← Chapters

ဓားကိုငှားရမ်း၍ သတ်ဖြတ်ခြင်း (1)

Vol. 39 Ch. 386

ဓားကိုငှားရမ်း၍ သတ်ဖြတ်ခြင်း (1)

Vol. 39 Ch. 386

လရောင်ဖြိုးဖျဖျ လင်းနေသည့် ညတစ်ညတွင် ဝယ်ယူသူနှင့် ဇနီးဖြစ်သူတို့က သတ်မှတ်ထားသည့်နေရာသို့ အလောင်းလာပို့မည်အား စောင့်ဆိုင်းနေရင်း စိတ်ပူပန်နေခဲ့ကြသည်။

သူတို့ငွေထားခဲ့သည့်နေရာသို့ သွားကြည့်ချိန်တွင်လည်း ကြိုတင်ပြင်ဆင်ထားသည့် ယွမ်ငါးသိန်းသည် ထိုနေရာတွင်သာ ရှိနေသေးကြောင်းကို တွေ့လိုက်ရသည်။

တစ်ဖက်လူ၏ ဖုန်းကိုလည်း ခေါ်၍မရချေ။

သူတို့က ရောင်းချသူများ ထွက်ပြေးသွားပြီဟု ထင်လိုက်မိပြီး ရွာသို့ ပြန်လာရာလမ်းတွင် ကားဘေးခုံ၌ ထိုင်နေသော ဇနီးဖြစ်သူက လမ်းဘေးမှ သစ်ပင်ရိပ်ကြားတွင် ရပ်ထားသည့် ကားတစ်စီးအား မြင်လိုက်ရသည်။

သူမက ခင်ပွန်းဖြစ်သူကို ပြောပြလိုက်ပြီးနောက် ထိုလမ်းအတိုင်း မောင်းသွားခဲ့ကြသည်။

ကားမီးထိန်ထိန်လင်းနေသောကြောင့် လမ်းဘေးတွင် ရပ်ထားသည့် ထရပ်ကားအား အတိုင်းသား မြင်တွေ့နေရသည်။

သူတို့မောင်းနှင်လာသည့်နေရာမှ မြင်နိုင်သည်မှာ ထရပ်ကား၏ နောက်ဖုံးအား ဖွင့်ထားပြီး အရှေ့မှ ယာဉ်မောင်းသူတံခါးသည်လည်း အတိုင်းသားပွင့်နေခဲ့သည်။

ကားထဲတွင်လည်း လူတစ်ဦးတစ်ယောက်ကိုမျှ မမြင်တွေ့ရပေ။

ထိုမျှ လူသူပြတ်လပ်၍ မှောင်မည်းတိတ်ဆိတ်နေသော လမ်းကျဉ်းလေးတွင် ထိုကဲ့သို့ ကားတစ်စီးရပ်ထားခဲ့သည်။ ပတ်ဝန်းကျင်မှ ပုရစ်အော်သံ၊ ငှက်တွန်သံအချို့မှတပါး မည်သည့်အသံကိုမျှ မကြားရချေ။

ထူးဆန်းသကဲ့သို့ ထိတ်လန့်ဖွယ်လည်း ကောင်းလှပေသည်။

လင်မယားနှစ်ယောက်သည်က မကောင်းသည့်အရာလုပ်ရန် လမ်းပေါ်သို့ ထွက်လာခဲ့ခြင်းဖြစ်သောကြောင့် ထိုအချိန်တွင် ပို၍ သွေးကြောင်ကာ ထိတ်လန့်နေခဲ့ကြသည်။

ကားမောင်းလာသည့် ယောကျ်ားဖြစ်သူ အံကိုကြိတ်ကာ ပြောလိုက်သည်။

“ငါတို့ အောက်ဆင်းပြီး သွားကြည့်ရအောင်”

ဇနီးမောင်နှံနှစ်ယောက် ကားပေါ်မှဆင်း၍ ထရပ်ကားထံသို့ လျှောက်သွားခဲ့ကြသည်။

ထိုအချိန်တွင် ယောကျ်ားဖြစ်သူမှာ တစ်စုံတစ်ခုအား သတိရသွားပြီးနောက် ဖုန်းကိုထုတ်ကာ လွန်ခဲ့သည့် ဆယ်မိနစ်ခန့်က သူဆက်တိုက်ခေါ်မရခဲ့သော ဖုန်းနံပါတ်အား ခေါ်ဆိုလိုက်သည်။

ဖုန်းဝင်သွားသည်နှင့်တပြိုင်နက် စူးရှနေသော ဖုန်းမြည်သံတစ်ခုက ထရပ်ကားနောက်မှ ထွက်ပေါ်လာခဲ့သောကြောင့် ဇနီးမောင်နှံနှစ်ယောက်လုံး ထိတ်လန့်သွားခဲ့ရသည်။

သူတို့က တဖြည်းဖြည်း သတိကြီးကြီးထား၍ လျှောက်သွားပြီးနောက် ကားနောက်တွင် ဖြစ်ပျက်နေသည့် မြင်ကွင်းကြောင့် မူးလဲမတတ် ထိတ်လန့်သွားခဲ့ရသည်။

ကားဖြင့် ကွယ်နေသာ မြေကွက်လပ်နေရာတွင် အလောင်းနှစ်လောင်း ရှိနေခဲ့သည်။

အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးဖြစ်ပြီး အလောင်းနှစ်ခုလုံးမှာလည်း ဖရိုဖရဲဖြစ်ကာ ကြောက်မက်ဖွယ်ကောင်းလှသည်။

ပိန်ပါးသွယ်လျသည့် မိန်းမငယ်လေးတစ်ဦးသည် ပက်လက်လန်၍ မျက်တွင်းဟောက်ပက်အတွင်းမှ ပြူးကျယ်ထွက်နေသော နီမြန်းနေသည့် မျက်ဝန်းအစုံဖြင့် သေဆုံးနေခဲ့သည်။

အမျိုးသားအလောင်းမှာတော့ မျက်နှာဖြင့် မှောက်ရက်လဲကျနေခြင်းဖြစ်ကာ လည်ပင်းညှစ်ခံရ၍ သေဆုံးဟန်ပေါ်ပြီး လည်ပင်းမှ မေးစေ့အစပ်နားထိ အညိုအမဲအမှတ်များ ပေါ်နေခဲ့သည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤနေရာတွင် မည်သည့်အဖြစ်အပျက်များ ဖြစ်ပျက်သွားကြောင်း အကြမ်းဖျင်းခန့်မှန်း၍ ရနိုင်သည်။

အမျိုးသမီးကြီးလည်း ထိတ်လန့်လွန်း၍ ဒူးများပင် တုန်နေခဲ့သည်။

“ဒါ.. ဒါက..”

ခင်ပွန်းဖြစ်သူမှာမူ ကြောက်လန့်နေသော်လည်း ဒေါသစိတ်၊ မကျေမချမ်းစိတ်က ပိုများနေသောကြောင့် တီးတိုးဆဲဆိုလိုက်သည်။

“ဒီခွေးလိုကောင်! ပြောတော့ အပျိုစင်ကို ခေါ်လာမယ်ဆိုပြီး သူက အရင်ဖျက်ဆီးပစ်တယ်.. အခုကျ ဒီကောင်မလေးက ဘယ်လိုလုပ်ပြီး ငါတို့သားနဲ့ လိုက်ဖက်တော့မှာတုန်း!?”

ထိုနေရာတွင် အချိန်ကြာကြာနေလိုက်ပြီးနောက်တွင် ကြောက်စိတ်လည်း ပြယ်သွားပြီဖြစ်သည်။

မြေပေါ်မှ မိန်းကလေး၏ အလောင်းကို ထိကြည့်လိုက်ပြီးနောက် အမျိုးသမီးကြီးက ရင်ကိုထုကာ ခြေကိုဆောင့်၍ ပြောလိုက်သည်။

“အလောင်းက နွေးနေတုန်း၊ ပျော့ပြောင်းနေတုန်းပဲဆိုတော့ သေတာ ဘယ်လောက်မှမကြာသေးလောက်ဘူး.. ဒီလူကတော့ တော်တော်လေးကို ကိုယ်ကျင့်တရားအောက်တန်းကျတာပဲ!”

တောင်ပေါ်ရွာအနီး ရုတ်တရက်သေဆုံးသွားသည့် ထူးဆန်းသော အလောင်းကောင်သည်က ဖြစ်ရိုးဖြစ်စဉ်ကိစ္စမဟုတ်။

သို့သော် သားဖြစ်သူအတွက် ‘တစ္ဆေလက်ဆက်ခြင်း’ပွဲကို ကျင်းပပေးချင်နေသည့် စုံတွဲမှာတော့ ဘုရားဖြစ်ဖြစ်၊ တစ္ဆေဖြစ်ဖြစ် မကြောက်မလန့်နိုင်သော သတ္တိများ ရှိနေခဲ့သည်။

ထို့ကြောင့် အမျိုးသမီးလေး၏ အလောင်းအား မြေပေါ်မှ ဆွဲ၍ ကားနောက်ခန်းထဲသို့ ထည့်လိုက်ကြသည်။

‘ချွေးမ’ဖြစ်သူမှာ အိမ်ထောင်မပြုရသေးခင် ညစ်ညမ်းသွားသည်ကို မကျေနပ်သော်လည်း ဤမင်္ဂလာပွဲ၏ အဓိကအချက်သည်က ဝိဉာဉ်သာဖြစ်ပြီး ခန္ဓာမဟုတ်ဟု တွေးလိုက်ကြသည်။

ထို့အပြင် နောက်တစ်ရက်သည်က ပညာရှင်၏ တွက်ချက်မှုအရ နေ့ကောင်းဖြစ်သောကြောင့် နှောင့်နှေး၍ မရနိုင်ချေ။

သူတို့ အောင့်သက်သက်ဖြင့် လက်ခံလိုက်ရသည်။ထရပ်ကားနှင့် ဒရိုက်ဘာအလောင်းအား မကြာမှီရှာတွေ့သွားမည်ကို စိုးရိမ်သောကြောင့် ခင်ပွန်းဖြစ်သူက အနီးအနားမှ ကျောက်တုံးကြီးကြီးတစ်ခုကို ကောက်၍ မျက်စိစုံမှိတ်ကာ အလောင်းကောင်၏ ဦးခေါင်းကို အကြိမ်များစွာ ထုရိုက်ပစ်ခဲ့သည်။

လက်ဗွေရာဖြင့် ဒရိုက်ဘာ၏ ဖုန်းကို ဖွင့်လိုက်ပြီးနောက် ဖုန်းခေါ်ဆိုမှုမှတ်တမ်းများ၊ အွန်လိုင်းမှ စကားပြောထားသည်များကိုလည်း နေရာတွင် ချက်ချင်းဖျက်ပစ်ခဲ့ပြီးနောက် ဖုန်းနှင့်အတူ စာရွက်စာတမ်းများကိုပါ ယူဆောင်၍ မောင်းထွက်လာခဲ့ကြသည်။

ထိုလင်မယား မသိသေးသည့် အရာတစ်ခုမှာ သူတို့၏ လုပ်ရပ်များအားလုံးကို လေပေါ်တွင် ဝဲပျံနေသည့် မကောင်းဆိုးဝါးဝိဉာဉ်မှ အလုံးစုံမြင်တွေ့နေခဲ့ရသည်။

အငြိုးကြီးတစ္ဆေဖြစ်လာသည့် သမီးကြီးသည်က ကားနှင့်အတူ ကျေးလက်ရွာလေးထဲသို့ ကပ်ပါလာခဲ့သည်။

ဤမျှ ငွေအမြောက်အမြားဖြင့် ဝယ်ယူထားသော သူမ၏ ခန္ဓာကိုယ်အား မည်သို့စီမံကြမည်ကို သူမ သိချင်ခဲ့သည်။

နောက်တစ်ရက်တွင် ဇနီးမောင်နှံနှစ်ယောက်သည်က အနီရောင်စက္ကူအထပ်လိုက်ဖြင့် ပျော်ရွှင်ပြုံးပျော်နေကြပြီးနောက် အိမ်ပေါက်စေ့လိုက်ကာ ရွာသားများအား သူတို့၏ သားဖြစ်သူ အိမ်ထောင်ပြုတော့မည်ဖြစ်ကြောင်း ပြောနေခဲ့ကြသည်။

ထိုလင်မယားနှစ်ယောက်တွင် တစ်ဦးတည်းသော သားတစ်ယောက်သာရှိသည်။ ထိုသားဖြစ်သူသည်လည်း လွန်ခဲ့သည့် သုံးနှစ်ခန့်က မြို့သို့ သွား၍ ကျောင်းတက်နေချိန် အတန်းဖော်များဖြင့် မသင့်မြတ်သောကြောင့် တစ်ဖက်မှ အဆိပ်ခတ်၍ သတ်ဖြတ်ခြင်း ခံလိုက်ရရှာသည်။

ဇနီးမောင်နှံနှစ်ယောက်လုံး အင်မတန် ဝမ်းနည်းနေခဲ့ရပြီးနောက် ယခုအချိန်ပိုင်းတွင် သားဖြစ်သူကိုလည်း မကြာခဏ အိပ်မက်,မက်နေခဲ့သည်။

ထို့ကြောင့် ဝိဉာဉ်များဖြင့် ဆက်သွယ်နိုင်သည့် ပညာရှင်အား အသည်းအသန် ရှာဖွေခဲ့ကြသည်။

ပညာရှင်၏ စကားအရ သားဖြစ်သူသည်က ငယ်ရွယ်နုပျိုသည့်အချိန်တွင် ရက်ရက်စက်စက် သေဆုံးခဲ့ရသောကြောင့် မကျေမနပ် ဖြစ်နေသည်ဟုဆိုသည်။

သူ့တွင် မြေအောက်ကမ္ဘာ၌ ရင်းနှီးရသူမရှိသောကြောင့် သေဆုံးပြီးချိန်တွင် အေးအေးဆေးဆေး အနားမယူနိုင် ဖြစ်နေခဲ့ရသည်။

ထိုစကားကြားရပြီးနောက် လင်မယားနှစ်ယောက်လည်း သားဖြစ်သူအတွက် ဇနီးလောင်းရှာကာ ‘တစ္ဆေလက်ဆက်ခြင်း’ပွဲ စီစဉ်ပေးရန် ဆုံးဖြတ်လိုက်ကြခြင်းပင်။

ခင်ပွန်းဖြစ်သူက ရွာသူကြီးဖြစ်ကာ သူ၏ အစ်ကိုသည်လည်း မြို့ပေါ်တွင် အလုပ်လုပ်နေသူဖြစ်သည်။

ထို့ကြောင့် သူသည်က ရွာမှ အလုပ်များကို ဝေခြမ်းရေးလုပ်ပေးနိုင်ပြီး ရွာသားများ၏ ဥယျာဉ်ခြံများကိုလည်း ရင်းနှီးမြှုပ်နှံစာချုပ် ချုပ်ဆိုမည့်သူများ ရရှိအောင် ရှာဖွေပေးနိုင်သည်။

ရွာသားအများစုမှာ စားဝတ်နေရေးနှင့် အလုပ်အကိုင်တို့အတွက် သူတို့မိသားစုအား မှီခိုနေရသူများသည်။

သူတို့၏သားအတွက် ‘ဇနီးမယား’ဝယ်ယူရန် ငွေယွမ် ၅သိန်း ရှာလာနိုင်သည်မှာ မထူးဆန်းတော့ပေ။

ရွာသားများသည်လည်း အပေါ်ယံပြုံး၍ မင်္ဂလာဖိတ်စာများကို လက်ခံခဲ့ကြသည်။ တံခါးများနောက်ကွယ်တွင်တော့ ဤမိသားစုက ကြီးကျယ်လွန်းလှသည်ဟု ဝေဖန်နေခဲ့ကြသည်။

သူတို့သည်လည်း ‘တစ္ဆေလက်ဆက်ခြင်း’ပွဲတော်များ ပြုလုပ်ခဲ့ဖူးကြသည်။ သို့သော် ထိုကိစ္စသည် ပွဲကျင်းပရန် ပျော်ရွှင်စရာကောင်းသည့်အရာတစ်ခုမဟုတ်ပေ။

သူတို့အားလုံး တိတ်တဆိတ်သာ ကျင်းပခဲ့ကြခြင်းပင်။ မည်သူမျှ ဤရွာသူကြီးကဲ့သို့ ပွဲတော်ကြီးကျင်းပကြမည်ဟုတ်ပေ။

သို့သော် ဝမ်းရေးအတွက် အဆင်ပြေနိုင်ရန် မင်္ဂလာအချိန်ကျချိန်၌ ရွာသားများက လက်ဆောင်များ အသီးသီး ယူဆောင်၍ မင်္ဂလာပွဲအား ဂုဏ်ပြုပေးရန် သွားရောက်ခဲ့ရသည်။

ရွာသူကြီးလင်မယားက အခေါင်းတလားတစ်ခုအား ကြိုတင်ပြင်ဆင်ထားခဲ့ပြီးနောက် ထိုအခေါင်းပေါ်တွင်လည်း အလောင်းကို ချုပ်တည်းထားရန် ကျမ်းစာ၊မန္တာန်များ ရေးဆွဲထားခဲ့သည်။

သမီးအကြီး၏ အလောင်းအား ရွာသူကြီး၏ ဇနီးကိုယ်တိုင် အဝတ်အစားများ ဖယ်ရှားလိုက်ပြီးနောက် အကြိမ်ကြိမ် ဆေးကြော သန့်စင်ပေးခဲ့ကြသည်။ ထို့နောက် အနီရောင်သတို့သမီးဝတ်စုံဆင်မြန်းပေးခဲ့ကြပြီးနောက် အခေါင်းတလားထဲတွင် ပိတ်ထားလိုက်ကြသည်။

ဝိဉာဉ်မှ အငြိုးကြီးတစ္ဆေအဖြစ်‌ ပြောင်းလဲသွားသော သမီးကြီးမှာလည်း သူမ၏ အလောင်းအား ဂါထာမန္တာန်များဖြင့် ချုပ်တည်းထားသောကြောင့် စွမ်းအင်များ လျော့ပါးသွားသည်ကို သတိပြုမိလိုက်သည်။

‘တစ္ဆေလက်ဆက်ခြင်း’ပွဲတော်နေ့တွင် အိုးစည်ဗုံမောင်းများ တီးမှုတ်၍ ရွာသားများသည်လည်း အလျှိုလျှို ဂုဏ်ပြုပေးရန် ရောက်ရှိလာကြသည်အား သူမကြည့်ရုံသာ ကြည့်နေခဲ့ရသည်။

ရွာသူကြီး၏ ခြံဝင်းအလည်တွင် အနီရောင်စာလုံးများ ဇောက်ထိုးချိတ်ဆွဲထားသည့် အနက်ရောင်အခေါင်းတလားတစ်ခု နေရာယူထားခဲ့သည်။

အနီရောင် ခြောက်လပန်း (hydrangea) တစ်ပွင့်အား အခေါင်းတွင် ချိတ်ဆွဲထားပြီး တစ်ဖက်တွင်တော့ အတောင်များ စုချည်ထားကာ ကြောက်လန့်တကြား အော်ဟစ်မြည်တွန်နေဆဲ ကြက်ဖတစ်ကောင်အား ချိတ်ဆွဲထားသည်။

ထိုကြက်ဖ၏ နောက်တွင်တော့ မင်္ဂလာပွဲ မတက်ရောက်နိုင်သည့် သတို့သားအစား ရွာသူကြီး၏ တူဖြစ်သူမှ ‘မင်္ဂလာစုံတွဲအသစ်’၏ ဓာတ်ပုံကို ကိုင်ဆောင်၍ ဂါရဝပြုနေသည်အား ကြည့်ရသည်မှာ ရယ်ချင်စရာပင်ကောင်းလှသည်။ဗုံမောင်းသံများကို နားထောင်နေရင်း၊ ရွာသားများ၏ ဟန်ဆောင်အပြုံးများကို ကြည့်ရင်း သမီးကြီး၏ ရင်ထဲ၊ နှလုံးသားထဲမှ အမုန်းတရားများသည် အဆုံးစွန်သို့ ရောက်သွားခဲ့သည်။

သူမ ဘဝတစ်လျှောက်လုံး ကြင်နာမှုကို မခံစားခဲ့ရ။ အမျိုးမျိုး ဆင်းရဲဒုက္ခခံခဲ့ရပြီး နာကျင်စွာ သေဆုံးခဲ့ရသည်။ သေဆုံးပြီးချိန်မှာပင် လူအများ၏ လှောင်ပြောင်ခြင်းခံနေခဲ့ရသည်။

ထိုပြင်းထန်သည့် အမုန်းတရားကြောင့် သူမ၏ ဝိဉာဉ်က ဆက်တိုက် ပေါက်ကွဲနေခဲ့ပြီး ရင်ထဲမှ အမုန်းတရားများသည်လည်း အဆုံးအစမရှိသည့် ကျင်းနက်ကြီးအလား ဆက်တိုက် တိုးပွားလာနေခဲ့သည်။

သူမ လက်စားချေချင်သည်။ သူမ၏ အလောင်းကို ဝယ်ယူခဲ့သော ဇနီးမောင်နှံအပြင်၊ မင်္ဂလာပွဲသို့ လာရောက်သည့် ရွာသားများကိုပါ အကုန်သတ်ပစ်ချင်သည်။

‘တစ္ဆေလက်ဆက်ခြင်း’ပွဲတော်၏ ညတွင် အခေါင်းအား နောက်တစ်ကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့ကြသည်။

မင်္ဂလာဝတ်စုံဝတ်ဆင်ထားသော မိန်းကလေး၏ အလောင်းက စတင်ပုတ်သိုးစပြုနေပြီဖြစ်ကာ အနံ့အသက်ထွက်နေခဲ့ပြီဖြစ်သည်။

ထိုအချိန်တွင် ရွာသူကြီးတို့စုံတွဲသည်က သားဖြစ်သူ၏ ဓာတ်ပုံကို အခေါင်းထဲသို့ထည့်၍ အလောင်း၏ လက်ထဲသို့ ထည့်ပေးရန် ပြင်ဆင်နေခဲ့ကြသည်။

သို့သော် ရုတ်တရက် မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်။

မည်သည့်နေရာမှ ပေါ်လာမှန်းမသိသော ကြောင်နက်တစ်ကောင်က အိမ်၏ ထုတ်တန်းပေါ်မှတဆင့် အခေါင်းတလားတွင်းသို့ တိုက်ရိုက်ခုန်ချလိုက်ပြီးနောက် အလောင်းကောင်၏ မျက်နှာပေါ်သို့ ကျသွားခဲ့သည်။

ရွာသူကြီးမိသားစုလည်း အံ့ဩဒေါသထွက်၍ ကြောင်အား နည်းမျိုးစုံဖြင့် ခြောက်လှန့်ကာ မောင်းထုတ်ခဲ့ကြသည်။

မင်္ဂလာပွဲစီစဉ်ပေးသည့် ပညာရှင်မှ သူတို့အား မှာကြားထားသည်မှာ မည်သို့ပင်ဖြစ်စေ၊ ထိုနေ့တွင် သွေးလုံးဝမထွက်စေရ။ ထို့နောက် ဝယ်ယူထားသည့် အလောင်းအနီး တိရိစ္ဆာန်များ မကပ်စေရဟုပင်။

အထူးသဖြင့် ကြောင်များဖြစ်ပေသည်။

ထိုအချက်များကို မလိုက်နာနိုင်ပါက အခေါင်းထဲမှ အလောင်းက သေချာပေါက် တောင့်တင်းလာမည်ဖြစ်သည်။

All Chapters