← Chapters

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

အပိုင်း(၃၇)

*

"သူဌေးယွမ် ခင်ဗျား အခုမှဆိုင်ဖွင့်တာလား။ မနက်ခင်းက ဘာလို့ ဆိုင်မဖွင့်ရတာလဲ။ ခင်ဗျား ဒီမနက်ပိုင်းကို ဆိုင်မဖွင့်ဘူးဆိုတော့ ရှောင်လုံပေါင်းကို မှာလို့ ရပါ့မလား" သူဌေးယွမ်က ဘာမှမပြောခင် များစွာသော လူအုပ်ကြီးသည် စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသည်။ သူတို့သိလိုသော မေးခွန်းကို တစ်ပြိုင်နက်တည်း မေးမြန်းကြသည်။

"အချစ်ကလေး၊ အထဲမှာ သွားထိုင်ကြမယ်" ဝူကျိုးက သူ့ကောင်မလေးလက်ကို ဆွဲလိုက်ပြီး စားပွဲခုံအစွန်းဖက်မှာရှိသော ထိုင်ခုံ၂ခုံစီ သွားသည်။

"ဒီဆိုင်က တကယ့်ကို သေးသေးလေးပဲ။ ထိုင်ခုံ ၈ခုံပဲ ရှိတယ်" ကျွမ်းရှင်းမူက စားသောက်ဆိုင်ထဲ ဝင်ရောက်လိုက်သောအခါ စားသောက်ဆိုင်ကို အကဲခတ်လိုက်သည်။ သူမ၏စိတ်ထဲ စကားလုံး၃လုံးသာ ဖော်ပြနေသည်။ သေးငယ်သော၊ရိုးရှင်းသော၊သာမန်မျှသာဖြစ်သော စကားလုံးဖြစ်သည်။

နံရံပေါ်မှာ ရေးထိုးထားသော ဟင်းပွဲဈေးနှုန်းများကို သတိပြုမိသောအခါ သာမန်ထက်လွန်ကဲသည့် ဈေးနှုန်းသတ်မှတ်ခြင်းကို လက်သင့်မခံနိုင်ချေ။ သူဌေးက သူ့ဆိုင်သေးသေးလေးကို ကြယ်အဆင့်ရှိသောဟိုတယ်၏ စားသောက်ဆိုင်ဟု ယူဆနေသနည်း။

ကြက်ဥထမင်းကြော်တစ်ပွဲကို ၁၈၈ယွမ် နှင့် အစုံလိုက် ကြက်ဥထမင်းကြော်တစ်ပွဲက ၂၈၈ယွမ် ဖြစ်သည်။ ကျွမ်းရှင်းမူသည် လောဘကြီးလွန်းပြီး ကောက်ကျစ်စဉ်းလဲ‌သော သူဌေး၏မျက်နှာကို တံထွေးဖြင့် ထွေးချင်စိတ်ပင် ဖြစ်ပေါ်လာသည်။

သူမက အံကြိတ်လိုက်ပြီး ဝူကျိုး၏လက်မောင်းကို ခပ်နာနာလေး လိမ်ဆွဲလိုက်သည်။

"ရှင် ဒီစားသောက်ဆိုင်မှာ ခဏခဏ လာစားတာလား" သူမ၏အပြုအမူက ဝူကျိုးဖက်မှ သဘောတူလိုက်လျှင် အကြမ်းဖက်မည့် သဘောရှိသည်။

"အချစ်ကလေး၊ အရင်ဆုံး မြည်းကြည့်ပါဦး။ ဒီအရသာကို မြည်းစမ်းကြည့်ပြီးမှ ကိုယ် ပြောတာကို မင်း နားလည်သွားလိမ့်မယ်။ ကိုယ့်ကို ယုံကြည်လိုက်ပါ"

ဝူကျိုးက သူမ နားလည်အောင် ရှင်းပြသည့်တိုင် အကျိုးအကြောင်းဆီလျော်မှုမရှိသော ဟင်းပွဲဈေးနှုန်းကြောင့် လက်သင့်မခံနိုင်မှန်း သူသိသည်။ သူမကို အရင်ဆုံး ဖျောင်းဖျကြည့်ရမည်။ သူမက ကြက်ဥထမင်းကြော်ကို တစ်ဇွန်းစားကြည့်ပင်လျှင် သူ့ပြောသည့် စကားကို သေချာပေါက်လက်ခံသွားလိမ့်မည်။

"ဟွန့် ရှင်ပြောသလောက်ရော အရသာ ကောင်းပါ့မလား" ကျွမ်းရှင်းမူက နှာခေါင်းရှုံ့လိုက်ပြီးနောက် ဝူကျိုးကို ခဏ လွှတ်ပေးလိုက်သည်။ ကျွမ်းရှင်းမူက အများရှေ့မှာ သူမ၏ချစ်သူကို ရိုသေလေးစားစွာ ဆက်ဆံတတ်သော်လည်း အိမ်ပြန်ရောက်သည့်အခါ သူ့ကို နှိပ်စက်မည်ဟု ဆုံးဖြတ်ထားသည်။ ဤစားသောက်ဆိုင်နှင့် ပတ်သက်၍ ကောင်းသောထင်မြင်ယူဆချက်မျိုး သူမ မှာ မရှိပေ။

ယွမ်ကျိုးက သူတို့မေးမြန်းသောမေးခွန်းများကို မဖြေသည့်တိုင် မေးခွန်းတစ်ခုကိုသာ ဖြေဆိုလိုက်သည်။

"မနက်က ဆိုင်မဖွင့်ရတဲ့အကြောင်းအရင်းက ငါ အိပ်ပျော်သွားလို့ပဲ"

"သူဌေးယွမ်၊ ခင်ဗျား ခုလိုမျိုးလုပ်တာက ဖောက်သည်တွေ ဆုံးရှုံးနိုင်တယ်ဆိုတာ သိရဲ့လား။ ဒီလိုလုပ်ရပ်မျိုးက မှန်ကန်မှု မရှိဘူးဆိုတာကိုရော သိရဲ့လား။ ခင်ဗျား စီးပွားရေးလုပ်တယ်ဆိုတာ သေချာလုပ်ဖို့ လိုအပ်တယ်လေ။ မနက်စောစောထပြီးတော့ ဆိုင်ဖွင့်သင့်တာပေါ့" တချို့သော စားသုံးသူ ဖောက်သည်များက ခဏနှုတ်ဆိတ်သွားသော်လည်း တစ်ပြိုင်နက်တည်း မကျေမနပ် ပြောဆိုလာကြသည်။

"ဒီနေ့ ခင်ဗျားတို့ ဘာစားချင်လဲ" ယွမ်ကျိုးက သူတို့ပြောဆိုနေသည်ကို မကြားချင်ယောင်ဆောင်ပြီး စကားလမ်းကြောင်းလွှဲသည်။

"သူဌေးယွမ်၊ ခင်ဗျား တအားလွန်တယ်နော်။ ကျွန်တော်ရဲ့နာကျင်နေတဲ့နှလုံးသားကို ချွေးသိပ်ဖို့အတွက် ကြက်ဥထမင်းကြော်၂ပွဲ လိုချင်တယ်"

လူအများစုက ယွမ်ကျိုး ဂရုမစိုက်မှန်း သဘောပေါက်၍ တောင်းဆိုမှုများကို လုပ်ဆောင်ကြသည်။ ယခင်က လေးနက်သောအပြုအမူများသည် ကြက်ဥထမင်းကြော်အပိုရရှိရန် ဟန်ဆောင်နေရုံမျှသာ ဖြစ်သည်။

ကျွမ်းရှင်းမူက အခြေအနေတစ်ရပ်လုံးကို စောင့်ကြည့်ပြီး ယွမ်ကျိုးအပေါ်ထားရှိသောအမြင်က ပို၍ ဆိုးရွားလာသည်။ အခြားတစ်ဖက်တွင်မူ သူမ သိချင်စိတ်ရှိလာသည်။ အံ့ဩစရာကောင်းလောက်အောင် တခြားဖောက်သည်များက ကြက်ဥထမင်းကြော်နောက်တစ်ပွဲ ထပ်ပေးရန် တောင်းဆိုနေကြသည်။ ဤအပြုအမူက မယုံကြည်စရာကောင်းသည်ဟု ခံစားမိသည်။

"မရပါဘူး" ယွမ်ကျိုးက အညှာအတာကင်းမဲ့စွာ ထပ်မံ ငြင်းဆန်ပစ်သည်။

"တခြားစားသုံး‌သူတွေက အပြင်ဘက်မှာ ထိုင်ခုံရဖို့ စောင့်နေသေးတယ်" တချို့သောလူများက ယွမ်ကျိုးကို မကျေမနပ်ငေးကြည့်နေကြသည်။ သူတို့၏မျက်ဝန်းတွင် စကားတချို့ကို ဖော်ပြနေသည်။

'ခင်ဗျား ရက်စက်တယ်။ အရှက်မဲ့တယ်။ ကျိုးကြောင်းဆီလျော်မှု မရှိဘူး'

သို့တိုင် ယွမ်ကျိုး၏မျက်နှာက အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိပေ။ ယခင်အတိုင်း တည်ငြိမ်နေသည်။

"အစုံလိုက် ကြက်ဥထမင်းကြော်ပေးပါ" ဤလူအားလုံးက ယွမ်ကျိုး၏ပုံမှန်မျက်နှာထားကြောင့် အရှုံးပေးလိုက်ကျပီး သူတို့ မှာယူလိုသောအစားအသောက်များကို စတင်မှာယူကြသည်။

"သူဌေးယွမ်၊ ကျွန်တော်တို့ကို အစုံလိုက်ကြက်ဥထမင်းကြော်(၂)ပွဲပေးပါ" ယွမ်ကျိုးက ဝူကျိုးကို တချက်လှမ်းကြည့်လိုက်သောအခါ ဝူကျိုးက အော်ဒါ မှာလိုက်သည်။ ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီးတော့ ဟင်းလျာပြင်ဆင်မှုကို စတင်သည်။

"ကြက်ဥထမင်းကြော်ဆို အဆင်ပြေပြီလေ။ အစုံလိုက်ပွဲက ယွမ်၁၀၀ပိုများတယ်လေ" ကျွမ်းရှင်းမူက မကျေမနပ်ဖြင့် ပြောသည်။

"ကိစ္စမရှိဘူး။ အစုံလိုက်ကြက်ဥထမင်းကြော်မှာပါတဲ့ ဟင်းတစ်ပွဲချင်းစီတိုင်းက လက်ဖျားခါလောက်အောင် ကောင်းတယ်။ ပြီးတော့ ဟင်းချိုလဲပါတယ်လေ။ ချစ်လေးက ဟင်းချိုသောက်ရတာ ကြိုက်တယ်မဟုတ်ဘူးလား" ဝူကျိုးက သူ့ကောင်မလေး၏ လက်ကို ကိုင်လိုက်ပြီး ခဏအတွင်းမှာ ပြတ်ပြတ်သားသား ပြန်ပြောသည်။

"ကိုယ့်ရဲ့ဟင်းချို မင်းကို ပေးမယ်လေ"

"ရှင့်ပုံစံကို ကြည့်ရတာ ဟင်းချိုတစ်ခွက်ပေးရတာကို ရှင့်ခန္ဓာကိုယ်က အသားတွေလှီးပေးလိုက်ရတဲ့ပုံစံနဲ့ တူနေတယ်နော်" ကျွမ်းရှင်းမူက သူ့လက်ကို မပျော်မရွှင် ခါထုတ်လိုက်သည်။

"အွန်း၊ ခဏနေရင် ချစ်လေး နားလည်သွားမှာပါ"

"အားလုံးပဲ သုံးဆောင်လို့ ရပါပြီ" ယွမ်ကျိုးက အစုံလိုက်ကြက်ဥထမင်းကြော်(၈)ပွဲကို နေရာချထားပေးလိုက်သည်။ စားသုံးသူဖောက်သည်များကို စကားပြောသည်။

"ကျေးဇူးတင်ပါတယ် သူဌေးယွမ်။ ဒါက ကျွန်တော့်ကောင်မလေးပါ" ပထမဦးဆုံးရောက်ရှိလာသော ကြက်ဥထမင်းကြော်ကို သူ့ကောင်မလေးအား အရင်ဆုံး ပေးလိုက်ပြီး ယွမ်ကျိုးကို ဝင့်ကြွားစွာဖြင့် သူ့ကောင်မလေးနှင့် မိတ်ဆက်ပေးသည်။

ယွမ်ကျိုး၏တုံ့ပြန်မှုက တည်ငြိမ်သောအမူအရာဖြင့် ခေါင်းညိတ်ရုံသာ ဖြစ်သည်။ ကျွမ်းရှင်းမူက မျက်မှောင်ကြုတ်သော အမူအရာဖြင့် ကြက်ဥထမင်းကြော်ကို ကြည့်လိုက်ပြီး ကြက်ဥထမင်းကြော်တွင် ကြက်ဥပင် မမြင်ရပေ။

ကြက်ဥထမင်းကြော်တွင် အသုံးပြုသောထမင်းများက ရွှေရောင်သန်းနေသော်လည်း ကြက်သွန်မြိတ်၊ ဝက်ပေါင်ခြောက်ကိုပင် မမြင်တွေ့ရပေ။ ဟင်းချိုခွက်ကလည်း အရမ်းကို သေးလွန်းပြီး ရေမှော်ဖတ် ၂ဖတ်၊ ၃ဖတ်လောက်ကိုသာ မြင်တွေ့ရသည်။ မုန်လာချဉ်ကလည်း နည်းနည်းလေး ပါသည်။

ထည့်ထားသော မုန်လာချဉ်ကလည်း နည်းပါးသည့်အပြင် မုန်လာဖတ်အရေအတွက်ကိုပင် ရေတွက်နိုင်သည်။ ထမင်းတစ်မျိုးတည်းပါပြီး ကြက်ဥမပါသော နာမည်ကြီး ကြက်ဥထမင်းကြော်ကို ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

"ချစ်လေး၊ ဒါက မင်းအတွက် ဟင်းပွဲလေ။ နောက်ပြီးတော့ ကိုယ့်ရဲ့ဟင်းချိုကို မင်းကိုပေးမယ်" ဝူကျိုးက သူလက်ခံရရှိသော အစုံလိုက်ကြက်ဥထမင်းကြော်ကို ရယူပြီးနောက် ရေမှော်ဟင်းချိုကို သူ့ကောင်မလေးအား ပေးလိုက်သည်။ သူမက သူ့ကောင်လေး၏ကြင်နာမှုကို ငြင်းဆန်လေ့မရှိဘဲ လက်ခံလေ့ရှိသည်။ ထို့ကြောင့် ရေမှော်ဟင်းချိုကို လက်ခံယူလိုက်သည်။

ဝူကျိုးက သူ့ကောင်မလေး ရေမှော်ဟင်းချိုကို သောက်ရန် တုံ့ဆိုင်းနေသည်ကို မြင်တွေ့ရသောအခါ စကားလှမ်းပြောသည်။

"ချစ်လေး၊ မြန်မြန် သောက်ကြည့်လေ။ တကယ့်ကို အရသာရှိတယ်"

"ကောင်းပါပြီ" ကျွမ်းရှင်းမူက သဘောတူလိုက်ပြီး ဇွန်းအပြည့် ဟင်းချိုကို ခပ်ကာ သူ့ပါးစပ်ထဲ ထည့်လိုက်သည်။

ကြက်ဥထမင်းကြော်၏အရသာနှင့် ရေမှော်ဟင်းချို၏အရသာသည် ကျွမ်းရှင်းမူ၏ခံတွင်းထဲ ပျံ့လွင့်သွားသည်။ ကျွမ်းရှင်းမူသည် ဟင်းချက်ကောင်းသူတစ်ယောက် မဟုတ်ပေ။ သို့တိုင် အချိန်ပိုဆင်းလေ့ရှိသော သူ့ကောင်လေးအတွက် လိုအပ်သော အာဟာရဓာတ်များကို ပံ့ပိုးပေးချင်သောကြောင့် ဟင်းလျာ၏အာဟာရဓာတ်များကို လေ့လာထားသည်။ ထို့ကြောင့်လည်း ရွှေရောင်ကြက်ဥထမင်းကြော်တွင် ကြက်ဥမပါရှိခြင်းကို သတိပြုမိခြင်းဖြစ်သည်။

"အရသာရှိတယ်။ တကယ့်ကို အရသာရှိတယ်" ကျွမ်းရှင်းမူသည် သူ့ဘဝတစ်သက်တာလုံး စားသုံးခဲ့ရသော ကြက်ဥထမင်းကြော်သည် အတုအယောင်ဖြစ်သည်ဟု ခံစားမိလာသည်။ ယခု သူမ စားသုံးရသော ကြက်ဥထမင်းကြော်သည် နတ်ဘုရားအဆင့်ရှိသည်ဟု သတ်မှတ်ခဲ့သည်။

ကျွမ်းရှင်းမူ၏အမြင်သည် မှန်ကန်ခဲ့သည်။ ဤကြက်ဥထမင်းကြော်သည် တကယ်တမ်း နတ်ဘုရားအဆင့်ကြက်ဥထမင်းကြော် ဖြစ်သည်။

သူမနှစ်သက်သော ရေမှော်ဟင်းချိုလည်း ပါဝင်၍ အကြိုက်တွေ့နေသည်။ ရေမှော်ဟင်းချိုကို တစ်ငုံသောက်ပြီးနောက် သူ့ကောင်လေးက ရေမှော်ဟင်းချိုကို ပေးရန် အင်တင်တင်ဖြစ်နေရသည့် အကြောင်းအရင်းကို နားလည်သွားသည်။ သူမကလည်း ဟင်းချိုတစ်စက်ကိုပင် အလဟဿမဖြစ်လိုပေ။ ဟင်းချိုနောက်တစ်ခွက် သောက်ရမည်ဟု တွေးမိသောအခါ ပျော်ရွှင်သောခံစားချက်များ လွှမ်းမိုးသွားသည်။ ရေမှော်ဟင်းချိုသောက်ခြင်းနှင့် ကြက်ဥထမင်းကြော်စားခြင်းကို လုပ်ဆောင်ပြီးနောက် မုန်လာချဉ်ကို မြည်းစမ်းလိုက်သည်။ မျှော်မှန်းထားသည့်အတိုင်း အရသာရှိနေသည်။

ကျွမ်းရှင်းမူက အစုံလိုက်ကြက်ဥထမင်းကြော်ကို စားပြီးနောက် သူ့ကောင်လေး၏ရေမှော်ဟင်းချိုနှင့် မုန်လာချဉ်ကို မြည်းစမ်းကြည့်သောအခါ သူ့ကောင်လေးက သူ့ကို ဂရုအစိုက်ဆုံးဟု ခံစားမိလာသည်။ အရသာရှိသောဟင်းလျာများကိုပင် သူမအား လိုလိုလားလား ပေးလိုက်သေးသည်။

"နောက်လက စပြီးတော့ ရှင့်တစ်လစာအသုံးစရိတ်အတွက် ယွမ်၄၀၀၀ယူလိုက်။ ဒီဆိုင်မှာ ကောင်းကောင်းဝယ်စား"

"ဒါပေမယ့် ကိုယ်တို့ မင်္ဂလာဆောင်အတွက် တိုက်ခန်းဝယ်ရအုံးမယ်လေ" ဝူကျိုးက အစပိုင်းတွင် ပျော်ရွှင်သွားသော်လည်း တခြားသော ကိစ္စရပ်ကို တွေးမိသောအခါ တုံ့ဆိုင်းစွာဖြင့် မေးမိသည်။

"ကိစ္စမရှိဘူး။ ကျွန်မတို့က ငယ်သေးတာဘဲ။ အချိန်တွေ အများကြီး ရှိသေးတယ်" ဝူကျိုးရဲ့လက်ကို ကိုင်ပြီးတော့ ချစ်ကြည်နူးစွာ ပြန်ပြောသည်။

"ကောင်းပြီလေ။ ကိုယ့်ကို စောင့်ပေးလို့ အရမ်းကို ကျေးဇူးတင်ပါတယ်" ဝူကျိုးသည် အရမ်းကို စိတ်လှုပ်ရှားသွားသောကြောင့် ကောင်မလေးကို ဖက်လိုက်သည်။

"ကိစ္စမရှိပါဘူး။ နောက်တစ်ခေါက်ဆိုရင်လည်း ကျွန်မကို ရှင့်ရဲ့ဟင်းချိုကို ပေးရမယ်နော်" ကျွမ်းရှင်းမူက မြေခွေးမလေးအမူအရာဖြင့် ပြုံးလိုက်သည်။ တခြားကောင်မလေးတစ်ယောက်ကလည်း ယွမ်ကျိုး၏ဟင်းချက်စွမ်းရည်ကို သဘောကျ နှစ်ခြိုက်သွားသည်။ တစ်နည်းဆိုသော် သာမန်ထက် လွန်ကဲသော ဟင်းချက်စွမ်းရည်ဖြင့် ကောင်မလေးကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

အပိုင်း(၃၇)

ပြီးပါပြီ။

အပိုင်း(၃၈)

*

ချစ်ကြည်နူးနေသော စုံတွဲကြောင့် စိတ်ဒဏ်ရာ ရပြီးနောက် ယွမ်ကျိုးက သူ့နှလုံးသား နာကျင်မှု ဝေဒနာကို နှစ်သိမ့်ရန် အိပ်ရာမှနောက်ကျမှ ထမည်ဟု ဆုံးဖြတ်လိုက်သည်။

သူ့အိပ်မက်ထဲ ယွမ်ကျိုးက ချစ်ကြည်နူးနေသော စုံတွဲများကို မီးရှို့သတ်သည်ဟု မြင်ယောင်နေသည်။

ထို့ကြောင့် နောက်တစ်နေ့ မနက်ခင်းတွင် စားသောက်ဆိုင်တံခါးကို သေချာပိတ်ကာ စားသုံးသူဖောက်သည်များက အပြင်ဘက်မှာ စောင့်ဆိုင်းနေရသည်။ ယွမ်ကျိုး၏အပြုအမူက ပုံမှန်ဖောက်သည်များကို စိတ်ပျက်စေသည်။

ယွမ်ကျိုး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်ဟု သိသည့်တိုင် ယွမ်ကျိုး စီးပွားပျက်၍ ကြောက်စိတ်မွှန်ထူနေမည်ဟု ခံစားချက်မျိုးကို ခံစားစေချင်သည်။

သို့သော်လည်း သူတို့ပညာပြမည်ဟု ဆုံးဖြတ်လိုက်သောအခါ ယွမ်ကျိုးက ပုံမှန်အတိုင်း စားသောက်ဆိုင်ဖွင့်သည်။ သူတို့အစာအိမ်က မနက်စာ စားရန်အသိပေးနေသောအခါ သူတို့ခြေထောက်များက ယွမ်ကျိုး၏စားသောက်ဆိုင်ထဲ အလိုအလျောက် ရောက်သွားသည်။

ဝူကျိုးက သူ့ကောင်မလေး၏ အားပေးထောက်ခံမှုကြောင့် ငွေအလုံအလောက် ထပ်မံရရှိသွား၍ ယွမ်ကျိုး၏စားသောက်ဆိုင်မှာ တစ်နေ့တစ်ခါ ကြက်ဥထမင်းကြော် လာစားသည်။

ထို့အပြင် သူ့ကောင်မလေးကို ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ ပထမဆုံး ခေါ်လာပြီးနောက်ပိုင်း ကောင်မလေးနှင့်အတူတူ ဗုဒ္ဓဟူးနေ့ နှင့် ပိတ်ရက်များတွင် ဆိုင်သို့ အတူတူလာသည်။ တကယ်တမ်း သူ့ကောင်မလေး မကြာခဏ ဆိုင်သို့ သွား၍ သူ့အတွက်လည်း အကျိုးကျေးဇူးများသည်။

ချစ်သူနှစ်ဦး ကြည်နူးနေသော မြင်ကွင်းကို မြင်ပါများလေလေ လူပျိုကြီးယွမ်ကျိုးက မနက်စောစော အိပ်ရာထရန် အင်တင်တင် ဖြစ်လာသည်။ အကျိုးဆက်အနေဖြင့် သိပ်ရောင်းချလေ့ မရှိသော ဖက်ထုပ်က ပို၍တန်ဖိုးကြီးလာသည်။ ဤသည်ကား လူပျိုကြီးယွမ်ကျိုး၏အရှေ့မှာ တစ်တီတူးနေသော ဝူကျိုးကြောင့်မှန်း ဖောက်သည်အများစု သိသည်။

"ကောင်းသောညနေခင်းပါ။ မန်မန်က စားကောင်းတဲ့ဆိုင်က ဟင်းလျာတွေ မြည်းစမ်းရမယ့် အချိန်ရောက်လာပါပြီ။ ဘယ်လို ဆိုင်မျိုးကို လမ်းညွှန်ပေးချင်လဲ"

ချစ်စဖွယ်ကောင်းသော ကောင်မလေးသည် သူမ၏မိုဘိုင်းလ်ဖုန်းကို မျက်နှာချင်းဆိုင်ကာ စကားပြောသည်။ နောက်ပြန်လမ်းလျှောက်နေ၍ ရံဖန်ရံခါ ချော်လဲသွားနိုင်ချေ ရှိသည်။

အနီးကပ်ကြည့်လိုက်လျှင် ကောင်မလေး စိတ်အားထက်သန်သော ချစ်စဖွယ်မျက်နှာလေးက သေးငယ်သော ဖန်သားပြင်ပေါ်မှာထက် ပို၍ ချစ်စရာကောင်းသည်။ ချစ်စရာကောင်းသော အရုပ်မလေး အသွင် ရှိသည်။ ကောင်မလေး၏ အပြုအမူကို အကဲဖြတ်ကြည့်ရုံဖြင့် တိုက်ရိုက်ထုတ်လွှင့်သူမှန်း သိနိုင်သည်။

"မင်းတို့လမ်းညွှန်းချက်က မယုံနိုင်စရာပဲ။ ဒီနေရာမှာ တခြားဆိုင် မရှိတော့ဘူးလား။ အရသာရှိတဲ့ဟင်းလျာတွေကို စားချင်တယ်"

ချစ်စဖွယ်ကောင်မလေးက နှာခေါင်းရှုံ့ကာ ချစ်ချင်စဖွယ်ကောင်းအောင် စကားပြောသည်။ သူမ၏နာမည်အစစ်က ဝမ်မန်ဖြစ်သည်။

[နံရံမတိုက်မိဘဲ နောက်ပြန်လမ်းလျှောက်နိုင်တဲ့ စကေးကို မနာလိုဖြစ်မိတယ်] Wall Supporting Gang.

[မန်မန်၊ မြန်မြန် သွားစားကြည့်နော်။ မင်း အစာစားနေတဲ့ပုံလေးကို သဘောကျတယ်။ ဒါမှ ငါလည်း အစာစားချင်စိတ် ဖြစ်မှာလေ] Loneliness is Coming.

[မန်မန်၊ မင်းနောက်မှာ တစ်ယောက်ယောက် ရှိနေလား] Time Waits for No One.

ဤကဲ့သို့သော စကားလုံးမျိုးက ဖန်သားပြင်ပေါ်မှာ ပေါ်လာသည်။ ဝမ်မန်က တိုက်ရိုက်ထုတ်လွှင့်သူများကြား နာမည်ကျော်သည်။

"ကောင်းပြီလေ။ ဒါဆိုရင် အခုပဲ အားလုံးကိုယ်စား အရသာရှိတဲ့ဟင်းလျာတွေကို မြည်းစမ်းကြည့်မယ်"

ဝမ်မန်က စာတိုအများစုသည် အရသာရှိသောဟင်းလျာကို တောင်းဆိုနေ၍ သူမက သဘာဝကျသော ချစ်စဖွယ်အမူအရာဖြင့် ဘေးဘယ်ညာကြည့်လိုက်သည်။

ထို့နောက်စာတိုများက သဘောကျနှစ်ခြိုက်ပြီး အားပေးချီးမြှောက်သော အသွင် ပြောင်းလဲသွားသည်။

သူမက ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ် ယွမ်ကျိုး၏ စားသောက်ဆိုင် အတွင်းမှာ စားသုံးသူဖောက်သည် နည်းပါးခြင်းကို သတိပြုမိသည်။

"ဆိုင်းဘုတ်မရှိတဲ့ ဆိုင်လေးကို ရှင်တို့တွေ မြင်ကြလား"

ထိုစကားကိုပြောနေစဉ် သူမက ဖုန်းကို မြှောက်ပြပြီးမှ ဆက်ပြောသည်။

"ပုံစံကြည့်ရတာ ဖွင့်တာ မကြာသေးလောက်ဘူး။ ဆိုင်အသစ်မှာ စမ်းစားကြည့်မယ်"

သူမ၏ပရိသတ်များက မစောင့်နိုင်သော်လည်း ဝမ်မန်က အေးအေးဆေးဆေး ဖြစ်နေသည်။ သူမက စွန့်စားသူကဲ့သို့ ပတ်ဝန်းကျင်အနေအထားကို ပရိသတ်များ မြင်သာအောင်ပြသနေသည်။

[မန်မန်။ ‌မင်း ဆိုင်တံခါးပေါက်မှာ ဆက်မတ်တတ်ရပ်နေရင် သူဌေးက မင်းကို မောင်းထုတ်တော့မယ်] Wall Supporting Gang

[အရသာရှိတဲ့ဟင်းပွဲတွေ မင်းစားနေတာကို မြင်ချင်လို့ ကြည့်နေတာလေ။ မြန်မြန်စားပါတော့နော်] Loneliness is Coming.

"အိုကေ၊ ကောင်းပြီ။ ငါလည်း ဗိုက်ဆာနေတယ်။ လေ့ကျင့်ခန်းလည်း လုပ်ပြီးပြီဆိုတော့ ဒီနေ့ သေ‌ချာပေါက် ပိုစားမယ်"

ဝမ်မန်က သူနှင့်အတူတူ လိုက်ခဲ့ဟူသော အမူအရာကို လုပ်ဆောင်သည်။ ထို့နောက် ဖုန်းကို ကိုင်ဆောင်ကာ ယွမ်ကျိုး၏စားသောက်ဆိုင်ထဲ ဝင်သည်။

ဝမ်မန်က လမ်းလျှောက်ရင်း စကားပြောနေသော်လည်း ခလုတ်မတိုက်ချင်ပေ။

နေ့ခင်းဘက် ဆိုင်ဖွင့်ခါစဖြစ်၍ ပုံမှန်ဖောက်သည် ဝူဟိုင်း နှင့် တခြားဖောက်သည်အသစ် ၃ယောက်ခန့်သာ ရှိသည်။

"သူဌေးယွမ်၊ ခင်ဗျားက စာနာစိတ် မရှိဘူး။ မနက်ဖြန် မနက်ရော ဆိုင်ဖွင့်မှာ သေချာရဲ့လား"

ဝူဟိုင်းက ကြက်ဥထမင်းကြော်ကို ကုန်အောင်စားပြီးနောက် မတင့်တိမ်သောအမူအရာဖြင့် ဝမ်းဗိုက်ကို ပွတ်သပ်လိုက်သည်။

"ငါလည်း မသိသေးဘူး။ မနက်ဖြန် ဘာကိစ္စကြုံမလဲဆိုတာ ဘယ်သူက ကြိုသိလို့လဲ"

ယွမ်ကျိုးက ပါးစပ်အပြည့်ရေသောက်ကာ တည်ငြိမ်သော အမူအရာဖြင့် ပြန်ပြောသည်။

ဝူဟိုင်း ကူကယ်ရာမဲ့ ဖြစ်သွားသည်။

"သူဌေးယွမ်။ ခင်ဗျားက စားသောက်ဆိုင်ဖွင့်ပြီး စီးပွားရေး လုပ်နေတာလေ။ ကျုပ် တောင်းဆိုပါတယ်ဗျာ။ တိကျသေချာတဲ့ အဖြေပဲပေးပါ။ ဒါမှမဟုတ် ခင်ဗျားရဲ့ဖုန်းနံပါတ်ကို ပေးထားလို့ မရဘူးလား"

"မရဘူး" ယွမ်ကျိုးက သူ့ကို ဆက်ငြင်းသည်။

ယွမ်ကျိုးက တုံးအသူ မဟုတ်ပေ။ သူ့ဖုန်းနံပါတ်ကို ဝူဟိုင်းအားပေးလိုက်လျှင် လူသားနှိုးစက်ပုံစံဖြင့် သူ့မနက်ခင်း အိပ်မက်ကို အနှောင့်အယှက် ပေးလိမ့်မည်။ နေ့တိုင်း သူ ထချင်သည့်အချိန်မှ ထခွင့်ရသော ဘဝလေးကို ယွမ်ကျိုးက ကျေနပ်နေသည်။

ရံဖန်ရံခါမှ မနက်စောစောထပြီး ရှောင်လုံပေါင်း ရောင်းချရန် ပြင်ဆင်သည်။ စားသောက်ဆိုင်ကို ၆နာရီသာ ဖွင့်‌ခွင့်ပေးထား၍ နေ့လည်ခင်းတွင် ၄နာရီ ဆိုင်ဖွင့်ပြီး ညနေပိုင်းတွင် ၂နာရီ ဆိုင်ဖွင့်သည်။ ကျန်ကာလများတွင် သူ့ကို တိုးတက်စေသော‌ ပညာရပ်များကို လေ့လာဆည်းပူးသည်။

စားသောက်ဆိုင်ထဲ ဝင်ရောက်ပြီးနောက် ဝမ်မန်က ထူးဆန်းသော မြင်ကွင်း နှင့် ပြောဆိုသံများကို ကြားရသည်။ သူ့ပရိသတ်များနှင့် စာတိုပို့ပြီး ဆက်သွယ် ပြောကြားသည်။

ပတ်ဝန်းကျင်တွင် တခြားသူများလည်း ရှိနေ၍ တိုက်ရိုက်ထုတ်လွှင့်သူက အသံတိတ်ကာ သူ့ပရိသတ်များနှင့် စာတို‌ပို့သည်။

ထို့နောက် သူမက အလယ်မှ ထိုင်ခုံရှည်မှာ ထိုင်လိုက်သည်။ ထို့နောက် သူမ၏ဖုန်းရှုထောင့်ကို ညှိလိုက်သည်။ ထိုမှသာ သူမကိုယ်တိုင် အစာစားနေသော မြင်ကွင်းကို ပို၍ကောင်းမွန်စွာ မှတ်တမ်းတင်နိုင်လိမ့်မည်။

စားပွဲခုံက အတော်ကလေး သန့်ရှင်း သပ်ရပ်နေပြီး တခြားဆိုင်များကဲ့သို့ ဆား နှင့် ရှာလကာရှည်များ ခင်ကျင်းပေးထားခြင်း မရှိပေ။

စားပွဲခုံပေါ်တွင် တစ်ရှူးလည်း မမြင်တွေ့ရ၍ သူမ၏အိတ်ကပ်ထဲမှ တစ်ရှူးကို ထုတ်ကာ လက်ကို သန့်စင်လိုက်သည်။

ဝမ်မန် အလုပ်ရှုပ်နေစဉ် ဖန်သားပြင်ပေါ်တွင် စာတိုများ အဆက်မပြတ်ပေါ်နေသည်။

[မန်မန်၊ မင်းရဲ့နောက်ဘက်ကို မြန်မြန်ကြည့်ပါဦး] Time Waits for No One.

အစောပိုင်းကာလတည်းက ၎င်းအကောင့်ပိုင်ရှင်သည် ဤစကားကိုသာ ထပ်တလဲလဲ ပြောဆိုခဲ့သည်။

"မင်းနောက်ကိုကြည့်လိုက်ဦး။ နောက်မှာ သရဲရှိတယ်"

သူမကို ခြောက်လှန့်ရန် ကြိုးစားနေသည်။

ထို့ကြောင့် ဝမ်မန်က သူ့စကားကို အလေးအနက် မထားခဲ့ပေ။ သို့သော်လည်း ခဏကြာပြီးနောက် တူညီသော စကားလုံးများသာ ဖန်သားပြင်ပေါ်တွင် ပေါ်နေသည်။

[တကယ်ကို အသက်ရှုမှင်သက်တယ်။ မန်မန်ရဲ့အနမ်းလေး လိုအပ်တယ်။ မင်းရဲ့နောက်ကို မြန်မြန်ကြည့်ပါနော်] Companionship of Books.

[ဒါက အမှန်မဟုတ်ဘူးလို့ ပြောစမ်းပါ။ မန်မန်ရေ မင်းရဲ့နောက်ဘက်ကို မြန်မြန်စစ်ဆေးကြည့်ပေးပါ] Proud Rain of the Southern Palace.

[မန်မန်၊ မင်းရဲ့နောက်ဘက်မှာ အရေးတကြီး ကိစ္စရပ် ရှိတယ် ညာဘက်နားကို တစ်ချက်ကြည့်လိုက်ဦး] from Loneliness is Coming.

[မင်းရဲ့နောက်ဘက်ကိုကြည့်၊ နံရံနောက်ဘက်က ထိတ်လန့်စရာကောင်းတယ်] Seven Three Seven Two One.

နောက်ဘက်က နံရံကိုကြည့် ဟူသော လေးနက်သည့် စကားလုံးက မန်မန်ကို ထိတ်လန့်လုနီးပါး ဖြစ်စေသည်။ သူမ၏နောက်ဘက်တွင် ဘာဖြစ်နေလဲ သူမ တကယ် မသိပေ။

သူမက ဖြည်းဖြည်းချင်း ခေါင်းလှည့်ကြည့်လိုက်သည်။

အပိုင်း(၃၈)

ပြီးပါပြီ။

အပိုင်း(၃၉)

*

အံ့ဩတုန်လှုပ်နေသော တိုက်ရိုက်ထုတ်လွှင့်သူ မန်မန်က သူ့ပရိသတ်များ၏အကြံပြုချက်အတိုင်း နောက်လှည့်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

တုန်တုန်ရီရီအမူအရာဖြင့် သူမက ဦးခေါင်းကို ဖြည်းဖြည်းချင်း လှည့်လိုက်သည်၊

“ငါ မှားဖတ်မိတာလား”

မန်မန် ထအော်သည်။ သူမက ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင်ချေ။ သူမ၏မျက်လုံးများကို ပွတ်ပြီးနောက် နောက်တစ်ကြိမ် ထပ်ကြည့်သည်။

ဈေးနှုန်းသတ်မှတ်ချက်က ပြောင်းလဲသွားခြင်း မရှိပေ။ ဝမ်မန်၏မျက်နှာအမူအရာက သရဲမြင်ရသကဲ့သို့ ဖြစ်သွားသည်။

သူမ၏နောက်ဘက်နံရံပေါ်တွင် ဟင်းပွဲဈေးနှုန်းများကို ရှင်းရှင်းလင်းလင်း ရေးသားထားသည်။

ကြက်ဥထမင်းကြော် - ၁၈၈ယွမ်

အစုံလိုက်ကြက်ဥထမင်းကြော် - ၂၈၈ယွမ်

ရှောင်လုံပေါင်း - ၆၆ယွမ်

ဈေးနှုန်းသတ်မှတ်ချက်က တရုတ်ယွမ်ငွေဖြစ်ပြီး ယန်းငွေ မဟုတ်ပေ။ ဈေးကြီးလွန်းသော ကြက်ဥထမင်းကြော်ဈေးနှုန်းကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။ တခြားစားသောက်ဆိုင်များတွင် ပွဲ၂၀ ဝယ်စားနိုင်သည်။

ထို့အပြင် ဈေးနှုန်းသတ်မှတ်ချက် ဘေးနားတွင် ကန့်သတ်ချက်များကို ရေးသားထားသေးသည်။

“စားသုံးသူ တစ်ဦးလျှင် တစ်ပွဲသာ မှာယူနိုင်တယ်တဲ့”

ဤသည်ကား ရယ်စရာကောင်းသော အခြေအနေဖြစ်သည်။

လူချမ်းသာအားလုံးကို အရူးလုပ်နိုင်မည်ဟု ထင်နေသနည်း။

[မန်မန် မကြောက်နဲ့တော့ ကိုယ့်လက်မောင်းပေါ်မှာ လှဲနေလိုက်ပါ။ ကိုယ် နှစ်သိမ့်ပေးပါ့မယ် ] The Image of South River

[မန်မန်၊ မလန့်ပါနဲ့။ မင်း ဝယ်စားနိုင်ပါတယ။ အခုပဲ မင်းကို ကူညီပေးမယ်] Proud Rain of the Southern Palace.

ထိုစကားကိုပြောပြီးနောက် ၎င်းက မန်မန်၏အကောင့်ထဲ ၅၀၀ယွမ် ထည့်ပေးလိုက်သည်။

[ငါ့ပိုက်ဆံကို ယူလိုက်ပါ။ ပြီးရင် ၂ပွဲ ဝယ်စားနော် ]

Proud Rain of the Southern Palace

[မန်မန်၊ ၂၈၈ယွမ်တန်တဲ့ အစုံလိုက်ကြက်ဥထမင်းကြော်ရဲ့အရသာကို အမြန်ဆုံး မြည်းကြည့်ပေးပါ ]

Seemingly Disguise

သူမကို အကြောင်းမဲ့သက်သက် အားပေးတတ်သော ပရိသတ်များကို မန်မန် နှစ်သက်သည်။ လူအများစုက သူမကို မြည်းစမ်းကြည့်ရန် တိုက်တွန်းနေ၍ ဝယ်စားရန် ဆုံးဖြတ်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်သူများလည်း စာရေးဆရာများ နည်းတူဖြစ်သည်။ ပရိသတ်၏အကြိုက်ကို ဆောင်ရသည်။

“သူဌေး၊ ဒီဆိုင်မှာ အရသာရှိတဲ့ ဘယ်လိုဟင်းလျာမျိုး ရောင်းချလဲ”

ဝမ်မန်က တည့်တိုးမေးမြန်းသည်။

“မင်းနောက်ဘက်က နံရံမှာ အကုန်ရေးထားတယ်လေ။ မင်းဘာသာမင်း ဖတ်ကြည့်ပါ”

ယွမ်ကျိုးက ကောင်မလေး ဆိုင်ထဲဝင်လာတည်းက အွန်လိုင်းတင်ဆက်သူမှန်း သိနေသည်။

“ဒီကနေ့ လူတိုင်းက ငါ့ကို နောက်ဘက်ကြည့်ဖို့ပဲ လာပြောနေတယ်။ ထူးဆန်းလိုက်တာနော်”

ဝမ်မန်က ပြုံးနေပြီး မကျေနပ်သော စကားလုံးများကို စိတ်ထဲမှာသာ ပြောလိုက်သည်။

[သူဌေးက ချစ်စရာကောင်းတဲ့ ဝမ်မန်လေးကို ခပ်တန်းတန်း ဆက်ဆံတာပဲ။ မန်မန် စိတ်ထဲမထားနဲ့ ]

[မန်မန်။ ၂၈၈ယွမ်တန်တဲ့ အစုံလိုက်ကြက်ဥထမင်းကြော်ကို မမေနဲ့]

ထိုစကားကိုပြောလိုက်စဉ် တခြားသူများကလည်း ငွေလွှဲပေးသည်။

“သူဌေး အစုံလိုက်ကြက်ဥထမင်းကြော် တစ်ပွဲပေးပါ”

"အိုကေ ခဏစောင့်ပေးပါ"

ယွမ်ကျိုး၏အသံက အမြဲတမ်းညှို့ဓာတ်လွှမ်းမိုးနေပြီး ရင့်ကျက်မှုကိုလည်း ဖော်ပြသည်။ သူ့အသက် ၂၄ နှစ် ၂၅နှစ်ခန့်ကို သိသူ ခပ်ရှားရှားဖြစ်ပြီး အများစုက အသက်၃၀ကျော်လိမ့်မည်ဟု ထင်ကြသည်။

သူ့ညှို့ဓာတ်လွှမ်းသောအသံက ဖန်သားပြင်၏တခြားတစ်ဖက်မှ မိန်းကလေးအားလုံးကို ဆွဲဆောင်သွားသည်။

[မန်မန်၊ သူဌေးရဲ့ဓာတ်ပုံကို ရိုက်ပြီး ငါတို့ကို ပြပေးပါ]

[သူဌေးရဲ့အသံက ဆွဲဆောင်မှုရှိတယ်။ အခုတော့ ငါက သူ့ပရိသတ် ဖြစ်သွားပြီ] Somebody Styled.

[သူဌေးရဲ့ဓာတ်ပုံအကြည်ကို ပြပါ] Cool Cold Ink.

ဖန်သားပြင်ပေါ်မှ စာတိုများကို ဖတ်ရှုကာ ဝမ်မန် ပြန်ဖြေသည်။

"ကိစ္စမရှိဘူး။ ဓာတ်ပုံရိုက်ထားလိုက်မယ်။ သူ့ကို မြင်ပြီးသွားရင် ငါ့ကို မမေ့နဲ့နော်"

တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်သော ပရိသတ်အများစုက ဝမ်မန်၏ယခုလို အပြုအမူမျိုးကို အနှစ်သက်ဆုံး ဖြစ်သည်။ သူတို့က နှစ်သိမ့်သော စကားများပြောနေစဉ် ငွေများကိုလည်း လွှဲပေးသည်။

ထိုစဉ် ယွမ်ကျိုးက ကြက်ဥထမင်းကြော်ကို သယ်ဆောင်ကာ ဝမ်မန်စီ ရောက်လာသည်။ ထို့ကြောင့် သူမက အခွင့်အရေးကို အမိအရ အသုံးချကာ ယွမ်ကျိုးကို ဓာတ်ပုံရိုက်လိုက်သည်။

[မန်မန်၊ သူဌေးက ရင့်ကျက်တဲ့ပုံစံနဲ့ ငါ့အကြိုက်ပဲ] Kiss the Group.

[ရင့်ကျက်တဲ့ သူဌေးပုံစံပဲ။ အရမ်းချစ်စရာကောင်းတယ် ] Love You Forever

[ရင့်ကျက်လေးနက်တဲ့ အေးတိအေးစက် သူဌေး နဲ့ ချစ်စရာကောင်းတဲ့ တိုက်ရိုက်ထုတ်လွှင့်သူလေး။ ငါ့စိတ်ထဲ ဇာတ်လမ်းလေး တစ်ပုဒ်ကိုတောင် တွေးမိလာပြီ] Confused Extraordinariness.

ဤကဲ့သို့သောစာတိုများက ဖန်သားပြင်ပေါ်မှာ ပေါ်လာသည်။ သူမ၏ အစားအသောက်အစီအစဉ်ကို သဘောကျသူထဲ ယောက်ျားလေးများ အပြင် မိန်းကလေးများလည်း ရှိသည်။

"အေးအေးဆေးဆေး သုံးဆောင်ပါ"

ယွမ်ကျိုးက အစုံလိုက်ကြက်ဥထမင်းကြော်ကို စားပွဲခုံပေါ် တင်ပေးလိုက်သည်။

"သူဌေးယွမ်၊ မနက်ဖြန် မနက် ဆိုင်ဖွင့်မှာလား ဖြေဦးလေ။ အခုတော့ အရမ်းဗိုက်ဆာနေလို့ ပုံမှန်ထက် ပိုစားချင်တယ်"

ဝူဟိုင်းက ဖြူစင်သောအမူအရာဖြင့် တောင်းဆိုသည်။

"ဒီတောင်းဆိုမှုက အထိုက်အလျောက် ကျိုးကြောင်း ဆီလျော်ပါတယ်"

ယွမ်ကျိုးက စိတ်လိုလက်ရ စကားပြောသည်။

"ကြည့်ကြဦး။ ငါ ဇွဲမလျော့လို့ အောင်မြင်သွားပြီ တွေ့လား"

ဝူဟိုင်းက သူ့အနီးအနားမှ လူများကို စိတ်လှုပ်ရှားစွာ ပြောသည်။

"သူဌေးယွမ်၊ ကျွန်တော်လည်း နောက်တစ်ပွဲလိုချင်တယ်။ ဘယ်တော့မှ ဗိုက်ပြည့်အောင် မစားရတော့ ညဘက် လန့်လန့်နိုးတယ်" တခြားသူက သနားချင့်စဖွယ်ကောင်းသောလေသံဖြင့် တောင်းဆိုသည်။

"ငါ စကားအဆုံးသတ်ပြီ"

ယွမ်ကျိုးက လက်ပိုက်ဟန်အနေအထားဖြင့် စကားဆက်ပြောသည်။

"အကျိုးအကြောင်း ဆီလျော်ပေမဲ့ ငြင်းပါရစေ"

"ဟမ်"

ယွမ်ကျိုးပြောလိုက်သော စကားကြောင့် ဖောက်သည်အားလုံး အံ့ဩသွားသည်။

ထိုစဉ် ဝမ်မန်က ကြက်ဥထမင်းကြော်၏အရသာမှာ နစ်မျောကာ တိုက်ရိုက်ထုတ်လွှင့်နေခြင်းကို မေ့လျော့သွားသည်။

ဝမ်မန်က ဟန်ဆောင်ပန်ဆောင်ဖြင့် အရသာကောင်းမွန်သည်ဟု ပြောစရာမလိုအပ်အောင် ဟင်းလျာက ပြီးပြည့်စုံနေသည်။

ဟင်းပွဲကို အရသာခံကာ စားနေသော သူမ၏မျက်နှာအမူအရာကြောင့် ဖန်သားပြင်တစ်ဖက်မှ ပရိသတ်များ သွားရည်ယိုလာသည်။

နောက်ဆုံးတစ်ဇွန်းကို ပါးစပ်အပြည့်ထည့်ပြီး ဝါးကာ မျိုချပြီးမှ ဝမ်မန် စကားထပ်ပြောသည်။

"တကယ်ကို အရသာရှိတယ်။ ဒီဆိုင်က ငါ သွားဖူးသမျှဆိုင်တွေထဲမှာ အကောင်းဆုံးပဲ။ ဒီလို စားကောင်းတဲ့ဆိုင်မျိုးကို ဘယ်နေရာမှာမှ ရှာမတွေ့နိုင်ဘူး"

"ဟုတ်တယ်။ အရသာရှိတယ်။ ဒီလိုစားကောင်းသောက်ဖွယ်တွေကို ချီးမွမ်းရင် စာဖွဲ့လို့တောင် မကုန်နိုင်ဘူး"

ချီးမွမ်းစကားပြောပြီးနောက် ဖန်သားပြင်ပေါ်တွင် ဆိုင်လိပ်စာ တောင်းသူ နှင့် နောက်တစ်ပွဲ ထပ်စားရန် တောင်းဆိုထားသော စာတိုများကို ဝမ်မန်တွေ့သည်။

[စားသောက်ဆိုင်လိပ်စာကို လမ်းညွှန်ပေးဖို့ပဲ တောင်းဆိုပါရစေ။ မင်းကို ငွေပေးပါမယ်] Image of South River.

[မန်မန်၊စားသောက်ဆိုင်လိပ်စာကိုမျှဝေပေးပါ။ အစာစားနေတုန်း ရွှင်မြူးနေတဲ့ မင်းရဲ့မျက်နှာကို ကြည့်ပြီး နေကြာစေ့ သုံးထုပ်ကို ကုန်အောင်မစားနိုင်တော့ဘူး ] Robolan119

[စောနလေးတင် ခေါက်ဆွဲပြုတ် စားလိုက်ပေမဲ့ နင့်အစီအစဉ်ကို ကြည့်ပြီး ငါ ချက်ချင်း ဗိုက်ဆာသွားတယ် ၂၈၈ယွမ်တန်တဲ့ အစုံလိုက်ကြက်ဥထမင်းကြော်ကို မြည်းစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ငါ့ကို စားသောက်ဆိုင်လိပ်စာပေးပါ] Dark Cloud in the Blue Sky.

[မန်မန် နောက်တစ်ပွဲ ထပ်စားတာကို မြင်ချင်တဲ့သူ မရှိဘူးလား။ ကုန်ကျစရိတ်ကို ငါ ပေးမယ်။ နောက်တစ်ပွဲ ထပ်မှာပေးပါ] Seemingly Disguiseက နောက်ထပ် ၃၀၀ယွမ်ကို ဆုလာဘ်အနေဖြင့် ပေးသည်။

[မန်မန်၊ မင်း စားနေတဲ့ပုံစံက အရမ်းချစ်စရာကောင်းတယ်။ နောက်တစ်ပွဲ ထပ်မှာပြီး ငါတို့ကို စားသောက်ဆိုင်လိပ်စာ မျှဝေပေးပါ] Night City and Desert Smoke

...

"ရှင်တို့တွေ အရမ်းရက်စက်တယ်။ဟင်းတစ်ပွဲအတွက်နဲ့ ကျွန်မကို စွန့်ပစ်လိုက်ပြီလား" ဝမ်မန်က ဝမ်းနည်းချင်ယောင် ဟန်ဆောင်သည်။

ယွမ်ကျိုး၏စားသောက်ဆိုင်လေးကို ချီးမွမ်းသူ များလာသည်။ ထို့ကြောင့် သူမနှင့် ပရိသတ်ကြား အပြန်အလှန်ဆွေးနွေးမှုက အတော် ကောင်းမွန်သည်။

"စားသောက်ဆိုင်လိပ်စာကို မျှဝေပေးပါ။ ဒီလိုဆိုရင် ငါနဲ့အတူတူ တိုက်ရိုက်ထုတ်လွှင့်ခွင့် ရမယ်လေ"

"ဒီဆိုင်က တကယ်ကိုကောင်းမွန်တဲ့အစားအသောက်တွေကို ရောင်းချပေးလို့ နောက်တစ်ပွဲ ထပ်မှာမယ်"

ဝမ်မန်က ပြုံးရွှင်ကာ စကားပြောသည်။

ဝမ်မန်က ခေါင်းမော့လိုက်ပြီး ယွမ်ကျိုးကို စိတ်အားထက်သန်စွာ ငေးကြည့်သည်။

"သူဌေး အစုံလိုက်ကြက်ဥထမင်းကြော် နောက်တစ်ပွဲ ထပ်ပေးပါ"

"အလှလေး။ ဆိုင်ရဲ့စည်းမျဉ်းတွေကို နံရံပေါ်မှာ ရေးထားတယ်။ မင်းရဲ့နောက်ဘက်ကို ကြည့်ပေးပါ"

ယွမ်ကျိုးက အညှာအတာကင်းမဲ့စွာ ငြင်းပယ်ပစ်သည်။

"ဖောက်သည်တစ်ယောက်ချင်းစီက ဟင်းပွဲ တစ်ပွဲပဲ မှာခွင့်ရှိပါတယ်။ ထပ်တောင်းဆိုတာ လက်မခံနိုင်ပါဘူး"

ဝမ်မန်က ကျယ်လောင်စွာ အော်ဖတ်လိုက်သည်။

ဝူဟိုင်းနှင့် တခြားသူများက ပွဲကို စောင့်ကြည့်နေသည်။ ကောင်မလေးက ယွမ်ကျိုးကို အလဲထိုးနိုင်မည်ဟု ရင်တထိတ်ထိတ် မျှော်လင့်နေသည်။ သို့သော်လည်း သူမ ဆက်ပြောလာသော စကားကြောင့် သူတို့ အံ့အားသင့်သွားသည်။

ယွမ်ကျိုး ကိုယ်တိုင်ပင် မမျှော်လင့်ထားသော တုံ့ပြန်မှုမျိုး ဖြစ်သည်။

အပိုင်း(၃၉)

ပြီး၏။

All Chapters