အခန်း (၁၀၂၆-၁၀၃၀)
Vol. 58 Ch. 1026-1030
အခန်း(၁၀၂၆)
ခုံရုံးမှ ငြင်းခုံမှုများက မနက်ပိုင်းမှ မိုးချုပ်ချိန်အထိဖြစ်သည်။ ဆွေးနွေးငြင်းခုံမှုများ အားလုံးက မယုံနိုင်စရာကောင်းသော အတိုင်းအတာသို့ ရောက်ရှိသွား၏။ ညအချိန် ကျရောက်လာသည့်အခါ နဂါးများနှင့် အလှဆင်ထားသည့် ရွှေရောင်ရထားလုံးတစ်စီးက တော်ဝင်နန်းတော်အတွင်းမှ မောင်းနှင်ထွက်လာသည်။ အတွင်းတွင် ဘုရင်စုန့်က စိုးရိမ်ပူပန်မှုအပြည့်နှင့် ထိုင်နေသည်။
သူ၏ အိမ်တော်ထိန်းအိုကြီးကလည်း အင်္ကျီလက်အတွင်းသို့ လက်များကို ထိုးသွင်းလျှက် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
“အရှင့်သား တာလာ့ရဲ့ကိစ္စက ချောချောမွေ့မွေ့ မအောင်မြင်သွားဘူးလား”
ဘုရင်စုန့်က ခုံရုံးတွင် အနှောက်အယှက်ပေါင်း များစွာကို မကြာခဏ တွေ့နေကျဖြစ်သည်။ သို့သော် ယခုလို စိုးရိမ်ပူပန်မှုကို ပြသခဲသည်။
“အင်း”
ဘုရင်စုန့်က ခေါင်းညိမ့်လိုက်သည်။ သူကလည်း အိမ်တော်ထိန်းအိုကြီးထံမှ ဖုံးကွယ်ထားရန် မကြိုးစားပေ။
“အရှင့်သား စိတ်အေးအေးထားပါ။ တာလာ့ရဲ့ကိစ္စက အဆင်ပြေသွားပါလိမ့်မယ်။ ဘုရင်ချီက အရှင့်ကို အမြဲတမ်း အတိုက်အခံလုပ်နေကြ။ ဒါပေမဲ့ အရှင့်ရဲ့ တင်ပြချက်တွေ အားလုံးကလည်း အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ခဲ့တာမဟုတ်လား”
အိမ်တော်ထိန်းအိုကြီးက နှစ်သိမ့်ပေးသည်။
“ဟင်း”
ဘုရင်စုန့်က ထိုစကားများကို ကြားသောအခါ မနေနိုင်ဘဲ သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။
“ဘုရင်ချီက ခက်ခဲအောင်လုပ်ပြီး ခုံရုံးကအမတ်တွေကို လှုံ့ဆော်ပေးတာလောက်ဆိုရင် အဲ့ဒီလောက်ထိ မဆိုးရွားဘူး။ ဒါကဒီလောက်ထိ ရိုးရှင်းနေတာမဟုတ်ဘူး။ ဒီတစ်ကြိမ်မှာ ဘာဖြစ်ဖြစ် ဘုရင်ချီက ဘာကိုမှ အတိုက်အခံ မလုပ်လာဘူး။ ဒီတိုင်းဘေးဘက်က ကြည့်နေတာ။ တကယ်တန်း အတိုက်အခံ လုပ်နေတာက မဟာထန်ရဲ့ ပြည်နယ်ရေးရာ အရှိတွေပဲ”
ဝုန်း
ထိုစကားလုံးများနှင့်အတူ အိမ်တော်ထိန်းအိုကြီးကလည်း အံ့အားသင့်မှုအပြည့်နှင့် တိတ်ဆိတ်သွားရသည်။ အိမ်တော်ထိန်းအိုကြီးက ခုံရုံးရေးရာကိစ္စများကို အာရုံစိုက်ခဲသော်လည်း ပြည်တွင်းရေးရာ အရာရှိများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအကြားမှ အရှုပ်အထွေး ငြင်းခုံမှုများက ဌာနအသီးသီးမှ ရှုပ်ထွေးငြင်းခုံမှုများထက် ပို၍ပြင်းထန်ခက်ခဲကြောင်း နားလည်သည်။ ပြည်တွင်းအရာရှိများသာ ဖြစ်နေခဲ့ပြီး ဘုရင်ချီကသာ စစ်သည်အင်အား ထောက်ပံ့မှုကို အတိုက်အခံ လုပ်နေခဲ့ခြင်းမဟုတ်လျှင် ထိုကိစ္စက ခြားနားသော အခြေအနေသို့ ပြောင်းလဲသွားလေပြီ။
ဘုရင်စုန့်က အလွန်အမင်း လေးနက်တည်ကြည်နေသော လေသံမျိုးနှင့် ဆက်ပြောသည်။
“ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်းချမ်းနေပြီးတဲ့နောက်မှာ လူတိုင်းက ငြိမ်းချမ်းတဲ့နေ့ရက်တွေမှာ ကြီးပြင်းလာခဲ့ကြလို့ စစ်ပွဲကို မုန်းတီးမှုကလည်း ပြင်းထန်လာခဲ့တယ်။ ဒါက အစပဲဖြစ်နေမှာကိုတောင် ကိုယ်တော်စိုးရိမ်မိတယ်”
...
ခုံရုံးမှ ဆွေးနွေးမှုများက ပြင်းထန်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ အာရေးဗီးယားဆိုသော နာမည်က မဟာထန်၏ လမ်းတိုင်း၊ လမ်းကြားတိုင်းတွင် ဟိန်းထွက်နေလေသည်။ အာရေးဗီးယား၊ ယွီစန်း၊ အနောက်ပိုင်းတူရကီနှင့် တာလာ့က စားသောက်ဆိုင်များ၊ လက်ဖက်စံအိမ်များတွင် မကြာခဏ ကြားနေရသော အသုံးအနှုန်းများဖြစ်လာသည်။
မြို့တော်က ပြည်နယ်သုံးခု မဟာမိတ်နှင့်ပတ်သတ်ပြီး ဆွေးနွေးငြင်းခုံမှုများ ပြင်းထန်နေချိန်တွင် ရွှေရောင်လက်သည်းနှင့် သိန်းငှက်တစ်ကောင်က တောင်ပံများကိုဖြန့်ကားလျှက် လျှပ်စီးကဲ့သု့ိ မြန်ဆန်သော အရှိန်နှုန်းကိုသုံးပြီး အရှေ့မြောက်ပိုင်းသို့ ပျံသန်းထွက်ခွာသွားသည်။ ရက်ပေါင်းများစွာ ကြာပြီးနောက် ရို့ကျိုး၏ အန်းတုံး ကာကွယ်စောင့်ရှောက်ရေး ဌာနချုပ်တွင် တင်ပြင်ခွေထိုင်နေသည့် ကျန်းရှို့ကွေးက လက်ကိုဆန့်ထုတ်လိုက်ရင်း အစောင့်များထဲမှ တစ်ယောက်က ကမ်းပေးလာသည့်စာကို လှမ်းယူလိုက်သည်။ ပတ်ဝန်းကျင်ရှိလူတိုင်းက မဟာထန်၏ အရှေ့မြောက်ပိုင်းမှ စစ်နတ်ဘုရားကို ကြည့်နေကြချိန်တွင် ရွက်ဖျင်တဲတစ်ခုလုံးက တိတ်ဆိတ်နေလေသည်။
“ဟား ဟား ဟား ဒီနိမ့်ကျတဲ့ ပညာသင်သားတွေ။ စစ်သည်တော်တွေရဲ့ အုပ်စိုးမှုမရှိဘဲ မဟာထန်က ဘယ်လိုကြောင့်များ အခုလိုငြိမ်းချမ်းမှုကို ပိုင်ဆိုင်ထားနိုင်မှာလဲ။ တာလာ့က အဲ့ဒီကောင်တွေက အတွက်အချက် မှားသွားပြီ။ သူက ဒီတိုက်ပွဲမှာ ရှုံးသွားရင် တော်ဝင်ခုံရုံးက စစ်သည်တော်တွေကို မြှင့်ပေးလောက်တယ်။ ဒါပေမဲ့ သူက နိုင်သွားတယ်ဆိုကတည်းက ခုံရုံးကနေ စစ်သည်တော်တွေကို ထုတ်ပေးဖို့က ပိုခက်သွားပြီ”
ထိုအချိန်တွင် အနောက်ဘက်မှ အသံတစ်သံထွက်လာသည်။ အသံက ကျောင်းခမ်းအပိုင်ဖြစ်သည်။ သူက အန်းတုံးကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ လက်ထောက်ဗိုလ်ချုပ်ဖြစ်သည်။ သူ၏မျက်နှာတွင် ရိုသေလေးစားမှုက အပြည့်ရှိနေသည်။
“အရှင် တာလာ့ရဲ့ကိစ္စက မြို့တော်က လူပြောအများဆုံး ကိစ္စပါ။ ဝမ်ချောင်နဲ့ ကောင်းရှန်းကျစ်က သူတို့ရဲ့စာထဲမှာ စစ်သည်လေးသိန်းလောက်က တာလာ့ကို ချဉ်းကပ်လာတော့မယ်လို့ ပြောထားတယ်။ ပိုပြီးဆိုးတာက အာရပ်တွေနိုင်သွားတာနဲ့ အဆုံးအစမဲ့တဲ့ စစ်သားတွေကို ထပ်မံပို့လွှတ်နိုင်တာပဲ။ အာရေးဗီးယားက ဒီလောက်စစ်သားတွေ အများကြီးကို တကယ်ပဲ ပိုင်ဆိုင်ထားတာလား။ ဒီကိစ္စထဲမှာ အမှန်တရားက ဘယ်လောက်ပါနိုင်လဲ”
“ဒါပေါ့ အားလုံးမှန်တာပေါ့”
သူ့ကို အံ့အားသင့်စေသည်မှာ ကျန်းရှို့ကွေးက ချက်ချင်းလိုလို တွေးတောခြင်းပင်မရှိဘဲ အတည်ပြုပေးသည်။
“ငါလုံရှီကို အုပ်စိုးနေတဲ့ကာလက အာရပ်တွေက စစ်ပွဲကို ချစ်မြတ်နိုးပြီး ခုံးတောင်တန်းတောက်လျှောက် အနောက်ပိုင်းမှာ တိုင်းပြည်တွေအများကြီးကို သိမ်းပိုက်ခဲ့တဲ့ ရက်စက်ကြမ်းတမ်းတဲ့လူတွေလို့ သိထားတယ်။ အဲ့ဒီအချိန်က ငါလူအချို့တောင် စေလွှတ်ပြီး သတင်းအချက်အလက်တွေ စုဆောင်းခဲ့သေးတယ်။ အဲ့ဒီနောက် ဒါကအမှန်ပဲဆိုတာကို သိလိုက်ရတယ်။ ဒါကြောင့် တောင်တစ်တောင်မှာ ကျားနှစ်ကောင် မပုန်းအောင်နိုင်ဘူးဆိုတာကို နားလည်ထားပြီးသား။ အာရေးဗီးယားနဲ့ မဟာထန်ကြားက စစ်ပွဲက အနာဂတ်မှာသေချာပေါက်ကို ဖြစ်လာမှာ။ အင်ပါယာခုံရုံးက လူတွေက ကောင်းရှန်းကျစ်နဲ့ အဲ့ဒီကောင်တွေက ချဲ့ကားလွန်းနေတယ်လို့ ထင်နေကြတာ။ ဒါပေမဲ့ သူတု့ိ ဒီလိုမလုပ်ရဲဘူးဆိုတာကို ငါသိတယ်။ အရှင်သခင်ကို လှည့်စားတာက သေးငယ်တဲ့ပြစ်မှုမှမဟုတ်ဘဲ”
ရို့ကျိုးမှ ဗိုလ်ချုပ်တိုင်းကလည်း ထိုအနှစ်ချုပ်မှုကြောင့် မှင်သက်သွားကြရသည်။
တာလာ့ဟာ အလွန့်အလွန်ဝေးကွာသည်။ ခုံရုံးတစ်ခုလုံးက ထိုနေရာမှ အခြေအနေကို မြူစိုင်းသလိုမျိုး ဘာမှမမြင်နိုင်ပေ။ ထိုမျှဝေးကွာလွန်းသော အရှေ့မြောက်ပိုင်းမှ လောက၏ အဆုံးသတ်တွင်ရှိသည်ဟု ယူဆရသော နေရာမျိုးတွင်ရှိနေသည့် သူတို့၏ ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီးကမူ အခြေအနေတစ်ခုလုံးကို လက်ခုံလိုမျိုး ကောင်းကောင်းနားလည်နေပုံပေါ်သည်။ သို့သော် သူတို့က ဘေးဘီကို ခပ်မြန်မြန် အာရုံစိုက်ကြည့်သည်။
“ဟား ဟား ဝမ်ချောင်က အခုလိုပြုမူနေပုံထောက်ရင် သူတို့မှာ စစ်သည်ခြောက်သောင်းကျော်တောင် မရှိလောက်တော့ဘူး။ သူတို့ပြောတဲ့အတိုင်းသာ ဖြစ်နေခဲ့မယ်ဆိုရင် အာရေးဗီးယားဘက်က စစ်သည် လေးသိန်းရောက်လာတာနဲ့ ခုံရုံးဆီက တပ်ကူတွေမရရင် သူတို့အဆုံးမသတ်သွားဘူးလား”
“ဟင့် သူတို့က ဘာကိုအပြစ်တင်မှာလဲ။ ကောင်းရှန်းကျစ်က ငါတို့ရဲ့အရှင်နဲ့ယှဉ်ရင် စီနီယာပိုင်းအရ မယှဉ်နိုင်ဘူး။ ဂျူနီယာတစ်ယောက်ပဲ။ နောက်ပြီး သိုင်းပညာအရလည်း မယှဉ်နိုင်ဘူး။ ဒါတောင်မှ အောင်ပွဲအနည်းငယ် ရပြီးတဲ့နောက်မှာ သူကိုယ်သူ စစ်နတ်ဘုရားလို့ ကျုံးဝါးရဲတယ်။ သူက ငါတို့ရဲ့အရှင်နဲ့ ကျမ်းတပြေးတည်းရပ်နိုင်မယ်လို့ ထင်နေတဲ့ပုံပဲ။ သူဒါကို တွေးတောင်မတွေးသင့်ဘူး။ ငါတို့အရှင်ရဲ့ အောင်မြင်မှုတွေက လူတိုင်းယှဉ်ချင်သလို ယှဉ်လို့ရတဲ့ အနေအထားမျိုးမှ မဟုတ်တာ။ နောက်ပြီး အဲ့ဒီကောင်တွေကတော့ သူ့ရဲ့ကလန်က နောက်ခံကိုသုံးပြီး မြို့တော်က ကာကွယ်စောင့်ရှောက်သူ ဗိုလ်ချုပ်ကိုတောင် အတိုက်အခံလုပ်ရဲတယ်။ ဘယ်လောက်တောင် အဆင်အခြင် မဲ့လိုက်သလဲ။ ဒီနှစ်ယောက် တာလာ့က ကပ်ဘေးပြီးတဲ့နောက်မှာ ငါတို့ရဲ့အရှင်ကို ဘယ်လိုယှဉ်ပြိုင်ပြီး ကြိုးစားမလဲဆိုတာကို ကြည့်အုံးမယ်”
“ဟား ဟား ဒါက ကိုယ့်ဒုက္ခကိုယ် ရှာတယ်လို့ခေါ်တယ်”
ရွက်ဖျင်တဲအတွင်းရှိ လူများက အော်ရယ်ကာ ပျော်ရွှင်နေကြသည်။ သူတို့၏မျက်နှာတွင် ဝမ်းမြောက်သော အမူအရာမျိုးက ရှိနေကြ၏။ အန်းတုံးကာကွယ်စောင့်ရှောက်ရေး စစ်တပ်အတွက် ကောင်းရှန်းကျစ်ပင်ဖြစ်စေ ဝမ်ချောင်ကပင်ဖြစ်စေ လူကောင်းများမဟုတ်ချေ။ ကောင်းရှန်းကျစ်က ကျန်းရှို့ကွေးကို လေးစားမှုများ ပြသခဲ့ခြင်းမရှိသလို ဝမ်ချောင်ကလည်း ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကို မြို့တော်မှ အာရှီနာရှု့ကန်းကို သတ်ခြင်းအားဖြင့် အရှက်ခွဲခဲ့ဖူးသည်။ ထို့ကြောင့် မည်သူကမှ သူတို့ကို အမြင်ကောင်းမရှိချေ။ ကျန်းရှို့ကျစ်က ရွက်ဖျင်တဲအတွင်းတွင် ထိုင်နေသည်။ သူ၏လက်တစ်ဖက်က စားပွဲပေါ် တတောက်တောက် ခေါက်နေရင်း ညင်သာစွာ ပြုံးနေ၏။
“သတင်းပို့”
ထိုအခိုက်အတန့်တွင် သတင်းပို့တစ်ယောက်က ရွက်ဖျင်တဲအတွင်းသို့ အပြေးအလွှား ဝင်လာသည်။ လက်ထဲတွင် စာတစ်စောင်ကို ကိုင်ထား၏။ သူက ချက်ချင်းလိုလို ဒူးတစ်ဖက် ထောက်ချလိုက်သည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် တာလာ့ကစာရောက်လာပါတယ်။ အရှင် ကျေးဇူးပြုပြီး ဖတ်ကြည့်ပေးပါ”
ဝုန်း
ရွက်ဖျင်တဲက ခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ လူတိုင်းက သတင်းပို့ကို တစ်ပြိုင်တည်းလိုလို လှည့်ကြည့်လိုက်ကြ၏။ ကျန်းရှို့ကွေးက မျက်ခုံးတစ်ဖက်ပင့်လျှက် ခေါင်းလှည့်ကြည့်သည်။
တာလာ့က သူတို့နေထိုင်ရာ နယ်စပ်ပေါင်းများစွာကိုပင် ကျော်လွန်သွားပြီးသားဖြစ်သည်။ ထို့ကြောင့် မဟာထန်၏ အုပ်စိုးမှုအောက်တွင်မဟုတ်ဘဲ လွန်ခဲ့သော လအနည်းငယ်ခန့်ကဆိုလျှင် မည်သူကမှ ထိုနာမည်ကို မကြားဖူးကြချေ။ သို့သော် ယခုမူ ရိုကျိုးမှလူတိုင်းက ကြားသိပြီးကြလေပြီ။
“အရှင် ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ဒီလိုအခြေအနေမျိုးမှာ တာလာ့ဆီကစာကို ရတာလဲ”
ကျန်းရှို့ကွေး၏ ညာဘက်ခြမ်းတွင် ထိုင်နေသော ခက်ထန်သော မျက်နှာထားနှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဟူတစ်ယောက်ကပြောသည်။ ထိုအချိန်တွင် ထိုလူ၏ မျက်မှောင်က ဆက်တိုက်ကျုံ့နေသည်။
ရွက်ဖျင်တဲအတွင်းရှိ အခြားသောလူများနှင့် မတူသည်မှာ သူ့တွင် နှင်းဖြူရောင် မျက်ခုံးတစ်စုံရှိသည်။ ရိုကျိုးအတွင်းရှိ မည်သူကမှ သူ၏နာမည်ကို မသိဘဲမနေချေ။
သူက ပိုင်ကျန်းထုံလော့ဖြစ်သည်။
ကျန်းရှို့ကွေး၏ လက်အောက်မှ ကျော်ကြားသော ဗိုလ်ချုပ်တစ်ယောက်လည်းဖြစ်သည်။ သူက ကျန်းရှို့ကွေး ရိုကျိုးတွင် ဌားရမ်းခဲ့သော ကြမ်းတမ်းသည့် ဟူလည်းဖြစ်သည်။ သူက နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးဖြစ်သည်။ ထို့ကြောင့် ထူးချွန်ပြောင်မြောက်စွာပင် အမိန့်ပေးနိုင်စွမ်းရည် ရှိသူလည်းဖြစ်သည်။
အခြားသော ဗိုလ်ချုပ်တိုင်းကလည်း ကျန်းရှို့ကွေးကို တိတ်တဆိတ် လှည့်ကြည့်လိုက်ကြသည်။
“အွန်း သူဘာကိုလိုချင်လိုချင် စာဖတ်ပြီးရင် သိရမှာပေါ့”
ကျန်းရှို့ကွေးကရယ်ရင်း သတင်းပို့အား လက်ယမ်းပြသည်။
ကျန်းရှို့ကွေးက သိပ်မကြာခင် စာကိုယူပြီး ဖတ်ကြည့်သည်။ သူ၏မျက်နှာထားက ထူးဆန်းသွားသည်။
“ဟား ဟား စိတ်ဝင်စားစရာပဲ စိတ်ဝင်စားစရာပဲ”
ကျန်းရှို့ကွေးက ရုတ်တရက် အော်ရယ်လေရာ လူတိုင်းက အံ့ဩသွားကြသည်။
“အရှင် ဘာဖြစ်တာလဲ”
ပိုင်ကျန်းထုံလော့ကပြောသည်။
“ဟွန်း တကယ်စိတ်ဝင်စားဖို့ကောင်းတယ်။ အဲ့ဒီဝမ်ကောင်လေးက အကူအညီ တောင်းခံတဲ့စာကို တကယ်ပို့လိုက်တယ်။ သူက ငါ့ကို သူ့ကိုကူညီဖို့အတွက်နဲ့ စစ်သည်တော်တစ်ဖွဲ့ကို စေလွှတ်ပေးစေချငတာ”
ကျန်းရှို့ကွေးကရယ်သည်။
“ဘာ”
“သူတို့ကို ကူညီရမယ်ဟုတ်လား။ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူတို့ရူးသွားပြီလား”
“အန်းတုံးကာကွယ်စောင့်ရှောက်ရေး စစ်တပ်ကနေ တပ်ကူတောင်းခံဖို့တောင် တွေးရဲတယ်။ နေကို အနောက်ဘက်က ထွက်ပါစေလို့ မျှော်လင့်နေသလိုပဲ”
ထိုအခြေအနေက ရွက်ဖျင်တဲအတွင်းရှိ လူတိုင်းကို အံ့အားသင့်ကာ ကြောင်တောင်တောင် ဖြစ်သွားစေသည်။ သူတို့က ယခုလေးတင် တာလာ့မှ ဝမ်ချောင်နှင့် စစ်သည်တော်များအကြောင်း ပြောနေကြသည်။ သို့သော် အကူအညီတောင်းခံသောစာက ချက်ချင်းလိုလို ရောက်လာ၏။
ဘယ်လောက်ရယ်စရာ ကောင်းလိုက်သလဲ။
ကျန်းရှို့ကွေး၏ အမူအရာကမူ ထူးဆန်းနေ၏။ သူက ဖျော့တော့စွာသာပြုံးပြီး ထိုစာအား ပိုင်ကျန်းထုံလော့ကို ပေးလိုက်သည်။
“ကျောင်းခမ်း၊ ပိုင်ကျန်းထုံလော့ မင်းတို့တွေအားလုံး ဖတ်ကြည့်ကြ။ မင်းတို့ရဲ့ ထင်မြင်ချက်ကို ငါ့ကိုပြန်ပြောကြ”
ပိုင်ကျန်းထုံလော့က တခဏခန့် မှင်သက်သွားပြီးနောက် သတိလက်လွတ် စာကိုယူလိုက်ကာ အခြားသော ဗိုလ်ချုပ်များနှင့်အတူဖတ်သည်။
“အရှင် အရှင်ဒီစာကို လျစ်လျူရှု့လို့ရမယ်လို့ ငါယုံကြည်တယ်။ တာလာ့ကကိစ္စက တော်ဝင်ခုံရုံးက ကိုင်တွယ်ရမဲ့ကိစ္စပဲ။ ငါတို့ဝင်ပြောရမဲ့ ကိစ္စမဟုတ်ဘူး”
ပိုင်ကျန်းထုံလော့က စာကိုဖတ်ပြီးပြီးခြင်းပြောသည်။
“ပိုဆိုးတာက ရို့ကျိုးက တာလာ့နဲ့ တအားဝေးတယ်။ ကောင်းရှန်းကျစ်နဲ့ အဲ့ဒီကောင်စုတ်လေးက ငါတို့ဆီက အကူအညီ မတောင်းခံသင့်ဘူး။ နောက်ပြီး အရှင်နဲ့ ရန်ငြိုးရှိနေတာကိုတောင် ထည့်မပြောရသေးဘူး”
တာလာ့မှ အရေးပေါ်အခြေအနေက ပြင်းထန်လာသည်နှင့်အမျှ အန်းတုံးကာကွယ်စောင့်ရှောက်ရေး စစ်တပ်က တပ်ကူပေးရန် အဆိုးရွားဆုံး အနေအထားမျိုးဖြစ်နေလေသည်။ အကြောင်းမူကား အလွန်ဝေးကွာသောကြောင့်ဖြစ်၏။
“ကျောင်းခမ်း မင်းဘယ်လိုထင်လဲ”
ကျန်းရှို့ကွေးက ဖျော့တော့စွာသာပြုံးပြီး သူ၏လက်ထောက် ကျောင်းခမ်းကို လှည့်ကြည့်သည်။
“အရှင် ဒီဗိုလ်ချုပ်ကတော့ ပိုင်ကျန်းထုံလော့နဲ့ အမြင်တူညီပါတယ်။ အရှင့်ရဲ့ လက်အောက်ငယ်သားကလည်း ဒီစာနဲ့ပတ်သတ်ပြီး စိုးရိမ်စရာ မလိုအပ်ဘူးလို့ ယုံကြည်တယ်။ ဒါကြောင့် ကျွန်တော်တို့ မရခဲ့ဖူးသလိုမျိုး ပြုမူလို့ရပါတယ်”
ကျောင်းခမ်းကပြောသည်။
ကျန်သောလူတိုင်းကလည်း သဘောတူကြောင်း ခေါင်းညိမ့်ကြသည်။ ကျန်းရှို့ကွေးနှင့် ဝမ်ချောင်တို့က ယခင်က အငြင်းအခုံဖြစ်ခဲ့ဖူးသည်။ သူ၏အဖိုး ဝမ်ကျို့လင်ကလည်း ကျန်းရှို့ကွေးကို အကဲဖြတ် သုံးသပ်ခဲ့ဖူး၏။ သူ့ကြောင့်သာမဟုတ်လျှင် ကျန်းရှို့ကွေးက အမတ်ချုပ်ကြီး ဖြစ်နေပြီးလောက်လေပြီ။
“ဟင်း”
ကျန်းရှို့ကွေး၏ ညာလက်က စားပွဲကိုတတောက်တောက် ခေါက်နေရာမှ လျှင်မြန်လာသည်။ ထို့နောက် သူက လူတိုင်းကို အံ့အားသင့်သွားစေသည့် တစ်စုံတစ်ရာကို ပြောလိုက်သည်။
“ကျောင်းခမ်း ပိုင်ကျန်းထုံလော့ မင်းတု့ိနှစ်ယောက် ငါ့နောက်ကို နှစ်ပေါင်းများစွာ လိုက်လာခဲ့ပြီးပြီ။ နောင်ဖြစ်လာမဲ့ ဗိုလ်ချုပ်အဆင့်ကို ရောက်နေတာလည်းကြာပြီ။ ဒါပေမဲ့ မင်းတို့နှစ်ယောက် ဒီအဆင့်မှာပဲ ရပ်နေကြတယ်။ ဝမ်ကလန်က ကောင်စုတ်လေးကတော့ ချီရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ဆိုတဲ့ ရာထူးကို တစ်နှစ်တောင်မကြာတဲ့ အတောအတွင်းမှာ ရအောင်ယူသွားနိုင်ခဲ့တယ်။ မင်းတို့နဲ့သူ့အကြား ဘာက ကွာခြားလဲဆိုတာကို မသိကြဘူးလား”
“အရှင်”
ရွက်ဖျင်တဲအတွင်းရှိ လူတိုင်းက သံသယဝင်သွားကြသည်။ ကျောင်းခမ်းနှင့် ပိုင်ကျန်းထုံလော့တို့လည်း အပါအဝင်သာဖြစ်သည်။ သူတို့ကလည်း ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်နှင့် ဝမ်ကလန်ကြားမှ ရန်ငြိုးကြောင့် သူဟာ ဒီမတော်တဆမှုတွင် ဝမ်ချောင်ကို လုံးဝကူညီလိမ့်မည်မဟုတ်ဟု ယုံကြည်ထားသည်။ သို့သော် ဒီအခြေအနေအရ ထိုသို့မဟုတ်လောက်ချေ။
“ငါနဲ့ဝမ်ကလန်က အဲ့ဒီကောင်စုတ်လေး နောက်ပြီး ဝမ်ကျို့လင်တို့နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရန်ငြိုးရှိတာမှန်တယ်။ ငါတို့ပုဂ္ဂိုလ်ရေးဆိုင်ရာ သီးသန့်တွေ့ဆုံရင် ငါကသူ့ကိုသတ်ရင်တောင်မှ မမှားဘူး။ ဒါပေမဲ့ ဒီဝမ်ကလန်က ကောင်စုတ်လေးက အများကောင်းဖို့အတွက် အကူအညီတောင်းနေတာ။ သူက တိုင်းပြည်နဲ့လူမျိုးအတွက် ငါ့ကိုအကူအညီ လာတောင်းနေတာ။ ငါက ဒီလိုအခြေအနေမျိုးမှာ အများကောင်းဖု့ိအတွက် အခြေအနေကို ကျော်ပြီး ပုဂ္ဂိုလ်ရေးရာ ခံစားချက်သီးသန့်ကြောင့် သူ့ကို ငြင်းဆိုလိုက်မယ်ဆိုရင် ကျန်းရှို့ကွေးက ဝေဖန်ခဲ့ဖူးတဲ့ငါက သူပြောထားသလိုမျိုး စိတ်ထားကျဉ်းမြောင်းပြီး သူ့ရဲ့မြေးတစ်ယောက်နဲ့တောင် မယှဉ်နိုင်ကြောင်း ပြသလိုက်သလို မဖြစ်သွားဘူးလား။ နောက်ပြီး အရင်တစ်ခေါက်က ဝမ်ကျို့လင်း ငါ့ကိုပြောထားတဲ့ အကြောင်းအရာက မှန်ကန်သွားလိမ့်မယ်”
“ပိုဆိုးတာက တာလာ့ရဲ့ကိစ္စတွေ အရာအားလုံး အဆင်ပြေနေရင် အဆင်ပြေသေးတယ်။ ဒါပေမဲ့ တစ်ခုခု မှားယွင်းသွားခဲ့ပြီး စုံစမ်းစစ်ဆေးမှု ထွက်လာခဲ့တဲ့အခါ ဝမ်ချောင်က ငါ့ဆီက အကူအညီ တောင်းခံခဲ့တယ်။ ဒါပေမဲ့ငါက ငြင်းဆန်ခဲ့တဲ့ အကြောင်းအရာကို အင်ပါယာခုံရုံးနဲ့ သူတော်စင်ဧကရာဇ်တို့ဆီက ဖုံးကွယ်ထားနိုင်ပါ့မလား”
ကျန်းရှို့ကွေး၏ စကားလုံးများက ထိုရွက်ဖျင်တဲတစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်မှုအပြည့် ကြီးစိုးသွားစေသည်။ သူတို့က ဝမ်ကလန်နှင့် အန်းတုံးကာကွယ်စောင့်ရှောက်ရေး စစ်တပ်ကြားမှ ရန်ငြိုးကိုသာ တွေးနေခဲ့ပြီး ထိုရှု့ထောင့်ဘက်မှ မတွေးခဲ့ဖူးပေ။ ကျန်းရှို့ကွေးကို ခစားလာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး သူတို့ကလည်း သူ့ထံမှတဆင့် သူတော်စင်ဧကရာဇ်၏ ပုံစံကို အနည်းငယ် နားလည်လာသည်။ ထိုကိစ္စကသာ ပေါက်ကြားသွားခဲ့လျှင် အကျိုးဆက်က မပေါ့လျော့နိုင်ပေ။
“ဒါပေမဲ့အရှင် ဒီကောင်စုတ်လေးက အရှင့်ကိုအကြိမ်အများကြီး ဖီဆန်ခဲ့ဖူးတာ။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့က သူ့ရဲ့ခြိမ်းခြောက်မှုတွေကို ဦးညွှတ်ပြီး စစ်သားတွေ စေလွှတ်ပေးရမှာလား”
ကျောင်းခမ်းနှင့် ပိုင်ကျန်းထုံလော့တို့ကပြောသည်။ သူတို့၏မျက်နှာတွင် အလွန်အမင်း တွန့်ဆုတ်မှုက ထင်ရှားပေါ်လွင်နေလေသည်။
အခန်း(၁၀၂၇)
သူတော်စင်ဧကရာဇ်၏ ဒေါသကို ထည့်သွင်းစဉ်းစားသင့်သည်။ သို့သော် ထိုဗိုလ်ချုပ် နှစ်ယောက်ကမူ ဝမ်ကလန်ထံမှ ထိုကောင်လေးက ပို့လိုက်သော စာတစ်စောင်တည်းနှင့် သူတို့က တပ်ကူကို ချက်ချင်း ပို့ရလောက်အောင် မထိုက်တန်သေးဟု ယူဆနေသည်။
“ဟား ဟား ခြိမ်းခြောက်တယ်ဟုတ်လား။ မင်းတို့ ဒီကောင်လေးကို တအားမြင့်မြင့် တွေးလွန်းနေတာပဲ”
ကျန်းရှို့ကွေးကရယ်သည်။
“ငါတို့က သေချာပေါက် စစ်သားတွေပို့သင့်တယ်။ ဒါပေမဲ့ဒါက ဒီကောင်လေးကြောင့် မဟုတ်ဘူး။ ကျောင်းခမ်း ပိုင်ကျန်းထုံလော့ ဒါကိုမှတ်ထား။ မဟာဗိုလ်ချုပ်တွေက သိုင်းပညာကိုကျင့်ကြံပြီး အင်အားကို ပိုင်ဆိုင်ထားရုံလောက်နဲ့ ဖြစ်နိုင်တာမျိုးမဟုတ်ဘူး။ သူတို့က သည်းခံနိုင်စွမ်းအား ရှိတယ်။ ငါတို့ရဲ့ အန်းတုံးကာကွယ်စောင့်ရှောက်ရေး စစ်တပ်က ဒီလိုမရင့်ကျက်သေးတဲ့ ကောင်စုတ်လေးတစ်ကောင်ဆီမှာ ရှုံးသင့်ရဲ့လား”
“အဲ့ဒီကောင်လေးက ငါတို့ကို စစ်သည်လေးထောင် အကူအညီ တောင်းလာတယ်မဟုတ်လား။ ကျောင်းခမ်း ပိုင်ကျန်းထုံလောက် သွား လက်ရွေးစင်စစ်သည် ခြောက်ထောင်သွားရွေးလိုက်။ ဒါ့အပြင် တော်ဝင်ခုံရုံးကိုလည်း ငါကျန်းရှို့ကွေးက ရို့ကျိုးမှာရှိနေပေမဲ့ ခုံရုံးနဲ့တိုင်းပြည်အတွက် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်မိလို့ လက်ရွေးစင်စစ်သည် ခြောက်ထောင်ကိုရွေးထုတ်ပြီး တာလာ့ကို အကူအညီ ပို့လွှတ်လိုက်တယ်လို့ တင်ပြလိုက်”
ထိုစကားလုံးများနှင့်အတူ ကျန်းရှို့ကွေး၏ မျက်လုံးများက မှေးကျဉ်းသွားပြီးနောက် စားပွဲပေါ်တင်ထားသည့် ညာဘက်လက်က လက်သီးအဖြစ်ပြောင်းသွားသည်။
ကျောင်းခမ်းနှင့် ပိုင်ကျန်းထုံလော့တို့က မှင်သက်သွားသည်။ ထို့နောက် စိတ်ရှုပ်ထွေးသွား၏။ သို့သော် ကျန်းရှို့ကွေးနောက် နှစ်ပေါင်းများစွာ ခစားလာပြီးနောက်တွင် သိပ်မကြာခင် နားလည်သွားကြသည်။
ကျန်းရှို့ကွေးက ဝမ်ချောင်ကို စစ်သည်ခြောက်ထောင် တိုက်ရိုက်ပေးလိုက်လျှင် ဒါဟာ သူတို့နှစ်ယောက်ကြားမှ သီးသန့်တိုက်ရိုက်ဖြစ်သွားလေသည်။ သို့သော် သူကသာ စစ်သားများကိုပို့ပေးရင်း တော်ဝင်ခုံရုံးသို့ တစ်ပြိုင်တည်း တင်ပြလိုက်မည်ဆိုလျှင် ကျန်းရှို့ကွေးနှင့် တော်ဝင်ခုံရုံးအကြားမှ ကိစ္စတစ်ခု ဖြစ်သွားနိုင်ပြီး အန်းတုံးကာကွယ်စောင့်ရှောက်ရေး စစ်တပ်ဟာ ခုံရုံးနှင့် သူတော်စင်ဧကရာဇ်အပေါ် သစ္စာရှိကြောင်း ပြသရာရောက်သည်။ ထိုကိစ္စက ဝမ်ချောင်၏ စာမှစသော်လည်း သူနှင့်အနည်းငယ်သာ သက်ရောက်တော့သည်။
ဒါဟာ နောက်ထပ် အကျိုးအမြတ်တစ်ခု ရရှိလာခြင်းလည်းဖြစ်သွားသည်။ တာလာ့ဟာ လက်ရှိအချိန်တွင် ထိုးဖောက်မှုကြီးကြီး ခံနေရသော အချိန်တွင်ဖြစ်သည်။ အန်းတုံးကာကွယ်စောင့်ရှောက်ရေး စစ်တပ်က ပထမဦးဆုံး ပြန်ဖြေပြီး တပ်ကူများ ပို့လွှတ်လိုက်ခြင်း ဖြစ်သွားခဲ့လျှင် တာလာ့တွင် နိုင်နိုင်ရှုံးရှုံး သူတို့ဘက်က အခြေအနေ ကောင်းနေပေလိမ့်မည်။ တစ်ချိန်ထဲတွင်ပင် တော်ဝင်ခုံရုံးကို သစ္စာရှိရာ ပြကြောင်းလည်းရောက်သွားသည်။
ထိုသို့လုပ်လိုက်ခြင်းအားဖြင့် သူတို့က ခုခံရာမှ တိုက်ခိုက်ရသည့်ဘက်သို့ ပြောင်းလဲသွားသည်။
ပို၍ဆိုးသည်မှာ သူတို့၏အရှင်က မဟာထန်၏ မဟာအမတ်မင်း ဖြစ်နေသည်မှာ ကြာလှချေပြီ။ အကြီးမားဆုံး အနှောက်အယှက်ဖြစ်သူ ယခင်အမတ်ဟောင်း မြို့စားကျို့ဖြစ်နေခဲ့ရာမှ ယခုလို တာလာ့ကို ကူညီနိုင်ခြင်းအားဖြင့် သူတို့၏အရှင်ဟာ အနာဂတ်အတွက် အနှောက်အယှက် နည်းသွားပေလိမ့်မည်။
“ကောင်းတယ် ဒီဗိုလ်ချုပ်က နားလည်ပါတယ်”
“အရှင့်ရဲ့လက်အောက်ငယ်သားက အခုပဲ လုပ်လိုက်ပါ့မယ်”
...
မဟာထန်၏ ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် ခြောက်ယောက်ထဲတွင် ကျန်းရှို့ကွေးကသာ စာရရှိခြင်းမဟုတ်ချေ။ ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး ဌာနမှ ဗိုလ်ချုပ်တိုင်းကလည်း ခန်းမထဲတွင် စုစည်းနေကြသည်။ ထိပ်ဆုံးတွင် ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီး အန်းစစ်ရွှန်းက ထိုင်နေသည်။
“မင်းတို့အားလုံး ကောင်းရှန်းကျစ်ရဲ့စာကို ဖတ်ပြီးကြပြီလား”
အန်းစစ်ရွှန်း၏ မျက်လုံးက တစ်ဝက်သာဖွင့်ထားသည်။ သို့သော် ထိုတစ်ဝက်သာ ဖွင့်ထားသည့် မျက်ဝန်းမှ အကြည့်က လျှပ်စီးလက်နေသလိုမျိုး ဗိုလ်ချုပ်တိုင်းကိုကြည့်သည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ကျွန်တော် ခေါင်းမာမာနဲ့ အတင့်ရဲပြီး ပြောမိတဲ့အတွက်တော့ ခွင့်လွှတ်ပါ။ နယ်စပ်က ကာကွယ်စောင့်ရှောက်ရေး ဌာနတွေက ကျွန်တော်နဲ့ ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်က စစ်သည်တော်အများဆုံးပဲ။ ဒါပေမဲ့ ရန်သူအများဆုံး ရင်ဆိုင်နေရတာလည်းဖြစ်သလို အရှေ့ဆုံးနယ်စပ်ကိုလည်း ထိန်းထားနေရတယ်။ အနောက်ပိုင်းတူရကီ ခါကာနိတ်အပြင် ကျွန်တော်တို့က အရှေ့ပိုင်းတူရကီ ခါကာနိတ်ကိုလည်း ရင်ဆိုင်နေရပါသေးတယ်။ သူတို့ရဲ့ပေါင်းဆုံအင်အားက စစ်သည် တစ်သန်းနီးပါးရှိတယ်။ ဒါ့အပြင် ကောင်းရှန်းကျစ်က သာမာန်စစ်သည်တော်လောက်ကို အသုံးပြုချင်တာဆိုရင် အဆင်ပြေပေမဲ့ သူဟာကျွန်တော်တို့ရဲ့ လက်ရွေးစင်နဂါးတပ်ရင်း စစ်သည်တော်ကို လိုချင်နေတာပါ။ ကျွန်တော်တို့ရဲ့ ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်က စစ်သည် သောင်းပေါင်းများစွာ ရှိတာမှန်ပေမဲ့လည်း နဂါးတပ်ရင်းကတော့ စစ်သည် ထောင်ဂဏန်း အနည်းငယ်ပဲ ရှိတာပါ။ ဒါကြောင့် ဒီဗိုလ်ချုပ်ကလည်း ဒီတောင်းဆိုမှုကို လက်ခံလို့မရနိုင်ဘူးလို့ ယူဆပါတယ်”
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဒီဗိုလ်ချုပ်ကလည်း လက်မခံပါဘူး။ နဂါးတပ်ရင်းက စစ်သည်တော်တွေက အဖိုးတန်လွန်းပါတယ်။ တာလာ့ရဲ့ အခြေအနေက ဒီလောက်ထိတော့ မမှားယွင်းနိုင်သေးပါဘူး။ အာရေးဗီးယား အင်ပါယာက ခုံးတောင်တန်း အနောက်ဘက်ပိုင်းမှာ နေထိုင်နေတာဖြစ်ပြီး ကောင်းမွန်တဲ့ အခြေအနေရဲ့ ထောက်ပံ့ပေးခံထားရပါတယ်။ ကောင်းရှန်းကျစ်ကသာ သူတို့ကို မထိန်းထားနိုင်ရင် ကျွန်တော်တို့က တစ်သုတ်ပြီးတစ်သုတ်ကို ဆက်လက်ထိန်းထားဖို့ ဖြစ်လာလိမ့်မယ်။ အဲ့ဒီအချိန် ကျရောက်လာတဲ့အခါ ကျွန်တော်တို့ရဲ့ နဂါးတပ်ရင်းက စစ်သည်တော်တွေက ဒီပြဿနာကို ဖြေရှင်းရဦးမယ်မဟုတ်လား။ အန်းရှီကာကွယ်ရေးစစ်တပ်ကို ကူညီလိုက်ခြင်းအားဖြင့် ကျွန်တော်တို့က ကိုယ့်ကိုယ်ကို ကူညီလိုက်သလို ဖြစ်သွားပါတယ်။ နှုတ်ခမ်းမရှိဘဲ သွားက အအေးမိပါလိမ့်မယ်”
“ဒါလည်းဟုတ်ပါတယ်။ အာရပ်တွေအပြင် အနောက်ပိုင်းတူရကီတွေရဲ့ ကောင်းကင်ဘုံဝံပုလွေ မဟာဗိုလ်ချုပ်ကလည်း တာလာ့ကိုရောက်နေတယ်။ နောက်ပြီး ဒါက ကျွန်တော်တို့ရဲ့ အင်အားကြီးတဲ့ ရန်သူဖြစ်နေသေးပါတယ်။ ကျွန်တော်တို့က နဂါးတပ်ရင်းကိုလွှတ်ပြီး တုဝူစစ်လီကို ရင်ဆိုင်ခိုင်းလိုက်ရင် ကျွန်တော်တို့ ကိုယ့်ကိစ္စကို ကာကွယ်သလိုပါပဲ”
“ရယ်ရလိုက်တာ ကောင်းရှန်းကျစ်က ခုံရုံးကို မှတ်တမ်းလွှာတင်တာ မင်းတို့မြင်ဖူးလား။ အာရပ်တွေက စစ်သည်လေးသိန်းနဲ့လာမှာ။ ကောင်းရှန်းကျစ်လက်ထဲမှာရှိတဲ့ အင်အားက မလုံလောက်တာ အသေအချာပဲ။ အဆုံးသတ်မှာတော့ တာလာ့ကရှုံးမှာ။ နဂါးတပ်ရင်းဌာနက စစ်သည်တော်တွေကို ငါတို့က ပို့လိုက်ရင် သူတို့ကို အသေခံခိုင်းသလို ဖြစ်မနေဘူးလား”
ထိုသို့ဖြင့် အမျိုးမျိုးသော ထင်မြင်ချက်များက ခန်းမအတွင်း ဟိန်းထွက်နေပြီး ကြမ်းတမ်းပြင်းထန်သည့် ငြင်းခုံမှုဖြစ်လာသည်။ အထက်တွင်ထိုင်နေသော အန်းစစ်ရွှန်းကမူ မျက်လုံးကိုမှိတ်လျှက် တိတ်ဆိတ်လျှက်သာ နားထောင်နေသည်။ သူ၏အတွေးကိုမူ ထုတ်ဖော်ပြသခြင်းမရှိချေ။ သို့သော် ထိုအခိုက်
“သတင်းပို့”
ဖလပ် ဖလပ်
...
ပေ့ထင်မှ သတင်းပို့က အပြင်ဘက်မှ အလောတကြီး ပြေးဝင်လာသည်။ သူ၏လက်ထဲတွင် စာတစ်စောင် ကိုင်ထားသည်။
“တာလာ့ရဲ့စာပါ အရှင် ကျေးဇူးပြုပြီး ဖတ်ကြည့်ပါဦး”
ဝုန်း
ထိုစကားလုံးများက ခန်းမကို တိတ်ဆိတ်သွားစေသည်။ ကောင်းရှန်းကျစ်က စာတစ်စောင် ပို့ပြီးလေပြီ။ သို့သော် နောက်ထပ်စာတစ်စောင် ထပ်မံရောက်လာသည်။
“စာယူလာခဲ့”
ခမ်းနားသောအသံက ခန်းမတစ်ခုလုံးကို ဟိန်းထွက်သွားသည်။ အန်းစစ်ရွှန်းက မျက်လုံးကိုဖွင့်သည်။ ထိုသို့ဖြင့် သူ၏မျက်လုံးအတွင်းမှ ပေါက်ကွဲမတက် ပြင်းထန်သော အလင်းတန်းများက ထိုးထွက်လာသည်။ သူကစာကိုယူပြီးဖွင့်သည်။ ထို့နောက် တစ်ချက်ကြည့်ပြီးသည်နှင့် သူ၏ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်သွားသည်။ သူ၏မျက်ဝန်းထဲတွင် အံ့အားသင့်မှုက ထင်းထွက်သွားပြီး သူက ခပ်မတ်မတ် ထိုင်လိုက်မိသည်။
“ဟွန် စိတ်ဝင်စားစရာပဲ ဝမ်ချောင် မင်းက ငါမငြင်းနိုင်တဲ့ ကမ်းလှမ်းမှုလုပ်လိုက်တာပဲ”
...
လုံရှီ၊ ထယ်ကြီးမြို့...
မဟာထန်အနောက်ဘက်ခြမ်းမှ အသက်သွေးကြော ခံတပ်တစ်ခုဖြစ်သော ထိုနေရာက အမြဲတစေ စည်ပင်ဝပြောနေသည်။ မြို့ရိုးကြီးက အသစ်စက်စက် ဖြစ်နေကတည်းက ပြင်ဆင်ထားပြီးပုံပေါ်သည်။ ယခင်ကအတိုင်း ခမ်းနားထည်ဝါနေသေး၏။ မဟာထယ်ကြီးစစ်တပ်က တိုက်ပွဲ၏ အမာရွတ်များကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့သည်။ သို့သော် ထိုအခိုက်အတန့်တွင်မူ မြို့ရိုးအတွင်းတွင် အစောင့်ကို တင်းတင်းကြပ်ကြပ် ချထားပြီး ကင်းလှည့်သူများက များပြားနေသည်။ ထယ်ကြီးစစ်တပ်မှ မည်သည့်ဗိုလ်ချုပ်ကမူ မြို့ရိုးပေါ်တွင်မရှိချေ။
“မင်းတို့အားလုံး လူငယ်အမတ်ရဲ့စာကို ဖတ်ပြီးပြီလား။ မင်းတို့ဘယ်လိုထင်ကြလဲ”
ခဲ့ရှု့ဟန်က ထယ်ကြီးမြို့အတွင်းရှိ အဓိကခန်းမအတွင်းတွင် ထိုင်နေသည်။ ထယ်ကြီးစစ်တပ်အတွင်းမှ အရေးပါသော အရာရှိတိုင်း အားလုံးက အစီအစဉ်တကျရပ်နေလျှက် ရှိကြသည်။ သို့သော် သူတို့အားလုံးက တစ်စုံတစ်ရာကို တွေးတောနေပုံပေါ်သည်။ လေထုက တင်းမာကာ လေးလံနေသည်။
“မဟာဗိုလ်ချုပ် တာလာ့ရဲ့ အခြေအနေက တကယ်ကို ရှေ့တိုးမရ နောက်ဆုတ်မရတဲ့ အနေအထားမျိုးပါ။ အန်းရှီနဲ့ ချီရှီဘက်က လုံခြုံမှုက အဲ့ဒီနေရာနဲ့ ပူးပေါင်းနေပါတယ်။ အရှင့်ရဲ့ လက်အောက်ငယ်သားကလည်း အန်းရှီကာကွယ်ရေးစစ်တပ်နဲ့ ချီရှီကာကွယ်ရေးစစ်တပ်ကသာ မထိန်းနိုင်ခဲ့ရင် ကျွန်တော်တို့ထယ်ကြီးစစ်တပ်က ရင်ဆိုင်ရမှာကို စိုးရိမ်မိပါတယ်”
“အရှင် အရှင့်ရဲ့ လက်အောက်ငယ်သားက ထောက်ခံပေးချင်တာကတော့ ကျွန်တော်တို့ ထယ်ကြီးစစ်တပ်က မြောက်ပိုင်းကိုချီတက်လို့ အန်းရှီနဲ့ ချီရှီတို့နဲ့ ပူးပေါင်းပြီး အာရပ်ကို ရင်ဆိုင်သင့်ပါတယ်”
“မဖြစ်နိုင်ဘူး ငါတို့ကသာရွှေ့လိုက်ရင် လုံရှီကလူတွေ ဘယ်လိုလုပ်မလဲ။ မမေ့နဲ့ ဒီနေရာမှာ မြေဩဇာကောင်းပြီး စည်ပင်ဝပြောတဲ့ နယ်မြေတွေ အပြည့်ပဲ။ တိဗက်တွေကသာ အရှေ့ပိုင်းကို ဆက်တိုက် ရွှေ့လာခဲ့ပြီး ဝရုန်းသုန်းကား လုပ်လာခဲ့ရင် သေချာပေါက် အနိုင်ကနေ အရှုံးအဖြစ် ပြောင်းသွားလိမ့်မယ်။ ငါတို့က အဆုံးအစမဲ့တဲ့ အရှက်ခွဲမှုကို ရင်ဆိုင်ရမှာ။ ပိုဆိုးတာက အန်းရှီကာကွယ်ရေး စစ်တပ်က လက်နက်အပြည့်အဝရှိတယ်။ တော်တော်လေးကို အတွေ့အကြုံရှိတယ်။ သူတို့ရဲ့စစ်သားတွေက ငါတို့ထက် နည်းနည်းလောက်တောင် အားမနည်းဘူး။ အန်းရှီကာကွယ်ရေး စစ်တပ်ကသာ ဒီအာရပ်တွေကို ရင်မဆိုင်နိုင်ရင် ငါတို့ရဲ့ထယ်ကြီးစစ်တပ်က ဘယ်လိုများ လုပ်နိုင်မှာလဲ။ ဒါ့အပြင် စစ်သည်လေးသိန်းဆိုတဲ့ စစ်တပ်ကို မင်းတို့နားလည်လား”
ခန်းမထဲတွင်ရှိသော ထယ်ကြီးစစ်တပ်မှ ဗိုလ်ချုပ်တိုင်းက သူတို့၏ထင်မြင်ချက်များကို ပြောဆိုနေကြသည်။ အခြားသောနေရာများနှင့် မတူသည်မှာ ဒီငြင်းခုံမှုများက ထယ်ကြီးစစ်တပ်က မြောက်ပိုင်းသို့သွားပြီး အန်းရှီ၊ ချီရှီနှင့် ပူးပေါင်းသင့်မသင့်ဆိုသော အခြေအနေမျိုးတွင်ဖြစ်သည်။ နှုတ်ခမ်းမရှိဘဲ သွားကအအေးပတ်ပေလိမ့်မည်။ ထယ်ကြီးစစ်တပ်သည် ဗိုလ်ချုပ်မျိုးဆက် အဆက်ဆက် အတွေ့အကြုံ အဆက်ဆက်ကို ရရှိခဲ့ပြီး သာမာန်လူတစ်ယောက်မှမရှိသော နေရာမျိုးဟုပင် ဆို၍ရသည်။
ပို၍ဆိုးသည်မှာ ထယ်ကြီးစစ်တပ်က တာလာ့နှင့် အနီးဆုံးဖြစ်သည်။ ချီရှီ၊ အန်းရှီနဲ့လည်း အနီးဆုံးဖြစ်သည်။ ထို့ကြောင့် အစောဆုံးသတင်းရသူဖြစ်သည်။ ထို့ကြောင့် သူတို့က အကြီးမားဆုံး ခြိမ်းခြောက်မှုကို ခံနေရခြင်းလည်းဖြစ်သည်။ ထိုအကြောင်းပြချက်ကြောင့် သူတို့က အခြားသော ကာကွယ်စောင့်ရှောက်ရေး စစ်တပ်များနှင့် မတူသော အခြေအနေတစ်ခုကို စဉ်းစားသုံးသပ်ရင်း ကျန့်ကြာနေခြင်းဖြစ်သည်။
ခဲ့ရှု့ဟန်က သူ၏ဗိုလ်ချုပ်များ၏ ဆွေးနွေးမှုကို နားထောင်နေသည်။ သူ၏မျက်မှောင်က ကျုံ့သထက် ကျုံ့လာသည်။ ရုတ်တရက် သူက ခေါင်းကိုဆက်တိုက်ငုံ့ပြီး စကားတစ်ခွန်းမှ မဆိုသေးသော ဗိုလ်ချုပ်တစ်ယောက်ကို ကြည့်လိုက်သည်။
“စစ်လီ မင်းဘယ်လိုထင်လဲ”
ခဲ့ရှု့ဟန်၏ မဟာစစ်ဗိုလ်ချုပ် ခုနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သလို နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်သော ဝံပုလွေစစ်ဗိုလ်ချုပ် ဝမ်စစ်လီကကြောင်သွားသည်။ သူ၏ဖခင်က ဝမ်ချန်ဝေ့ဖြစ်ပြီး ရှို့ဖန်းမှ ကျော်ကြားသည့် ဗိုလ်ချုပ်ကြီးဖြစ်သည်။ ထိုအခြေအနေက ဝမ်စစ်လီကို ဗိုလ်ချုပ်၏ အစစ်အမှန် ဆက်ခံသူ ဖြစ်သွားစေသည်။ ပို၍ဆိုးသည်မှာ ဝမ်စစ်လီသည် မဟာထန် စစ်နတ်ဘုရား ဝမ်ကျုံးစစ်နှင့် ခဲ့ရှု့ဟန်တို့အောက်တွင် ခစားခဲ့ဖူးခြင်းအားဖြင့် သူ့ကို စီနီယာအလွန်ကျသွားစေပြီး အတွေ့အကြုံ အများကြီး ရသွားစေခဲ့သည်။ သူ၏ အလွန်သွက်လက်လွန်းသော တုန့်ပြန်မှု၊ မြန်ဆန်လွန်းသော သင်ယူနိုင်စွမ်းအားနှင့် ထက်မြက်လွန်းသော ဉာဏ်ပညာ စစ်ဗျူဟာကို နားလည်နိုင်စွမ်းအားတို့ကြောင့် ထိုမဟာဗိုလ်ချုပ်ကြီး နှစ်ယောက်လုံးက အလေးပေးကြသည်။ ခဲ့ရှု့ဟန်ကလည်း သူ့ကို အယုံကြည်ရဆုံးသော လက်အောက်ငယ်သားအဖြစ်သတ်မှတ်သည်။
“အရှင် ယွီစန်းရဲ့ မဟာဗိုလ်ချုပ် နှစ်ယောက်လုံးဖြစ်တဲ့ ဟော်ရှု့ဟွေ့ခမ်းနဲ့ တုစုန့်မာန်ဖော်ကျဲ့တို့ကလည်း မြောက်ပိုင်းမှာ ရှိနေကြပါတယ်။ လူငယ်အမတ်မင်းက ယွီစန်းရဲ့စစ်တပ်ကို သူ့ရဲ့ လုပ်ကြံသတ်ဖြတ်မှုကိုသုံးပြီး အများကြီး အထိနာအောင် လုပ်ခဲ့ပြီးပြီ။ ဒါ့အပြင် ကျွန်တော်တို့ ထယ်ကြီးစစ်တပ်ရဲ့ ထပ်ခါတလဲလဲဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ယွီစန်းက အပြင်ပန်းမှာ သိသိသာသာ အားနည်းသလိုဖြစ်လာပေမဲ့ အတွင်းပိုင်းမှာတော့ အားနည်းနေပါပြီ။ ဒါကြောင့် သူတို့ အလဲအလှယ်သုံးနိုင်တဲ့ စစ်သားပမာဏက နည်းပါးနေပါပြီ။ ကျွန်တော်တို့ ကြောက်ရမှာက ရာလန်တော်ဝင်တပ်ရင်းက လူတွေပါပဲ။ သူတို့က မြို့တော်ကို စောင့်ကြပ်နေကြတယ်။ ခြင်္သေ့ဖြူ မဟာဗိုလ်ချုပ် ဝီတာထရာ ခုံလော့လည်းရှိတယ်”
ဝမ်စစ်လီက ခေါင်းကိုငုံ့သည်။ သူ၏မျက်ဝန်းက ဉာဏ်ပညာရှိသော အလင်းများဖြင့် တောက်ပလာသည်။
“ဒါပေမဲ့ ဗိုလ်ချုပ်တွေရဲ့ စိုးရိမ်ပူပန်မှုက အကျိုးအကြောင်းသင့်ပါသေးတယ်။ လုံရှီက အမြဲတမ်း စောင့်ကြပ်ရတဲ့ တာဝန်ယူထားရတဲ့ နယ်မြေကြီးတစ်ခုဖြစ်နေတယ်။ စစ်တပ်တစ်ခုလုံးကို ရွှေ့လိုက်တာက တော်ဝင်ခုံရုံးရဲ့ အမိန့်တော်ကို ဖီဆန်သလိုဖြစ်သွားတယ်။ ဒါကြောင့် တစ်ခုခုဖြစ်လာရင် ကျွန်တော်တို့ ဘယ်သူကမှ ဒီအကျိုးဆက်ကို လက်ခံနိုင်မယ်မထင်ဘူး။ ဒါပေမဲ့ ဒီဗိုလ်ချုပ်ကလည်း တာလာ့ကို သေချာပေါက် ကူညီသင့်တယ်လို့ထင်တယ်။ ကျွန်တော်တို့က လုံရှီရဲ့ လုံခြုံရေးကို စိတ်ချရအောင် ထိန်းထားနေတဲ့အချိန်ကာလ အတောအတွင်း တက်နိုင်သမျှ ရနိုင်တဲ့ စစ်သားတွေကိုလည်း ပို့လွှတ်ပေးသင့်ပါတယ်”
“အရှင့်ရဲ့ လက်အောက်ငယ်သားကလည်း ကျွန်တော်တို့စစ်သားတွေကို မပို့လွှတ်ခင် ခုခံတာကနေ တိုက်ခိုက်တဲ့အနေအထားမျိုးလုပ်ပြီး ယွီစန်းရဲ့အင်အားကို လျော့ကျသွားအောင် တိုက်ပွဲစသင့်တယ်လို့ထင်တယ်။ ကျွန်တော်တို့ရဲ့ လုံရှီကသာ တည်ငြိမ်သွားခဲ့ရင် ကျွန်တော်တို့က တပ်ကူများများ ပို့လွှတ်ပေးနိုင်လိမ့်မယ်။ ဒါ့အပြင် လူငယ်အမတ်မင်းကလည်း သူ့ရဲ့စာထဲမှာ ပြောထားသေးတယ်မဟုတ်လား။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့လက်ရွေးစင် နတ်သိုင်းစစ်တပ်က စစ်သည်နှစ်ထောင်ကိုပဲ ပို့ဖို့လိုအပ်တယ်။ အရှင့်ရဲ့ဗိုလ်ချုပ်ကလည်း ကျွန်တော်တို့က ဒီအရေအတွက်ကို သုံးထောင်ထိ ပိုတိုးလိုက်မယ်ဆိုရင် ဒါမှမဟုတ် လေးထောင်အထိသာ တိုးနိုင်မယ်ဆိုရင် ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပြီး အန်းရှီကာကွယ်ရေးစစ်တပ်နဲ့ ချီရှီကာကွယ်ရေးစစ်တပ်ကို ကူညီပေးရာ ရောက်နေပါပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ကျွန်တော်တို့အတွက် ယုံယုံကြည်ကြည်နဲ့ တိုက်ခိုက်သင့်သေးတယ်”
ဝမ်စစ်လီက ထိုသို့ပြောလိုက်ပြီးသည့်အချိန်တွင် အခြားသော ဗိုလ်ချုပ်တစ်ယောက်က ခပ်တင်းတင်း ငြင်းဆန်သည်။
“ဒါပေမဲ့ ငါတို့ရဲ့ ထယ်ကြီးစစ်တပ်မှာ အားလုံးပေါင်းမှ စစ်သည်နှစ်သောင်းဝန်းကျင်ပဲရှိတယ်။ ငါတို့ကသာ ခုနှစ်ထောင်လောက်ကိုပို့လိုက်ရင် ငါတို့ဘက်မှာ တိဗက်တွေ တိုက်ခိုက်လာတဲ့အခါ ပြန်လည်ထိန်းထားနိုင်ဖို့ ဖြစ်ပါတော့မလား”
ဝမ်ကျုံးစစ်က စတင်ကာ အုပ်ချုပ်ကတည်းက ထယ်ကြီးစစ်တပ်က အလွန်များပြားသော မူဝါဒရေးရာ အရည်အသွေးက အရေအတွက်ထက် ပိုမြင့်လာခဲ့သည်။ ထို့ကြောင့် ထယ်ကြီးစစ်တပ်က အမြဲတစေ ရန်သူကိုခုခံရန် စစ်သည်ပမာဏ အနည်းဆုံးဖြစ်နေသည်။ သူတို့က စစ်သည်ပမာဏ အမြဲတမ်း လိုအပ်နေသည်။ သူတု့ိက အခြားသူကို ကူညီရန် လူအင်အားလည်း မရှိပါချေ။ ထိုအတွက်ကြောင့် ထယ်ကြီးစစ်တပ်က ကြမ်းတမ်းသောတိုက်ပွဲကို အမြဲတစေ ရင်ဆိုင်နေရခြင်းဖြစ်သည်။
“ဒီကိစ္စက အဲ့လောက်ထိမခက်ဘူး”
ဝမ်စစ်လီက ပြုံးလျှက် ပြန်ချေပသည်။
“ငါတို့က မြောက်ပိုင်းကို စစ်သည်ခုနှစ်ထောင်ကို အစားထိုးပြီး ပို့ပေးနိုင်တယ်။ အရှင်က ဒီနေရာမှာ တပ်ဆွဲထားပြီး အခြားဗိုလ်ချုပ်တွေနဲ့ ပူးပေါင်းထားတဲ့ ပုံသဏ္ဍန်အတိုင်းဆိုရင် နားလည်မှုလွဲမှားတဲ့ အခြေအနေက ဖြစ်လာမှာမဟုတ်ဘူး။ ထပ်ပေါင်းဆိုရရင် လုံရှီရဲ့ စီရင်စုနယ်ပယ်တွေက စစ်တပ်က ငါတို့ရဲ့ အရန်စစ်တပ် ဖြစ်နေခဲ့တာမဟုတ်လား။ ဒီတော့ ဒီလိုအခြေအနေမျိုးမှာ သူတို့ကို အခွင့်အရေးပေးရင် တစ်ချိန်ထဲမှာပဲ ငါတို့က သွေးသစ်တွေ ဆွဲစုနိုင်တာပေါ့”
ဝမ်စစ်လီ၏ အမူအရာက ပေါ့ပါးသည်။ သူက လုပ်ဖော်ကိုင်ဖက်များ အားလုံးကို အနှစ်ချုပ်ပေးလိုက်သည်။
“ဒါက”
ဗိုလ်ချုပ်များအားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်သည်။ သူတို့က ပြန်ငြင်းချင်ကြသည်။ သို့သော် တွေးတောကြည့်ပြီးနောက်တွင် ဝမ်စစ်လီ၏ စကားလုံးများက အကျိုးအကြောင်းသင့်ကြောင်း သိလိုက်သည်။ ဒါဟာ သင့်တော်သော ဖြေရှင်းချက်ဖြစ်သည်။ ခန်းမတစ်ခုလုံးက တိတ်ကျသွားသည်။
အထက်တွင် ထိုင်နေသော ခဲ့ရှု့ဟန်က တဖြည်းဖြည်းချင်း ဗိုလ်ချုပ်တိုင်းကိုလိုက်ကြည့်နေရင်းမှ တခဏခန့် ရပ်တန့်ပြီး ဆုံးဖြတ်ချက်ချသည်။
“စစ်လီ ငါတို့မင်းပြောတဲ့အတိုင်းလုပ်မယ်”
အခန်း(၁၀၂၈)
နယ်စပ်မှ ဗိုလ်ချုပ်များကသာ တာလာ့၏ အခြေအနေအလိုက် စာကို လက်ခံရရှိခဲ့ခြင်းမဟုတ်ချေ။ လူတိုင်းက အင်ပါယာခုံရုံးမှ အခြေအနေကို အာရုံစိုက်နေချိန်တွင် လူအနည်းစုကသာ အချို့သော ပင်ဂွင်းများက မြို့တော်၏အလယ်ရှိ စစ်တပ်ထဲသို့ ဝင်ရောက်သွားကြောင်း မြင်နိုင်ကြလေသည်။
အခြားသောစာများနှင့် မတူသည်မှာ ထိုစာများအားလုံးက ဝမ်မိသားစု၏ စာများဖြစ်နေသည်။ အင်ပါယာ မြို့တော်၏ အနောက်မြောက်ဘက်ပိုင်းတွင် အင်ပါယာစစ်တပ်၏ သင်ကြားရေး ဌာနကြီးရှိသည်။ ထိုနေရာတွင် အခန်းတစ်ခုအတွင်း တင်ပြင်ချိတ်ထိုင်နေသော သက်လတ်ပိုင်း လူတစ်ယောက်ရှိလေသည်။ သူ၏ကိုယ်ပေါ်တွင် ချဲ့ကားခမ်းနားလွန်းသော သံချပ်ကာကြီးကို ဝတ်ဆင်ထားသည်။ သိသာစွာဖြင့် သူက အင်ပါယာစစ်တပ်မှ ဗိုလ်ချုပ်ဖြစ်ကြောင်း ပြသနေလေသည်။
အခန်းက တိတ်ဆိတ်နေသည်။ သို့သော် သက်လတ်ပိုင်းလူကမူ မိုးရွာပြီးနောက် တောက်ပလာသော ဝါးချောင်းကဲ့သို့ အင်အားကြီးမားလွန်းသည့် အရှိန်အဝါကို ထုတ်လွှတ်ပြသနေလေသည်။ အဖြူရောင် အလင်းများက ထိုလူ၏ခေါင်းမှ စတင်ကာ မြောက်တက်လာ၏။ သူ၏နဖူးက ချွေးများစိုရွှဲလာသည်။ သိသာစွာပင် သူက သိုင်းပညာကျင့်ကြံရာတွင် အလွန့်အလွန် အရေးကြီးသော အခိုက်အတန့်သို့ ရောက်နေသည်။
နှလုံးသားက အသူရာလို တည်ငြိမ်နေရမယ်။ နှလုံးသားက ရေကန်လို နက်ရှိုင်းပြီး တည်ငြိမ်...
ထိုလူ၏စိတ်အတွင်း မန်ထရာတစ်ခုကို ရွတ်ဆိုနေသည်။ ထိုလူက ချက်ချင်းဆိုသလိုပင် တည်ငြိမ်သွားသည်။
ဝုန်း
အချိန်တစ်ခုကြာပြီးနောက် ထိုလူ၏ ခေါင်းအထက်မှ အဖြူရောင်အငွေ့များက စတင်ကာ လျော့ပါးလာပြီး ချွေးစေးများကလည်း ပျောက်ကွယ်လာသည်။ နောက်ဆုံးတွင်...
“ငါနောက်ဆုံးတော့ အင်ပါယာသိုင်း အဆင့်ခုနှစ်ကိုတက်သွားနိုင်ပြီ”
လီလင်းက မျက်လုံးကို ပြန်ဖွင့်လိုက်သည်။ သူက သက်ပြင်းကိုချ၏။ သူ၏အမူအရာက ဝန်ထုတ်ဝန်ပိုးကြီး တစ်ခုကို လွှတ်ချလိုက်နိုင်ပုံပေါ်သည်။
ဝမ်ချောင်က သူ့ကို ထိုသိုင်းပေးပြီးချိန်ကတည်းက လီလင်းက ဆက်တိုက် ကျင့်ကြံနေခဲ့သည်။ အချို့သော အကြောင်းပြချက်များကြောင့် ဝမ်ချောင်က သူ့ကိုပေးသောသိုင်းက သူနှင့်အလွန် လိုက်ဖက်နေပုံပေါ်သည်။ သူ့အတွက် ကိုယ်တိုင်းချုပ်ထားပေးသလို ဖြစ်နေ၏။ ထိုသိုင်းကို အသုံးပြုရန် အခွင့်အရေး အနည်းငယ်သာရှိသော်လည်း လီလင်း၏ သိုင်းပညာကမူ ဆက်တိုက် ခုန်တက်လာခဲ့ပြီး ယခုလက်ရှိ အခြေအနေထိ ရောက်ရှိသွားစေသည်။
ကလက် ကလက်
အိပ်ယာနဘေးတွင် ခရမ်းရောင် တောက်ပနေသည့် သေတ္တာတစ်ခုရှိသည်။ လီလင်းက ညင်သာစွာ ဖွင့်လိုက်ပြီး အတွင်းမှ အဖြူရောင် ဆေးတစ်လုံးကိုယူသည်။ ထိုဆေးက ခိုဥလောက်ကြီးသည်။ သူက ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီး မြိုချလိုက်သည်။
ဘုန်း
ဆေးက အရည်ပျော်ကျသွားပြီးနောက် ခမ်းနားသော ဆေးစွမ်းအားများက သူ၏ဝမ်းဗိုက်ထဲတွင် မီးတောင်တစ်ခုလို ပေါက်ထွက်လာပြီး ကြားခံနယ် သွေးကြောများအတွင်းသို့ စီးဝင်သွားသည်။ ဆေး၏ သက်ရောက်မှုအားဖြင့် လီလင်း၏စွမ်းအင်က ဖောင်းကားတိုးတက်လာသည်။ သူက အဆင့်ခုနှစ်တွင် ခိုင်မြဲစွာ ရပ်တည်နေနိုင်ပြီဖြစ်သည်။
“ချောင်အာ ကျေးဇူးပါပဲ။ မင်းကြောင့်သာမဟုတ်ရင် ဒီဦးလေးက အင်ပါယာစစ်တပ်ထဲမှာ နာမည်တစ်ခု ထင်ကျန်ရစ်အောင် လုပ်နိုင်မှာမဟုတ်ဘူး”
အချိန်အတန်ကြာပြီးနောက် လီလင်းက ဆေးစွမ်းအားများ အားလုံးကို အနည်ထိုင်အောင် လုပ်လိုက်နိုင်သည်။ ထို့နောက် သူ၏မျက်ဝန်းအတွင်း ကျေးဇူးတင်စိတ်များက ထင်ဟပ်လာသည်။
မျိုးဆက်သုံးဆက် ကြာပြီးနောက် ဝမ်ကလန်က နောက်ဆုံးတွင် နောက်ချီလင်း သားတော်တစ်ပါးကို မွေးဖွားနိုင်ခဲ့သည်။ သူဟာ လူငယ်အမတ်ဖြစ်လာသည်။ ကောင်းကင်သားတော်၏ တပည့်လည်းဖြစ်လာသည်။ မြို့တော်ရှိ မည်သူကမှ သူ့ကို မသိသူမရှိချေ။ လီလင်းက သူ၏ဦးလေးဖြစ်သူအလျောက် အကျိုးအမြတ် အများဆုံးရသူဖြစ်သည်။
လီလင်း၏ ပါရမီက ထူးချွန်ခြင်း မရှိပါချေ။ သူ၏ကျင့်ကြံခြင်းအဆင့် တစ်ခုတည်းနှင့်သာဆိုလျှင် သူ့အနေနှင့် အချိန်တိုအတွင်း ယခုလောက်မြန်မြန် ကြီးပြင်းလာရန် ခက်ခဲသည်။ သို့ရာတွင် ဝမ်ချောင်က ထားပေးခဲ့သော ဆေးပေါင်းများစွာက လီလင်း၏ခွန်အားကို မိုးထိုးတက်စေခဲ့သည်။ ထိုသို့ဖြင့် သူ၏ အင်ပါယာစစ်တပ်အတွင်းမှ တည်နေရာကို ခိုင်မာစေခဲ့သည်။
လက်ရှိလီလင်းက ယခင်တစ်ခေါက် မြို့ဂိတ်မှ အနိမ့်စား အရာရှိတစ်ယောက်ကဲ့သို့ မဟုတ်တော့ချေ။ သူက အတိုင်းအတာ တစ်ခုအတွင်းရှိသော တော်ဝင်စစ်သားများနှင့် မြင်းများကို အမိန့်ပေးနိုင်စွမ်းအား ရှိလာပြီဖြစ်သည်။ အစပိုင်းတွင် လီလင်းက ဝမ်မိသားစု၏ အဆင့်အတန်းကိုသာ မှီခိုခဲ့ရသည်။ သို့သော် ယခုမူ သူဟာ သူ၏ကိုယ်ပိုင်အင်အားဖြင့် လူတိုင်း၏ လေးစားမှုကို လက်ခံရရှိနေပြီဖြစ်သည်။
ဝါးလားလား
သူက အတွေးနက်နေသည့် အချိန်တွင် ရုတ်တရက် ဘေးမှ တောင်ပံခတ်သံက ပေါ်လာသည်။ လီလင်းက ခေါင်းလှည့်ပြီး အသံလာရာဘက်သို့ကြည့်သည်။ ထိုအခါ အဖြူရောင် သတင်းပို့ပင်ဂွင်းတစ်ကောင်က ပြတင်းပေါက် အပြင်ဘက်တွင် ပျံသန်းနေကြောင်း တွေ့လိုက်ရသည်။ လီလင်းက ကျင့်ကြံနေသောကြောင့် တံခါးကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်သူက မဝင်နိုင်ခဲ့ချေ။
“ဟွန်”
လီလင်း၏မျက်ဝန်းအတွင်း သံသယများက ထင်ဟပ်လာသည်။ သို့သော် သူက သိပ်မကြာခင် ပြန်လည်တည်ငြိမ်သွားသည်။ သူ၏မျက်နှာတွင် အပြုံးကပေါ်လာပြီး ပြတင်းပေါက်ကိုဖွင့်ကာ ထိုအဖြူရောင် သတင်းပို့ငှက်ကို ကြိုဆိုလိုက်သည်။ သူက ကျွမ်းကျင်စွာဖြင့် ခြေထောက်မှစာကို ယူလိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် သူက ကြောင်အသွားရသည်။
စာ၏ ပမာဏအများစုက ဗလာဖြစ်နေသည်။ စာတွင် သုံးကြောင်းကိုသာ ထင်ထင်ရှားရှား ရေးသားထားလေသည်။ ထိုနေရာက အလယ်ဗဟိုတွင်ဖြစ်ပြီး သိသာထင်ရှားလွန်းနေ၏။
ရွှမ်ဝူ
စာတစ်ခုလုံးက ရည်ရွယ်ချက်ကို မဖော်ပြထားချေ။ ထို့အပြင် အကြောင်းအရာကိုလည်း မထည့်သွင်းထားချေ။ သို့သော် လီလင်းကမူ စာကိုမြင်လိုက်ရုံနှင့် မျက်မှောင်ကျုံ့လိုက်မိသည်။
“ဒီလောက်မြန်တာလား”
လီလင်း ထိုစကားအသုံးအနှုန်းကို ကြည့်သည်။ ဒါက လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက သူသဘောတူထားသည့် လျို့ဝှက်အချက်အလက်ဖြစ်သည်။ သူနှင့် ဝမ်ချောင်ကလွဲပြီး မည်သူကမှ ထိုအဓိပ္ပာယ်ကို မသိချေ။
စာကိုကိုင်ထားသည့် လီလင်းက တံခါးကို တွန်းဖွင့်ပြီး ထွက်လိုက်သည်။
ကျောင်းဖုန်းချန်း
အင်ပါယာစစ်တပ်၏ ကွာစီမာရှယ်တစ်ယောက်ဖြစ်သည်။ ဝမ်ချောင်ကသာ စာထဲတွင် ပြောထားသည့်အတိုင်း လုပ်လိုလျှင် ဝမ်ချောင်အနေနှင့် သူ၏အကူအညီကို လိုအပ်ပေလိမ့်မည်။ ထိုအခိုက်အတန့်တွင် ကျောင်းဖုန်းချန်းကသာ အင်ပါယာစစ်တပ်အတွင်းရှိ ဝမ်ကလန်က အမှီအခိုနိုင်ဆုံး အင်အားအကြီးဆုံး မဟာမိတ်ဖြစ်သည်။
လေပြင်းက တိုက်ခတ်သွားသည်။ တခဏတည်းနှင့် လီလင်းက ထိုနေရာမှ ပျောက်ကွယ်သွားပြီဖြစ်သည်။
...
မြို့တော်အပြင်ဘက် လီရာပေါင်းများစွာအကွာတွင် ကြီးမားသော တောင်တန်းကြီးက ကောင်းကင်ဘုံဓားတစ်လက် မြေကမ္ဘာကို ထိုးစိုက်ထားသလို ပုံသဏ္ဍန်မျိုးဖြင့် တည်ရှိနေသည်။ ထိုနေရာက အင်ပါယာကောင်းကင်ဘုံတိုင် တောင်တန်းဖြစ်သည်။
ထိုနေရာက ထန်မင်းဆက်၏ အထွတ်အမြတ် လေ့ကျင့်ရေးနယ်မြေ လေးခုထဲမှ တစ်ခုလည်းဖြစ်သည်။ ကောလဟာလများ၊ လွန်ခဲ့သော နှစ်ရာပေါင်းများစွာအကြာက ငယ်ရွယ်သောဧကရာဇ် ထိုက်ကျုံးက ကောင်းကင်နှင့်မြေပြင်ကို စတေးမှုများပြုပြီး တပ်ဖွဲ့များကိုဦးဆောင်ခဲ့သည်။ ထို့ကြောင့် အင်ပါယာ ကောင်းကင်ဘုံတိုင် တောင်တန်းက အင်ပါယာစစ်တပ်၏ အဓိကလေ့ကျင့်ရေးစခန်းတစ်ခု ဖြစ်လာသည်။
“ဟေး”
“ဟား”
တောင်တန်းအတွင်းတွင် လေ့ကျင့်သံများက ကျယ်လောင်စွာ ထွက်နေသည်။ တောင်တန်း၏ စိမ်းလန်းစိုပြေနေသော အပေါ်ယံ မျက်နှာပြင်ပေါ်တွင် လေးစားဖွယ်ကောင်းသော အင်ပါယာစစ်သည်တော် တစ်အုပ်က အနက်ရောင် တူညီဝတ်စုံများကို ဝတ်ဆင်လျှက် တောင်ထိပ်သို့တက်သောလမ်းပေါ် ပြေးတက်နေကြသည်။ တောင်ပေါ်အမြင့်ပိုင်းသို့ ရောက်လာချိန်တွင် မြူများအုပ်စိုင်းနေသည့်အကြား လေ့ကျင့်နေကြသော အင်ပါယာစစ်တပ်အဖွဲ့ဝင် ရာကျော် ရှိနေလေသည်။
တောင်ထိပ်အမြင့်မားဆုံးနေရာတွင် ကျောက်တုံးကြီးပေါ် တင်ပြင်ချိတ် ထိုင်နေသည့် ပိန်ပါးသော သက်လတ်ပိုင်း လူတစ်ယောက်ရှိသည်။ သူက တောင်အောက်သို့ တိတ်တဆိတ်သာ ကြည့်နေသည်။
ဟူး..
လေပြင်းက ထိုလူ၏ဆံပင်ကို ဖြတ်တိုက်သွားသည်။ ချက်ချင်းဆိုသလိုပင် ထိုလူက တောင်အောက်သို့ ငုံ့ကြည့်လိုက်ပြီး အပြုံးက ပေါ်ထွက်လာသည်။ သူက တည်ငြိမ်နေသည်။
ကူး ကူး ကူး
ထိုအခိုက် သတင်းပို့ပင်ဂွင်းတစ်ကောင်က တောင်ပံကို တဖြတ်ဖြတ်ခတ်လျှက် ကောင်းကင်ကို ထိုးခွင်းသွားသည်။ ရုတ်တရက် တိမ်စိုင်များမှ ဆင်းသက်ပြီး ထိုအမျိုးသားရှိရာ နေရာသို့ လျှပ်စီးလက်သလို ထိုးဆင်းသွားသည်။
“ဟွန်”
ထိုပိန်ပါးသောလူ၏ မျက်မှောင်များက တစ်ချက်တွန့်သွားသည်။ သူ၏မျက်ဝန်းအတွင်း အံ့အားသင့်မှုကို မြင်နိုင်သည်။ သူက ရုတ်တရက် ကျောက်တုံးပေါ်က ထရပ်လိုက်ပြီး ပင်ဂွင်းကိုဖမ်းသည်။ တစ်ချက်ကြည့်ရုံနှင့် ထိုအမျိုးသား၏ အပြုံးက ပျောက်ကွယ်သွားပြီး အမူအရာက လေးနက်သွားသည်။
“ချောင်အာ မျှော်လင့်ထားတဲ့အတိုင်းပဲ။ မင်းပြောလာတယ်။ တာလာ့ကစစ်ပွဲက ဒီအင်အားကို ဒီလောက်မြန်မြန် လိုအပ်ရတဲ့အထိ တင်းမာနေပြီလား”
ဝမ်မီ၏မျက်ဝန်းအတွင်း ရှုပ်ထွေးသောအလင်းက ဖြတ်ပြေးသွားသည်။ သူက တောင်၏ အတွင်းပိုင်းသို့ ထိုးဆင်းသွားသည်။
...
တာလာ့မှ ရုန်းကန်မှုက တော်ဝင်ခုံရုံးအတွင်းရှိ ပြည်တွင်းနှင့် စစ်မတ်ရေးရာ ငြင်းခုံမှုများကို မည်မျှ ပြင်းထန်စေကာမူ ဗဟိုပြင်ကျယ်မှ သာမာန်လူများအတွက်မူ အလွန်အလှမ်းကွာဝေးသော အခိုက်အတန့် ဖြစ်နေလေသည်။ မြို့တော်က အလွန်ငြိမ်းချမ်း တည်ငြိမ်နေသည်။ မြို့တော်၏ အနောက်ဘက် အကျဆုံးအပိုင်းတွင် တစ္ဆေသစ်ပင်ရပ်ကွက်ရှိသည်။ ထိုနေရာက ပုံမှန်အတိုင်းလိုလို စည်ကားနေသည်။ သို့သော် မည်သူကမှသတိမထားမိသည်မှာ ရှစ်နှစ်၊ ကိုးနှစ် အရွယ်ခန့်ရှိမည့် ကောင်ငယ်လေးတစ်ယောက်က သူ၏လက်ထဲတွင် ခြေထောက်တစ်ဝက်စာမျှရှည်သော ဝိုင်ဘူးသီးခြောက်ကြီးကို သယ်ထားပြီး ထိုဘူးသီးခြောက်ကြီးကို လွှဲယမ်းလျှက် သီချင်းတညဉ်းညဉ်းနှင့် လမ်းထဲတွင် ပတ်လျှောက်နေခြင်းဖြစ်သည်။
“သူဌေး ထန်ဟူလုက ဘယ်လောက်လဲ”
“တစ်ချောင်းကို ကြေးပြားနှစ်ပြား”
“ငါယူမယ်”
“သူဌေး ငါ့ကိုဝိုင်နှစ်ထည်စာလောက်ပေးပါ”
“သူဌေး ငါ့ကို အမဲသားနှပ် တစ်ပန်းကန်လောက်ပေးပါ”
ထိုကလေးက လမ်းလျှောက်နေရင်း မုန့်များလျှောက်ဝယ်နေသည်။ သိပ်မကြာခင် ဘူးသီးခြောက်ထဲတွင် ဝိုင်များပြည့်သွားသည်။ သူ၏ ခြင်းတောင်းထဲတွင်လည်း ဟင်းပွဲများပြည့်လာသည်။ သူ၏လက်ထဲတွင်မူ ထန်ဟူလုတစ်ချောင်းကို ကိုင်ထား၏။
လမ်းတစ်လျှောက်တွင် တွေ့သမျှ လမ်းသွာလမ်းလာတိုင်းက သူ့ကို နှုတ်ဆက်ကြသည်။ ဒီနေရာတွင် အချိန်အများကြီး နေထိုင်ပြီးနောက် လူတိုင်းက ထိုကလေးကို ရင်းနှီးနေကြပြီဖြစ်သည်။ သို့သော် နေ့ရက်တိုင်းလိုလို ထိုကလေးက ဝိုင်တစ်အိုးနှင့် ဟင်းလျာများ လာဝယ်တတ်သည်။
ဘန်း
ထိုကလေးက ထန်ဟူလုကို လျှက်နေသည့်အချိန်တွင် ရုတ်တရက် သူ၏အရှေ့တွင် ပုံရိပ်တစ်ခုက ပေါ်လာသည်။ ထိုကလေးက ထိုပုံရိပ်နှင့် ဝင်တိုက်မိသွားသည်။
“အား တောင်းပန်ပါတယ်”
ကလေးက အလန့်တကြားဖြစ်သွားပြီး ခပ်မြန်မြန် တောင်းပန်သည်။ သူက ခေါင်းမော့လိုက်ပြီး ထိုအရှေ့မှ ပုံရိပ်ကိုမြင်လိုက်ရချိန်တွင် သူက ကြောင်တောင်တောင် ဖြစ်သွားသည်။ ထိုလူက အရပ်ရှည်သည်။ သန်မာသည်။ သံချပ်ကာကိုလည်း ဝတ်ထား၏။ ဒီလူက တစ္တေသစ်ပင် ရပ်ကွက်အတွင်း မြင်နေကျ ကုန်သည်လည်း မဟုတ်ချေ။ သာမာန်လူလည်းမဟုတ်ဘဲ အဆင့်အတန်းမြင့်သည့် စစ်သည်တော်ဖြစ်နေသည်။
ဒင်
ထိုကလေးက အထိတ်တလန့် ဖြစ်နေသည့်အချိန်တွင် ရွှေနီရောင် ခေါင်းလောင်းတစ်လုံးက မြည်လာသည်။ တစ္ဆေသစ်ပင်၏ အနက်ရောင်ပုံရိပ်တစ်ခုက ခေါင်းလောင်းအတွင်းမှ ဖြာထွက်လာသည်။
အကြီးအကဲ
ခေါင်းလောင်းနှင့်ပုံရိပ်ကို မြင်သောအခါ ကလေးက ကြောင်သွားသည်။ ထို့နောက် သူ၏မျက်နှာတွင် ပျော်ရွှင်သော အနေအထားမျိုးက ပေါ်လာသည်။
“မင်းကိုစီနီယာက လွှတ်လိုက်တာလား”
“အမတ်မင်းက အနောက်မြောက်ဘက်ပိုင်းကို ရောက်နေပြီး မလာနိုင်ပါဘူး။ ဒါကြောင့်သူက မင်းဆီ စာတစ်စောင် ပို့ခိုင်းလိုက်ပါတယ်။ သူကပြောတယ်။ မင်းဒီခေါင်းလောင်းကို မြင်တာနဲ့ နားလည်လိမ့်မယ်တဲ့”
စစ်သားက ခေါင်းညိမ့်သည်။ သူကပြောနေရင်း အိတ်ကပ်ထဲမှ စာတစ်စောင်ကိုထုတ်သည်။ လက်နှစ်ဖက်နှင့်ကိုင်ရင်း ဂရုစိုက်ပေးသည်။
“ပို့... ငါ့ကိုယ်စား စီနီယာစုကို ပေးပေးပါ”
အဆုံးသတ်တွင် ထိုသံချပ်ကာဝတ်ထားသော စစ်သားက ကျယ်လောင်စွာ ပြောလိုက်မိသည်။ ရှစ်နှစ်၊ ကိုးနှစ်အရွယ်လောက်ရှိသော စစ်သားက ထန်မင်းဆက် စစ်နတ်ဘုရားစုကျုံးဆန်း၏ တပည့်ဖြစ်နေမည်ဟု မထင်ထားမိချေ။ သူကလည်း ထန်မင်းဆက်မှ နတ်ဘုရားကဲ့သို့သော ပုဂ္ဂိုလ်ကို တွေးမိချိန်တိုင်း စိတ်လှုပ်ရှားလာရသည်။
“နားလည်ပြီ”
ကလေးကပြောသည်။ သူကထိုလူ၏ လက်ထဲမှ စာကိုယူပြီး ခပ်မြန်မြန်ထွက်သွားသည်။
...
ထိုသို့ဖြင့် ထန်မင်းဆက်၏ တော်ဝင်မြို့တော်အတွင်းသို့ သတင်းပို့ပင်ဂွင်း တစ်ကောင်ပြီးတစ်ကောင် ဝင်ရောက်လာသည်။ သိန်းငှက်တစ်ကောင်ပြီးတစ်ကောင်က နယ်စပ်သို့ ပျံသန်းသွားနေသည်။ ထိုသတင်းပို့ပင်ဂွင်းများ၊ သိန်းငှက်များ အားလုံးက မြေပြင်သို့ ထိုးစိုက်နေသော သစ်သားအပေါက်လေးများကဲ့သို့ ဗဟိုပြင်ကျယ် တစ်ခုလုံးတွင် လျှင်မြန်စွာ ရွေ့လျားနေပြီး ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့၏ အကြံအစည်အတိုင်း ဖြစ်ပေါ်နေသည်။ ထိုအချိန်တွင် အဝေးရှိတာလာ့တွင် ဖုန်တိမ်စိုင်များက ထူထည်းလာပြီး လေထုကတည်း တင်းကြပ်လာကာ တင်းအားက ပြည့်နှက်လာသည်။ ခိုရာစန်းဆီမှ သတင်းက တာလာ့၏ တစ်မြို့လုံးကို စစ်ပွဲအတွက် အသင့်ပြင်ဆင်စေသော အနေအထားမျိုးသို့ ရောက်ရှိသွားစေသည်။
တာလာ့၏ အနောက်မြောက်ပိုင်းရှိ မှေးမှိန်စွာ ထွန်းလင်းထားသော စာကြည့်ခန်းအတွင်းတွင် ဝမ်ချောင်၏ မျက်ဝန်းက လင်းလက်နေသည်။ ဝမ်ချောင်က စားပွဲခုံအနောက်တွင် ထိုင်နေသည်။ သူ၏အရှေ့တွင် စာများက တောင်တန်းတစ်ခုလို ပုံလျှက်ရှိနေသည်။
“ဝမ်ချောင် မင်းငါ့ကိုရှာတာလား”
ရုတ်တရက် တံခါးကပွင့်သွားပြီး ကောင်းရှန်းကျစ်က စစ်ဝတ်စစ်စားနှင့်အတူ ဝင်လာသည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ရောက်လာပြီလား”
ဝမ်ချောင်က ခေါင်းမော့ပြီး မျက်လုံးကိုပွတ်သည်။ သူ၏မျက်နှာတွင် နွမ်းနယ်မှုကို မြင်နိုင်သည်။
“မင်းတစ်ညလုံး မအိပ်ရသေးဘူး။ အာရပ်တွေအကြောင်း တွေးနေသေးတာလား”
ကောင်းရှန်းကျစ်ကပြောသည်။
“အွန်း”
ဝမ်ချောင်က ပြုံးပြီးခေါင်းညိမ့်သည်။ အပုမူစလင်က နောက်မဆုတ်သွားသေးချေ။ စစ်သည် အသစ်တစ်အုပ်က ရောက်ရှိလာဦးမည်ဖြစ်သည်။ ဒီစစ်တပ်မှ စစ်သေနာပတိချုပ် တစ်ယောက်အနေနှင့် သူမအိပ်စက်နိုင်ပါချေ။ ဝမ်ချောင်က ကောင်းရှန်းကျစ်ကလည်း သူနှင့်တူညီသော အခြေအနေတွင် ရှိမည်ဟုထင်သည်။
“အပုမူစလင်၊ ချီထေပါး၊ နောက်ပြီး အော့စမန်း... အရာအားလုံးကသာ ခိုရာစန်းတွေပြောသလို ဖြစ်နေခဲ့ရင် သိပ်မကြာခင် အာရပ်အစိုးရ သုံးယောက်လုံးက တာလာ့မှာ တပ်ဆွဲလာလိမ့်မယ်။ ငါတို့က ကျစ်ရ၊ ယွီစန်းနဲ့ အနောက်ပိုင်းတူရကီတွေက တုဝူစစ်လီ၊ ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့တို့ကို ထပ်ပေါင်းထည့်လိုက်ရင် အရှေ့ပိုင်း ခုံးတောင်တန်းတောက်လျှောက်မှာ မဟာဗိုလ်ချုပ်အဆင့် ရန်သူ ခုနှစ်ယောက် ရှိနေလိမ့်မယ်။ ဒါက ငါတို့အတွက် တော်တော်လေးကို အခြေအနေ ဆိုးတာပဲ”
ဝမ်ချောင်က သူ၏ပူပန်မှုများကို ပြသသည်။
မဟာဗိုလ်ချုပ်များက တိုင်းပြည်တစ်ပြည်၏ အဆင့်လွန် တိုက်ခိုက်နိုင်သော အင်အားစုကြီးဖြစ်သည်။ သူတို့က အလွန့်အလွန် အင်အားကြီးမားပြီး တိုက်ပွဲ၏ အခြေအနေကို ကြိုးကိုင်နိုင်စွမ်းအားရှိသည်။ လက်ရွေးစင်စစ်တပ်နှင့် မဟာဗိုလ်ချုပ် ခုနှစ်ယောက်ဆိုသော ပမာဏက မဟာထန်စစ်တပ်ကို အမှုန့်ကြိတ်နိုင်သည်။
ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က ယခင်ညများက မအိပ်နိုင်ခဲ့ခြင်းဖြစ်သည်။
“ဖြစ်နိုင်တယ်... ခိုရာစန်းတွေရဲ့ သတင်းက မတိကျတာများလား”
ကောင်းရှန်းကျစ်က အနည်းငယ် တုန့်ဆိုင်းသွားပြီးနောက်မေးသည်။
“မဖြစ်နိုင်ဘူး”
ဝမ်ချောင်က ခါးသီးစွာပြုံးပြီး ခေါင်းခါသည်။
“ခိုရာစန်းတွေက အာရပ်နဲ့ သွေးကြွေးရှိတယ်။ ဒီတော့ သူတို့က အာရပ်တွေကို စုံစမ်းတဲ့အချိန်မှာ အချိန်ကြာကြာ ထားမှာမဟုတ်ဘူး။ သူတို့ကအင်အားကို စိုက်ထုတ်ထားမှာပဲ။ စစ်သားတွေရဲ့ အရေအတွက် အတိအကျ မရှိဘူးဆိုရင်တောင်မှ သိပ်မကွာနိုင်ဘူး။ တကယ်လို့သူတို့ဘက်ကသာ စစ်သည်လေးသိန်း မရှိရင်တောင်မှ အနည်းဆုံး သုံးသိန်းတော့ ရှိမှာပဲ။ ဒီပမာဏကလည်း ငါတို့တိုက်ခိုက်နိုင်တဲ့ အနေအထားမျိုးမှာ မဟုတ်သေးဘူးလေ”
အခန်း(၁၀၂၉)
မဟာထန်သည် ခါးသီးသော တိုက်ပွဲကို တွေ့ကြုံပြီးကာစဖြစ်သည်။ ကောင်းရှန်းကျစ်၏ အန်းရှီကာကွယ်ရေး စစ်တပ်နှင့်ပင် စစ်သည်ခြောက်သောင်းဝန်းကျင်သာ ရှိသည်။ လူအများစုက ဒဏ်ရာပြင်းပြင်းထန်ထန် ရနေကြသေး၏။ ဒါက ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်။ ပို၍ဆိုးသည်မှာ လက်နက်ကြီးက ကြီးကြီးမားမား ဆုံးရှုံးထားသော အနေအထားမျိုးတွင် ဖြစ်နေသည်။
မဟာထန်လက်နက်ကြီး သုံးထောင်ထဲတွင် အန်းရှီကာကွယ်ရေးစစ်တပ်၏ လက်နက်ကြီး အပါအဝင် နှစ်ထောင်ခန့်သာကျန်သည်။ ယခုလိုအခြေအနေမျိုးတွင် သူတို့ဆုံးရှုံးသွားသည့် တိုက်ခိုက်ရေး အင်အားကို အလွယ်တကူ ခန့်မှန်းကြည့်၍ရသည်။
ထိုသေးငယ်သော စစ်သည်တော်ပမာဏက မဟာဗိုလ်ချုပ် ခုနှစ်ယောက်နှင့် စစ်သည်လေးသိန်းကို ရင်မဆိုင်နိုင်ချေ။ ပို၍ဆိုးသည်မှာ တာလာ့က ကျယ်ပြန့်သော မြေပြန့်ကြီးဖြင့် အဝိုင်းခံလိုက်ရခြင်းဖြစ်သည်။ တောင်ကုန်းများအပြင် အသုံးပြုနိုင်သည့် မည်သည့်အရာမှ မရှိချေ။ ဗိုလ်ချုပ်များအတွက် ထိုအခြေအနေက ဆိုးရွားသော မြေမျက်နှာသွင်ပြင် ဖြစ်နေသည်။
ယခုလို နေရာမျိုးတွင်သူတို့က ဗျူဟာဝင်္ကပါနှင့် နှစ်ဖက်လုံးက ဗိုလ်ချုပ်များ၏ စွမ်းရည်ကို မှီခိုရမည်ဖြစ်သည်။
“ဗဟိုပြင်ကျယ်က တာလာ့နဲ့ ဝေးလွန်းတယ်။ မြင်းသည်တော်တိုင်းက အနည်းဆုံး တစ်လလောက် အချိန်ယူပြီးမှ ဒီနေရာကို ရောက်လာနိုင်မှာ။ ဒါကြောင့် ငါတို့ အချိန်အများကြီး မရှိလောက်ဘူး”
ကောင်းရှန်းကျစ်က ခါးသီးစွာပြောသည်။
“တကယ်ကို ငါတို့မှာ အချိန်အများကြီးမရှိဘူး။ ဒါပေမဲ့ အာရပ်တွေကလည်း အဲ့ဒီလောက် မမြန်နိုင်ပါဘူး။ ခိုရာစန်းတွေပြောသွားတဲ့ အတိုင်းဆိုရင် အာရပ်အစိုးရသုံးယောက်ကို စုစည်းလိုက်ရင်တောင်မှ အခြားအစိုးရ နှစ်ယောက်က တာလာ့ကို ခပ်မြန်မြန် မရောက်နိုင်သေးဘူး။ ပိုဆိုးတာက တစ်ဖွဲ့လုံးက အချင်းချင်းပူးပေါင်းပြီး အတူလှုပ်ရှားနိုင်ဖို့ လိုအပ်တယ်။ ဒီတော့ အချိန်ပိုကြာလောက်တယ်။ ခန့်မှန်းချေအရ သူတို့ကလည်း တစ်လမလိုရင်တောင်မှ ဒီထက်ပိုမကြာနိုင်ဘူး”
သူ့ကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ သူက ကောင်းရှန်းကျစ် စိုးရိမ်သော အကြောင်းအရာကို စိုးရိမ်ပုံမရချေ။
“တာလာ့ဟုတ်လား”
ကောင်းရှန်းကျစ်က နောက်ဆုံးတွင် မှင်သက်သွားသည်။ သူက သူ့နားသူပင် မယုံကြည်ရဲချေ။ အာရေးဗီးယားနှင့် တာလာ့အကြားမှ အကွာအဝေးက မဟာထန်ထက် ပို၍နီးသေးသည်။ ကောင်းရှန်းကျစ် အစိုးရိမ်ဆုံး ကိစ္စကလည်း သူတို့တွင် ပြင်ဆင်ရန် အချိန်မလုံလောက်မည့် အခိုက်အတန့်ဖြစ်သည်။ အာရပ်စစ်တပ်ကသာ စုစည်းသွားခဲ့ပြီး မြို့ဂိတ်သို့ စစ်သည်လေးသိန်းက ရောက်ရှိလာခဲ့လျှင် မဟာထန်မှ တပ်ကူများမရှိလျှင် သူတို့က ဘာမှမလုပ်နိုင်ချေ။
“သေချာပေါက်ပဲ”
ဝမ်ချောင်ကပြောသည်။ သူ၏မျက်နှာတွင် ယုံကြည်မှုရှိသော အပြုံးမျိုးက ပေါ်လာသည်။
မဟာထန်က အာရေးဗီးယားအကြောင်း အနည်းငယ်သာသိထားသည်။ ထိပ်တန်းအဆင့် မဟာဗိုလ်ချုပ်ကြီးဖြစ်သော ကောင်းရှန်းကျစ်ကပင် အာရပ်အကြောင်းကို ဘာမှမသိချေ။ ကာရီယိုနှင့် ထာစုတို့အတွက်ကမူ ကောင်းရှန်းကျစ်အနေဖြင့် အခြားသော မဟာထန်များနည်းတူ ကြားပင် မကြားဖူးလောက်ချေ။
သူ့အနေနှင့်လည်း ထိုနေရာဟာ မည်မျှဝေးပြီး မည်သည့်နေရာတွင်ရှိကြောင်း သိပင်မသိပါချေ။ သို့သော် ဝမ်ချောင်ကသိသည်။
ဒီခေတ်မှာ အာဘတ်ဆစ်ကယ်လီဖိတ်က သမိုင်းတွင် ပိုင်နက်နယ်မြေ အကျယ်ဆုံးပိုင်ဆိုင်ထားသည်။ ပိုင်နက်နယ်မြေအရ မဟာထန်ထက် စတုရန်းနယ်မြေ တစ်သန်းကျော်ပင် ကျယ်ပြောလောက်သေးသည်။ ထိုအခြေအနေကတဆင့် အာရေးဗီးယားဟာ မည်မျှကြီးကြောင်း သိနိုင်သည်။ ထာစုအတွက် သူတို့သည် အာရေးဗီးယားပိုင်နက်၏ မြောက်ဘက်အကျဆုံး အပိုင်းတွင် တည်ရှိနေလေရာ တာလာ့နှင့် အလွန်အမင်း ဝေးကွာနေသေးသည်။
ထို့ကြောင့် ထိုမျှဝေးကွာသော နေရာမှ စစ်သည်တော်အင်အားကို စုစည်းပြီး ဒီနေရာသို့ အပြေးရောက်လာရန် အချိန်လိုအပ်သည်။
ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က အာရေးဗီးယားအင်ပါယာက အနည်းဆုံး တစ်လခန့် ကြာပြီးမှ မြို့ရိုးသို့ရောက်နိုင်ကြောင်း ခန့်မှန်းထားခြင်းဖြစ်သည်။
ထန်များအတွက် ထိုအခြေအနေကတင် တိုက်ပွဲကို ပြင်ဆင်ရန် လုံလောက်သည်။ အနည်းဆုံး သူတို့ကြားမှ ကွာဟချက်က ထင်သလောက် မကြီးနိုင်ချေ။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဒဏ်ရာတွေက သက်သာလာပါပြီလား”
ဝမ်ချောင်က ဟန်အမူအရာ ပြန်ထိန်းလိုက်သည်။
“ငါ့ရဲ့ဒဏ်ရာ ကိုးဆယ်ရာခိုင်နှုန်းလောက်ကတော့ သက်သာနေပြီ။ ဒါပေမဲ့ ငါအပုမူစလင်နဲ့ယှဉ်ရင် ခွန်အား လိုအပ်နေသေးမှာကို စိုးရိမ်ရတယ်”
ကောင်းရှန်းကျစ်ကလည်း လေးနက်စွာ သက်ပြင်းချသည်။
ဝမ်ချောင်က မျက်မှောင်ကျုံ့မိသည်။ သူ၏နှလုံးသားက လေးလံသွားသည်။ ကောင်းရှန်းကျစ်၏ နောက်ဆုံးစကားလုံးများကလည်း မဟာထန်နှင့် တာလာ့၏ အခြေအနေကို တိုက်ရိုက် ဖော်ပြနိုင်သည်။ အာရေးဗီးယား အင်ပါယာက ဒီစီမံကိန်းတွင် အစိုးရသုံးယောက်ကို စေလွှတ်ခဲ့သည်။ ထို့ကြောင့် သူတို့ကို ရင်ဆိုင်နိုင်သောတစ်ဦးတည်းသောလူက ကောင်းရှန်းကျစ်သာဖြစ်သည်။
သူတို့ထဲမှ အသန်မာဆုံးတစ်ယောက် မဟုတ်သေးသောလူကိုပင် ကောင်းရှန်းကျစ်က မကိုင်တွယ်နိုင်လျှင် ကျန်သောအခြေအနေကိုပင် ခန့်မှန်းကြည့်၍ရသည်။ သို့သော် ဝမ်ချောင်က စားပွဲပေါ်မှ စာရွက်များကို ခပ်မြန်မြန် တစ်ချက်ကြည့်ပြီး အသိပြန်ဝင်သွားသည်။ ထိုအကြံက သက်ရောက်မှု ရှိမရှိဆိုသော အခြေအနေက ဒီစာရွက်များပေါ်မူတည်သည်။
“အရှင် ငါမြို့တော်က အဆင့်လွန်သိုင်းတစ်မျိုးကို လက်ခံရရှိခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ သဘောသဘာဝက မကိုက်ညီတဲ့အတွက်ကြောင့် ငါမကျင့်ကြံနိုင်ခဲ့ဘူး။ အရှင်နဲ့ ကြာရှည်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ အရှင့်ရဲ့ ကြယ်တာရာစွမ်းအင်ရဲ့ သဘောသဘာဝက ဒီသိုင်းနဲ့ လိုက်ဖက်နေတာကို သိလာခဲ့ရတယ်။ ဒါကြောင့် အရှင် ဒီသိုင်းကိုကျင့်ပြီး အကူအညီ ရလာစေရမယ်”
ဝမ်ချောင်၏ မျက်ဝန်းက အာရုံစူးစိုက်သွားချိန်တွင် ရုတ်တရက် ကောင်းရှန်းကျစ်ဆီသို့ လက်ညိုးတစ်ချောင်းတည်းနှင့် စာရွက်နှစ်ရွက်ကို လွင့်စင်သွားစေလိုက်သည်။
“ဟုတ်လား”
ကောင်းရှန်းကျစ်က ဖျော့တော့စွာပြုံးသည်။ သူက အလိုအလျောက် ငြင်းဆန်ချင်သည်။ သူဟာ အန်းရှီမှ စစ်နတ်ဘုရားဖြစ်သည်။ အဆင့်လွန်အဆင့်ကို ပိုင်ဆိုင်ထားသည့် အင်ပါယာ မဟာဗိုလ်ချုပ်ကြီးဖြစ်သည်။ တစ်လောကလုံးတွင် လူအနည်းစုလောက်ကသာ သူ့အတွက် အသုံးဝင်သော အရာများကို ညွှန်ကြားပေးနိုင်လောက်သည်။ ပို၍ဆိုးသည်မှာ ဝမ်ချောင်၏ ကျင့်ကြံခြင်းအဆင့်က သူ့ထက်ပင် နိမ့်သေးသည်။ ထို့ကြောင့် သူဟာ အသုံးဝင်သော အရာများ မပေးနိုင်လောက်ချေ။
သို့သော် သူက ဝမ်ချောင်၏ မျက်နှာပေါ်မှ မျှော်လင့်ချက် ပြင်းပြမှုများကိုမြင်လိုက်ချိန်တွင် တုန့်ဆိုင်းသွားလေသည်။ တာလာ့က လက်ရှိအချိန်တွင် အန္တရာယ်အတွင်းသို့ ရောက်နေသည်။ ယခုအချိန်တွင် မည်သည့်အင်အားကမဆို အကူအညီကြီး ဖြစ်သွားနိုင်သည်။ ထို့ပြင် ဝမ်ချောင်ကလည်း ကောင်းသောဆန္ဒဖြင့် လုပ်လိုခြင်းဖြစ်သည်။
“ကောင်းပြီလေ။ ငါဒီစာရွက်တွေကို ပြန်ယူသွားပြီးကြည့်လိုက်မယ်”
ကောင်းရှန်းကျစ်ကပြောပြီး စာရွက်နှစ်ရွက်ကိုယူကာ ဝမ်းဗိုက်အတွင်းသို့ ထည့်သည်။ ဝမ်ချောင်က ထိုအခါမှသာ စိတ်အေးသွားသည်။ သူက သူ၏မှတ်ဉာဏ်အတွင်းမှ မရေမတွက်နိုင်သော ကျင့်ကြံခြင်းသိုင်းပေါင်း များစွာကို ဒီရက်အနည်းငယ်အတွင်း ဆက်တိုက် စစ်ထုတ်ခဲ့ရသည်။ ရှု့ထောင့်တစ်ခုမှသာ ကြည့်မည်ဆိုလျှင် ထိုအတိုင်းက ကောင်းရှန်းကျစ်နှင့် အလွန့်အလွန် ဆက်စပ်မှုရှိသည်။ ထို့ကြောင့် ကောင်းရှန်းကျစ်ကို အများကြီး ကူညီပေးနိုင်သည်။
သို့သော် ဝမ်ချောင်ကလည်း ထိုသက်ရောက်မှုက မည်မျှကြီးနိုင်ကြောင်း အချက်ကျကျ ထောက်ပြနိုင်သည့် ယုံကြည်မှုမရှိပါချေ။
မည်သို့ပင်ဆိုစေ ထိုအခြေအနေမျိုးက သမိုင်းတွင် ဖြစ်ပျက်ခဲ့ဖူးသည်။
လုံလောက်ပြီ။
သူက ပြန်သွားပြီး တစ်ချက်ကြည့်သမျှ သဘာဝအလျောက် နားလည်မှာပါ။
ဝမ်ချောင်က ခပ်တိုးတိုးသာ ရေရွတ်လိုက်သည်။
ကောင်းရှန်းကျစ်ကလည်း ထိုသိုင်းကို သိပ်စိတ်မဝင်စားကြောင်း နားလည်သည်။ သို့ရာတွင် ဝမ်ချောင်က သူ့ကိုလည်း ဖိအားပေး၍မရချေ။ ကိစ္စများကို အလောတကြီး လုပ်၍မရချေ။
“ကောင်းပါပြီ နောက်ပြီး ကိစ္စတစ်ခုရှိသေးတယ်”
ဝမ်ချောင်က ခပ်မြန်မြန် ဟန်အမူအရာထိန်းသည်။
“အရှင်နဲ့ အပုမူစလင်ရဲ့ နောက်ဆုံးတိုက်ပွဲမှာ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ရဲ့ သံချပ်ကာက ကွဲအက်သွားတယ်။ ဒီတော့ ဒီတစ်ကြိမ်မှာ ငါက လူလွှတ်ပြီး အရှင်ကာကွယ်ရေး ဗိုလ်ချုပ်အတွက် ဥက္ကာပျံသတ္ထုသားနဲ့ သံချပ်ကာတစ်စုံ ဖန်တီးခိုင်းထားပါတယ်”
“အိုး”
ကောင်းရှန်းကျစ်၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူ၏မျက်ဝန်းက တောက်ပလာ၏။ သူကလည်း ချက်ချင်းလိုလို စိတ်ဝင်စားသွားသည်။ ဥက္ကာပျံသတ္ထုက လောကတွင် အလွန့်အလွန်ရှားသော ပစ္စည်းဖြစ်သည်။ တော်ဝင်ဧကရာဇ်က သူ့ကို ချီးမြှင့်ထားသော သံချပ်ကာတွင်ပင် ဥက္ကာပျံသတ္ထု အများကြီး မပါဝင်ချေ။ သို့ရာတွင် ဝမ်ချောင်၏ တည်ရှိမှုကတင် ထိုအခြေအနေကို ဖီဆန်သွားသည်။
ကောင်းရှန်းကျစ်သည်လည်း သူ၏ဘဝတွင် ထိုမျှများပြားသော ဥက္ကာပျံသတ္ထုများကို မြင်ရမည်ဟု မထင်ထားမိပါချေ။ သို့ရာတွင် ဝမ်ချောင်၏လက်တွင်မူ အလွန့်အလွန်ရှားပါးသော ဥက္ကာပျံသတ္ထုများက သာမာန်သတ္ထုများကဲ့သို့ ထင်ရသည်။ ဒါက မှင်သက်ဖွယ်ကောင်းသော ကိစ္စဖြစ်သည်။
“ဟား”
ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ သူက ကောင်းရှန်းကျစ်ကို အကြာကြီးမခေါ်ထားချေ။ လက်ညိုးတစ်ချောင်း ညွှန်လိုက်ပြီးနောက် စားပွဲပေါ်တွင် တင်ထားသည့် သစ်သားသေတ္တာကြီးကို တစ်ချက်ခေါက်လိုက်သည်။
ဘန်း
သစ်သားသေတ္တာက ရုတ်တရက် ပေါက်ကွဲသွားပြီး အတွင်းမှ အနက်နှင့်အနီ ရောယှက်ထားသော သံချပ်ကာတစ်စုံက ပေါ်လာသည်။ ကောင်းရှန်းကျစ်ကဲ့သို့ အတွေ့အကြုံ များပြားလွန်းသော လူတစ်ယောက်ကပင် ထိုသံချပ်ကာကိုမြင်လိုက်ပြီး သူ၏မျက်ဝန်းက တောက်ပသွားသည်။
ထိုသံချပ်ကာက အလွန်အမင်းလှသည်။ ကြေးခွံတစ်ခုချင်းစီတိုင်းကို အကြိမ်ထောင်ပေါင်းများစွာ မွန်းမံထားပုံပေါ်သည်။ ထို့ကြောင့် မှန်ကဲ့သို့ ချောမွေ့နေသည်။ မှေးမှိန်သော အလင်းထဲတွင် ထိုသံချပ်ကာက မျက်စိကြိမ်းမတက် တောက်ပသော အလင်းကို ထုတ်လာသည်။ သံချပ်ကာကိုယ်ထည် တစ်ခုလုံးအတွက်မူကား ကျော့ရှင်းကြည့်ကောင်းလွန်းကာ အရှိန်အဝါမြင့်ပြီး ထည်ဝါလွန်းသည်ဟု ဆိုရမည်ဖြစ်သည်။ လိုင်းကြောင်းတစ်ခုချင်းစီတိုင်းကို အနုစိတ်ကာ ပုံစံချယ်သထားသည်။ ထို့ကြောင့် ပြီးပြည့်စုံစွာပင် လှပလိုက်ဖက်ညီလွန်းနေသည်။ ပို၍ဆိုးသည်မှာ အဝေးကသာ ကြည့်မည်ဆိုလျှင် နဂါးတစ်ကောင် ကျားတစ်ကောင်နှင့်ပင် တူနေသေးသည်။ ထို့ကြောင့် အလွန်ခက်ထန် ကြမ်းကြုတ်သော ပေါက်ကွဲစွမ်းအား ပြည့်နှက်နေကြောင်း မြင်နိုင်မည်ဖြစ်သည်။
မဖြစ်နိုင်ဘူး။
ကောင်းရှန်းကျစ်ကဲ့သို့ အတွေ့အကြုံရှိသော လူကပင် ထိုမြင်ကွင်းကြောင့် မှင်သက်သွားမိသည်။ ဝမ်ချောင်က သွန်းလုပ်ပေးသော သံချပ်ကာက သူမြင်ဖူးသမျှ သံချပ်ကာများနှင့် ခြားနားသည်။ ပုံစံနှင့် လက်ရာက သူမြင်ဖူးသမျှ လက်ရာတိုင်းထက် သာလွန်နေသည်။
ကောင်းရှန်းကျစ်ကပင် တစ်ချက်ကြည့်ရုံဖြင့် သဘောကျသွားသည်။
“ဘယ်လိုလဲ”
ဝမ်ချောင်က ဖျော့တော့စွာပြောသည်။
“ဝမ်ချောင် တကယ်ကို မယုံနိုင်စရာပဲ။ မင်းဘယ်လို လုပ်လိုက်တာလဲ”
ကောင်းရှန်းကျစ်က ရိုးသားစွာပြောသည်။ ဝမ်ချောင်မလုပ်နိုင်သော အခြေအနေ မရှိလောက်ဟုပင် ထင်လောက်မိသေး၏။
“ဟား အရှင်ကာကွယ်ရေးဗိုလ်ချုပ် ကျွန်တော်မှာ မဟာဆရာသခင်အဆင့် လက်နက်ပညာရှင်တစ်ယောက် ရှိနေတာကို မေ့နေပြီလား”
ဝမ်ချောင်ကပြောသည်။
“ဟား ဟား ငါမေ့တော့မလို့။ ဘယ်သူကမှ လက်နက်ဖန်တီးတဲ့ ပညာနဲ့ယှဉ်ရင် မင်းကို မယှဉ်နိုင်လောက်ဘူး။ မင်းက ဝု့စ်သံမဏိဓားတွေကို ဖန်တီးနိုင်တယ်ဆိုကတည်းက ဒါကိုလည်း ဖန်တီးနိုင်မှာပေါ့”
ကောင်းရှန်းကျစ်က တခဏခန့် ကြောင်အသွားပြီးရယ်သည်။
ဒီလောကတွင် လက်နက်ဖန်တီးသော ပန်းပဲပညာတွင် ထိပ်တန်းမဟာဆရာသခင်အဆင့်တစ်ယောက် ဖြစ်ပါသည်ဟု ကျုံးဝါးလျှင် ချဲ့ကားလွန်းရာ ရောက်နိုင်သည်။ သို့သော် ဝမ်ချောင်ကသာ ထိုသို့သော ခံစားချက်မျိုး မဖြစ်စေနိုင်သော တစ်ဦးတည်းသောလူဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် လူအများစုကလည်း သူဟာ နိမ့်ချလွန်းသည်ဟုသာ ထင်ကြပေလိမ့်မည်။ ထိုမျှအဖိုးထိုက်တန်လွန်းလှသော ထက်ရှသည့် ဝု့စ်သံမဏိဓားများက သတ္ထုများကို ရွှံများကဲ့သို့ ထိုးဖောက်နိုင်သည်။ သံမဏိခံတပ်၏ လေးစားဖွယ်ကောင်းသော အနေအထားပင်ဖြစ်စေ၊ မရပ်တန့်နိုင်သော မဟာလက်နက်ကြီးများကို ဖန်တီးခဲ့ရင်း ပဲ့ဟယ်မော့များကို သတ်ဖြတ်နိုင်ခဲ့သော ဖြစ်ရပ်တွင်ဖြစ်စေ ဝမ်ချောင်၏ လုပ်ဆောင်မှုက မဟာဆရာသခင်အဆင့်ဆိုသော အနေအထားကို ကျော်ပြီးသားဖြစ်သည်။
သူ၏စွမ်းရည်နှင့်သာဆိုလျှင် ထိုသို့ သံချပ်ကာတစ်စုံကို ဖန်တီးခြင်းက ပြဿနာမရှိပါချေ။
ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ သူက ထိုသံချပ်ကာကို ကိုယ်တိုင်ကိုယ်ကျ ပုံကြမ်းဆွဲခဲ့သည်။ ကျန်းရှို့ကျစ်က ကြီးကြပ်ပေးခဲ့ပြီး ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ သူကလည်း ဝမ်ချောင်သိထားသမျှ အခြားသောလောကမှ ဗဟုသုတများအပြင် ရူပဗေဒဆိုင်ရာ သဘောတရားများကိုပင် ထည့်သွင်းခဲ့သေး၏။ ထို့ကြောင့် ခမ်းနားမှုအပြင် ခုခံနိုင်စွမ်းအားကလည်း အလွန့်အလွန်မြင့်သည်။
ဝမ်ချောင်က ထိုသံချပ်ကာကို ခွန်အားမြှင့်တင်ပေးခဲ့ပြီး ဆက်တိုက် စွမ်းအားကြီးမားအောင် လုပ်ပေးခဲ့သည်။ ထို့ကြောင့် ကောင်းရှန်းကျစ်ကို အများကြီး ကူညီပေးနိုင်လာသည်။ ဒီနည်းအားဖြင့် ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင် အပုမူစလင်ကို ရင်ဆိုင်ရသည်က သူခံစားရမည့် အရာများက လျော့ကျသွားလောက်သည်။
ကောင်းရှန်းကျစ်က အပျော်လွန်သွားသည်။ ဝမ်ချောင်၏ ထောက်ပံ့ပေးမှုနှင့်အတူ သူက သံချပ်ကာကိုယူပြီး စမ်းကြည့်သည်။
“မဆိုးဘူး လုံးဝကို ကွက်တိတော်တယ်”
ကောင်းရှန်းကျစ်က ကြည့်လေလေ သဘောကျလေလေဖြစ်သည်။ သူက ပျော်ရွှင်လာသည်။ ဝမ်ချောင်၏ သံချပ်ကာက အလွန့်အလွန် လက်ရာမြောက်သည်။ အစိတ်အပိုင်း တစ်ခုချင်းစီတိုင်း၊ အကွေ့အကောက် တစ်ခုချင်းစီတိုင်း၊ အဆစ်တစ်ခုချင်းစီတိုင်းက သူ၏ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်နေသည်ဆိုသော ခံစားချက်မျိုးကို ရစေသည်။ ကောင်းရှန်းကျစ်ကပင် ထိုသံချပ်ကာက သူနှင့်အတူ အသက်လိုက်ရှုနေသည်ဟု ခံစားရသေးသည်။ ထို့ကြောင့် သူတစ်ခါမှ မခံစားဖူးသော အတွေ့အကြုံမျိုးကို ရလိုက်သည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် သဘောကျရင် အဆင်ပြေပါတယ်”
ဝမ်ချောင်က ဖျော့တော့စွာသာပြုံးသည်။ သံချပ်ကာပေးပြီးနောက် သူတို့နှစ်ယောက်လုံးက အနာဂတ်တွင် ရင်ဆိုင်ရကောင်း ရင်ဆိုင်ရနိုင်သည့် တိုက်ကွက်အားလုံးကို ခုခံရန် ပြန်လည်တိုက်ခိုက်ရန် စဉ်းစားသည်။
“ဟုတ်တယ် အရှင်ကာကွယ်ရေးဗိုလ်ချုပ် နောက်ထပ် ကိစ္စတစ်ခုရှိသေးတယ်”
အချိန်တစ်ခုကြာပြီးနောက် သူတို့နှစ်ယောက်က သဘောတူညီမှု ရရှိတော့မည့်အချိန်တွင် ဝမ်ချောင်က ရုတ်တရက် သူ၏စိတ်ထဲတွင် အချိန်အတန်ကြာ လွန်ဆွဲနေသော အကြောင်းအရာကို ထုတ်ပြောလိုက်သည်။ ထိုအတွက်ကြောင့်လည်း သူက ကောင်းရှန်းကျစ်ကို ခေါ်လိုက်ခြင်းဖြစ်လောက်သည်။
“ငါ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကို ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ဆွေးနွေးချင်ခဲ့တာ။ အရည်အသွေးက အရေအတွက်ထက် ပိုပြီးအရေးကြီးတယ်။ ဒါကြောင့် ငါက အန်းရှီကာကွယ်ရေးစစ်တပ်နဲ့ ချီရှီကာကွယ်ရေးစစ်တပ်အပြင် ကြေးစားစစ်သားတွေထဲက လက်ရွေးစင်စစ်သည် နည်းနည်းကို ရွေးပြီး အာရပ်တွေကိုကိုင်တွယ်ဖို့ အထူးစစ်တပ်အဖြစ် လေ့ကျင့်ပေးချင်တယ်”
“အိုး”
ကောင်းရှန်းကျစ်က မျက်ခုံးပင့်သည်။ မဟာထန်က တာလာ့တွင် စစ်သည်တော် မလုံလောက်ချေ။ သို့သော် ဝမ်ချောင်က ယခုလို အခြေအနေမျိုးတွင် ဒီလိုစစ်တပ်မျိုးကို ဖွဲ့စည်းရန် ကမ်းလှမ်းလာမည်ဟု မထင်ထားမိချေ။
“မင်းက ဘယ်လိုစစ်တပ်မျိုးကို ဖန်တီးချင်တာလဲ”
အခန်း(၁၀၃၀)
“အရှင်ကောင်း အရှင်လည်း ကျွန်တော်တို့ရဲ့ တပ်သားအများစုက ခြေလျှင်တပ်တွေဆိုတာ သိနေတာပဲ။ အမှန်တိုင်းပြောရရင် မဟာထန်ရဲ့ အင်အားအကြီးဆုံး အင်အားစုက ခြေလျှင်တပ်ပဲ။ မြင်းတပ်ပမာဏ အနည်းငယ် ရှိတယ်လို့ ယူဆလို့ရပေမဲ့လည်း။ မြင်းတပ်ချင်းယှဉ်ရင် ဝူရှန်းမြင်းတပ်ကလွဲပြီး မြင်းတပ်အင်အားစု အနည်းငယ်လောက်ပဲ အာရပ်မြင်းတပ်ကို ယှဉ်နိုင်လိမ့်မယ်”
ဝမ်ချောင်က ရိုးသားစွာပြောသည်။ သူက ထိုအကြံကို တွေးမိပြီးသည်မှာ ကြာလှချေပြီ။ သို့သော် ကောင်းရှန်းကျစ်၏ သဘောတူညီမှုကို လိုအပ်သည်။
“ဒါကအမှန်ပဲ အန်းရှီကာကွယ်ရေးစစ်တပ်က မဟာထန်ရဲ့ ကာကွယ်ရေး စစ်တပ်တွေထဲမှာ လက်ရွေးစင်တွေ ဖြစ်နေပြီးသား။ ဒါပေမဲ့ အားသာချက် အများကြီးရှိတာမဟုတ်ဘူး။ ငါတို့ရဲ့နောက်က တာလာ့မြို့ကြောင့်သာမဟုတ်ရင် ငါတို့လည်း အာရပ်အများကြီးကို ဒီလောက်အကြာကြီး ထိန်းထားနိုင်မှာမဟုတ်ဘူး”
ကောင်းရှန်းကျစ်က ခပ်တင်းတင်းပြောသည်။
အာရပ်ပင်ဖြစ်စေ၊ အနောက်ပိုင်းတူရကီပင်ဖြစ်စေ၊ ယွီစန်းပင်ဖြစ်စေ အားလုံးက မြင်းပေါ်တွင် တက်နေခဲ့ကြသော လူများဖြစ်သည်။ ဒီနယ်ပယ်တွင် မဟာထန်ကဲ့သို့ စိုက်ပျိုးမြေပေါ်တွင် နေထိုင်လာသော လူများက မယှဉ်နိုင်ချေ။ ဒါကလူသိများသော ကိစ္စဖြစ်သည်။ ငြင်းဆန်ရန်ပင် မလိုအပ်ချေ။
“ဒါကြောင့် အခြားမျိုးနွယ်တွေနဲ့ တိုက်ခိုက်တဲ့အချိန်မှာ ခြေလျှင်တပ်၊ မြင်းတပ်နဲ့ လက်နက်ကြီးအဖွဲ့တွေကို ပေါင်းပြီး မှီခိုခဲ့ရတယ်။ ဒီလိုနယ်ပယ်တွေကကြည့်ရင် အာရပ်နဲ့ တူရကီတွေနဲ့ ခြားနားသွားပြီ။ နှစ်ဖက်လုံးက ခြားနားတဲ့ လက်နက်ကလာတယ်။ ဒါကြောင့် တိုက်ရိုက်ယှဉ်ဖို့ကတော့ မလွယ်ဘူးဆိုပေမဲ့လည်း ပြင်ကျယ်တွေနဲ့ တောရိုင်းနယ်မြေ ပြည့်နှက်နေတဲ့ ဒီလိုနေရာမျိုးမှာ မြင်းတပ်က အားသာချက် အရရှိဆုံးပဲ”
ကောင်းရှန်းကျစ်ကပြောသည်။
ဝမ်ချောင်က ခေါင်းညိမ့်သည်။ ဒီကောင်းရှန်းကျစ်၏ နောက်ဆုံးစကားလုံးများက မဟာထန်၏ အစစ်အမှန် အခြေအနေကို ဖော်ပြလိုက်သည်။ မဟာထန်အတွက် ခြေလျှင်တပ်၏ လွှမ်းမိုးမှုကို အဓိကထား အသုံးပြုနေပြီး တာလာ့ကမူ ပြင်ကျယ်နယ်မြေကြီး ဖြစ်နေသည့်အတွက် မြေမျက်နှာသွင်ပြင်အရ အခြေအနေ မပေးဆုံးဖြစ်နေသည်။ ယခုလိုနေရာမျိုးတွင် မြင်းတပ်အင်အား အများစုက ခြေလျှင်တပ်ကို ကျော်လွန်သွားနိုင်သည်။ ပို၍ဆိုးသည်မှာ အကန့်အသတ်မဲ့သော မြေပြန့်နယ်မြေကြီးကတင် မြင်းတပ်များကို သူတို့၏ဝင်္ကပါကို အကောင်းဆုံး ထုတ်ဖော်ပြီး အရှိန်နှုန်းမြှင့်ကာ ချီတက်နိုင်ရန် လုံလောက်သွားပြီဖြစ်သည်။
ဝမ်ချောင်က တာလာ့ဝန်းကျင်တွင် ဖန်တီးခိုင်းထားသည့် သံမဏိခုခံရေး အားလှိုင်းနှစ်လှိုင်းနှင့် မဟာထန်၏ လက်နက်ကြီးများကြောင့်သာ မဟုတ်လျှင် မဟာထန်၏ ခြေလျှင်တပ်များကပင် လက်ရွေးစင် အာရပ်မြင်းတပ် အဖွဲ့ဝင်ပေါင်းများစွာ၏ ချီတက်မှုကို တားဆီးရန် ခက်ခဲပေလိမ့်မည်။
“ဒါကြောင့်ပဲ ငါကအမြဲတမ်း ပြောင်းလဲချင်နေခဲ့တာ။ ဒီအခြေအနေက ခိုရာစန်းတွေ ပြောသွားသလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် လက်ရွေးစင် အာရပ်မြင်းတပ်အဖွဲ့ဝင် လေးသိန်းနဲ့ အစိုးရသုံးယောက်က ထပ်လာခဲ့ပြီး ငါတို့အရင်က တစ်ခါမှ မကြုံဖူးတဲ့ အခြေအနေမျိုးကို စိန်ခေါ်ရင်ဆိုင်ရလိမ့်မယ်။ ပိုဆိုးတာက အပုမူစလင်က ငါတို့တိုက်ခိုက်နေတာ ဒီလောက်ကြာပြီဆိုတော့ သူက အတွေ့အကြုံရှိနေပြီ။ သံမဏိခုခံရေးအားလှိုင်းနှစ်ခုကလည်း သူ့ကိုအကြာကြီး မတားနိုင်တော့ဘူး”
ဝမ်ချောင်ကပြောသည်။ သူက ရန်သူကို ဘယ်သောအခါမှ အထင်မသေးတတ်ပါချေ။ အာရေးဗီးယား အင်ပါယာမှ အထူးချွန်ဆုံးသော မဟာဗိုလ်ချုပ်များထဲမှ တစ်ယောက်ဆိုလျှင် ပို၍ဆိုးသေးသည်။ အနောက်တောင်ပိုင်းတွင် သာ့လွန်ရော့ကျန်းက ဆင်များကို ကြိုးချည်ပြီး သံမဏိမြို့ရိုးကို ရင်ဆိုင်ခဲ့သည်။ အာရေးဗီးယားကဲ့သို့ ပို၍အင်အားကြီးသောသူဆိုလျှင် အရင်းအမြစ်များ ပိုသုံးနိုင်သည်။
“ဒီလိုဆိုရင် ငါတို့ တာလာ့ကိုပဲ ဆုတ်ရတော့မယ်”
ကောင်းရှန်းကျစ်က မျက်မှောင်ကျုံ့ရင်းပြောသည်။
“ငါတို့က မြို့ထဲကိုဆုတ်လိုက်ရင် အားသာချက် ပျောက်ဆုံးပြီး ရန်သူရဲ့ ဟန်ချက်အောက်ကို လုံးဝ ကျသွားလိမ့်မယ်။ ပိုပြီးအရေးကြီးတာက ရန်သူတွေကို ကျဉ်းမြောင်းတဲ့လမ်းမှာ ထိပ်တိုက်ရင်ဆိုင်တဲ့အခါ အနိုင်ရသွားဖို့က ပိုကြီးသွားပြီ။ ဒါက အာရေးဗီးယားနဲ့ မဟာထန်အကြားက ပထမအကြိမ် အလုံးအရင်းနဲ့ ထိပ်တိုက်ရင်ဆိုင်မှုကြီးဖြစ်တယ်။ ငါတို့က အာရေးဗီးယားကို နားမလည်သလို အာရေးဗီးယားကလည်း မဟာထန်ကို နားမလည်သေးဘူး။ ဒါကြောင့် ငါတို့က မြို့ထဲကို နောက်ဆုတ်လိုက်တာနဲ့ ရန်သူကို အားနည်းကြောင်း ပြသလိုဖြစ်သွားလိမ့်မယ်။ အာရေးဗီးယား အင်ပါယာရဲ့ ရည်မှန်းချက် ကြီးပုံနဲ့ဆိုရင် အနာဂတ်မှာ အဆုံးအစမဲ့တဲ့စစ်ပွဲတွေပဲ လာလိမ့်မယ်”
ဝမ်ချောင်က ကောင်းရှန်းကျစ်၏ ဒုတိယစကားကို အဆုံးသတ်ပေးလိုက်သည်။
ဒီတိုက်ပွဲက အင်အားစုကြားမှ ရုန်းကန်မှုတင်မဟုတ်ချေ။ အရှိန်အဟုန်အရ ရုန်းကန်ခြင်းလည်း ဖြစ်နေသေးသည်။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က ခုခံရေးအားလှိုင်းကို အပြင်ဘက်တွင် ချထားခဲ့ပြီး ရန်သူကို ထိုခုခံရေးအားလှိုင်း အပြင်ဘက်တွင် အရတားနေခဲ့ခြင်းဖြစ်သည်။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့က အာရပ်များကို ရှုံးနိမ့်စေခဲ့ပြီးနောက် တာလာ့သို့ မဆုတ်သွားခဲ့ခြင်းဖြစ်သည်။
“အဲ့ဒါတင်မကသေးဘူး အာရပ်တွေကသာ အရင်တစ်ခေါက်က သင်ခန်းစာကိုရပြီး တာလာ့ကို မတိုက်ခိုက်ဘဲ ဝိုင်းထားမယ်ဆိုရင် ငါတို့က သုံးလတောင် မလိုအပ်ဘူး။ သုံးလမတိုင်ခင်မှာတင် ငါတို့ရဲ့ ရိက္ခာတွေက ကုန်ဆုံးသွားပြီး သေချာပေါက် ရှုံးသွားမှာပဲ”
စာကြည့်ခန်းက တိတ်ဆိတ်သွားသည်။ ကောင်းရှန်းကျစ်၏ မျက်မှောင်က ကျုံ့သွားပြီး လေထုက တင်းမာလာသည်။
အပုမူစလင်က အတွေ့အကြုံရှိသော ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ပြီး သူဟာ သတိကြီးသည်။ သို့သော် ဗျူဟာမလစ်လပ်ချေ။ ပထမဦးဆုံး အကြိမ်အနေနှင့် သူက လမ်းကြောင်းကို ထိုးဖောက်ရန် ရည်ရွယ်ခဲ့လောက်သည်။ သို့သော် နှစ်လခန့်ကြာပြီးနောက် တိုးတက်မှု မလုပ်နိုင်ခဲ့ချေ။ ဒီတစ်ကြိမ်တွင် မဟာထန်က တာလာ့၏မြို့ရိုးကို မှီခိုခြင်းက မရိုးရှင်းတော့ချေ။ ခုခံရေးအားလှိုင်းနှစ်ခုကို ဆုံးရှုံးလိုက်ရသည်နှင့် ပို၍အန္တရာယ်များသွားနိုင်သည်။ ယွီစန်း၊ အနောက်ပိုင်းတူရကီနှင့် အာရပ်များက အတူပူးပေါင်းသွားနိုင်သည်။ ထိုအခါ မဟာဗိုလ်ချုပ် ခုနှစ်ယောက်လုံးက ပူးပေါင်းသွားသောအခါ အင်ပါယာ သုံးခုက သူတု့ိ၏ ဗိုလ်ချုပ်များ၏ အင်အားကိုသုံးပြီး မဟာထန်ကို ချေမှုန်းလာပေလိမ့်မည်။
“ဒါဆိုရင် မင်းကဘယ်လိုလုပ်ဖို့ ကြံစည်ထားလဲ”
ကောင်းရှန်းကျစ်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ ကောင်းရှန်းကျစ်ဟာ သူ၏အတွေးကို သဘောတူလိုက်ပြီဖြစ်ကြောင်း သိလိုက်သည်။
“ငါက စစ်သည်အမျိုးအစား တစ်မျိုးကို ဖွဲ့စည်းချင်တာ။ သူတို့ကို မော့ဆေဘာစစ်သည်တော်တွေလို့ ခေါ်မယ်”
“မော့ဆေဘာစစ်သည်တော် ဟုတ်လား”
ကောင်းရှန်းကျစ်က ခေါင်းမော့သည်။ ထို့နောက် ဝမ်ချောင်ကို ကြည့်ပြီး သူ၏မျက်ဝန်းအတွင်း စိတ်ရှုပ်ထွေးမှုက ပေါ်လာသည်။ ကောင်းရှန်းကျစ်က အတွေ့အကြုံရှိသည်။ သူဟာ စာပေပေါင်းများစွာကို ဖတ်ရှု့ခဲ့ဖူးသည်။ သို့သော် အကြောင်းအရာကို မကြားဖူးပါချေ။
“ဒါကဘာကိုဆိုလိုတာလဲ မင်း သူတို့ရဲ့လက်နက်တွေကို ပြောင်းမှာလား”
ကောင်းရှန်းကျစ်က မော့ဆေဘာဆိုသော စကားလုံးများအတွင်းမှ ကောက်ထုတ်လိုက်ခြင်းဖြစ်သည်။ မဟာထန်က အမျိုးမျိုးသော ဆေဘာများကိုသုံးသည်။ သို့သော် မော့ဆေဘာကို မကြားဖူးချေ။
“ဟား ဟား ငါဒါကို အရှင့်ဆီကနေ ဖုံးကွယ်လို့မရမှန်းသိတယ်”
ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ သူက ထိုအကြောင်းအရာကို ချန်လပ်မထားတော့ချေ။
“တစ်ယောက်ယောက် ငါ့ကို အဲ့ဒါယူလာပေးခဲ့စမ်း”
“ဟုတ်ကဲ့အရှင်အမတ်”
အပြင်ဘက်မှ အသံတစ်သံနှင့်အတူ ကောင်းရှန်းကျစ်၏ သိချင်စိတ် ပြင်းပြနေမှုအောက်တွင် ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်တော်တစ်ယောက်က ဝင်လာသည်။ သူက ခေါင်းကိုမြင့်မြင့် မော့ထားပြီး ရင်ဘက်ကိုလည်း ကော့ထားသည်။ သူ၏ပုခုံးပေါ်တွင် ခုနှစ်ပေမှ ရှစ်ပေခန့်အထိ ရည်နိုင်သည့် ဘရိုကိတ်သေတ္တာဘူးကြီးပါလာသည်။
“လခြမ်းကွေး လဆေဘာ”
ကောင်းရှန်းကျစ်က ဝမ်ချောင်ကို အံ့အားတကြီးကြည့်သည်။ မဟာထန်မှ လက်နက်များက သုံးပေရှည်သည်။ အချို့က လေးပေရှည်သည်။ ဆေဘာများက အနည်းငယ် ပိုရှည်နိုင်သည်။ သို့သော် ခြားနားမှုက သိပ်မကြီးပါချေ။ ဆေဘာများက လေးပေခန့်ရှည်သည်မှာ အလွန့်အလွန် ရှားသွားပြီဖြစ်သည်။ ကောင်းရှန်းကျစ် သိထားသည့် အခြေအနေများအရ နဂါးစိမ်း လခြမ်းကွေး၊ လဆေဘာသာလျှင်ရှိသည်။ ကောလဟာလများအရ ထိုအကြောင်းအရာကို လွန်ခဲ့သော နှစ်ငါးရာခန့်ကတည်းက စပြန့်လာသည်ဟုဆိုသည်။ အရှေ့ပိုင်း မဟာဟန် အဆုံးသတ်ကာလတွင် ဗဟိုပြင်ကျယ်မှ မျိုးရိုးနာမည်ကွမ့်အမည်ရသော ဆံပင်ရှည်နှင့် သိုင်းသူတော်စင်တစ်ယောက်က နဂါးစိမ်း လခြမ်းကွေး လဆေဘာဓားကိုအသုံးပြုခဲ့သည်။
သို့သော် ထိုဆေဘာဓားက သိုင်းပညာရှင်များနှင့်သာ အသုံးဝင်သည်။ မဟာဗိုလ်ချုပ်များအကြားမှ တိုက်ပွဲကလည်း သိုင်းပညာခြင်း ယှဉ်ရခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့က သဘာဝအလျောက်ပင် ထိုလက်နက်ကို သုံးနိုင်သည်။ သို့သော် သာမာန်စစ်သားများအတွက်ကမူ ထိုကဲ့သို့သော လက်နက်ရှည်ကြီးကို သုံးခြင်းက အလျင်းမသင့်ချေ။
“မဟုတ်ပါဘူး”
ကောင်းရှန်းကျစ်၏ မှင်သက်နေသော အကြည့်အောက်တွင် ဝမ်ချောင်ကရယ်ရင်း ခေါင်းခါသည်။ သူက စားပွဲနောက်မှ ထရပ်ပြီး ချီရှီကာကွယ်ရေးစစ်သားထံသို့ လျှောက်သွားသည်။
“အရှင် တစ်ချက်ကြည့်လိုက်ပါ။ အရှင်နားလည်သွားပါလိမ့်မယ်”
သူကပြောနေရင်းမှ ထိုစစ်သားကို ဟန်အမူအရာပြလိုက်သည်။
ကလက်
ဘရိုကိတ်သေတ္တာက ပွင့်သွားသည်။ အတွင်းမှ ခုနှစ်ပေ၊ ရှစ်ပေခန့်ရှည်မည့် လက်နက်က ပေါ်လာ၏။ ထိုလက်နက်က လောကရှိ လက်နက်တိုင်းနှင့် ခြားနားသည်။ ပထမဦးဆုံး အကြိမ်အနေနှင့် လောကအတွင်းသို့ ပေါ်ထွက်လာလေပြီး ထိုသေတ္တာ၏ အောက်ခြေတွင် လှဲလျှက်ရှိနေသည်။ အောက်ခြေမှ လက်နက်ကို မြင်လိုက်ရသည့်အချိန်တွင် ကောင်းရှန်းကျစ်၏ မျက်လုံးများက မှေးကျဉ်းသွားပြီး အံ့အားသင့်မှုက ပေါ်ထွက်လာသည်။
သေတ္တာအတွင်းမှ ထိုလက်နက်က ပြီးပြည့်စုံစွာပင် ဖြောင့်တန်းနေသော ဓားကြီးဖြစ်သည်။ ထိုဓားက အလွန်အမင်း ထက်ရှသည်။ ပိုဆိုးသည်မှာ ဓားနှင့် ဓားနောက်ခြမ်းမှ ပုံစံက အလွန့်အလွန် ချောမွေ့နေလေရာ ခုတ်၍လည်းရသည်။ ထိုးသွင်း၍လည်းရသည်။ တစ်ချက်ကြည့်ရုံနှင့်တင် ပုံမှန်မဟုတ်လွန်းသော အင်အားကြီးလက်နက်ဖြစ်ကြောင်း မြင်နိုင်သည်။ ပို၍ဆိုးသည်မှာ လက်နက်၏ အပေါ်ယံက မှန်ကဲ့သို့ ချောမွေ့နေသည်။ အလွန်အမင်း မွန်းမံပြင်ဆင်ထားပုံပေါ်၏။ ဒါဟာ သမုဒ္ဒရာအတွင်းမှ ငမန်းတစ်ကောင်ကဲ့သို့ ထင်ရပြီး ရက်စက်ကြမ်းတမ်းသည်။ သို့သော် တစ်ချိန်ထဲတွင်ပင် ကြည့်ကောင်းလွန်းနေပြန်သည်။
ဒါဟာ သာမာန်လက်နက် မဟုတ်တော့ချေ။ အပြောင်မြောက်ဆုံး အနုပညာ လက်ရာဟုပင် ဆို၍ရပေတော့မည်။ ဓားကဲ့သို့ ရက်စက်ကြမ်းတမ်းမှုကို အနုပညာလက်ရာ မြောက်သည်အထိ မြှင့်တင်နိုင်ခြင်းဖြစ်သည်။
ကောင်းရှန်းကျစ်ကလည်း ဝမ်ချောင်ကသာ ထိုကဲ့သို့ မှင်သက်ဖွယ် ကောင်းလွန်းသော စွမ်းရည်ရှိကြောင်း ဝန်ခံရမည်ဖြစ်သည်။
ကုန်းမြေတွင် မရေမတွက်နိုင်သော တိုင်းပြည်ပေါင်းများစွာရှိသည်။ သို့သော် မည်သည့်တိုင်းပြည်ကမှ မဟာထန်၏ ဝမ်ချောင်ကို မယှဉ်နိုင်လောက်ချေ။ သို့သော် တခဏခန့်ကြာပြီးနောက် ကောင်းရှန်းကျစ်၏ မျက်လုံးက မှေးမှိန်သွားသည်။
“တကယ်ကို ဆေဘာကောင်းပဲ။ ဒါပေမဲ့ တိုက်ပွဲနယ်မြေအတွက် သုံးလို့မသင့်တော်မှာကို စိုးရိမ်ရတယ်”
ကောင်းရှန်းကျစ်က အကြည့်ကို ခပ်မြန်မြန်လွှဲသည်။ သူက နောင်တအပြည့်နှင့်ပြောသည်။
“အိုး”
ဝမ်ချောင်က ဖျော့တော့စွာ ပြုံးပြန်သည်။ သူက စားပွဲပေါ်မှ ရေနွေးကြမ်းကို တစ်ငုံသောက်သည်။ ထို့နောက် ကောင်းရှန်းကျစ်ကိုကြည့်ကာ သူ၏တုန့်ပြန်မှုကို ခန့်မှန်းမိထားသလိုမျိုးသာ ပြန်လည် တုန့်ပြန်သည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဒီဆေဘာဓားရဲ့ ဓားသွားအစွန်းနဲ့ နောက်ခုံတွေက ရှည်လွန်းတယ်လို့ ခံစားရတာလား။ ဒါကြောင့် လွှဲယမ်းလို့မလွယ်ဘူး။ အလွယ်တကူ ကျိုးသွားနိုင်တယ်လို့ ထင်တာပေါ့”
“ဟုတ်တယ်”
ကောင်းရှန်းကျစ်ကလည်း မငြင်းချေ။ သူက နောင်တအချို့နှင့်ပြောသည်။
“ငါတို့အရင်က ဒီလိုဆေဘာမျိုးကို တွေးတောခဲ့ဖူးတယ်။ အဲ့ဒီမတိုင်ခင်က မရေမတွက်နိုင်သော လူပေါင်းများစွာကလည်း ဒီလိုဆေဘာမျိုး၊ ဓားမျိုးကို သုံးချင်ကြတာပဲ။ ဒါပေမဲ့ အားလုံးက ကျရှုံးသွားခဲ့ကြတယ်။ ချိုးဖျက်ရ အမာကြောဆုံးလို့ ပြောကြတဲ့ ဆေဘာတွေဓားတွေတောင်မှ အဆင်မပြေခဲ့ကြဘူး။ သုံးပေ၊ လေးပေလောက်ပဲရှည်တဲ့ ဓားတွေတောင် မကျိုးပျက်နိုင်ဘူးလို့ ပြောကြပေမဲ့ ဒီဆေဘာဓားကတော့ ရှစ်ပေလောက်ထိတောင် ရှည်နေတယ်။ အစစ်အမှန် တိုက်ပွဲမျိုးမှာ ဆယ်ချက်တောင် မခုတ်နိုင်သေးခင် ကွဲအက်သွားလိမ့်မယ်။ ကြမ်းတမ်းလွန်းတဲ့ တိုက်ပွဲကို ရောက်သွားတဲ့အခါ ဆေဘာနဲ့ ဓားတွေ ကျိုးပျက်သွားတယ်ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာကို မင်းနားလည်မယ်လို့ထင်တယ်”
ကောင်းရှန်းကျစ်က လေးနက်စွာ သက်ပြင်းချသည်။ ဝမ်ချောင်၏အကြံက ကောင်းသည်။ သို့သော် အစစ်မှန် မဆန်ချေ။ စိတ်ကူးနှင့်လက်တွေ့က ခြားနားသည်။ ထိုကဲ့သို့သော ဆေဘာမျိုးကို အိမ်မက်ထဲတွင်သာ သုံးနိုင်သည်။
“ဟား ဟား အရှင် ငါကဒီမော့ဆေဘာကို ဖန်တီးထားတယ်ဆိုကတည်းက သဘာဝအလျောက်ပဲ ဒီအချက်ကို ထည့်တွက်ထားတာပေါ့။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကလည်း ဒါကို ကျိုးသွားမယ်လို့ ထင်နေတယ်။ ဘာလို့ တစ်ချက်လောက်ယူပြီး နှစ်ခြမ်းမခွဲကြည့်တာလဲ”
ဝမ်ချောင်ကရယ်သည်။ သူ၏အမူအရာက ယုံကြည်မှုအပြည့်ဖြင့် တောက်ပလာသည်။
“အိုး”
ကောင်းရှန်းကျစ်က အေးခဲသွားသည်။ သူ၏မျက်ဝန်းက အံ့အားသင့်မှုကြောင့် လင်းလက်သွားသည်။ သို့သော် သူက ခပ်မြန်မြန် ဟန်အမူအရာ ပြန်ထိန်းသည်။ ဆေဘာကျိုးခြင်းက ဖြစ်နိုင်ချေ များလွန်းသော ပြဿနာကြီး တစ်ခုဖြစ်သည်။ ထိုပြဿနာကို အလွယ်တကူ မဖြေရှင်းနိုင်ချေ။ သို့သော် ကောင်းရှန်းကျစ်က ပြန်မငြင်းပါချေ။ အချက်အလက်များက စကားထက် ပိုကျယ်သည်။ ထို့ကြာင့် ဝမ်ချောင်၏ ဆေဘာကို လက်တွေ့ကျကျ ချိုးကြည့်လိုက်ရုံနှင့် အခြေအနေကို သိနိုင်ပြီဖြစ်သည်။
တင်း
ကောင်းရှန်းကျစ်က ခေါင်းပင်လှည့်မနေချေ။ သူက လက်ညိုးကိုဆန့်ထုတ်ပြီး မော့ဆေဘာဓားနှင့် လေးပေအကွာတွင်ရပ်လျှက် အသာတောက်လိုက်သည်။ ထိုအချိန်တွင် မိုးခြိမ်းမတက် ကျယ်လောင်သည့် သတ္ထုချင်းထိခတ်သံကြီးက ဝုန်းကနဲ ဟိန်းထွက်လာသည်။ စာသင်ခန်း တစ်ခုလုံးကတင် ဝရုန်းသုန်းကား ဖြစ်သွားသေးသည်။
တခဏခန့် ကြာပြီးနောက် မျက်နှာသေနှင့် ကောင်းရှန်းကျစ်၏မျက်နှာက ဖြူဖျော့သွားသည်။ သူက လက်ညိုးဖြင့် သမန်ကာလျံကာ တောက်လိုက်သော်လည်း ကောင်းရှန်းကျစ်က ထိပ်တန်းအဆင့် မဟာအင်ပါယာဗိုလ်ချုပ်ကြီးဖြစ်သည်။ သူ၏လက်ချောင်း အလေးချိန်က ကျင်းတစ်ထောင်ကျော်သည်။ ထို့ကြောင့် အဆင့်မြင့် သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်၏ ပြင်းထန်သည့် တိုက်ကွက်ဟု ယူဆနိုင်သည်။ ကောင်းရှန်းကျစ်ကလည်း ဆေဘာ၏ ထိုအရှိန်နှင့်သာဆိုလျှင် သူက လက်ချောင်းနှင့် အသာတောက်လိုက်ရုံနှင့် အလွယ်တကူ ကျိုးပျက်သွားမည်ဟု ထင်ထားသည်။ သို့ရာတွင် ရလဒ်ကမူ သူ၏မျှော်လင့်ထားမှုကို ကျော်လွန်သွားသည်။
ဘန်း
ကောင်းရှန်းကျစ်က တုန့်ဆိုင်းမနေဘဲ လက်ချောင်းဖြင့် ထပ်တောက်သည်။ သု့ိသော် ဒီတစ်ကြိမ်တွင် သူ၏အမူအရာက လေးနက်ကာ တည်ကြည်သွားသည်။ သူ၏လက်ချောင်းမှ အားကလည်း အများကြီး ပြင်းသွားသည်။ သူက ရတနာဆေဘာ ဓားပေါင်းများစွာကို ကျိုးပဲ့သွားစေနိုင်သည့် အင်အားမျိုးဖြင့် တောက်လိုက်ခြင်းဖြစ်သည်။