အခန်း (၁၀၁၆-၁၀၂၀)
Vol. 58 Ch. 1016-1020
အခန်း(၁၀၁၆)
မြို့တော်တွင် အပုမူစလင် သေဆုံးပြီဟု တွေးတောနေသော အထက်တန်းလွှာပေါင်းများစွာ၊ အမတ်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။ ဒါက အပုမူစလင်အတွက် သတင်းကောင်းမဟုတ်ချေ။ မည်သူကမှလည်း ကာလစ်၏အမိန့်ကို မသိကြချေ။ သို့သော် အခြေအနေက မကောင်းသည်မှာ သေချာနေသည်။
“ကျစ်ရ အဆင့်မြင့်ဘုန်းတော်ကြီးကို ရှာနိုင်မဲ့နည်းလမ်းရှိလား”
အပုမူစလင်က ရုတ်တရက်မေးသည်။
“အရှင်”
ကျစ်ရက မှင်သက်သွားသည်။ အပုမူစလင်က ကာလစ်၏ ဒေါသနှင့် အပြစ်ပေးမှုကို လျစ်လျူရှု့ပြီး အဆင့်မြင့်ဘုန်းတော်ကြီးအကြောင်း မေးမြန်းလာမည်ဟု မထင်ထားချေ။
“ကျစ်ရ မာစီက အဆင့်မြင့်ဘုန်းတော်ကြီးရဲ့ တပည့်ပဲ။ အရှင်မင်းကြီးက မာစီကို မျက်နှာသာပေးတာက သူနဲ့အဆင့်မြင့်ဘုန်းတော်ကြီးရဲ့ ဆက်ဆံရေးကြောင့်ပဲ။ ဒါကြောင့် အစကအဆုံးအထိ ဒီကိစ္စမှာ အရေးပါဆုံးက ... အဆင့်မြင့်ဘုန်းတော်ကြီးရဲ့ စကားပဲ။ ကာလစ်က ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မထုတ်ပြန်ရသေးခင် အဆင့်မြင့်ဘုန်းတော်ကြီးက အမိန့်ရှင်းရှင်းလင်းလင်း မပေးရသေးတာလို့ ဆိုလိုတာပဲ”
“ပဲ့ဟယ်မော့တွေကို ထန်တွေက ထိန်းချုပ်ပြီး အရေးအပါဆုံး အခိုက်အတန့်မှာ ဘက်ပြောင်းလိုက်တာက ဒီတိုက်ပွဲရဲ့ အခြေအနေကို ဆိုးရွားသွားစေခဲ့တာ။ မာစီသေတာက ဒီကိစ္စနဲ့ အများကြီး ပတ်သတ်နေတယ်။ ငါတို့ကသာ အဆင့်မြင့်ဘုန်းတော်ကြီးကို ဒီကိစ္စကို အကြောင်းကြားနိုင်မယ်ဆိုရင် ဖြစ်နိုင်တာက... သူက ငါတို့ကိုကူညီပြီး ဒီကပ်ဘေးကနေ ရှင်သန်နိုင်အောင် လုပ်ပေးနိုင်တယ်။ ဒီလိုနဲ့ ပိုအကူအညီ ရနိုင်တယ်။ အရှေ့ပိုင်းလောကက အမည်မသိရတဲ့ လျို့ဝှက်ချက်တွေ ပြည့်နှက်နေတာ။ တာလာ့က အစပဲဖြစ်နိုင်လောက်သေးတယ်။ ငါ့မှာရနေတဲ့ ခံစားချက်အရဆိုရင် ငါတို့က အရှေ့ပိုင်းလောကကို သိမ်းပိုက်ချင်ရင် အဆင့်မြင့်ဘုန်းတော်ကြီးရဲ့ အင်အားကို ငှားရမ်းယူရလိမ့်မယ်”
အပုမူစလင်၏ စကားလုံးများက ကျစ်ရကို ဖိအားများသွားစေသည်။
အပုမူစလင်ဟာ တာလာ့မှ ကြီးမားသော အရှုံးပြီးနောက် ကပ်ဘေးတစ်ခုကို ရင်ဆိုင်နေရကြောင်း လူတိုင်းကသိကြသည်။ သို့သော် ထိုကိစ္စများက အင်ပါယာရှိ လျို့ဝှက်ဆန်းကြယ်သော အဆင့်မြင့် ဘုန်းတော်ကြီးနှင့် ပတ်သတ်နေမည်ဟု ဘယ်သူကမှ မထင်ထားလောက်ချေ။ ပို၍ဆိုးသည်မှာ အဆင့်မြင့်ဘုန်းတော်ကြီးက ကောက်ကျစ်သည်။ လျို့ဝှက်ဆန်းကြယ်လွန်းပြီး သာမာန်လူက အဆက်အသွယ်လုပ်၍ မရသည့် တည်ရှိမှုမျိုးဖြစ်နေသည်။
အကယ်၍ ဂရုတစိုက်သာ တွေးကြည့်မည်ဆိုလျှင် အပုမူစလင်၏ စကားများက အကျိုးအကြောင်း မဲ့နေခြင်းမရှိချေ။
တခဏခန့်ကြာသည်အထိ ကျစ်ရ၏စိတ်များက ဝရုန်းသုန်းကားဖြစ်သွားသည်။ သူက တောင့်ခဲသွား၏။
“ဒါပေမဲ့အရှင် အဆင့်မြင့်ဘုန်းတော်ကြီးက ခေါင်းနဲ့ခြေကိုတောင် မြင်ရခဲတဲ့ နဂါးလိုပါပဲ။ သူအများဆုံး ပေါ်လာတဲ့နေရာက ဂူဘုရားကျောင်းပါ။ နောက်ပြီး ဂူဘုရားကျောင်းက လူတွေတောင်မှ သူဘယ်နေရာမှာ ရှိလဲဆိုတာကို မသိကြပါဘူး။ ကျွန်တော်တို့ဆိုရင် ပိုဆိုးပါတယ်။ ပိုဆိုးတာက အရှင်မင်းကြီးကာလစ်ကလည်း ဂူဘုရားကျောင်းကိုဖြစ်ဖြစ်၊ အဆင့်မြင့်ဘုန်းတော်ကြီးကိုဖြစ်ဖြစ် သွားပြီး မနှောက်ယှက်ရဘူးလို့ အမိန့်ထုတ်ထားတယ်။ အမိန့်ကို မနာခံတဲ့လူတိုင်း ကွပ်မျက်ခံရပါလိမ့်မယ်။ မင်းသားသုံးထောင်မှ ဒီလိုအခြေအနေမျိုးကို ကြုံတွေ့ခဲ့ရတာ။ ကျွန်တော်တို့ဆိုရင် ပိုဆိုးပါတယ်”
ကျစ်ရကပြောသည်။
အပုမူစလင်က မျက်မှောင်ကျုံ့သည်။ ကျစ်ရပြောနေသော အကြောင်းအရာကို သူသည်လည်း နားလည်သည်။ ယခင်ကဆိုလျှင် ကာလစ်၏ အလွန်အမင်း မျက်နှာသာပေးခံရသည့် မင်းသားသုံးရှိခဲ့သည်။ သို့သော် သူ၏ပျော်ပါးမှုကြောင့် သူဟာ တော်ဝင်ဘုရားကျောင်းထဲသို့ မတော်တဆ ဝင်မိသွားသည်။ ကာလစ်က သိသွားသောအခါ ချက်ချင်းကွပ်မျက်ခဲ့သည်။ မင်းသားဆိုသော နေရာက မြင့်ပြီး အဆင့်အတန်းမြင့်မားလွန်းသည်။ သူဟာ ပုလ္လင်ကို ဆက်ခံခွင့်ရှိခဲ့သူဖြစ်သည်။ အထက်တန်းလွှာများ အမတ်များ အမျိုးမျိုးသော နယ်မြေများမှ အစိုးရများကပင် သူ့ကိုမြင်သောအခါ ရိုသေလေးစားစွာ ဂါရဝပြုရသည်။ ထို့ကြောင့် အခြားလူများဆိုလျှင် ပို၍ဆိုးသည်။
ထိုအချိန်မှစတင်ပြီး အင်ပါယာ တစ်ခုလုံးကလည်း ကာလစ်၏ ဆုံးဖြတ်ချက် ခိုင်မာမှုကို သိသွားကြသည်။ မည်သူကမှ ဂူဘုရားကျောင်းကို မချဉ်းကပ်ရဲခဲ့ချေ။ ပို၍ဆိုးသည်မှာ ထိုနေရာကို အာရပ်စစ်သည် တစ်သောင်းက စောင့်ကြပ်ကာကွယ်နေသေးသည်။
ရှည်ကြာစွာ တွေးတောပြီးနောက် အပုမူစလင်ကလည်း အဆင့်မြင့်ဘုန်းတော်ကြီးနှင့် တွေ့ဆုံခွင့်ရရန် မဖြစ်နိုင်ကြောင်း နားလည်လက်ခံလိုက်ရသည်။ တော်ဝင်ဂူဘုရားကျောင်းကို ပြင်းပြင်းထန်ထန် စောင့်ကြပ်ကာကွယ်ထားလျှင် အပုမူစလင်က ရင်းနှီးပြီး အင်အားသုံးကာ ဝင်နိုင်သေးသည်။ သို့ရာတွင် အဓိကသော့ချက်ကမူ ထိုသို့ဝင်ခဲ့သည့်တိုင်အောင် အဆင့်မြင့်ဘုန်းတော်ကြီးကို မြင်နိုင်မည့် အခွင့်အရေး နည်းပါးနေသောကြောင့်ဖြစ်သည်။
အဆင့်မြင့်ဘုန်းတော်ကြီးက လျို့ဝှက်ဆန်းကြယ်လွန်းသည်။ လွန်ခဲ့သော ဆယ်နှစ်အတောအတွင်း သူက သုံးကြိမ်သာ ပေါ်ထွက်ခဲ့ဖူးသည်။ ထို့ကြောင့် အဆင့်မြင့်ဘုန်းတော်ကြီးထံမှ အကူအညီရရန် မဖြစ်နိုင်ချေ။
“ဒါဆိုရင် ဒီကိစ္စကို ဘေးဖယ်ထားရအောင်။ ငါမင်းကိုမေးမယ် မာမဲ့လုတွေရဲ့ အခြေအနေက ဘယ်လိုလဲ”
အပုမူစလင်က ပြောလာသည်။ သူက ထိုစကားလုံးများကို ပြောလာသည့်အချိန်တွင် သူ၏မျက်ဝန်းက ထူးခြားသောအလင်းဖြင့် တောက်ပလာသည်။
“အရှင် ခိုရာစန်းက အထက်တန်းလွှာဟောင်းတွေရဲ့ ပုန်ကန်မှုကို ဖိနှိပ်ပြီးပါပြီ။ ရထားတဲ့ သတင်းအချက်အလက်တိုင်းဆိုရင် ခိုရာစန်းရဲ့ ပုန်ကန်မှုက စစ်သည်သုံးသိန်းကျော် ဆုံးရှုံးသွားစေခဲ့ပါတယ်။ ဒီကိစ္စပြီးတဲ့နောက်မှာ သူတို့က အချိန်အတန်ကြာအောင် ပြဿနာ မရှာနိုင်လောက်ပါဘူး။ ဒါ့အပြင် မာမဲ့လုတွေကလည်း တာလာ့ကအခြေအနေကို သိသွားပါပြီ။ ခေါင်းဆောင် အားပါးက ခိုရာစန်းကိစ္စတွေ အဆုံးသတ်ပြီးတာနဲ့ ချွီထေပါးနဲ့ အော့စမန်းအစိုးရတွေရဲ့ စစ်တပ်အနောက်ကနေ တာလာ့ကို လိုက်ပါလာမယ်လို့ ပြောထားပါတယ်”
“အားပါးက ပဲ့ဟယ်မော့နဲ့ ကောင်းကင်ခစားခြင်းစစ်တပ်ကို အလဲထိုးနိုင်ခဲ့တဲ့ အရှေ့ပိုင်းစစ်တပ်ကို အရမ်းစိတ်ဝင်စားနေတာပါ”
ကျစ်ရကပြောသည်။
မာမဲ့လုအကြောင်း ထည့်ပြောသောအခါ ကျစ်ရ၏အသံကလည်း ကျယ်လာသည်။
ကျစ်ရ၏တိုက်ပွဲတွင် မာမဲ့လုများက အရှေ့ပိုင်းတွင် ပေါ်လာခဲ့သင့်ပြီး ကာလစ်ကလည်း အပုမူစလင်ကို ကူညီကာ ထောက်ပံ့ခိုင်းမည်ဟု ပြောထားပြီးသားဖြစ်သည်။ သို့သော် နောက်တန်းမှ မုန်တိုင်းနှင့် ခိုရာစန်းများ၏ ထူးခြားသော လှုပ်ရှားမှုများကြောင့် မာမဲ့လုများက ထိုနေရာသို့ သွားရောက်ခဲ့ရသည်။ ထို့ကြောင့် တိုက်ပွဲနယ်မြေသို့ မရောက်လာခဲ့ချေ။
မာမဲ့လုများ၏ ပျက်ကွက်မှုက တာလာ့မှအရှုံး၏ အရေးပါသော အခိုက်အတန့်မျိုးတွင် ပါဝင်သွားသည်။
သူတို့ကသာ မာမဲ့လုများ၏ တပ်ကူကို ရရှိမည်ဆိုလျှင် အခြေအနေက ခြားနားကောင်း ခြားနားသွားနိုင်သည်။ အနည်းဆုံး ထန်မင်းဆက်၏ ထူးခြားသော ဝူရှန်းမြင်းတပ်ကပင် ထင်သလောက် မမော်ကြွားနိုင်လောက်ချေ။
“ဒါပေမဲ့ မာမဲ့လုတွေက အင်အားကြီးတယ်ဆိုပေမဲ့လည်း လက်နက်နဲ့ ပစ္စည်းတွေအရ သူတို့က ထန်မင်းဆက်ရဲ့ ဝူရှန်းသံမဏိမြင်းတပ်ကို မယှဉ်နိုင်သေးပါဘူး။ သူတို့ရဲ့လက်နက်တွေက ချွန်ထက်လွန်း အားကြီးပါတယ်။ ကောင်းကင်ခစားခြင်းစစ်တပ်ရဲ့ စစ်သံချပ်ကာက အင်ပါယာရဲ့ အကောင်းဆုံးပစ္စည်းကို လုပ်ထားတာပါ။ အင်ပါယာ လက်မှုပညာရှင်တွေ အားလုံးက ဆက်တိုက်ဆိုသလို သွန်းလုပ်ခဲ့ကြပြီး ကြမ်းတမ်းမှုက ယှဉ်နိုင်စွမ်းအားမဲ့တဲ့ အခိုက်အတန့်မျိုးမှာရှိပါတယ်။ ဒါပေမဲ့ ဝု့စ်သံမဏိဓားတွေက ဒီသံချပ်ကာတွေကို ထိုးဖောက်နိုင်ခဲ့တယ်။ နောက်ပြီး ဝု့စ်သံမဏိဓားတွေကလည်း မာမဲ့လုတွေရဲ့ အကြီးမားဆုံး အားနည်းချက် ဖြစ်သွားနိုင်တယ်လို့ ခံစားမိပါတယ်။ ကျွန်တော်တို့ကသာ ဒီအားနည်းချက်ကို ဖြေရှင်းနိုင်ရင် မာမဲ့လုတွေက သူတို့ရဲ့အင်အားကို အပြည့်အဝ ထုတ်သုံးနိုင်မှာ မဟုတ်ပါဘူး”
ကျစ်ရက တင်းမာစွာပြောသည်။
အပုမူစလင်က ဘာစကားမှမပြောချေ။ သို့သော် သူ့မျက်နှာမှ အပြောင်းအလဲကတင် အမှန်တရားကို ပြောပြနိုင်သည်။ တိုက်ပွဲက ပြင်းထန်လွန်းသော်လည်း အပုမူစလင်နှင့် ကျစ်ရတို့က တိုက်ပွဲနယ်မြေ၏ အခြေအနေတိုင်းကို အာရုံစိုက်နေခဲ့ကြခြင်းဖြစ်သည်။
ကောင်းကင်ခစားခြင်းစစ်တပ်က မျောက်ဝံကြီးကို မယှဉ်နိုင်သော်လည်း သူတို့က အာရေးဗီးယားမှ ဒုတိယမြောက် အင်အားအကြီးဆုံး အင်အားစုကြီး ဖြစ်နေသည်။ သူတို့၏ အကြံအစည်တွင် ကောင်းကင်ခစားခြင်းစစ်တပ်က အခြားစစ်တပ်နှင့် ပူးပေါင်းထားသဖြင့် ထန်မင်းဆက်က စစ်တပ်တိုင်းကို ရှင်းပစ်နိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် ဝူရှန်းမြင်းတပ်ငါးထောင် ချီတက်လာသောအခါ အရာအားလုံးက ပြောင်းလဲသွားသည်။
သူတု့ိ၏ကိုယ်ပိုင်မျက်လုံးဖြင့် မြင်ရသောကြောင့်သာမဟုတ်လျှင် ယုံကြည်ရန် ခက်ခဲလောက်သည်။ အင်ပါယာမှ လက်ရာအမြောက်ဆုံး အဆင့်တွင်ရှိသည့် နတ်ဘုရား သံချပ်ကာများကို ပိုင်ဆိုင်ထားသည့်တိုင်အောင် ထန်လူမျိုးများ၏ ဓားနှင့်ဆေဘာများက ဖောက်နိုင်နေသေးသည်။
“ငါတို့ရရှိထားတဲ့ သတင်းအချက်အလက်တွေ အားလုံးကိုယူ။ နောက်ကျန်တဲ့ နတ်ဘုရားသံချပ်ကာတွေကိုယူပြီး နောက်တန်းက ခိုရာစန်းကိုပို့။ နောက်မာမဲ့လုရဲ့ခေါင်းဆောင် အားပါးကိုပေးလိုက်။ အားပါးက ငါတို့ထက် အင်ပါယာက အာဏာနဲ့အရင်းအမြစ်တွေကို သုံးနိုင်စွမ်းရှိတဲ့လူ။ ဒီတော့ သူကဒီပြဿာနာကို ဖြေရှင်းနိုင်လိမ့်မယ်။ သူလည်း ဒီကိစ္စတွေကို မြင်နိုင်မယ်လို့ ငါယုံတယ်”
...
ဖလပ် ဖလပ်
မှင်သက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် အနက်ရောင် အမဲလိုက် သိန်းငှက်ကြီးတစ်ကောင်က လေထုကို ထိုးခွဲသွားပြီး ဝေးကွာလွန်းသည့် ဆမ်ဆာခမ်းထံသွားသည်။ အာရပ်များ၏ အားသာချက်က တာလာ့နှင့်နီးသည်။ ယခုအခါ ထိုအားသာချက်ကို အပြည့်အဝ ထုတ်ပြနိုင်သွားသည်။
အပုမူစလင်၏ သတင်းက မြန်ဆန်လွန်းသော အရှိန်နှုန်းဖြင့် အားပါးထံရောက်သွားသည်။
ဝှစ်
ထိုအနက်ရောင် အမဲလိုက်သိန်းငှက်ကြီးက ခိုရာစန်းကို ကျော်ဖြတ်သွားသည့်အချိန်တွင် အရှေ့ပိုင်းမှ ဗျူဟာခံတပ်ကြီးဟာ ခံတပ်ပေါင်းများစွာ ပေါင်းဆုံထားသလို စီတန်းလျှက် တည်ရှိနေကြောင်း မြင်ရမည်ဖြစ်သည်။ ထိုနေရာက ကောင်းကင်သို့ညွှန်ထားသော လှံတောအုပ်ကြီးနှင့်ပင် တူနေသေးသည်။ သိပ်သည်းစွာ ပြည့်နှက်နေသည့် ခမ်းနားလွန်းသော အဆောက်အဦးများမှတဆင့် ခိုရာစန်းဟာ ငွေကြေးအရ ကျယ်ပြောခမ်းနားလွန်းသော ခံတပ်ကြီးဖြစ်ကြောင်း ရှင်းလင်းစွာ မြင်ရမည်ဖြစ်သည်။
အမှန်တိုင်းဆိုရသော် ခိုရာစန်းထံ ရောက်ဖူးသော မည်သူကမဆို သူ၏ခမ်းနားကြီးကျယ်မှုကြောင့် မှင်သက်ရမည်ဖြစ်သည်။ ပိုးသားလမ်းတွင် ထိုမြို့ဟာ အနောက်ပိုင်းကမ်းရိုးတန်း၏ ပုလဲဟုပင် တင်စားကြရသည်။ မရေမတွက်နိုင်သော ကုန်သည်ပေါင်းများစွာကလည်း အရှေ့ပိုင်းမှအနောက်သို့ ပိုးသားလမ်းတောက်လျှောက် ခရီးသွားကြသည်။ သူတို့က ပိုးသားလမ်းအဆုံးထိ သွားရန်ရည်ရွယ်ချက်ရှိကြသည်။
သို့သော် ထိုအခိုက်အတန့်တွင် ထိုရာစန်းရှိ နေရာတိုင်းက ယခင်ကထက် လှပလွန်းခြင်းမရှိတော့ချေ။ လမ်းများက အလောင်းများပုံနေပြီး လောင်ကျွမ်းထားသော အလောင်းများကိုလည်း မြင်ရသည်။ အနက်ရောင်မီးခိုးများက လေထဲသို့ မြောက်တက်နေသည်။ လေထုက အလောင်းများ၏ တူးရနံ့ဖြင့် သိပ်သည်းလွန်းနေသည်။ သို့သော် အများပြားဆုံးအရာကမူ မွှန်လောက်အောင် သိပ်သည်းလွန်းနေသည့် သွေးရနံ့ဖြစ်သည်။
နေရာပေါင်းများစွာတွင်... လေထုကပင် နီရဲနေသည့် သွေးများက ဆက်တိုက် ပျံ့နှံ့နေသေးသည်။
ဝုန်း
ကောင်းကင်အထက်မှ ဝိုင်းပတ်ကာ ဆင်းသက်လာသည့် ကျီးကန်းများ လင်းတများက အောက်သို့ ထိုးဆင်းလာပြီး အလောင်းများတွင် လောင်ကျွမ်းနေသော မီးတောက်ကို ငြိမ်းသက်ပေးသည်။ အခြားသောနေရာများတွင်မူ ပိုင်ရှင်မဲ့သော ပစ္စည်းအကြွင်းအကျန်များက တစ်စစီ ပြန့်ကျဲလျှက်ရှိနေသည်။
ခိုရာစန်း
ပိုးသားလမ်းအဆုံးမှ ထိုပုလဲက ဆိုးရွားလွန်းသော ရင်နင့်ဖွယ် လုပ်ကြံသတ်ဖြတ်မှုမျိုးကို ခံထားရသည်။ အပေါ်ပိုင်းက စတင်ကာ ဖိနှိပ်ခံခဲ့ရသော်လည်း ထိုအခြေအနေကို ရှင်းလင်းရန် အချိန်အတန်ကြာပေလိမ့်မည်။
ဝှစ်
ခိုရာစန်း၏အလယ်တွင် ကြီးမားသော အဖြူရောင်ကျောက်တုံး အဆောာက်အဦးကြီးရှိသည်။ ထိုအဆောက်အဦး၏ထိပ်တွင် ကြီးမားသည့်အလံကို လွင့်ထူထားသည်။ တဖြတ်ဖြတ်လွင့်နေသော ထိုအလံတွင် အနက်ရောင် လခြမ်းကွေးကြီးက ထင်ရှားနေပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို လွှတ်ထုတ်နေသည်။ မည်သူကမဆို မြင်လိုက်ရရုံနှင့် ကြောက်လန့်မှုကြောင့် တုန်ယင်သွားနိုင်သည်။
မာမဲ့လု
အာရေးဗီးယားအင်ပါယာတွင် ထိုအလံနှင့်နာမည်ကို မသိသူမရှိချေ။
“သတ်ဖြတ်မှုက ထာဝရဆန်တယ်။ အုပ်စိုးနိုင်တဲ့သူကတော့ ဘုရင်ပဲ”
ဒါက မာမဲ့လုများ၏ ဆောင်ပုဒ်ဖြစ်သည်။
ထိုအချိန်တွင် မာမဲ့လုပေါင်းများစွာက အဖြူရောင် ကျောက်တုံးအဆောက်အဦး ဝန်းကျင်ရှိ ကွင်းပြင်တွင် ရပ်နေကြသည်။
ထိုမာမဲ့လုများက အရပ်ရှည်သည်။ သန်မာသည်။ သူတို့၏ အသားအရည်က မည်းမှောင်ပြီး ကြွက်သားများက အေးစက်သောအလင်းဖြင့် ဖောင်းကြွနေသည်။ သူတို့ကို သံမဏိသားဖြင့် လုပ်ထားသည်ဟုထင်ရသည်။ သူတို့၏ခန္ဓာကိုယ်က တောင့်တင်းနေပြီး ဖောက်ခွဲစွမ်းအားအပြည့် ရှိနေလေသည်။ သူတို့က အချိန်မရွေး တိုက်ခိုက်ရန် ကြိုးစားနေသော ကျားသစ်များနှင့်တူသည်။ ကြောက်စရာကောင်းသော အချက်ကမူ သူတု့ိဝတ်ဆင်ထားသော အနက်ရောင်သံချပ်ကာဖြစ်သည်။ အပေါ်မှ ဓားရာ၊ ဆေဘာရာများက သိပ်သည်းလွန်းသဖြင့် ထိုမာမဲ့လုများဟာ မရေမတွက်နိုင်သော ခါးသီးသည့် တိုက်ပွဲများကို ရင်ဆိုင်ခဲ့ဖူးကြောင်း သိနိုင်မည်ဖြစ်သည်။
သိပ်သည်းသောသွေးများက သူတို့၏ အနက်ရောင်သံချပ်ကာများကို အနီရင့်ရောင်အဖြစ် ပြောင်းလဲသွားစေသည်။ ထိုသို့ဖြင့် မာမဲ့လုများက လွှတ်ထုတ်နေသော ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်ဆန္ဒကို လွှမ်းခြုံထားသည်။
ထိုစစ်သားများက ငရဲမှတက်လာသော မိစ္ဆာများကဲ့သို့ သတ်ဖြတ်ရန် မွေးဖွားလာသူများနှင့် တူနေသည်။ သူတို့က လူသားလောကမှ စစ်သားများနှင့်ပင် မတူချေ။ သူတို့၏ မာကြောမှုနှင့် ခံစားချက်မဲ့သော မျက်ဝန်းများကလည်း ကြည့်ရှု့သူ မည်သူ့ကိုမဆို ရေခဲဂူအတွင်း ထိုးသွင်းခံရသလို ခံစားရစေမည်ဖြစ်သည်။
ဘုန်း
ပေနှစ်ဆယ်ကျော် အကွာတွင်ရှိသော လမ်းထောင့်နားမှ ကြီးမားသော ခွေးကြီးတစ်ကောင်က ရုတ်တရက် ဖြတ်သန်းသွားသည်။ ရုတ်တရက်သူက တစ်စုံတစ်ရာကို သတိထားမိလိုက်သလိုဖြစ်သွားသည်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ခပ်တိုးတိုးညဉ်းညူသည်။ သူ၏အမြှီးက ခြေထောက်ကြားအတွင်း ညှပ်ပြီးနောက် ကြောက်လန့်တကြား ထွက်ပြေးသွားလေသည်။
ဒါဟာ အာရေးဗီးယား အင်ပါယာ၏ ကျော်ကြားလွန်းသော မာမဲ့လုများဖြစ်သည်။ သူတို့ပေါ်လာသော နေရာတွင်ရှိသော မြေအောက်အတွင်းမှ ပိုးကောင်များကပင် တိတ်ဆိတ်ရသည်။ ပတ်ဝန်းကျင်ကပင် သေလုခြောက်ခြားဖွယ် တိတ်ဆိတ်ရလေသည်။
အခန်း(၁၀၁၇)
မာမဲ့လုများက အစောင့်များမဟုတ်ချေ။ သူတို့က အခြားလူများအတွက် ဘယ်တော့မှ အစောင့်အဖြစ် တာဝန်ထမ်းဆောင်လိမ့်မည် မဟုတ်ချေ။ သူတို့က သတ်ဖြတ်ရန် မွေးဖွားလာသည်။ သူတို့ကို အမိန့်ပေးနိုင်သောလူက စစ်တပ်မှ အမြင့်ဆုံးဗိုလ်ချုပ် အားပါးဖြစ်သည်။
“အရှေ့ပိုင်းလောကက ဒီလိုစစ်တပ်မျိုးကို ပိုင်ဆိုင်ထားတာပဲ”
အပုမူစလင်၏ စာကိုချပြီးနောက် အားပါးက မျက်မှောင်အသာကျုံ့လိုက်သည်။
တိုက်ပွဲအတွက် မွေးဖွားလာသော စစ်တပ်တစ်ခုဖြစ်သည့်အလျောက် မာမဲ့လုများဟာ ငယ်ရွယ်စဉ်ကတည်းက ရက်စက်ကြမ်းတမ်းလွန်းသော စခန်းမျိုးတွင် လေ့ကျင့်ရင်းနှင့် ကြီးပြင်းလာခဲ့ကြခြင်းဖြစ်သည်။ မာမဲ့လုမှ ရာပေါင်းများစွာသော လူငယ်ပေါင်းများစွာက လေ့ကျင့်ရေး စခန်းအတွင်းတွင် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံး ရှင်သန်ကျန်ရစ်သူ တစ်ယောက်အဖြစ် ရောက်မှသာ မာမဲ့လုဖြစ်လာနိုင်ခဲ့ကြသည်။
ထိုကဲ့သို့သော ရက်စက်သော နည်းလမ်းနှင့် ရွေးချယ်သော နည်းလမ်းများကြောင့် မာမဲ့လုများဟာ အာရေးဗီးယား အင်ပါယာ၏ အင်အားအကြီးဆုံး အင်အားစုအဖြစ် ကျော်ကြားလေသည်။
ဒီလောကတွင် မာမဲ့လုများနှင့် တိုက်ခိုက်ရန် ထိုက်တန်သည့် လူအနည်းစုသာရှိသည်။ မရေမတွက်နိုင်သော လက်ရွေးစင်ဟုခေါ်သော အင်အားစုများ၊ အင်အားအကြီးဆုံး စစ်တပ်များ အားလုံးကလည်း မာမဲ့လုများ၏ ခြေရင်းတွင် လဲပြိုခဲ့ရသည်။ မရေမတွက်နိုင်သော အင်အားကြီး စစ်တပ်ပေါင်းများစွာ၏ သေဆုံးမှုကတင် မာမဲ့လုများကို ဂုဏ်သတင်းတွင် ပြိုင်ဘက်ကင်း ကျော်ကြားစေသည်။
အားပါးဟာ အရှေ့ပိုင်းမှ ဝူရှန်းမြင်းတပ်ဟုခေါ်သော ထိုစစ်တပ်အကြောင်းကို နားလည်ထားခြင်း မရှိသလို ကြားဖူးခြင်းလည်းမရှိချေ။ သို့သော် ကောင်းကင်ခစားခြင်း စစ်တပ်ကိုမူသိသည်။ ဒါဟာ အင်ပါယာက မရေမတွက်နိုင်သော အရင်းအမြစ်ပေါင်းများစွာ ထုတ်သုံးပြီး ရှေးဟောင်းသိုင်းကိုအသုံးပြုကာ ပျိုးထောင်ထားသည့် အင်အားစုကြီးဖြစ်သည်။ ထိုအဖွဲ့ထဲတွင် လူထွားကြီးများပါသည်။ အားပါးကလည်း ကောင်းကင်ခစားခြင်းစစ်တပ်က ထူးခြားပြီး သာမာန်စစ်တပ်များက မယှဉ်နိုင်သော အခိုက်အတန့်မျိုးတွင် ဖြစ်ကြောင်း နားလည်သည်။
အရှေ့ပိုင်းမှ ထိုစစ်တပ်ကမူ ကောင်းကင်ခစားခြင်း လူထွားကြီးများ၏ နတ်ဘုရားသံချပ်ကာကို ဖရဲသီးလှီးသလို အသာအယာ ဖြတ်တောက်နိုင်သည်ဟုဆိုသည်။ ထိုအချက်ကတင် အားပါးဟာ သူတို့ကို အလေးအနက်ထားရန် လုံလောက်သွားပြီဖြစ်သည်။
မာမဲ့လုများဟာ လေးစားသော ပြိုင်ဘက်များကိုမကြောက်ချေ။ သို့သော် အပုမူစလင် ထည့်ပြောသည့် ကောင်းကင်ခစားခြင်း လူထွားများ၏ သံချပ်ကာကိုပင် ဖြတ်တောက်နိုင်သည်ဆိုသော လက်နက်ကမူ သူ့ကို ထင်မြင်ချက် နက်ရှိုင်းသွားစေသည်။
အပုမူစလင် ပြောသောစကားကသာ မှန်ကန်နေခဲ့လျှင် ထိုလက်နက်များက ကောင်းကင်ခစားခြင်း လူထွားကြီးများ၏ သံချပ်ကာကို ဖြတ်တောက်နိုင်ခဲ့လျှင် မာမဲ့လုများအတွက်လည်း ကြီးမားသည့် ခြိမ်းခြောက်မှုကြီး ဖြစ်နေပေလိမ့်မည်။
“အပုမူစလင် ပြောထားတဲ့အတိုင်းဆိုရင် ဥက္ကာပျံသတ္ထုနဲ့ ဖန်တီးထားတဲ့ သံချပ်ကာမှပဲ ဒီလက်နက်ကို တားနိုင်လိမ့်မယ်။ ဒါပေမဲ့ ဥက္ကာပျံသတ္ထုက တအားရှားတယ်။ စစ်တပ်တစ်ခုလုံးအတွက် ပမာဏကို ငါဘယ်နေရာက သွားရှာရမှာလဲ”
အားပါးက မျက်မှောင်ကျုံ့သည်။ သူ၏မျက်နှာတွင် တင်းမာသော မျက်နှာထားက ပေါ်ပေါက်လာသည်။
မာမဲ့လုများကလည်း တိုက်ခိုက်ရန် သတ္တိလိုအပ်ချက် မရှိချေ။ သို့သော် သူတို့က အရူးမဟုတ်ချေ။ အားပါးက သံမဏိနှင့်သွေး အစိုးရ၏စကားကို အလေးအနက် အလွန်ထားမိနေသည်။ ရုတ်တရက်သူက ဒီပြဿနာက ဖြေရှင်းရန်ခက်ခဲကြောင်း သိသွားသည်။
“သတင်းပို့”
သူက တွေးတောနေသည့် အချိန်တွင် အလျင်စလိုအသံများက အားပါး၏ အတွေးများကို နှောက်ယှက်လိုက်သည်။
“မျိုးမစစ်ကောင် ဒီလိုအခြေအနေမျိုးမှာ ငါ့ကို မနှောက်ယှက်နဲ့လို့ မပြောထားဘူးလား။ ဘာလဲ ခိုရာစန်းက ပုန်ကန်တဲ့ အကြွင်းအကျန်အကောင်တွေလား”
အားပါးက ခပ်ကြမ်းကြမ်းမေးသည်။
ခိုရာစန်းက ပုန်ကန်ခဲ့သည်။ ထိုသို့ဖြင့် မြို့ထဲတွင် သွေးမြစ်နှင့် အလောင်းတောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ မာမဲ့လုများကလည်း သူတို့၏ ရက်စက်သော ဖိနှိပ်နိုင်စွမ်းအားကို ပြသခဲ့သည်။ သို့သော် အလောင်းသုံးသိန်းကျော်ကို မြုပ်နှံရန် အချိန်အတန်ကြာပြီဖြစ်သည်။ သို့သော် အားပါးကမူ ကျန်ရစ်သော ဆိုးယုတ်သူတိုင်းကို လိုက်ဖမ်းခိုင်းထားသည်။ ခိုရာစန်းမှ အထက်တန်းလွှာ ဟောင်းကြီးများက ပုန်ကန်ခဲ့ကြောင်း သိသဖြင့် သူက မုန်လာဥကိုပင် ဆွဲထုတ်ကာ ရွှံ့ထဲမှ နုတ်ပစ်ချင်ခဲ့သည်။
သူတို့က ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သာမာန်လူဖြစ်စေ၊ အထက်တန်းလွှာဖြစ်စေ၊ ပါဝင်ပတ်သတ်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပုန်ကန်မှုနှင့်ပတ်သတ်မှု ရှိရှိ မရှိရှိ အားလုံးကို ကွပ်မျက်ရမည်ဖြစ်သည်။ ထိုထဲတွင် ထိုမိသားစုဝင်များနှင့် ဆွေမျိုးများလည်းပါသည်။ ထို့ကြောင့် လူသုံးသိန်းကျော်၏ သေဆုံးမှုက အစသာဖြစ်သေးသည်။
ထို့ကြောင့် ခိုရာစန်းမှ လူများက အလွန်အထိတ်တလန့် ဖြစ်နေကြသည်။ လူတိုင်းကလည်း အသနားခံရန် နေ့စဉ်နှင့်အမျှ လာရောက်နေကြသည်။ မာမဲ့လုများက ဒီနေရာတွင်ရပ်တန့်ပြီး ထိုကိစ္စကို ဆက်လက်ပြီး မနှိုးဆွရန် မျှော်လင့်နေကြ၏။ အာရပ်မှအမတ်နှင့် အထက်တန်းလွှာများကပင် ထိုလူများကိုယ်စား အသနားခံပေးသေးသည်။
ထိုအတွက်ကြောင့်လည်း အားပါးက မည်သူကမှ မြို့ထဲသို့ ဝင်ရောက်ခွင့်မရှိကြောင်း အမိန့်ထုတ်ထားခြင်းဖြစ်သည်။
“အရှင် သူမဟုတ်ပါဘူး။ အဲ့ဒီလူက ခိုရာစန်းက အကြွင်းအကျန် လူတွေအတွက် ရောက်လာခဲ့တာမဟုတ်ဘူး။ သူ သူက ထူးခြားတယ်။ သူက ကျွန်တော့်ကို အရှင့်ဆီ ဒါယူသွားဖို့ပြောပါတယ်။ အရှင်က မြင်လိုက်တာနဲ့ နားလည်ပါလိမ့်မယ်တဲ့”
သံတမန်၏မျက်နှာက အပုမူစလင်၏ ခက်ထန်ဖွယ်ကောင်းသော အကြည့်ကြောင့် တောင့်ခဲနေသည်။ သူက အပိုစကားမပြောရဲဘဲ ဝမ်းဗိုက်အတွင်းမှ ပစ္စည်းတစ်ခုကိုထုတ်လိုက်သည်။
“မျိုးမစစ်ကောင်”
အားပါးက ဆက်လက် ကျိန်ဆဲတော့မည့် အချိန်တွင် ထိုပစ္စည်းကိုမြင်လိုက်သည်။ သူ၏မျက်ဝန်းက မှေးကျဉ်းသွားပြီး အပ်ချောင်းဖြင့် အထိုးခံရသလို ကျဉ်းမြောင်းသွား၏။ ဒါဟာ ရှေးဟောင်းကြေးနီရောင် တံဆိပ်ဖြစ်ပြီး အပေါ်ယံတွင် သွေးများစွန်းထင်နေသည်။ ကြည့်လိုက်ရုံနှင့် တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီး ပုံပြင်ပေါင်းများစွာရှိကြောင်း ပြသနိုင်သည်။
သို့သော် ထိုအရာက အားပါး၏ အာရုံကို ဆွဲဆောင်သွားခြင်းမဟုတ်ချေ။ သူ၏အာရုံကို ဆွဲဆောင်သွားခြင်းက ထိုတံဆိပ်ပေါ်မှ သင်္ကေတဖြစ်သည်။ ထိုအရာက ရွှေနီရောင်နေမင်းဖြစ်သည်။
“တည်ထောင်သူတံဆိပ်ပြား”
အားပါး၏ ခန္ဓာကိုယ်က အံ့အားသင့်မှုကြောင့် တုန်ယင်သွားသည်။
ကြေးနီရောင်တံဆိြပ်ပားက အားပါးကိုင်ဆွဲသော မာမဲ့လုများ၏ တံဆိပ်ပြားနှင့် တူညီသည်။ ခြားနားချက်ကမူ အားပါး၏တံဆိပ်ပြားက အနက်ရောင် လခြမ်းကွေးဖြစ်ပြီး ထိုတံဆိပ်ပြားကမူ ရွှေနီရောင်နေသဏ္ဍန်ဖြစ်သည်။ သို့သော် ခြားနားချက်ရှိနေသည့်တိုင်အောင် မည်သည့်စစ်သားကမဆို ဒီတံဆိပ်ကို မှတ်မိသည်။
ဒါက မာမဲ့လုများတည်ထောင်သူ ချွီထုက လွန်ခဲ့သော နှစ်ရာပေါင်းများစွာ အကြာက သုံးစွဲခဲ့သောကြောင့်ဖြစ်သည်။ သူက မာမဲ့လုများမှ အစောဆုံး တံဆိပ်ပြားကို ပိုင်ဆိုင်ခဲ့သည်။ ဒါက မာမဲ့လု၏ အစောပိုင်းတံဆိပ်ပြားဖြစ်သည်။
မာမဲ့လုထဲတွင်ဖြစ်စေ၊ အာရေးဗီးယားပင်ဖြစ်စေ၊ ချွီထုက အလွန်ကျော်ကြားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ ယခုအချိန်ထိ သူဟာ မရေမတွက်နိုင်သော လူပေါင်းများစွာ၏ စံပြပုဂ္ဂိုလ်ဖြစ်နေသေးပြီး အာရေးဗီးယားမှ အရှိန်အဝါကြီးမြတ်သော ပုဂ္ဂိုလ်သူရဲကောင်းကြီး တစ်ယောက်အဖြစ် ချီးကျူးခံနေရသူ ဖြစ်နေသေးသည်။ သူ၏အဆင့်အတန်းက မယိမ်းယိုင်နိုင်ချေ။ ချွီထုက မည်သည့်အတွက်ကြောင့် မာမဲ့လုများကို တည်ထောင်ခဲ့ကြောင်း ကောလဟာလပေါင်းများစွာ ရှိခဲ့သေးသည်။
သို့သော် ဒဏ္ဍာရီများ အားလုံးအထဲတွင်မှ တစ်ခုကို လူတိုင်းက လက်ခံပြီး ယုံကြည်ကြသည်။
ချွီထုက အာရေးဗီးယားအင်ပါယာ၏ ကြေးစားစစ်သား အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့သည်ဟုဆိုသည်။ သို့သော်သူက တိုက်ပွဲတွင်ရှုံးသွားပြီးနောက် အကျဉ်းထောင်အတွင်း အကျဉ်းချခံရကာ ကျွန်အဖြစ် ပြောင်းလဲခံရသည်။ တိုက်ဆိုင်မှုပေါင်းများစွာ ဖြစ်ခဲ့ပြီးနောက် သူက လူတစ်ယောက်၏ အာရုံကို ဆွဲဆောင်သွားခဲ့ပြီး ထိုလူက သူ့ကို ထောင်ထဲမှ ထုတ်ပေးခဲ့သည်။ ထိုလူကသူ့ကို နောက်ခံတစ်ခုပေးသည်။ ဝင်္ကပါတစ်ခုပေးသည်။ ထိုသို့ဖြင့် သူက မာမဲ့လုကို သုံးနိုင်ခဲ့သည်။
ကောလဟာလများအရ ချွီထုဟာ မာမဲ့လု၏ ပထမမျိုးဆက်ဖြစ်ပြီး တည်ထောင်သူဟုလည်း ခေါ်ကြသည်။ သူက ကျေးဇူးတင်စိတ်အပြည့်နှင့် ချွီထုက တံဆိပ်ပြားကို သွန်းလုပ်ခဲ့သည်။ ရွှေနီရောင်နေမင်းက ချွီထုနှင့် ထိုလူကြားမှ သဘောတူညီမှု တံဆိပ်ပြားဖြစ်သည်။ ထိုတံဆိပ်ပြားကလည်း မာမဲ့လု၏ ပထမမျိုးဆက်မှ တံဆိပ်ပြားဖြစ်သည်။ သို့သော် တံဆိပ်ပြားပေါ်လာပြီး သိပ်မကြာခင် ပျောက်ကွယ်သွားခဲ့သည်။ မည်သူကမှလည်း ထိုအရာဟာ မည်သည့်နေရာသို့ ရောက်သွားကြောင်း မသိကြချေ။ အားပါးကမူ တံဆိပ်ပြားကို ဒီလိုအခြေအနေမျိုးတွင် မြင်ရမည်ဟု မထင်ထားမိချေ။
“အဲ့ဒီလူကဘယ်မှာလဲ”
အားပါး၏ အမူအရာက ပြောင်းလဲသွားသည်။ သူကရုတ်တရက် မေးလာ၏။
“အနောက်ဘက်ခြံဝင်းထဲမှာပါ”
သတင်းပို့က ခပ်မြန်မြန် ခေါင်းညိမ့်ပြီး တင်းမာစွာပြန်ဖြေသည်။
အားပါး၏ သိချင်စိတ်ပြင်းပြမှုက မြင့်တက်လာသည်။ သူက တာလာ့မှကိစ္စကို သူ၏စိတ် အနောက်ဘက်ထဲသို့ ပြန်ထိုးသွင်းလိုက်ပြီး ခြံနောက်ဖေးဘက်သို့ အလျှင်အမြန် သွားလိုက်သည်။
အဖြူရောင်ခံတပ်၏ အနောက်ဘက်တွင် ခြံဝင်းကျယ်ကြီးရှိသည်။ အားပါးကလည်း သတင်းပို့ပြောသောလူကို မြင်လိုက်ရသည်။ ထိုလူက ပိန်ပါးသည်။ အလွန်အမင်း အရပ်ရှည်သည်။ သူဟာ အနက်ရောင်ဝတ်ရုံကို ခြုံထားပြီး ထိုဝတ်ရုံရှည်က မြေပြင်တွင် တရွတ်တိုက်ဆွဲကျနေသည်။ ထို့ကြောင့် သူ့ကို အလွန်အမင်း လျို့ဝှက်ဆန်းကြယ်သော ခံစားချက်မျိုးကို ပေးစွမ်းသည်။ သူ၏အနောက်တွင်လည်း သာမာန်ရထားလုံးများထက် အဆပေါင်းများစွာ ကြီးမားသည့် ရထားလုံးပေါင်းများစွာ ရှိနေသည်။ ရထားလုံးများ၏ ဘိမ်းများက လူတစ်ရပ်စာမြင့်သည်။ ထိပ်မှအဆုံးအထိ အနက်ရောင်အဝတ်ဖြင့် အုပ်ထားသည်။ တစ်ချက်ကြည့်လိုက်သောအခါ ရထားလုံးများက (၁၇)ခု၊ (၁၈)ခုခန့်ရှိကြောင်း မြင်ရသည်။ ထိုအရာများအားလုံးက ခြံဝင်းအပြင်ဘက်တွင် ရပ်ထားသည်။
“မင်းတို့က ဘယ်သူတွေလဲ။ ဘာကြောင့် မာမဲ့လုက ပထမမျိုးဆက်ရဲ့ တံဆိပ်ပြားကို ပိုင်ဆိုင်ထားတာလဲ”
အားပါးက အေးစက်စွာမေးသည်။ သူ၏မျက်ဝန်းအတွင်း သတိများက အပြည့်ကပ်နေသည်။
ပေါ်လာသောလူများက ရုတ်ချည်းဆန်သည်။ ချွီထု၏ တံဆိပ်ပြားကလည်း လျို့ဝှက်ဆန်းကြယ်သော အခြေအနေ ဖြစ်ခဲ့လေသည်။ ချွီထုက ထိုတံဆိပ်ပြားကို ပိုင်ဆိုင်သော မည်သူကမဆို မာမဲ့လု စစ်တပ်တစ်ခုလုံးကို အမိန့်ပေးနိုင်ပြီး ကိုယ်စားကတိ ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း ပြောသွားခဲ့သော်လည်း အားပါးကမူ သတိလျော့ကျပြီး မနေရဲချေ။ သူက ထိုလူများ၏ နောက်ခံကို သိရရန်လိုအပ်သည်။
“ဟား ဟား အရှင် ဒီလောက်ထိ ထိတ်လန့်နေစရာ မလိုပါဘူး။ မင်းငါတို့ကို သံသယဝင်ရင်လည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒါကိုမမှတ်မိဘူးလား”
ပိန်ပါးသောထိုလူက ဖျော့တော့စွာပြုံးပြီး အင်္ကျီလက်ကိုလှမ်းတင်သည်။ ထိုသို့ဖြင့် သူ၏လက်ကောက်ဝတ်မှ နတ်သင်္ကေတများကဲ့သို့ အနက်ရောင်စာများကို ပြသည်။ ထိုနတ်စာသားများက သူ၏လက်ကောက်ဝတ်တွင် လက်ကောက်တစ်ခုကဲ့သို့ ပတ်နေလေပြီး အလယ်ဗဟိုအကျဆုံး နေရာတွင် ရွှေရောင်မျက်ဝန်းပုံရှိသည်။
နတ်ဂူဘုရားလက်
အားပါး၏စိတ်က တုန်ယင်သွားသည်။ သူက ခေါင်းကို ခပ်မြန်မြန်ငုံ့သည်။ သူ၏စိတ်အတွင်း မုန်တိုင်းထန်သွား၏။
အင်ပါယာတစ်ခုလုံးတွင် နတ်ခမ်းမားက အဆင့်လွန်အာဏာကို ပိုင်ဆိုင်ထားပြီး ကောင်းကင်မှ နတ်ဘုရားများကို ကိုယ်စားပြုသလို အင်ပါယာမှ ကာလစ်ကိုလည်း ကိုယ်စားပြုသည်။ သူတို့က ဂူဘုရားကျောင်း၏ အပြင်ဘက်တွင် ပေါ်ထွက်လာခဲ့သည်။ ထို့ပြင် အပြင်လူများနှင့် အဆက်အဆံ လုပ်ခဲသည်။ အားပါးကလည်း ထိုလူမျိုးကို ယခုလို အခြေအနေမျိုးတွင် တွေ့ရမည်ဟု မထင်ထားမိချေ။
“ဆိုတော့ ဒါက လေးစားရတဲ့ ဘုန်းတော်ကြီးကိုး အားပါးက အလောတကြီးနိုင်သွားပါတယ်။ ကျေးဇူးပြုပြီး ဘုန်းတော်ကြီးက ဒီနေရာကို ဘာအမိန့်ကြောင့်များ ရောက်လာတာပါလဲ”
အားပါးက လေးစားစွာပြောသည်။
“ဟား ဟား ငါ့မှာ ဘာအမိန့်ရယ်လို့မှ မရှိပါဘူး။ ဒီတိုင်း အဆင့်မြင့်ဘုန်းတော်ကြီးက အရှင့်ဆီ လက်ဆောင်တစ်ခုကို ပေးခိုင်းလိုက်လို့။ အရှင်ကလည်း အခက်အခဲအချို့နဲ့ တွေ့နေတယ်လို့ပြောထားတယ်။ ဒါ့အပြင် အဲ့ဒီမာမဲ့လုရဲ့ ပထမမျိုးဆက် တံဆိပ်ပြားက အဆင့်မြင့် ဘုန်းတော်ကြီးအပိုင်ပဲ။ ငါ့ရဲ့အပိုင်မဟုတ်ပါဘူး”
ပိန်ပါးသောလူက ထိုသို့ပြောရင်းရယ်သည်။
“ဘာ”
အားပါး၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက မျက်လုံးပြူးသွားပြီး ခေါင်းမော့ကြည့်လိုက်မိသည်။
အဆင့်မြင့်ဘုန်းတော်ကြီးက မာမဲ့လုပထမမျိုးဆက် တံဆိပ်ပြားပိုင်ရှင် ဖြစ်နေသည်။
အားပါး၏ စိတ်အတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။ သူက ရုတ်တရက် ချွီထု၏ နောက်ဆုံးစကားကို သတိရလိုက်သည်။ ချွီထုပြောသော လျို့ဝှက်ဆန်းကြယ်သောလူက အဆင့်မြင့်ဘုန်းတော်ကြီးဖြစ်နိုင်သည်။
ဒါက အံ့အားသင့်လွန်းစရာကောင်းသွားပြီ။
ထို့တိုင်အောင် အားပါး၏စိတ်အတွင်း သံသယများက ပို၍နက်ရှိုင်းလာသည်။
အဆင့်မြင့်ဘုန်းတော်ကြီးက အင်ပါယာမှ လျို့ဝှက်ဆန်းကြယ်လွန်းသော တည်ရှိမှုကြီးဖြစ်ပြီး သူဟာ အလွန်အဆင့်မြင့်သည်။ မည်သူကမှ သူနှင့်မယှဉ်နိုင်သလို မည်သူကမှ သူ့ကို ရန်မစရဲချေ။ အားပါးက မာမဲ့လုစစ်တပ်မှ ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်နေသော်လည်း သူဟာ အဆင့်မြင့်ဘုန်းတော်ကြီးနှင့်ယှဉ်လျှင် အလွန့်အလွန် နိမ့်ကျနေသေးသည်။ အားပါးကိုယ်တိုင်ကလည်း အဆင့်မြင့်ဘုန်းတော်ကြီးကိုတွေ့ရန် အခွင့်အရေး မရှိပါချေ။ သူတို့နှစ်ယောက်က အဆက်အသွယ်ပင် မရှိခဲ့ဖူးချေ။
ထို့ကြောင့် အဆင့်မြင့်ဘုန်းတော်ကြီးက ရုတ်တရက် ယခုလိုမျိုး လူလွှတ်လိုက်ပြီး လက်ဆောင်ပေးလိုက်သော အကြောင်းအရာကိုမူ နားမလည်နိုင်ချေ။
“လေးစားရတဲ့ဘုန်းတော်ကြီး အဆင့်မြင့်ဘုန်းတော်ကြီးက ဘယ်လိုလက်ဆောင်မျိုးကိုများ ပို့လွှတ်လိုက်တာပါလဲ။ အဆင့်မြင့်ဘုန်းတော်ကြီးက အခြားအကြောင်းအရာများ ပြောလိုက်ပါသေးလား”
“ဟား ဟား အရှင်အားပါး ဒီလောက်ထိ မေးမြန်းစရာ မလိုပါဘူး။ မင်းမြင်လိုက်တာနဲ့ နားလည်မှာပဲ”
ပိန်ပါးသောထိုလူကပြောသည်။ သူက အနောက်ဘက်သို့ ဟန်အမူအရာပြသည်။ ထို့နောက် ရထားလုံးတစ်ခုက ဘေးဘက်သို့ရောက်လာပြီး ထောင်ထောင်မောင်းမောင်း သန်သန်မာမာနှင့် လူတစ်ယောက်က တစ်စုံတစ်ရာကို အင်အားသုံးကာ ဆွဲထုတ်လာသည်။ သူက ရထားလုံးပေါ်မှ ကြီးမားသော အနက်ရောင် အဝတ်ကြီးကို စုတ်ဖြဲလိုက်သည်။ ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက မော့ကြည့်လိုက်မိကြသည်။ အားပါးကိုယ်တိုင်ကလည်း အလွန်အာရုံစိုက်မိသွားသည်။
“ဒါ ဒါက...”
အားပါးက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသည့်တိုင်အောင် ထိုမြင်ကွင်းကို မြင်လိုက်ရသည့် အချိန်တွင် မှင်သက်သွားပြီ သူ၏ပါးစပ်ကပင် အံ့အားသင့်မှုကြောင့် ခပ်ကျယ်ကျယ် ဟသွားသည်။
ခိုရာစန်း၏ တောက်ပသော နေမင်းအောက်တွင် ရထားလုံးထဲမှ အဝတ်နက်ဖြင့် အုပ်ထားသောအရာများကို ဖယ်လိုက်သောအခါ မြင်လိုက်ရသည့် အရာက လူသုံးယောက်စာခန့်မြင့်သည့် သံအရောင်လက်ကာ ပြောင်လက်နေသော သတ္ထုလုံးကြီး ဖြစ်မည်ဟု မထင်ထားမိချေ။
အခန်း(၁၀၁၈)
အရှေ့ဆုံးတွင်ရှိနေသော ရထားလုံးထဲတွင် အာကာသအပြင်ဘက်မှ ကြီးမားသည့် ကြယ်တုံးကြီးကို မြင်ရသည်။ အားပါးအနေနှင့် အာကာသအပြင်ဘက်မှ ထိုမျှကြီးမားလွန်းသော ကြယ်တုံးကြီးကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ အာကာသပြင်ဘက်မှ ကြယ်ပမာဏအများစုက ပြုတ်ကျလာသည်နှင့် တိုက်ရိုက်လောင်ကျွမ်းသွားလေ့ရှိသည်။ သူတို့က မြေပြင်ကို ထိလိုက်သည့် တခဏတွင် ဥက္ကာပျံသတ္ထုဟုခေါ်သော ပုံမှန်မဟုတ်သော အပိုင်းအစများသာ ကျန်ရစ်လေ့ရှိသည်။
ကြယ်တုံးများအနေဖြင့် မြေပြင်သို့ ပြုတ်ကျပြီးနောက် မူရင်းပုံသဏ္ဍန်အတိုင်း တည်ရှိနေအောင် ထိန်းထားနိုင်ခြင်းက ရှားပါးသော မြင်ကွင်းဖြစ်သည်။ အရေးအကြီးဆုံး အချက်ကမူ မည်သည့်အာရပ် လက်မှုပညာရှင်မဆို အကာသပြင်မှ ကြယ်တုံးတစ်တုံးက ပစ္စည်းများ သွန်းလုပ်နိုင်သည့် အကောင်းဆုံး ပစ္စည်းဖြစ်ကြောင်း နားလည်နေကြခြင်းဖြစ်သည်။ ထိုကဲ့သို့သော ဥက္ကာပျံသတ္ထု သံချပ်ကာ အရေအတွက် အမြောက်အများ သွန်းလုပ်နိုင်သည့် ပစ္စည်းမျိုးဟု ဆို၍ရသည်။ သူက အကောင်းဆုံး အမျိုးအစားထဲတွင် ပါဝင်နေသေးသည်။
ဒီနေရာတွင် ရထားလုံးက (၁၇)စီး၊ (၁၈)စီးရှိနေသည်။ ဖြစ်နိုင်သည်မှာ...
ထိုတခဏတွင် ရက်စက်မှုနှင့် ကြမ်းတမ်းသော နည်းလမ်းများကြောင့် ကျော်ကြားသော အားပါးကပင် တံတွေးမြိုချလိုက်မိသည်။
အာကာသအပြင်ဘက်မှရသော ထိုကြယ်များက မာမဲ့လုများအတွက် အဖိုးတန်သော လက်ဆောင်ဖြစ်နေသည်။
ဒါပေမဲ့ သူလိုအပ်နေတာက ဥက္ကာပျံသတ္ထုဆိုတာကို အဆင့်မြင့်ဘုန်းတော်ကြီးက ဘယ်လိုသိတာလဲ။
အားပါး၏စိတ်အတွင်း ထိုအတွေးက ဖြတ်ပြေးသွားသည့် အချိန်တွင် အနက်ရောင်ဝတ်စုံနှင့် ဘုန်းတော်ကြီးစကားကို သတိရလိုက်ပြီး သူက ရုတ်တရက်ဆိုသလို အလွန့်အလွန် လေးစားပြီး ယုံကြည်လိုက်မိသော ခံစားချက်မျိုး ရလာ၏။ အပုမူစလင်ထံမှစာက ခန်းမထဲ ရောက်ကာစသာရှိသေးသည်။ သို့သော် အဆင့်မြင့်ဘုန်းတော်ကြီးကမူ အရာအားလုံးကို ကြိုမြင်နိုင်သလိုမျိုး အာကာသအပြင်ဘက်မှ ကြယ်တုံးများကိုပင် ကြိုတင်ကာ ပို့လာသေးသည်။ ထိုဖြစ်ရပ်က တိုင်းတာရခက်ခဲလွန်းသော လုပ်ရပ်ဖြစ်သည်။
သို့သော် အားပါးကလည်း ရှည်ရှည်ဝေးဝေး ဆက်တွေးမနေတော့ချေ။ အဆင့်မြင့်ဘုန်းတော်ကြီး၏ အပြုအမူများကို တွက်ဆသော မည်သူကမဆို အဆုံးသတ် မကောင်းတတ်ချေ။
“အရှင် ဒီရထားလုံးတွေက...”
အားပါးက ခေါင်းကိုအလျင်စလိုမော့ပြီး အတွေးများကို ခပ်မြန်မြန်ပြောင်းသည်။
“ဟား ဟား ဒါပေါ့ ဒီမှာရထားလုံး (၁၇)စီးပါတယ်။ ဒါတွေအားလုံးက အာကာပြင်ဘက်မှ ကြယ်တုံးတွေပါတာပဲ။ အဆင့်မြင့်ဘုန်းတော်ကြီးကလည်း မာမဲ့လုတွေအတွက် အထူးတလည် လက်ဆောင်ပေးလိုက်တာ။ ဒါက ပထမတစ်သုတ်ပဲရှိတယ်။ ဒုတိယတစ်သုတ် တတိယတစ်သုတ်က လမ်းမှာရောက်နေပြီ။ သိပ်မကြာခင် ခိုရာစန်းကို ရောက်လာလိမ့်မယ်။ ဒီလိုသံချပ်ကာတွေနဲ့သာဆိုရင် မာမဲ့လုတွေအနေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်ပြီး ပိုပြီး ခမ်းနားတဲ့အနိုင်ကို ရယူနိုင်မယ်လို့ မျှော်လင့်တယ်။ ဒါ့အပြင် အဆင့်မြင့်ဘုန်းတော်ကြီးက မာမဲ့လုတွေကို တိုက်ပွဲနယ်မြေမှာ ထောက်ပံ့ပေးနိုင်တဲ့ အင်အားကြီး ဝင်္ကပါကိုလည်း ပို့ပေးလိုက်သေးတယ်”
အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် အရပ်ရှည်ပြီး ပိန်ပါးသောထိုလူက အနောက်ဘက်သို့ ဟန်အမူအရာပြသည်။ သိပ်မကြာခင် ရထားလုံး(၁၇)စီးလုံးပေါ်တွင်ရှိသော အနက်ရောင် အဝတ်များကို စုတ်ဖြဲချလိုက်သည်။ သေချာစွာပင် အနက်ရောင်အဝတ်များက အောက်ဘက်ရှိ ကြီးမားလွန်းသော အနက်ရောင် ကြယ်စင်တုံးကြီးတွေကို အုပ်ထားခြင်းဖြစ်သည်။
“မယုံနိုင်စရာပဲ”
အားပါးကိုယ်တိုင်ကလည်း ထိုအခြေအနေကို ခန့်မှန်းမိပြီး ဖြစ်နေသည့်တိုင်အောင် ရထားလုံး (၁၇)စီးပေါ်တွင်ရှိသော ကြယ်တုံး(၁၇)တုံးကို မြင်လိုက်ရချိန်တွင် မှင်သက်သွားရသေးသည်။ ဥက္ကာပျံများ ကြွေကျလာသည့်ဖြစ်နိုင်ချေက အလွန့်အလွန်နိမ့်သည်။ တစ်တုံးကို ရှာနိုင်လျှင်ပင် အလွန်ကောင်းနေပြီဖြစ်သည်။ ယခုလို (၁၇)တုံးဆိုလျှင် ပို၍ဆိုးသေးသည်။ ထို့ပြင် ပြုတ်ကျလာသော ကြယ်တုံး အတုံးတစ်ထောင်ထဲတွင်ပင် ထိုသို့အကောင်းအတိုင်း ကျန်ရစ်မည့်တစ်တုံးက အလွန့်အလွန် ရှားပါးသည်။ သို့ရာတွင် ဒီနေရာတွင် (၁၇)တုံးပင်ရှိသည်။
ယခုလိုခြားနားလွန်းသော ဖြစ်စဉ်က သာမာန် နားလည်နိုင်စွမ်းအားနှင့် ကွဲထွက်နေသည်။ အဆင့်မြင့်ဘုန်းတော်ကြီးကလွဲပြီး မည်သူကမှ ထိုကဲ့သို့သော အခြေအနေမျိုးကို မလုပ်နိုင်လောက်ချေ။
“အဆင့်မြင့်ဘုန်းတော်ကြီးမှာ ဘာများတောင်းဆိုစရာ ရှိပါသလဲ”
အားပါးကမေးသည်။ လူတိုင်းကလည်း ထိုဂူဘုရားကျောင်းသို့ အကြောင်းပြချက်မရှိ လည်ပတ်မရချေ။ သူကလည်း အဆင့်မြင့်ဘုန်းတော်ကြီးကို တစ်ကြိမ်သော်မျှ မတွေ့ဖူးပါချေ။ ထို့ပြင် အဆင့်မြင့်ဘုန်းတော်ကြီးက သူ့ကို ဥက္ကာပျံကြယ်တုံးတစ်တုံးနှင့် ဝင်္ကပါတစ်ခုကို ပေးလာသည့်အတွက် အားပါးကလည်း အဆင့်မြင့်ဘုန်းတော်ကြီးက ထိုသို့လုပ်ရသည့်အတွက် အခြေအနေတစ်ခုခု ရှိလိမ့်မည်ဟု ထင်ထားသည်။
“ဟား ဟား ငါ့ရဲ့အရှင်က ဉာဏ်ကောင်းလွန်းပါတယ်”
မျှော်လင့်ထားသည့်အတိုင်း အရပ်ရှည်ပြီး ပိန်ပါးသော ထိုဘုန်းတော်ကြီးကရယ်သည်။
“အရှင်အားပါးက ဒီပစ္စည်းတွေအားလုံးကို ယူနိုင်တယ်။ ဒါပေမဲ့ အဆင့်မြင့်ဘုန်းတော်ကြီးက တစ်ခုပဲ တောင်းဆိုတာ။ အဲ့ဒီတောင်းဆိုမှုက အရှင့်ရဲ့ အကျိုးအမြတ်တွေနဲ့လည်း ရှုပ်ထွေးမှုမရှိဘူး။ တာလာ့မှာ ပေါ်လာတဲ့ ငယ်ရွယ်တဲ့ အဲ့ဒီဗိုလ်ချုပ်က အဆင့်မြင့်ဘုန်းတော်ကြီးရဲ့ ပစ်မှတ်ပဲ။ သူကလည်း အရှင်အားပါးအနေနဲ့ အဲ့ဒီလူရဲ့ခေါင်းကိုယူပြီး နတ်ဘုရားကျောင်းကို ဆက်သလာဖို့ မျှော်လင့်နေတယ်”
အားပါးက အစပိုင်းတွင် မှင်သက်သွားသည်။ ထို့နောက် ပျော်ရွှင်သွားသည်။ နောက်ဆုံးတွင် စိတ်အေးသွားသည်။
“အဆင့်မြင့်ဘုန်းတော်ကြီးကို ပြန်လည်ပြောကြားပေးပါ။ အားပါးက အဆင့်မြင့်ဘုန်းတော်ကြီးရဲ့ ဆန္ဒကို ပြည့်အောင် ဖြည့်ဆည်းပေးမယ်လို့ အသက်နဲ့လောင်းကြေးထပ်ပြီး ကျိန်ဆိုပါတယ်”
...
တာလာ့မှ အရှုံးက အာရေးဗီးယားအင်ပါယာကို ကျောက်တုံးကြီးဖြင့် ထုလိုက်သကဲ့သို့ဖြစ်သွားပြီး အင်ပါယာတခွင်အနှံ့ အားလှိုင်းများ ထသွားစေသည်။ အဆင့်မြင့်ဘုန်းတော်ကြီး၏ ဝင်ရောက်စွက်ဖက်မှုနှင့်အတူ စစ်ပွဲတစ်ခုလုံးက စိတ်ရှုပ်ဖွယ်ကောင်းသော အလှည့်အပြောင်းဖြင့် ပြောင်းလဲသွားပြီဖြစ်သည်။
သို့သော် သေချာနေသော အချက်တစ်ချက်ရှိသည်။ ပထမအရှုံးက စစ်တိုင်းပြည်ကြီးတစ်ခု၏ စိတ်ဆန္ဒကို ဖျက်ဆီးရန် ကျရှုံးသွားရုံသာ မကသေးလေဘဲ အင်ပါယာတစ်ခုလုံးမှ ခုံးတောင်တန်း အနောက်ပိုင်းအထိ တိုက်ခိုက်လိုစိတ်ကို လှုံ့ဆော်လိုက်နိုင်သည်။ မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက ခိုရာစန်းနှင့် စုစည်းလာကြပြီး ဆမ်ဆာခမ်းနှင့် အမှောင်တောအုပ်ထံ ချီတက်လာကြသည်။ လေထုကလည်း စစ်ရနံ့များဖြင့် သိပ်သည်းလွန်းနေသည်။
တစ်ချိန်ထဲတွင်ပင် တာလာ့၏အရှေ့ဘက် လီခြောက်ဆယ်ခန့် အကွာတွင်ရှိသော လေထုအခြေအနေက အများကြီး ငြိမ်သက်နေသည်။
ပထမတိုက်ပွဲက အဆုံးသတ်သွားသည်။ ထန်မင်းဆက် အာရေးဗီးယား၊ ယွီစန်းပင်ဖြစ်စေ အနောက်ပိုင်း တူရကီများပင်ဖြစ်စေ လေးဘက်လေလံလုံးက ကြီးမားသောအရှုံးကို ရင်ဆိုင်ခဲ့ရသည့်အတွက် ဒဏ်ရာများကို ကုစားရန် အသက်ရှုချောင်ချိန် လိုအပ်လာသည်။
ထန်မင်းဆက်က သူတို့၏ခုခံမှုများကို မြင့်တက်နေချိန်တွင် သာ့လွန်ရော့ကျန်းနှင့် တုဝူစစ်လီတို့ကလည်း သူတို့၏ ကိုယ်ပိုင်ငြိမ်းချမ်းမှုခေတ်ကို ကြိုဆိုနေသည်။
“ဟွာလာလာ”
ကောင်းကင်မှ အာရေးဗီးယား အမဲလိုက်သိန်းငှက်ကြီး တစ်ကောင်က ထိုးဆင်းလာပြီး သာ့လွန်ရော့ကျန်း၏ စခန်းအတွင်းသို့ ဝင်သွားသည်။
“အပုမူစလင်က ဘာပြောလဲ”
သာ့လွန်ရော့ကျန်းက စတုရန်းပုံ စားပွဲအနိမ့်လေး၏ အရှေ့တွင် ထိုင်နေသည်။ သူက ကုန်းမြေ၏ မြေပုံကို ကြည့်ရှု့နေရာမှာ ခေါင်းပင်မော့မကြည့်လာချေ။
“ဒါက အပုမူစလင် ငါ့ဆီစာရေးတဲ့ (၁၇)ကြိမ်မြောက်ပဲ”
အခြားတစ်ဖက်မှ ဟော်ရှု့ဟွေ့ခမ်းက ခါးမှဆေဘာရှည်ကြီးကို လွယ်ထားသည်။ သူက အမဲလိုက် သိန်းငှက်များထံမှ စာကိုအရယူလိုက်ပြီး တစ်ချက်ကြည့်သည်။ ထို့နောက် ပြန်ပိတ်၏။
“ဒီစာကလည်း အရင်တစ်ခေါက်လိုပဲ။ သူက ငါတို့ကို အရှေ့ပိုင်းကိုထိန်းထားပြီး ဝမ်ချောင်ရဲ့ ဆုတ်လမ်းကို ပိတ်ခိုင်းထားတယ်။ ကြည့်ရတာ အပုမူစလင်က ငါတို့ကို အနှောက်အယှက် ပေးချင်သေးတဲ့ပုံပဲ”
“ဟား ဟား ငါတို့က အရင်တစ်ခေါက် တိုက်ပွဲမှာ ဘေးဘက်ကနေ ရပ်ကြည့်နေခဲ့တာမဟုတ်လား။ ဒီတော့ အပုမူစလင်ကလည်း သဘာဝအလျောက်ပဲ ငါတို့ပေါ်ကို ထင်မြင်ချက်တွေ ရှိနေမှာပဲ။ ဒီတော့ စာထဲမှာ ငါတို့ကို မဆဲထားတာကတင် တော်တော်လေးကို သက်ညှာရာရောက်နေပြီ”
သာ့လွန်ရော့ကျန်းက ဖျော့တော့စွာပြုံးသည်။ သူက ဒီကိစ္စကို စိုးရိမ်ပုံမရချေ။ သူက ခေါင်းကိုအသာငုံ့ပြီး ကုန်းမြေ၏ မြေပုံကိုသာ ဆက်လက်လေ့လာနေသည်။
“ဒါပေမဲ့ ဒါကလည်း ငါတို့အပေါ် အပြစ်တင်လို့မရဘူး။ တတိယတစ်သုတ် မတိုင်ခင်မှာ အပုမူစလင်က သူ့ရဲ့ကိုယ်ပိုင်စစ်သားတွေကိုတောင် စေလွှတ်ခဲ့တာမဟုတ်ဘူး။ ဒီတော့ ငါတို့က ဘာလုပ်နိုင်မှာလဲ။ ပိုဆိုးတာက ငါတို့က တစ်နေ့က အကောင်းဆုံး ကြိုးစားခဲ့တယ်။ ငါတို့ရဲ့ ဆုံးရှုံးမှုကလည်း သူတို့ထက်တောင် များပြားခဲ့သေးတာမဟုတ်လား။ အဲ့ဒီနောက်ပိုင်းမှ အာရပ်တွေက နိုင်သွားတယ်။ ဒါဆိုရင် အခြေအနေက ပြောင်းပြန်မလှန်သွားနိုင်ဘူးလို့ ဘယ်သူက ပြောနိုင်ဦးမှာလဲ။ အဲ့ဒီအချိန်မှာ ထန်မင်းဆက်မှာ ပဲ့ဟယ်မော့လေးကောင် ရှိနေတယ်။ ငါတို့ကသာ ရှေ့ကို အတင်းချီတက်သွားခဲ့ရင် ငါတို့ရဲ့အသက်ကို အလဟသ ထိုးသွင်းသလို ဖြစ်သွားမှာပေါ့။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ငါတို့ကို အပြစ်တင်လို့ ဘယ်ရပါ့မလဲ”
ဟော်ရှု့ဟွေ့ခမ်းကပြောသည်။
ဒီတိုက်ပွဲတွင် မတော်တဆမှုပေါင်းများစွာ ရှိခဲ့သည်။ ဟော်ရှု့ဟွေ့ခမ်းပင်ဖြစ်စေ၊ သာ့လွန်ရော့ကျန်းပင်ဖြစ်စေ သူတု့ိထဲမှ မည်သူကမှ ဒီအပြောင်းအလဲကို မမြင်ချင်ကြချေ။
“ဟင်း”
သာ့လွန်ရော့ကျန်းကလည်း ဟော်ရှု့ဟွေ့ခမ်း၏ စကားများကြောင့် သက်ပြင်းရှည်ကြီးကိုချသည်။
“အမှန်တိုင်းပြောရရင် အပုမူစလင်ရဲ့ စကားတွေက မှားတာမဟုတ်ဘူး။ ငါဒီတစ်ကြိမ် တကယ်ကို အတွက်မှားသွားတာ။ အဲ့ဒီလူရဲ့ တိုက်ပွဲဝင်ပုံစံက အဆုံးမှာတော့ သက်ရောက်မှုရအောင် လုပ်သွားနိုင်ခဲ့တာပဲ။ ဒါတွေအားလုံးက ငါတို့အတွက် မတော်တဆဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒီလူအတွက်တော့ ခန့်မှန်းတွက်ချက်ပြီးသားပဲ”
သာ့လွန်ရော့ကျန်းကပြောသည်။
ဝမ်ချောင်၏ သံမဏိခုခံရေးအားလှိုင်း နှစ်လှိုင်းကြောင့်သာ မဟုတ်လျှင် ယွီစန်းစစ်တပ်နှင့် အနောက်ပိုင်းတူရကီများကလည်း အာရပ်များနှင့် ပူးပေါင်းပြီး ထန်များကို ဝိုင်းပြီးလောက်လေပြီ။ ထိုအခါ ယခုဖြစ်ပွားခဲ့သည့် နောက်ဆုံးတစ်ခေါက်ကစစ်ပွဲကဲ့သို့ အခြေအနေမျိုး ဖြစ်လာလိမ့်မည် မဟုတ်ဘဲ တစ်ဖက်ချင်းစီတိုက်ခိုက်ပြီး တသီးတသန့် ကွဲပြားနေမည့် အခြေအနေမျိုးက ဖြစ်လာလိမ့်မည် မဟုတ်ချေ။ ဝမ်ချောင်၏ တိုက်ပွဲနယ်မြေတွင် ပိုင်းခြားထားသော ပုံစံအရ ယခုလိုမျိုး ပြောင်းလဲသွားခြင်းဖြစ်သည်။ မည်သူကမှ ဒီသက်ရောက်မှုကို လျစ်လျူမရှု့နိုင်ချေ။
“အပုမူစလင်ဆီ စာပြန်လိုက်။ ဒါပေမဲ့ စကားလုံးတွေမှာ ယဉ်ကျေးမှုထည့်ဖို့ မမေ့နဲ့။ သူ့ကိုပြော ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ယွီစန်းနဲ့ အနောက်ပိုင်းတူရကီတွေက အရှေ့ဘက် ခုခံရေးအားလှိုင်းကို သေတဲ့အထိ ခုခံထားတယ်။ ထန်တွေကို မထွက်သွားစေရဘူးလို့ပြောလိုက်”
“ဒါက... ကောင်းပြီ”
ဟော်ရှု့ဟွေ့ခမ်းက တခဏခန့် တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိမ့်သည်။
“ဟုတ်တယ် ဒါနဲ့ တုဝူစစ်လီ ဘယ်လိုနေလဲ”
သာ့လွန်ရော့ကျန်းက ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိပြီး သတိပေးလိုက်သည်။
ထိုစကားလုံးများနှင့်အတူ ရွက်ဖျင်တဲအတွင်းရှိ လေထုက ပြေလျော့သွားသည်။ လူတိုင်း၏ မျက်နှာတွင် ရှားပါးသောအပြုံးက ပေါ်လာ၏။
“တုဝူစစ်လီက အဲ့ဒီဝင်္ကပါကို အရမ်းအပူတပြင်းနဲ့ လေ့ကျင့်နေပြီ။ အဲ့ဒီနေ့ကတည်းက သူက အချိန်တိုင်းသုံးပြီး ဆက်တိုက် ကျင့်ကြံနေခဲ့တာ။ သူက ကောင်းကင်ဘုံဝံပုလွေ ပုံရိပ်ယောင် ဝင်္ကပါကို အမြင့်ဆုံးအဆင့်ထိ တိုးမြှင့်ချင်တဲ့ပုံပဲ”
ဟော်ရှု့ဟွေ့ခမ်းက ဖျော့တော့စွာပြုံးသည်။ သူကလည်း ဝမ်ချောင်နှင့် လဲလှယ်ခဲ့သော စာရွက်အတွင်းမှ ရရှိခဲ့သည့် ဝင်္ကပါ၏ လျို့ဝှက်ချက်များထဲမှ ပြစ်ချက်ကို ရှာမတွေ့သေးသော်လည်း ယွီစန်းဘက်မှ ထိပ်တန်းအဆင့် ဗိုလ်ချုပ်တိုင်းကလည်း ဒါဟာ အတုဖြစ်ကြောင်း သိနေပြီးသားဖြစ်သည်။ ထို့ကြောင့် သူတို့က ရထားသည့်တိုင် မည်သူကမှ မလေ့လာချင်ကြချေ။ ကျင့်ကြံရန် ပို၍ဝေးလေသေးသည်။ ထို့ကြောင့် အရာအားလုံးက ငြိမ်းချမ်းတည်ငြိမ်နေသည်။
သို့သော် အနောက်ပိုင်းတူရကီဘက်တွင်မူ ထိုလူများက သူတို့၏ မဟာမိတ် ဖြစ်လင့်ကစား အခြေအနေက ခြားနားနေသည်။ လီနှစ်ဆယ်ခန့်သာ ဝေးကွာသော နေရာတွင် အနောက်ပိုင်းတူရကီ စခန်းက တက်ကြွလှုပ်ရှားမှုများဖြင့် ဝရုန်းသုန်းကားဖြစ်နေပြီး မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက ကျယ်လောင်စွာအော်ဟစ်ပြီး ချွေးပြိုင်းပြိုင်ကျသည်အထိ ရှေ့မှနောက် ချီတက်နေကြသည်။ သူတို့က ယွီစန်း၏ အခြေအနေနှင့် ခြားနားသည်။
“ဟင်း ဒါကမှားနေမှန်း သူသိသွားတဲ့အခါ ရပ်သွားပါလိမ့်မယ်”
သာ့လွန်ရော့ကျန်းက ညင်သာစွာရယ်သည်။
“ငါတကယ်ကို နားမလည်နိုင်ဘူူး။ တုဝူစစ်လီကလည်း လောကရဲ့ ကျော်ကြားတဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်ပါပဲ။ သူက မဟာဗိုလ်ချုပ်တွေထဲက အင်အားအကြီးဆုံးတွေထဲက တစ်ယောက်သာဖြစ်နေသေးတယ်။ ဒါတောင်မှ ဘယ်လိုဖြစ်ပြီး ဒီလောက်ရိုးရှင်းတဲ့ လှည့်ကွက်ကို သတိမထားမိတာလဲ”
ဟော်ရှု့ဟွေ့ခမ်းက ခေါင်းခါသည်။
လောကတွင် အမြင်ကျယ်ပြီး အတွေ့အကြုံရှိသော မဟာဗိုလ်ချုပ် တစ်ယောက်ဖြစ်သော တုဝူစစ်လီအနေဖြင့် ထိုလူများထဲမှ အထူးချွန်ဆုံး ဖြစ်နေလေရာ ထိုအခြေအနေကို ပို၍ပင် နားလည်သင့်လေသည်။
“အမျိုးသားတွေက အမှားလုပ်နိုင်တယ်။ မြင်းတွေကလည်း ခြေခွင်နိုင်တယ်။ တုဝူစစ်လီက အင်ပါယာ မဟာဗိုလ်ချုပ်ကြီး ဖြစ်နေရင်တောင်မှ သူအမှားမလုပ်နိုင်ဘူးလို့တော့ မဆိုနိုင်ဘူး။ အဆုံးသတ်မှာတော့ သူက မဟာမိတ်ဖြစ်နေတုန်းပဲ။ လူတစ်ယောက်လွှတ်ပြီး သူ့ကို သတိပေးလိုက်။ ဒါ့အပြင် အနောက်ပိုင်းတူရကီတွေကို စောင့်ကြည့်ဖို့ လူလွှတ်ထားပြီး သူတို့ရဲ့ အနောက်ပိုင်း အခြေအနေတွေကို အကဲခတ်နေရမယ်”
သာ့လွန်ရော့ကျန်းကရယ်သည်။ အမှန်တိုင်းပြောရသော် သာ့လွန်ရော့ကျန်းအနေဖြင့် သူတို့က ထိုဝင်္ကပါအတုကိုကျင့်ပြီးသည့်တိုင် ယခုအချိန်ထိတိုင် ပျော်မွေ့ကာ ရပ်တန့်မည့်လက္ခဏာ မပြသေးသည့် အကြောင်းအရာကို စိတ်ဝင်စားနေမိသည်။
“အွန်း ငါဒီကိစ္စကို ကိုင်တွယ်လိုက်မယ်”
ဟော်ရှု့ဟွေ့ခမ်းက နားလည်သော အပြုံးမျိုးပြုံးပြီး ခပ်မြန်မြန် ထွက်သွားသည်။ တခဏခန့်ကြာပြီးနောက် ယွီစန်းစခန်းထဲမှ မြင်းသည်တော် တစ်ယောက်က ထွက်သွားသည်။ အရှေ့ဘက်သို့သွားသော တရားဝင် လမ်းအတိုင်း ထွက်သွား၏။ လီနှစ်ဆယ်ခန့် ကျော်ပြီးနောက် တောင်ကုန်းတစ်ခုကို ဖြတ်လိုက်သည်။ ထို့နောက် သူက အနောက်ပိုင်းတူရကီ၏ စခန်းသို့ရောက်သွားသည်။
ဘုန်း
သူက မနီးကပ်နိုင်သေးခင် အဝေးမှ စုဝေးလာသော မိုးကြိုးတန်းများကို မြင်လိုက်ရသည်။ ပဟေဠိဖြစ်သွားသော ထိုမြင်းသမားက သတိလက်လွတ် ခေါင်းကိုမော့ကာ ကြည့်လိုက်မိသည်။ ထိုအခါ ရှင်းလင်းကြည်လင်နေသော ကောင်းကင်ကိုသာ မြင်ရသည်။ လျှပ်စီးတန်းကိုပင် မြင်ရသည်။
“ဘာတွေဖြစ်နေတာလဲ”
မြင်းသမား၏ နှလုံးသားက တုန်ယင်သွားပြီး သတိလက်လွတ် ဇာတ်ကြိုးကိုဆွဲလျှက် အရှိန်လျော့ချလိုက်သည်။ သူ၏စိတ်ကပင် စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်သွားသေးသည်။
“ငါနားကြားမှားတာလား”
ထိုအတွေးက သူ၏စိတ်အတွင်း ဝင်ရောက်လာသည့်အချိန်တွင်မှသာ သူက အသိပြန်ဝင်သွားသည်။ ထို့နောက် တောင်ကုန်းရှိရာသို့ ဒုန်းစိုင်းစီးနင်းသွားလိုက်သည်။
အခန်း(၁၀၁၉)
“ဟ”
သူက အရှေ့မှ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးခင် မြေကမ္ဘာ ကွဲအက်သွားသော ဟိန်းသံကြီးကို ကြားလိုက်ရသည်။ ထိုအသံက မြေပြိုကျသလို၊ ဆူနာမီမုန်တိုင်း တိုက်ခတ်သလို အသံမျိုးုဖြစ်ပြီး လူထောင်ပေါင်းများစွာက အသားကုန် ကုန်းအော်လိုက်သည့် အသံမျိုးဖြစ်သည်။ ထိုမြင်းသမား၏ နှလုံးက အခုန်နှုန်းမြန်သွားပြီး သူကသတိလက်လွတ် ခေါင်းမော့ကာ လှမ်းကြည့်လိုက်မိသည်။
ထိုအခိုက် သူ၏အရှေ့ လီတစ်ဆယ်ကျော် ဝေးကွာသော မြေပြန့်နယ်မြေကြီးပေါ်တွင် အနောက်ပိုင်း တူရကီ မြင်းတပ်အဖွဲ့ဝင် တစ်သောင်းကျော်က ရှည်လျားကြီးမားသည့် သံမဏိ တွင်းပေါက်ကြီးတစ်ခုပေါ်တွင် သံမဏိတန်း ပုံသဏ္ဍန်ကို ဖွဲ့စည်းထားလျှက် ရှေ့ပြန်နောက်ပြန် ချီတက်ကြောင်း မြင်ရသည်။ သူတို့က အော်ဟစ်နေသည်နှင့်အမျှ သူတို့၏ဝင်္ကပါက ပြောင်းလဲလာသည်။ အားလုံးက တစ်သားတည်းအဖြစ် ပြောင်းလဲသွားပြီး ထုထည်ကြီးမားသွားသည်။ သူတို့၏ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ဝံပုလွေပေါင်းများစွာက ဝိုင်းပတ်လျှက်အူကာ ပတ်ပြေးနေကြသည်။
ထိုအမျိုးသားနှင့် ဝံပုလွေများက အတူပူးပေါင်းသွားသောအခါ သူတို့၏ကိုယ်အတွင်းမှ ဒီရေစီးတက်လာသလို ကြီးမားသည့် အရှိန်အဝါတစ်ခုက ပေါက်ထွက်လာပြီး ကောင်းကင်ထိ တစ်ဖြောင့်တည်း ထိုးတက်သွားသည်။ ထိုစွမ်းအားကြီးမားသည့် စွမ်းအင်များက အလွန်အင်အားကြီးမားပြီး ကြီးမားသော လက်တစ်ဖက်က လေထုကို ဖြစ်ညှစ်လိုက်သလို အရာအားလုံးကို ဝေဝါးဖုံးကွယ်လိုက်နိုင်သည်။ မြင့်မားသော တောင်ကုန်းထံမှတစ်ဆင့် ကြည့်မည်ဆိုလျှင်ပင် အခြားတစ်ဖက်ခြမ်းမှ အဖြစ်အပျက်ကိုပင် မြင်ရန်မဖြစ်နိုင်ချေ။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
မြင်းသမား၏စိတ်က ထိုမြင်ကွင်းကြောင့် မှင်သက်သွားသည်။ သိပ်မကြာခင်ကတင် သူက တစ်ချက်ကြည့်ရန်လာသော အချိန်က ဘာမှမရှိနိုင်ပါဟု ထင်ခဲ့သေးသည်။ တူရကီတစ်သောင်းကျော်က နယ်မြေကို ဒုန်းစိုင်းဖြတ်ပြေးသွားသောအခါ သူတို့၏ကျောက ချွေးများရွှဲနေ၏။ အားလုံးက အရူးများကဲ့သို့ ပြုမူနေကြသည်။
ဒီလိုကင်းထောက်အဖြစ် လာရသည့် တာဝန်တွင် ယခုလို ရှားပါးခမ်းနားလွန်းသည့် မြင်ကွင်းကို မြင်ရလိမ့်မည်ဟု မထင်ထားမိချေ။
“တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။ သူတို့က ဘယ်လိုကြောင့်များ အချိန်တိုအတွင်းမှာ ဒီလောက်ထိ အင်အားကြီးသွားရတာလဲ”
ထိုမြင်းသမား၏ စိတ်အတွင်း မယုံကြည်နိုင်သော ခံစားချက်များက ရှုပ်ထွေးသွားသည်။
ယွီစန်းနှင့် အနောက်ပိုင်းတူရကီ နှစ်ဖက်လုံးမှ လူတိုင်းကလည်း အရှိန်အဝါမြင့် ဝင်္ကပါအကြောင်းသိသည်။ မည်သို့ပင်ဆိုစေ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်နှင့် မူထရီမဟာမြင်းတပ်မှ အဖွဲ့ဝင် ထောင်ပေါင်းများစွာက ထိုအလဲအလှယ် အခိုက်အတန့်ကို ကြည့်နေခဲ့ကြသည်။ အနောက်ပိုင်း တူရကီများ အားလုံးက စိတ်လှုပ်ရှားနေကြသော်လည်း ယွီစန်းစခန်းကမူ ခြားနားသောတုန့်ပြန်မှု ပေးခဲ့သည်။
သူတို့၏ သီးသန့်အမိန့်အရ ထိုဝင်္ကပါဟာ အတုဖြစ်နိုင်ချေများကြောင်း အားလုံးက လက်ခံထားပြီးသားဖြစ်သည်။
အကြောင်းပြချက်က ရိုးရှင်းသည်။ မဟာအမတ်ကြီး၏ စကားက တည်ငြိမ်လွန်းနေသည်။ ယွီစန်းက ထိုဝင်္ကပါကို ရခဲ့သော်လည်း မဟာအမတ်မင်းက အများသုံးရန် ထုတ်ပြခြင်းမရှိချေ။ ထို့ကြောင့် ကျင့်ကြံရန် ပို၍ဝေးကွာနေသည်။ ထိုအရာသာ အစစ်အမှန်ဆိုလျှင် ထိုသို့မဖြစ်နိုင်ချေ။
သို့သော် ဒါက အစပိုင်းတွင်သာဖြစ်သည်။ ယခုအနောက်ပိုင်း တူရကီစစ်တပ် အထက်ရှိ တွန့်လိမ်ရှုံ့တွနေသော အာကာသပြင်ကို မြင်နေရသောအခါ ထိုမြင်းသမားကလည်း သူမြင်ဖူးသမျှထဲတွင် မှင်သက်ဖွယ်အကောင်းဆုံး မြင်ကွင်းကြီးကို မြင်နေရသလို ခံစားလာရသည်။
အနောက်ပိုင်းတူရကီ မြင်းတပ်အထက်... မြေပြင်အထက် မီတာထောင်ကျော်ခန့် အကွာတွင် အဆုံးအစမဲ့သော တိမ်စိုင်များက အရပ်မျက်နှာအနှံံ့မှ စုစည်းလာနေသည်။ သိပ်သည်းသော တိမ်စိုင်များက မြွေကြီးများကဲ့သို့ ရစ်ခွေလာပြီး နေရောင်ကိုပိတ်ဆို့ကာ မြေပြင်သို့ ထူထည်းသော အရိပ်ကို ချပေးလာသည်။
ထိုအရာသာမကသေးချေ။ မြင်းသမားက မော့ကြည့်လိုက်သောအခါ တိမ်စိုင်၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ဆက်တိုက် လင်းလက်နေသည့် လျှပ်စီးတန်းများကို မြင်ရသေးသည်။ ထိုလျှပ်စီးများက ငွေရောင်မြွေများ ဆက်တိုက်လိမ်တွန့်ပေါက်ကွဲနေသလို ပုံစံမျိုးဖြစ်နေသည်။ ယခုလေးတင် ကြားခဲ့ရသည့် ပေါက်ကွဲသံက ထိုလျှပ်စီးများထံမှ ဖြစ်ပေါ်လာခြင်းဖြစ်နေသည်။ ထိုမိုးကြိုးလျှပ်စီး လင်းလက်သံ၊ ခြိမ်းသံများ အားလုံးက ဆက်တိုက် ပြောင်းလဲနေသည်။ အရာအားလုံးက အောက်ဘက်ရှိ တူရကီမြင်းတပ်၏ ရွေ့လျားပုံအတိုင်း ပြောင်းလဲနေပုံပေါ်သည်။
...
“ဝင်္ကပါ... ဒါက အရှိန်အဝါမြင့် ဝင်္ကပါပဲ”
မြင်းသမား၏ပါးစပ်က အဟောင်းသားဖြစ်သွားသည်။ သူကပင် မြင်လိုက်ရသော မြင်ကွင်းကြောင့် မိုးကြိုးအပစ်ခံလိုက်ရသလို ကြောင်တောင်တောင် ဖြစ်သွားသည်။
သူကလည်း သူ၏အရာရှိများ၏ ပြောစကားအရ အနောက်ပိုင်းတူရကီများက လောဘကြီးလွန်းပြီး အစစ်နှင့်အတုကို မခွဲခြားနိုင်ကြောင်း လှောင်ပြောင်ထစ်ငေါ့ခဲ့သေးသည်။ အကယ်၍ သူတို့ကသာ ချက်ချင်း ကျင့်ကြံလိုက်မည်ဆိုလျှင် ဒုက္ခတွေ့ပေလိမ့်မည်ဟု ဆိုကြ၏။ သို့သော် ယခုမူ မြင်နေရသည့် အနောက်ပိုင်းတူရကီများ၏ ထင်ရှားစွာ သိပ်သည်းလာသော အရှိန်အဝါများအရ ကောင်းကင်တွင် ပေါ်နေသော ဝင်္ကပါကြီးအရ မည်သူကမဆို အခြေအနေကို ခန့်မှန်းနိုင်မည်ဖြစ်သည်။
ဒါဆိုရင် သူကြားထားရတာနဲ့ သူမြင်နေရတာက ခြားနားနေတာပေါ့။
“ပြဿနာပဲ မဟာအမတ်မင်းရဲ့ ခန့်မှန်းမှုမှာ ပြဿနာရှိနေတာပဲဖြစ်ဖြစ် ဝင်္ကပါမှာ အစစ်အမှန် ဖြစ်နေတာပဲဖြစ်ဖြစ် တစ်ခုခုတော့ တစ်ခုခုပဲ။ ဘယ်နည်းနဲ့မဆို ဒီအကြောင်းအရာကို ငါမဟာအမတ်မင်းကို အမြန်ဆုံးတင်ပြရမယ်”
တွေးတောရန် အချိန်မရှိတော့သည့် မြင်းသမားက သူ၏မြင်းကို ချက်ချင်းလှည့်ပြီး သူလာရာဘက်သို့ ဒုန်းစိုင်းစီးသွားသည်။
“ဘာ အနောက်ပိုင်းတူရကီတွေက အရှိန်အဝါမြင့် ဝင်္ကပါကို ကျင့်ကြံနေတယ်။ နောက်ပြီး သူတို့ရဲ့ အင်အားက လျှင်လျှင်မြန်မြန် တိုးလာတယ်။ အရင်ထက်တောင် အင်အားကြီးသွားသေးတယ်ပေါ့ ဟုတ်လား”
နောက်တန်းမှ ထိပ်တန်းအဆင့် ယွီစန်း၏ မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်သော သာ့လွန်ရော့ကျန်းကပင် ထိုသတင်းကြောင့် မှင်သက်သွားရသည်။
“မဟာအမတ်မင်းကို တင်ပြပါတယ်။ ဒီကိစ္စက တကယ်ကို မှန်ကန်ပါတယ်။ ကျွန်တော်တို့ လွှတ်လိုက်တဲ့ ကင်းထောက်က စစ်တပ်ရဲ့ လက်ရွေးစင် ကင်းထောက်တွေထဲကမှ အတော်ဆုံးတွေထဲကမှ တစ်ယောက်ပါ။ သူက တိုက်ပွဲရာကျော်ကို ပါဝင်ဆင်နွဲခဲ့ပြီး တိုက်ပွဲကြီး၊ တိုက်ပွဲသေး အားလုံးကို ကျော်ဖြတ်ခဲ့လို့ ကျွန်တော်တို့ ဝီတာထရာခုံးလော့နဲ့ ထန်မင်းဆက် ဝမ်ကျုံးစစ်တို့ဆိုတဲ့ ဗိုလ်ချုပ်ဘုရင်တွေအကြားက တိုက်ပွဲမှာတောင် ပါဝင်ခဲ့ဖူးပါတယ်။ ဒီကိစ္စက မမှားနိုင်ပါဘူး”
ယွီစန်းမှ ရှေ့ပြေးတပ် ခေါင်းဆောင်များထဲမှ တစ်ယောက်က တင်းမာစွာ တင်ပြသည်။
သူသည်လည်း ကင်းထောက်၏ တင်ပြချက် ပြဿနာရှိသည်ဟု ချက်ချင်းလိုလို တွေးမိခဲ့သည်။ သူက သာ့လွန်ရော့ကျန်းကို ဆွေးနွေးမတင်ပြခင် နောက်ထပ် လက်ရွေးစင်အများကြီး စေလွှတ်ခဲ့သေးသည်။ သို့သော် အားလုံးက အလားတူသော သတင်းကိုသာတင်ပြလာကြသည်။
စခန်းအတွင်းမှ သာ့လွန်ရော့ကျန်း၊ တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့ အားလုံးက အချင်းချင်း စွံ့အစွာ ကြည့်လိုက်မိကြသည်။
“မဟာအမတ်မင်း ဒါက မဖြစ်နိုင်ဘူး။ ဒီကောင်စုတ်က ဒီလောက်ထိ ရူးတာလား။ သူက တုဝူစစ်လီကို တကယ့်အစစ်ပေးလိုက်တယ်”
ဟော်ရှု့ဟွေ့ခမ်းကပြောသည်။ သူ၏မျက်မှောင်ကပင် ကျုံ့လာသည်။
သာ့လွန်ရော့ကျန်းက ဘာစကားမှမပြောချေ။ သူ၏မျက်နှာတွင် နားမလည်နိုင်သော မျက်နှာထားမျိုးက ပေါ်လာသည်။
“အမှန်တိုင်းပြောရရင် ဒီကိစ္စက ဖြစ်နိုင်တယ်။ ဗဟိုပြင်ကျယ်က လူတွေက ရိုးသားတယ်လို့ ပြောကြတယ်။ သူတို့က ဒီလိုကိစ္စမျိုးတွေမှာ လှည့်ကွက်တွေ မသုံးကြဘူး။ ဒီအတွက်ကြောင့်ပဲ မကြာခဏ အမှားလုပ်မိကြတာပေ့ါ။ ဝမ်ချောင်က မှင်သက်ဖွယ်ကောင်းတဲ့ ဗျူဟာပညာရှင် ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူက ငယ်သေးတာကိုး။ ဒီတော့ ရိုးသားမှုဆိုတာအတွက်ကြောင့်နဲ့ အစစ်အမှန် ဝင်္ကပါကို ပေးလိုက်တာ ဖြစ်လောက်တယ်။ ဒါ့အပြင် ကောင်းရှန်းကျစ်ကတောင် ဖျက်ဆီးဖို့ ကြိုးစားခဲ့တာမဟုတ်လား။ ဒီတော့ ငါတို့ပါ ဝင်္ကပါကို ရသွားလိမ့်မယ်လို့ သူတို့မထင်ခဲ့တာ ဖြစ်လောက်တယ်”
တစ်ဖက်ခြမ်းမှ တုစုန့်မာန်ဖော်ကျဲ့က တခဏခန့် စဉ်းစားနေပြီးနောက် တွေးတွေးဆဆ ဝင်ပြောသည်။ သူက အပြင်ဘက်တွင်ရှိသော စစ်တပ်ကိုအမိန့်ပေးပြီး ခုခံမှုများကို အားဖြည့်ရန် ကြိုးစားနေခဲ့သည်။ သို့သော် ဒီသတင်းကိုရသောအခါ အပြေးအလွှား လာခဲ့ခြင်းဖြစ်သည်။ မှင်သက်စွာဖြင့်ပင် ဒီကိစ္စကသာ မှန်ကန်နေခဲ့လျှင် သာ့လွန်ရော့ကျန်း၏ အစောပိုင်း ခန့်မှန်းမှုများက ခြားနားသွားပြီဖြစ်သည်။
“မဖြစ်နိုင်ဘူး”
သာ့လွန်ရော့ကျန်းက ရေရွတ်နေသည်။ သူ၏မျက်မှောင်က ကျုံ့သထက် ကျုံ့လာ၏။
“မင်းတို့အားလုံး အဲ့ဒီလူကို အရမ်းအထင်သေးလွန်းနေကြတယ်။ သူကငယ်တာမှန်တယ်။ ငါတို့အားလုံးထက်လည်း ငယ်တယ် ဒါပေမဲ့ သူ့ရဲ့အသိဉာဏ် အကြံအစည် ကောက်ကျစ်မှုတွေ အားလုံးက ငါတို့ထက်သာတယ်။ သူကဘယ်လိုနည်းနဲ့မှ ဒီလောက်အနိမ့်စား အမှားကိုမလုပ်ဘူး”
“ဒါပေမဲ့ အနောက်ပိုင်းတူရကီတွေနဲ့ တုဝူစစ်လီရသွားတဲ့ အဲ့ဒီဝင်္ကပါက သက်ရောက်မှုရှိတာတော့ အမှန်ပဲ။ အချက်အလက်တွေက မလိမ်နိုင်ဘူး။ တကယ်လို့ဒါက အတုဆိုရင် ဒီလိုမျိုးသက်ရောက်မှု မပြသင့်ဘူး”
တုစုန့်မာန်ဖော်ကျဲ့ကပြောသည်။
သာ့လွန်ရော့ကျန်းကလည်း တိတ်ဆိတ်သွားသည်။
အနောက်တောင်ပိုင်းက စစ်ပွဲတွင် သူ၏ဝမ်ချောင်အပေါ် အရှုံးကလွဲပြီး သာ့လွန်ရော့ကျန်းအနေဖြင့် အခြားသံသယများ မဝင်ခဲ့ဖူးချေ။ သံသယလည်း ဝင်ခဲသည်။ သို့သော် ဒီကိစ္စတွင်မူ သာ့လွန်ရော့ကျန်းက ရှားရှားပါးပါး သူ၏ခန့်မှန်းမှုတွင် ပြဿနာရှိနိုင်ကြောင်း ဝန်ခံရတော့မည်။
“သွားရအောင် တစ်ချက်သွားကြည့်ကြမယ်”
အနောက်ပိုင်းတူရကီစခန်း အပြင်ဘက်အကျဆုံး နယ်နိမိတ်ပိုင်းတွင် သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့၊ ဟော်ပါးစမ်းယဲ့နှင့် အခြားသော ယွီစန်း၏ ဗိုလ်ချုပ်အချို့က အတူတကွ စုဝေးနေကြပြီး အဝေးသို့ ကြည့်နေကြသည်။
ရှင်းလင်းကြည်လင်သော ကောင်းကင်အောက်တွင် လိမ်တွန့်နေသော အာကာသပြင်ကြီးရှိသည်။ ရစ်ခွေနေသော မိုးကြိုးတိမ်စိုင်များ အားလုံးကလည်း မည်သည့်နေရာကမှန်းမသိ ရုတ်ချည်း ထွက်ပေါ်လာရင်း အားလုံးကို စွံ့အနေစေသည်။
သာ့လွန်ရော့ကျန်းကပင် မည်သို့ဆက်လုပ်သင့်ကြောင်း မသေချာတော့ချေ။
“မဟာအမတ်မင်း”
ဟော်ပါးစမ်းယဲ့၏ ခေါ်လိုက်သည့် နာမည်နှင့်အတူ လူတိုင်းက သာ့လွန်ရော့ကျန်းကို ကြည့်လိုက်မိကြသည်။
မည်သူကမှ ဘာမှမပြောသော်လည်း သူတို့၏ အဓိပ္ပာယ်က ရှင်းလင်းသည်။ အချက်အလက်များက မျက်စိရှေ့တွင် သက်သေပြနေသည်။ တုဝူစစ်လီက ဝမ်ချောင်ထံမှ ထိုစာရခဲ့ချိန်ကတည်းက ထိုဝင်္ကပါကို ဆက်တိုက် ကျင့်ကြံခဲ့သည်။ သူက ကောင်းကင်ဘုံဝံပုလွေမြင်းတပ်ကို အင်အားကြီးမားအောင် လုပ်နိုင်ခဲ့၏။ ထိုအရာက အတုဆိုလျှင် လောကတွင် မည်သည့်အရာကမှ အစစ်အမှန် မဖြစ်နိုင်တော့ချေ။
ထိုအချိန်တွင် ဟော်ရှု့ဟွေ့ခမ်းကဲ့သို့ သာ့လွန်ရော့ကျန်း၏ ထင်မြင်ချက်များကို အမြဲတစေ နာခံခဲ့ပြီး သူ့နောက်မှ အမြဲတစေ လိုက်ပါခဲ့သောလူကပင် စွံ့အနေရသည်။ သို့သော် အဆုံးသတ်တွင် ဟော်ရှု့ဟွေ့ခမ်းကလည်း သာ့လွန်ရော့ကျန်းကိုယ်စား စကားအနည်းငယ်ပြောရန် ဆုံးဖြတ်လိုက်သည်။
“ဒီကိစ္စက ရေရှည်ကြည့်ဖို့လိုအပ်တယ်။ မဟာအမတ်မင်းရဲ့ ဆုံးဖြတ်ချက်က မမှားနိုင်ဘူးလို့တော့ ငါယုံတယ်”
ဟော်ရှု့ဟွေ့ခမ်းကပြောသည်။
“ဟော်ရှု့ မင်းငါ့အတွက် ရှင်းပြပေးစရာ မလိုပါဘူး”
သာ့လွန်ရော့ကျန်းက ခါးသီးစွာပြုံးသည်။
“ကိစ္စက ငါတို့ရဲ့ရှေ့တင်ပဲ။ တုဝူစစ်လီက ဒီကိစ္စနဲ့ပတ်သတ်ပြီး တကယ်ကို အကျိုးအမြတ်ရသွားတယ်။ အနောက်ပိုင်းတူရကီတွေက နေ့ရောညပါ လေ့ကျင့်နေတာ မအံ့ဩတော့ပါဘူး။ ဖြစ်နိုင်တာက ငါတို့က တုဝူစစ်လီကို အစကတည်းက အထင်မှားခဲ့တာပဲ။ သူက အကြောင်းပြချက်မရှိ မလုပ်ဘူး”
“ဒါဆိုရင်... မဟာအမတ်မင်း ငါတု့ိလေ့ကျင့်ဖို့လိုလား”
ဟော်ပါးစမ်းယဲ့ကမေးသည်။ ရှင်းလင်းစွာပင် သူက လှုံ့ဆော်ခံလိုက်ရသည်။
အရှိန်အဝါမြင့် ဝင်္ကပါနှင့်ပတ်သတ်သည့် စာများက သာ့လွန်ရော့ကျန်း၏ လက်ထဲတွင်ဖြစ်သည်။ ထိုအရာကသာ အတုဆိုလျှင် ဟော်ပါးစမ်းယဲ့ကလည်း တစ်ချက်ပင် ကြည့်လိမ့်မည်မဟုတ်ချေ။ သို့သော် အနောက်ပိုင်းတူရကီများတွင် ကောင်းကင်ဘုံဝံပုလွေ မြင်းတပ်ရှိပြီး ယွီစန်းတွင်လည်း မူထရီမဟာမြင်းတပ်ရှိသည်။ ကောင်းကင်ဘုံဝံပုလွေ မြင်းတပ်က ထိုဝင်္ကပါကို ကျင့်ကြံရင်းနှင့် အင်အားအများကြီး ရသွားနိုင်လျှင် မူထရီမဟာမြင်းတပ်ကလည်း အလားတူလုပ်နိုင်သည်။
မူထရီမဟာမြင်းတပ်၏ ရာထူးအမြင့်ဆုံး ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်သည့်အလျောက် ဟော်ပါးစမ်းယဲ့ကလည်း ထိုအခြေအနေကို မတွေးဘဲ မနေနိုင်ချေ။
တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့က မျက်မှောင်ကျုံ့ကြသည်။ သို့သော် ဘာစကားမှမပြောဘဲ သာ့လွန်ရော့ကျန်းကိုသာကြည့်သည်။
“ခဏလောက်စောင့်ဦး။ ငါတွေးပါရစေဦး”
သာ့လွန်ရော့ကျန်းကပြောသည်။ သာ့လွန်ရော့ကျန်းအနေဖြင့် သူ့ကိုယ်သူ ထိုကဲ့သို့ ခက်ခဲသော အခြေအနေမျိုးတွင် ရှာတွေ့ခဲသည်။ သို့သော် ဒီတစ်ကြိမ်တွင် သူကိုယ်တိုင်ကလည်း ဆုံးဖြတ်ချက်ချရန် အလွန်ခက်ခဲလာကြောင်း ဝန်ခံရပေမည်။
...
သာ့လွန်ရော့ကျန်းက အဝေးရှိတောင်ကုန်းမှ စောင့်ကြည့်နေချိန်တွင် မည်သူမှ သတိမထားမိသည်မှာ အနောက်ပိုင်းတူရကီ ကင်းထောက်တစ်ယောက်က သာ့လွန်ရော့ကျန်းတု့ိ အဖွဲ့ဘက်မှ အာရုံပြန်လွှဲပြီး တုဝူစစ်လီရှိရာနေရာသို့ ပြန်သွားခြင်းဖြစ်သည်။
“မဟာဗိုလ်ချုပ် အဝေးမှာ ယွီစန်းကလူတွေကို တွေ့ပါတယ်။ ကျွန်တော်တို့ လှုပ်ရှားသင့်လား”
ကင်းထောက်က သတင်းပို့သည်။ သူက ဒူးတစ်ဖက် ထောက်ချထားသည်။
“ဟား ဟား သာ့လွန်ရော့ကျန်းဟုတ်လား”
တုဝူစစ်လီက ဖျော့တော့စွာပြုံးသည်။ သူက အဝေးရှိ တောင်ကုန်းသို့ကြည့်သည်။ သို့သော် ခပ်မြန်မြန် အကြည့်လွှဲပြီး ခေါင်းကိုခါသည်။
“ကြည့်ပါစေ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဘာကိုမှ မမြင်နိုင်ဘူးလေ”
သာ့လွန်ရော့ကျန်း၏အတွေးကို တုဝူစစ်လီက မသိဘဲ ဘယ်လိုနေမှာလဲ။ သာ့လွန်ရော့ကျန်း၏ အတွေးက ရိုးရှင်းလွန်းနေသည်။ သူက အရှိန်အဝါမြင့် ဝင်္ကပါနှင့် ပတ်သတ်လာသော် တုဝူစစ်လီက သာ့လွန်ရော့ကျန်းထက် အများကြီးပို၍ သတိကြီးသေးသည်။ စစ်ပွဲတွင် အရာအားလုံးက မျှတသည်။ သို့သော် ဝမ်ချောင်ပေးလာသော စာရွက်တိုင်းက မှန်ကန်မည်ဟု သူက မယုံကြည်နိုင်ချေ။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ဝမ်ချောင်က သူ့ကိုပေးခဲ့သော စာရွက်ပထမပိုင်းက အစစ်အမှန်ဆိုလျှင် ဒုတိယပိုင်းက မှားနေနိုင်သည်။ တုဝူစစ်လီကလည်း ဒီလှည့်ကွက်အတွင်း ကျသွားလိမ့်မည်မဟုတ်ချေ။ တုဝူစစ်လီ၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအရ သူဟာ ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်ကြီး ဖြစ်ခဲ့သည်။ သူ့အနေဖြင့် ဒီလိုကိစ္စမျိုးတွင် မှားယွင်းသွားခဲ့ပါက လှောင်ရယ်စရာဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့်သူက ဝင်္ကပါကိုရသည့် တခဏတွင် သူ၏စစ်သားအချို့ကို ရွေးထုတ်ခဲ့ပြီး သူတို့ကို စာပါအကြောင်းအရာအတိုင်း အရင်ဆုံး လေ့ကျင့်ခိုင်းခဲ့သည်။ သူက ပထမနှင့် ဒုတိယပိုင်းကို ရောနှောပြီး လေ့ကျင့်ခိုင်းခဲ့ခြင်းဖြစ်သည်။
ထိုဝင်္ကပါကသာ အတုဖြစ်ပြီး သက်ရောက်မှုမရှိခဲ့လျှင် သို့မဟုတ် ဘေးထွက်ဆိုးကျိုး ရှိလာခဲ့လျှင် တုဝူစစ်လီက ချက်ချင်းရပ်နိုင်မည်ဖြစ်သည်။ အများဆုံးမှ သူက စစ်သည်ရာကျော် ဆုံးရှုံးရုံမျှသာဖြစ်သည်။ သို့သော် ထိုစာက မှန်ကန်နေခဲ့လျှင် အရာအားလုံးက ခြားနားသွားပေလိမ့်မည်။
မည်သို့ပင်ဆိုစေ တုဝူစစ်လီကလည်း အန်းရှီစစ်နတ်ဘုရား ကောင်းရှန်းကျစ်က ထိုအရာကိုဖျက်ဆီးရန် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကတည်းက ထိုအရာကို အတုဟု မယုံကြည်တော့ချေ။
“သာ့လွန်ရော့ကျန်း မင်းကသတိကြီးလွန်းတာပဲ”
တုဝူစစ်လီက ဖျော့တော့စွာပြုံးသည်။ သူ၏မျက်ဝန်းအတွင်း ထက်ရှသည့်အလင်းက ဖြတ်ပြေးသွားသည်။
အခန်း(၁၀၂၀)
“ဆမ်ဆာနဲ့ ချဲ့ခွန်းပန်းပါ့တို့ရဲ့ အခြေအနေက ဘယ်လိုလဲ။ စစ်သားတိုင်းကို စစ်ဆေးကြည့်ပြီးပြီလား။ တစ်ခုခု ထူးဆန်းတာမျိုးကို ရှာတွေ့သေးလား။ ငါအသေးစိတ် အခြေအနေ အားလုံးကိုသိချင်တယ်။ သူတို့ကသာ နည်းနည်း မသက်မသာဖြစ်တဲ့ အခိုက်အတန့်မျိုးကို ခံစားရရင် ငါ့ကိုချက်ချင်း သတင်းလာပို့ခိုင်းလိုက်”
တုဝူစစ်လီကလည်း သာ့လွန်ရော့ကျန်းနှင့် ပတ်သတ်သည့် ကိစ္စများကို သူ၏စိတ်အနောက်ပိုင်းထဲသို့ ထိုးထည့်လိုက်သည်။
သူက သူ၏အစောင့်ခေါင်းဆောင်ကိုကြည့်ပြီး တင်းမာသော မျက်ဝန်းမျိုးဖြင့် ပြောလိုက်သည်။
“မဟာဗိုလ်ချုပ်ကို တင်ပြပါတယ်။ ကျွန်တော်တို့ ငါးကြိမ်၊ ခြောက်ကြိမ်ထက်မနည်း စစ်ဆေးခဲ့ပြီးပါပြီ။ စစ်သားတိုင်းကို စစ်ဆေးခဲ့တာပါ။ ဆမ်ဆာနဲ့ ချဲ့ခွန်းပန်းပါ့အပါအဝင် လူတိုင်းကလည်း အားလုံးက ပုံမှန်ဆိုတာကို သိခဲ့ရပါတယ်။ အရှိန်အဝါမြင့် ဝင်္ကပါက လူတိုင်းအပေါ် ခွန်အားတိုးမြှင့်ပေးနိုင်တဲ့ သက်ရောက်မှုရှိတာ အမှန်ပါပဲ။ နောက်ပြီး လူတိုင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း ခိုင်မာပြီး ပိုပြီးတည်ငြိမ်သွားပါတယ်။ ပိုဆိုးတာက ဘေးထွက်ဆိုးကျိုး မရှိပါဘူး”
တုဝူစစ်လီ၏ အစောင့်ခေါင်းဆောင်က ရိုသေလေးစားစွာ တင်ပြသည်။
အနောက်ပိုင်းတူရကီစခန်း တစ်ခုလုံးက အပေါ်ယံတွင် လှုပ်ရှားမှုများ အပြည့်ရှိနေသည်ဟု ထင်ရသော်လည်း အတွင်းပိုင်းက မည်မျှသတိကြီးကြောင်း သူတို့သာသိသည်။ နတ်ဆရာများပင်ဖြစ်စေ၊ လက်ရွေးစင် ကျွမ်းကျင်ပညာရှင်များပင်ဖြစ်စေ၊ ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်ကြီး တုဝူစစ်လီကိုယ်တိုင်ပင်ဖြစ်စေ စစ်တပ်တစ်ခုလုံး၏ အခြေအနေကို တောက်လျှောက် စောင့်ကြည့်နေခဲ့သည်။ အနည်းငယ်သော ဝရုန်းသုန်းကား အခြေအနေ ဖြစ်လာလျှင်ပင် တုဝူစစ်လီကို ချက်ချင်း တင်ပြရမည်ဖြစ်သည်။
သို့သော် အမှန်တရားက သူတို့ဟာ သတိကြီးလွန်းနေကြောင်း ဖော်ပြသည်။ ထိုစာရွက်သုံးရွက်ထဲတွင် ပါဝင်သော အကြောင်းအရာနှင့်ပတ်သတ်ပြီး မည်သည့် မှားယွင်းမှုမျှ ရှိမနေခဲ့ချေ။
“အရမ်းကောင်းတယ်”
တုဝူစစ်လီက သက်ပြင်းရှည်ကြီးကိုချသည်။ သူက စိတ်အေးသွား၏။ သူ၏နှုတ်ခမ်းတွင် ကျေးဇူးတင်သော အပြုံးမျိုးကပင် ပေါ်လာသေးသည်။
သူ၏အားထုတ်မှုများ အားလုံးက တန်ကြေးပြန်ရလိုက်သည်။ သူသက်တမ်းတစ်ဝက်ကျော် ရရှိရန် ကြိုးစားနေခဲ့သည့် အရှိန်အဝါမြင့် ဝင်္ကပါကို အမှန်တကယ် ရရှိလိုက်သည်။ ထိုအခိုက်အတန့်မှ စတင်ပြီး ကောင်းကင်ဘုံဝံပုလွေ မြင်းတပ်တစ်ခုလုံးနှင့် အနာဂတ်တူရကီ ခါကာနိတ် တစ်ခုလုံး၏ အခြေအနေက ခြားနားသွားပြီဖြစ်သည်။
“အခုငါကျင့်ရမဲ့အလှည့်ပဲ”
တုဝူစစ်လီက ဖျော့တော့စွာပြုံးပြီး နောက်သို့လှည့်ကာ ရွက်ဖျင်တဲအတွင်းသို့ ဝင်သွားသည်...
ဒုန်း ဒုန်း ဒုန်း
တုဝူစစ်လီက သူ၏ရွက်ဖျင်တဲအတွင်းသို့ ပြန်ချိန်တွင် မည်သူမျှ သတိမထားမိသည်မှာ တူရကီစခန်း အခြားတစ်ဖက်ခြမ်းမှ သာ့လွန်ရော့ကျန်းနှင့် အလွန့်အလွန် ဝေးကွာသော တစ်နေရာတွင် သံချပ်ကာအပြည့် ဝတ်ဆင်ပြီး တူရကီမြင်းကိုစီးထားသည့် ထန်မြင်းသမားက အဝေးရှိ အနောက်ပိုင်းတူရကီ စခန်းကို နက်ရှိုင်းစွာ စိုက်ကြည့်နေခြင်းဖြစ်သည်။ ထို့နောက် နောက်ပြန်လှည့်ကာ အဝေးသို့ ဒုန်းစိုင်းစီးနင်းသွားသည်။
“ငါဒီကိစ္စကို မဟာအမတ်မင်းကို ချက်ချင်းတင်ပြရမယ်”
မျက်တောင်တစ်ခတ် အချိန်အတွင်း ထိုမြင်းသမားက သဲလွန်စပင် ရှာမတွေ့လောက်အောင် ပျောက်ကွယ်သွားသည်။
...
တာလာ့၏ မိုးထိုးတက်နေသော မြို့ရိုးကြီးများကို ပြန်လည်ပြင်ဆင်ပြီး ကျန်းရှို့ကျစ်နှင့် သူ၏ လက်မှုပညာရှင် ခုနှစ်ထောင် သို့မဟုတ် ရှစ်ထောင်ဝန်းကျင်ခန့်က ပြန်လည်မွန်းမံလိုက်နိုင်သည်။ ထို့ကြောင့် တိုက်ပွဲ၏ သဲလွန်စများက ပျောက်ကွယ်သွားသည်။ ကြီးမားသော ရဲတိုက်ကြီးက ပို၍ပင် ခမ်းနားထည်ဝါလာပြီး ထိုးဖောက်ရန် ခက်ခဲလာသည်။
ရှု့ထောင့်တစ်ခုမှကြည့်လျှင် ဟွမ်ပေါ့ထန်းနှင့် မြေသားစွမ်းအင်သုံး ဝူရှန်းရွာမှ ကျင့်ကြံသူများက အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သည်ဟုဆို၍ရသည်။ ထိုလူများက သူတို့၏ မြေသားစွမ်းအင်သုံး စွမ်းရည်ကိုသုံးပြီး ပတ်ဝန်းကျင်ရှိ မြေသားစွမ်းအင်များအားလုံးကို လှုံ့ဆော်ထိုးဆွလျှက် ဝင်္ကပါအတွင်းသို့ ဖြည့်သွင်းပေးခဲ့သည်။ ထိုအချက်ကလည်း အတွင်းပိုင်းတွင်ရှိနေသည့် ရာရှာဆာ မြေသားခံတပ်ဝင်္ကပါ သိန်းကျော်အား ပိုပြီးများပြားသော စွမ်းရည်များကို ရရှိစေရေးနှင့် ယခင်ကထက်ပို၍ အင်အားကြီးမားသွားစေသည်။
တာလာ့၏အပြင်ဘက်တွင် ဆက်တိုက်ဆိုသလို အားဖြည့်ပေးမှုများနှင့်အတူ ခိုင်မာသော သံမဏိခုခံရေး အားလှိုင်းနှစ်တန်းကို ပြန်လည်ဖွဲ့စည်း တည်ဆောက်လိုက်နိုင်ပြီဖြစ်သည်။ ထပ်ပေါင်းဆိုရသော် ယခင်သင်ခန်းစာမှ နမူနာယူရင်း ကျန်းရှို့ကျစ်က သံမဏိမြို့ရိုးများသို့ ပို၍ချွန်ထက်ရှသော ဆူးချွန်များကို ထည့်သွင်းထားသည်။ ထို့ကြောင့် ချိုးဖောက်ရန် ခက်သွားသည်။
တစ်ချိန်ထဲတွင်ပင် ကျန်းရှို့ကျစ်က လက်မှုပညာရှင်ပေါင်း များစွာကို အလုံးအရင်းဖြင့်သုံးလျှက် သံမဏိများကို အရည်ဖျော်ရင်း သံမဏိနံရံ အောက်ခြေသို့လောင်းသည်။ ထိုအရည်ဖျော်ထားသော သံမဏိသားများက ထိုသံမဏိတုံးကြီးများကို ပို၍မာကြောသွားစေသဖြင့် ပို၍လေးလံကာ ရွေ့ရန် ခက်သွားသည်။ ထန်မှစစ်သည်သောင်းကျော်က ထိုသံမဏိခုခံရေး အားလှိုင်းနှစ်တန်းကြားတွင် နေ့ရောညပါ လေ့ကျင့်နေခဲ့ကြသည်။ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။
ထိုအခိုက် ဝမ်ချောင်က မြို့ရိုးပေါ်တွင်မဟုတ်ချေ။
အခြားသောဦးတည်ရာဘက် အလွန်ဝေးကွာသော တစ်နေရာတွင် ဝမ်ချောင်က ကြီးမားသော ကျောက်တုံးကြီးအရှေ့တွင် ခံစားချက်မဲ့စွာ ဆောင့်ကြောင့်ထိုင်လျှက် ရှိနေသည်။
“ကြည့်ရတာဒါက အဆုံးသတ်ထင်တယ်”
ဝမ်ချောင်က ခပ်တိုးတိုးရေရွတ်ပြီး ရှေ့သို့ကြည့်သည်။
ဝှစ်
တောတွင်းနယ်မြေ တစ်ခုလုံးက တိတ်ဆိတ်နေသည်။ မိုးခြိမ်းသံကဲ့သို့ ထင်ရသည့် လေးလံသော လေပြင်းတိုက်ခတ်သံ၊ ခပ်ပြင်းပြင်း အသက်ရှုသံများကိုလည်း ကြားရသည်။ ဝမ်ချောင်၏ တစ်ဖက်ခြမ်းတွင် မြေပြင်တွင် ပုံလျှက်သားလဲနေသည့် ကြီးမားသော သတ္တဝါကြီးရှိသည်။ သူ၏ကိုယ်ပိုင်မျက်ဝန်းဖြင့် မြင်နေရသောကြောင့်သာ မဟုတ်လျှင် ထိုအကောင်ကြီးက အကန့်အသတ်မဲ့သည့် ခွန်အားများကို ပိုင်ဆိုင်ထားပြီး ရုတ်ရင့်ကြမ်းတမ်းကာ လွှမ်းမိုးနိုင်စွမ်းအား ပြင်းထန်သော မျောက်ဝံကြီးဖြစ်ကြောင်း ယုံရန်ခက်ခဲပေလိမ့်မည်။
မျောက်ဝံကြီး၏ မျက်ခွံများက ကျနေသည်။ သူ၏သွေးနီရောင် မျက်ဝန်းက ယခင်ကကဲ့သို့ ရက်စက်ကြမ်းတမ်းမှုများ မရှိတော့ချေ။ ထိုအစား အနည်းငယ် အတက်စွမ်းအား ကင်းမဲ့လာပုံပေါ်သည်။ ကြီးမားသော တောင်တန်းကြီးကဲ့သို့ ခန္ဓာကိုယ်ကြီးကလည်း စွမ်းအားများအားလုံးကို ကုန်ဆုံးသွားပုံပေါ်သည်။ သူက မြေပြင်တွင် တွားသွားလျှက်ရှိပြီး မောပန်းစွာ အသက်ရှုထုတ်နေသည်။
ပို၍အရေးကြီးသည်မှာ မျောက်ဝံကြီး၏ ခမ်းနားသော အတက်စွမ်းအားများက မှိန်သထက် မှိန်လာသည်။ ဒါဟာလေတွင်ငြိမ်းမည့် ဖယောင်းတိုင်မီးကဲ့သို့ ဖြစ်လာသည်။ အချိန်မရွေး ငြိမ်းသွားနိုင်သည်။
တိုက်ပွဲပြီးဆုံးသွားသည်မှာ လေးရက်မှ ငါးရက်ဝန်းကျင်ခန့် ကြာလာပြီးသည့်တိုင်အောင် ထိုမျောက်ဝံကြီးက အသက်ရှင်နေသေးသည်။ ဒါကတင် ဝမ်ချောင်မျှော်လင့်ထားသမျှထက် အသက်ပိုရှင်နေခြင်းဖြစ်သည်။ ထိုမျောက်ဝံကြီးက တာလာ့တွင် အလွန်အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သည်။ ထိုမျောက်ဝံကြီး အသက်ရှင်နေသမျှ ထန်များကလည်း ပြင်ဆင်ချိန် တစ်ရက်ပိုရသည်။ ဒီနည်းအားဖြင့် ယွီစန်း၊ အနောက်ပိုင်းတူရကီနှင့် အာရပ်များက အလျင်စလို မလုပ်ရဲကြချေ။
မျောက်ဝံကြီး၏အသက်ကို ဆွဲဆန့်ထားရန်အလို့ဌာ ဝမ်ချောင်က နည်းလမ်းတိုင်းကို သုံးခဲ့သည်။ ထို့နောက် မျောက်ဝံကြီးကို တောထဲသို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုတောက တာလာ့နှင့် အလွန်ဝေးသည်။ တစ်ချိန်ထဲတွင်ပင် သူက စိတ်စွမ်းအားစွမ်းအင်များ အားလုံးကို ရုတ်သိမ်းပြီး မျောက်ဝံကြီးကို သူ့စိတ်သူ ထိန်းချုပ်ခိုင်းသည်။ ဒီနည်းအားဖြင့် မျောက်ဝံကြီးက ထိခိုက်ဒဏ်ရာ ရရှိရာက ရပ်တန့်သွားနိုင်ရန် သို့မဟုတ် သတိလက်လွတ် တာလာ့ရှိ ထန်စစ်တပ်ကို ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ရန်ဖြစ်သည်။
သို့သော် ထိုသု့ိလုပ်လိုက်သည့်တိုင်အောင် မျောက်ဝံ၏ဦးနှောက်က ဆိုးရွားသထက်သာ ဆိုးရွားလာပြီး ယိုယွင်းပျက်စီးလာသည်။
အစပိုင်းတွင် မျောက်ဝံကြီးက သူ့စိတ်သူထိန်းချုပ်နိုင်ပြီး သူ့ရင်ဘက်သူထုကာ ကောင်းကင်သို့ မော့ကြည့်ရင်း အော်ဟစ်ဟိန်းဟောက်သေးသည်။ သို့သော် ယခုမူ သူ၏စိတ်စွမ်းအင်တိုင်းကို ရုတ်သိမ်းလိုက်သည့်တိုင်အောင် မျောက်ဝံကြီးက တိတ်ဆိတ်နေသည်။ မြေပြင်တွင် ခံစားချက်မဲ့စွာ လှဲနေရင်း တဖြည်းဖြည်းချင်း သူ၏အတက်စွမ်းအင်များက ကုန်ဆုံးလာသည်။
ဝမ်ချောင်ကလည်း မျောက်ဝံကြီးက သေခါနီးဖြစ်နေကြောင်းသိသည်။
ဝှစ်
မျောက်ဝံကြီးက အမောတကော အသက်ရှုသည်။ သူ၏သွေးနီရောင် မျက်ဝန်များဖြင့် ဝမ်ချောင်ကို စောင့်ကြည့်သည်။ သူဟာ ထူးဆန်းသော ခံစားချက်တစ်ခုကို ထုတ်ဖော်ပြသနေပုံရသည်။ ဝမ်ချောင်ကလည်း မနေနိုင်ဘဲ အနည်းငယ် ခံစားသွားရသည်။ မျောက်ဝံကြီးက လူသားအသိဉာဏ်မရှိသော သားရဲတစ်ကောင်မျှသာဖြစ်သော်လည်း အချိန်အတန်ကြာ ဘေးချင်းယှဉ်လျှက် တိုက်ခိုက်ခဲ့ပြီးနောက် ဝမ်ချောင်က ဘာမှမခံစားရဘဲ နေရန်ခက်ခဲသည်။
အချိန်ကတဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ အချိန်တစ်ခုကြာပြီးနောက် ခံစားချက်မဲ့နေသော မျောက်ဝံကြီးက ဝမ်ချောင်ကိုကြည့်သည်။ ရုတ်တရက် သူက နောက်ဆုံးတစ်ချက် ခပ်တိုးတိုး ညဉ်းညူလိုက်ပြီး တိတ်ဆိတ်သွားသည်။ ဝမ်ချောင်က သက်ပြင်းချသည်။ ထို့နောက် ရှေ့တက်သွားသည်။ သူ၏ညာလက်ကို ဆန့်ထုတ်လိုက်ပြီး မျောက်ဝံကြီး၏ မျက်ခွံများကိုမှိတ်လိုက်သည်။
“နှုတ်ဆက်ပါတယ်”
ဝမ်ချောင်၏ မျက်ဝန်းထဲတွင် သုန်မှုန်သော အလင်းတစ်ချက်က ဖြတ်ပြေးသွားသည်။ မျောက်ဝံကြီးက အမှန်တကယ် သေဆုံးသွားလေပြီ။
တောတွင်းက တိတ်ဆိတ်နေသည်။ လေထဲတွင် ဝိုင်းပတ်ကာ ပျံသန်းနေသော ကျောက်တုံးသိန်းငှက်များကလွဲပြီး မည်သည့်အသံမျှမရှိချေ။ ဝမ်ချောင်က ကျန်းသောင်းပေါင်းများစွာ အကွာသို့ လှည့်ကြည့်ရန်မလိုချေ။ သို့သော် ထိုနေရာတွင် မျက်ဝန်းပေါင်းများစွာက သူ့ကိုစိုက်ကြည့်နေကြောင်း သေချာသည်။ ဒါက အာရပ်၊ ယွီစန်းနှင့် အနောက်ပိုင်းတူရကီမှ ကင်းထောက်များဖြစ်သည်။
တိုက်ပွဲအဆုံးသတ်ပြီးကတည်းက သုံးဘက်လုံးက နေ့စဉ်နှင့်အမျှ ကင်းထောက်များလွှတ်ပြီး မျောက်ဝံကြီး၏ အခြေအနေကို စောင့်ကြည့်ကာ သတင်းစောင့်နေလေ့ရှိသည်။
ဝမ်ချောင်ကလည်း မျောက်ဝံကြီးက ခံစားချက်မဲ့စွာ တည်ရှိနေသော အခြေအနေတွင် ထိန်းထားနိုင်လေရာ ထိုသုံးဘက်က ဒီအခြေအနေကို ရှာလိမ့်မည်မဟုတ်ကြောင်း နားလည်သည်။ အနည်းဆုံး ထန်များအတွက် အချိန်ပိုရပေလိမ့်မည်။
ဒုန်း ဒုန်း ဒုန်း
သူကတွေးတောနေချိန်တွင် ကျောက်တုံးသိန်းငှက်များက ရုတ်တရက် အော်ဟစ်လျှက် ကောင်းကင်သို့ ထိုးတက်သွားသည်။ အဝေးမှ မြင်းသည်တော်သုံးယောက်က ရုတ်ချည်းလှည့်သွားပြီး အဝေးသို့ ဒုန်းစိုင်းစီးသွားသည်။
ဟွန်
ဝမ်ချောင်က ရုတ်တရက် တစ်စုံတစ်ရာကို အာရုံခံလိုက်မိပြီး ခေါင်းလှည့်ကာကြည့်သည်။ သူက တာလာ့သို့ကြည့်ခြင်းဖြစ်သည်။ ထိုဦးတည်ရာဘက်မှကြည့်သော် ချီရှီကာကွယ်ရေးစစ်တပ်မှ မြင်းသည်တော်တစ်ဖွဲ့က ဒုန်းစိုင်းစီးနင်းလာကြောင်းမြင်ရသည်။ သူတို့က ဒုန်းစိုင်းစီးလာသည်နှင့်အမျှ လေးဖွဲ့ခွဲသွားသည်။ သုံးဖွဲ့က အနောက်ပိုင်းတူရကီ ယွီစန်းနှင့် အာရပ်များနောက်သို့လိုက်ပြီး တစ်ဖွဲ့က သူရှိရာဘက်သို့လာသည်။
“ဗိုလ်ချုပ်ချန်း ဘာဖြစ်လို့လဲ။ အနောက်ပိုင်းတူရကီတွေနဲ့ ပတ်သတ်ပြီး တစ်ခုခုဖြစ်လို့လား”
ဝမ်ချောင်က ဖျော့တော့စွာပြုံးရင်း ချန်းချန့်လီ၊ ရွှီယွမ်ချင်နှင့် ချီရှီကာကွယ်ရေး စစ်သားတိုင်းကိုကြည့်သည်။
“မင်းကဘယ်လိုသိတာလဲ”
ချန်းချန့်လီက မှင်သက်သွားသည်။ ဝမ်ချောင်ကလည်း သူမပြောခင် ကိစ္စကို ကြိုတင်ခန့်မှန်းနိုင်မည်ဟု မထင်ထားမိချေ။
“ဟား ခန့်မှန်းဖို့မခက်ပါဘူး။ အပုမူစလင်က အရှုံးကြီးရှုံးပြီးကာစ ဒီတော့သူက ဘာမှမလုပ်နိုင်သေးဘူး။ သူက အနားယူလို့တောင် လောက်မှာမဟုတ်ဘူး။ သူက နောက်တန်းမှာ သူ့ရဲ့စစ်တပ်ကို ဆက်လက်ပြီး ထိန်းချုပ်ရဦးမယ်။ ဒါပေမဲ့ အရှုံးကြီးရှုံးသွားပြီးတဲ့နောက်မှာ အာရပ်တွေက ဘယ်လောက်ပဲ လေးစားဖို့ကောင်းကောင်း လေးရက်ငါးရက်အတွင်း ဘာမှမလုပ်နိုင်ပါဘူး။ သာ့လွန်ရော့ကျန်းအတွက်ကတော့... မူထရီမဟာမြင်းတပ်က တော်ဝင်မြို့တော်ရဲ့ မြို့စောင့်တပ်ဖြစ်နေရင်တောင်မှ ယွီစန်းအင်ပါယာက စစ်သားအများကြီး မကျန်လောက်တော့ဘူး။ ဒီတော့ နောက်ဆုံးကျန်တာက အနောက်ပိုင်းတူရကီပဲ။ အရှင်ပြောပါ တုဝူစစ်လီက ဘာဖြစ်လို့လဲ”
ဝမ်ချောင်က ဖျော့တော့စွာသာပြောသည်။
သူ၏နွမ်းနယ်စွာ ဇာတ်ကြောင်းပြောပြသည့် ဖြစ်စဉ်က အလွန်ရိုးရှင်းသော်လည်း ရှုပ်ထွေးစွာပင် ပြီးပြည့်စုံလွန်းနေသည်။
“ကင်းထောက်တွေရဲ့ တင်ပြချက်အရ ဝင်္ကပါကို ရပြီးတဲ့နောက်မှာ တုဝူစစ်လီက နေ့ရောညပါ ဆက်တိုက် လေ့ကျင့်ခဲ့တယ်။ အရေးကြီးဆုံးအချက်က မင်းရဲ့စာပါအကြောင်းအရာတွေအတိုင်း သူတို့က အစစ်အမှန် ဝင်္ကပါကို ပုံဖော်နိုင်ခဲ့တယ်။ အရင်ကနဲ့ယှဉ်ရင် စစ်သားတိုင်းရဲ့ ကျင့်ကြံခြင်းအဆင့်က သိသိသာသာ တိုးတက်လာတယ်”
အချိန်တခဏခန့် တိတ်ဆိတ်နေပြီးနောက် ချန်းချန့်လီက အကြောင်းပြချက်ကို ရှင်းပြသည်။
ဝမ်ချောင်က တုဝူစစ်လီနှင့် လဲလှယ်ခဲ့သည့် ကိစ္စတွင် အဓိကတာဝန်ယူခဲ့သူဖြစ်သည်။ ချန်းချန့်လီပင်ဖြစ်စေ၊ ကောင်းရှန်းကျစ်ပင်ဖြစ်စေ အသေးစိတ်ကို အများကြီးမသိပါချေ။ ချန်းချန့်လီကလည်း ဝမ်ချောင်၏ စွမ်းရည်ကို သံသယမဝင်ချေ။ သို့သော် ကင်းထောက်များမှ တင်ပြချက်အရ သူ့ကိုမသက်မသာဖြစ်လာစေသည်။
“ဝမ်ချောင် စာပါအကြောင်းအရာတွေက မှန်တယ်ဆိုတာ သေချာရဲ့လား”
အဆုံးတွင် ချန်းချန့်လီက မနေနိုင်ဘဲ မေးလိုက်မိသည်။
ထန်မင်းဆက်ဟာ အနောက်ပိုင်းတူရကီနှင့် စစ်ဖြစ်နေသော အခိုက်အတန့်တွင်ဖြစ်သည်။ တုဝူစစ်လီနှင့် သာ့လွန်ရော့ကျန်းတို့က နောက်ဆုတ်သွားသော်လည်း သူတို့က အမှန်တကယ် ဆုတ်ခွာသွားခြင်းမဟုတ်ချေ။ ထိုအစားသူတို့က သူတို့၏အရှေ့ဘက်သို့ ဆုတ်သည့်လမ်းကို ပိတ်ထားသည်။ သူတို့၏ရည်ရွယ်ချက်က ရှင်းလင်းပြီး သိသာထင်ရှားသည်။ အနောက်ပိုင်းတူရကီများက ဝမ်ချောင်ကပေးသော ဝင်္ကပါအတုကိုကျင့်ပြီး အင်အားကြီးလာခြင်းက ကောင်းသောလက္ခဏာမဟုတ်ချေ။
“ဟုတ်လား အနောက်ပိုင်းတူရကီတွေက ရုတ်တရက်ကြီး လျှင်လျှင်မြန်မြန် အင်အားကြီးလာကြတာလား”
ချန်းချန့်လီကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်က ချန်းချန့်လီ၏ စကားကိုကြားပြီးနောက် တောက်ပစွာပြုံးပြီး ပျော်ရွှင်သွားခြင်းဖြစ်သည်။ သူကသတင်းကောင်းကို ကြားလိုက်ရသလိုပင် တုန့်ပြန်သေးသည်။
“ဒါက”
ချန်းချန့်လီကိုယ်တိုင်ကလည်း မေးခွန်းအနည်းငယ် ထပ်မေးချင်သည်။ သို့သော် ဝမ်ချောင်၏ တုန့်ပြန်မှုက သူ့ကို သံသယဝင်သွားစေသည်။
“ဟား ဟား အရှင်ချန်း စိတ်အေးအေးထားပါ။ တုဝူစစ်လီက ဒီအစစ်အမှန် ဝင်္ကပါကို လေ့ကျင့်ဖို့ လွယ်မှာမဟုတ်ဘူး။ အမှန်တိုင်းပြောရရင် သူက ဝင်္ကပါရဲ့ အချို့လျို့ဝှက်ချက်တွေကို နှိုးဆွချင်ရင်တောင်မှ မဖြစ်နိုင်ဘူး။ ဘာလို့လည်းဆိုတော့ ဒီလမ်းကြောင်းက ရိုးရှင်းစွာပဲ အစစ်အမှန် ဝင်္ကပါကို ဦးတည်နေတာမဟုတ်ဘူးလေ”
ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ သူ၏မျက်နှာထားက တည်ငြိမ်သည်။ သူက မည်သူကမဆို သူ့ထံ အလိုလို အညံ့ခံလာစေလောက်သော အရှိန်အဝါမျိုးကို လွှတ်ထုတ်ထားသည်။ ထိုကဲ့သို့ အင်အားမျိုးလည်းရှိသည်။
တခဏခန့် ကြာသည်အထိ ချန်းချန့်လီက သံသယဝင်နေသေးသည်။ မူလကမူ သူက အမှားကြီး လုပ်မိခဲ့သည်ဟု ထင်ခဲ့သည်။ ထို့ကြောင့်သူက အလောတကြီး ပြေးလာခဲ့ခြင်းဖြစ်သည်။ ချန်းချန့်လီက ဗဟုသုတကြွယ်ဝပြီး အတွေ့အကြုံရှိသည့် ထိပ်တန်းအဆင့် ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။ သူက ဗျူဟာနှင့်ပတ်သတ်လာလျှင် ရိုးရှင်းသောလူတစ်ယောက် မဟုတ်ချေ။ သို့သော် ဝမ်ချောင်၏ အရှေ့တွင်မူ ချန်းချန့်လီကိုယ်တိုင်ကလည်း သူ၏အသိဉာဏ်ဟာ ရိုးရှင်းစွာဖြင့် လုံလောက်ခြင်းမရှိကြောင်း ဝန်ခံရပေလိမ့်မည်။