်းကျစ်က ရောက်လာသည်။ တိုက်ပွဲ၏ရလဒ်က လေထဲတွင် ဆုံးဖြတ်နိုင်သေးသည်။ သို့သော် သူကသာ ဝမ်ချောင်နှင့် မျောက်ဝံကြီးကို အချိန်မှီမတားခဲ့လျှင် သူ၏ကိုယ်ပိုင်အင်အားစုက အလွန့်အလွန် ဆိုးရွားသည့် ဆုံးရှုံးမှုကို ခံရပေတော့မည်။
ဝုန်း
ချက်ချင်းဆိုသလိုပင် တိုက်ပွဲနယ်မြေတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ မျောက်ဝံကြီးက လွှတ်ထုတ်ထားသည့် ပြင်းထန်လွန်းသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများက ရုတ်ချည်းထိုးကျသွားသည်။ ထို့ပြင် သူ၏တိုက်ကွက်များ အားလုံးက ရပ်တန့်သွားသည်။ သူ၏ သွေးနီရောင် မျက်ဝန်းများက အဝေးရှိ တုဝူစစ်လီကိုကြည့်သည်။
“တုဝူစစ်လီ ဆိုတော့... မင်းက အလဲအလှယ် လုပ်ချင်တာလား”
ဝမ်ချောင်ကပြောသည်။
တိုက်ပွဲက ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားသလို လီစစ်ယဲ့၊ ခုံးကျစ်အန်းနှင့် အခြားသော အရာရှိတိုင်းက ဗိုလ်ချုပ်နှစ်ယောက်ကိုသာကြည့်သည်။
သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကပင် ရပ်ကြည့်လာကြသည်။ ဝမ်ချောင်က ကောင်းကောင်းပြင်ဆင်လာခဲ့လျှင် ဒီတိုက်ပွဲတွင် သူတို့အတွက် အခြေအနေ ဆိုးပေလိမ့်မည်။ သို့သော် ယခုမူ တုဝူစစ်လီနှင့် ဓားစာခံချန်းပင်းတို့ကြောင့် ရပ်တန့်နိုင်သေးသည်။
“ငါဒီလိုကိစ္စမျိုးကို ဘာမှပြောစရာမရှိတော့ဘူး”
တုဝူစစ်လီ၏ မျက်လုံးက မှေးကျဉ်းသွားပြီး ဟန်အမူအရာကို ပြန်ထိန်းသည်။ လူပေါင်းများစွာ၏ အရှေ့တွင် သူဟာ ထိုကဲ့သို့သော အရာမျိုးကို ဝန်ခံ၍ရလိမ့်မည်မဟုတ်ချေ။
ဝမ်ချောင်က ပြုံးရုံသာပြုံးသည်။ တုဝူစစ်လီကို နက်နဲသော အကြည့်မျိုဖြင့်သာ ကြည့်နေ၏။
“ဝမ်ချောင် ဒါကအရမ်းကို ရှားပါးတဲ့ အခွင့်အရေးပဲ။ မျောက်ဝံကြီးက ဘယ်ချိန်သေမလဲဆိုတာကို ဘယ်သူကမှ မသိနိုင်ဘူး။ သူ့ကိုအသုံးဝင်နေသေးတဲ့အချိန်မှာ ငါတို့အကောင်းဆုံး အခွင့်အရေးကို အမိအရယူပြီး အနောက်ပိုင်းတူရကီနဲ့ တိဗက်တွေကို ကိုင်တွယ်သင့်တယ်”
ချန်းချန့်လီနှင့် ကောင်းရှန်းကျစ်တို့က ဘေးဘက်သို့ရောက်လာသည့် အချိန်တွင် သူ၏နားထဲသို့ လေသံတိုးတိုးက ဝင်ရောက်လာသည်။ မူထရီမဟာမြင်းတပ်ကလည်း ထိုနှစ်ယောက်ကို မြင်သောအခါ ကြောက်လန့်မှုအပြည့်နှင့် နောက်သို့ဆုတ်ကြသည်။
သစ်ပင်၏အရိပ်ကဲ့သို့ ကျော်ကြားမှုကို ပိုင်ဆိုင်ထားသော အမျိုးသားမျိုးဖြစ်လေရာ အန်းရှီကာကွယ်ရေးစစ်တပ်မှ ဗိုလ်ချုပ်၏နာမည်ကို မကြားဖူးသူမရှိချေ။ မူထရီမဟာမြင်းတပ်ကလည်း သူ့ကို အနည်းနှင့်အများကြောက်သည်။
“အလျင်လိုစရာ မလိုပါဘူး။ မျောက်ဝံကြီးက မူထရီမဟာမြင်းတပ် အဖွဲ့ဝင်အချို့ကိုသတ်ပြီးပြီ။ သူတို့က အခု အများကြီးပိုပြီး ပြင်ဆင်ထားတော့ ရလဒ်က ထင်သလောက် မကောင်းနိုင်တော့ဘူး။ ဒီလိုအချိန်မှာ လှုပ်ရှားသင့်တဲ့လူတွေက တုဝူစစ်လီနဲ့ သူ့ရဲ့တူရကီမြင်းတပ်ပဲ။ ဒါပေမဲ့ မျောက်ဝံကြီးက သာမာန်တူရကီ စစ်သားတွေကို ကိုင်တွယ်ဖို့မလိုဘူး။ ငါတို့က ချန်းပင်းကိုသွားကယ်တဲ့အခါ သူတို့ကို တစ်ခါတည်း ရှင်းလို့ရသေးတယ်”
ဝမ်ချောင်က ယုံကြည်မှုအပြည့်နှင့်ပြောသည်။
အခန်း(၁၀၀၇)
ယခုအခါ အနောက်ပိုင်းတူရကီနှင့် တိဗက်များ၏ တိုက်ခိုက်ရေးအင်အားကို လျော့ကျသွားစေအောင် လုပ်နိုင်မည့် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။ သို့ရာတွင် မျောက်ဝံကြီးက မသေခင် နှစ်ရက်၊ သုံးရက် ဆက်တိုက်သာလျှင် တက်နိုင်သည်။ ချန်းပင်း၏ စစ်တပ်အပေါ် လွှမ်းမိုးမှုကမူ ရေရှည်ဖြစ်သည်။ သူ၏အမိန့်အောက်တွင် လက်နက်ကြီးတပ်ဖွဲ့က မျောက်ဝံကြီးထက်ပင် ပို၍များပြားသော ရန်သူများကို သတ်ဖြတ်နိုင်ပေလိမ့်မည်။
“ဒါက... အဆင်ပြေပါတယ်”
ချန်းချန့်လီက တခဏခန့် တုန့်ဆိုင်းသွားပြီးနောက် ခေါင်းညိမ့်လိုက်သည်။
“တုဝူစစ်လီ ငါတို့မင်းပြောတဲ့အတိုင်းလုပ်မယ်။ ငါ့ရဲ့အဖွဲ့တွေကို အခုပဲ ပြန်ရုတ်သွားလို့ရတယ်။ ဒါပေမဲ့ မှတ်ထား နေ့လည်ရဲ့ အချိန်သုံးပုံတစ်ပုံကာလက ငါတို့အလဲအလှယ်လုပ်မဲ့ နောက်ဆုံးအချိန်ပဲ။ ချန်းပင်းကို ငါ့ဆီ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ အကောင်းတိုင်း ပြန်ခေါ်လာခဲ့ပါ။ ဒါဆိုရင် မင်းင့ါဆီက ဒီဝင်္ကပါရဲ့ လျို့ဝှက်ချက်တွေကို ရနိုင်တဲ့ နောက်ဆုံးအခွင့်အရေး ရှိလိမ့်မယ်။ ဒါပေမဲ့ နေ့လည်ကာလရဲ့ သုံးပုံတစ်ပုံ ကျော်တဲ့အထိ ဘာအလဲအလှယ်မှ မရှိလာခဲ့ဘူးဆိုရင်တော့ ဒီဝင်္ကပါရဖို့ မစဉ်းစားနဲ့တော့။ ဒါ့အပြင် ချန်းပင်းက အဲ့ဒီအချိန်အထိ ငါ့ရဲ့စခန်းကို ပြန်မရောက်သေးရင် ငါတို့မှာရန်ငြိုးရှိသွားပြီ။ တုဝူစစ်လီ မင်းတန်ကြေးကို အဆတစ်ရာမက ပြန်ပေးဆပ်ရလိမ့်မယ် သွားမယ်”
အေးစက်သော နှာခေါင်းရှုံ့သံနှင့်အတူ ဝမ်ချောင်က ခေါင်းကိုလှည့်ပြီး စစ်တပ်ကိုဦးဆောင်ကာ ခေါ်သွားသည်။ ဒီတစ်ကြိမ်တွင် မည်သူကမှ သူ့ကိုမတားချေ။ တုဝူစစ်လီပင်ဖြစ်စေ၊ သာ့လွန်ရော့ကျန်းပင်ဖြစ်စေ၊ သူ၏အဖွဲ့ဝင်များပင်ဖြစ်စေ မတားကြချေ။ မူထရီမဟာမြင်းတပ်က တကွဲတပြား ဖြစ်နေကြသည်။ သဘာဝအလျောက်ပင် သူတို့က လမ်းကြောင်းကို မကာထားနိုင်တော့ချေ။
အဆုံးသတ်တွင် သူတို့အားလုံးက ထိုအတိုင်း ဆက်နေကြပြီး ဝမ်ချောင်၏စစ်တပ်က အမှောင်ထုအတွင်း ပျောက်ကွယ်သွားသည်အထိ ကျန်ရစ်ခဲ့ကြသည်။
“မဟာဗိုလ်ချုပ်”
ဝမ်ချောင်က ပျောက်သွားသောအခါ သာ့လွန်ရော့ကျန်းက ဖျော့တော့သောအပြုံးဖြင့် တုဝူစစ်လီကိုကြည့်သည်။ ရိုးရှင်းသောအပြုံးကလည်း တုဝူစစ်လီ၏ နှလုံးသားကို ခုန်လှုပ်သွားစေသည်။
အမှန်တိုင်းဆိုရသော် သူက ချန်းပင်းကို ဓားစာခံအဖြစ် ခေါ်ထားသောကိစ္စကို အဖုံးကွယ်ချင်ဆုံးလူက သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းဖြစ်သည်။ သို့မဟုတ်လျှင် သူက သူ၏လုပ်ရပ်ကို ဖုံးကွယ်ရန် ဟန်ပြခဲ့မည်မဟုတ်ချေ။ သို့သော် ထိုအမျိုးသားများ၏ အကြံအစည်က ကောင်းကင်ဘုံ၏ အကြံအစည်များကို ချန်ရစ်မရချေ။ ထို့ပြင် သာ့လွန်ရော့ကျန်းကဲ့သို့သော လူကို ကိုင်တွယ်ရာတွင်လည်း ကံကောင်းမှုနှင့် ကံကြမ္မာကို ထည့်တွက်ရပေလိမ့်မည်။ သာ့လွန်ရော့ကျန်းက သူ၏အကြံကို ဖော်နိုင်လိုက်ရုံသာ မကသေးလေဘဲ တုဝူစစ်လီက အလွန့်အလွန် ခုခံရသည့် အခြေအနေမျိုးသို့ တွန်းပို့လိုက်သေးသည်။
“မဟာအမတ်မင်း”
တုဝူစစ်လီကလည်း ခေါင်းမာသော မျက်နှာနှင့် ရှေ့သို့တက်ရင်း ခေါ်လိုက်သည်။
“ဟား ဟား ငါက ချီရှီကာကွယ်ရေးဗိုလ်ချုပ်ပြောတဲ့ ဝင်္ကပါဆိုတဲ့အကြောင်း ကြားလိုက်မိသလားလို့။ မဟာဗိုလ်ချုပ်ကသာ ဒီလိုအံ့အားသင့်ဖွယ်ကောင်းတဲ့ ပစ္စည်းမျိုးကို ပိုင်ဆိုင်ထားတာရှိရင် မဟာဗိုလ်ချုပ်အနေနဲ့ ငါတို့ကို ကြိုတင်ပြီး အကြောင်းကြားခဲ့သင့်တာ။ ဟော်ရှု့နဲ့ငါကလည်း မဟာဗိုလ်ချုပ်ရဲ့ အကြံအစည်တွေကို ပြောင်မြောက်အောင် ကူညီပေးနိုင်မှာပဲ။ ဒီလိုဆိုရင် အဲ့ဒီဝင်္ကပါက ငါတို့အပိုင် ဖြစ်နေလောက်ပြီ”
သာ့လွန်ရော့ကျန်းက ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကို ဟန်အမူအရာပြသည်။ ထိုမဟာဗိုလ်ချုပ်ကြီးနှစ်ယောက် အပါအဝင် မူထရီမဟာမြင်းတပ်ကလည်း ပြန်လည်ပူးပေါင်းသွားပြီး တုဝူစစ်လီ၏အနားသို့ တက်လာသည်။
တုဝူစစ်လီကလည်း သာ့လွန်ရော့ကျန်း၏ စကားများကြောင့် ဖြူဖျော့သွားသည်။ သာ့လွန်ရော့ကျန်းက လှည့်ကွက်အပြည့်နှင့် ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် သူ၏အဓိပ္ပာယ်က သိသာသည်။.. သူလည်းဒီဝင်္ကပါရဲ့ လျို့ဝှက်ချက်ကိုလိုချင်တယ်။
ဒါကတုဝူစစ်လီ ရှောင်ရန်မျှော်လင့်ထားသော အခြေအနေမျိုးဖြစ်သည်။ အနောက်ပိုင်းတူရကီနှင့် တိဗက်များက အလွန်ခြားနားသော ပုံစံမျိုးနှင့် နေထိုင်ကြခြင်းဖြစ်သော်လည်း နှစ်ဖက်လုံးက တောင်ပေါ်ဒေသ တိုင်းပြည်ကြီးများဖြစ်ပြီး ရေကြည်ရာမြက်နုရာရှာသော ပုံစံမျိုးကို ကျင့်သုံးနေထိုင်ကြသူများဖြစ်သည်။ ထို့ကြောင့် အင်ပါယာနှစ်ခုလုံးက မြင်းတပ်ကို ဦးစားပေးသည်။ တုဝူစစ်လီကသာ ထိုဝင်္ကပါ၏ လျို့ဝှက်ချက်ကို လက်ဝယ်ပိုင်ဆိုင်ထားလျှင် အနောက်ပိုင်းတူရကီ ခါကာနိတ်ကို ပြန်လည်ပြောင်းလဲပြီး တူရကီခါကာနိတ်ထက် ပို၍အင်အားကြီးမားအောင် ပုံသွင်းနိုင်ပေလိမ့်မည်။ ထို့ကြောင့် သာ့လွန်ရော့ကျန်းနှင့် ယွီစန်းကလည်း အလားတူလုပ်နိုင်သည်မှာ သံသယဝင်ရန် မရှိချေ။
“မဟာအမတ်မင်းက ပြောင်မြောက်တဲ့မျက်ဝန်းကို ပိုင်ဆိုင်ထားတာပဲ။ မျှော်လင့်ထားတဲ့အတိုင်းပဲ မဟာအမတ်မင်းရဲ့ရှေ့မှာ ဘာကိုမှ ဖုံးကွယ်ထားလို့မရဘူး။ မဟာအမတ်မင်းက ဒီကိစ္စကို ထည့်မပြောလာရင်တောင်မှ ငါကမဟာအမတ်မင်းကို ငါကိုယ်တိုင် အကြောင်းကြားဖို့ စဉ်းစားထားပြီးသားပါ။ အာ ဒီကောင်လေးက ဉာဏ်များလွန်းတာကိုး”
သူဟာအလွန်အမင်း တွန့်ဆုတ်နေသော်လည်း တုဝူစစ်လီက ထိုစကားလုံးများကို အံ့ကြိတ်ကာ ပြောလိုက်ရသည်။
သာ့လွန်ရော့ကျန်းက သိုင်းပညာရှင်တစ်ယောက်အနေနှင့် သိမ်နုပ်ညံ့ဖျင်းသော်လည်း ကျွမ်းကျင်လွန်းသော ဗျုဟာပညာများက တုဝူစစ်လီကပင် လှည့်စားရခက်ခဲလွန်းသည်။ သာ့လွန်ရော့ကျန်းက အခြေအနေကို ရှာတွေ့သွားပြီး တုဝူစစ်လီကို ခုခံသောအနေအထားသို့ တွန်းပို့နေပြီဖြစ်လေရာ ဝန်ခံခြင်းက ပို၍ကောင်းမွန်လေသည်။
“မဟာဗိုလ်ချုပ်ပြောတာကလည်း မှန်ကန်တာပဲ။ ဘာပဲဖြစ်ဖြစ် ထန်ဧကရာဇ်ရဲ့ တိုက်ရိုက်တပည့်ဆိုမှတော့ သေချာပေါက် ကိုင်တွယ်ဖို့ ခက်ခဲတာပေါ့”
သာ့လွန်ရော့ကျန်းက ဖျော့တော့စွာပြုံးသည်။ သူက ရာထူးကြီးသူတစ်ယောက်၏ လွှမ်းမိုးနိုင်စွမ်းအားကို လွှတ်ထုတ်လာသည်။
သာ့လွန်ရော့ကျန်းကလည်း တုဝူစစ်လီ၏ပါးစပ်မှ စကားတစ်ခွန်းမျှကိုမှ မယုံကြည်ပါချေ။ နှစ်ဖက်လုံးက ဉာဏ်ပညာရှိရှိဖြင့် ထိုအခြေအနေကို ဒီတိုင်း လက်ခံလိုက်ကြသည်။ တုဝူစစ်လီက ဝေမျှပေးရန် ဆန္ဒရှိသည်မှာ သာ့လွန်ရော့ကျန်းကလည်း ကျန်သောကိစ္စများကို ဂရုစိုက်မနေပါချေ။
တုဝူစစ်လီနှင့် သာယာနာပျော်ဖွယ် စကားအချို့ကို ဖလှယ်ပြီးနောက် သာ့လွန်ရော့ကျန်းက သူ၏လူများကိုခေါ်ကာ ပြန်ထွက်သွားသည်။
သာ့လွန်ရော့ကျန်း ပြန်ထွက်သွားမှသာ ချဲ့ခွန်းပန်းပါ့က ဒေါသအပြည့်နှင့်အော်သည်။
“အရှင် သာ့လွန်ရော့ကျန်းက ဝမ်ချောင်ကို ကောက်ကျစ်တယ်လို့ပြောတယ်။ ဒါပေမဲ့ သူကမှ ပိုပြီး အကောက်ကျစ်ဆုံးပဲ။ ကျွန်တော်တို့က အပင်စိုက်ထားတဲ့သူ ဒါပေမဲ့သူက ဘာမှမလုပ်ဘဲ အသီးလာခူးချင်နေတယ်။ ဒါက မောက်မာလွန်းတယ်”
“ဟုတ်တယ် ဒီတိဗက်တွေက လွန်လွန်းအားကြီးတယ်။ သူတို့က ငါတို့ကသူတို့ကို အကြွေးတင်နေတယ်လို့များ ထင်နေကြတာလား”
ရှာမာကလည်း သဘောတူသည်။ သူ၏မျက်နှာက အလားတူပင် ဒေါသကြောင့် ရှုံ့မဲ့နေသည်။
သို့သော် ရှာမာက ထိုသို့ပြော၍သာပြီးသေးသည်။ သူ့ကို လက်ဝါးတစ်ချက်က လွင့်ထွက်သွားစေသည်။ ရှာမက ပါးတစ်ဖက်ကိုအုပ်ရင်း ကြောင်တောင်တောင်ဖြစ်သွားသည်။
“မျိုးမစစ်ကောင်”
တုဝူစစ်လီ၏ အမူအရာက တင်းမာခက်ထန်နေသည်။
“မင်းကသာ အဲ့ဒီလို စိတ်ပျက်စရာကောင်းတဲ့ အခြေအနေမျိုးကို မလုပ်ခဲ့ဘဲ အင်ပါယာသိုင်းအဆင့်ရှိတဲ့ ထန်တစ်ယောက်ဆီမှာ မရှုံးခဲ့ရင် ငါတို့က တိဗက်တွေရဲ့ အကူအညီကို လိုက်မျှော်လင့်နေရတဲ့ အခိုက်အတန့်ကို မရောက်သွားခဲ့ရင် ဘယ်လိုကြောင့်များ ဒီကောင်တွေက ဒီလောက်ထိ မောက်မာနေရဲမှာလဲ”
ရှာမာက အရှက်ရမှုအပြည့်နှင့်အတူ ခေါင်းညိမ့်သွားသည်။ သူ၏ပါးစပ်က ဖွင့်လိုက်ပိတ်လိုက် ဖြစ်သွားသည်။ သို့သော် ဘာစကားမှ ထွက်မလာခဲ့ချေ။ သူကလည်း သူ့ကိုယ်သူ ခုခံကာကွယ်ရန် မည်သည့်စကားမှ မဆိုရဲပါချေ။
တုဝူစစ်လီက ရှာမာကို လျစ်လျူရှု့လိုက်ပြီး အင်္ကျီလက်ကို တစ်ချက်ခါယမ်းလျှက် သူ၏စခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်။
...
အနောက်ပိုင်းတူရကီစခန်းနှင့် ဆယ်လီခန့်အကွာတွင် ရှိနေသော သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့က မူထရီမဟာမြင်းတပ်ကို ဦးဆောင်ကာ သူတို့၏ ကိုယ်ပိုင်စခန်းသို့ သွားနေသည်။
“တုဝူစစ်လီက တော်တော်လေးကို ဆန္ဒမရှိတဲ့ပုံပဲ”
ဟော်ရှု့ဟွေ့ခမ်းက ရုတ်တရက်ပြောသည်။
“သူဆန္ဒရှိနေမှ ထူးဆန်းနေမှာ။ အရှိန်အဝါဝင်္ကပါကို လဲလှယ်တဲ့ကိစ္စမှာ ငါတို့က သူသတိကပ်နေရမဲ့လူတွေ ဖြစ်နေတာကို”
သာ့လွန်ရော့ကျန်းက ပေါ့ပါးသောအပြုံးနှင့်ပြောသည်။
“ဒါပေမဲ့အခု သူလိုချင်ချင် မလိုချင်ချင် သူဆုံးဖြတ်လို့ရတဲ့ကိစ္စ မဟုတ်တော့ဘူး”
တုစုန့်မာန်ဖော်ကျဲ့ကပြောသည်။
သာ့လွန်ရော့ကျန်း၏ အကြံအစည်များက အချင်းချင်း ဆက်စပ်နေလေ့ရှိသည်။ ဒီညအကြံအစည်ကသာ အောင်မြင်သွားခဲ့လျှင် ဝမ်ချောင်က သေသွားပေလိမ့်မည်။ သို့သော် အကြံအစည်က ကျရှုံးသွားခဲ့သော် သူက တုဝူစစ်လီ၏ အခြေအနေကို ဆက်လက်ပြီး ရှာဖွေနိုင်သေးသည်။ တုဝူစစ်လီက အလွန်အမင်း ဆန္ဒမရှိသည့်တိုင်အောင် သဘောတူရမည်ဖြစ်သည်။
တုဝူစစ်လီကလည်း သူ၏လေးစားမှုကို ဖော်ပြရန်လိုအပ်သည်။
“ဒါပေမဲ့ အရှိန်အဝါ ဝင်္ကပါရဲ့ကိစ္စက သေးငယ်တဲ့ကိစ္စမဟုတ်ဘူး။ ငါတို့ရဲ့ အင်ပါယာတစ်ခုလုံးက အလားတူနေတယ်။ တောင်တစ်တောင်ထဲမှာ ကျားနှစ်ကောင် မရှိနိုင်ဘူး။ တုဝူစစ်လီလို ပုံစံမျိုးနဲ့လူက ဒီလျို့ဝှက်ချက်ကို ငါတို့ကို ပေးချင်ပါ့မလား”
တုစုန့်မာန်ဖော်ကျဲ့က ရုတ်တရက်မေးလာသည်။
စစ်တပ်က တိတ်ဆိတ်သွားသည်။ သာ့လွန်ရော့ကျန်းက ရုတ်တရက်ရပ်သွား၏။ လူတိုင်းကလည်း ထိုလူကို သတိထားမိကြသည်။ ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့နှင့် မူထရီမဟာမြင်းတပ်မှ အဖွဲ့ဝင်တိုင်းက ရပ်တန့်သွားသည်။ သူတို့အားလုံးက သာ့လွန်ရော့ကျန်းကိုကြည့်သည်။
“ဟား ဟား ဆန္ဒရှိရှိမရှိရှိ အချိန်ကျလာရင် သိရမှာပဲမဟုတ်လား”
ခပ်တိုးတိုး ရယ်သံနှင့်အတူ သာ့လွန်ရော့ကျန်းက သူ၏မြင်းကို ဒုန်းစိုင်းအပြေးနှင်သည်။ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် နောက်မှလိုက်သွားကြသည်။
...
နေ့လည်ပိုင်းကာလ... နေရောင်က မြေကမ္ဘာထဲသို့ ထိုးခွင်းကာ ဝင်ရောက်လာသည်။ ကြီးမားသော နဂါးအလံကြီးက တာလာ့၏အရှေ့ဘက်ခြမ်းတွင် လေနှင့်တဖြတ်ဖြတ် လွင့်နေသည်။ မြင့်မားသော တောင်ကုန်းများ၏ အထက်တွင် ထင်ရှားစွာ ရှိနေလေ၏။ ဝမ်ချောင်က ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် အခြားသော ထန်ဗိုလ်ချုပ်များ၊ ဝူရှန်းမြင်းတပ်တို့နှင့်အတူ ထိုအလံအောက်တွင်ရပ်ကာ အရှေ့ပိုင်းသို့ တိတ်တဆိတ် ကြည့်နေသည်။
“အရှင်အမတ် တုဝူစစ်လီလာမှာလား”
ရွှယ်ချန်ကျွင်းက ရုတ်တရက်ပြောသည်။ သူက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ခြင်းဖြစ်သည်။
သူက ကောင်းကင်ကို မော့ကြည့်သည်။ ထို့နောက် သူ၏မျက်ဝန်းအတွင်း စိုးရိမ်မှုများက တဖြည်းဖြည်းချင်း ထင်ဟပ်လာသည်။ ကောင်းကင်တွင်နေက နေ့လည်ကာလ၏ သုံးပုံတစ်ပုံသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီဖြစ်သည်။ ဒါက ဝမ်ချောင်ကပြောထားသော အလဲအလှယ်လုပ်မည့် ကာလ၏ နောက်ဆုံးအချိန်ဖြစ်သည်။ သို့သော် တုဝူစစ်လီကိုပင်ဖြစ်စေ၊ ချန်းပင်းကိုပင်ဖြစ်စေ မမြင်ရသေးချေ။
“စိတ်အေးအေးထား သူလာလိမ့်မယ်”
ဝမ်ချောင်ကပြောသည်။
တည်ငြိမ်သောလေသံက ရွှယ်ချန်ကျွင်းနှင့် အခြားသောလူတိုင်း၏ ပူပန်သောကများအားလုံးကို နှစ်သိမ့်ပေးလိုက်နိုင်သည်။
ထိုအခြေအနေက မျက်ကန်းယုံကြည်မှုမှ လာခြင်းမဟုတ်သလို တုဝူစစ်လီကို မယုံကြည်သောကြောင့်လည်း မဟုတ်ချေ။ သို့သော် ဂရုတစိုက် စဉ်းစားဆင်ခြင်မှုမှလာခြင်းဖြစ်သည်။ ချန်းပင်းနှင့် အချိန်အတန်ကြာ တိုက်ခိုက်နေခဲ့ပြီးနောက် ဝမ်ချောင်ကလည်း ချန်းပင်းဟာ လျို့ဝှက်ချက်များကို ထုတ်ဖော်ပြောကြားရင်းဖြင့် အသေခံမည့်လူမျိုးဖြစ်ကြောင်း နားလည်ထားပြီးသားဖြစ်သည်။ တုဝူစစ်လီက လောဘကြီးလွန်းသည်။ ထို့ကြောင့် ချန်းပင်းထံမှ လိုချင်သောအရာကို မရသည်နှင့် သူ့ဘာသာသူ ကမ်းလှမ်းလာပေလိမ့်မည်။
“အဲ့ဒါကိုကြည့်”
တစ်စုံတစ်ယောက်က အဝေးသို့ လက်ညိုးထိုးသည်။ မြေကမ္ဘာက တသိမ့်သိမ့်တုန်သွားပြီးနောက် မိုးကုတ်စက်ဝိုင်း တည့်တည့်မှ ဖုန်မှုန့်များက မြောက်တက်လာသည်။ များပြားသောစစ်တပ်က အရှိန်အဝါကြီးမြတ်သော ရလှိုင်းများကဲ့သို့ အဝေးမှ လိမ့်တက်လာသည်။
“အနောက်ပိုင်းတူရကီတွေပဲ”
“မဟုတ်ဘူး တိဗက်တွေလည်းပါတယ်”
ထန်စစ်သားများက ကျွတ်စီသွားသည်။ အလံနှစ်လံက လေတွင်လွင့်နေသည်။ အလံတစ်ခုကမူ အပြာရောင် နောက်ခံပေါ်မှ ရွှေရောင်ဝံပုလွေကြီးဖြစ်ပြီး အခြားတစ်ခုကမူ အနက်ရောင် နောက်ခံပေါ်မှ ကြီးမားသည့် တိဗက်နွားလားကြီးဖြစ်သည်။
လူတိုင်း၏ စိတ်အခြေအနေက တင်းမာသွားသည်။ ရက်ပေါင်းများစွာ တိုက်ခိုက်ခဲ့ခြင်းက ထန်များအား တိဗက်နှင့် တူရကီများ၏ ဗျူဟာများကို ရင်းနှီးကျွမ်းဝင်သွားစေသည်။
မူထရီမဟာမြင်းတပ်က ကျယ်ပြောသော စစ်တပ်၏အလယ်တွင် အစီအစဉ်တကျ ပုံစံမျိုးဖြင့် စီးနင်းလာသည်။ သူတို့၏သံချပ်ကာက နေရာတွင် တောက်ပနေသည်။ ဝမ်ချောင်၏အဖွဲ့နှင့် ကျန်းနှစ်ထောင်ခန့် အကွာသို့ ရောက်သောအခါ တုဝူစစ်လီနှင့် သာ့လွန်ရော့ကျန်းတို့၏ အင်အားစုက ရပ်တန့်သွားသည်။ သူတို့၏ အကြည့်က ဝမ်ချောင်၏အဖွဲ့ထံ ရောက်လာပြီးနောက် တောင်ကုန်းများကိုကျော်ကာ မျောက်ဝံကြီးရှိရာဘက်သို့ ရောက်သွားသည်။
“ဘာလဲ ဒီသားရဲက ဘာလို့မသေသေးတာလဲ”
တုဝူစစ်လီ၏ မျက်နှာက ကြောက်လန့်မှုများနှင့် ရှုပ်ထွေးသွားပြန်သည်။
အာရပ်များက ပဲ့ဟယ်မော့လေးကောင်ကို အသုံးပြုခဲ့သည်။ သုံးကောင်က သေသွားပြီဖြစ်သည်။ ထိုမျောက်ဝံတစ်ကောင်တည်းကသာ ကျန်နေခဲ့သည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် ထိုအကောင်က ဆက်လက်ပြီး ရုန်းကန်နိုင်နေခဲ့သည်။ ခွန်အားသီးသန့်ခြင်းဆိုရသော် ဒီတိုက်ပွဲနယ်မြေမှ မည်သူကမှ ထိုမျောက်ဝံကို မယှဉ်နိုင်ချေ။ တုဝူစစ်လီကပင် မယှဉ်နိုင်ချေ။ ထိုအကြောင်းပြချက်ကြောင့် တုဝူစစ်လီအနေဖြင့် သူ၏စစ်တပ်ကို အနီးမကပ်သွားရဲချေ။ ပို၍ဆိုးသည်မှာ ထိုသားရဲကသာ ခြုံခိုတိုက်ခိုက်လာခဲ့လျှင် ထွက်ပြေးနိုင်အောင် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။
“မဟာအမတ်မင်း သွားရအောင်”
သာ့လွန်ရော့ကျန်းက ရုတ်တရက်ပြုံးသည်။
တုဝူစစ်လီက တခဏခန့် တုန့်ဆိုင်းသွားသည်။ သို့သော် တွန့်ဆုတ်မှုကို ဖိနှိပ်လိုက်ပြီး ခေါင်းညိမ့်လိုက်သည်။
“ဟိုက်ရား”
တုဝူစစ်လီက သူ၏မြင်း၏ကျောကို တစ်ချက်ပုတ်ပြီးနောက် သူ၏စစ်တပ်နှင့် အဝေးသို့ ထွက်ခွာလာခဲ့သည်။ သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းနှင့် အခြားသောလူများကလည်း နောက်မှ အနီးကပ်လိုက်ပါလာခဲ့၏။
အခန်း(၁၀၀၈)
“အရှင်အမတ် သူတို့တွေ ချန်းပင်းကို ခေါ်လာကြတယ်”
လီစစ်ယဲ့က ရုတ်တရက် ပြောသည်။ တောင်ကုန်းပေါ်သို့ ရောက်နေသော သူ၏အားသာချက်ကြောင့် တုဝူစစ်လီ၏ မြင်းကျောပေါ်မှ ချန်းပင်းကိုမြင်နိုင်သည်။ တစ်ချက်မြင်လိုက်ရုံနှင့် ချက်ချင်းမှတ်မိသွားသည်။ ချန်းပင်းက ကြိုးချည်ခံလိုက်ရပြီး မျက်လုံးကို အဝတ်စည်းခံလိုက်ရသည်။
တခဏခန့် တိတ်ဆိတ်သွားပြီးနောက် ကောင်းရှန်းကျစ်ကပြောသည်။
“သူက အဆင်ပြေတဲ့ပုံပဲ။ ဒဏ်ရာနည်းနည်းရှိပေမဲ့လည်း ပြဿနာအများကြီးမရှိဘူး”
တုဝူစစ်လီပေါ်လာသည့် တခဏမှစတင်ပြီး ကောင်းရှန်းကျစ်က ချန်းပင်းကိုသာ လေ့လာနေခဲ့သည်။ သူ၏ကျင့်ကြံခြင်းအဆင့်တွင် ရှိနေသော လူတစ်ယောက် ဖြစ်သည့်အလျောက် ချန်းပင်းဟာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားခြင်းရှိမရှိ မြင်နိုင်သည်။
“အွန်း”
ဝမ်ချောင်က ခေါင်းညိမ့်ပြီး မြင်းကိုရှေ့သို့ ထွက်ခွာစေသည်။
“သွားရအောင် ငါတို့လည်း ချန်းပင်းနဲ့ အလဲအလှယ် လုပ်ရမှာပေါ့”
တောက်ပသော နေမင်းအောက်တွင် ဝမ်ချောင်နှင့် တုဝူစစ်လီတို့က အင်အားစုနှစ်ခု၏ အလယ်တွင် ဆုံသည်။ တစ်ဖက်တစ်ချက်ဆီက ကျန်းတစ်ထောင်ခန့်ဝေးသည်။ ထိုတခဏတွင် လေထုက တင်းမာနေသည်။ လူတိုင်းကလည်း ဝမ်ချောင်နှင့် တုဝူစစ်လီတို့ကိုသာ ကြည့်နေကြသည်။
“ကောင်လေး ငါဓားစာခံကို ခေါ်လာခဲ့ပြီ။ ငါလိုချင်တဲ့ ဝင်္ကပါရဲ့လျို့ဝှက်ချက်က ဘယ်မှာလဲ”
တုဝူစစ်လီက ခြေဆယ်လှမ်းခန့်အကွာမှ ဝမ်ချောင်ကိုကြည့်ပြီး အေးစက်သောလေသံနှင့်ပြောသည်။ သူက အပေါ်ယံတွင် ပုံမှန်ဟုသာ ထင်ရသော်လည်း သူ၏ကိုယ်အတွင်းတွင် ရှိနေသည့် ဒေါသများနှင့် ရန်ငြိုးများကို ဖုံးကွယ်ထားနိုင်ခြင်းမရှိချေ။
သူက ချန်းပင်းကို ဓားစာခံအဖြစ် ခေါ်ခဲ့ကတည်းက တုဝူစစ်လီက နည်းလမ်းတိုင်းကိုသုံးပြီး ချန်းပင်းထံမှ ဝင်္ကပါ၏လျို့ဝှက်ချက်ကို အရယူနိုင်ရန် ကြိုးစားခဲ့သည်။ သို့သော်သူက မည်မျှကြိုးစားစေကာမူ ချန်းပင်းက စကားတစ်ဝက်ပင် ထုတ်မပြောခဲ့ချေ။ အဆုံးသတ်တွင် ချန်းပင်းထံမှ လှောင်ပြောင်သံများကိုသာ နားထောင်ခဲ့ရသည်။
တုဝူစစ်လီ၏ ဒေါသကြောင့် သူဟာ ချန်းပင်းကို အကြိမ်ထောင်သောင်းမက ခုတ်ဖြတ်သတ်ချင်နေလေသည်။ သို့သော် ဝမ်ချောင်မထွက်ခွာခင် ပြောသွားသော စကားလုံးများက သူ့ကို ထိန်းသိမ်းစေသည်။ ထို့ကြောင့် ထပ်ခါတလဲလဲ စစ်မေးပြီးသည့်တိုင်အောင် သူ့အနေနှင့် ချန်းပင်း၏ဒဏ်ရာများကို ကုသရန် အင်အားအများကြီး အသုံးပြုရသေးပြန်သည်။
တုဝူစစ်လီက ထိုဝင်္ကပါ၏လျို့ဝှက်ချက်ကို ရှာဖွေနိုင်ရန် ကြိုးစားနေခဲ့သည်မှာ နှစ်နှစ်ဆယ် ကျော်သွားခဲ့ပြီဖြစ်သည်။ ထိုလျို့ဝှက်ချက်က သူ့အတွက် အရေးကြီးလွန်းအားကြီးသည်။ ထို့ကြောင့် အမှားအယွင်း တစ်ခုမှဖြစ်မခံနိုင်ချေ။
“အရှင်အမတ် သူ့ကိုဝင်္ကပါမပေးနဲ့။ ဒီလက်အောက်ငယ်သားရဲ့ အသက်က အရေးမကြီးပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုအောင်မြင်စေခွင့် ပြုလို့မရဘူး”
ချန်းပင်းက ရုတ်တရက် အသနားခံသည်။
သူ့ကို မျက်လုံးပိတ်ထားခံရသည်။ ထို့ကြောင့် အခြေအနေကို မမြင်နိုင်ချေ။ သို့သော် သူက တစ်ချိန်လုံး ဂရုတစိုက် နားထောင်နေခဲ့သည်။ ချန်းပင်းက ရက်ပေါင်းများစွာ သည်းခံခဲ့သည်။ နှိပ်စက်မှုပေါင်း များစွာကိုလည်း သည်းခံခဲ့သည်။ ဒီနည်းအားဖြင့် တုဝူစစ်လီ၏ပန်းတိုင်ကို ပြည့်မှီအောင် တားမြစ်နိုင်ခဲ့သည်။ သို့သော် ဝမ်ချောင်ကသာ တုဝူစစ်လီကို သဘောတူလိုက်မည်ဆိုလျှင် သူ၏ကြိုးစားသမျှ အားလုံးက အလဟသဖြစ်သွားပေလိမ့်မည်။
“တိတ်စမ်း”
လက်ညိုးဖြင့် တစ်ချက်တို့လိုက်မှုနှင့်အတူ တုဝူစစ်လီက ကြယ်တာရာစွမ်းအင် တစ်တန်းကို ချန်းပင်း၏ ခြေလက်လေးဘက်လုံးအတွင်းသို့ ဝင်ရောက်သွားစေပြီး အကြောပိတ်လိုက်သည်။
“ဝမ်ချောင် ငါဓားစာခံကို ခေါ်လာခဲ့ပြီ။ မင်းရုတ်တရက် စကားကို ဗလောင်းဗလဲလုပ်မှာတော့ မဟုတ်ပါဘူးနော်”
တုဝူစစ်လီက ချန်းပင်းကို သတ်ချင်နေသည်။ သူအကြောက်လန့်ဆုံးက ဝမ်ချောင်ဟာ စိတ်ပြောင်းပြီး လဲလှယ်မှုကို ပယ်ဖျက်လိုက်မည့် အခိုက်အတန့်ကိုဖြစ်သည်။
“တုဝူစစ်လီ ငါ့ရဲ့စကားတွေက သဘာဝအလျောက်ပဲ အကျုံးဝင်တာပါ။ ဒါပေမဲ့ မင်းမှတ်ထားသင့်တာက ငါမနေ့ညက ပြောခဲ့တဲ့စကားပဲ။ အကောင်းတိုင်း မထိခိုက်ဘဲပြန်လိုချင်တယ်”
“ကောင်စုတ်လေး သဘောတူညီမှု လုပ်ပြီးသွားတဲ့နောက်မှာ ဉာဏ်ရှိသလို လာဟန်ဆောင်မနေနဲ့။ ငါမင်းရဲ့လက်အောက်ငယ်သားကို တိုက်ပွဲအလယ်မှာ ဖမ်းသွားခဲ့လိုက်တာ။ အဲ့ဒီအချိန်က သူက သေခါနီးအခြေအနေ ရောက်နေပြီးသား။ နောက်ဆုံးအသက်ကို ရှုရှိုက်နေရတာ။ ဒါကငါနဲ့ မဆိုင်ဘူး။ ဒါပေမဲ့ သူကောင်းကင်ခစားခြင်း လူထွားတွေနဲ့ တိုက်ခိုက်ခဲ့လို့ ဖြစ်လာရတဲ့ အခိုက်အတန့်မျိုးပဲ။ ငါက မင်းရဲ့လက်အောက်ငယ်သားကို ကုသဖု့ိ အင်အားအများကြီးတောင် စိုက်ထုတ်ထားခဲ့ရသေးတယ်။ ဒါကတင် ကျေးဇူးတင်ပါတယ်လို့ ပြောဖို့ထိုက်တန်နေပြီ”
တုဝူစစ်လီကပြောသည်။
ဝမ်ချောင်က မျက်ခုံးပင့်လိုက်ပြီး ချန်းပင်းကိုကြည့်သည်။ ထန်စစ်တပ်ထဲသို့ လောက်လေးခွကြီးများနှင့်အတူ ဝင်လာခဲ့သော ကောင်းကင်ခစားခြင်း လူထွားကြီးများအပါအဝင် ချန်းပင်းနှင့် ရွှီခဲ့ယွီတို့က မဟာလက်နက်ကြီးကို ကာကွယ်စောင့်ရှောက်နေခဲ့သူ ဖြစ်သည့်အလျောက် ကောင်းကင်ခစားခြင်း လူထွားကြီးများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ဝမ်ချောင်ကလည်း ထိုအချက်ကို သိခဲ့သည်။
ဝမ်ချောင်က တစ်ချက်ကြည့်ရုံဖြင့် တုဝူစစ်လီ လိမ်ညာနေခြင်းမဟုတ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူ၏အမူအရာက ပြေလျော့သွားသည်။
“အရမ်းကောင်းတယ် တုဝူစစ်လီ ငါ့ရဲ့စကားတွေက တကယ်ပဲ ယုံကြည်အားကိုးလို့ရပါတယ်။ ဝင်္ကပါနဲ့ ပတ်သတ်တဲ့ လျို့ဝှက်ချက်က ဒီမှာပဲ။ ငါ့ရဲ့လက်အောက်ငယ်သားကို ပို့ပေး”
ဝမ်ချောင်က ဖျော့တော့စွာပြုံးပြီး သူ၏ဝမ်းဗိုက်ထဲသို့ လက်နှိုက်သည်။ ထို့နောက် အဖြူရောင်စက္ကူသားဖြင့် လုပ်ထားသော ပါးလျသောစာရွက်တစ်ရွက်ကို ထုတ်လိုက်သည်။ သူက လက်ချောင်း နှစ်ချောင်းနှင့် ညှပ်ကာယူလိုက်ပြီး လေထဲတွင်မြှောက်ကာ ကိုင်ပြသည်။
လူတိုင်း၏ စိတ်အခြေအနေက ပြောင်းလဲသွားကြသည်။ တုဝူစစ်လီက ထိုစာရွက်ကိုသာ စိုက်ကြည့်နေသည်။ သူ၏မျက်လုံးက တောက်ပလာသည်။ အနီးအနားရှိ သာ့လွန်ရော့ကျန်းကလည်း ခေါင်းလှည့်ကာ မော့ကြည့်သည်။ သူက ထိုစာရွက်ကို လေးနက်စွာ အာရုံစိုက်ထားသည်။
သာ့လွန်ရော့ကျန်းက တစ်ချိန်လုံး တည်ငြိမ်သောအမူအရာကို ထိန်းထားသည်။ သို့သော် ယွီစန်းများအတွက် ထိုအရှိန်အဝါ ဝင်္ကပါ၏ လျို့ဝှက်ချက်ကိုရရှိခြင်းကလည်း ငြင်းဆန်ရန်ခက်ခဲသည့် ဆွဲဆောင်မှုကြီးဖြစ်နေသေးပြန်သည်။
ထိုအခိုက်အတန့်တွင် အချိန်ကပင် နှေးကွေးသွားသည်ဟု ထင်ရသည်။ လူတိုင်း၏ အသက်ရှုသံက လေးလံလာပြီး ကြမ်းတမ်းလာသည်။ ဝမ်ချောင်၏ လက်ချောင်းများဖြင့် ညှပ်ထားသော သာမာန်စာရွက်တစ်ရွက်က လူတိုင်း၏အာရုံစိုက်ရာ ဖြစ်လာသည်။
ချန်းပင်းက အကြောပိတ်ခံလိုက်ရသဖြင့် ခန္ဓာကိုယ်ကလည်း မလှုပ်နိုင်ချေ။ သို့သော်သူက ကောင်းကောင်း ကြားနိုင်သေးသည်။ သူက ဝမ်ချောင်ကို ဘာစကားမှမပြောနိုင်ချေ။ သို့သော် သူ၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်နေသည်။
ဝမ်ချောင်က စာရွက်ကိုပြပြီးနောက် သတိပေးလိုက်သည်။
“တုဝူစစ်လီ ဒီအခွင့်အရေးက တစ်ကြိမ်ပဲရမယ်။ မင်းတွေးလို့မပြီးသေးဘူးလား”
လူတိုင်းက ထိုအခါမှသာ သတိပြန်ဝင်သွားကြသည်။
အရှိန်အဝါဝင်္ကပါ
ဒါက တုဝူစစ်လီတစ်ဘဝလုံး လိုက်လံဖမ်းဆုပ်ရန် ကြိုးစားနေသောအရာဖြစ်သည်။ သို့သော် ယခုမူ ခြေလှမ်းအနည်းငယ် အကွာတွင် ရှိနေသည်။ တုဝူစစ်လီကလည်း တည်ငြိမ်အောင် မထိန်းနိုင်တော့ချေ။ သူက စာရွက်ကိုကြည့်နေရင်း သူ၏မျက်လုံးက စိတ်ဆန္ဒများဖြင့် တောက်လောင်လာသည်။ သူက တုန့်ဆိုင်းမနေဘဲ သတိလက်လွတ် ချန်းပင်းထံ လက်လှမ်းလိုက်မိသည်။
“နေဦး”
သူကချန်းပင်းကို ပေးမည့်အချိန်တွင် တုဝူစစ်လီက ရုတ်ချည်းရပ်တန့်လိုက်ပြီး အရှိန်အဝါကို ပြန်ထိန်းလိုက်သည်။
“ကောင်လေး မင်းငါ့ကိုပေးတာက အစစ်အမှန်ပါလို့ ငါကဘယ်လို သိနိုင်မှာလဲ”
လေထုက အေးခဲသွားသည်။ အေးခဲသွားသော စိတ်ဆန္ဒများက အရည်ပျော်ကျသွားသည်။ ထိုသို့ဖြင့် အေးစက်မှုနှင့် တည်ငြိမ်မှုက အစားထိုးသွား၏။
မှန်တယ်။
ဝမ်ချောင်တစ်ယောက်တည်းကသာ ထိုအရာ၏လျို့ဝှက်ချက်ကို အပြည့်အဝ နားလည်ထားခြင်းဖြစ်သည်။ သူက အစစ်အမှန် သို့မဟုတ် အတုအယောင် ပေးနေခြင်းဖြစ်ကြောင်း မည်သူကမှ မသိနိုင်ချေ။ ဝမ်ချောင်က သူတို့ကို သတင်းအမှားပေးပြီး အရူးလုပ်မလုပ် မည်သူကမှ မပြောနိုင်ပါချေ။
တုဝူစစ်လီကလည်း အရူးမဟုတ်ချေ။ သူက ထိုဖြစ်နိုင်ချေကို လျစ်လျူမရှု့နိုင်ချေ။
“ဟား ဟား”
ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ လူအုပ်၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင် သူက စာရွက်ကို တဖြည်းဖြည်းချင်း ပြန်ချယူလိုက်ရင်း တည်ငြိမ်သော အကြည့်နှင့်အတူ စိတ်အေးအောင် ပြုံးပြလိုက်သည်။ သူက အခြေအနေတစ်ခုလုံးကို ခန့်မှန်းထားခဲ့ပြီးပုံပေါ်၏။ တုဝူစစ်လီဟာ သံသယကြီးသောလူဖြစ်သည်။ ထိုအဆင့်သို့ရောက်နေသော အင်ပါယာ မဟာဗိုလ်ချုပ်ကြီး တစ်ယောက်အနေနှင့် လှည့်စားရမလွယ်ချေ။
“မဟာဗိုလ်ချုပ်က ငါ့ကိုမယုံကြည်နိုင်ဘူးဆိုတာ ငါသိပါတယ်”
သူက လက်ကောက်ဝတ်ကို တစ်ချက်ယမ်းလိုက်ပြီးနောက် ဝမ်ချောင်က နောက်ထပ် စာရွက်တစ်ရွက်ကို ပစ်ထုတ်လိုက်သည်။ ကြယ်တာရာစွမ်းအင်များ၏ ထောက်ပံ့ပေးမှုကြောင့် ထိုစာရွက်က သံမဏိသားနှင့် မခြားတော့ချေ။
ဝှီး
စူးရှသော လေတိုးသံနှင့်အတူ ထိုစာရွက်က အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားလေပြီး တုဝူစစ်လီ၏ မျက်နှာတည့်တည့် ပစ်ဝင်သွားသည်။
စိတ်ရှုပ်ထွေးသွားသော တုဝူစစ်လီက လက်ချောင်းများကို ဆန့်တန်းလျှက် သတိလက်လွတ် စာရွက်ကိုဖမ်းလိုက်သည်။
“ဒါကဘာလဲ”
တုဝူစစ်လီက စိတ်ရှုပ်ထွေးစွာပြောသည်။ သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကလည်း လှည့်ကြည့်လာကြသည်။ ဝမ်ချောင်က ထိုစာရွက်များပေါ်တွင် မည်သည့်အရာကို ရေးထားကြောင်း မည်သူမျှ မသိနိုင်ချေ။
“ဒီစာရွက်က အရှိန်အဝါ ဝင်္ကပါရဲ့ လျို့ဝှက်ချက် တစ်စိတ်တစ်ပိုင်းပဲ။ တုဝူစစ်လီ မင်းရဲ့အမိန့်အောက်က ကောင်းကင်ဘုံဝံပုလွေမြင်းတပ်ထဲက အဖွဲ့ဝင်ခုနှစ်ထောင် ပိုင်ဆိုင်ထားတယ်မဟုတ်လား။ စာရွက်ပေါ်က ဒီနည်းလမ်းအတိုင်း လေ့ကျင့်ဖို့အတွက် အယောက်ခြောက်ဆယ်လောက်ကို ရွေးပြီးကျင့်ခိုင်းလိုက်။ ဒါက အစစ်အမှန် ဟုတ်မဟုတ် မင်းသိရမှာပဲ”
ထိုစကားလုံးများက လူတိုင်းကို အံ့အားသင့်သွားစေသည်။ တုဝူစစ်လီကပင် ဒီလိုအခြေအနေကို မမျှော်လင့်ထားမိချေ။
တုစုန့်မာန်ဖော်ကျဲ့က မျက်မှောင်ကျုံ့ပြီး ခပ်တိုးတိုးပြောသည်။
“မဟာအမတ်မင်း ဘာတွေဖြစ်နေတာလဲ”
“ငါမသိဘူး ဆက်စောင့်ကြည့်”
သာ့လွန်ရော့ကျန်းက ထိုသို့ပြောသည်။ သူ၏မျက်မှောင်က ပြေသွားသည်။ ဒီကိစ္စက သူခန့်မှန်းထားသော အခြေအနေနှင့် ခြားနားသောဘက်သို့ ရောက်သွားသည်။ ဝမ်ချောင်၏ လက်ရှိအပြုအမူကို သူကပင် နားလည်ရန် ခက်ခဲလာသည်။
အရှေ့မှ တုဝူစစ်လီက ဒုက္ခများသွားပုံမပေါ်တော့ချေ။ ဝမ်ချောင်ကို နက်နဲသောအကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် အနောက်ဘက်သို့ လက်ယမ်းပြသည်။ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်မှ အဖွဲ့ဝင်ခြောက်ဆယ်က နောက်တန်းမှ ခပ်မြန်မြန်ထွက်လာသည်။ သူတို့က သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားကြပြီး စွမ်းအားအပြည့်နှင့်ဖြစ်သည်။
“ဒီပေါ်မှာရေးထားတဲ့အတိုင်းကျင့်ကြ”
တုဝူစစ်လီက စာရွက်ကို တစ်ချက်ကြည့်ပြီးနောက် ကောင်းကင်ဘုံဝံပုလွေမြင်းတပ်၏ အရာရှိသို့ပေးသည်။
“ဟုတ်ကဲ့အရှင်”
ကောင်းကင်ဘုံဝံပုလွေမြင်းတပ်မှ အဖွဲ့ဝင် အယောက်ခြောက်ဆယ်က ခပ်မြန်မြန် လှုပ်ရှားကြသည်။ ဝင်္ကပါကိုယူပြီးနောက် သူတို့က အပေါ်တွင် ရေးသားထားသော နည်းလမ်းအတိုင်း ကျင့်ကြံကြသည်။ အရာအားလုံးက တိတ်ဆိတ်နေပြီး ကောင်းကင်ဘုံဝံပုလွေမြင်းတပ် အဖွဲ့ဝင်ခြောက်ဆယ်ကိုသာ ကြည့်နေကြသည်။ သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုဝူစစ်လီ... လူတိုင်း၏အာရုံက သူတို့ထံတွင်ဖြစ်သည်။ ဝမ်ချောင်တစ်ယောက်တည်းကသာ ပြုံးလျှက် တိတ်ဆိတ်နေခြင်းဖြစ်သည်။
လောက၏ အဆင့်လွန်မြင်းတပ် အင်အားစုများမှ တစ်ခုဖြစ်သည့် ကောင်းကင်ဘုံဝံပုလွေမြင်းတပ်က ခွန်အားအရပင်ဖြစ်စေ၊ အတွေ့အကြုံအရပင်ဖြစ်စေ၊ နားလည်သဘောပေါက်မှုအရတွင်ဖြစ်စေ အကောင်းဆုံးများထဲမှ ဖြစ်နေသေးသည်။ ထို့ကြောင့် ဝမ်ချောင်၏ဝင်္ကပါကို အတိုဆုံးသော အချိန်အတွင်း ကျင့်ကြံနိုင်ပြီး အကောင်းဆုံးသော သက်ရောက်မှုကို ထုတ်ပြနိုင်မည်ဖြစ်သည်။
တစ်မိနစ်ပြီး တစ်မိနစ်က ကုန်ဆုံးသွားသည်။ တစ်စက္ကန့်ပြီး တစ်စက္ကန့်က ကုန်လွန်သွားသည်။ ထိုသို့ဖြင့် ကောင်းကင်ဘုံဝံပုလွေမြင်းတပ်မှ အယောက်ခြောက်ဆယ်က သူတို့၏ကျင့်ကြံမှုကို အဆုံးသတ်လိုက်နိုင်ကြသည်။ တစ်ယောက်ချင်းစီတိုင်းက ပြောင်းလဲသွားသော မျက်နှာထားမျိုးဖြင့် ဖြစ်နေကြသည်။
ကောင်းကင်ဘုံဝံပုလွေမြင်းတပ်၏ အရာရှိက တုဝူစစ်လီ၏ အနားသို့လျှောက်လာပြီး ရိုသေစွာပြန်ပြောသည်။
“အရှင် ကျွန်တော်တို့ အဆင်သင့်ဖြစ်ပါပြီ”
တုဝူစစ်လီက သူ၏လူများကို အကဲခတ်ကြည့်သည်။ သူ၏မျက်ဝန်းထဲ အံ့အားသင့်မှုက ဖြတ်ပြေးသွား၏။ သူဟာ ဝမ်ချောင်ပစ်ပေးသော စာရွက်ကို အာရုံအနည်းငယ်သာစိုက်မိသည်။ သို့သော် သူ၏ ကောင်းကင်ဘုံဝံပုလွေမြင်းတပ် အဖွဲ့ဝင် အယောက်ခြောက်ဆယ်မှ ကမ်းလှမ်းမှုများကို မြင်နိုင်သောအခါ သူ၏သုံးသပ်ပုံကိုပင် ပြောင်းလဲရသည်။ စာရွက်ပေါ်မှ အကြောင်းအရာများက မှန်နေပုံပေါ်သည်။
သူ့လူများ၏ အရှိန်အဝါကလည်း စာရွက်ပေါ်မှ နည်းလမ်းကိုကျင့်ကြံပြီးနောက် ပို၍တည်ငြိမ်ကာ နက်နဲသွားကြောင်း ခံစားမိနေသည်။
တုဝူစစ်လီ၏ မြင်နိုင်စွမ်းရည်နှင့် အတွေ့အကြုံရှိသော မည်သူကမဆို ထိုကောင်းကင်ဘုံဝံပုလွေ မြင်းတပ်၏ အချိန်တိုအတွင်း ပြောင်းလဲသွားသော အခိုက်အတန့်ကို မြင်နိုင်ကြမည်ဖြစ်သည်။
“စတော့”
တုဝူစစ်လီက လက်တစ်ဖက်ကိုယမ်းလျှက် အမိန့်ပေးသည်။ သူ၏ကိုယ်အတွင်းတွင်လည်း မသိလိုက် မသိဘာသာပင် မျှော်လင့်စောင့်စားမှုက ပေါ်ထွက်လာသည်။
ဘုန်း
ကောင်းကင်ဘုံဝံပုလွေမြင်းတပ်မှ အဖွဲ့ဝင် အယောက်ခြောက်ဆယ်က ဝင်္ကပါအတွင်းသို့ ဝင်ရောက်လိုက်ပြီး အဝေးသို့ ဒုန်းစိုင်းချီတက်သွားသည်။ မီတာတစ်ရာကျော်ခန့် ဝင်ရောက်သွားပြီးနောက် ကောင်းကင်ဘုံဝံပုလွေမြင်းတပ်မှ အရာရှိကအော်သည်။ ရုတ်တရက် လောက၏ လေးစားဖွယ်ကောင်းသော စွမ်းအင်များက လေဟာနယ်ကို ထိုးဖောက်ပြီး ကောင်းကင်ဘုံဝံပုလွေ မြင်းတပ်မှ အယောက်ခြောက်ဆယ်ကို တစ်သားတည်းအဖြစ် ပေါင်းစပ်ပေးလိုက်သည်။
ချွင်
ကောင်းကင်ဘုံဝံပုလွေမြင်းတပ်မှ အဖွဲ့ဝင် အယောက်ခြောက်ဆယ်က သူတို့၏ လက်နက်ကိုထုတ်ပြီး ကောင်းကင်သို့ညွှန်သည်။
ခြိမ်း
လူတိုင်း၏ အံ့အားသင့်မှု၊ ကြောက်ရွံ့ရိုသေမှုများနှင့်အတူ ကောင်းကင်မှ မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာကြောင်း ကြားလိုက်ရသည်။ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်၏ အထက် မီတာသုံးဆယ်ခန့်အကွာတွင် အနက်ရောင်တိမ်စိုင်များက စတင်ကာ စုစည်းလာသည်။
ဖြတ်ကနဲဆိုသလိုပင် ထိုဝင်္ကပါမှ အရှိန်အဝါက ပြောင်းလဲသွားသည်။ သို့သော် ကြည့်နေကြသော လူတိုင်းကမူ... တုဝူစစ်လီပင်ဖြစ်စေ၊ သာ့လွန်ရော့ကျန်းပင်ဖြစ်စေ အားလုံးက မှင်သက်သွားသည်။
အရှိန်အဝါဝင်္ကပါ
ဒါဟာ အကြမ်းထည်မျှသာရှိသော အစိတ်အပိုင်းဖြစ်နေပြီး စက္ကန့်အနည်းငယ်သာခံသည့်တိုင်အောင် ဝင်္ကပါတစ်ခုက ထွက်ပေါ်နိုင်သည့် အမြင့်ဆုံးသော စွမ်းအားကို ထုတ်ပြလိုက်နိုင်သည်။ မည်သူကမှလည်း ဝမ်ချောင်ဟာ အရှိန်အဝါ ဝင်္ကပါကို ကောင်းကင်ဘုံဝံပုလွေမြင်းတပ် ခြောက်ဆယ်ထဲနှင့် ထုတ်ပြနိုင်အောင် ဖန်တီးနိုင်မည်ဟု မမျှော်လင့်ထားကြချေ။
အခန်း(၁၀၀၉)
အံ့အားသင့်မှု...
အားလုံးက ထိုမြင်ကွင်းကြောင့် စွံ့အသွားကြသည်။ တည်ငြိမ်သော လေထုက ထူးဆန်းမှုအဖြစ် ပြောင်းလဲသွားသည်။ သာ့လွန်ရော့ကျန်းကပင် နားမလည်နိုင်သော မျက်နှာထားမျိုး ဖြစ်သွားသည်။
“တုဝူစစ်လီ ဘယ်လိုလဲ”
ဝမ်ချောင်က အကြည့်ကိုရုတ်ပြီး တုဝူစစ်လီကို ရယ်ကာကြည့်သည်။ တုဝူစစ်လီက ဝမ်ချောင်ကို လေးနက်စွာစိုက်ကြည့်သည်။ ထို့နောက် ရုတ်တရက်ရယ်သည်။
“ကောင်လေး မင်းကတော်တော် ကံကောင်းတာပဲ။ မင်းရဲ့အသက်အတွက်နဲ့ တစ်စုံတစ်ယောက်က ဒီလောက်အရေးကြီးတဲ့ ဝင်္ကပါကိုတောင် လဲလှယ်လိုစိတ်ရှိတယ်”
ညာဘက်လက်တစ်ချက်ကို ယမ်းပြီးနောက် တုဝူစစ်လီက ချန်းပင်း၏ မျက်လုံးကိုအုပ်ထားသော အနက်ရောင် အဝတ်ကို စုတ်ဖြဲလိုက်သည်။ တစ်ချိန်ထဲတွင်ပင် အခြားသောလက်တစ်ဖက်က ချန်းပင်း၏ ကြိုးများကို ဖြေပေးသည်။
“အရှင်အမတ် မဟုတ်ဘူး။ ဒီဝင်္ကပါကို သူ့ကိုမပေးပါနဲ့”
သူက မျက်လုံးဖွင့်လိုက်သည့် တခဏတွင် ချန်းပင်းက စတင်ကာ အော်သည်။ သူ၏အသံက စိုးရိမ်မှု၊ ဒေါသများဖြင့် ပြည့်နှက်နေသည်။ ထိုဝင်္ကပါဟာ အလွန်အမင်း အရေးကြီးသည်။ သူဟာ အဆုံးအစမဲ့သော နာကျင်မှုနှင့် နှိပ်စက်မှုများကို ခံနိုင်ခဲ့သည်မှာ တုဝူစစ်လီ၏ လက်ထဲသို့ ထိုဝင်္ကပါကို မရောက်စေရန်အတွက်ဖြစ်သည်။
သို့သော် ဝမ်ချောင်ကသာ ထိုဝင်္ကပါကို တုဝူစစ်လီအား ပေးလိုက်မည်ဆိုလျှင် သူ၏ကြိုးစားအားထုတ်မှုများ အားလုံးက အလဟာသ ဖြစ်သွားလိမ့်မည်။
“တုဝူစစ်လီ ငါမင်းကို ဘယ်တော့မှ အောင်မြင်ခွင့်မပြုဘူး”
လဲလှယ်မှုက ပြီးပြည့်စုံလုနီးပါး ဖြစ်လာသောအခါ ချန်းပင်းက စိတ်သောကရောက်လာသည်။ သူ၏မျက်လုံးက ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် လင်းလက်သွားလေပြီး သူက သူ့လျှာသူ ခပ်ကြမ်းကြမ်း ကိုက်ချသည်။ သို့သော်သူက ခပ်ကြမ်းကြမ်း မကိုက်ချနိုင်သေးခင် သံမဏိကဲ့သို့သော လက်ဝါးတစ်ချက်က သူ၏မေးရိုးကို ဖြစ်ညှစ်လာသည်။
“မင်းက ကိုယ့်ကိုယ်ကို သတ်သေချင်တယ်ဟုတ်လား”
တုဝူစစ်လီက ချန်းပင်း၏ နားရွက်နားကပ်ကာ အေးစက်စွာပြောသည်။ ချန်းပင်း၏ နှလုံးသားကမူ ကျောက်တုံးကဲ့သို့ လေးလံသွားသည်။
တုဝူစစ်လီက ဝမ်ချောင်ကို လှည့်ကြည့်သည်။
“ဝမ်ချောင် မင်းမှာသတ္တိရှိတာပဲ။ မင်းငါ့ကို အဲ့ဒီဝင်္ကပါရဲ့ အစစ်အမှန် လျို့ဝှက်ချက်တွေကို ပေးသမျှ ငါမင်းရဲ့ လက်အောက်ငယ်သားကို ပြန်ပေးမယ်။ ဘယ်လိုထင်လဲ”
“အဆင်ပြေတယ်”
ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ သူက ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ် တုဝူစစ်လီ၏ အရှေ့တွင် နိမ့်ကျနေခြင်းမရှိချေ။
“ငါမင်းကို ပထမတစ်ပိုင်းကို အရင်ပေးမယ်။ မင်းငါ့ရဲ့လက်အောက်ငယ်သားကို လွှတ်ပေးတာနဲ့ ဒုတိယတစ်ပိုင်းကို ပြန်ပေးမယ်”
ဝမ်ချောင်က ယခင်စာရွက်ကို ပြန်ထုတ်ပြီး တုဝူစစ်လီကိုပေးသည်။
တုဝူစစ်လီက လက်ဆန့်ထုတ်ကာယူသည်။ ဒီတစ်ကြိမ်တွင် တုဝူစစ်လီက စာရွက်ကို ဖြည်ကြည့်ပြီး ဂရုတစိုက် ဖတ်ကြည့်သည်။ တခဏခန့် ကြာပြီးနောက် ဘေးဘက်ရှိ အရာရှိကိုပြသေးကာ စာရွက်နှစ်ရွက်ကို ယှဉ်ခိုင်းသေးသည်။
ဒီဖြစ်စဉ်အတောအတွင်း လူတိုင်းက တိတ်ဆိတ်နေကာ သူ၏အဖြေကို စောင့်နေကြသည်။
မယုံနိုင်စရာပဲ။ အရှိန်အဝါဝင်္ကပါရဲ့ လျို့ဝှက်ချက်တွေက ပျောက်ဆုံးသွားပြီလို့ ထင်နေခဲ့တာ။ ဒါကို တာလာ့လိုနေရာမျိုးမှာ ရှာတွေ့မယ်လို့ ဘယ်လိုထင်ထားမှာလဲ။
တုဝူစစ်လီ၏စိတ်က စာရွက်နှစ်ရွက်ကို တိုက်ယှဉ်နေရင်း ဝရုန်းသုန်းကား ဖြစ်လာသည်။
အနောက်ပိုင်းတူရကီ ခါကာနိတ်၏ မဟာဗိုလ်ချုပ်ကြီးများထဲမှ အင်အားအကြီးဆုံး မဟာဗိုလ်ချုပ် သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည့်အလျောက် တုဝူစစ်လီက သာမာန်လူများမယှဉ်နိုင်သည့် မြင်နိုင်စွမ်းအား၊ အတွေ့အကြုံတွေကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားနှင့် လှပသော မင်းသမီးက သူ၏နှလုံးသားကို လှုပ်ရှားအောင်လုပ်ရန် ခက်ခဲသည်။ အကောင်းမွန်ဆုံး လက်နက်များကပင် သူ၏စိတ်ဆန္ဒကို မလှုံ့ဆော်နိုင်ချေ။
သို့သော် ထိုစာရွက်နှစ်ရွက်ကမူ ငွေထည်ထက်ပင် သူ၏နှလုံးသားကို ရူးသွပ်စွာ ခုန်လှုပ်စေသေးသည်။
အရှိန်အဝါ ဝင်္ကပါ
တုဝူစစ်လီက ထိုဝင်္ကပါအတွက် သူ၏ဘဝ တစ်ဝက်နီးပါး လိုက်လံရှာဖွေခဲ့သည်။ သို့သော် ယခုမူ သူ့လက်ထဲတွင် ကိုင်ထားသည်။ နောက်ဆုံးသော အပိုင်းကသာ လိုအပ်နေခြင်းဖြစ်သည်။
သူ၏အတွေ့အကြုံ ဗဟုသုတများနှင့်သာဆိုလျှင် တစ်ချက်ကြည့်ရုံနှင့် ဝမ်ချောင်ဟာ လိမ်ညာနေခြင်း မဟုတ်ကြောင်း သိနိုင်သည်။ ဝမ်ချောင်အနေနှင့်လည်း ယခုလို အချိန်တိုအတွင်း လှည့်စားနိုင်မည် မဟုတ်ချေ။
“မဟုတ်သေးဘူး ဒီစကားလုံးတွေထဲက နားလည်နိုင်တဲ့ အစစ်အမှန် သီအိုရီတွေက တုဝူစစ်လီရဲ့ ကောင်းကင်ဘုံဝံပုလွေ ပုံရိပ်ယောင်ကိုတောင် ကျော်လွန်နေသေးတာပဲ။ ဒါက ကုန်းမြေရဲ့ မှေးမှိန်တဲ့အပိုင်းနဲ့ တောက်ပတဲ့အပိုင်းကို ယှဉ်သလိုဖြစ်နေတယ်”
အရေးအကြီးဆုံး အချက်ကမူ စကားလုံးများ အားလုံးက ချောမွေ့စွာ ထွက်လာခဲ့ခြင်းဖြစ်သည်။ ချိတ်ဆက်မှု တစ်ခုချင်းစီတိုင်းကလည်း သေသပ်စွာ ရှိနေလေပြီး အမှားအယွင်း ပြစ်ချက်မရှိပါချေ။
ထိုကဲ့သို့သော သိုင်းမျိုးကို တစ်ညတည်းနှင့်သာ ဖန်တီးနိုင်လျှင် တုဝူစစ်လီက တစ်ဖက်သူကို လေးစားမှုအပြည့်နှင့် ဒူးထောက်ပေးလိုက်ပေလိမ့်မည်။ ဒါက အတုဖြစ်နေနိုင်သည့်တိုင်အောင် သူဟာ အရှုံးကို ဝန်ခံရပေလိမ့်မည်။ ဆိုလိုသည်မှာ သူတုဝူစစ်လီက ကန်းလွန်းပြီး အလှည့်စားခံရန် ထိုက်တန်ပေလိမ့်မည်။
သို့မဟုတ် သုံးလ၊ လေးလခန့်အကြာက ဝမ်ချောင်က သူတာလာ့သို့လာမည့် အကြောင်းကို ကြိုသိထား၍ သူဟာဒီဝင်္ကပါကို လိုချင်သည့်အကြောင်းကို ကြိုသိထား၍ အချိန်အများကြီးသုံးပြီး ကြိုတင်ဖန်တီးထားလျှင်မူ ဖြစ်နိုင်ချေရှိသေးသည်။
သို့သော် ထိုအခြေအနေက ပို၍ပင် မဖြစ်နိုင်ချေ။
“ကောင်လေး ငါမင်းကို ဓားစာခံပေးမယ်”
တုဝူစစ်လီက ခေါင်းကိုမော့သည်။ သူကပြုံးနေရင်း စာရွက်နှစ်ရွက်ကို သိမ်းလိုက်သည်။
“ဒါပေမဲ့ ဒုတိယတစ်ပိုင်းက အစစ်အမှန်ပါ မင်းက လှည့်ကွက်တွေ မသုံးထားပါဘူးလို့ ငါက ဘယ်လို သိနိုင်မှာလဲ။ တကယ်လို့ အတုသာဖြစ်နေခဲ့ရင် ငါ့ရဲ့ကြိုးစားအားထုတ်မှုတွေ အားလုံးက အလဟသ ဖြစ်သွားမှာပေါ့”
ထိုအခိုက် အန်းရှီဒုကာကွယ်ရေးဗိုလ်ချုပ် ချန်းချန့်လီက သည်းမခံနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။
“တုဝူစစ်လီ မင်းကတော်တော်လေး အသုံးမကျတာပဲ။ ငါတို့ကမင်းကို တစ်ဝက်ပေးပြီးပြီ။ မင်းကလည်း ဝင်္ကပါရဲ့စွမ်းအားကို ကိုယ်တိုင်မြင်ထားပြီးသား။ မင်းကဒါတောင်မှ ဓားစာခံကို မအပ်သေးဘူး။ ဒါဆိုရင် မင်းကသူ့ကို လွှတ်ပေးမယ်လို့ ငါတို့က ဘယ်လိုများ သိနိုင်မှာလဲ။ ငါတို့ကမင်းကို အရာအားလုံး ပေးလိုက်ပြီး မင်းကဓားစာခံကို မအပ်ဘူးဆိုရင် ငါတို့က အလဟသ ဆုံးရှုံးရမှာမဟုတ်လား”
မဟာထန်၏ဘက်က ရိုးသားမှုအများကြီး ပြထားပြီးသားဖြစ်သည်။ သို့သော် တုဝူစစ်လီကမူ ပို၍ ထပ်လိုချင်နေသေးသည်။ ထို့ကြောင့် သူတို့က လက်သင့်မခံနိုင်တော့ချေ။
“ဟား ဟား ဟား တုဝူစစ်လီ မင်းမမြင်နိုင်ရင် မင်းသေချာပေါက် ဘယ်သိပါ့မလဲ”
ဝမ်ချောင်က နောက်ဆုံးတွင် ပြောလာသည်။ သူ၏အမူအရာက ခပ်အေးအေး ဖြစ်နေသည်။ သူက တုဝူစစ်လီဟာ ထိုမေးခွန်းကို မေးလာနိုင်ကြောင်း သိထားပြီးပုံပေါ်သည်။
“ဒုတိယတစ်ပိုင်းက အတုဖြစ်ချင်ဖြစ်မယ်၊ အစစ်ဖြစ်ချင်ဖြစ်မယ် တုဝူစစ်လီ မင်းလိုအကျင့်စရိုက်ရှိတဲ့လူ အနေနဲ့ ငါမင်းကို ဘာကိုမှ ဖြောင့်ဖြဖို့ မကြံစည်ထားဘူး။ မင်းဒီလဲလှယ်မှုကို ရပ်တန့်ဖို့ ရွေးချယ်လို့ရတယ်။ ငါကလည်း ငါ့ရဲ့လက်အောက်ငယ်သားကို မရဘူး။ မင်းကလည်း ဒီဝင်္ကပါကို မရဘူး။ ငါတို့နှစ်ယောက်လုံး လက်ဗလာဖြစ်သွားမှာပဲ။ ဒါပေမဲ့ မင်းငါ့ကိုယုံဖို့ရွေးချယ်ပြီး ရင်းနှီးနိုင်သေးတယ်။ အဲ့ဒီလိုလုပ်လိုက်တဲ့အခါ ငါက ငါ့ရဲ့လက်အောက်ငယ်သားကိုရမယ်။ မင်းက အစစ်အမှန် ဝင်္ကပါကိုရမယ်။ မင်းရွေး”
တုဝူစစ်လီ၏ မျက်နှာက အေးခဲသွားသည်။ ဝမ်ချောင်က ဒုတိယတစ်ပိုင်းဟာ အတုဖြစ်နိုင်သည်ဟု ဝန်ခံလာမည်ဟုပင် မထင်ထားမိချေ။ သူက သတိလက်လွတ်ဖြစ်သွားသည်။ ထို့ကြောင့် မရွေးချယ်တတ်တော့ချေ။
ဝမ်ချောင်၏ အစောပိုင်းစကားလုံးများကိုသာ ကြားရရုံသာဆိုလျှင် သူကနောက်လှည့်ပြီး ထွက်သွားလောက်သည်။ သို့သော် ယခုမူ စာရွက်နှစ်ရွက်ကိုလည်း မြင်ခဲ့ရပြီးဖြစ်ပြီး အတွင်းမှ စွမ်းအားများကိုလည်း ခံစားမိပြီးသားဖြစ်လေရာ တုဝူစစ်လီအနေဖြင့် နောက်လှည့်ရန် ခက်ခဲသွားသည်။
“ကောင်လေး မင်းကတော်တော်လေးကို ဘဝင်မြင့်လွန်းတာပဲ။ ငါက ဝင်္ကပါရဲ့ လျို့ဝှက်ချက်နှစ်ပိုင်းကို ရထားပြီးပြီ။ မင်းက ဒီလိုစကားမျိုးတွေ ငါ့ကိုပြောလာရဲသေးတယ်ဆိုတော့ ငါကမင်းကို အခုချက်ချင်း သတ်လိုက်မှာကိုမကြောက်ဘူးလား”
တုဝူစစ်လီက ခေါင်းလှည့်လျှက် ချန်းပင်းကိုကြည့်ရင်းပြောသည်။ သူ၏မျက်လုံးက အေးစက်လာ၏။ သူ၏လက်ချောင်းများက တဖြည်းဖြည်းချင်း တင်းကြပ်သွားပြီး စွမ်းအင်များက လက်ထိပ်သို့ ရောက်လာသည်။ သူက အနည်းငယ် လှုပ်လိုက်ရုံနှင့် ချန်းပင်း၏အရိုးများကိုချိုးကာ သတ်နိုင်သည်။
“ဟင်း တုဝူစစ်လီ ချန်းပင်းက ငါ့ရဲ့လက်အောက်ငယ်သားပါ။ ငါကသူ့ကို အရမ်းကို တန်ဖိုးထားတယ်။ ဒါပေမဲ့ မင်းနဲ့အနောက်ပိုင်းတူရကီတွေအတွက် သူကဒီတိုင်း ဘာမှမဟုတ်တဲ့ နာမည်မရှိ စစ်သည်တော်တစ်ယောက်ပဲ။ ဒီလိုနာမည်မရှိတဲ့ စစ်သည်တော်တစ်ယောက်ရဲ့ အသက်နဲ့ အဖိုးတန်လွန်းတဲ့ ဝင်္ကပါရဲ့လျို့ဝှက်ချက်ကို လဲတာက... တုဝူစစ်လီ မင်းတော်တော်လေးကို အသာစီး ရနေပြီးသားပါ။ ဒါတောင်မှ မင်းကသူ့ကို သတ်ချင်နေသေးတာလား”
ဝမ်ချောင်ကရယ်သည်။ သူ၏စူးရှသောအကြည့်က ဓားများကဲ့သို့ တုဝူစစ်လီ၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ထိုးခွင်းသွားသည်။
သာ့လွန်ရော့ကျန်း၏ မျက်ဝန်းကလည်း ထိုစကားလုံးများကြောင့် လေးလံသွားသည်။ ထိုမျက်ဝန်း အနက်ရှိုင်းဆုံးအပိုင်းတွင် သိချင်စိတ် ပြင်းပြမှုနှင့် စိတ်ဝင်စားမှုက ထင်ဟပ်လာသည်။
တုဝူစစ်လီက ဒီဝမ်ချောင်ကို ကောင်းကောင်း နားမလည်သေးဘူးပဲ။
သူကငြင်းခုံချင်တယ်ဟုတ်လား။ သာ့လွန်ရော့ကျန်းကပင် သူ့ကိုမယှဉ်နိုင်လေရာ တုဝူစစ်လီဆိုလျှင် ပို၍ဆိုးသည်။
“ဟား ဟား ကောင်းပြီလေ”
တုဝူစစ်လီက ရယ်သည်။ သာ့လွန်ရော့ကျန်း မျှော်လင့်ထားသည့်အတိုင်း ဆုံးဖြတ်ချက် ချလိုက်၏။
“ကောင်လေး ငါမင်းနဲ့ သဘောတူညီမှုယူမယ်။ ငါတို့ တစ်ချိန်ထဲမှာ ပေးကြမယ်။ ငါသုံးကနေ တစ်ထိရေမယ်။ တစ်ထိရောက်သွားတဲ့အခါ ငါကမင်းရဲ့လက်အောက်ငယ်သားကို မင်းကိုပေးမယ်။ မင်းကငါ့ကို အဲ့ဒီစာရွက်ကိုပေး။ ငါတို့တစ်ချိန်ထဲမှာပဲ လှုပ်ရှားကြမယ်။ ဒီလိုဆိုရင် ဘယ်သူကမှ ဘယ်လှည့်ကွက်ကိုမှ သုံးနိုင်တော့မှာမဟုတ်ဘူး။ မင်းကငါ့ကို အတုပေးတယ်လို့ ငါကသိတဲ့အခါ ငါချန်းပင်းကို အရင်သတ်မယ်။ အဲ့ဒီနောက် မင်းရဲ့လက်အောက်ငယ်သားတွေကို သတ်မယ်”
“ဟား ဟား ရတယ်။ ငါကလည်းမင်းက အကြံအစည်တိုင်းမလုပ်ဘဲ သူ့ကိုလမ်းတစ်ဝက်မှာ သတ်တာကို တွေ့ခဲ့ရရင် ငါကအဲ့ဒီစာရွက်ကို ဖျက်ဆီးလိုက်ပြီး မင်းကိုအဲ့ဒီလျို့ဝှက်ချက်ကို ဘယ်တော့မှ မရစေတော့ဘူး။ နောက်ပြီးငါက တစ်စုံတစ်ယောက်နဲ့ ဒီဝင်္ကပါအကြောင်း အလဲအလှယ်လုပ်တဲ့ ပထမဦးဆုံးနဲ့ နောက်ဆုံးအကြိမ်လည်းဖြစ်တယ်”
ဝမ်ချောင်ကရယ်ရင်း အင်္ကျီလက်ကို တစ်ချက်ယမ်းသည်။
အဆုံးသတ်တွင် တုဝူစစ်လီက ထိုဝင်္ကပါ၏ လွှမ်းမိုးမှုကို တောင့်မခံနိုင်ခဲ့ချေ။ သို့သော် သူက ချန်းပင်းကို ကြံနိုင်သမျှကြံနေသည်။
အဆုံးသတ်တွင် ဝမ်ချောင်နှင့်တုဝူစစ်လီ မဟာထန်နှင့် အနောက်ပိုင်းတူရကီမှ ဗိုလ်ချုပ်များအားလုံးက သဘောတူညီမှု ရရှိသွားသည်။ သို့သော်သူတို့က လေထုအခြေအနေကို မပေါ့ပါးစေသေးချေ။ တင်းကြပ်မှုက ပို၍ပြင်းထန်လာသည်။
“ချန့်လီ အဆင်သင့်ပြင်ထား တစ်ခုခုမှားယွင်းလာခဲ့ရင် တုဝူစစ်လီကို ချက်ချင်းတားပြီး ချန်းပင်းကိုကယ်”
လူတိုင်းက ဝမ်ချောင်နှင့် တုဝူစစ်လီကို အာရုံစိုက်ထားသည့်အချိန်တွင် ကောင်းရှန်းကျစ်ကို သတိမထားကြချေ။ ကောင်းရှန်းကျစ်က အခြေအနေတစ်ခုလုံးကို ဝမ်ချောင်၏နောက်မှ အာရုံစိုက်ကာ လေ့လာနေခြင်းဖြစ်သည်။ ထိုအချိန်တွင် သူ၏နှုတ်ခမ်းက လှုပ်သွားပြီး ချန်းချန့်လီနားအတွင်းသို့ အသံပို့လွှတ်ကာ ဆက်သွယ်ကာ အမိန့်ပေးလိုက်သည်။
ဝမ်ချောင်နှင့် တုဝူစစ်လီက သဘောတူညီမှု ရရှိသွားပြီဖြစ်သည်။ သို့သော် လူအနည်းစုကသာ တည်ငြိမ်နေသော အောက်ဘက်မှ အဆုံးအစမဲ့လောက်အောင် ပြွတ်သိပ်လာသည့် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒကို မြင်နိုင်သည်။ တုဝူစစ်လီနှင့် ဝမ်ချောင်တို့က သုံးထိရေပြီးသည်နှင့် လဲလှယ်ရန် သဘောတူညီလိုက်ကြသည်။ ထိုအခိုက် တုဝူစစ်လီက မှတ်တမ်းတင်ထားသော စာရွက်ကိုယူရန် အာရုံစိုက်မှသာ ဝမ်ချောင်က အောင်မြင်နိုင်မည်ဖြစ်သည်။ ထိုအရာကို အစစ်အမှန်ဟု အယုံသွင်းနိုင်မည်ဖြစ်သည်။ သို့သော် တုဝူစစ်လီကသာ သူဟာလှည့်စားသည်ဟု ထင်သွားခဲ့လျှင် သို့မဟုတ် ဝမ်ချောင်ကသူ့ကို အစစ်အမှန်မပေးဟု ယူဆလိုက်လျှင် နောက်လှည့်ပြီး ချန်းပင်းကို ချက်ချင်းသတ်ပေလိမ့်မည်။ ထိုသို့ဖြစ်လာခဲ့လျှင် ချန်းပင်းက သေဆုံးသွားပေလိမ့်မည်။ ပို၍ဆိုးသည်မှာ ချန်းပင်းက တုဝူစစ်လီ၏ဘေးဘက်တွင် ရှိနေသည်။ ထို့ကြောင့် ကောင်းရှန်းကျစ်ကပင် ကယ်ရန်ခက်ခဲသည်။
“နားလည်ပါပြီ”
ချန်းချန့်လီက မသိမသာ ခေါင်းညိမ့်လိုက်ပြီး တင်းမာသော မျက်နှာထားမျိုးနှင့်ဖြစ်သွားသည်။
“သုံး”
လေးလံပြီး တင်းမာသော သံမဏိကဲ့သို့သော အသံမျိုးက လေထုကို ထိုးခွဲလာသည်။ ထိုအသံနှင့်အတူ ဝမ်ချောင်နှင့်တုဝူစစ်လီအကြားမှ အလဲအလှယ်က စတင်ပြီဖြစ်သည်။ လေထုက ရုတ်ချည်းဆိုသလို တောင့်တင်းသွားသည်။
တုဝူစစ်လီ၏ လက်ချောင်းများက ကွဲအက်သံ ထွက်ပေါ်လာလေရင်း ချန်းပင်း၏လည်ပင်းကို ဆက်တိုက်ညှစ်ထားသည်။
သူ၏အမူအရာက အေးစက်ပြီး ဆိုးယုတ်နေသည်။ သူက ဝမ်ချောင်နှင့် ညှိနှိုင်းနေသော အခြေအနေမျိုးနှင့် ခြားနားသည်။
တုဝူစစ်လီ၏ အခြားလက်က ခန္ဓာကိုယ်အနောက်ဘက်တွင်ဖြစ်သည်။ အဆစ်များက ကွဲအက်သံများ ထွက်ပေါ်နေသည်။ သူ၏အနောက်ဘက် သိပ်မဝေးသောနေရာမှ ရှာမနှင့် ချဲ့ခွန်းပန်းပါ့တို့ကလည်း ရုတ်ချည်းဆိုသလို ခန္ဓာကိုယ် တောင့်တင်းသွားကြသည်။ သူတို့၏ အမူအရာက တင်းမာသွားပြီး တုဝူစစ်လီ၏လက်ကိုသာ စိုက်ကြည့်နေကြသည်။
အခန်း(၁၀၁၀)
“နှစ်”
တုဝူစစ်လီက နှစ်ထိရေပြီးလိုက်ချိန်တွင် လေထုက ပို၍ပင် တင်းမာသွားသေးသည်။ မည်သူကမှ မလှုပ်ကြချေ။ သို့သော် မမြင်ရသော တောင့်တင်းမှုက လေထုအတွင်း ပျံ့နှံ့လာပုံပေါ်သည်။ လူတိုင်း၏ မျက်လုံးက စူးရှလာသည်။ သက်တောင့်သက်သာရှိသော အခြေအနေများ အားလုံးက ပျောက်ကွယ်သွားသည်။ ထိုအခိုက်အတန့်တွင် ဝမ်ချောင်က သူ၏အင်္ကျီရင်ဘက်အတွင်းမှ တတိယမြောက်နှင့် နောက်ဆုံးသောစာရွက်ကို ထုတ်သည်။
ထိုနှင်းဖြူရောင်စာရွက်က အလွန့်အလွန်ပါးသည်။ နေရောင်အောက်တွင် ကြည့်ရုံနင့် အတွင်းမှ လက်ရေးမူ စာကြောင်းများကိုမြင်နိုင်သည်။
တုဝူစစ်လီက တခဏခန့် မျက်တောင်ခတ်လိုက်မိသည်။ သူက မမြင်ရသော ဆွဲဆောင်မှုပြင်းသည့် အားတစ်ရပ်၏ ဆွဲဆောင်မှုကို ခံရသည့်အလား ထိုစာရွက်ကို ကြည့်မိသွားသည်။
အရှိန်အဝါဝင်္ကပါ
နောက်ဆုံးစာရွက်ကို ရမှသာလျှင် လျို့ဝှက်ချက်က အစစ်အမှန် ပြီးမြောက်မည်ဖြစ်သည်။ အရှိန်အဝါ ဝင်္ကပါက အဆင့်လွန်ဝင်္ကပါနယ်မြေကို ကိုယ်စားပြုသည်။ ဒါက မာထရာ သို့မဟုတ် အင်အားကြီးမားသော ဝင်္ကပါလောက် မဟုတ်တော့ချေ။ လျို့ဝှက်ချက်များကိုသာ ပြီးမြောက်စွာ နားလည်နိုင်မည်ဆိုလျှင် နာမည်ကျော်ကြားသော ကောင်းကင်ဘုံဝံပုလွေ ပုံရိပ်ယောင် ဝင်္ကပါကလည်း ပို၍မြင့်မားသော အဆင့်သို့ ရောက်ရှိသွားနိုင်လေပြီး ကိုယ်ပိုင်အရှိန်အဝါ ဝင်္ကပါကို ဖန်တီးနိုင်ပေလိမ့်မည်။
ထိုအချိန်တွင် ကောင်းကင်ဘုံဝံပုလွေမြင်းတပ်က ရပ်တန့်၍ မရနိုင်တော့ချေ။
ယွီစန်းမှ မဟာသွေးနီရောင်နေမင်း ဝင်္ကပါကလည်း ကောင်းကင်ဘုံဝံပုလွေ ပုံရိပ်ယောင် ဝင်္ကပါနှင့် အဆင့်အတန်းတူသည်။ သို့သော် သူတို့က အမြင့်ဆုံးအဆင့်သို့ မရောက်သေးချေ။ ထိုအရှိန်အဝါ ဝင်္ကပါ၏ လျို့ဝှက်ချက်များကလည်း တိဗက်များ၏ ဝင်္ကပါကို အဆင့်မြင့်သွားစေနိုင်ပြီး ရပ်တန့်၍ ခက်ခဲသည့် ဝင်္ကပါမျိုးအဖြစ် ပြောင်းလဲစေနိုင်သည်။ ထို့ကြောင့် မည်သူကမှ ထိုဆွဲဆောင်မှုကို မရုန်းကန်နိုင်ကြချေ။
“မဟာအမတ်မင်း”
နောက်တန်းမှ ... ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့နှင့် ကျန်းအနည်းငယ် ဝေးကွာသော နေရာမှ ဟော်ပါးစမ်းယဲ့က မျက်တောင်ခတ်သည်။ သူက စိတ်ဆန္ဒများနှင့်အတူ လျှာသပ်လိုက်သည်။
သူက ဝူရှန်းမြင်းတပ်ကို ရှင်းရန်ရောက်လာခဲ့ရင်း သူ၏ကလဲ့စားချေမှုကို ယူကာ ယွီစန်းအင်ပါယာ မြင်းတပ်၏ ကျော်ကြားမှုကို ထိန်းသိမ်းလိုသော်လည်း ထိုအရှိန်အဝါ ဝင်္ကပါ၏ လျို့ဝှက်ချက်များကို အရယူပြီး မဟာသွေးနီရောင်နေမင်း ဝင်္ကပါကို ပို၍မြင့်မားသော အဆင့်သို့ ရောက်ရှိသွားအောင် လုပ်နိုင်ခဲ့လျှင် တိဗက်တောင်ပေါ်ဒေသမှ ဒဏ္ဍာရီလာ အဆင့်မြင့်ဝင်္ကပါကို ပြန်လည်ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
“တစ်”
နောက်ဆုံးတော့ အခိုက်အတန့်က ရောက်လာသည်။
တောင့်တင်းနေသော လေထုအတွင်းတွင် ဝမ်ချောင်၊ တုဝူစစ်လီ၊ ကောင်းရှန်းကျစ်၊ ဟော်ရှု့ဟွေ့ခမ်းနှင့် အခြားသောလူတိုင်းက ခပ်တင်းတင်းဆွဲထားသော လေးကြိုးများကဲ့သို့ ဖြစ်နေကြသည်။ သူတို့၏ ကြွက်သားများအားလုံးက တင်းမာနေကြသည်။
ဘန်း
လေထုထဲတွင် မိုးခြိမ်းသံက ထွက်ပေါ်လာသည်။ ပထမဦးဆုံး လှုပ်ရှားလိုက်သောလူက တုဝူစစ်လီမဟုတ်ဘဲ ဝမ်ချောင်ဖြစ်သည်။ အဖြူရောင်က ဖြတ်ကနဲ လင်းလက်သွားပြီးနောက် နောက်ဆုံးသော စာရွက်က ဝမ်ချောင်၏လက်အတွင်းမှ လွတ်သွားသည်။ သို့ရာတွင် စာရွက်က တုဝူစစ်လီထံ မရောက်ချေ။ ရှု့ထောင့်တစ်ခုမှကြည့်သော် မည်သူမှမရှိသော နေရာသို့ သွားနေခြင်းဖြစ်သည်။
တုဝူစစ်လီက မျက်လုံးပြူးသွားသည်။ သူက အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ အနည်းငယ်သော တောင့်တင်းမှုကို ဖော်ထုတ်ပြသသည်။ ဝမ်ချောင်၏လက်ထဲမှ အလင်းလုံးတစ်လုံးကို သူက မြင်နိုင်သည်။ ထိုအရာက လေထဲရှိ စာရွက်ကို ချိန်ရွယ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် အချိန်မရွေး ဝင်္ကပါ၏ လျို့ဝှက်ချက်များကို ဖျက်ဆီးမည်ဖြစ်သည်။
ဘန်း
လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ရှားပြီးနောက် တုဝူစစ်လီက ချက်ချင်းဆိုသလို ချန်းပင်းကို အနောက်မှ တွန်းလိုက်သည်။
“ဝမ်ချောင် ငါမင်းကို မင်းရဲ့လူပေးမယ်။ ငါ့ကို အဲ့ဒီလျို့ဝှက်ချက်ပေး”
ထိုအသံက လေထဲတွင် ဟိန်းထွက်သွားသည်။ တုဝူစစ်လီက ချန်းပင်းကို ထောင့်တစ်ခုသို့ ပစ်လိုက်သည်။ ထိုနေရာကလည်း ဝမ်ချောင်စာရွက်ကို ပစ်လိုက်သောနေရာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ဝမ်ချောင်ကသာ ချန်းပင်းကို ကယ်လိုလျှင် စာရွက်ကို ဖျက်ဆီးချိန်ရလိမ့်မည်မဟုတ်ချေ။ အလားတူစွာပင် တုဝူစစ်လီက စာရွက်ကိုလိုချင်လျှင် ချန်းပင်းကိုမသတ်နိုင်ချေ။
ရှင်းလင်းစွာဖြင့်ပင် ဝမ်ချောင်နှင့် တုဝူစစ်လီတို့က ထိုအချက်ကို သဘောတူထားကြသည်။
အလင်းများ ဖြတ်ကနဲလက်သွားပြီးနောက် ဝမ်ချောင်နှင့် တုဝူစစ်လီတို့က လေထဲသို့ ခုန်တက်လိုက်ကြသည်။ တစ်ယောက်က ချန်းပင်းထံသွားပြီး တစ်ယောက်က စာရွက်ထံသွားသည်။ ကျွမ်းကျင်ပညာရှင်များ၏ တိုက်ခိုက်ပွဲကို စက္ကန့်အနည်းငယ်တည်းနှင့် ဆုံးဖြတ်နိုင်သည်။ သူတို့အဆင့်တွင်ရှိသော ကျွမ်းကျင်ပညာရှင်များ အတွက်ဆိုလျှင် တစ်စက္ကန့်တည်းနှင့်ကိစ္စပေါင်းများစွာ ဖြစ်သွားနိုင်သေးသည်။ လက်ဝယ်အရေးကြီးဆုံးတာဝန်က သူတို့လိုချင်သည့်အရာကို အရယူခြင်းဖြစ်သည်။
“ဝမ်ချောင် ငါ့ရဲ့ပုဆိန်ကို စားပါဦး”
တုဝူစစ်လီက ဝမ်ချောင်ဟာ ချန်းပင်းထံ တိုးဝင်သွားကြောင်း မြင်သောအခါ ပျော်သွားသည်။ သူတို့နှစ်ယောက်က အချင်းချင်း ကျော်ဖြတ်လိုက်သည့် တခဏတွင် အနီးသို့အခိုက်အတန့်သို့ ရောက်သွားသည့်အခိုက် တုဝူစစ်လီက သူ၏ကြယ်တာရာစွမ်းအင်များကို သူ၏အနက်ရောင် ပုဆိန်ထဲသို့ ထည့်သွင်းလိုက်ပြီး ဝမ်ချောင်ထံ ဒေါသကြီးသော နဂါးနက်တိုက်ကွက်ကို ထုတ်လွှတ်လိုက်သည်။ တစ်ချိန်ထဲလိုလို လေထုက ဟိန်းဟောက်သွားပြီး ဝမ်ချောင်က နတ်ဘုရင်ရာမအဖြစ် ပြောင်းလဲသွားသည်။
ဘန်း
ဘယ်ဘက်လက်ဝါးတစ်ချက်က တုဝူစစ်လီ၏ အနက်ရောင် ပုဆိန်ထံမှလာသော တိုက်ကွက်ကိုတားပြီး ကြီးမားသော ဗာဂျရာငရုတ်ကျည်ပွေ့ကြီးက တုဝူစစ်လီကို လွှဲယမ်းကာ ရိုက်သည်။
“ရွှေ့”
ထိုအခိုက် ဝမ်ချောင်နှင့် တုဝူစစ်လီတို့ကသာ လှုပ်ရှားလိုက်ကြခြင်းမဟုတ်ချေ။ ရှာမာနှင့် ချဲ့ခွန်းပန်းပါ့တု့ိကလည်း တုဝူစစ်လီ၏ ဘယ်လက်ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ကြခြင်းဖြစ်သည်။ အချက်ပြမှုကို လက်ခံရရှိလိုက်သည်နှင့် အနောက်ပိုင်းတူရကီ ခါကာနိတ်မှ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးများ အားလုံးက ချန်းပင်းထံ ဆာလောင်နေသော ကျားများကဲ့သို့ ခုန်ဝင်သွားသည်။
ဝမ်ချောင်က သူ့ကိုဂရုစိုက်လေလေ ချန်းပင်းက အလွန်အရေးကြီးကြောင်း သိသာလေလေဖြစ်သည်။ ပို၍ဆိုးသည်မှာ သူတို့က ချန်းပင်းကို သတ်လိုက်လျှင် ထန်စစ်တပ်အတွက် ကြီးမားသည့် ထိုးနှက်ချက်ကြီး ဖြစ်သွားနိုင်သေးသည်။ ထိုအကြောင်းပြချက်ကြောင့် ထိုနှစ်ယောက်က ချန်းပင်းကို သတ်လိုကြသည်။
“အရှက်မဲ့လိုက်တာ မင်းက သေချင်နေတာပဲ”
ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ချန်းချန့်လီက ဝမ်ချောင်၏ဘေးဘက်မှ ခုန်ထွက်လာသည်။ သူ၏မျက်လုံးက အေးစက်သောအလင်းဖြင့် တောက်ပလာပြီး ချန်းပင်းဆီ ခုန်ဝင်လာသည်။ တိုက်ပွဲက ရုတ်ချည်းဖြစ်သွားပြီး အလွန့်အလွန် ပြင်းထန်သွားသည်။ ယခုအလဲအလှယ်ကာလတွင် အသေးစိတ်ဆုံးလူက ကောင်းရှန်းကျစ်ဖြစ်သည်။
“မင်းနဲ့မသက်ဆိုင်တဲ့ အရာတွေရှိတယ် တုဝူစစ်လီ မင်းအိမ်မက် မမက်တာကောင်းမယ်”
လူတိုင်း၏နားအတွင်း အေးစက်ကာ အရှိန်အဝါပြည့်နှက်သော အသံက ဟိန်းထွက်လာသည်။
ဘုန်း
ကောင်းရှန်းကျစ်က ရှေ့သို့ ခုန်တက်လာသည်။ သူ၏အရှိန်နှုန်းက လူတိုင်းကိုကျော်နိုင်သည်။ သူက တိုက်ပွဲထဲသို့ ဝင်လာသည့်တခဏတွင် တိုက်ပွဲနယ်မြေအတွင်းရှိ မရေမတွက်နိုင်သော ကျွမ်းကျင်ပညာရှင်ပေါင်း များစွာက သူ၏စွမ်းအင်မုန်တိုင်းအောက် အားနည်းသော အကောင်လေးများအဖြစ် ပြောင်းလဲသွားသည်။
“သေစမ်း”
တုဝူစစ်လီ၏ အမူအရာက ရှုံ့မဲ့သွားသည်။ လောကရှိ အင်ပါယာတိုင်း တိုင်းပြည်တိုင်းအတွက် ထူးချွန်သော မဟာဗိုလ်ချုပ်ကြီးအဆင့် အနည်းငယ်သာ ပိုင်ဆိုင်သည်။ သို့သော် မဟာဗိုလ်ချုပ်ကြီးများထဲတွင် ကောင်းရှန်းကျစ်က လူတိုင်းမနာလိုကြီးရသည့်လူမျိုး ဖြစ်နေသေးသည်။ အပုမူစလင်ကပင် ကောင်းရှန်းကျစ်ကို လေးစားမှုအပြည့်နှင့် ဆက်ဆံရသည်။ ထို့ကြောင့် သူဟာ မည်မျှအင်အားကြီးကြောင်း သိနိုင်သည်။
“ကောင်းရှန်းကျစ် ငါဓားစာခံကို လွှတ်ထားပြီးသား။ မင်းက သဘောတူညီမှုကို ဖောက်ဖျက်ချင်တာလား”
တုဝူစစ်လီ၏ နှလုံးသားက လေးလံသွားသည်။ သူယခင်က သံသယအနည်းငယ် ရှိခဲ့သည်။ သု့ိသော် ကောင်းရှန်းကျစ်က သံသယများအားလုံးကို ဖယ်ချလိုက်သည်။
ဝင်္ကပါ၏လျို့ဝှက်ချက်က အစစ်အမှန်သာ မဟုတ်လျှင် ကောင်းရှန်းကျစ်ကဲ့သို့သော အဆင့်မြင့် မဟာဗိုလ်ချုပ်ကြီးက ထိုမျှအထိ ထိတ်လန့်နေပြီး ကိုယ်တိုင်လှုပ်ရှားလိမ့်မည်မဟုတ်ချေ။
“ကောင်းရှန်းကျစ် တွေးတောင်မတွေးနဲ့”
တုဝူစစ်လီက သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင်တိုင်းကိုဖောက်ခွဲလိုက်သည်။ ဝမ်ချောင်နှင့် တိုက်ခိုက်ရန်အတွေးကို ဖယ်ချလိုက်ပြီး မှင်သက်ဖွယ်ကောင်းအောင် မြန်ဆန်သည့် အရှိန်နှုန်းနှင့် စာရွက်ကို ပြေးယူသည်။
တုဝူစစ်လီက ခပ်မြန်မြန် တုန့်ပြန်ခဲ့သည်။ သို့သော် သူ့ထက်မြန်သော လူတစ်ယောက်က ရှိနေသည်။ တုဝူစစ်လီက နှစ်အထိ ရေတွက်ပြီးကတည်းက ဟော်ရှု့ဟွေ့ခမ်းက စတင်ကာ ရိုက်ချရန် အသင့်ပြင်ထားပြီးသားဖြစ်သည်။ သို့သော် သူ၏မူရင်းရည်ရွယ်ချက်ကမူ ဝမ်ချောင်နှင့် ချန်းပင်း ဖြစ်နေချိန်တွင် ယခုမှသာ ကောင်းရှန်းကျစ်ကို ပြန်လည်အာရုံစိုက်ရခြင်းဖြစ်သည်။
မြေကမ္ဘာက တုန်ခါသွားသလို ကောင်းရှန်းကျစ်ကို ချိန်ရွယ်လျှက် တိုးဝင်လာသည့် မျက်စိကြိမ်းမတက် တောက်ပသည့် ရွှေရောင်ဆေဘာအလင်းတန်းက လေထုကို ထိုးခွဲသွားသည်။
ဘုန်း ဘုန်း ဘုန်း
စွမ်းအင်များက အချင်းချင်း ထိပ်တိုက်တွေ့ဆုံကာ ပေါက်ကွဲသွားသည့် အချိန်တွင် လေထဲတွင် ဟိန်းထွက်လာသည်။ ဖုန်မှုန့်များက တိုက်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။
“သေစမ်း ငါ့ရဲ့အရှိန်အဝါဝင်္ကပါ”
တုဝူစစ်လီ၏မျက်နှာက စိုးရိမ်သောကများဖြင့် ပြည့်နှက်သွားသည်။ သူက မတုန့်ဆိုင်းတော့ဘဲ ကြောက်မက်ဖွယ်ကောင်းလောက်အောင်များသည့် ရွှေရောင်စွမ်းအင်များကို ရွှေရောင် အကာအကွယ်လွှာအဖြစ် ပြောင်းလဲလျှက် အံ့အားသင့်မှု အားလှိုင်းများ၏အောက်မှ စာရွက်ကို ကာကွယ်လိုက်ရသည်။ တုဝူစစ်လီက သူ၏ကြယ်တာရာစွမ်းအင်များကိုသုံးကာ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးနှစ်ယောက်၏ တိုက်ကွက်မှ ထွက်လာသည့် စွမ်းအင်လှိုင်းများကို ကာကွယ်ရန် ဆုံးဖြတ်ထားသည်။
ဘုန်း
ရှေ့သို့ခုန်အုပ်လိုက်သည့် တုဝူစစ်လီက လက်ညိုးနှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး စာရွက်ကိုဖမ်းသည်။ ထို့နောက် လက်ဝါးအတွင်းသို့ ဆွဲသွင်းကာ လုံခြုံအောင် ထိန်းသိမ်းလိုက်သည်။ သူက စာရွက်၏ ကြမ်းရှမှုကိုခံစားမိပြီး အလေးချိန်ကို ခံစားလိုက်ရသည်။ ထို့နောက် ဂရုတစိုက် မတင်လိုက်သည်။
“သွားရအောင်”
နောက်ဆုံးသော လျို့ဝှက်ချက်ကို ရရှိသွားသည့်အချိန်တွင် တုဝူစစ်လီက ချက်ချင်းဆိုသလို ကောင်းကင်ဝံပုလွေ နတ်ဘုရားစီတန်းခြင်းကို ထုတ်သုံးလျှက် အဝေးသို့ ချက်ချင်းထိုးထွက်ကာ ထွက်ပြေးသွားသည်။ သူက ချန်းပင်းကိုပင် မေ့သွားပုံရသည်။ သူ့အတွက် ပို၍အရေးကြီးသည်မှာ တိုက်ပွဲနယ်မြေသို့ ချဉ်းကပ်လာသော ကြီးမားသောအကောင်ကြီးကို မြင်လိုက်သောကြောင့်ဖြစ်သည်။
ဝေါင်း
မည်သူကမှ မတုန့်ပြန်နိုင်သေးခင် ပဲ့ဟယ်မော့ကြီးက ဟိန်းဟောက်လိုက်ပြီး ကောင်းကင်မှ ခုန်ဆင်းလာသည်။ သူက မြေပြင်ပေါ်သို့ ဥက္ကာခဲကြွေကျလာသည်နှင့်ပင် တူသေးသည်။
“မဟာမျောက်ဝံကြီး”
ထိုကြီးမားသည့် အကောင်ကြီးကို မြင်လိုက်ရသောအခါ ရှာမာနှင့် ချဲ့ခွန်းပန်းပ့ါတို့က ကြောက်လန့်မှုကြောင့် တုန်ယင်သွားသည်။ သူတို့က ချန်းချန့်လီနှင့် တိုက်ခိုက်မည့် အခြေအနေကို လက်လျော့လိုက်ပြီး ချက်ချင်းလိုလို ထွက်ပြေးကြသည်။
မျောက်ဝံကြီး၏ခွန်အားက ပြိုင်ဘက်ကင်းသည်။ မဟာဗိုလ်ချုပ်ကြီးများကပင် မယှဉ်နိုင်ကြလေရာ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးများဆိုလျှင် ပို၍ဆိုးသေးသည်။
“မင်းတို့က ပြေးဖို့တွေးနေတယ်ဟုတ်လား ဟွန်း စဉ်းတောင်မစဉ်းစားနဲ့”
ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် လှောင်လိုက်သည်။ ရှာမာနှင့် ချဲ့ခွန်းပန်းပါ့တို့က ချန်းပင်းကို တိုက်ခိုက်ရဲကြလျှင် သူကလည်း သူတို့ကို အလွယ်တကူ နောက်ဆုတ်ခွင့် မပြုနိုင်ပါချေ။
ဘန်း
ထိုအတွေးနှင့်အတူ သူက ဗာဂျရာငရုတ်ကျည်ပွေ့ကို ပစ်လွှတ်လိုက်သည်။ ထိုအရာက ရှာမ၏ ကျောဘက်ခြမ်းသို့ ဥက္ကာခဲတစ်ခုကဲ့သို့ တိုးဝင်သွားသည်။ တစ်ချိန်ထဲလိုလို လေထုက ဟိန်းဟောက်သံနှင့်အတူ ကြီးမားသော ကျောက်တုံးကြီးတစ်တုံးက ချဲ့ခွန်းပန်းပ့ါ၏ကျောထံ ဝင်ရောက်သွားသည်။
ဝမ်ချောင်က မျောက်ဝံကြီးကို ကျောက်တုံးသုံးပြီး ပစ်ခိုင်းထားခြင်းဖြစ်သည်။
ဘန်း ဘန်း ဘန်း
ရှာမာနှင့် ချဲ့ခွန်းပန်းပါ့တို့က အော်ဟစ်လျှက် လွင့်ထွက်သွားကြသည်။ သူတို့က သွေးအန်ထုတ်ရင်း တိုက်ပွဲနယ်မြေမှ ပို၍ဝေးကွာသောနေရာသို့ ထွက်ပြေးသွားကြသည်။
ဝေါင်း
မျောက်ဝံကြီးက ဟိန်းဟောက်လျှက် လေထဲသို့ခုန်တက်ပြီး တိဗက်နှင့် တူရကီစစ်သားများ၏ အနောက်သု့ိလိုက်သည်။ ထိုအချိန်တွင် မျောက်ဝံကြီးက လက်ဗလာမဟုတ်တော့ချေ။ သူက မီတာတစ်ဆယ်ကျော်သော ကြီးမားသော တင်းပုတ်ကြီးကို လွှဲယမ်းထားသည်။ ထိုတင်းပုတ်ကြီးက လှုပ်ရှားလိုက်သည်နှင့်အမျှ လေထုက ကျုံ့သွားသည်။
“ပြေး ပြေး ပြေး ပြေးကြတော့”
အဝေးရှိ မူထရီမဟာမြင်းတပ်နှင့် ကောင်းကင်ဘုံဝံပုလွေမြင်းတပ်တို့ကလည်း မျောက်ဝံကြီးကို အလွန်ကြောက်လန့်နေပြီးသားဖြစ်သည်။ မျောက်ဝံကြီးက သူတို့နှင့် အကွာအဝေးတစ်ခု ခြားနေသည့်တိုင်အောင် သူတို့က အနီးကပ် အာရုံစိုက်နေကြသည်။
ထိုလက်ရွေးစင် မြင်းတပ်များအတွက် အကြီးမားဆုံး ခြိမ်းခြောက်နိုင်သူက ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်ကဲ့သို့ မဟာဗိုလ်ချုပ်ကြီးများမဟုတ်ဘဲ ထိုမျောက်ဝံကြီးဖြစ်သည်။
ဒုန်း ဒုန်း ဒုန်း
ဖုန်တိမ်စိုင်များအတွင်းတွင် မရေမတွက်နိုင်သော မြင်းတပ်အဖွဲ့ဝင်များက လာချိန်ကမြန်ဆန်သော အရှိန်နှုန်းနှင့် ဆက်တိုက် ထွက်ပြေးနေကြလေသည်။