အခန်း (၂၉၁-၂၉၂)
Vol. 27 Ch. 291-292
ယန်နတ်ဘုရား စာစဉ် (၂၇)။
ဘာသာပြန်သူ နေဇင်။
အခန်း (၂၉၁)။
ကောင်းကင်ရနံ့စံအိမ်၏ အပြင်ဘက်တွင် မိဖုရားခေါင်ကြီး အမိန့်တော်ကို ယူဆောင်လာသည့် မိန်းမစိုး၏အသံသည် ကျယ်လောင်ပြီး စူးရှကာ, ရုတ်တရက် အော်မြည်လိုက်သော ဘဲတစ်ကောင်၏ အသံနှင့် တူနေသည်။ ထိုအသံတွင် ဖော်ပြရန်ခက်ခဲသည့် ထူးဆန်းမှု တစ်ခု ပါဝင်နေပြီး၊ ကြားရသူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေ၏။
အထူးသဖြင့် ဆီးနှင်းကျနေသော ယခုလိုညမျိုးတွင် ထိုမိန်းမစိုး၏ အသံက လူအများကို ချက်ချင်းပင် မကောင်းသော ခံစားချက်မျိုး ဖြစ်ပေါ်စေသည်။
"ဟင်၊ ဒီမိန်းမစိုးက ကျွမ်းကျင်သူတစ်ဦး ဖြစ်ပုံရတယ်။ ယင်လျန်ဟွာလောက် အစွမ်းမထက်ပေမယ့် မဆိုးလှဘူး။"
ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် လှုပ်ရှားလိုက်ရာ၊ ထိုမိန်းမစိုး၏ အသံတွင် ထူးခြားသော ချီတစ်မျိုး ပါဝင်နေသည်ကို ခံစားလိုက်ရ၏။ အသံလှိုင်းအတွင်းကြောင့် သူ၏ တစ်ကိုယ်လုံး အနည်းငယ် တုန်ခါသွားရာ၊ ဤမိန်းမစိုးသည် အနည်းဆုံး မဟာဆရာသခင်အဆင့်၏ အထွတ်အထိပ် တွင် ရှိနေပြီး၊ သိုင်းသူတော်စင်နယ်ပယ်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်ကို သိရှိလိုက်၏။ ခြေတစ်လှမ်းသာ လိုတော့သည်ဟု ဆိုသော်ငြားလည်း သိုင်းတာအို၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော မဟာဆရာသခင်တစ်ဦးသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်အတန်းတစ်ခု ဖြစ်နေပါသေးသည်။
ဤသို့ သိုင်းတာအို၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော မဟာဆရာသခင်မျိုးသည် သူ၏ ရုပ်ခန္ဓာကိုယ် သို့မဟုတ် စိတ်(စိတ်ဝိညာဉ်)သည် သိုင်းသူတော်စင် နယ်ပယ်သို့ ဝင်ရောက်ခဲ့လျှင် သိုင်းသူတော်စင်တစ်ပိုင်း ဖြစ်လာပေမည်။
သိုင်းတာအို၏ အထွတ်အထိပ်တွင်ရှိနေသော မဟာဆရာသခင်တစ်ဦးသည် နောက်ထပ် ခြေလှမ်းတစ်ဝက်မျှ လှမ်းလိုက်ရုံဖြင့် သိုင်းသူတော်စင် တစ်ပိုင်း ဖြစ်လာပေလိမ့်မည်။
အကယ်၍, သူသည် နောက်ထပ် ခြေလှမ်းဝက်လှမ်းနိုင်ပြီး၊ ရုပ်ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် နှစ်ခုစလုံး သိုင်းသူတော်စင် နယ်ပယ်သို့ အပြည့်အဝ ဝင်ရောက်သည့်အခါ, စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် လုံးဝ ပေါင်းစပ်သွားပြီး၊ ထိုအခါမှသာ စစ်မှန်သော သိုင်းသူတော်စင်တစ်ဦး စစ်စစ် ဖြစ်လာမည်။
ယခုအခါ, ဟုန်ယွိသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို ထုတ်ဖော်ထားခြင်းဖြစ်ရာ, သွေးချီနှင့် သိုင်းတာအိုအပေါ် ခံစားနိုင်စွမ်း အထူးမြင့်မားပြီး၊ သူ၏ အာရုံခံစားမှု စွမ်းရည်သည် သူ၏ ရုပ်ခန္ဓာထက် များစွာ သာလွန်နေ၏။ ထို့ကြောင့် ချက်ချင်းပင် အပြင်ဘက်ရှိ မိန်းမစိုး၏ သိုင်းနယ်ပယ်ကို ခံစားနိုင်ခြင်း ဖြစ်သည်။
အကယ်၍ ဟုန်ယွိသည် နတ်ဘုရား စိတ်ဝိညာဉ်အနေဖြင့် မဟုတ်ပါက၊ အသံကို နားထောင်ရုံဖြင့် မိန်းမစိုး၏ သိုင်းနယ်ပယ်ကို တိကျစွာ ခွဲခြားနိုင်မည် မဟုတ်ချေ။
သို့သော် နတ်ဘုရား စိတ်ဝိညာဉ်သည် သူ၏ ခန္ဓာကိုယ်မှ ထွက်ခွာသွားသည့်အခါ, အလွန်တရာ အာရုံခံစားစွမ်း မြင့်မားပြီး အရာအားလုံးနီးပါးကို သိရှိနိုင်လေသည်။
ထိုအသံ ထွက်ပေါ်လာသည်နှင့် ဟုန်ယွိ၏ "တစ်ကိုယ်လုံး" အနည်းငယ် တုန်ခါသွားခြင်းသည် ထို မိန်းမစိုး၏ ခွန်အားကို ပြသရန် လုံလောက်၏။
ဟုန်ယွိသည် မိုးကြိုးကပ်ဘေးတစ်ပိုင်းအဆင့် အင်မော်တယ်တစ်ဦး ဖြစ်ပြီး၊ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် အားကောင်းပြီး သန့်စင်သောယန် ဖြစ်နေခဲ့ပြီ။ ဤအသံကို ကြားရုံဖြင့်ပင် သူ့အား အနည်းငယ် တုန်ခါပြီး ထုံထိုင်းသွားစေသည်ဖြစ်ရာ၊ သာမန် တစ္ဆေအင်မော်တယ် တစ်ဦးဆိုလျှင် အလွန် စိတ်မသက်မသာ ခံစားရဖြစ်မည် ဖြစ်ပြီး၊ နတ်ဘုရား စိတ်ဝိညာဉ်ပင် အနည်းငယ် ထိခိုက်သွားနိုင်မည်ဟု ခန့်မှန်းရ၏။ တစ်စ္ဆေအင်မော်တယ်တစ်ဦး မဟုတ်ပါက ပို၍ပင် ဆိုးဝါးလိမ့်မည်။
"ဒီလောက် ညဉ့်နက်နေပြီ။ အခုအချိန်ကြီးမှာ မူလမြေနန်းဆောင်က ဘာလို့ ဒီလို မဟာဆရာသခင် အဆင့် ကျွမ်းကျင်သူကို အမိန့်ပေးပြီး၊ ကြင်ယာတော်ယွမ်ကို ဧကရာဇ်ဆီ ခေါ်ခိုင်းရတာလဲ။ ဒီ မိန်းမစိုးရှောင်အိုက အတော်လေး အစွမ်းထက်သားပဲ။ သူ့အသံကို နားထောင်ရုံနဲ့ ငါ့ကို နည်းနည်း တုန်ခါသွားစေတယ်။ သူ ဘာသိုင်းပညာကို ကျင့်ကြံထားလဲ မသိဘူး။ ဒါ့အပြင်, ကြင်ယာတော်ယွမ်နဲ့ စကားမယ့် ငါရဲ့ညလေးတော့ နှောင့်ယှက်ခံလိုက်ရပြီ။ တကယ် စိတ်ပျက်စရာပဲ။"
ဟုန်ယွိသည် ကြင်ယာတော်ယွမ်နှင့် စကားစမြည် ပြောဆိုနေစဉ် အမိန့်တော်ကို ကြားလိုက်ရသဖြင့် အနည်းငယ် မသက်မသာ ခံစားလိုက်ရ၏။
အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဘဝသစ်တစ်ခု ပြန်ဝင်စားသည်ဟူသော ကိစ္စကြီးကား ကမ္ဘာကြီးကို လှုပ်ခတ်စေမည့် ကိစ္စတစ်ခု ပင်။ ဟာကူဇိယွဲ့သည် အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးအတွက် တိုက်ခိုက်ရန် ပြန်သွားခဲ့ခြင်း ဖြစ်သည်။ အစစ်မှန် ခုနှစ်စဉ်ကြယ် ဂိုဏ်းသည် အမြင့်မြတ်ဆုံး ကိုယ်ခံပညာနယ်မြေကြီး ခြောက်ခုထဲမှ တစ်ခု ဖြစ်ပြီး၊ မြောက်ပိုင်း ဆီးနှင်းလွင်ပြင်ဒေသ၌ နှစ်ပေါင်း ထောင်ချီကာ ဖွံ့ဖြိုးတိုးတက်ခဲ့သည်ဖြစ်ရာ မက်မွန်နတ်ဘုရားဂိုဏ်းထက် များစွာ ပိုမို အစွမ်းထက်ပေသည်။
ထိုဂိုဏ်းတွင် ကျွမ်းကျင်သူတို့သည် မိုးပေါ်မှ မိုးတိမ်များကဲ့သို့ များပြားလှ၏။ ကြီးမားသော စည်းစိမ်၊ မရေမတွက်နိုင်သော ကျမ်းစာများ၊ ဓမ္မရတနာ လက်နက်များနှင့် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ (ဓမ္မရတနာ - ဟူသည် မှော်ရတနာများကို ဖော်ပြလိုခြင်း ဖြစ်ပါသည်။)
အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း၏ ခေါင်းဆောင် နေရာသည် ယွမ်တူးနိုင်ငံတစ်ခုလုံး၏ နိုင်ငံရေးအခြေအနေကို လွှမ်းမိုးနိုင်လောက်အောင် ဩဇာ အာဏာရှိသည်။ ဧကရာဇ်ပင်လျှင် ရာဇပလ္လင်သို့ နန်းတက်နိုင်ရန် အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း၏ ထောက်ခံမှုကို ရယူရပေမည်။
အကယ်၍ ဟာကူဇိယွဲ့သည် အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးအတွက် တိုက်ခိုက်နိုင်ခဲ့ပါက၊ သူ့ဩဇာအာဏာကို ပြောဆိုရန်ပင် မလိုတော့ပေ။ သူသည် ဉဒေါင်းဘုရင်ကိုပင် ဖိနှိပ်ကာ မဟာနတ်ဆိုး အင်မော်တယ်ရှစ်ဦး၏ ခေါင်းဆောင် ဖြစ်လာနိုင်ပေမည်။
သူသည် အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းမှ ကျွမ်းကျင်သူများနှင့် ဟာကူဇိယွဲ့တို့ ဂိုဏ်းချုပ်ရာထူးအတွက် တိုက်ခိုက်မည့်အကြောင်း ကြင်ယာတော် ယွမ်ကို မေးမြန်းရန် ပြင်ဆင်နေစဉ်တွင်, မိန်းမစိုးအသံက ဖြတ်တောက်လိုက်သည်ဖြစ်ရာ သူ မည်သို့ စိတ်မပျက်ဘဲ နေမည်နည်း။
တစ်ချိန်တည်းတွင် ဟုန်ယွိ၏ စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာ၏။
"တကယ်လို့, ငါသာ ဟာကူဇိယွဲ့ကို အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူး ရအောင် ငါ ကူညီပေးနိုင်ရင် သူ့ကျေးဇူးကို ပြန်ဆပ်နိုင်ပြီ။"
အပြင်ဘက်မှ မိန်းမစိုး၏ အမိန့်တော်အသံကို ကြားလိုက်ရသောအခါ ကြင်ယာတော်ယွမ်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ဟုန်ယွိအား "ဟုန်ယွိ၊ ခဏလောက် ရှောင်နေလိုက်ပါဦး" ဟု ပြောလိုက်၏။
"ဘာဖြစ်တာလဲ။ မိဖုရားခေါင်ကြီးက ခင်ဗျားကို ပစ်မှတ်ထားနေတာလား။" ဟုန်ယွိသည် ကြင်ယာတော်ယွမ်၏ အမူအရာကို မြင်သောအခါ အဖြစ်ပျက်ကို ခန့်မှန်းနိုင်ခဲ့၏။ မိဖုရားခေါင်ကြီးဆိုသည်မှာ မည်သို့သော ပုဂ္ဂိုလ်နည်း။ နန်းတော်တွင်း ပြိုင်ဆိုင်မှုနှင့် သေချာပေါက် ဆက်စပ်နေသည် ကို သူ မခန့်မှန်းနိုင်ဘဲ နေမည်လော။
ရှေးမင်းဆက်များ၏ နန်းတော်တွင်း ပြိုင်ဆိုင်မှုများက အဆုံးမရှိသော အကြံအစည်၊ ပရိယာယ်များဖြင့် ပြည့်နှက်နေ၏။ သူတို့သည် ဓား သို့မဟုတ် လက်နက်များကို မသုံးသော်ငြားလည်း စစ်မြေပြင်ပေါ်မှာ သတ်ဖြတ်ခြင်းထက် ပို၍ သွေးထွက်သံယိုများပြီး ရက်စက်ကြမ်းကြုတ်၏။
သမိုင်းတစ်လျှောက်တွင် မရေမတွက်နိုင်သော တရားရုံးများ၏ တရားဝင်မဟုတ်သော သမိုင်းမှတ်တမ်းများ၊ မှတ်စုများနှင့် ကဗျာများကို မရေမတွက်နိုင်အောင် မင်းဆက်များတစ်လျှောက် လက်ဆင့်ကမ်းလာခဲ့သည်ဖြစ်ရာ၊ ဟုန်ယွိလည်း အချို့ကို ဖတ်ရှုခဲ့ဖူးပြီး၊ နန်းတော်တွင်းသည် မည်မျှ အန္တရာယ်များသည်ကို သိရှိ၏။ ၎င်းသည် လူကောင်းတွေ နေထိုင်သင့်သော နေရာ မဟုတ်ချေ။
ဧကရာဇ်၏ နန်းတော်တွင်းကား ပြည့်တန်ဆာအိမ်ထက်ပင် ပို၍ ညစ်ပတ်သော နေရာတစ်ခု ဖြစ်၏။ အမျိုးသမီးးများသည် ပြည့်တန်ဆာအိမ်သို့ ဝင်ရသည်ထက် နန်းတော်တွင်းသို့ ဝင်ရမည်ကို ပို၍ မလိုလားကြချေ။
"ဟုတ်တယ်။ တော်ဝင်ချန်မင်းဆက် တော်ဝင်မိသားစုမှာ လျှို့ဝှက်ကြံစည်တွေ ပြည့်နေတဲ့ လူတွေပဲ ရှိတယ်။ ဘယ်သူမှ မရိုးရှင်းကြဘူး။ မဟုတ်ရင် သူတို့က ဘယ်လိုလုပ် ကမ္ဘာကို အုပ်စိုးပြီး ဒိုင်ဇင်ဘုရားကျောင်းကို ဖျက်ဆီးနိုင်မှာလဲ။ မိဖုရားခေါင်ကြီး မဒမ်ကျိက ရက်စက်ကြမ်းကြုတ်သူပဲ။ သူမက ငါ့နောက်ခံကို သိနေပြီး ငါ့ကို အန္တရာယ် ပေးဖို့ ကြိုးစားနေတာ။ ဒီလောက် ညဉ့်နက်နေပြီ၊ ငါလည်း အိပ်ရာဝင်နေပြီ။ ဒါတောင် မူလမြေနန်းဆောင်ကို လာတွေ့ဖို့ အမိန့်တော် လွှတ်လိုက်တယ်။ ကောင်းတာ ဘာတစ်ခုမှရှိမှာ မဟုတ်ဘူး။ ကံမကောင်းစွာနဲ့ပဲ ဇီယွဲ့က ငါ့ဘေးမှာ မရှိတော့ဘူး...။ ဒီကိစ္စကို ဘယ်လို ရင်ဆိုင်ရမလဲ ငါ စဉ်းစားရဦးမယ်။" ကြင်ယာတော်ယွမ်သည် စိုးရိမ်သော လေသံဖြင့် ပြောလိုက်သည်။
"ဇီယွဲ့က ကြင်ယာတော်ယွမ်ဘေးမှာ မရှိရင် ကျွန်တော် ရှိနေမှာပေါ့။ ကျွန်တော် ဒီနေ့ နန်းတော်ကို အိမ်ရှေ့စံမင်းသားအကြောင်း စုံစမ်းဖို့ လာခဲ့တာ။ အိမ်ရှေ့စံမင်းသားက မိဖုရားခေါင်ကြီးရဲ့ သားအရင်းလို့ ကြားတယ်။ သူတော်စင် ကျိမျိုးရိုးကနေ ဆင်းသက်လာတဲ့ မိဖုရားခေါင်ကြီးနဲ့လည်း တွေ့ဆုံချင်ပါသေးတယ်။" ဟုန်ယွိက ပြုံးလိုက်သည်။
မိဖုရားခေါင်ကြီးသည် ချင်ပြည်နယ် ကျိမျိုးနွယ်ကဲ့သို့သော မင်းမျိုးမင်းနွယ် မိသားစု အသိုင်းအဝိုင်းကြီးမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
ရှေးခေတ် သူတော်စင်ကြီးများထဲတွင် ကျိဇီဟူသော ရှေးသူတော်စင်ကြီး တစ်ပါး ရှိခဲ့ဖူးပြီး၊ ချင်ပြည်နယ်မှ ကျိမျိုးနွယ်သည် ထိုကျိမျိုးနွယ်၏ အနွယ်ဝင်များပင် ဖြစ်သည်။ အမှန်တရားဂိုဏ်း၏ လက်ရှိ ဂိုဏ်းချုပ် ကျိချန်ယွဲ့ပင်လျှင် ထိုခေတ်က ကျိမျိုးနွယ်မှ ဆင်းသက်လာသူ ဖြစ်နိုင်ချေရှိသည်။
အလယ်ပိုင်းကောင်းကင်နယ်မြေသည် ကျယ်ပြန့်ပြီး အဆုံးမဲ့၏။ ဤမြေပေါ်တွင် ရှေးဟောင်း မျိုးနွယ်စုများ များစွာ ရှိကြသည်။ အချို့သော မျိုးနွယ်စုများသည် ဒိုင်ဇင်ဘုရားကျောင်းနှင့် တိုင်ရှန်တာအိုဂိုဏ်းတို့ထက်ပင် စောစီးစွာ တည်ရှိခဲ့ကြ၏။ ဤမျိုးနွယ်စုများသည် ချမ်းသာကြွယ်ဝမှု မရှိသော်လည်း ၎င်းတို့၏ သြဇာအာဏာကား မခန်းမှန်းနိုင်အောင် ကြီးမားကြပြီး၊ မျိုးဆက်ပေါင်းများစွာမှ အုပ်စိုးသူများသည်ပင် ၎င်းတို့ကို ဆွဲဆောင်စည်းရုံးရန် ကြိုးစားခဲ့ကြ၏။
မိဖုရားခေါင်ကြီး ဆင်းသက်လာသည့် ကျိမျိုးနွယ်သည် ထိုမျိုးနွယ်စုများထဲမှ တစ်ခု ဖြစ်၏။ (ကျိမျိုးနွယ်ကဲ့သို့သော မျိုးနွယ်စုများသည် ဤကမ္ဘာ မြေပေါ်ရှိ ကုန်းမျိုးနွယ် သို့မဟုတ် လုံဟူတောင်မှ ကျန်းမျိုးနွယ်တို့နှင့် တူညီသည်... ၎င်းတို့သည် နှစ်ပေါင်း ထောင်ချီသော သမိုင်းကြောင်း ရှိပြီး ရှေးခေတ် သူတော်စင်ကြီးများ၏ အနွယ်တော်များ ဖြစ်ကြသည်)။
တောင်ပိုင်း ကောင်းကင်အထွဋ်ထိပ်နယ်မြေမှ ကျောက်မျိုးနွယ်ကဲ့သို့သော မျိုးနွယ်စုများသည်ပင် ကျိမျိုးနွယ်၏ အနွယ်တော်များနှင့် နှိုင်းယှဉ်ပါက၊ ချမ်းသာကြွယ်ဝသော မြေပိုင်ရှင်တစ်ဦးကို မြို့စား သို့မဟုတ် မှူးမတ်တစ်ဦးနှင့် နှိုင်းယှဉ်သကဲ့သို့ ဖြစ်လိမ့်မည်။ သို့သော် ဤမျိုးနွယ်စုများသည် အလွန် လျှို့ဝှက်စွာ နေထိုင်ကြသည်။ ၎င်းတို့သည် သိုင်းလောကတွင် ဖွံ့ဖြိုးတိုးတက်ရန် ဂိုဏ်းများ ဖွဲ့စည်းတည်ထောင်ခြင်း မရှိဘဲ ရှေးဟောင်း ဓလေ့ထုံးတမ်းများကိုသာ လိုက်နာကြသည်။
ဟုန်ယွိသည် ဤအခြေအနေများကို သိရှိထားသည်။ အင်ပါယာ စာမေးပွဲ၌ သူတော်စင်ကြီး ကျိဇီ၏ စာပေအရေးသားများကို မေးမြန်းလေ့ရှိရာ၊ သူသည် ချင်စီရင်စုမှ ကျိမျိုးနွယ်အကြောင်း မည်သို့ မသိဘဲ နေမည်နည်း။
"ဇီ"ဟူ၍ ခေါ်ဆိုထိုက်သူတိုင်းသည် နှစ်ပေါင်း ၅၀၀ လျှင် တစ်ကြိမ်သာ ပေါ်ထွက်လာသော သူတော်စင်ကြီးများ ဖြစ်နိုင်ချေသည်။ ယနေ့ခေတ်တွင် မည်သူမျှ "ဇီ" ဟု ခေါ်ဆိုထိုက်သူ မရှိတော့ပေ။ မင်ရှင်ကျိ (မိုနိုဂိုတာရီ) ကဲ့သို့ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူမျိုးပင်လျှင် တာအိုလမ်းစဉ်၌ သူ့ကိုယ်သူ "မင်ကလေး" (မင်ဇီ) ဟု ခေါ်ဝေါ်ခဲ့ပါလျှင်, ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများအားလုံး၏ လှောင်ပြောင်ခြင်းကို ခံရပေလိမ့်မည်။
"ဟုန်ရွှန်ကျီက အနာဂတ်မှာ 'ဟုန်ဇီ' လို့ အခေါ်ခံချင်နေတာများလား။ သူက ရှေးခေတ် သူတော်စင်ကြီးတွေလို ဖြစ်ချင်နေတာများလား။ သူ့ရဲ့ နာမည်ဂုဏ်သတင်းက ဘယ်တော့မှ မမှေးမှိန်ဘဲ လူသားမျိုးဆက် တည်ရှိနေသရွေ့ သူ့နာမည်ကို အမြဲတမ်း အမှတ်ရစေချင်တာများလား။" ဟုန်ယွိသည် မိဖုရားခေါင်ကြီးနှင့် ကျိမျိုးနွယ်အကြောင်း တွေးမိသောအခါ ချက်ချင်းပင် ဟုန်ရွှန်ကျိကို သတိရလိုက်သည်။
"ကောင်းပြီ၊ ဟုန်ယွိ၊ မင်း ငါ့ဘေးမှာ နေချင်တယ်ဆိုရင် ငါလည်း သိပ်ပူစရာ မလိုတော့ဘူး။ မင်း ငါ့ရဲ့ကိုယ်ပိုင် မိန်းမစိုးတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲ ဝင်လိုက်ပါလား။ ငါနဲ့အတူ မိဖုရားခေါင်ကြီးကို သွားတွေ့ရအောင်။ မိဖုရားခေါင်ကြီး ဒီနေ့ ဘာလုပ်မလဲဆိုတာ ကြည့်ရတာပေါ့။"
ကြင်ယာတော်ယွမ်က ထရပ်ပြီး တံခါးကို တွန်းဖွင့်လိုက်၏။ ထို့နောက် မိန်းမစိုးလေး တစ်ဦး ဝင်လာသည်။ ဟုန်ယွိ၏ ခန္ဓာကိုယ်က လှုပ်ရှားလိုက်ပြီး ကြင်ယာတော်ယွမ်အား လုပ်ကျွေးနေသော ထိုမိန်းမစိုးလေး၏ ခန္ဓာကိုယ်၌ ဝင်ရောက် ပူးကပ်လိုက်ပါသည်။
"ယဲ့ဇီလေး၊ ငါနဲ့အတူ မူလမြေနန်းဆောင်ကို လိုက်ခဲ့။"
ကြင်ယာတော်ယွမ်သည် ဟုန်ယွိအား မျက်တောင်တစ်ချက် ခတ်ပြလိုက်ပြီး၊ စွဲမက်ဖွယ်ကောင်းသော အမူအရာကို ပြသလိုက်ပါသည်။ ချက်ချင်းပင် ဟုန်ယွိသည် "နန်းတော်ခြောက်ခုရှိ အလှကုန်ပစ္စည်းအားလုံး အရောင်ကင်းမဲ့သွားသည်" ဟူသော ခံစားချက်မျိုးကို ခံစားလိုက်ရပါသည်။
"တကယ်လို, ငါ တော်ဝင်ချန်ရဲ့ ဧကရာဇ်ဆိုရင်လည်း, ကြင်ယာတော်ယွမ်က မဟာနတ်ဆိုး အင်မော်တယ် မြေခွေးဘုရင်မဆိုတာ သိနေရင်တောင် သူမကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး။"
ဟုန်ယွိသည် စိတ်ထဲမှ တွေးလိုက်မိ၏။ ထို့နောက် သူသည် ကြင်ယာတော်ယွမ်၏ လက်ကို ဆုပ်ကိုင်၍ တံခါးအပြင်ဘက်သို့ လျှောက်လှမ်းခဲ့သည်။ "ဒီမိန်းမစိုးလေးရဲ့ ခန္ဓာကိုယ်က မဆိုးဘူးပဲ" ဟုန်ယွိသည် ယဲ့ဇီလေးဟု ခေါ်သော မိန်းမစိုး၏ ခန္ဓာကိုယ်၌ ဝင်ရောက်ကာ စမ်းသပ်ကြည့်နေသည်။ သူ၏ခန္ဓာကိုယ် အောက်ပိုင်းသည် အနည်းငယ် အဆင်မပြေ ဖြစ်နေသည်မှလွဲ၍ ကျန်သည့် ခန္ဓာကိုယ် အစိတ်အပိုင်းများသည် အလွန် သန်မာသည်။
"ငါဟုန်ယွိလည်း မိန်းမစိုးတစ်ဦး ဖြစ်လာရမယ်လို့ ဘယ်သူက ထင်မိမှာလဲ။ ဒါပေမဲ့ နန်းတော်အစေခံမလေး တစ်ဦးရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရတာထက် စာရင် ဒါက ပိုပြီး အဆင်ပြေပါသေးတယ်။" ဟုန်ယွိက သူ့ကိုယ်သူ ရယ်မောလိုက်သည်။
"မိန်းမစိုး ရှောင်အို၊ ဒီလောက် ညဉ့်နက်နေပြီ၊ နန်းတော်တွင်းမှာလည်း အိပ်ရာဝင်နေကြပြီ။ မိဖုရားခေါင်ကြီးက ကျွန်မကို ဘာလို့ ခေါ်တာလဲ။" ကြင်ယာတော်ယွမ်သည် ဟုန်ယွိ၏ အကူအညီဖြင့် တံခါးဝသို့ လျှောက်လာခဲ့သည်။
ကောင်းကင်ရနံ့စံအိမ်၏ တံခါးဝတွင် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမစိုးတစ်ဦး မတ်တတ်ရပ်နေပြီး၊ သူ၏နောက်တွင်မူ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမစိုးနှစ်ဦး လိုက်ပါလာ၏။
ဤအနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမစိုးသည် မျက်ခုံးများက ပျော့ပျောင်းပြီး မျက်ခွံများ ကျနေကာ၊ အားအင် ကုန်ခန်းနေပုံစံ ပေါက်နေသည်။ သို့သော် ဟုန်ယွိသည် ဤမိန်းမစိုးက အချိန်မရွေး စွမ်းအင်များကို စုဆောင်းနိုင်သည့် အထူးကျင့်စဉ်တစ်ခုကို ကျင့်ကြံထားသည်ကို သိရှိ၏။
"ဒီလူကလည်း အနီရောင်ဝတ် မိန်းမစိုးလား။" ဟုန်ယွိသည် မိန်းမစိုး ရှောင်အိုကို ကြည့်လိုက်ပြီး၊ သူ၏အဆင့်အတန်းသည် အလွန် မြင့်မားသည်ကို သိရှိလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်လျန်ဟွာပင်လျှင် အနီရောင်ဝတ် မိန်းမစိုးတစ်ဦး ဖြစ်သည်။
နန်းတော်အတွင်းရှိ မိန်းမစိုးများကိုလည်း အဆင့်အတန်း ခွဲခြားထားသည်။ အဆင့်အမြင့်ဆုံး မိန်းမစိုးများသည် နန်းတော်ခြောက်ခု၏ အကြီးအကဲများနှင့် ဒုအကြီးအကဲများ ဖြစ်ကြပြီး ၎င်းတို့အားလုံးသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ရသည်။ ထို့နောက် အနက်ရောင်၊ အစိမ်းရောင်နှင့် မီးခိုးရောင် ဝတ်စုံများ ဖြစ်သည်။
"အသေးစိတ်တော့ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ မိဖုရားခေါင်ကြီးက ကြင်ယာတော်ယွမ်ကို အချို့ကိစ္စတွေ မေးမြန်းချင်လို့ပါ။ ကြင်ယာတော်၊ လိုက်ခဲ့ပါ။" မိန်းမစိုး ရှောင်အိုက ဦးမညွှတ်ဘဲ ကျယ်လောင်သော အသံဖြင့် ဆက်လက် ပြောဆိုသည်။
"မိဖုရားခေါင်ကြီးရဲ့ အမိန့်တော်ဆိုတော့ မူလမြေနန်းဆောင်ကို လိုက်ခဲ့ရမှာပေါ့။ ရထားကော ဘယ်မှာလဲ" ကြင်ယာတော်ယွမ်သည် ဤရှောင်အို မိန်းမစိုးနှင့် အချိန်ဖြုန်းလိုခြင်း မရှိပေ။ သူမ၏ နန်းတော် အစေခံများအား ရထားပြင်ဆင်ရန် ခေါ်ယူပြီးနောက်၊ ရထားပေါ် ထိုင်ကာ၊ မိန်းမစိုး ရှောင်အို အား လမ်းပြခိုင်းပြီး မူလမြေနန်းဆောင်သို့ ဦးဆောင်သွားစေသည်။
ဟုန်ယွိသည် သဘာဝအတိုင်း ရထားနောက်မှ လိုက်ပါသွား၏။
ကြင်ယာတော်ယွမ်သည် တော်ဝင်ကြင်ယာတော်တစ်ပါး ဖြစ်ရာ၊ သူမသည် နန်းတော်တွင်း၌ လမ်းလျှောက်ထွက်နိုင်ပြီး မိဖုရားခေါင်ကြီးနှင့် တွေ့ဆုံသည့်အခါ ရထားစီးနိုင်သည်။ သာမန် ကြင်ယာတော်များသည် မစီးနိုင်ကြချေ။
ဆီးနှင်းကျနေသော ညဉ့်အချိန်တွင် တော်ဝင်နန်းမြို့တော်၏ လမ်းမများပေါ်၌ လူအုပ်စုတစ်စု ဖြည်းဖြည်းချင်း လျှောက်လှမ်းနေ၏။ မြေပြင်အောက် ၌ တခွပ်ခွပ်အသံများ ထွက်ပေါ်နေပြီး တိတ်ဆိတ် ငြိမ်သက်နေချိန်တွင် ထိတ်လန့်ဖွယ်ကောင်း၏။ ဟုန်ယွိသည် မုန်တိုင်းမတိုက်မီ အခြေအနေမျိုးဟု ခံစားရ၏။
တစ်နာရီခန့် လျှောက်လှမ်းပြီးနောက် ကျယ်ပြန့်သော မူလမြေနန်းဆောင်ကြီးသည် သူတို့ရှေ့တွင် ပေါ်လာသည်။
မူလမြေနန်းဆောင်ကား မိဖုရားခေါင်ကြီး၏ အဓိက နန်းတော် ဖြစ်ပြီး၊ ချင်ကန်းနန်းဆောင်မှာမူ အရှင်မင်းကြီး နေထိုင်ရာ ဖြစ်သည်။ ပုံမှန်အားဖြင့် အရှင်မင်းကြီးသည် ညဘက်တွင် ချင်ကန်းနန်းဆောင်၌ တစ်ဦးတည်း နေထိုင်ကာ တင်ပြလွှာများကို ဖတ်ရှုလေ့ရှိသည်။ ဤအချက်အလက်များကို မင်းသားယုထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။
မင်းသားယုသည် နန်းတော်ရှိ မိန်းမစိုးအချို့ကို လာဘ်ထိုးထားသည် ဖြစ်ရာ သူ့ကိုယ်ပိုင် သတင်းအချက်အလက်များ ရရှိနိုင်ခြင်း ဖြစ်သည်။
ကြင်ယာတော်ယွမ်၏ ရထားသည် မူလမြေနန်းဆောင်၏ ရင်ပြင်၌ ရပ်လိုက်သည့်အခါ နန်းဆောင်တစ်ခုလုံး မီးများ ထိန်ထိန်လင်းနေသည်ကို မြင်ရပါသည်။ မိန်းမစိုးများနှင့် နန်းတော်အစေခံများသည် နှစ်ဦးတတွဲ တည်ကြည်စွာ မတ်တတ်ရပ်နေကြ၏။
ဤသို့သော အခြေအနေမျိုးသည် ဟုန်ယွိအား အရာရှိကြီးများက ခန်းမဆောင်ကြီးထဲတွင် ရာဇဝတ်သားများကို စစ်ဆေးမေးမြန်းနေသည့် မြင်ကွင်းကို အမှတ်ရစေပါသည်။
အခန်း (၂၉၂)။
"ကမ္ဘာ့မိခင်ကြီး ပီသပါပေတယ်၊ ဒါပေမဲ့ ကြင်ယာတော်ယွမ်ကို ပစ်မှတ်ထားနေတာတော့ သေချာတယ်။ သူတို့ထဲမှာ တာအို ဘုန်းကြီးတစ်ပါး ပါနေပုံရတယ်။ ဖြစ်နိုင်တာက, သူတို့ ဒီည နန်းတော်ထဲမှာ နတ်ဆိုးနှင်ဖို့ ကြိုးစားနေတာလား။ ဟာကူဇိယွဲ့က အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးအတွက် တိုက်ခိုက်ဖို့ ပြန်သွားတာဆိုတော့ ကြင်ယာတော်ယွမ် ဘေးနားမှာ လူမရှိဘူး၊ သူမရဲ့ စွမ်းရည်တွေကလည်း အများကြီး လျော့နည်းသွားပြီ။ ဒါက ကြင်ယာတော်ယွမ်ကို ဖယ်ရှားဖို့ အကောင်းဆုံး အခွင့်အရေးပဲ။"
မူလမြေနန်းဆောင်ရှေ့ရှိ တရားခုံရုံးသဖွယ် သုံးပွင့်ဆိုင် စစ်ဆေးမည့် အနေထားကို မြင်ရသောအခါ ဟုန်ယွိသည် ညဉ့်နက်သန်းခေါင်အချိန်ကြီး မိဖုရားခေါင်ကြီးက ကြင်ယာတော်ယွမ်အား ရုတ်တရက် အမိန့်တော် ထုတ်ပြန်၍ ခေါ်ခြင်းသည် ကောင်းမွန်သော ရည်ရွယ်ချက် မရှိကြောင်း သိလိုက်၏။
မိဖုရားခေါင်ကြီးသည် အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ပိုင်ဖေးရှန်က မိုနိုဂါတာရီကို လိုက်လံတိုက်ခိုက်ရင်း ဒဏ်ရာရကာ ခန္ဓာကိုယ် ပျက်ဆီးသွားသည့် သတင်းကို ရရှိခဲ့ခြင်း ဖြစ်နိုင်ချေများသည်။
အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းသည် ယွမ်တူးနိုင်ငံ၏ အဓိက မှီခိုအားထားရာ ဖြစ်၏။ ယခုအခါ ဂိုဏ်းထဲတွင် မငြိမ်မသက်မှုများ ရှိနေသည်ဖြစ်ရာ၊ ၎င်းသည် ယွမ်တူးနိုင်ငံ၏ မင်းသမီးဖြစ်သူ ကြင်ယာတော်ယွမ်ကို သဘာဝအတိုင်း ထိခိုက်စေ၏။
ကြင်ယာတော်ယွမ်၏ နောက်ခံသည် တော်ဝင်ချန်မင်းဆက်၊ အထူးသဖြင့် နန်းမြို့တော်အတွက် အလွန် မတည်မငြိမ်ဖြစ်စေသော အကြောင်းအရင်း တစ်ရပ် ဖြစ်သည်။ မိဖုရားခေါင်ကြီးသည် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသော ကျိမျိုးနွယ်မှ ဆင်းသက်လာသူဖြစ်ရာ ကြင်ယာတော်ယွမ်၏ ယခင်ဘဝသည် မဟာနတ်ဆိုး အင်မော်တယ် ရှစ်ပါးထဲမှ တစ်ဦးဖြစ်သည့် ညှိုငင်မြေခွေးဘုရင်မ ဖြစ်သည်ကို မည်သို့ မသိဘဲ နေမည်နည်း။
“ကြင်ယာတော်ယွမ်ဟာ နက်ရှိုင်းတဲ့ တာအိုကျင့်စဉ်တွေကို ပိုင်ဆိုင်ထားတဲ့ တစ္ဆေအင်မော်တယ်တစ်ဦး ဖြစ်နေရင်တောင်, တော်ဝင်ချန်မင်းဆက်ရဲ့ နန်းတော်ဟာ ဝပ်နေတဲ့ ကျားတွေ ပုန်းအောင်းနေတဲ့ နဂါးတွေနဲ့ ပြည့်နှက်နေတယ်။ မိဖုရားခေါင်ကြီးရဲ့ စွမ်းအားကို လျှော့မတွက်သင့်ဘူး။ ဒါ့အပြင်, အမှန်တရားဂိုဏ်းက တာအိုဘုန်းကြီးတွေလည်း ရှိနေတယ်။ ကြင်ယာတော်ယွမ်ရဲ့ တာအိုပညာက အားသာချက် မရှိနိုင်ဘူး။"
ဟုန်ယွိသည် ကြင်ယာတော်ယွမ်၏ တာအိုပညာက နက်နဲပြီး၊ မဟာနတ်ဆိုး အင်မော်တယ် ရှစ်ပါးသည် ကမ္ဘာကြီးကို လွှမ်းမိုးနိုင်သူများ ဖြစ်သော် ငြားလည်း၊ ဤနေရာသည် တော်ဝင်ချန်မင်းဆက်၏ နန်းတော်ဖြစ်ကြောင်း သိရှိထားသည်။ ဤနေရာသည် မရေမတွက်နိုင်သော ကျွမ်းကျင်သူများ နှင့် စိတ်ကူး၍မရနိုင်သော စွမ်းအားများဖြင့် ပြည့်နှက်နေသည့် မဟာဗျူဟာမြောက် နေရာဖြစ်၏။ တစ္ဆေအင်မော်တယ်တစ်ဦး၏ စွမ်းအားဖြင့် ကြီးမားသော လှိုင်းလုံးများကို ဖန်တီးရန် ခက်ခဲသည်။
"ကြင်ယာတော်၊ ဆင်းတော်မူပါ။ မူလမြေနန်းဆောင်ကို ရောက်ပါပြီ။"
ရထားသည် မူလမြေနန်းဆောင်ရှေ့၌ ရပ်လိုက်၏။ အမိန့်တော်ကို ထုတ်ပြန်ခဲ့သော မိန်းမစိုးရှောင်အိုသည် တစ်ဖန် အက်ရှရှ အသံဖြင့် ပြောသည်။
ဟုန်ယွိ၏လက်ကို ဆုပ်ကိုင်လျက် ကြင်ယာတော်ယွမ်သည် အားနည်းပြီး နူးညံ့သိမ်မွေ့သည့် အမူအရာဖြင့် ရထားပေါ်မှ ဆင်းလာသည်။ သူမသည် မြေခွေးဖြူ သားမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး မူလမြေနန်းဆောင်၏ ထည်ဝါသော အငွေ့အသက်ကို လျစ်လျူရှုကာ အဓိက တံခါးဝမှနေ၍ အတွင်းသို့ တည့်တည့် ဝင်သွားသည်။
လမ်းလျှောက်နေစဉ် ဟုန်ယွိသည် ကြင်ယာတော်ယွမ်၏ နူးညံ့သော လက်က သူ့လက်ကို ညှစ်ဆုပ်လိုက်သည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏ နှလုံးသားထဲတွင် အနည်းငယ် နာကျင်မှုကို ခံစားလိုက်ရ၏။
ကြင်ယာတော်ယွမ်၏ ညှစ်ဆုပ်မှုသည် အနည်းငယ် "ရက်စက်ကြမ်းတမ်း" ၏။ နောက်ပိုင်း မည်သို့ပင် ဖြစ်ပျက်စေကာမူ ဟုန်ယွိသည် ရက်စက် ကြမ်းကြုတ်ရမည်ဖြစ်ပြီး မည်သည့်စိုးရိမ်မှုမှ မရှိစေရဟု ဆိုလိုခြင်း ဖြစ်သည်။
မူလက ဟုန်ယွိသည် နန်းတော်တွင်း၌ အနည်းငယ် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သော်လည်း ကြင်ယာတော်ယွမ်၏ ညှစ်ဆုပ်မှုအပြီးတွင်မူ လုံးဝ စိတ်သက်သာရာ ရသွားပါသည်။
မူလမြေနန်းဆောင်၏ ကြမ်းပြင်သည်လည်း "ရွှေနက်မြေစေး"ဖြင့် ပြုလုပ်ထားသော "ရွှေအုတ်" များ ဖြစ်သည်။ ကြမ်းပြင်ပေါ် လျှောက်လိုက်သည့် အခါ ပဲ့တင်သံ ထွက်ပေါ်လာပြီး လူ၏ စိတ်ဝိညာဉ်ကို ထုံထိုင်းစေ၏။
မြင့်မားသော နန်းတော်တံခါးခုံကို ဖြတ်ကျော်ကာ အတွင်းခန်းမသို့ ဝင်လိုက်သည်နှင့် ဟုန်ယွိသည် မူးဝေသော ခံစားမှုမျိုးကို ခံစားလိုက်ရသည်။ တစ်စုံတစ်ဦးက သူ့အား မှော်ပညာ အသုံးထား၍ မဟုတ်ဘဲ မူလမြေနန်းဆောင်၏ ဗိသုကာလက်ရာသည် ခမ်းနားထည်ဝါပြီး ကျယ်ဝန်းလှသော ကြောင့် ဖြစ်သည်။ တော်ဝင်မိသားစု၏ ခန့်ညားမှုသည် နေရာတိုင်း၌ ပျံ့နှံ့နေပါသည်။
ခန်းမဆောင်၏ အလယ်၌ အသက်အလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ထိုင်နေပါသည်။ ဤအမျိုးသမီးသည် ဆံပင်၌ ရွှေဖီးနစ် ဆံထိုးကို ပန်ဆင်ထားသည်။ နေဝန်းနှင့် ဖီးနစ်ကိုးကောင်ပုံ ထိုးထားသော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမမျက်လုံးများကို မှေးစင်းထားပုံရပြီး သူမ၏ လက်များကို ရှည်လျား ချွန်ထက်သော ဆင်စွယ်လက်သည်းများဖြင့် ဖုံးအုပ်ထားသည်။ သူမသည် သက်တောင့်သက်သာ နေထိုင်ပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်သကဲ့သို့ ငြိမ်းချမ်းသော အမူအရာ ရှိနေ၏။
သံသယမရှိ၊ ဤအသက်အလတ်ပိုင်းအရွယ် အမျိုးသမီးသည် ဤကမ္ဘာကြီးမိခင်ကြီး မိဖုရားခေါင်ကြီး ဖြစ်ပြီး၊ ကျိမျိုးနွယ် သူတော်စင်တစ်ဦး၏ မျိုးဆက်လည်း ဖြစ်ပါသည်။
"သူမက အိမ်ရှေ့စံရဲ့ မယ်တော်ဆိုတော့ အသက် ၅၀ ၊ ၆၀ လောက် ရှိပြီပေါ့။ ဒါပေမဲ့ ကြည့်ရသလောက်ဆို, သူမပုံစံက အသက် ၃၀ ၊ ၄၀ လောက်ပဲ ရှိပုံရတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ငါ့ စိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲက ထွက်ခွာဖို့ အဆင်မပြေဘူးဆိုတော့ သူမရဲ့ချီကို စူးစမ်းဖို့ ခက်ခဲတယ်။"
ဟုန်ယွိသည် အလယ်၌ ထိုင်နေသော မိဖုရားခေါင်ကြီးအား ခိုးကြည့်လိုက်၏။ သူသည် သူ၏ ချီစစ်ဆေးခြင်း နည်းလမ်းကို အသုံးမပြုခဲ့ပေ။ အကြောင်းမှာ ထိုသို့ ပြုလုပ်ရန် အဆင်မပြေသောကြောင့် ဖြစ်သည်။
မိဖုရားခေါင်ကြီး၏ နောက်တွင် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမစိုးတစ်ဦး ရှိနေသည်။ သူကား ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမစိုး အစစ်ဖြစ်၏။ နန်းတော်တွင် သူသည် နန်းတော်ခြောက်ခု၏ အကြီးအကဲ မိန်းမစိုးများထဲမှ တစ်ဦးဖြစ်၏။
ဟုန်ယွိသည် မင်းသားယုထံမှ သတင်းများ ရရှိထားပြီး ဖြစ်၏။ နန်းတော်တွင် နန်းတော်ခြောက်ခု၏ အကြီးအကဲ မိန်းမစိုး သုံးဦး ရှိသည်။ တစ်ဦးသည် ဧကရာဇ်၏ ဘေးတွင်ရှိပြီး၊ တစ်ဦးသည် မိဖုရားခေါင်ကြီး၏ ဘေးတွင် ရှိသည်။ သူတို့၏ သိုင်းပညာသည် မခန့်မှန်းနိုင်လောက်အောင် နက်နဲပြီး အိမ်ရှေ့စံမင်းသား၏ ယင်လျှံဟွာနှင့် အတူတူလောက် ရှိနိုင်သည်။
ယင်လျှံဟွာသည် အနီရောင်ဝတ်စုံဝတ် မိန်းမစိုးတစ်ဦး ဖြစ်သော်လည်း သူ၏ သိုင်းပညာကြောင့် ခရမ်းရောင်ဝတ်စုံဝတ် မိန်းမစိုးပင် ဖြစ်နိုင်သည်။ သို့သော် အနာဂတ်တွင် အိမ်ရှေ့စံမင်းသား နန်းတက်သည့်အခါ သူသည် နံပါတ်တစ် အကြီးအကဲ မိန်းမစိုး ဖြစ်လာမည်မှာ သေချာသည်။
ထို့အပြင် အနီရောင်ဝတ်စုံ မိန်းမစိုး နှစ်ဦးလည်း ရှိသေး၏။ ၎င်းတို့သည် အစောပိုင်းက မိန်းမစိုးရှောင်အိုနှင့် အနည်းငယ် ဆင်တူကြသည်။ သူတို့သည် အိုမင်းပြီး ပုံပန်းသဏ္ဌာန်မှာ ပျင်းရိလေးတွဲနေသော်လည်း ချီ (စွမ်းအင်) ကို မလိုအပ်ဘဲ အပြင်သို့ မထွက်စေရန် ထိန်းချုပ်ထားသည်။
ထို့အပြင် အထိန်းတော်အချို့လည်း ရပ်နေကြပြီး အန္တရာယ်ရှိသော ခံစားချက်ကို ပေးစွမ်းနေ၏။
"ဒီအထိန်းတော်တွေဟာ အဘွားကျန်းနဲ့ အဆင့်တူတွေ ဖြစ်ရမယ်။ သူတို့က တာအိုကျင့်စဉ်တွေကို ကျင့်ကြံထားပြီး သူတို့ရဲ့ နယ်ပယ်က အဘွားကျန်းထက် အများကြီး ပိုမြင့်နေနိုင်တယ်။"
ဟုန်ယွိသည် အထိန်းတော်များကို မြင်သောအခါ၊ ဝူဝမ်မြို့စားအိမ်တော်၌ ထိုနတ်ဆိုးမ အဘွားကျန်းက တာအိုပညာဖြင့် သူ့အား ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ပုံကို သတိရမိ၏။
သို့သော် ဤမိန်းမစိုးများနှင့် အထိန်းတော်များသည် ဟုန်ယွိ၏ အာရုံကို ဆွဲဆောင်ရန် မလုံလောက်ပေ။
အဘယ်ကြောင့်ဆိုသော် ဟုန်ယွိ၏ အာရုံကို ပြင်းပြင်းထန်ထန် ဆွဲဆောင်သည့် နောက်ထပ် လူတစ်ဦး ရှိနေသောကြောင့် ဖြစ်သည်။
ဤသူသည် တာအို ဘုန်းကြီးတစ်ပါးဖြစ်ပြီး မူလမြေနန်းဆောင်တစ်ခုလုံးတွင် ဒုတိယမြောက် ထိုင်နေသော ပုဂ္ဂိုလ်ဖြစ်၏။
ဤတာအို ဘုန်းကြီးသည် နားထင်နှစ်ဖက်တွင် ဆံပင်ဖြူများ ရှိနေပြီး၊ သူ၏ ဆံပင်ကို ကျောက်စိမ်း ဆံထိုးဖြင့် ထိုးထား၏။ သူသည် အစိမ်းရောင် တာအိုဝတ်ရုံနှင့် အဝတ်ဖိနပ်တစ်စုံကို ဝတ်ဆင်ထားသည်။ သူသည် တာအို ဘုန်းကြီးတစ်ပါး၏ ဟန်ပန်မျိုး မဟုတ်ဘဲ မဟာပညာရှင်တစ်ဦး၏ ဟန်ပန်မျိုး ရှိသည်။ အမူအရာနှင့် စိတ်နေစိတ်ထားအရ သူသည် ဟုန်ရွှန်ကျိနှင့် အနည်းငယ် ဆင်တူသည်။ သို့သော် သူသည် သာမန် လောကီလူသားများကဲ့သို့ မဟုတ်ဘဲ ထူးခြားသော အရည်အသွေးတစ်ရပ်ကို ပိုင်ဆိုင်ထာားသည်။ သူ့မှာ ဟုန်ရွှန်ကျိကဲ့သို့ ကြောက်မက်ဖွယ်ကောင်း သည့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ထိန်းချုပ်ထားသည့် ဩဇာအာဏာမျိုး မရှိသလို၊ ဟုန်ရွှန်ကျိကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို ထိန်းချုပ်နိုင်စွမ်းလည်း မရှိပါချေ။ (လောကီလူသားများနှင့် မတူသည့် အရည်သွေးတစ်ရပ်ဆိုသည်မှာ - ထိုပုဂ္ဂိုလ်သည် လောကီအရေး (ဥစ္စာဓန၊ အာဏာ၊ လောဘ) များမှ ကင်းစင်ပြီး၊ မြင့်မားသော ဝိညာဉ်ရေးရာ နယ်ပယ် သို့မဟုတ် ကျင့်စဉ်သို့ ရောက်ရှိနေသည့် အငွေ့အသက်ကို ဆိုလိုပါသည်။)
ဟုန်ရွှန်ကျိနှင့် နှိုင်းယှဉ်ပါက၊ ဤတာအို ဘုန်းကြီးသည် မဟာပညာရှင်တစ်ဦး ဖြစ်သည်။ ဤတာအို ဘုန်းကြီး၏ စိတ်နေစိတ်ထားသည် အခြေခံ ဖြစ်ပြီး၊ ဤတာအိုဘုန်းကြီး၏ အခြေခံအုတ်မြစ်သည် လောကီရေးရာများထက် သာလွန်သော အနှစ်သာရနှင့် ဖြောင့်မတ်သော စည်းမျဉ်း၊ တာအိုဝါဒနှင့် ကွန်ဖြူးရှပ်ဝါဒတို့ ပေါင်းစပ်ထားသော ပုံစံတစ်မျိုး ဖြစ်သည်။
"အလိုကောင်းကင်ဘုံ၊ ဒီလူက ဘယ်လောက် သြဇာကြီးလိုက်တဲ့ လူလဲ။ ဟုန်ရွှန်ကျိနဲ့ နှိုင်းယှဉ်ရင် ဟုန်ရွှန်ကျိက နည်းနည်း ပိုအစွမ်းထက်ပေမယ့် သူက ငါ့စိတ်ကို ဖိအားပေးနိုင်သေးတယ်။ ဒီလူက အနည်းဆုံး မိုးကြိုးကပ်ဘေးအဆင့် ကျွမ်းကျင်သူတစ်ဦးပဲ။ ကျိမျိုးနွယ်... ဒီတာအို ဘုန်းကြီးက အမှန်တရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်၊ လွန်ခဲ့တဲ့ အနှစ် ၂၀ က ထိပ်တန်းပညာရှင်ကြီး ကျိချန်ယွဲ့များလား။"
ဟုန်ယွိသည် တာအိုဘုန်းကြီးအား ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွား၏။
အဘယ်ကြောင့်ဆိုသော် သူ့စိတ်၏ အလိုလို သိရှိမှုအရ ဤတာအို ဘုန်းကြီးသည် သူတော်စင်တူယွမ်ထက်ပင် ပိုမို အစွမ်းထက်နေသောကြောင့် ဖြစ်သည်။ ချက်ချင်းပင် သူသည် ဤ တာအိုဘုန်းကြီးသည် အမှန်တရားဂိုဏ်း၏ ဂိုဏ်းချုပ် ကျိချန်ယွဲ့ ဖြစ်ရမည်ဟု သိရှိလိုက်သည်။ ဤဂိုဏ်းချုပ်သာလျှင် ဟုန်ယွိအပေါ် စိတ်ဝိညာဉ်ရေးရာ ဖိအားတစ်မျိုး သက်ရောက်စေနိုင်ပြီး သူ့အား အန္တရာယ် ရှိသည်ဟု ခံစားရစေနိုင်သည်။
"မိဖုရားခေါင်ကြီးအား အရိုအသေပြုပါတယ်။"
သေချာပါသည် ဟုန်ယွိ၏ ခန့်မှန်းချက် မှန်ကန်နေသည်။ အလယ်တွင် ထိုင်နေသော ဤအမျိုးသမီးသည် ဤကမ္ဘာ၏မိခင်ကြီးအဖြစ် စံနမူနာတင်ထားရသည့် ကျိမျိုးနွယ်၏ မိဖုရားခေါင်ကြီး ဖြစ်ချေသည်။
"အင်း" ကြင်ယာတော်ယွမ်က အနည်းငယ် ဦးညွှတ်သည်ကို မြင်သောအခါ ကျိမျိုးနွယ်၏ မိဖုရားခေါင်ကြီးသည် သူမ၏ နှာခေါင်းမှ အနည်းငယ် "အင်း" အသံကို ပြုလုပ်လိုက်၏။ ၎င်းသည် အဘယ်အဓိပ္ပာယ်ဆောင်သည်ကို မည်သူမျှ မသိသလို မိန်းမစိုးများကိုလည်း သူမအတွက် ထိုင်ခုံ ရွှေ့ပေးခိုင်းခြင်း မရှိပေ။
မိဖုရားခေါင်ကြီး၏ အနေအထားကို မြင်သောအခါ ကြင်ယာတော်ယွမ်က သူမ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးကို ပြသလိုက်၏။
နန်းတော်ကျင့်ဝတ်အရ တော်ဝင်ကြင်ယာတော်သည် မိဖုရားခေါင်ကြီး၏ အောက်၌ ထိုင်ရန် အရည်အချင်း ပြည့်မီသည်။
မိဖုရားခေါင်ကြီးအား တွေ့ဆုံပြီး ဦးညွှတ်ပြီးနောက် ထိုင်ခုံနေရာ ယူနိုင်၏။ ယခု မိဖုရားခေါင်ကြီးက ဤသို့ ပြုလုပ်ခြင်းသည် အန္တရာယ်ရှိသော အဓိပ္ပာယ်ကို ပေးနေ၏။
"မိဖုရားခေါင်ကြီးက ဘာကိစ္စကြောင့် ဒီလောက် ညဉ့်နက်မှ ကျွန်မကို ခေါ်တာလဲ မသိဘူး။" ကြင်ယာတော်ယွမ်သည် မိဖုရားခေါင်ကြီးအား ကြည့်၍ အေးစက်သော လေသံဖြင့် မေးလိုက်၏။
"သေချာပေါက် အကြောင်းရှိလို့ပေါ့။" ကြင်ယာတော်ယွမ်၏ အမူအရာကို ကြည့်၍ မိဖုရားခေါင်ကြီးသည် အနည်းငယ် မျက်မှောင်ကုပ်လိုက်သော် လည်း တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ "ဒီရက်ပိုင်း နန်းတော်တွင်းက နည်းနည်း ညစ်ပတ်နေတယ်။ ငါက မိဖုရားခေါင်ကြီးနဲ့ နန်းတော်ရဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ ဧကရာဇ်အတွက် အိမ်တွင်းရေးရာ ကိစ္စတွေကို စီမံခန့်ခွဲရမယ်။ အချို့ကိစ္စတွေက လုပ်ကို လုပ်ရမှာပဲ။ လွန်ခဲ့တဲ့နှစ် ဒီအချိန်မှာ ကြင်ယာတော်ယွမ်နေတဲ့ ကောင်းကင်ရနံ့စံအိမ်မှာ မြေခွေးတစ်ကောင် ပေါ်လာပြီး မိန်းမစိုးတွေနဲ့ နန်းတော်သူတွေကိုတောင် ထိတ်လန့် စေခဲ့တယ်လို့ ငါ ကြားထားတယ်။ ဒါက မြေခွေးတစ္ဆေ၊ နတ်ဆိုးတစ်ကောင် ဖြစ်နိုင်တယ်။ နတ်ဆိုးတစ်ကောင် နန်းတော်ထဲ ခိုးဝင်တာက ကြီးမားတဲ့ ကိစ္စဖြစ်လို့ ဒီနေ့ ငါ အမှန်တရားတာအိုဂိုဏ်းမှ တာအိုဘုန်းကြီးတစ်ဦးကို ကြင်ယာတော်ယွမ်အတွက် ညစ်ပတ်မှုတွေ သန့်စင်သွားဖို့နဲ့ ကြင်ယာတော် ယွမ်ရဲ့ ခန္ဓာကိုယ်ပေါ်က နတ်ဆိုးအငွေ့အသက်တွေကို ဖယ်ရှားပေးဖို့ ဖိတ်ခေါ်ထားတာ။ ဒါမှ နောက်ထပ် နတ်ဆိုးတွေ ဒုက္ခမပေးတော့မှာ။"
မိဖုရားခေါင်ကြီးက ဤသို့ ပြောလိုက်သည်နှင့် အသံက တည်ငြိမ်သော်လည်း ဟုန်ယွိသည် သူ၏ နှလုံးသားထဲတွင် အေးစက်မှုကို ခံစားလိုက်ရ၏။
ညဉ့်နက်သော ဤအချိန်ကြီးတွင် အမိန့်တော် ထုတ်ပြန်ကာ ကြင်ယာတော်ယွမ်အား ဧကရာဇ်ထံ သွားရောက်ရန် အဘယ်ကြောင့် ခေါ်ယူခဲ့သည်ကို သူ နောက်ဆုံးတွင် သိလိုက်ရပြီ။
မိဖုရားခေါင်ကြီးသည် ဤအခွင့်အရေးကို ယူ၍ ကြင်ယာတော်ယွမ်၏ ကျင့်စဉ်အဆင့်ကို ဖျက်ဆီးရန် သို့မဟုတ် ကြင်ယာတော်ယွမ်၏ တာအို မှော်ပညာကို ချိတ်ပိတ်ရန် ရည်ရွယ်ခြင်းသာ ဖြစ်ပါတော့သည်။ သူမသည် ကြင်ယာတော်ယွမ်အား သာမန် အမျိုးသမီးတစ်ဦး ဖြစ်စေလိုခြင်း ဖြစ်သည်။ ကြင်ယာတော်ယွမ်သည် ယွမ်တူးနိုင်ငံ၏ မင်းသမီးဖြစ်၍၊ မိဖုရားခေါင်ကြီးသည် သူမအား သတ်ဖြတ်လိုသော်လည်း သတ်ဖြတ်၍ မရပေ။ မဟုတ်ပါက သက်ရောက်မှုမှာ အလွန်ကြီးမားပြီး နယ်စပ်ဒေသကို မတည်မငြိမ် ဖြစ်ပေါ်စေနိုင်သည်။
သို့သော် တာအိုပညာရှင်တစ်ဦးကို ဖိတ်ခေါ်၍ နတ်ဆိုးနှင်ခြင်း ဟူသော အကြောင်းပြချက်ကို အသုံးပြုကာ ကြင်ယာတော်ယွမ်၏ စိတ်ဝိညာဉ်ကို ချိတ်ပိတ်ခြင်း၊ သူမ၏ ကျင့်စဉ်ကို ဖျက်ဆီးခြင်းနှင့် သူမအား သာမန် အမျိုးသမီးတစ်ဦးအဖြစ် ပြောင်းလဲပစ်ရန်မှာ ခက်ခဲသော ကိစ္စ မဟုတ်ပေ။
အရင်က ဟာကူဇိယွဲ့သည် ကြင်ယာတော်ယွမ်ဘေးတွင် ရှိနေခဲ့သည်။ မိဖုရားခေါင်ကြီးသာ ဤသို့ လုပ်ဆောင်ခဲ့ပါက, သူမသည် မဟာနတ်ဆိုး အင်မော်တယ် နှစ်ဦးနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး၊ ထိုနှစ်ဦးထဲမှ တစ်ဦးမှာ တတိယအဆင့်ရှိ မျောက်ဝံဖြူဘုရင် ဖြစ်သည်။
သူမသည် စိုးရိမ်ပူပန်မှုများစွာ ရှိပြီး အလွယ်တကူ ဂယက်ရိုက်ခတ်မှု ဖြစ်စေနိုင်၏။
ယခုမူ တစ်သက်မှာ တစ်ကြိမ်သာ ရနိုင်သော အခွင့်အရေးကြီးက ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ ဟာကူဇိယွဲ့သည် အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးအတွက် တိုက်ခိုက်ရန် ယွမ်တူးနိုင်ငံသို့ ပြန်သွားခဲ့ပြီဖြစ်ရာ ကြင်ယာတော်ယွမ်၏ ဘေးတွင် လစ်ဟာနေသည်။
ကြင်ယာတော်ယွမ်သည် ညှိုငင်မြေခွေးဘုရင်မ ဖြစ်ပြီး ဂုဏ်သိက္ခာကြီးမားသည့် တစ္ဆေအင်မော်တယ်တစ်ဦး ဖြစ်သော်လည်း သူမတစ်ယောက် တည်း၏ စွမ်းအားဖြင့် အားနည်းသည်။ မိဖုရားခေါင်ကြီးက အမှန်တရားဂိုဏ်း၏ ဂိုဏ်းချုပ် ကျိချန်ယွဲ့ကဲ့သို့ ထိပ်တန်းကျွမ်းကျင်သူကို ဖိတ်ခေါ်ကာ ရုတ်တရက် လုပ်ရှားခြင်းသည် ဤလျှို့ဝှက်အကြံစည်ကို အောင်မြင်စေရန် လုံလောက်ပေသည်။
"တော်တယ်၊ တော်တယ်။ ဒါက မယားကြီးက မယားငယ်ကို အနိုင်ကျင့်တဲ့ နောက်ထပ် နည်းလမ်းတစ်ခု မဟုတ်ဘူးလား။ မဒမ် ကျောက် ငါ့အမေကို အနိုင်ကျင့်တုန်းကလည်း ဒီလိုပဲ ဖြစ်မှာပဲ။ ဟဲဟဲ၊ ဟဲဟဲ... စောစောရောက်တာထက် အချိန်မှီ ရောက်လာတာ ပိုကောင်းတယ်။"
ရုတ်တရက် မတရားသည့် ခံစားချက်တစ်ခုက ဟုန်ယွိ၏ နှလုံးသားထဲတွင် တဟုန်ထိုး ပျံ့နှံ့လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ့ရှေ့မှ မြင်ကွင်းသည် သူ့မိခင်နှင့် မဒမ် ကျောက်အကြားမှ မြင်ကွင်းနှင့် အလွန်တူနေသောကြောင့် ဖြစ်သည်။
ဤမြင်ကွင်းမျိုးကား ဟုန်ယွိသည် သူ့ဘဝတွင် မြင်တွေ့ခဲ့ရသည့် အလွန် မခံမရပ်နိုင်ဖြစ်ဆုံး မြင်ကွင်း ဖြစ်သည်။
"ခင်ဗျားဘာသာ မိဖုရားခေါင်ကြီးဖြစ်ဖြစ်၊ ကမ္ဘာ့မိခင်ကြီးဖြစ်ဖြစ်၊ ဒါမှမဟုတ် အမှန်တရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ဖြစ်, ကျုပ် ဂရုမစိုက်ဘူး။ ခင်ဗျားတို့ ဒီနေ့ ကြင်ယာတော်ယွမ်ကို ဒုက္ခပေးချင်တယ်ဆိုရင်တော့ အားလုံး ငရဲသွားကြရလိမ့်မယ်။" ရူးသွပ်သော အတွေးတစ်ခုက ဟုန်ယွိ၏ စိတ်ထဲ၌ လည်ပတ်နေ၏။ သူသည် တိတ်တဆိတ် ဟစ်ကြွေးလိုက်ပြီး သူ၏ မျက်နှာပေါ်မှ အမူအရာက အနည်းငယ် ထူးဆန်းလာ၏။
ဤမတရားမှု ခံစားချက်သည် ရူးသွပ်စွာ ကြီးထွားလာခဲ့၏။ လွန်ခဲ့သော ရှစ်နှစ်၊ ဆောင်းဦးလ လယ်ပွဲတော်ညတွင် သူ၏မိခင်သည် မဒမ် ကျောက်၏ ဆူပူခြင်းကို ခံခဲ့ရပြီး၊ သွေးအန်ခဲ့သည့် အချိန်သို့ ပြန်ရောက်သွားသလို ခံစားရသည်။
"ငါ့ရဲ့အတွေးတွေက တကယ်ကို ဒီလောက်အထိ ကြီးထွားလာခဲ့ပြီ။" ဤရူးသွပ်သော အတွေးများနှင့် ပြင်းထန်သော မတရားမှု ခံစားချက်ကို ရင်ဆိုင်ရချိန်မှာပင်, ဟုန်ယွိ၏ မူလစိတ်သဘာဝသည် ထူးထူးခြားခြား တည်ငြိမ်အေးချမ်းနေ၏။
သို့သော် သူသည် ဤရူးသွပ်သော အတွေးများနှင့် မတရားမှု ခံစားချက်ကို ဖိနှိပ်မထားခဲ့ပေ။ ယင်းအစား သူ့စိတ်ထဲတွင် စစ်နတ်ဘုရား ပုံသဏ္ဌာန် တစ်ခုက လင်းလက်သွား၏။
ထို့နောက် ထိုမတရားမှု ခံစားချက်သည် စစ်နတ်ဘုရား၏ ဖိနှိပ်ချိုးနှိမ်၍မရသော စိတ်ဆန္ဒနှင့် ပေါင်းစပ်သွား၏။
ဘုန်း…။
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ကမ္ဘာမြေကို လှုပ်ခတ်စေသည့် ပြောင်းလဲမှုတစ်ခုကို တွေ့ကြုံခံစားလိုက်ရသည်။
"အို…၊ မဟုတ်ဘူး။ ဒီအချိန်ကြီးကျမှ ဖြစ်ရတယ်လို့။ တာအိုပညာ အဆင့်ချိုးဖြတ်သွားခဲ့ပြီ။ စစ်နတ်ဘုရားမှော်ပညာကျမ်း ကြီးမားသောအဆင့်ကို ဖြတ်ကျော်သွားခဲ့ပြီ။"