အခန်း (၁၀၃၁-၁၀၃၅)
Vol. 59 Ch. 1031-1035
အခန်း(၁၀၃၁)
“ဒါ ဒါက ဘယ်လို ဘယ်လိုဖြစ်နိုင်မှာလဲ”
ကောင်းရှန်းကျစ်က ထိုရှည်လျားလွန်းသော ဓားကြီးထံမှ ထူးခြားမှုကို ခံစားမိသွားချိန်တွင် မယုံကြည်နိုင်အောင်ဖြစ်လျှက် မှင်သက်သွားလေသည်။ အချက်အလက်က ပြောပြနေသည်။ သူ၏ လက်ချောင်းနှစ်ချောင်းဖြင့် အတောက်ဒဏ်ကို ခံနိုင်ကတည်းက ဝမ်ချောင်၏ ထိုလက်နက်အသစ်ဟာ အလွန့်အလွန် ခိုင်မာလွန်းနေသည်။ ထိုဓားသွားမှ ကြမ်းတမ်းမှုကတင် အလွယ်တကူ မကျိုးပဲ့သွားနိုင်သည့် အရည်အသွေးမျိုးတွင်ရှိလေပြီး ထိုလက်နက်၏အဆင့်က ထိုးတက်သွားပြီဖြစ်သည်။ ဒီနည်းအားဖြင့် လောကရှိ အဓိကလက်နက်အများစုကိုပင် ကျော်လွန်သွားသေးသည်။
“ဆေဘာကောင်းပဲ တကယ့်ကို အစစ်အမှန် ဆေဘာကောင်းပဲ။ ဒီလိုစည်းမျဉ်းကို ချိုးဖျက်လိုက်နိုင်တဲ့ ဆေဘာမျိုး ရှိလိမ့်မယ်လို့ မထင်ထားဘူး။ ဝမ်ချောင် မင်းမှာဒီလိုစွမ်းရည်မျိုး ရှိတယ်လို့တောင် ငါမထင်ထားပါလား။ တော်တော်လေးကို အံ့အားသင့်စရာပဲ”
နာမည်ကျော်ကြားပြီး အင်အားကြီးမားလွန်းလှပါသော အင်ပါယာ မဟာဗိုလ်ချုပ်ကြီး တစ်ယောက်လည်းဖြစ်သလို ဆယ်နှစ်ကျော် အတွေ့အကြုံရှိပြီးသားဖြစ်သည့် ကောင်းရှန်းကျစ်က ထိုရှည်လျားလွန်းသော ဓားကြီး၏ တန်ကြေးကို ချက်ချင်းလိုလို ခံစားမိလိုက်သည်။
ဝှစ်
ကောင်းရှန်းကျစ်က လက်ဆန့်ထုတ်လိုက်ပြီး ရှည်ပေရှည်သည့် မော့ဆေဘာဓားကို ထိုခမ်းနားသည့် သေတ္တာအတွင်းမှ ဆန့်ထုတ်လိုက်သည်။ လက်ဖြင့် အကြိမ်အနည်းငယ် ဝေ့ယမ်းကြည့်ပြီးနောက် သူ၏မျက်ဝန်းက တောက်ပသထက် တောက်ပလာလေသည်။
ထိုရှည်လျားသော ဆေဘာဓားကြီးက အလွယ်တကူ ခုတ်ပိုင်း၍ရသည်။ သူ၏မာကြောမှု၊ မကျိုးပျက်နိုင်သော ဓားသွားကတင် ဆေဘာများ၏ အရှင်သခင် ဖြစ်ရန် ထိုက်တန်နေပြီဖြစ်သည်။
ထိုမျှရှည်လျားလွန်းသော ဆေဘာဓား၏ အရှိန်အဝါက မှင်သက်ဖွယ်ကောင်းလွန်းနေသည်။ လူသောင်းပေါင်းများစွာက ထိုဆေဘာဓားကိုသာ ထုတ်သုံးနိုင်မည်ဆိုလျှင် တိုက်ပွဲနယ်မြေတွင် အလွန့်အလွန် ခြောက်ခြားဖွယ်ကောင်းသည့် ဖျက်ဆီးခြင်းစွမ်းအားကို ထုတ်သုံးနိုင်လာပေလိမ့်မည်။
“ဝမ်ချောင် မင်းမှာ ဒီလိုလက်နက်မျိုး အရေအတွက် ဘယ်လောက်များများရှိလဲ”
ကောင်းရှန်းကျစ်က ဝမ်ချောင်ကို လှမ်းကြည့်သည်။ ရုတ်တရက် ဝမ်ချောင်က မော့ဆေဘာဓားများကို နားလည်စေလိုသည့် ရည်ရွယ်ချက်ကို သူနားလည်လိုက်သည်။ သူကသာ ဝမ်ချောင်က ပုံစံဆွဲထားသည့် ထိုရှည်လျားလှသော ဆေဘာဓားများကို လက်ရွေးစင်စစ်တပ်ကို တစ်ဆင့်ပေးလိုက်မည်ဆိုလျှင် သူတို့၏ ခြိမ်းခြောက်နိုင်စွမ်းအားက မယုံနိုင်စရာပင် ကောင်းသွားပေလိမ့်မည်။ ပို၍ဆိုးသည်မှာ ကောင်းရှန်းကျစ်ကလည်း ထိုရှည်ပေရှည်သော ဆေဘာဓားဟာ ဝမ်ချောင်ခြေလျှင်တပ်ကို မြင်းတပ်အား ကိုင်တွယ်ရန် ဖန်တီးထားသော လက်နက်ဖြစ်ကြောင်း နားလည်နေလေသည်။ ထိုဆေဘာကိုသုံးကာ ခုတ်ချလိုက်လျှင် စစ်မြင်းပင်မဆိုထားဘိ စီးနင်းသူကတင် မော့ဆေဘာဓား၏ ထိုးခုတ်နိုင်သော အတိုင်းအတာ ဝန်းကျင်အတွင်းတွင် ရှိနေဦးမည်ဖြစ်သည်။ ကောင်းရှန်းကျစ်ကိုယ်တိုင်ကလည်း တိုက်ပွဲနယ်မြေတွင် ဆက်တိုက် သတ်ဖြတ်ခံရမည့် လူနှင့်စစ်မြင်းများ၏ မြင်ကွင်းကိုပင် မျက်လုံးထဲတွင် မြင်ယောင်နေပြီဖြစ်သည်။
“ကျန်းရှို့ကျစ်က အလက်ရာကျော် ဖန်တီးထားနိုင်တယ်။ ဒါကြောင့် အရှင်သဘောတူတာနဲ့ လက်မှုပညာရှင်တွေ အားလုံးက နေ့ရောညပါ ကြိုးစားအားထုတ်ပြီး အလုပ်လုပ်ကြပါလိမ့်မယ်။ ဒါကြောင့် တစ်လအတွင်းမှာ မော့ဆေဘာဓားတွေ အားလုံးကို လုပ်ဆောင်လို့ ပြီးသွားလိမ့်မယ်။ အဲ့ဒီမတိုင်ခင်မှာ ငါက သူတို့ကို သစ်သးတုတ်တွေ အစားသုံးပြီး လေ့ကျင့်ခိုင်းထားလို့ရတယ်”
ဝမ်ချောင်က အလေးအနက်ထားကာ ပြောလိုက်သည်။ ဝမ်ချောင်၏ မော့ဆေဘာဓားက ဒီခေတ်မှ သွန်းလုပ်သည့် နည်းပညာများကို ကျော်လွန်သော နည်းလမ်းပေါင်းများစွာကို အသုံးပြုထားခြင်းဖြစ်သည်။ ထို့ကြောင့် ပါဝင်သော လက်နက်များ၏ ပစ္စည်းအရ ဝမ်ချောင်ဟာ တိုက်ပွဲနယ်မြေမှ အာရေးဗီးယား ဓားမောက်ရှည်ပေါင်းများစွာကို စုစည်းခဲ့ရသည်။ အရာအားလုံးက အကောင်းဆုံးသော သံမဏိသားဖြင့် လုပ်ထားခြင်းဖြစ်နေသည်။ ထို့ကြောင့် ချဲ့ကားပြောလျှင်ပင် အကောင်းဆုံးဟု ယူဆရသည့် ဥက္ကာပျံ သံမဏိသားနှင့် ဝု့စ်သံမဏိပမာဏ အနည်းငယ်ကို ပေါင်းစပ်လိုက်ရင်း မော့ဆေဘာဓားများက အမျိုးစုံသော လုပ်နိုင်စွမ်းရည်ရှိသည့် ထိပ်တန်းအဆင့် အစစ်အမှန် ဆေဘာဓားတစ်လက် ဖြစ်လာနိုင်လေသည်။
“ဝမ်ချောင် မင်းဆန္ဒရှိတဲ့အတိုင်းပဲ လုပ်ရအောင်။ ငါက အန်းရှီကာကွယ်ရေးစစ်တပ်ကို မင်းနဲ့ အပြည့်အဝ ပူးပေါင်းပေးမယ်”
ကောင်းရှန်းကျစ်၏ မျက်ဝန်းအတွင်း ထူးဆန်းသောအလင်းက ပေါ်ထွက်လာရင်း သူက စိတ်ဆုံးဖြတ်ချက် ချပေးလိုက်သည်။
ခြိမ်း
ကောင်းရှန်းကျစ်ကလည်း သူသဘောတူလိုက်သည့် တခဏတွင် ကုန်းမြေ၏ စစ်တည်ဆောက်ပုံကြီး တစ်ခုလုံးက ပြောင်းလဲသွားမည်ဟု မထင်ထားလောက်ချေ။ မမျှော်လင့်ထားသော စစ်သည်တော် အမျိုးအစားတစ်ရပ်က သမိုင်းအတွင်းမှ ခုန်ထွက်လာမည်ဖြစ်သည်။
ကောင်းရှန်းကျစ်ကို လိုက်ပါပို့ဆောင်ပြီးနောက် ဝမ်ချောင်က တံခါးကိုတွန်းဖွင့်လျှက် ထွက်ခွာသွားသည်။ တာလာ့၏ မြောက်ဘက်ခြမ်းတွင်ရှိသော လေ့ကျင့်ရေးကွင်းပြင်တွင် ဝမ်ချောင်က လီစစ်ယဲ့နှင့် အခြားသော ဝူရှန်းမြင်းတပ်အဖွဲ့ဝင် လေးထောင့်ခြောက်ရာခန့်ကို စုစည်းထားသည်။
“အရှင်”
ဝမ်ချောင်ကိုမြင်သောအခါ လီစစ်ယဲ့က ချက်ချင်းဆိုသလို သူ၏ဖာဟားနား တောင်ပေါ်မြင်းကြီးကို ရှေ့သို့စီးနင်းသွားစေပြီး ဂါရဝပြုလာသည်။
“အဆင်သင့်ပဲလား”
ဝမ်ချောင်က ခေါင်းမော့ကာမေးသည်။
“အမတ် စိတ်အေးအေးထားပါ။ ကျွန်တော်တို့က အမတ်မင်းရဲ့ ဆင့်ခေါ်မှုကို စောင့်ဆိုင်းနေတာပါ”
“အရမ်းကောင်းတယ်။ ဒီစက္ကူစာရွက်တွေကိုယူပြီး ဝူရှန်းမြင်းတပ်ကို နေ့ရောညပါ လေ့ကျင့်ပေးထားလိုက်။ ငါတို့ရဲ့အချိန်က အရမ်းကို အကန့်အသတ်နဲ့ ရှိနေပြီ။ ဒီလအတွင်းမှာ မင်းတို့အားလုံး သေချာပေါက် ပြီးမြောက်ရမယ်။ မင်းတို့ဒီဝင်္ကပါကို ဒီတစ်လအတွင်း သေချာပေါက် ပြီးမြောက်အောင် လေ့ကျင့်ထားရမယ်။ ငါပြောတာကိုနားလည်လား”
ဝမ်ချောင်ကပြောသည်။
“အရှင့်ရဲ့ လက်အောက်ငယ်သားက အကောင်းဆုံး ကြိုးစားပါ့မယ်”
လီစစ်ယဲ့က စာရွက်ကို တစ်ချက်ကြည့်သည်။ အတွင်းမှ ရေးထားသော နည်းလမ်းများကို မြင်လိုက်ရချိန်တွင် သူ၏မျက်ဝန်းက မှေးကျဉ်းသွားလေသည်။ ထို့နောက် သူ၏အမူအရာက တင်းမာသွားသည်။ သူက ဝမ်ချောင်ကို နှုတ်ဆက်ပြီး ချက်ချင်းလိုလို ဒုန်းစိုင်းထွက်ခွာသွားသည်။
အဇူရာငရဲ
ဝမ်ချောင်က သူ့ကိုပေးလာသော စာရွက်ပေါ်တွင် ထိုအရာနှင့်ပတ်သတ်သည့် အကြောင်းအရာပေါင်း များစွာပါသည်။ လီစစ်ယဲ့ဟာ ကံကောင်းစွာဖြင့် ဝမ်ချောင်ထံမှတဆင့် မဟာဝင်္ကပါ ဆယ်မျိုးအကြောင်း ကြားခဲ့ဖူးသည်။ ထိုထဲတွင် ဝူရှန်းမြင်းတပ်က အသုံးပြုထားသော ဆယ်ကြိမ်ချီတက်လျှင် ဆယ်ပွဲအောင်နိုင်ရမည်ဆိုသော ဝင်္ကပါလည်း ပါဝင်သည်။ ထိုဆယ်ကြိမ်ချီတက်လျှင် ဆယ်ပွဲနိုင်ရမည်ဆိုသော ဝင်္ကပါက နောက်ဆုံးနေရာတွင်ဖြစ်ပြီး အဇူရာငရဲက ဒုတိယနေရာတွင် ဖြစ်သည်။
...
တာလာ့၏ မြို့အရှင်ခန်းမအတွင်းရှိ တံခါးက ပွင့်သွားသည်။ ဝမ်ချောင်ကပေးထားသော သံချပ်ကာကို ဝတ်ဆင်ထားသည့် ကောင်းရှန်းကျစ်က သူ၏စံအိမ်ကိုပြန်သွားပြီဖြစ်သည်။ သူက သံချပ်ကာကို ချွတ်လိုက်ပြီးနောက် သူ၏စားပွဲခုံသို့သွားကာ မှတ်တမ်းများကို စတင်ကာ ဖတ်ရှု့သည်။
ဝမ်ချောင်နည်းတူ ကောင်းရှန်းကျစ်ကလည်း လုပ်ဆောင်ရမည့် စစ်ရေးစစ်ရာ ကိစ္စပေါင်းများစွာ ရှိနေလေသည်။ မည်သို့ပင်ဆိုစေ အထိနာသွားသော အန်းရှီကာကွယ်ရေးစစ်တပ်မှ အခြေအနေများ၊ ဒဏ်ရာရသူများကိုကုသခြင်း၊ ရိက္ခာများကို ဖြန့်ဝေခြင်း၊ ဖာဟားနားနှင့် ကာလာ့အဖွဲ့များကို ကိုင်တွယ်ခြင်း၊ မြို့နံရံကိုပြင်ဆင်ခြင်း၊ ကင်းစောင့်များကို စောင့်ကြည့်ရန် ကင်းလှည့်ခြင်း စသော ကိစ္စပေါင်းများစွာကို ကိုင်တွယ်ရန် လိုအပ်နေသေးလေသည်။
ကောင်းရှန်းကျစ်က ထိုမှတ်တမ်းများ အားလုံးကို ဖတ်ပြီးသွားသည့်အချိန်တွင် အချိန်က အလွန်နောက်ကျနေပြီဖြစ်သည်။
ကောင်းရှန်းကျစ်က စုတ်တံကို စုတ်တံတင်ခွက်ထဲသို့ ပြန်ထည့်လိုက်ပြီး မျက်လုံးကို ပွတ်သည်။ သူ၏မျက်နှာတွင် နွမ်းနယ်မှုများက ပေါ်ထွက်လာလေသည်။ လေပြင်းက မုန်တိုင်းမလာခင်ကတည်းက ကြိုတိုက်တတ်သည်။ တာလာ့က အခြေအနေဟာ တည်ငြိမ်နေသော်လည်း မည်သူကမဆို ဒါဟာ အင်အားကြီးမားလွန်းသော ဖိအားကြီးတစ်ရပ်ဖြစ်ကြောင်း နားလည်နေကြသည်။ မဟာထန်၏ စစ်သည် ခြောက်သောင်းက စက္ကန့်တိုင်းအတွက် တိုက်ခိုက်ရန် ပြင်ဆင်နေကြရသေးလေသည်။ သူတို့က အတက်နိုင်ဆုံးကြိုးစားပြီး သူတို့၏အင်အားကို မြှင့်တင်ရန် ကြိုးစားနေကြရ၏။ ဒီနည်းအားဖြင့် ကျရောက်လာမည့် အရက်စက်ဆုံးသော တိုက်ပွဲအတွက် ပြင်ဆင်နေကြရသည်။
“အရှင်က အရမ်းကြိုးစားလွန်းနေပါပြီ။ ရေနွေးကြမ်းလေးသောက်ပြီး အနားယူပါဦး”
တံခါးခေါက်သံ ထွက်လာပြီးနောက် အန်းရှီကာကွယ်ရေးစစ်တပ်မှ အစောင့်အရှောက်က ရေနွေးကြမ်းတစ်ခွက်နှင့် ဝင်လာသည်။
“ချထားလိုက်ပါ”
ကောင်းရှန်းကျစ်က စားပွဲကိုအသာခေါက်သည်။ ပါးစပ်ကထွက်သွားပြီးနောက် ကောင်းရှန်းကျစ်က စားပွဲပေါ်မှ ရေနွေးကြမ်းခွက်ကို ကောက်ကိုင်သည်။ သူက တစ်ငုံသောက်မည့်အချိန်တွင် ရုတ်တရက် စားပွဲပေါ်တွင်ရှိသော စာရွက်နှစ်ရွက်ကို ကြည့်လိုက်မိသည်။ သူ၏စိတ်အတွင်း အတွေးတစ်ချက်က ဖြတ်ပြေးသွားသည်။
“ဒါက ဝမ်ချောင်ပြောတဲ့ သိုင်းဆိုတားလား”
ကောင်းရှန်းကျစ်၏ ကျင့်ကြံခြင်းအဆင့်သို့ ရောက်သွားခဲ့လျှင် ရှေ့သို့ဆက်တက်ရန် အလွန့်အလွန် ခက်ခဲသွားပြီဖြစ်သည်။ ထို့ကြောင့် ကောင်းရှန်းကျစ်က သတိလက်လွတ် ထိုအရာဟာ သူ့ကို မကူညီပေးနိုင်ဟု ယုံကြည်လိုက်ခြင်းဖြစ်သည်။ သို့သော် အဆုံးသတ်တွင် ဝမ်ချောင်၏ ဆန္ဒကောင်းကို မငြင်းပယ်လိုပြန်ချေ။
“တစ်ချက်တော့ ကြည့်လိုက်မယ်”
ကောင်းရှန်းကျစ်က ခေါင်းကိုအသာခါပြီး ပြုံးလိုက်သည်။ သူက ရည်ရွယ်ချက်မဲ့စွာဖြင့် ထိုစာရွက်နှစ်ရွက်ကို ကောက်ကိုင်ပြီး တစ်ချက်ကြည်လိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ကောင်းရှန်းကျစ်ကလည်း သူ့ကို အပ်ဖြင့်ထိုးလိုက်သလို ခံစားရသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက တုန်ယင်သွားပြီး နွမ်းနယ်မှုများ အားလုံးက ယူပစ်သလို ပျောက်ကွယ်သွားသည်။
“ဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေက ရှိနိုင်မှာလဲ”
ကောင်းရှန်းကျစ်က စာရွက်ပေါ်မှ စကားလုံးများကိုကြည့်နေသည်။
“စိတ်ရှိရင်ဓားက လေဟာနယ်ထဲကိုတောင် ဝင်နိုင်တယ်”
ထိုတိုတောင်းသော စကားလုံးများက ကောင်းရှန်းကျစ် ကျင့်ကြံသော ပြိုင်ဘက်ကင်း အရှင်သခင် နတ်ဘုရားခြောက်ပါးသိုင်းထဲမှ မန်ထရာတစ်ခုနှင့် တထေရာတည်းတူသည်။ ကောင်းရှန်းကျစ်က ချက်ချင်းလိုလို ခပ်မတ်မတ်ထိုင်လိုက်ပြီး ထဖတ်သည်။ သူ၏အမူအရာက လေးနက်သထက် လေးနက်လာကာ တည်ကြည်လာသည်။ သူက နောက်ဆုံးစကားလုံးကို ဖတ်ပြီးသွားသည့်အချိန်တွင် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး တဖြေးဖြေးချင်း ခေါင်းကိုမော့သည်။ သူက အချိန်အတန်ကြာ တိတ်ဆိတ်သွားသည်။
ခန်းမကလည်း တိတ်ဆိတ်နေသည်။ ထိုအခိုက်တွင် ကောင်းရှန်းကျစ်၏ နှလုံးသားက မုန်တိုင်းထန်နေမည်ဖြစ်သည်။
ဝမ်ချောင်က သူ့ကိုပေးလိုက်သောသိုင်းမှ သုံးဆယ်ရာခိုင်နှုန်းမှ ရှစ်ဆယ်ရာခိုင်နှုန်းအထိ အပိုင်းများဟာ ကောင်းရှန်းကျစ်၏ ကိုယ်ပိုင်သိုင်းနှင့် တူညီနေသည်။ သို့သော် စွမ်းအားကမူ ကောင်းရှန်းကျစ်၏ ကိုယ်ပိုင်သိုင်းထက်ပင် သာနေသေးသည်။ ဒါက အဆင့်မြင့် အခွဲတစ်ခုဟုပင် ဆိုရဦးမည်ဖြစ်သည်။ ကောင်းရှန်းကျစ်က ထိုကဲ့သို့သော အခြေအနေမျိုးကို မကြုံဖူးချေ။
သိုင်းနှစ်ခုက မတူသော်လည်း ပြင်းထန်နက်ရှိုင်းလွန်းသည့် ဆက်စပ်မှုက ရှိနေသည်။
“ငါ ဒီသိုင်းရဲ့ အဆက်ကိုလိုက်ရှာပြီး ငါ့ရဲ့အင်အားတွေအားလုံး ကုန်ဆုံးခဲ့ရတယ်။ ဒါပေမဲ့ အလားတူတဲ့ သိုင်းတွေကို မတွေ့ခဲ့ဘူး။ ငါထင်တာမှားသွားခဲ့တာလား။ ပြိုင်ဘက်ကင်း အရှင်သခင်ခြောက်ပါး နတ်သိုင်းက ပိုပြီးရှေးကျတဲ့ သိုင်းတစ်ခုရဲ့ အခွဲတစ်ခုပဲဖြစ်နေခဲ့တာကိုး။ အဲ့ဒီသိုင်းရဲ့ အထက်မှာ ပိုပြီးအင်အားကြီးတဲ့သိုင်းက ရှိနေခဲ့တာပါလား”
ကောင်းရှန်းကျစ်က ထိုစာရွက်နှစ်ရွက်ကို ကိုင်ထားပြီး ရေရွတ်နေသည်။ သူ၏စိတ်က မုန်တိုင်းထန်သွားသည်။
စာကြည့်ခန်းက တိတ်ဆိတ်နေသည်။ သို့သော် ကောင်းရှန်းကျစ်၏ ပတ်ဝန်းကျင်တွင် ကြီးမားလွန်းသည့် စွမ်းအင်လှိုင်းများက လိမ့်တက်နေသည်။ ကောင်းရှန်းကျစ်က သူ၏ခေါင်းကိုငုံ့လိုက်ပြီး စာပါအကြောင်းအရာများကို ဆက်ဖတ်သည်။ အဆုံးသတ်တွင် သူ၏စိတ်က နစ်မျောသွားပြီး အချိန်တစ်ခုကြာသွားသည်။
...
ဘန်း
မမြင်ရသော အားတစ်ရပ်ကြောင့် လေးလံသောတံခါးက ခပ်ကြမ်းကြမ်း ဆွဲဖွင့်ခံရသည်။ အခန်းထဲရှိ စားပွဲများ၊ ကုလားထိုင်များ အားလုံးက ဖယ်ရှားခံရ၏။ ကောင်းရှန်းကျစ်က ကြမ်းပြင်ပေါ်တွင်ထိုင်သည်။ သူ၏ခံစားချက်က ပြင်းထန်သောစွမ်းအားကို လွှတ်ထုတ်လာသည်။ ကောင်းရှန်းကျစ်၏ ကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များက တဖြည်းဖြည်းချင်း ဦးတည်ရာတစ်ခုသို့ ရွှေ့သွားသည်။
“ဂုဏ်ယူပါတယ် အသုံးပြုသူ အသုံးပြုသူက ဗိုလ်ချုပ်ရဲ့နှလုံးသား (ကျေးဇူးတင်စိတ်)ကို လက်ခံရရှိသွားပြီး ကောင်းရှန်းကျစ်ရဲ့ ကျေးဇူးကြွေးကို ရရှိသွားပါပြီ။ ရလဒ်အနေနဲ့ စစ်သမိုင်းမှာ အပြောင်းအလဲတစ်ခု ဖြစ်လာပါလိမ့်မယ်”
ဆုလဒ်.. ကံကြမ္မာစွမ်းအင်အမှတ် တစ်ရာ...
တစ်ချိန်ထဲတွင်ပင် တာလာ့မြောက်ပိုင်း လေ့ကျင့်ရေးကွင်းထဲသို့ ရောက်နေသော ဝမ်ချောင်၏ စိတ်အတွင်းတွင် ကံကြမ္မာကျောက်တုံး၏ အသံက ရုတ်ချည်းထွက်ပေါ်လာသည်။ ဝမ်ချောင်က တာလာ့၏ မြို့အရှင်ခန်းမရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် စွမ်းအင်များက ကောင်းကင်သို့ ထိုးတက်နေသည်။ သူ၏မျက်နှာတွင် အပြုံးကလည်း ပေါ်လာသည်။
အရာအားလုံးက လမ်းကြောင်းမှန်မှာ ရှိနေတာပဲ။
ကပ်ဘေးခေတ်တွင် ကောင်းရှန်းကျစ်၏ ပြိုင်ဘက်ကင်း အရှင်သခင် နတ်ဘုရားခြောက်ပါးသိုင်းကို အခြေခံပြီး ပြိုင်ဘက်ကင်း အုပ်စိုးခြင်း ရှစ်သွယ်သိုင်းက ပေါ်ထွက်လာခဲ့သည်။ ထိုသိုင်းကို ကျွမ်းကျင်ပညာရှင်ပေါင်း များစွာက စုပေါင်းကာ ဖန်တီးခဲ့ခြင်းဖြစ်ပြီး ဒီဘဝ နှစ်နှစ်ဆယ်ခန့် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဒီဘဝတွင်မူ နှစ်နှစ်ဆယ်ခန့်စောပြီး ပေါ်ထွက်လာသည်။ ထို့နောက် ကောင်းရှန်းကျစ်၏ လက်ထဲသို့ ရောက်သွား၏။ သမိုင်းက တစ်ပတ် လည်လာလေပြီး ဝမ်ချောင်က သူ၏လက်ကိုသုံးပြီး မူရင်းလမ်းကြောင်းအတိုင်း ပြန်တက်လိုက်ရုံသာဖြစ်သည်။
ထိုပြိုင်ဘက်ကင်းသိုင်းက ကျင့်ကြံရာတွင် တင်းမာသောလိုအပ်ချက် ရှိသည်။ ကျင့်ကြံသူက အနည်းဆုံး မဟာဗိုလ်ချုပ်အဆင့်ဖြစ်ရပေမည်။ အနည်းဆုံး တစ်လခန့် ကျင့်ကြံရမည်ဖြစ်ပြီး တစ်လအတွင်း အစမှ အဆုံးအထိ အနှောက်အယှက် မရှိရချေ။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က အစောပိုင်းကတည်းက ထပ်ပေးခဲ့ခြင်းမဟုတ်ချေ။
“ချန်းချန့်လီကို လူတွေပိုလွှတ်ဖို့ပြောလိုက်။ မြို့အရှင်ရဲ့စံအိမ်နဲ့ ကျန်းတစ်ရာအတွင်းကို ဘယ်သူကမှ ဝင်ခွင့်မရှိဘူး”
ဝမ်ချောင်က ခေါင်းလှည့်ပြီး သူ့ဘက်မှ ချီရှီသတင်းပို့တစ်ယောက်ကို အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့အရှင်”
အချိန်များက တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ လူတိုင်းကလည်း တာလာ့၏ တိုက်ပွဲအတွက် ပြင်ဆင်ရင်း အလုပ်များနေကြ၏။ ထိုနေရာနှင့် လီခြောက်ဆယ်ခန့်အကွာ အနောက်ပိုင်းတူရကီ စခန်းကမူ တင်းကြပ်မှုများနှင့် ပြည့်နှက်နေသည်။
ခြိမ်း
ကောင်းကင်တွင် မိုးခြိမ်းသံက ဟိန်းထွက်သွားသည်။ အနောက်ပိုင်းတူရကီ စခန်းအထက်တွင် မိုးကြိုးတိမ်စိုင်များက ရစ်ခွေလာသည်။ တိမ်စိုင်များက အရပ်မျက်နှာအနှံ့မှ စုစည်းလာသည်။ မိုးကြိုးတိမ်စိုင် အများဆုံးနေရာက မုန်တိုင်းပင်ဖြစ်လာပြီး မိုးပြာရောင်စွမ်းအင်တိုင် တစ်တိုင်က ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ပေးသလို ဖြစ်လာကာ ထိုနေရာက အလွန်သိသာ ထင်ရှားသော မြင်ကွင်းကြီးကို ပေါ်ထွက်လာစေသည်။
မိုးပြာရောင် တိုင်အောက်သို့ ငုံ့ကြည့်လိုက်မည်ဆိုလျှင် အရပ်ရှည်ရှည်နှင့် သန်သန်မာမာ ခန္ဓာကိုယ်တစ်ခုကို မြင်ရမည်ဖြစ်ပြီး သူ၏ကိုယ်မှ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အရှိန်အဝါကို လွှတ်ထုတ်လျှက် လေထဲတွင် ရပ်နေကြောင်း မြင်ရမည်ဖြစ်သည်။ ထိုပုံရိပ်က လေးလံသော သံချပ်ကာကို ဝတ်ဆင်ထားသည်။ လေတွင် အနက်ရောင်ဝတ်ရုံက လွင့်နေသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အရှိန်အဝါကို လွှတ်ထုတ်ထားလေသည်။
အခန်း(၁၀၃၂)
“မဟာဗိုလ်ချုပ်”
“မဟာဗိုလ်ချုပ်”
“မဟာဗိုလ်ချုပ်”
ဝမ်မြောက်အားရဖြစ်စွာ အော်ဟစ်အားပေးသံများက ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။ ထိုအခိုက်အတန့်တွင် တုဝူစစ်လီသည် သူ၏စစ်သားတိုင်း၏ အမြင်တွင် နတ်ဘုရားတစ်ပါး ဖြစ်သွားသည်။ သူတို့ကလည်း ထိုအရှိန်အဝါမြင့် ဝင်္ကပါကို ကျင့်ကြံနေသူများဖြစ်သည်။ ထိုအတွက်ကြောင့် သူတို့သည်လည်း တုဝူစစ်လီဟာ အင်အားကြီးသထက် ကြီးလာကြောင်း ခံစားမိနေကြသည်။ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာသည်နှင့်အမျှ သူ၏ကိုယ်မှ ထုတ်လွှတ်လာသော ဖိအားက ပြင်းထန်လာသည်။
ဂျွတ် ဂျွတ် ဂျွတ် ခလွက်
ရုတ်တရက် အရှိန်အဝါမြင့် ဝင်္ကပါ၏ အလယ်ဗဟိုတွင် မိုးကြိုးတိမ်စိုင်များက ရုတ်ချည်း ထွက်ပေါ်လာပြီး ပူလောင်ပြင်းထန်လွန်းသော အရှိန်အဝါကို ထုတ်လွှတ်ထားသည့် လျှပ်စီးတန်းတစ်တန်းကို ဆင်းသက်လာစေသည်။ ဆင်းသက်လာသောနေရာက တုဝူစစ်လီအထက် တည့်တည့်ဖြစ်သည်။ လျှပ်စီးများက နှာမှုတ်သံလိုမျိုး တဆစ်ဆစ်သံများကို လွှတ်ထုတ်နေသလို သူ၏ခန္ဓာကိုယ် ပတ်ဝန်းကျင်ကိုလည်း ကွဲအက်ရာများ ဆက်တိုက် ထွက်ပေါ်နေစေသည်။ သို့သော် တုဝူစစ်လီကမူ ထိုလျှပ်စီးတန်းတိုင်းကို စုပ်ယူသွားနိုင်လိုက်သည်။
လျှပ်စီးတစ်တန်း ကျရောက်ခဲ့ပြီး သိပ်မကြာခင် နောက်ထပ်တစ်တန်းက ထပ်မံကျဆင်းလာသည်။ ထိုလျှပ်စီးတန်းများ အားလုံး၏ စွမ်းအားမှတဆင့် တုဝူစစ်လီ အင်အားက ဆက်တိုက် ဖောင်းကားမတက် ပြင်းထန်တိုးတက်လာသည်။
အချိန်တစ်ခုကြာပြီးနောက် ကောင်းကင်တွင်ရှိသော အရှိန်အဝါမြင့် ဝင်္ကပါ၏ အရှိန်အဝါက အားနည်းသထက် အားနည်းလာသလို တုဝူစစ်လီကလည်း မျက်လုံးကို တဖြည်းဖြည်းချင်း ပြန်ဖွင့်လိုက်ပြီဖြစ်သည်။ တုဝူစစ်လီက သူ၏ပိန်းပိတ်အောင် မည်းမှောင်သော တူရကီစစ်မြင်းကြီးပေါ်တွင် စီးနင်းထိုင်လျှက် ကောင်းကင်မှအောက်သို့ တဖြည်းဖြည်းချင်း ဆင်းသက်သည်။
“ဟား ဟား အရှိန်အဝါမြင့် ဝင်္ကပါက တော်တော်လေး လေးစားဖို့ကောင်းတယ်။ ဒီလောက် တိုတောင်းတဲ့ အချိန်တိုလေးအတွင်းမှာတောင် ငါ့ရဲ့ခွန်အားက တဖန်ထပ်မြှင့်သွားပြန်ပြီ”
တုဝူစစ်လီက ခေါင်းကိုအသာမော့သည်။ သူ၏မျက်ဝန်းထဲတွင် တောက်ပသောအလင်းက လက်လာသည်။
တုဝူစစ်လီ မဟာဗိုလ်ချုပ်အဆင့်သို့ ရောက်နေခဲ့သည်မှာ အချိန်အတန်ကြာပြီဖြစ်သည်။ ထို့ကြောင့် အစောပိုင်း မဟာဗိုလ်ချုပ်များ၏အဆင့်မှ အထွတ်အထိပ်အဆင့်သို့ တက်ရန် အချိန်အများကြီး မလိုအပ်ချေ။ သို့သော် ထိုနောက်ပိုင်းတွင် အဆင့်တက်သွားသော ကိစ္စရပ်ကမူ အလွန့်အလွန် ခက်ခဲသွားပြီဖြစ်သည်။ တုဝူစစ်လီကိုယ်တိုင်ကလည်း သူ၏ခွန်အားဟာ ယခုလို အခြေအနေမျိုးတွင် မြင့်နိုင်ဦးမည်ဟု မတွေးထားမိပါချေ။ ထိုအတွေးကတင် မယုံနိုင်ဖွယ်ကောင်းလွန်းနေပြီဖြစ်သည်။
တုဝူစစ်လီက ဆင်းသက်လာကြောင်း မြင်သောအခါ ရှားမနဲ့ ချဲ့ခွန်းပန်းပါ့တို့ အားလုံးက အပြေးအလွှားလာပြီး သူ့ကိုကြိုဆိုကြသည်။
“ဂုဏ်ယူပါတယ် မဟာဗိုလ်ချုပ် ဗိုလ်ချုပ်က နောက်ထပ် တစ်ဆင့်ကို ထပ်တက်သွားပြန်ပြီ။ အနာဂတ်မှာ အပုမူစလင်တောင်မှ ဗိုလ်ချုပ်ကို ယှဉ်နိုင်တော့မှာမဟုတ်ဘူး”
“အရှိန်အဝါမြင့် ဝင်္ကပါကို ကျင့်ကြံနေတာမျိုးနဲ့သာဆိုရင် ခါကန်းက အရှင့်ကို သေချာပေါက် ဆုလဒ်ကြီးကြီးမားမား ချီးမြှင့်ပေးလိမ့်မယ်။ မဟာဗိုလ်ချုပ် ဝူလူရှီးပီတောင်မှ မဟာဗိုလ်ချုပ်ဆီမှာ ဦးညွှတ်ရလိမ့်မယ်”
ဝူလူရှီးပီသည် အနောက်ပိုင်းတူရကီ၏ စစ်နတ်ဘုရားဖြစ်ပြီး ယွီစန်း၏ မဟာဗိုလ်ချုပ် ဝိတာထရာခုံးလော့နှင့် မဟာထန်မှ ဝမ်ကျုံးစစ်တို့နှင့် အဆင့်အတန်းခြင်းတူသည်။ အနောက်ပိုင်း တူရကီများအကြားတွင် သူဟာ နေမင်းမဟာဗိုလ်ချုပ်တစ်ပါးဟု လူသိများ ထင်ရှားကျော်ကြားသည်။ တုဝူစစ်လီကို ကျော်လွန်ထားသော တည်ရှိမှု အနည်းငယ်ထဲမှ တစ်ယောက်လည်းဖြစ်သည်။ ပို၍ဆိုးသည်မှာ တုဝူစစ်လီက စစ်တပ်ရေးရာအာဏာ တစ်ခုနှင့်ပတ်သတ်ပြီး သူနှင့် ကတောက်ကဆ ဖြစ်ဖူးသည်။
“ဟွန်း မင်းတို့တွေငါ့ကို ဒီလောက်ထိ ကြိုစောပြီး ဂုဏ်ပြုနေစရာ မလိုပါဘူး။ ငါ့ရဲ့လက်ရှိ အင်အားမျိုးနဲ့တောင်မှ ဝူလူရှီးပီကို အနိုင်ယူဖို့က လွယ်သေးတာမဟုတ်ဘူး။ ဒါပေမဲ့သူက နေမင်းနတ်ဘုရားသိုင်းနဲ့ အဲ့ဒီမန်ထရာကိုသာ မရထားရင် ဝူလူရှီးပီက ဘယ်တော့မှ ငါ့ကို ကျော်နိုင်မှာမဟုတ်ဘူး”
တုဝူစစ်လီက အေးစက်စွာ ပြန်ဖြေသည်။
သူက ဝူလူရှီးပီကို ရန်လိုသော်လည်း တုဝူစစ်လီအနေနှင့် ဝူလူရှီးပီဟာ အနောက်ပိုင်းတူရကီ ဗိုလ်ချုပ်ကြီးများထဲတွင် အင်အားအကြီးဆုံးဖြစ်ကြောင်း ဝန်ခံရပေမည်။
ရှားမနှင့် ချဲ့ခွန်းပန်းပါ့တို့၏ မျက်ဝန်းက တခဏခန့် လင်းလက်သွားသည်။ သို့သော် သူတို့က အပိုစကား ဆက်မပြောကြချေ။
“မဟာဗိုလ်ချုပ် ကျွန်တော်တို့က အခြေခံအရှိန်အဝါလောက်ကို ထုတ်လွှတ်နိုင်စွမ်းအား ရှိနေပါပြီ။ အရှိန်ကလည်း ယခင်ကထက် အများကြီးပိုပြီး အင်အားကြီးလာပြီဆိုတော့ ကျွန်တော်တို့တွေ မဟာထန်ကို သုတ်သင်တော့မှာလား”
ရှားမက ရုတ်တရက်မေးသည်။
“အလောမကြီးနဲ့”
တုဝူစစ်လီက လက်ကိုခပ်အေးအေးယမ်းသည်။
“ငါက အခုမှ ကျင့်ကြံကာစပဲရှိသေးတာ။ ငါတို့ရဲ့အင်အားကို အပြည့်အဝ ပြသနိုင်ဖို့အတွက် ငါက အရင်ဆုံး ပြီးဆုံးအောင်ကျင့်ကြံပြီး ခွန်အားကို တည်ငြိမ်အောင် ထိန်းရဦးမယ်။ အဲ့ဒီမတိုင်ခင် ငါ့ရဲ့အမိန့်မရှိဘဲ မင်းတို့တွေ မင်းတို့ဘာသာ စိတ်ဆုံးဖြတ်ပြီး မဟာထန်တွေကိုသွားပြီး မတိုက်ခိုက်ကြနဲ့”
“ဟုတ်ကဲ့”
ထိုကိစ္စ၏ လေးနက်မှုအရ ရှားမနှင့် ချဲ့ခွန်းပန်းပါ့တို့ကလည်း တာဝန်မယူနိုင်ကြလေရာ ချက်ချင်း ခေါင်းညိမ့်လိုက်ပြီး နာခံကြသည်။
“ရှားမ ငါတို့ကင်းလှည့်မှုရဲ့ လက်ရှိဝန်းကျင်အခြေအနေက ဘယ်လိုလဲ”
တုဝူစစ်လီက ခပ်ပြတ်ပြတ် မေးလိုက်သည်။
ရှားမက ရိုသေလေးစားစွာ ဂါရဝပြုသည်။
“လီနှစ်ဆယ်ဝန်းကျင်ပါ... ကျွန်တော်တို့က နေ့ရောညပါ လီနှစ်ဆယ်ဝန်းကျင်လုံးကို မြင်းတပ် တပ်ဖွဲ့ဝင် အဖွဲ့နှစ်ဆယ်လောက်ခွဲပြီး စေလွှတ်လို့ စောင့်ကြည့်ခိုင်းထားပါတယ်။ ကောင်းကင်မှာ ရွှေရောင် သိန်းငှက်ကိုလည်းလွှတ်ပြီး စောင့်ကြည့်ခိုင်းထားပါတယ်။ ထန်တွေကသာ ချဉ်းကပ်လာရဲရင် ကျွန်တော်တို့လူတွေက ချက်ချင်းသိမှာပါ”
“လီခြောက်ဆယ်အထိ ချဲ့လိုက်။ ဒီနေရာကနေ စတင်ပြီး တာလာ့အကြားနေရာထိ နေ့ရောညပါ ကင်းလှည့်တာမျိုးကို ငါလိုချင်တယ်”
တုဝူစစ်လီက ဩရှသောလေသံနှင့် အမိန့်ပေးသည်။
“ငါတို့တွေ ဒီထန်တွေကို အခွင့်အရေးတစ်ခု ဒါမှမဟုတ် အားနည်းချက် နည်းနည်းလေးတောင် ပေးလိုက်လို့မရဘူး။ ဒါ့အပြင် လူအင်အားကို နှစ်ဆတိုးပြီး ကင်းလှည့်ဖို့ပြင်ဆင်ထား။ ညအချိန် ကင်းလှည့်တဲ့အခါ အရေအတွက်ကို နှစ်ဆတိုးထား။ ထန်တွေက ညပိုင်းဝင်စီးတာကို တအား သဘောကျတာ။ ငါတို့က ဒီအရှိန်အဝါမြင့် ဝင်္ကပါသိုင်းကို အပြည့်အဝ ကျင့်ကြံလို့မပြီးသေးခင် ငါ့ရဲ့အရှေ့ကို ထန်တစ်ယောက်တောင် ပေါ်လာတာမျိုးကို ငါမမြင်ချင်ဘူး”
“ဟုတ်ကဲ့အရှင်”
လူတိုင်းက ခေါင်းညိမ့်လိုက်ကြသည်။
ထိုသို့အရာအားလုံးကို ကိုင်တွယ်ပြီးမှသာ တုဝူစစ်လီက အနည်းငယ် စိတ်အေးသွားပုံပေါ်သည်။
“ဒါ့အပြင် သာ့လွန်ရော့ကျန်းကိုလည်း ထင်မြင်ချက် တောင်းခံတဲ့အနေနဲ့ စာတစ်စောင်ပို့လိုက်။ တာလာ့ဝန်းကျင်မှာ ထန်တွေကို သူ့ထက်ပိုပြီးနားလည်တဲ့လူမရှိဘူး”
“ဒီလက်အောက်ငယ်သားက အမိန့်အတိုင်း လုပ်ဆောင်လိုက်ပါ့မယ်”
...
တုဝူစစ်လီက သာ့လွန်ရော့ကျန်း၏ ပြန်စာကို စောင့်ဆိုင်းနေချိန်တွင် တိဗက်စခန်းအတွင်း ဒေါသများက တောက်လောင်နေကြောင်းကို သူက မသိပါချေ။
“မျိုးမစစ်ကောင် ဒီတုဝူစစ်လီက ရည်မှန်းချက်ကြီးလွန်းတယ်။ သူကငါတို့ကို ဒီလိုနိမ့်ကျတဲ့ နည်းလမ်းသုံးပြီး ကိုင်တွယ်လိုက်တာပဲ”
တိဗက်စခန်းထဲတွင် ဟော်ပါးစမ်းယဲ့က စားပွဲကိုလက်သီးဖြင့် ထုနေသည်။ သူကဒေါသကို မနည်းထိန်းထားရသည်။
အနောက်ပိုင်းတူရကီများကို ခုနှစ်ရက်လုံးလုံး လေ့လာစောင့်ကြည့်ခဲ့ပြီးချိန်တွင် သာ့လွန်ရော့ကျန်းထံမှ ထိုဝင်္ကပါ၏ လျို့ဝှက်ချက်များပါသည့် စာရွက်သုံးရွက်ကို ထုတ်ယူဖြစ်ခဲ့သည်။ သို့သော် ဟော်ပါးစမ်းယဲ့ မမျှော်လင့်ထားသည်မှာ ထိုထဲမှ အရေးပါသော အချို့စကားလုံးများက ပျောက်ဆုံးနေသည်။ ထိုစကားလုံးများ၏ ပျောက်ဆုံးမှုကတင် ထိုစာရွက်များကို အမှိုက်အဖြစ် ပြောင်းလဲသွားစေလေသည်။
“လက်မခံနိုင်စရာပဲ။ ငါအခုပဲ သူ့ကိုသွားသတ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစစ်အမှန် အရှိန်အဝါမြင့် ဝင်္ကပါကို ငါတို့လက် အပ်ခိုင်းရမယ်”
ဟော်ပါးစမ်းယဲ့က စားပွဲပေါ်မှ စာကိုဆုပ်ယူလိုက်ပြီး ချက်ချင်းထရပ်လိုက်ကာ တုဝူစစ်လီကို သွားရှာသည်။ သို့သော် ထို့နောက် တခဏတွင် ဖျော့တော့ကာ အင်အားအပြည့်ပါသည့် လက်မောင်းတစ်စုံက သူ၏လမ်းကြောင်းကိုပိတ်လျှက် တားလာသည်။
“ခဏနေဦး”
ဟော်ရှု့ဟွေ့ခမ်းက ခေါင်းကိုအသာခါပြီး ဟော်ပါးစမ်းယဲ့ကိုကြည့်သည်။ ဟော်ပါးစမ်းယဲ့က တခဏခန့် ရပ်တန့်သွားပြီးနောက် သာ့လွန်ရော့ကျန်း၏အရှေ့တွင် ခံစားချက်မဲ့စွာ သွားရပ်သည်။ တစ်ဖက်သူ၏ မျက်မှောင်က ဆက်တိုက်ကျုံ့နေသည်။ သူကလည်း နက်နက်ရှိုင်းရှိုင်း တွေးတောနေပုံပေါ်သည်။ ရွက်ဖျင်တဲက တိတ်ဆိတ်နေပြီး လူတိုင်းက သာ့လွန်ရော့ကျန်းကိုသာ ကြည့်နေကြသည်။ သို့သော် သာ့လွန်ရော့ကျန်းကမူ အတွေးနက်နေပုံပေါ်ပြီး သတိထားမိဟန်မရချေ။
နားလည်သွားပုံပေါ်သည့် တုစုန့်မာန်ဖော်ကျဲ့က ရုတ်တရက် ပြောလာသည်။
“အမှန်တိုင်းပြောရရင် ငါတို့က တုဝူစစ်လီဆီသွားမယ်ဆိုရင်တောင်မှ သူ့ဆီက အများကြီး သိရမှာမဟုတ်ဘူး။ သူက ငါတို့ကို စာရွက်အပ်ထားပြီးသားလို့ ပြောလိမ့်မယ်။ ငါတို့အားလုံးကလည်း အဲ့ဒီအချိန်က မျက်မြင်သက်သေအဖြစ် ရှိနေခဲ့ကြတာပဲ။ သူကဒီစာရွက်တွေကို အနည်းနဲ့အများ ဖျက်ဆီးထားတယ်လို့ အခိုင်အမာ ပြောနေရင်တောင်မှ ငါတို့က သက်သေမှမရှိတာ။ တုဝူစစ်လီကလည်း ဝန်ခံမှာမဟုတ်ဘူး”
တုဝူစစ်လီ၏ အပြုအမူများက သူ့ကိုအလွန်အမင်း မပျော်မရွှင် ဖြစ်စေသည်။ သို့သော် ထိုလေးယောက်ကသာ မှားယွင်းခဲ့ခြင်းဖြစ်သည်။ သူတို့က တုဝူစစ်လီကို အပြစ်တင်၍မရချေ။
ထိုစကားလုံးများနှင့်အတူ ဟော်ပါးစမ်းယဲ့က တောင့်ခဲသွားသည်။ သူက စွံ့အသွား၏။
“ဒါပေမဲ့ တုဝူစစ်လီက ငါတို့ကို လှည့်စားခဲ့တာ ရှင်းလင်းနေတာပဲ။ ငါတို့က ဒီတိုင်းလွှတ်ပေးထားလိုက်မှာလား”
ဟော်ပါးစမ်းယဲ့ကပြောသည်။
မူထရီမဟာမြင်းတပ်မှ ဗိုလ်ချုပ်ကြီးတစ်ယောက်အနေနှင့် ဟော်ပါးစမ်းယဲ့အနေဖြင့် ယခုလိုမျိုး အရှုံးမျိုးကို မခံစားဖူးပါချေ။ ပို၍ဆိုးသည်မှာ တုဝူစစ်လီက သူတို့လေးယောက်လုံး ရှိနေသော အချိန်ကာလတွင် ထိုလှည့်ကွက်ကိုသုံးသွားခြင်းဖြစ်နေသည်။
“ငါစိုးရိမ်တာ ဒါမဟုတ်ဘူး”
ရုတ်တရက် အသံတစ်သံ ထွက်လာသည်။ သာ့လွန်ရော့ကျန်းက ပြောလိုက်ရင်း ခေါင်းကိုတဖြည်းဖြည်းချင်း မော့လာ၏။
“ဒီကိစ္စက ဒီလောက်ထိ မရိုးရှင်းဘူးလို့ ငါခံစားမိနေတယ်။ တုဝူစစ်လီက ဒီဝင်္ကပါကို ရသွားတဲ့ပုံစံက လွယ်လွန်းအားကြီးပြီး ချောမွေ့လွန်းနေတယ်။ တုဝူစစ်လီရဲ့ ကိုယ်ပိုင်အင်အားက ဆက်တိုက် မြင့်တက်လာနေရင်တောင်မှ ဒါကငါ့ကို မသက်မသာ ဖြစ်နေစေတုန်းပဲ။ ဒီကိစ္စက ချောမွေ့လွန်းနေလို့ တစ်ခုခုက မှားယွင်းနေပြီး ပုံမှန်မဟုတ်တော့ဘူးလို့ ခံစားမိလာစေတယ်။ ပိုဆိုးတာက ဝမ်ချောင်က သူ့ကိုပြန်ပြီးဒုက္ခပေးနိုင်မဲ့ အရာမျိုးကို အခြားလူတစ်ယောက်ကို အလွယ်တကူ ပေးမဲ့လူမျိုးမှမဟုတ်တာ”
“ဒီအရှိန်အဝါမြင့်ဝင်္ကပါအခွဲက အတုအယောင်ဆိုရင် တုဝူစစ်လီ အင်အားမြင့်တက်လာတာကတင် သိသာထင်ရှားလွန်းနေတာမဟုတ်လား”
တုစုန့်မာန်ဖော်ကျဲ့ကပြောသည်။
“ဒါကြောင့်ပဲ ငါတို့နားမလည်နိုင်ဘဲ မဆုံးဖြတ်နိုင်ဖြစ်နေတာ”
သာ့လွန်ရော့ကျန်းကတွေးသည်။ အချို့ကိစ္စများက သူ့ကိုမဆုံးဖြတ်နိုင်ဖြစ်စေသည်။ သို့သော် ထိုဝင်္ကပါက အစစ်အမှန်ဟုတ်မဟုတ် ဆုံးဖြတ်နိုင်သော စွမ်းရည်ပင်မရှိကြောင်း သူကိုယ်တိုင်လည်း ရှာတွေ့လိုက်သည်။
“ဒီကိစ္စက ငါထင်ထားတဲ့အတိုင်းသာ ဖြစ်နေခဲ့ရင် မဟာထန်ရဲ့ လူငယ်အမတ်က ရည်မှန်းချက် ကြီးလွန်းတာပဲ။ တုဝူစစ်လီက သူ့ရဲ့ထောင်ချောက်ထဲကို လျှောက်သွားမိတာဖြစ်လောက်တယ်”
ရွက်ဖျင်တဲအတွင်းရှိ လူသုံးယောက်လုံး၏ မျက်ဝန်းထဲတွင် အဓိပ္ပာယ်ဖွင့်ရန် ခက်ခဲသည့် အားလှိုင်းများက ဖြတ်ပြေးသွားသည်။ သို့သော် ယခုအချိန်အထိ သာ့လွန်ရော့ကျန်း၏ သံသယက မှန်ကန်ခြင်းရှိမရှိ လက္ခဏာမပြသေးချေ။ အနှစ်ချုပ်ဆိုရသော် ယခုပြောင်းလဲနေသည့် အနေအထားတိုင်းအရ ထိုဝင်္ကပါက မှန်ကန်ကြောင်းသာ သက်သေပြနေသည်။
သို့တိုင်အောင် အစစ်အမှန် အမှန်တရား မပေါ်သေးသမျှ မည်သူကမှလည်း သူတော်စင်တစ်ပါး၏ မသိစိတ် အာရုံခံနိုင်စွမ်းအားကို သံသယမဝင်ရဲကြချေ။
“ဟော်ပါးစမ်းယဲ့ အရင်ဆုံး ဒီဝင်္ကပါရဲ့ အရိုးရှင်းဆုံးပုံစံကိုပဲ ကျင့်ထားလိုက်ဦး”
သာ့လွန်ရော့ကျန်းကပြောသည်။
“ငါကျန်တာကိုတွေးကြည့်မယ်။ ဒီဝင်္ကပါက အစစ်အမှန် ဟုတ်မဟုတ်ဆိုတဲ့အကြောင်းကို ငါမင်းကို တစ်လအတွင်းမှာသာ အဖြေမပေးနိုင်ရင် ငါကိုယ်တိုင် တုဝူစစ်လီကိုသွားရှာပြီး ဒီဝင်္ကပါရဲ့ ပြီးပြည့်စုံတဲ့အပိုင်းကို ရအောင်တောင်းဆိုမယ်”
“ဒါက...”
တခဏခန့်တုန့်ဆိုင်းနေပြီးနောက် ဟော်ပါးစမ်းယဲ့က ခေါင်းညိမ့်သည်။
“ကောင်းပါပြီ”
လက်ရှိအနေအထားအရ ဒါက အကောင်းဆုံး ဖြေရှင်းချက်ဖြစ်သည်။ ပို၍ဆိုးသည်မှာ ဟော်ပါးစမ်းယဲ့ကလည်း သာ့လွန်ရော့ကျန်း၏ ကတိကို ပေါ့သေးသေး သဘောမထားပါချေ။ သူဟာ ဝင်္ကပါ၏ အစစ်အမှန် အပိုင်းကို ရအောင်ယူပေးမည်ဟု သဘောတူကတည်းက သူက သေချာပေါက် ထိုသို့ရအောင် လုပ်ပေးပေလိမ့်မည်။
ဟီး...
ရုတ်တရက် ထွက်လာသော မြင်းဟီသံနှင့် ဝရုန်းသုန်းကား အသံများကြောင့် ဆွေးနွေးမှုက ရပ်တန့်သွားသည်။ အစပိုင်းတွင်မူ အသံကတိုးသည်။ သို့သော် နောက်ပိုင်းတွင်မူ ဝရုန်းသုန်းကား အခြေအနေက ပိုပြင်းထန်လာ၏။ စစ်သားများ၏ အော်သံများကိုပင် ကြားလိုက်ရသည်။
“ဘာတွေဖြစ်နေတာလဲ ထန်တွေဝင်စီးတာလား”
ဟော်ပါးစမ်းယဲ့က စိတ်ရှုပ်ထွေးစွာမေးသည်။
တိဗက်များက အလွန်အမင်း စည်းကမ်းသေဝပ်စွာ ပြုမူတတ်သည်။ အထူးသဖြင့် သာ့လွန်ရော့ကျန်း ရှိနေတတ်သော အခြေအနေမျိုးတွင်ဖြစ်သည်။ ယခုလို မတော်တဆမှုမျိုးက တိုက်ခိုက်မှုအောက်သို့ မရောက်နေသမျှ သာမာန်အခြေအနေမျိုးတွင် မဖြစ်တတ်ချေ။
“မဟာအမတ်မင်း ငါတစ်ချက်သွားကြည့်လိုက်မယ်”
တုစုန့်မာန်ဖော်ကျဲ့က မျက်မှောင်ကျုံ့ပြီး ရွက်ဖျင်တဲအပြင်ဘက်သို့ ထွက်သွားသည်။ ထို့နောက် မျက်တောင်တစ်ခတ် အချိန်အတွင်း ပျောက်သွား၏။ တုစုန့်မာန်ဖော်ကျဲ့သည် တောင်ပေါ်ဒေသ၏ သိန်းငှက်ဖြစ်သည်။ သူဟာ မဟာဗိုလ်ချုပ်အဆင့် ကျွမ်းကျင်ပညာရှင်ဖြစ်သည်။ ထို့ကြောင့် ဒီဝရုန်းသုန်းကားအခြေအနေကို သူကခပ်မြန်မြန် ကိုင်တွယ်နိင်မည်ဟု ယုံကြည်သည်။ သို့သော် အခြေအနေများက မမျှော်လင့်ထားသော အတိုင်းအတာသို့ ပြောင်းလဲသွားသည်။
“မဟာအမတ်မင်း ထွက်လာပြီးကြည့်ပါဦး”
တုစုန့်မာန်ဖော်ကျဲ့၏ အသံက ရွက်ဖျင်တဲအပြင်မှ ထွက်လာသည်။ အသံက အလွန်တင်းမာပြီး လေးနက်တည်ကြည်သည်။ အပြင်ဘက်မှ စစ်မြင်းဟီသံများက ကျယ်သထက်သာ ကျယ်လာသည်။ တိတ်ဆိတ်သွားခြင်းမရှိချေ။
သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ ဟော်ပါးစမ်းယဲ့တို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သာ့လွန်ရော့ကျန်းက ခပ်မြန်မြန်ထကာထွက်၏။
“သွားရအောင်”
ရွက်ဖျင်တဲမှ ရွက်ထည်ကို လှန်လိုက်ပြီးနောက် သုံးယောက်လုံးက အပြင်သို့ ထွက်လိုက်ကြသည်။ သို့သော် သူတို့၏အရှေ့တွင် စောင့်ကြည့်မျှော်စင်ကြီးများက ထင်ရှားစွာ ရှိနေသည်။ ထိုအရာများက ပြိုလဲခြင်းလည်းမရှိချေ။ သို့သော် အစီအစဉ်တကျဖြစ်နေသော စစ်တပ်ကမူ ဝရုန်းသုန်းကား ဖြစ်နေသော အနေအထားမျိုးတွင်ဖြစ်သည်။ တောင်ပေါ်မြင်းများက အထိတ်တလန့် အော်ဟစ်နေပြီး မသက်မသာ ဖြစ်နေသလိုမျိုး တိဗက်စစ်သည်တော်များ အားလုံးကလည်း ဇာတ်ကြိုးကိုဆွဲကာ အသားကုန်ထိန်းပြီး မြင်းများကို နှစ်သိမ့်ပေးနေကြသည်။ သို့သော် မြင်းနှင့်လူတိုင်းက ဦးတည်ရာဘက် တစ်ခုတည်းသို့သာ ကြည့်နေကြသည်။ သူတို့က အချိန်မရွေး ထွက်ပြေးရန် ကြိုးစားချင်ကြပုံပေါ်သည်။
အခန်း(၁၀၃၃)
“ဒါက...”
သူ၏စစ်တပ် နောက်တန်းမှ မြင်းနှင့်စစ်သားများ၏ ဝရုန်းသုန်းကားဖြစ်နေသော မြင်ကွင်းက သာ့လွန်ရော့ကျန်း၏ မျက်ခုံးကို ပင့်တက်သွားစေပြီး အမူအရာကို တင်းမာသွားစေသည်။ တိဗက်စခန်း၏ မြောက်ပိုင်းသို့ ကြည့်လိုက်မည်ဆိုလျှင် ပြင်းထန်သော လေပြင်းက တိုက်ခတ်နေပြီး ဖြူဖွေးသော လှိုင်းလုံးကြီးများသဏ္ဍန်မျိုးနှင့်အတူ စခန်းထံ လိမ့်တက်လာကြောင်း မြင်ရသည်။ ထိုအရာက ဘာကိုမှ ထိုးဖောက်မမြင်နိုင်သည့် လူထုလုံးကြီးဖြစ်နေသည်။ အေးစိမ့်နေသောလေက အပူချိန်ကိုပင် ထိုးကျသွားစေသည်။ ဆက်တိုက် လိမ့်တက်လာသော အဖြူရောင်မြူထုကြီးများက တိဗက်စစ်တပ်ပေါ်သို့ ကြီးမားစွာ သက်ရောက်လာသည်။
သာ့လွန်ရော့ကျန်း၏ အနေအထားမှတဆင့် စခန်း၏ ငါးပုံတစ်ပုံခန့်က ထိုမြူဖြင့် အလွှမ်းခံထားရပြီးကြောင်း မြင်နိုင်သည်။ ထိုမြူများက သိပ်သည်းလွန်းသဖြင့် ဖောက်မြင်နိုင်ခြင်းမရှိချေ။ ပို၍ဆိုးသည်မှာ မြူက လျှင်မြန်စွာ လိမ့်တက်လာပြီး စခန်းတစ်ခုလုံးကို လွှမ်းခြုံသွားခြင်းဖြစ်သည်။
“အား အေးလိုက်တာ”
“ဒီမှာဘာတွေဖြစ်နေတာလဲ ငါဘာကိုမှ မမြင်ရတော့ဘူး။ တစ်ယောက်ယောက်လာပြီး ကူညီကြပါဦး”
“စစ်မြင်းတွေက အအေးမကြောက်ပါဘူး။ ဒါပေမဲ့ ငါသူတို့ကို ထိန်းချုပ်မှု လွတ်ကင်းတော့မတက် ဖြစ်နေပြီ။ အား သောက်ကျိုးနည်း ဖယ်စမ်းပါ”
စခန်းတစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်နေသည်။ အေးစက်နေသော မြူထုများက ဖြတ်တိုက်လာသည့် အချိန်တွင် သန်မာသောစစ်သားများက ဘာကိုမှ မခံစားရသော်လည်း အားနည်းသောလူများကမူ အေးစိမ့်လွန်းသဖြင့် တုန်ယင်လာကြသည်။
“မျိုးမစစ်ကောင်တွေ မင်းတို့အမှိုက်တွေ ကိုယ့်မြင်းကိုယ်တောင် မထိန်းနိုင်ဘူးလား”
ဟော်ပါးစမ်းယဲ့က ချက်ချင်းလိုလို ဒေါသထွက်သွားသည်။ သို့သော် အခြားသူများက မတုန့်ပြန်နိုင်သေးခင် သူက စစ်မြင်းတစ်ကောင်ပေါ် ခုန်တက်လိုက်ပြီး စီးနင်းကာ မြူထုအသိပ်သည်းဆုံးနေရာသို့ သွားသည်။ မူထရီမဟာမြင်းတပ် အဖွဲ့ဝင်အချို့ကလည်း နောက်မှကပ်လိုက်သွား၏။
“မဟာအမတ်မင်း အခုက နှင်းကျမဲ့ရာသီ မဟုတ်သေးပါဘူး။ ဘာလို့ အပူချိန်က ရုတ်ချည်းထိုးကျသွားတာလဲ။ ဒီအခြေအနေက ပုံမှန်မဟုတ်ဘူးမဟုတ်လား”
ဟော်ရှု့ဟွေ့ခမ်းက ရုတ်တရက် ထမေးသည်။
တိဗက်များကလည်း အနောက်ပိုင်းနယ်မြေကို နားလည်သည်။ လက်ရှိအပူချိန် ကျဆင်းသွားခြင်းဟာလည်း နှင်းကျလာသည့်အချိန်တွင် ဖြစ်လေ့ဖြစ်ထရှိသော အနေအထားမျိုးဖြစ်သည်။ သို့သော် ယခုက ထိုရာသီမတိုင်ခင် အနည်းဆုံး နှစ်လခန့် လိုအပ်နေသေးသည်။
သာ့လွန်ရော့ကျန်းက ဘာစကားမှမပြောချေ။ သို့သော်သူ၏မျက်ဝန်းက တောက်ပလာသည်။ သူဟာ ဖြစ်ပျက်လာမည့် အခြေအနေကို ခပ်ရေးရေး သဘောပေါက်လိုက်ပုံပေါ်သည်။ သို့သော် အမိအရ မဖမ်းဆုပ်နိုင်သေးချေ။
“အဲ့ဒီကိုကြည့်”
သူက တွေးတောနေသည့်အချိန်တွင် နောက်ထပ် အလန့်တကြား အော်သံက နှောက်ယှက်လိုက်သည်။ အစပိုင်းတွင် ဝရုန်းသုန်းကား အခြေအနေထဲ မည်သူကမှ သတိမထားမိကြချေ။ သို့သော် တဖြည်းဖြည်းချင်းစီဆိုသလို အလန့်တကြား အော်သံများက ကျယ်သထက်ကျယ်လာပြီး လူတိုင်းကလည်း မော့ကြည့်လိုက်ကြသည်။
“မဟာအမတ်မင်း ကောင်းကင်ကိုကြည့်ပါဦး”
ဟော်ရှု့ဟွေ့ခမ်းကအော်သည်။ သူကလည်း ကောင်းကင်ကို မော့ကြည့်သည်။
သာ့လွန်ရော့ကျန်းကလည်း ချက်ချင်းဆိုသလို ခေါင်းမော့လိုက်သည်။ သူက အလန့်တကြား အော်စေသည့် အရင်းအမြစ်ကို မြင်လိုက်သည့်အချိန်တွင် သူကပင် အံ့အားသင့်သွားရသည်။
“ဒါက... အမှောင်နေမင်းပျက်စီးမှုပဲ”
ကောင်းကင်တွင် တိတ်တဆိတ် တွဲလောင်းဆွဲကျလျှက် ရှိနေသော မှေးမှိန်သော်လည်း ထင်ရှားနေသေးသည့် အနီရောင်နေမင်းတစ်စင်းကို မြင်နိုင်သည်။ နေမင်း၏အလယ်ဗဟိုတွင် အနက်ရောင် အစက်အပျောက်ပေါင်းများစွာကို မြင်ရ၏။ ထိုအစက်အပျောက်ပေါင်း များစွာက တဖြည်းဖြည်း ပွတ်တိုက်စားခံရပြီး ကြွေလွင့်လာပုံပေါ်သည်။
“ဒါက နိမိတ်ပဲ”
လူတစ်ယောက်က အော်လိုက်သည်။ သို့သော် သာ့လွန်ရော့ကျန်းက အော်လိုက်ခြင်းမဟုတ်ဘဲ တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့ နှစ်ယောက်လုံးက တစ်ပြိုင်တည်း အော်လိုက်ခြင်းဖြစ်နေသည်။ ထိုနှစ်ယောက်က နေမင်း၏ အနက်ရောင်အစက်များကိုကြည့်ပြီး မယုံနိုင်လွန်းသော အံ့အားသင့်မှုများဖြင့် ပြည့်နှက်လာသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။ တော်ဝင်ဂူဘုရားကျောင်းရဲ့ ခန့်မှန်းချက်က အမှန်အတိုင်း ဖြစ်လာတာပဲ”
တုစုန့်မာန်ဖော်ကျဲ့က ခပ်တိုးတိုး ရေရွတ်သည်။ ထိုတခဏတွင် သုံးယောက်လုံး၏ စိတ်အတွင်း တူညီသော အတွေးများက ဖြတ်ပြေးသွားသည်။
အမှောင်နေမင်း၏ ပွတ်တိုက်စားမှု... မျက်လုံးသုံးလုံးနဲ့ ရွှေကျီးကန်း... မြူထုဖြူထဲက မြင်းစီးသူ...
ထိုရှေ့ဖြစ်ဟောစကားက ယွီစန်းအင်ပါယာ၏ အဆင့်အမြင့်ဆုံး နမိတ်စကားဖြစ်သည်။ ထိုနမိတ်စကားက အရှေ့ပိုင်းမှ မြင့်တက်လာသော အန္တရာယ်ဆိုသည့် ရှေးဖြစ်ဟောစကားကို သုံးကြိမ်ဆက်တိုက် ထုတ်ပြောပြီး ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က စန်းပေါ်ကလည်း နတ်ဆရာပေါင်းများစွာကို ဆင့်ခေါ်ပြီး ကြီးမားလွန်းလှသည့် တန်ကြေးတစ်ခုကို ပေးဆပ်လျှက် နမိတ်စကားမှတဆင့် တိတိကျကျ သိရရန် ကြိုးစားခဲ့ကြသည်။ နှစ်ခြောက်ထောင်ကြာချိန်တိုင်း တိဗက်တောင်ပေါ်ဒေသက အလွန်ကြီးမားလွန်းသည့် အမြစ်မှ ဆွဲနုတ်ခံရနိုင်သော ကပ်ဘေးတစ်မျိုးကို တွေ့ကြုံရလိမ့်မည်။ တောင်ပေါ်ဒေသမှ လူမျိုးစုတိုင်းက အကုန်အစင် ရှင်းပစ်ခံရပြီး မူလအစ အခိုက်အတန့်သို့ ပြန်ရောက်သွားရပေလိမ့်မည်။
ထိုကပ်ဘေးသည် သဘာဝဖြစ်စဉ်သုံးမျိုးမှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမှောင်နေမင်း ပျက်စီးခြင်းက အစပိုင်းကာလဖြစ်သည်။
နမိတ်စကား၏ ပြောစကားအရ အခြေခံကြည့်ရလျှင် ထိုသဘာဝဖြစ်စဉ် ပေါ်ထွက်လာခဲ့လျှင် ယွီစန်းအင်ပါယာကြီးတစ်ခုလုံးနှင့် လူမျိုးစုတစ်ခုလုံးက ပျောက်ကွယ်သွားနိုင်သည်ဆိုသော အခြေအနေကို ကိုယ်စားပြုသည်။
ထိုအခိုက်အတန့်တွင် သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကဲ့သို့ ယွီစန်းအင်ပါယာမှ ပုဂ္ဂိုလ်ကြီးသုံးယောက်၏ နှလုံးသားက လေးလံသွားသည်။
“မဟာအမတ်မင်း ဒီနမိတ်စကားက တကယ်ပဲ အမှန်အတိုင်း ဖြစ်လာမှာလား”
တုစုန့်မာန်ဖော်ကျဲ့က သာ့လွန်ရော့ကျန်းကိုမေးသည်။
သာ့လွန်ရော့ကျန်းက ခေါင်းမော့သည်။ သူကပြောသည်။
“ဒါကအမှန်တိုင်း ဖြစ်လာလာ မဖြစ်လာလာ ငါတို့က ဖြစ်ခွင့်ပြုလို့မရဘူး။ ဒါကြောင့်ပဲ ငါတို့တွေ ဒီနေရာကို ရောက်နေကြတာမဟုတ်လား”
တုစုန့်မာန်ဖော်ကျဲ့က တိတ်တဆိတ် ခေါင်းညိမ့်သည်။
နေမင်းကတောက်ပသည်။ အဆုံးအစမဲ့သော စွမ်းအင်များကို ထုတ်ပေးနိုင်သည်။ ခမ်းနားသော တည်ရှိမှုဖြစ်သည်။ စွမ်းအင်က သန့်စင်လွန်းသဖြင့် ဘယ်သောအခါကမှ ကုန်စင်သွားလိမ့်မည်မဟုတ်ချေ။ သို့သော် အမှောင်နေမင်း တိုက်စားမှုကဲ့သို့ ပုံမှန်မဟုတ်လွန်းသော အရာမျိုးကို မည်သူကမှ မမြင်ဖူးကြပါချေ။ ယခုလိုမျိုး မြင်လိုက်ရသော အချိန်မှသာ ဝေးကွာလွန်းသောအချိန်က ကြားခဲ့ဖူးကြသည့် နမိတ်စကားကို သတိရမိသွားကြခြင်းဖြစ်သည်။
သို့သော် ယခုမူ သူတို့က ထိုအရာကို ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ရသည်။ သူတို့၏ ကိုယ်အနက်ရှိုင်းဆုံး အပိုင်းတွင်မူ ခြိမ်းခြောက်မှုကြီးကို သိနေကြပြီဖြစ်သည်။
မင်းမသေရင် ငါသေလိမ့်မယ်။ ဒီကပ်ဘေးက အရှေ့ဘက်ကလာတယ်။ ငါတို့ရဲ့ခြိမ်းခြောက်မှုတိုင်းက မဟာထန်ဆီကပဲ။ ငါတို့ကသာ အဲ့ဒီနမိတ်စကားရဲ့ ကပ်ဘေးခန့်မှန်းမှုကို ရှောင်ချင်ရင် ငါတို့က မဟာထန်ကို သုတ်သင်ရလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတိုက်ပွဲမှာ ငါတို့သေချာပေါက် နိုင်ရမယ်။
တုစုန့်မာန်ဖော်ကျဲ့က သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းကိုကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ တုစုန့်မာန်ဖော်ကျဲ့ကလည်း ထိုအခိုက်အတန့်တွင် သူတို့က တူညီသော အကြောင်းအရာကို တွေးနေခြင်းဖြစ်ကြောင်းနားလည်သည်။
နမိတ်စကားအတိုင်း သဘာဝဖြစ်စဉ်တစ်ခုက ပေါ်ထွက်လာပြီဖြစ်သည်။ သူတို့ကသာ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ ကာလက ကျန်းကျွင်းမင်းဆက်က ခံစားခဲ့ရသည့် ကံကြမ္မာမျိုးကို ရှောင်ရှားလိုလျှင် ယွီစန်းအနေနှင့် မဟာထန်ကို အနိုင်ယူရမည်ဖြစ်သည်။ တာလာ့က တိုက်ပွဲတိုင်း၏ အရေးပါဆုံးနေရာဖြစ်နေသည်။
ဝှစ်
အရပ်မျက်နှာအနှံ့မှ တိမ်စိုင်များက စုစည်းလာပြီး မှေးမှိန်သော အနီရောင်နေမင်းကို တိုက်စားသွားသည်။ တစ်လောကလုံးက ပို၍အေးစိမ့်ကာ ခြောက်ခြားဖွယ်ကောင်းလာသည်။ သာ့လွန်ရော့ကျန်းပင်ဖြစ်စေ၊ တုစုန့်မာန်ဖော်ကျဲ့ပင်ဖြစ်စေ သူတို့က ဒီဆောင်းတွင်းတွင် နေမင်းကိုမြင်ရခြင်းက နောက်ဆုံးအကြိမ် ဖြစ်နိုင်ကြောင်း နားလည်လိုက်ကြသည်။
ဟူး....
အဖြူရောင် မြူထုများနှင့် လေလုံးကြီးများက တိဗက်စခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ တစ်ချိန်ထဲတွင်ပင် အနောက်ပိုင်းတူရကီစခန်းပင်ဖြစ်စေ၊ တာလာ့မြို့ပင်ဖြစ်စေ၊ မြောက်ပိုင်းဒေသ အားလုံးပင်ဖြစ်စေ နေရာတိုင်းက ဖြူဖွေးကာ အေးစိမ့်နေသော မြူထု၏အလွှမ်းခံလိုက်ရသည်။
“စနေပြီလား”
တာလာ့၏မြောက်ပိုင်း လေ့ကျင့်ရေးမြေပြင်မှ ဝမ်ချောင်က မဟာထန်၏ တဖြတ်ဖြတ် လွင့်နေသော အလံအောက်တွင် တည်ငြိမ်စွာရပ်ပြီး သူ့ကိုဝိုင်းထားသည့် မြူထုကိုကြည့်သည်။ ထို့နောက် ကောင်းကင်ကိုကြည့်သည်။ ထိုအခိုက်အတန့်တွင် သူတစ်ယောက်တည်းကသာ သူ၏အတွေးကို သိနိုင်သည်။
...
ဖလပ် ဖလပ်
အမှောင်နေမင်း ပွတ်တိုက်စားမှုမှတဆင့် သိန်းငှက်များ ရောက်ရှိလာခြင်းက သာ့လွန်ရော့ကျန်းအား မမျှော်လင့်ထားသော အခြေအနေတစ်ခုကို သိမိသွားစေသည်။ ထိုသိန်းငှက်များ ရောက်ရှိလာခြင်းက တိဗက်တောင်ပေါ်ဒေသမှ သတင်းစကားကို သယ်ဆောင်လာခြင်းဖြစ်နေသည်။
ယွီစန်းအင်ပါယာ၏ လေ့ကျင့်ရေးစခန်း သုံးခုထဲမှ နောက်ဆုံးနှစ်ခုဖြစ်သည့် ရာလွန် တော်ဝင်တပ်ရင်းနှင့် တောင်ပေါ်ဒေသ၏ မဟာကလန်များနှင့် တောက်ပထင်ရှားသော တိဗက်ဗိုလ်ချုပ်များစွာက သာ့လွန်ရော့ကျန်းကို ထောက်ပံ့လိုကြောင်း ဖော်ပြသည့်စာများကို ပို့လာကြသည်။
အမှောင်နေမင်း ပွတ်တိုက်စားခြင်း ပေါ်ထွက်လာခြင်းဟာ တောင်ပေါ်ဒေသ၏ ရှေးဟောင်းကလန်နှင့် အဖွဲ့အစည်းတိုင်းကို ခြိမ်းခြောက်ခြင်းဖြစ်သည်။ တောင်ပေါ်ဒေသက စစ်သည်အင်အား လိုအပ်ချက် ရှိနေသော အခိုက်အတန့်မျိုးတွင် ရှိနေခဲ့သည့်တိုင်အောင် ထိုရှေးဟောင်းကလန်များနှင့် အဖွဲ့အစည်းကြီးများကလည်း အတက်နိုင်ဆုံး ကြိုးစားပြီး သာ့လွန်ရော့ကျန်းကို ထောက်ပံ့မည်ဖြစ်သည်။ တောင်ပေါ်ဒေသမှ လက်ရွေးစင်မြင်းတပ် လေးသောင်းဝန်းကျင်ခန့်က စတင်ထွက်ခွာလာပြီး သာ့လွန်ရော့ကျန်းကို အကူအညီပေးရန် ရောက်ရှိလာတော့မည်ဖြစ်သည်။
...
သာ့လွန်ရော့ကျန်း၊ တုဝူစစ်လီ၊ ဝမ်ချောင်နှင့် မြောက်ပိုင်းရှိလူတိုင်းက အေးစက်မှုအတွင်းတွင် ရောက်ရှိနေကြချိန်တွင် ခိုရာစန်းတောင်ဘက်ပိုင်းက ပူပြင်းတောက်လောင်နေသည်။ အပူလှိုင်းများကလည်း ကောင်းကင်သို့ ထိုးတက်နေသည်။
“ဟိုး”
“ဟား”
ခိုရာစန်းအလယ်ရှိ အရှင်သခင်နှင့် ခြားနာသော စံအိမ်ကြီးအတွင်းတွင် မီးတောက်များက တောက်လောင်ပြီး မီးခိုးလုံးများက လိမ့်တက်နေသည်။ အပေါ်ပိုင်းဗလာနှင့် ကြွက်သားအပြည့် တောင့်တင်းသန်မာသော အာရပ်မှ ပန်းပဲပညာရှင်များက ဝိုင်းလျှက် ရပ်နေကြသည်။ သူတို့က လေးလံသော တူကြီးများကို ခေါင်းကျော်အောင်မြှောက်လျှက် အောက်သို့ပြန်ထုချသည်။ ထိုသို့ဖြင့် မီးမှုန်များက လင်းလက်လာသည်။
ဒုန်း ဒုန်း ဒုန်း
ဆက်တိုက်ထွက်ပေါ်လာသော သတ္ထုသံ၏ ထုရိုက်သံများက အဆုံးမသတ်တော့ဟုပင် ထင်ရသည်။ အာရပ်ပန်းပဲပညာရှင်များ၏ အဆုံးအစမဲ့သော ထုရိုက်သံများမှတဆင့် သံချပ်ကာများ၏ ပုံသဏ္ဍန်က တဖြည်းဖြည်းချင်း ပုံပေါ်လာပြီဖြစ်သည်။
အနီးအနားတွင်... ခြံဝန်းထဲမှမြင်ကွင်းကို ကြည့်ရှု့နေသော အားပါးက ကျေနပ်စွာ ခေါင်းညိမ့်သည်။
“မဆိုးပါဘူး တစ်လနေရင် သံချပ်ကာတစ်သောင်းက အဆင်သင့်ဖြစ်လိမ့်မယ်။ အချိန်ကျလာတဲ့အခါ ငါတို့က မာမဲ့လုကို သမိုင်းမှာ အင်အားအကြီးဆုံး တည်ရှိမှုတွေအဖြစ် ပြောင်းလဲနိုင်လိမ့်မယ်”
အားပါး၏မျက်ဝန်းက ရည်မှန်းချက်များဖြင့် တောက်လောင်လာသည်။ မာမဲ့လုများသည် အာရေးဗီးယား အင်ပါယာ၏ အင်အားအကြီးဆုံး အင်ပါယာဖြစ်ခဲ့သည်။ ယခုသည်လည်း ဆက်ဖြစ်ရပေမည်။ ယခုလိုမျိုး အဆင့်မြင့်ဘုန်းတော်ကြီးက ချီးမြှင့်သည့် ဥက္ကာပျံကြယ်စင် သတ္ထုများ၏ အကူအညီကြောင့် မာမဲ့လုများဟာ သူ၏အမိန့်အောက်တွင် ပို၍သာ အင်အားကြီးလာရတော့ပေမည်။ ဥက္ကာပျံ ကြယ်စင်သံချပ်ကာက မာမဲ့လုများ၏ ပြောင်မြောက်သော တိုက်ခိုက်နိုင်စွမ်းရည်နှင့် ပူးပေါင်းလိုက်လေပြီး ကုန်းမြေရှိ မည်သည့်အင်အားစုကမှ မာမဲ့လုများကို ယှဉ်နိုင်တော့မည်မဟုတ်ချေ။ ဝူရှန်းမြင်းတပ်ကပင် မယှဉ်နိုင်စေရချေ။
ခြံဝန်း၏ လှေကားထစ်အမြင့်ပိုင်းတွင် ရပ်နေသော အားပါးကမေးလိုက်သည်။
“ဖိုင်ဆယ် ဆင်းချီက ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးတွေ ပို့လာပြီလား”
“အရှင် လမ်းမှာပဲ ရှိပါသေးတယ်။ သုံးရက်လောက်နေရင် သူတို့က ခိုရာစန်းကို ရောက်ပါလိမ့်မယ်။ ကျွန်တော်တို့က ဒါတွေကို အချိန်မရွေး လက်နက်တွေအဖြစ် သွန်းလုပ်လို့ရပါပြီ။ ခိုရာစန်းက အဖွဲ့ကို ဦးဆောင်ကာကွယ်ပေးလာတဲ့လူက ကာစန်းဖြစ်လို့ အမှားအယွင်း မရှိနိုင်ပါဘူး”
ပြောလာသောလူက သိန်းငှက်မျက်လုံး မြင့်မားသောနှာတံနှင့် အရာရှိတစ်ယောက်ဖြစ်သည်။ သူဟာ အားပါး၏နောက်တွင် ရပ်နေသည်။ သူ၏ဘယ်ဘက်နားရွက်တွင်လည်း အနက်ရောင် လခြမ်းကွေးလေးကို ဆွဲထားသည်။ ထိုလူဟာ အလွန်အကြည့်စူးရှသည်။ သူ၏ကိုယ်မှ အလွန်အန္တရာယ်များသော အရှိန်အဝါကို လွှတ်ထုတ်နေသည်။ ဖိုင်ဆယ်သည် မာမဲ့လု၏လက်ထောက် ဗိုလ်ချုပ်နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။
ကောလဟာလများအရ တစ်ချိန်က အာရေးဗီးယားအင်ပါယာက မြောက်ပိုင်းရှိ အင်အားကြီးမားသော တိုင်းပြည်တစ်ပြည်ကို အုပ်စိုးခဲ့ဖူးသည်။ ထိုအချိန်က ဖိုင်ဆယ်ဟာ မာမဲ့လုများနှင့် ကွဲထွက်သွားပြီး ရန်သူများ၏ အဝိုင်းခံခဲ့ရသည်။ မာမဲ့လုများက သွားရှာခဲ့သောအချိန်တွင် ဖိုင်ဆယ်ဟာ ခုနှစ်ရက် ခုနှစ်ညလုံးလုံး တိုက်ခိုက်နေခဲ့ကြောင်း တွေ့ရသည်။ သူ၏ပတ်ပတ်လည်တွင် အလောင်းများက တောင်ပုံရာပုံရှိနေသည်။ ကျော်ကြားသော ဗိုလ်ချုပ်များ၏ အလောင်းများကပင် ထပ်နေသည်။ ထိုအလောင်းများကထွက်သော သွေးများက တစ်မြို့လုံးရှိ လမ်းတိုင်းကို နီရဲစေခဲ့သည်။ ထိုတိုက်ပွဲပြီးနောက် ဖိုင်ဆယ်ကို သေဆုံးခြင်းနတ်ဆိုးသိန်းငှက်ဟူ၍ ပြောင်းခေါ်ကြသည်။
“အရမ်းကောင်းတယ်”
အားပါး၏မျက်ဝန်းက တောက်ပသောအလင်းနှင့် လက်သွားသည်။ ကာစန်းသည် မာမဲ့လု၏ နံပါတ်သုံး အင်အားအကြီးဆုံးပုဂ္ဂိုလ်ဟု ဆို၍ရပြီး နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သလို အထွတ်အထိပ် အင်အားမျိုးကို ပိုင်ဆိုင်ထားလေရာ မဟာဗိုလ်ချုပ် တစ်ယောက်ကိုပင် တိုက်ခိုက်နိုင်စွမ်းအား ရှိသည်။ သူက ထိုလှည်းတန်းကို လိုက်ပါပို့ဆောင်ပေးသမျှ အမှားအယွင်း မဖြစ်နိုင်ချေ။ ကျန်ရစ်သေးသော အကြွင်းအကျန် ပုန်ကန်မှုများက ရန်စလိုလျှင်ပင် မအောင်မြင်နိုင်ချေ။
“ကာစန်းကိုပြောလိုက် သူက ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးတွေကို လိုက်ပါပို့ဆောင်နေရင်း ပုန်ကန်သူတွေနဲ့တွေ့ရင် မြင်တာနဲ့ သတ်ခွင့်ရှိတယ်”
“ဟုတ်ကဲ့အရှင်”
ဖိုင်ဆယ်က ရိုးသားစွာပြန်ဖြေသည်။
အခန်း(၁၀၃၄)
ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးများသည် အလွန်အမင်း ရှားပါးပြီး အထွက်နှုန်းကလည်း အလွန်အမင်း နိမ့်ကျသည်။ ထိုသို့ထူးခြားသော စွမ်းရည်ကြောင့်လည်း အာရပ်က အုပ်စိုးခဲ့သော မင်းဆက်အသီးသီးမှ အမျိုးမျိုးသော စစ်တပ်များ၏ ပစ်မှတ်ဖြစ်ခဲ့သည်။ အာရပ်များသည် မဟာထန်များနည်းတူ ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးများကို အသုံးမပြုနိုင်သေးချေ။ သို့သော် တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးနောက် ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးများကို အရည်ဖျော်ပြီး အခြားသောသတ္ထုများနှင့် ပေါင်းစပ်ရောနှောကာ လက်နက်၏ ထက်ရှမှုကို တိုးမြှင့်နိုင်သောနည်းလမ်းကို သိလာကြပြီဖြစ်သည်။
ထိုနည်းလမ်းဖြင့် သွန်းလုပ်ထားသော လက်နက်များက မဟာထန်၏ ဝု့စ်သံမဏိဓားများ၏ အဆင့်တွင် မရှိသေးသော်လည်း အစိမ်းရင့်ရောင် နတ်ဘုရားသံချပ်ကာဖြစ်သည့် ကောင်းကင်ခစားခြင်း စစ်တပ်မှ သံချပ်ကာများကိုပင် ဖြစ်နိုင်လာပြီဖြစ်သည်။ သို့သော် အာရေးဗီးယား၏ အခြားသော အဖိုးတန်ဓားနှင့် ဆေဘာဓားတိုင်း၏ ထက်ရှမှုကိုမူ ကျော်လွန်နေပြီးသားဖြစ်သည်။
ဟိုက်ဒရာဘက် ကျောက်ရိုင်းတုံးနှင့် ဥက္ကာပျံသတ္ထုသား ပေါင်းစပ်ရောနှောလျှက် သွန်းလုပ်ထားသော လက်နက်များက ဝု့စ်သံမဏိဓားများလောက် ကောင်းချင်မှ ကောင်းပေလိမ့်မည်။ သို့သော် အများကြီး နောက်မကျန်တော့လောက်ချေ။ အနည်းဆုံး အားပါးနှင့် ဖိုင်ဆယ်တို့က ထိုသို့ယုံကြည်ထားကြသည်။
ဒုန်း ဒုန်း ဒုန်း
အရာအားလုံးကို ကိုင်တွယ်ပြီးသဖြင့် အားပါးက ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ ရုတ်တရက် မြင်းသည်တော်တစ်ယောက်က ခြံဝင်းဆီသို့ ဒုန်းစိုင်းစီးနင်းလာသည်။
“ရပ်စမ်း”
လေထုအတွင်း ကျွီကနဲအသံကြီး ဟိန်းထွက်သွားချိန်တွင် မာမဲ့လုများက အဘက်ဘက်မှ လှမ်းကာအော်သည်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များက ကျူးကျော်လာသူကို ချိတ်ပိတ်လိုက်သည်။ ခြံဝင်း၏ အပြင်ဘက်အကျဆုံးအပိုင်းတွင် ရှိနေသော မာမဲ့လု ဆယ်ယောက်က ထိုမြင်းသည်တော် ရှိရာဘက်သို့ ဝိုင်းကာရပ်နေကြသည်။ အခြားသော မာမဲ့လုများကလည်း ကျူးကျော်သူထံ အပြေးအလွှား လာနေကြပြီဖြစ်သည်။ ထိုသို့ဖြင့် သူတို့ကို ဝိုင်းလိုက်၏။
ဆေဘာနှင့်ဓားများက တချွင်ချွင်အသံများ ထွက်ပေါ်လာလေပြီး ထိုကျူးကျော်သူကို ကွပ်မျက်တော့မည့်ပုံပေါ်သည်။ သို့သော် အားပါးကလည်း ထိုလူက ဝတ်ဆင်ထားသော ဆေဘာဝတ်ရုံကို သတိထားလိုက်မိပြီး အမူအရာက ပြောင်းလဲသွားသည်။
“ရပ်စမ်း”
အချိန်က ရုတ်ချည်းတန့်သွားသလိုမျိုး မာမဲ့လု ဆယ်ယောက်လုံး၏ ဓားမောက်ရှည်များက လေထဲတွင် လွှဲယမ်းလျှက်သာ ရပ်သွားကြသည်။ ထိုအချိန်တွင် အားပါးက လှေကားများပေါ်မှ ဆင်းသက်လာပြီး ကျူးကျော်သူထံသွားသည်။
ကာလစ်ရဲ့သံတမန်...
ထိုစီးနင်းသူ၏ ဝတ်ဆင်ထားသော ရွှေရောင်ဝတ်စုံဟာ အာရပ်ကာလစ်၏ သံတမန်များဝတ်သော ပုံစံမျိုးဖြစ်သည်။ သံတမန် တစ်ယောက်ချင်းစီတိုင်းက လက်ရွေးစင် အဖွဲ့ထဲမှ ရွေးထုတ်ထားခြင်းဖြစ်ပြီး အလွန်အမင်း သစ္စာရှိသော ကျွမ်းကျင်ပညာရှင်မျိုးဖြစ်သည်။ ကာလစ်သည် အရေးအကြီးဆုံး တာဝန်မရှိသမျှ ထိုလူများကို စေလွှတ်လိမ့်မည်မဟုတ်ချေ။
“အားပါး”
မြင်းစီးသူ၏ ရွှေရောင်ဝတ်စုံက လေတွင်လွင့်သွားသည်။ သူက မြင်းပေါ်တွင်ထိုင်လျှက် အားပါး၏ နာမည်ကို လှမ်းအော်သည်။ သူ၏မျက်နှာကို သေးငယ်သော အပေါက်လေးများပါသည့် ငွေရောင်မျက်နှာဖုံးဖြင့် အုပ်ထားသည်။ သို့သော် သူ၏အသံက အေးစက်လွန်းနေသည်။
“ကာလစ်က တာလာ့ကထန်တွေကို သေချာပေါက် ဖျက်ဆီးရမယ်လို့ အမိန့်ထုတ်လိုက်တယ်။ ဒီတာဝန် ပြီးမြောက်အောင်မြင်တာနဲ့ မာမဲ့လုတွေက အစိုးရချွီထေပါး၊ အပုမူစလင်နဲ့ အော့စမန်းတို့နဲ့ ပူးပေါင်းပြီး အရှေ့ပိုင်းကို ဆက်ပြီးချီတက်ရမယ်။ အရှေ့ပိုင်း တစ်လောကလုံးကို သိမ်းပိုက်ပြီးတာနဲ့ မာမဲ့လုတွေဟာ ကတိပေးထားတဲ့အတိုင်း ထာဝရ အပိုင်စားနယ်မြေတွေကို ပိုင်ဆိုင်ရစေရမယ်”
ထိုသံတမန်၏ စကားလုံးများက ရိုးရှင်းပြီး ပြတ်သားသည်။ သူ၏လာရင်းရည်ရွယ်ချက်ကို တိုက်ရိုက် ဖော်ပြလိုက်သည်။
ဝှစ်
ချက်ချင်းဆိုသလိုပင် ခြံဝန်းအတွင်းရှိ လေထုအခြေအနေက ပြောင်းလဲသွားသည်။ အားပါးက ဘာမှမပြောနိုင်သေးခင် သူ၏ လက်ထောက် ဖိုင်ဆယ်နှင့် ဝိုင်းနေကြသော မာမဲ့လုများအားလုံးက အံ့အားတကြီး နောက်ဆုတ်မိသွားကြသည်။
ကတိပေးထားသော အပိုင်စားနယ်မြေ...
ထိုအရာဟာ မာမဲ့လုများ၏ ဆွေစဉ်မျိုးဆက် လိုချင်တောင့်တမှု ပြင်းထန်သော အရာဖြစ်သည်။ သို့သော် ဘယ်သောအခါကမှ မရရှိခဲ့ကြချေ။ မာမဲ့လုများဟာ အာရေးဗီးယား အင်ပါယာ၏ အင်အားအကြီးဆုံး သစ္စာအရှိဆုံးအဖြစ် သတ်မှတ်ကြသည်။ သူတို့ဟာ အင်ပါယာအတွက် အကျိုးပြုမှု အများကြီးလုပ်ပေးခဲ့ကြ၏။ အခြားသော မည်သည့်စစ်တပ်ကမဆို ဗိုလ်ချုပ်ကမဆို ထိုသို့သာ လုပ်နိုင်ခဲ့လျှင် အာရေးဗီးယား ပိုင်နက်နယ်မြေအတွင်း ကိုယ်ပိုင် အပိုင်စားနယ်မြေ ရရှိပြီးလောက်လေပြီ။ သို့သော် မာမဲ့လုများကို စတင်တည်ထောင်ခဲ့ချိန်က ချမှတ်ထားခဲ့သော ရှေးဟောင်းစည်းမျဉ်းကြောင့် မာမဲ့လုများဟာ ထိုအဆင့်အတန်းမျိုးကို မပိုင်ဆိုင်ခဲ့ရချေ။
ထို့ကြောင့် မာမဲ့လုတိုင်း၏ ဂုဏ်အဆင့်အတန်းက မနက်ခင်း နေမင်းကဲ့သို့ မြင့်မားလာပြီး တိုက်ခိုက်နိုင်စွမ်းအားက မည်သူမှ မယှဉ်နိုင်လုနီးပါး ဖြစ်လာခဲ့သည့်အပြင် တိုက်ခိုက်ခဲ့သော တိုက်ပွဲတိုင်းကို လွှမ်းမိုးနိုင်ခဲ့လင့်ကစား အုတ်မြစ်ချရန်နေရာ မရှိခဲ့ပါချေ။
သူတို့ကသာ ကတိပေးထားသော အပိုင်စားနယ်မြေကို ရရှိနိုင်မည်ဆိုလျှင် မာမဲ့လုများက တပ်ဖွဲ့များ စုဆောင်းနိုင်သည်။ အိမ်များတည်ဆောက်နိုင်သည်။ လူများကို လေ့ကျင့်ပေးနိုင်သည်။ အခွန်များ ကောက်ခံပေးနိုင်သည်။ ထိုသို့ဖြင့် စီးပွားရေး စလုပ်နိုင်သည်။ သူတို့တွင် ကိုယ်ပိုင်ကလေးများ ရရှိလာနိုင်ပြီး ကြီးမားသော မာမဲ့လုမြို့များကို တည်ထောင်နိုင်လိမ့်မည်။ မာမဲ့လုများကသာ လူတစ်သောင်းဆိုသော ကန့်သတ်ချက်ကို ဖောက်နိုင်လျှင် ခမ်းနားလွန်းသည့် ရွှေခေတ်ကြီးကို ဝင်ရောက်နိုင်ပေလိမ့်မည်။
ထိုအခြေအနေက မာမဲ့လုစစ်သည်တော်တိုင်း၏ အိမ်မက်ဖြစ်သည်။
“အရှင်”
ချက်ချင်းဆိုသလို မာမဲ့လုများ၏ မျက်ဝန်းက တောက်ပလာသည်။ ဖိုင်ဆယ်ကပင် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် မနည်းထိန်းရပြီး နောက်တန်းမှ ထွက်လာသည်။ သူ၏အသက်ရှုသံက လျှင်မြန်လာသည်။ ကာလစ်က အရှေ့ပိုင်းကို ထိုမျှအထိ အလေးထားမည်ဟု မည်သူကမှ မထင်ထားကြချေ။ ကာလစ်ကိုယ်တိုင်ကပင် ချွင်းချက်ထားပေးပြီး အုပ်စိုးနိုင်လျှင် ချီးမြှင့်မည့်ဆုကို ထိုသို့ သတ်မှတ်ပေးလိုက်သည်။
“အားပါး ဒါက အရှင်မင်းကြီးရဲ့ အမိန့်တံဆိပ်ပြားပဲ။ မင်းဒီတံဆိပ်ပြားကို ကိုင်ဆွဲထားရင် ကာလစ်က သူ့ကတိကို သေချာပေါက် ဖြည့်ဆည်းပေးလိမ့်မယ်။ ဒါကိုယူထား”
ရွှေရောင်ဝတ်စုံနှင့် ထိုသံတမန်က အနက်ရောင် လခြမ်းကွေးပါသော တံဆိပ်ပြားကို ပစ်ပေးလာသည်။
“ဒါပေမဲ့ ကာလစ်မှာ နောက်ထပ်အမိန့် ရှိသေးတယ်။ ဒီအရှေ့ပိုင်းကို အုပ်စိုးတာက မာမဲ့လုတွေအတွက် အပိုင်စားနယ်မြေကို ရရှိနိုင်မဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။ တာလာ့ကို မသိမ်းနိုင်ရင် အရှေ့ပိုင်းကိုလည်း မထိုးဖောက်နိုင်ဘူး။ အဲ့ဒီအခါ မာမဲ့လုတွေက ဘာနယ်မြေ အပိုင်စားမှ မရရှိတဲ့ ထာဝရကျွန်တွေပဲ ဖြစ်နေလိမ့်မယ်”
ဝုန်း
အားပါးနှင့် ဖိုင်ဆယ်တို့၏ကိုယ်က တုန်ယင်သွားသည်။ သူတို့၏ အမူအရာက တင်းမာသွားသည်။ နှစ်ယောက်လုံးက ခေါင်းကိုငုံ့ပြီး အခိုင်အမာပြောကြသည်။
“အရှင့်ရဲ့လက်အောက်ငယ်သားက အမိန့်ကို နာခံပါတယ်”
...
တစ်ရက်ပြီးတစ်ရက်က ကုန်လွန်သွားသည်။ ခိုရာစန်းတွင် အာရပ်ပန်းပဲပညာရှင်များက နေ့ရောညပါ ကြိုးစားကြပြီး မာမဲ့လုများ၏ ဥက္ကာပျံကြယ်စင် သံချပ်ကာများကို ဖန်တီးတည်ဆောက်ကြသည်။ အမှောင်တောအုပ် ရှေ့တန်းမှ အပုမူစလင်က သူ၏စစ်သားများကို နေ့ရောညပါ လေ့ကျင့်ပေးနေခဲ့ပြီး မြို့စားနှစ်ယောက်နှင့် နောက်တန်းမှ မာမဲ့လုများအလာကို စောင့်ဆိုင်းနေခဲ့သည်။
နေ့ရက်တိုင်းတွင် သတင်းများက ဆက်တိုက်ရောက်ရှိလာသည်။ မရေမတွက်နိုင်သော စစ်သားပေါင်း များစွာက ကာရီယိုမှ တာစုထံမှတဆင့် ခိုရာစန်းသို့ ရောက်လာနေပြီဖြစ်ကြောင်း သိရသည်။ ထို့နောက် ထိုနေရာတွင် ပြင်ဆင်နေသော မာမဲ့လုနှင့် ပူးပေါင်းပြီး အပုမူစလင်ထံသို့ အရောက်လာကြမည်ဖြစ်သည်။
တစ်ချိန်ထဲတွင်ပင် အဝေးရှိတာလာ့တွင် မီးခိုးများ မီးတောက်များ ဆက်တိုက်ထွက်ပေါ်နေသော မြို့ကြီးတစ်မြို့လည်း ရှိသေးသည်။ ထန်စစ်သည် တစ်သောင်းက နေ့ရောညပါကြိုးစားပြီး လေ့ကျင့်နေကြသည်။ ထိုအချိန်တွင် အန်းရှီကာကွယ်ရေးစစ်တပ်နှင့် ချီရှီကာကွယ်ရေးစစ်တပ် ကြေးစားစစ်သည်များထံမှ ရွေးချယ်ထားသော လူတစ်သောင်းနီးပါးက မော့ဆေဘာစစ်တပ် ဖြစ်လာသည်။ ထိုလူများက အပြင်းထန်ဆုံး လေ့ကျင့်နေရသူများဖြစ်သည်။
တာလာ့ရှိနေ့ရက်တိုင်းက မြင်ကွင်းအသစ်တစ်ခုကို ဖော်ပြနေသည်။
ဝမ်ချောင်၏ အမိန့်အောက်တွင် ထန်စစ်သားတိုင်းက တိုက်ပွဲအတွက် ပြင်ဆင်နေကြသည်။
လီတစ်ဆယ်ကျော် အကွာအဝေးတွင်ရှိသော တုဝူစစ်လီကလည်း အရှိန်အဝါမြင့် ဝင်္ကပါကို နေ့ရောညပါ လေ့ကျင့်နေပြီး အရှိန်အဝါမြင့် ဝင်္ကပါမှ ဖန်တီးပေးသော လျှပ်စီးများကိုသုံးကာ လေ့ကျင့်နေသည်။ ဒီနည်းအားဖြင့် သူ၏ခွန်အားက ဆက်တိုက်တိုးလာပြီး ပို၍မြင့်မားသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
လီနှစ်ဆယ်ခန့်အကွာတွင်ရှိသော တိဗက်စခန်းက တည်ငြိမ်နေသည်။ သာ့လွန်ရော့ကျန်းက ရွက်ဖျင်တဲအတွင်း ရေနွေးကြမ်းကို ငုံသောက်နေသည်။ သို့သော် ခုံးတောင်တန်းတခွင် အနောက်ပိုင်းဒေသကို ကျော်လွန်နေသော တိဗက်တောင်ပေါ်ဒေသတွင် စစ်သည်လေးသောင်းကျော်ကို မဟာကလန်ကြီးနှင့် အထက်တန်းလွှာများက စုစည်းပြီး ဒီနေရာသို့ ပို့ဆောင်ရန် ပြင်ဆင်နေကြာင်း လူတိုင်းက သိကြသည်။
မဟာအင်ပါယာလေးခု... ဦးတည်ရာဘက်သုံးဘက်... အပေါ်ယံတွင် အရာအားလုံးက တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း တစ်ဖက်ချင်းစီတိုင်းက တစ်ဖက်ကိုတစ်ဖက် ဖိနှိပ်ရန် ကြိုးစားနေကြသည်။ အပေါ်ယံတွင်မူ အရာအားလုံးက တည်ငြိမ်နေသည်။ သို့သော် အောက်ဘက်ခြမ်းက အလွန့်အလွန် အန္တရာယ်များပြီး ယခင်ကထက်ပင် ခန့်မှန်းရခက်ခဲလာသေးသည်။
စစ်ပွဲက အချိန်မရွေး ဖြစ်လာနိုင်သည်။
တာလာ့အပေါ်တွင် သိပ်သည်းသော တိမ်စိုင်များက လိမ့်တက်ကာ ဝိုင်းထားသည်။ အဝေးရှိ ဗဟိုပြင်ကျယ်၊ မဟာထန်၏ မြို့တော်တွင်မူ ခြားနားသော အခြေအနေမျိုး ဖြစ်နေသည်။ တာလာ့နှင့် ပတ်သတ်သည့် ငြင်းခုံမှုက အပြင်းထန်ဆုံး အခိုက်အတန့်သို့ ရောက်သွားသည်။ ကောင်းရှန်းကျစ်နှင့် ဝမ်ချောင်၏ ပူးပေါင်းကာ တပ်ကူတောင်းဆိုခြင်းက ခွင့်ပြုချက်မရသေးချေ။
“အရှင်မင်းကြီး ဒီအရာရှိက ငြင်းဆန်ချင်ပါတယ်”
ဘဏ္ဍာရေးဌာနမှ ဆံပင်များဖြူဖွေးနေသော လက်ထောက်အမတ်မင်း ကျန်းချန်းလီက မှတ်တမ်းလွှာကြီးကိုကိုင်လျှက် နောက်တန်းထဲမှထွက်လာသည်။
“ရှေးအချိန်ကတည်းက စစ်တပ်က ရှုံးနိမ့်သွားလို့ တပ်ကူတောင်းခံတယ်ဆိုတဲ့ အကြောင်းကိုပဲ ကြားဖူးပါတယ်။ စစ်တပ်က အောင်နိုင်သွားမှ တပ်ကူတောင်းခံတယ်ဆိုတဲ့ အကြောင်းအရာမျိုးကို မကြားဖူးပါဘူး။ ပိုဆိုးတာက အင်ပါယာခုံရုံးရဲ့ စစ်တပ်ပေါ် နှစ်စဉ်အသုံးပြုစရိတ်က ကြီးမားလွန်းနေပါတယ်။ မနှစ်ကတင် စစ်မတ်ဆိုင်ရာ အမှူထမ်းရေးရာဌာန ရုံးတော်က ရိက္ခာ သန်းရှစ်ဆယ်၊ သက်ရှိရိက္ခာဆယ်သန်း၊ အဝတ်အထည် ပေလေးသိန်းနဲ့ ငွေထည် တစ်ရာသုံးဆယ့်နဲ့ ခုနှစ်သန်းကို ဒီစစ်သားတွေအတွက် အသုံးပြုခဲ့ပါတယ်။ မနှစ်က စစ်ဘက်ဆိုင်ရာ ရုံးတော်ဌာနက ရိက္ခာ ကိုးဆယ့်လေးသန်းနီးပါး၊ သက်ရှိရိက္ခာ တစ်ဆယ့်ခုနှစ်သန်းနဲ့ အဝတ်အထည် ပေခြောက်သိန်းအပါအဝင် စစ်သားအရေအတွက် စရိတ်စကအနေနဲ့ ငွေထည် တစ်ရာငါးဆယ့်ခုနှစ်သန်းကိုတောင် တောင်းဆိုခဲ့ပါတယ်။ ဒီနှစ်မှာပိုပြီး ထပ်သုံးလိုက်ဦးမယ်ဆိုရင် တွက်ချက်မှုတွေအရ တိုက်ပွဲက သေဆုံးသွားတဲ့စစ်သားတွေရဲ့ လျော်ကြေးငွေကို မထည့်သေးရင်တောင် ဒီပမာဏထက် ပမာဏ အလွန်များလွန်းနေဦးမှာပါ”
“မဟာထန်မှာ စစ်သည်ခြောက်သိန်းရှိပြီး အားလုံးက မျိုးနွယ်ခြား ရန်သူတွေကို ထိပ်တိုက်ရင်ဆိုင်နေရပါတယ်။ သူတို့က အသုံးပြုနေတဲ့ အင်ပါယာရဲ့ ရန်ပုံငွေတွေ ပမာဏက များပြားလွန်းပါတယ်။ ဒါကတင် မဟာထန်နဲ့ ပြည်သူတွေအတွက် ကြီးမားတဲ့ ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်နေပါပြီ”
“အဲ့ဒါတင် မကသေးပါဘူး။ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေမှာ ကြီးလေးတဲ့ ဆုံးရှုံးမှုတွေက ဖြစ်ပွားနေသေးတယ်။ သေဆုံးသွားတဲ့ စစ်သားတွေကို လျော်ကြေးပေးဆောင်ရတာကတင် ထုထည်များပြားလွန်းနေပါတယ်။ ဒီနိမ့်ကျတဲ့အရာရှိက အခြားနေရာတွေက ကြားထားတဲ့စကားအရ စစ်ပွဲနဲ့ မွေးရာပါ သင့်တော်တဲ့လူတွေက များပြားလွန်းနေပြီး စိုက်ခင်းတွေမှာ အလုပ်လုပ်မဲ့လူတွေတောင် မလုံလောက်တော့ပါဘူး”
“မှန်ကန်ပါတယ်”
ကျန်းချန်းလီက ပြော၍ဆုံးကာစအချိန်တွင် မှတ်တမ်းရေးရာရုံးတော်မှ ကျိုးထိုက်ချင်က ရှေ့ထွက်လာပြီး သူ၏မှတ်တမ်းလွှာကြီးကိုကိုင်လျှက် တင်းမာသော မျက်နှာထားဖြင့် လျှောက်တင်သည်။
“ဒီနိမ့်ကျတဲ့ အရာရှိကလည်း ဟယ်သုံးဘက်ကို လေ့လာအကဲခတ်ပြီး ပြန်ရောက်လာခဲ့တာပါ။ ဒီအရာရှိက လုကျိုးရဲ့ ကျိုးကျွမ်းလို့ခေါ်တဲ့ မြို့တစ်မြို့ကိုဖြတ်သွားတဲ့အချိန်မှာ အိုမင်းသူတွေ၊ နာမကျန်းသူတွေ၊ ငယ်ရွယ်သူတွေကိုပဲ တွေ့ခဲ့ရပါတယ်။ အမျိုးသားတစ်ယောက်မှ မရှိခဲ့ပါဘူး။ ဒီအရာရှိက အံ့ဩသွားမိပြီး စုံစမ်းမေးမြန်းကြည့်တဲ့အခါမှာ သိခဲ့ရတဲ့ ကိစ္စအရ လုပ်နိုင်စွမ်းရည်ရှိတဲ့ အမျိုးသားတိုင်းကို ကျိုးကျွင်းက စစ်တပ်ထဲကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီနှစ်မတိုင်မှီ တစ်နှစ်ကလည်း ပေ့ထင်က အနောက်ပိုင်းတူရကီ ခါကာနိတ်က တိုက်ပွဲမှာ ရှုံးသွားခဲ့လို့ ရွာထဲက အမျိုးသားကိုးဆယ်ရာခိုင်နှုန်းကို ခေါ်ဆောင်သွားခဲ့ရင်း အားလုံးက သေဆုံးသွားခဲ့ရတယ်။ ကျန်ရစ်သော အမျိုးသားတွေက အခြားသောဌာနတွေကို ခွဲပြီး ပို့ဆောင်ခဲ့ရတယ်။ အဲ့ဒီထဲမှာ အန်းရှီကာကွယ်ရေး စစ်တပ်လည်း ပါပါတယ်”
“ကျိုးကျွင်းကို ဥပမာအနေနဲ့ ဖော်ပြလိုက်ပေမဲ့လည်း မဟာထန်အတွက် ဒီလိုအခြေအနေမျိုးက အသေးစား အခြေအနေပဲ ရှိပါသေးတယ်။ နှစ်တိုင်းလိုလို အန်းရှီကာကွယ်ရေးစစ်တပ်က အင်ပါယာရဲ့ ရန်ပုံငွေအများကြီးကို အသုံးပြုနေခဲ့တာပါ။ နှစ်တိုင်းလိုလို ဗဟိုပြင်ကျယ်ကလည်း မမျှော်မှန်းလောက်တဲ့ စစ်သားတွေကို ပို့ပေးခဲ့တာပါ။ ဒါပေမဲ့အခု တာလာ့မှာ စစ်သားတွေ ပိုလိုအပ်လာတယ်လို့ဆိုပြန်တယ်။ လုကျိုးက အခြေအနေက မဟာထန်မှာ ဆက်တိုက်ဖြစ်ပျက်လာတဲ့အခါ တစ်တိုင်းပြည်လုံးက အမျိုးသားတိုင်းကို စစ်ပွဲထဲကို ဆွဲသွင်းသလို ဖြစ်မနေပါဘူးလား။ ဒါဆိုရင် အန်းရှီနဲ့ချီရှီက သူတို့ရဲ့ စစ်သားတွေကို ဘယ်လိုရည်ရွယ်ချက်ကြောင့်များ ရှေ့တန်းကို ဆင့်ခေါ်နေရလဲလို့ သိချင်မိပါတယ်”
ကျိုးထိုက်ချင်၏အသံက ကြမ်းတမ်းမှုနှင့် ပြည့်နှက်နေသည်။ သူကစကားအဆုံးတွင် အသံကို မြှင့်လိုက်သေးသည်။ သူ၏စကားက ပြည်တွင်းရေးရာ အရာရှိပေါင်းများစွာ၏ အထောက်အပံ့ကိုရသည်။
“မှန်တယ် ဒီအရာရှိကလည်း သဘောတူပါတယ်”
“ဒီအရာရှိကလည်း သဘောတူပါတယ်”
“ဒီအရာရှိကလည်း သဘောတူပါတယ်”
ခန်းမထဲရှိ ပြည်တွင်းရေးရာ အရာရှိတိုင်းက သဘောတူကြောင်း ထောက်ခံပြောဆိုကြသည်။ သို့သော် ထိုအခိုက် ကျယ်လောင်ကာ ပြတ်သားအေးစက်သော အသံတစ်သံက ခန်းမအတွင်း ဟိန်းထွက်လာလေသည်။
အခန်း(၁၀၃၅)
“သူတော်စင်ဧကရာဇ် အုပ်ချုပ်တဲ့ သက်တမ်း (၂၃)နှစ်ကာလရောက်ပြီး ခြောက်လမြောက်တဲ့ အချိန်မှာ ပေ့ထင်ကာကွယ်ရေးစစ်တပ်က အနောက်ပိုင်းတူရကီတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး စစ်သည် ခုနှစ်သောင်းနဲ့ ကိုးထောင်ကို ဆုံးရှုံးခဲ့ရတယ်။ သူတော်ဧကရာဇ် အုပ်ချုပ်တဲ့ (၂၄)နှစ်ကာလ သုံးလမြောက်မှာ အန်းတုံးကာကွယ်ရေးစစ်တပ်က ရှီးနဲ့ခီထန်းကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး စစ်သည် သုံးသောင်းငါးထောင်ကို ဆုံးရှုံးခဲ့ရတယ်။ တူညီတဲ့နှစ် ခုနှစ်လမြောက်မှာပဲ ဂိုဂူလျောအင်ပါယာကို ထိပ်တိုက်ရင်ဆိုင်ပြီး စစ်သည်ခြောက်သောင်းကို ဆုံးရှုံးခဲ့ရပြန်တယ်။ သူတော်စင်ဧကရာဇ် အုပ်ချုပ်တဲ့ (၂၅)နှစ်မြောက် ငါးလပိုင်းမှာ ချီရှီကာကွယ်ရေးစစ်တပ်က ယွီစန်းကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး စစ်သည် နှစ်သောင်းလေးထောင်ကို ဆုံးရှုံးခဲ့တယ်။ တူညီတဲ့နှစ်မှာပဲ စစ်သည်လေးသောင်းကို တဖန် ဆုံးရှုံးခဲ့ရပြန်တယ်။ ကိုးလမြောက်မှာ တုစုန့်မာန်ဖော်ကျဲ့က ဝင်စီးခဲ့လို့ စစ်သည် ငါးသောင်းကို ဆုံးရှုံးခဲ့ရတယ်။ သူတော်စင်ဧကရာဇ်က အုပ်ချုပ်တဲ့ (၂၆)နှစ်မြောက်မှာ အန်းနန်ကာကွယ်ရေး ဗိုလ်ချုပ် ကျန်းချုံကျန့်ချုံးက နာ့ယိတော်ဝင်တပ်ရင်းကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး စစ်သည်လေးသောင်းကိုးထောင်ကို ဆုံးရှုံးခဲ့တယ်။ သာမာန်လူ ခြောက်သောင်းကို လူအင်အားအနေနဲ့ ခေါ်ဆောင်သွားခဲ့လို့ သူတို့က လူအင်အား ခုနှစ်ထောင်လောက် ဆုံးရှုံးသွားခဲ့ပါသေးတယ်”
“ဒီနှစ်မှာ အနောက်တောင်ပိုင်းက စစ်ပွဲဖြစ်တယ်။ ဆုံးရှုံးမှုက တစ်သိန်းလေးသောင်း သုံးထောင်အထိရှိတယ်။ အခု တစ်နှစ်တောင် မကြာသေးဘူး တာလာ့မှာ နောက်ထပ်တစ်ပွဲ ထပ်ဖြစ်နေပြီ”
“ဒီလောက်တိုတောင်းတဲ့ ဆယ်စုနှစ်ကာလအတောအတွင်းမှာ စစ်ပွဲတွေက မရပ်တန့်ခဲ့ဘူး။ အရှင်မင်းကြီး အခု ရပ်တန့်ဖို့အချိန်ကျပြီလို့ထင်ပါတယ်”
“တာလာ့က မဟာထန်ရဲ့ ပိုင်နက်နယ်မြေမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့အပိုင်နယ်မြေ အပြင်ဘက်ခြမ်း ပိုင်နက်နယ်မြေ လွင်ထီးခေါင် နယ်မြေကြီးတစ်ခုပါ။ နယ်စပ်မှာတိုက်ခိုက်တာက နားလည်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘာလို့ တိုင်းတစ်ပါးသား မြေဆီလွှာတွေမှာ ကျွန်တော်တို့ရဲ့ စစ်သားတွေကို အသေခံခိုင်းရမှာပါလဲ။ ပိုဆိုးတာက အနောက်ပိုင်းနယ်မြေက ဟူတွေကျော်ကြားတဲ့ဒေသပါ။ မဟာထန်တွေရဲ့ စည်းမျဉ်းက အနောက်ပိုင်းနယ်မြေတွေကို အုပ်ချုပ်နိုင်အောင် ကြိုးစားထားတယ်။ မရေမတွက်နိုင်တဲ့ စစ်သားတွေ၊ ပိုက်ဆံတွေ၊ ရိက္ခာတွေအများကြီးကို နှစ်တိုင်းလိုလို ပို့ဆောင်ပေးနေရတယ်။ ဒါက အဆုံးမရှိတဲ့ တွင်းထဲကို ထိုးထည့်နေရသလိုပဲ။ ဒါပေမဲ့ အနှစ်ချုပ်လိုက်မယ်ဆိုရင် အနောက်ပိုင်းဒေသတွေက မဟာထန်ကို ဘာအကျိုးအမြတ်မှ မပေးသလောက်ပါပဲ။ အကျိုးအမြတ်တောင် ရှိပါရဲ့လား။ သူတို့က အလကား စားသောက်နေကြသလိုပဲ။ ဒါမှမဟုတ် ဟူကုန်သည်တွေက မြို့ထဲကို ဒီတိုင်းဝင်ပြီး ဘာလုပ်နေကြတာလဲ”
“အရှင်မင်းကြီး ဒီနိမ့်ကျတဲ့အရာရှိက မပြောသင့်ဘူးဆိုတာကို နားလည်ပေမဲ့လည်း တာလာ့ရဲ့ တိုက်ပွဲကတော့ တကယ်ကို ရပ်တန့်သင့်နေပါပြီ”
ထိုစကားလုံးများနှင့်အတူ တံခါးတိုင်နားတွင် ရပ်နေသော မုတ်ဆိတ်ဖြူနှင့် ထိုအရာရှိအိုကြီးက သူ၏မှတ်တမ်းလွှာကိုကိုင်လျှက် ဂါရဝပြုသည်။ ခန်းမတစ်ဝက်ခန့်က တိတ်ဆိတ်သွားသည်။ ပြည်တွင်းရေးရာ အရာရှိတိုင်းက ထိုအရာရှိကို လေးစားမှုအပြည့်နှင့် ကြည့်နေကြသည်။
မဟာကျမ်းပြုစုသူ ယန်ဝမ်ကျန်းသည် သမိုင်းရေးရာ အဖြစ်အပျက်များကို မှတ်တမ်းတင်ရခြင်း၊ သမိုင်းအခြေအနေများကို ရေးသားပြုစုရခြင်းတို့ကို တာဝန်ယူထားရသူဖြစ်ပြီး ခုံရုံးမှ မှတ်တမ်းလွှာများကို အကြမ်းချရေးရသော ပုဂ္ဂိုလ်များထဲမှ တစ်ယောက်လည်းဖြစ်သည်။ တော်ဝင်မင်းသားများ အပါအဝင် အထက်တန်းလွှာများ၊ အရာရှိများ အားလုံး၏ စကားလုံးများကို မှတ်တမ်းတင်ရပြီး ယန်ဝမ်ကျန်းထံသို့ ရောက်ရှိသည်။ မဟာထန်၏ မြောက်များလှစွာသော ပြည်တွင်းရေးရာပင်ဖြစ်စေ၊ စစ်ဘက်ရေးရာပင်ဖြစ်စေ အရာရှိပေါင်းများစွာရှိသည့်အထဲမှ ယန်ဝမ်ကျန်းသည် အထူးခြားဆုံး နေရာမျိုးတွင် တည်ရှိနေခြင်းဖြစ်သည်။
ထိုအတွက်ကြောင့်လည်း ပြည်တွင်းရေးရာကပင်ဖြစ်စေ၊ စစ်ဘက်ရေးရာကပင်ဖြစ်စေ၊ မသင့်လျော်သော စကားလုံးများကို ပြောလိုက်မိလျှင် မဟာကျမ်းပြုစုသူက မှတ်တမ်းတင်ထားသောကြောင့် မျိုးဆက် အဆက်ဆက် တည်ရှိနေမည်ဖြစ်ပြီး မည်သူကမှ ထိုကံကြမ္မာကို မလိုချင်ကြချေ။
အလားတူစွာပင် အရာရှိတစ်ယောက်ကသာ သမိုင်းတွင် ဂုဏ်သတင်းကောင်း လိုချင်လျှင် သူတို့က မည်မျှကောင်းအောင် လုပ်ဆောင်နေစေကာမူ သူတို့၏ ကောင်းသော အကြောင်းအရာများကို ကိုယ်ပိုင် မှတ်တမ်းတင်ခွင့်မရချေ။ မဟာကျမ်းပြုစုသူ၏ စုတ်တံကသာ ထိုသို့လုပ်နိုင်သည်။
မဟာကျမ်းပြုစုသူက သမိုင်းကို မှတ်တမ်းတင်သူဖြစ်သည်။ သူက ကြည့်ရှု့သူဖြစ်သည်။ သူက ဝင်ပါသူမဟုတ်ချေ။ ထို့ကြောင့် သူ၏ထင်မြင်ချက်ကို ပြောဆိုခဲသည်။ သို့သော် မဟာကျမ်းပြုစုသူက အရာရှိတစ်ယောက်ဖြစ်နေသေးသည်။ ထို့ကြောင့် အရေးပါလွန်းသော ကိစ္စမျိုးတွင်လည်း မဟာကျမ်းပြုစုသူက ရှေ့ထွက်ပြီး သူ၏ခုံရုံးမှ အရာရှိဆိုသော တာဝန်ကို ထမ်းဆောင်နိုင်သည်။
မဟာကျမ်းပြုစုသူသည် သူ၏သက်တမ်းတစ်လျှောက်တွင် ကိုယ်တိုင်ကိုယ်ကျ သူ၏ထင်မြင်ချက်ကို သုံးကြိမ်သာ ထုတ်ပြောခွင့်ရှိသည်။ သုံးကြိမ်ကျော်သွားခဲ့လျှင် သူဟာ ရာထူးမှ နှုတ်ထွက်ရပြီး သူ၏ဆက်ခံသူကိုသာ နေရာလွှဲပေးရမည်ဖြစ်သည်။ ထိုအခြေအနေကြောင့်လည်း မဟာကျမ်းပြုစုသူတိုင်းက မျှတတတ်သည်။ သမိုင်းမှတ်တမ်းများကလည်း ခံစားချက်ကြောင့် ပြောင်းလဲ၍မရချေ။
ဒီအချိန်ဟာ ယန်ဝမ်ကျန်းဝင်ပြောသော ဒုတိယအကြိမ်ဖြစ်သည်။ ပထမဦးဆုံးအကြိမ်က ယခင်ဧကရာဇ်ဟောင်း ဖျားနာသောကြောင့် သေဆုံးခဲ့သောအချိန်ကာလတွင်ဖြစ်သည်။
သမိုင်းမှတ်တမ်းတောက်လျှောက် ပြည်တွင်းနှင့် စစ်မတ်ရေးရာ အရာရှိများအကြားမှ ဝရုန်းသုန်းကား ငြင်းခုံမှုများက ဖြစ်လေ့ဖြစ်ထရှိသော အခြေအနေမျိုးဖြစ်သည်။ သို့သော် ယခုလောက်ထိ ပြင်းထန်ခဲသည်။ ရှင်းလင်းစွာဖြင့်ပင် မဟာကျမ်းပြုစုသူက ဝင်ရောက်ရန် ဖြစ်လာသည်။
မဟာကျမ်းပြုစုသူသည် ကွန်ဖြူးရှပ်ပညာသင်သား တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းကလည်း ကွန်ဖြူးရှပ်စာသင်သားတိုင်းက တိုင်းပြည်ကို အုပ်ချုပ်ရာတွင် ငြိမ်းချမ်းမှုကိုလိုလားကြောင်း ကိုယ်ကိုတိုင် ကောင်းကျိုးထက် လောက၏ ကောင်းကျိုးကိုသာ လိုလားသူဖြစ်ကြောင်း သိကြသည်။ ထို့ကြောင့် အလွန်နက်ရှိုင်းသော အုတ်မြစ်တစ်နေရာတွင် ငြိမ်းချမ်းမှုက တည်ရှိရန်ဖြစ်လာသည်။ ယန်ဝမ်ကျန်းသည် စစ်ရပ်ဆဲလိုသော အဖွဲ့အစည်းများထဲမှ ခိုင်မာစွာ ထောက်ပံ့သူဖြစ်နေလေသည်။ သူ၏ အသိအမှတ်ပြုမှုနှင့်အတူ ပြည်တွင်းရေးရာ အရာရှိများ၏ စကားများက အလေးချိန်ပိုစီးလာသည်။ မျှော်လင့်ထားသည့်အတိုင်း မဟာကျမ်းပြုစုသူ ယန်ဝမ်ကျန်းက ထုတ်ပြောလိုက်သည်နှင့် ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ စစ်ဘက်ရေးရာ အရာရှိတိုင်းကလည်း အနည်းနှင့်အများ တိတ်သွားကြသည်။
“စုတ်တံတစ်ချက်နဲ့ ပြည်တွင်းရေးရာ အရာရှိတစ်ယောက်ကို သတ်နိုင်တယ်။ သဲလွန်စတောင် မကျန်နိုင်ဘူး”
မဟာကျမ်းပြုစုသူကိုသာ ရန်စလိုက်လျှင် သမိုင်းထဲတွင် ကျော်ကြားသော ဗိုလ်ချုပ်ကလည်း တိုင်းပြည်ကို ပျက်စီးသူအဖြစ် သတ်မှတ်ခံရနိုင်သည်။ အကျိုးဆက်က လူတိုင်း ဂရုစိုက် စဉ်းစားရမည့် အနေအထားမျိုးတွင်ဖြစ်သည်။
“ဟား ဟား ဟား”
ရုတ်တရက် အော်ရယ်သံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ ရပ်နေသူတိုင်း၏ အလယ်နားမှ အသက်ငါးဆယ် အရွယ်ခန့်ရှိမည့် ဗိုလ်ချုပ်ဟောင်းကြီးတစ်ယောက်က ရှေ့ထွက်လာသည်။
“အမတ်ယန် ဒီအဘိုးကြီးကလည်း ကံကောင်းမှုကို ထုတ်သုံးရတော့မယ်။ မင်းကြိုက်သလောက် မှတ်တမ်းတင်လိုက်။ ဒီအဘိုးကြီးက သေရမှာကိုမကြောက်ဘူး။ ဒီတော့ မင်းကဘာလို့ ပြဒါးသုံး စုတ်တံတစ်ချောင်းကိုသုံးပြီး ထာဝရငြိမ်းချမ်းမှုကို ကြောက်နေမှာလဲ”
“အရင်အစိုးရရဲ့ ကိစ္စတွေအတွက်တော့ ငါတို့ရဲ့ စစ်ဘက်ရေးရာ အရာရှိတွေက မင်းတို့ စုတ်တံကိုင်တဲ့လူတွေကို မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီအစိုးရလက်ထပ်က ကိစ္စတွေကိုတော့ ဒီအဘိုးကြီးက ကောင်းကောင်း သိနေပါသေးတယ်။ သူတော်စင်ဧကရာဇ် အုပ်ချုပ်တဲ့ (၂၃)နှစ်မြောက်မှာ အနောက်ပိုင်းတူရကီတွေက နယ်စပ်ကို ထပ်ခါတလဲလဲဝင်စီးခဲ့ပြီး အပြစ်ကင်းသူတွေကိုသတ်တယ်။ ကွမ်းနျဲ့နဲ့ ဟယ်တုံးနယ်မြေတွေအထိတောင် ရောက်လာနိုင်ခဲ့တယ်။ အဲ့ဒီကာလက စစ်ပွဲက သူတို့ကို တားနိုင်ခဲ့တယ်မဟုတ်လား။ ဒါပေမဲ့ ငါတို့က စစ်သည် ခုနှစ်သောင်းကိုးထောင်ကို အဲ့ဒီစစ်ပွဲမှာ ဆုံးရှုံးသွားရတယ်။ အနောက်ပိုင်းတူရကီ ခါကာနိတ်တွေက တစ်သိန်းတစ်သောင်းနဲ့ တစ်ထောင်ကို ဆုံးရှုံးလိုက်ရတယ်။ ဒါတွေအားလုံးက လက်ရွေးစင်တွေကြီးပဲ။ ပိုပြီးအရေးကြီးတာက ဒီစစ်ပွဲပြီးတဲ့နောက်မှာ အနောက်ပိုင်းတူရကီ ခါကာနိတ်တွေက တောင်ပိုင်းကို ချီတက်ဖို့ ကြောက်သွားခဲ့တယ်မဟုတ်လား”
“ခုနှစ်သောင်းကိုးထောင်ကို သေဆုံးသွားစေခဲ့ပြီး ကွမ်းနျဲ့နဲ့ ဟယ်တုံးကို နှစ်(၂၀)ကျော် ငြိမ်းချမ်းအောင် လုပ်ပေးနိုင်ခဲ့တယ်။ ဒါကိုလဲလှယ်လိုက်တာပဲ။ ပြည်တွင်းရေးရာ အရာရှိတွေက ခုနှစ်သောင်းကိုးထောင်အထိပဲ ဆုံးရှုံးသွားစေနိုင်ခဲ့တာကို ကျေးဇူးတင်သင့်တာမဟုတ်လား။ ဒီအဘိုးကြီးက မှတ်မိပါသေးတယ်။ အဲ့ဒီတိုက်ပွဲမှာလည်း ဒီအဘိုးကြီးကိုယ်တိုင် ဝင်ပါခဲ့တယ်။ ဒါကြောင့် ဒီအဘိုးကြီးက ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့တာ”
ထိန်းသိမ်းရေးဗိုလ်ချုပ် ကျန်းယွန်ရမ်က ခပ်တင်းတင်းဝင်ပြောသည်။
သူ၏အရာရှိ အဆင့်အတန်းက မမြင့်သော်လည်း ကျန်းယွန်ရမ်သည် မြောက်များလှစွာသော တိုက်ပွဲများတွင် ဝင်ပါခဲ့သည့် စစ်တပ်မှ အရာရှိဟောင်းဖြစ်သည်။ ယခုလိုအခြေအနေမျိုးတွင် လူတိုင်းက မဟာကျမ်းပြုစုသူ ယန်ဝမ်ကျန်းကို ကြောက်နေကြသော်လည်း ကျန်းယွန်ရမ်ကဲ့သို့သော စစ်တပ်ဘက်မှ အရာရှိဟောင်းများက အခွင့်အရေးယူရန် ဆန္ဒရှိသည်။
“ငါတို့ရဲ့စစ်သားတွေက ငါတို့ရဲ့အသက်တွေကို စတေးပြီး တိုက်ပွဲနယ်မြေမှာ သွေးတွေထုတ်ပေးနေတာက ဘာကြောင့်လို့ထင်လဲ။ နောက်တန်းမှာရှိနေတဲ့ မင်းတို့အားလုံးကို လုံခြုံအောင် လုပ်ပေးနေတာ မဟုတ်လား။ မင်းတို့ကစုတ်တံလေးသုံး လျှာလေးသုံးရုံနဲ့ ဒီလိုအော်ကြီးဟစ်ကျယ် လုပ်နေတယ်။ ငါတို့က ရင်းပေးထားတာမဟုတ်လား။ သူတော်စင်ဧကရာဇ် အုပ်ချုပ်တဲ့ (၂၃)နှစ်က အဲ့ဒီစစ်ပွဲသာမရှိရင် ဆုံးရှုံးမှုက ဒီလောက်နဲ့နည်းပြီး အဆုံးသတ်သွားမယ်လို့ထင်နေလား”
“သူတော်စင်ဧကရာဇ် အုပ်ချုပ်တဲ့ (၂၄)နှစ်မြောက်မှာ အန်းတုံးကကာကွယ်ရေးစစ်တပ်က ရှီနဲ့ခီးထန်ကိုသုံးပြီး တိုက်ခိုက်လျှက် တိုက်ပွဲမှာ စစ်သည်သုံးသောင်းခွဲကို ဆုံးရှုံးသွားခဲ့ရတယ်။ အဲ့ဒီစစ်ပွဲမရှိရင် မဟာထန်က ဘယ်လောက်ဆုံးရှုံးမလဲဆိုတာကိုသိလား။ ရှီနဲ့ခီးထန်က စစ်သွေးကြွလွန်းတဲ့လူတွေ။ သူတို့က စစ်ဖြစ်ရတာကို ပျော်မွေ့တာ။ မဟာထန်က ဘယ်လိုနည်းနဲ့မှ ဒီဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး။ ဒီစစ်ပွဲမဖြစ်ခင်ကဆိုရင် ရှီနဲ့ခီးထန်က လူတွေက ရို့ကျိုးကို မကြာခဏ ကျူးကျော်နေပြီး အမျိုးသမီးနဲ့ ကလေးတွေကို ခေါ်ဆောင်တယ်။ သူတို့က ပြည်သားတွေကို သတ်ဖြတ်ကြတယ်။ ရိုကျို့က လူအများစုက ရှီနဲ့ခီးထန်လူတွေကို ကြောက်လွန်းလို့ အတွင်းပိုင်းနယ်မြေကို ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာ။ ဆယ်နှစ်တာကာလ အတောအတွင်းမှာ ရို့ကျိုးက လူဦးရေက ငါးသိန်းကနေ ရှစ်သောင်းလောက်အထိ ထိုးကျသွားခဲ့ရတယ်။ ဒီအရေအတွက်က ဆက်တိုက် ထိုးကျနေတုန်းပဲ”
“ဒီစစ်ပွဲကြောင့်သာမဟုတ်ရင် ရို့ကျိုးက ပိုင်နက်နယ်မြေက ဟူပိုင်နက်တောင် ဖြစ်နေလောက်ပြီ။ ပိုဆိုးတာက ရှီနဲ့ခီးထန်က ရည်မှန်းချက်ကြီးလွန်းတယ်။ သူတို့က ဂိုဂူလျောနဲ့ လျို့ဝှက်ပြီး ပူးပေါင်းထားကြသေးတာ။ (၂၄)နှစ်မြောက် မတိုင်ခင်ကတည်းက သူတို့က သုံးကြိမ်ဝင်စီးခဲ့တယ်။ ရို့ကျိုးက ဆုံးရှုံးမှုက သိန်းကျော်ခဲ့တာကြီးပဲ။ ဒါပေမဲ့ ရှီနဲ့ခီးထန် ပူးပေါင်းပြီး သုံးလမြောက်မှာစစ်ပွဲဖြစ်ခဲ့တယ်။ ဂိုဂူလျောအင်ပါယာက ပူးပေါင်းပြီး ခုနှစ်လမြောက်မှာ စစ်ပွဲကဖြစ်ခဲ့တယ်။ အရှေ့မြောက်ပိုင်းက စစ်ပွဲရဲ့ဟန်ချက်က လုံးဝပျက်ယွင်းသွားခဲ့တာပဲ။ ရှီနဲ့ခီးထန် ဂိုဂူလျောအကြားက မဟာမိတ်ပြိုပျက်သွားခဲ့တဲ့အခါ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အက်ကွဲသွားခဲ့တယ်။ ဒီလိုနဲ့ မဟာထန်က အရှေ့မြောက်ပိုင်းကို ခိုင်မြဲစွာ ထိန်းချုပ်နိုင်ခဲ့တာပဲ။ အဲ့ဒါတွေအပြင် ငါတို့က လူအင်အားတွေ အပြည့်အဝသုံးပြီး သူတို့ကို ရိုက်ချခဲ့လို့ နောင်လာတဲ့ ဒီလိုနှစ်တွေမှာ စည်ပင်ဝပြောလို့ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ခဲ့တာမဟုတ်လား။ ရို့ကျိုးက လူဦးရေ ရှစ်သောင်းကနေ အခုလက်ရှိ ရှစ်သိန်း ဒါမှမဟုတ် ခုနှစ်သိန်းထိ ရောက်သွားခဲ့တယ်။ ဒါတွေက အဲ့ဒီစစ်ဖြစ်ခဲ့လို့ပဲ။ ဒီလူဦးရေးက စစ်မဖြစ်ခင် ကာလကထက်တောင် များလာခဲ့သေးတယ်မဟုတ်လား”
“(၂၅)နှစ်နဲ့ (၂၆)နှစ်အတွက်ကတော့ ဘယ်နှစ်ကစစ်ပွဲကများ ဒီလိုသက်ရောက်မှုတွေ မရှိစေခဲ့လို့လဲ။ ဘယ်စစ်ပွဲကများ ငြိမ်းချမ်းမှုကို မယူပေးနိုင်ခဲ့လို့လဲ”
ကျန်းယွန်ရမ်၏ မျက်နှာထားက တင်းမာလာသည်။
“ဟုတ်တယ် ဒါအမှန်ပဲ။ အနောက်တောင်ပိုင်းရဲ့ စစ်ပွဲမှာ မာန်ရှဲ့ကျောင်းဘုရင် ခဲ့လော့ဖုန်းက ရည်မှန်းချက်ကြီးလွန်းပြီး ယွီစန်းကမဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်းတို့၊ သာ့လွန်ရော့ကျန်းတို့နဲ့ လျို့ဝှက်ပေါင်းလို့ မဟာမိတ်ဖွဲ့ခဲ့တယ်။ လူငယ်အမတ်နဲ့ အန်းနန်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်ရဲ့ သွေးလွှမ်းတဲ့တိုက်ပွဲကို ဆင်နွဲခဲ့တဲ့အတွက်ကြောင့်သာမဟုတ်ရင် ယွီစန်းနဲ့ မာန်ရှဲ့ကျောင်းက စစ်သည်သိန်းကျော်က အ့ဟိုင်ကိုကျော်ပြီး မြောက်ပိုင်းအထိ ချီတက်လာခဲ့မှာ။ အဲ့ဒီနောက်ပိုင်း ဘာဆက်ဖြစ်မယ်လို့ထင်လဲ။ အနောက်တောင်ပိုင်းက ပြည်သူတစ်သန်းနီးပါးက အဲ့ဒီစစ်တပ်အောက်မှာ အလုံးအရင်း သတ်ဖြတ်ခံရမှာပဲ။ အဲ့ဒီအခါ အခုအချိန်ထိ ငြိမ်းချမ်းနေမယ်လို့ထင်လား။ တာလာ့က လက်ရှိအချိန်မှာ စစ်ကိုရင်ဆိုင်နေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ လူငယ်အမတ်မင်းနဲ့ အရှင်ကောင်းရှန်းကျစ်က တစ်ပွဲနိုင်ပြီးတဲ့နောက်မှာ ပြန်မဆုတ်လာခဲ့တာကလည်း ‘အပြင်ဘက်က ရန်သူကို ထိန်းထားတယ်’ဆိုတဲ့ ပေါ်လစီကြောင့်ပဲ။ သူတို့က မဟာထန်နဲ့ အနောက်ပိုင်းနယ်မြေက ပြည်သားတွေကို အာရေးဗီးယား၊ ယွီစန်းနဲ့ အနောက်ပိုင်းတူရကီတို့ရဲ့ ခြိမ်းခြောက်မှုအောက်ကို မရောက်စေဘူး။ ‘ငါက ငါ့ရဲ့အသက်ကိုရင်းပြီး တိုင်းပြည်ကောင်းစားဖို့လုပ်မယ်။ အဲ့ဒီလိုမှမဟုတ်ရင် ကပ်ဘေးကို မြင်ရရင် ထွက်ပြေးရင်း ကံကောင်းမှုကြုံမှ အပြေးလာမယ်’ဆိုသလို ဖြစ်သွားမှာပေါ့။ ဒီဆောင်ပုဒ်က မဟာအမတ်မင်းရဲ့ စာကြည့်ခန်းထဲမှာ ချိတ်ဆွဲထားတဲ့ ဆောင်ပုဒ်တစ်ခုပဲ။ မြို့တော်က ဘယ်သူကများ ဒီအကြောင်းအရာကို မသိကြလို့လဲ။ ဒီသစ္စာရှိ အရာရှိနဲ့ ထူးချွန်ပြောင်မြောက်တဲ့ အဲ့ဒီဗိုလ်ချုပ်ကြီးက ဒီလောက်ထိ ရင်းနှီးပေးပြီး သွေးလွှမ်းတဲ့စစ်ပွဲကြီးကို ဖြေရှင်းနေခဲ့တဲ့အချိန်မှာ မင်းတို့အားလုံးက သူ့ကို ဘယ်လိုအခြေအနေကို တွန်းပို့ချင်နေကြတာလဲ”
“စစ်ပွဲမှာ အရှင်က အဓိကပဲ။ တာလာ့မှာ တပ်ကူကို စောင့်ဆိုင်းနေတဲ့ စစ်သည်သောင်းပေါင်းများစွာ ရှိနေသေးတယ်။ ဒီနိမ့်ကျတဲ့အရာရှိက အခုချက်ချင်း တပ်ကူတွေစေလွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”
နောက်ထပ် အရာရှိတစ်ယောက်ကလည်း ကျန်းယွန်ရမ်၏ စကားများကြောင့် လှုံ့ဆော်ခံလိုက်ရပြီး ဝင်ပြောလာသည်။ ထိုသို့ပြောလာသောလူက စစ်မတ်ရေးရာဌာနမှ လက်ထောက် ချောင်ချန်းကျုံးဖြစ်သည်။
မဟာကျန်းပြုစုသူက သမိုင်းမှတ်တမ်းတွေထဲမှာ ကျော်ကြားတဲ့ ဂုဏ်သတင်း ထည့်ရေးပေးတာမျိုးကို ဘယ်သူက မလိုချင်ကြလို့လဲ။ ဒါပေမဲ့ ဒါကိုဘယ်သူကမှ ဂရုမစိုက်နိုင်တော့ဘူး။ ဒီစကားလုံးတွေကိုသာ ဒီနေ့မပြောရင် အနာဂတ်မှာ ပြောဖို့အခွင့်အရေးတောင် မရှိလောက်တော့ဘူး။
“ဒီအရာရှိက သဘောတူပါတယ်”
“ဒီအရာရှိက သဘောတူပါတယ်”
“ဒီအရာရှိကလည်း သဘောတူပါတယ်”
ကျန်းယွန်ရမ်နှင့် ချောင်ချန်းကျုံးတို့၏ စကားလုံးများနှင့်အတူ ခန်းမထဲရှိ ဗိုလ်ချုပ်တိုင်းက အော်လာကြသည်။ သူတို့အားလုံးသည်လည်း သဘောတူကြောင်း စပြောလာကြ၏။ ပြည်တွင်းရေးရာ အရာရှိများက ကြွယ်ဝမှုများကို မဖမ်းဆုပ်သလို ဗိုလ်ချုပ်များကလည်း သေရမည်ကို မကြောက်တတ်ချေ။ ဒီနေရာတွင် ရပ်နေသောလူတိုင်းက တိုင်းပြည်ကို သစ္စာရှိရန် ရင်းနှီးမြုပ်နှံထားပြီးသားဖြစ်သည်။ တာလာ့က တိုက်ပွဲဟာ ပြည်တွင်းရေးရာ ကတောက်ကဆ ဖြစ်မှုအချို့ပါသည်ဟု ထင်ရသော်လည်း အမှန်တိုင်းဆိုရသော် အနောက်မြောက်ပိုင်းတစ်ခုလုံးနှင့် မဟာထန်တစ်ခုလုံး၏ လုံခြုံရေးကိုပင် မေးခွန်းထုတ်စရာဖြစ်လာသည့် အခိုက်အတန့်မျိုး ဖြစ်လာသည်။ ထို့ကြောင့် မည်သူကမှ ဘေးတွင် ရပ်မကြည့်နိုင်ကြချေ။
စစ်မတ်ရေးရာ အရာရှိများက ရှေ့ထွက်လာသောအခါ ပြည်တွင်းရေးရာ အရာရှိများကလည်း မှင်သက်သွားကြသည်။ ထိုထဲတွင် မဟာကျမ်းပြုစုသူ ယန်ဝမ်ကျန်းလည်းပါသည်။ ထိုက်ကျုံးခေတ် နောက်ပိုင်းသို့ နောက်ဆုတ်ကြည့်လိုက်မည်ဆိုလျှင် ပြည်တွင်းနှင့် စစ်မတ်ရေးရာ အရာရှိများအကြားမှ ဝရုန်းသုန်းကားအခြေအနေ ဖြစ်ပေါ်လာသည်နှင့်အမျှ စစ်မတ်ရေးရာ အရာရှိများကလည်း နောက်ဆုတ်သွားတတ်ကြလေသည်။
သို့သော် ဒီတစ်ကြိမ်တွင်မူ ထိုလူများက သူတို့၏ နေရာကိုပင် မငဲ့ကွက်ဘဲ ပြုမူလာလိမ့်မည်ဟု မထင်ထားမိကြချေ။ မဟာကျမ်းပြုစုသူ ကိုယ်တိုင်က ရှိနေသည်။ သူတို့အားလုံးကလည်း ထိုသို့ ဝင်ပြောလိုက်ခြင်းအားဖြင့် သူတို့၏ သမိုင်းမှတ်တမ်းတွင် အမဲစက် စွန်းထင်းသွားနိုင်ပြီး နောက်မျိုးဆက်များက အထင်မှားနိုင်သော အခြေအနေမျိုးရှိကြောင်း သိကြသည်။ သို့သော် မည်သူကမှ နောက်မတွန့်ကြချေ။
“အရှင်မင်းကြီး ဒီအရာရှိကလည်း ဝင်ပြောချင်စိတ်ရှိပါတယ်”
ရုတ်တရက် ခန်းမအတွင်းတွင် အင်အားပါသောအသံတိုးတိုးက ထွက်လာသည်။ ထိုစကားလုံးများနှင့်အတူ ရှိနေကြသော ပြည်တွင်းနှင့် စစ်မတ်ရေးရာ အရာရှိတိုင်း... မဟာကျမ်းပြုစုသူ ယန်ဝမ်ကျန်းအပါအဝင် လူတိုင်းက တိတ်သွားကြသည်။ သူတို့အားလုံးက ပြောလိုက်သူကို လှည့်ကြည့်ကြသည်။ ပြောလိုက်သောလူက ထူးဆန်းသော မှော်စွမ်းအင်ကို ပိုင်ဆိုင်ထားပုံရသည့် လူတစ်ယောက်ဖြစ်သည်။
စစ်အမတ် ကျန်းချုံကျန့်ချုံးဖြစ်သည့် ယခင်အန်းနန်ကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ ဗိုလ်ချုပ်ကြီးက ဝင်ပြောလာခြင်းဖြစ်သည်။ သူတို့စကားလုံးများက အခြားသော စစ်မတ်ရေးရာ အရာရှိတိုင်းထက် ခြားနားသော အလေးချိန်မျိုးပါသည်။
“သူတော်စင်ဧကရာဇ် အုပ်ချုပ်တဲ့ (၂၆)နှစ်မြောက်မှာ ဒီနိမ့်ကျတဲ့အရာရှိက အန်းနန်ကာကွယ်ရေးဗိုလ်ချုပ် ဖြစ်ခဲ့ပါတယ်။ ဒီနိမ့်ကျတဲ့အရာရှိရဲ့ ထိုအချိန်ကစိတ်ကူးက ယွီစန်းနဲ့ရင်ဆိုင်ရင်း အနောက်တောင်ပိုင်းက စစ်ပွဲမှာ စစ်သားတွေကို တပ်ကူအဖြစ် တောင်းဆိုပြီး ရွတ်ရွတ်ချွံချွံ တိုက်ခိုက်လိုခဲ့ပါတယ်။ ဒါကြောင့် ဒီနိမ့်ကျတဲ့အရာရှိက ဒီမတော်တဆမှုမှာ ဝင်ပါခွင့်ရှိတယ်လို့ထင်ပါတယ်”
ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျန်းချုံကျန့်ချုံးက နောက်တန်းမှထွက်လာသည်။ သူက ခေါင်းကိုငုံ့ထားသည်။ လက်ထဲတွင်လည်း မှတ်တမ်းလွှာကို ကျစ်ကျစ်ပါအောင် ကိုင်ထားသည်။ သူ၏အသံကလည်း တည်ကြည်ကာ တင်းမာသည်။
“ဒီတိုက်ပွဲမတိုင်ခင်က အရှင့်ရဲ့ ဒီနိမ့်ကျတဲ့အရာရှိရဲ့ ကင်းထောက်တွေရဲ့ ပြောစကားအရ သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းတို့က တောင်ပေါ်ဒေသမှာ ကြီးမားတဲ့ စစ်တပ်ကြီးကိုစုစည်းပြီး မဟာထန်ကို ပြင်းပြင်းထန်ထန် ရိုက်ချဖို့ ကြံစည်နေကြောင်း သိခဲ့ရတယ်။ ယခင်ဧကရာဇ် အုပ်စိုးချိန် ကာလကတည်းက ယွီစန်းက နယ်စပ်ကို ဆက်တိုက် ဝင်စီးနေခဲ့တာပါ။ ယခင်သူတော်စင်ဧကရာဇ် အုပ်စိုးတဲ့ (၁၆)နှစ်မြောက်မှာ အနောက်တောင်ပိုင်းက စစ်ပွဲတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ပြည်သား တစ်သိန်းသုံးသောင်းကို သေဆုံးစေခဲ့ပါတယ်။ ယွမ်ဝူခဲ့ (၂၁)နှစ်မြောက်မှာ ပြည်သား နှစ်သိန်းတစ်သောင်းက စစ်ပွဲအတွင်း ပိတ်မိသွားခဲ့ပြီး ပြင်းထန်လွန်းတဲ့ ဆုံးရှုံးမှုဒဏ်ကို ခံခဲ့ရပါတယ်။ (၂၉)နှစ်မြောက်မှ (၃၅)နှစ်မြောက်ထိ တောက်လျှောက် မကြာခဏဆိုသလို ဒီလိုတိုက်ပွဲတွေ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်အတောအတွင်းမှာ ဒီနိမ့်ကျတဲ့အရာရှိက တာဝန်မယူနိုင်သေးခင် အတောအတွင်း သေဆုံးသွားခဲ့တဲ့ ပြည်သားတွေက မနည်းမနောပါပဲ”
“ဒီအကြောင်းပြချက်ကြောင့်ပဲ ဒီနိမ့်ကျတဲ့အရာရှိက သာ့လွန်ရော့ကျန်းနဲ့ ဟော်ရှု့ဟွေ့ခမ်းတို့ တိုက်ခိုက်ဖို့ ပြင်ဆင်နေကြောင်း ကြားသိရတဲ့အချိန်မှာ အရင်ဆုံး တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာပါ။ ဒါကြောင့် ယွီစန်းနဲ့ တစ်ဖက်က ရန်သူတွေကို နယ်စပ်မှာ ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် ဦးဆောင်ခေါ်သွားခဲ့တယ်။ ဒီလိုအခြေအနေမျိုးကြောင့် ပြည်သားတွေက ကြောက်လန့်တကြား သူတို့ရဲ့အိမ်တွေကို စွန့်ခွာပစ်ဖို့ မလိုအပ်ခဲ့ပါဘူး။ အန်းနန်ကာကွယ်ရေးစစ်တပ်က စစ်ပွဲမှာ ဆုံးရှုံးမှု ရှိခဲ့ပေမဲ့လည်း ပြည်သားတွေက ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ဘူး။ အရေးကြီးဆုံးအချက်က တိဗက်စစ်သားပေါင်းများစွာက သေဆုံးသွားခဲ့ကြတယ်။ ကုန်လွန်ခဲ့တဲ့ ဆယ်နှစ်အတောအတွင်းမှာ များပြားလွန်းတဲ့ ပမာဏတစ်ခုတောင် ဖြစ်ခဲ့ပါသေးတယ်။ ယွီစန်းရဲ့ နာ့ယိတော်ဝင်တပ်ရင်းကတောင် အနောက်တောင်ပိုင်းက စစ်ပွဲမှာ အလုံးအရင်းနဲ့ မကျူးကျော်နိုင်ခဲ့တဲ့ အခြေအနေမျိုးထိ ဖြစ်သွားစေခဲ့ပါတယ်”