ပျော်ရွှင်ဝမ်းမြောက်နေသော တစ္ဆေနှင့် ဝမ်းနည်းပူဆွေးနေသော တစ္ဆေ (3)
Vol. 39 Ch. 382
ကုကျစ်စုန့် မျက်ခုံးပင့်၍ကြည့်လိုက်မိသည်။
“ကျွန်မ ပြောချင်တာ အဲဒီအဓိပ္ပာယ်မဟုတ်ဘူး နားထောင်ပါဦး”
“ထိပ်တိုက်တွေ့ဆုံခြင်းက အလုပ်မလုပ်တော့ဘူးဆိုရင် တစ်ခုချင်းစီကို အရင်ဖြေရှင်းမှရမယ်.. ဒီတစ္ဆေနှစ်ဖွဲ့လုံးရဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲ
‘အစားထိုးလူ’ရှာဖို့.. ပြီးတော့ ဒီနေရာမှာ ‘ငရဲ’ပေါ်လာအောင် လုပ်ခဲ့တဲ့ အမျိုးသမီးတစ္ဆေက ဒီကိစ္စတွေရဲ့နောက်ကွယ်က ကြိုးကိုင်သူဖြစ်နေတဲ့အတွက် သေချာပေါက် ရှင်က ရေသရဲတွေရဲ့ ဖမ်းဆီးတာခံရပြီး ရေကန်ထဲကိုတော့ ပစ်ချခံရမှာမဟုတ်ဘူး
ရှင်က အနီရောင်မင်္ဂလာဝေါယာဉ်ထဲကို ပစ်သွင်းခံရပြီးတော့ အဲဒီ အမျိုးသမီးတစ္ဆေနဲ့ လက်ဆက်ဖို့ မြေအောက်ကမ္ဘာကို ခေါ်သွားခံရမှာပဲ”
အမျိုးသမီးတစ္ဆေအလိုရှိသည်မှာ ယန်ချန်၏ ‘မကောင်းဆိုးဝါးဘုရင်ပြန်လည်ဝင်စားသော ခန္ဓာကိုယ်’သာ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ် အရိုးခြောက်များ ဖြစ်သွားလျင်တောင်မှ သူ၏ ဝိဉာဉ်သည်က ‘တစ္ဆေဘုရင်’ဖြစ်သောကြောင့် သူမနှင့် သူ၏ ကြားမှ အိမ်ထောင်ရေးသည်က ပြောင်းလဲသွာမည်မဟုတ်ပေ။
အလိုက်မသိစွာ ‘သတို့သမီးလာခိုးသည့် ငချွတ်လေး’ ကုကျစ်စုန့်မှာတော့ အခေါင်းတွင်းသို့ ဆွဲသွင်းခံရမည်ဖြစ်သည်။
မကောင်းဆိုးဝါးဝိဉာဉ်နှစ်ဖွဲ့လုံး ‘အစားထိုးလူ’ရရှိသွားပါက ကျေကျေနပ်နပ်ဖြင့် ထွက်ခွာသွားကြပေလိမ့်မည်။
တနည်းဆိုရလျှင် ကုကျစ်စုန့်သာ ‘အဖြူရောင်မကောင်းဆိုးဝါးဝိဉာဉ် ရေသရဲ’များကို ဖျက်ဆီးနိုင်ပါက လွတ်မြောက်နိုင်သည်။
သူမ ယန်ချန်၏ မျက်ဝန်းနက်များကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ကျွန်မရဲ့ ဝိဉာဉ်အစွမ်းကို သုံးပြီးတော့ ရှင့်ခန္ဓာကိုယ်မှာရှိတဲ့ ‘ကောင်းကင်’နဲ့ ‘အသက်တံခါးဝ’ကို ပိတ်ထားလိုက်တယ်.. ဒီလိုလုပ်ထားခြင်းအားဖြင့် ရှင့်ရဲ့ ‘သက်ရှိလူသား’ဖြစ်စဉ်ကို ချုပ်ထားလိုက်သလိုပဲ
ဒီတော့ ရှင့်ကို မြေအောက်ကမ္ဘာအထိ ခေါ်သွားခံရရင်တောင်မှ ခန္ဓာကိုယ်နဲ့ ဝိဉာဉ်က တွဲလျက်ဖြစ်နေမှာပဲ..
မြေအောက်ကမ္ဘာက သရဲတစ္ဆေတွေကလည်း အချိန်ခဏထိတော့ ရှင့်ကို သက်ရှိလူသားမှန်း သိနိုင်မှာမဟုတ်ဘူး.. ရှင့်ခန္ဓာကိုယ်ကလည်း မြေအောက်ကမ္ဘာက ယင်စွမ်းအင်ရဲ့ တိုက်စားခြင်းကို ခံရမှာမဟုတ်ဘူး”
“ကျွန်မရဲ့ သွေးစက်တွေ မပျောက်သွားအောင်ပဲ ကာကွယ်ပေးပါ.. ဒါဆိုရင် ရှင်မြေအောက်ကမ္ဘာမှာ ယင်စွမ်းအင်ရဲ့ တိုက်ခိုက်မှုမခံရဘဲ တစ်ရက်လောက်တော့ နေနိုင်လိမ့်မယ်
ကျွန်မ ‘အဖြူရောင်မကောင်းဆိုးဝါး’ကို သုတ်သင်ပြီးတာနဲ့ ရှင့်ကို လာရှာမယ်.. သေချာပေါက် ဒီနေ့အတွင်းမှာ ရှင့်ကို မြေအောက်ကမ္ဘာကနေ ဆက်ဆက်လာခေါ်မယ်လို့ ကတိပေးပါတယ်”
ကုကျစ်စုန့်၏ မျက်နှာမှာ စကားပြောနေရင်း တဖြည်းဖြည်း တင်းမာလာခဲ့သည်။
“ရှင် အဲဒီအချိန်မှာ သရဲမနဲ့ လက်ထပ်ပြီးဖြစ်နေရင်တောင်မှ ကျွန်မ ရှင်တို့ကြားက အတင်းလုပ်ယူထားတဲ့ ကံကြမ္မာကို ဖြတ်တောက်ပစ်လို့ ရတယ်”
ယန်ချန်သည်ကား အန္တရာယ်များ ကြုံတွေ့ရမည်မှာ အသေအချာဖြစ်နေခဲ့ပြီး ကံမကောင်းပါက တစ္ဆေမနှင့် လက်ဆက်ရကာ တစ္ဆေသရဲတစ်ကောင် ဖြစ်သွားနိုင်သော်လည်း ကြောက်စိတ်မရှိနေခဲ့ပါချေ။
သူ၏ မျက်လုံးများက နူးညံ့သိမ်မွေ့လာခဲ့သည်။
သူက ညင်သာစွာခေါင်းညိတ်လိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလာသည်။
“ကိုယ် မင်းကို ယုံပါတယ်”
ခေတ္တလောက်ရပ်လိုက်ပြီးနောက် သူဆက်ပြောလာသည်။
“စုန့်စုန့်လည်း သေချာပေါက် သတိထားရမယ်၊ မင်းကိုယ်မင်း ဂရုစိုက်ပါ”
စကားနှစ်ခွန်းဆိုပြီးချိန်တွင် ရက်စက်ကြမ်းကြုတ်သည့် အဖြူနှင့်အနီ မကောင်းဆိုးဝါးတစ္ဆေများက တဖြည်းဖြည်းနီးကပ်လာခဲ့ချေပြီ။
တစ်ဖက်တွင် ဝမ်းနည်းပူဆွေးစရာကောင်းသည့် နှဲသံ၊ တစ်ဖက်တွင် မြူးကြွသည့် ဗုံမောင်းသံတို့ ဆူညံနေပြီး သာမန်လူနှစ်ဦး၏ နားစည်ပင် ကွဲထွက်တော့မည့်အလား ထင်ရသည်။
အနီနှင့် အဖြူရောင် သရဲတစ္ဆေအဖွဲ့များက ဖြူဆွတ်သော မျက်နှာများ၊ သွေးစွန်းသော ခန္ဓာကိုယ်များဖြင့် အငြိုးကြီးစွာ နီးကပ်လာခဲ့သည်။
“မကြောက်နဲ့”
ကုကျစ်စုန့်၏ တည်ငြိမ်သောလေသံအေးအေးက သရဲ၊တစ္ဆေများ၏ အော်သံအောက် တိမ်မြှုပ်သွားခဲ့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် အေးစက်လွန်းလှသည့် ယင်စွမ်းအင်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရလေသည်။
ကမ္ဘာကြီးတစ်ခုလုံးက ချာချာလည်သွားပြီးနောက် သူမသည်လည်း အခေါင်းတလားအတွင်းသို့ ဆွဲသွင်းခံလိုက်ရသည်။
ပတ်ဝန်းကျင်မှ ဗုံသံများ၊ ဂီတသံများသည် ရုတ်တရက် ခပ်အုပ်အုပ်ဖြစ်သွားသည်။
သူမက ရေသရဲများ သယ်ဆောင်လာသည့် အခေါင်းအတွင်းသို့ ရောက်ရှိသွားကြောင်းကို သိလိုက်လေသည်။
ထိုအချိန်တွင် ယန်ချန်သည်လည်း အနီရောင်ဝေါယာဉ်အတွင်းသို့ ဆွဲသွင်းခံရကာ သတို့သမီးအားလိုက်ပို့မည့် ‘ပျော်စရာအသုဘပွဲ၏ တစ္ဆေ’အစား မြေအောက်ကမ္ဘာသို့ သယ်ဆောင်သွားခံနေရလိမ့်မည်။
အခေါင်းတလားအတွင်းမှ အနည်းငယ်ဟနေသည့် နေရာများတွင် ရေများ စိုရွှဲနေခဲ့သည်။
ကုကျစ်စုန့်က အခေါင်းတလားအတွင်း လဲလျောင်းနေခဲ့ပြီး လက်ထဲမှ မက်မွန်သားဓားရှည်အား ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားခဲ့သည်။
အခေါင်းတလား လှည့်သွားသည်ကို သတိထားမိလိုက်ပြီး နေရာဦးတည်ချက် ပြောင်းသွားသည်ကိုလည်း ခံစားမိလိုက်သည်။အပြင်ဘက်မှ အသုဘအခမ်းအနား၏ တီးမှုတ်သံများသည်လည်း တဖြည်းဖြည်းတိမ်ဝင်သွားခဲ့သော်လည်း ရေသရဲအဖွဲ့မှာတော့ ‘အစားထိုးလူ’ရလိုက်သောကြောင့် ပျော်ရွှင်နေကြပုံရပေ၏။
အခေါင်းတလားက လေပေါ်တွင် ခုန်ပျံဝဲနေပြီး တေးဂီတသံမှာလည်း အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
တေးဂီတသံများအောက်မှ တီးတိုးရေရွတ်သံများကိုလည်း ကြားနေရသည်ကိုထောက်လျှင် ပွဲကို လာရောက်ကြည့်ရှုသည့် တစ္ဆေသရဲများ၊ လူစားထိုးဖမ်းမိလာသည့် ရေသရဲများဖြင့် စကားပြောဆက်သွယ်နေကြသည့်အလားထင်ရသည်။
အခေါင်းအတွင်းမှ ရေငွေ့က ပို၍ သိပ်သည်းလာခဲ့ပြီး ဂီတသံသည်လည်း ပို,ပို၍ ဝမ်းနည်းစရာကောင်းလာချိန်တွင် ‘အဖြူရောင်မကောင်းဆိုးဝါးဝိဉာဉ်’အဖွဲ့က ရေကန်အနီးသို့ ရောက်ရှိနေပြီဖြစ်ကာ သူမအား နစ်မြှုပ်စေတော့မည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
အခေါင်းအား ရေထဲသို့ ပစ်ချလိုက်သည်နှင့် ရေခဲအလား အေးစက်လွန်းလှသည့် ကန်ရေများ အခေါင်းအတွင်းသို့ နေရာအဘက်ဘက်မှ စိမ့်ဝင်လာခဲ့သည်။
ထိုအခိုက်တွင် အတွင်းဘက်မှ လှုပ်ရှားမှုတစ်ခုပေါ်လာခဲ့သည်။
အခေါင်း၏ အနည်းငယ်ဟနေသော နေရာများအကြားမှ ရွှေရောင်အလင်းတန်းတစ်ခု လျှံထွက်လာခဲ့ပြီးနောက် ကျယ်လောင်သော အသံတစ်ခုလည်း ထွက်ပေါ်လာခဲ့လေသည်။
အခေါင်းတစ်ခုလုံးသည်လည်း အတွင်းမှ ပြင်းထန်သည့် အားတစ်ခုဖြင့် တွန်းကန်လိုက်သည့်အလား တစ်စစီ ကွဲကြေကာ အပိုင်းပိုင်းဖြစ်သွားခဲ့သည်။
ကမ်းခြေတွင် အောင်ပွဲခံကာ ပျော်ရွှင်နေကြသည့် တစ္ဆေများမှာ ထိုဆူညံသံကြောင့် ထိတ်လန့်သွားကြသည်။
သူတို့ မတုံ့ပြန်နိုင်မှီမှာပင် အခေါင်းတွင်းမှ ထွက်လာသော ကုကျစ်စုန့်က ရေထဲတွင် ပေါ်လောပေါ်နေသည့် အခေါင်းပျက် အပိုင်းအစတစ်ခုပေါ်သို့ ခုန်တက်လိုက်သည်။
သူမ၏ မျက်ဝန်းများတွင် ရွှေရောင်အရောင်အဝါများ ရှိနေခဲ့ပြီး သာမန်ဟု ထင်ရသော လက်တွင်းမှ သစ်သားဓားရှည်သည်လည်း ချွန်မြိသည့် လက်နက်တစ်ခုအလား အသွင်ပေါ်နေခဲ့သည်။
‘တစ္ဆေသုတ်သင်ခြင်းဂါထာ’၏ အစွမ်းကြောင့် သစ်သားဓားရှည်က ကြက်သေ,သေနေသော ဖြူဆုတ်ဆုတ် ရေသရဲ၏ ခန္ဓာကိုယ်အပေါ်ပိုင်းအား ထက်ပိုင်းပိုင်းသွားခဲ့သည်။ တစ်စစီဖြစ်သွားသည့် ခန္ဓာကိုယ် မြေခသွားသည်နှင့် ပိုးစုန်းကြူးများကဲ့သို့ ဝိဉာဉ်အလင်းတန်းများ ဖြာထွက်သွားလေသည်။
ကုကျစ်စုန့် သစ်သားဓားရှည်အား လက်ပြန်လွှဲရိုက်လိုက်ပြီးနောက် တစ္ဆေနှစ်ကောင်ကို တပြိုင်တည်း သုတ်သင်လိုက်နိုင်သည်။
ဓားရှည်သည်က တစ်ပတ်လည်ကာ သူမအနီးသို့ ပြန်ရောက်လာခဲ့ပြီးနောက် ရေခဲဖြင့် သွန်းထုထားသော ပန်းတစ်ပွင့်အလား အေးစက်လှပသည့် သူမ၏ မျက်နှာဖြင့် ဘေးဘက်ပတ်ပတ်လည်ရှိ တစ္ဆေများကို စိုက်ကြည့်လိုက်သည်။
သူမက ‘တစ္ဆေသုတ်သင်ခြင်းဂါထာ’ကို ရွတ်ဆို၍ ပြင်းထန်သော တိုက်ပွဲတစ်ခုအား ဆင်နွှဲရန် ပြင်ဆင်လိုက်ချိန်တွင် ဘေးမှ ပွဲကြည့်ရန်ရောက်လာသည့် တစ္ဆေတစ်ကောင်က သူမမျက်နှာကို ရှင်းရှင်းလင်းလင်း မြင်တွေ့သွားရပြီးနောက် အကြီးအကျယ် မျက်နှာပျက်သွားကာ ဒူးများပင် တုန်ယင်လာခဲ့သည်။
“ကု.. တမန်တော်ကု!?”
ကုကျစ်စုန့်: “???”
ရင်းနှီးနေသော အခေါ်အဝေါ်ကြောင့် သတ်ဖြတ်ရန်အသင့်ဖြစ်နေသည့် မျက်နှာဖြင့် ကုကျစ်စုန့် ခေတ္တရပ်သွားပြီးနောက် အော်သံထွက်လာရာသို့ သူမ မျက်ဝန်းများ ရွေ့သွားခဲ့သည်။
သူမ၏ အေးစက်သော မျက်ဝန်းများကြောင့် သရဲတုန်လှုပ်သွားလေသည်။ ကုကျစ်စု့န်၏ မြေအောက်ကမ္ဘာမှ ပရိတ်သတ်ဖြစ်သော သူသည်က သူမ၏ စွမ်းအားကိုလည်း ကောင်းကောင်းသိသောကြောင့် တစ်ခုခု လွဲမှားနေပြီဖြစ်ကြောင်း သတိပြုမိကာ ချက်ချင်း ရှင်းပြလိုက်သည်။
“အမလေး.. အထင်လွဲတာပါ တမန်တော်ကုရယ်၊ ကျွန်တော်က ပွဲကြည့်ဖို့သက်သက် လာခဲ့တဲ့ ပိစိပေါက်စ တစ္ဆေလေးပါ.. ကျွန်တော်ကြားတာက ဒီနေရာမှ သရဲကြီးတစ်ကောင်က မင်္ဂလာပွဲကျင်းပမယ်ဆိုလို့ စားဖို့၊သောက်ဖို့နဲ့ အမွှေးနံ့သာလေး ရလိုရငြား လာခဲ့တာပါ
ကျွန်တော်က ဘယ်သူ့ဘယ်သူကိုမှ ဒုက္ခမပေးခဲ့ဘူးတဲ့ ရိုးရိုးသားသား တစ္ဆေကောင်းလေးပါဗျာ!”
“ကျွန်တော်ကြားတာတော့ သက်ရှိကမ္ဘာက လူတစ်ယောက်က သတို့သမီးကို လာလုပြီးတော့ စွမ်းအားကြီးတစ္ဆေဖမ်းတာ ခံလိုက်ရတယ်ဆိုလို့လေ
ဒါကြောင့် ဒီအတိုင်း စိတ်ဝင်စားစရာကောင်းတယ်ထင်လို့ ပွဲကြည့်လာခဲ့ရုံသက်သက်ပါ၊ အဲဒီသတို့သမီးကို လုတဲ့သူက တမန်တော်ကုမှန်းသာ သိရင် ကျွန်တော်က ဒီအမွှေးတိုင်စုတ်လေး နှစ်တိုင်ရဖို့အရေးနဲ့ ဒီပွဲကို မလာပါဘူးဗျာ!”
ကုကျစ်စုန့်: “……”
တစ္ဆေငယ်၏ သစ္စာရှိမှုကို ကြားရပြီး ရယ်စရာကောင်းသော အဖြစ်ကြောင့် ကုကျစ်စုန့်မျက်နှာပေါ်မှ သတ်ဖြတ်ခြင်း အရိပ်အယောင်များလည်း အနည်းငယ်လျော့ပါးသွားသည်။
သို့သော် တစ္ဆေငယ်၏ စကားကြောင့် သူမ၏ သတိကိုတော့ မလျှော့လိုက်ပါချေ။
တခြားသော ရေသရဲများမှာ သူတို့၏ အပေါင်းအပါများ ဝိဉာဉ် ပျက်စီးသွားသည်ကို မြင်လိုက်ရပြီး ဒေါသထွက်နေခဲ့ကြသည်။
တစ္ဆေငယ်၏ စကားကို ကြားရပြီးနောက်တွင်တော့ အံ့ဩသွားကာ ဒေါသတကြီး အော်ဟစ်လာခဲ့ကြသည်။
“မင်းတို့က ဒီမိန်းမနဲ့ တစ်ဖွဲ့တည်းလားကွ!?”