အခန်း (၅၅-၅၇)
Vol. 4 Ch. 55-57
အပိုင်း(၅၅)
*
"စီးပွားရေးကို ဘယ်လိုလုပ်ကိုင်နေတာလဲ။ သူဌေးယွမ်က ဒီလိုနေ့ထူးနေ့မြတ်ကို ရှာဖွေဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရမှာပဲ"
"ဟုတ်လို့လား။ ယင်ယင် ငါတို့လည်း ရှာကြည့်မယ်။ မနက်ဖြန် ဘယ်လို့နေ့ထူးနေ့မြတ် ရှိသေးလဲ ကြိုရှာထားမယ်"
စိတ်တည်ငြိမ်သွားပြီးနောက် ညွှန်ကြားသည်။
နေ့ထူးနေ့မြတ်များကို ရှာဖွေနေသည့်ကောင်မလေးသည် ယင်ယင်ဖြစ်သည်။ သူများက တခြားသူများပြောသည့်စကားကို နာခံစွာ အချက်အလက်များကို ရှာဖွေနေသည်။ ဒုဌာနမှူးလီသည် အချိန်အတော်ကြာတွေဝေနေပြီးမှ သတိပြန်ဝင်လာသည်။ သူက စပ်စပ်စုစုဖြင့် မေးမြန်းလိုက်သည်။
"ဆိုင်ရှင်က နောက်နေ့ရော ဆိုင်ဖွင့်ပါ့မလား။ ထွက်ပြေးသွားတာရော မဖြစ်နိုင်ဘူးလား။ ဒီဆိုင်က ဟင်းပွဲတွေက အရမ်းဈေးကြီးတယ်လို့ ကြားတယ်"
"လူသစ်၊ ခင်ဗျားက ဘာမှမသိပါဘူး။ သူဌေးယွမ်ရဲ့ဟင်းချက်စွမ်းရည်က ဟင်းမချက်ရင် အလဟဿဖြစ်သွားမှာ"
ထိုလူပြောသော စကားကို သဘောတူညီစွာဖြင့် အားလုံးက ခေါင်းညိတ်ကြသည်။
ယခုတော့ ဒုဌာနမှူးလီက ယုံကြည်လက်ခံသွားသည်။ သို့သော်လည်း စားသောက်ဆိုင်တံခါးက မဖွင့်သေး၍ သူ့အထက်လူကြီးကို အစီရင်ခံရန် မဖြစ်နိုင်သေးချေ။ ထို့ကြောင့် သူ ထပ်မံမေးမြန်းလိုက်သည်။
"သူဌေးက ဒီနေ့ ဆိုင်ဖွင့်ပါဦးမလား"
"ဘာတွေလာပြောနေတာလဲ။ ဒီနေ့ ဆိုင်ဖွင့်ပါဦးမလား"
"ဒီနေ့ဆိုင်မဖွင့်ပါဘူးလို့ ကြေညာစာကပ်ထားတယ်လေ" ၎င်းအမျိုးသားက ဒုဌာနမှူးလီကို ထေ့ငေါ့သောလေသံဖြင့် ပြန်ပြောသည်။
ဒုဌာနမှူးလီက တစ်နေ့လုံး မစောင့်နိုင်ချေ။ သူက ခဏတွေးကြံပြီးနောက် မနက်ဖြန် မနက်ခင်းမှ စုံစမ်းစစ်ဆေးရေးအတွက် ပြန်လာရန် ဆုံးဖြတ်ခဲ့သည်။ ထိုမှသာ
သူ့အထက်လူကြီးကို တိကျသော အစီရင်ခံစာ တင်ပြနိုင်မည်ဖြစ်သည်။
"ငါသိသွားပြီ။ ငါသေချာရှာထားပြီးပြီ" ယင်ယင်က လေးနက်သောလေသံဖြင့် စကားပြန်ပြောသည်။
"ဘယ်လိုလဲ။ မနက်ဖြန် နေ့ထူးနေ့မြတ်ရှိသေးလား" အမျိုးသားတစ်ယောက်က တိုးလျသော လေသံဖြင့် မေးမြန်းသည်။
"ဟင့်အင်း၊မနက်ဖြန် ထူးဆန်းတဲ့နေ့ထူးနေ့မြတ်မရှိဘူး" ယင်ယင်၏ပြောဆိုသောလေသံကြောင့် လူတိုင်း ရင်တမမဖြစ်နေရသည်။ စကားပြောဆိုသူက မိန်းကလေးမဟုတ်လျှင် လည်ပင်းလိမ်ချိုးပစ်လိမ့်မည်။
"ကောင်းပြီလေ။ ပိတ်ရက်မရှိဘူးဆိုတော့ သူဌေးယွမ်က ဘယ်လိုအကြောင်းပြချက်တွေပေးမလဲဆိုတာကို စောင့်ကြည့်ရသေးတာပေါ့" သတင်းကောင်းကို ကြားပြီးနောက် လူအများစုက စိတ်သက်သာရာရစွာ သက်ပြင်းချသည်။ ထို့နောက် နှစ်ယောက်တွဲ၊သုံးယောက်တွဲခန့် လူစုခွဲပြီး မနက်ဖြန်မှ ပြန်လာရန် ဆုံးဖြတ်ခဲ့ကြသည်။
သူတို့အားလုံးက အရမ်းကို တုံးအလွန်းသည်။ တတိယနေ့တွင် ယွမ်ကျိုးက တခြားသော နည်းလမ်းဖြင့် ဆိုင်တံခါးရှေ့တွင် ကြေညာစာ ကပ်ထားသည်။ ထို့ကြောင့် အစားကောင်းမစားရသည်မှာ နှစ်ရက်ကြာပြီဖြစ်သော ဝူဟိုင်းက ယွမ်ကျိုးကို အမိမဖမ်းနိုင်သေးချေ။ ဒီတစ်ခေါက် အသုံးပြုသွားသောနည်းလမ်းက ရိုးရှင်းပြီး အကြင်နာတရားခေါင်းပါးလွန်းသည်။
ယွမ်ကျိုးက နှိုးစက်နာရီကို မနက် ၂နာရီ နှိုးရန် သတ်မှတ်ပေးထားသည်။ ထို့နောက် အိပ်ရာမှထပြီး အရှေ့တံခါးပေါက်မှတစ်ဆင့် တိတ်တိတ်ကလေး လမ်းလျှောက်ထွက်သည်။ ယွမ်ကျိုးက ညဘက်ကောင်းကင်ယံ၏အလှကို ငေးကြည့်ကာ သူ့နှလုံးသားကို တင်းတိမ်စေလိုသော ရည်ရွယ်ချက်ရှိသည်။
ညအမှောင်ယံတွင် ပတ်ဝန်းကျင်က ကြောက်ခမန်းလိလိ အရှိန်အဝါများကို ထုတ်လွှင့်နေပြီး အေးစိမ့်စိမ့်ခံစားချက် ဖြစ်ပေါ်စေသည်။
လမ်းမီးရောင်များက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေ၍ ချောက်ခြားသောပတ်ဝန်းကျင်ကို ပို၍ ထင်ဟပ်စေသည်။ ယွမ်ကျိုးက အပေါ်အင်္ကျီကို ဝတ်ဆင်ထား၍ အအေးဓာတ်ကို လုံးဝမခံစားရပေ။
"အမလေး... လန့်သွားတာပဲ။ မင်းက ငါ့ကို လန့်ပြီး သေအောင်လုပ်နေတာလား" ယွမ်ကျိုး၏အသံက လူသူကင်းမဲ့နေသောလမ်းမပေါ်တွင် ပဲ့တင်ထပ်လာသည်။
သူ့ဆိုင်၏ဝင်ပေါက်ဝနားမှာ လှဲလျောင်းနေသောခွေးကြောင့် ယွမ်ကျိုး လန့်ဖျပ်သွားသည်။ မှောင်မဲသောပတ်ဝန်းကျင်တွင် လင်းလက်တောက်ပနေသော မျက်ဝန်းများကြောင့် ယွမ်ကျိုး ထိတ်လန့်သွားခြင်းဖြစ်သည်။
ခွေးက ခေါင်းမော့လိုက်ပြီး ယွမ်ကျိုးကို တစ်ချက်ကြည့်ကာ အသံမပေးဘဲ ပြန်လှဲလျောင်းလိုက်သည်။
ယွမ်ကျိုးက ခွေးနားချဉ်းကပ်လိုက်ပြီး သူနေ့တိုင်း စွပ်ပြုတ်ကျွေးနေသော အမွှေးပွခွေးလေးဖြစ်မှန်း သိသွားသည်။ ၎င်းခွေးကလေးက အမှောင်ထဲမှာ လှဲလျောင်းနေပြီး သူ့တောက်ပသောမျက်ဝန်းများက တစ်စုံတစ်ရာကို ကာကွယ်ပေးနေသည်ဟု ထင်ရသည်။
"မင်းက ဒီနေရာမှာ အိပ်နေတာလဲ။ ကိုယ့်နေရာကို ပြန်" စားသောက်ဆိုင်က အလွန်အန္တရာယ်ကင်းပြီး အကာအကွယ်မလိုအပ်ကြောင်း ယွမ်ကျိုး ရှင်းရှင်းလင်းလင်း သိသည်။
သို့သော်ငြားလည်း ဤမြင်ကွင်းက သူ့ကို ပျော်ရွှင်စေသည်။ တစ်စုံတစ်ယောက်က သူ့ကို နောက်ကွယ်မှ ကူညီပေးနေလိမ့်မည်ဟု မထင်ခဲ့မိပေ။ အမွှေးပွခွေးလေးက ယွမ်ကျိုးကို လှမ်းကြည့်လိုက်ပြီး လျစ်လျူရှုကာ စားသောက်ဆိုင်ကို သတိ၊ဝီရိယရှိစွာဖြင့် ဆက်လက်စောင့်ကြပ်သည်။
"ကောင်းပြီ၊ကောင်းပြီ။ မင်းအိပ်ချင်တဲ့နေရာမှာအိပ်" ခွေးက သူ့စကားကို နားမထောင်မှန်း သဘောပေါက်သွားသောအခါ ပခုံးဆတ်ခနဲတွန့်လိုက်ပြီး တံခါးပေါက်မှာ သတိပေးစာ ကပ်လိုက်သည်။
ခြေညှပ်ဖိနပ်တစ်စုံကို ဝတ်ဆင်ကာ ဟိတ်ဟန်ထုတ်စွာ လမ်းလျှောက်ပြီး သူ့အိပ်ခန်းသို့ ပြန်လာကာ အိပ်စက်ရန် ပြင်ဆင်သည်။
ယွမ်ကျိုး၏အသိအမှတ်ပြုမှုကို မရရှိသည့်တိုင် ခွေးကလေးက စားသောက်ဆိုင်ကို ယွမ်ကျိုးမသိအောင် ညပေါင်းများစွာ စောင့်ကြပ်ပေးခဲ့သည်။
နေရောင်ခြည်ဖြင့် ကောင်းကင်ကြီး လင်းလက်လာပြီး နောက်တစ်နေ့ မနက်ခင်းသို့ ရောက်ရှိသွားသည်။ ကြိုတင်သဘောတူထားသည့်အတိုင်း ပုံမှန်ဖောက်သည်များက စားသောက်ဆိုင်သို့ရောက်လာသည်။ ခပ်လှမ်းလှမ်းမှနေ၍ အရှေ့တံခါးမှာ ကပ်ထားသော စာရွက်ကို မြင်သောအခါ မကောင်းသောအတိတ်နမိတ်ဆိုးကို ရုတ်တရက်ကို သိမြင်လိုက်၍ စာရွက်ပါအကြောင်းအရာများကို စစ်ဆေးရန် အလောတကြီး ပြေးသွားကြသည်။
"ဒီလို အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်မျိုးကို သုံးမယ်လို့ ထင်တောင်မထင်ထားဘူး။ အရည်အချင်းရှိလွန်းတဲ့သူဌေးကို အညံ့ခံပါတယ်" ရဲ့လျန့်ချန်က ပြောဆိုသည်။
"ငါတော့ သူ့အရည်အချင်းကို တကယ် လေးစားသွားပြီ" ထိုစာကြောင်းကို အဆုံးသတ်ပြောပြီးနောက် တခြားသူများက လှည့်ထွက်သွားသည်။
"သူဌေးက တကယ့်ကို မိုက်တာဘဲ။ ငါတော့ သူ့ကို အရမ်းယုံကြည်သွားပြီ။ ဖြစ်နိုင်ရင် သူ့မျက်ခွက်ကို ပိတ်ထိုးပစ်ချင်တယ် ဒါမှမဟုတ်ရင် ဒီလိုမဟုတ်တမ်းတရားတွေ လျှောက်ရေးတဲ့ သူ့လက်ကို ရိုက်ချိုးပစ်ချင်လာပြီ"
အသိပေးစာ "ဒီနေ့ ငါ စိတ်မပျော်ရွှင်ဘူး။ အထူးပိတ်ရက်တွေကိုလည်း ငါ မရှာနိုင်တော့ဘူး။ ဒါကြောင့်မလို့ ဆိုင်တစ်ရက်ပိတ်မယ်လို့ ကြေညာတယ်။ ဒါမှ ငါ့ရဲ့ညှိုးနွမ်းနေတဲ့စိတ်ကလေး ပြန်ရွှင်လန်းလာမှာပါ။ ငါစိတ်ပျော်ပိုက်သွားရင်တော့ မနက်ဖြန် ဆိုင်ဖွင့်ပါ့မယ်" စာရွက်တွင် ရေးထိုးထားသောလက်မှတ်က ယွမ်ကျိုး၏လက်မှတ်ဖြစ်သည်။
ဤတစ်ကြိမ်တွင် ပုံမှန်ဖောက်သည်များက စားသောက်ဆိုင်ဝင်ပေါက်မှာ ဆက်လက်မစောင့်ဆိုင်းကြပေ။
စားသောက်ဆိုင်သို့ အပြေးတစ်ပိုင်းဖြင့် ရောက်လာသော ဒုဌာနမှူးလီက ဆိုင်ပိတ်ထားခြင်းနှင့် နောက်တစ်ကြိမ် ပက်ပင်းတိုးသည်။ ဤတစ်ကြိမ်တွင် အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ဖောက်သည်များကိုပင် မတွေ့ရဘဲ တံခါးပေါ်တွင် ကပ်ထားသော အသိပေးစာကိုသာ မြင်တွေ့ရသည်။ အသိပေးစာတွင် ရေးသားထားသော အကြောင်းအရာများကို မြင်တွေ့ရသောအခါ သူ တကယ် ဒေါသထွက်သွားသည်။
"ဒီလိုဆိုင်သေးသေးလေးရဲ့ သူဌေးက စိတ်အပြောင်းအလဲ မြန်လှချည်းလား"
သူက စားသောက်ဆိုင်ထဲ ဝင်ခွင့် မရခဲ့၍ သူ့အထက်လူကြီးကို အစီရင်ခံစာတင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် နောက်တစ်နေ့မှ ထပ်လာရမည်။ ထို့အပြင် အသိပေးစာတွင်လည်း မနက်ဖြန်ဆိုင်ဖွင့်မည်ဟု ရေးသားထား၍ ကံကောင်းသွားသည်။
ထိုစဉ် ဌာနမှူးက ဒုဌာနမှူးထံ လူလွှတ်လိုက်သည်။
"ဌာနမှူးက ဒုဌာနမှူးနဲ့ ပြောစရာ ရှိလို့ပါတဲ့"
"ကောင်းပြီလေ။ ခဏနေရင် ငါ လာခဲ့မယ်"
ဒုဌာနမှူးလီက ကူကယ်ရာမဲ့ သဘောတူရန်သာ တတ်နိုင်သည်။
ဌာနမှူးက စာရွက်စာတမ်းများကို တည်းဖြတ်နေစဉ် တံခါးခေါက်သံက ဌာနမှူး၏အတွေးစကို ပြတ်တောက်စေခဲ့သည်။ ထို့နောက် သူက တည့်တည့်မတ်မတ် ထိုင်ကာ စကားပြန်ပြောသည်။
"ဝင်လာခဲ့ပါ"
"ဌာနမှူး၊ အားနာပါတယ်။ စားသောက်ဆိုင် ပိတ်ထားတာ ၃ရက်ရှိပြီ။ အခြေအနေကို သေချာ မစုံစမ်းရသေးဘူး"
ဒုဌာနမှူးလီက ရုံးခန်းထဲ ဝင်ဝင်ချင်း အရင်ဆုံး တောင်းပန်စကားပြောက အခြေအနေကို အသေးစိတ် ရှင်းပြသည်။
"ဒါဆိုရင် လူအများစုက အဲဒီစားဖိုမှူးရဲ့ ဟင်းချက်စွမ်းရည်ကို ချီးမွမ်းနေတာပေါ့ ဟုတ်လား"
ဌာနမှူးက စိတ်ဝင်တစား မေးမြန်းသည်။
"ဟုတ်တယ်။ အဓိကပြဿနာက ဆိုင်ရှင်ရဲ့ အဓိပ္ပါယ်မဲ့လွန်းတဲ့ လုပ်ရပ်ပဲ"
ဒုဌာနမှူးလီ၏မှတ်ချက်တွင် မကျေနပ်သော ခံစားချက်များ ရောယှက်နေခြင်းက သံသယဝင်စရာ မလိုအပ်ပေ။
"စားဖိုမှူးမှာ ချီးကျူးလောက်တဲ့ ဟင်းချက်စွမ်းရည် ရှိရင်တော့ နားလည်ပေးလို့ ရပါတယ်"
ဌာနမှူးက အပြုံးလေးဖြင့် ပြောသည်။
သို့သော်လည်း ဒုဌာနမှူးလီ၏ အတွေးက ဌာနမှူးနှင့် ခြားနားသည်။ သို့သော်လည်း သူက သူ့အထက်လူကြီးနှင့် မျက်နှာချင်းဆိုင် မငြင်းခုန်ချင်ပေ။
"ကောင်းပြီလေ။ မနက်ဖြန် အလုပ်ဆင်းရင် စားသောက်ဆိုင်ကို ထပ်သွားဦး"
၃၀မီတာ ပတ်လည် စားသောက်ဆိုင်က ကြီးမြင့်သော အခွန်ဈေးနှုန်း ပေးနိုင်ရသည့် အကြောင်းအရင်းကို စိတ်ဝင်စားမိသည်။ ထို့အပြင် ဆိုင်ရှင်က လူထူးဆန်းဟု နာမည်ကျော်နေသေးသည်။ သူ့ကိုယ်တိုင်၏ စူးစမ်းလိုစိတ် နှင့် သူ့အလုပ်တာဝန်အရ ကိုယ်တိုင် သွားရောက်စုံစမ်းသင့်သည်ဟု ခံစားမိသည်။
လွန်ခဲ့သော နှစ်ရက်ခန့်က ယွမ်ကျိုးသည် ဟင်းလျာမျိုးစုံကို မြည်းစမ်းခြင်းဖြင့် အချိန်ကုန်ဆုံးခဲ့သည်။ ယင်းခရီးစဉ်မှ အတော်အတန် အတွေ့အကြုံ ရခဲ့သည်။ တချို့သော စားသောက်ဆိုင်များက သူ့ဆိုင်ကဲ့သို့ ထိပ်တန်း အကောင်းဆုံး ဟင်းချက်ပစ္စည်းများကို မရရှိသော်လည်း အလတ်ဆတ်ဆုံး ပစ္စည်းများကို အသုံးပြုထားသည်။
သာဓကဆိုသော်လည်း လူနေရပ်ကွက်ထဲမှ ပေါက်စီဆိုင်လေးသည် တစ်နေ့ ၄နာရီသာ ဆိုင်ဖွင့်ပြီး သူ့ဈေးနှုန်းက တခြားစားသောက်ဆိုင်များ၏ နှစ်ဆဖြစ်သည့်တိုင် ဆိုင်ဖွင့်ချိန်အတွင်း ပေါက်စီ အားလုံး ရောင်းကုန်သည်။ တချို့သော စားသုံးသူများက ရောင်းကုန်သွားသည့်တိုင် ထပ်မံရောင်းချပေးရန် တောင်းဆိုသည်။
ယွမ်ကျိုးက ပထမဆုံးအကြိမ် ဆိုင်သို့ သွားစဉ်က ဝယ်ယူခွင့် မရခဲ့ပေ။ သူ့အလှည့်ရောက်သောအခါ ပေါက်စီအားလုံး ရောင်းကုန်သွားသည်။ ထို့အပြင် ၎င်းဆိုင်က အသားပေါက်စီတစ်မျိုးတည်းကိုသာ ရောင်းချသည်။
ဒုတိယအကြိမ် ကြိုးစားကြည့်ရာတွင် ယွမ်ကျိုးက တစ်လုံး ဝယ်စားနိုင်ခဲ့သည်။
ဆိုင်ကို ၄နာရီ ဖွင့်ရသည့် အကြောင်းအရင်းကို နားလည်သွားသည်။ ဆိုင်ရှင်က လတ်ဆတ်သော ပါဝင်ပစ္စည်းများနှင့် သန့်ရှင်းမှုကို ထိန်းသိမ်းရန် သူကိုယ်တိုင် လုပ်ဆောင်ရ၍ ဖြစ်သည်။
ယွမ်ကျိုးက နာမည်ကြီး စားသောက်ဆိုင်ဟောင်း၏ သတင်းကောင်းကိုလည်း ကြားသိထားသည်။ သူ့ဆိုင်၏အထူးဟင်းလျာက ပင်လယ်ခရုဟင်း ဖြစ်သည်။ စားသုံးသူတိုင်းက ဟင်းတစ်ပွဲချင်းစီကို အကန့်အသတ်ဖြင့် မှာယူရသည်။ လတ်ဆတ်မှု နှင့် အရသာရှိသော ဂုဏ်သတင်းကြောင့် ယွမ်ကျိုးက ဤဆိုင်မှာ အရသာ မြည်းစမ်းရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။
အပိုင်း(၅၅)
ပြီးပါပြီ။
အပိုင်း(၅၆)
*
စားသောက်ဆိုင်ကို ရှာဖွေရန် မခက်ခဲပေ။ အမြန်လမ်းမ အနီး ရှုပ်ယှက်ခတ်နေသော နယ်မြေတွင် ထူးခြား လှပစွာ ဆိုင်ကို အလှဆင်ထားသည်။ ဝင်ပေါက်မှာရှိသော စားပွဲထိုးမိန်းကလေး နှစ်ယောက်စလုံးက မိန်းမချောလေးများ ဖြစ်သည်။
"ကြိုဆိုပါတယ်။ လူဘယ်နှယောက်စာ စားပွဲလိုချင်လဲ" စားပွဲထိုးမိန်းကလေးတစ်ယောက်က ယွမ်ကျိုး၏အနား ရောက်လာပြီး ယွမ်ကျိုးကို နှုတ်ဆက်သည်။
"တစ်ယောက်စာ စားပွဲပေးပါ။ ပင်မ ခန်းမထဲလည်း အဆင်ပြေပါတယ်"
သီးသန့်ခန်းက သီးခြားအပိုငွေ ထပ်ပေးဆောင်းရသောကြောင့် ယွမ်ကျိုးက အကြံဉာဏ်ရှိသော ရွေးချယ်မှုကို လုပ်ဆောင်ခဲ့ပြီး ပင်မခန်းမဆောင်ကို ရွေးချယ်ခဲ့သည်။ ဤစားသောက်ဆိုင်မှ ပင်လယ်ခရုများ၏ အရသာကို မြည်းစမ်းကြည့်ချင်သည်။
"ဟုတ်ကဲ့ပါ။ ဒီဘက်လမ်းအတိုင်း ကြွပေးပါရှင့်" စားပွဲထိုးမိန်းကလေးက ပြတင်းပေါက်ဘေးနားက လူနှစ်ယောက်စာ စားပွဲစီ လိုက်ပို့ပေးသည်။ ရှုခင်းကောင်းသော်လည်း အတော်ကလေး နားဆူသည်။
"ကျေးဇူးတင်ပါတယ်"
ယွမ်ကျိုးက ယဉ်ကျေးပျူငှာစွာဖြင့် သူမကို ကျေးဇူးတင်စကား ပြောပြီးနောက် စားပွဲပေါ်မှ မီနူးစာရွက်ကို ကောက်ကိုင်ကာ ဟင်းပွဲ အော်ဒါမှာယူရန် ပြင်ဆင်သည်။
"နောက်ထပ် စားပွဲထိုးက လူကြီးမင်းစီမှာ အော်ဒါ လာကောက်ပါမယ်"
ဧည့်ကြိုကောင်မလေးက တစ်ချိန်လုံး ပြုံးနေသည်။ ကြော့ရှင်းလှပသော အခန်းတွင်းပြင်ဆင်မှုက စိတ်သက်သာရာ ရစေသော ခံစားချက်ကို ပေးစွမ်းသည်။ ခြုံငုံပြောရလျှင် ယွမ်ကျိုး တကယ်ကို ကျေနပ်သည်။
"တွေ့ရတာ ဝမ်းသာပါတယ် လူကြီးမင်း။ ဒီကနေ့ ဘာများ မှာယူစားသောက်ချင်လဲ"
နှစ်လို့ဖွယ်ကောင်းသော အပြုအမူနှင့် စားပွဲထိုး နောက်တစ်ယောက် ရောက်လာပြီး ချိုသာသော လေသံဖြင့် မေးမြန်းသည်။
“ပင်လယ်ခရုထမင်း နဲ့ လတ်လတ်ဆတ်ဆတ် ပင်လယ်ခရုပေါင်း တစ်ပွဲချင်းစီပေးပါ။ ဒီလောက်ပါပဲ"
ယွမ်ကျိုးက ပင်လယ်ခရုဟင်းနှစ်ပွဲ မှာယူလိုက်ပြီး ကောင်မလေးစီ မီနူးကတ် ပြန်ပေးသည်။
“ဟုတ်ကဲ့ပါ လူကြီးမင်း။ လူကြီးမင်း အော်ဒါတင်ထားတဲ့ ပင်လယ်ခရုက ကနေဒါနိုင်ငံရဲ့ ပင်လယ်ခရုမျိုးရိုင်းပါ။ လေကြောင်းလိုင်းကနေ ဝယ်ယူခဲ့တာပါ။ အော်ဒါမှာတဲ့ အရေအတွက်ကို ကန့်သတ်ထားလို့ ဒီနေ့အဖို့ လူကြီးမင်းက နောက်ထပ်ဟင်းပွဲ ထပ်မှာခွင့် မရှိတော့ပါဘူး"
စားပွဲထိုးမိန်းကလေးက ပင်လယ်ခရု၏ ဇာစ်မြစ် နှင့် အော်ဒါတင်နိုင်သော ကန့်သတ်ချက်ကို ရှင်းရှင်းလင်းလင်း ပြောပြသည်။
"ငါ သဘောပေါက်ပြီ"
ယွမ်ကျိုး ခေါင်းညိတ်သည်။
"လူကြီးမင်းမှာယူထားတဲ့ ဟင်းပွဲကို ခဏနေရင် တည်းခင်းပေးပါမယ်။ ခဏစောင့်ပေးပါ"
ထို့နောက် စားပွဲထိုး မိန်းကလေး ထွက်သွားသည်။ ယွမ်ကျိုးက ဟင်းပွဲ စောင့်ရင်း သူ့ဖုန်းထဲမှ ကြယ်ဖျက်ဆီးသူဂိမ်းကို ဆော့နေသည်။
ကြီးမားသော စားသောက်ဆိုင်ကြီး၏ မီးဖိုချောင်ထဲတွင် အနည်းဆုံး စားဖိုမှူး အယောက် ၂၀ခန့်ရှိပြီး ကိုယ်စီ လုပ်ငန်းခွဲဝေထားသည်။ ပင်မခန်းမဆောင်တွင် ဧည့်သည်များ ပြည့်နှက်နေသည့်တိုင် ဟင်းပွဲများကို အလျင်မှီ ချက်ပြုတ်နိုင်သည်။
"လူကြီးမင်း မှာယူထားတဲ့ ပင်လယ်ခရုထမင်း နဲ့ လတ်ဆတ်တဲ့ ပင်လယ်ခရုပေါင်းပါ"
ယွမ်ကျိုး၏စားပွဲခုံပေါ်မှာ ဟင်းပွဲများ ချပေးရန် စားပွဲထိုးကို လမ်းညွှန်နေစဉ် ကောင်မလေးက ချိုသာသောလေသံဖြင့် စကားပြောသည်။
"ကျေးဇူးတင်ပါတယ်"
ယွမ်ကျိုးက သူ့အရှေ့မှာ ဟင်းပွဲချရ အဆင်ပြေအောင် သူ့ဖုန်းကို ဘေးပို့ထားလိုက်သည်။
ဟင်းပွဲချက်ပြုတ်နှုန်းက အတော်အတန် မြန်ဆန်သည်။
သေးငယ်သော နီညိုရောင် မြေထည်အိုးငယ်လေးတွင် ထမင်းတစ်ပန်းကန်ခန့်ပါရှိသည်။ ထမင်းကို ပန်းကန်လုံးပုံစံ ပြောင်းပြန်ပုံသွင်းပြီး အညိုရောင်တောက်သော ပင်လယ်ခရုဟင်းအနှစ် ဆမ်းပေးထားသည်။ ဖုံးအုပ်ထားသည်။ ဘရိုကိုလီ(ပန်းစိမ်း)များကို ထမငိး ပတ်ချာလည်တွင် လှပစွာ ပုံဖော်ထားသည်။ တခြားတစ်ဖက်မူ မုန့်လာဥနီများကို ပါးပါးလှီးပြီး ဟင်းအနှစ်ဖြင့် ရောထားသည်။
အရောင်၊ အမွှေးအကြိုင်နဲ့ အရသာကို ကြည့်ရုံဖြင့် ဟင်းပွဲက အတော်ကြည့်ကောင်းသည်။ သို့သော်ငြား ယွမ်ကျိုး က သံသယမျက်ဝန်းများဖြင့် မေးဖျားလေးကို ပွတ်သပ်သည်။
သူက တခြားဟင်းပွဲဖြစ်သော ပင်လယ်ခရုပေါင်းကို သူ့အနား ဆွဲယူလိုက်သည်။
ဤဟင်းလျာ၏အထူးခြားဆုံး စရိုက်လက္ခဏာက လတ်ဆတ်သော အရသာဖြစ်သည်။
ပင််လယ်ခရုမျက်နှာပြင်ပေါ်တွင် ကြက်သွန်နီအနည်းငယ် ဖြူးထားပြီး အနံ့အရသာမရှိအောင် ပေါင်းထားသည်။
ပင်လယ်ခရုများကို လတ်ဆတ်အောင် သန့်စင်ထားပြီး ငါးညှီနံ့ အနည်းငယ်သာ ရှိပြီး ပင်လယ်လေညှင်း အငွေ့အသက်လေးလည်း ရသည်။ ဒီပင်လယ်ခရုများ၏လတ်ဆတ်မှုကို သံသယဝင်ရန် မလိုအပ်ပေ။
ပန်းကန်ပြားထဲမှာ ပင်လယ်ခရု လေးကောင် ပါရှိသည်။ အကောင်ကြီးကြီး ရွေးချယ် အသုံးပြုထား၍ ပန်းကန်ပြားနှင့် အဆင်ပြေသည်။ ဆော့စ်နှင့်တို့စားလို့ရအောင် အတုံးသေးသေးလေး တုံးပေးထားသည်။ ထို့အပြင် အမြင်လှပစေသည်။
ယွမ်ကျိုးက လေးကန်စွာ သက်ပြင်းချလိုက်သည်။ ထို့နောက် ဇွန်းကို ကောက်ကိုင်လိုက်ပြီး ပင်လယ်ခရုထမင်းကို အရင်ဆုံး စားကြည့်သည်။
ယွမ်ကျိုးက အစားအသောက်ကို ဖြည်းဖြည်းချင်း စားလေ့ရှိပြီး အထူးသဖြင့် တချို့သောဟင်းပွဲများကို မြည်းစမ်းရာတွင် ဖြည်းဖြည်းချင်း စားလေ့ရှိသည်။
နောက်ဆုံးတွင်မူ ယွမ်ကျိုးက ပင်လယ်ခရုထမင်း၏ သုံးပုံတစ်ပုံခန့်ကိုသာ စားပြီး တခြားဟင်းပွဲကို တစ်ဝက်ကုန်အောင် စားသည်။
ယခင်တစ်ခေါက်က စားခဲ့သော ပေါက်စီ လတ်ဆတ်မှုမှလွဲ၍ တခြားထူးခြားမှု မရှိသော်လည်း ယွမ်ကျိုး စားနိုင်သေးသည်။
ပင်လယ်ခရုဟင်းက ပေါက်စီထက် အများကြီး ဈေးကြီးသော်လည်း မတို့ထိထားရ သကဲ့သို့ အများကြီးကျန်နေသေးသည်။
မကောင်းသော တုံ့ပြန်မှု
မိနစ်၂၀ခန့်ကြာပြီးနောက် ယွမ်ကျိုးက မတ်တတ်ရပ်လိုက်ပြီး ဘေလ်ပေးဆောင်ရန် အရှေ့ဘက်စားပွဲခုံသို့ သွားသည်။
၅မိနစ်ခန့်ကြာပြီးနောက် ယွမ်ကျိုးက ဝင်ပေါက်သို့ သွားသည်။ ထူးခြားစွာ အလှဆင်ထားသော ဆိုင်အပြင်အဆင်ကို တစ်ချက်ကြည့်ပြီး သူ ခေါင်းခါမိသည်။
"နေပါဦး၊ ငါ တစ်ခုခု မေ့ကျန်ခဲ့သလိုပဲ" ယွမ်ကျိုးက ရုတ်တရက် ရေရွတ်သည်။
"နင့်ဖုန်းက ရေဝင်နေတာလား။ ကျယ်ကျယ် ပြောစမ်းပါ။ ငါ သေချာ ရှင်းရှင်းလင်းလင်း မကြားရဘူး"
သူ့ဘေးနားက ဖြတ်သွားသူက ဖုန်းပြောနေသည်။
"အို့စ် ဟုတ်တယ်။ ငါ့ဖုန်း ကျန်ခဲ့တာပဲ"
ယွမ်ကျိုးက မေးဖျားလေးကို ပွတ်သပ်သည်။ ထို့နောက် သူ အသစ်ဝယ်ယူထားသော ဖုန်းကိုပြန်ယူရန် စားသောက်ဆိုင်သို့ ပြန်သွားသည်။
ယွမ်ကျိုးက စားသောက်ဆိုင်ဝိုင်းမှ ထွက်သွားသော်လည်း ယွမ်ကျိုး၏စားပွဲကို မရှင်းလင်းရသေးပေ။ စားပွဲမရှင်းရသေးသည့် အကြောင်းအရင်းက စားပွဲခုံပေါ်တွင် မိုဘိုင်းလ်ဖုန်း ရှိနေသေးခြင်း နှင့် ၁၉၉၈ယွမ်တန်သော ပင်လယ်ခရုပေါင်းကို ကုန်အောင် မစားရသေး၍ ဖြစ်သည်။ပုံမှန် စိတ်အခြေအနေ ရှိသော ဖောက်သည်က ၁၉၉၈ယွမ်တန်သော ဟင်းပွဲကို အလဟသ ဖြစ်ခံမည်နည်း။
ယွမ်ကျိုး စားပွဲ၏ မျက်နှာချင်းဆိုင်တွင် မိသားစု သုံးဦးရှိသည်။ လူလတ်တန်းစား မိသားစု ဖြစ်နိုင်သည်။ အမျိုးသားက ပုံမှန်ဝတ်စုံကို ဝတ်ဆင်ထားပြီး အမျိုးသမီးက LVလက်ကိုင်အိတ်ကို ပခုံးပေါ်တင်ထားသည်။ သူတို့ဘေးနား ထိုင်နေသော ကလေးမလေးက ချစ်စရာကောင်းအောင် ဝတ်ဆင်ထားသည်။
မိသားစုသုံးယောက် အော်ဒါမှာထားသော ပင်လယ်ခရုများလည်း စားပွဲခုံပေါ် ရောက်နေသည်။ သာမန်ဝတ်စားထားသော အမျိုးသားက ဟင်းပွဲ ၃ပွဲထဲမှ တစ်ပွဲကို တစ်လုပ်စားကြည့်ပြီး စားပွဲထိုးကို လှမ်းခေါ်သည်။
"မိန်းကလေး။ မင်းရဲ့မန်နေဂျာကို ခေါ်ပေးလို့ ရမလား"
သူမက ဒွိဟဖြစ်သော ခံစားချက်များဖြင့် စားပွဲခုံပေါ်မှ ဟင်းပွဲများကို တစ်ချက်ကြည့်သည်။ ပြဿနာတစ်စုံတစ်ရာကို ရှာမတွေ့သောကြောင့် သူမ မေးမြန်းသည်။
"လူကြီးမင်းမှာ ပြဿနာတစ်စုံတစ်ရာရှိလို့လား ဘာကူညီပေးရမလား
"ကောင်မလေး၊ မင်း မဖြေရှင်းနိုင်လောက်ဘူး။ မင်းရဲ့မန်နေဂျာနဲ့ပဲ တိုက်ရိုက်စကားပြောချင်တယ်"
သာမန်ဝတ်စားထားသော အမျိုးသားသည် ကောင်မလေးကို ပြုံးရွှင်စွာဖြင့် စကားပြောသည်။
“ကျွင်းဟွာ ထားလိုက်တော့ အဆင်ပြေတယ်"
သူ့ဘေးနားက မိန်းမချောလေးက သူ့လက်မောင်းကို ပွတ်သပ်ပြီး ချိုသာစွာ စကားပြောသည်။
"မစိုးရိမ်နဲ့။ ဒီပြဿနာကို ငါ ဖြေရှင်းလိုက်မယ်။ သူတို့က အခုလိုလုပ်ရပ်မျိုး လုပ်ပြီး လိမ်ညာနေတာပဲ"
အမျိုးသားက ဇွဲမလျော့ပေ။
ခင်ပွန်းသည်က ဇွဲမလျော့၍ မိန်းမချောလေးက စကားဆက်မပြောတော့ပေ။ သူတို့ဝိုင်းဘေးနားမှာ မတ်တတ်ရပ်နေသော စားပွဲထိုးမိန်းကလေးက ဖြစ်ပျက်သမျှ အခြေအနေကို နားမလည်နိုင်ပေ။ ထို့ကြောင့် သူမက ဆက်လက်မေးမြန်းသည်။
"လူကြီးမင်း၊ ကျွန်မတို့ဆိုင်ရဲ့အရသာကို သဘောမတွေ့လို့လား"
"ဒီဟင်းပွဲတွေမှာ ပြဿနာတချို့ ရှိတယ်။ ဒါပေမဲ့ အရသာကြောင့် ဖြစ်တာ မဟုတ်ဘူး။ မင်းတို့မန်နေဂျာကိုပဲ လာခိုင်းလိုက်ပါ"
ဤတစ်ကြိမ်တွင် အမျိုးသားက ခက်ထန်သော လေသံဖြင့် မကျေနပ်သော အမူအရာကို ဖော်ပြသည်။
စားပွဲထိုးကောင်မလေးက သူ မဖြေရှင်းနိုင်မှန်း သဘောပေါက်လိုက်၍ ချိုသာသော လေသံဖြင့် စကားပြန်ပြောသည်။
"ခဏစောင့်ပေးပါ။ တာဝန်ကျတဲ့ မန်နေဂျာကို သွားခေါ်ပေးပါမယ်"
ထို့နောက် သူမက မရွှင်လန်းသော အမူအရာဖြင့် မန်နေဂျာ၏ရုံးခန်းသို့သွားသည်။
သိပ်မကြာလိုက် တာဝန်ကျမန်နေဂျာက သူတို့စီ ရောက်လာသည်။ အသက်၃၀အရွယ် အမျိုးသမီးသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ခပ်မြင့်မြင့် ထုံဖွဲ့ကာ ခက်ထန်သော အမူအရာ ရှိသည်။
သူမက ၎င်းအမျိုးသားအနား ချဉ်းကပ်လာသောအခါ ချိုသာသောလေသံဖြင့် ပြုံးကာ မေးမြန်းသည်။
"လူကြီးမင်း၊ ဘာများ ကူညီပေးရမလဲ"
"မန်နေဂျာ"တံဆိပ်ပြားပေါ်တွင် လျိုနာဟုသော အမည်ကို မြင်တွေ့သည်။
"မန်နေဂျာလျို။ ဒီကနေ့ ရောင်းတဲ့ ပင်လယ်ခရုတွေကို ဘယ်က ဝယ်ခဲ့လဲ မေးပါရစေ"
"လူကြီးမင်း၊ ဒီကနေ့ အသုံးပြုထားတဲ့ ပင်လယ်ခရုတွေက ကနေဒါ ကမ်းရိုးတန်း တလျှောက် ပစိဖိတ် သမုဒ္ဒရာကနေ ဖမ်းတာပါ။ ဒါတွေအားလုံးက ထိပ်တန်းအရည်အသွေးရှိတဲ့ ပင်လယ်ခရုပါ"
မန်နေဂျာလျိုက တည်ငြိမ်သော အမူအရာဖြင့် အသေးစိတ် ရှင်းပြသည်။
"ဟမ်၊ တကယ်လား။ ပင်လယ်ထဲက ဖမ်းလာတာရော ဟုတ်ရဲ့လား။ သေချာရဲ့လား"
လျိုနာကို ခပ်တန်းတန်းကြည့်ကာ မေးမြန်းလိုက်သည်။
"ဟုတ်ပါတယ်။ လူကြီးမင်း စိတ်ချထားလို့ ရပါတယ်"
လျိုနာက လေးနက်စွာ ပြန်ဖြေသည်။
သူတို့ချင်း အသံခပ်တိုးတိုးဖြင့် အပြန်အလှန် ပြောဆိုနေကြသည်။ ယွမ်ကျိုးက သူ့ဖုန်းကို လာယူစဉ် လျိုနာကို တစ်ဖက်လူ၏ခေါင်းမာသော အပြုအမူက စနိုးစနောင့် ဖြစ်စေသည်။
"ဒီကနေ့ အသုံးပြုထားတဲ့ ပင်လယ်ခရုတွေက ကနေဒါ ကမ်းရိုးတန်း တလျှောက် ပစိဖိတ် သမုဒ္ဒရာကနေ ဖမ်းတာပါ"
ယွမ်ကျိုးက လျိုနာပြောသောစကားကို အမှတ်တမဲ့ ကြားလိုက်ရသည်။ ယွမ်ကျိုးက လက်မခံဟန်ဖြင့် တီတိုးပြောလိုက်သည်။
"သဲ အရသာရနေတယ်။ မွေးမြူထားတာ သေချာတယ်"
အပိုင်း(၅၆)
ပြီးပါပြီ။
အပိုင်း(၅၇)
*
ယွမ်ကျိုးပြောလိုက်သော စကားကို အပြိုင်အဆိုင် ငြင်းခုန်နေသူ နှစ်ဦး ချက်ချင်း ကြားသွားသည်။
"ညီလေး၊ မင်းပြောတာမှန်တယ်။ မင်းကိုယ်တိုင်ပဲ ဒီပင်လယ်ခရုတွေ ကို တစ်ချက် စစ်ဆေးကြည့်ပေးပါ။ မွေးမြူရေးခရုမှန်း အသိသာကြီးကို ပင်လယ်ခရုလို့ ပြောနေတယ်" ၎င်းအမျိုးသားက ယွမ်ကျိုးကို မဟာမိတ်ကဲ့သို့ စိတ်အားထက်သန်စွာ လှည့်ကြည့်သည်။
"လူကြီးမင်းက ကိုယ့်မှာထားတဲ့ အစားအသောက်ကိုပဲ အာရုံစိုက်သင့်တယ် မဟုတ်ဘူးလား" လျိုနာက စားသုံးသူကို ရိုင်းပျစွာ မဆက်ဆံတတ်သော်လည်း ယွမ်ကျိုး ဝင်ရှုပ်၍ ပြဿနာက ပို၍ ဆိုးရွားလာသည်။
သူ့ဘာသာ ငြီးတွားသံကို တခြားသူ ကြားသွား၍ ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ သာမန်ဝတ်စုံနှင့် အမျိုးသားက စားသောက်ဆိုင်၏ လျှို့ဝှက်ချက်ကို ထုတ်ပြောနေသော်လည်း ယွမ်ကျိုးက ဝင်ရှုပ်မည့် ရည်ရွယ်ချက် မရှိပေ။
ယွမ်ကျိုးက သူ့ဖုန်းကို ကောက်ယူကာ ထွက်သွားခါနီး လျိုနာ၏ရိုင်းပျသော စကားလုံးများကို အမှတ်တမဲ့ ကြားလိုက်သည်။ သို့သော်ငြားလည်း သူ မျက်မှောင်ကြုတ်လိုက်သည်။
ယွမ်ကျိုးက ဤအငြင်းပွားမှု ဖြစ်ရပ်တွင် ဝင်ရောက် ပတ်သက်မည့် ရည်ရွယ်ချက် မရှိမှန်း လျိုနာ သဘောပေါက်သွားမှ ရင်အေးသွားရသည်။ တကယ်တမ်း စောနက ရိုင်းပျစွာ ပြောဆိုမိ၍ နောင်တရမိသည်။ မည်သို့ပင်ဆိုစေကာမူ စားသုံးသူဖောက်သည်ကို အလေးအမြတ် ထားရမည်။ သူတို့အားလုံးကို အကောင်းမွန်ဆုံး ပြောဆို ဆက်ဆံရမည်ဖြစ်သည်။
သို့သော်လည်း တစ်ဖက်အမျိုးသားက ယွမ်ကျိုးကို အလွယ်တကူ လက်လွှတ်မည့် အတွေး မရှိပေ။ အမှန်တရားကို သိနေသူနှင့် ဆုံတွေ့ရန် မလွယ်ကူပေ။ သူက ယခုပြဿနာရပ်ကို လျစ်လျူရှုပြီး နှုတ်ဆိတ်နိုင်မည်နည်း။
"မန်နေဂျာလျို၊ ခင်ဗျား သိပြီလား။ ကျုပ်တစ်ယောက်တည်း အခုလို ခံစားရတာ မဟုတ်ဘူး။ ခင်ဗျားတို့ဆိုင်က ရောင်းတဲ့ ခရုတွေက ပင်လယ်ကနေ ဖမ်းလာတဲ့ ပင်လယ်ခရု မဟုတ်ဘူး"
၎င်းအမျိုးသားက လေသံကျယ်ကျယ်ဖြင့် ပြောဆိုသည်။
"အားလုံးပဲ နားစွင့်ကြပါ။ ဒီလူငယ်လေးပြောတာတော့ ဒီဆိုင်မှာ ရောင်းတဲ့ ပင်လယ်ခရုတွေက မွေးမြူရေး ခရုတွေတဲ့" ယွမ်ကျိုးက ခပ်တန်းတန်း အမူအရာဖြင့် စားသောက်ဆိုင် အပြင်ဘက်သို့ ထွက်သွားတော့မည်မှန်း သိ၍ အများကြားသိအောင် ချက်ချင်း အော်ဟစ်ပြောသည်။
ဤစားသောက်ဆိုင်မှာ လာစားသူ အများစုက လူချမ်းသာများဖြစ်၍ အစပိုင်းတွင် သူတို့ချင်း ငြင်းခုန်နေသော အပြုအမူကို စိတ်မဝင်စားခဲ့ပေ။ သို့သော်လည်း တစ်ဖက်အမျိုးသား၏ အပြုအမူက ယွမ်ကျိုးကို တခြားသူအားလုံး၏ ပစ်မှတ်ဖြစ်သွားစေသည်။
"ဘာဖြစ်ကြတာလဲ။ ဒီခရုတွေက ပင်လယ်ခရု မဟုတ်ဘူးလား" ဈေးကြီးသော ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးက သူ့လက်ထဲမှ ပင်လယ်ခရုကို အောက်ချထားလိုက်ပြီး မျက်မှောင်ကြုတ်ကာ စကားပြောသည်။
လူတချို့၏ဦးဆောင်မှုကြောင့် တခြားသူများလည်း တစ်ပြိုင်နက်တည်း ဆွေးနွေးသည်။
"မဖြစ်နိုင်ပါဘူး။ ဒီစားသောက်ဆိုင်က ဖွင့်ထားတာ (၁၀)စုနှစ်ကျော် ကြာပြီ။ ငါ မကြာခဏ လာစားတာပဲ။ သူတို့ပင်လယ်ခရုရဲ့အရည်အသွေးက ကောင်းပါတယ်" သစ္စာရှိသောပုံမှန်ဖောက်သည်က မယုံကြည်နိုင်စွာ ခေါင်းခါသည်။
“ဒါက အာမခံလို့ မရနိုင်ဘူးလေ။ ယနေ့ခေတ် စီးပွားရေးသမားတွေက အရမ်း လှည့်ဖြားတတ်ပြီး ရိုးသားမှု မရှိဘူး" တခြားစားသုံးသူကလည်း သူ၏ မယုံကြည်မှုကို ဖော်ထုတ်သည်။
"လူငယ်လေးက မွေးမြူရေးခရုတွေလို့ ပြောသွားတယ်မလား။ သူ့ကို မေးကြည့်မယ်"
ယွမ်ကျိုးက လူအုပ်စုကြီး အလယ်မှာ မလှုပ်မယှက် မတ်တတ်ရပ်နေခြင်းကို မြင်တွေ့သော ဖောက်သည် တစ်ယောက်က အကြံပေးသည်။
“အမှန်ပဲ။ သူ့ကို မေးမယ်"
"လူငယ်လေး၊ ခရုတွေက မွေးမြူရေးခရုလို့ မင်းက ဘယ်လိုသိတာလဲ။ ဒီသတင်းကို မင်းက ဘယ်ကကြားတာလဲ"
ပြဿနာအစပျိုးခဲ့သော အမျိုးသားက ရလဒ်ကို ကျေနပ်နေသည်။
လျိုနာ အတော်လေး ဒေါသထွက်နေသည်။ သူမက ပြဿနာရှာသော အမျိုးသားကို အရင်ဆုံး ခပ်တန်းတန်း ကြည့်လိုက်ပြီး ဒေါက်မြင့်ဖိနပ်ကိုစီးကာ ယွမ်ကျိုးအနား လမ်းလျှောက်သွားသည်။
ဒေါသကြောင့် နီမြန်းနေသော မျက်နှာအမူအရာဖြင့် အတင်းပြုံးကာ စကားပြောသည်။ "ငါတို့ဆိုင်ရဲ့ ပင်လယ်ခရု အရည်အသွေးကိုတော့ စိတ်ချပါ။ ငါတို့တွေ စီးပွားရေး လုပ်ကိုင်လာတာ (၁၀)စုနှစ်ကျော်နေပါပြီ။ အရည်အသွေးက ပထမဦးစားပေးပါ။ သူက ပျော်စေပျက်စေ သက်သက်ပြောရုံပဲ ဖြစ်မှာပါ"
သူမက ထိုစကားကို ပြောနေစဉ် ယွမ်ကျိုးကို အချက်ပြဟန်ဖြင့် မျက်စိမှိတ်ပြသည်။ သို့သော်လည်း ယွမ်ကျိုးက ပခုံးဆတ်ခနဲ တွန့်ကာ နှုတ်ဆိတ်နေသည်။ မွေးမြူရေးခရု ဖြစ်နေသည့် အချက်က အမှန်တရား ဖြစ်သည်။
"ဒီလူက တခြားသူတွေကို ပျော်ပါစေဆိုပြီး ဟာသနှောပြောတာ ဖြစ်မှာပါ။ ငါတို့ဆိုင်က ခရုက မွေးမြူရေးခရု ဖြစ်စရာလား။ ဟုတ်တယ်မလား"
စားသောက်သူများကို အလိုက်သင့်စီးမြောပြီး ပြဿနာကို ရှောင်တိမ်းနိုင်လိမ့်မည်ဟု လျိုနာ ခန့်မှန်းမိသည်။
"ပျော်စေပျက်စေ ပြောခဲ့တာ မဟုတ်ဘူး။ ငါ တကယ်ပြောခဲ့တာ။ ဒီ့ပြင် အဲ့ဒီစကားက အမှန်တရားပဲ" တာဝန်ကျသောမန်နေဂျာက သူ့ကို အသုံးချပြီး ပြဿနာကို ဖြေရှင်းနေ၍ ယွမ်ကျိုး သဘောမတွေ့ပေ။ ထို့ကြောင့် ယွမ်ကျိုးက သူ့နှလုံးသား အလိုဆန္ဒအတိုင်း ပြန်ဖြေခဲ့သည်။
ထိုစဥ် စနစ်က မစ်ရှင်အသစ်ကို ထုတ်ပြန်ခဲ့သည်။
စနစ် "ကျွမ်းကျင်စားဖိုမှူး ဇကာတင် ရွေးချယ်ခံ အနေနဲ့ မင်းရဲ့အရသာခံအာရုံကို သံသယဝင်နေတာကို မင်း ဖြေရှင်းသင့်တယ်မလား။ လူငယ်လေး၊ ကျွမ်းကျင်စားဖိုမှူး ရွေးချယ်ခံ အနေနဲ့ မင်းရဲ့ အရည်အချင်းကို ထုတ်ပြလိုက်စမ်းပါ"
[ကျပန်းမစ်ရှင်] :
ပင်လယ်ခရုရဲ့အမှန်တရားကို ထုတ်ဖော်ခြင်း
[မစ်ရှင် ဆုလာဘ်] : ဆေးဖက်ဝင် လက်ဖက်ကြက်ဥပေါင်း
စနစ်က မစ်ရှင် မထုတ်ပြန်သည့်တိုင် ယွမ်ကျိုးက သူ့ကို အသုံးချနေခြင်းကို လက်ပိုက်ကြည့်နေမည့်သူ မဟုတ်ပေ။
ယွမ်ကျိုး ပြောလိုက်သော စကားက စားသောက်ဆိုင်အတွင်းမှ ဖောက်သည်များကို အုတ်အုတ်သဲသဲ ဖြစ်သွားစေသည်။
"ဒါက အမှန်ပဲလား" သက်လတ်ပိုင်း အမျိုးသားက မတ်တတ်ထရပ်ပြီး လေးနက်သောလေသံဖြင့် မေးမြန်းသည်။
"ဟင့်အင်း။ အဲဒီလို မဟုတ်ပါဘူး။ လူကြီးမင်း၊ ရှင့်ရဲ့သိက္ခာချတဲ့ အပြောအဆိုကြောင့် ရှင့်ကို ငါတို့က တရားစွဲနိုင်တယ်နော်။ ဒါကိုရော နားလည်ရဲ့လား" လျိုနာက အသက်ခပ်ပြင်းပြင်း ရှုပြီး လေးနက်စွာ ပြောဆိုသည်။
ယခုတော့ အခြေအနေက လျိုနာ ထိန်းချုပ်နိုင်သော အခြေအနေမှ ကင်းလွတ်သွားသည်။
ထို့ကြောင့် သူ့ဘေးနားက စားပွဲထိုးမိန်းကလေးကို မျက်စပစ်ပြပြီး အထွေထွေမန်နေဂျာကော်ကို သတင်းပေးခိုင်းသည်။
"ဒါပေါ့ ငါပြောတာအတွက် ငါ တာဝန်ယူနိုင်တယ်။ မင်းတို့ဆိုင်ကလည်း မင်းတို့ရဲ့ကြေညာချက်ကို တာဝန်ယူနိုင်ဖို့ မျှော်လင့်တယ်" ယွမ်ကျိုးက သူမကို ဖျတ်ခနဲ ကြည့်လိုက်သည်။
"ဒီစားသောက်ဆိုင်ကို ရောက်လာတဲ့ လူတိုင်းက စားသောက်ဆိုင်ရဲ့ဂုဏ်သတင်းကြောင့် ရောက်လာမယ်လို့ ယုံကြည်တယ်။ ငါလည်း မင်းတို့အားလုံးနဲ့ အတူတူပဲ။ အခွင့်အခါကြုံလို့ ငါက အစားအသောက်နဲ့ ပတ်သက်တဲ့ အသိသညာ အတွေ့အကြုံတွေကို လေ့လာခွင့်ရခဲ့တယ်" ယွမ်ကျိုးက လျိုနာ အနားချဉ်းကပ်လိုက်ပြီး စကားစတင် မပြောခင် သူမ၏အရှေ့မှာ မတ်တတ်ရပ်လိုက်သည်။
"ဟိုဘက်စားပွဲပေါ်က ဟင်းပွဲတွေက ငါ အော်ဒါမှာခဲ့တဲ့ ဟင်းပွဲတွေပဲ။ ပင်လယ်ခရုဟင်း နှစ်မျိုးစလုံးကို မြည်းစမ်းကြည့်ခဲ့တယ်။ စားဖိုမှူးမှာက ဟင်းချက်စွမ်းရည် အထိုက်အလျောက် ရှိပါတယ်" ယွမ်ကျိုးက ပြတင်းပေါက်နားမှ စားပွဲကို လက်ညိုးထိုးပြသည်။
လူအုပ်စုကြီးက သူ လက်ညိုးထိုးပြသော နေရာကို လှည့်ကြည့်သည်။ သိပ်မစားထားသော ဟင်းပွဲများကို မြင်တွေ့သောအခါ ယွမ်ကျိုး၏စကားကို စတင် ယုံကြည်လာသည်။
ဤစားသောက်ဆိုင်မှ ဟင်းပွဲများက ဈေးမပေါသော်လည်းယွမ်ကျိုးက ဟင်းပွဲများကို မြည်းကြည့်ရုံသာ မြည်းထားသည်။
"ဖုန်းမေ့ကျန်ခဲ့လို့ ပြန်လာခဲ့ရုံပဲ" ယွမ်ကျိုးက သူ့ဖုန်းကို ထုတ်လိုက်ပြီး လူတိုင်းကို ပြသသည်။
"မန်နေဂျာလျို နဲ့ အဲဒီလူ ငြင်းခုန်နေတာကို အမှတ်တမဲ့ ကြားမိရင်း အမှန်တရားကို မရည်ရွယ်ဘဲ ထုတ်ပြောမိတာပဲ။ အခြေအနေက မင်းတို့ မြင်သလိုပဲ" ယွမ်ကျိုးက ဖြစ်စဉ်တစ်ခုလုံးကို ရှင်းပြသည်။
ဤတစ်ကြိမ်တွင် စကားပြောသူက ပြဿနာမီးမွှေးသူ အမျိုးသား ဖြစ်သည်။
"အမှန်ပဲ။ ငါ့မိသားစုက ကနေဒါနိုင်ငံကနေ ပြန်လာတာ မကြာသေးဘူး။ စားပွဲထိုးပြောတာတော့ ပင်လယ်ထဲက ဖမ်းလာတဲ့ ပင်လယ်ခရုတဲ့။ အရသာကတော့ လုံးဝ မဟုတ်ဘူး။ ဒါကြောင့်မို့ ငါက သူတို့နဲ့ ငြင်းခုန်နေရတာပဲ။ ဒါပေမဲ့ သူတို့ဘက်က ဗြောင်လိမ်မယ်လို့ မထင်ထားခဲ့မိဘူး"
"မင်းတို့ဆိုင်က ဘာသဘောလဲ။ ပင်လယ်ခရုအတုတွေသုံးပြီး လိမ်ညာနေတာလား"
“သေချာတာပေါ့။ ငါတို့ပိုက်ဆံတွေကို ပြန်လျော်ပေး"
“ငါက အရင်တည်းက မင်းတို့ဆိုင်ရဲ့ ပုံမှန်ဖောက်သည်ပဲ။ အရင်တုန်းက ရောင်းခဲ့တဲ့ ပင်လယ်ခရုတွေကလည်း အတုတွေပဲလား"
တခြားသောဖောက်သည်များကလည်း လိမ်လည်ခံရသည်ဟု ခံစားရ၍ ချက်ချင်းပေါက်ကွဲကြသည်။
ထိုစဉ် အထွေထွေ မန်နေဂျာ သွားခေါ်သော စားပွဲထိုးမိန်းကလေးက အထွေထွေမန်နေဂျာကော်နှင့်အတူတူ ပြန်ရောက်လာသည်။ မန်နေဂျာကော်က အသက်ငယ်ရွယ်ပြီး အသက်၃၀ ဝန်းကျင်ရှိသည်။ တည်ငြိမ်သော အပြုံးကို ဆင်မြန်းကာ
"အားလုံးပဲ စိတ်ငြိမ်ငြိမ် ထားကြပါ"
ပင်မခန်းမဆောင်ထဲမှ စားသုံးသူများကို ငြိမ်သက်အောင် ထိန်းချုပ်ပြီးမှ အထွေထွေမန်နေဂျာက ယွမ်ကျိုးတို့ဘက် လှည့်ကာ စကားပြောသည်။
"လေးစားရပါသော လူကြီးမင်းတို့ခင်ဗျာ့ ကျွန်တော်တို့ဆိုင်က ရောင်းချပေးတဲ့ ခရုက ပင်လယ်ခရု မဟုတ်ဘူးဆိုတာ သက်သေထုတ်ပြနိုင်သလား။ ခင်ဗျားတို့ဆီမှာ သက်သေရှိလား"
လက်ရှိကာလတွင် စွပ်စွဲမှုတိုင်းအတွက် သက်သေလိုအပ်သည်။ အရသာမြည်းစမ်းရုံဖြင့် ပင်လယ်ခရု နှင့် မွေးမြူးရေးခရုကို ခွဲခြားနိုင်လိမ့်မည်ဟု အထွေထွေ မန်နေဂျာကော် မယုံကြည်ပေ။ သာမန်လူများအတွက် ခွဲခြားရန် ခက်ခဲသည်။
နှစ်ဖက်စလုံး နှုတ်ဆိတ်နေခြင်းကို မြင်တွေ့ရသောအခါ အထွေထွေမန်နေဂျာက ချိုသာစွာ ပြောဆိုသည်။
"လူကြီးမင်းတို့ နှစ်ယောက်မှာ ခိုင်လုံတဲ့ သက်သေ မရှိရင် ခြေခြေမြစ်မြစ် မရှိဘဲနဲ့ ကျွန်တော်တို့ရဲ့ အစားအသောက်ကို သံသယဝင်ခွင့် မရှိပါဘူး"
ထို့နောက် မန်နေဂျာက သူတို့နှစ်ယောက်ကို လျစ်လျူရှုပြီး တခြားဖောက်သည်များကို ပြေရာပြေကြောင်း ပြောဆိုသည်။
အပိုင်း(၅၇)
ပြီးပါပြီ။