စစ်ကူများ ရွှေ့ပြောင်းပေးခြင်း
Vol. 45 Ch. 617
ရှီးဖေးသည် အမှန်တကယ်ပင် အပြင်သို့ ပို့ဆောင်ခံလိုက်ရ၏။ အစီအရင်များအပေါ် (၇)ရက်တိုင်တိုင် အဆက်မပြတ် တိုက်ခိုက်မှုနှင့် သူ၏ကျိန်ဆဲမှုများက အောင်းလူကို ဒေါသထွက်စေခဲ့၏။ အောင်းလူက သူ့ကို သတ်ရန် မရည်ရွယ်ခဲ့ပေ။ ဆန်းကြယ်ဧကရာဇ်နှင့် သူကသဘောတူညီချက် ပြုထားပြီးသားဖြစ်၏။ ထို့ကြောင့်သူက ရှီးဖေးကို သင်ခန်းစာတစ်ခုသာ ပေးပြီး သူ့ကိုအပြင်သို့ ပို့လိုက်၏။
ဘီး
ဆန်းကြယ်နတ်ဘုရား နန်းတော်အပြင်ဘက်၌ အလင်းတန်းဖျတ်ခနဲ ပေါ်လာပြီး တစ်ကိုယ်လုံး တူးခြစ်နေလျက် အဝတ်ဗလာဖြင့် လူတစ်ဦးက လေထဲကနေ ကျလာသည်။ အပြင်ဘက်ရှိ လူများက ထိတ်လန့်အံ့အားသင့်သွား၏။
“သခင်လေး”
သွေးနီတိုက်ပွဲဝင် သံချပ်ကာ ဝတ်ထားသော သိုင်းပညာရှင်တစ်ဦးက ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်ကြည့်လိုက်ပြီး ကြောက်လန့်မှုကြောင့် ဖြူရော်သွားသည်။ သူ၏ခန္ဓာကိုယ်က ပုံရိပ်ယောင် တစ်ခုအသွင် ပြောင်းလဲသွားပြီးနောက် သတိလစ်နေသော အနေအထားတွင်ရှိသော ရှီးဖေးကိုသွားပြီး ဖမ်းလိုက်၏။ ရှီးဖေး အသက်ရှင်လျက် ရှိနေသေးကြောင်း သတိပြုမိသည့်အချိန်တွင် သူက ပျော်ရွှင်သွားကာ ရှီးဖေးကိုသယ်ပြီး ထွက်သွားတော့သည်။
ဝှစ်
အမျိုးမျိုးသော မျိုးနွယ်စုများ၏ လျှို့ဝှက်သက်တော်စောင့်များကမူ စိတ်သက်သာရာ မရနိုင်ပေ။ ရှီးဖေးက အသက်ရှင်လျက် ထွက်လာစဉ် သူတို့၏ သခင်လေးများနှင့် သခင်မလေးများကမူ သတင်းမရသေးဘဲ ဖြစ်နေသေး၏။ ရှီးဖေးနားတွင် ပုံရိပ်ယောင်များစွာ ဝဲလာပြီး ရှီးဖေးနားတွင် ဝိုင်းနေတော့၏။ သူတို့ထဲမှ တစ်ယောက်က ပြောလိုက်တော့သည်။
“ရှဲ့ကျွင်း သခင်လေးဖေးက ဒဏ်ရာပြင်းပြင်းထန်ထန် ရနေတာ။ သူ့ကိုအရင်ဆုံး ကုသပေးဖို့ အောက်ချလိုက်တာ ပိုကောင်းမယ်”
ရှီးမျိုးနွယ်စု၏ လျှို့ဝှက်သက်တော်စောင့်များက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်တော့သည်။ သူတို့၏ သခင်လေးများနှင့် သခင်မလေးများ၏ အခြေအနေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်း မရှိလျှင် သူတို့က ထိုလူကို ထွက်သွားခွင့် ပေးမှာမဟုတ်ပေ။ ရွေးချယ်စရာမရှိဘဲ ရှီးဖေးကို ကောင်းကင်ကံကြမ္မာ အမိုးဖုံးဆီသို့ သယ်သွားရတော့သည်။
ထျန်း
လူတိုင်းက ကောင်းကင်ကံကြမ္မာ အမိုးဖုံးအတွင်း၌ ပျောက်ကွယ်သွားတော့သည်။ အပြင်ဘက်တွင်မူ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။ လူတိုင်းက ဆန်းကြယ်နတ်ဘုရား နန်းတော်အတွင်း အဖြစ်အပျက်ကို ခန့်မှန်းနေကြပြီး အားလုံးသေကုန်ပြီလောဟု တွေးနေကြသည်။ ယခုအချိန်တွင် ရှီးဖေးထွက်လာသည်က ပိုကောင်းမွန်သည့် အလှည့်အပြောင်း ဖြစ်သော်ငြား ဆန်းကြယ်နတ်ဘုရား နန်းတော်က ရှိနေသေး၏။ ဆိုလိုသည်က လူတိုင်းက အသက်ရှင်လျက် ရှိနေသေးသည်။
“သေစမ်း”
ရှီးဖေးက အမှန်တကယ် သတိမလစ်ပေ။ သူက ဟန်ဆောင်နေရုံသာ ရှိ၏။ သူက စုတ်ပြတ်သတ်နေသော အခြေအနေဖြင့် လူတိုင်းက သူ၏ ကိုယ်လုံးတီး အစိတ်အပိုင်းကို မြင်တွေ့ခဲ့သည်။ သူက သတိလစ်ချင်ယောင် မဆောင်လျှင် ပုန်းရန် တွင်းပေါက်တစ်ပေါက် ရှာရပေလိမ့်မည်။
ကောင်းကင်ကံကြမ္မာ အမိုးဖုံးထဲ ဝင်ရောက်ပြီးနောက် ချက်ချင်းပဲ လျှို့ဝှက်သက်တော်စောင့်ဆီ သတင်းပို့ကာ သူ့ကိုကုသပေးရန် ညွှန်ကြားခိုင်းပြီး အဝတ်အစားတစ်ချို့ ဝတ်ခိုင်းလိုက်၏။
ကောင်းကင်ကံကြမ္မာ အမိုးဖုံးက သေးပုံပေါ်သော်ငြား အတွင်းတွင်မူ မတူညီပေ။ ခမ်းနားသည့် စံအိမ်တစ်ခုဖြစ်နေ၏။ ထိုကရိယာက မျိုးဆက်အလိုက် ကရိယာတပ်ဆင်သူ မဟာအကျော်အမော် ထန်ထျန်းကျီ ဖန်တီးထားတာပဲဖြစ်သည်။ ဂုဏ်သတင်းကြီး မျိုးနွယ်စုများအတွက် ထိုကရိယာကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကာ ထန်မျိုးနွယ်စုသည် ကောင်းကင်ကံကြမ္မာ အမိုးဖုံး တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် သူတို့၏ အနေအထားက ရုတ်တရက် မြင့်တက်လာပြီး အရှေ့ပိုင်း တော်ဝင်နယ်မြေရှိ ထိပ်တန်းကုန်သည် အဖွဲ့အစည်း ဆယ်ခုထဲ၌ တစ်ခုအပါအဝင် ဖြစ်လာကာ သူတို့၏နေရာက တည်မြဲလာတော့သည်။
ရှဲ့ကျွင်းက အားလုံးကို ခမ်းမဘေးဘက်တွင် စောင့်ခိုင်းထားပြီး သူကမူ ရှီးဖေးကို အတွင်းဆောင်သို့ သယ်လာပြီး အတွင်းအားများ လှည့်ပတ်ပေးကာ ရှီးဖေးကို ကုသပေးရန် ရှီးမျိုးနွယ်စု၏ အသာလွန်ဆုံး ဝိညာဉ်ဆေးကို အသုံးပြုလိုက်သည်။
တစ်နာရီအတွင်း ရှီးဖေး၏ တစ်ကိုယ်လုံးက အနက်ရောင် အနာဖေးမှ ကွာကျကုန်ပြီး အသားအရည်က လတ်ဆတ်လာတော့သည်။ သူ၏ခေါင်းနှင့် ကိုယ်လုံးပေါ်ရှိ အမွှေးများကမူ ယာယီ မပေါက်နိုင်သေးပေ။ ရွေးချယ်စရာ မရှိဘဲ သူက ကျန်းရီနှင့် ကတုံးဆင်တူ ဖြစ်သွား၏။ သို့သော် သူက မျက်ခုံးလည်း မရှိတော့ပေ။
“သခင်လေး ဘာတွေဖြစ်သွားတာလဲ”
ရှီးဖေး၏ အခြေအနေ တည်ငြိမ်သွားသောအခါ ရှဲ့ကျွင်းက မေးလိုက်မိသည်။
ရှီးဖေးက မျက်လုံးဖွင့်ပြီး ဘာမှမပြောပေ။ သူက ကျော့ရှင်းသော ဝတ်ရုံကို ထုတ်ဝတ်လျက် သုန်မှုန်သော အမူအရာဖြင့် ဝတ်လိုက်သည်။ သူကကျောချမ်းဖွယ် လေသံဖြင့် ပြောလိုက်လေ၏။
“ဦးလေးကျွင်း အရင်ဆုံး မမေးနဲ့အုံး။ လူတွေကို ချက်ချင်းပို့ပေး။ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တွေကို အမြန်ဆုံးနည်းနဲ့ပို့။ တတ်နိုင်သလောက် လူခေါ်လာခဲ့”
“အမ်”
ရှဲ့ကျွင်း၏ မှုတ်ဆိတ်များက လှုပ်သွားပြီး သုန်မှုန်သော အမူအရာဖြင့် ပြောလိုက်သည်။
“သခင်လေး ဘာများဖြစ်တာလဲ။ မလောနဲ့ ကိစ္စကြီးကြီးမားမား မဟုတ်ရင် မျိုးနွယ်စုခေါင်းဆောင်က ဒေါသထွက်မှာ သေချာတယ်။ ကျွန်တော်တို့မျိုးနွယ်စုရဲ့ စည်းမျဉ်းတွေ ဘယ်လောက် အရေးကြီးလည်း သိသားနဲ့”
ရှဲ့ကျွင်းသည် အစက ရှီးဖေးသည် ဧကရာဇ်ကိုးပါး မျိုးနွယ်စု၏ ကျန်သည့်မျိုးဆက်များနှင့် စစ်ပွဲတစ်ခု စတင်ရန် စစ်ကူများ ပို့ဆောင်ခိုင်းတာဟု ယူဆမိသည်။ ထိုလူငယ်မျိုးဆက်က ထူးချွန်ထက်မြက်လွန်းသော်ငြား သူတို့အားလုံးက စိတ်လိုက်မာန်ပါရှိပြီး မောက်မာထောင်လွှားကြ၏။ ရှဲ့ကျွင်းက သူ၏သခင်လေးကဲ့သို့ အဆင်အခြင်မမဲ့မှ ရပေမည်။
“ဟမ့်”
ရှီးဖေးက သူရင်ထဲရှိ ဒေါသကို ဖိနှိပ်ထားပြီးသားဖြစ်သည်။ ရှဲ့ကျွင်းပြောတာ ကြားသောအခါ ဒေါသချက်ချင်း ထွက်သွားတော့သည်။ သူကနှာခေါင်းရှုံ့ကာ ပြောလိုက်တော့၏။
“ဦးလေးကျွင်း ကျွန်တော်ကို ဘာကိုဦးစားပေးရမယ်မှန်း မသိတဲ့လူမျိုးလား။ မြန်မြန်လူတွေ သွားရွှေ့ပြောင်း။ ပထမဆုံး ရတနာသုံးမျိုးကို အမည်မသိ မျိုးမစစ်ကောင် ရသွားပြီး ကျုပ်တို့တွေ မြန်မြန်လှုပ်ရှားပြီး လက်ဦးမှု ရယူရမယ်။ လူလုံလောက်ရင် ရတနာသုံးမျိုးလုံး ရနိုင်တာ”
“ဟမ်”
ရှဲ့ကျွင်းသည် အဖြစ်အပျက်ကို နားမလည်တာ ဖြစ်နိုင်သော်ငြား ရှီးဖေးက စစ်ပွဲအကြောင်းမပြောဘဲ ရတနာများကို လုယူရမည့်အကြောင်း ပြောနေသောကြောင့် သေချာပေါက် အမိန့်နာခံရပေမည်။
လက်စွပ်များထဲမှ တစ်ကွင်းက လက်သွားပြီး ရောင်စုံဧရာမအရိုးက ပေါ်လာလေ၏။ သူကအရိုးကို ကျစ်ကျစ်ဆုပ်လိုက်ရာ ရောင်စုံအလင်းများ ဖြာထွက်လာသည်။ ထိုအပေါ်၌ ဆန်းကြယ်သော စကားလုံးအချို့ရှိပြီး မိစ္ဆာဆန်ကာ လျှို့ဝှက်ဆန်းကြယ်၏။
“ဟုတ်ပြီ”
တစ်နာရီကြာပြီးနောက် ရှဲ့ကျွင်းက မျက်လုံးဖွင့်ကာ ပြောလိုက်တော့သည်။
“အရှေ့ဘက် မိစ္ဆာမြို့ဆီကို သတင်းပို့ပြီးပြီ။ ရှဲ့ထျန်းက ကောင်းကင်ဧကရာဇ် အယောက်သုံးဆယ်ကို စုပြီး ဒီကိုရောက်လာလိမ့်မယ်။ နတ်မြင်းပျံ အင်ပါယာကို တိုက်ရိုက် နေရာရွေ့ပြောင်းဖို့အတွက် မဟာပို့ဆောင်ရေး အစီအရင်ကို အသုံးပြုမယ်ဆိုရင်တောင် သူတို့တွေ ငါးရက်၊ ခြောက်ရက်လောက် ကြာအုံးမှာ”
“ငါတို့အကောင်းဆုံး လုပ်ပြီးပြီ။ အခုက ကံပဲမူတည်တယ်။ ဦးလေးကျွင်း အရင်ဆုံးထွက်သွား။ ကျွန်တော်နိုးလာပြီဆိုတာ မပြောလိုက်နဲ့။ ကျွန်တော် သတိလစ်နေတုန်းပဲ။ အနည်းဆုံး ငါးရက်ကြာပြီးမှ နိုးလာမယ်လို့ပဲပြော”
ရှီးဖေးက သက်ပြင်းချလျက် မျက်လုံးမှိတ်ထားကာ ပြန်လည်ကုစားနေတော့သည်။ ရှဲ့ကျွင်းသည် အစက တစ်စုံတစ်ခု မေးချင်သော်ငြား ရှီးဖေး မပြောချင်သောကြောင့် သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ရှီးဖေးက အသက်ရှင်လျက် ထွက်လာပြီး လျှို့ဝှက်သက်တော်စောင့် တစ်ဦးအနေဖြင့် သူ့ရင်ထဲရှိ ဝန်ထုပ်ဝန်ပိုးက လျော့သွားပြီဖြစ်သည်။
“မျိုးမစစ်ကောင်”
ရှဲ့ကျွင်းထွက်သွားပြီး အခန်း၏ အစီအရင်များ အသက်သွင်းပြီးသည့်နောက် ရှီးဖေးသည် မျက်လုံးဖွင့်လျက် နှာခေါင်းရှုံ့လိုက်တော့သည်။
ယဉ်ရို့ပင်းပြောတာ မှန်ပေ၏။ ရှီးဖေးက အဆင်အခြင် မဲ့ကောင်းမဲ့မည်။ သို့သော် ဉာဏ်ထက်မြတ်သည့်သူ ဖြစ်သည်။ မဟုတ်လျှင်သူက အပြင်သို့ ပို့ဆောင်ခံရမှာမဟုတ်ပေ။
ရတနာသုံးမျိုးကို ရသွားသည့်သူက လျိုရှင်းမဟုတ်လျှင် ထာဝရကြေးမှုံကို ရသွားသည့်သူ ဖြစ်မည်ဟု သူကောက်ချက်ချပြီးသားဖြစ်သည်။ မည်သည့်နည်းနှင့်မဆို ရီချန်းရရန် မဖြစ်နိုင်ပေ။ အကြောင်းမှာ ရီချန်း၏ခွန်အားက သူ့ထက်အနည်းငယ်သာ ပိုသာသည်။ သူမက ဖုန်းတုမြို့ထဲတွင် ကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့သည်။ သူမသည် ဝိညာဉ်ပြန်ရောက် ချောက်ကမ်းပါးဆီသို့ ဝင်ကောင်းဝင်နိုင်သော်ငြား အဆင့်ကို ကျော်ဖြတ်နိုင်ဖို့က သူမအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေမှာသေချာသည်။
ဆန်းကြယ်ဧကရာဇ်အဖို့ လှည့်စားတာက မဖြစ်နိုင်။ သူတို့က ဆန်းကြယ်ဧကရာဇ်၏ လက်အောက်ခံ စစ်သူကြီးကိုးဦး၏ မျိုးဆက်ဖြစ်သည့်တိုင် ထိုကဲ့သို့သော ကိစ္စရပ်က နှစ်ပေါင်း(၇)သိန်းတွင် တစ်ခါမှမဖြစ်ခဲ့ဖူးပေ။ မှားယွင်းသည့်အရာ တစ်ခုခု ရှိရပေမည်။
မည်သူကမှ လိမ်ညာနေခြင်းမဟုတ်ရာ တစ်စုံတစ်ယောက်သည် ဆန်းကြယ်ဧကရာဇ် ချန်ထားရစ်ခဲ့သည့် လျှို့ဝှက်ချက်များကို ထုတ်ဖော်နိုင်ခဲ့တာ ဖြစ်ရမည်။ တစ်စုံတစ်ယောက်က ထိုအခွင့်အရေးကြီးကြောင့် ချီးမြှင့်ခံရတာ ဖြစ်နိုင်၏။ ထိုတစ်စုံတစ်ယောက် ရီချန်းမဟုတ်။ ဝူနီ၊ ထူလုံ၊ လင်းချီကျန့်နှင့် ကျန်သည့်သူများက သူနှင့်အတူ ရှိနေပြီး အဆင့်များကို ကျော်ဖြတ်နိုင်သော ကျန်သည့်သူများ ဖြစ်ရမည်။
မည်သူဖြစ်စေကာမူ အရေးမကြီးပေ။ သူတို့က ဧကရာဇ်ကိုးပါး မျိုးနွယ်စုမှ မဟုတ်သ၍ သူလုယူနိုင်သည်။ မီးတိမ်သံချပ်ကာ ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်းနှင့် နဂါးညှိုးရော်မြက်က သူ့အပိုင်သာ ဖြစ်နိုင်သည်။
ငါးရက်ကြာပြီးနောက် ရှီးဖေးက သတိရလာတော့သည်။ ရှီးဖေး၏ တပ်ကူများကလည်း နတ်မြင်းပျံ အင်ပါယာသို့ ရောက်ပြီဖြစ်သည်။ ကောင်းကင်ဧကရာဇ် အယောက်သုံးဆယ်ဖြစ်ကာ သူတို့ထဲမှ တစ်ယောက်က အထက်အဆင့်တွင် ရှိသည်။ သူတို့ရောက်ရှိလာမှုက နတ်မြင်းပျံမြို့ကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေတော့၏။
တော်ဝင်မြို့တော်တွင် ကောင်းကင်ဧကရာဇ် နယ်ပယ် သိုင်းပညာရှင် (၁၈)ဦးရှိပြီး သူတို့အားလုံးက ရှားထူမြို့ဆီသို့ ဖေးချီ ပို့ဆောင်ခံလိုက်ရတာပဲ ဖြစ်သည်။ ထိုကောင်းကင်ဧကရာဇ် အယောက်သုံးဆယ်က လှုပ်ရှားခဲ့လျှင် တော်ဝင်မြို့တော် တစ်ခုလုံး ချက်ချင်း သုတ်သင်ရှင်းလင်း ခံရမှာ သေချာနေ၏။
ကံကောင်းသည်မှာ ကောင်းကင်ဧကရာဇ် အယောက်သုံးဆယ်သည် မြို့ပြင်သို့ ဦးတည်သွားပြီး ရှားထူမြို့ဆီသို့ တန်းသွား၏။ နတ်မြင်းပျံ အင်ပါယာ၏ ဧကရာဇ်ကလည်း နယ်မြေရှိ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များ အားလုံးကို ချက်ချင်း စုဝေးတော့သည်။ ဘာဖြစ်နေမှန်း မသိသော်ငြား ရတနာရှာဖွေမှု၏ နောက်ဆက်တွဲက သေချာပေါက် ပြင်းထန်မည်မှန်း သိနေသည်။
ရှီးဖေးက သူတို့၏ သခင်လေးများနှင့် သခင်မလေးများ အဆင်ပြေကြောင်း အမျိုးမျိုးသော မျိုးနွယ်စုများ၏ လျှို့ဝှက်သက်တော်စောင့်များကို ပြောခဲ့ရာ သူတို့ကို စိတ်အေးသွားစေ၏။ တစ်ချိန်ထဲတွင် ရှီးဖေးမျိုးနွယ်စု တပ်ဖွဲ့များ ရောက်လာကြောင်း သိလိုက်ရသည်။ သူတို့အဖို့ မျိုးနွယ်စု၏ သိုင်းပညာရှင်များကို ခေါ်ယူရန်က နောက်ကျသွားလွန်းပြီဖြစ်သည်။ ပိုအရေးကြီးသည်က သူတို့မျိုးနွယ်စု၏ သခင်လေးများနှင့် သခင်မလေးများက ထွက်မလာသေးပေ။ ထို့ကြောင့် သူတို့က အဆင်အခြင်မဲ့စွာ မလှုပ်ရှားရဲတာပဲဖြစ်သည်။
အချိန်ကုန်လာသည်နှင့် ရှားထူမြို့က ပိုသက်ဝင် စည်ကားလာတော့သည်။
နတ်မြင်းပျံ အင်ပါယာက ကောင်းကင်ဧကရာဇ် သိုင်းပညာရှင် (၁၂)ယောက်ကို ပို့ဆောင်ခဲ့၏။ သူတို့က ကျန့်ဝူယင် အပြင်ထွက်လာမှာကို စောင့်ဆိုင်းနေကြ၏။ ထိုသခင်လေး အမိန့်ပေးလိုက်သည်နှင့် နတ်မြင်းပျံ အင်ပါယာ၏ ကောင်းကင်ဧကရာဇ်များက ရှီးမျိုးနွယ်စု၏ သိုင်းပညာရှင်များနှင့် စစ်ပွဲစတင်မည်။
နယ်ပယ်နိမ့် သိုင်းပညာရှင် အများစုက အနားသို့ မကပ်သွားရဲဘဲ သူတို့နှင့် ဆန်းကြယ်ဧကရာဇ် နန်းတော်ကြား၌ မိုင်တစ်ရာကွာပြီး ပုန်းနေကြတော့သည်။ သူတို့က ပွဲကြည့်ချင်ရုံသာ ဖြစ်သော်ငြား ပွဲကြည့်ရန်အတွက် အသက်ပေးရဖို့က မတန်ပေ။
ဘီး
ရှီးဖေး ထွက်ပေါ်လာပြီး အဌမမြောက်နေ့တွင် ဆန်းကြယ်ဧကရာဇ် နန်းတော်တစ်ခုလုံး ရုတ်တရက် ရောင်ခြည်များဖြင့် လင်းထိန်လာတော့သည်။ လေထဲ၌ ပုံရိပ်များစွာ ပေါ်လာပြီး ပုံရိပ်များက မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာ၏။ ရီချန်း၊ ယဉ်ရို့ပင်း၊ ထူလုံနှင့် ကျန်သည့်သူများက ထိုပုံရိပ်များအတွင်း ရှိနေသည်။
ဆန်းကြယ်နတ်ဘုရား နန်းတော်အပြင်ဘက်ရှိ ကောင်းကင်ကံကြမ္မာ အမိုးဖုံးများထဲမှ တစ်ခုတွင် ရှီးဖေးသည် လက်ထဲတွင် ဧရာမဦးခေါင်းခွံ့ကို ကိုင်ဆောင်ထား၏။ သတ်ဖြတ်လိုသော အရှိန်အဝါတို့က ဖြာထွက်နေကာ အေးတိအေးစက် မျက်ဝန်းတို့ဖြင့် အော်ပြောလိုက်သည်။
“ဧကရာဇ်ကိုးပါး မျိုးနွယ်စုဝင်ကလွဲရင် အားလုံးကို ဖမ်းကြ”
***