← Chapters

အခန်း (၃၈၈)

Vol. 39 Ch. 388

အခန်း (၃၈၈)

Vol. 39 Ch. 388

ထျန်ယွင်ကျေးရွာမှ အဖြစ်ဆိုး၏ အဓိကတရားခံသည်က အနက်ရောင်မြုခိုးသာ ဖြစ်လိမ့်မည်ဟု သူမ တွေးခဲ့မိသည်။

မကြာသေးမှီက ဖန်းချန်းတွင် အနက်ရောင်မြူခိုးများ ဖုံးလွှမ်းနေခဲ့သည်။

နန်ပြည်နယ်မှ အမှုကဲ့သို့ပင် ထိုမြူခိုးသက်ရောက်သည့်နေရာအတွင်းသို့ ရောက်ရှိသည်နှင့်တပြိုင်နက် အညှို့ခံ၊ အလှည့်စားခံရမည်ဖြစ်သည်။

ဆယ်နှစ်ကျော်ကြာအောင် မကောင်းမှုများကို ကျူးလွန်လာပြီး အလောင်းများ ရောင်းချနေခဲ့သော သင်္ချိုင်းဖောက်သူအနေဖြင့် ဝယ်ယူသူ ရွေးချယ်ထားသော အလောင်းအား ရုတ်တရက် မုဒိမ်းကျင့်သည်ဆိုသည်မှာ မဖြစ်နိုင်ပေ။

မူလကတည်းက အမုန်းတရားများဖြင့် ပြည့်နေသော သမီးကြီး၏အလောင်းအား အိမ်ထဲ၌ ထိန်းသိမ်းထားချိန်တွင် ထိုနေအိမ်သည် ကြိုတင်ပြင်ဆင်ထားသည့် အိမ်တစ်လုံးဖြစ်နေလိမ့်မည်။

ထိုသို့အိမ်မျိုးတွင် ကြောင်နက်တစ်ကောင်က ရုတ်တရက်ပေါ်လာပြီး အလောင်းပေါ်သို့ ခုန်ချသွားခဲ့ခြင်းကြောင့် အလောင်းကောင်က မကောင်းဆိုးဝါးဖြစ်လာခဲ့ပြီးနောက် တစ်ရွာလုံးအား သတ်ဖြတ်စေခဲ့သည်။

ထိုကြောင်နက်သည် အဘယ်နေရာမှ လာခဲ့ခြင်းဖြစ်မည်နည်း?

သူမသည်က အမုန်းတရား၏ လွှမ်းမိုးမှုခံလိုက်ရချိန်တွင် အတိတ်မေ့သွားသည့်အလား စိတ်အမှောင်ဖုံးသွားခဲ့ပြီး အပြစ်မရှိသော ကလေးငယ်များကိုပင် သတ်ဖြတ်ပစ်ခဲ့သည်အထိ ခံစားချက်မဲ့သွားသည်လော?

ထိုအဖြစ်ဆိုးများ၏ နောက်ကွယ်တွင် မမြင်နိုင်သည့် လက်တစ်စုံမှ ကြိုးကိုင်နေခဲ့သည်။

သမီးကြီး၏ ခန္ဓာကိုယ်မှ အနက်ရောင်မြုခိုးအနည်းငယ်အား ဆွဲထုတ်လိုက်နိုင်ချိန်တွင် ဤအမျိုးသမီးတစ္ဆေသည်က အသုံးချခံ လက်နက်တစ်ခုသာ ဖြစ်ကြောင်း သူမသေချာသွားခဲ့သည်။

သူမ ကြုံတွေ့ခဲ့ရသော အဖြစ်ဆိုး၊ သူမ၏ အမုန်းတရား၊ အသိစိတ်လွတ်သွားခြင်း၊ လက်စားချေခြင်းအားလုံးတို့သည် ကြိုတင် အကွက်ချပြင်ဆင်ထားသည့် အရာများသာလျှင် ဖြစ်နေခဲ့ပေသည်။

ကုကျစ်စုန့်၏ စကားကို နားထောင်ပြီးနောက် သမီးကြီးက တစ်စုံတစ်ခုအား ခပ်ရေးရေးသဘောပေါက်သွားခဲ့သည်။

သို့သော် အဖြစ်မှန်ကို လက်မခံနိုင်ခဲ့ပေ။ လက်လည်း မခံရဲခဲ့ပေ။

အမှန်တရားသည်က သူမထင်ထားသည်ထက် ပို၍ရက်စက်နေလိမ့်မည်ဟု မယုံကြည်ချင်ခဲ့ပေ။

“ရှင်က အသုံးချခံခဲ့ရတာပဲ၊ လက်စားချေဖို့အတွက်နဲ့ ရှင့်ရဲ့ အငြိုးတရားကို ရှေ့တန်းတင်ပြီးတော့ တစ်ရွာလုံးကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ်၊

ဒါတွေလုပ်ပြီးတော့ ရှင် ဘာရလိုက်လဲ? အငြိုးတရား‌တွေ ပိုများလာပြီးတော့ သတ်ဖြတ်ခြင်းရဲ့ အကုသိုလ်တွေနဲ့၊ ရှောင်လွှဲလို့မရတဲ့ ကောင်းကင်ဘုံက အပြစ်ပေးခြင်းကိုပဲ ရလာခဲ့တယ်”

ထိုအချက်တင်မက၊ သူမ ရွာသို့လာသည့်လမ်းတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များ၊ သူမ ရုတ်တရက် မသေဆုံးမှီ ကြုံတွေ့ခဲ့ရခြင်းတို့သည်လည်း ထူးဆန်းနေခဲ့သည်။

“သေပြီးတဲ့နောက်မှာ အဲဒီရွာသားတွေရဲ့ ပျောက်သွားတဲ့ ဝိဉာဉ်တွေက ဒီကိစ္စတွေရဲ့ နောက်ကွယ်က တကယ့်ကြိုးကိုင်သူရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရတာပဲ”

အမျိုးသမီးတစ္ဆေက သူမအား မယုံကြည်ချင်မှန်းသိသောကြောင့် ကုကျစ်စုန့် မေးလိုက်သည်။

“ရှင်နဲ့ မြေအောက်ကမ္ဘာမှာ လက်ထပ်ရမယ့် သားရဲ့ မိသားစုနာမည်ကို သိလား?”

ခေတ္တမျှ တိတ်နေခဲ့ပြီးနောက် သူမ ခေါင်းညိတ်ခဲ့သည်။

‘မိုးမြေကန်တော့ခြင်းပွဲ’တွင် အစားထိုးအနေဖြင့်ကြက်ဖအား အသုံးပြုခဲ့သည့် သူမနှင့် လက်ထပ်ရမည့်သူမှာ ရွာသူကြီး၏ သားဖြစ်ပေသည်။ ထိုနေရာတွင် ငယ်ငယ်ရွယ်ရွယ် သေဆုံးသွားသော သတို့သားဖြစ်သူ၏ ‘ဓာတ်ပုံ’ရှိနေခဲ့သည်။

သို့သော် ထိုဓာတ်ပုံပေါ်တွင် သူ၏ နာမည်နှင့် မွေးနေ့တို့ပါဝင်ပြီး ဓာတ်ပုံအား တူဖြစ်သူမှ ကိုင်ဆိုင်ထားခဲ့ခြင်းဖြစ်ပေသည်။

ထိုအချိန်တွင် မုန်းတီးစွာ လေပေါ်တွင် ဝဲပျံနေခဲ့သော သမီးကြီးသည်က အောက်မှ ဖြစ်ပျက်နေသော အရာအားလုံးကို လိုက်ကြည့်နေခဲ့သောကြောင့် ဓာတ်ပုံပေါ်မှ စာများကိုလည်း မြင်တွေ့ခဲ့ရသည်။

သူမက ‘တစ္ဆေလက်ဆက်ခြင်း’မှ သတို့သား၏ နာမည်အပြင် ထျန်ယွင်ရွာသူကြီး၏ မျိုးရိုးနာမည်ကိုလည်း ပြောပြခဲ့သည်။

ကုကျစ်စုန့် ‘ဝိဉာဉ်စာအုပ်’အား ဆင့်ခေါ်လိုက်ပြီးနောက် ထိုရွာသူကြီး၏ ဝိဉာဉ်က မြေအောက်ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ရသည်။

သူမ၏ ခန့်မှန်းချက်မှန်ကန်မည်ဆိုပါက ထျန်ယွင်ကျေးရွာထဲ၌ သေဆုံးခဲ့ရပြီး မြေအောက်ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိသော ဝိဉာဉ်များမှာ တိတ်တဆိတ် ဝါးမျိုခံလိုက်ရခြင်းပင်ဖြစ်ပေမည်။

သက်သေက မျက်စိရှေ့တွင် ရှိနေသောကြောင့် အမျိုးသမီးတစ္ဆေက အမှန်တရားအား ရွေးချယ်စရာမရှိဘဲ လက်ခံရတော့သည်။

သူမ၏ ပိန်လှီနေသာ ဝိဉာဉ်သည်က ပြင်းထန်သည့် ခံစားချက်အပြောင်းအလဲတို့ကြောင့် နာကျင်နေခဲ့ပြီး မျက်ဝန်းအစုံမှာလည်း သွေးအလား ချင်းချင်းနီနေခဲ့သည်။

အဖြစ်မှန်တို့ ပေါ်ပေါက်လာပြီးနောက် အဖြစ်မှန်ကို ကြားလိုက်ရသည့်တစ္ဆေတိုင်း သက်ပြင်းချမိကြသည်။

အမျိုးသမီးတစ္ဆေတွင် ဖြစ်ပျက်ခဲ့သမျှ အဖြစ်ဆိုးများသည်က အနက်ရောင်မြုခိုး၏ လက်ချက်ပင်။

ရွာသားများအား သူမ၏လက်ဖြင့် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ခြင်းကြောင့် အနက်ရောင်မြူခိုးအတွက် ဝိဉာဉ်ပေါင်းများစွာ စုဆောင်းပေးလိုက်သကဲ့သို့ပင်ဖြစ်ခဲ့သည်။သူမ၏အဖြစ်မှာ ရန်သူအတွက် အလုပ်,လုပ်ပေးနေသကဲ့သို့ဖြစ်ကာ ရှောင်လွှဲ၍ မရနိုင်သော ကောင်းကင်ဘုံ၏ အပြစ်ဒဏ်ကိုသာလျှင် သူမအတွက် ပြန်လည်ရရှိခဲ့သည်။

သရဲတစ္ဆေများအကြားမှာပင် သူမကြုံတွေ့ခဲ့ရသည်များကြောင့် သနားစွာစုတ်သပ်မိကြသူများရှိပြီး တချို့မှာ သူမ၏ ဆိုးဝါးသော စိတ်အခြေအနေသည်က အနက်ရောင်မြူခိုးကြောင့် ဖြစ်ရသည့်အတွက် အပြစ်ဒဏ်လျော့ပေါ့ပေးရန်ပင် တောင်းဆိုပေးနေခဲ့ကြသည်။

သို့သော် ကုကျစ်စုန့်က လက်တွင် ကိုင်ထားသည့် မက်မွန်သားဓားရှည်ကိုလည်း မချသကဲ့သို့၊ သူမကိုယ်အနီးမှ ချီစွမ်းအင်ကိုလည်း မလျှော့ခဲ့ပေ။

“ရှင်တွေ့ကြုံခဲ့ရတာတွေက တကယ်ကို မဖြစ်သင့်တဲ့အရာတွေဆိုတာကို ကျွန်မမငြင်းဘူး

ဒါပေမဲ့ ရှင် ကျုးလွန်ခဲ့တဲ့ အပြစ်ဒဏ်တွေက ကြီးမားလွန်းတယ်”

“လူသေတွေကို ရောင်းချဝယ်ယူတဲ့ သင်္ချိုင်းဖောက်သူတွေ၊ သူ့ရဲ့ဖောက်သည်တွေမှာလည်း အပြစ်ရှိတာမှန်တယ်

ဒါပေမယ့် ရှင်က အပြစ်မရှိတဲ့ ရွာသားတွေကိုသတ်ပစ်ခဲ့ပြီး ပြဿနာနဲ့ မသက်ဆိုင်တဲ့ တောက်ကျန့်တွေကိုပါ ချုပ်နှောင်၊ ဝါးမျိုထားတယ်

သူတို့တွေကျတော့ရော? သူတို့ခံစားခဲ့ရတဲ့ မတရားမှုတွေကို ဘယ်သူ့ဆီမှာ သွားပြီး အသနားခံရမှာလဲ?”

“အဲဒီအပြစ်တွေကတော့ ဘယ်လိုမှ ခွင့်လွှတ်လို့မရနိုင်ဘူး၊ ရှင် အပြစ်ကြွေးကို ဆပ်ရလိမ့်မယ်”

ကုကျစ်စုန့် ခေတ္တရပ်လိုက်ပြီးနောက် ဆက်ပြောသည်။

“ကျွန်မနဲ့အတူတူ မြေအောက်ကမ္ဘာကို လိုက်ခဲ့ပြီး အပြစ်ကို ဝန်ခံလိုက်ပါ၊ ဒါက ရှင့်အတွက် အသက်ရှင်နိုင်မဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ”

သူမ စကားဆုံးသည်နှင့်တပြိုင်နက် လက်တွင်း ကိုင်ဆောင်ထားသော သစ်သားဓားရှည်ထံမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာခဲ့သည်။

အမျိုးသမီးတစ္ဆေက သူမအား ရူးသွပ်နေသည့်အလား စိုက်ကြည့်လိုက်ပြီး ခန္ဓာကိုယ်တွင်းမှ မိစ္ဆာစွမ်းအင်များလည်း ထွက်ပေါ်လာခဲ့သည်။

“ငါ့အပြစ်တွေက ကြီးတော့ရော ဘာဖြစ်လဲ? ဟိုခွေးတိရိစ္ဆာန်မိသားစုတွေ ဝဋ်လည်တာကို ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ရရင် ကျေနပ်ပြီ!

ငါ ဒီအခြေအနေထိတောင် ခံစားခဲ့ရပြီးပြီ၊ ဝေဒနာတွေ၊ နှိပ်စက်မှုတွေ၊ အရှက်သိက္ခာတွေ စော်ကားခံခဲ့ရတာတွေလည်း မနည်းတော့ဘူး

ငါ ငရဲမှာ ပြာကျသွားမယ်ဆိုရင်တောင် သူတို့ကိုပါ ငါနဲ့အပါ ခေါ်သွားမှာပဲ!”

“ယုံကြည်မှုချင်းမတူတဲ့လူတွေက လက်တွဲလုပ်လို့မရဘူး၊ ငါ့လမ်းမှာ လာပိတ်နေတဲ့သူတွေအကုန် သေကြစမ်း!”

အငြိုးတရားများနှင့် ပြည့်နှက်နေသည့် အမျိုးသမီးတစ္ဆေအတွက်တော့ အတားအဆီးကို ဖျက်ဆီး၍ ရက်စက်ယုတ်မာလွန်းသော ရှောင်မိသားစုအား လက်စားချေရန်အတွက်သာ ခေါင်းထဲတွင်ရှိနေသည်။

ထိုရည်ရွယ်ချက်အတွက်လည်း သူမသည်က အနက်ရောင်မြူခိုး၏ စိုးမိုးခြင်းခံခဲ့ရပြီး ပြစ်မှုပေါင်းများစွာလည်း ကျုးလွန်ခဲ့မိသည်။

သူမက အသိစိတ်ပင် လွတ်သွားခဲ့ပေပြီ။

‘ရှောင်မိသားစုအား သတ်ဖြတ်ရန်’ဆိုသော အချက်သည်က သူမ၏ရင်ထဲမှ တစ်ခုတည်းသော အစွဲအလမ်းဖြစ်လာခဲ့သည်။

ထိုရည်ရွယ်ချက်ကိုပါ လက်လျှော့လိုက်ရမည်ဆိုပါလျှင် သူမ ခံစားခဲ့ရသမျှ ဝေဒနာများ၊ နာကျင်မှုများ၊ သူမ သတ်ဖြတ်ခဲ့သော အပြစ်မဲ့လူများ၊ သူမကျုးလွန်ခဲ့သော အပြစ်များအားလုံးသည် အဓိပ္ပာယ်မရှိသည့် ဟာသများဖြစ်သွားမည်မဟုတ်ပါလော။

သူမက ကုကျစ်စုန့် သူမကို ဆက်လက်တိုက်တွန်းလိမ့်ဦးမည်ဟု ထင်လိုက်မိပြီး သူမ၏ ပိန်လှီသော ခန္ဓာကိုယ်သည် အနီးအနားမှ အနီရောင်မင်္ဂလာဝေါယာဉ်ထံသို့ ခုန်အုပ်လိုက်သည်။

သူမ၏လက်သည်းများက ငါးမျှားချိတ်များကဲ့သို့ ချွန်မြိနေပြီး ယန်ချန်၏ လည်ပင်းအား ထိုလက်သည်းများနှင့် ကုတ်ခြစ်ကာ ဝိဉာဉ်ကိုနှုတ်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ကြိုတင်ပြင်ဆင်ထားသည့် ကုကျစ်စုန့်သည်လည်း ဓားရှည်ကို မြှောက်ကာ သမီးကြီး၏ တိုက်ခိုက်မှုအား ကာကွယ်ပေးလိုက်လေသည်။

သူမအနေဖြင့် မင်္ဂလာဝေါယာဉ်အတွင်း ရှိနေသော ယန်ချန် ထိခိုက်မည်၊ မသက်မသာဖြစ်မည်ကို စိတ်ထဲတွင် မထားခဲ့ချေ။

သူမက ဝေါယာဉ်အရှေ့မှ လူထမ်းပိုးသည့်နေရာကို ကန်ကျောက်လိုက်သောကြောင့် မင်္ဂလာဝေါယာဉ်မှာ မီတာအနည်းငယ်ခန့် လိမ့်ထွက်သွားခဲ့သည်။

သူမသည်က တောက်ဓမ္မလမ်းစဉ်၏ ဖြောင့်မတ်တည်ကြည်မှုကို လက်ကိုင်ထားသူဖြစ်သောကြောင့် သရဲတစ္ဆေများအတွက်တော့ သဘာဝရန်သူပင်ဖြစ်သည်။

မြေအောက်ကမ္ဘာမှ တစ္ဆေများသည်လည်း သူမ၏အနီးသို့ ကပ်လာပါက အလွယ်တကူ ထိခိုက်နိုင်သည်။

အသိစိတ်လွတ်သွားပြီဖြစ်သော အမျိုးသမီးတစ္ဆေမှာတော့ အငြိုးအတေးများပြားလွန်းသော တစ္ဆေကြီးတစ်ကောင်ဖြစ်နေခဲ့သည်။

သူမ၏လက်ထဲသို့ ကျရောက်သည့် မည်သူမဆို တစစီ ဆွဲဆုတ်ခြင်းခံရပေလိမ့်မည်။

သူတို့နှစ်ဦး၏ တိုက်ပွဲတွင် မထိခိုက်စေရန်အတွက် ပွဲကြည့်လာကြသော သရဲတစ္ဆေများလည်း မီတာတစ်ရာခန့် နောက်ဆုတ်သွားကြသည်။

မြေအောက်ကမ္ဘာဖုန်းပါလာသည့် သရဲတစ္ဆေများလည်း ဖုန်းကိုထုတ်၍ ဓာတ်ပုံများရိုက်ကာ မြေအောက်ကမ္ဘာ၏ မျက်လုံးကြီးကောင်လေးအကောင့်များတွင် အသီးသီး ပို့စ်တင်နေခဲ့ကြသည်။

သတင်းထွက်လာသည်နှင့်တပြိုင်နက် အင်တာနက်ပေါ်မှ သရဲတစ္ဆေများလည်း အကြိတ်အနယ်ဆွေးနွေးလာခဲ့ကြလေသည်။

သရဲတစ်ဝက်ခန့်သည်က ယန်ချန်မည်သို့ပုံစံရှိကြောင်း သိချင်နေကြပြီး သူသည်က မည်သူဖြစ်ကြောင်းကို စိတ်ဝင်စားနေခဲ့ကြသည်။

ကျန်တစ်ဝက်ကတော့ အလောင်းအစားလုပ်နေခဲ့ကြသည်။ကုကျစ်စုန့် အနိုင်ရလိမ့်မည်ဟု လောင်းကြသည့်အရေအတွက်မှာ ချက်ချင်း ထိုးတက်လာခဲ့ပြီး မိနစ်အနည်းငယ်အတွင်းမှာပင် တစ်သန်းမှ ဆယ်သန်းအထိ တက်လာပြီဖြစ်ကာ ဆက်၍လည်း တိုးလာနေဆဲပင်။

All Chapters