ပိုင်ရှီး (1)
Vol. 39 Ch. 384
အမျိုးသမီးတစ္ဆေ၏ မျက်နှာအရ သူမသည် ၁၉၉၇ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး အသက် ၂၅နှစ်အရွယ်ခန့်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
သူမ၏ မျက်လုံး၊မျက်ခုံးကိုသာ ကြည့်ပါက ချောမောလှပသည့် မိန်းမငယ်တစ်ဦးဟု ဆိုနိုင်သည်။
သို့သော် သေးသွယ်သည့် မျက်နှာဖြင့် ထင်ရှားသော မျက်နှာကျတို့ ပေါင်းစပ်ကြည့်လိုက်ပါလျှင် သူမက ပါးချောင်၊ နားချောင်ကြကာ ပိန်ပါးလွန်းလှသည့် ဟန်ပေါ်၍ စိတ်ကျရောဂါခံစားနေရသူတစ်ဦးဖြင့် အသွင်တူနေခဲ့သည်။
သူမကို ဝန်းရံနေသည့် အငြိုးတရားများ၊ ယင်စွမ်းအင်များကို မမြင်တွေ့နိုင်ရသော်လည်း သူမက သဘာဝလွန်ဇာတ်ကားများတွင် မမျှမတ ဆက်ဆံခံရသော ဇာတ်လိုက်တစ်ယောက်ဖြင့် အသွင်တူနေခဲ့သည်။
ကုကျစ်စုန့်၏ အမြင်တွင်တော့ ယခုကဲ့သို့ ဖြစ်နေရခြင်းမှာ ခက်ခဲကြမ်းတမ်းသော ဘဝအား ဖြတ်ကျော်ခဲ့ရသောကြောင့်ဖြစ်ပြီး သူမ၏ နန်းတော်၁၂ခုနေရာတွင်လည်း ချောမွေ့မှုမရှိပေ။
ရှင်သန်ခြင်းဂိတ်တံခါးဝတွင် မကောင်းမှုစွမ်းအင်များ ပြည့်နေခဲ့သောကြောင့် သူမသည်က အသက်ရှိစဉ်က နာတာရှည်ရောဂါ ခံစားခဲ့ရပြီး ဝေဒနာခံစားခဲ့ရကြောင်း ဖော်ပြနေသည်။
နဖူးပြင်သည်လည်း ပြားကပ်နေပြီး နေမင်းထောင့်နှင့် လမင်းတောင့်တို့သည်လည်း ပြည့်၍ လုံးဝိုင်းခြင်းမရှိပေ။
ထိုနေရာသည်က ‘မိဘနန်းတော်’နေရာဖြစ်သောကြောင့် ဤအမျိုးသမီးတစ္ဆေသည်က မိဘများနှင့်လည်း ဆက်ဆံရေး အဆင်ပြေပုံမပေါ်ပါချေ။
မျက်ခုံးမွှေးထက်မှ နေရာတွင် ဖော်ပြနေသည်မှာ သူမ မွေးဖွားခဲ့သည့် မိသားစုတွင် ကလေးငယ်များပြားသည်။
သူမက တစ်ဦးတည်းသော ကလေးမဟုတ်ပါချေ၊ မောင်နှမသားချင်းများ ရှိသည်။
သူမက အကြီးဆုံးသမီးဖြစ်ပြီး အချစ်မခံရဆုံးလည်းဖြစ်နေခဲ့သည်။ ထိုအချက်ကြောင့်လည်း မိဘများနှင့် ဆက်ဆံရေး အဆင်မပြေခြင်းပင်။
ကုကျစ်စုန့် ဆက်၍ အမျိုးသမီးတစ္ဆေ၏ မွေးဖွားသည့်အချိန်မှစ၍ သူမ၏ ဇာတာဂဏန်းရှစ်လုံး၊ နတ်ဘုရားဆယ်ပါး၊ ကောင်းကင်နှင့် မြေကမ္ဘာတို့ပါ အပါအဝင် ခွဲခြမ်းစိတ်ဖြာခဲ့သည်။
ဇာတာရှစ်ပါးအရ သူမသည်က ချမ်းသာကြွယ်ဝခြင်းတွင် အားနည်းပြီး အားကောင်းသော ပြိုင်ဘက်များရှိသည်။ ထိုအချက်အရ သူမနှင့် မောင်နှမသားချင်းများ၏ ဆက်ဆံရေးသည်လည်း အဆင်မပြေလှကြောင်း သိနိုင်သည်။
သူမ၏ စိတ်အခြေအနေသည်လည်း ယိမ်းယိုင်မှုများရှိနေသောကြောင့် မောင်နှမအချင်းချင်း စီးပွားရေး၊ အောင်မြင်မှုနှင့် ငွေကြေးတို့အတွက် အချင်းချင်း မသင့်မတင့် ဖြစ်ခဲ့ကြရသည်။
‘အားကောင်းသည့် နေ့ဘုရင်နှင့် အားကောင်းသည့် အစားအစာနတ်ဘုရား’တို့လည်း ရှိနေခဲ့သည်။ ထိုအရာများသည်က အမျိုးသမီးများ၏ ကံကြမ္မာတွင် ပေါ်ပေါက်နေခြင်းမှာ သူမသည် ဆွေမျိုးများနှင့်လည်း သင့်မြတ်ခြင်းမရှိကြောင်း ညွှန်ပြနေသည့် အချက်တစ်ခုဖြစ်သည်။
နောက်ဆုံးတွင်တော့ ‘လ၏ မာန်တိုင်သည် အန္တရာယ်သက်ရောက်နေသည်’ ဆိုသော အချက်ပြောင့် သူမ၏ အထီးကျန်၊ ဆင်းရဲသော ကံကြမ္မာ၏ အခြေခံကိုတွေ့နိုင်သည်။
အတိုပြောရလျှင် ဤတစ္ဆေသည်က နယ်ဘယ်မှ ဆင်းရဲသော မိသားစု၊ မသိနားမလည်သော မိဘများတွင် မွေးဖွားခဲ့သူ ဖြစ်သည်။
မိသားစုထဲတွင် အကြီးဆုံးသားသမီးက မိန်းကလေးဖြစ်နေသောကြောင့် သူမက တန်ဖိုးထားမခံရပေ။
မောင်ငယ်၊ ညီမငယ်များကို ထိန်းကျောင်းခဲ့ရပြီး မိသားစုကိုသာ ဦးထိပ်တင်ထားခဲ့ရသည်။
ထိုကဲ့သို့သော နောက်ခံမိသားစုရှိသည့် မိန်းမငယ်များသည်က သမိုင်းတလျှောက်တွင်လည်း ပြည့်နှက်နေခဲ့သည်။
သူမနှင့် အလားတူသည့်ကိစ္စရပ်များ ခံစားခဲ့ရသော ‘အကြီးဆုံးသမီး’အများစုမှာ မိဘများ၏ ဖိနှိပ်မှု၊ နှိမ့်ချမှု၊ ခိုင်းစေမှုတို့၏ အောက်တွင် အောက်ကျို့ကာ သည်းခံတတ်သည့် အကျင့်ရှိကြသည်။
ထိုသို့သော အကျင့်စရိုက်က တစ်သက်လုံး သူမတို့အပေါ် သက်ရောက်သွားမည်ဖြစ်သည်။
သို့သော် ဤအမျိုးသမီးတစ္ဆေမှာတော့ ဤသို့မဟုတ်။
“ရှင်က သစ်သားဓာတ်အောက်မှာ မွေးဖွားခဲ့တာပဲ.. ရှင့်ရဲ့ ဇာတာခွင်က မားစ်ဂြိုလ်မှာ သက်ရောက်နေတဲ့အတွက် ရှင်က ငယ်ငယ်လေးတည်းက ခေါင်းမာပြီး အလျှော့မပေးတတ်ဘူး”
“ရှင့်ရဲ့ အဲလိုစိတ်ကြောင့်လည်း မိဘတွေက သားတွေကို သမီးတွေထက်ပိုပြီး ဦးစားပေး၊ အလိုလိုက်၊ ရတနာတစ်ပါးလို သတ်မှတ်ထားတာတွေကို လုံးဝ သည်းမခံနိုင်ဘူး ဒါကြောင့် အိမ်ကနေ ထွက်ပြေးခဲ့တယ်”
“တမန်တော် ပြောတာ မှန်ပါတယ်”
အမျိုးသမီးတစ္ဆေ မျက်နှာကိုမဲ့လိုက်ကာ မျက်ဝန်းထဲတွင်လည်း အမုန်းတရားများ ပြည့်နှက်နေခဲ့သည်။
“အဲဒီမိသားစုတစ်ခုလုံးက မီးတွင်းကြီးလိုပဲ.. အဲဒီမိဘတွေ၊ သူတို့ရဲ့သားသမီးတွေအကုန်လုံးက ကျေးဇူးမသိတတ်၊ ဂုတ်သွေးစုတ်ဖို့လောက်ပဲ တတ်တော့ မျှော့ကောင်တွေလိုပဲ!”
အမျိုးသမီးတစ္ဆေ၏ စကားအရ သူမ၏ မျိုးရိုးနာမည်က ရှောင်ဖြစ်သည်။
မိဘများမှာ သူမအသက် ၃နှစ်အရွယ်ခန့်တွင် ဒုတိယကလေးငယ် မွေးဖွားခဲ့ပြီး ထိုကလေးငယ်သည်က သားယောင်္ကျားလေးလည်းဖြစ်ခဲ့သည်။
ဒုတိယကလေးငယ်ပြီးနောက်တွင် မိခင်ဖြစ်သူက နောက်ထပ် အမွှာနှစ်ယောက်ကို ဖွားမြင်ခဲ့သည်။
မောင်ငယ်နှစ်ဦးဖြစ်ရုံသာမက၊ အငယ်ဆုံးညီမငယ်သည်လည်း နဂါးနှင့်ဖီးနစ်ငှက် တွဲဖက်၍မွေးဖွားလျှင် ကံကောင်းသည်ဟု ယုံကြည်ကြခြင်း၊ အငယ်ဆုံးကလေးဖြစ်နေခြင်းတို့ကြောင့် မိဘများ၏ အချစ်ခံခဲ့ရသည်။မိသားစုတွင် သားသမီးလေးယောက်ရှိသည်။ သို့သော် အကြီးဆုံးသမီးဖြစ်သူ သူမတစ်ဦးတည်းသာလျှင် ကျွဲတစ်ကောင်၊ နွားတစ်ကောင်ကဲ့သို့ အလုပ်လုပ်ခဲ့ရသည်။
အသားဝယ်စားကြချိန်၊ သရေစာမုန့်စားကြချိန်တို့တွင် သူမအတွက် ဝေစုမရှိပေ။ သူမရထားသည့်အထဲမှ မောင်ငယ်၊ညီမငယ်များကို မပေးချင်၊ မမျှဝေချင်ပါက သူမအား လောဘကြီးသည်ဟု မိဘများက အပြစ်တင်တတ်ကြသေးသည်။
ကျောင်းမှ ပြန်လာချိန်တွင် အိမ်၌ သန့်ရှင်းရေးလုပ်ရသည်။ ထမင်းဟင်းချက်ရသည်။ ညည်းညူမိပါက မိဘများမှ သူမအား မရင့်ကျက်သည့်အတွက်၊ မောင်ငယ်၊ညီမငယ်များအား ဂရုမစိုက်သည့်အတွက် ဆူပူကြပြန်သည်။
အလယ်တန်းကျောင်းပြီးချိန်တွင်လည်း မိသားစုက သူမအား ကျောင်းထွက်၍ အိမ်တွင်သာ ကူညီရန်၊ အိမ်ထောင်ပြုရန်သာ အလိုရှိခဲ့ကြသည်။
သို့သော် သူမက မိသားစုအတွင်း အတော်ဆုံးကျောင်းသားဖြစ်ပေသည်။ အိမ်ထောင်မပြုချင်သေးသကဲ့သို့ သူမအပေါ်တွင်လည်း မျှတမှုမရှိဟု ခံစားခဲ့ရသည်။
ထိုကိစ္စနှင့် ပတ်သတ်၍ သူမ၏မိဘများနှင့် အကြီးအကျယ် ရန်ဖြစ်ခဲ့ရသည်။
နောက်ဆုံးတွင်တော့ ကျောင်းမှဆရာများပင် မိဘများအား ကူညီဖျောင်းဖြပေးခဲ့ကြသည်။ သူမ ဆက်၍ ပညာသင်ကြားပါက ဝင်ခွင့်စာမေးပွဲပင် အောင်မြင်နိုင်ပြီး မိသားစုအား ဂုဏ်ဆောင်ပေးမည့် ကောလိပ်ကျောင်းသူဖြစ်လာနိုင်ကြောင်း ပြောဆိုခဲ့ကြသည်။
အကြောင်းပြချက်လည်းမရှိ၊ သင့်တော်သည့် အချက်လည်းမရှိသောကြောင့် မိဘများသည် သူမအား အထက်တန်းကျောင်း ဆက်၍ တက်ခိုင်းခဲ့ရသည်။
ထိုအချိန်မှစ၍ သူမက ဆောင်းရာသီ၊ နွေရာသီပိတ်ရက်များတွင် မြို့ပေါ်သို့သွား၍ အချိန်ပိုင်းအလုပ် လုပ်ကိုင်ခဲ့သည်။
Milk tea ဖျော်စပ်ခြင်း၊ အသင့်စား စားသောက်ဆိုင်များတွင် အလုပ်လုပ်ကိုင်ခြင်း၊ လက်ကမ်းစာစောင် ဝေခြင်း. အကုန်လုပ်ကိုင်ခဲ့သည်။
အလုပ်မှ ပြန်လာပြီးနောက်တွင်လည်း နေ့စဉ်နေ့တိုင်း အိမ်မှုကိစ္စများကို သူမကိုယ်တိုင် စ၍ လုပ်ကိုင်ခဲ့သည်။
အထက်တန်းကျောင်းတက်ရောက်နေသည့် သုံးနှစ်လုံးလုံး မိဘများထံမှ စရိတ် မတောင်းခဲ့ဖူးပေ။ သူမ အချိန်ပိုင်းလစာမှ ခြစ်ကုတ်ချွေတာ၍ မောင်ငယ်၊ညီမငယ်များအတွက် သရေစာမုန့်များပင် ဝယ်ကျွေးခဲ့သည်။
ထိုသို့ လုပ်ဆောင်ရခြင်းမှာ မိဘနှစ်ပါး စိတ်ချမ်းသာစေရန်ဖြစ်ပြီး သူမအား ဆက်၍ ပညာသင်ခွင့်ပြုရန်သာဖြစ်သည်။
ထိုနှစ် ကောလိပ်ဝင်ခွင့်တွင်လည်း သူမ ကောင်းစွာဖြေဆိုနိုင်ခဲ့ပြီး တက္ကသိုလ်ကောင်းကောင်းတစ်ခုတွင် ဝင်ခွင့်ရခဲ့သည်။
သို့သော် မိဘနှစ်ပါးသည်က ငွေကြေးမတတ်နိုင်၊ ကျူရှင်ခမပေးနိုင်သောကြောင့် ကောလိပ်မတက်စေချင်ခဲ့ကြပေ။
နာကျင်မှု၊ ဒေါသထွက်ခြင်းတို့ကြားမှ အမျိုးသမီးငယ်လေးက အင်တာနက်တွင် အစိုးရထံမှ ကျောင်းသားချေးငွေ ရယူနိုင်ကြောင်းကို တွေ့ခဲ့ရသည်။
ထိုအချိန်က သူမအနေဖြင့် အလွန် ရိုးသားပြီး မိသားစုတွင် အမှန်တကယ် ငွေကြေးမတတ်နိုင်သောကြောင့်ဟု ထင်ခဲ့မိသည်။
“အဖေ၊ အမေ.. ကျွန်မရဲ့ ကျူရှင်ကြေးပေးစရာမလိုပါဘူး ကျွန်မဘာသာ ကျွန်မ ချေးငွေကို ပြန်ဆပ်မှာပါ”
သို့သော် ထိုနေ့မှစ၍ မိဘနှစ်ပါးက သူမအား အိမ်ပြင်ထွက်ခွင့်ပိတ်ပင်ခဲ့သည်။ မောင်ငယ်၊ ညီမငယ်များသည်လည်း သူမ မသိလိုက်ချိန်တွင် သူမ၏ အချက်အလက်များ၊ စာရွက်စာတမ်းအချို့အား ခိုးယူသွားကြသည်။ မိဘများ၏ အိမ်ထဲတွင် ပိတ်ထားခြင်းခံခဲ့ရသည်။
မောင်ငယ်၊ညီမငယ်များကြားမှ စကားတချို့ကို ချောင်းမြောင်းနားထောင်ပြီးချိန်မှသာလျှင် ‘မိသားစုတွင် ငွေမရှိ၊ ကျူရှင်ကြေးမတတ်နိုင်’ဆိုသော အကြောင်းပြချက်သည်က အမှန်မဟုတ်ကြောင်း သိလိုက်ရသည်။
သူမ၏ မိဘများမှာ ငွေကြေးအတွက် သူမအား ရောင်းစားချင်ခဲ့ရုံသက်သက်သာလျှင်ဖြစ်ခဲ့ပေ၏။
မောင်ငယ်: “နင် မမရဲ့ အိုင်ဒီကတ်ကို ခိုးခဲ့တာနော်၊ မမ သိလို့ကတော့ နင့်ကို သေလောက်အောင် မုန်းမှာပဲ”
ညီမငယ်: “ဒါဆို ငါ ဘာလုပ်ရမှာလဲ.. ဒါတွေအကုန်လုံးက အကိုကြီးရဲ့ ကောင်မလေးအပြစ်ပဲ၊ သူမက သတို့သမီးကြေးကို အများကြီးတောင်းနေတာ!
အမေက ငါ့ကို ဇွတ်လုပ်ခိုင်းတာလေ.. မလုပ်လို့ရင် အဲဒီလူပျိုကြီးဆီကို မိန်းမအဖြစ် အရောင်းစားခံရတာ ငါဖြစ်သွားမှာပေါ့ဟ!”
သမီးကြီး အံ့အားသင့်သွားခဲ့ရသည်။
ထိုအချိန်တွင် သူမ သဘောပေါက်သွားသည့်အချက်တစ်ခုမှာ သူမ တက္ကသိုလ် ဝင်ခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မိဘများက သူမ၏ အနာဂတ်ကို ကောင်းမွန်စေရန် ခွင့်ပြုမည်မဟုတ်ဟုပင်။
အမျိုးသမီးများ စာသင်၊လေ့လာခြင်းသည်က အကျိုးမရှိ၊ အသုံးမဝင်ဟုသာ ထင်နေကြသည်။
သမီးများကို အရွယ်ရောက်သည်အထိ ပျိုးထောင်ရခြင်းမှာလည်း နောင်တစ်ချိန်တွင် သတို့သမီးကြေးပိုရစေရန်အတွက် ရည်ရွယ်ချက်ဖြင့်သာ ဖြစ်သည်။
သူမ နယ်မှထွက်၍ မြို့ပေါ်သို့ ပညာသွားသင်ပါက သူတို့၏ အုပ်ချုပ်မှုအောက်တွင် ရှိတော့မည်မဟုတ်ပေ။
တစ်အိမ်လုံးကလည်း ထိုကိစ္စကို သိနေခဲ့ကြသည်။ သူမ၏ မောင်အရင်း၊ညီမ အရင်းများသည်ပင် ကြံရာပါဖြစ်နေခဲ့ပြီး ထိုအချက်ကို ဖုံးကွယ်ထားခဲ့ကြသည်။
သူမ၏ တက္ကသိုလ်ဝင်ခွင့်အောင်မြင်သည့်စာကိုပါ ဆုတ်ဖြဲပစ်ခဲ့ကြသည်။
သမီးကြီးဖြစ်သူ၏ ဒေါသက အဆုံးစွန်သို့ ရောက်ရှိသွားခဲ့သည်။
သူမ မည်သည့်စာရွက်စာတမ်းကိုမျှလည်း မယူတော့။ ညတွင်းချင်း အိမ်မှထွက်ပြေးလာခဲ့ပြီး သူမလက်ထဲတွင် ရှိသည့်ငွေဖြင့် မြို့ပြသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် လက်မှတ်ဖြတ်ခဲ့သည်။မြို့ပြတွင် သူမ ကျောင်းဆက်တက်ရန် မဖြစ်နိုင်တော့ပေ။ သို့သော် အိမ်တွင်သာ နေ,နေမည်ဆိုပါက ဤရက်စက်ယုတ်မာသည့် မိသားစု၏ ပြုသမျှ ခံရတော့မည်ဖြစ်သည်။
ထို့ကြောင့် သူမ အလုပ်ကိုသာ ဖိလုပ်နေခဲ့သည်။