← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အပိုင်း(၄၆)

*

ယွမ်ကျိုးက ယိုကို ဂရုတစိုက်ခပ်ထည့်နေစဉ် ထူးဆန်းသော တစ်စုံတစ်ရာ သဘောပေါက်သွားသည်။ စက္ကန့်ပိုင်းခန့်ကြာအောင် မတ်တတ်ရပ်ကာ တွေးတောပြီးနောက် သူ့ယူဆချက်ကို စမ်းသပ်ကြည့်ရန် နောက်မှ ကြိုးစားမည်ဟု ဆုံးဖြတ်ခဲ့သည်။ ဘလူးဘယ်ရီယို ပန်းကန်ပြားနှင့် အလယ်အလတ်အရွယ်အစားရှိသော ခေါက်ဆွဲစွပ်ပြုတ်ကို ဗန်းပေါ်တင်လိုက်သည်။

"မင်း မှာထားတဲ့ ခေါက်ဆွဲပြုတ်ရပြီ" ယွမ်ကျိုးက ဝူဟိုင်းဘေးနားက အမျိုးသားကို ပေးလိုက်သည်။ နောက်တစ်ပွဲကို ဝူဟိုင်းဆီ သယ်လာသည်။

"မင်းမှာထားတဲ့ အထူးပွဲ၁၃နဲ့ခေါက်ဆွဲပြုတ်ပါ"

"ဒါက ဘလူးဘယ်ရီယိုမလား" ခေါက်ဆွဲပြုတ်ကို အရင်ရသော အမျိုးသားက ကြားဝင်ပြောဆိုသည်။

"ဟုတ်တယ်၊ ငါလဲ ဒီလိုပဲ ထင်တယ်" ဝူဟိုင်းက ယွမ်ကျိုးကို သံသယမျက်ဝန်းဖြင့် ကြည့်လိုက်သည်။ သို့သော်ငြားလည်း ယွမ်ကျိုးက ဂရုမစိုက်သော အမူအရာဖြင့် ဗန်းကို မူလနေရာသို့ ပြန်ထားကာ ထမင်းကြော်သွားကြော်သည်။

"ငါလည်း ဘလူးဘယ်ရီယို လို့ထင်တယ်။ သူဌေးယွမ် ကျွန်တော် ခန့်မှန်းတာ မှန်လား" ယွမ်ကျိုးက ပြန်မ‌ဖြေ၍ ၎င်းအမျိုးသားက ထပ်မေးသည်။

"ဟုတ်တယ်။ ခင်ဗျားတို့ ထင်သလိုပဲ" ဤတစ်ကြိမ်တွင် ယွမ်ကျိုးက လေးနက်သေချာသော အဖြေကို ပေးလိုက်သည်။ ၎င်းအမျိုးသားက ဝူဟိုင်းကို ဂုဏ်ယူဝင့်ကြွားစွာ ကြည့်လိုက်သည်။ သို့သော်လည်း ဝူဟိုင်းက သူ့အကြည့်ကို မသိကျိုးကျွံပြုကာ စားစရာရှိတာကို ဆက်စားသည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ယခု မှာထားသော ဟင်းပွဲများကို ဝူဟိုင်း မနှစ်သက်ပေ။ သူက အစားဂျီးများသူ ဖြစ်ပြီး သူ့ကြိုက်က တခြားသူများနှင့် မတူညီပေ။ သာဓက အနေဖြင့် ပြောရသော် သူက ဂျုံကို အခြေပြုထားသောဟင်းလျာများကို နှစ်သက်သည်။ ထို့ကြောင့်လည်း ရှောင်လုံပေါင်းဖက်ထုပ်အကြောင်းကို

မကြာခဏ မေးမြန်းမိသည်။ ယခုရရှိသော ဟင်းပွဲအသစ်သည် သာမန်ရိုးရှင်းသော ခေါက်ဆွဲပြုတ်ဖြစ်သည့်တိုင် ဂျုံအခြေပြုထား၍ သူ သေချာပေါက် ဝယ်စားကြည့်မည်။ ဝူဟိုင်းမှာ အလွန်ပြင်းထန်သောအစာအိမ်ရောဂါရှိသော်လည်း ပူစပ်စပ်အစားအသောက်များကို ရွေးချယ်စားသောက်လေ့ရှိသည်။ သူ့အမြင်တွင် ငရုတ်သီးအရောင်မပါသောခေါက်ဆွဲပြုတ်က ဂျုံ၊မုန့်ညှက်များနှင့်ပြည့်နေသော စွပ်ပြုတ်တစ်ပွဲထက် မပိုချေ။

ထို့အပြင် သူက စွပ်ပြုတ်အရည်ကို အရင်ဆုံး သောက်လေ့ရှိသည်။ ထို့နောက် ခွက်ကို မ,လိုက်ပြီး တစ်ငုံသောက်ကြည့်လိုက်သည်။ စွပ်ပြုတ်အရည်က အရသာပေါ့သော်လည်း ဂျုံ၏မွှေးကြိုင်သော ရနံ့ပြင်းပြင်းနှင့် သဘာဝနှမ်းဆီ၏မွှေးရနံ့ ရသည်။ ချိုမြသောအရသာနှင့် နှမ်းဆီမွှေး၏ရနံ့ ရောယှက်ထားသော စွပ်ပြုတ်အရည်က သူ့လည်ပင်းထဲ စီးဆင်းသွားသောအခါ သူ့စိတ် ချက်ချင်း လန်းဆန်းသွားသည်။

ယွမ်ကျိုး၏စားသောက်ဆိုင်မှ အစားအသောက်များကို စားပြီးသွားတိုင်း ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျကာ နိုးလာသူကဲ့သို့ လန်းဆန်းနေသည်။ အစပိုင်းတွင် ယွမ်ကျိုး၏ဟင်းချက်လက်ရာကြောင့် သူ့ရုပ်ရော၊စိတ်ရော ကျေနပ်တင်းတိမ်သည်ဟု ထင်ခဲ့မိသည်။ သို့သော်လည်း

သူ့စိတ်ကို လန်းဆန်းတက်ကြွစေခြင်းက အမှန်တရားဖြစ်သည်။ သူက တူကိုကောက်ယူလိုက်ပြီး ခေါက်ဆွဲများကို ညှပ်ယူလိုက်သည်။ တူများက အညိုရင့်ရောင်ရှိပြီး ခေါက်ဆွဲသားက ပုံမှန်အဖြူရောင်ခေါက်ဆွဲသားနဲ့ ခြားနားစွာ အဝါရောင်သန်းနေသည်။ စွပ်ပြုတ်ပူပူနွေးနွေးမှ ထွက်လာသော အပူငွေ့များသည် ဝူဟိုင်းကို ခေါက်ဆွဲသားနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်ကို လေ့လာခွင့်မပေးဘဲ စားသုံးရန် သွေးဆောင်နေသည်ဟု ထင်ရသည်။ တစ်ချက် ကိုက်ရုံဖြင့် ခေါက်ဆွဲသားက အလွယ်တကူ ကြွေမွသွားသည်။ ခေါက်ဆွဲတစ်မျှင်ချင်းစီသည် ဆန့်ကြုံ့နိုင်သော သတ္တိရှိပြီး ဝါးရ လွယ်ကူသည်။ ထို့ကြောင့်လည်း အလွယ်တကူ မျိုချနိုင်သည်။ ယွမ်ကျိုးက ဂျုံနယ်သော ပညာရပ်တွင် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သောကြောင့် ခေါက်ဆွဲသားသည် နူးညံ့ကာ စားသုံးသူ ဖောက်သည်များကို အငမ်းမရ စားမိအောင် အလွယ်တကူ ဆွဲဆောင်နိုင်သည်။

သာမန်အရသာဖြစ်သော်လည်း အစာစားချင်စိတ်ကို လှုံ့ဆော်ပေးသည်။ ဝူဟိုင်းနှင့် သူ့ဘေးနားက အမျိုးသားသည် ဝူအန်းလုတို့အဖွဲ့၏အကြည့်ကို လျစ်လျူရှုပြီး အသံမြည်သည်အထိ ပလုတ်ပလောင်းစားနေသည်။ မားဝေလည်း သွားရည်ယိုလာသည်။

"ခေါက်ဆွဲပြုတ်က ဒီလောက်တောင် အရသာရှိတာလား။ သူတို့ စားနေပုံကြည့်ရတာ အရမ်းပျော်နေပုံပဲ"

"ကြက်ဥထမင်းကြော်တောင် ဒီလောက်အရသာရှိတာ။ ခေါက်ဆွဲပြုတ်က အရသာရှိတာ ဆန်းသလား။ အဲ့ဒီနှစ်ယောက်ကို ကြည့်စမ်းပါဦး။

သူတို့ခေါင်းက ခေါက်ဆွဲပြုတ်ပန်းကန်ထဲ ဝင်တော့မယ်" ရှောင်လျှိုက သားရည်ယိုလျက် ပြောသည်။ တခြားသူများက ပျော်ရွှင်စွာ စားသောက်နေခြင်းကို မြင်တွေ့ရသောအခါ ဝိုင်းကြည့်နေသူများက သွားရည်ယိုခြင်း ဖြစ်နေရသည်။

သူတို့အဖွဲ့က ဝူဟိုင်းတို့နှစ်ယောက်ကို တွန်းဖယ်ပြီး ခေါက်ဆွဲပြုတ်ကို လုစားချင်သောစိတ်ဖြစ်လာသည်။

"သူဌေး၊ ကြက်ဥထမင်းကြော် မရသေးဘူးလား" ဝူအန်းလုက သူ့လုပ်ဖော်ကိုင်ဖက်များ၏ သောကရောက်နေသော အမူအရာကို သတိပြုမိ၍ ယွမ်ကျိုးကို အလောတကြီး တိုက်တွန်းသည်။

"ခဏပဲစောင့်ပေးပါ။ ခဏနေရင် ရပါမယ်" ယွမ်ကျိုးက ကြက်ဥထမင်းကြော်(၆)ပွဲကို ဗန်း၂ဗန်းပေါ် မျှထည့်လိုက်ပြီး ဖောက်သည်များဆီ ပို့ပေးသည်။ ဝူအန်းလုက ကြက်ဥထမင်းကြော်ပန်းကန်ကို ကိုင်ဆောင်ကာ အတွေးထဲ နစ်မြောသွားသည်။

"ဒီနေရာမျိုးမှာ ငါ့လို မန်နေဂျာမျိုးက လက်အောက်ငယ်သားတွေကို ကျွေးတာက ငါ့အပေါ် လေးစားမှုကို လျော့နည်းစေတယ်"

ယွမ်ကျိုးက စားပွဲခုံ၏တခြားတစ်ဖက်မှာ ဆရာကျကျ မတ်တတ်ရပ်နေပြီး သူ့ဟင်းပွဲများကို အားရပါးရ စားသောက်နေသော ဖောက်သည်များကို ငေးစိုက်ကြည့်နေသည်။ ယွမ်ကျိုးအတွက် ကြက်ဥထမင်းကြော်ပြင်ဆင်ခြင်းက ၃မိနစ်ခန့်သာ ကြာသည်။ သို့သော်လည်း စားသုံးသူများသည် အနည်းဆုံးနာရီဝက်ခန့်ကြာအောင် စားသုံးလေ့ရှိသည်။ ဟင်းပွဲများကို မအေးခင် စားလျှင် ပို၍အရသာရှိသည်။ နောက်ဆုံးကျန်သော ထမင်းစေ့ကို အပြီးသတ်စားပြီးနောက် ဝူအန်းလုက သူ့လက်အောက်ငယ်သားများနှင့်အတူတူ ကုမ္ပဏီသို့ ပြန်သွားသည်။

"သူဌေးရေ ဒီနေရာကို နောက်မှ ပြန်လာတော့မယ်" ရှောင်လျှိုက ဝူအန်းလုဘေးနားက လျှောက်ကာ စကားပြောသည်။

"ဟုတ်တယ်။ ဒီနေရာက တကယ့်ကို ဆိုင်ကောင်းပဲ" မားဝေက စကားဖြတ်ပြောသည်။ တခြားသူသုံးယောက်က သဘောတူလက်ခံဟန်ဖြင့် ခေါင်းညိတ်သည်။

"မင်းတို့ရဲ့အတွေးက ဘယ်လိုရှိလဲတော့ ငါ မသိဘူး။ ငါတို့တွေ ဒီဆိုင်မှာ တစ်လတစ်ခါ လာစားသင့်တယ်" ဝူအန်းလုက သူ့ရဲ့ထင်မြင်ယူဆချက်ကို ထုတ်ပြောသည်။ လက်အောက်ငယ်သား(၅‌)ယောက်က လေးကန်စွာ သက်ပြင်းချလိုက်သည်။

ဤစားသောက်ဆိုင်က ထိပ်တန်းဟင်းလျာများကို ရောင်းချသည့်အပြင် ထိပ်တန်းဈေးနှုန်းသတ်မှတ်ထားဟည်။ ထို့အပြင် သူတို့၏ လစဉ်‌ဝင်ငွေက ယွမ်၁သောင်းထက် လျော့နည်းသည်။ တစ်ခါ၊နှစ်ခါသွားစားခြင်းက ပြဿနာမရှိသော်လည်း အဲ့ဒီထက်ကျော်လျှင် မတတ်နိုင်ချေ။ ယခုတော့ သူတို့၏သူဌေးက တစ်လတစ်ခါ ဝယ်ကျွေးမည်ဟု ပြောလာ၍ ဝမ်းမြောက်မိသည်။

ခဏကြာပြီးနောက် အလုပ်သွားရန် လိုအပ်သော ဖောက်သည်များက ထွက်သွားကြသည်။ ဝူဟိုင်းတစ်ယောက်တည်းသာ ကျန်ခဲ့ပြီး ဘလူးဘယ်ရီယိုနှင့် ကြက်ဥထမင်းကြော်မှာသည်။ မတူညီသော ဟင်းလျာများကို ထူးဆန်းစွာ ပေါင်းစပ်ခြင်းသည် ယွမ်ကျိုးကိုပင် အံ့အားသင့်စေသည်။

ဝူဟိုင်းထွက်သွားပြီးနောက် ယွမ်ကျိုးက စားသောက်ဆိုင်တံခါးကို ပိတ်လိုက်သည်။ ထို့နောက် သူ တစ်ရေးမအိပ်ခင် သူ့လက်ပ်တော့ထဲမှ ဖဲဂိမ်းကိုဆော့ရန် အပေါ်ထပ်သို့ တက်သွားသည်။ မျှော်မှန်းထားသည့်အတိုင်း ယွမ်ကျိုးက တစ်ပွဲမှ မနိုင်ခဲ့ချေ။ အနိုင်ရလိုသော စိတ်ဆန္ဒဖြင့် ညနေ ၄နာရီခွဲအထိ ဂိမ်းဆော့ခဲ့သည်။

ထို့နောက် ဂိမ်းကို အဆုံးသတ်လိုက်ပြီး စားသောက်ဆိုင်ဖွင့်ရန် အောက်ထပ်သို့ ဆင်းသွားသည်။ ယွမ်ကျိုးက ညဖက်မှ ဆက်ဆော့ရန် ဆုံးဖြတ်လိုက်သည်။ လက်ပ်တော့အသစ်၏ နည်းပညာများကို နားမလည်၍ သူ အကြိမ်ကြိမ် ရှုံးနိမ့်သည်ဟု သူ ခံယူထားသည်။ သူ့IQက နိမ့်ကျနေ၍ မဟုတ်ချေ။ သူ့ယခင် လက်ပ်တော့အဟောင်းကို အသုံးပြုလျှင်အနိုင်ရနိုင်ချေရှိသည်။ ယွမ်ကျိုးက သူ့ရဲ့IQကို အတော်အတန် ယုံကြည်မှုရှိသည်။ မည်သို့ပင်ဆိုစေကာမူစနစ်မှပေးအပ်သော ကျွမ်းကျင်မှုတိုင်းကို အလွယ်တကူလေ့လာနိုင်ပြီး တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လာသောကြောင့် ဖြစ်သည်။

စားသောက်ဆိုင်တံခါးကို ဖွင့်ဖွင့်ချင်း မုတ်ဆိတ်မွှေးနှင့်ဝူဟိုင်း၏မျက်နှာကို အရင်ဆုံး မတွေ့ရဘဲ ယခုရက်ပိုင်းအတွင်း မမြင်တွေ့ရသော ယင်ယာ၏မျက်နှာကို မြင်တွေ့ရသည်။ မီးခိုးရောင်ဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ထားသော ယင်ယာက ဆိုင်တံခါးပိတ်ဝမှာ ကြော့ရှင်းစွာ မတ်တတ်ရပ်နေသည်။ သူမ၏နဖူးပေါ်မှ ချွေးစီးချွေးပေါက်များကို ကြည့်ရုံဖြင့် ဤဆိုင်သို့ ရောက်ရန် ပြေးလာမှန်း ယွမ်ကျိုး နားလည်လိုက်သည်။

"သူဌေးယွမ်၊ ရှင်က အမြဲနောက်ကျမှ ဆိုင်ဖွင့်တယ်။ တခြားဆိုင်တွေဆို တစ်နေ့ခင်းလုံး ဆိုင်ဖွင့်တယ်။ ရှင်က နေ့လည်ခင်းတောင် ဆိုင်ပိတ်ထားသေးတယ်"

ယင်ယာက ယွမ်ကျိုးကို ခပ်တန်းတန်းကြည့်လိုက်ပြီး သူ့နောက်မှလိုက်ကာ ဆိုင်ထဲဝင်သည်။

"ယင်မိန်းကလေး၊ ဆိုင်ကိုမလာတာကြာပြီနော်။ ဒီနေ့ ဘာစားချင်လဲ" ယွမ်ကျိုးက သူမနဲ့ရင်းနှီးပြီးသား ဖြစ်သည်။ ၎င်းမိန်းကလေးက လှပပြီး စိတ်သဘောထားကောင်းမွန်သည်။ ထို့အပြင် သူမက ချစ်စဖွယ်ကောင်းသော အကျင့်စရိုက်ရှိသောကြောင့် သာမန်ထက် ပိုပိုသာသာ ဧည့်ဝတ်ပျူငှာမိသည်။

"ဟုတ်တယ်၊ ဒီဆိုင်ကို မလာတာ ကြာပြီလို့ ကျွန်မလည်း ခံစားမိတယ်။ ဒီနေ့မှ နိုင်ငံခြားက ပြန်လာတာ။ အလုပ်ကိစ္စနဲ့ နိုင်ငံခြားထွက်သွားရတာ" ယင်ယာက နံရံပေါ်မှ မီနူးကို ခေါင်းလှည့်ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

"သူဌေးယွမ်၊ ခေါက်ဆွဲစွပ်ပြုတ်အချိုနဲ့ အထူးပွဲ ..."

ဝူဟိုင်းက စားသောက်ဆိုင်ထဲသို့ ခြေလှမ်းခပ်ကျဲကျဲဖြင့် ဝင်ရောက်လာပြီး တခြားသူများထက်ဦးအောင် အော်ဒါတင်လိုက်သည်။

"ဟင်းပွဲတွေ အများကြီးပါလား။ ကျွန်မလည်း ခေါက်ဆွဲစွပ်ပြုတ်စားမယ်။ ဒါနဲ့ အထူးပွဲတွေက ဘာတွေလဲ" ယင်ယာ မေးမြန်းသည်။

အပိုင်း(၄၆)

ပြီးပါပြီ။

အပိုင်း(၄၇)

*

“ဟင်းပွဲအသစ်တွေ အများကြီး ရှိတာပဲ။ ခေါက်ဆွဲစွပ်ပြုတ်ကိုလည်း စားကြည့်ချင်တယ်။ ပြီးတော့ အထူးပွဲဆိုတာက ဘာတွေလဲ” ယင်ယာ မေးမြန်းသည်။

“မင်း အော်ဒါမှာကြည့်ရင် သိလိမ့်မယ်။ စမ်းစားကြည့်ချင်လား” ယွမ်ကျိုးက အလှလေးများကို အမြဲတမ်း စိတ်ရှည်သည်းခံစွာဖြင့် ရှင်းပြတတ်သည်။ ထို့ကြောင့်လည်း အပိုစကားလေးများဖြင့် ထည့်ပြောလိုက်သေးသည်။

“ဟေ့ အလှလေး။ သူ့လှည့်ဖြားတာကို မခံနဲ့။ အထူးပွဲ(၁၃)က ဘလူးဘယ်ရီယိုကြီးနော်။ တခြားတစ်ပွဲကတော့ ဘာလဲဆိုတာ သေချာမသိသေးဘူး”

ဝူဟိုင်းက သူမကို ချက်ချင်း အမှန်အတိုင်း ပြောသည်။

“ဒါဆိုရင် ဘလူးဘယ်ရီယို ပေးပါ။ ကျွန်မက သစ်သီးယိုတွေကို ကြိုက်တယ်” ယင်ယယာက ဘလူးဘယ်ရီယိုကို မှာလိုက်သည်။

“ဟုတ်ကဲ့ပါ။ ခဏစောင့်ပေးပါ” ဝူဟိုင်းက အမှန်တရားကို ထုတ်ပြောသည့်တိုင် ယွမ်ကျိုးက ဂရုမစိုက်ပေ။ သူတို့နှင့် ငြင်းခုန်တိုင်း ယွမ်ကျိုးက အမြဲတမ်း အနိုင်ရသူ ဖြစ်နေ၍ ဝူဟိုင်းကို တစ်ခါတစ်ရံ အနိုင်ပေးလိုက်ရခြင်းက ပြဿနာ မဟုတ်ပေ။

ဝူဟိုင်းနှင့် ယင်ယာတို့ နှစ်ယောက်စလုံးက ခေါက်ဆွဲပြုတ်ကို မှာသည်။ ဤဟင်းပွဲက ချက်ပြုတ်ရ အလွယ်ကူဆုံးဖြစ်သည်။

ယွမ်ကျိုးက စံသတ်မှတ်ထားသော ပန်ကန်လုံး နှင့် တူ ကို ယူလိုက်သည်။ ဟင်းပွဲတစ်ပွဲချင်းစီက စနစ်၏သတ်မှတ်ချက်တိုင်း ပမာဏတူညီရမည်။ ထိုစဉ် ကြွေရည်သုတ်ထားသော အကန့်ပိုင်းများအနက် ၂ခုသည် ရေ ၇၀%ကို အလိုအလျောက်ဖြည့်ပေးသည်။ ရေပွက်ပွက်ဆူလာသောအခါ ခေါက်ဆွဲသားများကို အကန့်ထဲမှာ နှစ်လိုက်သည်။

ခေါက်ဆွဲသားများက လိပ်ခွေ ကာ ရေထဲ မြောပါနေသည်။ ထိုစဉ်အခိုက်အတန့် ယွမ်ကျိုးက ခွက်နှစ်ခွက်ထဲ ဟင်းခတ်အမွှေးအကြိုင်များ ချက်ချင်း ထည့်သည်။

ထို့နောက် သေးငယ်သောပန်ကန်ပြား နှစ်ချပ်ကို ယူကာ ကောင်တာ(ပြန့်ပြူးသောအပြား)ပေါ်မှာ တင်လိုက်သည်။ သူ အသေးအမွှားကိစ္စများ လုပ်ဆောင်နေစဉ် ခေါက်ဆွဲက ပြီးပြည့်စုံစွာဖြင့် အသင့်အနေအထား ရောက်ရှိနေပါပြီ။ တူအရှည်ကို သုံးပြီး ယွမ်ကျိုးက ခေါက်ဆွဲများကို ခပ်ယူပြီး ခေါက်ဆွဲပန်းကန်လုံးထဲ ဖြည့်လိုက်သည်။ ထို့နောက် ခေါက်ဆွဲသားနှင့် ဟင်းခတ်အမွှေးအကြိုင်များကို သမအောင် ရောမွှေသည်။ နောက်ဆုံးမှ ပူပူနွေးနွေး စွပ်ပြုတ်ရည် တစ်ဇွန်းကို ခေါက်ဆွဲခွက်ထဲ လောင်းထည့်လိုက်သည်။ ထိုစဉ် မွှေးကြိုင်သော ရနံ့ထွက်ပေါ်လာသည်။

ယွမ်ကျိုးက ခေါက်ဆွဲစွပ်ပြုတ်အချိုကို ဗန်းပေါ်တင်လိုက်သည်။ ထို့နောက် ဆော့စ် ပြင်ဆင်မှုကို စတင်သည်။ ထိုစဥ် ယွမ်ကျိုးက စမ်းသပ်မှုလုပ်ဆောင်ရန် ကြိုးစားသည်။ ဆော့စ်ကို ဗန်းပေါ်တင်လိုက်သောအခါ တည်ခင်းရန် အဆင်သင့် ဖြစ်နေပါပြီ။ ယွမ်ကျိုး၏အပြုအမူကို စနစ်က ထင်မြင်ချက်ပေးခြင်း မရှိပေ။

ထို့ကြောင့် သူက ဖောက်သည်များဆီ ဗန်းကို သယ်ဆောင်သွားပြီး ပုံမှန်အတိုင်း ဟင်းပွဲများကို တည်ငြိမ်စွာ ချပေးသည်။

“ဝိုး၊ ပူပူစပ်စပ် ဟင်းအနှစ်ပဲ။ အမဲသားနုပ်နုပ်စဉ်းဟင်းအနှစ်ပဲ။ အခုလို ပူပူစပ်စပ်ဟင်းပွဲကို ရောင်းပေးလို့ တကယ်ဝမ်းသာတယ်။ ပူပူစပ်စပ် ဟင်းအနှစ်လေးကို စားရတော့မယ်” ဝူဟိုင်းက သူ့အရှေ့က ပန်ကန်ပြားလေးကို ဝမ်းမြောက်ဝမ်းသာ ငေးကြည့်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပျော်ရွှင်မှုများ လွှမ်းခြုံနေသည်။

ဝူဟိုင်းက ခေါက်ဆွဲစွပ်ပြုတ်အချိုကို ကြည့်ပြီး ပူစပ်စပ် ဟင်းအနှစ်ကို ကြည့်သည်။ သူက အကြံပေါ်လာ၍

ဆော့စ်အနှစ်ပန်ကန်ပြားကို မြှောက်ကာ ခေါက်ဆွဲပြုတ်ထဲ လောင်းထည့်ရန် ဟန်ပြင်သည်။

“အားနာပါတယ်။ ခေါက်ဆွဲပြုတ်ထဲကို တခြားဟာတွေ ရောထည့်လို့ မရပါဘူး။ ဒီဟင်းပွဲက သူ့ဘာသာသူ အရသာရှိပြီးသားပါ” ယွမ်ကျိုးက ခေါက်ဆွဲပန်းကန်ကို လှမ်းဆွဲပြီး ဖြည်းဖြည်းချင်း ပြောသည်။

“အမ်” ယွမ်ကျိုး၏စကားလုံးများကြောင့် ဝူဟိုင်း နှုတ်ဆိတ်သွားသည်။ သို့တိုင် ဆော့စ်ပန်ကန်ပြားကို ကိုင်ထားဆဲ ဖြစ်သည်။

'ဒါက ဘာသဘောလဲ။ အကျိုးအကြောင်း မဆီလျော်ဘူး။ ခေါက်ဆွဲပြုတ်ထဲ ဟင်းအနှစ်ထည့်လိုက်တော့ ဘာဖြစ်မှာမို့လို့လဲ' ဝူဟိုင်းက ယွမ်ကျိုးကို မကျေမနပ် ကြည့်နေသည်။

“သူဌေးယွမ်။ ပူပူစပ်စပ် အစားအသောက်တွေ မစားရဘဲ မနေနိုင်ဘူး။ ဒါတွေ မစားရရင် ငါသေလိမ့်မယ်” ဝူဟိုင်းက ယွမ်ကျိုးကို လေးနက်သောအမူအရာဖြင့် ကြည့်နေသည်။ သူ့အမူအရာက သေရေးရှင်ရေးတမျှ အရေးပါသော ပုံစံဖြစ်သည်။ သူ့မျက်ဝန်းများက နာခံမှုကို မလိုလားသော မီးတောက်များဖြင့် ဟုန်းဟုန်းတောက်နေသည်။

“အို့စ် ရတယ်လေ။ ဒီနေ့ ငါ့စကားကို နားမထောင်ဘဲ ခေါက်ဆွဲပြုတ်ထဲ ဟင်းအနှစ်ထည့်လိုက်ရင် နောက်နောင် ငါ့ဆိုင်ကို မလာနဲ့တော့” ယွမ်ကျိုးက ခေါက်ဆွဲစွပ်ပြုတ်ပန်းကန်လုံးကို သူ့နေရာသူ ပြန်ထားလိုက်သည်။

“သူဌေးယွမ်၊ မရက်စက်ပါနဲ့။ ငါတို့ချင်း ညှိနှိုင်းကြမယ်လေ” ဝူဟိုင်းက ဆော့စ်ကို ခေါက်ဆွဲပြုတ်ထဲ လောင်းထည့်ခါနီး ကြားလိုက်ရသောစကားကြောင့် လက်တွန့်သွားသည်။

“ဒါက ခေါက်ဆွဲစွပ်ပြုတ်အချို” ယွမ်ကျိုးက ဝူဟိုင်း၏မျှော်လင့်ချက်ကို ရိုက်ချိုးသွားသည်။

“ဒါကို ပြုပြင်လို့ မရဘူးလား” ဝူဟိုင်းက မျှော်လင့်တကြီး စောင့်ဆိုင်းနေသည်။

“မရပါဘူး” ယွမ်ကျိုးက သူ့ကို ဆက်လက်ငြင်းပယ်သည်။

“သူဌေးယွမ်၊ ခင်ဗျား ဒီလောက်အထိ စည်းမျဉ်းတွေကို လိုက်နာနေရင် တစ်သက်လုံး လူပျိုကြီးဘဝနဲ့ အရိုးထုတ်ရတော့မယ်။ ဘယ်ကောင်မလေးကမှ ခင်ဗျားရဲ့ချစ်သူ ဖြစ်ချင်မှာ မဟုတ်ဘူး”

ဝူဟိုင်းက ပူပူစပ်စပ်ဟင်းအနှစ်ကို အောက်ချလိုက်ပြီးနောက် သူ့စိတ်ထဲ တွေးမိသည့်အတိုင်း အဆိပ်အတောက်ဆန်သော စကားလုံးများဖြင့် ကျိန်စာတိုက်သည်။

“မဖြစ်နိုင်ပါဘူး။ ငါက လူပျိုကြီးဖြစ်စရာ အကြောင်းမရှိဘူး။ ငါက ရုပ်ချောတဲ့အပြင် ဟင်းချက်ကျွမ်းတယ်။ ဒီကမ္ဘာမြေပေါ်မှာ မိန်းကလေးမျိုးနွယ်အားလုံး မျိုးတုန်း ပျောက်ကွယ် သွားရင်တောင် ငါက သေချာပေါက် ကောင်မလေးရတယ်” ယွမ်ကျိုးက လေးနက်စွာ တွေးတောပြီးနောက် ပြန်ဖြေသည်။

ထိုမှသာ ဝူဟိုင်း၏ထေ့ငေါ့မှုကို တောက်ချပစ်နိုင်လိမ့်မည်။ ထို့နောက် ဝူဟိုင်းက ပူပူစပ်စပ် ဟင်းအနှစ်ကို ငေးကြည့်ကာ ခေါက်ဆွဲပြုတ်ကိုစားသည်။ ထိုမှသာ အစပ်အရသာကို စိတ်ကူးယဉ်ကြည့်နိုင်လိမ့်မည်။ ယွမ်ကျိုး၏စားသောက်ဆိုင်မှာ ပူပူစပ်စပ်ဟင်းအနှစ်ကို ရောင်းချပေး၍ အစပ်ကြိုက်သော ဝူဟိုင်းအတွက် ကျေနပ်ဖွယ်အတိဖြစ်သည်။

“အရသာရှိမယ့်ပုံပဲ” စားပွဲပေါ်မှာ ခင်းကျင်းထားသော အစားအသောက်များကို ကြည့်ပြီး ယင်ယာက ခံစားချက်အပြည့်ဖြင့် လေးနက်စွာ သက်ပြင်းချလိုက်သည်။

သံသယဝင်စရာပင် မလိုအပ်အောင် ဘလူးဘယ်ရီယို၏အရောင်အဆင်းက တကယ်ကို လှပသည်။ ကောင်မလေးများက လှလှပပ အရောင်းအဆင်းများကို နှစ်သက်သည်။ သူတို့က အသီးအနှံ နှင့် အသီးအရွက်များ ဝယ်ယူလျှင်ပင် ကြည့်ကောင်းသောအရာများကို ဝယ်ယူလေ့ရှိသည်။

ဘလူးဘယ်ရီယိုက တစ်ချက်ကြည့်လိုက်ရုံဖြင့် အထင်ကြီးလေးစားသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။ ယိုခပ်ရန် အသုံးပြုထားသော ဇွန်းကလည်း ပန်ကန်ပြားနှင့်လိုက်ဖက်သည်။ လက်သန်းအရွယ်အစားဖြစ်သော်လည်း လက်နှင့် အံကိုက်ဖြစ်နေသည်။

ဘလူးဘယ်ရီ၏အသားက အရောင်မဲ့သော်လည်း အခွံက အပြာရောင်ဖြစ်သည်။ ယိုထိုးလိုက်သောအခါ မှော်ဆန်ဆန် အပြာရောင်သန်းသွားသည်။

စနစ်မှ ထောက်ပံ့ထားသော ဘလူးဘယ်ရီက သာမန် မဟုတ်ပေ။

စနစ် “ဘလူးဘယ်ရီက ပင်ပုမျိုးနွယ်ဖြစ်လို့ အရွယ်အစားသေးတဲ့ ဘယ်ရီသီးလေးတွေကို ထွက်တယ်။ အဲဒီအပင်တွေကို တောရိုင်းမြေတွေမှာ တွေ့ရတတ်တယ်။ ဘယ်ရီသီးက သေးငယ်ပေမဲ့ အန်သိုဆိုင်းရန်နင်း ဓာတ်ပေါကြွယ်ဝတယ်။ အရောင်အဆင်းက အပြာရောင်ရှိလို့ ဘလူးဘယ်ရီကို အမည်ပေးခဲ့တာပဲ”

“စနစ်က တောရိုင်းမြေမှာ ပေါက်တဲ့ ဘလူးဘယ်ရီအပင်ကိုယူပြီး မျိုးကောင်းမျိုးသန့်ဖြစ်အောင် စိုက်ပျိုးတယ်။ အသစ်ဖြစ်လာတဲ့အပင်မျိုးက တောရိုင်းမြေမှာပေါက်တဲ့ အသီးထက် ပိုကြီးပြီး ပိုလုံးဝိုင်းတယ်။ အရသာကလည်း အရင်မျိုးဆက်အသီးထက် ပိုကောင်းတဲ့အပြင် လူသားတွေရဲ့ခန္ဓာကိုယ်ကို အထောက်အကူ ပြုစေတယ်”

“စနစ်က ထောက်ပံ့ထားတဲ့ ဘယ်ရီသီးက အဟာရဓာတ်တွေ ပေါကြွယ်ဝလို့ အသက်ကြီးလာရင် ကြုံတွေ့နိုင်တဲ့ အာရုံကြောပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်တယ်။ အမြင်အာရုံကောင်းမွန်စေခြင်း၊ နှလုံးခွန်အားဖြစ်ခြင်း၊ သွေးစီးဆင်းမှုကောင်းမွန်ခြင်း နဲ့ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုလည်း တိုးတက်စေတယ်”

“ယိုအဖြစ်အသုံးပြုမယ့် ဘယ်ရီသီးကို စနစ်တကျ တင်းတင်းကျပ်ကျပ် ရွေးချယ်ထားတယ်။ လိုအပ်ချက်နဲ့ ကိုက်ညီမှု မရှိရင် ချက်ချင်း ဖယ်ထုတ်ပစ်တယ်။ တောင်ကျစမ်းရေနဲ့ ဘယ်ရီသီးကို ဆေးကြောထားတယ်။ ဒါမှလည်း အသီးရဲ့အဟာရဓာတ်နဲ့ လတ်ဆတ်မှုူကို ထိန်းသိမ်းထားနိုင်မှာလေ”

“ယိုထိုးတဲ့အခါမှာ အသုံးပြုထားတဲ့ သကြားက ကြံပင်ကရတဲ့ သကြားပါ”

“ကြံသကြားရဲ့ချိုမြမှုက သဘာဝသကြားဓာတ်ပါ။ ဘလူးဘယ်ရီအရသာနဲ့ အလွယ်တကူ ပေါင်းစပ်နိုင်တယ်။ ဒါကြောင့်လည်း အထူးကောင်းမွန်တဲ့အရသာ ဖြစ်လာတာပါ”

“ကြံသကြားနဲ့ ဘလူးဘယ်ရီမှာ ပါဝင်တဲ့အဟာရဓာတ်တွေက ယိုရဲ့ချိုမြတဲ့အရသာကို ခံစားစေတဲ့အပြင် အဝလွန်ခြင်း၊ သွေးတိုးခြင်း နဲ့ သွေးတွင်း သကြားဓာတ်လွန်ကဲခြင်းကိုလည်း ကာကွယ်ပေးနိုင်တယ်”

ယင်ယာက ဟင်းပွဲများကို ဂရုတစိုက်ဖြင့် ဖြည်းဖြည်းချင်း အရသာခံသည်။

အစားအသောက်များကို အရသာခံစားနေသော လူနှစ်ယောက်ကို ကြည့်ပြီး ယွမ်ကျိုးက စနစ်ကို မေးခွန်းမေးမြန်းလိုက်သည်။

“စနစ်၊ မင်းချမှတ်ထားတဲ့ စည်းမျဉ်းရဲ့ဟာကွက်ကို ရှာတွေ့သွားပြီ။ ငါ့ကို ဆုလာဘ်ချီးမြှင့်သင့်ပြီလို့ မထင်ဘူးလား” ယွမ်ကျိုးက စနစ်ကို တိုက်ရိုက်မေးမြန်းလိုက်သည်။

စနစ် “ဆိုင်ရှင်၊ ခင်ဗျားရဲ့အဆင့်ကို မြှင့်တင်ဖို့ပဲ ကြိုးစားပါ။ စိတ်ကူးယဉ်မနေနဲ့”

စနစ်က ယွမ်ကျိုး၏တောင်းဆိုမှုကို ပြတ်ပြတ်သားသား ငြင်းပယ်ပစ်သည်။

“ခင်ဗျားထောက်ပံ့ပေးတဲ့ ပစ္စည်းတိုင်းက ပမာဏတူတူပဲဖြစ်သင့်တယ်မလား” ယွမ်ကျိုးက တည်ငြိမ်သော အမူအရာဖြင့် ဆက်လက်မေးမြန်းသည်။

စနစ်က အချိန်အတော်ကြာအောင် တိတ်ဆိတ်နေသည်။

မိနစ်ပိုင်းခန့်ကြာပြီးနောက် စနစ်က ပြန်ဖြေသည်။

“ဆိုင်ရှင်၊ ခင်ဗျားပြောတာ မှန်ပါတယ်”

“စားသောက်ဆိုင်ထဲက အခြေအနေကို မင်း မြင်လား” ယွမ်ကျိုးက စကားလမ်းကြောင်းလွှဲသည်။

“ဆိုင်ရှင် ကြည့်စေချင်ရင် အခုပဲ ကြည့်လိုက်မယ်”

“အမျိုးသမီး နဲ့ အမျိုးသားကို သေချာကြည့်လိုက်ပါ။ သူတို့က တူညီတဲ့ဟင်းပွဲကို မှာထားပေမဲ့ ထည့်ပေးထားတဲ့ ပမာဏ မတူဘူး” ယွမ်ကျိုးက ပွင့်လင်းစွာ ပြောလိုက်သည်။

ဝူဟိုင်းက အထူးပွဲကို အော်ဒါမှာယူစဥ်က ဘလူးဘယ်ရီယိုကို သူ့ကိုယ်တိုင် ခပ်ယူပေးရ၍ ဟာကွက်ကို သတိပြုမိခြင်းဖြစ်သည်။ ပန်းကန်ပြားထဲ ထည့်သော ပမာဏကို ထိန်းချုပ်နိုင်မှန်း ရိပ်မိသည်။ ထို့ကြောင့် ယင်ယာက ဘလူးဘယ်ရီယိုကို အော်ဒါမှာယူသောအခါ ဝူဟိုင်းကို ထည့်ပေးသော ပမာဏထက် ပိုထည့်ပေးကြည့်သည်။ စနစ်က တုံ့ပြန်မှုကို မမြင်တွေ့ရ၍ ဟာကွက်ကို အတည်ပြုနိုင်ခဲ့သည်။

ယွမ်ကျိုးက နတ်ဘုရားအဆင့် ကြက်ဥထမင်းကြော်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေ၍ ထည့်ပေးသော ပမာဏချင်း ကွာခြားမှာ စိုးရိမ်စရာ မရှိပေ။

စနစ် “ ဆိုင်ရှင်က ဟာကွက်ကို ရှာတွေ့သွားလို့ စနစ်က ဆုလာဘ်ပေးပါမယ်။ ဆုလာဘ်ကို အခုပဲ ရယူနိုင်ပါပြီ”

အပိုင်း(၄၇)

ပြီးပါပြီ။

အပိုင်း(၄၈)

*

[လိုက်ဖက်ညီတဲ့ဆုလာဘ် ] ခေါက်ဆွဲစွပ်ပြုတ်အချို အစုံလိုက် (ရရှိသွားပါပြီ)

ဈေးနှုန်း ခေါက်ဆွဲစွပ်ပြုတ်အချို အစုံလိုက်/ တစ်ပွဲလျှင် ၃၀၈ယွမ်

ယွမ်ကျိုးက မစ်ရှင်ကို စစ်ဆေးကြည့်ပြီးနောက် ကျေနပ်စွာ ပြုံးလိုက်သည်။

“သူဌေးယွမ်၊ ငါ သဘောပေါက်သွားပြီ။ အကြံတစ်ခု တွေးမိတယ်” ယွမ်ကျိုးက ဆုလာဘ်ကို လက်ခံခါနီး ဝူဟိုင်းက ရုတ်တရက် ထအော်သည်။

“ဘာဖြစ်ပြန်ပြီလဲ”ယွမ်ကျိုးက ဆရာကျကျဖြင့် မေးလိုက်သည်။

“အစုံလိုက်ကြက်ဥထမင်းကြောတစ်ပွဲပေးပါ”

ဝူဟိုင်းက ကျေနပ်သောအမူအရာဖြင့် စကားပြောသည်။

“အမ်၊ တစ်မိနစ်စောင့်ပေး။ ခဏနေရင်ရမယ်” ယွမ်ကျိုးက မျက်ခုံးပင့်ကာ ပြန်ဖြေသည်။

ဝူဟိုင်းက အမဲသားဟင်းအနှစ် နှင့် ကြက်ဥထမင်းကြော်ကို တွဲဖက်စားရန် ဆုံးဖြတ်ထားသည်။ ယွမ်ကျိုးက ခေါက်ဆွဲပြုတ် နှင့် အမဲသားဟင်းအနှစ်ကို တွဲမစားရန်သာ သတိပေးပြီး ကြက်ဥထမင်းကြော်နှင့် တွဲစားခြင်းကို မတားမြစ်ထားပေ။ ယခုလို ထက်မြက်သော အကြံအစည်မျိုးကို တွေးကြံမိ၍ ဝူဟိုင်းက သူ့ကိုယ်သူ ချီးမွမ်းမိသည်။

“ဘယ်လိုဖြစ်ရတာလဲ။ ဒါဆိုရင် ငါတို့က ဟင်းပွဲနှစ်ပွဲ မှာလို့ရတဲ့ သဘောလား”

“အဲလိုတော့ မဟုတ်ဘူး။ ဟင်းပွဲ တစ်ပွဲချင်းစီကို တစ်ခါစီ မှာလို့ရတယ်” ဝူဟိုင်းက စိတ်ကြည်လင်နေ၍ မိန်းမချောလေးကို စိတ်လိုလက်ရ ရှင်းပြသည်။

သူက ထက်မြက်သော လက်ထောက်ဖြစ်၍ ချက်ချင်း သဘောပေါက်သည်။

“ဒီလိုရင် အဆင်ပြေတာပေါ့”

ဝူဟိုင်းက ခေါက်ဆွဲပြုတ်မှ စွပ်ပြုတ်အရည်များကို တစ်စက်မှ မကျန်အောင် မော့ချလိုက်သည်။

ယွမ်ကျိုး၏စားသောက်ဆိုင်အတွင်းမှာ စားကြွင်းစားကျန် ဘယ်သောအခါမှ မရှိတတ်ပေ။ အမှိုက်ကားပင် သူ့ဆိုင်နား မရပ်တော့ပေ။

“သူဌေးယွမ်၊ ငါ့ရဲ့ဟင်းပွဲ အဆင်သင့် ဖြစ်ပြီလား”

ဝူဟိုင်းက သူ့အိတ်ကပ်ထဲမှ တစ်ရှူးကို ထုတ်ပြီး သူ့ပါးစပ်ကို သုတ်လိုက်သည်။

“လာနေပြီ” ယွမ်ကျိုးက ဗန်းကို သယ်ဆောင်ပြီး ဝူဟိုင်း၏ စားပွဲပေါ်မှာ တင်ပေးလိုက်သည်။ ဗန်းထဲမှ ဟင်းပွဲများကို သူကိုယ်တိုင် မချပေးဘဲ ဝူဟိုင်းကိုယ်တိုင် ယူစေသည်။

“ဒီဟင်းပွဲကိုရော ပူပူစပ်စပ်ဟင်းအနှစ်နဲ့ ရောစားလို့ရလား”

ဝူဟိုင်းက မစားခင် အရင်ဆုံး မေးမြန်းကြည့်ရန် ဆုံးဖြတ်ထားသည်။

“ရတယ်။ မင်းကြိုက်သလိုစား” ယွမ်ကျိုးက ပခုံးဆက်ခနဲ တွန့်လိုက်ပြီး သူ့ဗန်းကို ပြန်ယူလိုက်သည်။

“ကျေးဇူးပဲဗျာ”

ဝူဟိုင်းက တူကို ပူစပ်စပ်ဟင်းအနှစ်ထဲ အရင်နှစ်ပြီး သူ့ပါးစပ်ထဲ ထည့်ကြည့်သည်။

အငန်ဓာတ်၊ လတ်ဆတ်မှု၊ ပူစပ်စပ်၊ ဟင်းခတ်အမွှေးကြိုင်ရနံ့ ရောစပ်ထားမှုက ပြီးပြည့်စုံသည်။

“အစပ်အရသာက သမိုင်းတစ်လျှောက် တီထွင်မှုများထဲ အကြီးမြတ်ဆုံး တီထွင်မှုပဲ”

ပဲစေ့အရွယ်အစားရှိသော အမဲသားကို ယူလိုက်ပြီး သူ့ခံတွင်းထဲ ထည့်လိုက်သည်။ ပူစပ်စပ်အရသာနှင့် နူးညံသော အမဲသား အရသာကို ခံတွင်းတွေ့မိသည်။

“သူဌေးယွမ်၊ ခင်ဗျားရောင်းတဲ့အမဲသားက တစ်မူထူးခြားတယ်” ဝူဟိုင်းက သူ့မျက်လုံးကို ဖွင့်ကာ ယွမ်ကျိုးကို တအံ့တဩ ငေးကြည့်သည်။

ယွမ်ကျိုး၏စားသောက်ဆိုင်မှ ပါဝင်ပစ္စည်းတိုင်းက တစ်မူထူးခြားမှန်း ဝူဟိုင်း သိထားပြီသားဖြစ်သည်။ အရသာရှိသော ဟင်းလျာဖန်တီးရာတွင် စားဖိုမှူး၏အရည်အချင်းအပြင် ပါဝင်ပစ္စည်းများကလည်း ၅၀ရာခိုင်နှုန်းကျော်ခန့် အရေးပါသည်။

ထူးချွန်သောစားဖိုမှူးသည် အကောင်းဆုံးနည်းလမ်းကို အသုံးပြုပြီး အရသာရှိသော ဟင်းပွဲများကို ဖန်တီးပေး၍ အနုပညာရှင်နှင့်တူသည်။

အရသာနှင့် အထိတွေ့က သူ့သူငယ်ချင်းအိမ်မှာ စားခဲ့ဖူးသော နွားရိုင်းမျိုးစိတ်၏အသားနှင့် အရသာတူသည်ဟု ခံစားမိသည်။ ၎င်းနွားရိုင်းမျိုးသည် မျိုးတုံးလုနီးပါးဖြစ်နေပါပြီ။ သူ့သူငယ်ချင်းက ရှားရှားပါးပါး ခက်ခက်ခဲခဲ ရရှိခဲ့ခြင်း ဖြစ်သည်။

ဝူဟိုင်းက သံသယရှင်းအောင် နောက်တစ်ကြိမ် ထပ်စားကြည့်လိုက်စဥ် သူ့သံသယကို အတည်ပြုနိုင်ခဲ့သည်။

“ရှားပါးမျိုးစိတ်နွားရိုင်းကို ယွမ်ကျိုးက အမဲသားနုပ်နုပ်စဉ်း ဟင်းအနှစ်လုပ်မှန်း တခြားသူတွေ သိသွားရင် သူ့ကို မသေမချင်းဝိုင်းရိုက်သတ်လောက်တယ်”

ယွမ်ကျိုးက သာမန်လူ မဟုတ်နိုင်ဟု ဝူဟိုင်း ခံစားမိသည်။ ထို့ကြောင့် ဝူဟိုင်း၏ ယွမ်ကျိုးအပေါ်ထားရှိသော သဘောထားအမြင် ပြောင်းလဲသွားသည်။

“အို့စ် ဘယ်လိုလဲ အရသာရှိလား”

ယွမ်ကျိုးက ရိုးရိုးရှင်းရှင်း မေးမြန်းသည်။

“ဒါပေါ့ အရသာရှိတယ်” ယွမ်ကျိုး မေးမြန်းရသော အကြောင်းအရင်းကို မသိသော်လည်း သူက အရိုးသားဆုံး ပြန်ဖြေလိုက်သည်။

“အိုကေ ဒါဆိုရင်လည်း ပြီရော” ထိုစကားကိုပြောပြီးနောက် ယွမ်ကျိုးက ဖောက်သည်အသစ်များကို နှုတ်ဆက်သည်။ ညနေခင်းတွင် ယွမ်ကျိုး၏ စီးပွားရေးက ပုံမှန်အတိုင်း ကောင်းမွန်သည်။ ခဏလေးအတွင်း ဆိုင်က လူပြည့်သွားသည်။

ဝူဟိုင်းက ယွမ်ကျိုးနှင့် အားရပါးရလေဖောပြီး ယွမ်ကျိုး ရောင်းချနေသော မျိုးတုံးပြီးနွားရိုင်းအသားကို သူက အရင်တည်းက စားခဲ့ဖူးကြောင်းကြွားလုံး ထုတ်ချင်သည်။ သို့သော်လည်း ယွမ်ကျိုးက အလုပ်ရှုပ်နေ၍ အခွင့်မသာခဲ့ပေ။ ထို့ကြောင့် ကြက်ဥထမင်းကြော် နှင့် အမဲသားနုပ်နုပ်စဉ်းဟင်းအနှစ်ကို တိတ်တဆိတ် စားနေခဲ့သည်။

“သူဌေးယွမ်၊ ကျုပ် ရင်ထဲ သိပ်မကောင်းဘူး။ ကျုပ်ရဲ့နာကျင်နေတဲ့ နှလုံးသားလေးကို ချွေးသိမ့်ဖို့ မီးနူးထဲမှာ ရှိတဲ့ ဟင်းတစ်ပွဲချင်းစီတိုင်းကို ထပ်ရောင်းပေးပါ”

“ဒီကောင်က ဝက်လား”

“သူက အရမ်းကို စားနိုင်လှချည်းလား”

“ခင်ဗျားဘယ်လိုလုပ်တာလဲ။ ငါတို့အားလုံးက ခင်ဗျားနောက်မှာ တန်းစီနေတာလေ။ မြန်မြန် ထွက်သွားလိုက်ပါတော့”

တန်းစီစောင့်နေသော ဖောက်သည်များက မကျေမနပ် ပြောဆိုသည်။

ဝူဟိုင်းက ယခုလို တုံ့ပြန်မှုမျိုးဖြင့် ကျင့်သားရနေပါပြီ။ သူက နားမကြားချင်ယောင် ဟန်ဆောင်ပြီး ဟင်းပွဲဆက်မှာသည်။ ဝူဟိုင်း၏စိတ်တိုစရာကောင်းသော အပြုအမူကြောင့် ယွမ်ကျိုးက သူ့ကို ရိုက်သတ်ချင်စိတ် ပေါက်လာသည်။

…

“ဟူး အခုမှပဲ အလုပ်ချိန်ပြီးတော့တယ်”

ယွမ်ကျိုးက စားသောက်ဆိုင်ခန်းမနှင့် မီးဖိုချောင်ထဲ ဝင်လိုက်ထွက်လိုက်ဖြင့် အတော်ကလေး အလုပ်ရှုပ်နေသည်။ စနစ်၏အကူအညီမရှိလျှင် ငွေအမ်းခြင်းက အတော်ကို ပြဿနာရှုပ်ဦးမည်။ စားသောက်ဆိုင်မှာ လာရောက်အားပေးသော ဖောက်သည်များက တကယ်ကို များပြားလွန်းသည်။

“အို့ ငါ့ရဲ့ဆုလာဘ်ကို လက်မခံရသေးဘူးပဲ” မေးဖျားလေးကို ထိကိုင်ပြီး ဆုလာဘ် မရယူရသေးမှန်း သတိရသွားသည်။

“ဒီဟင်းပွဲရဲ့ဈေးနှုန်းက နည်းသလိုပဲ အခုမှ တွေးမိတယ်” ယွမ်ကျိုးက သူ့ကိုယ်သူ ရေရွတ်ပြီးနောက် စနစ်ကို ဖွင့်လိုက်ပြီး လက်ခံသော ခလုတ်ကို ဖိနှိပ်လိုက်သည်။

ခေါက်ဆွဲစွပ်ပြုတ်အချိုအစုံလိုက်ပွဲ ဆုလဘ်က များစွာသော အလင်းတန်းအမှုန်များအဖြစ် ပြန့်ကျဲသွားပြီး သူ့ဦးနှောက်၏အနက်ရှိုင်းဆုံး အပိုင်းတွင် ပျောက်ကွယ်သွားသည်။

ယွမ်ကျိုးက တစ်ကိုယ်ရည်သန့်ရှင်းမှု လုပ်ဆောင်ခါနီး မိနစ်ပိုင်းခန့်ကြာအောင် ကြောင်တောင်တောင် မတ်တတ်ရပ်နေသည်။

“စနစ်၊ ဒါ မင်း သက်သက် ကလိမ်ကျတာပဲ” ယွမ်ကျိုးက မကျေမနပ် အံကြိတ်ကာ မေးမြန်းသည်။

စနစ် “ ဆုလာဘ်ကို လက်ခံယူပြီးပြီဆိုတော့ နှစ်ရက်ကြာရင် မစ်ရှင်ကို ထုတ်ပြန်ပေးပါမယ်။ မစ်ရှင်ကို မစ်ရှင်အသေးစားလေးတွေ အများကြီး ပိုင်းခြားထားပါတယ်။ မစ်ရှင်အသေးလေး ပြီးဆုံးသွားရင် ဆုလာဘ်ရပါမယ်။ မစ်ရှင် အောင်မြင်မလား မအောင်မြင်ဘူးလားက မင်းရဲ့ကံတရား အပေါ် မူတည်တယ်”

“ဆုလာဘ်” ယွမ်ကျိုးကို ဖိတ်ဖိတ်တောက်နေသော စကားနှစ်လုံးက ဆွဲဆောင်သွားသည်။

စနစ် “ဆိုင်ရှင် ကံစမ်းကြည့်နိုင်ပါတယ်။ အချိန်တန်ရင် ကံစမ်းခွင့်ရပါမယ်”

“ကောင်းပြီလေ” ယွမ်ကျိုး၏သိလိုစိတ်များ ပြင်းထန်လာသည်။ သို့သော်ငြားလည်း ဆုလာဘ်က ယခုလေးတင် ရရှိထားကြောင်း ယွမ်ကျိုးကို အသိပေးနေသည်။

“စနစ် ဒါက ဘယ်လိုသောက်ကျိုးနည်း ဆုလာဘ်မျိုးလဲ”

ယွမ်ကျိုးက စနစ်မှ ထောက်ပံ့ပေးသော အစုံလိုက် ခေါက်ဆွဲပြုတ်ကို ကြည့်ပြီး နှုတ်ဆိတ်သွားသည်။

“အစုံလိုက်ခေါက်ဆွဲစွပ်ပြုတ်အချိုမှာ ခေါက်ဆွဲတစ်ပွဲ၊ စွပ်ပြုတ်ရည်တစ်ပွဲ နဲ့ ကြက်သွန်ဖြူ နှစ်မြွှာလား”

အပိုင်း(၄၈)

ပြီးပါပြီ။

All Chapters