← Chapters

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အခန်း (၄၉-၅၁)

Vol. 4 Ch. 49-51

အပိုင်း(၄၉)

*

“စနစ်၊ မင်း ငါ့ကို တစ်ခုခုတော့ မရှင်းပြချင်ဘူးလား” ယွမ်ကျိုးက လက်မလျှော့ဘဲ ဆက်လက်မေးမြန်းသည်။ တကယ်တမ်း စနစ်က ပုံမှန်အတိုင်း တုံ့ပြန်မှု မရှိပေ။

ဒါက တကယ်ကို သောက်ကျိုးနည်း အစုံလိုက် ခေါက်ဆွဲစွပ်ပြုတ်အချိုပဲ !

“ကောင်းပြီ။ ငါ နားလည်ပြီ” ယွမ်ကျိုးက သူ့တစ်ကိုယ်ရည်သုံး ပစ္စည်းများကို ယူလိုက်ပြီး ရေချိုးခန်းထဲ ဝင်သွားသည်။

ရေစက်များကြောင့် နွမ်းလျနေသောယွမ်ကျိုး၏ခန္ဓာကိုယ် လန်းဆန်းသွားသည်။

ယွမ်ကျိုးက ရေချိုးခန်းမှ ထွက်ထွက်ချင်း ခွေးအူသံများကို ကြားရသည်။ ၎င်းခွေးအူသံက ကလေးငိုသံကဲ့သို့ ဆွဲဆွဲငင်ငင်အူနေသည်။

ယွမ်ကျိုးက ရှင်းရှင်းလင်းလင်း ကြားသည့်တိုင် မျက်မှောင်ကြုတ်ရုံဖြင့် အပြင်ဘက်သို့ လမ်းလျှောက်လာသည်။

သနားချင့်စဖွယ်ကောင်းအောင် ခွေးအူနေ၍ သွားကြည့်သင့်သည်ဟု ယွမ်ကျိုး ဆုံးဖြတ်လိုက်သည်။

သူ့ပခုံးပေါ်မှာ သဘက်ကို တင်ထားပြီး သူ့ရဲ့ စိုထိုင်းနေသော ဆံပင်များ ရေစက်များကျနေသည်။ ညှပ်ဖိနပ်ကို စီးပြီးနောက် အောက်ထပ်သို့ ဆင်းလာသည်။

မီးဖိုချောင်မှာ မတ်တတ်ရပ်နေပြီး ယွမ်ကျိုးက ဂရုတစိုက် နားစွင့်ပြီး အသံပင်ရင်းကို စဉ်းစားနေသည်။ နောက်တံခါးဘက်မှ လာသောအသံဖြစ်သည်။

သူ နောက်တံခါးကို ဖွင့်လိုက်စဉ် ည ၁၁နာရီထိုးနေပါပြီ။

နေ့ခင်းဘက်တွင် ရုံးအဆောက်အဦများ ရှုပ်ယှက်ခတ်နေတတ်သော်လည်း ညဘက်အချိန်တွင် မီးများ ပိတ်ထားပြီး တချို့သောအခန်းများသာ မီးဖွင့်ထားသည်။ တချို့အလုပ်သမားများ အချိန်ပိုဆင်းနေခြင်း ဖြစ်နိုင်သည်။

“အမ်၊ ဘာလို့ အသံမကြားရတော့တာလဲ။ သေသွားတာတော့ မဟုတ်ပါဘူးနော်” ယွမ်ကျိုးက မှိန်ပျပျ မီးတိုင်များအောက်မှာ လှည့်ပတ် လမ်းလျှောက်နေသည်။

ယွမ်ကျိုးစားသောက်ဆိုင်၏ နောက်တံခါးမှ ထွက်လာပြီးနောက် ကျဉ်းမြောင်းသော အုတ်လမ်းလေးရှိသည်။

ဤလမ်းလေးသည် အသစ်ဆောက်ထားသော အဆောက်အဦးများနှင့် အိမ်ဟောင်းများကို ပိုင်းခြားပေးထားသော လမ်းဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေက သာယာလှပသော အနေအထား မရှိပေ။ အနည်းငယ် ရေများစိုစွတ်နေပြီး ညစ်ပတ်နေသော်လည်း နောက်တံခါးမှ ထွက်ရသောလမ်းဖြစ်၍ လက်သင့်ခံနိုင်သေးသည်။

သူ ရုတ်တရက် ခြေချော်သွားပြီး နံရံကို အချိန်မီ လက်ဖြင့်မထောက်လျှင် ချော်လဲသွားနိုင်သည်။ ထို့နောက် ခွေခွေလေး အိပ်နေသော ခွေးကလေးကို တွေ့သွားသည်။

ခွေးလေးက အုတ်လမ်း၏အဆုံးသတ်မှာ ရှိသော အမှိုက်ပုံး ဘေးနားမှာ လှဲလျောင်းနေသည်။ စိုစွတ်နေသော မြေကြီးပေါ်တွင် ကြီးမားသော ပလတ်စတစ် ထိုးအိတ်ကြီး ခင်းထားသည်။ ခွေး၏အမွှေးအရောင်

မခွဲခြားနိုင်အောင် ခွေးက အခြေအနေဆိုးရွားနေသည်။

ယွမ်ကျိုး အကဲခတ်ကြည့်လိုက်သောအခါ အိမ်မွေးခွေးလေးဖြစ်နေသည်။ အမွှေးပွ ခွေးမျိုးနွယ်ဖြစ်ပြီး မူလအရောင်က Chocolate Brown ဖြစ်သော်လည်း ယခုတော့ အရောင်အဆင်း မွဲပြာကာ အမွှေးများ လိမ်ကောက်နေသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းတော်တော်များများတွင် အနီရောင်အသားစများပေါ်နေသည်။ ခြေထောက်နား တစ်ဝိုက်ကလည်း ထိခိုက်ဒဏ်ရာ ရပြီး အနီရောင်အသားစနဲ့ သွေးများ ယိုကျနေသည်။

“အရေပြားရောဂါဖြစ်နေတာလား” ယွမ်ကျိုးက ခွေးချစ်သူဖြစ်သောကြောင့် အပြင်ထွက်ကြည့်ခြင်း ဖြစ်သည်။ သို့သော်လည်း သူက ခွေးမွေးမည့်အစီအစဉ် မရှိပေ။ စားသောက်ဆိုင် လုပ်ကိုင်သူက ခွေးမွေးလျှင် ဖောက်သည်များက သူ့ဆိုင်ကို မသန့်မရှင်းဟု ထင်ကြေးပေးလိမ့်မည်။ ယခုတော့ သနားစရာကောင်းသော ခွေးလေးကို ကူညီပေးနိုင်သလောက် ကူညီပေးမည်။

ယွမ်ကျိုးက သူ့ဆိုင်သို့ ပြန်သွားပြီး ခေါက်ဆွဲပြုတ်လိုက်သည်။ ထို့နောက် ခွက်ကို ကိုင်ဆောင်ပြီး လမ်းလျှောက်ရင်း စားလိုက်သေးသည်။ ခွေးအနား ရောက်သောအခါ ခေါက်ဆွဲဖတ် နည်းနည်းလေးသာ ကျန်တော့သည်။

“ငါ မင်းကို အစားအသောက် နည်းနည်းလေးပဲ ကျွေးနိုင်တော့တယ်။ မင်းအတွက် အသုံးတော့ ဝင်မှာပါ။ မင်း စားကြည့်လိုက်ဦး”

ယွမ်ကျိုးက ခေါက်ဆွဲပြုတ်ခွက်ကို ခွေးနှင့် တစ်မီတာ အကွာအဝေးမှာ ထားခဲ့ပြီး လှည့်ထွက်သွားသည်။

အကယ်၍ ခွေးက စကားပြောနိုင်လျှင် ယွမ်ကျိုးကို စိတ်ဆိုးမာန်ဆိုး ထအော်လိမ့်မည်။

“နေမကောင်းသော လေလွင့်ခွေးလေးက သူ့ဘာသာသူပင် အတော်ကလေးကို သနားစရာကောင်းနေပါပြီ။ ခင်ဗျားကြီးက ကျုပ်အရှေ့မှာ ခေါက်ဆွဲပြုတ်ကို အားရပါးရ စားပြီး နောက်ဆုံးကျန်တဲ့ အကြွင်းအကျန် နည်းနည်းလေးကိုပဲ ချန်ထားခဲ့ရလား”

…

ကောင်းမှုကုသိုလ်ပြုပြီးနောက် ယွမ်ကျိုးက အလွန့်ကို ခန့်ညားချောမောသွားသည်ဟု သူ့ကိုယ်သူ ထင်မှတ်ကာ မနက်ဘက် အစောကြီးထသည်။

“ဟမ်၊ သူဌေးယွမ်၊ ဒီကနေ့ အစောကြီး အိပ်ရာထနေပါလား” ပုံမှန်ဖောက်သည် ၇ယောက်၊ ၈ယောက်ခန့်က ရှောင်လုံပေါင်းစားရန် ဆိုင်အရှေ့မှာ စောင့်နေသည်။ သူတို့အားလုံး မျှော်လင့်ခဲ့ရသော လျှို့ဝှက်ဆန်းကြယ်သည့် တိုက်ဆိုင်မှုလေးကို ယခုတော့ ကြုံတွေ့ရပါပြီ။ ရုတ်တရက် ဆိုင်တံခါးဖွင့်ခြင်းက သူတို့ကို ကျေနပ်စေသည်။

“ဟုတ်တယ်။ ဒီနေ့ စောစောထတယ်”

“လူငယ်လေး၊ စောစောအိပ် စောစောထတာ မင်းအတွက်လည်း ကောင်းတယ်။ ဒီလိုအပြုအမူမျိုးကို ဆက်ထိန်းထား” အဘိုးအိုက လက်နောက်ပစ်ပြီး စားသောက်ဆိုင်ထဲ အရင်ဆုံးဝင်သည်။ သူ့နောက်မှ တခြားသူများလည်း တန်းစီ ဝင်ကြသည်။ သူတို့အားလုံး အစောဆုံး ရောက်နေရသည့် အကြောင်းအရင်းက မနက်စာ စားရန် ဖြစ်သည်။

“သူဌေးယွမ်၊ အခုချိန်က အနောက်တိုင်းမှာဆိုရင် နေ့လည်ရောက်နေပြီနော်” ဝူဟိုင်းက ရွဲ့တဲ့တဲ့လေသံဖြင့် ပြောသည်။

“ငါ့အတွက်တော့ စောသေးတယ်လို့ ထင်မိတယ်။ ခဏပြန်အိပ်ရင် ကောင်းမလား”ယွမ်ကျိုးက ဝူဟိုင်းကို စိတ်အားထက်သန်စွာ ငေးကြည့်သည်။

“အမ်” တခြားသူများက ဝူဟိုင်းကို မကျေနပ်သောအကြည့်များဖြင့် ဝိုင်းကြည့်ကြသည်။

အားလုံးအနက် အဘိုးအို၏အကြည့်က အန္တရာယ်အများဆုံး ဖြစ်သည်။ ထို့ကြောင့် ဝူဟိုင်းက ချက်ချင်း စကားလမ်းကြောင်းလွှဲသည်။

“သူဌေးယွမ်၊ ခင်ဗျားကတော့ ကျီစယ်ပြီပဲ။ ခင်ဗျားက အမြဲတမ်း လုံ့လဝီရိယရှိတဲ့သူလေ”

“ငါတို့တွေ မနက်စာ စားလို့ရပြီလား” ဝူဟိုင်းက သူ့မုတ်ဆိတ်သူ ပွတ်သပ်ကာ ထိုင်ခုံမှာ နေရာယူလိုက်သည်။

“လူငယ်လေးရေ၊ အဘိုးအိုက ရှောင်လုံပေါင်းတစ်ပွဲနဲ့အတူတူ ပုံမှန်စားနေကျအတိုင်း ပေးပါ။ အမ်၊ ခေါက်ဆွဲရနေပြီလား။ ဒါဆိုရင် အစုံလိုက်ခေါက်ဆွဲစွပ်ပြုတ်အချိုကိုလည်း ပေးပါ” အဘိုးအိုက အပိုအလို စကားမပြောဘဲ သူ့စားမည့် ဟင်းပွဲများကို အော်ဒါတင်လိုက်သည်။

“သူဌေးယွမ်၊ ခင်ဗျားဆိုင်မှာ ဟင်းပွဲတွေ တော်တော်များများ ရောင်းနေပြီပဲ။ မနေ့တုန်းက မီနူးမှာ အစုံလိုက်ခေါက်ဆွဲကို မမြင်မိပါဘူး။ဒါက ဒီနေ့မှ ရောင်းတာလား” ဝူဟိုင်းက ပြောသည်။

“ဆိုင်ရှင်ရေ ရှောင်လုံပေါင်းပေးပါ” ထိုင်ခုံမှာ နေရာယူထားသော ဖောက်သည်များက သူတို့စားမည့် ဟင်းပွဲများကို အလျင်စလို အော်ဒါတင်ကြသည်။

သူတို့အော်ဒါတင်ခြင်း အဆုံးမသတ်ခင် ယွမ်ကျိုးက စကားပြောသည်။ “အားနာပါတယ်။ ဒီနေ့မနက်ခင်းမှာ ရှောင်လုံပေါင်း ရောင်းဖို့ မပြင်ဆင်ထားဘူး”

“ဟမ်” စားသောက်ဆိုင်ထဲမှ ဖောက်သည်အားလုံးက ယွမ်ကျိုးကို တအံ့တဩ ဝိုင်းကြည့်ကြသည်။

“ဒီမနက်တော့ ရှောင်လုံပေါင်း မရောင်းပေးနိုင်ဘူး” ယွမ်ကျိုးက ပခုံးဆတ်ခနဲ တွန့်ကာ မရှက်မရွံ့ ပြန်ပြောသည်။

“သူဌေးယွမ်၊ ဒီလိုဆိုရင်လည်း ခင်ဗျား ပြန်အိပ်လိုက်သင့်တယ်။ ရှောင်လုံပေါင်း မစားရတာ ၈ရက် ရှိနေပြီ” အမျိုးသားတစ်ဦးက သူ့ခံစားချက်များကို မကျေမလည် ထုတ်ပြောသည်။

“အို့စ်၊ ဟုတ်လား” ယွမ်ကျိုးက ခနဲ့တဲ့တဲ့ ပြန်ဖြေသည်။

“ရှောင်လုံပေါင်း စားရဖို့က တော်တော်လေး ကံကောင်းမှ စားရမယ်ထင်တယ်။ ဒီလိုဆိုရင်လည်း အစုံလိုက် ခေါက်ဆွဲပြုတ်ပဲ ပေးတော့” အဘိုးအိုက လေးကန်စွာ သက်ပြင်းချလိုက်သည်။

“သူဌေးယွမ်၊ ခင်ဗျား ကျုပ်ကို တိကျတဲ့ အဖြေပေးလို့ မရဘူးလား။ နောက်နောင် ခင်ဗျားက ရှောင်လုံပေါင်း ရောင်းပါဦးမလား” အားကစားဝတ်စုံနှင့် အမျိုးသားက ပြတ်ပြတ်သားသား မေးမြန်းသည်။

“ရောင်းမှာပါ။ ဒါပေမဲ့ ဒီနေ့တော့ မဟုတ်ဘူး” ယွမ်ကျိုးက မရေမရာ ဖြေပြန်သည်။

“ဘယ်အချိန်လဲ” လူငယ်က ရင်တမမဖြင့် မေးမြန်းသည်။ တိကျသော အချိန်ကို သိခွင့်ရလျှင် စောင့်ရကျိုးနပ်လိမ့်မည်။

“ငါ မစဉ်းစားရသေးဘူး” ယွမ်ကျိုးက သူ့မူအတိုင်း လှည့်ပတ်ဖြေဆိုသည်။

“…”လူငယ်က ယွမ်ကျိုးကို လက်မြှောက်အရှုံးပေးလိုက်သည်။

“ခင်ဗျားတို့တွေရော ဒီနေ့ ဘာစားချင်လဲ” သူတို့ဘက်က ဘာမှ ထပ်မပြောလာ၍ ယွမ်ကျိုးက အရေးကြီးသော မေးခွန်းကို မေးမြန်းလိုက်သည်။

“အစုံလိုက်ခေါက်ဆွဲပြုတ်တစ်ပွဲ” ဝူဟိုင်းက သူ မနေ့ညက မမြည်းစမ်းခဲ့ရသော ဟင်းပွဲကို အော်ဒါတင်လိုက်သည်။

“ကြက်ဥထမင်းကြော်” အားကစားဝတ်စုံနှင့် လူငယ်က မကျေမလည် အံကြိတ်ပြီး စကားသုံးခွန်းကို ပြောလိုက်သည်။

အော်ဒါကို လက်ခံပြီးနောက် ယွမ်ကျိုးက မီးဖိုချောင်ထဲသွားပြီး ချက်ပြုတ်ရန် ပြင်ဆင်သည်။

ကြက်ဥထမင်းကြော်က အရင်ဆုံး ပြီးစီးသောကြောင့် ဖောက်သည်များထံ သယ်ဆောင်လာခဲ့သည်။ ထို့နောက် အစုံလိုက်ခေါက်ဆွဲပြုတ်ကို ပြင်ဆင်သည်။ ခေါက်ဆွဲပြုတ်ကို ဗန်းပေါ်တင်လိုက်သောအခါ စွပ်ပြုတ်ရည်တစ်ပန်းကန် နှင့် ပန်ကန်ပြားအလွတ်က ဗန်းပေါ် ရောက်လာသည်။

ယွမ်ကျိုး သံသယဝင်သွားသည်။ ခေါင်းမော့ကြည့်လိုက်မှ နံရံကပ်ဗီဒိုအသစ်ကို တွေ့လိုက်ရသည်။ ခန့်မှန်းခြေအားဖြင့် (၁၀)စင်တီမီတာ ပတ်လည်ရှိနိုင်သည်။

မနေ့ညက ရရှိသော ဆုလာဘ်သည် အရမ်းလှည့်ဖြားလွန်း၍ စိတ်ပျက်အားလျော့စွာဖြင့် ယွမ်ကျိုးက မီးဖိုချောင်ကို မစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ နံရံကပ်ဗီဒိုကို ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် ကြက်သွန်ဖြူများကို သပ်ရပ်စွာ အစီအရီထည့်ထားသည်။

“ငါ့ဘာသာငါ အခွံခွာရမယ့် သဘောလား” စနစ်က သူ့ကို ဆုလာဘ်ပေးတိုင်း တစ်နည်းမဟုတ် တစ်နည်း စိတ်ဒုက္ခပေးတတ်သည်။ ယခုတော့ အစုံလိုက်ခေါက်ဆွဲပြုတ် အော်ဒါမှာတိုင်း ကြက်သွန်ဖြူခွာရဦးမည်။

သူက ကြက်သွန်ဖြူနှစ်မြွှာကို ခွာထုတ်ပြီး ပန်းကန်ပြားပေါ် တင်လိုက်သည်။

“မင်းတို့အော်ဒါမှာထားတဲ့ အစုံလိုက်ခေါက်ဆွဲပြုတ်” ယွမ်ကျိုးက ပန်းကန်ပြားကို အဘိုးအို နှင့် ဝူဟိုင်းဆီ သယ်သွားသည်။

ဖောက်သည်နှစ်ယောက်၏အမူအရာက အံ့အားသင့်နေသော အမူအရာကို ဖော်ပြနေသည်။

အပိုင်း(၄၉)

ပြီးပါပြီ။

အပိုင်း(၅၀)

*

“လူငယ်လေး၊ ဒါက အစုံလိုက်ပွဲလား” အဘိုးအိုက ဗန်းပေါ်မှ ဟင်းပွဲများကို ကြည့်ပြီး မယုံကြည်နိုင်စွာ မေးခွန်းထုတ်လိုက်သည်။

“သူဌေးယွမ်၊ ဒါက ရှားပါးတဲ့ အနီရောင်ခွံရှိတဲ့ ကြက်သွန်ဖြူ ဆိုရင်တောင် ကြက်သွန်ဖြူက ကြက်သွန်ဖြူပဲ။ ဘာများ ခြားနားသွားလို့လဲ” ဝူဟိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သာမန်စွပ်ပြုတ် နှင့် ကြက်သွန်ဖြူက ၄၀ယွမ် ထိုက်တန်မည်နည်း။

ဤသည်ကား တကယ်ကို ကလိမ်ကကျစ် နည်းလမ်း ဖြစ်သည်။

“ဟူး၊ အရသာ မြည်းကြည့်ပါဦး” ယွမ်ကျိုးက လေကုန်ခံကာ စကားပြောမည့် အစီအစဉ် မရှိပေ။

“လူငယ်လေး သနပ်လုပ်ထားတဲ့ ကြက်သွန်ဖြူဆိုရင်တောင် စားနိုင်ပါသေးတယ်။ အခုတော့ ကြက်သွန်ဖြူအစိမ်းချည်လား” အဘိုးက သူ့ကြက်သွန်ဖြူ အစိမ်းမစားနိုင်ကြောင်း ထုတ်ပြောသွားသည်။

“ပူစပ်စပ် အစားအသောက်တွေကို စားနိုင်ပေမဲ့ ကြက်သွန်ဖြူအစိမ်းကိုတော့ မစားနိုင်ဘူး” ဝူဟိုင်းက ကြက်သွန်ဖြူပန်းကန်ပြားကို ဘေးတွန်းထုတ်လိုက်သည်။ ယွမ်ကျိုးက သူ့ကို လာကျီစယ်နေသည်။ ကြက်သွန်ဖြူကို စားလိုက်လျှင် မိန်းကလေးများကို ပိုးပန်ရန် မလွယ်ကူပေ။ ကြက်သွန်ဖြူက ခံတွင်းနံ့ကို ဆိုးရွားစေသည်။ ကောင်မလေးက ကြက်သွန်ဖြူအနံ့ကြောင့် ချက်ချင်း မူးလဲသွားနိုင်သည်။

“ဒါက သာမန်ကြက်သွန်ဖြူမဟုတ်ဘူး အနီရောင်သန်းတဲ့ ကြက်သွန်ဖြူ။ ခံတွင်းနံ့ကို မဆိုးရွားစေဘူး။ ခင်ဗျားတို့တွေ စားကြည့်ရင် သိလိမ့်မယ်” ယွမ်ကျိုးက ယုံကြည်လက်ခံအောင် ပြောသည်။

မည်သို့ပင်ဆိုစေကာမူ သူ့အဖြေက စနစ်မှ ပေးအပ်ထားသော အဖြေဖြစ်သည်။

စနစ် “ဒီကြက်သွန်က ခံတွင်းနံ့ကို မဆိုးရွားစေပါဘူး”

“ကြက်သွန်ဖြူက နှစ်ဝက်ခန့်ကြာအောင် စိုက်ပျိုးပြီးမှ ရင်မဲ့တဲ့ ဆေးဖက်ဝင်အပင်ပါ။ ကြက်သွန်ဖြူမြွှာကို ဆေးအနေနဲ့ သုံးစွဲနိုင်ပါတယ်။ စနစ်က အထူးပြုပြင်ပြီး စိုက်ပျိုးထားလို့ မူလကြက်သွန်ဖြူလို ခံတွင်းနံ့ကို မဆိုးရွားစေဘူး။ ဒီမျိုးစိတ်အသစ်က ခံတွင်းနံ့ ဆိုးရွားခြင်းကိုတောင် သက်သာစေပါတယ်”

“နောက်ပြီး ဆာလဖာဒြပ်ပေါင်းပါဝင်လို့ ကိုယ်ခံအားစနစ်ကိုလည်း တိုးတက်စေတယ်။ ဒါကြောင့်မို့ ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ အကောင်းဆုံး ဟင်းချက်အမွှေးအကြိုင်လို့တောင် သတ်မှတ်နိုင်တယ်”

“ဒါတွေအားလုံးက ကြက်သွန်ဖြူ အစိမ်းမှာ ပါဝင်တာပါ။ သူတို့ကို အပူပေးလိုက်ရင် အဲဒီဓာတ်တွေ ပျက်စီးသွားပြီး မူလအကျိုးသက်ရောက်မှုကိုတောင် ဆုံးရှုံးသွားနိုင်တယ်”

“အမ်၊ ဒါပေမဲ့ ငါက ကြက်သွန်ဖြူ အစိမ်းစားရတာကို မကြိုက်ဘူး”

အဘိုးအိုက မရမက ငြင်းဆန်သည်။

ဝူဟိုင်းက ခဏတွေးကြံပြီးနောက် စကားပြန်ပြောသည်။

“ကောင်းပြီလေ၊ ဒါဆိုရင်လည်း ကြက်သွန်ဖြူအစိမ်းကို အရင်စားကြည့်မယ်။ ပြီးမှ ခေါက်ဆွဲပြုတ်စားကြည့်မယ်”

အကယ်၍ အရသာက ဆိုးရွားနေလျှင် ခေါက်ဆွဲပြုတ်၏ အရသာရှိသောမွှေးရနံ့ဖြင့် ဖုံးလွှမ်းမည်။

“သူဌေးယွမ်၊ ခင်ဗျားက ကျုပ်တို့ကို မရောင်းခင်တော့ အခွံခွာထားသင့်တယ်”

ဝူဟိုင်းက ကြက်သွန်ဖြူကို ခွာနေစဉ် မကျေမနပ် ပြောဆိုသည်။

“အစားအသောက်ကို ကိုယ်တိုင်ပြင်ဆင်ရင် ပိုစားကောင်းနိုင်တယ်လေ”

ယွမ်ကျိုးက ဝူဟိုင်းကို အထာကျကျ ကြည့်လိုက်သည်။

“အဟွတ် အဟွတ်။ သူဌေးယွမ်က အပြောကောင်းသားပဲ” ဝူဟိုင်းက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောသည်။

“မင်း မကျေမနပ်ပြောတာကို ငါ လက်ခံပါတယ်။ ကျေးဇူးပါပဲ။ ငါလည်း မင်းလိုပဲ တွေးမိပါတယ်”

ယွမ်ကျိုးက တုံ့ဆိုင်းခြင်းမရှိဘဲ ဝူဟိုင်း၏ချီးမွမ်းစကားကို လက်ခံလိုက်သည်။

ဝူဟိုင်းက ဘာဆက်ပြောရမလဲ မသိပေ။ ကြက်သွန်ဖြူ အခွံခွာခြင်းက ခဏလေးအတွင်း အဆုံးသတ်သွားသည်။

ဝူဟိုင်းက အသေးစိတ် လေ့လာကြည့်ပြီးနောက် သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ နည်းနည်းချင်း စားကြည့်သည်။

တချို့သော စီရင်စုများ နှင့် မြို့တော်များတွင် ကြက်သွန်ဖြူ အစိမ်းစားသော အလေ့အထ ရှိသည်။ အထူးသဖြင့် ကျင်းချန်မြို့တွင် ဖြစ်သည်။ တချို့သော စားသောက်ဆိုင်များတွင် ကြက်သွန်ဖြူအမြွှာများကို စားပွဲပေါ်မှာ ချထားပေးပြီး စိတ်ကြိုက်စားခွင့်ရှိသည်။ ချန်းအန်မှ မြို့သူမြို့သားများသည်လည်း ခေါက်ဆွဲပြုတ်စားတိုင်း ကြက်သွန်ဖြူအစိမ်း စားလေ့ရှိသည်။

ကံဆိုးစွာဖြင့် ဝူဟိုင်းက ကြက်သွန်ဖြူအစိမ်းစားသော အဖွဲ့ထဲ မပါဝင်ပေ။ သူ့ပါးစပ်ထဲ ထိုးထည့်ကာ ဝါးကြည့်သည်။ ယွမ်ကျိုး ရောင်းချသော ကြက်သွန်ဖြူက အနီရောင်အခွံရှိသော ရှားပါးမျိုးစိတ်ဖြစ်၍ အရသာက ပုံမှန် ကြက်သွန်ဖြူများကဲ့သို့ အနံ့အသက် မဆိုးရွားပေ။

မွှေးကြိုင်သောရနံ့ပင် ထွက်ပေါ်လာ၍ ဝူဟိုင်း၏မျက်လုံးများ လင်းလက်သွားပြီး မြန်ဆန်စွာ ဝါးသည်။ စူးရှသော ရနံ့ပြင်းပြင်းက လန်းဆန်းတက်ကြွသော စိတ်ခံစားချက်ကို ဖြစ်ပေါ်စေသည်။ ကြက်သွန်ဖြူ တစ်မြွှာ စားပြီးနောက် ဝူဟိုင်း၏ ညစ်ညူးနေသော စိတ်ခံစားချက်များ ပြယ်လွင့်သွားသည်။

“ဒီကြက်သွန်ဖြူက တကယ်ကောင်းတာပဲ”

ဝူဟိုင်းက သူ့ခံတွင်းထဲမှ ကြက်သွန်နံ့ ထွက်သွားမည်ကို စိုးရိမ်၍ ပါးစပ်ကို လက်ဖြင့်အုပ်ကာ စကားပြောသည်။ သို့သော်လည်း ဆိုးရွားသော အနံ့အသက်မဟုတ်ဘဲ မွှေးကြိုင် လန်းဆန်းစေသော ရနံ့ဖြစ်သည်။

အသက်ရှုထုတ်ကြည့်မှ သူ့ခံစားချက် မမှားယွင်းမှန်း အတည်ပြုနိုင်ခဲ့သည်။ သူ လက်တလော အသုံးပြုနေသော သွားတိုက်ဆေးထက်ပင် ခံတွင်းနံ့ကို သင်းကြိုင်စေသည်။

“ဆိုးရွားစေတဲ့ အနံ့အသက် တကယ်မရှိဘူးပဲ”

သူ့ကိုယ်သူ ရေရွတ်ပြီးနောက် နောက်ထပ်ကြက်သွန်ဖြူကို အခွံခွာသည်။

“အဘိုးကျန်း၊ ဒီကြက်သွန်ဖြူက အစာစားချင်စိတ်ကို လှုံ့ဆော်ပေးတယ်။ ဘာလို့များ စမ်းမစားကြည့်တာလဲ”

ဝူဟိုင်းက ကြက်သွန်ဖြူကို အခွံခွာနေစဉ် သူ့ဘေးနားက အဘိုးအိုကို ကြက်သွန်ဖြူ ကောင်းကျိုး ပြောပြရန် မမေ့လျော့ခဲ့ပေ။

“အနံ့ခံကြည့်ပါလား။ စောနတုန်းက ကျွန်တော်စားကြည့်လိုက်ပေမဲ့ ခံတွင်းနံ့မှ မနံ့တာလေ။ ပြီးတော့ အနံ့လည်း မစူးဘူး”

“တကယ်လား။ အနံ့စူးစူး မထွက်ဘူးလား” အဘိုးကျန်းက သူ့တူကို အောက်ချထားလိုက်ပြီး မေးမြန်းသည်။

“စမ်းစားကြည့်ရင် သိသွားလိမ့်မယ်” ဝူဟိုင်းက အဘိုးအိုကို တိုက်တွန်းသည်။

“ကောင်းပြီလေ။ ငါ အရသာမြည်းကြည့်မယ်” အဘိုးကျန်းက ခြိုးခြံ ချွေတာတတ်သူ ဖြစ်၍ ၄၀ယွမ်တန်သော စွပ်ပြုတ်နှင့် ကြက်သွန်ဖြူကို မစားခဲ့လျှင် အလဟဿဖြစ်သွားနိုင်သည်။

ကြက်သွန်ဖြူကို အခွံခွာပြီးနောက် အဘိုးအိုက သူ့ပါးစပ်ထဲ မထည့်ခင် နှာခေါင်းရှုံ့လိုက်သည်။

ကြက်သွန်ဖြူ၏ထူးခြားသောရနံ့က သူလည်း သဘောကျသွားပြီး အစာစားချင်စိတ်ကို လှုံ့ဆော်ပေးသည်။

လူအိုကြီးကျန်းက အသက်ကြီးသောကြောင့် အတွင်းအင်္ဂါအစိတ်အပိုင်းများက အားနည်းသည်။ ယွမ်ကျိုး၏လက်ရာများ ကောင်းမွန်သည့်တိုင် အဘိုးအိုက တစ်ပွဲတည်းဖြင့် ဗိုက်ပြည့်သွားတတ်သည်။ သို့တိုင် ရှောင်လုံပေါင်း (၂)ပွဲစားနိုင်ခြင်းက ခြွင်းချက် ဖြစ်သည်။

ကြက်သွန်ဖြူအစိမ်း စားပြီးနောက် သူက ပို၍ စိတ်အားတက်ကြွလာပြီး ရုပ်ပိုင်းဆိုင်ရာ ပိုအဆင်ပြေလာသည်။ သူ့အစာစားချင်စိတ်လည်း တမဟုတ်ချင်း တိုးတက်လာသည်။

"ဒါက ကြက်သွန်ဖြူ ဟုတ်ရဲ့လား"

"သူဌေးယွမ် သုံးထားတဲ့ ဟင်းချက်ပစ္စည်းတိုင်းက သာမန်ဖြစ်စရာလား"

"ငါက အရင်တည်းက ကြက်သွန်ဖြူ မကြိုက်ပေမဲ့ ဒီနေ့တော့ နှစ်မြွှာ ဆက်တိုက် စားပစ်လိုက်တယ်"

"ကြက်သွန်နှစ်မြွှာကို ၄၀ယွမ်ဆိုတော့ ပျှမ်းမျှတွက်ကြည့်ရင် တစ်ခုကို ၂၀ယွမ်ပေါ့။ အထိုက်အလျောက် ဈေးကြီးပေမဲ့ ထိုက်တန်ပါတယ်"

အနီရောင်အဆင်းရှိသော ကြက်သွန်ဖြူက ချက်ချင်း ပရိသတ် နှစ်ယောက် ရသွားသည်။

ယွမ်ကျိုး၏စားသောက်ဆိုင်က ပုံမှန်ဆိုလျှင် မနက်ခင်းတွင် တစ်နာရီခန့်ဖွင့်သည်။ မနက်ခင်းတွင် ဆိုင်ဖွင့်မ‌ရှိသော်လည်း ပုံမှန်ဖောက်သည်များက ဆိုင်ရှေ့ အမြဲရောက်နေတတ်သည်။ ဆိုင်ရှေ့ရောက်တိုင်းလည်း တံခါးပိတ်ထားသော အခြေအနေနှင့် အမြဲကြုံတွေ့ရသည်။

ယွမ်ကျိုးက သူစားနေသော ခေါက်ဆွဲပြုတ်ကို အငမ်းမရ စားပြီး နည်းနည်း ချန်ထားလိုက်သည်။ ထို့နောက် စားကြွင်းစာကျန် အနည်းငယ်ကို သယ်ဆောင်ကာ နောက်ဖေးလမ်းကြားဘက်သို့ လမ်းလျှောက်လာသည်။

နေ့ဘက်အချိန်အခါ ဖြစ်သောကြောင့် နောက်ဖေးလမ်းသည် မှောင်မည်း စိုစွတ်နေခြင်း မရှိပေ။ ကျောက်တုံးလမ်းကို ရေညှိများ ဖုံးလွှမ်းနေ၍ ရိုးရှင်း တိတ်ဆိတ်သော အငွေ့အသက်ကို ပေးစွမ်းသည်။

နောက်ဖေးလမ်းအစွန်းအထိ ‌လမ်းလျှောက်သွားသောအခါ ကြီးမားသော ပလတ်စတစ်အိတ်ဘေးနားမှာ လှဲလျောင်းနေတတ်သည့် ခွေးကလေးစီ ရောက်သွားသည်။ ယခုတော့ ဤခွေးလေးက သနားချင့်စဖွယ်ကောင်းအောင် ခွေးဟောင်ခြင်း မရှိပေ။ နေ့ဘက်အချိန်အခါ ဖြစ်သောကြောင့် ခွေးလေး၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

၎င်း‌ခွေးသည် ရောဂါကူးစက်ခံရပြီးနောက် ၎င်းခွေးသည် မျိုးကောင်းမျိုးသန့်မဟုတ်ကြောင်း တွေ့ရှိရသောကြောင့် ဤနေရာတွင် စွန့်ပစ်ထားခဲ့ခြင်းဖြစ်နိုင်သည်။

မနေ့ညက မြေကြီးပေါ်မှာတင်ထားတဲ့ ပန်းကန်လုံးက လွတ်နေပြီး ထိုပန်းကန်လုံးကို ခွေးနားသို့ ဆွဲယူသွားသည်။ ယွမ်ကျိုး ရောက်ရှိလာချိန်တွင် အညိုရောင်နှင့်အနက်ရောင်ရောစပ်ထားသော ခွေးလေးသည် ခေါင်းကိုမြှောက်ကာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်အိပ်ကာ မလှုပ်မယှက်ဖြစ်နေပုံရသည်။

ယွမ်ကျိုးသည် ခွေးကို မွေးမြူရန် ရည်ရွယ်ချက် မရှိသေး‌ပေ။ သူသည် ထုံးစံအတိုင်း ခေါက်ဆွဲပြုတ်ကို မြေပြင်ပေါ်ရှိ ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်ပြီးနောက် ပြန်ထွက်သွားသည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော ခွေးလေးသည် ယွမ်ကျိုးကို ကြည့်ကာ ပန်းကန်ထဲရှိ စွပ်ပြုတ်ကို မသောက်ခင် ယွမ်ကျိုး ထွက်သွားကြောင်း သေချာပြီးမှ ၎င်းပန်းကန်လုံးနားသို့ သွားသည်။

ဒီမြင်ကွင်းကို ခွေးလေးဆီ အစားအသောက် ယူလာပေးခဲ့တဲ့ အဖွားတစ်ယောက်က အမိအရ မြင်ခဲ့ခြင်း ဖြစ်သည်။ သူမသည် ဤနေရာ နှင့် မနီးမဝေးတွင် နေထိုင်ပုံရပြီး ပေါင်မုန့်တစ်ဖဲ့ကို လက်ထဲတွင် ကိုင်ထားသည့် သာမန်ချည်သားတီရှပ်ကို ၀တ်ဆင်ထားသည်။

"ဒီကောင်က ဘာလို့ ခွေးစွပ်ပြုတ်ပဲ ပေးရတာလဲ။ မဟုတ်သေးပါဘူး၊ စွပ်ပြုတ်က တော်တော် အနံ့ကောင်းတယ်” သူ့ပတ်ဝန်းကျင်မှာ ပျံ့လွင့်နေတဲ့ ရနံ့ကို ရှူရှိုက်လိုက်ရတဲ့အခါ အဖွားက သူ့စကားကို ပြန်ပြင်ပြောလိုက်သည်။

ထို့နောက် သူမရှေ့တွင်ရှိသော ခွေးလေးကို ချော့ကာ “ခွေးကောင်းလေးရေ စွပ်ပြုတ်ကို မစားရပါဘူး။ မင်းအတွက် ငါမှာ ပေါင်မုန့်ရှိတယ်။ လာပြီး စားပါ"

အပိုင်း(၅၀)

ပြီးပါပြီ။

အပိုင်း(၅၁)

*

"ကဲ အားလုံးပဲ လောင်းကြေးစားကြေး လုပ်ကြမလား။ သူဌေးယွမ်က ဒီမနက်ခင်း ဆိုင်ဖွင့်မှာလား၊ဆိုင်မဖွင့်ဘူးလားဆိုတာကို အလောင်းအစားလုပ်ကြမယ်။ ယဉ်ကျေးသိမ်မွေ့သော အမျိုးသားသည် ရုံးဝတ်စုံနှင့်နက်ကတိုင်ကိုဝတ်ဆင်ကာ သားရေလက်ကိုင်အိတ်ကို ကိုင်ဆွဲထားသည်။ သူက ယွမ်ကျိုး၏စားသောက်ဆိုင်ဝင်ပေါက်တွင် စောင့်နေသောဖောက်သည်များကို လောင်းကြေးစားကြေး ပြုလုပ်ရန် လှုံ့ဆော်နေခြင်း ဖြစ်သည်။ သူ့လက်ကိုင်အိတ်၏ဘယ်နဲ့ညာဘက်တွင် ရှောင်လုံပေါင်းနှင့် ခေါက်ဆွဲစွပ်ပြုတ်အချိုဟူသောစကားလုံးများကို ရေးထိုးထားသည်။

"ကျီတာ ဒီလိုဂိမ်းမျိုးကို မင်း ထပ်ဆော့ချင်ပြန်ပြီလား" သန်မာကြံ့ခိုင်သော အမျိုးသားသည် ၎င်းအမျိုးသားနှင့် ရင်းနှီးပုံပေါက်သည်။

"ငါက အပျော်သက်သက် လောင်းကြေးစားကြေးလုပ်မယ်လို့ပြောတာပါ။ မင်းတို့ရဲ့ အလုပ်အကိုင်ကို မထိခိုက်စေရပါဘူး" လောင်းကစားကို စတင်လိုက်သော အမျိုးသားသည် ပေါ့ပေါ့ပါးပါး ပြန်ပြောသည်။

"မြန်မြန် လောင်းကြေးထပ်ကြ။ အများဆုံးလောင်းကြေးက ၁ ယွမ်ပဲ။ အဲ့ထက်များရင် လက်မခံဘူး"

"သူဌေးယွမ် ဆိုင်မဖွင့်ဘူးလို့ဘဲ လောင်းကြေးထပ်ကြရတာလဲ" မျက်လုံးဝိုင်းဝိုင်းလေးနှင့် ချစ်စရာကောင်းသော ကောင်မလေးသည် ယွမ်၁ယွမ်ကို ထုတ်လိုက်ပြီး စပ်စပ်စုစု မေးမြန်းသည်။

"အလှလေး၊ မင်းက ဘာမှမသိပါဘူး။ ငါတို့က အပျော်သဘောနဲ့ ဆော့တာပါ။ ငါတို့အားလုံးက ဒီကိုလာရတဲ့အကြောင်းအရင်းက မနက်စာ စားဖို့ပဲလေ။ ဆိုင်ဖွင့်ဖို့ဘဲ ငါတို့အားလုံး မျှော်လင့်တာပါ။ သူ အဲ့လိုပဲ အိပ်ပျော်နေမယ်ဆိုရင်လည်း ငါတို့က မနက်စာမစားရဘဲ ပြန်ရမှာပါ" ရုံးဝတ်စုံနဲ့အမျိုးသားသည် ဖြေရှင်းချက်ပေးသည်။

"ဟားဟား အဲ့လိုလား။ ဒါဆိုရင်တော့ ငါက ရှောင်လုံပေါင်းဖက်ကနေ လောင်းကြေးထပ်တယ်" ချစ်စရာကောင်းသော ကောင်မလေးသည် တုံ့ဆိုင်းခြင်းမရှိဘဲ စာရွက်ပေါ်တွင် ချရေးလိုက်သည်။

"ဒီကနေ့ မင်း နိုင်ဖို့ မျှော်လင့်ပါတယ်" ရုံးဝတ်စုံနှင့်အမျိုးသားလေးသည် ကောင်မလေးကို မျက်စပစ်လိုက်ပြီး အထာပေးသည်။ အချိန်တရွေ့ရွေ့ ကုန်ဆုံးလာပြီးနောက် စားသောက်ဆိုင်တံခါးပွင့်မည့်အရိပ်အယောင်ပင် မမြင်တွေ့ရပေ။

"ငါတော့ ပြန်တော့မယ်။ သူဌေးယွမ်က မနေ့ညကတုန်းက စားသောက်ဆိုင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ဖို့ အပြင်ထွက်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်" ပုံမှန်ဖောက်သည်ဖြစ်သော

ဖက်တီးသည် သူ့ဝမ်းဗိုက်ကလေးကို ပွတ်သပ်ကာ ခပ်လှမ်းလှမ်းသို့ လမ်းလျှောက်သွားသည်။

"ဟမ် ဘယ်လိုဖြစ်ရတာလဲ။ အဲ့သူဌေးယွမ်က ညဘက်မှ ပစ္စည်းတွေကို သွားဝယ်စရာလား" ရုံးဝတ်စုံနှင့်အမျိုးသားလေးသည် သူ လောင်းကြေးထပ်ထားသော ငွေပမာဏကိုကြည့်ကာ ပြန်ပြောသည်။

"ဒါပေါ့ သူ ညဘက်ကြီး လိုအပ်တဲ့ပစ္စည်းအသုံးအဆောင်တွေကို သွားဝယ်လို့ မနက်မထနိုင်တာပေါ့" သန်မာကြံ့ခိုင်သောအမျိုးသားသည် ယွမ်ကျိုးဖက်မှ ထောက်ခံပြောဆိုသည်။ ယွမ်ကျိုးက ညဖက်မှ ဈေးဝယ်ထွက်သည်ဟူသော အကြောင်းပြချက်ဖြင့် ဖောက်သည်များကို ချွေးသိပ်ထားခြင်း ဖြစ်သည်။ ထိုမှသာ မနက်စောစောမထရဘဲ နှစ်ခြိုက်စွာ အိပ်စက်ခွင့်ရမည်ဖြစ်သည်။

စားသုံးသူဖောက်သည်များသည် ဤအကြောင်းပြချက်ကြောင့် အထွန့်မတက်ရဲဘဲ လက်ခံကြရသည်။ ဤအချက်က အမှန်တရားလားဆိုတာကို နတ်ဘုရားများသာ သိလိမ့်မည်။ သို့သော်လည်း ယွမ်ကျိုး၏ချိုမြိန်သော အိပ်မက်ကလေးကလည်း ယခုထိတိုင် အဆုံးမသတ်သေးပေ။

"ဒင်"

စနစ်မှ ရုတ်တရက် သတိပေးချက်အသံ ထွက်ပေါ်လာ၍ ယွမ်ကျိုးအိပ်မက်မှ လန့်နိုးလာသည်။

"ဘာဖြစ်တာလဲ" အိပ်ယာပေါ်မှာ လှဲလျောင်းနေသော ယွမ်ကျိုးသည် ဗလုံးဗထွေး ရေရွတ်သည်။ သူက ငိုက်မျဉ်းနေသာအမူအရာဖြင့်

အိပ်ချင်မူးတူးဖြစ်နေသည်။

စနစ်က ညွှန်ကြားသည်။ "ဆိုင်ရှင် ဂုဏ်ယူပါတယ်။ ခင်ဗျားက ဆိုင်ကို တစ်လတိတိ အောင်မြင်အောင် ဖွင့်နိုင်ခဲ့ပါပြီ။ ဒါ‌ကြောင့်မို့လို့ စနစ်က ခင်ဗျားကို အနီရောင်စာအိတ်ကလေး လက်ဆောင်ပေးပါမယ်။ အဲ့စာအိတ်ထဲမှာ ပိုက်ဆံတွေကို ဖြည့်ထားပါတယ်။ ဆိုင်ရှင် အားတဲ့အချိန် ဝင်ယူလို့ ရပါတယ်"

"အနီရောင်စာအိတ် ဟုတ်လား" ယွမ်ကျိုးက အိပ်ချင်မူးတူးအမူအရာဖြင့် ပြန်မေးသည်။

"အနီရောင်စာအိတ် ဟုတ်လား"

"ခဏနေပါဦး။ အနီရောင်စာအိတ်၊ ပိုက်ဆံ‌တွေ အများကြီးဖြည့်ထားတဲ့ အနီရောင်စာအိတ်"

"အိုး ဘုရားသခင်" သူဟာ ထိုစကားကို ထပ်တလဲလဲပြောပြီးနောက် လုံးဝ လန့်နိုးသွားသည်။ အိပ်ယာပေါ်မှ ထခုန်လိုက်ပြီး စနစ်က ပြောသောအချက်ကို အတည်ပြုရန် အလျင်စလို အိပ်ယာမှ ထလာသည်။

"ပိုက်ဆံတွေ ဖြည့်ထားတဲ့အနီရောင်စာအိတ်ပါ။ အချိန်မရွေး ရယူနိုင်ပါတယ်"

"စနစ် ခင်ဗျား‌က ကျုပ်ကို အနီရောင်စာအိတ်ပေးမယ်လို့ ထင်တောင်မထင်ခဲ့မိဘူး။ ခင်ဗျားက အရမ်းကိုမိုက်တာဘဲ" ယွမ်ကျိုးက မယုံကြည်နိုင်စွာ မေးမြန်းသည်။

စနစ်က ဖတ်ပြသည်။

"အနီရောင်စာအိတ်ကို အချိန်မရွေး ရယူနိုင်ပါတယ်"

"ကောင်းပြီ။ ကောင်းပြီ။

၁ ယွမ်တောင် မပါတာတော့ မဖြစ်သင့်ဘူးနော်"

ရင့်ကျက်သော မျက်နှာအမူအရာ နှင့် လူငယ်လေးယွမ်ကျိုးသည် အနီရောင်စာအိတ်ပေါင်းများစွာကို တရုတ်နှစ်သစ်ကူးပွဲတွင် ရရှိဖူးသည်။ တချို့သော အနီရောင်စာအိတ်များသည် ယွမ် ၁ ယွမ်ပင် မထည့်ထားတတ်၍ ယခုလို မေးခွန်းမျိုး မေးမြန်းခြင်းဖြစ်သည်။

စနစ်က အကြောင်းပြချက်မရှိဘဲ သူ့ကို အနီရောင်စာအိတ် ရုတ်တရက်ပေးလာ၍ ယွမ်ကျိုး ပထမဦးဆုံးတွေးမိသောအတွေးက သူ့ကို လှည့်ဖျားရန်ဖြစ်သည်ဟု တွေးမိခြင်းဖြစ်သည်။ ဒုတိယမြောက်အတွေးက စနစ်၏ကပ်စေးနဲသော အကျင့်စရိုက်ဖြင့် သူ့ကို ပေးသော အနီရောင်စာအိတ်ထဲ ယွမ် ၁ ယွမ်ခန့်ပင် မထည့်လောက်ဟု ယူဆမိသည်။ စနစ်က လှည့်ဖျားမှုကို အကြိမ်ပေါင်းများစွာ ခံရသော အတွေ့အကြုံကြောင့် ယွမ်ကျိုးက စနစ်ကို မယုံကြည်ရဲခြင်း ဖြစ်သည်။ စနစ်၏လှည့်ဖျားမှုကို ခံထားရသည်မှာ မကြာသေး၍ ဖြစ်သည်။

စနစ်က ဖတ်ပြသည်။

"ဆိုင်ရှင် တတ်နိုင်သလောက် မြန်မြန်ပဲ ဒီစာအိတ်ကို လက်ခံလိုက်ပါ"

"ဝိုး ဒီလောက်တောင် အလောကြီးနေတာလား။ ကောင်းပြီ။ ကောင်းပြီ။ အခု လက်ခံလိုက်မယ်" ယွမ်ကျိုးက အနီရောင်စာအိတ်အမှတ်အသားပါသော ခလုတ်ကို ထိလိုက်ပြီး အောင်မြင်စွာ လက်ခံယူလိုက်သည်။

ယွမ်ကျိုးက လက်ခံသည့်ခလုတ်ကို နောက်ပြီးနောက် သူ့လက်ပေါ်တွင် အနီရောင်စာအိတ်ထူ ချက်ချင်းပေါ်လာသည်။ စာရွက်၏အထူကို အကဲဖြတ်ကြည့်ရုံဖြင့် ယွမ် ၂သောင်းခန့် ပါနိုင်သည်ဟု ယူဆမိသည်။

"ဒီစာအိတ်ကို ငါ ဖွင့်ကြည့်ရမယ်။ ဒါမှ အရေအတွက် ဘယ်လောက်ပါလဲဆိုတာ သိမှာလေ" ယွမ်ကျိုးက စာအိတ်ကို စုတ်ဖြဲလိုက်သည်။ အနီရောင်စာအိတ်ထဲ ယွမ် ၁၀၀ အပြည့်ဖြည့်ထားသည်ကို မြင်တွေ့လိုက်ရသည်။

"ငါ အိပ်မက်များ မက်နေသလား" ယွမ်ကျိုးက သူ့ကိုယ်သူ သံသယဝင်စပြုလာသည်။ အချိန်အတော်ကြာအောင် တွေးတောပြီးနောက်အိပ်မက်မဟုတ်ကြောင်း လက်ခံလိုက်သည်။

ကြင်နာသနားတတ်သောစနစ်မှ ပေးအပ်သော အနီရောင်စာအိတ်ထဲမှာ ငွေစက္ကူအရေအတွက်ကို ရေတွက်သည်။

"တစ်၊နှစ်၊သုံး၊လေး၊ငါး ..." ငွေစက္ကူစာရွက်များကို နှစ်ကြိမ်တိုင်တိုင် ရေတွက်ပြီးနောက် ယွမ် ၁သိန်းခွဲ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

"စနစ် ခင်ဗျားက တကယ့်ကို အံ့ဩစရာပဲ။ ဒီလိုမျိုး ငွေတွေကို လက်ဆောင်ပေးမယ်လို့ ထင်တောင်မထင်ထားဘူး" ယွမ်ကျိုးက စိတ်လှုပ်ရှားသော ခံစားချက်ဖြင့် ချီးမွမ်းနေသည်။ ခဏကြာပြီးနောက် စနစ်က စာတိုအသစ်ကို ပို့ဆောင်လာသည်။

စနစ်က ဖတ်ပြသည်။

"ဆိုင်ရှင် ခင်ဗျား စီးပွားရေးလုပ်လာတာ တစ်လတိတိ ရှိနေပြီ။ ဒါကြောင့်မို့ နောင် အနာဂတ်မှာ ခင်ဗျားရဲ့ စီးပွားရေး အဆင်ပြေဖို့အတွက် အခွန်ပေးဆောင်သင့်တယ်"

ယွမ်ကျိုး အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

'ဒါက ဘယ်လိုအခြေအနေလဲ။ သူက ရောင်းရတဲ့ငွေရဲ့ ၂၀ရာခိုင်နှုန်း၊ ၃၀ရာခိုင်နှုန်းလောက်ပဲ အကျိုးအမြတ်ရတာလေ။ သူက အခွန်ခကို ထပ်ပေးရဦးမှာလား'

"စနစ်က ခင်ဗျားက အခွန်မဆောင်ဘူးလား။ ခင်ဗျားကိုယ်တိုင် အခွန်ဆောင်ရမှာလေ" ယွမ်ကျိုးက သူပိုင်ဆိုင်ထားသော ငွေစက္ကူကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။

စနစ်က ဖတ်ပြသည်။

"အခွန်ဆောင်ရမယ့် ကျသင့်ငွေက ဒီစားသောက်ဆိုင်မှာ တကယ်ရောင်းရတဲ့အရေအတွက်ရဲ့ ၆ ရာခိုင်နှုန်းပါ"

"တကယ်ရောင်းရတဲ့ အရေအတွက်ကို သေချာ ငါ မတွက်ထားဘူး" သူရဲ့ပင်မဝင်ငွေထဲကနေပြီးတော့ အခွန်ပေးဆောင်ရခြင်းက တရားမျှတမှုမရှိဟု ယွမ်ကျိုး ခံစားမိသည်။ သို့တိုင် စနစ်က ပေးအပ်သော ညွှန်ကြားချက်တိုင်းကို လက်ခံရမည်ဖြစ်၍ အထွန့်တက်ရုံမှအပ မလုပ်ဆောင်နိုင်ချေ။

တခြားသူတွေက မင်းအပေါ် အရမ်းကို သဘောကောင်းနေရင် အဲ့လူကို

သတိထားဆက်ဆံရမယ်ဆိုလို့ ပြောတာက မမှားဘူးပဲ။ ဒီဆိုရိုးစကားက တကယ့်ကို မှန်နေတာဘဲ။ စနစ်က အနီရောင်စာအိတ်ကို ပေးရသည့်အကြောင်းအရင်းကို ယခုမှ သဘောပေါက်သွားသည်။ အခွန်ဆောင်ရဖို့ ရည်ရွယ်ချက်ဖြင့် ငွေအများကြီးကို ပေးခြင်းဖြစ်သည်။

"ဒီလအတွက် ဆိုင်ရှင်ရဲ့ရောင်းရငွေက ၃,၅၈၉,၈၀၀ ယွမ် ပါ။ ဒါကြောင့်မို့လို့ စုစုပေါင်းရောင်းရငွေရဲ့ ၆ ရာခိုင်နှုန်းက ၂၁၅,၃၈၈ ယွမ်ပေးရပါမယ်"

"စနစ်၊ ခင်ဗျားက ကျွန်တော့်ကို ယွမ် ၁သိန်းခွဲ‌ပဲ ပေးထားတာလေ။ ကျန်တဲ့ငွေကို ဘယ်ကနေ ရှာရမှာလဲ"

စနစ်က ဖတ်ပြသည်။

"ဆိုင်ရှင်က ကိုယ့်ဘာသာကိုယ် ပေးရပါမယ်"

"အရမ်းကို ကောင်းတယ်။ အရမ်းကို ကောင်းလွန်းတဲ့စနစ်" ယွမ်ကျိုးမှာ သူ ကြုံရသောအခြေအနေကြောင့် အရမ်းကို ဆွံ့အနေရသည်။ စနစ်မှ အနီရောင်စာအိတ်ကို လက်ဆောင်ရ၍ ပျော်နေသော်လည်း ပေးဆောင်ရမည့်အခွန်ငွေကို သူ့အိတ်ထဲမှ ထပ်မံစိုက်ရဦးမည်။ ယခင်က ပျော်ရွှင်နေသော စိတ်အခြေအနေသည် ပူဆွေးသောကရောက်သော အခြေအနေသို့ ချက်ချင်း ပြောင်းလဲသွားသည်။

အခွန်အတွက် ၆၅,၃၈၈ ယွမ် အပိုပေးဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် သူအရင်က ပျော်ရွှင်သော စိတ်သည် တစ်ခဏချင်း တုန်လှုပ်သွားသည်။ ယွမ်ကျိုးသည် ၆၉၇,၉၆၀ ယွမ်ကို ပြီးခဲ့သည့်လက ရရှိခဲ့သော်လည်း ပေးဆောင်ရမည့် အခွန်အကြောင်း တွေးရုံဖြင့် သူ့နှလုံးသားထဲတွင် လွန်စွာ နာကျင်ကိုက်ခဲနေသေးသည်။

“အခွန်ဆောင်ပြီးရင် ကျန်တဲ့ငွေက ၆၃၂,၅၇၂ ယွမ်ပဲ။ ငါ တစ်လလုံး ကြိုးစားခဲ့ရသမျှ ပိုက်ဆံတွေကတော့ ကုန်တော့မှာပဲ။ ဘဝက တကယ့်ကို ခက်ခဲလိုက်တာ"

ယွမ်ကျိုးက ရေချိုးရင်း ငြီးတွားသည်။

သူ့စကားတွေကို တခြားသူများကြားလျှင် တခြားသူများက ယွမ်ကျိုးကို ရိုက်နှက်ပစ်လိမ့်မည်။ တစ်လကို ယွမ်ခြောက်သိန်း နဲ့ ဘဝက ခက်ခဲတယ်လို့ ပြောရသလား။

ယခင်က ကြယ် ၃ ပွင့်ရှိ‌သောဟိုတယ်၏ မီးဖိုချောင်တွင် အလုပ်လုပ်ခဲ့စဥ်က သူ့ရဲ့လစဉ်လစာသည် ယွမ် ၃၀၀၀ ဖြစ်သည်။ ဤအလှည့်အပြောင်းသည် လွန်ခဲ့သော နှစ်၂၀ အတွင်း သူ ရခဲ့ဖူးသမျှငွေများနှင့် ညီမျှပြီး ကော်လံဖြူအများစု၏ တစ်နှစ်တာ လစာထက် သာလွန်ခဲ့သည်။

ယွမ်ကျိုးက ဤအချက်ကို သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။ သို့တိုင် အမှန်တရားကို ရှောင်တိမ်းမရ၍ အခွန်ခ ပေးရန် ဆုံးဖြတ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အနည်းငယ်သော ငြီးတွားသံများကို နားလည်နိုင်သည်။

စိတ်ပျက်လက်ပျက်ဖြင့် ယွမ်ကျိုးက အိပ်ယာစောစောထပြီး စားသောက်ဆိုင်အနောက်တံခါးမှ အပြင်ဘက်သို့ ထွက်ရန် ကြိုးစားသည်။ အပြင်ထွက်သောအခါ လေလွင့်ခွေးလေးအတွက်‌ ခေါက်ဆွဲပြုတ်ကို ယူလာဖို့ မမေ့လျော့ခဲ့ပေ။

"တက္ကစီ"

ယခုအခြေအနေတွင် ယွမ်ကျိုးက ချမ်းသာသော အဆင့်အတန်းသို့ ရောက်ရှိနေ၍ ဘယ်သွားသွား တက္ကစီဖြင့် သွားလာလေ့ရှိသည်။ ယွမ်ကျိုးက ကားမောင်းလိုင်စင်လည်း မရှိသည့်အပြင် ကားမောင်းခြင်းကို မနှစ်သက်သောကြောင့် ကားမဝယ်သေးခြင်း ဖြစ်သည်။

“ကားဆရာရေ ကျေးဇူးပြု၍ စည်ပင်အခွန်ရုံးကို မောင်းပို့‌ပေးပါ ” ယာဉ်မောင်းကို သွားမည့်နေရာကို ပြောပြပြီးနောက် ယွမ်ကျိုးသည် တက္ကစီပေါ်တွင် ငြိမ်သက်စွာ အနားယူရင်း လိုက်ပါသွားသည်။

အပိုင်း(၅၁)

ပြီးပါပြီ။

All Chapters