အခန်း (၅၂-၅၄)
Vol. 4 Ch. 52-54
အပိုင်း(၅၂)
*
"ဇီ ဇီ"
တက္ကစီက ကားပါကင်ထိုးရန် သတ်မှတ်ထားသောနေရာမှာ ရပ်တန့်လိုက်သည်။
"လူကြီးမင်း သွားချင်တဲ့ မြို့တော်စည်ပင်အခွန်ဌာနရုံးကို ရောက်ရှိပါပြီ။ ၂၂ယွမ် ကျသင့်ပါတယ်" ကားပါကင်ထိုးပြီးနောက် ယာဉ်မောင်းက ယွမ်ကျိုးကို စကားလှည့်ပြောသည်။
"ကျေးဇူးပါပဲ၊ ဒီမှာ ၂၅ယွမ် ယူလိုက်ပါ" ယွမ်ကျိုးက သူ့အမဲရောင်ခေါက်အိတ်ထဲမှ ၂၅ယွမ်ကို ထုတ်လိုက်သည်။ ယာဉ်မောင်းက ပြန်အမ်းငွေကို မပေးခင် စိန်ပြေနပြေ ပြန်ထိုင်နေလိုက်သည်။ ယာဉ်မောင်းက ပြန်အမ်းငွေကို အလျင်အမြန် ပြန်ပေးသည်။ ခဏကြာပြီးနောက် ယွမ်ကျိုးက ပြန်အမ်းငွေ ၃ယွမ်ကို ပိုက်ဆံအိတ်ထဲထည့်ကာ ပေါ့ပေါ့ပါးပါး အမူအရာဖြင့် တက္ကစီပေါ်မှ ဆင်းလာသည်။
အခွန်ပေးဆောင်ရသော အစိုးရဌာနသည် တက္ကစီကားရပ်ခဲ့သောနေရာနှင့် ၂၀၀မီတာခန့် ကွာဝေးသည်။ ယွမ်ကျိုးက ရုပ်ရင့်သည်ဟုထင်ရသော်လည်း ၁၇၇ စင်တီမီတာ အရပ်အမြင့်ရှိသည်။ သွက်လက်သော ခြေလှမ်းများဖြင့် ပင်မခန်းမဆောင်သို့ ၅မိနစ်အတွင်း ရောက်ရှိသွားသည်။
အခွန်အစိုးရဌာန၏ပင်မခန်းမဆောင်သည် ကျယ်ဝန်းပြီး မီးရောင်များဖြင့် လင်းလက်နေသည်။ အခွန်ပေးဆောင်ရန်နေရာကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ယွမ်ကျိုးက အခွန်ပေးဆောင်ရန် စိတ်ပိုင်းဖြတ်ထား၍ အခွန်ဆောင်ရမည့်နံပါတ်ကို ရယူရန် တန်းစီလိုက်သည်။
အခွန်ပေးဆောင်ရသော အစိုးရဌာန၏လုပ်ငန်းစဉ်သည် ဘဏ်တစ်ခု၏လုပ်ငန်းစဉ်နှင့် တူညီသည်။ စားသောက်ဆိုင်အရွယ်အစားကို အတည်ပြုခြင်း၊ လုပ်ငန်းလိုင်စင်ပြသခြင်းနှင့် နောက်ဆုံးပေးဆောင်ရမည့်ပမာဏတို့ကို ဖော်ပြရသည်။ ယွမ်ကျိုး၏စားသောက်ဆိုင်ကဲ့သို့ တစ်ဦးပိုင်လုပ်ငန်းတစ်ခုချင်းအတွက် အခွန်နှုန်းထားမှာ ပုံသေမဟုတ်ပေ။ သို့သော်လည်း ယွမ်ကျိုး၏ စားသောက်ဆိုင်သည် တခြားစားသောက်ဆိုင်လေးများနှင့်ကွဲပြားစွာ ဟင်းပွဲများက ဈေးကြီးသောကြောင့် အသေးစားအခွန်ထမ်းအဖြစ် အခွန်ပေးဆောင်းရမည်ဖြစ်သည်။
ဥပမာအားဖြင့် တစ်ဦးပိုင်စီးပွားရေးလုပ်ငန်းအခွန်ထမ်းသူများ၊ အသေးစားအခွန်ထမ်းသူများ၊ ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်လုပ်ငန်းစသည်ဖြင့် အမျိုးမျိုးသောအခွန်ထမ်းများအတွက် ကောင်တာများစွာရှိကြပြီး အားလုံးသည် အတော်လေး ရှုပ်ထွေးပါသည်။ စားသောက်ဆိုင်များနှင့် အကြီးစားစားသောက်ကုန် နှင့် အဖျော်ယမကာလုပ်ငန်းများအတွက် ဘဏ်များမှတစ်ဆင့် ငွေလွှဲခြင်းဖြင့် အခွန်ပေးဆောင်လေ့ရှိသည်။ အမှန်တကယ်တော့ ယွမ်ကျိုးက ဘဏ်မှ ငွေလွှဲခြင်းဖြင့် အခွန်ပေးဆောင်နိုင်ပါသည်။ သို့သော် သူသည် လုပ်ငန်းလိုင်စင်ရရှိပြီးနောက် ပထမဦးဆုံးရရှိသောဝင်ငွေကို အခွန်ဌာနတွင် အသိပေးလုပ်ဆောင်ရမည်ဖြစ်သောကြောင့် လူကိုယ်တိုင် အခွန်ဆောင်ရန် ရောက်ရှိလာခြင်းဖြစ်သည်။
ယွမ်ကျိုးက စာရွက်အလွတ်ပုံစံလေးကို ကိုင်ဆောင်ပြီး ချီတုံချတုံဖြင့် ဖောင်တွင် ဝင်ငွေနည်းကြောင်း ကြေညာနိုင်သလား တွေးနေမိသည်။ ဤနည်းဖြင့်သာ အခွန်ပိုပေး ဆောင်ရခြင်းမှ ရှောင်ရှားနိုင်လိမ့်မည်။ သို့သော်လည်း သူ့စားသောက်ဆိုင်တွင် ရှင်းလင်းစွာဖော်ပြထားသော ဟင်းပွဲဈေးနှုန်းများနှင့် ဖောက်သည်အစုအဝေးကို ကြည့်ရုံဖြင့် သူ စစ်ဆေးခံရသည့်အခါ ချက်ချင်း သိသွားနိုင်သည်။ နောက်ဆုံးတွင်မူ အတော်ကလေး တုံ့ဆိုင်းပြီးမှ စနစ်မှပေးသော ငွေပမာဏကို ချရေးရန် ဆုံးဖြတ်ခဲ့သည်။
မကြာခင်မှာပဲ ယွမ်ကျိုးအလှည့်သို့ ကျရောက်လာ၍ ကောင်တာ(၁) မှ နာမည်လှမ်းခေါ်သည်။
"မင်္ဂလာပါရှင့်၊ ကျေးဇူးပြုပြီးတော့ လူကြီးမင်းရဲ့လုပ်ငန်းလိုင်စင်နဲ့ စောနက ဖြည့်ထားတဲ့ဖောင်ကို ပေးပါ" ကောင်တာနောက်တွင် ချိုသာသောအသံဖြင့် ပြောဆိုတတ်သော မိန်းကလေးတစ်ယောက်ရှိသည်။
ယွမ်ကျိုးက သူပြင်ဆင်ထားသော စာရွက်စာတမ်းအားလုံးကို ကောင်တာနောက်မှ မိန်းကလေးစီ တစ်ပြိုင်နက်တည်း ပေးလိုက်သည်။
"အားလုံး ဒီမှာပါ" ထိုစကားကို ပြောပြီးနောက် ယွမ်ကျိုးက သူ့ဘဏ်ကတ်ကို ထုတ်လိုက်ပြီး အခွန်ခပေးဆောင်ရန် အသင့်ပြင်ဆင်ထားသည်။ ယွမ်ကျိုးက အစပိုင်းတွင် ငွေသားဖြင့် ပေးရန် ရည်ရွယ်ထားသော်လည်း ငွေရေတွက်သည့်အခါ ကြာမြင့်မည်ကို စိုးရိမ်သောကြောင့် ဘဏ်ကတ်နှင့်ရှင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် ယွမ် ၂သိန်းကို ငွေသားဖြင့် ကိုင်ဆောင်လျှင် အိတ်ကြီးကြီးမားမားဖြင့် သယ်ဆောင်ရမည်ဖြစ်၍ အများစိတ်ဝင်စားခြင်းကို ခံနေရမည်ဖြစ်သည်။
ဖြစ်နိုင်ချေရှိသော အခက်အခဲများကို စဉ်းစားပြီးနောက် ငွေသားဖြင့် ပေးမည့်အစီအစဉ်ကို စွန့်လွှတ်လိုက်သည်။
"လူကြီးမင်း၊ ငွေပမာဏမှားပြီး ရေးမိသလား။ ဒီဖောင်က ပြန်ပြင်လို့မရဘူးနော်။ အသစ်ရေးဖို့ လိုအပ်တယ်"
ကောင်တာမှ ကောင်မလေးသည် ဖောင်ကို ကိုင်ဆောင်ပြီး မေးမြန်းသည်။
"ဟင့်အင်း၊ မမှားပါဘူး။ အမှန်အတိုင်း ရေးခဲ့တာပါ" ယွမ်ကျိုးက ခေါင်းခါပြီးတော့ ယုံကြည်လက်ခံအောင် ပြန်ပြောသည်။
"ရှင့်စားသောက်ဆိုင် အရွယ်အစားက ၃၀မီတာပတ်လည်ပဲ ရှိတယ်။ ဒါပေမယ့် ရှင် ပေးရမယ့်အခွန်ပမာဏက တော်တော်များနေတယ်နော်။ ရှင် နံပါတ်မှားမဖြည့်တာ သေချာရဲ့လား" ကောင်မလေးက စိတ်ရှုပ်သောလေသံဖြင့် သေသေချာချာ ရှင်းပြသည်။
ထို့အပြင် သူမက ဖြည့်စွက်ပြောလိုက်သေးသည်။
"ရှင် ဒီစာရွက်ကိုပေးပြီးရင် ဒီလောက်များတဲ့ အခွန်ပမာဏကို ပေးရတော့မှာနော်"
"ငါရဲ့စားသောက်ဆိုင်က ထူးခြားတယ်။ ပမာဏက မှန်ကန်ပါတယ်။ အဲ့ပမာဏပဲ" ယွမ်ကျိုးက ဆုံးဖြတ်ချက် ပိုင်နိုင်သော လေသံဖြင့် ပြန်ပြောသည်။ ကောင်မလေးကလည်း စိတ်ရှုပ်ထွေးသွားပြီး သူ့ကို သတိပေးရန် မကြိုးစားတော့ပဲ အထက်လူကြီးကို အသိပေးရန် ဘဲလ်တီးလိုက်သည်။
"ရှောင်ရှန်၊ ဘာပြဿနာဖြစ်လို့လဲ" နဖူးပြောင်ပြောင်နှင့်အမျိုးသားသည် သူတို့နားရောက်လာသည်။ ရှောင်ရှန်ကလည်း အခြေအနေကို ၎င်းအမျိုးသားနားလည်အောင် အကျဉ်းချုပ် ရှင်းပြသည်။ ထို့နောက် ၎င်းအမျိုးသားသည် ခေါင်းမော့လိုက်ပြီး စိတ်အားထက်သန်စွာဖြင့် ထိုင်နေသော ယွမ်ကျိုးကို ကြည့်လိုက်သည်။
"ရှောင်ရှန်၊ ငါ သူနဲ့ စကားပြောလိုက်မယ်" နဖူးပြောင်ပြောင်နှင့်အမျိုးသားသည် ကောင်မလေးကို ဘေးတွန်းထုတ်လိုက်ပြီး ကောင်မလေး၏ထိုင်ခုံမှာ ထိုင်လိုက်သည်။
"လူငယ်လေး၊ ဒီစာရွက်မှာ ဖောင်ဖြည့်ရင် သေချာ ဂရုစိုက်ပြီး ဖြည့်ပါ။ မင်းဖြည့်တာတွေက မှားနေတယ်။ ဒီလိုဆက်ဖြည့်နေရင် နောင်အနာဂတ်မှာလည်း ဒီလိုနှုန်းထားနဲ့ အခွန် ပေးဆောင်နေရမယ်။ မင်းရဲ့ဆိုင်သေးသေးလေးက ဒီလောက် အခွန်ကိုပေးဖို့အတွက် မတတ်နိုင်လောက်ဘူး" နဖူးပြောင်ပြောင်နှင့်အမျိုးသားသည် ပေါ့ပေါ့ပါးပါးလေသံဖြင့် ယွမ်ကျိုးကို သတိပေးစကား ပြောသည်။
"အားနာပါတယ်။ ခင်ဗျားပြောတာတွေကို ကျုပ် နားမလည်ဘူး။ ခင်ဗျားတို့ လိုအပ်တဲ့ စာရွက်စာတမ်းအားလုံးကို ပေးပြီးပြီလေ။ ပြဿနာရှိလို့လား" ယွမ်ကျိုးက နဖူးပြောင်ပြောင်နှင့်အမျိုးသား၏လက်ထဲမှ စာရွက်စာတမ်းများကို လက်ညှိုးထိုးပြသည်။
"မင်းက အရမ်းခေါင်းမာတဲ့သူပဲ။ မင်းသေချာနားမထောင်ဘူးလား။ စာရွက်စာတမ်းတွေကို မဖြည့်ခင် သေချာစဉ်းစားရင် ပိုကောင်းလိမ့်မယ်" နဖူးပြောင်ပြောင်နှင့်အမျိုးသားသည် ယွမ်ကျိုး၏ သဘောထားကြောင့် စိတ်ဆိုးသွားသည်။ ယွမ်ကျိုးသည် သူ့အကြံဉာဏ်ကို လုံးဝလိုက်နာရန် မရည်ရွယ်ကြောင်း သူ သဘောပေါက်လိုက်သည်နှင့် စာရွက်စာတမ်းများကို လှန်ဖွင့်လိုက်ပြီး လက်ခံရန် ပြင်ဆင်လိုက်သည်။
ယခင်စာရွက်စာတမ်းများအားလုံးက ပုံမှန်အတိုင်းဖြစ်နေသောကြောင့် အာဏာပိုင်များက အတည်ပြုထားသောစျေးနှုန်းကို ဖော်ပြသည့် စာရွက်စာတမ်းဆီသို့ တိုက်ရိုက်လှန်ကြည့်လိုက်သည်။
ယွမ်ကျိုး၏စားသောက်ဆိုင်အတွက် ကြေညာပြီး အတည်ပြုထားသော အခြေခံစျေးနှုန်းမှာ ကြက်ဥကြော်ထမင်းကြော်တစ်ပွဲ ၁၈၈ ယွမ်ဖြစ်သည်။ ယခင်က ကုန်စည်ဈေးနှုန်းများစည်းကြပ်ဌာနသို့ အချက်အလက်များ တင်သွင်းသောအခါတွင် ဝန်ထမ်းများအားလုံးသည် ယွမ်ကျိုးသည် အပျော်သဘောဖြင့် စားသောက်ဆိုင်ဖွင့်ခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။ ဒီလောက်စျေးကြီးတဲ့ ကြက်ဥကြော်ထမင်းကြော် စားဖို့ရန်အတွက် ဧရိယာစုစုပေါင်း စတုရန်းမီတာ(၅၀)အောက်ရှိတဲ့ သေးငယ်တဲ့ စားသောက်ဆိုင်ကို ဘယ်သူက သွားစားလိမ့်မည်နည်း။
မည်သို့ပင်ဆိုစေကာမူ နဖူးပြောင်ပြောင်နှင့်အမျိုးသားသည် ကြက်ဥထမင်းကြော်၏စျေးနှုန်း နှင့် ယွမ်ကျိုး၏ကြေငြာထားသော ၀င်ငွေကြောင့် အံ့အားသင့်သွားခဲ့သည်။ စျေးနှုန်းမှန်ကန်ပါက ယွမ်ကျိုးအတွက် ဤကဲ့သို့သော ၀င်ငွေကို ကြေငြာရန်မှာလည်း ပုံမှန်ပင်ဖြစ်သည်။ ထူးထူးခြားခြားခံစားရတာက လုပ်ငန်းလိုင်စင်မိတ္တူပေါ်မှာ ရှင်းရှင်းလင်းလင်းရေးထားတဲ့ စားသောက်ဆိုင်ရဲ့ အရွယ်အစားပါပဲ။ စားသောက်ဆိုင်၏အရွယ်အစားက (၃၀)စတုရန်းမီတာသာရှိသည်။
နဖူးပြောင်ပြောင်နှင့်အမျိုးသားက သူ့အရှေ့က လူသည် အေးဆေးတည်ငြိမ်သော အမူအရာရှိသည်ဟု ခံစားမိသည်။
စာရွက်အားလုံးကို တိတ်တိတ်ဆိတ်ဆိတ် ခွဲထုတ်ပြီးနောက် နဖူးပြောင်ပြောင်နှင့်အမျိုးသားက “လူကြီးမင်းရဲ့ စာရွက်စာတမ်းအားလုံးကို ကျုပ် အတည်ပြုပြီးပါပြီ။ လူကြီးမင်း ပေးဆောင်ရမယ့် အခွန်ပမာဏက ၂၁၅,၃၈၈ ယွမ်ပါ။ ငွေသား သို့မဟုတ် ဘဏ်ကတ်ဖြင့် ပေးချေလိုပါသလား"
"ဘဏ်ကတ်နဲ့" ယွမ်ကျိုးက သူ့ပိုက်ဆံအိတ်ထဲမှ ဘဏ်ကတ်ကို ထုတ်ယူလိုက်ပြီး ကောင်တာအတွင်းမှ နဖူးပြောင်ပြောင်နှင့်အမျိုးသားအား ပေးလိုက်သည်။
“ကျေးဇူးပြုပြီး ခဏလေးစောင့်ပါ” POS စက်မှတစ်ဆင့် ကတ်ကို ပွတ်ဆွဲပြီးနောက် "ကျေးဇူးပြု၍ သင့်စကားဝှက်ကို ထည့်ပါ" ဟု အသံတစ်ခုထွက်ပေါ်လာသည်။
ခဏအကြာ ယွမ်ကျိုးသည် ယွမ် ၂၀၀ ပြေစာနှင့်အတူ အခွန်ဌာနမှ ထွက်လာခဲ့သည်။ ခေါင်းကို လှည့်၍ တံခါးကို လှမ်းကြည့်လိုက်သောအခါ အခွန်ဌာနသည် ငွေဝါးမြိုနေသော သားရဲနှင့်တူသည်ဟု ထင်မြင်မိသည်။
တစ်ဖက်တွင် နဖူးပြောင်ပြောင်နှင့်အမျိုးသားသည် စာရွက်စာတမ်းအားလုံး၏မိတ္တူများကို စုဆောင်းကာ သူ့ဘေးတွင်ရပ်နေသော ရှောင်ရှန်အား "ဒီအမှုကို တိုင်းမှူးကို စစ်ဆေးဖို့ ငါယူသွားလိုက်မယ်"ဟု ပြောလိုက်သည်။
"ကောင်းပါပြီ။ အနှောင့်အယှက်ပေးရတဲ့အတွက် တောင်းပန်ပါတယ်။" ရှောင်ရှန်က နောက်တစ်ကြိမ်ထိုင်ပြီးနောက် နောက်ထပ် ကိစ္စများကို လုပ်ဆောင်ခဲ့သည်။
ယွမ်ကျိုး၏ဖိုင်များကိုယူကာ နဖူးပြောင်ပြောင်နှင့်အမျိုးသားသည် ရုံးချုပ်သို့သွားခဲ့သည်။
“ဒေါင်ဒေါင်” က တံခါးလာခေါက်တယ်။
"အထဲကို ဝင်ခဲ့ပါ" အတွင်းမှ အားပြင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ဒုဌာနမှူးလီ၊ လာထိုင်။ ဘာဖြစ်တာလဲ" တံခါးဖွင့်ပြီးနောက်တွင် စမတ်ကျသော ၀တ်စုံ သပ်သပ်ရပ်ရပ် ဖြီးထားသော ဆံပင်၊ လိမ္မာပါးနပ်သော အမူအရာနှင့်သက်လတ်ပိုင်း အမျိုးသားတစ်ဦးက အလျင်အမြန် ပြောလိုက်သည်။
“ဌာနမှူး၊ ဒီလိုပါပဲ…” ဒုဌာနမှူးဖြစ်သော နဖူးပြောင်ပြောင်နှင့်အမျိုးသားသည် အခြေအနေကို အတိုချုံးပြီး အဓိကအချက်ကို အကျဉ်းချုံးပြောပြသည်။
“ကောင်းပါပြီ၊ ဒုဌာနမှူး လီ။ စားသောက်ဆိုင်ငယ်တစ်ခုသည် ဤမျှကြီးမားသော ၀င်ငွေပမာဏကို ကြေငြာနိုင်သည်မှာ သံသယဖြစ်စရာပဲ" ဌာနမှူးက နဖူးပြောင်ပြောင်နှင့်အမျိုးသား၏ သံသယများကို ဦးစွာသဘောတူခဲ့သော်လည်း ဆန့်ကျင်ဘက်အားဖြင့် “ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မှာ ဘာအထောက်အထားမှ မရှိဘူးလေ။ ဒါနဲ့ ဒုဌာနမှူးလီက အခြေအနေကို စစ်ဆေးဖို့ စားသောက်ဆိုင်ကို ကိုယ်တိုင် သွားရောက်ပေးရမယ်။ ခင်ဗျားအဖို့ ဒုက္ခနည်းနည်းခံရလိမ့်မယ်”
"ကျွန်တော်တို့က အခွန်ထမ်းတွေရဲ့ ပံ့ပိုးမှုကို ခံရတဲ့အတွက် လက်တွေ့ကျတဲ့ အလုပ်တွေလည်း လုပ်ရမှာပေါ့"
“ကောင်းပြီ။ မနက်ဖြန် ကျနော် သွားပြီး စစ်ဆေးမယ်။" ဌာနမှူးက အမိန့်ပေးထားတာကိုမြင်တော့ နဖူးပြောင်ပြောင်နှင့်အမျိုးသားက သဘောတူခဲ့သည်။
...
ယွမ်ကျိုးက တံခါးဝကို ဖြတ်ကျော်လိုက်သည်နှင့် မစ်ရှင်အသစ်တစ်ခုကို ရုတ်တရက် ပေါ်လာသည်။
မည်သို့ပင်ဆိုစေကာမူ မစ်ရှင်၏အကြောင်းအရာများသည် ယွမ်ကျိုးကို အံ့အားသင့်စေခဲ့သည်။
အပိုင်း(၅၂)
ပြီးပါပြီ။
အပိုင်း(၅၃)
*
ယွမ်ကျိုးက အခွန်ပေးဆောင်ရာ အစိုးရဌာနမှ ထွက်လာလာချင်း မစ်ရှင်အသစ်ကို လက်ခံရရှိသည်။
သို့သော်ငြားလည်း မစ်ရှင်၏အကြောင်းအရာများက ယွမ်ကျိုးကို မှင်တက်စေသည်။
"စနစ်၊ ဒါက ဘယ်လိုသောက်ကျိုးနည်း မစ်ရှင်မျိုးလဲ" ယွမ်ကျိုးက စိတ်ပျက်အားလျော့စွာဖြင့် ကူကယ်ရာမဲ့ ပြောလိုက်သည်။
စနစ် "ဆိုင်ရှင်က အဆင့်၂ကို ရောက်သွားပြီဆိုတော့ အဆင့်မြှင်တင်ဖို့ အထူးအဆင့်သတ်မှတ်ချက် မစ်ရှင်ကို တရားဝင် ဖွင့်လိုက်ပါပြီ"
[အဆင့်မစ်ရှင်၁] “ဆိုင်ရှင် ဒီကနေ့က စပြီးတော့ သုံးရက် ဆိုင်ပိတ်ထားပေးပါ]
(မစ်ရှင်အညွှန်း: ကျွမ်းကျင်စားဖိုမှူးအဖြစ် ရွေးချယ်ခံရဖို့ အစားအသောက် ခရီးစဉ်လေး ထွက်သင့်တယ်မလား။ သွားကြမယ်။ လူငယ်လေးရေ တစ်လောကလုံး လှည့်ပတ်သွားကြမယ်)
[မစ်ရှင်ဆုလာဘ်] ဖရဲသီးအချိုရည်
“စနစ်၊ ငါက ခရီးသွားရတာ တကယ် မကြိုက်ဘူး" ယွမ်ကျိုးက အလုပ်ကြိုးစားသော လူငယ်လေးအမူအရာဖြင့် ခပ်တန်းတန်း ပြောဆိုသည်။
စနစ်"ဆိုင်ရှင်ရဲ့စွန့်စားလိုတဲ့ခံစားချက်ကို ဖော်ပြထားပြီသားပါ။ ကိုယ့်ဘာသာကိုယ် လိမ်ညာနေဖို့ မကြိုးစားပါနဲ့။ အဆင့်မစ်ရှင်ကို ငြင်းပယ်ခွင့် မရှိပါဘူး"
အခွန်ရုံးအရှေ့မှာ တွေဝေသော အမူအရာဖြင့် မတ်တတ်ရပ်နေခြင်းက ပို၍ထူးဆန်းသည်။ ထို့ကြောင့် ယွမ်ကျိုးက ခြေလှမ်းခပ်သွက်သွက် လှမ်းပြီး တက္ကစီး ငှားရန် ပြင်ဆင်သည်။ လမ်းတစ်လျှောက်တွင် စနစ်နှင့် ငြင်းခုန်ရန်လည်း မမေ့လျော့ခဲ့ပေ။
"စနစ်ရယ်၊ ဒီလိုစွန့်စားမှုမျိုးခိုင်းစေပြီး အပြစ်မပေးပါနဲ့။ ဒီလို သတ်မှတ်ချက်က ခင်ဗျားရဲ့အတွေးသက်သက်လေ"
သို့သော်ငြားလည်း စနစ်က ခွန်းတုံ့မပြန်ခဲ့ပေ။
"ကားဆရာရေ၊ ကျွန်တော်ကို နံပါတ်၁၄ ထောင်ရှီးလမ်း ပို့ပေးပါ"
ယွမ်ကျိုးက လက်ဆန့်ကာ တက္ကစီး တားလိုက်သည်။ ဒါရိုက်ဘာကို သွားမည့်နေရာ အတိအကျ ပြောပြီးနောက် စားသောက်ဆိုင်ပိတ်မည့် အကြောင်း မည်သို့သောအကြောင်းပြချက် ပေးရမလဲ အကြံထုတ်နေခဲ့သည်။
ရုတ်တရက် သူ့ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်ပြီး သူ့လက်ကို အောက်ချလိုက်ကာ အိတ်ကပ်ထဲမှ မိုဘိုင်းလ်ဖုန်းကို ဆွဲထုတ်သည်။ အင်တာနက်ဖွင့်ကာ တချို့သော အချက်အလက်များကို ရှာဖွေသည်။
“ကျီးလျို”
“ရောက်ပါပြီ” ဒါရိုက်တာက စကားအများကြီး မပြောပေ။ ထိုစကားကိုပြောပြီးနောက် ယွမ်ကျိုး တက္ကစီးခ ပေးမည့်အချိန်ကို စောင့်ဆိုင်းနေသည်။
“ကျေးဇူးတင်ပါတယ် လူကြီးမင်း” ယွမ်ကျိုးက ကျသင့်ငွေကို ပေးပြီးနောက် နောက်ဖေးတံခါးမှ တဆင့် စားသောက်ဆိုင်ထဲ ပြန်ဝင်သည်။
အမှိုက်ပုံးအနား ဖြတ်သွားစဉ် ပလတ်စတစ်အပြားပေါ်မှာ လှဲလျောင်းနေသောအမွေးဖွာ ခွေးကလေးသည် ယွမ်ကျိုး သူ့အနားမှ ဖြတ်သွားခြင်းကို သတိမပြုမိပေ။
ယွမ်ကျိုးက နောက်ဖေးလမ်းကြားမှ ပျောက်ကွယ်သွားမှ ခေါင်းမော့ကာ ကြည့်သည်။
ယွမ်ကျိုးက နောက်ဖေးတံခါးကို ဖွင့်ကာ အထဲဝင်သည်။ လေးအေးက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
သူက ဒုတိယထပ်သို့ အလျင်အမြန် ပြေးတက်သွားပြီး သူ့အိပ်ရာဘေးနားက အံဆွဲကို ဖွင့်လိုက်သည်။ အံဆွဲထားမှာ မသုံးရသေးသော A4စာရွက်တချို့ ရှိသည်။ သူက ဘောပင်ကို ကောက်ယူလိုက်ပြီး စာရွက်ပေါ်မှာ စကားလုံး တချို့ကို ရေးသားသည်။
နောက်ဘက်တံခါးမှ မော်ကြွားစွာ ထွက်လာပြီးနောက် ယွမ်ကျိုးက ကောင်လေးတစ်ယောက်ကို ၂ယွမ်ပေးပြီး သူ့ဆိုင်တံခါးအရှေ့မှာ စာရွက်ကပ်ခိုင်းသည်။ နေ့လည်စာ စားချိန် နီးကပ်နေ၍ တခြားသူများ သတိမထားမိခင် ဆိုင်တစ်ဆိုင်မှာ သွားစားရန် ပြင်ဆင်သည်။
ယွမ်ကျိုးကိုယ်တိုင် စာရွက်သွားကပ်လျှင် ပုံမှန်ဖောက်သည်က သူ့ကို မတော်တဆ မြင်သွားခဲ့လျှင် သူ ဆေးရုံရောက်နိုင်သည်။
ယွမ်ကျိုးက သူ့ကိုယ်သူ ဉာဏ်ရည်ထက်မြက်သူဟု ချီးမွမ်းနေမိသည်။
…
“အစ်မယင် ခဏစောင့်ပါဦး”
နေ့လည်စာ စားချိန်ရောက်လာ၍ ယွမ်ကျိုး၏စားသောက်ဆိုင်မှာ ကြက်ဥထမင်းကြော် ဝယ်စားခဲ့ဖူးသော ကောင်းယင်သည် ရုံးမှ အလောတကြီး ပြေးထွက်လာသည်။ သို့သော်လည်း ဓာတ်လှေကားဝင်ပေါက်သို့ မရောက်ခင် သူ့လုပ်ဖော်ကိုင်ဖက်များက သူ့ကို ဟန့်တားသည်။
ပုံမှန်ရုံးဝတ်စုံကို ဝတ်ဆင်ထားသော ကောင်းယင်က ကြော့ရှင်းစွာ လှည့်ကြည့်သည်။ လူ့စွမ်းအားအရင်းအမြစ်ဌာနတွင် အသစ်ခန့်ထားသောဝန်ထမ်း ကောင်မလေး ဖြစ်နေ၍ ချိုသာစွာ မေးလိုက်သည်။
“ဘာကိစ္စရှိလို့လဲ”
“ကျေးဇူးတင်ပါတယ် အစ်မယင်။ မနက်က အစ်မကြောင့်သာ…”
ကောင်မလေး၏စကား အဆုံးမသတ်ခင် ကောင်းယင်က စကားဖြတ်ပြောသည်။
“လမ်းလျှောက်ရင်း စကားပြောကြတာပေါ့”
ကောင်းယင်က ကောင်မလေးကို သူ့နောက်မှ လိုက်စေသည်။
“အို့စ် တကယ်လား” ကောင်မလေး၏နာမည်က ဝေဝေဖြစ်သည်။ သူမက ကလေးမျက်နှာလေးနှင့် ပေါ့ပေါ့ပါးပါး နေထိုင်တတ်သူဟု ထင်ရသည်။
ဝေဝေက ယခုနှစ်မှသာ တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ယခုအလုပ်က သူမ၏ပထမဆုံး အလုပ်ဖြစ်သည်။ သူမက ဉာဏ်ရည်ထက်မြက်ပြီး လိုက်လျောညီထွေ နေတတ်သည့်အပြင် နာခံမှုလည်း ရှိသည်။ င် အရမ်းအရေးကြီးသော စာရင်းဇယားတွင် အမှား ထည့်သွင်းမိခြင်း ဖြစ်သည်။ ကောင်းရင်က သူမ၏ စာရင်းဇယားကွက်ကို စစ်ဆေးပေးပြီး သူမကို အကြံပေးခဲ့ခြင်း ဖြစ်သည်။
“ဓာတ်လှေကားထဲ ဝင်ကြမယ်” ကောင်းယင်က အရင်ဆုံး ဓာတ်လှေကားထဲဝင်သည်။ သူမနောက်မှ တခြားသူများလည်း လိုက်ပါလာသည်။
“ရပြီ ဆက်ပြောလေ” ဓာတ်လှေကားပေါ်ရောက်သောအခါ ကောင်းယင်က ဝေဝေကို စကားအစပျိုးပေးသည်။
“ညီမက အစ်မကို ကျေးဇူးတင်စကား ပြောချင်ရုံပါ အစ်မယင်။ အစ်မရဲ့ကူညီပေးလို့ ဒုက္ခမရောက်တာ မဟုတ်ရင် မနက်ခင်းတုန်းက ပြင်းပြင်းထန်ထန် အဆူခံရလောက်တယ်”
ဝေဝေက လူငယ်ဆန်သော အပြုအမူနှင့် ချစ်စဖွယ်ကောင်းအောင် စကားပြောသည်။
“ရပါတယ်။ ကျေးဇူးတင်စရာ မလိုအပ်ပါဘူး။ ငါတို့အားလုံးက လုပ်ဖော်ကိုင်ဖက်တွေပဲလေ” ကောင်းယင်က သူမ၏ကျေးဇူးတရားကို အာရုံမထားပေ။
“ညီမ သတင်းကြားထားတာက အစ်မက ထမင်းဘူး မယူလာဘူးတဲ့။ အစ်မကို နေ့လည်စာ လိုက်ကျွေးလို့ရမလား”
ဝေဝေက ကောင်းယင်၏မျက်နှာအမူအရာကို အသေးစိတ် အကဲခတ်လိုက်သည်။
“သန့်သန့်ရှင်းရှင်း အစားအသောက်ကို ဝယ်ကျွေးပါ့မယ်”
ဝေဝေက သူတို့ကုမ္ပဏီ အနီးအနားတွင် အရသာရှိသော ကြက်ဥထမင်းကြော် ရောင်းချသည့် သတင်းကို ကြားထားသည်။ စားသောက်ဆိုင်ထဲ ဝင်ရောက်ခွင့်ရရှိရန် တန်းစီစောင့်နေသူ အများကြီး ရှိသည်။ ထို့အပြင် သူဌေး၏ အကျင့်စရိုက်ကလည်း ထူးခြားသည်။ သူက ဤစားသောက်ဆိုင်မှာ ဟင်းပွဲများ၏အရသာကို မြည်းကြည့်ချင်သည်။ ယနေ့တွင် ကောင်းယင်က သူမကို ကူညီပေးခဲ့၍ ကောင်းယင်ကို ကြက်ဥထမင်းကြော် ဝယ်ကျွေးချင်သည်။
ကောင်းယင်ကလည်း ယနေ့ နေ့လည်စာအတွက် ယွမ်ကျိုး၏စားသောက်ဆိုင်သို့ သွားရောက်ရန် ကြံရွယ်ထားသည်။ သို့သော်လည်း ဝေဝေ၏စိတ်အားထက်သန်သော အပြုအမူကြောင့် သူမကို ငြင်းပယ်လိုက်လျှင် ရိုင်းစိုင်းသည့် သဘော သက်ရောက်နိုင်သည်။ ထို့ကြောင့် သူမ သဘောတူလိုက်သည်။
သူတို့ ကုမ္ပဏီမှ ထွက်လာသောအခါ ဝေဝေက အရှေ့ကနေ လမ်းပြသည်။ သို့သော်လည်း လမ်းတစ်လျှောက်လုံး ဝေဝေ ပြောသမျှကို နားထောင်ရသမျှ သူမ သွားခဲ့ဖူးသော အမည်မသိ စားသောက်ဆိုင်လေး ဖြစ်နေလိမ့်မည်ဟု ခံစားမိသည်။ သူမတို့သွားနေသော လမ်းကလည်း ရင်းနှီးသထက် ရင်းနှီးလာပြီး နောက်ဆုံးမှ နေရာအတူတူပဲဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ကောင်းယင်ကဲ့သို့ အသန့်ကြိုက်သူအတွက် သူ သွားရုံကြံရွယ်ထားသော စားသောက်ဆိုင်နှင့် သူ့ကို ဖိတ်ကြားသော စားသောက်ဆိုင်က တစ်ထပ်တည်းကျနေ၍ ကံကောင်းသည်ဟု ခံစားမိသည်။
ကောင်းယင်က ခပ်ယဲ့ယဲ့လေး ပြုံးလိုက်သည်။
အမျိုးသမီးနှစ်ယောက်သည် စကားပြောရင်း လမ်းလျှောက်လာ၍ ယွမ်ကျိုး၏စားသောက်ဆိုင် တည်ရှိသော လမ်းသို့ ရောက်သွားသည်။ ယွမ်ကျိုး၏စားသောက်ဆိုင်ဝင်ပေါက်တွင် ရှုပ်ယှက်ခတ်နေခြင်းကို ခပ်လှမ်းလှမ်းမှ မြင်တွေ့ရသည်။
“ကြည့်ပါဦး အစ်မယင်၊ ထင်တဲ့အတိုင်းပဲ ဝင်ပေါက်နားမှာ တန်းစီစောင့်နေတဲ့ ဖောက်သည်တွေ အများကြီးပဲ။ မြန်မြန် သွားမယ်”
ဝေဝေက အရှေ့မှ ဦးဆောင်သွားသည်။
“အေးအေး”
အမျိုးသမီးနှစ်ယောက်က သိပ်မကြာလိုက် စားသောက်ဆိုင်ဝင်ပေါက်သို့ ရောက်သွားသည်။ သို့သော်လည်း သူတို့မျှော်မှန်းထားသော ရလဒ်နှင့် ခြားနားနေသည်။ စားသောက်ဆိုင်ဝင်ပေါက်မှ စုရပ်နေသော ဖောက်သည်များက ဆိုင်ရှင်သူဌေးကို ကျိန်ဆဲနေခြင်း ဖြစ်သည်။
“သူဌေးယွမ်က တကယ့်ကို လှည့်ဖြားလွန်းတယ်။ စားသောက်ဆိုင်ပိတ်မှာကို ဘာလို့ ကြိုတင် သတင်းမပေးတာလဲ။ ဒီနေ့တော့ ငါ့ဗိုက်ပြည့်ဖို့ တခြားဆိုင်က အစားအသောက်တွေ ဝယ်စားရတော့မယ်”
ယောက်ျားတစ်ယောက်က ပြောသည်။
“အမှန်ပဲ။ သူဌေးယွမ်က လုပ်ရက်လိုက်တာနော်။ မနက်ဖြန် မလာတော့ဘူး” အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အမျိုးသားက ပြောသည်။
“ဟေ့လူ၊ အရင်တစ်ခေါက်တုန်းကလည်း ခင်ဗျားပဲ မလာဘူး ပြောခဲ့တာလေ။ အခုတော့ ဆိုင်ရှေ့ကို ရောက်နေတာပဲမလား”
ပိန်ပိန်ပါးပါး အမျိုးသားက အရှက်မဲ့သော အမူအရာဖြင့် ပွင့်လင်းစွာ ပြန်ပြောသည်။
“တခြားစားသောက်ဆိုင်တွေက ဒီလိုအရသာကောင်းတဲ့ ကြက်ဥထမင်းကြော်ရောင်းရင် ဒီဆိုင်ကို မလာတော့ဘူး။ ဟွန့်”
ထိုစကားကိုပြောလိုက်စဉ် သူ့ကန့်ကွက်ချက်ကို ဖော်ပြရန် ဟွန့်ဟူသော စကားလုံးလေးကိုပင် ထည့်သုံးလိုက်သေးသည်။
“ဘယ်သူမှ မရောင်းပေးနိုင်ပါဘူး”
တံခါးပေါက်နားမှာ စောင့်ဆိုင်းနေသူအားလုံး တစ်ပြိုင်နက်တည်း သက်ပြင်းချသည်။
သူတို့ပြောနေသောစကားကို နားစွန်းနားဖျား ကြားလိုက်သော ဝေဝေက မနေနိုင် မထိုင်နိုင် မေးမြန်းသည်။
“ဘာဖြစ်တာလဲ။ ဆိုင်မဖွင့်ဘူးလား”
“ကောင်မလေး၊ မင်းဘာသာမင်း လာကြည့်လေ။ အသိပေးစာကို တံခါးမှာ ကပ်ထားတယ်”
ပိန်ပိန်ပါးပါး အမျိုးသားက တံခါးပေါက်ပေါ်မှာ A4ဖြင့်ကပ်ထားသောစာကို လက်ညိုးထိုးပြသည်။
အသိပေးစာ”ယနေ့ကျရောက်သော မေလ၂၈ရက်က အပြည်ပြည်ဆိုင်ရာ ဆံပင်မြတ်နိုးသူနေ့ဖြစ်လို့ ဆိုင်တစ်ရက်ပိတ်ပါတယ်”
“စာရွက်အောက်မှာ ရေးထိုးထားတဲ့ လက်မှတ်က ဆိုင်ရှင်ရဲ့လက်မှတ်ပဲ”
သူမက ဤစာကိုမြင်မြင်ချင်း ပထမဆုံး ခံစားချက်က အံ့ဩခြင်း ဖြစ်ပြီး ဒုတိယခံစားချက်က ထိတ်လန့်သွားခြင်း ဖြစ်သည်။
“အစ်မယင် တောင်းပန်ပါတယ်”
ဝေဝေက ကောင်းယင်ကို သနားချင့်စဖွယ်ကောင်းအောင် ငေးကြည့်သည်။
သူမက ကောင်းယင်ကို အရသာရှိသော ဟင်းလျာ ဝယ်ကျွေးမည်ဟု အတင်းဆွဲခေါ်လာသော်လည်း စားသောက်ဆိုင်က ပိတ်ထားသည်။
သူမ မကြားဖူးသော နေ့ထူးနေ့မြတ်ဖြင့် ဆိုင်ပိတ်သွားသည်။
ကောင်းယင်က သတိပေးစာကို ကြည့်ကာ မျက်ခုံးပင့်လိုက်ပြီး ကောင်မလေးကို နှစ်သိမ့်သည်။
“ကိစ္စမရှိပါဘူး။ အရင်က ဒီဆိုင်မှာ လာစားဖူးတယ်။ အဲဒီသူဌေးမှာ သာမန်ထက် ထူးခြားတဲ့ အကျင့်စရိုက် ရှိတယ်”
“ဟမ်။ အရင်က ဒီဆိုင်မှာ လာစားဖူးတာလား။ တကယ်လား။ ဘယ်လိုအရသာရှိလဲ ပြောပြပါလား”
နှစ်သိမ့်သောစကားကိုကြားပြီးနောက် ဝေဝေက အားတုံ့အားနာဖြစ်သော ခံစားချက်များ ပြယ်လွင့်သွားသည်။ ထို့ကြောင့် သူမက ကောင်းယင်ဘက် လှည့်ကာ မရပ်မနား မေးမြန်းသည်။
အပိုင်း(၅၃)
ပြီး၏။
အပိုင်း(၅၄)
*
ဒီနှစ် ချန်ဒူမြို့တွင် မေလ၏ ရာသီဥတုက ပူနွေးသည်ဟု မယူဆနိုင်ပေ။ ယွမ်ကျိုးက စားသောက်ဆိုင်များရှိသော ဈေးတန်းလမ်းသို့ လမ်းလျှောက်ထွက်လာသည်။
သာမန်တီရှပ်၊ ကာကီရောင်ဘောင်းဘီကို ဝတ်ဆင်ထားသော ယွမ်ကျိုး၏စတိုင်က ယခင်နှင့် ခြားနားမှု မရှိပေ။ တစ်ခုတည်းသော ခြားနားချက်က သူ့အဝတ်အစား၏အရောင် ဖြစ်သည်။ ယခင်ကဆိုလျှင် သူက အရောင်ပါသော အဝတ်အစားများ ဝတ်လေ့ သိပ်မရှိသော်လည်း ယခုတော့ အဝတ်အစားအရောင်များကို ဂရုစိုက်စရာ မလိုအပ်ပေ။
ဤအစားအသောက်ဈေးတန်းလမ်းက ချန်ဒူမြို့ရှိ အကြီးမားဆုံး ဈေးတန်းလမ်း ဖြစ်သည်။ စားသောက်ဆိုင်များကို အစီအစဉ်တကျ လမ်းတစ်လျှောက် တန်းစီထားသည်။
ပထမဆုံးအလွှာတွင် သာမန်လူတန်းစားများအတွက် သင့်လျော်သော အစားအသောက်များကို ရောင်းချသည်။ ယခုအချိန်က နေ့လည်စာ စားချိန်ဖြစ်သောကြောင့် စားသုံးသူဖောက်သည် အစုအဝေးက စီးပွားရေးကောင်းမွန်သော သရုပ်ကို ဖော်ပြနေသည်။
ယွမ်ကျိုးက အစားအသောက် ဂျီးများသူ မဟုတ်ပေ။ ထို့ကြောင့် အစားအသောက် မွှေးရနံ့အပေါ် မူတည်ပြီး လတ်ဆတ်သော အစားအသောက် ရောင်းချသည်ဟု ယူဆကာ စားသောက်ဆိုင်ကို ရွေးချယ်လိုက်သည်။ ထို့နောက် ဆိုင်အနီးအနား လမ်းလျှောက်သွားသည်။
"မြို့ဟောင်းပေါက်စီအိမ်တော်" ယွမ်ကျိုးက စားသောက်ဆိုင်ထဲ မဝင်ရောက်ခင် အရင်ဆုံး ကြည့်လိုက်သည်။
ဘာစားရမလဲက ပြဿနာမရှိပေ။ အသုံးပြုထားသော ပစ္စည်းများ လတ်ဆတ်မှုရှိရန် က ပို၍အရေးကြီးဆုံး ဖြစ်သည်။
ဆိုင်ထဲတွင် ဖောက်သည် အတော်အတန်ရှိသည်။ အများစုက ပေါက်စီ နှင့် စွပ်ပြုတ်ကို မှာယူကြပြီး ဆိုင်၏အစားအသောက်များကို နှစ်သက်ပုံပေါက်သည်။
"သူဌေး၊ ကျွန်တော်ကို အရွက်ပေါက်စီ၊ စွပ်ပြုတ်တစ်ပွဲ နဲ့ မှိုဟင်းချိုတစ်ခွက် ပေးပါ"
ယွမ်ကျိုးက မီနူးစာရွက်ကို ကြည့်ကာ ဟင်းပွဲ အော်ဒါတင်သည်။
"ဟင်းပွဲအားလုံး ခဏနေရင် ရပါမယ်။ ခဏစောင့်ပေးပါ"
ဤစားသောက်ဆိုင်ကို လင်မယားနှစ်ယောက် ဦးဆောင် ဖွင့်လှစ်ထားသည်။ ယောက်ျားဖြစ်သူ၏ ရုပ်ရည်က ရိုးရှင်းပြီး ရိုးသားပွင့်လင်းပုံပေါက်သည်။ သူ့လက်မောင်းများက သန်မာကြံ့ခိုင်သည်။ သူ့မျက်နှာက မုန့်ညှက် နယ်ရသော အရှိန်ကြောင့် နီရဲနေသည်။ ဇနီးသည်က စမတ်ကျကျ ဝတ်စားဆင်ယင်ထားသည်။ သူမက ဆံပင်ကို လှိုင်းတွန့်ပုံစံကောက်ထားပြီး မိတ်ကပ်ခပ်ပါးပါး လိမ်းခြယ်ထားသည်။ သူမ၏ရုပ်ရည်က ဆွဲဆောင်မှု ရှိပြီး သက်ဝင်လှုပ်ရှားနေသည်။
သူမက သင်္ချာကျွမ်းကျင်ပုံပေါက်ပြီး ငွေများကို လက်ခံကာ ဟင်းပွဲများကို နေရာချထားပေးသည်။
တစ်ပြိုင်နက်တည်း လုပ်ဆောင်သော်လည်း အလုပ်နှောင့်နှေးမှု မရှိပေ။
"ဒီမှာ ရှင်မှာထားတဲ့ ပေါက်စီနဲ့ စွပ်ပြုတ်ပါ။ မှိုဟင်းချိုက ဟိုဘက်အိုးမှာပါ။ မင်းဘာသာမင်း ခပ်ထည့်ပါ"
၎င်းအမျိုးသမီးက ပေါက်စီ၄လုံးကို သူ့ဆီ သယ်လာသည်။ ပူပူနွေးနွေးပေါက်စီဖြစ်သောကြောင့် ဂျုံသားမှ မွှေးကြိုင်သောရနံ့များ ထုတ်လွှင့်နေသည်။
ခွက်ကို ယူလိုက်ပြီးနောက် စွပ်ပြုတ်အပူချိန်က ချက်ချင်း သောက်ရန် သင့်လျော်မှန်း သဘောပေါက်လိုက်သည်။ ရေညှိပန်းကန်ပြားလေးကိုလည်း ဗန်းပေါ် တင်ပေးထားပြီး အလကားပေးထားသည်။
ယွမ်ကျိုးက လည်ချောင်းရှင်းအောင် စွပ်ပြုတ် တစ်ငုံ့သောက်ပြီးမှ ပူပူနွေးနွေးပေါက်စီ အရသာကို မြည်းစမ်းကြည့်ရန် ပြင်ဆင်သည်။
ပေါက်စီမှ လတ်ဆတ်သော ရနံ့များ ထွက်ပေါ်နေပြီး ဂျုံသား၏ရနံ့များလည်း သင်းကြိုင်နေသည်။ တစ်ကိုက်စားကြည့်ရုံဖြင့် ဟင်းသီးဟင်းရွက်များ၏ နူးညံ့သော ရနံ့က သူ့လည်ချောင်းထဲ ဆင်းသက်သွားသည်။ ထိုစဉ်အခိုက်အတန့် ယွမ်ကျိုး မျက်မှောင်ကြုတ်လိုက်သည်။
သူ့အာရုံငါးပါး ခွန်အားတိုးတက်လာတည်းက ယွမ်ကျိုး၏လျှာဖျား နှင့် နှာခေါင်းက နည်းနည်းလေးကိုပင် အာရုံခံနိုင်သည်။ ဂျုံ၏မွှေးကြိုင်သောရနံ့ နှင့် အသီးအရွက်၏ကြွပ်ဆတ်မှုမှ လွဲ၍ ကြောက်ခမန်းလိလိ ငုပ်လျှိုးနေသော အနံ့အသက်က ဖုံးကွယ်မရပေ။
သိပ်ထားသောအစာ အနေဖြင့် အသုံးပြုထားသော ဟင်းသီးဟင်းရွက်များပင် အဆီဓာတ် မပါဝင်သော်လည်း အရသာပိုကောင်းမွန်အောင် စားဆီရောနှောထားသည်။ အသုံးပြုထားသောဆီက အရည်အသွေးနိမ့်၍ ယွမ်ကျိုး အရသာခံကြည့်ရန် ခက်ခဲနေသည်။ ပေါက်စီ အပေါ်ယံအသားကို ထိုးသွပ်ထည့်လိုက်သောအခါ ဂျုံသားကလည်း တကယ်တမ်း လတ်ဆတ်မှု မရှိပေ။
"စနစ်ရေ၊ ဒီလိုဟင်းပွဲမျိုးက မျိုချဖို့တောင် တော်တော် ခက်ခဲတယ်" ယွမ်ကျိုးက မကျေမနပ် ညည်းညူ ပြောဆိုသည်။
စနစ် "ဆိုင်ရှင်၊ ခင်ဗျားက တခြားစားဖိုမှူးတွေရဲ့ ဟင်းချက်တဲ့အခါ စိတ်အားထက်သန်တဲ့ အပြုအမူကို လေ့လာရမှာပါ။ မင်းရဲ့အစားအသောက်တွေကို တိုးတက်အောင် ဒီစွန့်စားခန်းခရီးစဥ်မှာ ပိုကြိုးစားပေးပါ"
"ငါက နှလုံးသားနဲ့ ရင်းနှီးပြီး လေ့လာနေချိန်မှာ စွန့်စားတယ်ဆိုတဲ့ စကားလုံးကို မသုံးလို့ ရမလား" ယွမ်ကျိုးက စနစ်၏အသုံးအနှုန်းကို မကျေနပ်၍ ချက်ချင်း ပြန်ပြောသည်။
ထို့နောက် ယွမ်ကျိုးက အရသာမြည်းစမ်းရန် နောက်ထပ်ဆိုင်တစ်ဆိုင်သွားသည်။
ပထမတစ်ရက်မှာပင် ယွမ်ကျိုးက ဟင်းပွဲ အရသာများကို မြည်းစမ်းရန် ငွေဖြုန်းရသည်။
"ကလင် ကလင် ကလင်"
ယွမ်ကျိုးက သူ့ဖုန်းနှိုးစက်သံကြောင့် မနက်ခင်းတွင် အိပ်ရာစောစောထသည်။ သူ ယခုလို နှိုးစက်ပေးထားရသည့် အကြောင်းအရင်း တစ်ခုတည်းသာ ရှိသည်။
သူ ကြိုတင်ပြင်ဆင်ထားသော A4စာရွက်ကို ကောက်ယူကာ အောက်ထပ်ပြေးဆင်းပြီး အရှေ့တံခါးမှာ ကပ်လိုက်သည်။
ထို့နောက် သူ အိမ်ထဲပြန်ဝင်လိုက်ပြီး အချိန်ကြာကြာ ဆက်အိပ်ခွင့်ရရန် မျှော်လင့်သည်။
ယွမ်ကျိုး အခန်းထဲ ပြန်ရောက်ရောက်ချင်း အိပ်ရာပေါ်မှာ မလှဲခင် အပြင်ဘက်မှ ဆူဆူညံညံအသံများကို ရုတ်တရက်ကြားလိုက်ရသည်။
သေချာနားစွင့်ကြည့်လိုက်လျှင် စားသောက်ဆိုင်ဝင်ပေါက်နားမှ အော်သံများ ဖြစ်နေသည်။ ခဏစဉ်းစားပြီးနောက် သူ ရေမိုးချိုးပြီး စားသောက်ဆိုင် အပြင်ဘက် ထွက်လာသည်။
.........
တခြားတစ်ဖက်တွင်မူ ဒုဌာနမှူးလီက အခွန်ရုံးသို့ သွားသည်။ သူက ယွမ်ကျိုး၏စားသောက်ဆိုင်ကို စစ်ဆေးရေးဝင်ရန် ကြံရွယ်ထားသည်။
တကယ်တမ်း သူ့ကို ပေးအပ်သော တာဝန်ကို ငြင်းပယ်ပစ်ချင်သည်။ သံသယဝင်ခံရသော စားသောက်ဆိုင်ကို စုံစမ်းစစ်ဆေးရေး ဝင်ရောက်ရန် ကုန်သွယ်ရေး နှင့် စက်မှုလုပ်ငန်း အစိုးရဌာနသို့ သတင်းပေးလိုက်လျှင် အဆင်ပြေသည်။ ဌာနမှူးချုပ်က သူ့ကို ကိုယ်တိုင် သွားရောက် စစ်ဆေးခိုင်းလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူ့အထက်လူကြီးက စေခိုင်းသော အမိန့်ဖြစ်သည့်တိုင် အလုပ်နေရာသို့ အရင်ဆုံးသွားပြီးမှ စုံစမ်းစစ်ဆေးရေးကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။
"ဘယ်သွားမလို့လဲ ဌာနမှူးလီ"
လုပ်ငန်းစဉ်အားလုံး ပြီးစီး၍ အလုပ်မှ ထွက်လာခါနီး တခြားဌာနမှ ဌာနမှူးဝမ်နှင့် အမှတ်တမဲ့ တွေ့သည်။
"အိုး ... ဝမ်၊ ဌာနမှူးချုပ်ပေးတဲ့တာဝန်ကို သွားထမ်းဆောင်မလို့ပါ။ မင်းရော"
သူက ရပ်တန့်လိုက်ပြီး ပြန်ဖြေသည်။
"ကောင်းတာပေါ့၊ ဒုဌာနမှူးလီ။ ငါတို့အထက်လူကြီးက မင်းကို တောက်ပခွင့်ပေးပြီပေါ့ ဟုတ်လား" ဌာနမှူးဝမ်က ဟန်ဆောင်ပြုံးဖြင့် ဟန်ကိုယ့်ပြောဆိုသွားသည်။
ဒုဌာနမှူးလီက ဒွိဟဖြစ်သွားသော်လည်း သူ့ အထက်လူကြီး ပေးအပ်ထားသော တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။သူ့ဗိုက်ပူပူကို ပွတ်သပ်ပြီးနောက် ယွမ်ကျိုး၏စားသောက်ဆိုင်သို့ ထွက်လာခဲ့သည်။ နဖူးပြောင်ပြောင်နှင့်အမျိုးသားက ဂရုတစိုက်ကားမောင်း၍ မိနစ်၂၀အတွင်း သွားလိုရာ နေရာသို့ ရောက်သွားသည်။
ယွမ်ကျိုး၏စားသောက်ဆိုင် ဝင်ပေါက်မှာ အံ့ဩဖွယ်ကောင်းသော ရှိုးလ်ပွဲက ဒုဌာနမှူးလီကို စောင့်မျှော်နေသည်။
"ဂီးလ်... ဒေါသထွက်လိုက်တာနော်။သူဌေးယွမ် ဘယ်ရောက်သွားပြန်တာလဲ"
တစ်စုံတစ်ယောက်က အသံကျယ်ကျယ်ဖြင့် ထအော်သည်။
"ဘုရားသခင်ပဲ သိလိမ့်မယ်။ စားသောက်ဆိုင်ကို ပိတ်ထားတာ ၂ရက်ရှိပြီ" တခြားတစ်ယောက်က ချက်ချင်း မကျေမနပ် ပြောဆိုသည်။
"ဒီလို ထူးဆန်းတဲ့ အကြောင်းပြချက်တွေက တကယ့်ကို အံ့ဩစရာပဲ။ စားသောက်ဆိုင်ဖွင့်ပြီး ပုံမှန်စီးပွားရေးအလုပ် မလုပ်တော့ဘူးလား မသိဘူး" တစ်ယောက်ပြီးတစ်ယောက် မကျေမနပ် ပြောဆိုကြသည်။
ထိုစဉ် အခိုက်အတန့် အားနည်းသောအမျိုးသမီး၏အသံ ထွက်ပေါ်လာသည်။ "ငါ စစ်ဆေးကြည့်ပြီးပြီ။ မနေ့တုန်းက အပြည်ပြည်ဆိုင်ရာ ဆံပင်မြတ်နိုးသူများနေ့ဆိုတာက ဟုတ်ရော ဟုတ်ရဲ့လား"
“ဘာလဲ တကယ်လား" သူမ၏စကားသံကြောင့် တခြားသူများက ချက်ချင်း ခွန်းတုံ့ပြန်သည်။
"အခုပြောနေတာက အဓိကအချက် ဟုတ်လို့လား။ အရေးကြီးဆုံးက ငါတို့စားချင်တဲ့ ဟင်းပွဲတွေကို စားရဖို့ပဲ မဟုတ်ဘူးလား" တိုးလျသောအသံက ညံနေသော အသံကို ချက်ချင်း ဖုံးလွှမ်းသွားပြီး လူအုပ်စုကြီးက ပြဿနာအသစ်ကို စတင်ဆွေးနွေးသည်။ ဒုဌာနမှူးလီက ဆိုင်နား ရောက်လာလာချင်း ဤမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်တွေ့ရသည်။
“ဒီလူအုပ်စုက ဘာလို့ဒေါကန်နေတာလဲ။ ဘာဖြစ်တာလဲ"
ခဏတုံ့ဆိုင်းပြီးနောက် ဒုဌာနမှူးလီက အခြေအနေကို စုံစမ်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
"ဟေ့ ညီအစ်ကိုတို့ရေ ဘာတွေဖြစ်နေတာလဲ။ သူဌေးက ငွေလိမ်ပြီး ထွက်ပြေးသွားလို့လား" ယွမ်ကျိုး၏ ကြေညာထားသော အခွန်နှုန်းကို တွေးမိ၍ ဒုဌာနမှူးလီ လေးနက်စွာ မေးမြန်းသည်။
"ခင်ဗျားက ဒီဆိုင်ကို အခုမှရောက်ဖူးတာလား။ ခင်ဗျား ပြောသလို မဟုတ်ပါဘူး။ ငါတို့အားလုံးက ဒီ စားသောက်ဆိုင်မှာ အစားအသောက် လာစားတာပါ"
"ဟုတ်လား။ သူ့ဆီကနေ အစားအသောက် ဝယ်စားရဖို့ အရေး တန်းစီစောင့်နေတာလား။ ဒါကြောင့်မို့ ဒီနေရာမှာ လူစုနေတာလား" ဒုဌာနမှူးလီက တွေဝေသွားသည်။ သူတို့အားလုံး စုဝေးနေသည်မှာ မိနစ်၂၀ကြာနေသည့်တိုင် ဇွဲမလျော့ဘဲ ပိတ်ထားသော စားသောက်ဆိုင် အရှေ့မှာ စောင့်ဆိုင်းနေသည်။
"ခင်ဗျားက လူသစ်ဆိုတော့ ဒီလိုအပြုအမူတွေကို နားလည်ရခက်နေမှာပဲ။ ခင်ဗျားလည်း လှည့်ဖြား မခံရတာ ကံကောင်းတယ်" ၎င်းအမျိုးသားက မနှစ်မြို့ဖွယ်ကောင်းအောင် ပြုံးနေ၍ ဒုဌာနမှူးလီ ကျောချမ်းသွားသည်။
"ကောင်းပြီလေ။ အရှေ့ကိုသွားပြီး ငါကိုယ်တိုင် စုံစမ်းစစ်ဆေးကြည့်မယ်"
ဒုဌာနမှူးလီက စားသောက်ဆိုင်ဝင်ပေါက် အရှေ့သို့ ရောက်အောင် ဖြည်းဖြည်းချင်း တိုးသွားသည်။
အသိပေးစာ "ယနေ့က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးကာကွယ်စောင့်ရှောက်သူများနေ့ပါ။ ဆိုင်ကို တစ်ရက်နားဖို့ ကြေညာပါတယ်"
ဒုဌာနမှူးလီက သူ့ကိုယ်သူ စာမှားဖတ်မိသည်ဟုပင် ခံစားမိသည်။ အစိုးရဝန်ထမ်းဖြစ်သောကြောင့် အစိုးရအလုပ်ပိတ်ရက်များကို သေချာသိသည်။ သို့တိုင် ယခုလို အပြည်ပြည်ဆိုင်ရာ နေ့ထူးနေ့မြတ်ကို တစ်ခါမှ မမြင်တွေ့ဖူးပေ။
ကောင်မလေး တစ်ယောက်က ဖုန်းဖွင့်လိုက်ပြီး အင်တာနက်ပေါ်တွင် ယင်းနေ့ထူးနေ့မြတ် ရှိ/မရှိ စစ်ဆေးကြည့်သည်။ "ငါ ရှာကြည့်ပြီးပြီ။ အဲဒီပိတ်ရက် တကယ်ရှိတယ်"
"ဘယ်လို" အကြီးအကျယ်တုပ်လှုပ်သွားသူက ဒုဌာနမှူးလီ ဖြစ်ပြီး အရှေ့ဘက် အတင်းတိုးပြီး မိုဘိုင်းဖုန်း၏ ဖန်သားပြင်ကို ကြည့်သည်။
စာဖတ်ကြည့်ပြီးနောက် ဤပိတ်ရက် တကယ်ရှိမှန်း နားလည်သွား၍ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
အပိုင်း(၅၄)
ပြီးပါပြီ။