အခန်း (၂၉၇-၂၉၈)
Vol. 27 Ch. 297-298
အခန်း (၂၉၇)။
"ဒါဆို မင်းနဲ့ ငွေငါးမန်းဘုရင်မတိုဟာ တာအိုလက်တွဲအဖော်တွေ ဖြစ်သွားပြီပေါ့။ မင်းတို့ နှစ်ယောက်ဟာ တကယ်ကို လွတ်လပ် ပေါ့ပါးသွားကြပြီ ပေါ့။ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲမှာ ငွေငါးမန်းဘုရင်မဟာ ကောင်းကင်မိုးကြိုးတာအိုကို ကျင့်ကြံပြီး ပင်လယ်ခုနစ်စင်းကို လွှမ်းမိုးနိုင် တယ်။ သူမဟာ မယုံနိုင်စရာ ပုဂ္ဂိုလ်တစ်ဦးပဲ။" ကြင်ယာတော်ယွမ်သည် အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် သူမ၏ မျက်လုံးများက နူးညံ့သိမ်မွေ့လာသည်။
“အော်… ဒါနဲ့။ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးကိုရော ဘယ်သူက အဆင့်သတ်မှတ်ပေးတာလဲ။ ဒီကမ္ဘာကြီးမှာ နတ်ဆိုးတွေ အများကြီး ရှိတယ် လေ။ တစ္ဆေအင်မော်တယ် ဖြစ်အောင် ကျင့်ကြံနိုင်တာ ရှစ်ဦးပဲရှိတာလား။" ဟုန်ယွိက မေးလိုက်သည်။
"ဒါက သေချာပေါက် မဟုတ်ဘူးပေါ့။ ဒီကမ္ဘာကြီးမှာ တစ္ဆေအင်မော်တယ် ဖြစ်အောင် ကျင့်ကြံနေတဲ့ နတ်ဆိုးတွေ သေချာပေါက် ရှစ်ဦးထက်မက ရှိတာပေါ့။ ငါတို့ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးကျတော့ နတ်ဆိုးအင်မော်တယ်တွေထဲမှာ အတော်ဆုံးတွေပဲ။ ဘာလို့လဲဆိုတော့ ငါတို့ မဟာနတ်ဆိုးအင်မော်တယ်ရှစ်ဦးဟာ တစ္ဆေအင်မော်တယ်တွေအဖြစ် အောင်မြင်အောင် ကျင့်ကြံထားနိုင်တဲ့ လူတွေ ဖြစ်နေလို့ပဲ။ အချို့နတ်ဆိုး မျိုးနွယ်တွေမှာ တစ္ဆေအင်မော်တယ် ဖြစ်အောင် ကျင့်ကြံထားနိုင်သူတွေ ရှိကြပေမဲ့ အမိဝမ်းတွင်း ပြန်လည်ဝင်စားရာမှာ လျှို့ဝှက်ဆန်းကြယ်မူတွေ၊ ချို့ယွင်းချက်တွေ ရှိနေတုန်းပဲ။ မဟာနတ်ဆိုး အင်မော်တယ် ရှစ်ပါးဆိုတဲ့ဘွဲ့ကတော့ ငါတို့က ပိုပြီး နာမည်ကြီးလို့ ဖြစ်ပေါ်လာတာပဲ။ နက်ရှိုင်းတဲ့ တောတောင်တွေထဲ၊ စည်ကားနေတဲ့ မြို့ကြီးတွေထဲ၊ ဒါမှမဟုတ် နန်းတွင်းမှာတောင် ပြန်လည်ဝင်စားကြတဲ့ နတ်ဆိုးအင်မော်တယ်တွေ ရှိကောင်း ရှိနေနိုင်တယ်။ သူတို့က ထွက်ပေါ်လာ ခြင်း မရှိသေးတာပဲ ရှိတာ။" ကြင်ယာတော်ယွမ်က သိမ်မွေ့စွာ ပြောသည်။ (နတ်ဆိုးများသည် လူသားခန္ဓာကိုယ် သို့မဟုတ် သူတို့၏ မူရင်း တိရိစ္ဆာန် ခန္ဓာကိုယ်ကို စွန့်ပယ်ပြီး တစ္ဆေအင်မော်တယ် ဖြစ်သောအခါ၊ သူတို့၏ မူလဇာတိ (ဝမ်း/သန္ဓေတည်ရာ) တွင် ရှိနေခဲ့သော နက်နဲမှု၊ ချို့ယွင်းချက် သို့မဟုတ် စွဲလန်းမှု အကြွင်းအကျန်များသည် တစ္ဆေအင်မော်တယ် ဖြစ်လာသည့်တိုင် ဆက်လက် သက်ရောက်နေခြင်းရှိသည်ကို ဆိုလိုသည်။)
"ဟုတ်ပါတယ်လေ။ ရွှေပင့်ကူဟာ တစ္ဆေအင်မော်တယ်အဖြစ် အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ရင်တောင် အမိဝမ်းထဲမှာ လျှို့ဝှက်ဆန်းကြယ်မူတွေ သေချာပေါက် ကြုံတွေ့ရလိမ့်မယ်။ ဒါပေမဲ့ သူမ ဘယ်လောက် အစွမ်းထက်မလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။" ဟုန်ယွိက ခေါင်းညိတ်သည်။
"ဒီနေ့ ကျွန်တော် နန်းတော်ထဲ ဝင်ကြည့်တော့, တော်ဝင် ချန်မင်းဆက် နန်းတော်ဟာ ဒီလောက် အစွမ်းထက်နေတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ ဒီထက်မက လျှို့ဝှက် ကျွမ်းကျင်သူတွေ ရှိနေသေးလား မသိဘူး။"
ဟုန်ယွိသည် တော်ဝင် ချန်မင်းဆက် နန်းတော်၏ အခြေအနေသို့ စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ဒါက တကယ်တော့ သဘာဝပါပဲ။ ခေတ်အဆက်ဆက်မှာ တော်ဝင်မိသားစုဟာ အလယ်ပိုင်း ကောင်းကင်နိုင်ငံတော်မှာ အမြဲတမ်း အစွမ်းအထက် ဆုံး မိသားစုပဲလေ။ မဟုတ်ရင် သူတို့ဟာ ရာဇပလ္လင်ပေါ်မှာ တည်တည်ငြိမ်ငြိမ် ထိုင်နေနိုင်မှာ မဟုတ်ဘူး။ တော်ဝင်မိသားစုဟာ အကြီးမြတ်ဆုံး မြင့်မြတ်နယ်မြေ တစ်ခုပဲ။" ကြင်ယာတော်ယွမ်က ပြောသည်။ "ရှေ့ခေတ် သူတော်စင် ဧကရာဇ်တွေနဲ့ ရှေးဟောင်း မင်းဆက်တွေဟာ အခုခေတ် ထက် အများကြီး ပိုအစွမ်းထက်ခဲ့ကြတယ်။"
"မှန်ပါတယ်။" ဟုန်ယွိသည်လည်း နန်းတော်သည် ဤကမ္ဘာပေါ်ရှိ အကြီးမြတ်ဆုံး မြင့်မြတ်တဲ့နယ်မြေ ဖြစ်သည်ဟူသော အချက်နှင့် ပတ်သက်၍ ချန်ယင်းရှာနှင့် ဆွေးနွေးခဲ့ဖူးသည်။
ထို့အပြင်, ရှေ့ခေတ် သူတော်စင်ဧကရာဇ်များနှင့် မင်းဆက်များသည် အခုခေတ်ထက် ပိုပြီး အစွမ်းထက်ခဲ့ကြသည်။
ဤအရာက ဒဏ္ဍာရီ မဟုတ်ပါဘူး။ သမိုင်းမှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ရှေးခေတ် သူတော်စင် ဧကရာဇ်များသည် ကြီးမားသော ဩဇာအာဏာကို ပိုင်စိုးနိုင်ကြသည်။ ရှေးခေတ် သူတော်စင် ဧကရာဇ်များသည် သာမန်လူများကို အမိန့်ပေးနိုင်ရုံသာမက, မိုးကြိုး ကပ်ဘေးအဆင့် မည်မျှပင် ဖြတ်ကျော်ခဲ့သည်ဖြစ်စေ မိုနိုဂိုတာရီကဲ့သို့ ကျင့်ကြံသူများပင် ဧကရာဇ်၏ အမိန့်ကို နားခံကြရသည်။
ဖန်၊ ယွမ်၊ တု၊ ရှီ၊ ဟုန်... ဤရှေ့ခေတ် သူတော်စင်ဧကရာဇ်များ အားလုံးသည် အင်မော်တယ်များ ဖြစ်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ယန်စိတ်ဝိညာဉ်နယ်ပယ် (ယန်နတ်ဘုရားအဆင့်) ကျွမ်းကျင်သူများ ဖြစ်ကြသည်။
သို့သော် နှစ်ပေါင်း ထောင်ချီကြာပြီးနောက် မင်းဆက်များ၏ ဩဇာအာဏာသည် တဖြည်းဖြည်း အားနည်းလာခဲ့သည်။ ဧကရာဇ်များသည်ပင် အင်မော်တယ်များ မဟုတ်ကြတော့ပေ။ ထို မိုးကြိုးကပ်ဘေးအဆင့် တစ္ဆေအင်မော်တယ်များနှင့် တစ္ဆေအင်မော်တယ်များသည်ပင် ဧကရာဇ်၏ အမိန့်များကို အမှန်တကယ် နာခံတော့မည် မဟုတ်ပေ။
လက်ရှိ ကွန်ဖြူးရှပ် ကျမ်းဂန်များတွင် ဧကရာဇ်သည် မိုးကောင်းကင်၏ သားတော် ဖြစ်ကြောင်း၊ သူသည် တိုင်းခန်းလှည့်လည် ထွက်သောအခါ နတ်ဘုရား ရာပေါင်းများစွာက ကာကွယ်ပေးရကြောင်း၊ လေနတ်သားက လမ်းဖွင့်ပေးရကြောင်း၊ မိုးနတ်သားက မြေပြင်ကို မိုးရေပက်ဖြန်းပေးရ ကြောင်း မှတ်တမ်းတင်ထားဆဲ ဖြစ်သော်လည်း…..၊
ယခုခေတ် ဧကရာဇ်များ စစ်ဆေးရေး ခရီးထွက်သောအခါ အင်မော်တယ်များသည် ဧကရာဇ်ကို အလုပ်အကျွေးပြုခြင်း မရှိတော့ပေ။
လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီက ဧကရာဇ်အဆက်ဆက်တို့သည် ရှေးခေတ်သူတော်စင် ဧကရာဇ်များနှင့် ယှဉ်ပြိုင်နိုင်အောင် ကြိုးစားခဲ့ကြသော် လည်း မည်သူမျှ ယန်စိတ်ဝိညာဉ်နယ်ပယ်သို့ ကျင့်ကြံနိုင်ခြင်း မရှိသေးပေ။ တစ္ဆေအင်မော်တယ် ဧကရာဇ်များပင် ရှားပါးလှသည်။ ဟုတ်ပါသည်၊ တိုင်ရှန်တာအိုဂိုဏ်း ပေါ်ပေါက်လာသည့် အချိန်ကစ၍ တစ္ဆေအင်မော်တယ် ဧကရာဇ်များအားလုံးကို တိုင်ရှန်တာအိုဂိုဏ်းက သတ်ဖြတ်ခဲ့သည်။
"ရှေးခေတ်သူတော်စင် ဧကရာဇ်…..၊ မိုးကြိုးကပ်ဘေးအဆင့် တစ္ဆေအင်မော်တယ်တောင် သူတို့အမိန့်ကို နားထောင်ခဲ့ရတယ်။ ဒါဟာ ဒဏ္ဍာရီလာ ကောင်းကင်ဘုံ တရားရုံးလိုပဲပေါ့။ ရှေးခေတ်စစ်နတ်ဘုရားဟာ ရှေးခေတ် သူတော်စင်ဧကရာဇ်ကို ပုန်ကန်ခဲ့လို့ ဖိနှိပ်ခံခဲ့ရတယ်။ ဒါပေမဲ့ နှစ်ပေါင်း ထောင်ချီအတွင်းမှာ အင်ပါယာတရားရုံးတွေရဲ့ ဂုဏ်သတင်းက ဘာလို့ တဖြည်းဖြည်း အားနည်းလာရတာလဲ။ အခုဆို သူတို့ဟာ သာမန်လူတွေနဲ့ ကျင့်ကြံသူတွေလောက်ကိုပဲ ထိန်းချုပ်နိုင်တော့တယ်။ ရှင်ခြင်းသေခြင်းကို မကျော်လွန်နိုင်သေးတဲ့ လူတွေနဲ့ တစ္ဆေအင်မော်တယ် မဖြစ်သေးသူတွေ လောက်ကိုပဲ ထိန်းချုပ်နိုင်တော့တယ်။ ဒါဆိုရင် အနာဂတ်မှာ တော်ဝင်နန်းတော်ရဲ့ ဩဇာအာဏာက ပိုပြီး အားနည်းလာမှာ မဟုတ်ဘူးလား။ သာမန် လူတွေကိုတောင် ထိန်းချုပ်နိုင်တော့မှာ မဟုတ်ဘူးလား။ တိုင်ရှန်တာအိုဂိုဏ်းကရော ဧကရာဇ်ကို တစ္ဆေအင်မော်တယ် ဖြစ်အောင် ဘာလို့ ကျင့်ကြံခွင့် မပေးတာလဲ။ ဒါဟာ တော်ဝင်အာဏာကို အားနည်းစေဖို့ ဖြစ်နိုင်မလား။ နှစ်ပေါင်း ထောင်ချီကြာတဲ့ သမိုင်းကြောင်းမှာ တော်ဝင် အာဏာဟာ အဆက်မပြတ် အားနည်းလာပြီး ကျင့်ကြံသူတွေကို ကန့်သတ်နိုင်စွမ်းကလည်း တဖြည်းဖြည်း ဆုံးရှုံးလာခဲ့တယ်။ ဒီအထဲမှာ တိုင်ရှန်တာအိုဂိုဏ်းကရော ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ခဲ့သလဲ။ ဒါက လျှို့ဝှက်ချက်တစ်ခု ဖြစ်ပုံရတယ်...။"
ရုတ်တရက် ဟုန်ယွိ၏ စိတ်ထဲတွင် ပဟေဠိတစ်ခု ပေါ်လာသည်။
ဤလျှို့ဝှက်ချက်သည် ရှေးခေတ် ဧကရာဇ်အာဏာ စတင်ချိန်ကတည်းက နှစ်ပေါင်း ထောင်ချီကြာအောင် တည်ရှိနေခဲ့ခြင်း ဖြစ်သည်။
"မင်း ဘာတွေ စဉ်းစားနေတာလဲ။" ဟုန်ယွိ၏ မျက်လုံးများ အနည်းငယ် ထွေနေသည်ကို မြင်သောအခါ ကြင်ယာတော်ယွမ်က နူးညံ့စွာ မေးလိုက် သည်။
ဟုန်ယွိသည် ခုနက သူတွေးမိခဲ့သော လျှို့ဝှက်ချက်ကို သူမအား ပြောပြလိုက်သည်။
"တော်ဝင်နန်းတော်ရဲ့ အာဏာက တဖြည်းဖြည်း အားနည်းလာတာလား။ ဒါတော့ အမှန်ပဲ။ ဖြစ်နိုင်တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီလောက်က ကမ္ဘာကြီးကို တုန်လှုပ်စေတဲ့ အရာတစ်ခုခုကြောင့် ဖြစ်ပျက်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီမင်းဆက်မှာတော့ တောဝင်နန်းတော်ရဲ့ အာဏာဟာ တဖြည်းဖြည်း ပြန်လည် နာလန်ထူလာပုံရတယ်။ တော်ဝင်ချန်မင်းဆက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီအတွင်းမှာ ကျင့်ကြံသူတွေကို တင်းကြပ်ဆုံး ထိန်းချုပ်နိုင်ခဲ့တဲ့ မင်းဆက်ပဲ။ ကျင့်ကြံသူတွေကို အများဆုံး ထိန်းချုပ်နိုင်တဲ့ မင်းဆက်ဟာ တော်ဝင် ချန်မင်းဆက် ဖြစ်တယ်လို့ ငါ မြင်တယ်။ သူတို့ဟာ ရှေးဟောင်းမင်းဆက်တွေရဲ့ အထွတ်အထိပ်ကာလ ကုန်ဆုံးပြီးတဲ့နောက် ဂုဏ်သတင်းကို တဖြည်းဖြည်း ပြန်လည် ထူထောင်နေကြတယ်" ကြင်ယာတော်ယွမ်က သက်ပြင်းချသည်။
"မှန်ပတယ်။ တော်ဝင် ချန်မင်းဆက်ဟာ ကမ္ဘာပေါ်က သိုင်းပညာနဲ့ တာအိုကျမ်းတွေကို စုစည်းခဲ့တယ်။ လျှို့ဝှက်ကျမ်းများအားလုံးကို လုယူခဲ့တယ်။ ဒိုင်ဇင်ဘုရားကျောင်းကို ဖျက်ဆီးခဲ့တယ်။ တိုင်ရှန်တာအိုဂိုဏ်းကိုလည်း လျှို့ဝှက်ကြံစည်ခဲ့တယ်။ ဖြောင့်မတ် သူတော်စင်၊ ဖန်ရှန်တို့လို ဘွဲ့တွေကို ချီးမြှင့်ခဲ့တယ်။ ဒီတာအိုဂိုဏ်းနှစ်ခုက မဟုတ်ရင် နတ်ဆိုးတွေအဖြစ် သတ်မှတ်ခံရလိမ့်မယ်။ ဒီမင်းဆက်ဟာ ဒီကမ္ဘာပေါ်က ကျင့်ကြံသူတွေအပေါ် ထိန်းချုပ်မှုဟာ တခြား မင်းဆက်တွေထက် ပိုများတယ်။ အခုဆိုရင် တစ္ဆေအင်မော်တယ်တွေ၊ သိုင်းသူတော်စင်တွေ၊ နန်းတော်အတွက် အလုပ်လုပ်နေပြီဆိုတော့ ဆက်ပြီး တိုးတက်ဦးမလားဆိုတာ ဘယ်သူ သိနိုင်မလဲ။ ရှေးခေတ် သူတော်စင်ဧကရာဇ်မင်းဆက်ကို ပြန်လည် ထူထောင်မယ့် လက္ခဏာတွေ တကယ်ပဲ ရှိလာနိုင်တယ်။"
ဟုန်ယွိက ပြောသည်။
"အဲဒီလိုသာဆိုရင်တော့ ဒီကမ္ဘာပေါ်က သက်ရှိအားလုံးအတွက် မျှော်လင့်ချက် မရှိတော့ဘူး။" ကြင်ယာတော်ယွမ်က ထပ်မံ သက်ပြင်းချသည်။
"သက်ရှိအားလုံးအတွက် မျှော်လင့်ချက် မရှိတော့ဘူး။" ဟုန်ယွိ၏ မျက်လုံးများက လင်းလက်သွားခဲ့သည်။ သူသည် ကလေးဘဝကတည်းက စာဖတ်ခဲ့သူ ဖြစ်ပြီး၊ သူ ဖတ်ခဲ့သော ကျမ်းစာများသည် ရှေးခေတ်ကာလကို အလွန်ပြည့်စုံစွာ ဖော်ပြထားသည်။ လူတိုင်းသည် ငြိမ်းချမ်းစွာ နေထိုင်စားသောက်ပြီး၊ အလုပ်လုပ်ကြကာ၊ ဧကရာဇ်သည် မည်မျှ ဉာဏ်ပညာကြီးမားကြောင်း ဖော်ပြထားသည်။ စာပေပညာရှင်တိုင်း၏ နှလုံးသားထဲတွင် ရှေးခေတ်သည် အကောင်းဆုံး ခေတ်ဖြစ်ပြီး၊ ၎င်းတို့အားလုံးသည် ရှေးခေတ် မင်းဆက်ကို ပြန်လည် ထိန်းသိမ်းရန် ဆန္ဒရှိကြသည်။
"ဟုတ်တယ်လေ။ ကျင့်ကြံခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ အနှောင်ဖွဲ့ကင်းမှု၊ လွတ်လပ်မှုအတွက်ပဲလေ။ ဒီလောကကြီးမှာ ဘယ်သူမှ ငါ့တို့ကို ကန့်သတ်လို့ မရဘူး။ ဒီကမ္ဘာကြီးမှာ သက်ရှိအားလုံးဟာ ဖိနှိပ်ခံရတာ၊ အုပ်ချုပ်ခံရတာကို မလိုချင်ကြဘူး။ သူတို့အားလုံး လွတ်လပ်မှုကို လိုလားကြတယ်။ ဒါကြောင့် အင်မော်တယ်တွေ ဖြစ်အောင် ကျင့်ကြံကြတာ။ တကယ်လို့, တော်ဝင်နန်းတော်သာ ယခင်ရှေးခေတ်တုန်းက ဂုဏ်ကျက်သရေမျိုး ပြန်လည်ရရှိခဲ့ရင် တစ္ဆေအင်မော်တယ် ဖြစ်အောင် ကျင့်ကြံနိုင်ရင်တောင်မှ အုပ်ချုပ်ခံနေရဦးမှာပဲ။ သက်ရှိအားလုံးအတွက် ဘာမျှော်လင့်ချက် ရှိတော့မှာလဲ။" ကြင်ယာတော်ယွမ်က တိုးညှင်းစွာ ပြောသည်။
"မျှော်လင့်ချက်၊ အနှောင်ဖွဲ့ကင်းမှု၊ လွတ်လပ်မှု..." ဟုန်ယွိသည် ဤစကားကို ကြားသောအခါ၊ သူ လေ့လာမှုများမှ ကြာလရှည်စွာ ဆုပ်ကိုင်ထား သည့် ယုံကြည်ချက်အချို့သည် တဖြည်းဖြည်း ပြိုကွဲသွားသည်ဟု ခံစားမိသည်။
"ဟုတ်ပါတယ်။ သာမန်သက်ရှိအားလုံးဟာ အသက်ရှူကျပ်လုနီးပါးအထိ ဖိနှိပ်ခံရပေမဲ့, ပြန်လည် မတိုက်ခိုက်နိုင်ကြဘူး။ သူတို့ဟာ အင်မော်တယ် တာအိုအပေါ်မှာပဲ မျှော်လင့်ချက် အမျှင်တန်းအဖြစ် ဆုပ်ကိုင်နိုင်ကြပြီး၊ အင်မော်တယ် ဖြစ်အောင် ကျင့်ကြံခြင်းဖြင့် လွတ်လပ်မှု ရရှိဖို့ မျှော်လင့်ကြရ တယ်။ ဒါပေမဲ့ တော်ဝင်နန်းတော်ဟာ ရှေးခေတ် သူတော်စင် ဧကရာဇ်တွေရဲ့ အုပ်ချုပ်မှုမျိုးကို တကယ်ပဲ ပြန်လည် ရရှိခဲ့ရင် ဒီမျှော်လင့်ချက် အလင်းတန်းလေးပါ ပျောက်ကွယ်သွားလိမ့်မယ်။ ဒါဆို မျှော်လင့်ချက်ကင်းမဲ့တဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်သွားပြီ။ ဒါ ဘယ်လို ကမ္ဘာမျိုးလဲ။"
သာမန်လူများအတွက် ရှင်ခြင်းသေခြင်းသံသရာစက်ဝန်းကို ကျော်လွန်သည့် တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်အောင် ကျင့်ကြံဖို့ အလွန် ခက်ခဲသော် လည်း မျှော်လင့်ချက် အလင်းတန်းလေးတစ်ခု အမြဲတမ်း ရှိနေခဲ့သည်။
သို့သော် တော်ဝင်နန်းတော်သည် ရှေးခေတ် မင်းဆက်မျိုး တဖန်ဖြစ်လာပါက, ဤမျှော်လင့်ချက် အလင်းတန်းလေးပါ ပျောက်ကွယ်သွားလိမ့်မည်။ ရှင်ခြင်းသေခြင်းကို ကျော်လွန်သည့် တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်အောင် ကျင့်ကြံနိုင်လျှင်ပင် ကျွန်ခံနေရဦးမှာ ဖြစ်ပြီး၊ လွတ်လပ်မှု ရရှိတော့မည် မဟုတ်ပေ။
"ဒီခေါင်းစဉ်က အရမ်းကို လေးလံပါတယ်။ ကျွန်တော် ဆက်မပြောချင်တော့ဘူး။ တခြားတစ်ခုခု ပြောကြရအောင်။ တော်ဝင် ချန်မင်းဆက် တော်ဝင်နန်းတော်က ရှေးခေတ် သူတော်စင် ဧကရာဇ် မင်းဆက်တွေရဲ့ ဂုဏ်ကျက်သရေကို တကယ်ပဲ တဖြည်းဖြည်း ပြန်လည် ရရှိနေတယ်။ ဟုန်ရွှန်ကျိဟာ ကောင်းကင်ဘုံသေမင်းဘီးကို ကျင့်ကြံထားပြီး၊ ကမ္ဘာပေါ်က နတ်ဘုရားအားလုံးကို ထိန်းချုပ်နိုင်တဲ့ နတ်ဘုရားဘုရင် ဖြစ်လာနိုင် တယ်။ သူ့မှာလည်း ဒီရည်ရွယ်ချက် ရှိကောင်းရှိနိုင်တယ်။ တကယ်လို့, ဒီမင်းဆက်သာ ရှေးခေတ် သူတော်စင် ဧကရာဇ်မင်းဆက်လို ဖြစ်လာခဲ့ရင်, သူတို့ဟာ ကောင်းကင်နဲ့မြေကြီးကြားမှ နတ်ဘုရားဘုရင်တွေ အမှန်တကယ် ဖြစ်လာကြလိမ့်မယ်။"
ရုတ်တရက် ဟုန်ယွိသည် ဤခေါင်းစဉ်က အလွန် လေးလံသည်ဟု ခံစားရပြီး ဆက်လက် ပြောဆိုလိုခြင်း မရှိတော့ပေ။ "ဒါက ဇိယွဲ့ ငါ့ကို ပြောပြခဲ့ တာပဲ။ သူက တော်ဝင်ချန်မင်းဆက် တော်ဝင်နန်းတော်ရဲ့ စစ်မှန်တဲ့ ခွန်အားကို သိရှိဖို့ နန်းတော်ထဲ ခိုးဝင်ခိုင်းခဲ့တယ်။ ဒါပေမဲ့ တော်ဝင် ချန်မင်းဆက် တော်ဝင်နန်းတော်ထဲမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်။ ငါ နန်းတော်ထဲရောက်တာ နှစ်အနည်းငယ်ပဲ ရှိသေးပြီး မိဖုရားခေါင်ကြီးကလည်း ငါ့ကို အနီးကပ် စောင့်ကြည့်နေခဲ့တယ်။ ငါ့အတွက် အဓိက လျှို့ဝှက်ချက်တွေကို ထိတွေ့နိုင်ဖို့ လမ်းမရှိဘူး။" ကြင်ယာတော်ယွမ်က ပြောသည်။
"ကြင်ယာတော်ယွမ်၊ ခင်ဗျားရဲ့ ခန္ဓာကိုယ်က သိုင်းသူတော်စင် နယ်ပယ်ထဲ မဝင်ရသေးဘူး မဟုတ်လား။" ဟုန်ယွိက ရုတ်တရက် ပြောလိုက်သည်။
"ဟုတ်တယ်။ ငါ့ခန္ဓာကိုယ်က မဟာဆရာသခင်အဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတုန်းပဲ။ ငါ တကယ်ပဲ သွေးသန့်စင်မူ မပြီးဆုံးသေးဘူး။" ကြင်ယာတော်ယွမ် ခေါင်းညိတ်သည်။ "တကယ်လို့, ခင်ဗျားသာ သိုင်းသူတော်စင် နယ်ပယ်ထဲ ဝင်ရောက်ချင်တယ်ဆိုရင်တော့ တိုင်ရှန်တာအိုဂိုဏ်း ရဲ့ မြေအနှစ်သာရ ရွှေဆေးလုံးကို ရနိုင်မှပဲ ဖြစ်လိမ့်မယ်။ တခြားဆေးဝါးတွေက အသုံးမဝင်ဘူး။ အသုံးပြုရင်လည်း ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲမှာ ဆေးအဆိပ်တွေ ကျန်ရစ်ခဲ့ပြီး၊ ဖယ်ရှားဖို့ ခက်ခဲလိမ့်မယ်။"
"ကျွန်တော့်မှာ မြေအနှစ်သာရ ရွှေဆေးလုံး မရှိပေမဲ့ အပ်စိုက်မှတ်တွေကို စုစည်းနိုင်တဲ့ နည်းလမ်း ရှိတယ်။ ဒါ့အပြင် ကျွန်တော် အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းလည်း ရထားတယ်။ နွေဦးမိုးခြိမ်းသံ ကျရောက်လာတာနဲ့ ကျွန်တော်က မိုးကြိုးလျှပ်စီးရဲ့ စွမ်းအားကို စုပ်ယူပြီး လျှပ်စီး အမျှင်တန်းတစ်ခုကို ထုတ်လွှတ်လိုက်မယ်။ ကျွန်တော်က တောက်ပသောမိုးကြိုးကိုယ်ထည်ကို သုံးပြီး ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲက အညစ်အကြေး တွေကို သန့်စင်ပေးပြီး သိုင်းသူတော်စင် နယ်ပယ်ထဲ တစ်ဟုန်ထိုး ဝင်ရောက်ဖို့ ကူညီမယ်။ ဒီနည်းနဲ့ ခင်ဗျားရဲ့ ချီနဲ့သွေးက ခိုင်မာလာပြီး အနှစ်သာရ နတ်ဘုရားကျောင်း၏ တာအိုပညာကို အသုံးပြုပြီး သွေးနဲ့ ဝိညာဉ်ကို အာဟာရဖြည့်ပေးကာ စိတ်ဝိညာဉ်ကို ပြန်လည် စုစည်းပြီး မိုးကြိုးကပ်ဘေးကို တစ်ဟုန်ထိုး ဖြတ်ကျော်နိုင်လိမ့်မယ်။ အချိန်ကျရင် အစီအစဉ်ကို အကောင်အထည် ဖော်နိုင်ပြီ။"
ဟုန်ယွိသည် ကြင်ယာတော်ယွမ်က သိုင်းသူတော်စင်တစ်ဦး မဟုတ်သေးသည်ကို ကြာမြင့်စွာကတည်းက သတိထားမိခဲ့သည်။ ထိုအချိန်တုန်းက ချန်ယင်းရှာလည်း သိုင်းသူတော်စင်တစ်ဦး မဟုတ်သေးပေ။ သူမသည် ယွမ်ယန်ကောင်းကင်ပုလဲကို ရပြီးနောက် သိုင်းသူတော်စင် နယ်ပယ်ထဲသို့ ဝင်ရောက်နိုင်လုနီးနီး ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် အင်မော်တယ်ပစ္စည်း အဝါရောင်ကျောက်စိမ်းကို အသုံးပြုပြီး၊ တောက်ပသောမိုးကြိုးကိုယ်ထည် ကို လေ့ကျင့်မှသာ အမှန်တကယ် သိုင်းသူတော်စင်တစ်ဦး ဖြစ်လာခဲ့သည်။
"မင်းမှာ အပ်စိုက်မှတ် စုစည်းခြင်း နည်းလမ်း ရှိတယ်လား။" ကြင်ယာတော်ယွမ်က ဝမ်းသာအားရ အသံနှင့်အတူ အံ့ဩသွားသည်။ "အဲဒီနည်းလမ်းက အမြင့်ဆုံး သိုင်းလမ်းစဉ်ပဲ။ ဒီတစ်ကြိမ် ဇိယွဲ့ ပြန်သွားတာကလည်း ဂိုဏ်းချုပ်ရာထူးအတွက် တိုက်ခိုက်ပြီး အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းရဲ့ ရတနာဖြစ်တဲ့ မဟာဝိညာဉ်တာအိုကျမ်းကို ရယူဖို့ပဲ။ အဲဒီထဲမှာ သိုင်းသူတော်စင်တစ်ဦးရဲ့ ခန္ဓာကိုယ်ကို ထပ်မံ တိုးတက်စေ နိုင်တဲ့ အပ်စိုက်မှတ် စုစည်းခြင်း နည်းလမ်းတွေကို မှတ်တမ်းတင်ထားတယ်။ တကယ်လို့, အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းရဲ့ အရင်းအမြစ်တွေကို သုံးပြီး ပိတ်ဆို့မူကို ချိုးဖျက်ကာ၊ လူသားအင်မော်တယ် ဖြစ်အောင် ကျင့်ကြံဖို့ မျှော်လင့်ချက်ရှိရင်လည်း ရှိလာနိုင်တယ်။ လူသားအင်မော်တယ်ရဲ့ ခွန်အားကို အသုံးပြုနိုင်မှပဲ မိုးကြိုးကပ်ဘေးကိုးခုကို ဖြတ်ကျော်ပြီး၊ နောက်ဆုံးမှာ ယန်စိတ်ဝိညာဉ်တာအိုသခင် ဖြစ်လာနိုင်မယ်။"
"ဒါပေမဲ့ ုါက အပြောလွယ်ပေမဲ့ အလုပ်ခက်တယ်။ မိုနိုဂိုတာရီတောင်မှ သူ့ခန္ဓာကိုယ်ကို လူသားအင်မော်တယ် ဖြစ်အောင် မကျင့်ကြံနိုင်ခဲ့ဘူး။"
"မှန်တယ်။ ဇိယွဲ့အနေနဲ့ သိုင်းပညာ လေ့ကျင့်တုန်းက အတွေးမဲ့ငြိမ်သက်ခြင်းအခြေအနေထဲ မဝင်ရောက်နိုင်ခဲ့တာ ဝမ်းနည်းစရာပဲ။ သူသာ အဲဒီနယ်ပယ်ထဲ ဝင်ရောက်နိုင်ခဲ့ရင် ပိုပြီး တိုးတက်လာနိုင်တယ်။ ကံမကောင်းစွာပဲ, ဒီလောကကြီးမှာ အတွေးမဲ့ငြိမ်သက်ခြင်း အခြေအနေထဲ ဝင်ရောက်နိုင်သူက အရမ်း နည်းပါးတယ်။ အထူးသဖြင့် ငါတို့လို ကျင့်ကြံသူတွေအတွက်ပေါ့။ ဇိယွဲ့က သိုင်းပညာ လေ့ကျင့်တုန်းက အတွေးမဲ့ ငြိမ်သက်ခြင်း အခြေအနေထဲ ဝင်ရောက်နိုင်သူ နှစ်ယောက်ပဲ မြင်ဖူးတယ်လို့ ပြောဖူးတယ်။"
"အဲဒီနှစ်ယောက်က ဘယ်သူတွေလဲ။" ဟုန်ယွိ၏ ရင်ထဲတွင် လှုပ်ခတ်သွားသည်။
"တစ်ယောက်က ဟုန်ရွှန်ကျိပဲ။ ကျန်တစ်ယောက်ကတော့ အစိမ်းရောင်သတ်ဖြတ်ခြင်းကွင်းပြင်ကို စောင့်ကြပ်နေတဲ့ ချန်ပီယံမြို့စားပဲ။"
ကြင်ယာတော်ယွမ်က ပြောသည်။ "ဒါပေမဲ့ သူတို့ နှစ်ဦးစလုံးဟာ စစ်မှန်တဲ့ သိုင်းပညာရှင်တွေ ဖြစ်တယ်။ သူတို့ အတွေးမဲ့ငြိမ်သက်ခြင်း အခြေအနေထဲ ဝင်ရောက်နိုင်တာ အံ့ဩစရာ မဟုတ်ဘူး။ ငါတို့လို ကျင့်ကြံသူတွေအတွက်တော့ ငါတို့ရဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်က ကွဲကွာနေတယ်။ အတွေးမဲ့ငြိမ်သက်ခြင်း အခြေအနေထဲ ဝင်ရောက်ဖို့က အရမ်း ခက်ခဲတယ်။ မဖြစ်နိုင်သလောက်ပဲ။"
"ဘာ…။ သူတို့ နှစ်ယောက်စလုံးက အတွေးမဲ့ငြိမ်သက်ခြင်းအခြေအနေထဲ ဝင်နိုင်ခဲ့တာလား။" ဟုန်ယွိ အံ့ဩသွားပါသည်။
အခန်း (၂၉၈)။
"လာပြန်ပြီလား၊ ဒီချန်ပီယံမြို့စား။ သူက ဘာလို့ နေရာတကာ ပါနေရတာလဲ။"
ဟုန်ယွိသည် ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လိုက်မိပါသည်။ ချန်ပီယံမြို့စားဟူသော စကားကို ကြားလိုက်တိုင်း သူ့ရင်ထဲတွင် ပျို့အန်ချင်သလို ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုနာမည်ကို အကြိမ်ပေါင်းများစွာ ကြားခဲ့ရသောကြောင့် သူ့နားများပင် အသားမာတက်နေပြီ ဖြစ်သည်။ လက်တွေ့အားဖြင့်လည်း ဤမြို့စားငယ်လေးသည် နေရာတိုင်းတွင် ရှိနေသည်။ သူ ဘယ်နေရာကို သွားသွား၊ ထိုသူ၏အရိပ်ကို မြင်တွေ့နိုင်သည်။
ထိုပုဂ္ဂိုလ်သည် ကိုယ်ပွားပေါင်းများစွာကို ပိုင်ဆိုင်ထားသည့် စွမ်းအားရှင် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီး လုပ်ငန်းပေါင်းများစွာတွင် ပါဝင်ပတ်သက်နေသည်။
သို့သော် ဟုန်ယွိသည် စိတ်အနှောင့်ယှက် ဖြစ်လင့်ကစား, သူသည် မအံ့ဩဘဲ မနေနိုင်ပါချေ။ အတွေးမဲ့ငြိမ်သက်ခြင်း အခြေအနေသည် အခွင့်ရေးရှိမှ သာ ရှာတွေ့နိုင်သည့် အရာတစ်ခုဖြစ်ကြောင်း သိထားရမည်။
၎င်းသည် ဖြူစင်သော၊ လျှို့ဝှက်ဆန်းကြယ်သော၊ နက်နဲသော အခြေအနေတစ်ခုဖြစ်ပြီး အရိပ်မြွက်ဖြင့်သာ ဖော်ပြနိုင်မည်။ ဟုန်ယွိပင်လျှင် သူ သိုင်းပညာ လေ့ကျင့်နေစဉ် အဘယ်ကြောင့် ဤအခြေအနေသို့ ဝင်ရောက်သွားသည်ကို မသိခဲ့ပေ။
ဤနယ်ပယ်အကြောင်း(အခြေအနေ)ကို ရှင်းပြရန် ယုတ္တိဗေဒ မရှိသလို၊ ကျင့်ကြံမှု နည်းလမ်းလည်း မရှိပေ။ ၎င်းသည် ရှင်းပြ၍မရသော အခြေအနေ တစ်ခုသာ ဖြစ်သည်။
ကျွမ်းကျင်သူအချို့သည် သူတို့၏ ဘဝတစ်သက်တာလုံးတွင် ဤအခြေအနေသို့ ဘယ်တော့အခါမှ ဝင်ရောက်နိုင်မည် မဟုတ်ပေ။
သာမန်လူတစ်ယောက်သည် အကြောင်းမဲ့ ဤအခြေအနေသို့ ဝင်ရောက်သွားကောင်း ဝင်ရောက်နိုင်သော်လည်း၊ ဝင်ရောက်ပြီး နိုးထလာသောအခါ ထပ်မံ ဝင်ရောက်နိုင်တော့မည် မဟုတ်ပေ။
ဤကဲ့သို့သော ကြောင်းကျိုးယုတ္တိကင်းမဲ့ပြီး အခြေအမြစ်မရှိသော အခြေအနေသည် နားလည်ရန် အခက်ဆုံး ဖြစ်သည်။
"ကံကောင်းတာက ဒီလူနှစ်ယောက်စလုံးက သိုင်းပညာကျင့်ကြံသူတွေ ဖြစ်နေတာပဲ။ သူတို့အနေနဲ့ အတွေးမဲ့ငြိမ်သက်ခြင်း အခြေအနေကို ဝင်ရောက်ဖို့ အခွင့်အရေးက ပိုများတယ်လေ။ မဟုတ်ရင် အရမ်းကို ကြောက်စရာကောင်းနေမှာ။"
ဗုဒ္ဓတိုက်ပွဲမှတ်တမ်းနှင့် ဘုန်းတော်ကြီးယင်ယွဲ့ ပြုစုထားသော သိုင်းပညာမှတ်စုတို့တွင် သူသည် ဤအခြေအနေသို့ ဝင်ရောက်ဖူးကြောင်းကိုလည်း ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင်, ဒိုင်ဇင်ဘုရားကျောင်းရှိ ရှေးယခင် သိုင်းပညာ ကျင့်ကြံသူများ၏ ပေါင်းစပ်ထားသော အမြင်များအရဆိုရင် လည်း ဤအခြေအနေသို့ ဝင်ရောက်နိုင်သူများတွင် တာအိုပညာ ကျင့်ကြံသူများထက် သိုင်းပညာ ကျင့်ကြံသူများက ပိုများကြောင်း သိရှိထားသည်။
သိုင်းပညာ ကျင့်ကြံသူများအနေဖြင့်, အတွေးမဲ့ငြိမ်သက်ခြင်း အခြေအနေသို့ ဝင်ရောက်နိုင်ချေသည် တစ်သိန်းလျှင် တစ်ဦးနှုန်း ဖြစ်နိုင်ချေရှိသည်။ တာအိုကျင့်ကြံသူများအနေဖြင့်ဆိုလျှင်, ဆယ်သိန်းလျှင် တစ်ဦးနှုန်းသာ ဖြစ်နိုင်ပါသည်။ ဒိုင်ဇင်ဘုရားကျောင်းကို နှစ်တစ်ထောင်ကတည်းက တည်ဆောက်ခဲ့သော်လည်း တာအိုပညာကျင့်ကြံမှုဖြင့် အတွေးမဲ့ငြိမ်သက်ခြင်း အခြေအနေသို့ ဝင်ရောက်နိုင်သူမှာ နှစ်ဦး သုံးဦးလောက်သာ ရှိပါသည်။
"ချန်ပီယံမြို့စားဟာ သိုင်းပညာ ကျင့်ကြံသူ ဖြစ်ရမယ်။ မဟုတ်ရင် မိုနိုဂိုတာရီက သူ့ကို ဧကရာဇ်ဖြစ်အောင် ထောက်ခံမှာ မဟုတ်ဘူး။ ဟုန်ရွှန်ကျိ လည်း သိုင်းပညာကျင့်ကြံသူပဲ။ ဘာလို့လဲဆိုတော့ ငါ သူနဲ့ ယှဉ်ပြိုင်ဖူးလို့ပဲ။"
ဟုန်ယွိက ပြောသည်။
"ချန်ပီယံမြို့စားကို ပြောနေတာလား။ ဘာလို့လဲ၊ မင်း သူနဲ့ ရန်ငြိုး ရှိလို့လား။"
ဟုန်ယွိသည် 'ချန်ပီယံမြို့စား' ဟူသော စကားကို ကြားသောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်ကို မြင်ပြီး၊ ကြင်ယာတော်ယွမ်သည် မမေးမြန်းဘဲ မနေနိုင်တော့ပေ။
"ဟုတ်တယ်။ ငါတို့ ယွမ်နိုင်ငံမှာ ရှိစဉ်တုန်းက ပဋိပက္ခတစ်ခု ဖြစ်ခဲ့တယ်။ ဒီလူက ယင်းရှာကိုတောင် ပစ်မှတ်ထားခဲ့သေးတယ်။ ဒါပေမဲ့ ဒီလူက နယ်စပ်တွေကို စောင့်ကြပ်နေပြီး၊ နတ်လင်းယုန်ဘုရင်တောင် သူ့လက်အောက်အဖြစ် လုပ်ဆောင်နိုင်ခဲ့တယ်။ သူက တကယ်ကို အထင်ကြီးစရာပဲ။"
မည်သည့်ယောက်ျားမဆို ကိုယ့်ဇနီးကို ပစ်မှတ်ထားသူအပေါ် အကောင်းမြင်စိတ်ရှိမည် မဟုတ်သလို ဟုန်ယွိလည်း ထို့အတူပင်။
"အော်…." ကြင်ယာတော်ယွမ်သည် ထိုအကြောင်းကို ကြားပြီးနောက် ခေါင်းညိတ်ကာ ပြောသည်။ "ငါလည်း ဒီချန်ပီယံမြို့စားအကြောင်း သိတယ်။ နတ်လင်းယုန်ဘုရင်က ငါ့ထက် အဆင့်မြင့်ပြီး သူနဲ့ ပူးပေါင်းလိုက်တယ်။ ဇိယွဲ့နဲ့ ငါ သူ့ကို သတိထားမိခဲ့တယ်။ သူက ရမ္မက်ကြီးပုံရပြီး၊ အခုချိန်အထိ သူ့ဘေးမှာ လှပပြီး အစွမ်းထက်တဲ့ အမျိုးသမီး အယောက် နှစ်ဆယ်ကနေ သုံးဆယ်အထိ ရှိနေပြီ။ ရိုရန်နိုင်ငံရဲ့ အတော်ဆုံး မင်းသမီးယူလူလက် တောင် သူ့အမျိုးသမီး ဖြစ်သွားပုံရတယ်။ သူက ငွေငါးမန်းဘုရင်မကိုတောင် ပစ်မှတ်ထားရဲတာလား။ ဒီလူက ကိုင်တွယ်ဖို့ မလွယ်ဘူး။ မင်း သတိထားရမယ်။ သူဟာ ကောင်းကင် မြွေဘုရင်မ ရှင်းမိုကိုတောင် ပစ်မှတ်ထားခဲ့ဖူးတယ်လို့ ဇိယွဲ့ဆီကနေ ငါ ကြားဖူးတယ်။"
"ဘာ…။ သူက ကောင်းကင် မြွေဘုရင်မ ရှင်းမိုကိုတောင် ပစ်မှတ်ထားရဲတာလား။ သူ သေမင်းကို ဖိတ်ခေါ်နေတာ မဟုတ်ဘူးလား။" ဟုန်ယွိက အော်ပြောလိုက်သည်။
ကောင်းကင် မြွေဘုရင်မရှင်းမိုသည် အကန့်သတ်မဲ့ မှော်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူမ၏ တာအိုလက်တွဲအဖော် ဖြစ်သူ ဆန်းကြယ် ကောင်းကင်ဘုံ ခန်းမသခင်သည် ဉဒေါင်းဘုရင်ထက်ပင် ပိုမို အစွမ်းထက်ပြီး မြင့်မြတ်သော နယ်မြေတစ်ခု၏ ခေါင်းဆောင် ဖြစ်သည်။
"ဒါဆို ကောင်းကင်မြွေဘုရင်မနဲ့ ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင်တို့လည်း မိုနိုဂိုတာရီကို လိုက်ဖမ်းတုန်းက ဒဏ်ရာရသွားခဲ့တာလား။ ချန်ပီယံမြို့စားက သူတို့ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူမလို့လား။" ဟုန်ယွိသည် ဒဏ်ရာရပြီး ခန္ဓာကိုယ် ပျက်ဆီးသွားသည့် အစစ်မှန် ခုနှစ်စဉ်ကြယ် ဂိုဏ်းချုပ် ပိုင်ဖေးရှန်ကို ရုတ်တရက် သတိရသွားသည်။
"အဲဒီလိုတော့ မဟုတ်လောက်ဘူး။ မိုနိုဂိုတာရီဟာ ဒီတာအိုလက်တွဲအဖော်ကို ဖိနှိပ်နိုင်ပေမဲ့ သတ်ဖြတ်နိုင်မှာ မဟုတ်ဘူး။ ဆန်းကြယ် ကောင်းကင်ဘုံခန်းမသခင်နဲ့ ကောင်းကင် မြွေဘုရင်မတို့ ထွက်သွားချင်တယ်ဆိုရင် မိုနိုဂိုတာရီ ရှေ့မှာတောင် သူတို့အနေနဲ့ ထွက်သွားနိုင်တယ်။ ဒါ့အပြင် သူတို့နှစ်ဦး ဒဏ်ရာရသွားခဲ့ရင် ဒါမှမဟုတ် ပြဿနာတစ်ခုခု ရှိခဲ့ရင် ယွန်မင်နိုင်ငံဟာ ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားလိမ့်မယ်။ အခုချိန်အထိ ယွန်မင်မှာ ဘာမှ မဖြစ်သေးဘူး။ ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင်က ဆန်းကြယ်ကောင်းကင်အမှောင်မှတ်တမ်းကို အဓိကထား ပြီး ကျင့်ကြံတယ်။ တာအိုသခင်ရွှမ်ထျန်းဟာ အမှောင်ထုရဲ့ အရင်းအမြစ် ဖြစ်ပြီး သူ့ရဲ့ တာအိုပညာက ဆန်းကြယ်တယ်။ အရင်တုန်းက သူဟာ ဉဒေါင်းဘုရင်ကိုတောင် အတင်းအကျပ် ဖိနှိပ်ခဲ့ဖူးတယ်။ သူက ဘယ်လိုလုပ် အလွယ်တကူ တစ်ခုခု ဖြစ်နိုင်မှာလဲ။ သူတစ်ခုခု ဖြစ်ခဲ့ရင် မိုနိုဂိုတာရီက သူ့ကို အချိန်အတော်အကြာကတည်းက ဖျက်ဆီးပစ်ခဲ့မှာ။ ဒါ့အပြင်, ချန်ပီယံမြို့စားက ကောင်းကင် မြွေဘုရင်မကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တည်းက ပစ်မှတ်ထားခဲ့တာ။" ကြင်ယာတော်ယွမ်က ဟုန်ယွိ၏ အကြံကို ပယ်ချလိုက်သည်။
"ကြင်ယာတော်ယွမ်၊ ယန်ဖန်ကရော ဘယ်လိုလူမျိုးလဲ။"
ဟုန်ယွိက ရုတ်တရက် မေးလိုက်သည်။
ဟုန်ယွိသည် ရှေးခေတ် သူတော်စင်ဧကရာဇ် ဖြစ်ချင်သူ၊ လက်ရှိ တော်ဝင်နန်းတော်ကို ရှေးခေတ် တော်ဝင်နန်းတော်၏ အငွေ့အသက်အဖြစ် ပြန်လည် ထိန်းသိမ်းချင်သူ ဧကရာဇ်၏ စိတ်ကို အမြဲတမ်း သိချင်ခဲ့သည်။
အခြားအရာများကို မပြောနှင့်ဦး။ အကယ်၍, သူသည် တော်ဝင် ချန်မင်းဆက် ဧကရာဇ်၏ စိတ်ကို သိရှိထားပါက ဟုန်ယွိအတွက် အင်ပါယာစာမေးပွဲ၊ နန်းတွင်းစာမေးပွဲ၊ ထိပ်တန်း ပညာရှင်၊ အင်ပါယာတရားရုံးသို့ ဝင်ရောက်ခြင်း၊ မင်းသားယုကို ကူညီခြင်းတို့တွင် ကြီးမားသော အကျိုးကျေးဇူးများ ရရှိစေနိုင်မည်။
အနည်းဆုံးတော့ နန်းတွင်းစာမေးပွဲများတွင် ဧကရာဇ်သည် အဖြေစာရွက်များကို ကိုယ်တိုင် ဖတ်ရှုပြီး စာစီစာကုံးများကို ဖတ်ရူမည် ဖြစ်ရာ၊ ၎င်းသည် ဧကရာဇ်၏ စိတ်ကို ခန့်မှန်းခြင်းနှင့် အတူတူပင် ဖြစ်သည်။
ကြင်ယာတော်ယွမ်သည် ဧကရာဇ် တော်ဝင်ကြင်ယာတော် တစ်ပါးဖြစ်ပြီး ဧကရာဇ်၏ ချစ်မြတ်နိုးသော ကြင်ယာတော်တစ်ဦးလည်း ဖြစ်သည်။ သူမသည် တော်ဝင်ချန်မင်းဆက် ဧကရာဇ်နှင့် အတူတူအိပ်ခဲ့သူဟု ဆိုနိုင်ပြီး တော်ဝင် ချန်မင်းဆက် ဧကရာဇ်၏ စိတ်ကို အနည်းငယ် နားလည်ထားရ မည်။
ကမ္ဘာကြီးကို လွှမ်းမိုးနိုင်သည့် မဟာနတ်ဆိုးအင်မော်တယ်တစ်ဦး ဖြစ်သော ကြင်ယာတော်ယွမ်သည် တော်ဝင် ချန်မင်းဆက်သို့ လာရောက်ကာ၊ ဧကရာဇ် တော်ဝင် ကြင်ယာတော် ဖြစ်လာခဲ့ပြီး၊ နန်းတော်ထဲတွင် ပုန်းအောင်းနေရသည့် အကြောင်းအရင်းကို သူ မသိရသော်လည်း၊ ဧကရာဇ်သည် ကြင်ယာတော်ယွမ် မြေခွေးအင်မော်တယ်တစ်ဦးဖြစ်ကြောင်း သိရှိထားသော်လည်း သူမကို မကိုင်တွယ်ခဲ့ပေ။ ၎င်းမှတဆင့် တော်ဝင် ချန်မင်းဆက် ဧကရာဇ်သည် ကြင်ယာတော်ယွမ်ကို အလွန် ချစ်မြတ်နိုးကြောင်းကို မြင်နိုင်ပါသည်။
ဤသည်မှာလည်း လူ့သဘာဝပင်။ အကယ်၍, ဟုန်ယွိသာ ဧကရာဇ် ဖြစ်ခဲ့ပါကလည်း သူမသည် လူသားဖြစ်စေ၊ နတ်ဆိုးဖြစ်စေ ကြင်ယာတော်ယွမ်လို အမျိုးသမီးကို သေချာပေါက် ချစ်မိလိမ့်မည်။
မူလကတည်းက မြေခွေးအင်မော်တယ်နှင့် လူသားများသည် နှစ်ထောင်ပေါင်းများစွာ လက်ဆင့်ကမ်းလာသော မှတ်တမ်းများ၊ ဝတ္ထုများတွင် ထူးဆန်းသော ဇာတ်လမ်းများ ရှိခဲ့ဖူးသည်။
ပညာရှင်များစွာသည် ပျက်စီးနေသော ဘုရားကျောင်းများသို့ သွားရောက်ကာ ကဗျာများ ရွတ်ဆိုခြင်းနှင့် စာအုပ်များ ဖတ်ရှုခြင်းကို နှစ်သက်ကြပြီး၊ သူတို့သည် အင်မော်တယ် မြေခွေးမတစ်ကောင်နှင့် တွေ့ဆုံကာ လက်တွဲလိုကြောင်း၊ တစ်ညတာ ရိုမန်တစ်ဆန်ဆန် ဖြတ်သန်းပြီးနောက် ဤဘဝတွင် နောင်တရစရာ မရှိတော့ကြောင်း ပြောဆိုကြသည်ကို ဟုန်ယွိ သိရှိထားသည်။
"မင်း တော်ဝင် ချန်မင်းဆက် ဧကရာဇ် ယန်ဖန်ကို ပြောနေတာလား။ ဒီလူကို ငါ မြင်အောင် မကြည့်နိုင်ဘူး။ သူ ငါ့အခန်းကို လာတိုင်း စကားပြောရုံ အပြင်၊ တရားထိုင်ပြီး ချီကိုကျင့်ကြံတာမျိုး၊ ငါနဲ့ ကျင့်ကြံမှု အတွေ့အကြုံအချို့ ဆွေးနွေးတာမျိုးပဲ ရှိတယ်။ တခြား ဘာမှ မလုပ်ဘူး။ သူက နိုင်ငံရေးရာတွေနဲ့ အစိုးရရေးရာတွေအကြောင်း ငါနဲ့ ဘယ်တော့မှ မပြောဘူး။ သူ ရောက်လာတိုင်း ငါနဲ့ စကားပြောပြီး သူ့စိတ်ခံစားချက်ကို ဖြေလျော့ချင်ရုံသက်သက်ပဲ ဖြစ်ပုံရတယ်။" ကြင်ယာတော်ယွမ်က တည်ငြိမ်သော လေသံဖြင့် ပြောသည်။
"ဘာ…။ ဒါဆို ဧကရာဇ်က မိန်းမစိုးလား။ သူက တကယ်ပဲ မိန်းမနဲ့ကင်းပြီး အကျင့်သိက္ခာနဲ့ ပြည့်စုံတဲ့ အစစ်မှန် လူကြီးလူကောင်းတစ်ဦးလား။ သူက အစစ်မှန် လူကြီးလူကောင်း ဆိုရင်တောင်, ကိုယ့်ဇနီးကို ဂရုမစိုက်တဲ့ ယောက်ျားအကြောင်း ကျွန်တော် ဘယ်တော့မှ မကြားဖူးဘူး။" ဟုန်ယွိသည် ဤအရာကို အမှန်တကယ် အံ့ဩသွားသည်။
အကယ်၍, သူသည် အစစ်မှန် လူကြီးလူကောင်းတစ်ဦး ဖြစ်နေလျှင်, သူ့ဇနီးရှေ့မှာ စစ်မှန်သော လူကြီးလူကောင်းတစ်ဦးလို ပြုမူနေလျှင်, သူသည် အရူးတစ်ယောက် ဖြစ်ရမည်။ အကယ်၍, သူသည် မိန်းမစိုးတစ်ဦး မဟုတ်ဘူးဆိုလျှင်, တိုင်ရှန်တာအိုဂိုဏ်း၏ အမြင့်မြတ်ဆုံး စိတ်ခံစားချက် ကင်းမဲ့ခြင်းတာအိုကို ကျင့်ကြံထား၍ ဖြစ်ရမည်။
အကြီးမြတ်ဆုံး ကွန်ဖြူးရှပ် ပညာရှင်ပင်လျှင် သူ့ဇနီးကို ဂရုမစိုက်ဘူးဟု မည်သည့်အခါမှ မပြောခဲ့ဖူးပေ။ ဆန့်ကျင်ဘက်အနေဖြင့်, သားသမီးမရှိခြင်း သည် ကျေးဇူးကန်းသော အပြုအမူ သုံးမျိုးတွင် အဆိုးဖြစ်သည်ဟုသာ ဆိုထားပါသည်။
(သားသမီးမရှိခြင်းသည် အပြင်းထန်ဆုံး ဖြစ်ရခြင်း အကြောင်းရင်းမှာ….. ကွန်ဖြူးရှပ်ဝါဒ အမြင်အရ၊ သားသမီးမရှိခြင်းသည် အဘိုးအဘွားများနှင့် ဘိုးဘွားစဉ်ဆက်တို့၏ မျိုးဆက်ကို ဆက်ခံခြင်းနှင့် ဘိုးဘွားကိုးကွယ်မှုကို ပြတ်တောက်စေခြင်းကြောင့် အပြင်းထန်ဆုံး အပြစ်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။
၁။ မျိုးဆက်ပြတ်တောက်ခြင်း
မိဘများသည် သားသမီးများမှတစ်ဆင့် ၎င်းတို့၏ ဘဝနှင့် အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းထားလိုကြသည်။ သားသမီးမရှိပါက မိဘများ သေဆုံးပြီးနောက် ၎င်းတို့၏ အမည်နှင့် သွေးသည် လုံးဝ ပျောက်ကွယ်သွားသည်ဟု ရှုမြင်ကြသည်။
၂။ ဘိုးဘွားကိုးကွယ်မှု ရပ်ဆိုင်းခြင်း
ရှေးခေတ်တရုတ်ယဉ်ကျေးမှုတွင် ဘိုးဘွားကိုးကွယ်မှုသည် အလွန်အရေးကြီးသော ကျင့်ဝတ်နှင့် တာဝန်ဖြစ်သည်။ မျိုးဆက်သစ်များသည် ဘိုးဘွားများအတွက် ပူဇော်ပသခြင်းနှင့် ရိုးရာဓလေ့များ ဆောင်ရွက်ပေးရသည်။ သားသမီးမရှိပါက ဘိုးဘွားများ၏ ဝိညာဉ် များသည် လောကမှ ကောင်းမွန်စွာ ထွက်ခွာနိုင်မည်မဟုတ်ဘဲ ဆက်လက် ပူဇော်မှု ရရှိတော့မည် မဟုတ်ဟု ယုံကြည်ကြသည်။ ဤသည်မှာ ဘိုးဘွားများအပေါ် ကျေးဇူးအရှိဆုံး ပြစ်မှုဖြစ်သည်ဟု သတ်မှတ်သည်။) ဗဟုသုတအနေဖြင့် ရှာဖွေတင်ပြပေးပါသည်။)
ဟုန်ယွိကိုယ်တိုင်ကမူ ချန်ယင်းရှာနှင့် ဘာမှ မဖြစ်ခဲ့ကြသေးသော်လည်း သူတို့နှစ်ဦးသည် ကျင့်ကြံခြင်းဖြင့် အလုပ်များနေကြပြီး၊ သူတို့၏ သွေးအနှစ်သာရနှင့် မူလစွမ်းအင်ကို အနည်းငယ်လေးတောင် မဖြုန်းတီးလိုကြ၍သာ ဖြစ်သည်။ သို့သော် သူတို့ စကားပြောချိန်နှင့် သိုင်းပညာ လေ့ကျင့်ချိန်တို့တွင် ရင်းနှီးမှု ရှိနေဆဲဖြစ်သည်။ ကြင်ယာတော်ယွမ် အခုနက ပြောပြခဲ့သော တော်ဝင် ချန်မင်းဆက် ဧကရာဇ် ယန်ဖန်နှင့် မတူပေ။ သူတို့သည် ရိုးရှင်းစွာ စကားပြောခြင်း၊ တရားထိုင်ခြင်းနှင့် သူတို့၏ သွေးချီကို လှည့်ပတ်နေရုံသက်သက် မဟုတ်ပေ။
သူတို့သည် ခင်ပွန်းနှင့် ဇနီးတို့ မဟုတ်ဘဲ အင်မော်တယ် မိတ်ဆွေးအချင်းချင်း စကားပြောနေခြင်းနှင့် ပိုတူနေသည်။
"သူက ငါ့ကို ညှို့ငင်မြေခွေးဘုရင်မလို့ သိထားတာကြောင့် မဆင်မခြင် ပြုမူရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ တော်ဝင် ချန်မင်းဆက် ဧကရာဇ် ယန်ဖန်ဟာ ဟုန်ရွှန်ကျိနဲ့ အကျင့်စရိုက် အတူတူပဲ။ အုပ်ချုပ်သူနဲ့ အမှုထမ်း တူသလိုပဲ။ သူက မခန့်မှန်းနိုင်အောင် နက်ရှိုင်းလွန်းပြီး ငါတောင် သူ့ကို မြင်အောင် မကြည့်နိုင်ဘူး။ သူ ငါနဲ့ တာအိုကျင့်စဉ်တွေအကြောင်း ဆွေးနွေးတိုင်း သူ့စကားတွေကနေ ဒီလူရဲ့ ကျင့်စဉ်အဆင့်ဟာ ရှင်ခြင်းသေခြင်း အတားအဆီး ကို ကျော်လွန်ပြီး၊ တစ္ဆေအင်မော်တယ် ဖြစ်နေတာ အတော်ကြာပြီလို့ ငါ ခံစားရတယ်။ ဒါပေမဲ့ သူ ငါ့ရှေ့မှာ သူ့တာအိုပညာကို ဘယ်တော့မှ မဖော်ပြခဲ့ဘူး၊ ဒါကြောင့် သူက မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးခြင်း ရှိမရှိတော့ ငါလည်း မသိဘူး။" ကြင်ယာတော်ယွမ်က ခေါင်းခါသည်။
"ကြင်ယာတော်ယွမ်၊ ယန်ဖန်ဟာ တာအိုသခင်တစ်ပါး ဖြစ်တယ်ဆိုတာ သေချာတယ်။ ဒီအပေါ်မှာ သံသယရှိစရာ မရှိဘူး။ ဖြစ်နိုင်တာက ဒီလူဟာ ဆန်းကြယ်ကောင်းကင်ဘုံခန်းမသခင်၊ ဉဒေါင်းဘုရင်၊ အနှစ်သာရ နတ်ဘုရားကျောင်းရဲ့ အမြင့်ဆုံး ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး ဒါမှမဟုတ် ပိုင်ဖေးရှန်တို့အောက် အားမနည်းလောက်ဘူး။ မဟုတ်ရင်, သူဟာ မိုနိုဂိုတာရီရဲ့ လက်ချက်နဲ့ သေဆုံးသွားတာ ကြာလောက်ပြီ။ သူ့နောက်လိုက်တွေ လည်း ဒီလောက် အများကြီး ရှိနေမှာ မဟုတ်ဘူး။ ဧကရာဇ်တစ်ပါးအနေနဲ့ သူဟာ ရှေးခေတ် သူတော်စင်ဧကရာဇ်တွေဆီက သင်ယူချင်တယ်ဆိုမှ တော့ ခွန်အား မရှိဘဲ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှေ့ခေတ်သူတော်စင်ဧကရာဇ်တွေအားလုံးဟာ ယန်စိတ်ဝိညာဉ် အင်မော်တယ်တွေချည်းပဲလေ။" (ရှေ့မှာတုန်းက ယဇ်ပုရောဟိတ်မင်းဟု ပြန်ဆိုခဲ့သည်။ ယခုအခန်းမှစ၍ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးဟု ပြန်ဆိုပါမည်။)
ဟုန်ယွိ၏ မျက်နှာပေါ်တွင် သိသာထင်ရှားသော အမူအရာတစ်ခု ပေါ်လာသည်။
ခွန်အား မရှိသော ဧကရာဇ်တစ်ပါးသည် ဧကရာဇ်အစစ်မှန် မဟုတ်ပေ။ သမိုင်းတစ်လျှောက်တွင် သိုင်းပညာ သို့မဟုတ် တာအိုကို မကျင့်ကြံသော ဧကရာဇ်များ ရှိခဲ့သည်။ သို့သော် နောက်ပိုင်းတွင် သူတို့အားလုံးကို သူတို့၏ ဝန်ကြီးများ သို့မဟုတ် မိန်းမစိုးများက ဖြုတ်ချခဲ့ကြသည်။
ပညာရှင်များသည် သူတို့၏ အရှင်သခင်အပေါ် သစ္စာစောင့်သိရပြီး သူတို့၏ နိုင်ငံကို အလုပ်အကျွေးပြုရသော်လည်း၊ မိုက်မဲစွာ သစ္စာခံကြသည့် ဝန်ကြီးအများစုမှာလည်း သူတို့ကိုယ်ပိုင် အတွေးများ ရှိကြသည်။
ဧကရာဇ်အပေါ် လုံးဝ သစ္စာစောင့်သိခြင်းနှင့် အပ်နှံထားခြင်းသည် ရာစုနှစ်များစွာအတွင်းပင် ရှားရှားပါးပါး တွေ့ရသောအရာ ဖြစ်သည်။
အကယ်၍, သစ္စာရှိသော ဝန်ကြီးတစ်ပါးက ဧကရာဇ်ကို ကူညီရင်တောင်မှ ဧကရာဇ်ကိုယ်တိုင်က အသုံးမကျသူ ဖြစ်နေရင် ထိုသစ္စာရှိသော ဝန်ကြီးသည်လည်း တဖြည်းဖြည်း ထူးဆန်းသော အတွေးများကို မွေးမြူလာမည်။ လူ့စိတ်နှလုံးသားသည် ပြောင်းလဲသွားနိုင်သည်။
ခွန်အားနှင့်အတူ ဖြောင့်မတ်မှုဖြင့် ကိုယ့်လက်အောက်ငယ်သားများ၏ သစ္စာမဲ့မှုများကို ဖယ်ရှားပြီး သူတို့အား သစ္စာစောင့်သိစေခြင်းနှင့် အပ်နှံခြင်း ကို ရရှိစေမည်။
ဟုန်ယွိနှင့် ကြင်ယာတော်ယွမ်တို့သည် ကောင်းကင်ရနံ့စံအိမ် အပြင်ဘက်မှ မိန်းမစိုးတစ်ဦး ညကင်းစောင့်နာရီ သုံးကြိမ် တီးခတ်သံကို ကြားရသော အခါမှသာ ဟုန်ယွိက ထရပ်ပြီး ပြန်ရန် ဆုံးဖြတ်လိုက်သည်။
သူ ယခုအချိန် ထွက်ခွာသွားလျှင်ပင် ကြင်ယာတော်ယွမ်၏ ဘေးကင်းရေးကို အာမခံနိုင်ပါပြီ။ မည်သို့ပင်ဖြစ်စေ, မိဖုရားခေါင်ကြီးသည် သူ မည်သူလဲ ဆိုသည်ကို မသိသလို၊ သူ ကြင်ယာတော်ယွမ်ဘေးမှာ မည်မျှကြာကြာ ရှိနေမည်ကိုလည်း မသိနိုင်ပေ။
ဤစကားပြောဆိုနေသည့် အချိန်အတွင်း ဟုန်ယွိသည် ကြင်ယာတော်ယွမ်အား "လျှို့ဝှက်စမ်းအင် အထက်ပိုင်းသန္ဓေသားကျင့်စဉ်"၊ "ရှန်ကျင်း နတ်ဘုရားရှစ်ပါး"၊ "စိုက်ပျိုးရေးနတ်ဘုရားမ၏ နံပါတ်တစ်အပ်စိုက်မှတ်နှင့် "ကမ္ဘာမြေသံလိုက် အပ်စိုက်မှတ်နှစ်ခုတို့၏ လျှို့ဝှက်ချက်များအားလုံး ကို ပြောပြခဲ့သည်။
ဤအပ်စိုက်မှတ်များကို စုစည်းခြင်း နည်းလမ်းဖြင့် ကြင်ယာတော်ယွမ်သည် သိုင်းပညာတွင် ကြီးကြီးမားမား တိုးတက်မှု ရရှိမည်မှာ သေချာသည်။ ထို့အပြင် သူမသည် အနှစ်သာရ နတ်ဘုရားကျောင်း၏ “ခြင်ဆီထုတ်ယူပြီး စွမ်းအင်ပြောင်းလဲခြင်းပညာရပ်”ကို အသုံးပြု၍ သူမ၏ စိတ်ဝိညာဉ်နှင့် တာအိုနည်းလမ်များကို လေ့ကျင့်နိုင်မည် ဖြစ်သည်။
အတိတ်ကျမ်းအတွက်မူ ဟုန်ယွိသည် ကြင်ယာတော်ယွမ်အား ယာယီအားဖြင့် မပြောပြခဲ့ပေ။ မည်သို့ပင်ဖြစ်စေ, ချန်ယင်းရှာနှင့် သူသည် တာအိုလက်တွဲ အဖော်များ ဖြစ်ကြသည်။ ထိုအချိန်တုန်းက သူတို့သည် တောရိုင်းဒေသကို သွားပြီး ရတနာတွေအတွက် တိုက်ခိုက်ကြမည်။ သူတို့ အသက်ရှင်မရှင် ခန့်မှန်းဖို့ ခက်ခဲသည်။ ခွန်အား အနည်းငယ်စီတိုင်းက အရေးကြီးသည်။
ကြင်ယာတော်ယွမ်နှင့် သူသည် မိတ်ဆွေသူငယ်ချင်းများ ဖြစ်သော်လည်း တာအိုလက်တွဲအဖော် သို့မဟုတ် ဇနီးတစ်ဦးလည်း မဟုတ်သလို၊ တစ်ဦးနှင့်တစ်ဦး ရှင်ခြင်းနှင့် သေခြင်းကို မျှဝေနိုင်သည့်အဆင့်အထိ မရောက်သေးပေ။
သို့သော် ဟုန်ယွိသည် ရှင်ခြင်းသေခြင်းထက် ကျေးဇူးတရားကို ပိုတန်ဖိုးထားသူ ဖြစ်သည်။ ကြင်ယာတော်ယွမ်သည် သူ့ကို ကျေးဇူးပြုခဲ့သည်။ သာမန်အခြေအနေများတွင် ဟုန်ယွိသည် ကြင်ယာတော်ယွမ်အား "အတိတ်ကျမ်း" ကို လွှဲပြောင်းပေးဦးမည် ဖြစ်သည်။ သို့သော် "အတိတ်ကျမ်း" သည် ဒိုင်ဇင်ဘုရားကျောင်းနှင့် သက်ဆိုင်သည်။ နင်ဂျာဘုန်းတော်ကြီးသည် ထိုကျမ်းကို ပြန့်ပွားစေလိုခြင်း မရှိပေ။ ဤကဏ္ဍတွင် ဟုန်ယွိသည် သတိထားရမည်။
အခြားသူများနှင့် သက်ဆိုင်နေသောအရာဖြင့် ကျေးဇူးဆပ်ခြင်းသည် မကောင်းလှပေ။
သို့သော် ဟုန်ယွိသည် ကြင်ယာတော်ယွမ်အား အပ်စိုက်မှတ်ဆယ်ခု စုစည်းခြင်း နည်းလမ်းကို လွှဲပြောင်းပေးခဲ့သည်။ ၎င်းသည် ပြိုင်ဘက်ကင်း လျှို့ဝှက်ကျမ်း တစ်ခုဟု ပြောလို့ရသည်။ (ရှန်ကျင်းနတ်ဘုရားရှစ်ပါး၏ ဦးနှောက်နတ်ဘုရားသည် လျှို့ဝှက်စမ်းအင် အထက်ပိုင်းသန္ဓေသား အပ်စိုက်မှတ် ဖြစ်သည်။ ကမ္ဘာမြေသံလိုက် အပ်စိုက်မှတ်နှစ်ခုသည် နာမည်တူဖြစ်သောကြောင့် စုစုပေါင်း အပ်စိုက်မှတ် ဆယ်ခု ပြောခြင်း ဖြစ်သည်။)
ဟာကူဇိယွဲ့ကို ကျေးဇူးဆပ်ဖို့ မလုံလောက်သေးသော်လည်း ဟုန်ယွိသည် ဟာကူဇိယွဲ့ ရာထူးရယူရန် အခက်အခဲရှိပါက သူသည် အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းသို့ သွားရောက်ကာ သူ့အား ဂိုဏ်းချုပ်ရာထူး ရယူနိုင်ရန် ကူညီမည်ဟု ဆုံးဖြတ်ထားသည်။
ဤကြီးမားသော ကျေးဇူးတရားသည် ဟာကူဇိယွဲ့၏ ကျေးဇူးကို စစ်မှန်စွာ ပြန်ဆပ်ခြင်းအဖြစ် သတ်မှတ်နိုင်သည်။
"ကမ္ဘာမြေသံလိုက် အပ်စိုက်မှတ်နှစ်ခုလား…။ ဒီကမ္ဘာမြေသံလိုက် အပ်စိုက်မှတ်နှစ်ခုကို နတ်ဘုရားရဲ့ ကိုယ်လက်အင်္ဂါတွေလို့လည်း ခေါ်ကြတယ်။ ဒါက ဒိုင်ဇင်ဘုရားကျောင်းရဲ့ လျှို့ဝှက်ဆုံး ကျမ်းတွေထဲက တစ်ခုဖြစ်ပြီး ကြယ်တွေနဲ့ ပဲ့တင်ထပ်အောင် ကျင့်ကြံနိုင်တဲ့ တစ်ခုတည်းသော အပ်စိုက်မှတ်လည်း ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီကြယ်တွေက ငါတို့ခြေထောက်အောက်က မြေပြင်နဲ့ အနီးဆုံး ဖြစ်နေလို့ပဲ။ ဒီနတ်ဘုရားရဲ့ ကိုယ်လက်အင်္ဂါတွေကို ကျင့်ကြံပြီးတာနဲ့ သိုင်းပညာ ကျွမ်းကျင်တွေ ငါ့အနီး လာရောက်တိုက်ခိုက်မှာကို စိုးရိမ်နေစရာ မလိုတော့ဘူး။ ငါ့ခန္ဓာကိုယ် ကို ပြောင်းလဲပြီး ဘယ်အချိန်မဆို ဆုတ်ခွာနိုင်ပြီ။"
ကြင်ယာတော်ယွမ်သည် ရှန်ကျင်း နတ်ဘုရားရှစ်ပါးနှင့် စိုက်ပျိုးရေးနတ်ဘုရားမအပ်စိုက်မှတ် အကြောင်းကို ပထမဆုံး ကြားသောအခါ အနည်းငယ် သာ စိတ်လှုပ်ရှားခဲ့သည်။ သို့သော် ကမ္ဘာမြေသံလိုက် အပ်စိုက်မှတ်နှစ်ခုသို့ ရောက်သောအခါ သူမသည် အမှန်တကယ် စိတ်လှုပ်ရှားသွားသည်။
တာအိုပညာရှင်များအတွက် အကြီးမားဆုံး တားမြစ်ချက်မှာ သိုင်းပညာ ကျွမ်းကျင်သူများ သူတို့အနား ချဉ်းကပ်တိုက်ခိုက်လာခြင်း ဖြစ်သည်။
သို့သော် အခု သူမသည် ကမ္ဘာမြေသံလိုက် အပ်စိုက်မှတ်နှစ်ခုကို ကျင့်ကြံထားသောကြောင့် လုံးဝ ရှောင်ရှားပြီး ဆုတ်ခွာနိုင်ပြီ ဖြစ်သည်။ ဤ ကမ္ဘာမြေသံလိုက် အပ်စိုက်မှတ်နှစ်ခု၏ ကျင့်ကြံမှုနည်းလမ်းသည် ကျင့်ကြံသူများ အိပ်မက်မက်သော သိုင်းပညာ တစ်ခုဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ ကမ္ဘာမြေသံလိုက် အပ်စိုက်မှတ်နှစ်ခုသည် သိုင်းပညာ ကျွမ်းကျင်သူများကို လူသားအင်မော်တယ် နယ်ပယ်တွင် ကြုံတွေ့ရနိုင်သည့် အပ်စိုက်မှတ်နှင့် ကြယ်များကြား အချင်းချင်း အပြန်အလှန် ပဲ့တင်ထပ်နိုင်သော အတွေ့ကြုံများကို မြည်းစမ်းခွင့် ပြုနိုင်ခြင်းပင် ဖြစ်သည်။ ၎င်းသည် နောင်အနာဂတ် ကျင့်ကြံမှုများ အောင်မြင်ရန်အတွက် ကြီးမားသော အကျိုးကျေးဇူးကို ဖြစ်စေနိုင်မည်။
"ဒဏ္ဍာရီအရ နတ်ဘုရားတွေရဲ့ ကိုယ်လက်အင်္ဂါတွေကို ပစ္စုပ္ပန်ဗုဒ္ဓကျမ်းမှာ မှတ်တမ်းတင်ထားတယ်လို့ ဆိုကြတယ်။ မင်း ပစ္စုပ္ပန်ဗုဒ္ဓကျမ်းကို ရခဲ့တာလား။ ဒါလည်း မဖြစ်နိုင်ဘူး။ ဇိယွဲ့ဟာ နှစ်ပေါင်းများစွာ စုံစမ်းပြီးနောက် ဒိုင်ဇင်ဘုရားကျောင်း ဖျက်ဆီးခံရချိန်တုန်းက ပစ္စုပ္ပန်ဗုဒ္ဓကျမ်းကို အထက်၊ အလယ်၊ အောက် သုံးပိုင်းခွဲပြီး မသိနိုင်တဲ့ စကြဝဠာငယ်လေးတွေထဲမှာ ဝှက်ထားခဲ့ကြောင်း နောက်ဆုံးတွင် သိရှိခဲ့ရတယ်။ ဒါမှမဟုတ် မင်း အဲဒီသုံးပိုင်းထဲက တစ်ပိုင်းကို ရခဲ့တာလား။" ကြင်ယာတော်ယွမ်က အံ့ဩစွာ မေးလိုက်သည်။
"ဟမ်…။ ပစ္စုပ္ပန်ဗုဒ္ဓကျမ်းကို သုံးပိုင်း ခွဲထားတယ်လား။" ဟုန်ယွိ အံ့ဩသွားသည်။ "ငါရခဲ့တဲ့ တစ်ဝက်က သုံးပုံတစ်ပုံပဲ ဖြစ်ပုံရတယ်" ဟုန်ယွိသည် ကြင်ယာတော်ယွမ်၏ အသံကို ကြားသောအခါ ဤဉာဏ်ရည်ထက်မြက်သော ညှို့ငင်မြေခွေးဘုရင်မသည် တစ်ခုခုကို ခန့်မှန်းပြီးပြီ ဖြစ်ကြောင်း သိလိုက်သည်။ သူသည် ဘာကိုမျှ ဖုံးကွယ်မထားတော့ဘဲ ကံတရားသင်္ကန်းကို ဝတ်ရုံထားသည့် ဗုဒ္ဓရုပ်ပွားတော်မှ ပစ္စုပ္ပန်ဗုဒ္ဓကျမ်း၏ တစ်ဝက်ကို သူ ရရှိပုံနှင့် အပ်စိုက်မှတ် ၁၀၈ ပေါက်ကို ဖွင့်ပုံအကြောင်းကို သူမအား ပြောပြခဲ့သည်။
သူသည် သဘာဝအတိုင်း သူ့မိတ်ဆွေ သူငယ်ချင်းများကို မလိမ်ချင်သူ တစ်ဦးဖြစ်သည်။ အကယ်၍, သူ မပြောနိုင်ရင် ပြောဖို့အဆင်မပြောဘူးဟု တိုက်ရိုက် ပြောလိုက်မည်။
ကြင်ယာတော်ယွမ်သည် ဟုန်ယွိကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများတွင် ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်လာပါသည်။ တခဏတာ ရပ်နားပြီးနောက် သူမသည် အသံဖျော့စွာ ပြောသည်။ "အဲဒီအပ်စိုက်မှတ် တစ်ရာ့ရှစ်ခုက အရမ်းကို အရေးကြီးတယ်။ ဒီနည်းလမ်းတွေကို တခြားသူတွေကို လွယ်လွယ်ကူကူ ပြောပြလို့မရဘူး။ ဒါပေမဲ့ မင်းက ငါ့ကို ပြောပြဖို့တောင် ဆန္ဒရှိတယ်။ ဒါက ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်တဲ့ သိုင်းကျမ်းတစ်ခုဆိုတာ မင်း သိထားရမယ်။"
"ကျွန်တော်နဲ့ ကြင်ယာတော်ယွမ်တို့ဟာ စတွေ့ကတည်းက စိတ်ချင်း ဆက်သွယ်မိခဲ့ကြတာပဲ။ ဘာဖုံးကွယ်စရာ ရှိလို့လဲ။" ဟုန်ယွိက ပြုံးလိုက် သည်။ "ကြင်ယာတော်ယွမ်က ကျွန်တော့်ကို ဘဝသစ်တစ်ခု ပေးခဲ့တာပဲ။ ဒါကြောင့် ကျွန်တော် အားလုံးကို လွှဲပြောင်းပေးရင်တောင် ဘာမှ မဟုတ်ပါ ဘူး။ အခုနက ကျွန်တော် မပြောခဲ့တာက ကျွန်တော် ကိုယ်တိုင် မကျင့်ကြံရသေးလို့ပါ။ ဒါ့အပြင်, တခါတည်း အားလုံးကို ပြောပြလိုက်ရင် အရမ်း ထိတ်လန့်သွားမှာစိုးလို့ပါ။"
"ဒါက တကယ်လည်း ထိတ်လန့်စရာ ကောင်းပါတယ်။" ကြင်ယာတော်ယွမ်က ပြောသည်။ "မင်း ငါ့ကို ဒီသိုင်းကျမ်းကို အလွယ်တကူ သင်ကြားပေး လို့ မရဘူးနော်။ မဟုတ်ရင်, ငါ မင်းရဲ့ကျေးဇူးကို ခံယူပြီးနောက် ဘယ်လို ပြန်ဆပ်ရမယ်မှန်း မသိတော့ဘူး။ ဒါက ငါ့စိတ်နှလုံးကို ကြီးကြီးမားမား လေးလံစေပြီး၊ ငါ့စိတ်ဝိညာဉ်ကျင့်ကြံမှုအပေါ် အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေလိမ့်မယ်။ ဒါ့အပြင် ငါဟာ ငွေငါးမန်းဘုရင်မလို မဟုတ်တော့, ငါ့ကိုယ်ငါ မင်းဆီ အပ်နှံလို့ မရဘူး။ ဒါပေမဲ့ ဇိယွဲ့ မဟာဝိညာဉ်တာအိုကျမ်းကို ရရှိပြီးရင် ငါတို့ အမြင်ချင်း ဖလှယ်နိုင်မလား။"
အကယ်၍, ဤကိစ္စမျိုးတွင် ရန်သူတစ်ဦး ဖြစ်နေပါက ကိစ္စမရှိပေ။ သူ့ဆီက တိုက်ရိုက် လုယူ၍ ရသည်။ သို့သော်, သူငယ်ချင်းဖြစ်နေပါက ကြီးကြီး မားမား အကူအညီကို ရယူခဲ့ပြီး ကျေးဇူးပြန်မဆပ်နိုင်ပါက စိတ်နှလုံးကို အလွယ်တကူ ထိခိုက်စေနိုင်သည်။ အတွေးများ မချောမွေ့ပါက တာအို ကျင့်စဉ် ကျင့်ကြံရာတွင် ဆိုးကျိုး ဖြစ်စေမည်။ သေချာသည်မှာ, စိတ်ခံစားချက် အေးစက်သူများတွင် ထိုကဲ့သို့ခံစားချက်မျိုး ရှိမည်မဟုတ်ပေ။
"ခင်ဗျား ကျုပ်ဆီ အပ်နှံတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ...။ ငါ သွားတော့မယ်၊ နောက်နေ့မှ ပြောကြတာပေါ့...။"
ဟုန်ယွိသည် ကြင်ယာတော်ယွမ်၏ စကားများကို ကြားပြီးနောက် စိတ်မသက်မသာ ခံစားရသည်။ သူ့ခန္ဓာကိုယ်က ရွှေ့လျားသွားပြီး မြေကြီးထဲသို့ တိုးဝင်သွားသည်။
သူ ထွက်ခွာသွားစဉ် ကြင်ယာတော်ယွမ်၏ ဆည်းလည်းသံကဲ့သို့ ခပ်တိုးတိုး ရယ်မောသံကို ကြားလိုက်ရပါသည်။ ထို့နောက် သူသည် တိုးညှင်းစွာ သက်ပြင်းချလိုက်ပါသည်။
"ဟုတ်တယ်။ ငါ ဒီနေ့မနက်က ဟုန်ရှီကို ပါးရိုက်ခဲ့တယ်။ သူ ငါ့ကို လက်စားချေဖို့ နည်းလမ်းပေါင်းစုံကို စဉ်းစားနေမှာ သေချာတယ်။ အထူးသဖြင့် ငါ သူ့ရှေ့မှာ မဟာဆရာသခင်တစ်ဦးရဲ့ ခွန်အားကိုပဲ ထုတ်ပြသခဲ့တယ်။ မိုးကြိုးကပ်ဘေးအဆင့် ပညာရှင်တစ်ဦး မဟုတ်ခဲ့ဘူး။ ဒီလိုဆိုတော့, ငါ သူ့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး။ ဒီအချိန်မှာ သူက ငါ့ဘိုးဘွားသင်္ချိုင်းကို တူးဖော်ဖို့ စဉ်းစားနေမှာ သေချာတယ်။ ဒါပေမဲ့ ငါ့ဘိုးဘွားသင်္ချိုင်းကလည်း ဟုန်မျိုးနွယ်ရဲ့ သင်္ချိုင်းပဲလေ။ ဟုန်ရှီအနေနဲ့ သေရတော့မယ်ဆိုရင်တောင် သူ တူးဖော်ရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့အမေရဲ့ သင်္ချိုင်း... ဟွန်း! ကံကောင်းတာက ငါ မိုးမရွာခင် ထီးဆောင်းပြီး ငါ့အမေရဲ့ အရိုးပြာကို တူးဖော်ခဲ့လို့ပဲ။ အခုချိန်မှာတော့ ငါ့မှာ တခြားသူတွေ ခြိမ်းခြောက်နိုင်တဲ့အရာ မရှိတော့ဘူး။"
လူတစ်ဦးတစ်ယောက်၏ ဘိုးဘွားသင်္ချိုင်းကို တူးဖော်ခြင်း၊ ဘိုးဘွားများ၏ အရိုးများကို ထုတ်ယူကာ မီးရှို့ခြင်းသည် လက်စားချေရန် အစွမ်းထက်ဆုံး နည်းလမ်း ဖြစ်သည်။
ဟုန်ယွိသည် အလွန် သတိကြီးသူ ဖြစ်သည်။ သဘာဝအတိုင်း သူသည် တခြားသူများအား သူ့ကို လက်စားချေနိုင်မည့် အမှားမျိုးကို ပြုလုပ်မည် မဟုတ်ပေ။ ထို့ကြောင့် သူ ပြန်ရောက်သည်နှင့်တပြိုင်နက် သူ့အမေ၏ အရိုးပြာကို တူးဖော်ခဲ့ခြင်း ဖြစ်သည်။
"ငါ ဟုန်ရှီကို သွားကြည့်သင့်တယ်။ သူ ငါ့ကို လက်စားချေဖို့ ဘယ်လို စီစဉ်ထားလဲ ကြည့်ရမယ်။ ဟွန်း…။ ကျောက်စိမ်းမြို့တော်မှာ ငါ သူ့ကို သတ်ဖို့ မလွယ်ကူသလို ရွှေ့ယန်ပြည်နယ်မှာရှိတဲ့ ဟန်ခမ်းကို ကိုင်တွယ်သလိုလည်း ကိုင်တွယ်လို့မရဘူး။ မဟုတ်ရင် အရမ်း ဆူဆူညံညံ ဖြစ်ပြီး ဖြေရှင်းရ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ သူ ငါ့ကို ကိုင်တွယ်ဖို့နဲ့ ငါ့ကိုဒုက္ခပေးဖို့ ဘယ်လို ကောက်ကျစ်တဲ့ အကြံအစည်မျိုး စီစဉ်ထားလဲဆိုတာ ငါ မြင်နိုင်တာပေါ့။"
ဟုန်ယွိသည် နန်းတော်မှ ထွက်လာပြီးနောက် ဒီနေ့မနက်က ဟုန်ရှီကို ပါးရိုက်ခဲ့ပုံကို ပြန်သတိရလိုက်သည်။
ထိုပါးရိုက်ချက်က အတော်လေး ကောင်းသည်ဟု ခံစားရသော်လည်း တစ်ဖက်လူက သေချာပေါက် လက်စားချေလိမ့်မည်။ ထို့ကြောင့် ဟုန်ယွိသည် မြို့ပြင်ရှိ နတ်ဘုရားသခင်ဗျူဟာတပ်ရင်းသို့ ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်သည် ရွေ့လျားသွားပြီး နွေးထွေးသော လေအဖြစ် ပြောင်းလဲသွားသည်။ အေးစိမ့်သော လေပြင်းနှင့် ဆီးနှင်း၏ အကာအကွယ်ကို အသုံးပြု၍ သူသည် မြို့ပြင်သို့ ပျံထွက်သွားသည်။
ဤအချိန်တွင် ကောင်းကင်သည် အနည်းငယ် လင်းနေပြီ။ သူသည် ကြင်ယာတော်ယွမ်နှင့် တစ်ညလုံး စကားပြောခဲ့သည်။
မြို့ပြင်၊ အင်ပါယာ အစောင့်အရှောက် တပ်ရင်းငါးဖွဲ့၊ နတ်ဘုရားသခင်ဗျူဟာတပ်ရင်း၏ နက်ရှိုင်းသော လျှို့ဝှက်ခန်းတွင် ဟုန်ရှီ ထိုင်နေသည်။
ဟုန်ရှီ၏ ရှေ့တွင်, ပုံဆောင်ခဲထဲမှာ ချိတ်ပိတ်ထားသော မြေအနှစ်သာရရွှေဆေးလုံးတစ်လုံး ရှိသည်။
ထိုဆေးလုံးကို ချန်ပီယံမြို့စား၏ တောင်းဆိုမှုအရ မင်းသမီးယူလူလက်က ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။
အခန်းသည် အလွန် ကောင်းမွန်စွာ တည်ဆောက်ထားသော လျှို့ဝှက်ခန်းတစ်ခု ဖြစ်သည်။ ဤလျှို့ဝှက်ခန်းသည် မြေအောက်တွင် လျှို့ဝှက်စွာ တည်ဆောက်ထားသော်လည်း လျှို့ဝှက်ခန်းရှိ လေထုသည် အလွန် လတ်ဆတ်သည်။ လျှို့ဝှက် လေဝင်လေထွက်ပေါက်များ ရှိနေသည်မှာ ရှင်းနေ သည်။
လျှို့ဝှက်ခန်း အပြင်ဘက်တွင် အစောင့်အရှောက် သုံးထပ် ရှိသည်။ ပွင့်လင်းမြင်သာသော ကင်းစခန်းများနှင့် လျှို့ဝှက်ထားသော ကင်းစခန်းများ၊ ယန္တရားတပ်ဖွဲ့များ၊ ဒူးလေးတပ်ဖွဲ့များနှင့် ထောင်ချောက်များက နေရာတိုင်းတွင် ရှိနေသည်။ သိုင်းသူတော်စင်တစ်ဦး ဝင်လာရင်တောင် သေချာပေါက် သေလိမ့်မည်။
"မြေအနှစ်သာရရွှေဆေးလုံး… ချန်ပီယံမြို့စားက အရမ်း ရက်ရောတာပဲ။ သူက ဒီလို ရှားပါးတဲ့ ရတနာကို ငါ့ကို ပေးတယ်။ ဒါပေမဲ့ တိုင်ရှန်တာအို ဂိုဏ်းတစ်ခုကပဲ မြေအနှစ်သာရရွှေဆေးလုံးကို သန့်စင်နိုင်တယ်လို့ ငါ ကြားဖူးတယ်။ ချန်ပီယံမြို့စားက ဘာလို့ ဒါကို ပိုင်နေရတာလဲ။ ငါ အဖေ့ကို ပြောသင့်လား။"
ဟုန်ရှီသည် မြေအနှစ်သာရရွှေဆေးလုံးကို ကြည့်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူးကွာ၊ ငါ ဒါကို အရင်သောက်ပြီး ငါ့ခန္ဓာကိုယ်ထဲက သွေးဟောင်းကို ပြောင်းလဲပြီးနောက် သိုင်းသူတော်စင် နယ်ပယ်ထဲကို ဝင်မယ်ကွာ။"
ဟုန်ရှီသည် ပုံဆောင်ခဲကို ဖမ်းဆုပ်လိုက်ချိန်တွင် လေဝင်လေထွက်ပေါက်များမှ နွေးထွေးသော လေပြေတစ်ချက် တိုက်ခတ် ဝင်ရောက်လာခဲ့ပါ သည်။