အခန်း (၃၁-၃၃)
Vol. 3 Ch. 31-33
အပိုင်း(၃၁)
*
ယွမ်ကျိုးက ဆိုင်စောစော ဖွင့်လိုက်သည်။ ညနေ ၄နာရီ ၄၀မိနစ်ခန့်သာ ရှိသေး၍ လူအများစု အလုပ်လုပ်နေသော အချိန်ဖြစ်သည်။ ပုံမှန်အားဖြင့် ဤအချိန်တွင် စားသုံးသူ ဖောက်သည် လာလေ့မရှိချေ။
သို့သော်လည်း ယွမ်ကျိုး ဆိုင်တံခါးဖွင့်ဖွင့်ချင်း ၁၀ယောက်ထက် ပိုများသော စားသုံးသူ ဖောက်သည်များက အပြင်ဘက်မှာ အဆင်သင့် စောင့်ဆိုင်းနေသည်။ သူက ငေးတိငေးငိုင် ကြည့်ကာ မေးမြန်းလိုက်သည်။
“ဒီနေ့ အစောကြီး ရောက်နေပါလား။ ဘယ်လို ဖြစ်ရတာလဲ”
“မစောပါဘူး။ ၅နာရီထိုးနေပြီလေ။ ခင်ဗျားပဲ နောက်ကျနေတာပါ”
တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်စဉ် လူအများအကြီးက ဆိုင်ထဲ ထိုးကြိတ် ဝင်ရောက်လာသည်။
“စကားလမ်းကြောင်းမလွှဲနဲ့ သူဌေးယွမ်။ ဟင်းလျာအသစ် ထွက်တယ်ဆိုတဲ့ သတင်းက အမှန်ပဲလား”
ဆိုင်သို့ မကြာခဏ လာရောက်လေ့ရှိသည့် ချစ်စရာကောင်းသော ညီမငယ်လေးက မေးမြန်းသည်။
“ဟေ့ ထိုင်ခုံနေရာယူထားတဲ့လူတွေက ဟင်းပွဲ မြန်မြန်မှာကြပါနော်။ မင်းတို့နောက်မှာ စောင့်နေတဲ့သူတွေ အများကြီး ရှိသေးတယ်”
ဆိုင်သို့ လာရောက်သော ဧည့်သည်များက ဤတစ်ကြိမ်တွင် ပိုများနေသည်။ ယွမ်ကျိုး၏စားသောက်ဆိုင်တွင် ထိုင်ခုံ ၈လုံးခန့်သာ ရှိသောကြောင့် စားသုံးသူဖောက်သည် ၇ယောက်က မတ်တတ်ရပ်နေရသည်။ ထို့ကြောင့်လည်း ရုပ်ချောချော လူငယ်လေးက အလျင်စလို သတိပေးခြင်း ဖြစ်သည်။
“ကလေး၊ မင်းဘာသာမင်း နောက်ကျမှ ရောက်လာတာလေ။ အော်ဒါမတင်ခင် ငါ မေးချင်တာကို မေးပါရစေဦး”
ချစ်စဖွယ်ကောင်းသော ကောင်မလေးက ခေါင်းလှည့်ကာ ကောင်လေးကို မျက်နှာချင်းဆိုင်လိုက်သည်။ ထို့နောက် သူမက ကလူသော အမူအရာဖြင့် ယွမ်ကျိုးကို လှည့်ကြည့်သည်။ မျက်နှာထား ပြောင်းလဲခြင်းက မြန်ဆန်လွန်းပါဘိ။
တခြားသော ဖောက်သည်များလည်း အော်ဒါမမှာသေးဘဲ ယွမ်ကျိုး၏အဖြေကို စောင့်ဆိုင်းနေသည်။
“ဟုတ်တယ်။ အဲဒီသတင်းက အမှန်ပဲ။ ဒါပေမဲ့ ဟင်းပွဲအသစ်က မနက်ပိုင်းပဲရောင်းမယ်။ နေ့ခင်းပိုင်း နဲ့ ညနေပိုင်းမှာ မရောင်းဘူး”
ယွမ်ကျိုးက သူ ထိုင်နေကျ နေရာသို့ ပြန်သွားပြီး နှင်းတမျှ ဖြူဖွေးသော ရှေ့ဖုံးခါးစည်းကို တပ်ဆင်ကာ ခေါင်းပင်မဖော်ဘဲ ပြန်ဖြေသည်။
“ဘယ်လိုဖြစ်ရတာလဲ။ ညစာအနေနဲ့ ရှောင်လုံပေါင်း ရောင်းလည်း ပြဿနာ မရှိဘူးလေ”
ချစ်စဖွယ်ကောင်မလေးက မပျော်မရွှင် အမူအရာဖြင့် စကားပြောသည်။
“ဒါဆိုရင် ဒီကနေ့ညတော့ ရှောင်လုံပေါင်း မစားရတော့ဘူး ထင်တယ်။ သူဌေးယွမ်က အမြဲတမ်း စာအုပ်ကြီး။ ဒါဆိုရင်လည်း ကြက်ဥထမင်းကြော် တစ်ပွဲပေးပါ”
ကောင်းစွာဝတ်စားထားသော အမျိုးသားက ချစ်စဖွယ်ကောင်မလေး ဘေးနားမှာ ထိုင်နေပြီး လက်လျှော့ဟန် ရယ်မောသည်။
“ကြက်ဥထမင်းကြော်”
တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် အော်ဒါတင်ကြသည်။
ဤမြင်ကွင်းကို စောင့်ကြည့်နေသူ အများစုက ယောက်ျားသားများဖြစ်ပြီး ကျန် ၇ဦးက အသက်ကြီးကြီး အမျိုးသမီးများ ဖြစ်သည်။ သူတို့အားလုံးက ရင့်ကျက်သော မျက်နှာအမူအရာ ရှိနေ၍ ချစ်စဖွယ်ကောင်းသော အပြုအမူကို လုပ်ဆောင်ရန် မသင့်လျော်ပေ။ သို့တိုင် မိန်းမငယ်လေးက ချစ်စဖွယ် အပြုအမူကို လုပ်ဆောင်နိုင်သည်။ ယွမ်ကျိုးက ကောင်မလေး၏ တောင်းဆိုမှုကို လက်ခံလျှင် လူတိုင်းက ရှောင်လုံပေါင်း အရသာကို မြည်းစမ်းခွင့်ရမည်။ ထို့ကြောင့်လည်း ကောင်မလေးက ယွမ်ကျိုးကို ဖျောင်းဖျနေသော မြင်ကွင်းကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
“ဟုတ်ကဲ့ အော်ဒါတင်ထားတဲ့သူတွေက ခဏပဲစောင့်ပေးပါ” ယွမ်ကျိုးက သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး ကြက်ဥထမင်းကြော် ပြင်ဆင်ရန် မီးဖိုချောင်းသို့ သွားသည်။
စားသောက်ဆိုက်၏ ပင်မခန်းမဆောင်ထဲတွင် စားသုံးသူ ဖောက်သည်များ ဆွေးနွေးပြောဆိုနေသည်။
“သူဌေးယွမ်မှာ ထူးချွန်တဲ့ ဟင်းချက်စွမ်းရည် ရှိတယ်လို့ ဘာကြောင့် ထင်တာလဲ”
ကြည့်ကောင်းသော ဆယ်ကျော်သက်လူငယ်က ခေါင်းစဥ် ရွေးချယ်ပေးပြီး ဟင်းပွဲ မရောက်ခင် စကားပြောသည်။
“သူဌေးယွမ်က သေချာပေါက် သာမန်လူ မဟုတ်ဘူး”
လူတိုင်းက တစ်ယောက်တစ်ခွန်း ပြန်မပြောခင် သူ့ကိုယ်သူ ပြောလိုက်သည်။
ချစ်စဖွယ်ကောင်မလေးက ကျက်သရေတင့်တယ်စွာဖြင့် မျက်လုံး ကလည်ကလည် လုပ်သည်။
“ပေါက်ပန်းလေးဆယ် မပြောနဲ့။ သာမန်လူက ဒီလိုအရသာရှိတဲ့ ဟင်းပွဲကို ချက်တတ်ပါ့မလား”
“ဟား ဟား ဟား၊ ဆန့်ကျင့်ဘက် ပြောရရင် သူဌေးယွမ်ရဲ့ ဟင်းချက်စွမ်းရည်က သာမန်ထက် သာလွန်တဲ့အပြင် နောက်တစ်ပွဲ ထပ်မရောင်းတဲ့ စည်းမျဉ်းကလည်း ထူးဆန်းနေသေးတယ်”
ဗိုက်ပြည့်အောင် မစားရသော ဖောက်သည်က မကျေနပ်ချက်ကို ပြောဆိုသည်။
“ဒါတော့ အမှန်ပဲ။ တခြားစည်းမျဉ်းတွေကို လက်ခံနိုင်ပေမဲ့။ နောက်တစ်ပွဲ ထပ်မရောင်းပေးတာကို လက်မခံချင်ဘူး။ ဘာလို့များ မရောင်းတာလဲ”မျိုးစုံ ဆွေးနွေးပြီးနောက် ခေါင်းစဉ် တစ်ခုပြီးတစ်ခု ပြောင်းလဲသွားသည်။
လူတိုင်းက မတူညီသော ရှုထောင့်ဖြင့် ပြောဆိုခြင်း ဖြစ်သည်။
“သူဌေးယွမ်ကို သံလိုက်အိမ်မြှောင်လို့ ခေါ်တာ မထူးဆန်းဘူး။ သူက စည်းမျဉ်းပဲ သိတာလေ”
ချစ်စရာကောင်မလေးက ယွမ်ကျိုး၏ နာမည်ပြောင်ကို ခေါ်ကာ စားပွဲခုံကို မခံမရပ်နိုင် ခေါက်လိုက်သည်။
စားသုံးသူ ဖောက်သည်ဟောင်းများက ယွမ်ကျိုးပင် မသိဘဲ ယွမ်ကျိုးကို သံလိုက်အိမ်မြှောင်ဟု အမည်ပေးထားခြင်း ဖြစ်သည်။ ဤနာမည်ပြောင်ကို ယင်ယာက အစပျိုးခဲ့ခြင်း ဖြစ်သည်။ ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ ဖောက်သည်အများကြီး ခေါ်လာပေးသူလည်း ဖြစ်သည်။ ဤဇာတ်လမ်းကို ပြောရလျှင် အစုံလိုက်ကြက်ဥထမင်းကြော် စတင်ရောင်းချသော နေ့ရက်မှ အစပျိုးရလိမ့်မည်။
ထိုစဉ်အခါက ယင်ယာသည် ရေမှော်ဟင်းချို နှင့် မုန်လာချဉ် ထပ်ထည့်ပေးရန် တောင်းဆိုခဲ့သော်လည်း ယွမ်ကျိုးက ငြင်းပယ်ခဲ့သည်။ ထို့နောက် သူမက စိတ်ဆိုးမာန်ဆိုးဖြင့် စားသောက်ဆိုင်မှ ထွက်သွားသည်။ သူမ အိမ်ပြန်ရောက်သောအခါ ဤအကြောင်းကို ထပ်တလဲလဲ တွေးတောမိ၍ မပျော်မရွှင် ဖြစ်နေသည်။
ရေမိုးချိုးပြီးနောက် မိတ်ကပ်မသုံးထားသော မျက်နှာကို ဓာတ်ပုံရိုက်ကာ [ ကျွန်မကို လှတယ်လို့ ထင်လား]ဟု စာတန်းထိုးကာ လိုင်းပေါ်တင်လိုက်သည်။
ချောမောသော မိန်းကလေးများက ဆွဲဆောင်မှု ရှိကြသည်။ ငယ်ငယ်တည်းက ရုပ်ရည်ချောမောသော ယင်ယာ၏ အလှအပက စာမဖွဲ့နိုင်ချေ။
မိတ်ကပ်မလိမ်းခြယ်ထားသော်လည်း ဖြူဖွေးသော အသားရေ၊ မက်မွန်သီးပုံစံမျက်ဝန်း၊ ဇင်ယော်တောင် မျက်ခုံး၊ နှင်းဆီးရောင်သန်းသော ပါးမို့မို့ နှင့် နှုတ်ခမ်းနီး မဆိုးထားလျှင်ပင် အနီရောင်သန်းနေသော နှုတ်ခမ်းကြောင့် သူမ၏အလှအပကို စံချိန်သတ်မှတ်လျှင် ၈/ ၁၀ ဖြစ်၏။
သူမ၏အလှအပ အဆင့်တန်းကြောင့် သူမ၏ ဓာတ်ပုံက သူမ၏သူငယ်ချင်းမိတ်ဆွေများကြား Like အများအပြား ရရှိသည်။ ယင်ယာက ယုံကြည်မှု ပြန်ရသောအခါ နောက်ထပ် စာတင်သည်။
[ဒီကနေ့ နေ့လည်ခင်းတုန်းက ကြက်ဥထမင်းကြော်ဝယ်စားတုန်းက ရေမှော်ဟင်းချို နဲ့ မုန်လာချဉ်ကို ပိုက်ဆံထပ်ပေးပြီး ဝယ်စားမယ်လို့ တောင်းဆိုခဲ့တာတောင် အငြင်းခံရတယ်]
သူမ တင်လိုက်သော စာသားအောက်တွင် ပြန်စာ(Reply)မျိုးစုံ ရှိသည်။
[ယင်ယာ၊ ဟန်နီ၊ ကိုယ်မင်းကို စားသောက်ဆိုင် တစ်ဆိုင်ဆိုင်မှာ လိုက်ဝယ်ကျွေးမယ်လေ] Bestie
[လိမ္မာနော်။ မင်း ကြိုက်တဲ့ အစားအသောက်တွေ လိုက်ကျွေးမယ်] Pretty Time
[မိန်းမပျိုလေးတွေကို ကြင်နာရကောင်းမှန်း မသိတဲ့ သူဌေးကို ကိုယ်နဲ့ ပေးတွေ့လိုက်စမ်းပါ]
ပြန်စာ အများစုက သူမ တင်လိုက်သော စာ၏အဓိက အချက်ကို မဖမ်းဆုပ်နိုင်ခဲ့ပေ။
[အလှလေး၊ မင်းလိုလူက ကြက်ဥထမင်းကြော်ကြိုက်တာ အံ့ဩစရာပဲ။ ငါတို့တော့ မကြိုက်ဘူး] Happy through poor
[အဲဒီဆိုင်ကို မင်းနဲ့အတူတူ လိုက်ခဲ့မယ်။ ဒါဆိုရင် မင်းက ကိုယ်မှာထားတဲ့ ဟင်းပွဲကို စားလို့ရတာပေါ့။ မင်းက ရုပ်ချောပြီး ကိုယ်က ရုပ်ဆိုးတယ်လေ]
So Ugly that Cosmestic Surgery is needed
[မင်းကို အစားအသောက် လိုက်ကျွေးရတာ ငါ့အတွက် ဂုဏ်ယူစရာပါ။ အသားကင် သွားစားကြမလား]
Drinking Beer While Eating Fired Chicken
သူငယ်ချင်းအများစုက ကိုယ်ပိုင်သီးသန့် စာတိုပို့ဆောင်ရေးမှ တဆင့် ဖြစ်ပျက်သမျှ အခြေအနေကို မေးမြန်းသည်။ ယင်ယာက ယွမ်ကျိုး၏ စားသောက်ဆိုင်လေးနှင့် ပတ်သက်၍ အသေးစိတ် ရှင်းပြခဲ့သည်။ ဤကာလအတောအတွင်း သူမက ယွမ်ကျိုးကို သံလိုက်အိမ်မြှောင်ဟု နာမည်ပြောင် ပေးခဲ့သည်။
ယင်ယာ ၏ သူငယ်ချင်းများ ကောင်းမှုဖြင့် ဤဇာတ်လမ်းလေးက တဖြည်းဖြည်းချင်း ပို၍ လူသိများလာခဲ့သည်။
ဤဆိုင်ပတ်ဝန်းကျင်နားမှ အလုပ်သမားများက အရသာကို မြည်းစမ်းကြည့်ရန် ဆိုင်သို့ လာရသည်။ အရသာကို မြည်းစမ်းကြည့်ပြီးနောက် ယွမ်ကျိုး စားသောက်ဆိုင်၏ သစ္စာရှိ ဖောက်သည်ဖြစ်သွားသည်။ မည်သို့ပင်ဆိုစေကာမူ အစာစားခြင်းသည် လူ့ဘဝ၏ အရေးပါဆုံး အစိတ်အပိုင်း ဖြစ်သည်။
စားသောက်ဆိုင်က ကျဉ်းပြီး ထိုင်ခုံအများကြီး မရှိသောကြောင့် အမြဲတမ်း လူပြည့်ကျပ်နေသည်။ ဖောက်သည်များကလည်း ကြုံနေကျ ပြဿနာရပ်ဖြစ်သောကြောင့် အစားအသောက် စားပြီးမှသာ ဆိုင်မှထွက်သွားလေ့ရှိသည်။ များပြားလှသော ပရိသတ်များကြောင့် စားဖိုမှူးယွမ်ကျိုးမှာ အနားယူချိန် မရှိပေ။
ပထမဆုံး ဖောက်သည် ၁၀ယောက်ကျော် ထွက်သွားပြီးနောက် ထိုင်ခုံများကို ထပ်ရောက်လာသော ဖောက်သည်များက နေရာယူသည်။ ထို့အပြင် မနက်ခင်းတုန်းက ရှောင်လုံပေါင်း စားခဲ့သော ဖောက်သည်များကလည်း ဆိုင်ထဲ အတင်းအကျပ် ပြေးဝင်လာ၍ ၃၀မီတာ ပတ်လည်ရှိသော အခန်းလေး ပြည့်ကျပ်နေသည်။
“လူငယ်လေး။ ငါ့မိန်းမနဲ့ ငါအတွက် ရှောင်လုံပေါင်း တစ်ပွဲချင်းစီ ပေးပါ။ နေ့ခင်းတုန်းက မစားလိုက်ရလို့ စားချင်တဲ့ အာသီသ ဖြစ်နေတယ်”
အဘိုးအိုက သူ့ဇနီးသည်၏လက်ကို ဆွဲပြီး ထိုင်ခုံမှာ နေရာယူလိုက်စဉ် စိတ်အားထက်သန်စွာ ပြောဆိုသည်။
“အားနာပါတယ်။ ရှောင်လုံပေါင်းကို နေ့ခင်းပိုင်းနဲ့ ညနေပိုင်းတွေမှာ မရောင်းပါဘူး”
ယွမ်ကျိုးက မနက်ခင်းမှ ဖောက်သည်များ ရောက်လာ၍ စိတ်ရှည်ရှည်ဖြင့် ရှင်းပြသည်။
ယွမ်ကျိုး၏စကားသံကို ကြားပြီးနောက် အဘိုးအို မှင်တက်သွားသည်။ အဘိုးအိုက သနားချင့်စဖွယ်ကောင်းသော လေသံဖြင့် ထပ်မံ့ တောင်းဆိုပြန်သည်။
“လူငယ်လေးရယ် ဒီလိုမလုပ်ပါနဲ့။ ကျုပ်တို့ အဘိုးကြီးအဘွားကြီး လင်မယားက မင်းရဲ့လက်ရာကို စားချင်လွန်းလို့ ဒီဆိုင်ကို ရောက်လာတာ ၂ခေါက် ရှိသွားပြီ”
“အားနာပါတယ်”ယွမ်ကျိုးက အဘိုးအို၏တောင်းဆိုမှုကို ငြင်းပယ်သည်။ ထိုနည်းတူစွာ ရှောင်လုံပေါင်း လာစားသော ဖောက်သည်များက တစ်ယောက်တစ်ခွန်း ပြောဆိုကြသည်။
“သူဌေး၊ ကျုပ် ခင်ဗျားရဲ့ရှောင်လုံပေါင်းကို မနက်ခင်းက စားပြီးတော့ နေ့လည်စာတောင် မစားဖြစ်တော့ဘူး။ တခြားအသားဟင်းပွဲကို စားရင်တောင် ခင်ဗျားရဲ့ရှောင်လုံပေါင်း အကြောင်းပဲ တွေးနေမိတယ်။ အခုဆိုရင် တခြားအစားအသောက်တွေက ကျုပ်အတွက် အရသာ မရှိတော့ဘူး”
အားကစားဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားက ခေါင်းကုတ်ရင်း စိတ်အားထက်သန်စွာ ပြောဆိုသည်။
“တခြားဆိုင်က ဖက်ထုပ်တွေကို စိတ်ထဲ ဝက်စာလို့တောင် ထင်နေမိပြီ”
ယွမ်ကျိုးက သူ့စကားကြောင့် ဆွံ့အသွားသည်။
“သူ ပြောတာအမှန်ပဲ။ ခင်ဗျား ဖန်တီးထားတဲ့ ရှောင်လုံပေါင်းက ကျွန်တော် စားဖူးသမျှထဲမှာ အရသာ အရှိဆုံးပဲ။ ချဲ့ကားပြောတာ မဟုတ်ဘူးနော်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ”
အဘိုးအို “…”
အပိုင်း(၃၁)
ပြီး၏။
အပိုင်း(၃၂)
*
ရှောင်လုံပေါင်း စားဖူးသော ဖောက်သည်များက ဟင်းလျာကို အထူးချီးမွမ်းနေသော်လည်း အဘိုးအိုနှင့် အတူတူလိုက်လာသော အဘွားအိုက ကျေနပ်ပုံ မရချေ။
အိုမင်နေသော မျက်နှာပေါ်တွင် စိတ်မရှည်သော အမူအရာဖြင့် အဘိုးအိုကို လှမ်းဆွဲကာ စကားပြောသည်။
“ဒါလင်၊ ဒီဆိုင်မှာ ဆက်အချိန်မဖြုန်းရအောင်လား။ သူက ငါတို့စားချင်တာကို မရောင်းရင် မစားဘူးပေါ့”
“ကိစ္စမရှိဘူး။ ဒါလင် ထပ်မေးကြည့်ပေးမယ်”
အဘိုးအိုက သူ့ဇနီးသည်က ဆူညံခြင်း နှင့် ရှုပ်ယှက်ခတ်နေသော ပတ်ဝန်းကျင်ကို မနှစ်သက်သောကြောင့် ယခုကဲ့သို့ ပြောဆိုသည်ဟု ယူဆကာ သူ့အဝတ်အစားများကို ဆုပ်ကိုင်ထားသော သူမ၏လက်ကို ပုတ်လိုက်သည်။
“အဲဒီလို သဘောမဟုတ်ဘူးလေ” အဘွားအိုက ချက်ချင်း ငြင်းဆန်သည်။ သူ့ခင်ပွန်း၏မျက်နှာအမူအရာကို ကြည့်ရုံဖြင့် နားလည်မှုလွဲသွားမှန်း သဘောပေါက်သည်။
“ဒါလင်။ ဒီလူငယ်ရဲ့မျက်နှာကို ကြည့်ရတာ စီးပွားရေးသမားနဲ့ မတူဘူး။ ဘယ်လိုများ စီးပွားရေး လုပ်နေတာလဲ။ သူ့အစားအသောက်တွေကလည်း အရသာရှိမယ် မထင်ဘူး။ ပြန်ကြမယ်”
အဘိုးအိုက သူ့မိန်းမ စိတ်မရှည်တော့၍ ယခုလို ပြောဆိုမှန်း သိသည်။ စားသောက်ဆိုင်သို့ နှစ်ကြိမ်တိတိ လာရောက်ခဲ့ရပြီး ရှောင်လုံပေါင်း မစားခဲ့ရ၍ မကျေနပ်မှန်း သိသည်။
“ဒီလူငယ်လေးရဲ့ ဟင်းချက်စွမ်းရည်က သာလွန်တယ်။ မနက်တုန်းက ဒါလင် စားခဲ့ရတဲ့ ဖက်ထုပ်က အရသာ ပြီးပြည့်စုံတယ်။ အပေါ်ယံဖက်ထုတ်အခွံက ပါးလွှားပြီး အထဲကိုတောင် ထိုးဖောက်မြင်နိုင်တယ်။ အထဲက ဟင်းအနှစ်ကလည်း ရှယ်ပဲ”
“မိန်းမရော ဘယ်လိုထင်လဲ။ ခဏလောက် စောင့်ကြည့်ဦးမလား”
သူ့ဘေးနားက အဘွားအိုက သူ့ယောက်ျား၏ မျက်နှာအမူအရာကို သတိထားမိသည်။ ရှောင်လုံပေါင်းဖက်ထုပ် အကြောင်း ပြောသောအခါ အဘိုးအို၏မျက်နှာက အနီရောင် ပြောင်းသွားသည်။ ဟင်းအနှစ်အကြောင်း ပြောသောအခါ သွားရည် မကျအောင် ထိန်းချုပ်ထားသည်။ သူမ၏ခင်ပွန်းက အနေအထိုင် အပြုအမူကို ထိန်းသိမ်းမှန်း သူမက အသိဆုံးဖြစ်သည်။
“ရှင့်မျက်နှာကို ကြည့်ရတာ ဂျင်းဆင်းအသီး စားလာရသလိုပဲ။ အိုကေ အိုကေ ကျွန်မ စောင့်မယ်”
အဘွားအိုက အင်တင်တင်ဖြင့် ကတိပေးလိုက်သည်။
“ဒါက အရသာမရှိတဲ့ ဂျင်းဆင်းအသီးထက် ပိုကောင်းတယ်”
အဘိုးအိုက ပြုံးရွှင်စွာ ပြန်ပြောသည်။
“လူငယ်လေးရယ် အဘိုးတို့လင်မယားအတွက် နှစ်ပွဲလောက်ပဲ ရောင်းပေးပါ”
အဘိုးအိုက ဖျောင်းဖျရန် ထပ်မံကြိုးစားသည်။
“အားနာပါတယ်။ တကယ်မရပါဘူး” ယွမ်ကျိုးက အနည်းငယ် တုံ့ဆိုင်းခြင်းပင် မရှိဘဲ ငြင်းပယ်ပစ်သည်။
ယွမ်ကျိုး မျှော်မှန်းထားသည့်အတိုင်း အများစုက ရှောင်လုံပေါင်းကို အော်ဒါတင်နေကြသည်။ သူတို့အားလုံး၏ အသေးစိတ် ချီးမွှမ်း စကားများကို နားစွင့်ပြီးနောက် ယွမ်ကျိုးကိုယ်တိုင်ပင် စားချင်လာသည်။ စနစ်အားဖြင့် မိတ်ဆက်ပေးထားသော ပါဝင်ပစ္စည်းများက သူ့စိတ်ထဲ တဝဲလည်လည် ဖြစ်နေသည်။ ထိပ်တန်းပါဝင်ပစ္စည်းများကို အသုံးပြုထား၍ အရသာ မကောင်းမှာ စိုးရိမ်နေရန် မလိုအပ်ပေ။ အရသာကို အာမခံနိုင်သည်။
စနစ် “ အသားအနေနဲ့ ထည့်သုံးထားတဲ့ ဝက်သားက သာမန် ဝက်သား မဟုတ်ပါဘူး။ ဝူကျိတောင်ရဲ့ ရှန်ဝက်ပါ”
“ဟိုက်နန်ကျွန်းအနီးတစ်ဝိုက် ဝူကျိတောင်မှာ ပေါက်ဖွားတဲ့ ရှန်ဝက်။ တရုတ်ပြည်ရဲ့ဝက်မျိုးစိတ်ထဲမှာ ရှေးအကျဆုံး ရှေးဦးဝက်မျိုးစိတ်ပဲ။ သူ့မှာ တခြားနာမည်ရှိသေးတယ်။ တောဝက်သိုးတဲ့။ ဈေးကွက်ထဲမှာ ရောင်းချတဲ့ ဝက် နဲ့ တောဝက်ရဲ့မျိုးဆက်ပဲ။ လမ်းလျှောက်ရင် သူ့ခေါင်းကို အမြဲအောက်စိုက်ထားလို့ နှာခေါင်းကိုပါ ပေါင်းမြင်တော့ ခြေထောက် ငါးချောင်းလို့တောင် ထင်ရတယ်။ ဒါကြောင့်လည်း အမြင်မှားတဲ့လူတွေက ခြေငါးချောင်းရှိတဲ့ ဝက်လို့ ခေါ်စမှတ်ပြုတယ်”
“စနစ်က ဝက်ကို အစာကျွေးတဲ့အခါ သိပ္ပံနည်းအကျဆုံး နည်းလမ်းကို အသုံးပြုတယ်။ စိမ်းပြာရေညှိကို ဖော်စပ်ထားတဲ့ဆေး၊ စံပယ်ပန်း၊ ပိုးစာရွက် နဲ့ အင်းဆက်ကို ရောစပ်ထားသော ဝက်စာပါ။ ဒါကြောင့်လည်း အသားအရသာက နူးညံ့ပြီး အရသာရှိလို့ ခန္ဓာကိုယ်ကို ဘေးသင့်စေတဲ့ ကိုလက်စတော်ဓာတ် လုံးဝ မပါရှိဘူး။ အသားကနေ ချိုမြတဲ့မွှေးရနံ့ ရတာပေါ့”
“သူတို့ကို သာမန်ဝက်တွေထက် ၂ဆ ကျွေးရတယ်။ ရှန်ဝက်တွေက ဂီတနားထောင်သလို အားကစားလည်း လုပ်တယ်။ သူတို့ကို အသီးစိုက်ခင်းတွေမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးပြီး။ အဲဒီနေရာက သူတို့အတွက် အညစ်အကြေး စွန့်ထုတ်ဖို့ အထူးနေရာပဲ။ ဝက်ကို လွတ်လပ်စွာ သွားလာခွင့် ပေးတော့ မြေကြီးထဲ နဲ့ ရေထဲက သဘာဝဒြပ်စင်တွေကို အပြည့်အဝ စုပ်ယူနိုင်တယ်။ ဒါကြောင့်မို့လည်း ဝက်သားမှာ သဘာဝဒြပ်စင်တွေ ပေါကြွယ်ဝပြီး လူ့ခန္ဓာကိုယ်မှလည်း လိုအပ်တဲ့ အမီနိုအက်စစ်( အသားဓာတ်ကို ဖြစ်ပေါ်စေတဲ့ ဓာတ်တစ်မျိုး)တွေ ပါတာပေါ့”
“စနစ်က ထိပ်တန်း အကောင်းဆုံး မိုးခိုသားကိုပဲ အသုံးပြုထားတယ်”
“မင်းပြောတဲ့ သိပ္ပံနည်းကျတဲ့။ အခုပြောသမျှက ဘာမှလည်း သိပ္ပံနည်းမကျဘူး”
ယွမ်ကျိုးက စနစ်ကို လှောင်ရယ်လိုက်သည်။
ယွမ်ကျိုးက စနစ်မှ ထောက်ပံ့သော ပါဝင်ပစ္စည်းများသည် အံ့အားသင့်စရာကောင်းမှန်း သိထားပြီသား ဖြစ်သည်။ ထို့ကြောင့် သူက ဆက်လေ့လာကြည့်သည်။
“မင်းက ငါ့ကို အမြဲတမ်း တုန်လှုပ်အောင် လုပ်တယ်။ ဝက်ခေါက် အကြောင်း ဆက်ပြောပါဦး”
စနစ် “ ဝက်ခေါက်ကို လက်ပြင်သားကနေ ယူထားပြီး အသားကို နှပ်ထားတာပါ”
ခပ်တန်းတန်း လေသံကြောင့် ဝက်ခေါက်က ထူးကဲမှု မရှိမှန်း ယွမ်ကျိုး သဘောပေါက်လိုက်သည်။ ထို့ကြောင့် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
ခဏကြာပြီးနောက် ယွမ်ကျိုးက အဓိကပါဝင်ပစ္စည်းဖြစ်သော ဂျုံအကြောင်းတွေးမိသွားသည်။ ဖက်ထုပ်အတွက် ဂျုံနယ်နေစဥ် ထူးခြားသော မွှေးရနံ့ကိုရသည်။ ထို့အပြင် ကစီဓာတ် အထိုက်အလျောက်ပါဝင်သည်။
“ဖက်ထုပ်လုပ်ရာမှာ သုံးထားတဲ့ ဂျုံမျိုးစိတ်ကို ဘယ်ကနေ ရယူထားတာလဲ” ယွမ်ကျိုးက စနစ်၏ ကြွားလုံးများကို ကြားဖူးနေပြီသားဖြစ်သည်။
စနစ် “မွန်ဂိုးလီးယားနိုင်ငံတွင်းက ဟဲထောင်နယ်မြေကရတဲ့ ဂျုံမျိုးစိတ်ပဲ။ ဂျုံစေ့ ၁၀၀ခန့်ကနေ အကောင်းဆုံး အရည်အသွေးရှိတဲ့ ဂျုံစေ့ကို ရွေးချယ် စိုက်ပျိုးထားတဲ့။ ရလာတဲ့ဂျုံမှာ ကစီဓာတ် ၃၅-၃၉ခန့် ပါဝင်တယ်”
“အိုကေ အိုကေ ဒီလောက်ဆိုရပြီ။ တခြားဟာတွေ ထပ်မသိချင်တော့ဘူး”
ယွမ်ကျိုးက နွမ်းလျစွာ ပြန်ပြောသည်။
…
“သူဌေးယွမ်၊ သူဌေးယွမ်”
ရုံးဝတ်စုံနှင့်အမျိုးသားက ရှောင်လုံပေါင်း ရောင်းချပေးရန် တောင်းဆိုနေသည်။ သူက အာခြောက်မတတ် ပြောနေသော်လည်း ယွမ်ကျိုးက တွေဝေနေသည်။
“မရဘူး” ယွမ်ကျိုးက ပြတ်ပြတ်သားသား ငြင်းပယ်သည်။ သူကိုယ်တိုင်ပင် ရှောင်လုံပေါင်း မစားရ၍ စားသုံးသူ ဖောက်သည်များက ကြက်ဥထမင်းကြော်ပဲ မှာသင့်သည်။
“ဒါဆိုရင်လည်း ကြက်ဥထမင်းကြော်အစုံလိုက်ပွဲ ချပေးပါ”
ရုံးဝတ်စုံနှင့်အမျိုးသားက အစုံလိုက်ပွဲကို မှာယူရန် ဆုံးဖြတ်လိုက်သည်။ ၂၈၈ယွမ်ဈေးနှုန်းက ဈေးကြီးနေ၍ သူတစ်ပွဲပဲ မှာနိုင်သည်။
“ဟေ့။ နောက်ဆုံးတော့ ရှင် လက်လျှော့လိုက်ပြီလား ဟမ်။ ကျွန်မတို့လည်း ပြန်မယ်လေ”
အဘွားအိုက အဘိုးအိုကို သတိပေးလိုက်သည်။
“မပြန်ဘူး။ တခြားဟင်းပွဲတွေကို စမ်းစားကြည့်ချင်တယ်။ အိုကေလေ ဈေးအကြီးဆုံးဟင်းပွဲကို မြည်းစမ်းကြည့်မယ်”
အဘိုးအို စိတ်မရှည်တော့ပေ။ ကြက်ဥထမင်းကြော်က ရှောင်လုံပေါင်းထက် အရသာပိုရှိလိမ့်မည်ဟု မယုံကြည်ပေ။
“ခေါင်းမာလွန်းတဲ့ လူအိုကြီး” အဘွားအိုက သူ့ခင်ပွန်းသည်၏ ခေါင်းမာလွန်းသော အကျင့်စရိုက်ကို နားလည်သည်။ ထို့ကြောင့် သူမက မကျေမနပ် ငြီးတွားကာ သူ့ခင်ပွန်းသည်၏ အင်္ကျီစကို ဆောင့်ဆွဲထားသည်။
“လူငယ်လေး အစုံလိုက်ကြက်ဥထမင်းကြော် ၂ပွဲပေးပါ” အဘိုးအိုက မကြားချင်ယောင် ဟန်ဆောင်ပြီး ယွမ်ကျိုးကို စကားပြောသည်။
ဖောက်သည်တိုင်းက ကြက်ဥထမင်းကြော်စားရန် ဆုံးဖြတ်လိုက်၍ ယွမ်ကျိုး နားအေးသွားသည်။ လူတိုင်းက အော်ဒါတင်လိုက်၍ ယွမ်ကျိုးက မီးဖိုချောင်းထဲ ပြန်ဝင်ကာ စတင်ချက်ပြုတ်သည်။
အဘွားအိုက အများကြီး မမျှော်လင့်ထားပေ။ သူက အဆီများလွန်းသော ကြက်ဥထမင်းကြော်ကို မနှစ်သက်ချေ။
တချို့သောဖောက်သည်များက ရှောင်လုံပေါင်း မစားရမှန်းသိ၍ ပြန်သွားသော်လည်း တချို့က တခြားဟင်းပွဲကို မြည်းစမ်းရန် စောင့်ဆိုင်းနေသည်။
“သူဌေးယွမ်။ ဒီမနက်ခင်း ဆိုင်ဖွင့်တာ ကျုပ်ကို ဘာလို့ မခေါ်တာလဲ”
ထိုစဉ် ဝူဟိုင်းက စားသောက်ဆိုင်ထဲ အလောတကြီး ပြေးဝင်လာသည်။ သူက တခြားကိစ္စအားလုံးကို လျစ်လျူရှုပြီး အစားစားရန် ဆိုင်သို့ရောက်လာသည်။ တစ်နေ့ခင်းလုံး ဘာမှမစားရ၍ ဗိုက်ဟောင်းလောင်း ဖြစ်နေသည်။
“အစ်ကိုဝူဟိုင်း၊ သူဌေးယွမ်က ညနေပိုင်းမှာ ရှောင်လုံပေါင်း မရောင်းဘူးလို့ ပြောတယ်”
ရုံးဝတ်စုံနှင့် လူငယ်က ယွမ်ကျိုးကိုယ်စား ဝူဟိုင်းကို ပြောသည်။
ထိုစကားသံကိုကြားပြီးနောက် ဝူဟိုင်း နှုတ်ဆိတ်သွားသည်။ သူက ၎င်းလူငယ်ကို ဒေါသထွက်နေသည်။ နေ့လည်ခင်းတုန်းက ဆိုင်မဖွင့်ဘူး လာပြောသူက ယခုလည်း ဟင်းပွဲအသစ် မရောင်းဟု လာပြောပြန်သည်။ အဲဒီကောင်က သူ့ဘဝထဲ ကံဆိုးမှုများကို သယ်ဆောင်လာသည်ဟု ခံစားမိသည်။
သူ့ကို စကားပြန်မပြောချင်သော်လည်း ဟန်မပျက် ပြန်ပြောလိုက်သည်။
“မင်းက ဘယ်လိုသိနေတာလဲ”
“ငါတို့အားလုံးက ရှောင်လုံပေါင်းစားဖို့ စောင့်နေတာလေ”
လူငယ်က သူ့ဘေးနားက လူအုပ်စုကြီးကို လက်ညိုးထိုးပြသည်။
“ကောင်းပြီ” ဝူဟိုင်းက အံကြိတ်ကာ ပြန်ပြောသည်။
“သူဌေးယွမ်၊ ငါ့ကိုလည်း အစုံလိုက်ကြက်ဥထမင်းကြော် တစ်ပွဲပေးပါ”
ဝူဟိုင်းက ချက်ပြုတ်ရင်း အလုပ်ရှုပ်နေသော ယွမ်ကျိုးကို စကားလှမ်းပြောသည်။
ဘေးဘက်မှာ မတ်တတ်ရပ်နေပြီး ဝူဟိုင်းက ဆာလောင်နေသော ဝမ်းဗိုက်ကို ပွတ်သပ်ကာ သူ့ဟင်းပွဲကို စောင့်မျှော်နေသည်။
အပိုင်း(၃၂)
ပြီးပါပြီ။
အပိုင်း(၃၃)
*
ဝူဟိုင်းက တစ်နေ့ခင်းလုံး ဗိုက်ဆာလောင်နေသည်။ သူက တစ်ရေးအိပ်ရုံမှအပ နေ့လည်ခင်းမှာ ဘာမှမလုပ်ဆောင်နိုင်ပေ။
သူ အိပ်ရာမှ နိုးလာသောအခါ ညနေဘက် ရောက်နေပါပြီ။ ကံကောင်းမလား ကံဆိုးမလား တွေးနေမိသည်။ ကံကောင်းခြင်းက ယွမ်ကျိုး ချက်ပြုတ်သော ဟင်းပွဲကို ချက်ချင်း စားရခြင်းဖြစ်ပြီး ကံဆိုးခြင်းက ယွမ်ကျိုး၏ ဟင်းပွဲအသစ်ကို မြည်းစမ်းခွင့် မရခြင်း နှင့် ဟင်းပွဲအဟောင်းကို ချက်ချင်း မစားရခြင်းကို ဖြစ်သည်။
၇မိနစ်၊ ၈မိနစ်ခန့်ပင် မကြာလိုက် ယွမ်ကျိုးက ဟင်းပွဲများကို အပြင်သယ်လာသည်။
“မင်းတို့ရဲ့အစုံလိုက်ကြက်ဥထမင်းကြော်ရပြီ”
အဘိုး နှင့် အဘွားက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး ကြက်ဥထမင်းကြော်က အတော်အတန် အရသာရှိမည်ဟု လက်ခံလိုက်သည်။
အဘွားအိုက သူ့တစ်သက်တာလုံး ချက်ပြုတ်ခဲ့ရသော အိမ်ရှင်မဖြစ်သည်။ ရိုးရှင်းသော ကြက်ဥထမင်းကြော်က သူမအတွက် ချက်ပြုတ်ရန် မခက်ခဲပေ။ သို့သော်လည်း ဤဆိုင်တွင် ရောင်းချသော ကြက်ဥထမင်းကြော်က ရွှေရောင်သန်းနေသည်။ အဆီတဝင်းဝင်းတောက်နေသော ရွှေရောင် မဟုတ်ဘဲ နေရောင်ခြည်လင်းလက်ကဲ့သို့ ရွှေရောင်သန်းနေခြင်း ဖြစ်သည်။ သို့တိုင် ဈေးနှုန်းကို တွေးမိသောအခါ အဘွားအို ခေါင်းကိုက်မိသည်။
ဟင်းပွဲလာချပေးသောအခါ ကြက်ဥထမင်းကြော်က ၁၈၈ယွမ်နှင့် ထိုက်တန်သည်ဟု ခံစားမိသည်။
အဘွားအိုက အဆီများသော အစားအသောက်များကို မနှစ်သက်ပေ။ ထို့ကြောင့် ရေမှော်ဟင်းချိုကို အရင်ဆုံး တစ်ငုံသောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
“ဟူး”
လူသားများ အိုမင်လာသောအခါ အရသာခံအာရုံက ပိုဆိုးရွားလာသည်။ ထို့ကြောင့် အရသာပြင်းသော အစားသောက်ကို ပိုနှစ်ခြိုက်၍ ဆားများများ သုံးတတ်သည်။ ရေမှော်ဟင်းချိုက ရေကဲ့သို့ အရသာကင်းမဲ့လိမ့်မည်ဟု တွေးမိသည်။ တခြားဆိုင်များတွင်လည်း ဟင်းချိုက ရေအရသာ ဖြစ်နေသည်။
သို့သော်လည်း တစ်ငုံသောက်ကြည့်ပြီးနောက် သူရှင်သန်လာသော ကာလတစ်လျှောက် ယခုလို အရသာမျိုးကို မစားဖူးဟု ခံစားမိသည်။ သူ ငယ်ရွယ်စဥ်က ကဲ့သို့ ခံစားလွယ်သော အရသာခံ အာရုံကို ပြန်လည်ရရှိသည်ဟု ထင်မိသည်။
အဘွားအိုက မယုံကြည်နိုင်စွာ နောက်တစ်ဇွန်း ထပ်သောက်ကြည့်သည်။ သူမ စိတ်ကူးယဉ်နေခြင်း မဟုတ်ဘဲ ဟင်းချိုထဲမှ အနံ့အရသာ အားလုံးကို ခံစားနိုင်သည်။ ရေ၏အနည်းငယ် ချိုမြမှု နှင့် နူးညံ့သော ရေမှော်ဟင်းချိုကို ခံတွင်းတွေ့မိသည်။ အသက်အရွယ်ရလာသည်နှင့်အမျှ ဟင်းလျာများကို အရသာခံနိုင်စွမ်း ကင်းမဲ့လာသော အဘွားအိုကို ကျေနပ်စေသည်။ သူမက ငယ်ရွယ်စဉ်က အစားအသောက်ကောင်းများကို နှစ်သက်ခဲ့သည်။
ရေမှော်ဟင်းချိုကို အကြိုက်တွေ့ပြီးနောက် မုန့်လာချဉ် နှင့် ကြက်ဥထမင်းကြော်ကို ဆက်စားကြည့်ချင်သည်။ သို့သော်လည်း မုန်လာချဉ်ကို အရင်ဆုံး စားကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ သလင်းကျောက်ကဲ့သို့ ဖြူဖွေးနေသော မုန်လာချဉ် နှင့် အညိုရောင်တူက အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသည်။
"ကြက်ဥထမင်းကြော်ရဲ့ အရသာရော ဘယ်လိုမျိုးပါလဲ"
အဘွားအိုက သူ့စိတ်ထဲ ရေရွတ်သည်။ မကျေနပ်သော အမူအရာများက သူ့မျက်နှာပေါ်မှာ ပျောက်ကွယ်သွားပါပြီ။ နောက်ထပ်ဟင်းပွဲ၏အရသာကို စူးစမ်းလိုသော ခံစားချင်ဖြင့် ကြည်နူးနေသည်။
ပြောစရာပင် မလိုအပ်အောင် အဘွားအို ဘေးနားက အဘိုးအိုက ပျော်ရွှင်စွာ စားသောက်နေသည်။ မနက်ခင်း လမ်းလျှောက်ထွက်မိခြင်းက ဉာဏ်အမြော်အမြင် ရှိပြီး ကံကောင်းသည်ဟု ခံစားမိသည်။
သူက အိုမင်သော်လည်း သာယာအေးချမ်းသော မိသားစုဘဝကို ပိုင်ဆိုင်ထားသည်။ သူ့သားများ နှင့် မြေးများက သူ့ကို ကောင်းကောင်းမွန်မွန် ထား၍ သူ့အလုပ်က အိပ်လိုက်စားလိုက် ဖြစ်သည်။ သူ့ကျန်ရှိသော ဘဝသက်တမ်းတစ်လျှောက် အလိုအပ်ဆုံး တောင်းဆိုမှုက ကောင်းကောင်းအိပ် ကောင်းကောင်းစားရန် ဖြစ်သည်။ ယွမ်ကျိုး၏စားသောက်ဆိုင်က သူ့လိုအပ်ချက်ကို ပြီးပြည့်စုံစွာ ဖြည့်ဆည်းပေးသည်။
ရုံးဝတ်စုံနှင့်လူငယ်၏အမည်က ဝူကျိုး ဖြစ်သည်။ တကယ်တမ်း သူ့အလုပ်က Programmer(ကွန်ပြူတာညွှန်ကြားချက် ရေးသားသူ) ဖြစ်၍ မညှာမတာခိုင်းသော သူဌေးက ညဉ့်နက်ချိန်အထိ အချိန်ပိုဆင်းခိုင်းသည်။
လုံ့လဝီရိယရှိသော လူငယ်လေးတွင် ၅နှစ် ချစ်သူသက်တမ်းရှိသော ကောင်မလေးရှိသည်။ သူ့ကောင်မလေးနှင့် အမြန်ဆုံး နီးစပ်ချင်၍ လစာကောင်းသော မြို့ထဲသို့ ပြောင်းလာခြင်းဖြစ်သည်။ သူ့အိပ်မက်က တိုက်ခန်းဝယ်ပြီး သူ့ကောင်မလေးနှင့် လက်ထပ်ရန်ဖြစ်သည်။
သူ့လက်ရှိအလုပ်က တစ်လလျှင် လစာ ယွမ် ၂၂၀၀၀ရသည်။ ယွမ် ၂၀၀၀၀ကို လစဥ်လတိုင်း သူ့ကောင်မလေး၏ဘဏ်အကောင့်ထဲ ပို့ပေးပြီး ၂၀၀၀ကို လစဥ် အသုံးစရိတ် သတ်မှတ်ထားသည်။ သူက အလုပ်အမြဲရှုပ်နေသူ ဖြစ်၍ ငွေဖြုန်းချိန် မရှိပေ။ သူက ဆေးလိပ်မသောက် ၊ အရက်မသောက်၊ မိန်းမ မရှုပ်တတ်သူလည်း ဖြစ်သည်။ သူတခြားသော အထွေထွေ အသုံးစရိတ်များကို သူငယ်ချင်းများက ပေးသည်။ အိမ်ငှားရမ်းခကို သူ့ကောင်မလေးက ပေးသည့်အပြင် အဝတ်အစား၊ ဖိနပ် နှင့် အတွင်းခံများကိုပင် ဝယ်ပေးတတ်သည်။ တစ်ပတ်တစ်ခါ သူ့အိမ်လာပြီး ဟင်းချက်ပေးသည်။ ယခုလို အကောင်းတကာ့ အကောင်းဆုံး ချစ်သူလေးကို ပိုင်ဆိုင်ထားရ၍ ဂုဏ်ယူဝင့်ကြွားမိသည်။
ဝူကျိုးက သူ့အရှေ့က ၂၈၈ယွမ်တန် အစုံလိုက်ဟင်းပွဲကို ပျော်ရွှင်စွာ စားသုံးနေသော်လည်း ယနေ့ အသုံးပြုငွေက ယွမ်၄၀၀ကျော်သွား၍ စိတ်ညစ်မိပြန်သည်။ လဝက်ခန့်သာ ရှိသေးသော်လည်း သူ့ပိုက်ဆံအိတ်ထဲ ယွမ်၅၀၀ခန့်သာ ကျန်တော့သည်။
သူ့ဘေးနားတွင် ထိုင်နေသော ဝူဟိုင်းက ယခုလိုပြဿနာမျိုး မရှိပေ။ သူက ချမ်းသာကြွယ်ဝ၍ အသေးအမွှားပြဿနာရပ်ကို ဂရုစိုက်နေရန် မလိုအပ်ချေ။
ဝူဟိုင်းက မုန်လာချဉ်များက အရည်တစ်စက်မှ မကျန်အောင် ကြက်ဥထမင်းကြော်ပေါ် လောင်းချလိုက်သည်။ ထို့နောက် စားပွဲခုံပေါ်မှာ ရေမှော်ဟင်းချို နှင့် ပန်းကန်ပြားလေးကို တင်လိုက်သည်။
သူက ပန်ကန်ပြားကို ကိုင်ပြီး ကြက်ဥထမင်းကြော်ကို စားနေသည်။ အစာစားနေစဥ် သူ့ပျော်ရွှင်မှုကို ဘုရားသခင်သာ သိလိမ့်မည်။
ပျော်ရွှင်ကြည်နူးစွာ အစာစားနေသူများ နှင့် ဇွန်းသံ ခွက်သံများကို ကြားသောအခါ ထိုင်ခုံစောင့်နေသော ဖောက်သည်များသည် ခံရခက်လာပြီး မတ်တတ်ရပ်ပြီး စားသုံးခွင့်ပေးရန် တောင်းဆိုကြသည်။
အရသာရှိသော အစားအသောက်ကို စားရမည်ဆိုလျှင် မတ်တတ်ရပ်စားရခြင်း နှင့် ထိုင်စားရခြင်းက ပြဿနာရပ် မဟုတ်ပေ။
ယနေ့မှစ၍ ယွမ်ကျိုးက သူ မနက်ခင်း အိပ်ရာနိုးနိုးချင်း မနက် ၆နာရီ ၃၀မိနစ်တိုင်း ရှောင်လုံပေါင်းကို ပြင်ဆင်ရမည်။ ထိုမှသာ ရှောင်လုံပေါင်း ပွဲ၁၀၀ကို အချိန်မီ ပြီးစီးလိမ့်မည်။ တစ်နာရီအတွင်း ရောင်းကုန်ပြီးနောက် နေ့လည်ခင်းအထိ ဆိုင်ပိတ်ထားပြီး နေ့လည်ခင်းတွင် ၂နာရီခန့်ကြာအောင် ဆိုင်ဖွင့်လိမ့်မည်။ ညနေခင်းတွင် ၃နာရီကြာအောင် ဆိုင်ဖွင့်လျှင် စုစုပေါင်း ဆိုင်ဖွင့်ချိန်က ၆နာရီသာ ဖြစ်လိမ့်မည်။ ပုံမှန်အားဖြင့် ည၇နာရီအထိ မည်သူမှ အလုပ်မလုပ်ကြပေ။ အချိန်ပို အလုပ်ဆင်းရသူများက ခြွင်းချက် ဖြစ်သည်။
ဆိုင်ဖွင့်ချိန်ကို လျှော့ချလိုက်၍ ဖောက်သည် လျော့သွားမည့်အစား ယွမ်ကျိုး၏ စားသောက်ဆိုင်က အံ့ဩစရာကောင်းလောက်အောင် တိုးကြိတ်နေသည်။ ဝင်ပေါက်နားမှာ တန်းစီးနေသူများလည်း ရှိသည်။
အချိန်တရွေ့ရွေ့ ကုန်ဆုံးလာပြီး သောကြာနေ့ ရောက်လာသည်။ ယွမ်ကျိုး၏ စီးပွားရေးက ညနေပိုင်းတွင် အကောင်းဆုံးဖြစ်သည်။ အံ့ဩစရာကောင်းလောက်အောင် ဝူကျိုးက ပုံမှန်ထက် တစ်နာရီစော၍ ဆိုင်သို့ ရောက်လာသည်။ အချိန်ပို မဆင်းရ၍ ဖြစ်နိုင်သည်။
“ဝူကျိုး၊ အစောကြီး မပြန်နဲ့လေ။ ငါတို့တွေ အသားကင်သွားစားမလား”
သူက အိတ်ဆွဲပြီး အပြင်ထွက်ခါနီး ခံ့ညားချောမောသော မျက်နှာက သူ့အရှေ့ပေါ်လာသည်။
“အားနာပါတယ်။ ငါ မသွားတော့ဘူး” ဝူကျိုးက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
“ဘာပြဿနာ ရှိလို့လဲ။ အချိန်ပိုမဆင်းရတာတောင် ကြာပြီလေ။ ဒါတောင် မင်းပုံစံကြည့်ရတာ ပျော်နေပုံ မပေါက်ဘူး”
ခံ့ညားသောလူငယ်က ပြုံးရွှင်စွာ ပြောသည်။
“ခင်ဗျားအတွေးလွန်နေပြီ။ ကျွန်တော်က ကြက်ဥထမင်းကြော်ပဲ စားချင်တယ်”
ဝူကျိုးက စိတ်ပျက်အားလျော့နေ၍ လမ်းဆက်မလျှောက်ချင်ပေ။
“မစားရတာ ငါးရက်ရှိသွားပြီ။ ဘယ်အချိန်မှ လကုန်မှာလဲ”
ထိုစကားကို ပြောလိုက်စဥ် ဝူကျိုး စိတ်ဆတ်နေသည်။
ခံ့ညားသော လူငယ်က မျက်လုံးကလည်ကလည်ဖြင့် မေးမြန်းသည်။
“ကြက်ဥထမင်းကြော်က ဘယ်နေရာမဆို ဝယ်စားလို့ရတယ်လေ။ ခဏခဏစားဖို့ တန်လို့လား။ ငါတို့နဲ့အတူတူ အသားကင် မစားချင်ဘူးလား”
“မစားချင်ဘူး”
ဝူကျိုးက သူ့ပခုံးကို လာတင်ထားသော လက်ကို ဖယ်ထုတ်လိုက်သည်။ သူ့အိတ်ကပ်ထဲ ယွမ်၃၀၀ခန့်သာ ရှိတော့၍ ယွမ်ကျိုး၏ ကြက်ဥထမင်းကြော်ကိုသာ တွေးနေမိသည်။
ဝူကျိုးက သူ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏လိုအင်ကို ဖြည့်ဆည်းရန် အဆာပြေမုန့်ရောင်းသော လမ်းသို့ သွားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
သူ ဆက်လက်ရှင်သန်ရန် ယွမ်ကျိုး၏ဆိုင်မှ အစားအသောက်များမှ လွဲ၍ တခြားအစားအသောက်များကို မစားနိုင်ဟု တွေးမိလာသည်။
သူ မကြာခဏ သွားလေ့ရှိသော လမ်းဘေးဆိုင်ဘက်သို့ ဖြတ်လျှောက်သွားစဉ် ကြောက်မက်ဖွယ်ကောင်းသော စိတ်ကူးကို တွေးမိသည်။
“သူဌေး ၊ ကြက်ဥထမင်းကြော် တစ်ပွဲပေးပါ။ နောက်ပြီး သေချာထုပ်ပိုးပေးပါ”
“ရပါတယ်။ ခဏစောင့်ပေးပါ။ ခဏနေရင် အဆင်သင့်ဖြစ်စေရမယ်”
သူဌေးက အချီကြီးပြုံးကာ ပြန်ဖြေသည်။
အပိုင်း(၃၃)
ပြီး၏။