အခန်း (၁၀၃၆-၁၀၄၀)
Vol. 59 Ch. 1036-1040
အခန်း(၁၀၃၆)
ကျန်းချုံကျန့်ချုံးက စစ်ပွဲမှ အကြောင်းအရာများကို တဖြည်းဖြည်းချင်း ဇာတ်ကြောင်းပြန်ပြောပြသလို အားလုံး အမှတ်ရစေရန် ပြောပြပေးသည်။ ဘာကိုမှ မသိခဲ့သော အရေးပါသည့် အရာရှိများကို နားလည်စေအောင် အသေးစိတ် အချက်အလက်ပေါင်း အများကြီး ထည့်ပြောပြ၏။ ယန်ဝမ်ကျန်းကပင် အချို့သော အကြောင်းအရာ အများစုကို ပထမဦးဆုံးအကြိမ် ကြားဖူးခြင်းဖြစ်နေသည်။ ထို့ကြောင့် သူက အဝေးမှခပ်မြန်မြန် ဟန်အမူအရာပြသည်။ နောက်တန်းမှ သူ၏ လက်ထောက်များထဲမှ တစ်ယောက်က ထိုအချက်အလက်များကို သူ၏စုတ်တံကိုသုံးပြီး ချောမွေ့စွာပင် မှတ်တမ်းတင်လေသည်။
“စစ်ပွဲက တကယ်တော့ နောက်ဆုံးကမ်းစပ်နားက ကိစ္စတစ်ခုကို ဖြေရှင်းနေရတဲ့ အခိုက်အတန့်လိုပဲ။ ငါတို့ဗိုလ်ချုပ်တွေက စစ်ဖြစ်အောင် ကြိုးစားနေတာမဟုတ်ဘဲ အခြေအနေတွေကကို ငါတို့ကို ဒီလိုဖြစ်အောင် အတင်းတိုက်တွန်းနေခဲ့တာ။ စစ်ပွဲရဲ့ အဆုံးစွန်ဆုံး ဖြည့်ဆည်းချင်ကြတဲ့ ပန်းတိုင်က လူတွေကို ကာကွယ်ဖို့ပဲ။ ဒါပေမဲ့ လူတွေကို ကာကွယ်တဲ့နည်းလမ်းက အများကြီးရှိနေတယ်။ တစ်ခုကတော့ နယ်နမိတ်အတွင်းကနေပြီး ရန်သူတွေကို မဝင်လာနိုင်အောင် ခုခံတာ ဒါပေမဲ့ စစ်တပ်ကို မစုစည်းခင်မှာ သူတို့ကို တိုက်ခိုက်လာအောင် အရင်စောင့်ရသေးတယ်။ အခြားတစ်ခုကတော့ အပြင်ထွက်ပြီး ရန်သူတွေကို ထိပ်တိုက်ရင်ဆိုင်ခုခံတာပဲ။ ဒါက စစ်မဖြစ်ခင် ကာကွယ်တယ်လို့လည်း ပြောလို့ရတယ်။ ဒီတိုင်း လက်ရှိအရာရှိတွေက ပထမတစ်ခုကို သဘောကျကြပြီး ငါတို့တွေကတော့ ဒုတိယတစ်ခုကို သဘောကျတယ်။ ဒါကြောင့် ဘယ်ဘက်ကမှန်တယ် ဘယ်ဘက်ကမှားတယ်ရယ်လို့ မရှိဘူး။ ဒီတိုင်း အတွေးခြားနားရုံလေးပဲ။ ထပ်ပေါင်းပြောရရင် ပထမအကြောင်းအရာနဲ့ ကာကွယ်တာပဲဖြစ်ဖြစ် ဒုတိယအကြောင်းအရာနဲ့ ကာကွယ်တာပဲဖြစ်ဖြစ် စစ်ဆိုတာနဲ့ ဆုံးရှုံးမှုကရှိမှာပဲ။ ဒါကိုရှောင်လို့ိုကို မရဘူး”
“စစ်နဲ့ဆိုင်တဲ့ကိစ္စပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ ကိစ္စပဲဖြစ်ဖြစ် ငါတို့ရဲ့ဗိုလ်ချုပ်တွေက မဟာထန်နဲ့ လူတွေကို ကာကွယ်ချင်တဲ့ဆန္ဒက အဓိကကျတယ်။ ဒီနေရာက အရာရှိတိုင်းကလည်း ဒီလိုဖြစ်မယ်လို့ထင်တယ်”
ကျန်းချုံကျန့်ချုံးက နောက်ဆုံးသောစကားလုံးများကို အရိုးသားဆိုသော စိတ်ရင်းအပြည့်နှင့် ပြောလာခြင်းဖြစ်သည်။ ပြည်နယ်ထဲတွင်သာနေသော အရာရှိများနှင့် စစ်အရာရှိများမှ အငြင်းအခုံပွဲဟာ စစ်ပွဲတစ်ခုလုံးကို သက်ရောက်မှုရှိနိုင်သည်။ စစ်အမတ်မင်း တစ်ယောက်အနေနှင့် ကျန်းချုံကျန့်ချုံးက ဝင်ပါခြင်းမရှိဘဲ ဆက်ငြိမ်နေ၍မရချေ။
“အရှင့်ရဲ့နိမ့်ကျတဲ့ ဒီအရာရှိက တာလာ့မှာရှိနေတာ မဟုတ်ပါဘူး။ ဒါကြောင့် တာလာ့က အခြေအနေတွေကိုလည်း မျက်ဝါးထင်ထင်ကြည့်ပြီး သုံးသပ်ဆုံးဖြတ်ပေးလို့ မရနိုင်ပါဘူး။ ဒါပေမဲ့လည်း အရှင့်ရဲ့ ဒီနိမ့်ကျတဲ့အရာရှိက လူငယ်အမတ်ကို ယုံကြည်သလို အရှင်မင်းကြီးရဲ့ မြင်နိုင်စွမ်းအင်ကိုလည်း ယုံကြည်ပါတယ်။ လူငယ်အမတ်နဲ့ ကာကွယ်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်က တပ်ကူတွေ တောင်းခံကြောင်း မှတ်တမ်းလွှာတွေ တင်ပြလာကတည်းက တာလာ့က အခြေအနေက သံသယဝင်ရန် မလိုလောက်အောင် တော်တော်လေးကို အန္တရာယ်များတဲ့ အနေအထားမျိုးကို ရောက်နေလို့ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဘာကိုမှ မယုံကြည်ဘဲ ဘာမှမလုပ်ဘဲ နေနေတာထက်စာရင် ယုံကြည်ပေးရင်း ပြင်ဆင်ထားတာက ပိုကောင်းမယ်လို့ မျှော်လင့်မိလို့ အရှင့်ရဲ့ဒီနိမ့်ကျတဲ့အရာရှိက အရှင်မင်းကြီးကို အနောက်မြောက်ပိုင်းဆီကို တပ်ကူတွေ ချက်ချင်းပို့လွှတ်ပြီး တပ်ကူတွေ စေလွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်”
ထိုစကားကိုပြောပြီးနောက် ကျန်းချုံကျန့်ချုံးက ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုကို လွှတ်ချလိုက်နိုင်သလိုမျိုး သက်ပြင်းရှည်ကိုချသည်။
ကျန်းချုံကျန့်ချုံးဟာ အနောက်တောင်ပိုင်းက စစ်ပွဲတွင် ကြီးမားသော မျက်နှာသာပေးမှုအတွက် ဝမ်ချောင်အပေါ် အကြွေးတင်နေခဲ့သည်။ ဝမ်ချောင်ကြောင့်သာ မဟုတ်လျှင် ကျန်းချုံကျန့်ချုံးအနေနှင့် သူ၏စစ်အမတ်ဆိုသည့် ရာထူးကို ထိန်းထားရန်ပင် ခက်ခဲလိမ့်မည်။ ပို၍ဆိုးသည်မှာ အန်းနန်ကာကွယ်ရေး စစ်တပ်မှ သူ့ကိုဆယ်နှစ်ကျော်ကြာအောင် အဖော်ပြုနေခဲ့သော စစ်သားများအားလုံးက အ့ဟိုင်တွင် အမြုပ်ခံရပေလိမ့်မည်။ တာလာ့က တိုက်ပွဲနှင့် အခွင့်အရေးရလာလေရာ ကျန်းချုံကျန့်ချုံးအနေနှင့် ထိုကျေးဇူးကြွေးကို ပြန်လည်ပေးနိုင်ရန် မျှော်လင့်မိသည်။
ပို၍အရေးကြီးသည်မှာ ကျန်းချုံကျန့်ချုံးကလည်း တာလာ့၏ စစ်ပွဲအပေါ် ကိုယ်ပိုင်သုံးသပ်မှုရှိသည်။ စစ်ဘက်ဆိုင်ရာ ကျော်ကြားသော ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သလို မဟာထန်၏ အဆင့်မြင့် မဟာဗိုလ်ချုပ်ကြီးများထဲမှ တစ်ယောက်ဖြစ်သည့် ကျန်းချုံကျန့်ချုံးကလည်း ဝမ်ချောင်နှင့် အတွေးတူသည်။ အနောက်မြောက်ပိုင်းတွင် သူတို့ဘက်က တပ်ကူကို ခပ်မြန်မြန်မရရှိခဲ့သေးခင် တစ်ဖက်က မဟာမိတ်ကြိုစောဖွဲ့လျှက် အလုံးအရင်းဖြင့် တပ်ကူများအင်အားသုံးကာ တိုက်ခိုက်လာခဲ့ပါက ဗဟိုပြင်ကျယ်ကြီးတစ်ခုလုံးက လှုပ်ခါသွားနိုင်သည်။
“ဟွန်း ရယ်ရတယ် မင်းတို့ဗိုလ်ချုပ်တွေက နှစ်တိုင်းလိုလို စစ်သားတွေပဲ တောင်းခံနေတာ။ ဒီလိုနဲ့ လူအင်အား အရင်းအမြစ်တွေကို ဖြုန်းနေတာပဲ။ အဲ့ဒီနောက် မင်းတို့က ဒီလိုအခြေအနေမျိုးတွေကိုတောင် ထုတ်ပြပြောရဲသေးတယ်။ အရှင်ကျန့်ချုံး မင်းကတော်တော်လေးကို စကားပြောကောင်းတဲ့လူလို့ ပြောရမယ်။ အရှင်ဝမ် မင်းရောဒီလိုမထင်ဘူးလား”
ထိုအသံက လူတိုင်းကို မျက်လုံးလှည့်ကြည့်မိစေသည်။ အားလုံးက မျက်မှောင်ကျုံ့လိုက်ကြရင်း အရှင်ဝမ်ဆိုသော ဝမ်ကန်းကိုကြည့်လိုက်ကြသည်။
ဒုန်း
လူတိုင်း၏အကြည့်ကို အာရုံခံမိသည့် ဝမ်ချောင်၏ ဦးလေးကြီး ဝမ်ကန်း၏နှလုံးက ဆောင့်ခုန်သွားသည်။ သူ၏အသားအရောင်က ချက်ချင်းလိုလို စိမ်းပြာရောင်သမ်းသွားသည်။ အင်ပါယာခုံရုံးတွင် သူ့ထက်ပို အထိမခံဖြစ်ပြီး ကြောင်တောင်တောင်နိုင်သော အနေအထားမျိုးကို ပိုင်ဆိုင်ထားသူမရှိလောက်ချေ။ ဝမ်ကန်းဟာ ပြည်နယ်အရာရှိတစ်ယောက်ဖြစ်သည်။ သို့သော် ဝမ်ရန်၊ ဝမ်ဖူနှင့် ဝမ်ချောင်တို့အားလုံးက ဗိုလ်ချုပ်များဖြစ်နေသည်။ ဝမ်ကလန်က ပြည်နယ်အရာရှိများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ အားလုံးပေါင်းဆုံလျှက်ရှိနေသော ကလန်ကြီးတစ်ခုဖြစ်လေသည်။
အဆုံးသတ်တွင် ထိုပြဿနာက မြို့စားကျို့နှင့်သာ သက်ဆိုင်သည်။ မြို့စားကျို့က ပြည်နယ်အရာရှိ တစ်ယောက်ဖြစ်သည်။ သို့သော် သူက အရှေ့ပိုင်းနှင့် အနောက်ပိုင်းတူရကီများ အပါအဝင် ယွီစန်းတို့ကို အပြောင်းအလဲ သိမ်းပိုက်နိုင်ရန် စစ်တပ်ကိုဦးဆောင်ရာတွင် ပြောင်မြောက်သော ဗျူဟာများကို ထုတ်ပေးနိုင်ခဲ့သည့် ပညာရှင်တစ်ယောက်ဖြစ်သည့်အလျောက် စစ်အကျိုးပြုမှတ်ကလည်း အလွန်မြင့်မားခဲ့လေသည်။
သို့သော် ပြည်တွင်းအရာရှိများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအကြားမှ တင်းမာမှုက ပြင်းထန်လာခဲ့ခြင်းဟာ ဝမ်ကလန်မှ ဝမ်ချောင်ကြောင့်လည်းဖြစ်သည်။
“ဒါက...”
ဝမ်ကန်းကလည်း မျှော်လင့်ရခက်ခဲလောက်အောင် ကို့ယို့ကားယားနိုင်သော အနေအထားမျိုးသို့ ရောက်ရှိသွားသည်။ သူ၏ အရာရှိလုပ်သက် တောက်လျှောက်တွင် ဝမ်ကန်းအနေဖြင့် အမျိုးမျိုးသော စစ်ဆေးမှုများ ကပ်ဘေးများကို ရင်ဆိုင်ခဲ့ရသည်။ အချို့သော အန္တရာယ်များက ဝမ်ကလန်တစ်ခုလုံးကို အမြစ်မှနှုတ်နိုင်လောက်အောင် ပြင်းထန်ခဲ့သည်။ အရင်တစ်ခေါက် မတော်တဆမှုတွင်ဖြစ်စေ ကိုယ်လုပ်တော် ထိုက်ကျုံး၏ မတော်တဆမှုကပင်ဖြစ်စေ တာလာ့၏တိုက်ပွဲထက်ပင် ဝမ်ကလန်ကို ခြိမ်းခြောက်နိုင်ခဲ့သည်။
သို့သော် ဝမ်ကန်းအနေဖြင့် ထိုအခြေအနေများကိုသာ ကြုံတွေ့လောက်သည်။ ယခုလိုမျိုး နယ်ပယ်နှစ်ခုကြား ညှပ်နေသော အနေအထားမျိုးကို မကြုံတွေ့ချင်ပေ။
ပြည်တွင်းအစိုးရများက စစ်ပွဲကိုမုန်းတီးသည်။ ဒါက ခေတ်အဆက်ဆက် မပြောင်းနိုင်ခဲ့သော အခြေအနေတစ်ခုလည်းဖြစ်သည်။ ဝမ်ကန်းကမူ အခြားသော ပြည်တွင်းအရာရှိများ၏ သုံးသပ်ချက်အရ စစ်ဆိုသောစကားလုံးကိုသာ ရေရွတ်နိုင်လေသည်။ အနာဂတ်တွင် သူက အခြားသော ပြည်တွင်းအရာရှိများထံမှ ခွဲထွက်ပြီး သူတို့၏ အထောက်အပံ့များနှင့် လွတ်ကင်းအောင် နေရပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဝမ်ကန်း၏ ပြည်တွင်းအရာရှိလမ်းကြောင်းက ရှေ့ဆက်တက်ရန်ပင် မဖြစ်နိုင်တော့လောက်ချေ။ ဝမ်ကန်းကသာ ပြည်တွင်းအရာရှိများကို ထောက်ပံ့လိုလျှင် သူက မဟာထန်၏ ဗိုလ်ချုပ်တိုင်းကို စိတ်ပျက်စေရပေလိမ့်မည်။
ပြည်တွင်းနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအကြားမှ ငြင်းခုံမှုက အလွန်အမင်း ပြင်းထန်လာသည်။ ကျန်းယွန်ရမ်ကဲ့သို့သော ဗိုလ်ချုပ်ဟောင်းကြီးများက ပြည်တွင်းအရာရှိများကို ရင်ဆိုင်ရာတွင် အရှုံးပေးခြင်းမရှိဘဲ ပြောရဲဆိုရဲရှိသည်။ အကြောင်းမူကား ထိုဗိုလ်ချုပ်များအားလုံးက ဝမ်ကလန်နှင့် ဝမ်ကန်း၏တူ ဝမ်ချောင်ကို ထောက်ပံ့ပေးနေသောကြောင့်ဖြစ်သည်။ ဝမ်ကန်းက ယခုလိုအခြေအနေမျိုးတွင် ဗိုလ်ချုပ်များကို အတိုက်အခံလုပ်ရန် ရွေးချယ်လိုက်မည်ဆိုလျှင် ဝမ်ကလန်က ကျေးဇူးမသိတက်ရုံသာ မကသေးလေဘဲ ဝမ်ချောင်ကို ဒုက္ခရောက်စေနိုင်သေးသည်။
ထိုအခိုက်အတန့်တွင် ဝမ်ကန်း၏စိတ်က အမျိုးမျိုးသော အခက်အခဲများနှင့် ပြည့်နှက်သွားသည်။ သူက ကောင်းကင်ဘုံကို တစ်ယောက်တည်း တွန်းတင်ရန် ကြိုးစားရုန်းကန်နေရသလို ဖြစ်သွားသည်။
“အရှင်ဝမ် ဒီလောက်ထိ ဒုက္ခများနေစရာ မလိုပါဘူး။ ငါမင်းရဲ့ကိုယ်စား ပြောပေးမယ်”
ထိုအခိုက်အတန့်တွင် ခန်းမအထက်ပိုင်းမှ အိုမင်းပြီးခမ်းနားသောအသံက ထွက်လာသည်။ ဝမ်ကန်း၏ နှလုံးသားက ထိုစကားလုံးများနှင့်အတူ တုန်ယင်သွားသည်။ ပြည်တွင်းနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများက အံ့အားတကြီး မော့ကြည့်လိုက်ကြသည်။
မဟာဆရာ
လူတိုင်း၏စိတ်ထဲတွင် ထိုအတွေးတစ်ခုက ဝင်ရောက်လာလျှက် လက်တင်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ဝတ်ရုံခြုံထားသည့် ပုံရိပ်တစ်ခုကို ကြည့်လိုက်ကြသည်။ တစ်ချိန်လုံး မျက်လုံးမှိတ်ကာ အနားယူနေခဲ့သော ဆရာက မည်သည့်အချိန်ကမှန်းမသိ မျက်လုံးဖွင့်လာသည်။ ထိုအတွင်းတွင် ပြင်းထန်သိပ်သည်းသည့် အလင်းကလက်နေသည်။
မဟာဆရာ၊ မဟာသင်ပြသူ၊ မဟာကာကွယ်စောင့်ရှောက်သူ စသဖြင့် နာမည်များက အင်ပါယာခုံရုံး၏ မြို့စားသုံးယောက်ကို ကိုယ်စားပြုကြောင်း လူတိုင်းလည်းသိသည်။ ထိုသုံးယောက်ထဲမှ ခေါင်းဆောင်က မဟာဆရာဖြစ်သည်။
မဟာဆရာသည် ခုံရုံးတစ်ခုလုံးကို ကြီးမားသော လွှမ်းမိုးနိုင်စွမ်းအားကို ချုပ်ကိုင်ထားသည့် ဂုဏ်အဆင့်အတန်း မြင့်မားလွန်းသည့် လေးစားခံရသူတစ်ယောက်ဖြစ်သည်။ သူတော်စင်ဧကရာဇ်ကပင် သူ့ကို အဆုံးစွန်သော လေးစားမှုမျိုးဖြင့် ဆက်ခံရလေသည်။
လေးစားမှု ပြသသည့်အနေဖြင့် မနက်ပိုင်း ခုံရုံးညီလာခံစတင်သည့် အချိန်တိုင်းလိုလို အခြားသော ပြည်တွင်းနှင့် စစ်ဘက်ဆိုင်ရာ အရာရှိတိုင်းက အဆင့်အလိုက် ရပ်နေရချိန်တွင် ထိုမဟာဆရာကသာ သူတော်စင်ဧကရာဇ်နှင့် အနီးဆုံးနေရာတွင် စန္ဒကူးသား လက်တင်ကုလားထိုင်ပေါ်တွင် ထိုင်ခွင့်ရထားသူဖြစ်သည်။
မဟာဆရာဟာ အလွန်အသက်ကြီးနေပြီး ခုံရုံးရေးရာ ကိစ္စများကို ဝင်ပါခဲသည်။ ဒီတိုင်း အပေါ်ထပ်တွင်သာ တစ်ချိန်လုံး နားထောင်ရင်း တိတ်ဆိတ်နေလေ့ရှိသည်။ မူလကမူ မဟာဆရာဟာ တာလာ့၏ မတော်တဆကိစ္စတွင်လည်း ဒီတိုင်း ဘေးဘက်တွင်သာ ထိုင်ကြည့်နေလိမ့်မည်ဟု ထင်ထားခဲ့သည်။ မမျှော်လင့်ထားစွာပင် သူကဒီလို ငြင်းခုံမှုအတွင်း ဝင်ပါလာခဲ့သည်။
မဟာဆရာဟာ ပြည်တွင်းအရာရှိများ၏ ခေါင်းဆောင်ဖြစ်သည်။ သူက ရုတ်တရက် ဝင်ပါလာသောအခါ ငြင်းခုံမှု၏ သဘောတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်သည်။
သေစမ်း ဘာတွေဖြစ်ကုန်တာလဲ။ ဘာလို့ မဟာဆရာက ရှေ့ထွက်လာတာလဲ။
ကျန်းချုံကျန့်ချုံးကပင် ကြောင်သွားသည်။ သူ၏စိတ်ထဲ မကောင်းသော ခံစားချက်က ရလိုက်သည်။
သူက စစ်အမတ်ဖြစ်ပြီး မြင့်မားသောအာဏာကို ဆွဲကိုင်ထားနိုင်သည့်တိုင်အောင် ခုံရုံးတစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသော အမြင့်ဆုံးအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားသည့် မဟာဆရာနှင့်မူ အလှမ်းဝေးလွန်းနေသေးသည်။
“အရှင်မင်းကြီး ဒီအရာရှိအိုကြီးက တစ်ခုပဲပြောပါမယ်”
မဟာဆရာက သူ၏ ခပ်ကျယ်ကျယ်အင်္ကျီလက်ကို တစ်ချက်ယမ်းလိုက်ရင်း သူ၏လက်တင်ကုလားထိုင်ပေါ်မှ တဖြည်းဖြည်းချင်း ထလာသည်။ ထိုအခိုက်အတန့်တွင် သူ၏ကိုယ်အတွင်းမှ ပင်လယ်တမျှ ကျယ်ပြောလွန်းသော အရှိန်အဝါတစ်ခုက ပေါက်ကွဲလာသည်။ ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားပြီး အပ်ကျသံကိုပင် ကြားနိုင်လေသည်။ လူတိုင်းကသူ့ကို အာရုံစိုက်ကာ ကြည့်နေကြသည်။
“တိုင်းပြည်တစ်ခုက ကျယ်ရင်ကျယ်လိမ့်မယ်။ ဒါပေမဲ့ စစ်ကိုသာ မွေ့လျော်လွန်းနေရင် အဆုံးသတ်သွားမှာတော့ သေချာတယ်”
ဝုန်း
မဟာဆရာက သူ၏ခမ်းနားသောအသံကို ခန်းမတစ်ခုလုံးအနှံ့ ဟိန်းထွက်သွားစေအောင် ပြုမူပြီးသည်နှင့် စုစည်းနေကြသော အရာရှိတိုင်းကို တစ်ချက်ကြည့်သည်။ ပြည်တွင်းအရာရှိများကို အတိုက်အခံ ဆက်တိုက်လုပ်နေသည့် ဗိုလ်ချုပ်ဟောင်း ကျန်းယွမ်ရမ်ကပင် တိတ်ဆိတ်သွားသည်။
ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ လေထုကပင် တောင့်တင်းလာသေး၏။
ဝမ်ကန်း၏နှလုံးသားကလည်း ကြီးမားသော ကျောက်တုံးကြီးတစ်တုံးလိုမျိုး နှစ်မြုပ်သွားသည်။ နောက်ဘက်မှ ဘုရင်စုန့်ကမူ အလွန်အမင်း တင်းမာသော မျက်နှာထားမျိုးနှင့်ဖြစ်သည်။
မဟာဆရာက မျက်လုံးကို ဖွင့်ရုံသာဖွင့်ထားသည်။ သူက မတ်တပ်ထရပ်ပြီးနောက် စကားအနည်းငယ် ပြောသွားသည်။ သို့သော် ထိုစကားလုံးများကမူ သူ၏အရှေ့မှ ပြောသွားသော ပြည်တွင်းအရာရှိတိုင်း၏ စကားလုံးများထက် အလေးချိန်ပိုစီးသည်။ သူတို့က ပြန်လည်ငြင်းခုံရန် အလွန့်အလွန် ခက်ခဲသွားသည်။ ဒီနေရာရှိ မည်သည့်ဗိုလ်ချုပ်ကမှ ထိုစကားလုံးများ၏ အလေးချိန်ဒဏ်ကို မခံနိုင်ကြချေ။
“မဟာဆရာ”
ဘုရင်စုန့်၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက အရှေ့မှ ဆုံးဖြတ်ချက်ပြတ်သားသော မဟာဆရာဖြစ်သူ၏ မျက်နှာကိုကြည့်ရင်း သူ၏နှလုံးသားက ရေခဲတမျှ အေးစက်သွားသည်။
မဟာဆရာသည် အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိသလို ဂုဏ်အဆင့်အတန်းလည်း မြင့်မားသည်။ သူက ခုံရုံးရေးရာ ကိစ္စများတွင် တော်တန်ရုံ ဝင်ပါလေ့မရှိသလို ပါးစပ်ကိုလည်း မကြာခဏဆိုသလို မဖွင့်တတ်ချေ။ သို့သော် စကားပြောလိုက်သည်နှင့် သူ၏စကားများက စည်းမျဉ်းများဖြစ်လာသည်။ ဘုရင်စုန့်ကဲ့သို့ အင်ပါယာ မင်းသားတစ်ပါးကပင် မယှဉ်နိုင်ချေ။
ဘုရင်စုန့်ကလည်း ပြည်တွင်းနှင့် စစ်မတ်ရေးရာဆိုင်ရာ အရှုပ်အထွေးများက ပြည်တွင်းအရာရှိများ၏ ခေါင်းဆောင်ကို ဆွဲထုတ်လိုက်နိုင်မည်ဟု မထင်ထားမိချေ။
ခုံရုံးမှ ငြင်းခုံမှုများက ယခုအခါ ဗိုလ်ချုပ်များအပေါ် အသားကုန် ဖိနှိပ်လိုက်ပြီဖြစ်သည်။ တိုးတက်မှုက ကောင်းရှန်းကျစ်နှင့် ဝမ်ချောင်၏ တပ်ကူတောင်းမှုအပေါ် ငြင်းခုံပေးနေကြသော လူတိုင်းအတွက် ကြီးမားသည့် ဆုတ်ယုတ်မှုကြီး ဖြစ်သွားစေသည်။ စစ်ဘက်ဆိုင်ရာ အရာရှိများကပင် အလွန်အမင်း ပြင်းထန်သည့် ခုခံရသော အနေအထားမျိုးသို့ ရောက်ရှိသွားလေသည်။
ဘုရင်စုန့်က ထိုအခြေအနေကြောင့် သုန်မှုန်သော ခံစားချက်နှင့် မသက်မသာဖြစ်နေသော ခံစားချက်ကို ရနေသည်။ ထိုအချိန်တွင် မဟာဆရာက ရုတ်တရက် သူ့ကိုကြည့်လာသည်။
“ဘုရင်စုန့် မင်းမှာပြောစရာရှိလား”
သူ၏အမူအရာက အေးစက်သည်။ မျက်ဝန်းကလည်း ရေခဲတမျှ အေးစက်နေသေး၏။ ဘုရင်စုန့်ဟာ စစ်မဖြစ်ခင် အဖွဲ့အစည်းတစ်ခု၏ ခိုင်မြဲသော အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ ခုံရုံးတစ်ခုလုံးကလည်း သိသည်။ ထို့ကြောင့် မဟာဆရာက မသိဘဲမနေချေ။
ရှင်းလင်းစွာပင် မြို့စားသုံးယောက်၏ ခေါင်းဆောင်က အင်ပါယာခုံရုံးကို ကပ်ဘေးစိုက်စေခဲ့သည့် စစ်တောက်လျှောက်ဖြစ်ခဲ့သော နှစ်များကြောင့် မကျေမနပ်ဖြစ်ခဲ့ပုံပေါ်သည်။ ထိုမကျေမနပ်မှုက တာလာ့၏ မတော်တဆမှု၏ ရန်စမှုကို အပြည့်အဝ ခံလိုက်ရသည်။
“မဟာဆရာ”
ဘုရင်စုန့်က တုန့်ဆိုင်းသွားသည်။ သို့သော် သူက ထိုစကားလုံးကိုသာ ပြောရသေးသည်။ ဖြတ်ပြောခံရသည်။
“အရှင့်သားဘုရင်စုန့် ဒီမင်းဆက်မှာ ဟန်ရဲ့ဝူက ကိစ္စဟောင်းကို ထပ်ဖြစ်စေချင်တာလား”
မဟာဆရာက သူ၏အင်္ကျီလက်ကို တစ်ချက်ယမ်းလိုက်ပြီး ထူးမခြားနားသလိုပြောသည်။
မှင်သက်သွားသော ဘုရင်စုန့်က သူပြောမည့်စကားများကို မြိုချလိုက်သည်။
‘ဟန်၏ဝူ ကိစ္စဟောင်း’ ဆိုသည်မှာ လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က ဉာဏ်ရှိလွန်းသော အရှင်သခင်တစ်ပါးနှင့် သက်ဆိုင်သည်။ ဟန်မင်းဆက်၏ မဟာဧကရာဇ်ဝူသည် အင်ပါယာ၏ ပိုင်နက်နယ်မြေကို ဖြန့်ကျက်ခဲ့ရင်း ပြည်တွင်းနယ်ပယ်တွင်ဖြစ်စေ၊ စစ်ဘက်ရေးရာ နယ်ပယ်တွင်ဖြစ်စေ မှင်သက်ဖွယ်ကောင်းလွန်းသည့် လုပ်ဆောင်မှုမျိုးကို လုပ်ဆောင်နိုင်ခဲ့သည်။ သို့သော် ထိုသို့ ဆက်တိုက် လုပ်ဆောင်ခြင်းက ဘဏ္ဍာတိုက်ကို ပြောင်ရှင်းသွားစေရင်း လက်သမားများမရှိသော ကွင်းပြင်အနေအထားကို ချန်ရစ်ထားသလို ဖြစ်သွားစေသည်။
မဟာဆရာက ဟန်၏ဝူကိစ္စကို ထည့်ပြောလိုက်ခြင်းက သူတော်စင်ဧကရာဇ်ကို သဲလွန်စပေးနေခြင်းဖြစ်သည်။ သူတော်စင်ဧကရာဇ်က ဒီမျိုးဆက်မှ ဉာဏ်ကောင်းသော အရှင်သခင်တစ်ပါးဖြစ်ပြီး မဟာထန်အား ရွှေရောင်ခေတ်ကို သယ်ဆောင်ပေးလာနိုင်ခြင်းဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် သူက ဧကရာဇ်ဝူနှင့်တူသော အမှားကို ထပ်လုပ်မိလိုက်လျှင် ဉာဏ်ကောင်းခြင်း ဂုဏ်သတင်းက အလဟသဖြစ်လျှက် ပျောက်ကွယ်သွားရပေမည်။
ဘုရင်စုန့်ကပင် ထိုဒဏ်ကို တောင့်မခံဝံ့ပေ။
“အရှင်မင်းကြီး အဆုံးသတ်မှာတော့ တာလာ့က ကျွန်တော်မျိုးတို့နယ်စပ်ကို ကျော်နေတဲ့ နယ်မြေတစ်ခုပဲ။ အနိုင်က ကျွန်တော်တို့ကို ဘာပျော်ရွှင်မှုမှ ယူမလာပေးနိုင်သလို အရှုံးကလည်း ကျွန်တော်တို့ရဲ့ ယခင်အားထုတ်မှုတွေ အားလုံးကို အဆုံးသတ်စေရုံပဲ တက်နိုင်မှာ။ ဒါကြောင့် ဒီအရာရှိ ယုံကြည်တာက... အရှင်ကောင်းနဲ့ လူငယ်အမတ်တို့ နောက်ဆုတ်လို့ရတယ်”
ထိုစကားလုံးများနှင့်အတူ မဟာဆရာက ပုတီးစေ့များခြားထားသည့် လိုက်ကာအနောက်တွင် ထိုင်နေရင်း သူတော်စင်ဧကရာဇ်ကို မျက်နှာချင်းဆိုင်လိုက်သည်။ ခန်းမက တိတ်ဆိတ်သွားသည်။ အချိန်တစ်ခုကြာပြီးနောက်...
“အွန်း”
နောက်ဆုံးတွင် သူတော်စင်ဧကရာဇ်ကပြောသည်။ ရိုးရှင်းသော ပြန်ဖြေသံကပင် ခန်းမတစ်ခုလုံးကို တုန်ယင်သွားစေသည်။
“ကျန်းနားလည်ပြီ”
ထိုစကားလုံးများထဲတွင် မည်သည့်ခံစားချက်မျှမပါချေ။ သို့သော် ဗိုလ်ချုပ်တိုင်းနှင့် ခန်းမအတွင်းရှိ အရာရှိတိုင်း... ဘုရင်စုန့်၊ ဝမ်ကန်းနှင့် ကျန်းချုံကျန့်ချုံးတို့ အားလုံး၏ နှလုံးသားက လေးလံသွားကြသည်။ သူတော်စင်ဧကရာဇ်က ခုံရုံးရေးရာ ကိစ္စများကို အရှိများအကြားမှ ငြင်းခုံမှုဖြင့်သာ ဆုံးဖြတ်ခွင့် ပြုလေ့ရှိသည်။ သူက ဝင်ရောက်စွက်ဖက်ခဲ၏။ သူတို့၏ထင်မြင်ချက်ကိုပင် ပြောခဲ့သည်။
အရာရှိများကသာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆုံးဖြတ်ချက် ချနိုင်မည်ဆိုလျှင် သူတော်စင်ဧကရာဇ်က စကားတစ်ခွန်းပင် ဝင်ပါလိမ့်မည်မဟုတ်ချေ။ ခုံရုံးက ဆုံးဖြတ်ချက်ချရန် ခက်ခဲလွန်းမှသာ သူကသူ၏ ထင်မြင်ချက်ကို ထုတ်ပြောရင်း တော်ဝင်အမိန့်ကို ထုတ်ပြန်လေ့ရှိသည်။
အခန်း(၁၀၃၇)
မဟာဆရာသည် မြို့စားသုံးယောက်၏ ခေါင်းဆောင်ဖြစ်ပြီး ပြည်တွင်းအရာရှိတိုင်းကို အလင်းရောင် ပြသနေသူလည်းဖြစ်သည်။ ရှင်းလင်းစွာဖြင့်ပင် သူ၏စကားလုံးတိုင်းက သူတော်စင်ဧကရာဇ်ပေါ် လွှမ်းမိုးမှုရှိသည်။ ကျန်းနားလည်ပြီဆိုသော စကားလုံးများက စကားတစ်ခွန်း အပြည့်အစုံ မဟုတ်သေးသော်လည်း ဒီငြင်းခုံမှုအား ကြီးကြီးမားမား ပြောင်းလဲသွားစေနိုင်၏။ ဒါက ထင်ထင်ရှားရှား မျက်နှာသာပေးလာခြင်းဖြစ်သည်။
“မကောင်းတော့ဘူး”
ခန်းမထဲရှိ ဗိုလ်ချုပ်တိုင်း၏ နှလုံးသားက လေးလံသွားသည်။ မဟာဆရာ၏ အလေးချိန်နှင့်ဆိုလျှင် သူတော်စင်ဧကရာဇ်ကလည်း ပြည်တွင်းအရာရှိများဘက်သို့ သိသိသာသာ အလေးပါသွားလေပြီ။ တာလာ့က ကပ်ဘေးအလယ်တွင်ဖြစ်ပြီး စာပေါင်းများစွာ ဆက်တိုက်ပို့ပြီး တပ်ကူများကို ဆက်တိုက် တောင်းခံနေခဲ့သည်။ ဒီကမ်းလှမ်းမှုကသာ မအောင်မြင်ခဲ့လျှင် ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့က သေချာပေါက် ရှုံးသွားပေလိမ့်မည်။
ဒါက အင်ပါယာ ကာကွယ်စောင့်ရှောက်သူ မဟာဗိုလ်ချုပ်နှစ်ယောက်နော်။
သူတော်စင်ဧကရာဇ်သည် ဆုံးဖြတ်ချက် ချမည့်အချိန်တွင် ရုတ်တရက် ခန်းမအတွင်းတွင် တစ်စုံတစ်ယောက် ဝင်လာသလိုမျိုး လေပြေက ဖြတ်တိုက်သွားသည်။ တစ်ချိန်ထဲတွင်ပင် လူတိုင်းက သူတို့၏နားအတွင်းသို့ ဝင်လာသည့် အသံတစ်သံကို ကြားလိုက်ရသည်။
“အရှင်မင်းကြီး ဒီအရာရှိအိုကြီးကလည်း တစ်စုံတစ်ရာတော့ ပြောချင်တယ်”
ထိုအသံထွက်လာသည့်နောက်တွင် လူတိုင်း၏ရှု့ထောင့်မှ မြင်လိုက်ရသော မြင်ကွင်းဟာ မနက်ခင်း၏ နွေးထွေးသော နေရောင်အလင်းတန်းက ညင်သာသော အရှိန်အဝါတစ်ခုလိုမျိုး ကမ္ဘာမြေပေါ် ဆင်းသက်လာသော ရှု့ခင်းမျိုးဖြစ်သည်။ ခန်းမသို့ဝင်ရောက်သည့် ဝင်ပေါက်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ထားသည့် အဖြူရောင်ဆံပင်နှင့် ခပ်ဖြောင့်ဖြောင့်ရပ်နေသည့် လူအိုကြီးတစ်ယောက်က ဘောင်အဆင့်များကို ကျော်ဖြတ်ရင်း အတွင်းသို့ တဖြည်းဖြည်းချင်း ဝင်ရောက်လာနေသည်။
ဝါး
ထိုလူကိုမြင်သောအခါ ခန်းမတစ်ခုလုံးက အုပ်အော်သောင်းနင်းဖြစ်သွားသည်။
“မြို့ မြို့စား... မြို့စားကျို့”
တစ်စုံတစ်ယောက်က ထိုနာမည်ကို ရေရွတ်လိုက်မိသည့် အခိုက်အတန့်တွင် ဗိုလ်ချုပ်တိုင်းက ပျော်ရွှင်သွားကြသည်။ ပြည်တွင်းအရာရှိများကမူ ကြောင်တောင်တောင် ဖြစ်သွားကြ၏။ ယခုလေးတင် ပြန်ထိုင်ရန်ပြင်ဆင်နေသည့် မဟာဆရာကပင် နှလုံးသားလေးလံသွားပြီး ခန္ဓာကိုယ်က တုန်ယင်သွားသည်။
မဟာထန်ရဲ့မြို့စားကျို့
ရွှေခေတ်ရဲ့ ဉာဏ်အကောင်းဆုံးအမတ်
ထိုလူဟာ မဟာထန်၏ အလေးစားခံရဆုံး၊ ဂုဏ်အဆင့်အတန်း အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။ သူက လွန်ခဲ့သော ဆယ်စုနှစ်အချို့က အနားယူသွားခဲ့ပြီး ရုံးတော်လေးခုခွဲကာ အာဏာများ လွှဲအပ်သွားပြီးသည့်တိုင်အောင် ဒီအသိုင်းအဝိုင်းအတွင်းတွင် ကြီးမားသည့် လွှမ်းမိုးမှုနှင့် ဂုဏ်သတင်းကို ပိုင်ဆိုင်ထားသေးသည်။ မဟာဆရာကိုယ်တိုင်ကပင် သူ့ကို မယှဉ်ဝံ့ချေ။
မြို့စားကျို့ဆိုသော နာမည်သည် သူ၏ဂုဏ်အဆင့်အတန်းကို ကိုယ်စားပြုသည်။
“အဖေ”
ဝမ်ကန်းကလည်း သူ့အဖေ ရုတ်တရက် ပေါ်လာကြောင်း မြင်သောအခါ အံ့ဩသွားသည်။ သူက အနားသို့သွားရန် ကြံစည်လိုက်သည့်အချိန်တွင် မြို့စားကျို့က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ရပ်တန့်သွားစေသည်။
“မဟာဆရာ ငါတို့မတွေ့တာ တော်တော်ကြာပြီထင်တယ်”
ဝမ်ကျို့လင်က ရှေ့သို့တဖြည်းဖြည်းချင်း တိုးလာသည်။ သူက လက်ထဲတွင် တုတ်ကောက်ကိုကိုင်ထားရင်း ညင်သာစွာ ပြုံးနေသည်။
“မြို့စားကျို့”
“မြို့စားကျို့”
“မြို့စားကျို့”
ခန်းမထဲရှိ အရာရှိတိုင်းက သူတို့၏ခေါင်းကို လေးစားစွာ ငုံ့လိုက်ကြပြီး အရှေ့မှ အကြီးအကဲကို ဂါရဝပြုလိုက်ကြသည်။ သူတို့က ဘေးဘက်သို့ ဆုတ်ခွာပေးကြ၏။ ယန်ဝမ်ကျန်းက အမြဲတစေ တင်းမာသော မျက်နှာထားနှင့် ဆုံးဖြတ်ချက်ပြတ်သားသော ပုံစံမျိုး ရှိနေခဲ့ရာမှ ထိုလူကို မြင်သောအခါ ချက်ချင်းလိုလို ခေါင်းကိုငုံ့လိုက်ပြီး နောက်သို့ဆုတ်ကာ လမ်းခွာဖယ်ပေးလေသည်။
မဟာထန်၏ ရွှေခေတ်ကို ဦးဆောင်ပုံဖော်ခဲ့သူများထဲမှ တစ်ယောက်ဖြစ်သည့် မြို့စားကျို့သည် ခုံရုံးအပေါ် လွှမ်းမိုးနိုင်စွမ်းဟာ မယုံနိုင်စရာကောင်းလောက်အောင် မြင့်မားသည်။ ခုံရုံးအတွင်းရှိ အရေးပါသော အရာရှိပေါင်းများစွာကလည်း မြို့စားကျို့၏ ဒဏ္ဍာရီလာဖြစ်ရပ်များကို ကြားရင်း ကြီးပြင်းလာရခြင်းဖြစ်သည်။
တောက် တောက်
မြို့စားကျို့၏လက်ထဲမှ အဖြူရောင်သစ်သားတုတ်ကောက်က ကြမ်းပြင်ကို ထိသည့်အချိန်တိုင်းလိုလို အသံကထွက်သည်။ သူက ထိုသို့အသံများကို အဖော်ပြုရင်း တဖြည်းဖြည်းချင်း ရှေ့တိုးလာသည်။
“ကျို့လင်က အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
ကျန်းအနည်းငယ် ကွာဝေးသည်အထိ လျှောက်ပြီးနောက် မြို့စားကျို့က ရုတ်တရက် ရပ်တန့်လိုက်ကာ ပုတီးစေ့လိုက်ကာအနောက်မှ ပုံရိပ်ကို အနည်းငယ် ဂါရဝပြုလိုက်သည်။
“မောင်မင်းလည်းလာတာပဲ”
အသံက ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထိုအသံဟာ ယခင်အတိုင်း တည်ငြိမ်ပြီး မြင့်မားကာ ခမ်းနားထည်ဝါလွန်းနေသေးသည်။ သို့သော် နွေးထွေးမှုအနည်းငယ် ပါလာသည်။
သူတော်စင်ဧကရာဇ်နှင့် မြို့စားကျို့သည် အရှင်သခင်နှင့် အရာရှိဖြစ်သည်။ တစ်ယောက်က တစ်ယောက်ကို အဖော်ပြု ထောက်ပံ့ပေးခဲ့၏။ သူတို့နှစ်ယောက်က အတူပေါင်းရင်း မဟာထန်အတွက် နှစ်သုံးဆယ်ကြာ ငြိမ်းချမ်းခဲ့သော ရွှေရောင်ခေတ်ကို ဖန်တီးခဲ့သည်။ သူတို့၏ လုပ်နိုင်စွမ်းရည်က မဟာထန်တစ်ခုလုံးကို မြေတောင်မြှောက်ပေးနိုင်သလို ပျိုးထောင်ပေးနိုင်ခဲ့သည်။ မြို့စားကျို့ဟာ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာက အနားယူသွားသော်လည်း ရှင်းလင်းစွာဖြင့်ပင် သူဟာ ပြည်သူများနှင့် သူတော်စင်ဧကရာဇ်၏ နှလုံးသားအတွင်းတွင် အလွန်မြင့်မားသော နေရာကို ပိုင်ဆိုင်ထားနေသေးသည်။
မဟာဆရာ၏ရင်က လေးလံသွားသည်။ သူတော်စင်ဧကရာဇ်က စကားအနည်းငယ်သာ ပြောလိုက်သော်လည်း သူတို့အကြားမှ ရင်းနှီးမှုက မဟာဆရာကိုပင် မျက်လုံးပြူးကျယ်သွားစေသည်အထိဖြစ်သည်။
“ကျို့လင် မောင်မင်းရဲ့မြေးအတွက် ရောက်လာခဲ့တာလား”
မဟာဆရာက လိုရင်းကိုဖြတ်ပြောလိုက်သည်။ သူ၏မျက်ဝန်းက စူးရှပြီးခက်ထန်သည်။ မြို့စားကျို့က ဝန်ခံသလိုမျိုး ခပ်ဟဟရယ်သည်။
“ဟုတ်တယ် ဒါပေမဲ့လည်း မဟုတ်ဘူး”
“မဟာထန်က ခုံရုံးငြင်းခုံမှုမှာ စည်းမျဉ်းရှိတယ်။ ဆက်စပ်မှုတွေအားလုံးထဲမှာမှ သွေးနဲ့ဆက်စပ်မှုလည်း ပါတယ်။ ဒီတော့ အချင်းချင်း ထောက်ခံပေးတာမျိုး မလုပ်သင့်ဘူး။ ကျို့လင်က ဒါကိုနားလည်သင့်တယ်”
အရာရှိများထဲမှ ပြည်တွင်းအရာရှိခေါင်းဆောင် မဟာဆရာကသာ မြို့စားကျို့ကို ကျို့လင်ဟု ရည်ညွှန်းနိုင်သည်။ နှစ်ယောက်လုံးက အရာရှိဟောင်းများဖြစ်ပြီး ဧကရာဇ်နှစ်ပါးအောက်တွင် ခစားခဲ့သူများဖြစ်သည်။ ထို့ပြင် နှစ်ယောက်လုံးကလည်း အသက်ခုနှစ်ဆယ် ကျော်နေလေပြီ။
“ပါရမီရှင်တွေကို ထောက်ခံပေးတဲ့အခါ ကြည့်ရှု့သူရဲ့ အမြင်ထဲမှာ ကိုယ့်သွေးကိုယ့်သားဆိုတဲ့ အကြောင်းအရာတွေဆိုတာထက် ရှိတဲ့ရန်ငြိုးတွေကို ပိုကြည့်ပေးရတယ်”
မြို့စားကျို့က ဖျော့တော့သော အပြုံးမျိုးနှင့် ပြန်ချေပသည်။
“ဒါပေမဲ့ ဝမ်ချောင်က မင်းရဲ့မြေးပဲလေ”
မဟာဆရာက မြို့စားကျို့ကိုကြည့်ပြီး ခပ်ကြမ်းကြမ်းပြောသည်။
“ဟား ဟား ကျုံးမီ မင်းအရင်ကအတိုင်းပဲ မပြောင်းလဲသေးဘူး”
မြို့စားကျို့က ခပ်တိုးတိုးရယ်သည်။ သူက မဟာဆရာ၏ ရန်ဆောင်နေသော စကားလုံးတိုင်းကို လေပြေဖြတ်တိုက်နေသလိုမျိုး ဂရုမထားဟန်ပြုသည်။ မဟာဆရာသည် ဘုရင်စုန့်နှင့် ဘုရင်ချီတို့ကပင် အလွန်ကြီးလေးသည့် လေးစားမှုမျိုးဖြင့် ဆက်ဆံခံရသော အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ကျန်းယွန်ရမ်နှင့် ယန်ဝမ်ကျန်းတို့ကဲ့သို့ အရာရှိမျိုးကိုဆိုလျှင် ထည့်ပင်မပြောသင့်ချေ။ သို့သော် မြို့စားကျို့ကမူ ခုံရုံးတစ်ခုလုံး၏အရှေ့တွင် မဟာဆရာ၏ နာမည်ကို တိုက်ရိုက် တပ်ပြောဝံ့မည်ဟု မည်သူကမှ မမျှော်လင့်ထားလောက်ချေ။
“ငါ့ရဲ့အဲ့ဒီဆိုးသွမ်းတဲ့ မြေးလေးက တာလာ့ရဲ့ မတော်တဆမှုကို ဖြစ်စေခဲ့ရင်တောင် အခြေခံအားဖြင့် ဒါက စစ်မတ်နဲ့ငြိမ်းချမ်းမှုတွေနဲ့ သက်ဆိုင်နေတဲ့ ကိစ္စတစ်ခု ဖြစ်နေတုန်းပဲ။ ဒါကြောင့် ဝမ်ချောင်က ငါ့ရဲ့မြေးဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ငါ့အနေနဲ့ ဒီငြင်းခုံမှုမှာ ဝင်မပါနိုင်စရာ အကြောင်းပြချက်တော့ မရှိလေဘူး”
မြို့စားကျို့က သူ၏တုတ်ကောက်ကိုဆန့်ရင်း ရှေ့သို့တိုးလာသည်။
ခန်းမထဲရှိလူတိုင်းက သူ့နောက်သို့လိုက်ကြသည်။ မြို့စားကျို့က တဖြည်းဖြည်းချင်းသာပြောသည်။ သို့သော် တည်ငြိမ်သည်။ လူတိုင်းကလည်း သူ၏ကိုယ်မှ ပုံမှန်မဟုတ်သော ဟန်ချက်ညီမှုကို ခံစားလိုက်ရ၏။ နွေဦးမိုးရေက ခပ်တိုးတိုး တစ်ပေါက်ချင်းကျနေသလိုမျိုး တစ်လောကလုံးနှင့်အတူ တိတ်တဆိတ် တစ်သားတည်း ဖြစ်တည်လျှက်ရှိနေသည်။
ခန်းမ၏ အမြင့်ပိုင်းတွင်ရှိနေသည့် မဟာဆရာ၏မျက်နှာက ပြာနှမ်းသွားသည်။ ဒါဟာ သာမာန် ခုံရုံးငြင်းခုံမှုမဟုတ်ချေ။ သို့သော် ပြည်တွင်းနှင့် စစ်မတ်ရေးရာ အရာရှိများ၏ ငြင်းခုံမှုဇစ်မြစ်ကို သူက အာရုံစိုက်နေခြင်းဖြစ်သည်။ ယခုလိုအခြေအနေမျိုးတွင် သူမမြင်ချင်ဆုံးလူက ဝမ်ကျို့လင်ဖြစ်သည်။
“ကျို့လင်ကလည်း မဟာဆရာရဲ့ စကားတွေကိုကြားပါတယ်။ ကျို့လင်က ချွင်းချက်အဖြစ် စည်းကမ်းကိုဖောက်ပြီး ရုံးတော်လေးခုကို ချန်ထားခဲ့တဲ့ အနေအထားကနေ ထွက်လာလို့ ကိစ္စတစ်ခုကို ပြောဖို့အတွက်နဲ့ ခုံရုံးကို ပြန်လည်ဝင်ရောက် ချေချလာရတာပဲ။ စစ်ပွဲကတဆင့် ငြိမ်းချမ်းမှုကို ယူဆောင်မှ ငြိမ်းချမ်းမှုကာလအတွင်း အမှန်တကယ် ဝင်ရောက်ပြီး နေထိုင်နိုင်လိမ့်မယ်။ ဒါပေမဲ့ ငြိမ်းချမ်းမှုကတဆင့် ငြိမ်းချမ်းမှုကို တဖန်ပြန်လည် ယူဆောင်လိုရင်တော့ ငြိမ်းငြိမ်းချမ်းချမ်း သေရတာပဲရှိမယ်။ ဒါကို အခြေခံကြည့်ရင်... ဒီအရာရှိအိုကြီးက အမတ်တစ်ယောက် ဖြစ်ခဲ့တဲ့အချိန်က၊ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း တူရကီတွေက နယ်စပ်ကိုဝင်စီးတဲ့အခါ ဒီအရာရှိအိုကြီးကလည်း စစ်တပ်ကိုဦးဆောင်လို့ တူရကီ မြက်ခင်းလွင်ပြင်ဒေသကို ဝင်စီးခိုင်းရင်း တူရကီတွေကို အလဲထိုးခိုင်းခဲ့တယ်။ ဒီအရာရှိကတောင်မှ ညှိနှိုင်းတယ်ဆိုတာက အကြောင်းပြချက်သပ်သပ်ဖြစ်မှန်း သိခဲ့တယ်။ သိသိသာသာပဲ ဒီစစ်ပွဲကတဆင့် ဆယ်နှစ်တာ ငြိမ်းချမ်းမှုကိုရရှိခဲ့တယ်။ တူရကီတွေက ဒီအရာရှိတွေရဲ့ နယ်စပ်မှာ မိုက်ရူးရဲဆန်ပြီး ဝင်စီးရဲခဲ့လို့လား”
“အာရပ်တွေက ဒီအင်ပါယာနဲ့ ဘာဆက်ဆံရေးမှ မရှိခဲ့ဖူးဘူး။ ငါတို့အနေနဲ့ ဒီစစ်မဖြစ်ခင် ငြိမ်းချမ်းမှုကို တောင်းခံနေသေးရင် တစ်ဖက်သူတွေက ငါတို့ကို ပေါ့သေးသေးထင်မှတ်ပြီး မဟာထန်ကို အထင်သေးလိမ့်မယ်။ အနာဂတ်မှာ မဟာထန်က အဆုံးအစမဲ့တဲ့ ပွဲတွေနဲ့ပဲ ရင်ဆိုင်နေရလိမ့်မယ်။ ဒါကြောင့် မဟာထန်ရဲ့ ငြိမ်းချမ်းမှု၊ ဒီလောကက ပြည်သူတွေအတွက် ဒီအရာရှိကလည်း တာလာ့ဆီ တပ်ကူအမြန်ဆုံးပို့တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ ယူဆတယ်”
ထိုစကားလုံးများနှင့်အတူ မြို့စားကျို့က ခန္ဓာကိုယ်ကိုပြန်မတ်သည်။ သူ၏အင်္ကျီလက်ကို တစ်ချက် သပ်ရပ်စွာပြင်ရင်း လေးနက်စွာ ဂါရဝပြုလိုက်သည်။
ခန်းမက တိတ်ဆိတ်သွားသည်။ ပင်အပ်ကျသံကိုပင် ကြားနိုင်ပြန်၏။ မြို့စားကျို့သည် ကျော်ကြားကာ လေးစားခံရသည့် အမတ်မင်းတစ်ယောက်ဖြစ်သည်။ သူသည် မဟာထန်၏ ရွှေခေတ်ကို ဖန်တီးပုံဖော်ခဲ့သည့် တစ်ယောက်လည်းဖြစ်သည်။ သူ၏အဆင့်အတန်းကြောင့် သူ၏စကားဟာ ပုံမှန်မဟုတ်လောက်အောင် အလေးချိန်စီးသည်။ သူက တာလာ့မှ အခြေအနေကို သူ၏ရှု့ထောင့်မှ သုံးသပ်ပြရုံလောက် မဟုတ်တော့ချေ။ မဟာအမတ်မင်း တစ်ယောက်ဆိုသော ဆယ်စုနှစ်ပေါင်း များစွာအကြာ အတွေ့အကြုံကိုသုံးပြီး ပြောလာနေခြင်းဖြစ်သည်။ မည်သူကမှ မငြင်းဆန်နိုင်သော အတွေ့အကြုံမျိုးဖြစ်သည်။ မြို့စားကျို့ကို ငြင်းဆန်ခြင်းက မဟာထန်၏ ရွှေခေတ်ကို ငြင်းဆန်ခြင်းဖြစ်ပြီး လက်ရှိ ငြိမ်းချမ်းမှုနှင့် ကြွယ်ဝမှုများကို ဖီဆန်ရာရောက်သည်။
ထိုအခိုက်အတန့်တွင် ခန်းမတစ်ခုလုံးက ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။ လူတိုင်းကလည်း တွေးတွေဆဆဖြစ်နေသော မျက်နှာထားမျိုး ဖြစ်သွားကြ၏။ ယန်ဝမ်ကျန်း၊ ကျန်းချန်းလီနှင့် ကျိုးထိုက်ချင်ကဲ့သို့သော ပြည်တွင်းအရာရှိများကပင် လက်ခံသော အမူအရာမျိုး ဖြစ်သွားကြသည်။
“အံ့ဩစရာပဲ”
အောက်ဘက်မှ ဘုရင်စုန့်က စိတ်သက်သာရာရသလို သက်ပြင်းရှည်ကြီးကိုချသည်။ မြို့စားကျို့က ရုံးတော်လေးခုမှ ထွက်ခွာလာပြီး ခုံရုံးသို့ ဝင်ရောက်လိမ့်မည်ဟု မထင်ထားမိချေ။ မဟာဆရာက ဧကရာဇ်နှစ်ပါး လက်အောက်တွင် ခစားခဲ့ပြီး သူကဲ့သို့ အင်ပါယာမင်းသားတစ်ပါးကပင် မယှဉ်နိုင်လောက်အောင် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသော အရာရှိအိုကြီးဖြစ်သည်။ ထို့ကြောင့် တစ်ဖက်သူ၏ရှေ့တွင် သူကဘာမှမပြောနိုင်ချေ။ မြို့စားကျို့ကြောင့်သာမဟုတ်လျှင် တာလာ့မှကိစ္စက ဒီတိုင်း အဆုံးသတ်သွားရင်း တစ်ဖက်သူများကို နောက်ဆုတ်အောင် ဖိအားပေးရလောက်သည်။
မဟာထန်၏ အနောက်ပိုင်းနယ်မြေကို ချုပ်ကိုင်ထားသော စည်းမျဉ်းများကလည်း အဆုံးသတ်သွားလောက်ပြီး အာရပ်၊ တိဗက်နှင့် အနောက်ပိုင်းတူရကီများ၏ မဟာမိတ်က အဆုံးအစမဲ့သော ကပ်ဘေးအရှုပ်အထွေးများကို ယူဆောင်လာလောက်သည်။
“သောက်ကျိုးနည်း အဘိုးကြီး ငါ့ရဲ့အကြံတွေကိုလာဖျက်တယ်”
ဘုရင်ချီထက် မည်သူကမှ ဒေါသမထွက်လောက်ချေ။ သူက အံ့ကိုကျစ်ကျစ်ပါအောင်ကြိတ်ရင်း မျက်နှာက ဒေါသတကြီး ရှုံ့မဲ့နေသည်။ သူကလည်း ပြည်တွင်းအရာရှိများ၏ အာဏာကိုသုံးပြီး ဘုရင်စုန့်နှင့် ဝမ်ကလန်ကို ဖိနှိပ်နိုင်ရန် ကြံစည်ထားသည်။ သို့သော် မြို့စားကျို့က ရုတ်တရက် သူ၏အကြံအစည်ကို ဝင်ရောက်နှောက်ယှက်လိုက်မည်ဟု မထင်ထားမိချေ။ မဟာဆရာကျန်းကျုံးမီအတွက်ကမူ အလွန်အမင်း ကြည့်ရဆိုးလာသည်။
“ကျို့လင် မင်းက ပြည်တွင်းအရာရှိဆိုတာကို မမေ့နဲ့”
ကျန်းကျုံးမီက မနေနိုင်ဘဲ သတိပေးလိုက်သည်။
မဟာထန်၏သမိုင်းတွင် ပြည်တွင်းနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအကြားမှ အပြင်းထန်ဆုံးသော ယခုလို ငြင်းခုံမှုတွင် နောက်ဆုံးသော ဆုံးဖြတ်ရာစကားက စစ်ဘက်ဆိုင်ရာ အရာရှိများထံမှ မထွက်လာဘဲ ပြည်တွင်းအရာရှိတစ်ယောက်ထံမှ ဖြစ်နေသည်။ ကျန်းကျုံးမီက ထိုအခြေအနေကို မမျှော်လင့်ထားဖူးချေ။
“ဟားဟား လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအကြာက ကျုံးမီက ငါတို့ရဲ့ဆရာရှေ့မှာလည်း ဒီလိုပဲလုပ်ခဲ့တယ်။ မင်းဘယ်လိုကြောင့်များ နားမလည်နိုင်သေးတာလဲ။ ဘာလို့ ပြည်တွင်းနဲ့ စစ်ဘက်ရေးရာဆိုပြီး ခွဲခြားလို့ ကပ်တွယ်နေရသေးတာလဲ။ ဒီကျို့လင်ရဲ့ နှလုံးသားထဲမှာ ပြည်တွင်းနဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေအကြား ခြားနားတယ်ဆိုတာရယ်လို့ မရှိလေဘူး။ ဒါက တစ်တိုင်းပြည်ထဲပဲ။ ငါတို့က ဒီတိုင်းပြည်မှာပဲ နေနေတယ်။ မဟာထန်အတွက် ပြည်သူတွေအတွက်ပဲ အားလုံးကြိုးစားနေကြရတာမဟုတ်လား။ တာလာ့ရဲ့ ကိစ္စနဲ့ ပတ်သတ်တဲ့အခါ ငါတို့က စစ်ပွဲကနေ သက်ဆင်းမှပဲ ငြိမ်းချမ်းမှုကိုယူနိုင်မယ်။ ငြိမ်းချမ်းမှုကို လိုချင်လို့ ငြိမ်းချမ်းမှုကို အသုံးပြုနေတာက ဝရုန်းသုန်းကားဖြစ်တဲ့ စစ်ပွဲဒဏ်ကိုပဲ ခံစားရစေလိမ့်မယ်။ ဒီအတွက်ကြောင့်လည်း ကျို့လင်က အနောက်မြောက်ပိုင်းကို တပ်ကူတွေ ပု့ိလွှတ်စေချင်တာပဲ”
မြို့စားကျို့က ထိုစကားလုံးများကို အားမာန်အပြည့်နှင့် အခိုင်အမာပြောလိုက်သည်။ သူ၏မျက်နှာက တဖြည်းဖြည်းချင်း တင်းမာလာသည်။
ရန်သူများနှင့် ဆွေမျိုးများ၏ မျက်လုံးအကြည့်က မတူချေ။ ပြည်တွင်းနှင့် စစ်မတ်ဆိုင်ရာ အရာရှိများကို ခွဲခြားခြင်းမရှိဘဲ တိုင်းပြည်အတွက်သာ အရာအားလုံးဟု သတ်မှတ်ထားသော လူဆိုလျှင် မြို့စားကျို့သာ ရှိလောက်သည်။ ထိုစကားက ရိုးရှင်းသည်။ သို့သော် လူပေါင်းများစွာက အမှန်တကယ် လိုက်မလုပ်နိုင်ကြချေ။
ဝုန်း
မြို့စားကျို့၏ စကားလုံးများက ခုံရုံးတစ်ခုလုံးကို ဆွေးနွေးသံများဖြင့် ပွက်လောရိုက်သွားစေပြန်သည်။ အရာရှိများက မြို့စားကျို့နှင့် မဟာဆရာတို့က ပြည်တွင်းလမ်းကြောင်းမှဖြစ်ကြောင်း အားလုံးလည်းသိသည်။ သို့သော် မြို့စားကျို့ပြောသောစကားကို အခြေခံကြည့်ရလျှင် သူတို့၏ဆက်ဆံရေးက ဖိအားများဖွယ်ဖြစ်လောက်သည်။
“အရှင်မင်းကြီး ဒီအရာရှိအိုကြီးက ငြင်းဆန်ပါတယ်။ တိုင်းပြည်က ကျယ်ပြောကောင်း ကျယ်ပြောလိမ့်မယ်။ စစ်ပွဲကို ချစ်မြတ်နိုးတာက အဆုံးသတ်မှုကို ရောက်ရှိသွားစေနိုင်တယ်။ မဟာထန်က နှစ်ပေါင်းများစွာတိုင်အောင် စစ်တစ်ပွဲပြီးတစ်ပွဲ ဖြစ်နေခဲ့ရပြီး မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးနေခဲ့ရတယ်။ အာရေးဗီးယားနဲ့ နောက်ထပ် နယ်စပ်ဆိုင်ရာ အငြင်းပွားမှုများကို စတင်နိုင်မဲ့အချိန် မရောက်သေးပါဘူး”
မဟာဆရာက အလောသုံးဆယ်ပြောသည်။
“အရှင်မင်းကြီး ဒီမင်းသားကလည်း လေးစားရတဲ့ မဟာဆရာကို သဘောတူထောက်ခံပါတယ်”
ရုတ်တရက် အခိုင်အမာပြောဆိုသော အသံတစ်သံက ထွက်လာသည်။ အေးစက်နေသော မျက်နှာထားနှင့် ဘုရင်ချီက ရုတ်တရက် ရှေ့ထွက်လာပြီး အခိုင်အမာထောက်ခံသည်။ ထိုစကားလုံးများက ခုံရုံးတွင် အလေးချိန်စီးလွန်းသည်။ ဘုရင်ချီကလည်း သူသာထွက်မပြောလျှင် ထွက်ပြောရန်အခွင့်အရေး မရတော့မည့် အခြေအနေကို စိုးရိမ်မိသည်။
“ဒီအရာရှိက သဘောတူပါတယ်”
“ဒီအရာရှိက သဘောတူပါတယ်”
“ဒီအရာရှိက သဘောတူပါတယ်”
ယခုအခါ မဟာဆရာနှင့် ဘုရင်ချီတို့က ပြောလာပြီဆိုကတည်းက စစ်ကို အလွန်အကျူး ငြင်းဆန်ချင်သော ထိုပြည်တွင်းအရာရှိများက သဘောတူကြောင်း ထုတ်ပြောလာကြသည်။ သို့သော် သူတို့၏ အရေအတွက်က သိသာစွာပင် လျော့ကျသွားသည်။ သိသာစွာပင် မြို့စားကျို့၏ ခုံရုံးအတွင်းမှ အဆင့်အတန်းက သက်ရောက်မှု ရှိလွန်းနေလေသည်။
အခန်း(၁၀၃၈)
“အရှင်မင်းကြီး ဒီအရာရှိကတော့ ငြင်းဆန်ပါတယ်”
ကျယ်လောင်သော အသံနှင့်အတူ ဘုရင်စုန့်က ရှေ့ထွက်လာသည်။ သူ၏မျက်နှာက တင်းမာနေသည်။
“ဒီအရာရှိကလည်း ငြင်းဆန်ပါတယ်”
“ဒီအရာရှိကလည်း ငြင်းဆန်ပါတယ်”
“အရှင်မင်းကြီး ဒီအရာရှိကလည်း ငြင်းဆန်ပါတယ်”
ဗိုလ်ချုပ်တိုင်းက အားမာန်အပြည့်ဖြင့် မြို့စားကျို့နှင့် ဘုရင်စုန့်တို့၏နောက်မှလိုက်၍ အော်သံများကို ထပ်ပေါင်းထည့်ပေးလိုက်ကြသည်။ ဗိုလ်ချုပ်များနှင့် ပြည်တွင်းအရာရှိများက သိသိသာသာပင် ထင်းထွက်လွန်းနေခဲ့သည်။ ငြင်းခုံမှုကလည်း အသစ်တဖန် ဖြစ်ပေါ်လာမိပုံပေါ်သည်။
“လုံလောက်ပြီ ကျန်းကဘယ်လိုဆုံးဖြတ်ရမလဲဆိုတာကို နားလည်တယ်”
ရုတ်တရက် အထက်မှ နတ်ဘုရားတစ်ပါးဟာ မြင့်မားလွန်းသော ကောင်းကင်ဘုံမှ လှမ်းပြီးပြောဆိုလိုက်သလို အသံမျိုးနှင့် ထည်ဝါသော စကားသံက ဟိန်းထွက်လာသည်။ သူတော်စင် ဧကရာဇ်က နောက်ဆုံးတွင် ထုတ်ပြောလာလေပြီ။
“ဘုရင်စုန့်၊ ကျန်းချုံကျန့်ချုံး မင်းတို့နှစ်ယောက်က ဒီကိစ္စမှာ အာဏာအပြည့်အဝရှိမယ်။ အခုချက်ချင်း စစ်တပ်တစ်ခုလုံးကို စုစည်းလို့ တာလာ့ကို တပ်ကူပို့လွှတ်လိုက်ပါ။ ကောင်းရှန်းကျစ်နဲ့ ယာယီချီရှီကာကွယ်ရေးဗိုလ်ချုပ် ဝမ်ချောင်တို့ တင်ပြလာတဲ့ မှတ်တမ်းလွှာကို တိုက်ရိုက် ကျော်ဖြတ်ခွင့်ပြုစေမယ်။ ကျန်းချန်းလီ၊ ကျို့ထိုက်ချင် မင်းတို့ဘဏ္ဍာရေးရာခုံရုံးက အရာအားလုံးသုံးပြီး ထောက်ပံ့ပေးရမယ်။ ပိုက်ဆံတိုင်း၊ လိုအပ်တဲ့ရိက္ခာတိုင်းကို ထောက်ပံ့ပေးရမယ်။ ဘာအမှားအယွင်းမှ ရှိခွင့်မပြုဘူူး။ အခြားရုံးတော်က လူတွေကလည်း အင်အားအကုန်စိုက်ထုတ်ပြီး ထောက်ပံ့ပေးသင့်တယ်”
ထိုစကားလုံးများက ပုတီးစေ့လိုက်ကာအနောက်မှ ထွက်လာသော အသံများဖြစ်သည်။ သို့သော် ဒါဟာ စည်းမျဉ်းများ၊ အမိန့်များဖြစ်နေသည်။ နားထောင်နေရင်းမှ တစ်လောကလုံးဟာ ပြိုလဲကျတော့မလို ပြင်းထန်ခမ်းနားထည်ဝါကြောင်း ခံစားလိုက်ရသည်။
မဟာဆရာ၊ ဘုရင်ချီနှင့် ပြည်တွင်းရေးရာ အရာရှိတိုင်းက ကြောင်တောင်တောင် ဖြစ်သွားကြသည်။ သူတော်စင် ဧကရာဇ်ဟာ ပြည်တွင်းနှင့် စစ်ဘက်ရေးရာအရာရှိများအကြားမှ ငြင်းခုံမှုကို ထိုသို့ အဆုံးသတ်လိုက်မည်ဟု မထင်ထားမိချေ။ အခြားတစ်ဖက်တွင် မြို့စားကျို့ကမူ ဖျော့တော့စွာ ပြုံးနေသည်။ ဘုရင်စုန့်၊ ကျန်းယွန်ရမ်နှင့် အခြားသောဗိုလ်ချုပ်တိုင်းက စိတ်ထဲတွင် ပျော်ရွှင်သွားကြသည်။
သူတော်စင်ဧကရာဇ်၏ စကားလုံးများက ဟာသမဟုတ်ချေ။ ပြည်တွင်းနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအကြားမှ ငြင်းခုံမှုက မည်မျှပြင်းထန်နေစေကာမူ သူတော်စင်ဧကရာဇ်က ထုတ်ပြောလာသည်နှင့် အရာအားလုံးက ငြိမ်သက်သွားရမည်ဖြစ်သည်။
“ဒီအရာရှိက အမိန့်အတိုင်း လုပ်ဆောင်ပါ့မယ်”
ခန်းမထဲရှိဗိုလ်ချုပ်တိုင်းက သဘောတူကြောင်း ကျယ်လောင်စွာ အခိုင်အမာ ပြောလိုက်ကြသည်။ ပြည်တွင်းရေးရာ အရာရှိများအတွက်ကမူ သူတို့က မည်မျှပင် ဆန္ဒမရှိနေစေကာမူ သူတော်စင် ဧကရာဇ်ကလည်း သူတို့၏ထင်မြင်ချက်ကို မေးမြန်းနေခြင်းမရှိတော့ချေ။ ထို့ကြောင့် ထိုအကြောင်းအရာကို ဆက်ပြောရန် မသင့်တော့ပါချေ။
“ဒီအရာရှိက အမိန့်အတိုင်း လုပ်ဆောင်ပါ့မယ်”
နာမည်တပ် အပြောခံခဲ့ရသော ဘဏ္ဍာရေးရာဌာနမှ အရာရှိများအပါအဝင် အခြားသော ပြည်တွင်းရေးရာ အရာရှိများအားလုံးက သဘောတူကြောင်း အခိုင်အမာ ပြောဆိုကြသည်။
“သွားနိုင်ပြီ”
ခန်းမထဲတွင် ကျယ်လောင်လွန်းသော မြင့်မြတ်သည့်အသံက ပဲ့တင်ကာ ထွက်လာပြန်သည်။ သူတော်စင် ဧကရာဇ်၏ အမိန့်နှင့်အတူ မဟာထန်တစ်ခုလုံးက ကြီးမားသော စစ်စက်ကြီးတစ်လုံးလိုမျိုး စတင်ကာ အသက်ဝင်လာသည်။ မြို့နယ်တိုင်းမှ အားလုံးက စစ်ထဲဝင်ရပြီး တာလာ့ကို တပ်ကူအဖြစ် ပို့ဆောင်ခံရသည်။
...
ဝှစ်
သူတော်စင်ဧကရာဇ်က ခုံရုံး၏ ငြင်းခုံမှုကိုအဆုံးသတ်ပြီး သိပ်မကြာခင် သတင်းပို့ပင်ဂွင်းတစ်ကောင်က ကောင်းကင်သို့ ထိုးတက်သွားပြီး မှတ်သားဖွယ်ပြုလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းဖြင့် အန်းရှီသို့သွားသည်။ ရက်အနည်းငယ်ကြာပြီးနောက် သတင်းပို့ပင်ဂွင်းက တာလာ့သု့ိ ဆင်းသက်သွားသည်။ သို့သော် အံ့အားသင့်စရာကောင်းသည်မှာ ထိုငှက်က သယ်ဆောင်လာသည့်သတင်းက ထိုမြို့အတွင်းသို့ ဥက္ကာခဲကြီး ကြွေကျသလိုမျိုး ဝရုန်းသုန်းကား ဖြစ်သွားစေခဲ့သည်။
“ဝမ်းသာစရာပဲ”
မြို့အတွင်းရှိ ဗိုလ်ချုပ်တိုင်းက ဧည့်လက်ခံခန်းမအတွင်းတွင် စုစည်းရောက်ရှိနေကြသည်။ သူတို့၏မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲသွားသည်။ ရက်ပေါင်းများစွာ စိတ်လှုပ်ရှားပြီးနောက် အင်ပါယာခုံရုံးဟာ တာလာ့သို့ တပ်ကူပို့ရန် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည်။ ဒါက ဒီလူတိုင်း ဒီရက်ပိုင်းအတွင်း ကြားရသမျှသတင်းများထဲတွင် အကောင်းဆုံးသတင်း ဖြစ်နိုင်သည်။ ကောင်းရှန်းကျစ်ကပင် ကျင့်ကြံရာမှထွက်လာသည်။
ဒုကာကွယ်ရေးဗိုလ်ချုပ် ချန်းချန့်လီက စားပွဲပေါ်သို့လက်တင်ရင်း ပျော်ရွှင်စွာပြောသည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် သူတော်စင်ဧကရာဇ်နဲ့ အင်ပါယာခုံရုံးရဲ့ နောက်ခံနဲ့သာဆိုရင် ငါတို့တွေ တာလာ့မှာ လုပ်နိုင်တာတွေ ပိုများသွားပြီ။ ငါတို့တွေ အာရပ်တွေကိုတောင် အလဲထိုးနိုင်လောက်တယ်”
တော်ဝင်ခုံရုံးသည် အငြင်းအခုံဖြစ်နေခဲ့သည်မှာ ကြာလှချေပြီ။ သို့သော် ဆုံးဖြတ်ချက်တစ်ခု ကျလာရန် အချိန်အတန်ကြာ ဆွေးနွေးရသည်။ ပို၍ဆိုးသည်မှာ သူတို့က အင်ပါယာခုံရုံးထံ တပ်ကူတောင်းခံထားသည်မှာ အနိုင်ရပြီးချိန်ကတည်းကဖြစ်သည်။ သို့သော် ယဉ်ကျေးမှု ဓလေ့ထုံးစံများအရ ကျော်ဖြတ်သွားရန် အလွန်ခက်ခဲနေဦးမည်ဖြစ်သည်။ ချန်းချန့်လီကလည်း အန်းရှီကာကွယ်ရေးစစ်တပ်က ဆုံးဖြတ်ချက်ကျမလာခင် အချိန်ကာလအတောအတွင်း လုပ်သင့်သည့် ကိစ္စများကိုပင် စတင်ကာ တွက်ချက်နေခဲ့ရသေးသည်။
“အမှန်ပဲ ဆုံးဖြတ်ချက် ဒီလောက်မြန်မြန် ထွက်လာတာကတင်ကို မယုံနိုင်စရာကောင်းတဲ့ကိစ္စပဲ။ ဘုရင်စုန့်၊ စစ်အမတ်မင်းနဲ့ ခုံရုံးက အရာရှိတွေအားလုံးက ငါတို့ဘက်မှာ ရပ်တည်ခဲ့တယ်။ မြို့စားကျို့တောင် ပေါ်လာခဲ့တယ်။ ဒီကိစ္စက ထင်သလောက် ပျော်လွန်းတဲ့ကိစ္စတော့ မဟုတ်သေးဘူး”
သူက အစောပိုင်း စိတ်လှုပ်ရှားမှုပြီးနောက် ကောင်းရှန်းကျစ်က တည်ငြိမ်သွားသည်။ သူက စတင်ကာ မျက်မှောင်ကျုံ့သည်။
“အင်ပါယာခုံရုံးက နေရာတွေအများကြီးကို ခုခံပေးနေဖို့လိုအပ်တယ်။ ဒီနေရာပေါင်းများစွာထဲက စစ်သားတွေကို ခေါ်ဆောင်လိုက်တာက အခြေအနေ တစ်ခုလုံးအပေါ် သက်ရောက်သွားနိုင်သေးတယ်။ ဒီတော့ စစ်သားအများကြီး မရနိုင်ဘူး။ သူတော်စင်ဧကရာဇ်ရဲ့ အမိန့်နဲ့ဆိုရင်တောင်မှ အင်ပါယာခုံရုံးက စစ်သားအများကြီး ပို့နိုင်မှာမဟုတ်ဘူး”
“ဟား ဟား အရှင်ကာကွယ်ရေးဗိုလ်ချုပ်က အများကြီးစိုးရိမ်နေတာပဲ။ ငါအားလုံးကို ကိုင်တွယ်ဂရုစိုက်လိုက်မယ်။ အနည်းဆုံး ငါတို့ မြို့တော်ဆီကစစ်သည်နှစ်သောင်းလောက်တော့ ရနိုင်မှာပါ။ အခြားကာကွယ်ရေးစစ်တပ်နဲ့ စီရင်စုအသီးသီးက ရနိုင်တဲ့ စစ်သားတွေကို ထည့်ပေါင်းလိုက်ရင် အင်ပါယာခုံရုံးရဲ့ လက်ရွေးစင်စစ်သည် ငါးသောင်းကနေ ခြောက်သောင်းအထိ ရနိုင်တယ်။ စစ်သားတွေအတွက်ကတော့ အရည်အသွေးက အရေအတွက်ထက် ပိုပြီးသက်ရောက်မှုရှိတယ်။ ငါတို့က အာရပ်ထက် စစ်သည်ပမာဏအများကြီး နည်းပါးလောက်ပေမဲ့လည်း သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ လုံလောက်တယ်”
“အိုး”
ရှိနေကြသော ဗိုလ်ချုပ်တိုင်း၏မျက်နှာက အံ့အားတကြီး တောက်ပသွားသည်။ သူတို့ထဲက မည်သူကမှလည်း နယ်စပ်ကာကွယ်ရေး စစ်တပ်ထံမှ စစ်သားရရှိရေးအတွက် မအံ့ဩကြချေ။ ဒါက ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့ ညှိနှိုင်းပြီးသောကိစ္စဖြစ်သည်။ သို့သော် ခုံရုံးကသူတို့ကို စစ်သည် အနည်းဆုံး နှစ်သောင်းပို့လွှတ်မည့် ကိစ္စကမူ အံ့အားသင့်စရာဖြစ်နေသေးသည်။
ကောင်းရှန်းကျစ်က တစ်စုံတစ်ရာကို တွေးမိပြီး သတိကြီးစွာမေးလိုက်သည်။
“ဝမ်ချောင် မင်း အင်ပါယာစစ်တပ်ရဲ့ စစ်သားတွေကို ယူချင်တာလား”
ဝမ်ချောင်က ခိုင်မာစွာ ခေါင်းညိမ့်လိုက်သည်။
ဝုန်း
ရိုးရှင်းသော အမူအရာကတင် ဒီနေရာတွင်ရှိနေသည့် ဗိုလ်ချုပ်တိုင်း၏စိတ်ကို ဝရုန်းသုန်းကား ဖြစ်သွားစေသည်။ ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီတို့ကပင် ဝမ်ချောင်၏ ခေါင်းမာသော လုပ်ဆောင်မှုကြောင့် မှင်သက်သွားကြ၏။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စကားဖြင့်ထုတ်မပြောနိုင်လောက်အောင် မှင်သက်အံ့ဩသွားကြသည်။
အင်ပါယာစစ်တပ်က စစ်သားတွေကို ပြောင်းယူမယ်။
ထိုကိစ္စမျိုးက သမိုင်းတွင် မဖြစ်ပျက်ခဲ့ဖူးချေ။ အင်ပါယာစစ်တပ်သည် မြို့တော်ကို ကာကွယ်ရန် ဧကရာဇ်ကို စောင့်ကြပ်ကာကွယ်ရန်သာဖြစ်ပြီး မည်သည့်အကြောင်းပြချက်မှမရှိ ပြင်ပသို့ ထွက်ခွာခွင့်မရှိချေ။ မဟာထန်က လွန်ခဲ့သော နှစ်နှစ်ရာခန့်က စတင်ကာ တည်ထောင်ခဲ့သည်။ သို့သော် ထိုအချိန်ကစတင်ပြီး မည်သည့်အချိန်ကမှ အင်ပါယာစစ်တပ်မှ စစ်သားများကို မြို့တော်အပြင်ဘက်သို့ ပို့လွှတ်ခဲ့ခြင်း မရှိခဲ့ချေ။ ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီတို့က အင်ပါယာ၏ အဆင့်မြင့်ပုဂ္ဂိုလ်ကြီးများ ဖြစ်လောက်သည်။ သို့သော် သူတို့ကပင် ထိုကဲ့သို့သော အခြေအနေမျိုးကို စိတ်ကူးမယဉ်ရဲပေ။
“ဝမ်ချောင် မင်းသေချာလား။ အင်ပါယာခုံရုံးက သဘောတူမှာလား”
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဒီကိစ္စတွေအားလုံးကို အာဏာကဆုံးဖြတ်ထားတာပဲ။ ဒီကိစ္စက မလုပ်ရဘူးလို့ အခိုင်အမာပြောထားတာမျိုး မရှိခဲ့ရင် မဟုတ်နိုင်တာတော့ မဖြစ်လောက်လေဘူး။ အင်ပါယာခုံရုံးက အင်ပါယာစစ်တပ်ထဲမှာ စစ်သည် တစ်သိန်းရှိတယ်။ အမျိုးမျိုးသော နယ်စပ်က မြို့စောင့်စခန်းတွေကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ အင်ပါယာခုံရုံးကသာ ဒီအခြေအနေမျိုးမှာ ခြိမ်းခြောက်ခံနေရတဲ့ အနေအထားမျိုးကို မရောက်နေခဲ့ရင် အင်ပါယာစစ်တပ်က စစ်သားတွေက ရွှေ့ပြောင်းပေးလို့ အကောင်းဆုံးနေရာပဲ။ အာရပ်တွေက ဒီတစ်ကြိမ်မှာ မာမဲ့လုတွေကို လွှတ်မယ်ဆိုတာ မမေ့နဲ့ဦး။ နောက်ပြီး ပဲ့ဟယ်မော့စစ်တပ်နဲ့ ကောင်းကင်ခစားခြင်း လူထွားစစ်တပ်ကလည်း ပါလာဦးမှာ။ နောက်ပြီး အာရပ်အစိုးရသုံးယောက် စုစည်းသွားတဲ့အခါ သာမာန်စစ်သားလောက်က သူတို့ကို မထိန်းနိုင်တော့ဘူး”
ဝမ်ချောင်က တင်းမာစွာ ပြောလိုက်သည်။
“ဒါပေမဲ့ အင်ပါယာစစ်တပ်က စစ်သားတွေကို ပြောင်းယူတာက သေးငယ်တဲ့ကိစ္စမဟုတ်ဘူး။ ငါတို့ဒီလိုလုပ်လိုက်ရင် အရာရှိတွေအားလုံးက ဝိုင်းပြောတာကို ခံရလိမ့်မယ်။ နောက်ပြီး စစ်မတ်ဆိုင်ရာ လုပ်သားအင်အားရေးရာဌာနက ဘယ်သူကမှလည်း အင်ပါယာစစ်တပ်က စစ်သားတွေကို ပြောင်းရွှေ့ခွင့်မရှိဘူး။ ဘုရင်စုန့်နဲ့ ကျန်းချုံကျန့်ချုံးတောင် ဒီလိုအာဏာမျိုးမရှိဘူး”
ကောင်းရှန်းကျစ်ကပြောသည်။ သူက ဝမ်ချောင်၏စကားကို သဘောမတူခြင်းမဟုတ်ချေ။ ဒီတိုင်း ထိုအတွေးက ရူးသွပ်လွန်းပြီး မဖြစ်နိုင်သောကြောင့်ဖြစ်သည်။
“ဟား ဟား ဗိုလ်ချုပ်အနေနဲ့ သေရမှာကိုတောင်မကြောက်တာ ဘာလို့ ပညာသင်သားတစ်ယောက်ရဲ့ စုတ်တံတစ်ချောင်းလောက်ကို ကြောက်နေတာလဲ”
ဝမ်ချောင်ကရယ်သည်။
“သူတော်စင်ဧကရာဇ်က ခုံရုံးရေးရာကိစ္စတွေကို ပါဝင်ခဲ့တယ်။ အခု သူတော်စင်ဧကရာဇ်ကိုယ်တိုင် မိန့်လာပြီ။ ဒီတော့ ငါတို့ဘက်မှာ ကြီးမားတဲ့ အားသာချက်က ရှိနေပြီးသား။ မင်းနဲ့ငါက နောက်ထပ် မှတ်တမ်းလွှာတစ်စောင် တင်ပြလိုက်တဲ့အခါ အရှင်မင်းကြီးက သေချာပေါက် သဘောတူမယ်လို့ ယုံကြည်တယ်”
ထိုစကားလုံးများက ဝမ်ချောင်၏ ပါးစပ်ထံမှထွက်လာသည်။ သို့သော် ကောင်းရှန်းကျစ်၊ ချန်းချန့်လီနှင့် အခြားသောဗိုလ်ချုပ်တိုင်းက ကြောက်လန့်ပြီးစိုးရိမ်စိတ် များသွားသည်။ ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီကပင် စွံ့အစွာ အကြည့်ဖလှယ်လိုက်ကြသည်။
ဝမ်ချောင်ကသာ တည်ငြိမ်နေခြင်းဖြစ်သည်။ အမှန်တိုင်းဆိုရသော် ဒီစစ်ဗိုလ်ချုပ်များက မဟာထန်၏ လက်ရှိအခြေအနေကို ဘာမှမလုပ်နိုင်ကြချေ။ ကိစ္စများအားလုံးကို အစစ်အမှန် ကြိုးကိုင်နေသူက သူတော်စင်ဧကရာဇ်ဖြစ်သည်။ ပြည်တွင်းရေးရာအရာရှိများက စစ်မတ်ကို ချစ်လွန်းသောလူများဟု ဗိုလ်ချုပ်များကို ဆွဲချက်တင်သည်။ သို့သော် သူတော်စင်ဧကရာဇ်ကသာ အမှန်တကယ်စစ်တပ်ကို ချစ်မြတ်နိုးနေခြင်းဖြစ်သည်။ သိသာစွာပင် သူ၏အထောက်အပံ့ကြောင့်လည်း မဟာထန်က ယခုလောက်ထိ ကလဲ့စားကြီးမားပြီး ယခုလိုမျိုး တည်ငြိမ်နေခြင်းဖြစ်သည်။
ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီတို့က အနည်းငယ် တုန့်ဆိုင်းနေသေးသည်။ သို့သော် ဝမ်ချောင်ကမူ သူတို့တောင်းဆိုသမျှ သူတော်စင်ဧကရာဇ်က သေချာပေါက် သဘောတူမည်ဖြစ်ကြောင်း သိနေသည်။
ခန်းမထဲမှ အခြေအနေကိုမြင်သောအခါ ဝမ်ချောင်က မနေနိုင်ဘဲ စကားအနည်းငယ် ထပ်ဖြည့်ပြောသည်။
“အရှင် ဒီအခွင့်အရေးက တစ်ကြိမ်ပဲလာတယ်။ ငါတို့ကသာ အကောင်းဆုံးကြိုးစားပြီး စစ်သားတွေကို ရွှေ့ပြောင်းမယူရင် တာလာ့ကို ဆုံးရှုံးပြီးမှ အင်ပါယာစစ်တပ်က စစ်သားတွေကို တောင်းဆိုရင်တောင် အသုံးမဝင်တော့ဘူး”
“ဒါက... ကောင်းပြီလေ”
ထိုစကားလုံးများနှင့်အတူ ကောင်းရှန်းကျစ်က အံ့ကိုကြိတ်ပြီး စိတ်ဆုံးဖြတ်လိုက်သည်။
“ချန့်လီ ငါဒီကိစ္စကို မင်းနဲ့ အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဝမ်ကိုပဲ လွှဲထားလိုက်တော့မယ်။ ငါတို့ဒီလို လုပ်လိုက်တဲ့အခါ နောက်ပြန်လှည့်လို့တော့မရနိုင်တော့ဘူး”
ပထမစကားက ချန်းချန့်လီအတွက်ပင်။ ဒုတိယစကားကမူ ကောင်းရှန်းကျစ်က ဝမ်ချောင်ကို လှည့်ကြည့်ပြီး ပြောလိုက်ခြင်းဖြစ်သည်။ အင်ပါယာစစ်တပ်မှ စစ်သားများကို ယူဆောင်သော ကိစ္စတစ်ခုလုံးက သဘောသဘာဝ ခြားနားသွားသည်။ သူတို့က ရှုံးသွားလျှင် ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့က အနာဂတ်တက်လမ်း မရှိနိုင်တော့ချေ။
“ငါတို့ အစောပိုင်းကတည်းက နောက်လှည့်စရာ မရှိတော့ပါဘူး”
ဝမ်ချောင်က ဖျော့တော့စွာ ပြုံးလိုက်သည်။ သူ၏မျက်ဝန်းထဲတွင် တုန့်ဆိုင်းမှုကို မမြင်ရပေ။ သူ၏ပြင်ဆင်မှုများထဲတွင် လုပ်ရမည့် အလိုအပ်ဆုံးအရာက နောက်ဆုံးသောစုတ်ချက်ဖြစ်သည်။ ဝမ်ချောင်အနေဖြင့် နောက်လှည့်စရာနေရာ မရှိသည်မှာ ကြာလှချေပြီ။
တခဏခန့်ကြာပြီးနောက် သိန်းငှက်တစ်ကောင်က တာလာ့၏ ကောင်းကင်သို့ ပျံသန်းသွားရင်း ဝမ်ချောင်နှင့် ချန်းချန့်လီတို့၏ မှတ်တမ်းလွှာကျမ်းများ သယ်ဆောင်လျှက် တော်ဝင်မြို့တော်သို့သွားသည်။ ထိုအထဲတွင် ဝမ်ချောင်နှင့် ချန်းချန့်လီတို့၏ တံဆိပ်တုံးများလည်းပါသည်။ ဝမ်ချောင်မျှော်လင့်ထားသည့်အတိုင်း ဒါက မုန်တိုင်းတစ်ခုကို ရောက်လာရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်နေသည်။
သို့သော် ခုံရုံးမှ ပြည်တွင်းရေးရာ အရာရှိများက အကဲမဖြတ်နိုင်ခင် သူတော်စင်ဧကရာဇ်ကလည်း သလောတူကြောင်း ထုတ်ပြောလိုက်သဖြင့် အားလုံးက ကြောင်တောင်တောင် ဖြစ်သွားကြသည်။
“မှတ်တမ်းလွှာအတိုင်း အကောင်အထည်ဖော်စေ”
ရိုးရှင်းသော စကားလုံးက ငြင်းခုံမှုများအားလုံးကို ရပ်တန့်သွားစေသည်။ ထို့ကြောင့် ငြင်းခုံမှုက မစတင်ခင်ကတည်းက ရပ်ဆိုင်းသွားရသည်။ အင်ပါယာစစ်တပ်ဟာ ထူးခြားသော အဆင့်အတန်းရှိသည်။ သို့သော် သူတော်စင်ဧကရာဇ်ကသာ အမိန့်ပေးလိုက်လျှင် ပြည်တွင်းရေးရာ အရာရှိများကပင် ဘာစကားမှ မဆိုဝံ့ကြချေ။ ပို၍ဆိုးသည်မှာ ဝမ်ချောင်က အင်ပါယာစစ်တပ်တစ်ခုလုံးမှ စစ်သည်တစ်သောင်းသာလျှင် တောင်းဆိုထားသည်။ ဒါက ဆယ်ပုံတစ်ပုံသာဖြစ်၏။ အရေအတွက်က မများလွန်းသလို နည်းလည်း မနည်းလွန်းချေ။ ခုံရုံးမှ အရေးပါသော အရာရှိတိုင်းက လက်ခံနိုင်သည့် အကန့်အသတ်လည်း ဖြစ်နေသည်။ ဒါက မြို့တော်ကို စောင့်ကြပ်ကာကွယ်နေသည့် အင်ပါယာစစ်တပ်၏ တာဝန်ကိုလည်း မသက်ရောက်စေပေ။
...
မြို့တော်၏ အနောက်မြောက်ပိုင်းအကျဆုံး တစ်နေရာတွင် ကြွက်သားအပြည့်နှင့် တောင့်တင်းသန်မာသော အိမ်တော်ထိန်းလို လူတစ်ယောက်က ရှေးဟောင်းပုံစံ တည်ဆောက်ထားသည့် ခမ်းနားထည်ဝါသော ခန်းမအတွင်းတွင် တင်ပြင်ခွေချိတ် ထိုင်နေသည်။ သူက ခံစားချက်မဲ့စွာ ထိုအတိုင်းထိုင်နေသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်လှိုင်းများကမူ လိမ့်ထွက်လာပုံပေါ်သည်။ သူ၏အနောက်တွင် ခုနှစ်ပေကျော်ရှည်သည့် ဝု့စ်သံမဏိဆေဘာဓားကြီးကို ထောင်ထားသည်။ ထို့ကြောင့် ထိုလူကို ပို၍ကြီးပြီး အရှိန်အဝါကြီးသွားပုံ ပေါ်စေသည်။ သို့သော် ဂရုစိုက်ကြည့်လိုက်မည်ဆိုလျှင် ထိုလူနှင့် ဝု့စ်သံမဏိဓားက လေထဲတွင်မြောနေကြောင်း မြင်ရဦးပေမည်။ ထိုသို့ ကျင့်ကြံရင်း လေပေါ်မြောလွင့်နိုင်သူမှာ အနည်းဆုံး နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်သည်။
အကြောင်းမူကား ထိုလူက အင်ပါယာစစ်တပ်မှ မာရှယ်ကျောင်းဖုန်းချန်းဖြစ်လေသည်။
ထိုလူဟာ မြို့တော်၏ အင်ပါယာစစ်တပ်မှ အရေးပါသော ပုဂ္ဂိုလ်လေးယောက်ထဲမှ တစ်ယောက်ဖြစ်သလို ရာထူးမြင့်တက်မှု အမြန်ဆုံးလည်းဖြစ်သည်။ အခြားသော မဟာမာရှယ် သုံးယောက်နှင့်မတူသည်မှာ ကျောင်းဖုန်းချန်းက အင်ပါယာစစ်တပ်ထဲတွင် အမြင့်ဆုံးသောအာဏာကို ကိုင်ဆွဲထားလေသည်။
အခန်း(၁၀၃၉)
ခြိမ်း
ကျောင်းဖုန်းချန်း၏ ကိုယ်အတွင်းတွင် များပြားလွန်းသော ကြယ်တာရာစွမ်းအင်များက မြန်သထက် မြန်ဆန်သော အရှိန်နှုန်းဖြင့် ရွေ့လျားကာ ထိုးထွက်လာသည်။ ကျောင်းဖုန်းချန်း၏ အရှိန်အဝါက ဆက်တိုက် ဖောင်းကားသလိုမျိုး တိုးမြှင့်တက်လာသေးသည်။
သူ၏ကြယ်တာရာစွမ်းအင် လည်ပတ်မှုက အမြင့်ဆုံးသော အရှိန်နှုန်းသို့ ရောက်ရှိသွားသောအခါ ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် ကျောင်းဖုန်းချန်း၏ ခေါင်းထိပ်မှ ရှည်လျားသော အပြာရောင်စွမ်းအင် အလင်းတန်းက ပေါက်ကွဲကာ ထွက်လာပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။
အဝေးမှသာကြည့်လျှင် အပြာရောင်စွမ်းအင် အလင်းတန်းက ခန်းမ၏ခေါင်မိုးမှ ဖောက်ထွက်ပြီး ကောင်းကင်ပေါ်သို့ တိုက်ရိုက်ရောက်သွားကြောင်း မြင်နိုင်မည်ဖြစ်သည်။ တဖြောင့်တည်း ထိုးတက်သွားခြင်းလည်း ဖြစ်နေသည်။ ခိုင်မာပြီး သံမဏိကဲ့သို့ လေးလံကာ ဖြောင့်တန်းလွန်းနေသဖြင့် အင်ပါယာနန်းတွင်း အနောက်မြောက်ဘက် အကျဆုံးအပိုင်းရှိ မြေပြင်ကိုပင် တဆတ်ဆတ် တုန်ခါနေစေသည်။
တခဏခန့်ကြာပြီးနောက် ကြီးမားသော စွမ်းအင်တိုင်ကြီးက တဖြည်းဖြည်းချင်း ဖျော့တော့ ပျောက်ကွယ်လာသည်။ အရာအားလုံးက ပုံမှန်အတိုင်း တိတ်ဆိတ်ငြိမ်းချမ်းသွားသည်။ ထိုအခိုက်အတန့်တွင် ကျောင်းဖုန်းချန်းက မျက်လုံးကို ပြန်ဖွင့်လိုက်သည်။
“အား နည်းနည်းလိုသေးတယ်”
ကျောင်းဖုန်းချန်း၏ မျက်ဝန်းအတွင်း တောက်ပသောအလင်းက ဖြတ်သန်းသွားသလို သူက သူ၏ စွမ်းအင်တိုင်းကို ရုတ်သိမ်းလိုက်ရင်း လေထဲမှ ဆင်းသက်လိုက်သည်။
ချွင်
ကျောင်းဖုန်းချန်းက လက်ကိုတစ်ချက် ဆန့်တန်းလိုက်သောအခါ အနောက်ဘက်မှ ဝု့စ်သံမဏိ ဆေဘာဓားက တစီစီအသံများကို ချက်ချင်းထုတ်လွှတ်နေပြီး လေထဲသို့ ခုန်တက်သည်။ သူက ကိုယ်ပိုင်အသိစိတ်ရှိနေသလိုမျိုး အလိုလို ခုန်ထွက်သွားခြင်းဖြစ်သည်။ ဆေဘာ၏ အလေးချိန်နှင့် သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများက ကျောင်းဖုန်းချန်းကို မာနအပြည့်နှင့် ပြုံးမိစေသည်။
မြေသားအမာရွတ်
ထိုအရာဟာ ဝမ်ချောင်က သူ့အတွက် သွန်းလုပ်ပေးခဲ့သည့် ဝု့စ်သံမဏိဆေဘာဓား၏ နာမည်ဖြစ်သည်။
ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာခဲ့သည့် အင်အားကြီးမားသော ထိုသိုင်းကို ကျောင်းကလန်မှ မျိုးဆက် အဆက်ဆက်ကသာ ပိုင်ဆိုင်ခဲ့ကြပြီး ကျောင်းကလန်မှ အဖွဲ့ဝင်များကသာ ကျင့်ကြံနိုင်ကြသည်။ ထိုသို့ဖြစ်နေသည့်တိုင်အောင် ထိုသိုင်းကို ကျင့်ကြံရခြင်းက အလွန့်အလွန် ခက်ခဲနေသေးသည်။ ကျောင်းကလန်၏ အထူးသွေးမျိုးဆက်ကြောင့်သာ ထိုသိုင်းကို ကျင့်နိုင်စွမ်းရည် ရှိနေခဲ့ခြင်းဖြစ်သည်။
ကျောင်းဖုန်းချန်းသည် နောက်ဆုံးသော နှစ်တစ်ရာအတွင်း ဒီသိုင်းကိုကျင့်ကြံနိုင်သည့် ကလန်မှ တစ်ဦးတည်းသော အဖွဲ့ဝင်လည်းဖြစ်သည်။ သို့သော် ဒီရှေးဟောင်းသိုင်းဟာ ကျောင်းဖုန်းချန်းကိုယ်တိုင်ကပင် လိုက်ဖက်ညီသော မည်သည့်ဆေဘာ၊ မည်သည့်ဓားကိုမျှ မြို့တော်အတွင်း ရအောင်မရှာနိုင်သော အနေအထားမျိုးအထိ လွှမ်းမိုးမှုကြီးစေခဲ့သည်။ ကလန်ကြီးများမှ အဖိုးတန်ဓားများ၊ ဆေဘာများကလည်း ကျောင်းဖုန်းချန်း၏ ထိုသိုင်းနှင့်အတူတကွ ထုတ်သုံးလိုက်သော ကြောက်မက်ဖွယ်ကောင်းသည့် ကြယ်တာရာစွမ်းအင်အောက်တွင် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားလေ့ရှိသည်။ ထိုသို့ဖြင့် သူ့ကိုသိုင်းအား အပြည့်အဝ ကျင့်ကြံနိုင်ခြင်းမရှိအောင် တားမြစ်ထားသလို ဖြစ်နေသည်။
မြို့တော်မှ ဆေဘာတိုင်း၊ ဓားတိုင်းက ထိုသို့ကျိုးပျက်သွားခဲ့သော်လည်း ဆိုးရွားသော အခြေအနေမျိုးထိ မဖြစ်သွားခဲ့ချေ။ ထိုအခြေအနေမှ ကြည့်လျှင် ထိုသိုင်းဟာ မည်မျှအထိ လွှမ်းမိုးနိုင်စွမ်းအားရှိပြီး သေသပ်ပြောင်မြောက်ကြောင်း နားလည်နိုင်သည်။ ထိုအကြောင်းပြချက်ကြောင့်လည်း ကျောင်းဖုန်းချန်းက မြို့တော်အတွင်းမှ ဆေဘာပေါင်းများစွာ၊ ဓားပေါင်းများစွာကို လိုက်လံဝယ်ယူနေခဲ့ရခြင်းဖြစ်သည်။ သူတို့အားလုံးက သူ့ကို စိတ်ပျက်စေခဲ့သည်။ သို့သော် နောက်ဆုံးတွင် သူက ဝမ်ချောင်နှင့်တွေ့ခဲ့သည်။ ထို့နောက်သူက မြေသားအမာရွတ်ကို ရခဲ့၏။
ထိုဆေဘာသည် ကျောင်းဖုန်းချန်းကို အကန့်အသတ်ကို ကျော်ဖြတ်တက်ရောက်နိုင်လျှက် သိုင်းပညာတွင် အင်အားကြီးမားလွန်းသည့် ပါရမီကို ထုတ်ပြခွင့်ရစေခဲ့သည်။ တိုတောင်းသော တစ်နှစ်အတောအတွင်း သူ၏ခွန်အားက ဆက်တိုက်ခုန်တက်လျှင် ယခုအဆင့်လိုမျိုး မှင်သက်ဖွယ်ကောင်းသည့် အတိုင်းအတာသို့ ရောက်ရှိစေခဲ့သည်။ သူက အင်ပါယာစစ်တပ်အတွင်းမှ မာရှယ်ဆိုသောအဆင့်ကို ရောက်ရှိစေခဲ့သေး၏။ ကျောင်းဖုန်းချန်းက ဝမ်ချောင်ကို အလွန်အမင်း ကျေးဇူးတင်မိသည်။
ကြည့်ရတာ ငါမဟာဗိုလ်ချုပ်ကြီးအဆင့်ကို ချိုးဖျက်တက်ရောက်နိုင်ဖို့ အချိန်အရမ်း လိုအပ်သေးလောက်တယ်။
ကျောင်းဖုန်းချန်းက တွေးလိုက်သည်။
သူဟာ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်ရှိနေခဲ့သည်မှာ အချိန်အတန်ကြာပြီဖြစ်သည်။ မဟာဗိုလ်ချုပ်ကြီးအဆင့်သို့ ရောက်ရှိပြီးလျှင် သူ၏အင်အားက အများကြီး တိုးတက်သွားနိုင်သည်။ သို့တိုင်အောင် ထပ်ခါတလဲလဲ ကျရှုံးနေခဲ့၏။ မဟာဗိုလ်ချုပ်ကြီးအဆင့်နှင့် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့်ကြားမှ ကွာခြားချက်က ထင်သလောက် မကြီးပေ။ သို့သော် ကျောင်းဖုန်းချန်းကမူ ထင်သလောက်လည်း မရိုးရှင်းကြောင်း နားလည်နေပြီဖြစ်သည်။ ဒါက လုံလောက်အောင် အားစိုက်ထုတ်မှု သို့မဟုတ် ကြယ်တာရာစွမ်းအင်များလောက် မရိုးရှင်းတော့ချေ။
ဖလပ် ဖလပ်
သူ၏တိတ်ဆိတ်စွာ သုံးသပ်နေမှုကို ရုတ်တရက် တဖက်ဖက် မြည်သံထွက်နေသည့် တောင်ပံရိုက်ခတ်သံက ရုတ်ချည်းဖြိုခွဲလိုက်သည်။ ကျောင်းဖုန်းချန်းက အတွေးများကို ရုတ်သိမ်းလိုက်ပြီးနောက်တွင် ခန်းမမှတံခါးက ပွင့်သွားရင်း အနက်ရောင်သိန်းငှက်တစ်ကောင်က ပံျသန်းဝင်ရောက်လာသည်။
“ဒါက မဟာမာရှယ်ဆီကစာပဲ”
သိန်းငှက်ကို တစ်ချက်ကြည့်ရုံနှင့်တင် ကျောင်းဖုန်းချန်းက မည်သူ၏စာဖြစ်ကြောင်း သိလိုက်သည်။ သူက ငှက်ခြေထောက်မှ စာကို ချောမွေ့စွာဖြင့် ဖြုတ်ယူလိုက်သည်။ စာပါအကြောင်းအရာများကြောင့် အစပိုင်းတွင် မှင်သက်သွားသေးသည်။ ထို့နောက် နားလည်မှုအပြည့်နှင့် ပြုံးရယ်လိုက်မိသည်။
“ဝမ်ချောင် ကြည့်ရတာ ငါမင်းကိုသိပ်မကြာခင် လာတွေ့ရတော့မယ်ထင်တယ်”
သူ၏မျက်နှာမှ ထိုအပြုံးနှင့်အတူ ကျောင်းဖုန်းချန်းက ခန်းမထဲမှ ခပ်မြန်မြန်ထွက်သွားသည်။
“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် ရွှမ်ဝူစစ်တပ်က အဖွဲ့ဝင်တိုင်း ထွက်ခွာဖို့ပြင်ဆင်တော့”
အချိန်တခဏခန့် ကြာပြီးနောက် အင်ပါယာစစ်တပ်၏ တစ်သိန်းသော စစ်သည်များအတွင်းမှ အထူးခြားဆုံး အဖွဲ့တစ်ခုက စတင်ကာ ထွက်ခွာသည်။
ခြိမ်း
နာရီအနည်းငယ်ကြာပြီးနောက် အင်ပါယာ နန်းတော်၏ အနောက်ဘက် ဂိတ်ကဲ့သို့ ဘယ်သောအခါကမှ ဖွင့်လေ့မရှိသည့် ဂိတ်ကြီးက ရုတ်တရက် ပွင့်ထွက်သွားသည်။ မြေကမ္ဘာက တသိမ့်သိမ့်တုန်သွားပြီး ပြိုင်ဘက်ကင်းသော လူထွားကြီးများက မြေပြင်ကိုလက်ဖြင့် တဝုန်းဝုန်း ထုရိုက်နေသလိုမျိုး လှုပ်ခါလာသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း ဂိတ်အတွင်းမှ ကြီးမားသည့် အနက်ရောင် ရေလှိုင်းလုံးကြီးများက လိမ့်ထွက်လာသည်။ သို့ရာတွင် ထိုအရာများက အစစ်အမှန် ရေလှိုင်းလုံးများမဟုတ်ဘဲ အနက်ရောင်သံချပ်ကာများကို ဝတ်ဆင်ထားကြသည့် အင်ပါယာစစ်သား တစ်ထောင်က ထွက်လာခြင်းဖြစ်သည်။
အခြားသော အင်ပါယာစစ်သားများနှင့် မတူသည်မှာ သူတို့၏သံချပ်ကာက အရှိန်အဝါကြီးမြတ်ပြီး လေးစားဖွယ်ကောင်းသော လေထုကို လွှတ်ထုတ်နေသည်။ ထို့အပြင် ထိုအရာက အလွန်လေးလောက်သည်။ သံချပ်ကာတစ်စုံချင်းစီတိုင်းက သာမာန်အင်ပါယာ စစ်သားများ ဝတ်ဆင်ထားသည့် အလေးချိန်နှစ်ဆခန့် ရှိဟန်တူ၏။ ထိုသံချပ်ကာများကို ဝတ်ဆင်နိုင်ရန်အတွက် ပြင်းထန်သော ခွန်အားကို လိုအပ်လောက်သည်။ ထိုအရာကိုဝတ်ပြီး တိုက်ခိုက်ရန်လည်း လိုအပ်လောက်သေးသည်။ သို့သော် ထိုအနက်ရောင်သံချပ်ကာဝတ် အင်ပါယာစစ်သားများကမူ ဘာကိုမှ ခံစားမိပုံပင်မရချေ။
ဖုန်များက လိမ့်တက်လာရင်း မြေကမ္ဘာက တဝုန်းဝုန်းမြည်သံများ ထုတ်ဖော်ရင်းနှင့် မြို့ဂိတ်အတွင်းမှ စစ်သည်ရှစ်ထောင်က လှုပ်ရှားလာသည်။ ထိုအခိုက်အတန့်တွင် တစ်လောကလုံးက တိတ်ဆိတ်သွားပုံပေါ်သည်။ ငှက်များ၊ သားရဲများကလည်း ငြိမ်သက်နေကြ၏။ အောက်ဘက်ရှိ ပိုးကောင်များကပင် ကြောက်လန့်မှုကြောင့် မြေလျိုးသွားပုံပေါ်သည်။
“ဒါက... ငါဘာလို့ အရင်က ဒီလိုအင်ပါယာစစ်တပ်ကို မမြင်ဖူးတာလဲ”
“ဘယ်လောက်တောင် လေးစားဖို့ကောင်းလိုက်တဲ့ အရှိန်အဝါတွေလဲ။ ဒီလူတွေက တော်တော်လေးကို အင်အားကြီးကြတယ်”
“ရှုး တိုးတိုးနေ သူတို့ရဲ့ မျက်ဝန်းထဲကအကြည့်ကို မမြင်ဘူးလား”
ဖြတ်သွားဖြတ်လာများက ချဉ်းကပ်လာသော စစ်သားများကို မြင်ရုံနှင့် ကြောက်လန့်ကာ နောက်ဆုတ်ကြသည်။ သူတို့ဟာ မြို့တော်တွင် ကြာရှည်စွာ နေထိုင်ခဲ့သူများဖြစ်သည်။ ထို့ကြောင့် အင်ပါယာစစ်တပ်ကို သူတို့၏လက်ခုံလို ကောင်းကောင်း နားလည်နေကြသည်။
သို့သော် ထိုအဖွဲ့အစည်းကြောင်း မကြားဖူးကြချေ။
သို့သော် ဝရုန်းသုန်းကားဖြစ်နေသော လူအုပ်နှင့်ယှဉ်သော် ထိုစစ်သည်ရှစ်ထောင်ကမူ အလုံးစုံ တည်ငြိမ်နေသည်။ သူတို့က ချီတက်နေသော အခိုက်အတန့်မျိုးတွင်ပင် စစ်မြင်း၏ ခွာသံက ထွက်လာသည်။
တခဏခန့်ကြာရုံနှင့်တင် စစ်သည်ရှစ်ထောင်လုံးက တစ္ဆေ၊ သရဲများကဲ့သို့ ရုတ်ချည်းပျောက်ကွယ်သွားလေသည်။
...
ထိုအချိန်တွင် မြို့တော်နှင့် လီတစ်ရာခန့်ဝေးကွာသည့် အင်ပါယာကောင်းကင် တောင်တန်းနောက်တွင် ဖွင့်ထားသော လျို့ဝှက်ဂိတ်ပေါက် တစ်နေရာက ရုတ်ချည်းပွင့်ထွက်သွားသည်။ တခဏခန့်ကြာပြီးနောက် သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားသည့် စစ်သည်လေးထောင်က တောင်လမ်းနဘေးမှ ထွက်လာသည်။ ထိုစစ်သည်လေးထောင်၏ အသားအရေများက ဖြူဖျော့နေသည်။ သူတို့၏ခန္ဓာကိုယ်က ထက်ရှကာ ကြမ်းတမ်းသည့် စွမ်းအင်များဖြင့် ပေါက်ကွဲနေသည်။ သူတို့က ဓားအိမ်ထဲမှ ဓားများနှင့်တူသည်။
ဂရုတစိုက်သာ ကြည့်မည်ဆိုလျှင် ထိုလူများက လှမ်းသောခြေလှမ်းတိုင်းဟာ မြေပြင်တွင် နက်ရှိုင်းသော ဓားခုတ်ရာများကို ချန်ရစ်ထားခဲ့ကြောင်း မြင်နိုင်မည်ဖြစ်သည်။ ပို၍ဆိုးသည်မှာ ထိုစစ်သည် လေးထောင်က ထုတ်လွှတ်နေသော အရှိန်အဝါများက တူညီလွန်းနေသည်။ သူတို့က တူညီသော လေ့ကျင့်မှုကိုလုပ်ခဲ့ပြီး တူညီသောသိုင်းများကို ကျင့်ထားသည်မှာ ရှင်းလင်းလွန်းနေခဲ့၏။
ထိုလူများက လမ်းလျှောက်နေသည်နှင့် ထိုလူများ၏ မျက်နှာပေါ်ရှိ မျက်နှာထားများကပင် တူညီလာပြန်သည်။ ထို့ကြောင့် ထိုလူများအားလုံးဟာ တစ်ယောက်တည်းမှ ကိုယ်ခွဲထားသည်ဟုပင် ထင်မိစေလာသည်။
သိပ်မကြာခင် ထိုစစ်သည်လေးထောင်က ဂိတ်ထဲမှအပြည့်အဝ ထွက်လိုက်ပြီး တောင်ရှေ့တွင် ခံစားချက်မဲ့စွာ မားမတ်စွာရပ်နေကြသည်။
“ဒီစစ်သားတွေကို ရက်ထောင်ကျော် လေ့ကျင့်ပေးထားတာက အချိန်အခိုက်အတန့် တစ်ခုတည်းအတွက်ပဲ။ မင်းတို့အားလုံးကလည်း ဒီနေ့ရဲ့ လုပ်ရပ်က ဘာဆိုတာကို နားလည်နေမယ်လို့ မျှော်လင့်တယ်”
ဝမ်ချောင်၏ ဦးလေးငယ် ဝမ်မီကလည်း သံချပ်ကာအပြည့် ဝတ်ဆင်ထားသည်။ သူက ကျောက်တုံးကြီးရှေ့တွင် ရပ်နေသည်။ သူ၏အကြည့်က စစ်သားများထံသို့ တဖြည်းဖြည်းချင်း ဖြတ်ပြေးသွားသည်။
“ရှစ်လပြည့်သွားပြီ အခု မင်းတို့အားလုံး တောင်ထဲကထွက်လို့ မင်းတို့ရဲ့စွမ်းရည်ကို စမ်းသပ်ခံရမဲ့ အချိန်ကိုရောက်လာပြီ။ တစ်လောကလုံးကိုလည်း သိစေလိုက် ငါတို့ရဲ့ ရန်သူတွေကိုလည်း မင်းတို့ရဲ့ လုပ်နိုင်စွမ်းရည်ကို ခံစားခိုင်းလိုက်နိုင်ရမယ် နားလည်လား”
သူ၏ခိုင်မာပြတ်သားသော စကားလုံးများက တောင်တန်းတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားစေသည်။
“ဟုတ်ကဲ့”
စစ်သည်လေးထောင်လုံးက ဒူးတစ်ဖက်ထောက်ချသည်။ သူတို့က ခေါင်းကိုလည်း ငုံ့ကြ၏။ သူတို့က အော်ဟစ်လိုက်သည်နှင့်အမျှ လေထဲမှ တဝီဝီမြည်သံများက ပေါ်ထွက်လာသလို လူလေးထောင်လုံးကလည်း တစ်သားတည်းဖြစ်နေသလို တစ်သံတည်း ကြွေးကြော်ကြသည်။ ထိုလူများအထက်မှ စုစည်းနေသော စွမ်းအင်များကလည်း အလွန်ကြီးမားသည့် ဆယ်ကျန်းခန့်ရှည်သည့် ဆေဘာဓားတစ်လက်အသွင် ပြောင်းလေသည်။
ထိုဆေဘာဓားဟာ ကျယ်သည်။ ကြီးလည်းကြီးသည်။ ထက်ရှလွန်းပြီး ခက်ထန်မှုကို ထုတ်ဖော်ထားပုံဟာ ကောင်းကင်ကိုပင် ထက်ခြမ်းခွဲနိုင်မည့်ပုံပေါ်သည်။
ဝမ်မီက ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။ ရုတ်တရက် သူက ဝမ်ချောင်၏စကားကို တွေးမိပြီး ထိုစစ်သားများကို စတင်ကာ လေ့ကျင့်ပေးသည်။
‘ဦးလေးငယ် ဒီစစ်သားအဖွဲ့က ငါ့အတွက် အရမ်းအရေးကြီးတယ်။ ဒီစာလိပ်ထဲမှာပါတဲ့သိုင်းက သူတို့ကျင့်သင့်တဲ့သိုင်းပဲ။ သူတို့ကို နေ့ရောညပါ ကျင့်ခိုင်း။ သူတို့ကို အခြားဘာကိုမှ မလေ့ကျင့်ခိုင်းနဲ့တော့။ သူတို့က လေ့ကျင့်ပေးလို့ရနိုင်တဲ့ အင်အားစု အသစ်တစ်ခုအဖြစ် ပြောင်းလဲသွားတာမျိုးကို မျှော်လင့်တယ်။ အနာဂတ်မှာ သူတို့ကို တအားကို အရေးကြီးလွန်းတဲ့ အခြေအနေတစ်ခုအတွက် လိုအပ်လာလိမ့်မယ်။ ဦးလေးငယ် ငါဒီကိစ္စနဲ့ ပတ်သတ်ပြီး ဦးလေးကိုပဲ ယုံကြည်ထားတော့မယ်’
ထိုအချိန်က ဝမ်ချောင်က အလွန်အမင်း တည်ငြိမ်သော မျက်နှာထားမျိုးနှင့် ဝါးတောငယ်လေးရှေ့တွင် ရပ်ကာ ထိုစကားများကိုပြောခဲ့သည်။
ထိုအချိန်က ဝမ်မီကလည်း သူ၏တည်ငြိမ်မှုကြောင့် သက်ရောက်ခံရလေပြီး ခေါင်းကိုညိမ့်ခဲ့မိသည်။ ဝမ်မီကိုယ်တိုင်ကလည်း ဝမ်ချောင်ပြောခဲ့သော အကြောင်းအရာကို သေချာနားမလည်ခဲ့ချေ။ သို့သော် သူတို့က ထိုစစ်သားများအားလုံးကို အတိုင်းအတာတစ်ခုထိရောက်အောင် လေ့ကျင့်ပေးခဲ့သည်။ နောက်ဆုံးတွင်မူ သူနားလည်သွားသည်။
ဝမ်ချောင်က သူ့အား အင်ပါယာကောင်းကင်တိုင် တောင်ထိပ်တွင် ယခုလိုမျိုး ထူးချွန်ပြောင်မြောက်ကာ စွမ်းအားကြီးလွန်းသည့် စစ်သည်တစ်ဖွဲ့ကို ယုံကြည်စွာ လေ့ကျင့်ပေးခိုင်းခဲ့သည်ဆိုသော အကြောင်းအရာကိုမူ သူနားလည်ခဲ့သည်။ ထိုအတွက်ကြောင့်လည်း သူက အားသွန်ခွန်စိုက် လေ့ကျင့်ပေးခဲ့သည်။ ယခုအချိန်ကာလကမူ အကျိုးအမြတ်ကို ရိတ်သိမ်းရမည့်ကာလ ဖြစ်သွားသည်။
ဟစ်
ဝမ်မီက အသိဝင်သွားသည့်အလျောက် အသက်ပြင်းပြင်းရှုလိုက်သည်။
“သူတို့အတွက် ပြင်ဆင်ထားတဲ့ သံချပ်ကာတွေကိုပေးလိုက်။ ငါတို့သုံးရက်နေရင် ထွက်ကြမယ်”
ဝမ်မီက ခေါင်းကိုလှည့်မကြည့်တော့ဘဲ ပြောလိုက်သည်။
“အမိန့်အတိုင်းပါ အရှင်”
အင်ပါယာကောင်းကင်တိုင် တောင်မှ ညွှန်ကြားသူက ပြန်ဖြေသည်။
နာရီပေါင်းများစွာ ကြာပြီးနောက် စစ်သည်လေးထောင်လုံးက လက်နက်အပြည့်အဝ တပ်ဆင်၍ပြီးသွားသည်။ ထိုသို့ဖြင့် အင်ပါယာကောင်းကင်တိုင် တောင်တန်းထံမှတဆင့် မုန်တိုင်းတစ်ခုလုံးကို ဖယ်ရှားရှင်းလင်းတော့မည့် ဟန်အမူအရာအပြည့်ဖြင့် ထွက်ခွာကြသည်။
“ချောင်အာ မင်းရဲ့ဦးလေးငယ်က မင်းကိုကူညီနိုင်သမျှက ဒီလောက်ပဲ။ ဦးလေးငယ်က မင်းကိုကူညီပြီး ဒီနတ်အကျဉ်းထောင်စစ်တပ်ကို လေ့ကျင့်ပေးခဲ့တယ်။ မင်းရဲ့ဦးလေးငယ်ရဲ့ လက်ဆောင်အဖြစ်ယူလိုက်။ ကျန်တာတွေကတော့ မင်းရဲ့တာဝန်ဖြစ်သွားပြီ”
ဝမ်မီက တဖြည်းဖြည်း ချီတက်သွားသည့် စစ်တပ်ကို တောင်တက်လမ်းတစ်ဝက်မှ စိုက်ကြည့်နေရင်း တွေးလိုက်သည်။
...
ရွှမ်ဝူစစ်တပ်မှ ကျောင်းဖုန်းချန်းက လေ့ကျင့်ပေးထားသော စစ်သည်ရှစ်ထောင်နှင့် နတ်အကျဉ်းထောင် စစ်တပ်မှ စစ်သည်လေးထောင်တို့က အနောက်ပိုင်းဒေသသို့ တော်ဝင်မြို့တော်မှတစ်ဆင့် စတင်ကာ ထွက်ခွာနေကြပြီဖြစ်သည်။ ညအချိန်က ရောက်လာသည်။ တစ်မြို့တော်လုံးက အိပ်နေသည်။ မြို့တော်က တိတ်ဆိတ်နေသည်။ သို့သော် လူအနည်းစုကသာ အပြင်ဘက်တွင် မြို့တော်မှ အလေးစားရဆုံး အထူးခြားဆုံး နေရာတစ်ခုဖြစ်သည့် ဆုစံအိမ်ကြီးတွင် ရိုးရှင်းသောဝတ်စုံများကို ဝတ်ဆင်ထားသည့် လူလေးထောင်ခန့်က အမိန့်ကို တိတ်တဆိတ် စောင့်ဆိုင်းရင်း ခေါင်းကိုငုံ့လျှက် ရှိနေကြောင်း သိကြလောက်သည်။
ထိုစံအိမ်ကြီးက သက်တမ်းတစ်ရာကျော် ရှိနေပြီဖြစ်သည်။ နေရာပေါင်းများစွာကမူ အိုမင်းသည့် လက္ခဏာပြနေသည်။ သို့သော် စစ်သည်များနှင့် စစ်သားများအတွက်ကမူ ထိုနေရာက တော်ဝင်နယ်မြေဖြစ်သည်။ အကြောင်းမူကား ထိုနေရာက ဒဏ္ဍာရီလာစစ်နတ်ဘုရား စုကျန်းချန်း၏ အိမ်ဖြစ်နေသာကြောင့်ပင်။
ညကနက်လာသည်နှင့်အမျှ အေးစိမ့်သောလေပြေက စတင်ကာ ဝင်ရောက်လာသည်။
ပါးလျသော ဝတ်စုံကိုသာ ဝတ်ဆင်ထားသည့် ထိုလူလေးထောင်က စံအိမ်အတွင်းမှ လူတစ်ယောက်ကို နှောက်ယှက်မိမည့်အရေးကို စိုးရိမ်စွာနှင့် တိတ်တဆိတ် ရပ်နေကြသည်။ သူတို့က သူတို့၏ အသက်ရှုသံကိုပင် ထိန်းထားကြသည်။ ထို့ကြောင့် အေးစက်သော လေသံမှတစ်ပါး မည်သည့်အသံမှ မထွက်ချေ။
သူတို့က အချိန်တစ်ခုကြာအောင် အပြင်ဘက်တွင် စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင်...
“ဝင်လာခဲ့”
အတွင်းမှ အိုမင်းသော အသံတစ်သံ ထွက်လာသည်။ အသံက ပြတ်သည်။ ခြောက်ကပ်လွန်းနေသေး၏။ ထို့ကြောင့် လမ်းပေါ်မှ ကြားနေကျ သာမာန်လူအိုကြီးတစ်ယောက်၏ အသံဟုသာ ထင်ရသည်။
ကျွီ
ထိုလူအိုကြီးက ပြောလိုက်သည်နှင့် ဆုစံအိမ်၏ ဘေးတံခါးက ပွင့်သွားသည်။ ထိုလူလေးထောင်ထဲမှ ပုံရိပ်ပေါင်းများစွာက ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့ဘဲ နီရဲနေသောမျက်နှာများကို စိတ်လှုပ်ရှားမှုအပြည့်နှင့် ခေါင်းမော့လိုက်မိကြသည်။
အခန်း(၁၀၄၀)
မဟာထန်စစ်နတ်ဘုရား
မဟာထန်၏ လျို့ဝှက်ဆန်းကြယ်လွန်းသော ထိုတည်ရှိမှုက သူတို့ကို လက်ခံပေးချင်စိတ်ရှိပြီး ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးမည်ဟု မည်သူကမှ မထင်ထားလောက်ချေ။
ဟစ်
အသက်ပြင်းပြင်း ရှုလိုက်ပြီးနောက် ခေါင်းမော့ထားသော လူများအားလုံးက သူတို့၏ အစောတလျင်ဖြစ်သွားသည့် စိတ်အခြေအနေကို ထိန်းချုပ်လိုက်ကြသည်။ သူတို့၏ ကြာရှည်စွာ လေ့ကျင့်မှုနှင့် ကိုယ့်ကိုယ်ကို စည်းကမ်းအပြည့်နှင့် ထိန်းကွပ်ထားမှုများကို ထုတ်သုံးလျှက် ခေါင်းကို ပြန်ငုံ့လိုက်ကြသည်။ လေအေးက ဖြတ်တိုက်သွား၏။ ထိုအေးစက်မှုက ဆုစံအိမ်ထဲကို ဝင်ရောက်လျှက် နေရာတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။ သူတို့၏ အနောက်တွင် အသက်(၇)နှစ်၊ (၈)နှစ်အရွယ်ခန့်ရှိမည့် ကလေးတစ်ယောက်က ပေါ်လာသည်။ သူက အပြင်ဘက်သို့ကြည့်ကာ ပြုံးနေပြီးနောက် ဘေးတံခါးကိုတွန်းဖွင့်ကာ ထွက်ရင်း ပြန်ပိတ်သွားသည်။
ဘေးတံခါးပိတ်သွားမှုနှင့်အတူ ဆုစံအိမ် တစ်ခုလုံးက ကြားခံနယ်မြေတစ်ခု ခြားနားလိုက်သလို ဖြစ်သွားသည်။ လူလေးထောင်လုံး၏ အရှိန်အဝါများက ရုတ်ချည်းပျောက်ကွယ်သွားပြီး မည်သူကမှ မရှသလိုမျိုး ဖြစ်သွားသည်။
“စီနီယာကိုး ငါမင်းကို ကိစ္စကြီးတစ်ခုမှာ ကူညီပေးပြီးသွားပြီ။ မင်းအနောက်ပိုင်းနယ်မြေက ပြန်လာတဲ့အခါ ငါ့ကိုကျေးဇူးတင်ဖို့သာ မမေ့ရင်ကောင်းမယ်”
ရှောင်ကျန်းကျန်းလေးက ယခင်တစ်ခေါက်က ရှေးဟောင်း ပညာသင်သစ်ပင်အောက်တွင် ဝမ်ချောင်၊ စုကျန်းချန်းတို့အကြားမှ စစ်တုရင်ကစားပွဲတွင် ပါဝင်ခဲ့သူဖြစ်သည်။ စုကျန်းချန်း၏ အစစ်အမှန် တပည့်လည်းဖြစ်သည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်ရင်း ပြုံးလိုက်၏။ သူက လက်များကို ဖြန့်ကားရင်း အတောင်ပံများပါသည့် သိန်းငှက်တစ်ကောင်ကို ကောင်းကင်သို့ထိုးတက်ရင်း အနောက်ဘက်သို့ ပျံသွားစေလိုက်သည်။ ထိုသိန်းငှက်က ဝမ်ချောင်ဟာ သိန်းငှက်အိုကြီးကို တောင်းဆိုပြီး သူ့ကိုပေးခိုင်းခဲ့သည့် သိန်းငှက်ဖြစ်သည်။ ထိုသိန်းငှက်ဟာ နောက်ဆုံးတွင် သူ၏တာဝန်ကို ထမ်းဆောင်နိုင်လေပြီ။
......
သူတော်စင်ဧကရာဇ်၏ အမိန့်က ပြိုင်ဘက်ကင်းသော လုပ်နိုင်စွမ်းရည်ရှိသည်။ မဟာထန်၏ အဘက်ဘက်မှ တွန်းပို့မှုများက စတင်ကာ အသက်ဝင်လာစေသည်။ ဤနန်းတော်အတွင်းတွင်... အင်ပါယာ ကောင်းကင်တိုင်နန်းတော်အတွင်းတွင်... ဆုစံအိမ်တွင်... ဝမ်ချောင်ဟာ မယုံနိုင်စရာကောင်းလောက်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် စစ်တပ်တစ်ခုစီကို လေ့ကျင့်ပေးခဲ့သည်။ ထိုအချိန်တွင် ကျန်းချုံကျန့်ချုံးနှင့် ဘုရင်စုန့်တို့ကလည်း စစ်မတ်ရေးရာ အမှုထမ်းရုံးတော်မှတဆင့် ကမ်းလှမ်းချက်များကို ခပ်မြန်မြန် တွန်းပို့နေကြလေသည်။
သူတော်စင်ဧကရာဇ်၏ နောက်ခံကြောင့် ကမ်းလှမ်းချက်တိုင်းက ခပ်မြန်မြန် အရေးတယူ လုပ်ဆောင်ပေးခံရသည်။ သတင်းများကိုလည်း အရပ်မျက်နှာအနှံ့ ပို့လွှတ်၏။ အန်းတုံး၊ ပေ့ထင်၊ လုံရှီ၊ အန်းနန်... နယ်စပ်မှ ကာကွယ်ရေးစစ်တပ်တိုင်းဟာ စတင်ကာ လှုပ်ရှားလေသည်။ ထိုနယ်ပယ်ဘက်မှကြည့်သော် ကျန်းချုံကျန့်ချုံးနှင့် ဘုရင်စုန့်တို့က ဝမ်ချောင်ထံ သီးသန့်စာပို့ရန်ပင် တောင်းခံခဲ့သေး၏။
စစ်သားများနှင့် ပတ်သတ်သည့် အရည်အသွေးက အရေအတွက်ထက် ပို၍အရေးကြီးသည်။ ထိုကာကွယ်ရေး စစ်တပ်များက သူတို့၏လက်ရွေးစင် စစ်သားများနှင့် အကောင်းဆုံးသော ဗိုလ်ချုပ်များကို တာလာ့သို့ တပ်ကူအဖြစ်စေလွှတ်ရင်း အာရပ်ကို ရင်ဆိုင်ခိုင်းမည်ဖြစ်သည်။
သူတို့ကို အံ့အားသင့်စေသည်မှာ ထိုကာကွယ်ရေးစစ်တပ်များက ပုံမှန်အားဖြင့် အကောင်းဆုံးကြိုးစားပြီး ငြင်းဆန်ချင်ကြသည်။ သူတို့က ပမာဏကိုလျော့၍ ထောက်ပံ့ပေးချင်ခဲ့ကြသည်။ သို့သော် ဒီတစ်ခေါက်တွင်မူ ရုတ်တရက် နှစ်ခန်းဝန်ဆောင်မှု ပေးထားရသလိုမျိုး ပုံမှန်မဟုတ်လောက်အောင် ပူးပေါင်းပေးကြလေသည်။
.....
“လုံလောက် လောက်ပါပြီ။ စစ်လီ အင်ပါယာခုံရုံးက အမိန့်တော်ပို့လာပြီ။ ဒီတော့ ငါတို့ကလည်း အင်ပါယာ အမိန့်တော်အတိုင်း လုပ်ဆောင်ရလိမ့်မယ်။ မှတ်ထား နှုတ်ခမ်းတွေမရှိတော့တဲ့အခါ သွားက အအေးပတ်မှာပဲ။ ကောင်းရှန်းကျစ်နဲ့ ဝမ်ချောင်တို့ ဦးဆောင်တဲ့ ကာကွယ်ရေးစစ်တပ် နှစ်ခုက အာရပ်တွေကို ရင်ဆိုင်ရင်း ရှေ့တန်းဘက်မှာရှိနေတယ်။ ဒါက ငါတု့ိရဲ့ အကြီးမားဆုံး ခုခံအားပဲ။ သူတို့က ရှုံးသွားရင် ငါတို့ရဲ့ ထယ်ကြီးစစ်တပ်ကလည်း နောက်ထပ်ပစ်မှတ် ဖြစ်သွားမှာပဲ။ ဒီတော့ အတိတ်က ဝမ်ချောင်နဲ့ မဟာထယ်ကြီးစစ်တပ်ကြားမှာ ဘယ်လိုရန်ငြိုးတွေရှိနေရှိနေ လက်ရှိအနေအထားအရ ဒီကိစ္စတွေကို ဘေးဖယ်ထားပြီး သူနဲ့ကောင်းကောင်း ပူးပေါင်းလုပ်ဆောင်ဖို့ မျှော်လင့်တယ်”
ခဲ့ရှု့ဟန်က တင်းမာသောမျက်နှာထားနှင့် စစ်မြင်းပေါ်တွင်ရပ်သည်။ သူက သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားသည်။ သူ၏ ထောင်ထောင်မောင်းမောင်းနှင့် ကြွက်သားအပြည့် ပိုင်ဆိုင်သည့် ခန္ဓာကိုယ်ကြီးက နတ်ဘုရားတစ်ပါးအလား ထင်ရသည်။
“မဟာဗိုလ်ချုပ် စိတ်အေးအေးထားပါ ဒီဗိုလ်ချုပ်က နားလည်ပါတယ်”
ဝမ်စစ်လီက ဒူးတစ်ဖက်ထောက်ချရင်း ခဲ့ရှု့ဟန်၏ရှေ့တွင် ဂါရဝပြုလေသည်။ သူ၏အနောက်တွင်လည်း နတ်သိုင်းစစ်တပ်မှ တောင်တန်းတမျှ ပြင်းထန်သော အရှိန်အဝါ၊ မဆွဲထုတ်ထားရသေးသည့် ဓားများအလား ထက်ရှသည့်လေထုကို သယ်ဆောင်ထားသည့် စစ်သည်သုံးထောင်ရှိနေသည်။ ထိုလူများအပြင် ထယ်ကြီးစစ်တပ်၏ လက်တန်းကောက်ရွေးထားသော လက်ရွေးစင်စစ်သည် လေးထောင်ကလည်း ပါဝင်လေသည်။
လုံရှီက ပျောက်ကြားစစ်ပွဲများကို မကြာခဏ ရင်ဆိုင်ရသည်။ လက်ရွေးစင်တိုင်းက တိုက်ပွဲပေါင်းများစွာတွင် အတွေ့အကြုံရှိခဲ့သူများဖြစ်သည်။ ထို့ကြောင့် ထန်စစ်သားများထဲမှ အကောင်းဆုံးများအဖြစ် ပြော၍ရသည်။
“အရမ်းကောင်းတယ်။ ဒီစီမံကိန်းမှာ ငါတို့က အရင်လက်ဦးမှုယူပြီး တောင်ပေါ်ဒေသပေါ် ခြေချရလိမ့်မယ်။ တိုက်ပွဲပြီးသွားတာနဲ့ မင်းတို့က မင်းတို့ရဲ့စစ်တပ်ကို တာလာ့ဆီ ဦးဆောင်ပြီး သွားနိုင်ပြီ။ နောက်ထပ် တင်ပြဖို့ မလိုအပ်တော့ဘူး”
ခဲ့ရှု့ဟန်က စကားပြော၍ ဆုံးသွားသည့်အချိန်တွင် ညာလက်ကို ခါးတွင်ရှိသည့် ဓားပေါ်သို့ ဖိချလိုက်သည်။
ချွင်
သူကဓားကိုဆွဲထုတ်လိုက်ပြီး အနောက်ဘက်ခြမ်းရှိ မြင့်မားသော တိဗက်တောင်ပေါ်ဒေသသို့ ညွှန်လိုက်သည်။ သူ၏ဘေးဘီတွင် လေများက ဖြတ်တိုက်လာသည်နှင့် ခဲ့ရှု့ဟန်၏ အရှိန်အဝါကလည်း သံမဏိလို ခိုင်မာလာသည်။ သူ၏အကြည့်ထဲတွင် အထင်သေးမှုများက ပါလာသည်။
“ထွက်ခွာတော့”
ထယ်ကြီးစစ်တပ်က လှုပ်ရှားသည်နှင့်အမျှ ဆင့်ခေါ်မှုကို ခံလိုက်ရသလိုမျိုး အနက်ရောင် တိမ်စိုင်များက ကပြောင်းကပြန် ဖြစ်သွားပြီး လေပြင်းများကလည်း ဟိန်းဟောက်ကာ နံရံကိုဝင်တိုက်သည်။ စစ်မြင်းများကဟီသလို မဟာထယ်ကြီးစစ်တပ်ကလည်း ပထမဦးဆုံး အကြိမ်အနေဖြင့် တံခါးများကို ဖွင့်လိုက်ပြီဖြစ်သည်။ ထိုသို့ဖြင့် မဟာထယ်ကြီးစစ်တပ်မှ စစ်သည်နှစ်သောင်းက ပထမဦးဆုံးအကြိမ် စတင်ကာ အလုံးအရင်းလိုက် လှုပ်ရှားထွက်ခွာသည်။
ဘုန်း
ကျယ်လောင်သော ခရာသံက တောင်ပေါ်ဒေသတခွင်အနှံ့ မြည်ဟီးနေလေသည်။
...
မဟာထယ်ကြီးစစ်တပ် ထွက်ခွာပြီး သိပ်မကြာခင် သံမဏိရေကြီးမှုအတွင်းမှ ရို့ကျိုးကလည်း မြင်းတပ်ခြောက်ထောင် ထွက်ခွာသွားပြီဖြစ်သည်။ သူတို့က အရှေ့မြောက်ဘက် အကျဆုံးအပိုင်းမှ အနောက်မြောက်ဘက်ပိုင်းသို့ သွားကြမည်ဖြစ်သည်။ မဟာထန်၏ ကာကွယ်ရေးစစ်တပ်များအတွင်းတွင် အသက်သာဆုံးက အန်းတုံးကာကွယ်ရေးစစ်တပ်ဖြစ်ပြီး ဖိအားအနည်းဆုံးဖြစ်သည့် ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်ကြီးကလည်း အန်းတုံးကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် ကျန်းရှို့ကွေးဖြစ်သည်။
စစ်သားများကို လွှဲပြောင်းရသည့် ကိစ္စတွင်ပင် ကျန်းရှို့ကွေးက ဘာကိုမှ စိုးရိမ်ပူပန်မှုမရှိပေ။
ရို့ကျိုးက ရှုပ်ထွေးသောနယ်မြေဖြစ်သည်။ ထိုနေရာက ရှီခစ်ထန် အရှေ့ပိုင်းတူရကီ ခါကာနိတ်တို့နှင့် ကပ်လျှက်တည်ရှိနေသလို အင်အားကြီးမားသော ယွမ်ခယ်ဇိုမွန်နှင့် သူ၏ ဂိုဂူလျောအင်ပါယာနှင့်လည်း နီးကပ်နေသေးသည်။ သို့သော် အားအသာဆုံးသော ဘက်ခြမ်းကမူ ထိုအဖွဲ့အစည်းများက အရေအတွက်အားဖြင့် အားသာချက် မရှိနေခြင်းဖြစ်သည်။ သို့သော် ကျန်းရှို့ကွေး၏ အန်းတုံးကာကွယ်စောင့်ရှောက်ရေး စစ်တပ်နှင့် ရို့ကျိုးမြင်းတပ်ကမူ အားသာချက်ရှိသည်။
ကျန်းရှို့ကွေး...
သူတော်စင်ဧကရာဇ်၏ မျိုးဆက်တွင် ထိုလူဟာ ဒုတိယမြောက် အင်အားအကြီးဆုံး ပုဂ္ဂိုလည်းဖြစ်သည်။ သူ၏နာမည်တစ်ခုတည်းကတင် အရှေ့မြောက်ပိုင်းကို ဖိနှိပ်ထားနိုင်ပြီး လူများကို နှစ်ကြိမ်ခန့် စဉ်းစားရစေသည်။ ရည်မှန်းချက်ကြီးမားပြီး အရှိန်အဝါ ကြီးမြတ်ပါသည်ဆိုသည့် ယွမ်ခယ်ဇိုမွန်ကပင် ပိဇာခံတပ်၏ မြင့်မားသော မြို့ရိုးပေါ်တွင်သာ ရပ်ပြီးငေးကြည့်နေနိုင်လေသည်။
ဒုန်း ဒုန်း ဒုန်း
ရို့ကျိုးမြင်းတပ် အဖွဲ့ဝင်ခြောက်ထောင်က ဝေးသထက် ဝေးသွားသည့် အချိန်တွင် သူတို့ကို စောင့်ကြည့်နေသည့် ပုံရိပ်နှစ်ခုက ထင်ရှားလာသည်။ တစ်ခုက အရပ်ရှည်သည်။ အခြားပုံရိပ်တစ်ခုကမူ ဝဝဖိုင့်ဖိုင့်ဖြစ်သည်။ တစ်ယောက်က ပိုင်ကျန်းထုံလော့ဖြစ်ပြီး အခြားတစ်ယောက်ကမူ အန်းရာလော့ရှန်းဖြစ်သည်။
အန်းရာလော့ရှန်းက ထွက်ခွာသွားသော စစ်သားများကို ကြည့်နေရင်း သူ၏မျက်ဝန်းထဲရှိ အကြည့်က ရှုပ်ထွေးလာသည်။
မြို့တော်သို့သွားသည့် ဒီခရီးတွင် အန်းရာလော့ရှန်း၏ သွေးသောက်ညီနောင် အန်းရှီနာစုကျန်းက ထိုလူ၏လက်အတွင်း သေသွားသည်။ သူကိုယ်တိုင်ကလည်း တစ်ဖက်သူနှင့် အမြုပ်ခံရလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော် ယခုအခြေအနေအထိ အန်းရာလော့ရှန်းအနေနှင့် ထိုအချိန်က မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့ကြောင်း နားမလည်နိုင်သေးပေ။
ဘာလို့ သူတစ်ခါမှတောင် မတွေ့ဖူးတဲ့ အဲ့ဒီလူဘော်ကြော့ မျိုးနွယ်ကြီးက ဆက်ခံသူတစ်ယောက်က သူ့ကို ဒီလောက်အထိ မုန်းတီးနေတာလဲ။ သူတို့ကြားမှာ ဘယ်လောက်တောင် ကြီးမားတဲ့ သွေးကြွေးက ရှိနေလို့လဲ။
“ငါတို့တွေ ... အခွင့်အရေး... ရှိနိုင်ဦးမှာလား...”
အန်းရာလော့ရှန်း၏ မျက်ဝန်းက တုန့်ဆိုင်းစွာပင် လင်းလက်သွားသည်။ သူက လက်သီးကို ကြိမ်ဖန်များစွာ ကျစ်ကျစ်ပါအောင် ဆုပ်နေမိသည်။
“အခွင့်အရေးမရှိဘူး”
အန်းရာလော့ရှန်းက တွေးတော၍မဆုံးသေးခင် ပိုင်ကျန်းထုံလော့က ဖြတ်ပြောသည်။
“မင်းလည်း အရှင်ကာကွယ်ရေးဗိုလ်ချုပ်ရဲ့ ပုံစံကိုသိပါတယ်။ သူ့ရဲ့ရှေ့မှာ ဘယ်သူကမှ လှည့်ကွက်တွေ မသုံးရဲဘူး။ နည်းနည်းပဲ တောင့်ခံထား။ အချိန်ကမှန်တာနဲ့ ငါတို့အခွင့်အရေး ရလာမှာပါ”
...
တောင်ပေါ်ဒေသတွင် မုန်တိုင်းလေပြင်းကြောင့် မြစ်များကပင် တုန်ယင်နေသည်။ မဟာထန်၏ စစ်သားများက ချီရှီနှင့် အန်းရှီသို့ အမျိုးမျိုးသော အရပ်မျက်နှာအနှံ့မှ ချီတက်လာကြသည်။ ထိုသို့ဖြင့် တောင်ပေါ်ဒေသ တစ်ခုလုံးပေါ် အနက်ရောင် သတ္ထုရေလှိုင်းများက လွှမ်းနေသည်။
ထိုစစ်သားများက ထူးခြားသော သံချပ်ကာပြားများကို ဝတ်ဆင်ထားကြသည်။ သို့သော် ပုံသဏ္ဍန် အရောင်နှင့် တံဆိပ်များကမူ ခြားနားလာသည်။ သူတို့အားလုံးက အမျိုးမျိုးသော အဖွဲ့အစည်းများမှဖြစ်သည်။
သို့သော် မည်သည့်ကလန်၊ မည်သည့်အထက်တန်းစံအိမ်၊ မည်သည့်တော်ဝင်မျိုးဆက်မှ လူများဖြစ်နေစေကာမူ သူတို့အားလုံးတွင် တူညီသော ပန်းတိုင်သာရှိသည်။ သူတို့၏ကိုယ်အတွင်းတွင် လေးစားဖွယ်ကောင်းသော ကြယ်တာရာစွမ်းအင်များကပင် ပွက်ပွက်ဆူနေပြီဖြစ်သည်။
“အားလုံးရောက်ပြီလား”
တိဗက်ဗိုလ်ချုပ်ကြီး တစ်ယောက်က ပြောလိုက်သည်။ သူက အနီရင့်ရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး စစ်တပ်၏ရှေ့ဆုံးတွင် ရပ်နေသည်။
ထိုတိဗက်ဗိုလ်ချုပ်ကမူ ပါးသိုင်းမွှေးထူသည်။ သို့သော် ခန္ဓာကိုယ်ကမူ ပိန်ပါး၏။ သူ၏ကိုယ်အတွင်းတွင် ပေါက်ကွဲမတက် ပြင်းထန်သည့် စွမ်းအားများ ရှိနေပုံရသည်။ အထူးခြားဆုံး အချက်ကမူ သူ၏ ညာဘက်လက်ဖဝါးထံမှ ထက်ရှသည့်ဓားတစ်လက်လိုမျိုး တောက်ပသည့် အလင်းများက ဖြာထွက်နေခြင်းဖြစ်သည်။
ဂရုတစိုက်သာ ကြည့်မည်ဆိုလျှင် ထိုလူဟာ ဝမ်ချောင်သတ်ခဲ့သည့် သာ့ယန်မာန်ပန့်နှင့် ရုပ်အလွန်ဆင်ကြောင်း မြင်နိုင်မည်ဖြစ်သည်။
“သာ့ရန်အစုန့်ရုန် သာ့ရန်ကလန်က မင်းကိုဆင့်ခေါ်ပြီး သာ့ရန်ရော့ကျန်းကို ထောက်ပံ့ခိုင်းမယ်လို့ မထင်ထားဘူး”
ထိုလူ၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသောလူက အသက်သုံးဆယ်အရွယ်ခန့်ရှိမည့် တိဗက်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။ သူ၏ ကျောဘက်တွင် တိဗက်ဓားမောက်ရှည် နှစ်လက်ကို ထိုးထားသည်။ သူက တောက်ပပြီး ရွှန်းစိုသော အမွှေးများကို ပိုင်ဆိုင်သည့် ပိန်းပိတ်အောင် မည်းမှောင်သော အနက်ရောင်တောင်ပေါ်မြင်းကို စီးနင်းလျှက် သာ့ရန်အစုန့်ရုန်ထံ လျှောက်လာသည်။
“တာလာ့ကလန်ကလည်း မင်းကို မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းကနေ ခေါ်ထုတ်လိုက်တာမဟုတ်လား”
သာ့ရန်အစုန့်ရုန်က ဒါလာ့နရီစိုင်းကိုပြန်ပြောသည်။
“ဒီအကြောင်းတွေ ပြောမနေနဲ့တော့။ နေမင်းရဲ့ အနက်ရောင် ပွတ်တိုက်စားမှုကတင် မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းကို အလန့်တကြား ဖြစ်စေခဲ့ပြီးပြီ။ အဲ့ဒီလိုမှမဟုတ်ရင် တော်ဝင်ဂူဘုရားကျောင်းကို ငါတို့ကို ငါတို့ရဲ့ကလန်တွေဆီကို ပြန်ခိုင်းမှာမဟုတ်ဘူး”
ချီလီကလန်မှ တောက်ပသောမျက်ဝန်းနှင့် လူငယ်ပါရမီရှင် ချီလီစုလုံက အခြားတစ်ဖက်မှလာရင်း ပြောသည်။
ချက်ချင်းဆိုသလိုပင် တိဗက်ဗိုလ်ချုပ်တိုင်းက တိတ်ဆိတ်သွားကြ၏။ တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုသလို ခေါင်းညိမ့်ပြကြသည်။
မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက တိဗက်တောင်ပေါ်ဒေသ တစ်ခုလုံးအတွက် တော်ဝင်နယ်မြေဖြစ်ပြီး ယွီစန်းအင်ပါယာတွင် ထင်ရှားလွန်းသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသူဖြစ်သည်။ တော်ဝင်ဂူဘုရားကျောင်းက စစ်ပွဲများတွင် ပါဝင်ပတ်သတ်ခြင်း မရှိသော်လည်း တုစုန့်၊ တာ့ရန်၊ ချီလီနှင့် ဒါလာ့ဆိုသော ကလန်များနှင့် ရှင်းပြရန်ခက်ခဲသော ဆက်ဆံမှုမျိုး ရှိနေပြီးသားဖြစ်သည်။
နှစ်တိုင်းလိုလို မဟာကလန်ကြီးများက နေရာတစ်ခုစီရသည်။ ထိုသို့ဖြင့် သူတို့၏ ကလန်အသီးသီးမှ အတောက်ပဆုံးသော လူငယ်များကို မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းသို့ပို့ကာ လေ့ကျင့်စေသည်။ အောင်မြင်သောလူများက မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းအတွင်းသို့ ဝင်ရောက်လျှက် အပြင်ဘက်ဂူဘုရားကျောင်းမှ ဆရာသခင်များနှင့်အတူ သိုင်းပညာလေ့ကျင့်နိုင်မည်ဖြစ်သည်။
မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက အတွင်းအပြင် ဂူဘုရားကျောင်းဟူ၍ ပိုင်းခြားထားသည်။ အတွင်းဂူဘုရားကျောင်းကမူ အစစ်အမှန် အထွတ်အမြတ်ဆန်သော အမြတ်ဆုံးသော ဘုန်းတော်ကြီး ကျင့်ကြံရာနေရာဖြစ်သည်။ ထိုနေရာက မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ ထိပ်ဆုံးတွင်ရှိပြီး တားမြစ်နေရာလည်းဖြစ်သည်။ တာ့ရန်အစုန့်ရုန်ကဲ့သို့ မဟာနှင်းတောင်တန်း ဂူဘုရားကျောင်းတွင် ဆယ်နှစ်ကျော်ကြာ ကျင့်ကြံခဲ့သော လူမျိုးကပင် ဝင်ရောက်ခွင့်မရှိချေ။ ထို့ကြောင့် အမြင့်ဆုံးသော ဘုန်းတော်ကြီးကိုလည်း မမြင်ဖူးပါချေ။
ပြင်ပဂူဘုရားကျောင်းက အတွင်းဂူဘုရားကျောင်းနှင့် မယှဉ်နိုင်သော်လည်း ထိုနေရာရှိ သိုင်းများက အပြင်လောကအတွက်မူ အဆင့်မြင့်သိုင်းများ ဖြစ်နေသေးသည်။ ဟော်ရှု့ဟွေ့ခမ်း၏ ဗုဒ္ဓရွှေသားခန္ဓာကိုယ် မန်ထရာနှင့် သာ့ရန်မာန်ပန့်နှင့် နှင်းတောင်တန်း မိစ္ဆာနဂါးသိုင်းတို့ကလည်း ထိုနေရာမှလာလေသည်။
မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ စည်းမျဉ်းများက ဖော်ပြရန်ခက်ခဲလောက်အောင် တင်းကြပ်သည်။ ကျင့်ကြံသော နယ်မြေဖြစ်သည့်အလျောက် ကျင့်ကြံခြင်းကလွဲပြီး တောင်ပေါ်တွင် လျှောက်သွားနေသော ကိစ္စကို တားမြစ်ထားသည်။ ခွင့်ပြုချက်မရှိဘဲ တောင်ပေါ်မှ ထွက်ခွင့်လည်းမရှိပေ။ ထို့ကြောင့် တောင်ပေါ်မှ တစ်ချိန်ထဲတွင် လူပေါင်းများစွာ ဆင်းသက်လာခြင်းက မယုံနိုင်စရာကောင်းသော ပုံမှန်မဟုတ်သည့် ကိစ္စဖြစ်နေသည်။
“အင်ပါယာ ဟောစာတမ်းက သာမာန်ကိစ္စမှမဟုတ်တာ”
ရုတ်တရက် ကျယ်လောင်ကာ ခမ်းနားသည့်အသံက တိတ်ဆိတ်မှုကို ဖြိုခွဲသည်။
“ ‘အန္တရာယ်က အရှေ့ဘက်ကလာတယ်’ မင်းတို့အားလုံးလည်း ဒီအကြောင်းအရာကို ကြားခဲ့ပြီးလောက်ပြီမဟုတ်လား။ မင်းတို့ရဲ့ကလန်က မင်းတို့ကို ဘာကြောင့်ဆင့်ခေါ်ပြီး တာလာ့ကို တပ်ကူတွေ စေလွှတ်ခိုင်းသလဲဆိုတာကို သိပြီးလောက်ပြီလို့ထင်တယ်။ ငါတို့က သူတို့ကို တာလာ့မှာ အလဲထိုးနိုင်ရင် အန်းရှီနဲ့ချီရှီက ငါတို့လက်ထဲကို ရောက်လာလိမ့်မယ်။ ဒါက မဟာထန်ပြိုလဲကျမှုအစ လောကရဲ့ ခေတ်သစ်တစ်ခု ဖြစ်သွားလိမ့်မယ်။ မဟာထန်ကြောင့်သာ ရှုံးသွားခဲ့ပြီး နင်းချေခံခဲ့ရရင် ဟောစာတမ်းက ဟောထားတဲ့အတိုင်း ဆိုးရွားတဲ့ကပ်ဘေးက သေချာပေါက် ဖြစ်လာဦးမှာပဲ။ ငါတို့ရဲ့ ကလန်တိုင်းကလည်း ရှင်သန်နိုင်မှာမဟုတ်ဘူး”
လူတိုင်းက ကြောင်အသွားပြီး နောက်တန်းမှ မြင်းနီကိုစီးကာ တဖြည်းဖြည်းချင်း ထွက်လာသည့် ဗိုလ်ချုပ်တစ်ယောက်ကို ကြည့်လိုက်ကြသည်။