ဓားကိုငှားရမ်း၍ သတ်ဖြတ်ခြင်း (1)
Vol. 39 Ch. 387
အနီးအနားမှ လူများ၏မျက်နှာများက ဖြူဖျော့သွားကြပြီး နေရာတွင် ဆက်မနေရဲကြတော့ပေ။
သူတို့က ချက်ချင်းပင် အခေါင်းကို သံရိုက်ကာ မြေမြှုပ်ရန် ပြင်ဆင်လိုက်ကြသည်။
သို့သော် နောက်ကျသွားလေပြီ။
ကြောင်နက်ထံမှ ‘ချီ’စွမ်းအင်သည်က သမီးကြီး၏ အလောင်းကို စွမ်းအားဖြစ်စေခဲ့ပြီးနောက် ဘေးတွင်သာ လွင့်မျောနေခဲ့သည့် အငြိုးကြီးဝိဉာဉ်အား ခန္ဓာကိုယ်တွင်း ပြန်လည်ဝင်ရောက်စေခဲ့ပြီးနောက် အားကောင်းသော မကောင်းဆိုးဝါးသတ္တဝါတစ်ကောင် ဖြစ်လာစေခဲ့သည်။
ထိုအချိန်တွင်တော့ အလောင်းကို ဖိနှိပ်ထားသည့် ကျမ်းစာရွက်များ၊ ဂါထာများသည်လည်း အသုံးမဝင်တော့ပေ။
ထိုညတွင် သမီးကြီးက အခေါင်းအတွင်းမှ ထွက်လာနိုင်ခဲ့ပြီး စွမ်းအားကြီးမိစ္ဆာတစ်ကောင်ဖြစ်လာကာ ရွာထဲမှ လူများအား သတ်ဖြတ်ရှင်းလင်းပစ်ခဲ့သည်။
မကောင်းဆိုးဝါးမိစ္ဆာပေါ်လာခြင်းကြောင့် ထျန်ယွင်ကျေးရွာ၏ ဖုန်းရွှေသည်လည်း ကမောက်ကမဖြစ်သွားစေခဲ့သည်။ မူလက မြေအောက်ကမ္ဘာသို့ ဝင်ပေါက်၏ အပေါ်တွင် တည်ရှိနေသော နေရာသည်က ‘ပြောင်းပြန်ဖြစ်နေသည့် မြေအောက်ကမ္ဘာ’ ဖြစ်လာခဲ့ပြီးနောက် ဖြိုခွဲ၍ မရနိုင်သော အတားအဆီးတစ်ခုလည်း ပေါ်ပေါက်လာခဲ့သည်။
အလောင်းဝယ်ရောင်းပြုလုပ်ခဲ့သော လူတိရိစ္ဆာန်များ၊ ရွာထဲမှ ရွာသူရွာသားများအပြင် သမီးကြီး လက်စားအချေချင်ဆုံး လူများမှာ၊ တစ်နည်းအားဖြင့် သူမအား အားကောင်းသည့်မိစ္ဆာအဖြစ်ပြောင်းလဲစေခဲ့သူများမှာ သူမ၏ ‘မိဘ’များနှင့် မောင်နှမများပင်ဖြစ်ခဲ့သည်။
သို့သော် သူမသည်က သူမကိုယ်တိုင်ဖန်တီးထားမိသော အတားအဆီးထဲ၌ ပိတ်မိနေခဲ့ပြီး ထွက်ခွာ၍ မရနိုင်ခဲ့ပေ။
အတားအဆီးအား ဖျက်ဆီး၍ ပြင်ပကမ္ဘာတွင် ပျော်ရွှင်နေသော ထိုမိဘဆွေမျိုးများကို လက်စားချေနိုင်ရန်အတွက်ဖြင့် သူမက သွေးအေးစွာပင် ရွာထဲမှ တခြားအပြစ်ကင်းစင်သော ရွာသူရွာသားများကိုပါ သတ်ဖြတ်ခဲ့သည်။
လူတစ်ယောက်အား သတ်ဖြတ်ပြီးတိုင်း သူမက ပို၍ ရက်စက်ကြမ်းတမ်းလာပြီး မကောင်းမှုစွမ်းအင်များလည်း တိုးပွားလာခဲ့သည်။
ရွာထဲမှ လူများအားလုံးကို သတ်ဖြတ်ပြီးချိန်တွင်တော့ သူမသည်က ‘တစ္ဆေဘုရင်’အဆင့်နီးပါးပင် ဖြစ်လာခဲ့သည်။
သို့သော် သူမရည်ရွယ်ချက်အတွက် မလုံလောက်သေးချေ။
ထို့ကြောင့် တောက်ကျန့်များက ယန်ချန်အား ထျန်ယွင်ကျေးရွာထဲသို့ ခေါ်သွင်းလာခဲ့ချိန်တွင် သူမအတွက်တော့ ရေငတ်သူတစ်ယောက် ရေတွင်းထဲကျသည့်အလားပင် ဖြစ်လာသည်။
သူမက တောက်ကျန့်များ၏ အသွေးအသားအား စားသောက်ပြီး ယန်ချန်၏ ဝိဉာဉ်ကိုသာ ဝါးမျိုနိုင်ပါလျှင် သူမသည် အတားအဆီးကို ဖောက်ထွက်၍ ရှောင်မိသားစုအား လက်စားချေနိုင်မည်ဖြစ်သည်။
အငြိုးတရားများဖြင့်သာ ပြည့်နှက်နေသော သမီးကြီး၏ မျက်လုံးထဲတွင် လက်စားချေရန်ထက်ပို၍ အရေးကြီးသော အရာမရှိပါချေ။
သူမကိုယ်သူမလည်း အမှားလုပ်မိသည်ဟု မခံစားရပေ။
ဖြစ်ကြောင်းကုန်စင် ရှင်းပြပြီးနောက် အမျိုးသမီးတစ္ဆေက ကုကျစ်စုန့်အား ခြောက်ခြားဖွယ်ရာ အပြုံးဖြင့် စိုက်ကြည့်နေခဲ့သည်။
“တမန်တော်ကု.. ကျွန်မက ကိုယ့်အတွက်ပဲ လက်စားချေချင်တာလေ.. ဒါက ဘာများမှားသွားလို့လဲ? ကောင်းကင်ဘုံကမှ ကျွန်မအတွက် တရားမျှတမှုကို ယူမလာပေးတာ၊
ကျွန်မကိုယ်တိုင်ပဲ တရားမျှတမှုရှိအောင် လုပ်ပေးရမှာပေါ့!”
“လက်စားချေတာက မမှားဘူး၊ ဒါပေမဲ့ ဒီ ‘တစ္ဆေလက်ဆက်ပွဲ’ကို လာဖို့ ဖိအားပေးခံခဲ့ရတဲ့ ရွာသားတွေ၊ ရှင့်လက်ထဲမှာ အသက်ဆုံးခဲ့ရတဲ့ ရွာသားတွေကျတော့ရော?
အဲဒီပွဲကို လာတောင် မလာခဲ့တဲ့ ကလေးတွေကျတော့ရော? ရှင် သူတို့ကို အလွတ်ပေးခဲ့လို့လား?”
“ရှင်က ကိုယ့်တစ်ဖို့တည်းအတွက်နဲ့ ရွာတစ်ရွာလုံးက လူတွေရဲ့ ဘဝကို ဖျက်ဆီးပစ်ခဲ့တာပဲ
ရှင်ဒီလုပ်ရပ်ကို စပြီး လုပ်လိုက်မိတာနဲ့တင် ‘အပြစ်တိုင်းမှာ ကျူးလွန်တဲ့ တရားခံရှိပြီး အကြွေးတိုင်းမှာလည်း ဆပ်ရမယ့်အကြွေးရှင်ရှိတယ်’ဆိုတဲ့ လမ်းကြောင်းကို ဆန့်ကျင်လိုက်တာပဲ”
လက်စားချေခြင်းဆိုသည်မှာ မှားယွင်းသည့်အရာတစ်ခုမဟုတ်ချေ။
အမှန်တိုင်းပြောရလျှင် သူမသာ ထိုသို့ အဖြစ်အပျက်မျိုး ကြုံခဲ့ရပါလျှင် သူမသည်လည်း မုန်းတီးရွံရှာ၍ လက်စားချေမိမည်ဖြစ်သည်။
ရှောင်မိသားစု၏ သမီးကြီးထက်ပင် ပို၍ ရက်စက်သော နည်းလမ်းကို သုံး၍ လက်စားချေမည်ဖြစ်သည်။
သူမက ရှောင်မိသားစုတစ်စုလုံးကို လျှင်မြန်စွာသတ်ဖြတ်၍ ဝိဉာဉ်ကိုလည်း အလွယ်တကူဖြိုခွဲပစ်လိုက်မည်မဟုတ်ပေ။ ငရဲဆယ့်ရှစ်ထပ်တွင် အဆုံးမရှိအစမရှိ၊ အသက်မရှင်နိုင်၊ မသေနိုင်ဖြစ်အောင်လုပ်၍ ဝေဒနာခံစားရအောင် လုပ်မည်ဖြစ်သည်။
သို့သော် ကုကျစ်စုန့်အနေဖြင့် အပြစ်မရှိသူများအား ဆွဲထည့်ရလောက်သည်ထိ အရှက်မရှိသူမဟုတ်ပါချေ။
သူမ၏ ယုံကြည်ချက်အရ အားနည်းသူထံသို့ ဓားဦးလှည့်မည်မဟုတ်။
သို့သော် ရှောင်မိသားစု၏ သမီးကြီးက မျက်နှာကိုရှုံ့မဲ့ကာ ခေါင်းကိုရမ်း၍ အော်ဟစ်လိုက်သည်။
“နင်က ငါမဟုတ်ဘူးလေ.. နင်က ဘာဝေဒနာမှ မခံစားရဘဲ၊ အဲဒီအနားမှာ ကြော့ကြော့လေးရပ်နေနိုင်ပြီး ဘာတွေ လာပြောနေတာလဲ?
ငါဒီလောက်အကြာကြီး မစောင့်ချင်တော့ဘူး ဘာလို့! ဘာလို့ ငါကကျတော့ ဒီလို အမုန်းတရားတွေ၊ ဝေဒနာတွေနဲ့ စက္ကန့်တိုင်း နာကျင်နေရပြီး အဲ့ဒီခွေးမိသားစုက အပြင်မှာ ပျော်ရွှင်မြူးတူးနေရတာလဲ?!ငါမစောင့်နိုင်ဘူး! ဖြစ်နိုင်ရင် သူတို့ကို အခုချက်ချင်းတောင် အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆွဲဆုတ်ပြီး သတ်ပစ်လိုက်ချင်တာ!”
“သူတို့အကုန်လုံး အပြစ်ဒဏ် ခံကိုခံရမယ်!”
ဒေါသတကြီးအော်ဟစ်နေသည့် အမျိုးသမီးတစ္ဆေကိုကြည့်ကာ ကုကျစ်စုန့် မျက်လွှာချလိုက်သည်။
အမျိုးသမီးတစ္ဆေ၏ ယခုကဲ့သို့ ပြုမူနေခြင်းသည် မှားသည်လော၊ မှန်သည်လော သူမအနေဖြင့် မဆုံးဖြတ်ချင်၊ ဆုံးလည်း မဆုံးဖြတ်နိုင်ပေ။
သမီးကြီး၏နေရာမှ စဉ်းစားကြည့်ပါလျှင် သူမ၏ လုပ်ရပ်များ၊ အမုန်းတရား၊ ဒေါသများသည်က ခံစားခဲ့ရသည့် နာကျင်မှုများကြောင့် မှန်သည်၊ မှားသည် မခွဲခြားနိုင်တော့သည့်အတွက် ဖြစ်ပေါ်လာခဲ့ခြင်းပင်။
ယခင်က သူမက သာမန်မိန်းမငယ်လေးတစ်ဦးသာ ဖြစ်သော်ကြောင့် ယခုကဲ့သို့ စွမ်းအားကြီးမိစ္ဆာတစ်ကောင် ဖြစ်လာချိန်တွင် သူမကိုယ်သူမ ပြောင်းလဲစေရုံမှလွဲ၍ အခြား မည်သည်ကိုမှ မတတ်နိုင်ခဲ့ပေ။
သို့သော် အပြစ်မဲ့သည့်ရွာသားများအတွက်တော့ ဤအဖြစ်အပျက်သည်က ကမ္ဘာပျက်သည့်အလား၊ ကပ်ကြီးဆိုက်သည့်အလားပင် ဖြစ်လာခဲ့ရသည်။
ဆူညံသံကြောင့် ပွဲကြည့်ရန် ရောက်လာကြသည့် တစ္ဆေသရဲများသည်လည်း သူတို့အထင်အမြင်များအား သုံးသပ်ဝေဖန်နေခဲ့ကြသည်။
ကုကျစ်စုန့် သက်ပြင်းချလိုက်ပြီးနောက် တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
“အရင်ဆုံး အကျိုးအကြောင်းစွမ်းအင်၊ ဖြစ်ရပ်တွေကို ခဏဘေးဖယ်ထားလိုက်ရအောင်..
ရှင် အခု ထျန်ယွင်ကျေးရွာမှာ ဖြစ်ပျက်ခဲ့တာတွေ၊ ရှင်ကြုံတွေ့ခဲ့ရတာတွေက ထူးဆန်းနေတယ်လို့ မထင်ဘူးလား?”
အမျိုးသမီးတစ္ဆေက ဒေါသဖြင့် နှာခေါင်းရှုံ့လိုက်သော်ငြား စကားပြန်မပြောခဲ့ပေ။
“ရှင်သာ ကျွန်မကို ယုံကြည်ပေးမယ်ဆိုရင် ရှင့်ရဲ့ ဝိဉာဉ်ကို ထိကြည့်ပါရစေ၊ ကျွန်မရဲ့စကားကို သက်သေပြပါ့မယ်”
“ဟီးဟီး ဘယ်သူသိမှာလဲ? တမန်တော်ကုကလည်း ကျွန်မကို အခွင့်အရေးယူပြီး တစ်ခုခုလုပ်ချင်နေကြတဲ့ တောက်ကျန့်တွေနဲ့ တစ်ဖွဲ့တည်းဖြစ်ရင်ဖြစ်နေမှာပေါ့”
သူမက အနည်းငယ်ရန်စသည့် စကားပြောဆိုလိုက်သော်ငြား ကုကျစ်စုန့်၏ တောင်းဆိုချက်အတိုင်း သူမ၏ ဝိဉာဉ်အား အနည်းငယ် ခွဲကာ ပေးလိုက်လေသည်။
သူမ၏လက်ဖဝါးထဲမှ ဝိဉာဉ်၏ ပုံစံပျက်ယွင်းခြင်း၊ နာကျင်မှုများ၊ နက်ရှိုင်းသော မကောင်းဆိုးဝါးစွမ်းအင်တို့ကို ခံစားလိုက်ရပြီး ကုကျစ်စုန့် ဒေါသအနည်းငယ်ထွက်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
ထို့နောက် မှိတ်ထားသော မျက်လုံးများကို ဖွင့်ကာ မေးလိုက်သည်။
“ရှင်က လူသတ်တဲ့အတွက် အပြစ်တွေ အများကြီး ကျူးလွန်မိနေတယ်ဆိုတာကိုရော သိရဲ့လား?
ရှင် ဒီအတားအဆီးထဲကနေ ထွက်သွားလိုက်တာနဲ့ ကောင်းကင်ဘုံရဲ့ မိုးကြိုးလက်နက်က အပြစ်ဒဏ်ပေးတာ ခံရလိမ့်မယ်၊ ပြန်လည်ဝင်စားခြင်းလမ်းသွယ် ၆ခုကိုလည်း ဝင်နိုင်တော့မှာမဟုတ်ဘူး?”
“အဲတော့ဘာဖြစ်လဲ? ဘုရားသခင်အပြစ်ပေးချင်ရင်လည်း ပေးပါစေပေါ့၊ တစ်ရွာလုံးကို သတ်ထားလို့ ငါလူကောင်း မဟုတ်မှန်း သိတယ်
အဲဒီတော့? ငါတစ်သက်လုံး ကောင်းကောင်းမွန်မွန်နေခဲ့တယ်လေ ဒါပေမဲ့ ဘာတွေဖြစ်ခဲ့လဲ၊ အခုတော့ ငါလက်စားချေလို့ရမယ်ဆိုရင် ကျန်တာဘာဖြစ်ဖြစ် သောက်ဂရုမစိုက်တော့ဘူး”
ကုကျစ်စုန့် အေးစက်စွာရယ်လိုက်သည်။
“ဂရုမစိုက်လည်း ကိစ္စမရှိပါဘူး တစ်ခုပဲ ပြောချင်ပါတယ်၊ ရှင်ကြုံတွေ့ခဲ့သမျှရော၊ တစ်ရွာလုံးကို သတ်ပစ်ခဲ့တဲ့ ကိစ္စတွေရောက သူများတွေ စီစဉ်လို့ ဖြစ်လာတာတွေချည်းပဲ”
“ရှင်က သုံးရလွယ်ပြီး ဦးနှောက်မရှိတဲ့ ဓားလက်နက်တစ်ခုသာသာပဲ!”
အမျိုးသမီးတစ္ဆေက အနည်းငယ်ငြိမ်သက်သွားခဲ့သည်။
“နင့်စကားက ဘာအဓိပ္ပာယ်လဲ?”
“ဒီတစ်ရွာလုံးက သေသွားတဲ့ ရွာသားတွေမှာ ဝိဉာဉ်မရှိတာကို သတိမထားမိဘူးလား? သူတို့တွေအကုန်လုံးရဲ့ ဝိဉာဉ်တွေ အကုန်ပျောက်သွားပြီ”
တစ္ဆေက ထိုစကားအား ပထမဆုံးကြားလိုက်ရချိန်တွင် မယုံကြည်နိုင်ခဲ့ပေ။
ရွာသားများကို သတ်ဖြတ်ပြီးချိန်တွင် အမှန်တကယ်လည်း သူမအား လက်တုံ့ပြန်ရန် လာရောက်သည့် သရဲ၊တစ္ဆေ များများစားစားမရှိခဲ့ပေ။
ထိုအချိန်ကတော့ သူမသည်က ဖွဲ့စည်းပုံအား မည်သို့ဖျက်ဆီးရမည်နှင့် လက်စားချေရန်အတွက်သာ အာရုံရှိသောကြောင့် ထိုကိစ္စကို သတိမထားမိခဲ့ပါချေ။
ရွာသားများသည်က မယှဉ်သင့်သည့် ရန်သူကို ရှောင်ရှားပြီးနောက် မြေအောက်ကမ္ဘာသို့သာ တန်းတန်းမတ်မတ် ရောက်သွားကြသည်ဟုသာ ထင်ခဲ့မိသည်။
ယခု သေချာစဉ်းစားကြည့်မိချိန်တွင်တော့ သူမသည်က လက်စားချေရန်ဆန္ဒတစ်ခုတည်းအတွက်နှင့် ရွာထဲမှ သက်ကြီးရွယ်အို၊ ကလေးငယ်များပါမချန် သတ်ဖြတ်ပစ်ခဲ့သည်။
သူမအား မမုန်းတီးသူ၊ လက်တုံ့ပြန်လိုသူမရှိခြင်းမှာ ယုတ္တိမရှိလှချေ။
အဖြစ်အပျက်များသည်က ထူးဆန်းနေသည်ဟု တွေးလိုက်မိပြီးနောက် သူမ မေးလိုက်မိသည်။
“ဒါဆို သူတို့ဝိဉာဉ်တွေက ဘယ်မှာလဲ? ဘာဖြစ်သွားကြတာလဲ?”
ကုကျစ်စုန့် လက်ဖဝါးများ ဖြန့်လိုက်ချိန်တွင် သိပ်သည်းကာ အစိုင်အဆဲဖြစ်နေသော အနက်ရောင်စွမ်းအင်တစ်ခုက လက်ဖဝါးပေါ်တွင် မျှော့ကောင်တစ်ကောင်အလား ရုန်းကန်နေခဲ့သည်။
ထိုမျှပမာဏနည်းပါးသော မကောင်းမှုစွမ်းအင်၏ သက်ရောက်မှုနှင့် အငွေ့အသက်တို့သည်ပင် အနီးအနားမှ လူ၊ တစ္ဆေတို့အား မသက်မသာ ဖြစ်သွားစေခဲ့သည်။
“ဒါက ဘာကြီးလဲ?”
“ရှင့်ဝိဉာဉ်ရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ခွဲထုတ်ထားတဲ့အရာပဲ”
ထိုအရာက အနက်ရောင်မြူခိုးပင်။