ပျော်ရွှင်ဝမ်းမြောက်နေသော တစ္ဆေနှင့် ဝမ်းနည်းပူဆွေးနေသော တစ္ဆေ (2)
Vol. 39 Ch. 383
တစ္ဆေငယ်လေးက ခေါင်းကိုမော့လိုက်သည်။
“ဘာကို ဒီမိန်းမနဲ့ တစ်ဖွဲ့တည်းလားတွေ မေးနေတာလဲ? ခင်များတို့က လောကကြီးကို လျစ်လျှူရှုထားကြတဲ့ သရဲအိုကြီးတွေချည်းပဲ!
အခု ခင်များတို့ရှေ့မှာ ရပ်နေတာက မြေအောက်ကမ္ဘာရဲ့ တမန်တော်၊ မြေအောက်ကမ္ဘာမှာ သူ့ကို follow ထားတဲ့သူ သန်းပေါင်းများစွာရှိတဲ့သူပဲ!”
“ခင်များတို့ရဲ့ မကောင်းတဲ့အကြံတွေနဲ့ သူ့ကို ရန်ပြုတယ်ပေါ့! ခင်များတို့အားလုံး သေသင့်တယ်!”
ဒေါသထွက်နေသည့် ရေသရဲများလည်း အနာပေါ်တုတ်ကျကာ ကျန်သည့်တစ္ဆေသရဲများကို ဆွဲဆုတ်ရန် ပြင်လိုက်ကြသော်ငြား ကုကျစ်စုန့်က ထပ်မံ၍ ရေသရဲနှစ်ကောင်အား တစ်ချက်တည်း သုတ်သင်လိုက်ပြန်သည်။
ယခုတစ်ကြိမ်တွင်တော့ ကျန်ရှိနေသည့် ရေသရဲများသည်က သူတို့ နိုင်သည်ထက် ပိုသော ဝန်အား ထမ်းလိုက်မိပြီဖြစ်ကြောင်း၊ သူတို့အနေဖြင့် ကုကျစ်စုန့်၏ ပြိုင်ဘက်မဟုတ်ကြောင်း သဘောပေါက်သွားကြပြီဖြစ်သည်။
မြေအောက်ကမ္ဘာ၏ တမန်တော်များတွင်သာ ရှိသော ဝိဉာဉ်ချုပ်နှောင်သည့် ကြိုးဖြင့် ဖမ်းဆီးခံလိုက်ရချိန်တွင်တော့ ရေသရဲများမှာ အလွန်အမင်း ကြောက်ရွံ့နေကြပေပြီ။
ကုကျစ်စုန့်လည်း ကြိုးကို တင်းတင်းဆွဲထားလိုက်ပြီးနောက် ထျန်ယွင်ကျေးရွာမှ အမျိုးသမီးတစ္ဆေအကြောင်းနှင့် ယန်ချန်ကို ခေါ်ဆောင်သွားမည့်နေရာတို့အကြောင်း မေးလိုက်သည်။
အားနည်းသည့် ရေသရဲလေးမှာလည်း မက်မွန်သားဓားရှည်အောက်တွင် အသက်ပျောက်ရမည်ကို စိုးရိမ်သောကြောင့် သူသိထားသမျှ အရာအားလုံးအား တစ်လုံးမကျန် ပြန်ပြောပြခဲ့သည်။
ရေသရဲနှင့် တခြားတစ္ဆေများ၏ ပြောစကားအရ သူတို့သည်လည်း ထိုအမျိုးသမီးတစ္ဆေ မည်သည့်နေရာမှ ရောက်လာကြောင်း မသိကြပေ။
တစ်နေ့တွင် မြေအောက်ကမ္ဘာ၌ လှည့်ပတ်သွားလာနေကြရင်း အပေါ်မှ ယင်နှင့်ယန်ကမ္ဘာတို့အား ဆက်သွယ်ထားသည့် ဝင်ပေါက်တစ်ခုပေါ်လာသည်ကို ခံစားလိုက်ရသည်။
ထိုလမ်းကြောင်းအတိုင်း ထွက်လာခဲ့ချိန်တွင် လမ်းဆုံး၌ လူသားများနေထိုင်ရာ ရွာငယ်တစ်ခု ရှိနေခဲ့သည်။
သတင်းပျံ့နှံ့သွားပြီးနောက် အနီးအနားမှ သရဲတစ္ဆေများသည်လည်း လူသားရွာထံသို့ ရံဖန်ရံခါ သွားရောက်ခဲ့ကြသည်။ တစ်နည်းဆိုပါက လူ့ကမ္ဘာသို့ အလည်သွားကြခြင်းဖြစ်ပေသည်။
ထိုဝင်ပေါက်အား ဖန်တီးခဲ့သည့် တစ္ဆေမှာ အင်မတန်စွမ်းအားကြီးသည့် အငြိုးအတေးတစ္ဆေတစ်ကောင်ဖြစ်ကြောင်း၊ ထိုတစ္ဆေသည် သေဆုံးခဲ့သည်မှာ မကြာသေးကြောင်းကိုသာ သိသည်။
ဖြစ်နိုင်သည်မှာ သူမက အသက်ရှိစဉ်က ဤရွာသားများ၏ ‘တစ္ဆေလက်ဆက်ပွဲ’ ကျင်းပနိုင်ရန် အသက်သေဆုံးခဲ့ရသောကြောင့် ဤရွာသားများအပေါ်တွင် သူမ၏ အငြိုးအတေးသည် များပြားလွန်းခြင်းဖြစ်ပေလိမ့်မည်။
“ဘော့စ် ပြောတာတော့ မင်းတို့နှစ်ယောက်ကိုပဲ ပစ်မှတ်ထားရမယ်တဲ့၊ ပြီးတော့ အနီရောင်ဝတ်ထားတဲ့လူကို မြေအောက်ကမ္ဘာကို ခေါ်သွားရမယ်.. မင်းကိုကျတော့…”
ကုကျစ်စုန့်ကိုတော့ အသက်ချမ်းသာပေးရန် လိုအပ်မည်မဟုတ်ချေ။
“မင်းရှာနေတဲ့လူက အခုဆိုရင် မြေအောက်ကမ္ဘာကို ခေါ်သွားခံရလောက်ပြီ”
“မြေအောက်ကမ္ဘာရဲ့ ဝင်ပေါက်က ဘယ်နားမှာလဲ?”
အတားအဆီးထဲရှိနေစဉ် တစ္ဆေဂိတ်တံခါးဝအား ဆင့်ခေါ်၍ မရနိုင်ပေ။
မြေအောက်ကမ္ဘာသို့ သွားရောက်လိုပါက သူမသည်လည်း ဝင်ပေါက်မှသာ ဝင်ရောက်ရမည်ဖြစ်သည်။
“ဒီရေကန်ရဲ့ အောက်ခြေမှာပါ”
ကုကျစ်စုန့်အား သယ်ဆောင်လာသည့် ရေကန်သည်က ရွာအတွင်းမှ မြစ်ငယ်လေးအနီးတွင်ဖြစ်သည်။ ရေက အနည်းငယ် နောက်ကျိနေပြီး ကန်၏ အရွယ်အစားသေးငယ်သော်ငြား အနက်ဆုံးနေရာက နှစ်မီတာကျော်ခန့်ရှိသည်။
ဤရေကန်ထဲတွင် ယခင်က ရေနစ်၍ အသက်ဆုံးရှုံးခဲ့ရသူများလည်း ရှိခဲ့ပေသည်။
ကုကျစ်စုန့် အင်္ကျီလက်ကို ပင့်တင်လိုက်ပြီးနောက် ရေသရဲများကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“မင်းတို့တွေ ငါ့ကို လိမ်ဖို့တော့ မကြိုးစားနဲ့နော်”
သူမ၏ အကြည့်ကို ခံလိုက်ရသော တစ္ဆေများမှာ အသက်ဆုံးရှုံးရတော့မည့်အလား ကြက်သီးဖြန်းဖြန်းထသွားခဲ့ရသည်။ သူတို့က ကြောက်လန့်လွန်းသောကြောင့် ခေါင်းကို တွင်တွင်ရမ်း၍ ငြင်းဆိုလာခဲ့ကြသည်။
“မလိမ်ရဲပါဘူး မလိမ်ရဲပါဘူးဗျာ”
ကုကျစ်စုန့် တုံ့ဆိုင်းနေခြင်းမရှိပါချေ။ ဤရေသရဲများက သူမကို လိမ်လည်နေသည်ဆိုလျှင်တောင်မှ သူမ၏ ယုံကြည်မှု၊ စွမ်းအင်တို့ကြောင့် သူမတွင် အကြောက်အလန့်မရှိပေ။ သူမက ချက်ချင်းပင် ရေထဲသို့ ခုန်ချလိုက်သည်။
ရေကန်ထဲသို့ ရောက်သည်နှင့် ကန်အောက်ခြေမှ မှောင်မိုက်သည့် စွမ်းအင်တချို့အား ခံစားလိုက်ရသည်။
ရေသရဲများက လိမ်လည်နေခြင်းမဟုတ်ပါချေ။ ယင်နှင့် ယန်ကမ္ဘာတို့အား ဆက်သွယ်ထားသည့် နေရာသည် အမှန်တကယ်ပင် ကန်အခြေ၌ဖြစ်သည်။
သူမ ထိုဝင်ပေါက်ထဲသို့ ဝင်ရောက်လိုက်ပြီးနောက် မြေအောက်ကမ္ဘာအစစ်အမှန်သို့ ရောက်ရှိသွားခဲ့သည်။
ရုတ်တရက် သရဲတစ္ဆေ အများအပြား ပေါ်လာခဲ့ပြီး သူတို့အားလုံးသည်လည်း အင်မတန် စိတ်လှုပ်ရှားနေဟန်ပေါ်ကြသည်။
သရဲတစ္ဆေအဖွဲ့၏ ရှေ့တွင်တော့ ပျောက်ဆုံးသွားသည့် ‘အနီရောင်မကောင်းဆိုးဝါးဝိဉာဉ်အဖွဲ့’က မင်္ဂလာဝေါယာဉ်တစ်စီးအား သယ်ဆောင်လာကြပြီး ပျော်မြူးတက်ကြွစွာ အိုးစည်ဗုံမောင်းများ တီးမှုတ်နေခဲ့ကြသည်။“ဟဲ့.. မြင်လိုက်ကြလား? အဲဒီဝေါယာဉ်ထဲမှာ မင်္ဂလာဝတ်စုံဝတ်ထားတဲ့ သတို့သားလေး ထိုင်နေတာမလား! သူက ချောလိုက်တာမှ မှုန်နေတာပဲ! ဘော့စ်က သေပြီး မကြာသေးဘဲ ချက်ချင်း တစ္ဆေမင်္ဂလာဆောင်ချင်တာ မထူးဆန်းတော့ပါဘူး”
“အဲဒီကောင်လေးရဲ့ ချစ်သူက သူ့ကို ပြန်ခေါ်ဖို့ ရောက်လာသေးတယ်တဲ့
ငါကြားတာတော့ ဘော့စ်လွှတ်ထားတဲ့ ရေသရဲတွေ ဖမ်းတာခံရပြီး ရေနှစ်သတ်ခံလိုက်ရတယ်ဆိုပဲ.. ကျစ်ကျစ် ကြားရတာတောင် စိတ်မကောင်းဘူး”
“ဒါကြောင့် ကောင်လေးချောချောလေးတွေဆိုရင် သွားမထိတာအကောင်းဆုံးပဲ.. ပြဿနာဖြစ်ဖို့ လွယ်တယ်လေ!”
ကုကျစ်စုန့်: “…?”
ပတ်ပတ်လည်မှ သရဲတစ္ဆေများ၏ စကားသံကို ကြားရပြီးနောက် သူမက တုံ့ပြန်မှုမရှိခဲ့ပေ။
‘အနီရောင်မကောင်းဆိုးဝါး’အဖွဲ့၏ အတွင်းဆုံးနေရာမှ တစ္ဆေကိုသာ အသံတိတ် စိုက်ကြည့်နေမိသည်။
ထိုသည်မှာ အမျိုးသမီးတစ္ဆေတစ်ကောင်ဖြစ်ပေသည်။
သူမ၏ခန္ဓာကိုယ်တစ်ခုလုံးအား ယင်စွမ်းအင်များ ဖုံးလွှမ်းထားပြီး အားကောင်းသော အငြိုးအတေးစွမ်းအင်များ၏ အောက်တွင် ရှိနေခဲ့သည်။ ဤအမျိုးသမီးတစ္ဆေသည်က သေဆုံးသည်မှာ ၇ရက်သာ ရှိသေးသော တစ္ဆေတစ်ကောင်ပင်ဖြစ်သည်။
အင်မတန် ပိန်ပါးလှပြီး သေဆုံးချိန်တွင် အရိုးအစုအပုံဖြစ်သွားခဲ့ရသည်။
ထိုသရဲထံမှ ကုကျစ်စုန့် အားကောင်းလှသော စွမ်းအင်ကို ခံစားနေရသည်။
ဤတစ္ဆေမှာ သူမမြင်ဖူးခဲ့သမျှတွင် အရက်စက်ဆုံး၊ သတ်ဖြတ်ချင်စိတ်အပြင်းထန်ဆုံးတစ္ဆေတော့မဟုတ်ပါချေ။
သို့သော် ထိုအမျိုးသမီးသရဲ၏ မြူဖုံးနေသော မျက်နှာကို ကြည့်လိုက်ပြီးနောက် သူမ မသေဆုံးခင်က စိတ်အခြေအနေကို ကုကျစ်စုန့် ခန့်မှန်းကြည့်မိသည်။
အမျိုးသမီးတစ္ဆေသည်လည်း သူမ၏ အကြည့်ကို ခံစားမိဟန်ပေါ်သည်။ ခေါင်းလှည့်ကြည့်လာခဲ့ပြီးနောက် သုန်မှုန်သည့် မျက်နှာဖြင့် သူမအား စိုက်ကြည့်နေခဲ့သည်။
‘အဖြူရောင်မကောင်းဆိုးဝါး’အဖွဲ့ထံမှ လျှင်မြန်စွာ လွတ်မြောက်လာခဲ့ပြီး မြေအောက်ကမ္ဘာကိုပါ ရှာတွေ့နိုင်ခဲ့သောကြောင့် ကုကျစ်စုန့်သည်က အင်မတန် စွမ်းဆောင်ရည်မြင့်မားသည့် လူသားတစ်ဦးဖြစ်ကြောင်း ပေါ်လွင်နေသည်။
ထို့အပြင် အမျိုးသမီးတစ္ဆေမှာ သေဆုံးသည်မှာ မကြာသေးသော်ငြား မြေအောက်ကမ္ဘာတွင် နာမည်တစ်ခု ရှိနေပြီးဖြစ်သည်။
ကုကျစ်စုန့်၏ အသွင်အပြင်က ထူးခြားလွန်းပြီး မြေအောက်ကမ္ဘာတွင်လည်း နာမည်ကြီးသူဖြစ်သည်။
သူမအား ထျန်ယွင်ကျေးရွာတွင် သတိထားမိသည်မှာ ရေသရဲများထံသို့ ပွဲကြည့်ရန် ရောက်လာသည့် တစ္ဆေတစ်ကောင်တည်း မဟုတ်ပေ။
မြေအောက်ကမ္ဘာမှ တစ္ဆေများသည်လည်း သူမအား ကုကျစ်စုန့်အကြောင်းကို ပြောပြထားပြီးဖြစ်သည်။
ထို့ကြောင့် အမျိုးသမီးတစ္ဆေက စိတ်လိုက်မာန်ပါမလှုပ်ရှားဘဲ ကုကျစ်စုန့်ကိုသာ စိုက်ကြည့်နေခြင်းပင်။
ပွဲကြည့်ရန် ရောက်လာသူများ၊ အမွှေးတိုင်၊ ဖယောင်းတိုင်ရလို၍ လာခဲ့ကြသည့် တစ္ဆေများသည်လည်း တစ်ခုခု မူမမှန်ကြောင်း သတိထားမိလိုက်ကြသည်။
အမျိုးသမီးတစ္ဆေ၏ မျက်လုံးအကြည့်ရှိရာသို့ လှမ်းကြည့်လိုက်ချိန်တွင် မက်မွန်သား ဓားရှည်တစ်ချောင်း ကိုင်ဆောင်ထားသော ကုကျစ်စုန့်အား မြင်တွေ့လိုက်ကြသည်။
သူမကို မှတ်မိသည့် တစ္ဆေများမှာ အလွန်ပင် အံ့အားသင့်သွားကြလေသည်။
မြေအောက်ကမ္ဘာ၏ ဤနေရာလေးသည်က လူခြေနည်းပါးသော နေရာတစ်ခုဖြစ်ပြီး အင်တာနက်သည်လည်း အင်မတန်ဖွံ့ဖြိုးခြင်းမရှိပေ။
ကုကျစ်စုန့်အား မသိကြသည့် တစ္ဆေသရဲအများစုရှိကြပြီး ဘေးမှ အခြားတစ္ဆေများ ပြောသည့်စကားကိုသာ နားထောင်နေခဲ့ကြသည်။
“လက်စသတ်တော့ စုန့်စုန့်ဖြစ်နတာကိုး! ဒီမင်္ဂလာစုံတွဲကို ဖြတ်ပြီး သတို့သားကို လာယူတာက ငါ့ရဲ့ အိုင်ဒေါ စုန့်စုန့်ပဲ!
စုန့်စုန့်! အထင်မမှားပါနဲ့.. ငါက သူတို့တွေနဲ့ တစ်ဖွဲ့တည်းမဟုတ်ပါဘူးဗျို့!”
“ဒီသတို့သားလေး ဘယ်လောက်ချောပါစေ၊ တမန်တော်ကုကိုတော့ ယူလို့မရဘူး! ငါ သူ့ကို ဆန့်ကျင်မှာကွ”
“တမန်တော်ကု၊ ဒီကောင်လေးကို လိုချင်တာလား? သမန်တော်သာအမိန့်ပေးလိုက်တာနဲ့ ငါတို့တွေ ချက်ချင်း သူ့ကို ဝိုင်းလုပေးမှာပါ!”
ပတ်ပတ်လည်မှ ဆူညံနေသည့် သရဲတစ္ဆေများ၏ အသံကိုကြားရပြီးနောက် အမျိုးသမီးတစ္ဆေ ရွဲ့စောင်းလိုစွာ ပြုံးလိုက်သည်။
“အတားအဆီးကရော၊ အဖြူနဲ့ အနီရောင်မကောင်းဆိုးဝါးဝိဉာဉ်တွေရော ရှင်ကို မတားနိုင်တာ မထူးဆန်းတော့ပါဘူး
လက်စသတ်တော့ ရှင်က နာမည်ကြီးတမန်တော်ကုဖြစ်နေတာကိုး.. ရှင်ကို မြေအောက်ကမ္ဘာက သရဲတွေက အရမ်းချစ်ကြတယ်လို့ ကြားတယ်
စွမ်းအားအကြီးဆုံးနည်းလမ်းက ရှင်က လူတစ်ယောက်ကို ရုပ်ရည်ကြည့်ရုံနဲ့ အရိုးထဲထိတောင် အကုန်သိနိုင်တယ်ဆို?
ရှင်က လူတစ်ယောက်ရဲ့ ကောင်းခြင်း၊ ဆိုးခြင်း၊ သေခြင်း၊ ရှင်ခြင်းနဲ့ ကံကြမ္မာကို တစ်ခုမှ ချန်လှပ်ထားတာမရှိ မြင်နိုင်တယ်တဲ့..
ဒါဆိုရင် ကျွန်မ မေးခွန်းတစ်ခုလောက် မေးပါရစေ၊ ရှင် ကျွန်မကို ဘယ်လိုထင်လဲ?”
“ကျွန်မရဲ့ ဒီနေ့လုပ်ရပ်က မှန်တယ်လို့ထင်လား၊ မှားတယ်လို့ ထင်လား!?”
စူးရှသည့် ဝိဉာဉ်စွမ်းအင်ဖြင့် တိုက်ခိုက်ခံရသော်ငြား ကုကျစ်စုန့်မှာတော့ ပုံမှန်ကဲ့သို့ပင်ရှိနေခဲ့သည်။ သူမအနီးသို့ မရောက်ခင်မှာပင် ထိုစွမ်းအင်က အငွေ့ပျံသွားလေ၏။
အမျိုးသမီးတစ္ဆေ၏ မေးခွန်းကြောင့် သူမ၏ ဝိဉာဉ်ကို စစ်ဆေးလိုက်ပြီးနောက် ဘဝဖြစ်စဉ်ကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။“ရှင့်ရဲ့ မျက်နှာအရဆိုရင် ရှင်က မသေဆုံးခင်မှာ အပြင်းအထန် နေမကောင်းဖြစ်နေတာပဲ.. လွန်ခဲ့တဲ့ ၇ရက်လောက်တုန်းက မမျှော်လင့်ဘဲ သေဆုံးခဲ့ရတယ်။
ရှင်က သေဆုံးချိန်မှာလည်း အငြိုးအတေးကြီးတွေနဲ့ သေဆုံးခဲ့ရသလို သေဆုံးပြီးနောက်ပိုင်းမှာလည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက သေဆုံးခဲ့တဲ့ မြေအောက်ကမ္ဘာက လူတစ်ယောက်နဲ့ လက်ထပ်ဖို့ စီစဉ်ခံခဲ့ရတယ်”
“ရှင့်ရဲ့ ဆန္ဒအရတော့မဟုတ်ဘူး.. ဒီကိစ္စက အနီးစပ်ဆုံးဆွေမျိုးတွေနဲ့ ပတ်သတ်နေတယ်”
ကုကျစ်စုန့် ဤမျှသာ ပြောရသေးသော်ငြား အမျိုးသမီးတစ္ဆေ၏ မျက်နှာတွင် ဒေါသအငွေ့အသက်များ ဖုံးလွှမ်းသွားခဲ့ပြီး သူမကိုယ်တွင်းမှ အငြိုးအတေးစွမ်းအင်များလည်း ပို၍ များပြားလာခဲ့သည်။
သို့သော် သတို့သမီးငယ်၏ အသံမှာတော့ ငိုသံယှက်နေခဲ့သည်။
“တမန်တော်ပြောတာ သိပ်မှန်တာပေါ့! ကျွန်မက သေခြင်းတရားကို ကြိုဆိုဖို့အတွက်တောင် မျက်လုံးမမှိတ်ရသေးဘူး.. မြေအောက်ကမ္ဘာက လူနဲ့ လက်ထပ်ဖို့အတွက် ပြင်ဆင်ခံထားရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ!?”
“ကျွန်မရဲ့ ဒီဒေါသ၊ ဒီအမုန်းတရားတွေကို ဘယ်သူက သိနိုင်မှာလဲ?!”
“တမန်တော်ကုက အခုဒီကိစ္စတွေအားလုံးကို မြင်နိုင်တယ်ဆိုတော့.. ကျွန်မရဲ့ လုပ်ရပ်က မှားနေတယ်လို့ ထင်သေးရဲ့လား?”