← Chapters

အခန်း (၁၀၅၆-၁၀၆၀)

Vol. 60 Ch. 1056-1060

အခန်း (၁၀၅၆-၁၀၆၀)

Vol. 60 Ch. 1056-1060

အပိုင်း (1056)

”ပစ်”

”ပစ်”

”ပစ်”

ချန်းမင်း၏ မျက်ဝန်းများက ခိုင်မာတည်ကြည်ကာ ဆုံးဖြတ်ချက် ပြတ်သားနေသလို သူ၏ဓားကိုလည်း အောက်ဘက်သို့ ဆက်တိုက်ဆိုသလို ပိုင်းချနေခဲ့သည်။ တစ်သုတ်ပြီးတစ်သုတ် ပစ်ခတ်နေသော်လည်း ပစ်ခတ်မှုတိုင်းက အကောင်းဆုံးသော ရှုထောင့်နှင့်နေရာကို တွက်ချက်ထားပြီးသား ဖြစ်နေသည်။ သူ့ကို တုဝူစစ်လီက ဓားစာခံအဖြစ် ဖမ်းသွားခဲ့ပြီးနောက်ပိုင်း ချန်းပင်ဟာ လူသစ်တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ သူက ပို၍ အင်အားကြီးမားလာသည်။ ထို့ကြောင့် မြင့်တက်လာသည့် ဗိုလ်ချုပ်တစ်ယောက်အလား ဖြစ်လာလေသည်။

သူ့တွင် လက်နက်ကြီးစစ်သည် တစ်ထောင်သာ ရှိသော်လည်း သူ၏အမိန့်အောက်တွင် ထိုလူများက ခြားနားသော အဆင့်တွင် ရှိနေသည့် အင်အားမျိုးကို ထုတ်ပြနိုင်သွားသည်။

ဟီး ဟီး။

အာရပ်မြင်းတပ်ဖွဲ့အတန်း တစ်တန်းပြီးတစ်တန်းလဲကျနေသည်။ သို့သော် ကြောက်မက်ဖွယ်ကောင်းသည့် အလုံးအရင်းနှင့် သတ်ဖြတ်မှုက မရပ်တန့်သွားခဲ့ချေ။ လက်နက်ကြီးများက ပစ်ခတ်လေလေ မရေမတွက်နိုင်သော အာရပ် မြင်းတပ်ဖွဲ့ဝင်များက အော်ဟစ်ကာ ဒေါသတကြီး ဖြစ်နေသော မုန်တိုင်းများကို ထုတ်လွှတ်လျက် ထန်ဒိုင်းကာသမားများကို တိုက်ခိုက်လေလေ ဖြစ်သည်။

ဘန်း ဘန်း ဘန်း။

သတ္ထုချင်း ထိခတ်သံက ကျယ်လွန်းသဖြင့် နားစည်ကိုပင် ပေါက်မတတ် ဖြစ်စေသည်။

”သတ်”

”ဒီရမ်းကားတဲ့ကောင်တွေအားလုံးကို သတ်စမ်းပါ”

မြေကမ္ဘာက တုန်ဟီးနေရင်း အေးစက်သော အလင်းများက မည်းမှောင်နေသော ကောင်းကင်အောက်တွင် ဆက်တိုက်လင်းလျက် ရှိနေသည်။ ကောင်းကင်မှသာ ငုံ့ကြည့်လိုက်မည်ဆိုလျှင် မျက်စိတစ်ဆုံး မြင်နိုင်သမျှက ပင်လယ်သမုဒ္ဒရာကြီးတမျှ ကျယ်ပြောသော အာရပ်မြင်းတပ်အဖွဲ့ဝင်များ ဖြစ်သည်။ ထို့အပြင် တိုက်ခိုက်နေသော အသံများ၊ လက်နက်ချင်း ထိခတ်သံများကိုလည်း ကျယ်လောင်စွာ ကြားနေရသေးသည်။

ဘန်း။

စစ်မြင်းတစ်ကောင်၏ ဟီသံက ထွက်လာပြီးနောက် သတ္ထုမြင်းခွာများက တောက်ပစွာ ထွက်ပေါ်လာလျက် ကြီးမားသော ဒိုင်းကာပေါ် စောင့်နင်းသည်။

ဘုန်း။

သတ္ထုချင်း ထိခတ်သံနှင့်အတူ ဒိုင်းကြီးက တုန်ခါသွားပြီး အတွင်းသို့ အနည်းငယ် ချိုင့်ဝင်သွားသည်။ ဒိုင်းကာအနောက်မှ စစ်သားကလည်း နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။ ထိုမျှအထိ သက်ရောက်မှုက ပြင်းထန်သည်။ ထို့အပြင် သူ၏ ရင်ဘတ်အတွင်းရှိ သွေးနှင့် စွမ်းအင်များက လိမ့်တက်လာပြီး ပါးစပ်ထောင့်သို့ စီးကျမတတ် ဖြစ်လာသည်။

ထိုစစ်သားများက ပထမဦးဆုံးအကြိမ် တိုက်ခိုက်ခြင်း မဟုတ်ပေ။ သို့သော် အာရပ်မြင်းတပ်ဖွဲ့၏ ဒီတစ်ဖွဲ့ကမူ ရှင်းလင်းစွာပင် သူတို့ရင်ဆိုင်ခဲ့ဖူးသော မည်သည့်အင်အားစုထက်မဆို အင်အားကြီးမားလွန်းနေခဲ့သည်။

ဝေါင်း။

ထန်ဒိုင်းကာသမားတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်သည်။ သူ၏နဖူးက ဖောင်းတက်လာသလို သူဟာ ရှေ့သို့ ငုံ့ကိုင်းလိုက်သည်။ သူ၏ ညာခြေထောက်ကိုလည်း ခပ်တင်းတင်းဖိရင်း နဖူးကို ရှေ့သို့ ခပ်တင်းတင်း ကပ်ထားလိုက်သည်။ သူ၏ တစ်ကိုယ်လုံးက ကြွက်သားများဖြင့် တောင့်တင်းနေသည်။

ဘုန်း ဘုန်း ဘုန်း။

ထိုဒိုင်းကာသမားက ကြိုတင်ပြင်ဆင်မှု ပြီးသွားသည့် အခိုက်အတန့်တွင် ထန်မြင်းတပ်စစ်သည်တော်တစ်ယောက်က သူ၏ ဒိုင်းကို တိုက်ခိုက်လာသည်။

ထိုစစ်သား၏ ကိုယ်ထည်က တစ်ဖက်မှ တိုက်ခိုက်မှုတိုင်းနှင့်အတူ တုံ့ပြန်ကာ တုန်ယင်နေလေရင်း ဒဏ်ရာပေါင်းများစွာကို ရရှိလာသည်။ သူ၏ ခြေထောက်အောက်တွင် ခုခံခြင်းချီစက်ကွင်း၊ ကြံ့ခိုင်ခြင်း ချီစက်ကွင်း၊ ခံတပ်ချီစက်ကွင်းများ အားလုံး ရှိနေသည့်တိုင် ချီစက်ကွင်းများက လေတိုက်ရာနယ်မြေတွင် ရှိနေသော ဖယောင်းတိုင်များအလား မှိတ်တုပ် မှိတ်တုပ် ဖြစ်နေသည်။ သို့သော် ထိုစစ်သားကမူ အံကို ဆက်တိုက်ကြိတ်ထားပြီး တောင့်ခံထားသေးသည်။

ထိုအခြေအနေအထိ တောင့်ခံလာပြီးသော မည်သူကမှ အားနည်းသူ မဟုတ်တော့ချေ။ သူတို့၏ ပြိုင်ဘက်များက အင်အားကြီးမားလာသည့်တိုင်အောင် ကျွမ်းကျင်သူများ ဖြစ်လာသည့် ထိုဒိုင်းကာသမားများကလည်း ကျယ်ပြောသော အတွေ့အကြုံများအပေါ် မှီခိုပြီး တိုက်ခိုက်မှု မုန်တိုင်းကို ခပ်မြန်မြန် တောင့်ခံနိုင်ကြသည်။

”သတ်”

တစ်ချိန်တည်းလိုလို ပထမခုခံရေး အားလှိုင်း၏ တခြားတစ်နေရာမှ အော်သံထွက်လာသည်။ ထိုနေရာတွင် အာရပ်မြင်းတပ်အဖွဲ့ဝင် ထောင်ပေါင်းများစွာက အော်ဟစ်လျက် အပြည့်အဝ တိုက်ခိုက်ရန် ချီတက်လာကြသည်။ ချွီထေပါးက မြောက်ပိုင်းမှ ခေါ်လာသော ထိုစစ်သည်တော်များ အားလုံးက မယုံနိုင်စရာကောင်းသည့် အင်အားမျိုးကို ပိုင်ဆိုင်ထားကြသည်။ ဝမ်ယန်၏ မည်သည့်အခြေအနေမျိုးကိုမဆို လိုက်လျောညီထွေဖြစ်စွာနေနိုင်သော စိတ်နေစိတ်ထားမျိုးကို ပိုင်ဆိုင်ထားသည့် ကျွမ်းကျင်သော ခြေလျင်တပ်ဖွဲ့ဝင်များက အပုမူစလင်၏ စစ်တပ်ကိုပင် စစ်တပ်ကိုပင် မကျော်ဖြတ်နိုင်အောင် တားမြစ်နိုင်ခဲ့သည့်တိုင် ယခုအခြေအနေမျိုးတွင်မူ အစစ်အမှန်ပြိုင်ဘက်က်ို ရင်ဆိုင်နေရသလို ခံစားလာရပြီဖြစ်သည်။

ဘုန်း။

သတ္ထုချင်း ထိကပ်သံ အလန့်တကြားအော်သံတစ်ချက်နှင့်အတူ ဝမ်ယန်၏ ခြေလျင်တက် ဝင်္ကပါအတွင်းမှ ဒိုင်းကာသမားတစ်ယောက်က နောက်တန်းသို့ ဒိုင်းနှင့်အတူ လွင့်ထွက်သွားသည်။ ထိုနေရာတွင် အဟကြား ရုတ်တရက် ပေါ်လာသည်။

”ချီတက်”

လခြမ်းကွေး ရှေ့ပြေးတပ်မှ လက်ရွေးစင်များက ချက်ချင်းဆိုသလို ထိုအခြေအနေကို သတိထားမိလိုက်ပြီး သူတို့၏ မျက်ဝန်းက တောက်ပသွားသည်။ လခြမ်းကွေး ရှေ့ပြေးတပ်၏ အဆင့်မြင့်အဆင့် စစ်သည်တော်သုံးယောက်က သူတို့၏ ဦးတည်ရာဘက်ကို ရုတ်တရက် ပြောင်းလိုက်ပြီး သုံးဘက်လုံးမှတစ်ဆင့် ထို အဟကြားနေရာသို့ ချီတက်သွားကြသည်။ သူတို့၏ အနောက်ဘက်တွင်လည်း လခြမ်းကွေး ရှေ့ပြေးတပ်၊ တခြားသော မြင်းတပ်အဖွဲ့ဝင်များအားလုံးက ထိုအဟကြားနေရာကို သတိထားမိသွားကြသဖြင့် ခပ်မြန်မြန် စုဝေးလာကြသည်။ သူတို့က မြားဝင်္ကပါကို ယူပြီး ဒိုင်းကာသမားများကို တစ်ယောက်ပြီးတစ်ယောက် လွင့်ထွက်သွားအောင် စတင်ကာ ကြိုးစားကြလေသည်။

ချွီထေပါး၏ စစ်တပ်မှ ရှေ့ပြေးတပ် အဖွဲ့အဝင်တိုင်းက အတွေ့အကြုံရင့်သောလူများ ဖြစ်ကြသလို ကျွမ်းကျင်သမားများ ဖြစ်နေကြသည်။ လခြမ်းကွေး ရှေ့ပြေးတပ်မှ စစ်သည်တော်တိုင်းက အလွန်အမင်း ကောင်းမွန်စွာ လေ့ကျင့်ပေးခံထားရသည်။ ယခုလိုမျိုး စိတ်လွတ်၍မရသည့် တိုက်ပွဲနယ်မြေမျိုးတွင် စစ်သည်တော်တစ်ယောက်ချင်းစီတိုင်းက ရန်သူ၏ ဝင်္ကပါအတွင်းမှ ဟာကွက်ကို ချက်ချင်း သတိထားမိနိုင်သလို ခပ်မြန်မြန် စုစည်းကာ တိုက်ခိုက်နိုင်ကြခြင်းက လေးစားဖွယ်ကောင်းသော အခြေအနေမျိုးလည်း ဖြစ်သည်။

ထိုအချက်ကြောင့်လည်း ချွီထေပါးက လခြမ်းကွေး ရှေ့ပြေးတပ်ကို အရင်ဦးဆုံး တိုက်ခိုက်ကာ ရန်သူ၏ ခုခံရေးအားလှိုင်းကို စုတ်ဖြဲခိုင်းခြင်းဖြစ်သည်။

ဝုန်း။

ဝမ်ယန်၏ မျက်လုံးက ထိုမြင်ကွင်းကြောင့် ပြုံးသွားသည်။ ဒါဟာ ပထမအားလှိုင်းမျှသာ ဖြစ်သော်လည်း ဝမ်ယန်၏ စစ်သားများကမူ ပြင်းထန်သည့် ဖိအားကို ခံစားလိုက်ရသည်။ ဒီအသစ်ရောက်လာသည့် အာရပ်အင်အားစုက ယခင်တစ်ဖွဲ့နှင့် ခြားနားသည်။ သူတို့က ပို၍ အရိုင်းဆန်ပြီး အင်အားကြီးမားကြသည်။

”ဒုတိယတစ်တန်း”

”ချွင်”

အနည်းငယ်ပင် တုံ့ဆိုင်းခြင်း မရှိဘဲ ဝမ်ယန်က သူ၏ဓားကို ဆွဲထုတ်လိုက်ကာ အမိန့်ကို ပေးသည်။ သူ၏ မျက်နှာထားက အလွန်ပင် တင်းမာသွားသည်။ သူဟာ အာရပ်မြင်းတပ်၏ အရှေ့တွင် အနည်းငယ်ပင် သတိမလွတ်ရဲချေ။

ဝမ်ယန်က အမိန့်ထုတ်ပြီး သိပ်မကြာခင် ဒုတိယတန်းမှ အော်သံထွက်လာသည်။

”ဝါး ငါလုပ်မယ်”

အရပ်ရှည်ရှည်နှင့် တောင့်တင်းသန်မာသော ဒိုင်းကာသမားတစ်ယောက်က သူ၏ လှံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ သူ၏ခန္ဓာကိုယ်ကို ကျားတစ်ကောင် ဝပ်လိုက်သကဲ့သို့ အောက်သို့ နှိမ့်ချလိုက်ပြီး ရှေ့သို့ ခုန်ထွက်လိုက်သည်။

ဝုန်း။

ဒိုင်းက တစ်ဖက်မှ အရှေ့သို့ ချီတက်ရန် ကြိုးစားနေသည့် လခြမ်းကွေးအစောင့်တစ်ယောက်ကို ထိုဒိုင်းက သွားထိသည်။ ပြင်းထန်လွန်းသည့် သက်ရောက်အားက ထိုလူစီးနင်းလာသော အောက်ဘက်ရှိ မြင်းကို ထိမှန်သွားလေပြီး လူနှင့်မြင်းကို လွင့်ထွက်သွားစေလိုက်သည်။

”အနောက်တိုင်းသား လူထွားကောင်၊ ဒီနေရာက ထွက်သွားစမ်း”

ထိုဒိုင်းကာသမားက ဒေါသတကြီး အော်ဟစ်လိုက်သလို သူ၏ ဒိုင်းကို နောက်သို့ ခပ်မြန်မြန် ပြန်ဆုတ်ပြီး တစ်ဖက်မှ လခြမ်းကွေးရှေ့ပြေးတပ် အဖွဲ့ဝင်သုံးယောက်ခန့်ကို လွင့်ထွက်သွားစေလိုက်သည်။ သတိလက်လွတ်ဖြစ်သွားသော ထိုမြင်းတပ်သမား ၃ယောက်ကလည်း ပထမတစ်ယောက်နည်းတူ လွင့်ထွက်သွားသည်။ သူတို့ကို လက်နက်ကြီးကပင် ပစ်လိုက်ပြီဟုပင် ခံစားလိုက်ရ၏။ ပြင်းထန်လွန်းသော ဟန်ချက်မညီမှု၊ သက်ရောက်မှုအားက ထိုလူထဲမှ တစ်ယောက်ကို မြင်းပေါ်မှ ပြုတ်ကျသွားစေသည်။

”ငါ့ရဲ့လမ်းက ဖယ်စမ်း”

ထောင်ထောင်မောင်းမောင်း သန်သန်မာမာနှင့် ဒိုင်းကာသမားက သူ၏ဒိုင်းကြီးကို လေထဲသို့ မြောက်အောက်မြှောက်လိုက်ပြီး မြေပြင်သို့ တစ်ဖန်ပြန်လည် ထိုးချသည်။ သူ၏ ခန္ဓာကိုယ်က အရှေ့သို့ ငုံ့ကိုင်းသွားပြီးနောက် ခြေထောက်များကို ချဲလိုက်သည်။ ထိုသို့ ချဲလိုက်သည့် အခိုက်အတန့်တွင် တင်းရာပေါင်းများစွာ လေးလံသော ထိုသံမဏိဒိုင်းကြီးကို သူက မြေကြီးထဲသို့ အမိအရ ထိုးစိုက်လျက် အဟကြားနေရာကို ချိတ်ပိတ်လိုက်လေသည်။

ဒိုင်းအစောင့်.....

ဝမ်ယန်သည် ဝမ်ဂလန်၏ စစ်တိုက်ခိုက်သည့်ပုံစံကို အမွေဆက်ခံနိုင်ခဲ့သည်။ ထို့ကြောင့် သူလုပ်သမျှအရာ အားလုံးက အုပ်ချုပ်ရန်၊ စည်းမျဥ်းထုတ်ရန်၊ စည်းကမ်းတေဝတ်စွာ လှုပ်ရှားရန်ဖြစ်သည်။ ခြေလျင်တပ်ဝင်္ကပါတိုင်းက ခံတပ်အလား ရှိနေရသည်။ ခံတပ်များဟာ သူတို့၏ ခုခံရေး အားလှိုင်းကို စစ်သည်တော်တစ်ယောက်ထဲထံ ပုံအပ်ထားလိမ့်မည် မဟုတ်ချေ။ ထို့အစား အလွှာအထပ်ထပ်ဖြင့် ခုခံမွမ်းမံထားရသည်။ မည်သည့်နေရာတွင်မဆို အဟကြားကြီး ပေါ်ထွက်လာသည့်နှင့် နောက်တန်းမှ ခြေလျင်တပ်ဖွဲ့ဝင်များက ချက်ချင်း ရှေ့သို့ပြေးကာ ပိတ်ရသည်။

ယခုပုံစံအတိုင်း စစ်တပ်တစ်ခုလုံးက ခံတပ်ပုံသဏ္ဍာန်ကဲ့သို့ တည်ရှိနေလေရာ ဘယ်သောအခါမှ ပြိုလဲလိမ့်မည် မဟုတ်ချေ။ ထိုအနေအထားဟာလည်း ခြေလျင်တပ်များက အုပ်စိုးနိုင်လောက်အောင် ကြိုးကိုင်နိုင်စွမ်းအား ရှိလာစေသည့် အားသာချက်ဖြစ်သည်။

ထိုနယ်ပယ်ဘက်မှ ကြည့်သော် ဝမ်ယန်၏ အမိန့်ပေးမှုအောက်မှ ထိုစစ်သားများက တိုက်ပွဲနေရာကို ကျော်ဖြတ်ခဲ့ပြီးသော စစ်သားများဖြစ်ကြောင်း သက်သေပြသွားနိုင်သည်။ ပို၍ဆိုးသည်မှာ ဝမ်ယန်သည် ယခုကဲ့သို့သော အခြေအနေမျိုးကို ကိုင်တွယ်ရန်အလို့ငှာ ခြေလျင်တပ်ဖွဲ့တစ်ဖွဲ့ကို အထူးတလည် ဖန်တီးထားသည်။ ထိုလူများက ဒိုင်းအစောင့်များ ဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း။

ထိုဒိုင်းအစောင့်က အဟကြားကို ဖိလိုက်သည့် အခိုက်အတန့်တွင် မရေမတွက်နိုင်သော စစ်မြင်းပေါင်းများစွာက ရှေ့သို့ ခုန်ဝင်လာပြီး ထိုဒိုင်းကို ကန်လိုက်သည်။ သို့သော် အားလုံးက ရပ်သွားရသည်။ အကြောင်းမူကား သိပ်မကြာခင် အေးစက်သောအလင်းက တစ်ချက်လက်လျက် လခြမ်းကွေး ဓားမောက်ရှည်များက လေးလံသော ဒိုင်းပေါ်သို့ ဆက်တိုက်ပစ်ခတ်လိုက်ကြသည်။ သို့သော် လေးလံသော ဓားမောက်ရှည်များက ဒိုင်းကို ထိသောကြောင့် စူးရှသော အသံထွက်လာသည်မှတပါး ထိုသံမဏိဒိုင်းကြီးကမူ ခိုင်မြဲစွာ ရှိနေသေးသည်။

ဟစ်။

မဟာထန်မှ ဒိုင်းကာသမားများကလည်း ထိုမြင်ကွင်းကြောင့် မျက်လုံးပြူးသွားကြသည်။ သူတို့၏ အရှေ့ဆုံးလိုင်းတွင် ရပ်နေသော ထိုဒိုင်းကာသမားက စစ်တပ်တစ်ခုလုံး၏ အသက်သွေးကြော ဖြစ်သည်။ ထိုဒိုင်းကာသမားတစ်ယောက်အနေနှင့် ခိုင်မာတောင့်တင်းရန် လိုအပ်သလို ဖျက်ဆီးရန် ခက်ခဲရမည်ဖြစ်သည်။ ထိုအတွက်ကြောင့် သူတို့၏ ဒိုင်းများဟာ အကောင်းဆုံးသော ပစ္စည်းများဖြင့် လုပ်ထားကြသည်။ သို့ရာတွင် တစ်ဖက်မှ ထူးခြားသော အနီရောင် ဓားမောက်ရှည်များကလည်း သူတို့၏ သံမဏိဒိုင်းများအပေါ် နက်ရှိုင်းသည့်အရာများ ချန်ရစ်နိုင်ကြသည်။ ထို့ကြောင့် သူတို့၏ ထက်ရှမှုက မည်မျှထူးခြားကြောင်း အထူးတလည် နားလည်နိုင်သည်။

”အားလုံးပဲ တောင့်ထားကြ”

လေထဲတွင် အော်သံများက ဆက်တိုက်ထွက်လာသည်။ အမိန့်သံများကလည်း ပေါ်ထွက်လာ၏။ ဒိုင်းကာသမား တစ်ယောက်ချင်းစီတိုင်းက အတတ်နိုင်ဆုံး ကြိုးစားကြပြီး သက်ရောက်မှုတိုင်းကို ခုခံထားကြသည်။ သို့ရာတွင် မြောက်ပိုင်းသား အာရပ်စစ်တပ်၏ ကျွမ်းကျင်ပညာရှင်အဆင့် ထိုရှေ့ပြေးတပ်အဖွဲ့ဖြစ်သော လခြမ်းကွေး ရှေ့ပြေးတပ်ကမူ ထို့ထက်ပို၍ များပြားသော လှည့်ကွက်များကို ပိုင်ဆိုင်ထားသေးသည်။

ဟီး ဟီး။

အချို့သော လခြမ်းကွေး ရှေ့ပြေးတပ်အဖွဲ့ဝင်များက သူတို့၏ ရင်ဘတ်တွင် ဒိုင်းကိုထိုးစိုက်နေသည့် အနီရောင်ဓားမောက်ရှည်ပုံ သင်္ကေတများကို တပ်ဆင်လျက် နောက်တန်းတွင် ငြိမ်သက်စွာ စောင့်ဆိုင်းနေရာမှ ရုတ်တရက် မြင်းဇာတ်ကြိုးကို ဆွဲကိုင်လျက် လှုပ်ရှားလိုက်ကြသည်။ သူတို့က အေးစက်စွာနှင့် အရှေ့သို့ ကြည့်လိုက်သည့် အခိုက်အတန့်တွင် သူတို့၏ ခန္ဓာကိုယ်များက မြင်းနှင့်ကပ်လောက်အောင် ငုံ့ကိုင်းသွားပြီး အရှိန်နှုန်းကို စမြှင့်လိုက်ကြသည်။ လူတိုင်းက မော့ကြည့်လိုက်ကြသောအခါ ထိုမြင်းတပ်အင်အားစု၏ စစ်မြင်းများဟာ ရုတ်တရက် သူတို့၏ အရှေ့မှ မြင်းတပ်အဖွဲ့ဝင်များ၏ စစ်မြင်းများ၏ ကျော်ပေါ်သို့ တက်နင်းပြီး လေထဲသို့ ခုန်တက်လိုက်ကြောင်း မြင်လိုက်ရသည်။ သူတို့ဟာ မြင့်မားသော ဒိုင်းကြီးများကို ကျော်နိုင်သည်။ သံမဏိမြို့ရိုးများကိုပင် ကျော်နိုင်လောက်အောင် လုစစ်သည်တော်များအလား ခုခံရေးအားလှိုင်း၏ အနောက်တန်းသို့ ဖောက်ဝင်လိုက်ကြသည်။

ဂျိန်း။

ထိုသို့ဖြင့် ဖုတ်များက မြောက်တက်သွားသည်။ စစ်တပ်၏ အလယ်သို့ ဝရုန်းသုန်းကားအခြေအနေကို ဖြစ်ပေါ်လာစေသည်။ တစ်ယောက် နှစ်ယောက် သုံးယောက်......။

လခြမ်းကွေး ရှေ့ပြေးတပ်၏ လက်ရွေးစင် အယောက်တစ်ရာခန့်က မြို့ရိုးကို ခုန်ပြီး စစ်တပ်၏ နောက်ပိုင်းထဲသို့ ဝင်ရောက်လိုက်ကြသည်။

လခြမ်းကွေးခုန်ပေါက်ခြင်း။

ထိုအရာသည် လခြမ်းကွေးရှေ့ပြေးတပ်မှ ခြေလျင်တပ်များနှင့် ဒိုင်းကာဝင်္ကပါများကို ကိုင်တွယ်ရာတွင် အထူးတလည် ပစ်မှတ်ထားသည့် ထူးခြားသော သိုင်းဖြစ်သည်။ မဟာထန်က လခြမ်းကွေး ရှေ့ပြေးတပ် ရင်ဆိုင်ဖူးသမျှထဲတွင် ခြေလျင်တပ်ကို အဓိက ထားလွန်းသော တစ်ခုတည်းသော တိုင်းပြည်ကြီးလည်း မဟုတ်ချေ။ စစ်အစိုးရက ယခုလိုအလားတူ ဝင်္ကပါအမြောက်အများကို ကြုံတွေ့ခဲ့ပြီးလေပြီ။ လခြမ်းကွေးခုန်ပေါက်ခြင်းဟာ ထိုကဲ့သို့သော ဒိုင်းဝင်္ကပါများကို ဖောက်ဖျက်ရန် အသုံးဝင်သည်။

ထိုရည်ရွယ်ချက်ကြောင့်လည်း ချွီထေပါးဟာ ထိုစစ်မြင်းများကို ထူထဲသော သံချပ်ကာများဖြင့် ကာကွယ်ပေးထားသည်။ ထို့ကြောင့် သူတို့၏ မြင်းဝမ်းဗိုက်များကိုပင် လှံများက မဖောက်နိုင်ချေ။ ထိုအတွက်ကြောင့် ယခုလို ခုန်ပေါက်ရာတွင် အသုံးဝင်လေသည်။

”အားလုံးကိုသတ်”

ထိုအခိုက်အတန့်တွင် ဝမ်ချောင်၏အစ်ကိုကြီး ဝမ်ဖူက အော်လိုက်သည်။ သူ၏သွင်ပြင်က တင်းမာသွားပြီး ဆုံးဖြတ်ချက်ပြတ်သားမှုက ပေါ်ထွက်လာသည်။ ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော စေပါသမားနှင့် ပုဆိန်သမားများက ထိုလခြမ်းကွေး ရှေ့ပြေးတပ်များကို ဝိုင်းလိုက်ကြသည်။ ထိုသို့ဖြင့် တစ်ဖက်က ဝရုန်းသုန်းကား မလုပ်နိုင်သေးခင် သူတို့က ဦးစွာ တိုက်ခိုက်လိုက်ကြသည်။ လခြမ်းကွေးခုန်ပေါက်ခြင်းက အောင်မြင်စွာဖြင့် အသုံးဝင်သွားသော်လည်း ကစဥ့်ကလျားအခြေအနေက မျှော်လင့်ထားသလောက် ပြင်းထန်ခြင်း မရှိခဲ့ချေ။

အပိုင်း (1057)

”သတ်”

မရေမတွက်နိုင်သော စေပါသမားများ ပုဆိန်သမားများက လခြမ်းကွေးရှေ့ပြေးအစောင့်တပ်ကို သိပ်သည်းစွာ ဝိုင်းလိုက်ကြသည်။ သူတို့၏ လက်နက်များက အေးစက်သောအလင်းများ လွှတ်ထုတ်လျက် အောက်သို့ ခုတ်ပိုင်းနေကြသည်။ ထိုသို့ ဖော်ပြရန် ခက်ခဲလောက်အောင် မြန်ဆန်သည့် တုံ့ပြန်မှုက လခြမ်းကွေး ရှေ့ပြေးအစောင့်တပ်ကိုပင် အံ့အားသင့်မှုကြောင့် ဖြူဖျော့သွားစေသည်။

အာရပ်စစ်နတ်ဘုရား ချွီထေပါး၏ ရှေ့ပြေးအစောင့်တပ် ဖြစ်သည့်အလျောက် သူတို့ဟာ အင်အားကြီးမားသော ရန်သူပေါင်းများစွာနှင့် ကြုံဖူးသည်။ သို့သော် သူတို့၏ ရန်သူများက မည်မျှအင်အား ကြီးမားစေကာမူ ထိုရှေ့ပြေးအစောင့်တပ်ဟာ ရန်သူအနောက်တန်းကို ဝရုန်သုန်းကာ ဖြစ်အောင် လုပ်နိုင်ခဲ့စမြဲဖြစ်သည်။ ဒီနည်းအားဖြင့် နောက််ဘက်မှ စစ်တပ်အတွက် အခွင့်အရေးကောင်း ဖန်တီးပေးနိုင်ခဲ့သည်။ သို့သော် အရှေ့ပိုင်းမှ ထန်များကမူ သူတို့ရင်ဆိုင်ဖူးသော ရန်သူတိုင်းနှင့် ခြားနားနေသည်.

သူတို့ဟာ ရန်သူစစ်တပ်၏ နောက်တန်းသို့ ဖောက်ဝင်နိုင်ခဲ့သော်လည်း ချက်ချင်းဆိုသလို အဝိုင်းခံရလေရာ ချီတက်ရန် နေရာပင် မရှိတော့ချေ။ သူတို့က ဒီလိုအခြေအနေမျိုးကို မတွေးဖူးချေ။ ကြုံပင် မကြုံဖူးခဲ့ခြင်း ဖြစ်သည်။

ချွင် ချွင် ချွင်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် လခြမ်းကွေး ရှေ့ပြေးအစောင့်တပ်ဟာ ပုဆိန်သမား၊ စေပါသမားများနှင့် တိုက်ပွဲဝင်ရပြန်သည်။ သွေးနီရောင် ဓားမောက်ရှည်များက စူးရှပြီး သွေးရနံများကို လေထဲတွင် ချန်ထားရစ်ခဲ့သည်။ ထိုသို့ဖြင့် တစ်ဖက်မှ စေပါနှင့် ပုဆိန်များကို တိုက်ခိုက်နေရသည်။ သတ္ထုချင်း ထိခတ်သံများက ထွက်ပေါ်လာသည်။ ဓားမောက်ရှည်များက ပုဆိန်အစွန်း၊ စေပါအစွန်းများကို ကွဲကြေသွားစေနိုင်သလို ထိုလက်နက်များကို ဆွဲကိုင်သူများက ဝတ်ဆင်ထားသည့် လေးလံသော သံချပ်ကာများကိုပင် ဖောက်ဖျက်နိုင်သည်။ ထိုသို့ဖြင့် သွေးများကို ပန်းထွက်လာစေသည်။

စေပါသမားနှင့် ပုဆိန်သမားပေါင်းများစွာက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကြပြီး နောက်ဆုတ်ရန် ဖိအားအပေးခံရသည်။ သို့သော် လခြမ်းကွေးရှေ့ပြေးအစောင့်တပ်ကလည်း ပိုက်စိပ်တိုက် ရောက်လာသော တိုက်ကွက်များအောက် တဖြည်းဖြည်းချင်း လဲပြိုကျရသည်။

ရွှေရောင်သံချပ်ကာဝတ်ထားသည့် နတ်ဘုရားတစ်ပါးလိုမျိုး တောင့်တင်းသန်မာသည့် ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားသည့် စစ်အစိုးရဟာ သူ၏ အနက်ရောင် ငရဲမီးတောက်အလံအောက်တွင် ရပ်လျက် အရှေ့ဘက်မှ အရာအားလုံးကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ဘာစကားမှ မဆိုချေ။ တစ်ချိန်တည်းတွင်ပင် သူနှင့် ဝေးကွာလွန်းသော တစ်နေရာတွင် ရှိနေသည့် ဝမ်ချောင်ကလည်း မျက်လုံးကို မှေးကျဥ်းလိုက်သည်။

သူဟာ ပထမတိုက်ပွဲတွင် အများကြီး ဝင်မစွက်ဖက်ခဲ့ချေ။ ဒီအတိုင်း ကြည့်ရုံသာ ကြည့်ခဲ့သည်။ မြောက်ပိုင်းအားရေးဗီးယား စစ်နယ်မြေမှလာသော ထိုစစ်တပ်ဟာ သူမျှော်လင့်ထားသည်ထက် လေးစားဖွယ်ကောင်းနေသည်။ သူတို့၏ တိုက်ခိုက်နိုင်သော စွမ်းရည်နှင့် သူတို့၏ အလုံးအရင်းနှင့် တိုက်ခိုက်မှုများမှ ခက်ထန်ကြမ်းတမ်းမှုဟာ ဖော်ပြရန်ခက်ခဲသော အဆင့်သို့ပင် ရောက်နေသည်။ မဟာထန်ရင်ဆိုင်ရသမျှ အင်အားစုများအတွင်းတွင် အင်အားအကြီးဆုံး အင်အားစုကြီးဖြစ်သလို အကြီးမားဆုံးသော စမ်းသပ်မှုကြီးဖြစ်ကြောင်း မေးခွန်းထုတ်ရန် မလိုအပ်ချေ။

”အရှင် ငါတို့တွေ မော့စေပါအဖွဲ့ကို ပို့ဖို့ လိုအပ်တာလား”

ရှီယွမ်ချင်က ဝင်ပြောလာသည်။ သူဟာ အန်းချီကာကွယ်ရေးစစ်တပ်မှ သုံးယောက်မြောက် အင်အားအကြီးဆုံး လူဖြစ်သည်။

အာရပ်များဟာ အဆုံးအစမဲ့သော အားလှိုင်းများကဲ့သို့ တစ်လုံးပြီးတစ်လုံး ဝင်ရောက်လာနေသည်။ သူတို့၏ တိုက်ကွက်များက ဖော်ပြရန် ခက်ခဲလောက်အောင် ခက်ထန်ကြမ်းတမ်းသည်။ ပို၍ဆိုးသည်မှာ လခြမ်းကွေးရှေ့ပြေးအစောင့်တပ်ဟာ အာရပ်စစ်တပ်၏ လူနည်းစုမျှသာ ဖြစ်သည်။ သို့တိုင်အောင် ရှီယွမ်ချင်နှင့် ရှန်းချန်းလီအပါအဝင် လူတိုင်းက ပြင်းထန်သည့် ဖိအားမျိုးကို ခံစားနေရသည်။ ထိုကဲ့သို့သော အခြေအနေမျိုးက ယခုလိုမျိုး စစ်ပွဲ၏ ပထမပိုင်းတွင် မကြုံဖူးသော ဖြစ်ရပ်မျိုးလည်း ဖြစ်သည်။

”မလိုဘူး”

ဝမ်ချောင်က ခေါင်းခါသည်။ သူ၏အကြည့်က အေးခဲနေသော ရေကန်အလား ခံစားချက်အားလှိုင်းများ ကင်းရှင်းနေသည်။

”မော့စေပါအဖွဲ့ကို သုံးဖို့မလိုသေးဘူး၊ အကြီးအသေးပါလက စစ်သားတွေကို အကြောင်းကြားလိုက်၊ နောက်ပြီး ရှေ့တန်းကလူတွေအားလုံးကို တိုက်ခိုက်ဖို့ အသင့်ပြင်ခိုင်းထားလိုက်ပါ၊ ဒါ့အပြင် ဒိုင်းကာသမားတွေရဲ့ ဒုတိယ ခုခံရေးအားလှိုင်းကိုလည်း အကြောင်းကြားပြီး ရှေ့ကို တစ်လှမ်းတိုးလို့ ပထမခုခံရေး အားလှိုင်းနေရာကို ဝင်ယူခိုင်းလိုက်၊ တတိယမြောက် ခုခံရေးအားလှိုင်းက ဒိုင်းကာသမားတွေကိုတော့ အမိန့်ကို လက်ခံဖို့ အဆင်သင့် စောင့်ခိုင်းထား၊ မာကျောမှုက ချိုးဖြတ်ရလွယ်တယ်၊ သူတို့က အနောက်မှာ ဖန်တီးပေးမဲ့ အရှိန်ဝါမျိုးတွေကြောင့် အခိုင်မာဆုံးသော စိတ်ဓာတ်နဲ့ အာရပ်တွေတောင်မှ သူတို့ရဲ့ အထက်ရှဆုံးအပိုင်းကို ဖော်ထုတ်နိုင်မှာမဟုတ်ဘူး၊ ဒီလိုအခြေအနေမျိုးမှာ ငါတို့ရဲ့ မူလပန်းတိုင်းက သူတို့ရဲ့ ရူးသွပ်စွာ ဝင်ရောက်လာမှုကို ပျောက်ကွယ်သွားအောင် တဖြည်းဖြည်းချင်း တိုက်စားတာပဲ၊ ဒီလိုနဲ့ သူတို့တွေကို အလုံးအရင်း တိုက်ခိုက်တာမျိုးကို တားမြစ်ရမယ်”

”ဟုတ်ကဲ့”

ရှီယွမ်ချင်၏ မျက်ဝန်းအတွင်း လေးစားမှုက ဖြတ်ပြေးသွားသည်။ သူက အမိန့်ကို ပို့ဆောင်ပေးရန် ခပ်မြန်မြန် ထွက်သွားသည်။ ဝမ်ချောင်က ပဲ့ဟယ်မော့စစ်တပ်ကို အနိုင်ယူပြီးကတည်းက အန်းချီကာကွယ်ရေးစစ်တပ်အတွင်းရှိ သူ၏ ဂုဏ်သတင်းဟာ မြင့်တက်လာခဲ့ပြီး ကောင်းရှန်းကျစ်နှင့် တန်းတူအဆင့်သို့ ရောက်သွားသည်။ သူတို့၏ ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်ဟာ ဝမ်ချောင်ကို အဆုံးစွန်သော လေးစားမှုဖြင့် ဆက်ဆံပေးလာသည်။ အငယ်တန်းတစ်ယောက်ကဲ့သို့ မဆက်ဆံတော့ချေ။

လေပြင်း၏ ဟိန်းဟောက်မှုနှင့်အတူ ဝမ်ချောင်က ကျယ်ပြောပြီး အကန့်အသတ်မဲ့သော ပင်လယ်ပြင်ကြီးအလား ထင်ရသည့် အာရပ်များကို လှမ်းကြည့်သည်။ သူ၏ မျက်ဝန်းအတွင်း ခံစားမှု အတွေးအားလှိုင်းက ဖြတ်ပြေးသွားသည်။

စစ်အနုပညာသည် အမှားနှင့်အမှန်ကို ရောထားသည့် ရှုပ်ထွေးသောအနုပညာတစ်မျိုးလည်း ဖြစ်သည်။ ဗျူဟာများကို အလျင်စလို ပြောင်းရွှေ့သုံးရရုံသာ မကသေးလေဘဲ ဗျူဟာများအားလုံး၏ အရွှေ့အပြောင်းကိုလည်း နားလည်ထားရသည်။

အာရပ်များဟာ စစ်သည်ပမာဏ များလွန်းသည်။ ယခုလိုအခြေအနေမျိုးတွင် အရည်အတွက်ဟာ အတိုင်းအတာတစ်ခုအထိ ကျော်လွန်သွားသော အခိုက်အတန့်မျိုးတွင် ပြင်းထန်သည့် ဖိအားကို ပေးနိုင်စမြဲ ဖြစ်သည်။ ပို၍ဆိုးသည်မှာ ထိုအာရပ်များက နေ့ရောညပါ အပြင်းချီတက်လာသည့်အတွက် သူတို့၏ စိတ်ဓာတ်အင်အားက အမြင့်ဆုံးသော အခြေအနေသို့ ရောက်ရှိနေကြသည်။ ထို့ကြောင့် သူတို့၏ ခေါင်းကို ပိတ်လှောင်ထားရန် အချိန်မကျသေးချေ။ ထို့အစား သူတို့ကို ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်အောင် ထိန်းထားပြီး ခုခံရန်သာ အာရုံစိုက်ထားသင့်သည်။ ဒီနည်းအားဖြင့် သူတို့၏ တက်ကြွနေသော စိတ်ဓာတ်များအားလုံးကို တတိတိ တိုက်စားရပေမည်။ ထိုအခြေအနေမျိုးကို ”ပထမဗုံသံကို ကြားတဲ့အခါ ဝိညာဉ်က တွန်းအားပေးခံရတယ်၊ ဒုတိယမြောက် ဗုံတီးသံကို ကြားတဲ့အခါ သက်လုံအားတွေ လျော့ကျလာတယ်၊ တတိယဗုံတီးသံကို ကြားတဲ့အခါ အဆုံးစွန်ထိ မောပန်းနွမ်းနယ်သွားတယ်”ဆိုသော စကားအတိုင်းဖြစ်နေသည်။

ဝမ်ချောင်သည် အန်းချီကာကွယ်စောင့်ရှောက်ရေးစစ်တပ်မှ လက်ရွေးစင်များကို တတိယခုခံရေးအားလှိုင်း၏ ဒိုင်းကာသမားများထံ ရွှေ့ထားသည်။ ထိုသို့ ရွှေ့ထားသည်မှာ ဒီလိုဗျူဟာမျိုးကို သုံးချင်၍ ဖြစ်သည်။

ဝုန်း။

ချက်ချင်းဆိုသလိုပင် ဝမ်ချောင်က အစိပြန်ဝင်သွားသည်။ သူ၏အာရုံက တိုက်ပွဲနယ်မြေသို့ ပြန်ရောက်သွား၏။ တိုက်ခိုက်နေသော စစ်တပ်၏ အလယ်တွင် ဝမ်ချောင်၏ အမိန့်က ခပ်မြန်မြန် သယ်ပို့ခံရသည်။

“ပစ်လွှတ်”

အော်သံတစ်ချက်နှင့်အတူ ခါးကိုဖြောင့်မတ်စွာ ရပ်ထားသည့် ခြေလျင်တပ် အဖွဲ့ဝင်တစ်ယောက်က သံမဏိမြို့ရိုးပေါ်တွင် ရပ်နေရာမှ ရုတ်တရက် မြို့ရိုးပေါ်ရှိ မောင်းတံကို ဆွဲလိုက်သည်။ လေက ဟိန်းထွက်သွားပြီးနောက် ခုခံခြင်း သံမဏိမြို့ရိုးဟာ ရုတ်တရက် မရေမတွက်နိုင်သော မြားပေါက်ပေါင်း များစွာကို ထုတ်ပြလာလေသည်။ ထိုမြားပေါက်များဟာ မြားသိန်းကျော် ကျော်ဖြတ်ရန် လုံလောက်သည်။ ထိုမြားအပေါက်များ ပေါ်လာသည့်နှင့် မြားသိန်းကျော်က ချက်ချင်းလိုလို ထိုးထွက်သွားသည်။

မြားပုန်းလက်နက်....။

ချောင်းတိုက်ခိုက်နိုင်သည့် လက်နက်များကို သံမဏိမြို့ရိုးပေါ်တွင် တပ်ဆင်ထားပြီးသား ဖြစ်သော်လည်း ဝမ်ချောင်က အာရပ်များဟာ မြို့ရိုးပေါ်သို့ တန်း၍ ချီတက်နိုင်ရန်အလို့ငှာ ကြိုတင်ပြင်ဆင်မှုများ လုပ်ထားခဲ့ပြီးသား ဖြစ်သည်။

အာရပ်များက ယခင်သူရင်ဆိုင်ဖူးသည့် ပြိုင်ဘက်များနှင့်မတူချေ။ သူတို့၏ လက်နက်သွန်းလုပ်မှု ပန်းပဲစွမ်းရည်များကလည်း ပြောင်မြောင်သည်။ ရှုထောင့်တစ်ခုတွင်ဆိုလျှင် မဟာထန်ကိုပင် ကျော်နိုင်နေသည်။

မြားပုန်းလက်နက်များက လက်နက်ကြီးများနှင့် ယှဥ်သော် အကွာအဝေးတိုသည်။ သူတို့၏ တိုက်ခိုက်နိုင်သော စွမ်းအားကလည်း အကွာအဝေး ခြားသည်နှင့်အမျှ လျော့ကျသွားတတ်သည်။ သူက ယခင်တိုက်ပွဲတွင် သင်ခန်းစာ ရခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်က အာရပ်များ ချီတက်လာချိန်အတောအတွင်း မြှားပုန်းလက်နက်များကို အသုံးမပြုခဲ့ချေ။ အာရပ်နှင့် ထန်များက အချင်းချင်းတိုက်ခိုက်နေသော အခါမှသာ အာရပ်စစ်သားများက ရှည်လျားသော ထန်ခုခံရေးအားလှိုင်းကို ထိပ်တိုက် ရင်ဆိုင်ထိုးနှက်နေသော အခိုက်အတန့်မှသာ သူတို့၏ မျက်နှာများက မြားပုန်းများနှင့် မျက်နှာချင်းဆိုင်ပြီး နီးကပ်နေသော အဟမျိုးမှသာ ဝန်းကျင်တိုအတွင်း လက်နက်အရာတွင် ဘုရင်အဆင့်ရောက်သော စွမ်းအားမျိုးကို ထုတ်ပြခိုင်းခြင်း ဖြစ်သည်။

ခွက် ခွက် ခွက်။

မျက်တောင်တစ်ခတ်အချိန်အတွင်း မြားသိန်းကျော်က အာရပ်မြင်းတပ်အဖွဲ့ဝင်များ၏ ဦးဆောင်နေသော လူများထံ တိုက်ရိုက်ဖောက်ဝင်သွားသည်။ စစ်မြင်းတစ်ကောင်ချင်းစီတိုင်းက အနည်းဆုံး မြားအချောင်းလေးဆယ် ပစ်ခံရသည်။ ထိုအကွာအဝေးမျိုးနှင့်ဆိုလျှင် သံမဏိကျောက်ရိုင်းတုံးတစ်တုံးကိုပင် ကွဲကြေသွားနိုင်လေရာ စစ်မြင်းများဆိုလျှင် ပြောရန်မလိုအပ်တော့ချေ။

စစ်မြင်းများ၏ မြေပြင်သို့ ခွေကျသွားသံများက ရှည်လျားသော သံမဏိခုခံရေးအားလှိုင်းတောက်လျှောက် ထွက်လာသည့်အချိန်တွင် အာရပ်မြင်းတပ်အဖွဲ့ဝင်များက ပြုတ်ကျကြသည်။ ဝင်သက်အချိန်အနည်းငယ်အတွင်း သံမဏိမြို့ရိုး၏ အရှေ့တွင် အလောင်းတောင်က ပုံလာသည်။ သူတို့၏ သွေးများက မြေပြင်အတွင်းသို့ စိမ့်ဝင်နေသည်။

ဘုန်း။

ထိုမြင်ကွင်းက အာရပ်စစ်တပ်နောက်တန်းကိုလည်း ပွက်လောရိုက်သွားစေသည်။ မြားသိန်းကျော် ပစ်ခတ်မှု၏ လှုံ့ဆော်မှုဟာ လူတိုင်းကို ဖိအားပေးနိုင်သည်။

”ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”

“ဘယ်လိုကြောင့်များ အရှေ့ပိုင်းမှာ ဒီလောက်ကြောက်စရာကောင်းတဲ့ လက်နက်မျိုး ရှိနေရလဲ”

“ငါမယုံနိုင်ဘူး ဒါကဘာလဲ”

နောက်တန်းမှ အာရပ်စစ်သားများကလည်း ထိုမြင်ကွင်းကြောင့် ထိုးနှက်ခံရသည်။ ပေါ်လာသော လက်နက်များက ရုတ်တရက် ဆန်လွန်းသည်။ သူတို့က မြင်ပင်မမြင်ဖူးချေ။ သံမဏိမြို့ရိုးကို ကျော်ကာ ပစ်လွှတ်လာသည့် အရှေ့ပိုင်းမှ မြားများက အထူးတလည် အနုစိပ်လွန်းသည်။ ပထမဦးဆုံးအကြိမ်အနေနှင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူကာ မာနကြီးထွားသော အာရပ်စစ်သားများဟာ လျှို့ဝှက်ဆန်းကြယ်မှုအောက်တွင် နစ်မြုပ်သွားကြသည်။

အာရပ်များဟာ ပန်းပဲပညာတွင် ကျွမ်းကျင်သည်။ သို့သော် ထိုမျှအထိ ကြမ်းတမ်းသော လက်နက်မျိုးကို မထုတ်နိုင်သေးချေ။

အခြားသော နယ်မြေများမှ အရွှေ့ခံရပြီး အဖွဲ့တစ်ခုထဲတွင် စုစည်းလျက် ဒီနေရာသို့ အပို့ခံခဲ့ရသည့် အာရပ်များအနေနှင့် အရှေ့ပိုင်းလောကက်ို အထင်သေးသည်။ မဟာထန်ကိုလည်း အထင်သေးသည်။ သို့သော် ထိုလက်နက်များ၏ စွမ်းအားကို ကြုံတွေ့ပြီးမှသာ သူတို့၏ နှလုံးသားထဲမှ မောက်မာမှုများက ပျောက်ကွယ်သွားသည်။ အစစ်အမှန်ထန်များက မည်သို့သော ပုံသဏ္ဍာန်မျိုး ရှိနေစေကာမူ အချက်တစ်ချက်ကတော့ဖြင့် သေချာနေသည်။ တာလရှိ ထိုထန်များဟာ အထင်သေး၍မရလောက်အောင် အင်အားကြီးမားသော ရန်သူများ ဖြစ်နေသည်။

”ဘယ်လိုဖြစ်နိုင်မှာလဲ၊ အပုမူစလင် ဘာလို့မင်းရဲ့တင်ပြချက်ထဲမှာ ဒီလိုအရာတွေမပါတာလဲ”

အော့စမန်းအစိုးရက သူ၏အလံအောက်မှ ထွက်လာရင်း လှမ်းအော်သည်။

အပုမူစလင်က ဘာစကားမှ မပြောချေ။ သူ၏ ဘေးဘက်ရှိ ကျစ်ရက အနည်းငယ် စိတ်ဓာတ်ကျသွားပုံပေါ်သည်။ အမှန်အတိုင်းဆိုရသော် သူတို့ရေးပို့ခဲ့သည့် စာလွှာများအတွင်း မဟာထန်နှင့် ပတ်သက်သမျှ အရာအားလုံး ပါပြီးသား ဖြစ်သည်။ သို့သော် ရှင်းလင်းစွာပင် အော့စမန်း၊ အားပါ့နှင့် ချွီထေပါးတို့က မာနကြီးလွန်းပြီး စာကိုဂရုတစိုက် ဖတ်ကြည့်ခဲ့ပုံပင် မရချေ။

အဆုံးသတ်တွင် ထိုအစိုးရများက ထန်များနှင့် အမှန်တကယ် မတိုက်ခိုက်ဖူးကြချေ။ ထို့ကြောင့် စာများက မည်မျှဖော်ပြထားစေကာမူ သူတို့ကိုယ်တိုင် အတွေ့အကြုံ ယူရခြင်းလောက် မထင်ရှားစေနိုင်ပေ။

ထိုနှစ်ယောက်၏ တုံ့ပြန်မှုက အော့စမန်းကိုလည်း မှင်တက်သွားစေသည်။ သို့သော်သူက အဖြစ်ပျက်ကို ခပ်မြန်မြန် နားလည်သွားပြီး တိတ်ဆိတ်သွားလေသည်။

”အင်အားအကြီးဆုံး လက်နက်ကတောင် စစ်သားတွေရဲ့ နေရာကို အစားဝင်မယူနိုင်ဘူး”

အားပါ့က ရုတ်တရက်ပြောသည်။

”ဒီအတိုင်း လူခြောက်သောင်းလေးပဲ၊ ငါတို့က စစ်သားတွေပိုလွှတ်လိုက်ရင် ငါ့အနေနဲ့ သူတို့ပိုပြီး ဒုက္ခရောက်လိမ့်မယ်လို့ ယုံကြည်တယ်”

အာရေးဗီးယားသည် စစ်သားများ၏ အသက်ကို တန်ဖိုးထားသော တိုင်းပြည်မဟုတ်ချေ။ သူတို့၏ ထန်များကို အနိုင်ယူခြင်းဆိုသော ပန်းတိုင်ကို အောင်မြင်နိုင်မည်ဆိုလျှင် စစ်သည်အနည်းငယ်ပိုလွှတ်ပြီး သေရလျှင်လည်း ပြဿနာမရှိချေ။ အားပါ့ဖြစ်စေ၊ အော့စမန်းဖြစ်စေ၊ အပုမူစလင်ဖြစ်စေ စစ်သားများ၏ အသက်ကို ကိုယ်ပိုင်သားလောက် တန်ဖိုးမထားသော လူများဖြစ်နေသည်။ ထိုရှုထောင့်နှင့် ကြည့်သော် သူတို့အားလုံးက ဗဟိုပြည်နယ်မှ ဗိုလ်ချုပ်များနှင့် ခြားနားနေသည်။

ခိုရာစန်း၏ တိုက်ပွဲတွင် သူတို့က ဆမ်ဆာနှင့် မင်းစန်း၏ အကြွင်းအကျန်များအားလုံးကို ရှင်းပစ်သောအခါ အာရေးဗီးယားက ကြီးမားသော တန်ကြေးကို ပေးဆပ်ခဲ့ရသည်။ သို့သော် ထိုဗိုလ်ချုပ်သုံးယောက်က တုံ့ဆိုင်းမနေဘဲ ဆုံးဖြတ်ချက်ချခဲ့၏။ သူတို့က မျက်မှောင်ပင် မတွန့်ခဲ့ကြချေ။

”သတ်”

အားပါ့၏ အမိန့်က လျင်မြန်စွာ ထွက်ပေါ်လာသည်။ အာရေးဗီးယားဗိုလ်ချုပ်လေးယောက်က နောက်ထက် စစ်သည်တော်တစ်သုတ်ကို တစ်ဖန်စေလွှတ်လိုက်ပြန်သည်။ သူတို့က ခုခံရေးအားလှိုင်းကို ဦးတည်ထားကြသည်။

အချိန်အတန်ကြာတွင် မြေကမ္ဘာက သိမ့်သိမ့်တုန်သွားသည်။ တဘုန်းဘုန်းအသံများနှင့်အတူ အဘက်ဘက်မှ ထွက်လာသည့် တိုက်ခိုက်နေသော အသံများက တာလ၏ ကောင်းကင်တစ်ခုလုံးကို ဆူညံမှုများအောက် လွှမ်းခြုံလိုက်လေသည်။ မြားပုန်းလက်နက်များက အမှန်တကယ် ကြောက်စရာကောင်းသည်။ သို့သော် သူတို့၏ သေစေနိုင်သော ခြိမ်းခြောက်မှုက စစ်သည်လေးသောင်း၏ အရှေ့တွင်မူ ပြောပနိုင်စွမ်း မရှိတော့ချေ။

ခွက် ခွက် ခွက်။

မရေမတွက်နိုင်သော အာရပ်စစ်သားပေါင်းများစွာက မြားပုန်းလက်နက်များ၏ တိုက်ကွက်များအောက်မှ ကျော်ဖြတ်သွားကြသည်။ ပို၍ဆိုးသည်မှာ အာရပ်မြင်းတပ်သည် ပြင်းထန်သည့် ဆုံးရှုံးမှုဒဏ်ကို ခံနိုင်နေသည်။ ထို့ကြောင့် ဆုံးရှုံးသူများနေရာတွင်လည်း ခပ်မြန်မြန် ဝင်ယူနိုင်သည်။

လေးလံသော တဒုန်းဒုန်း တဒိုင်းဒိုင်းအသံများနှင့်အတူ အနောက်တန်းမှ အာရပ်မြင်းတပ်က အသတ်ခံရသည့် အလောင်းများအားလုံးကို ကောက်ယူပြီး မြို့ရိုးပေါ်မှ ပစ်လွှတ်နေသည့် လက်နက်များရှိရာဘက်သို့ ပစ်လွှတ်လိုက်ကြသည်။

တစ်လောင်း နှစ်လောင်း သုံးလောင်း လေးလောင်း...မရေမတွက်နိုင်သော အလောင်းများက သံမဏိမြို့ရိုးပေါ်သို့ ပစ်လွှတ်ခံရရင်း မြားပုန်းများ၏ တိုက်ကွက်များကို တားလိုက်နိုင်ကြသည်။ ထိုအလောင်းများပေါ်တွင် သံချပ်ကာများက ရှိနေသေးသဖြင့် မြားပုန်းလက်နက်များ၏ တိုက်ကွက်ကို ကာပေးနိုင်သော ဒိုင်းကာအဖြစ် အသုံးပြုနိုင်ကြလေသည်။

အပိုင်း (1058)

စစ်အစိုးရ ချွီထေပါး၏ စစ်သားများက တိုက်ပွဲ၏ ရှေ့ပြေးတပ်များလည်း ဖြစ်သလို တိုက်ပွဲနယ်မြေတွင် အတွေ့အကြုံအများဆုံးလည်း ဖြစ်သည်။ သူတို့သည် ပထမဦးဆုံးအကြိမ် မြားပုန်းလက်နက်များကို တွေ့ဖူးခြင်း ဖြစ်နေသည့်တိုင်အောင် အနည်းငယ်မှင်တက်နေပြီးနောက် တွန့်ဆုတ်မှုများကို ခပ်မြန်မြန် လုပ်ဆောင်ရင်း ကိုင်တွယ်ရမည့် နည်းလမ်းကို အလိုလိုထုတ်နိုင်ကြသည်။

ထိုအာရပ်များဟာ စစ်ပွဲကိုမြင်သည်နှင့် အုပ်စိုးရမည့် တာဝန်ကို သိကြသည်။ ထို့ကြောင့်အများကြီး တွေးမနေကြချေ။ သူတို့ကလည်း အနိုင်ရရန် ကူညီပေးနိုင်သမျှ အနည်းငယ်ပင် တုံ့ဆိုင်းခြင်း မရှိကြချေ။ ထိုစစ်သားများ၏ အလောင်းများက မြားပေါင်းများစွာ၏ ပစ်ခတ်မှုကြောင့် အပေါက်ပေါင်းများစွာ ပြည့်နှက်သွားမည်ဆိုလျှင်ပင် ဂရုမစိုက်ကြချေ။

ခွက် ခွက် ခွက်။

အလောင်းတစ်လောင်းပြီးတစ်လောင်း ပစ်ထုတ်ပြီးနောက် မြားပုန်းများ၏ တစ်ဝက်က နှောင့်ယှက်ခံလိုက်ရသည်။

”သေစမ်း”

သံမဏိခုခံရေးအားလှိုင်း၏ အနောက်မှ မဟာထန်၏ ဗိုလ်ချုပ်များအားလုံးက ထိုမြင်ကွင်းကြောင့် မျက်နှာထားများ တင်းမာသွားကြသည်။ အာရပ်များက မြန်ဆန်လွန်းစွာ တုံ့ပြန်နိုင်ကြသည်။ သူတို့၏ နည်းလမ်းများက ထန်များကို အံ့အားတကြီး ဖြစ်သွားစေခဲ့သည်။ စက္ကန့်အနည်းငယ်အတွင်း အင်အားကြီးမားသည့် မြားပုန်းလက်နက်များအားလုံးက မြို့ရိုး၏ အလှဆင်သက်သက် ပြောင်းလဲသွားသည်။ မည်သူကမှ ဒီအခြေအနေကို ကြိုမမြင်ခဲ့ကြချေ။

”သတ်”

သို့သော် အာရပ်များက ထန်များ၏ အတွေးကို ဂရုစိုက်မနေပေ။ မြားပုန်းလက်နက်များကို ကိုင်တွယ်ပြီးကြောင်း သိလိုက်သည်နှင့် အာရပ်မြင်းတပ်က တစ်ဖန်ထပ်ပြီး ဆင်းသက်လာကြပြန်သည်။

ဟီး ဟီး။

မြင်းများ၏ ဟီသံ၊ ခွာများ၏ ဒိုင်းကာများကို ဖိနင်းသောကြောင့် ထွက်ပေါ်လာသည့် အသံများက လေထုထဲတွင် ပဲ့တင်ထပ်နေသည်။ ပထမခုခံရေးအားလှိုင်းဟာ ပြင်းထန်သည့် တိုက်ကွက်မုန်တိုင်းများအောက်တွင် ရောက်နေသည်။ ထန်စစ်သားများအားလုံးဟာလည်း သူတို့၏ ပခုံးပေါ်သို့ ဖိအားများ မြင့်လာကြောင်း ခံစားလိုက်ရသည်။

”လှံတိုသမားတွေ တိုက်ခိုက်”

ရှေ့တန်းမှ အော်သံထွက်လာသည်။ အသံဟာ ဟန်လေသံမဟုတ်ချေ။ အကြီးအတေးပါလမှ ဘာသာစကားဖြစ်နေသည်။

ဘုန်း။

လှံတိုသမား ထောင်ပေါင်းများစွာက ရှေ့သို့ ပြေးဝင်လာကြပြီး သူတို့၏ အလွန်အမင်း ထက်ရှလွန်းသော လှံတိုများကို နောက်တန်းမှ ထုတ်လိုက်ကြသည်။ ထိုသို့ဖြင့် ဒိုင်းကာသမားများ၏ ပထမတန်းနောက်ဘက်သို့ အရောက်သွား၍ တိုက်ခိုက်လိုက်ကြခြင်းဖြစ်သည်။

စွက် စွက် စွက်။

လေထဲတွင် သွေးများပန်းထွက်လာသည်နှင့်အမျှ လေးစားဖွယ်ကောင်းသော အကြီးအတေးပါလ၏ လှံတိုသမားများက သူတို့၏ သံချပ်ကာကို ထိုးဖောက်နိုင်သည့် စွမ်းရည်ကို ထုတ်ပြလာကြပြီဖြစ်သည်။

လှံတိုများအားလုံး၏ ထက်ရှမှုဟာ အာရေးဗီးယား သံချပ်ကာကိုပင် ကျော်ဖြတ်လျက် အသားများကိုပင် ပဲ့ထွက်အောင် ထုနှက်နိုင်စွမ်းအား ရှိသည်။ ထိုနည်းအားဖြင့် သေကြေနိုင်သော နေရာများကို အမိအရ ထိုးနှက်နိုင်သည်။

လှံတိုများကို ပြန်နုတ်လိုက်သည်နှင့်အမျှ အာရပ်မြင်းတပ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြပြီဖြစ်သည်။

အကြီးအတေးပါလသည် အနောက်ပိုင်းနယ်မြေ၏ သေးငယ်သော တိုင်းပြည်များသာ ဖြစ်သည်။ သို့သော် ထိုသေးငယ်သော တိုင်းပြည်များတွင်လည်း ထူးခြားသော အားသာချက်များ ရှိသည်။ လှံတိုသမားများကို ငှားရမ်းသောအခါ ဝမ်ချောင်က အင်ပါယာခုံရုံးက သူ့ကိုပေးသည့် ရွှေချိန်ဆယ်သန်းမှ မြောက်များသည့် ပမာဏကို အသုံးပြုခဲ့သည်။ ယခုအခါ ထိုလှံတိုသမားများကလည်း သူတို့၏ စွမ်းရည်ကို အပြည့်အဝ ထုတ်ပြလာပြီဖြစ်သည်။ သို့တိုင်အောင် ထိုလှံတိုသမားများ၏ စွမ်းအားကလည်း အာရပ်များ၏ အလုံးအကျင်း ဝင်ရောက်မှုကို တားမြစ်နိုင်စွမ်းအား မရှိကြချေ။

ရှေ့ဆုံးမှ ဒိုင်းကာသမားများကလည်း ဖော်ပြရန်ခက်ခဲသည့် ဖိအားအောက်သို့ ရောက်နေသည်။ သူတို့၏ ပခုံးပေါ်မှ ကြွက်သားများက ဖောင်းတက်နေသည်။ သူတို့၏ အရေပြားပေါ်သို့ သွေးကြောများက ဖောင်းတက်လာပြီဖြစ်သည်။ သူတို့၏ ခြေထောက်များက တဆတ်ဆတ် တုန်ယင်နေသလို ကြွက်သားများက တင်းကျပ်လာသည်။ သူတို့၏ အံကလည်း ဆက်တိုက်ကြိတ်ထားရလွန်းသဖြင့် သူတို့၏ နဖူးတွင်လည်း ချွေးစေးများ စိုရွှဲနေပြီဖြစ်သည်။

ကြယ်တာရာစွမ်းအင်များ ကုန်ဆုံးမှုက ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကုန်ဆုံးမှုနှင့် ယှဥ်သော် သိပ်အရေးမပါချေ။ ဒိုင်းကာသမား တစ်ယောက်ချင်းနှင့် ရင်ဆိုင်နေရသည့် တိုက်ကွက်များက တစ်စက္ကန့်ချင်းစီ ကြာလာသည်နှင့်အမျှ ပြင်းထန်လာသည်။

”ဒုတိယအဖွဲ့ရှေ့တက်”

ဝမ်ချောင်က လက်ကိုတစ်ချက်ရမ်းလိုက်သောအခါ ဒိုင်းကာသမားများထဲမှ ဒုတိယမြောက်အဖွဲ့က ရှေ့သို့ လျင်မြန်စွာ ချီတက်သွားကြပြီး သူတို့၏ ဒိုင်းများကို မြေကြီးထဲသို့ ထိုးစိုက်လိုက်ကြသည်။ ပထမတန်းရှိ ဒိုင်းကာသမားများ အားလုံးကလည်း သူတို့၏ ပြင်းထန်သည့် ဖိအားများက လျော့ကျသွားကြောင်း နားလည်လိုက်ရသည်။ ထိုသို့ဖြင့် ကျွမ်းကျင်စွာဖြင့် နောက်ကိုဆုတ်ပြီး အနားယူကြသည်။ သူတို့၏ သံချပ်ကာတွင် ချွေးများရွှဲနေလေပြီ။

ဒိုင်းကာအဖွဲ့သုံးဖွဲ့ကလည်း ယခုလိုအခြေအနေမျိုးကို မရေမတွက်နိုင်အောင် လေ့ကျင့်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ဝင်္ကပါတွင် ဟာကွက်မပေါ်စေရဘဲ ကောင်းမွန်စွာ နေရာပြောင်းနိုင်စွမ်းအားရှိသည်။

”တတိယအဖွဲ့ရှေ့တက်”

တစ်ခဏခန့် ကြာပြီးနောက် နောက်ထပ်အမိန့်တစ်ခု ထွက်လာသည်။ ဒိုင်းကာတတိယမြောက်အဖွဲ့ကလည်း အန်းချီကာကွယ်စောင့်ရှောက်ရေး စစ်တပ်မှ ခြေလျင်တပ်အဖွဲ့ဝင်များနှင့်အတူ ချောမွေ့စွာဖြင့် နေရာကို ပြောင်းယူလိုက်ကြပြီး ရှေ့ဆုံးက နေရာကို အရယူလိုက်ကြသည်။ ထိုဖြစ်စဥ်က ဆက်တိုက်ဖြစ်ပေါ်နေသည်။ ရှေ့တန်းတွင် တစ်ဖွဲ့က တောင့်ခံထားချိန်တွင် ဒုတိယတစ်ဖွဲ့က အနားယူသည်။ နောက်တစ်ဖွဲ့ကမူ အမိန့်ကို အသင့်စောင့်နေ၏။ အရာအားလုံးဟာ အစီစဥ်တကျ ဖြစ်နေသည်။

ထိုနည်းလမ်းမှတစ်ဆင့် ပထမခုခံရေးအားလှိုင်းက အာရပ်များ၏ တိုက်ကွက်ကို တောင့်ခံနိုင်ခဲ့သည်။ သို့သော် တောင့်ခံရုံသာ တတ်နိုင်သည်။

ဂျိန်း။

တိုက်ပွဲဟာ ထိုအခြေအနေမျိုးအထိ ရောက်လာပြီးနောက် ရုတ်တရက် အာရပ်စစ်တပ်၏နောက်တန်းမှ ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာသည်။

”အရှင်မင်း အဲဒီကိုကြည့်ပါဦး”

ရုတ်တရက် ရွှယ်ချန်ကျွင်းက အော်လိုက်သည်။ သူဟာ သူမြင်လိုက်ရသော အရာကို မျက်လုံးပြူးကျယ်စွာ အံ့အားတကြီး ကြည့်နေသည်။

ဝမ်ချောင်ကလည်း ရွှယ်ချန်ကျွင်း၏ အကြည့်နောက်လိုက်ပြီး တိတ်တဆိတ် ကြည့်လိုက်သောအခါ အာရပ်စစ်တပ်၏ နောက်တန်းတွင် ဖြစ်ပျက်နေသည့် မမျှော်လင့်ထားသော အဖြစ်ပျက်ကို မြင်လိုက်ရသည်။

ကြီးမားလွန်းသော ငွေရောင်လက်နက်များကို မြင်လိုက်ရခြင်း ဖြစ်သည်။ သုံးမီတာခန့် ကျယ်ပြီး လူတစ်ရပ်စာမြင့်သည်။ ထိုလက်နက်များက နောက်တန်းမှ သယ်ဆောင်လာခြင်း ဖြစ်လောက်သည်။ လက်နက်တစ်လက်ချင်းစီတိုင်းကို လူ၇ယောက်မှ ဆယ်ယောက်ခန့်အထိ စောင့်ကြပ်နေကြသည်။

ထိုငွေရောင်လက်နက်များက အလွန်အမင်း လေးလံလောက်သည်။ ထို့အပြင် မှင်တက်ဖွယ်ကောင်းသော ဆူညံသံများကိုလည်း ထုတ်နေသေးသည်။ ထိုအရာများက မည်သည့်အရာများဖြစ်ကြောင်း သူမမှတ်မိသော်လည်း မကောင်းသော ခံစားချက်ကို ရနေသလိုမျိုး ဝမ်ချောင်၏ မျက်လုံးက မှေးကျဥ်းသွားသည်။

”ချန်းမင်းကို မြန်မြန်တုံ့ပြန်ဖို့ အမိန့်ပေးလိုက်”

ဝမ်ချောင်က ခေါင်းပင်ငဲ့မကြည့်ဘဲ ချက်ချင်းအမိန့်ထုတ်သည်။

ခရက် ခရက်။

တစ်ချိန်တည်းလိုလို ချန်းမင်းကလည်း လက်နက်များကို မြင်လိုက်သည်။ သူ၏မျက်နှာထားက တင်းမာသွားပြီး ဆံပင်များက လေတွင် လွင့်ထွက်သွားသည်။

”ပစ်”

သူက ဓားကိုအောက်သို့ ခုတ်ပိုင်းချလိုက်သည့်အချိန်တွင် လေထဲတွင် ဖျော့တော့သော အမှန်အသားရာက ပေါ်ထွက်လာသည်။ ချန်းမင်း၏ အမိန့်နှင့်အတူ ထန်လက်နက်ကြီးတစ်ထောင်လုံးက ပစ်မှတ်ကို ပြောင်းလိုက်ကြသည်။

ဘုန်း ဘုန်း ဘုန်း။

လက်နက်ကြီးများက ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့်အတူ ငွေရောင်လက်နက်များပေါ်သို့ ဆင်းသက်သွားလေသည်။

ကျယ်လောင်သော သတ္ထုခြင်း ထိခတ်သံက ထွက်ပေါ်လာသည်။ ထိုလက်နက်ကြီးများက ငွေရောင်လက်နက်များကို ထိမှန်သွားသည်။ သို့သော် အနည်းငယ်သော အချိုင့်ရာပင် ထင်အောင် မလုပ်နိုင်ချေ။ သို့သော် လက်နက်များကို ရွှေ့ပြောင်းနေသော အာရပ်စစ်သည် ၃၀မှ ၄၀ခန့်က သတိလက်လွတ်ဖြစ်သွားပြီး ကျိုးပေါက်ထိမှန်ခံလိုက်ရသည်။

”ရှုထောင့်ကို ၁၅°လောက်အထိ ပြောင်းလိုက်၊ ဒီလက်နက်တွေကို ရွှေ့လာတဲ့ အဲဒီစစ်သားတွေကို ချိန်ပစ်”

ချန်းမင်း၏ မျက်လုံးက တစ်ချက်လက်သွားပြီး သူကအကြံအစည်ကို ပြောင်းလိုက်သည်။

စစ် စစ် စစ်။

ထိုလက်နက်ကြီးများကလည်း သူတို့၏ အင်အားကို ထုတ်ပြပြန်သည်။ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသော အော်သံများနှင့်အတူ အာရပ်စစ်သည် ၂ ထောင်ကျော်ခန့်က လက်နက်များ၏ ထိုးဖောက်မှုကို ခံရသည်။ ပို၍ဆိုးသည်မှာ အရှိန်နှုန်းအရ နောက်ထပ်သုံးထောင်လောက်ကို ထပ်သတ်သွားနိုင်သေးသည်။

”ခုခံ ”

တိုက်ပွဲနယ်မြေအတွင်း အာရေးဗီးယား ဘာသာစကားနှင့် အော်သံအမိန့်များက ထွက်ပေါ်လာသည်။ ထိုငွေရောင်လက်နက်များကို တွန်းလာသော ကင်းထောက်စစ်သားများအားလုံး လဲပြိုကျသွားသည်နှင့် ငွေရောင်လက်နက်များ အားလုံးက လှုပ်ရှားနိုင်မည်ဖြစ်သည်။

ဂီရာလှုပ်သံ ကွဲအက်သံများ ထွက်ပေါ်လာပြီးနောက် ကြီးမားသည့် ထိုငွေရောင် လက်နက်တုံးကြီးက ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုလက်နက်တုံးကြီးက ကြီးမားသော ငွေရောင်လက်နက်ကြီး၏ ဘယ်ဘက်ခြမ်းမှ ပေါ်ထွက်လာခြင်း ဖြစ်ပြီး ညာဘက်ခြမ်းတွင်မူ နောက်ထပ် လက်နက်တစ်ခု၊ ဘယ်ဘက်ခြမ်းတွင်တစ်ခု၊ ထိပ်ဆုံးတွင်တစ်ခု စသဖြင့် တပ်ဆင်ခြင်း ခံရလေသည်။ သိပ်မကြာခင် လက်နက်များအားလုံး ပေါင်းစပ်ပြီး တောင်ပံပုံသဏ္ဍာန်ပေါ်လာသည်။ ထိုသို့ဖြင့် အနောက်ဘက်တွင် ရှိသော စစ်သားများနှင့် တခြားသော ငွေရောင်လက်နက်အသီးသီးကို ကာကွယ်လိုက်ကြလေသည်။

ချက်ချင်းဆိုသလိုပင် မရေမတွက်နိုင်သော စစ်သားပေါင်းများစွာက နောက်ဘက်မှ အပြေးထွက်လာသည်။ မြင်းတပ်အဖွဲ့ဝင် တချို့ကပင် မြင်းပေါ်မှ ဆင်းသက်ပြီး လက်နက်များ၏ အနောက်တွင် နေရာဝင်ယူကြသည်။

ထိုသို့ဖြင့် စစ်သည်တစ်ထောင်ကျော်ခန့်က လက်နက်များကို ရွှေ့ပြောင်းရင်း သေဆုံးသွားခဲ့သည့်တိုင်အောင် ပို၍များပြားသော ပမာဏက အစားထိုးသွားသည်။ ထိုအရာသာ မကသေးလေဘဲ လျှို့ဝှက်ဆန်းကြယ်သော ထိုငွေရောင်လက်နက်များက အာရပ်စစ်သားများ၏ ပူးပေါင်းစွမ်းအားကို သုံးပြီး ပို၍မြန်ဆန်စွာ ရွေ့လျားနိုင်ကြသည်။ သူတို့ဟာ ပထမခုခံရေးအားလှိုင်းနှင့် နီးသထက် နီးလာသည်။

”ဝူရှန်းမြင်းတပ် အသင့်ပြင်”

ဝမ်ချောင်၏ မျက်လုံးက အနည်းငယ်ပွင့်သွားပြီး အမိန့်ကို ပေးလိုက်သည်။

”သံမဏိမြို့ရိုးစစ်တပ် အသင့်ပြင်”

တစ်ချိန်တည်းလိုလို ကောင်းရှန်းကျစ်ကလည်း အနီးနားမှ လှမ်း၍ အမိန့်ထုတ်လိုက်သည်။ သူ၏မျက်နှာထားက တင်းမာကာ လေးလံနေသည်။ ဝမ်ချောင်နည်းတူ သူကလည်း ထိုလက်နက်ကြီးများထံမှတစ်ဆင့် မကောင်းသော ခံစားချက်ကို ရနေသည်။

ဝှစ်။

လက်နက်ကြီးများ၏ အရှိန်နှုန်းကမြင့်လာပြီး မြင်းများနှင့် နီးသထက်နီးလာသည်နှင့်အမျှ သူတို့က ခံစားရသည့် တင်းအားက ပို၍မြင့်တက်လာသည်။ ဘီးများ၏ တဝုန်းဝုန်းလှိမ့်သံများက စစ်သားများ၏ နှလုံးသားကို တက်နင်းနေပုံပေါ်သည်။ ထိုသို့ဖြင့် သူတို့၏စိတ်အတွင်းသို့ ရောက်လာသည့် အလေးချိန်က စီးလာသည်။

ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်တို့ ၂ယောက်လုံးက စောင့်ကြည့်နေကြသည်။

တိုက်ပွဲနယ်မြေ၏ တခြားအဆုံးတစ်ဖက်တွင် ငရဲမီးတောက်အလံအောက်တွင် ရပ်နေသည့် ခံစားချက်မဲ့နေသော ချွီထေပါးက မြင်း၏ ထိပ်ဆုံးမှ ကြည့်နေသည်။ သူ့ကို ရွှေရောင်ချီစက်ကွင်းက ဝိုင်းထားသည်။ ငွေရောင်လက်နက်များ အရှေ့တိုးသည်နှင့်အမျှ သူ၏မျက်ဝန်းအတွင်း အေးစက်သော အလင်းက လက်နေသည်။

အာရပ်အစိုးရ ချွီထေပါးဟာ သူ၏တစ်ဘဝလုံးနီးပါး တိုက်ပွဲနယ်မြေတွင် ကျင်လည်ခဲ့ခြင်းဖြစ်သည်။ သူဟာ အမျိုးမျိုးသော ရန်သူအမျိုးအစားတိုင်းနှင့် ကြုံဖူးသည်။ အမျိုးမျိုးသော ခုခံသည့် အခြေအနေမျိုးကို ကြုံဖူးသည်။ မြင့်မားသော မြို့ရိုးများ၊ ခိုင်မာသည့် ခံတပ်များ၊ အထပ်ထပ်သော ဒိုင်းကာသမားများ၊ အမျိုးမျိုးသော လက်နက်များ အားလုံးကို ရင်းနှီးသည်။ မရင်းနှီးသော အရာများကိုလည်း ကြုံဖူးသည်။ ပုံမှန်မဟုတ်သော ပုံမှန်မြင်နေကျဖြစ်သော အရာအားလုံးနှင့် ရင်းနှီး၏။

အာရေးဗီးယား၏ အစွန်းတစ်ဖက်ခြမ်းနှင့် စစ်အစိုးရ ချွီထေပါးကို ရင်ဆိုင်ရသောအခါ ပြိုင်ဘက်များအားလုံးက ခုခံရန်သာ ကြိုးစားလေ့ရှိကြသည်။ သူတို့ဟာ အာရေးဗီးယား စစ်တပ်ကို တဖြည်းဖြည်း ကြိတ်ခြေရင်း ခုခံနိုင်သည့် အဆုံးအဖြတ်တိုက်ပွဲကို အရယူလိုကြသည်။ ထန်များနည်းတူ သူတို့က လှုပ်ရှားခဲ့ဖူးသည်။ သို့သော် အဆုံးသတ်တွင် မည်သည့်အင်ပါယာကမှ ချွီထေပါးနှင့် ယှဥ်ပြီး မရှင်သန်နိုင်ခဲ့ချေ။

ချွီထေပါးသည် ဗျူဟာတိုင်း ရန်သူတိုင်းကို ကိုင်တွယ်နိုင်မည့် နည်းလမ်းများကို ပိုင်ဆိုင်ထားသည်။

ခုခံမှုကို မှီခိုသော ရန်သူများကို ကိုင်တွယ်ရန်အလို့ငှာ ခံတပ်ထဲမှ မထွက်သောလူများကို ကိုင်တွယ်ရန်အလို့ငှာ ချွီထေပါးက အင်ပါယာပန်းပဲဆောင်ကို ထူးခြားသော လက်နက်ကို ထုလုပ်ခိုင်းထားပြီးသား ဖြစ်သည်။

ငွေရောင်ပဲ့ဟယ်မော့။

ဒါဟာ ကြီးမားလွန်းသော ငွေရောင်လက်နက်များ၏ နာမည်ဖြစ်သည်။

ဂျိန်း။

အ

မသက်မသာဖြစ်စေသော တဘုန်းဘုန်းအသံများအကြားတွင် ထိုငွေရောင်လက်နက်ကြီးများက သံမဏိခုခံရေးအားလှိုင်းနှင့် နီးသထက် နီးလာသည်။

နောက်ဆုံးတွင်... ဘုန်း။

ကောင်းကင်မှသာ ငုံ့ကြည့်လိုက်မည်ဆိုလျှင် ရှည်လျားသော သံမဏိ တုံးမောင်းကြီးတစ်ခုက ငွေရောင်လက်နက်ကြီးအတွင်းမှ လျှာတစ်ချောင်းလို ရှည်ထွက်လာကြောင်း မြင်ရမည်ဖြစ်သည်။ အမျိိုးမျိုးသော စက်များ၏ ထောက်ပံ့မှုများကြောင့် ထိုကြီးမားသည့်အားက သံမဏိမြို့ရိုးကို စောင့်ထိုးသည်။

”အား”

နောက်ဆက်ဖြစ်လာသည်မှာ ထန်စစ်သားများအားလုံးကို အသက်ရှူရပ်သွားစေသော အခိုက်အတန့်ဖြစ်သည်။ အလွန်အမင်း လေးလံပြီး ဖော်ပြရန် ခက်ခဲလောက်အောင် ခိုင်မာသော သံမဏိမြို့ရိုးကြီးက တုန်ခါသွားသည်။ ထို့နောက် ဒိုင်းကာသမားများ၊ လှံတိုသမားများနှင့်အတူ လေထဲသို့ လွင့်ထွက်လျက် မြောက်တက်သွားပြီး ကျန်း၂၀ ကျော်ခန့်အကွာရှိ စစ်တပ်ရှိရာဘက်သို့ လွင့်ထွက်သွားလေသည်။

ဘုန်း ဘုန်း ဘုန်း။

ငွေရောင်လက်နက်ကြီးများက သံမဏိမြို့ရိုးကို ဆက်တိုက် ဖယ်ရှားသည်။ ထိုသို့ဖြင့် သူတို့၏ သံမဏိစစ် တုံးမောင်းကြီးများကို သုံးပြီး မြို့ရိုးများကို လွင့်စင်သွားစေလေသည်။ မျက်တောင်တစ်ခတ်အချိန်အတွင်း ချွီထေပါးက မြောက်ပိုင်းမှ သယ်လာသည့် ငွေရောင်ပဲ့ဟယ်မော့များက သံမဏိမြို့ရိုးများကို စာရွက်ဆုတ်များကဲ့သို့ ဖယ်ရှားနိုင်ခဲ့သည်။ မှင်တက်ဖွယ်ကောင်းသော မြင်ကွင်းနှင့် ကျယ်လောင်လွန်းသော သတ္ထုချင်း ထိကပ်ပေါက်ကွဲသံများက ထန်များအားလုံးကို မှင်တက်ကာ ကြောင်အသွားစေလေသည်။

အပိုင်း (1059)

လက်နက်ကြီးတွေ။

ဒါက အကွာအဝေးတိုအတွင်း ပစ်ခတ်နိုင်တဲ့ လက်နက်ကြီးတစ်မျိုးပဲ။

သူတို့၏ ပစ်ခတ်နိုင်သော ဝန်းကျင်က လောက်လေးခွကြီးများထက် အများကြီး ပိုတိုသည်။ သို့သော်သူတို့၏ အားနှင့် ကြုံခိုင်မှုကမူ ထိုလောက်လေးခွကြီးများကို ကျော်လွန်နေသည်။ ထိုငွေရောင် ပဲ့ဟယ်မော့ကြီးများ၏ တိုက်ကွက်များက ထန်ခုခံရေးအားလှိုင်းတွင် ပြန်ဖြည့်၍ မရနိုင်သည့် ဟာကွက်များကို ပေါ်လာစေသည်။

“တက်”

စစ်၏ အော်ဟစ်သံများက ဆက်တိုက် ထွက်ပေါ်လာပြီးနောက် မရေမတွက်နိုင်သော အာရပ်မြင်းတပ်အဖွဲ့ဝင်များစွာက ချက်ချင်းလိုလို ရှေ့သို့ ချီတက် ကျော်ဖြတ်သွားကြသည်။

”အားလုံးကိုသတ်”

အာရပ်များသည် တင်းမာသော မျက်နှာထားများနှင့် ထန်၏ ခုခံရေးအားလှိုင်းအတွင်းသို့ ရေစီးသလိုမျိုး ဆက်တိုက် ကျော်ဖြတ်သွားကြသည်။ ထိုအခိုက်အတန့်တွင် မြင်းတပ်၏ ကြောက်မက်ဖွယ်ကောင်းမှုနှင့် အာရပ်များ၏ ခက်ထန်မှုက အပြည့်အဝ ထုတ်ပြနိုင်သွားသည်။

ဘန်း ဘန်း ဘန်း။

ထန်စစ်သားများက လေထဲသို့ လွင့်စင်ကုန်သည်။ ခုခံရေးအားလှိုင်းမှ ဟာကွက်နေရာက ကြီးသထက် ကြီးသွားပြီး ဝရုန်းသုန်းကား ဖြစ်လာစေသည်။ အဆုံးအစမဲ့သော အာရပ်များ၏ တိုက်ကွက်များကို ခံရပြီးနောက် ဟာကွက်နေရာက ကျယ်သထက် ကျယ်လာကာ ဝရုန်းသုန်းကား အခြေအနေက ပျံ့နှံ့သထက် ပျံ့နှံ့သွားသည်။

”ထိန်းထားကြ၊ သူတို့ကို မဝင်စေနဲ့”

”အားလုံးကို တားကြစမ်း၊ သူတို့ဝင်လာရင် ငါတို့ရှုံးပြီပဲ”

”သတ် အားလုံးကိုသတ် ငါရဲ့နောက်ကို လိုက်ခဲ့ကြ”

ထိုမြင်ကွင်းနှင့်အတူ စစ်သားတိုင်းက အထိတ်တလန့် ဖြစ်သွားကြသည်။ ဒိုင်းကာသမားများ၊ ပုဆိန်သမားများ၊ လှံသမားများနှင့် စစ်သားများအားလုံး၏ မျက်လုံးက နီရဲသွားပြီး အဟကြားနေရာသို့ ဒေါသတကြီး ချီတက်သွားကြသည်။ သို့သော် သူတို့က နောက်ကျသွားပြီဖြစ်သည်။ အာရပ်မြင်းတပ် သောင်းပေါင်းများစွာက ပထမခုခံရေး အားလှိုင်းသို့ ဝင်ရောက်ပြီးသည်မှာ ကြာပြီဖြစ်သည်။ ယခုအခါ အင်တိုက်အားတိုက်အပြည့်နှင့် နေရာပေးနိုင်သွားသည်။

”အား”

လေထဲတွင် အော်ဟစ်သံများက ပြည့်နှက်လာသည်။ စစ်သားများက အာရပ်များ၏ ချီတက်မှုကြောင့် ကြိတ်ချေခုတ်သိမ်းခံရသည်။ သေဆုံးသွားသည့်တိုင်အောင် သူတို့က ရှေ့သို့ ချီတက်ရန် ကြိုးစားနေကြသေးသည်။ သို့သော် တစ်​ယောက်ချင်းစီ၏ အင်အားက အကန့်အသတ် ရှိနေသည်။ တစ်သုတ်ပြီးတစ်သုတ် ဝင်လာသော အဆုံးအစမဲ့နေသည့် မြင်းတပ်အဖွဲ့ဝင်များ၏ ချီတက်မှုများကြောင့် သူတို့ဟာ သစ်ပင်ကို လှုပ်ခါနိုင်ရန် ကြိုးစားနေသည့် ပုရွက်ဆိတ်များအလား ဖြစ်နေလေသည်။

”သံမဏိ နံရံစစ်တပ် အဆင်သင့်ပြင်”

ကောင်းရှန်းကျစ်သည် သူ၏ဓားကို ဒေါသတကြီး ဆွဲထုတ်လိုက်သည်။ သူ၏ အော်ဟစ်လိုက်သော အမိန့်သံနှင့်အတူ သံမဏိ မြို့ရိုးစစ်တပ်မှ စစ်သည်လေးထောင်လုံးက စတင်ကာ လှုပ်ရှားကြသည်။ သူတို့၏ ခန္ဓာကိုယ်များက စွမ်းအားကြီးမားသည့် အရှိန်အဝါးများနှင့် ပေါက်ကွဲမတတ် ပြင်းထန်နေသည်။ ထိုသို့ဖြင့် အဟကြားနေရာကို တိုက်ရိုက်ကြည့်လိုက်ကြသည်။

အရှုံးဟာ ပုံသဏ္ဍာန်ပေါ်နေပြီး သာမန်စစ်သားများ၏ အင်အားကလည်း အာရပ်စစ်သားများ၏ ရေစီးသလိုမျိုး ဆက်တိုက် ခုန်ဝင်လာမှုအား မတားနိုင်တော့ချေ။ သံမဏိ မြို့ရိုးစစ်တပ်ကသာ ထိုဟာကွက်နေရာကို ဖြည့်နိုင်သည်။

”လှုပ်ရှားကြ”

ကောင်းရှန်းကျစ်သည် သူ၏ဓားကို ရှေ့သို့ ရမ်းလိုက်သည်။ ထိုသို့ဖြင့် ဆုံးဖြတ်ချက် ပြတ်သားသော သံမဏိမြို့ရိုးစစ်တပ်အဖွဲ့ဝင်များက ချက်ချင်းလိုလို ရှေ့သို့ ချီတက်သွားကြသည်။ ထိုသို့ဖြင့် အဟကြားနေရာရှိရာသို့ ဥက္ကာခဲ ကြွေကျသလိုမျိုး ပြေးဝင်သွားကြလေသည်။

ချွင်။

သူတို့က ထိုအဟကြားနေရာသို့ ရောက်ရှိသွားသောအခါ သံမဏိ မြို့ရိုးစစ်တပ်မှ စစ်သားများအားလုံးက ဓားများကို ဆွဲထုတ်လိုက်ကြသည်။ စစ်သည်လေးထောင်လုံး၏ ဓားအလက်လေးထောင်က တစ်သားတည်းဖြစ်နေသလိုမျိုး တုန်ခါသွားသည်။ ထိုသို့ဖြင့် တုနှိုင်းမဲ့သည့် ဖိအားမျိုးကို ဖန်တီးလာပြန်သည်။

”အားလုံးကိုသတ်”

သံမဏိ မြို့ရိုး စစ်တပ်ကို ဦးဆောင်နေသော စစ်သားများ၏ မျက်လုံးက အေးစက်နေသည်။ ရှေ့ဆုံးမှ ခေါင်းဆောင်တစ်ယောက်ဆိုလျှင် သူ၏ဓားကို အောက်သို့ ရမ်းချလိုက်ပြီး သူ၏စစ်သားဒိုင်းကို သိုးအသားတုံးကြီး တစ်တုံးကို ချောင်းနေသည့် ဝံပုလွေအုပ်လိုမျိုး အာဂပ်စစ်တပ်အတွင်းသို့ ဝင်ရောက်သွားစေလိုက်သည်။

ဂွက်။

သူ၏ဓားက ရှေ့သို့ ချီတက်လာသည့် မြင်းတစ်ကောင်ကို ကျော်ဖြတ်ကာ ထိုးဖောက်လိုက်သည်။ မြင်းမှတစ်ဆင့် မြင်းစီးသူကိုပင် တိုက်ရိုက်တောက်လျှောက် ထိုးဖောက်လိုက်ခြင်း ဖြစ်သည်။

ခွက်။

သူဟာ လက်ကောက်ဝတ်ကို အနည်းငယ် လှုပ်ခါလိုက်မှုနှင့်အတူ သံမဏိ မြို့ရိုးစစ်သားက တစ်ဖက်မှ မြင်းနှင့် မြင်းစီးသူနှစ်ယောက်လုံးကို ဘေးဘက်သို့ လွှင့်ပစ်လိုက်နိုင်သည်။ ထိုမြင်းနှင့် မြင်းစီးသူအပါအဝင် သူတို့၏ သံချပ်ကာများ၏ အလေးချိန်က ကျင်းတစ်ထောင်နီးပါး ရှိနေသေးသည်။ သို့သော် ထိုစစ်သည်တော်၏ ဓားအောက်တွင်မူ အလေးချိန်မဲ့နေပုံရသည်။ ထိုသို့ဖြင့် သူဟာ အလွယ်တကူ လွှင့်ပစ်ခံလိုက်ရသည်။ ထို့နောက် ထိုစစ်သည်တော်က အာရပ်မြင်းတပ်အဖွဲ့ဝင်ထံ ခုန်ဝင်သွားလေသည်။

ဘုန်း။

ပထမဦးဆုံး အာရပ်မြင်းသည်တော်တစ်ယောက်ကို သတ်ဖြတ်ပြီးနောက် သံမဏိ မြို့ရိုး စစ်သည်တော်က ရှေ့သို့ လှမ်းသည်။ ထိုသို့ဖြင့် ဒုတိယမြောက် မြင်းသည်တော်ကို သတ်သည်။

ဘုန်း ဘုန်း ဘုန်း။

သံမဏိမြို့ရိုးစစ်သားဟာ ယုံကြည်မှု အပြည့်နှင့် ရှေ့သို့ ချီတက်သွားသည်။ သူ၏ ခြေလှမ်းတိုင်းက ခိုင်မာကာ ဆုံးဖြတ်ချက် ပြတ်သားနေသည်။

ဇွက်။

ထိုလူ၏ ပတ်ပတ်လည်တွင် သွေးများဟာ ပန်းထွက်နေသည်။ ထိုးနှက်ချက် တစ်ချက်ချင်းစီတိုင်းက အာရပ်မြင်းတပ်အဖွဲ့ဝင်များကို ပေါင်းပင်လို ရိတ်သိမ်းနိုင်နေသည်။

အာရပ်မြင်းတပ်အဖွဲ့ဝင်များအားလုံးပင်မဆို ထားဘိ။ ဒီတစ်ဦးတစ်ယောက်ကမှပင် ထိုသံမဏိမြို့ရိုး စစ်သည်တော်ကို တားနိုင်ပုံမရချေ။

ဘုန်း ဘုန်း ဘုန်း။

သံမဏိ မြို့ရိုးစစ်တပ်မှ စစ်သည်တော် အယောက်လေးထောင်လုံးဟာ အလားတူသော နည်းလမ်းမျိုးကို သုံးပြီး အာရပ်စစ်တပ်အတွင်းသို့ မရပ်တန့်နိုင်သော အရှိန်နှုန်းနှင့် ချီတက်သွားကြသည်။ ထိုသို့ဖြင့် သွေးလမ်းကို ဖောက်ခဲ့သည်။

ဟီး။

မြင်းများက ကြောက်လန့်တကြား ဟီကြသည်။

ကောင်းမွန်စွာ လေ့ကျင့်ပေးထားပြီး အကြောက်အလန့်မဲ့သော အာရေးဗီးယား စစ်မြင်းများကပင် သံမဏိမြို့ရိုးစစ်တပ်၏ ရက်စက်ကာ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဟုန်ကြောင့် ကြောက်လန့်လာကြသည်။ ထိုသို့ဖြင့် သူတို့၏ နောက်​ခြေများကို ထောက်ကာ လက်များကို မြှောက်ရင်း အလန့်တကြား နောက်ဆုတ်ရန် ကြိုးစားကြလေသည်။

သို့သော် သံမဏိမြို့ရိုးစစ်တပ်မှ စစ်သည်လေးထောင်က ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ရှေ့သို့ ဆက်လက်ချီတက်သွားသည်။ အာရပ်မြင်းတပ်အဖွဲ့ဝင်မည်မျှ များပြားသော ပမာဏက သူတို့ထံ ခုန်ဝင်လာစေကာမူ မည်သည့်အရာကမှ သူတို့၏ သတ်ဖြတ်မှုအား တားဆီးနိုင်ပုံ မရချေ။ တစ်ထောင် နှစ်ထောင် သုံးထောင်.....။ ကျော်ကြားလှပါသော အာရပ်မြင်းတပ် အဖွဲ့ဝင်များဟာ သံမဏိ မြို့ရိုးစစ်တပ်၏ အရှေ့တွင် တစ်ချက်ပင် မခံနိုင်ချေ။ သူတို့က တစ်သုတ်​ပြီးတစ်သုတ် အသုတ်သင်ခံရသည်။ သူတို့၏ အလောင်းများက တိုက်ပွဲနယ်မြေတွင် ပုံလာသည်။

”အားလုံးကိုသတ်”

ပထမဦးဆုံး အခြေအနေကို သတိပြုမိလိုက်သော သူများဟာ ချွီထေပါး၏ လခြမ်းကွေး ရှေ့ပြေးတပ်များ ဖြစ်သည်။ ကျော်ကြားသော ရှေ့ပြေးတပ်မှ မြင်းစီးသမားတစ်ယောက်ဟာ သူ၏ဓားမောက်ရှည်ကို တစ်ချက်ရမ်းလိုက်ပြီး သံမဏိမြို့ရိုးစစ်သည်တော်တစ်ယောက်ထံ ခုန်ဝင်သွားလိုက်သည်။

”သတ်”

ကြီးမားသော လခြမ်းကွေးဓားမောက်ရှည်ကြီးက လေထဲတွင် ရှည်လျားသည့် အစင်းကြောင်းကြီးကို ချန်ထားရစ်ခဲ့သည်။ သူ၏အနီရင့်ရောင် အပေါ်ယံမျက်နှာပြင်က လခြမ်းကွေး ရှေ့ပြေးအစောင့်တပ်၏ ခက်ထန်သော မျက်နှာ ထင်ဟပ်နေသည်။ လခြမ်းကွေး ရှေ့ပြေးအစောင့်တပ်သည် တိုက်ခိုက်ရာတွင် အလွန်အမင်း အတွေ့အကြုံကြီးသည်။ မရေမတွက်နိုင်သော အလားအလာကောင်းလွန်းသည့် လေးစားဖွယ်ပြိုင်ဘက်များကို သတ်ခဲ့သည်။ လခြမ်းကွေး ခုန်ချက်ကိုသုံးပြီး သူဟာ သူ၏အင်အားတိုင်းကို လွှတ်ထုတ်လိုက်သည်။ သူ၏ဓားမောက်ရှည်က သံမဏိကိုပင် ကွဲကြေသွားစေနိုင်လောက်အောင် လုံလောက်သည့် အင်အားမျိုးကို သယ်ဆောင်ထားသည်။ ထို့အပြင် အသွေးအသားဆိုလျှင် ပို၍ဆိုးသည်။ သို့သော် တောင်တန်းများကိုပင် ကွဲကြေနိုင်လောက်အောင် ထိုးနှက်နိုင်စွမ်းရည်ရှိသည့် လခြမ်းကွေး ရှေ့ပြေးတပ်၏ တိုက်ကွက်ကို ရင်ဆိုင်ရသောအခါ သံမဏိမြို့ရိုး စစ်သည်တော်က မြစ်ထဲတွင် မြုပ်နေသည့် ကြီးမားလွန်းသော ကျောက်တုံးကြီးတစ်တုံးလိုမျိုး မရွေ့လျားဘဲ ဆက်ရပ်နေနိုင်သည်။ သူ၏မျက်နှာက ခံစားချက်မဲ့သည်။ သူ၏မျက်လုံးဟာ သူ၏အရှေ့မှ လခြမ်းကွေး ရှေ့ပြေးတပ်အဖွဲ့ဝင်တစ်ယောက်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး သူ၏ဓားဖြင့် လှမ်းထိုးလိုက်သည်။

ဇွက်။

ထက်ရှသော ဓားထိပ်က စစ်မြင်းကို ကျော်ဖြတ်လျက် ထိုလူ၏ ကိုယ်အတွင်းသို့ ဖောက်ဝင်သွားပြီး ကျောဘက်မှ ပြန်ထွက်လာသည်။ ထိုအခိုက်အတန့်တွင် အချိန်ကပင် ရပ်သွားပုံရသည်။ ကြီးမားလွန်းသော လခြမ်းကွေး ဓားမောက်ကြီးဟာလည်း လေထဲတွင် မြှောက်လျက်သား တန့်သွားသည်။ ထိုသို့ဖြင့် အလေးချိန်ကျင်းတစ်ထောင်ကျော်သော လူနှင့် မြင်းတို့ဟာ ဓားတစ်ချက်တည်းဖြင့် လွှင့်ပစ်ခံလိုက်ရသည်။

”ဘယ်လို ဘယ် ဘယ် ဘယ်လိုကြောင့်လဲ၊ ဘာလို့ အရှေ့ အ အရှေ့ပိုင်းလောကမှာ ဒီလောက်အင်အားကြီးမားတဲ့ စစ်သည်တော်တွေကို ပိုင်ဆိုင်ရမှာလဲ”

ထိုလခြမ်းကွေး ရှေ့ပြေးအစောင့်တပ်၏ မျက်လုံးများက မယုံကြည်နိုင်မှုများနှင့် ပြူးကျယ်နေသည်။

သူဟာ သေသွားပြီးသည့် အခိုက်အတန့်တွင်ပင် နှလုံးသားထဲအထိ အေးစိမ့်သွားသော ခံသားချက်မျိုးကို ရလိုက်သည်။ တိုင်းပြည်ပေါင်းများစွာကို အုပ်စိုးမှုတွင် ပါဝင်ခဲ့ပြီး ရန်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ်အနေနှင့် ဒီလောကဟာ သတ်ဖြတ်မှုအနုပညာတွင် ​ကျွမ်းကျင်သော စစ်သည်တော်တစ်ယောက်၏ အိမ်ဖြစ်ကြောင်း သိလိုက်သည်။ သူ၏ လခြမ်းကွေး ဓားမောက်ရှည်ဟာ အောက်သို့ပင် လွှဲမချနိုင်သေးခင် သူ၏ သေစေနိုင်သော နေရာသို့ ထိုးဖောက် သတ်ဖြတ်ခံလိုက်ရပြီဖြစ်သည်။ ထိုရိုက်ချက် ရှင်းလင်းလွန်းသည်။ တည့်တိုးလည်း ဆန်သည်။ ထို့အပြင် ချဲ့ကားလွန်းသော ခွန်အားများကိုလည်း ထည့်သုံးထားပုံ မရချေ။ သို့သော် သူ၏ အဆိုးရွားဆုံးသော အိပ်မက်ဆိုး၏ ထုတ်ကုန်ဖြစ်သွားသည်။

ဂျိန်း။

သံမဏိမြို့ရိုးစစ်တပ်မှ စစ်သည်လေးထောင်ဟာ မရပ်တန့်နိုင်သော အရှိန်နှုန်းဖြင့် ချီတက်နေကြသည်။ ဖုတ်များက ကပြောင်းကပြန်ဖြစ်ပြီး မြေကြီးက တသိမ့်သိမ့်တုန်နေချိန်တွင် လခြမ်းကွေးရှေ့ပြေးတပ်ဖွဲ့ဝင်များဟာ ဖြတ်တောက်ခံနေရသည်။

” ပညာရှင်အဖွဲ့ ဟာကွက်နေရာကို ပြင်ဆင်ဖို့ အသင့်ပြင်ထားကြ”

ရုတ်တရက် ကျယ်လောင်ကာ တောက်ပသော အသံက သံမဏိခုခံရေးအားလှိုင်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထန်စစ်တပ်နောက်တန်းမှ စက်ကြီးများ၏ အော်သံက စထွက်လာသည်။ မရေမတွက်နိုင်သော ပညာရှင်များ၏ ကြိုးစားမှုအောက်တွင် ထိုကြီးမားရှည်လျားလှသည့် စက်လက်တံကြီးများက လေးလံလွန်းသည့် သံမဏိမြို့ရိုးပေါ်သို့ အမျိုးမျိုးသော ရှုပ်ထွေးသော တည်ဆောက်ပုံများနှင့်အတူ ချိတ်ဆက်သွားသည်။ ထိုသို့ဖြင့် ခုခံရေးအားလှိုင်း အရှေ့တွင် ပေါ်ထွက်လာစေလေသည်။

ဘုန်း။

သံမဏိမြို့ရိုးကြီးများကို အောက်သို့ ဖိချလိုက်သည်နှင့်အမျှ အောက်ခြေမှ ရှည်လျားသော သံမဏိဆူးချွန်များက ကျောက်သားအတွင်းသို့ ဝင်ရောက်သွားသည်။ မျက်တောင်တစ်ခတ်အချိန်အတွင်း သံမဏိမြို့ရိုးအသစ်က ပြန်ပေါ်လာပြီဖြစ်သည်။ ထိုသို့ဖြင့် ဒုတိယ တတိယ....။

ထိုအချိန်အတောတွင်း သံမဏိမြို့ရိုးစစ်သည်လေးထောင်ဟာ တိုက်ပွဲနယ်မြေတောက်လျှောက် တစ်ဖြောင့်တည်း ချီတက်သွားသည်။ ထိုသို့ဖြင့် အာရပ်တပ်ဖွဲ့များအတွင်း အဆုံးအစမဲ့သည့် တိုက်ခိုက်မှုများကို ပြုလုပ်ကာ အဟကြားနေရာကို ချန်ထားရစ်ခဲ့သည်။

မည်မျှများပြားသော အာရပ်စစ်သည်များက ချီတက်လာစေကာမူ သံမဏိမြို့ရိုးစစ်တပ်မှ စစ်သည်လေးထောင်ဟာ တွန်းဖယ်၍ မရနိုင်သလိုမျိုး ဖြစ်နေသည်။ သံမဏိ မြို့ရိုးစစ်တပ်မှ စစ်သည်တော်များ၏ အပြုမူများက ကျန်သောသူများအပေါ် သက်ရောက်မှု ရှိသွားသည်။ ထို့ကြောင့် ဒိုင်းကာသမား လှံသမားများ စေပါသမားများ လှံတိုသမားများအားလုံးက ခုခံရေးအားလှိုင်းအသစ်တစ်ခုကို ဖွဲ့စည်းနိုင်သွားသည်။

”ဝူရှန်း မြင်းတပ်ဖွဲ့ဝင်တွေအားလုံး ငါ့ရဲ့အမိန့်ကိုစောင့် ၊ လှုပ်ရှားဖို့အသင့်ပြင်”

ထိုအချိန်တွင် ဝမ်ချောင်က ခွာဖြူအရိပ်မြင်းအထက်တွင် ထိုင်လျက် ကြီးမားသော ငွေလက်နက်ကြီးများကို စောင့်ကြည့်အကဲခတ်နေသည်။ သံမဏိမြို့ရိုး ပထမတစ်သုတ်ကို ဖယ်ရှားပြီးနောက် ထိုလက်နက်ကြီးများက လျင်မြန်စွာဖြင့် ရွေ့သွားပြီး နောက်ထပ်ခုခံရေးအားလှိုင်းသို့ ချိန်ရွယ်ထားသည်။

သံမဏိမြို့ရိုးစစ်တပ်က အင်အားကြီးမားသော်လည်း ထိုငွေရောင်လက်နက်ကြီးများကိုလည်း ပေါ့သေးသေး သတ်မှတ်၍ မရချေ။ အန္တရာယ်ရှိနေသေးပြီး အာရပ်မြင်းတပ် သောင်းကျော်ဟာလည်း အချိန်မရွေး ဝင်ရောက်လာနိုင်သေးသည်။

ဘုန်း။

ထိုလက်နက်ကြီး ရာပေါင်းများစွာက နောက်ထပ်ခုခံရေးအားလှိုင်းကို ကျော်ဖြတ်ပြီး ခုခံရေးအားလှိုင်းသို့ ရောက်ရှိပြီး တိုက်ခိုက်တော့မည့်အချိန်တွင် ရုတ်တရက် လီစစ်ယဲ့က သူ၏ ကျောဘက်မှ ကြီးမားသော ဓားကြီးကို ဆွဲထုတ်လိုက်ကာ မြို့ရိုး၏ အဟကြားနေရာတစ်ခုသို့ ချီတက်သွားသည်။ သူ၏ မျက်လုံးက အလွန်အေးစက်သော အလင်းများလက်နေသည်။

ဆယ်ကြိမ် ချီတက်လျှင် ဆယ်ပွဲနိုင်ရမည်။

လီစစ်ယဲ့နှင့် သူ၏ လက်ရွေးစင်ဝူရှန်းမြင်းတပ်အဖွဲ့ဝင် ထောင်ပေါင်းများစွာဟာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် ပေါက်ကွဲသွားသလို ကပ်ဘေးခေတ်ကာလမှ အင်အားအကြီးဆုံး ဝင်္ကပါ ဆယ်ခုထဲမှ တစ်ခုကို ထုတ်ဖော်လိုက်ကြပြီဖြစ်သည်။

ဆယ်ကြိမ်ချီတက်လျှင် ဆယ်ပွဲအနိုင်ရမည်ဆိုသော ဝင်္ကပါသည် မြောက်များလွန်းသော ရန်သူများကို ကိုင်တွယ်ရာတွင် အသုံးဝင်လေသည်။ ကောင်းကင်ကိုပင် လှုပ်ခါနိုင်သော အသံကြီးက ပေါက်ကွဲထွက်လာပြီးနောက် ကြောက်မက်ဖွယ်ကောင်းသည့် ဝူရှန်းမြင်းတပ်အဖွဲ့ဝင်လေးထောင်၏ အရှိန်အဝါများက ရှေ့တန်းသို့ ရောက်နေသည့် အာရပ်မြင်းတပ်သောင်းပေါင်းများစွာကိုပင် လွှမ်းမိုးလိုက်လေသည်။

”အား အား”

လေထဲတွင် အော်ဟစ်သံများက ထွက်ပေါ်လာသလို ချီစက်ကွင်းချင်း ချီစက်ကွင်းချင်းက ထိပ်တိုက်ရင်ဆိုင်ကြသည်။ လက်နက်ချင်း လက်နက်ချင်း ရင်ဆိုင်သည်။ စစ်မြင်းက စစ်မြင်းချင်း အလဲထိုး၏။ ဝူရှန်းမြင်းတပ်အဖွဲ့ဝင်များက မည်သည့်နေရာသို့ ဖြတ်သွားစေကာမူ ဝရုန်းသုန်းကား အခြေအနေနှင့် ပြိုလဲကျမှုကသာ ကျန်ရစ်ခဲ့သည်။ မည်သူကမှ သူတို့ကို မတားနိုင်ချေ။ ချွီထေပါး၏ လက်ရွေးစင် စစ်သားများမဆိုပင်ထားဘိ အပုမူစလင်၏ စစ်သားများလည်း မတားနိုင်ချေ။ အော့စမန်း၏ စစ်သားများကလည်း မတားနိုင်ချေ။

”ဝမ်ပေါ့ထျန်း လူတစ်ဖွဲ့ခေါ်ပြီး အဲဒီ အာရပ်စစ်သားတွေကို တားထား၊ ခုန်းကျစ်အန်း မင်းက တစ်ဖွဲ့ခေါ်ပြီး အဲဒီငွေရောင်လက်နက်ကြီးတွေကို ဖျက်ဆီးလိုက်”

လီစစ်ယဲ့က ချောမွေ့စွာဖြင့် အမိန့်ကို ဆက်ထုတ်သည်။

ဘန်း ဘန်း ဘန်း။

ဝူရှန်း မြင်းတပ်တစ်ဖွဲ့က ချက်ချင်းဆိုသလို နောက််သို့ ပြန်လှည့်ပြီး ငွေရောင်လက်နက်ကြီးများရှိရာတစ်နေရာသို့ ဦးဆောင်သွားသည်။ သူ၏ဓားများက လမ်းတောက်လျှောက် တွေ့ရသမျှ အာရပ်စစ်သားတိုင်းကို နာကျင်စွာ အော်ဟစ်စေလောက်အောင် ထိုးနှက်ချန်ထားရစ်ခဲ့ပြီးနောက် သူတို့၏စစ်မြင်းများကမူ ပေတစ်ရာကျော်လောက်ကို ခုန်ပျံကျော်လွှားလိုက်ပြီး ပြောင်မြောက်ထူးချွန်ပါသော အာရေးဗီးယား ဓားမောက်ရှည်များက သံမဏိလက်နက်များနှင့် တစ်ချက်ထိပ်တိုက်ဆုံပြီးနောက် ကွဲကြေသွားကြသည်။

အာရပ်မြင်းတပ်အဖွဲ့ဝင်ပေါင်း များစွာဟာ မတုံ့ပြန်နိုင်သေးခင် အေးစက်သော အလင်းက လက်သွားလျက် သူတို့၏ သံချပ်ကာများက အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားကြသည်။ ထိုအခါမှသာ သူတို့က ခေါင်းကိုငုံ့ပြီး အံ့အားတကြီး ကြည့်လိုက်မိကြသည်။ ထိုသို့ကြည့်လိုက်မိသည့်အချိန်တွင် သူတို့၏ ရင်ဘတ်မှ ပန်းထွက်လာသော သွေးများက ကောင်းကင်ကိုပင် လွှမ်းမိုးနိုင်လောက်အောင် ပြင်းထန်လာသည်။ ထို့နောက် သူတို့၏ မျက်လုံးများက မှေးမှိန်သွားပြီး မြေပြင်ပေါ်သို့ အရုပ်ကြိုးပျက် လဲကျသွားကြသည်။

”အားလုံးပဲ ငါ့ရဲ့အမိန့်ကို နာခံကြ၊ အာရပ်စစ်သားတွေကို ဂရုစိုက်မနေနဲ့၊ မင်းတို့အားလုံးက ဒီငွေရောင်လက်နက်တွေပေါ်က အဆစ်တွေနဲ့ ချိတ်ဆက်ထားတဲ့ ဂီယာတွေအားလုံးကိုပဲ တိုက်ခိုက်လိုက်၊ ဒါက အားနည်းတဲ့နေရာတွေပဲ၊ ငါတို့တွေ ဒီလက်နက်တွေကို ဖျက်ဆီးလိုက်နိုင်တာနဲ့ အာရပ်တွေက ဒီလက်နက်တွေကို ထပ်သုံးနိုင်တော့မှာမဟုတ်ဘူး”

အပိုင်း (1060)

ဒေါသတကြီး ဖြစ်နေသလို တိုက်ခတ်နေသော လေပြင်းက လေချွန်သံကိုပင် စတင်ကာ ထုတ်ဖော်လာသည်။ ယခုလို အလျင်လိုသော အခြေအနေမျိုးတွင် ခုန်းကျစ်အန်းအနေနှင့် အခြားသော ကိစ္စများကို တွေးတောရန် အချိန်မရှိတော့ချေ။ သူ၏ ဝူ့စ်သံမဏိဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်ပြီးနောက် ငွေရောင်လက်နက်ကြီးများမှ ပေါ်ထွက်နေသည့် ဂီယာများကို ခုတ်ချလိုက်သည်။

ချွင်။

ခုန်းကျစ်အန်း၏ အင်အားကုန်သုံးကာ ခုတ်ချလိုက်သည့်တိုင်အောင် ထိုနေရာတွင် တစ်လက်မခန့်သာ နက်သည့် ဖြတ်ရာလေးသာပေါ်သည်။

ချွီထေပါးက မြောက်ပိုင်းစစ်နယ်မြေမှ သယ်လာသည့် ပဲ့ဟယ်မော့များဟာ အကောင်းမွန်ဆုံးသော ပစ္စည်းများနှင့် သွန်းလုပ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ခုခံမှုနှင့် ကြမ်းတမ်းမှု မြင့်မားစေရန် သင်္ကေတထောင်ပေါင်းများစွာကိုလည်း တစ်ဖန်မွမ်းမံကာ ထည့်သွင်းရေးထိုးထားသေးသည်။ သူတို့၏ အကြမ်းခံမှုကို မျှော်လင့်ကြည့်ရန်ပင် ခက်ခဲလွန်းသည်။ မဟာထန် လက်နက်ကြီးများ၏ တိုက်ကွက်ကပင် သူတို့ ပျက်စီးအောင်လုပ်ရန် မဖြစ်နိုင်ပေ။

ထိုအတွက်ကြောင့် ခုန်းကျစ်အန်းကလည်း အဓိက ကိုယ်ထည်ကို ရှောင်ပြီး ပေါ်နေသော ဂီယာများကိုသာ တိုက်ခိုက်ရန် ဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်သည်။

ခုန်းကျစ်အန်းက သူ၏ဓားကို တစ်ချက်ရမ်းလိုက်သည့် အခိုက်တွင် နောက်ထပ် ဝူ့စ်သံမဏိဓားတစ်လက်က ခုတ်ပိုင်းလာပြီး ခပ်တိမ်တိမ် အစင်းရာကို ချန်ထားရစ်ပြန်သည်။ ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက်၊ ပဥ္စမမြောက်.....ဝူ့စ်သံမဏိဓားအလက်ရာကျော်ခန့်က ခုတ်ပိုင်းချလိုက်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ငွေရောင်ပဲ့ဟယ်မော့၏ အပြင်ဘက်ဂီယာများက ပြင်းပြင်းထန်ထန် အထိနာသွားသည်။ ခုန်းကျစ်အန်းနှင့် တခြားသောသူများကလည်း ငွေရောင်လက်နက်ကြီး၏ အရေးပါသော အပိုင်းအစများကို အောင်မြင်စွာ ဖျက်ဆီးနိုင်လိုက်သည်။

”သွားရအောင်”

ခုန်းကျစ်အန်း၏ မျက်လုံးက အေးစက်သောအလင်း လက်သွားပြီး သူဟာ ဒုတိယမြောက် လက်နက်ကြီးရှိရာသို့ သွားသည်။ စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် နောက်ထပ်လက်နက်ကြီးတစ်လက်က ဖျက်ဆီးခံရသည်။

”သတ်”

လက်နက်ကြီးများက ဖျက်ဆီးခံနေရကြောင်း မြင်သောအခါ အာရပ်မြင်းတပ်အဖွဲ့ဝင်များကလည်း ထိတ်လန့်သွားကြပြီး ရန်သူကို တိုက်ခိုက်လာကြသည်။

သို့သော် သူတို့က ဆယ်ကြိမ်ချီတပ်လျှင် ဆယ်ပွဲအနိုင်ရမည်ဆိုသော ဝင်္ကပါ၏ အားကိုမယှဥ်နိုင်ချေ။ သူတို့က မြန်သထက် မြန်လာပြီး ကြမ်းတမ်းသထက် ကြမ်းတမ်းလာလေလေ ခပ်မြန်မြန် လဲကျလေလေ ဖြစ်လာသည်။

ဘုန်း ဘုန်း ဘုန်း။

ခုန်းကျစ်အန်းနှင့် လူများက အာရပ်များကို မုန်တိုင်းလိုမျိုး ထိုးဖောက်ဝင်ရောက်ကာ မွှေနှောက်သွားပြီး ငွေရောင်လက်နက်ကြီးများထံသို့ အရောက်သွားကာ ဆက်တိုက် ဖျက်ဆီးနေသည်။ သိပ်မကြာသေးခင် လက်နက်ကြီးများ၏ တစ်ဝက်ကျော်ခန့်က ဖျက်ဆီးခံလိုက်ရသည်။ ခုန်းကျစ်အန်း၏ လူများက မြန်ဆန်စွာ လှုပ်ရှားလွန်းသဖြင့် လက်နက်ကြီးတစ်လက်ကို ဖျက်ဆီးပြီးနောက် ချက်ချင်းလိုလိုနောက်တစ်လက်ထံ ရောက်သွားကြသည်။ ပို၍ဆိုးသည်မှာ သူတို့၏လူအယောက် ၂ထောင်ကို အယောက်၆ဆယ်ပါသော အဖွဲ့ငယ်လေးများ ခွဲထားခြင်း ဖြစ်သည်။ ထို့ကြောင့် အလွန်လျင်မြန်လွန်းသည့် အရှိန်နှုန်းနှင့် လှုပ်ရှားနိုင်ကြလေရာ အာရပ်များက အမီမလိုက်နိုင်ကြချေ။

အချိန်တစ်ခု ကြာပြီးနောက် ရာကျော်ရှိသော ငွေရောင်လက်နက်များ အားလုံးက ဖျက်ဆီးခံလိုက်ရသည်။ တစ်လက်ချင်းစီတိုင်း၏ အနားတွင် အလောင်းများက ပုံနေသည်။ ယခုလို ဒေါသတကြီး ဖြစ်နေသလိုမျိုး အလုံးအရင်းနှင့် လုပ်ကြ်ံသတ်ဖြတ်မှု ဖြစ်စဥ်တွင် ဝူရှန်းမြင်းတပ်အဖွဲ့ဝင် ၆ထောင်က လက်ရွေးစင်များသာ ပါရှိသည့် ရန်သူ၉ထောင်ကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်။

“သတ်ကြစမ်း”

ဝူရှန်းမြင်းတပ်အဖွဲ့ဝင် ၆ထောင်က နောက်ထပ်တစ်သုတ် လှုပ်ရှားပြီး အာရပ်မြင်းတပ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြန်သည်။ ထို့နောက် သေဆုံးမှု၊ ဝရုန်းသုန်းကား ဖြစ်မှုများကသာ ကျန်ရစ်သည်။ ထိုသို့ လှုပ်ရှားပြီးမှသာ ခုခံရေးအားလှိုင်းသို့ ပြန်သွားသည်။ ဖြစ်စဥ်တောက်လျှောက်တွင် မည်သူကမှ ဒဏ်ရာရမသွားခဲ့ချေ။

”ဘယ်လိုလဲ”

ခုခံရေးအားလှိုင်းအနောက်မှ ဝမ်ချောင်က တိုက်ပွဲနယ်မြေကို တစ်ချက်ကြည့်လျက်ပြောသည်။

”အင်အားကြီးလွန်းတယ်”

လီစစ်ယဲ့က သက်ပြင်းရှည်ကြီးကို ချသည်။ သူဟာအသက်ပြင်းပြင်းရှူသည်။ သူ၏အနောက်ဘက်မှ ဝူရှန်းမြင်းတပ်အဖွဲ့ဝင် ၆ထောင်က အနည်းကယ်ဖြူဖျော့ကာ နွမ်းနယ်နေပုံရသည်။ သူတို့ထဲက မည်သူကမှ ဒဏ်ရာမရခဲ့သော်လည်း ရုပ်ပိုင်းဆိုင်ရာအင်အား အများကြီး သုံးခဲ့ရသည်။

သာမန်တိုက်ပွဲမျိုးထက် အင်အားပိုထုတ်ရသော အနေအထားမျိုးလည်း ဖြစ်သည်။

လီစစ်ယဲ့သည်လည်း ဝမ်ချောင်၏ အမေးကို နားလည်သည်။ ထို့ကြောင့် တင်းမာသော လေသံမျိုးနှင့် မှန်ကန်စွာ ပြန်ဖြေသည်။

”ဒီတစ်သုတ်ရောက်လာတဲ့ အာရပ်တွေက အဆင့်တိုင်းက အင်အားကြီးမားနေတယ်၊ သူတို့ရဲ့ လေ့ကျင့်မှု၊ သိုင်းပညာ၊ နည်းပညာ၊ ဝင်္ကပါ၊ လက်နက်ကို ကျွမ်းကျင်မှု၊ သူတို့ရဲ့ ချီစက်ကွင်းနဲ့ ကြံ့ခိုင်မှုတွေအားလုံးက အပုမူစလင်ရဲ့ စစ်သားတွေထက်သာတယ်”

လီစစ်ယဲ့သည် ပေ့တေကာကွယ်စောင့်ရှောက်ရေးစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ထိပ်တန်းအဆင့် ဗိုလ်ချုပ်ကြီးတစ်ယောက်လည်း ဖြစ်သည်။ သူက အမြင်စူးရှလွန်းသဖြင့် တစ်ချက်ကြည့်လိုက်ရုံနှင့် ပြိုင်ဘက်များ၏ အလားအလာကို အကဲဖြတ်နိုင်လေသည်။ ယခုလေးတင် သူတို့ဟာ တောက်ပသည့် ဖျော်ဖြေမှုကို လုပ်လိုက်နိုင်ခဲ့ပြီး အာရပ်များအတွင်းသို့ ဝင်ရောက်ကာ အားလုံးကို လှည့်ကျင်းရှင်းလင်းနိုင်ခဲ့ကာ လက်နက်ကြီးပေါင်းများစွာကို ဖျက်ဆီးနိုင်ခဲ့သော်လည်း သူတို့ဟာ လက်ရွေးစင်၉ထောင်ကို အလွယ်တကူ သတ်နိုင်ခဲ့သည်ဟု ထင်ရသည့်တိုင်အောင် လီစစ်ယဲ့နှင့် သူ၏လူများက လက်ရှိတိုက်ပွဲဟာ အမှန်တကယ် ကြမ်းတမ်းခက်ထန်ကြောင်း နားလည်နေကြသည်။

လီစစ်ယဲ့က အချိန်အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် ဆက်လက်၍ အနှစ်ချုပ်ပြသည်။

” ကျွန်တော်တို့ လူအယောက်၆ထောင်တည်းနဲ့ဆိုရင် အချိန်အကြာကြီး တောင့်ခံထားဖို့က ခက်ခဲလောက်ပါတယ်”

အရေအတွက်ချင်း အပြတ်အသတ် ကွာခြားမှုက သိသာထင်ရှားလွန်းနေသည်။ ပို၍ဆိုးသည်မှာ အာရပ်များသည် အတော်ဆုံးသော စစ်သားများနှင့် အထွတ်အထိပ်အခြေအနေမျိုးနှင့် ရောက်လာကြခြင်း ဖြစ်နေသည်။ ဝူရှန်းမြင်းတပ်ကမူ တိုက်ပွဲတစ်ပွဲပြီးနောက် နွမ်းနယ်သွားလေရာ အခြားသောစစ်သားများဆိုလျှင် ပို၍ဆိုးပေလိမ့်မည်။

ဝမ်ချောင်က ဘာစကားမှ မဆိုချေ။ သို့သော် သူ၏နှလုံးသားက အနည်းငယ် လေးလံသွားသည်။

လီစစ်ယဲ့သည် ပြိုင်ဘက်က အလွန်အမင်း အင်အားကြီးမားလွန်းနေသောကြောင့် အလွယ်တကူ လက်လျှော့မည်လူမျိုး မဟုတ်ချေ။ သူဟာ... “အချိန်အကြာ တောင့်ခံထားဖို့ ခက်ခဲပါလိမ့်မယ်”ဆိုသော စကားမျိုးကို အလွယ်တကူ ပြောတတ်သော လူမျိုးလည်း မဟုတ်ချေ။ သို့သော် သူကပင် ထိုသို့ ပြောလာလျှင် အခြေအနေဟာ ထင်ထားသည်ထက် ဆိုရွားနေသောကြောင့် ဖြစ်ပေလိမ့်မည်။

အရေအတွက် အပြတ်အသတ်ကွာခြားမှုက မဟာထန်ရင်ဆိုင်နေရသည့် အားနည်းချက်ကြီး ဖြစ်နေသည်။

”မင်းတို့တွေ သွားပြီး ကောင်းကောင်းအနားယူထားကြပါ၊ ခဏလောက်နေရင် ငါမင်းတို့ကို ပြန်လိုလောက်တယ်”

ဝမ်ချောင်က အမိန့်ပေးလိုက်သည်။

”ဟုတ်ကဲ့အမတ်မင်း”

လီစစ်ယဲ့က ချက်ချင်းလိုလိုပြန်ဖြေသည်။

လီစစ်ယဲ့က မြေပြင်တွင် တင်ပျဥ်ချိတ်ထိုင်ရန် မကြိုးစားခဲ့ချေ။ သူ၏ ဆာဟာရတောင်ပေါ်မြင်းပေါ်တွင်သာ ထိုင်ပြီး မျက်လုံးကို မှိတ်ကာ သူ၏စွမ်းရည်များကို စတင်ကာ ထိန်းညှိရန် ကြိုးစားသည်။ သူ၏ ကိုယ်အတွင်းမှ အဖြူရောင်စွမ်းအင်အငွေ့အလင်းတန်းများက စတင်ကာ မြောက်တက်လာသလို သူဟာ တဖြည်းဖြည်းချင်း သက်သာလာလေသည်။

ဒီတိုက်ပွဲသည် အလွန်အမင်း ပြင်းထန်လေသည်။ ထို့အပြင် ပထမခုခံရေးအားလှိုင်းက အချိန်တိုင်းလိုလို ပြင်းထန်သည့် ဖိအားအောက်သို့ ရောက်နေသေး၏။ လီစစ်ယဲ့နှင့် ဝူရှန်းမြင်းတပ် အဖွဲ့ဝင်များကလည်း အနားယူရန် လုံလောက်သောအချိန် ရှိလိမ့်မည် မဟုတ်ချေ။ သူတို့အနေဖြင့် အချိန်မရွေး တိုက်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်ရန် လိုအပ်လောက်သည်။

”အရှင် ကျွန်တော်တို့တွေ မော့စေပါအဖွဲ့ကို သုံးသင့်ပြီးလား”

ခန်းငယ်ဘုရင်က ရုတ်တရက် အနောက်ဘက်မှ ထွက်လာရင်းမေးသည်။ သူဟာသူ၏ အနက်ရောင်အစင်းအပြောက်များပါသော မြင်းဖြူကြီးကို စီးထားသည်။

တစ်လကျော်ခန့် အဆက်အသွယ်လုပ်ပြီးနောက် ခန်းငယ်ဘုရင်ရှိ ယွမ်ချင်နှင့် လုံရှီးယီတို့ဟာ မော့စေပါအဖွဲ့ကို လေ့ကျင့်ပေးထားနိုင်ခဲ့သည်။ ဒါဟာ အဖွဲ့သစ်ဖြစ်သည်။ စစ်သည်တော်အမျိုးအစားအသစ်တစ်မျိုးလည်း ဖြစ်ပြီး ပြင်းထန်သည့် လွှဲကိုင်နိုင်သော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသော စစ်သားများလည်း ဖြစ်သည်။ ရည်စူးသော အချက်ကမူ ထိုလူတစ်သောင်းသာ ပါသော အဖွဲ့တစ်ဖွဲ့က မြောက်များလွန်းသော ရန်သူများကို ရင်ဆိုင်နိုင်စွမ်းရည် ရှိလေသည်။

ဝူရှန်းမြင်းတပ်နှင့် သံမဏိမြို့ရိုးစစ်တပ်များက တိုက်ပွဲအတွင်းသို့ ဝင်ရောက်ပြီးလေပြီ။ မော့စေပါအဖွဲ့ကသာ မဝင်ရသေးချေ။

”အချိန်မကျသေးဘူး”

ဝမ်ချောင်က ခေါင်းကိုခါပြီး လေထဲတွင် လွင့်နေသော အနက်ရောင်အလံလေးခုကို ကြည့်သည်။ သူ၏အမူအယာက ပို၍တင်းမာလာသည်။

”အာရပ်တွေက သူတို့ရဲ့ အတော်ဆုံးအဖွဲ့ကို မလွှတ်ရသေးဘူး၊ အစိုးရ အော့စမန်းကလည်း သူ့ရဲ့ အတော်ဆုံး စစ်သည်တွေကို မလွှတ်ရသေးသလို အပုမူစလင်တွေကလည်း မလွှတ်ရသေးဘူး၊ မာမဲ့လုတွေတောင် မလှုပ်ရှားသေးဘူး၊ ဒါ့အပြင် ဘယ်ဗိုလ်ချုပ်၅ယောက်မှ မလှုပ်ရှားသေးဘူး”

အခြေအနေဟာ အလွန်အမင်း အန္တရာယ်များသည်။ လေးလံကာ မယိမ်းယိုင်နိုင်သော သံမဏိမြို့ရိုးများကပင် ယိမ်းခါနေပြီး ပြိုလဲကျလုနီးပါး တုန်ခါနေသည်။ ဝမ်ချောင်၊ ဝမ်ရန်၊ ကောင်းရှန်းကျစ်နှင့် ရှန်းချန်းလီတို့ကသာ တိုက်ပွဲထဲ ဝင်လိုက်လျှင် အခြေအနေတစ်ခုလုံးကို ချက်ချင်းကြိုးကိုင်နိုင်သည်။ သို့သော် ယခုလိုအ​ခြေအနေမျိုးတွင် မည်သည့်ဘက်ကမှ အလောတကြီး မလှုပ်ရှားလိုကြချေ။

အာရပ်များတွင် အစိုးရသုံးယောက်ရှိသည်။ လက်ထောက်အစိုးရတစ်ယောက်လည်း ရှိသည်။ မာမဲ့လုဗိုလ်ချုပ်တစ်ယောက်လည်း ရှိနေသည်။ ထို၅ယောက်ဟာ မဟာဗိုလ်ချုပ်ကြီးအဆင့် အင်အားကို ထုတ်ပြနိုင်စွမ်းရည် ရှိနေကြသည်။ မည်သူကမှ မလှုပ်ရှားကြသေးချေ။ ထန်ဗိုလ်ချုပ်များကသာ အစောပိုင်းတိုက်ပွဲမျိုးတွင် အဆင့်နိမ့်စစ်သည်တော်များနှင့် ရင်ဆိုင်ရန် သူတို့၏အင်အားကို အကုန်ခံလိုက်လျှင် ပိုကြီးသော သားရဲကို ကျောပေးသလို ဖြစ်သွားပေလိမ့်မည်။ သူတို့၏ အားနည်းချက်က ပေါ်သွားနိုင်သည်။ အဆုံးသတ်တွင် သူတို့ဘက်က အထိနာနိုင်သည်။

စစ်တပ်များအကြားမှ တိုက်ပွဲက အလွန်အရေးကြီးသည်။ သို့သော် မဟာဗိုလ်ချုပ်များအကြားမှ တိုက်ပွဲကမူ အချက်အချာကျသည်။

ဝှစ်။

တိုက်ပွဲနယ်မြေ၏ တခြားအဆုံးတစ်ဖက်နားတွင် အနက်ရောင်အလံလေးခုက လေထဲတွင် တဖြတ်ဖြတ် လွင့်နေသည်။ သို့သော် အောက်ဘက်ရှိ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။ ထိုနေရာနှင့် တိုက်ပွဲနယ်မြေက ခြားနားသော လောကအလား ဖြစ်သည်။

အပုမူစလင်၏ စစ်တပ်ကလွဲပြီး ကျန်သောသူများအနေဖြင့် ပထမဦးဆုံးအကြိမ် အရှေ့ပိုင်းလောက၏ အင်အားကို မြင်ရခြင်း ဖြစ်နေသည်။ ဂုန်းနောက်တန်းအကျော် အရှေ့ပိုင်းတွင် ရှိနေသည့် အင်အားစုကို ယခုမှ ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်နေသည်။ ယခုလောက် တိုတောင်းသော အချိန်ကာလအတောတွင်းတွင် သူတို့၏ အင်ပါယာကြီးက မဟာထန်ဟုခေါ်သော အင်ပါယာကို သူတို့၏ အင်အားကြီး စစ်တပ်၂ခုကို စေလွှတ်တိုက်ခိုက်ခိုင်းခဲ့သည်။ လက်ရွေးစင် အာရပ်စစ်သားများ အားလုံးက လွှမ်းမိုးနိုင်သော စွမ်းရည်အပြည့်နှင့် ရင်ဆိုင်ခဲ့သည့်တိုင်အောင် ​​ချေမွခံခဲ့ရသည်။

ထိုအခိုက်အတန့်တွင် ထိုဗိုလ်ချုပ်များက နောက်ဆုံးတွင် သံမဏိနှင့် သွေးအစိုးရက ထန်များထံတွင် မည်သည့်အတွက်ကြောင့် ရှုံးသွား​ကြောင်း နားလည်လာပြီဖြစ်သည်။

အနည်းဆုံး အရှေ့ပိုင်း ထန်စစ်တပ်သည် သူတို့မျှော်လင့်ထားသလိုမျိုး အားနည်းချင်းမရှိချေ။

လက်ထောက်ဗိုလ်ချုပ်က ရုတ်တရက် ကာရီယိုအစိုးရ အော့စမန်း၏ အနောက်မှ ထွက်လာရင်း မေးလိုက်သည်။

”အရှင် ကျွန်တော်တို့တွေ ခေါင်းဖြတ်သူ စစ်တပ်ကို စေလွှတ်သင့်ပါပြီလား၊ ရန်သူတွေက တအားအင်အားကြီးလွန်းတယ်၊ ကျွန်တော်တို့က ခေါင်းဖြတ်သူ စစ်တပ်ကို စေလွှတ်မှပဲ ရင်ဆိုင်နိုင်လောက်တယ်”

ခေါင်းဖြတ်သူသည် နိုင်းမြစ်၏ နတ်ဘုရားဖြစ်ပြီး ဒဏ္ဍာရီများအရ နိုင်းမြစ်တွင် နေထိုင်သော ကြီးမားသည့် မိချောင်းကြီးဟု ဆိုသည်။ အော့စမန်းသည် ကာရီယိုမှ အစိုးရဖြစ်ပြီး သူ၏အမိန့်အောက်တွင် ရှိသည့် အင်အားအကြီးဆုံး စစ်သည်တော် တပ်ဖွဲ့ဟာလည်း ခေါင်းဖြတ်သူအမည်ရသော အဖွဲ့ကြီးဖြစ်လေသည်။ ထိုအဖွဲ့ထဲရှိ စစ်သည်တော်များက အော့စမန်း၏ နောက်မှလိုက်ကာ အုပ်စိုးမှုများကို အတူဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့် တစ်ပွဲပြီးတစ်ပွဲ နိုင်ခဲ့၏။ သူတို့၏ အရေအတွက်က နည်းပါးသော်လည်း သူတို့ဟာ တိုက်ပွဲတွင် အလွန်အမင်းအတွေ့အကြုံ များသည်။ အခြားသော စစ်သည်တော်တိုင်းထက် အလွန်အမင်း အင်အားကြီးမားလေသည်။

ဆမ်ဆာနှင့်မင်စန်းနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သော တိုက်ပွဲတွင် ခေါင်းဖြတ်သူ စစ်တပ်က ရန်သူစစ်တပ်က ပထမခုခံနိုင်စွမ်းရည် မရှိရလောက်အောင် လှည်းကျင်းဖယ်ရှား သုတ်သင်နိုင်ခဲ့သည်။ ထိုသို့ဖြင့် အင်အားကြီးမားသော ဆမ်ဆာနှင့် အင်အားစုများကို သုတ်သင်ရှင်းလင်းမှုတွင် အများကြီး အကျိုးပြုနိုင်ခဲ့လေသည်။

ရန်သူဘက်မှ ခြေလျင်အဖွဲ့ဝင်လေးထောင်က ပြောင်မြောက်သော ခွန်အားမျိုးကို ပိုင်ဆိုင်ထားကြသည်။ အော့စမန်၏ အမိန့်အောက်မှ တစ်ခုတည်းသော အင်အားကြီးအင်အားစုဖြစ်သည့် သူတို့၏ ခေါင်းဖြတ်သူက ထိုစစ်တပ်ကို ကောင်းမွန်စွာ ရင်ဆိုင်နိုင်ခဲ့လေသည်။

“ဒီလိုဆိုရင် အဲဒီအရှေ့ပိုင်းသား ဝူရှန်းမြင်းတပ်ကို ငါ့ရဲ့တာဝန်ထားလိုက်”

ရုတ်တရက် မာမဲ့လု၏ခေါင်းဆောင် အားပါ့က အေးစက်စွာရယ်ရင်း မြင်းကိုရှေ့တိုးလာသည်။ သူဟာ အန်းချီ၏ သံမဏိမြို့ရိုးစစ်တပ်မှ အဖွဲ့ဝင်လေးထောင်ကို ဂရုမစိုက်ချေ။ သူဂရုစိုက်သမျှက ဝူရှန်းမြင်းတပ်အဖွဲ့ဝင်ဖြစ်သည်။ သူက လီစစ်ယဲ့ဦးဆောင်သော အဖွဲ့ကိုသာ စိတ်ဝင်စားသည်။

”ငါ့အထင် မာမဲ့လုတွေနဲ့ ငါတို့က ဒီစစ်သည်တော်တွေကို ကောင်းကောင်း ပျော်ပျော်ရွှင်ရွှင် ဆုတ်ဖြဲနိုင်မယ်ထင်တယ်”

အားပါ့၏ မျက်ဝန်းအတွင်း ရက်စက်သောအလင်းက လက်လာသည်။ လေဝဲတစ်ခု ပေါ်ထွက်လာသလိုမျိုး မွှေနှောက်သွားခဲ့သည့် ဝူရှန်းမြင်းတပ်က လက်ရွေးစင် အာရပ်စစ်သည်ပေါင်းများစွာကို ဖျက်ဆီးသွားခဲ့ရင်း သူတို့၏ အင်အားကို ထုတ်ပြသွားသည်။ ထိုသို့ဖြင့် သူတို့ဟာ မာမဲ့လုများ၏ ပြိုက်ဘက်ဖြစ်ရန် ထိုက်တန်ကြောင်း ပြသပြီးသား ဖြစ်သည်။ အားပါ့၏ မျက်လုံးများက စိတ်ဝင်စားမှုနှင့် တောက်လောင်နေသည်။

”ကျိရာ့ အသင့်ပြင်”

အခြားတစ်ဖက်ခြမ်းတွင် အနက်ရောက်မီးတောက်များဖြင့် လောင်ကျွမ်းနေသည့် ဓားမောက်ရှည်အလံအောက်မှ အပုမူစလင်က ရုတ်တရက် ကျိရာ့ကို လှမ်းပြောသည်။

မဟာထန်သည် သံမဏိ မြို့ရိုးစစ်တပ်နှင့် ဝူရှန်းမြင်းတပ်ကို လှုပ်ရှားခိုင်းထားသည်။ သာမန်လက်ရွေးစင်များက သူတို့ကို တားနိုင်မည်မဟုတ်ချေ။ အာရေးဗီးယားသည်လည်း သူတို့၏ အင်အားအကြီးဆုံး အင်အားစုများကို စေလွှတ်ရတော့ပေမည်။ ကောင်းရှန်းကျစ်က သံမဏိမြို့ရိုးစစ်တပ်ကို အုပ်စိုးခဲ့သော နှစ်ပေါင်းများစွာအတွင်း ဆက်တိုက်မွမ်းမံ အားဖြည့်ကာ လေ့ကျင့်ပေးထားသလို အပုမူစလင်သည်လည်း အလားတူ အင်အားကြီးမားသော လက်ရွေးစင်စစ်တပ်ကို ဖွဲ့စည်းတည်​ထောင်ထားလေသည်။

”မလိုဘူး”

ထိုအခိုက်အတန့်တွင် ရက်စက်ကြမ်းတမ်းသော အသံတစ်သံက လူတိုင်း၏ အကြံအစည်ကို ဖျက်ဆီးလိုက်သည်။ သုံးယောက်က အံ့အားတကြီး လှည့်ကြည့်လိုက်ကြသည့် အချိန်တွင် ငရဲမီးတောက် အလံအောက်မှ နတ်ဘုရားတစ်ပါးလိုမျိုး ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ မျက်စိကျိန်းမတတ် တောက်ပသည့် ရွှေရောင်သံချပ်ကာဝတ် စစ်အစိုးရ ချွီထေပါးက နောက်ဆုံးတွင် စကားဝင်ပြောလာပြီဖြစ်သည်။

All Chapters