အခန်း (၂၉၉-၃၀၀)
Vol. 27 Ch. 299-300
အခန်း (၂၉၉)။
"ဟမ်? အပြင်မှာ ဆီးနှင်းတွေ ကျနေပါတယ်။ ဘာလို့ နွေးထွေးတဲ့ လေပြေက တိုက်ခတ်လာရတာလဲ။ အပြင်မှာဆို ရေတစ်စက်တောင် အေးခဲလောက်အောင် အေးစက်နေတာလေ။ နွေးထွေးလေပြေ တိုက်ခတ်စရာ အကြောင်းကို မရှိဘူး။"
လေဝင်လေထွက်ပေါက်မှ နွေးထွေးသော လေစီးကြောင်းတစ်ခု တိုက်ခတ်ဝင်ရောက်လာစဉ် ပုံဆောင်ခဲကို ကိုင်ထားသည့် ဟုန်ရှီ၏ လက်သည် ရပ်တန့်သွားသည်။
သူ၏ နားများက အနည်းငယ် လှုပ်ရှားသွားပြီး သူ့ကိုယ်ပေါ်ရှိ မွေးညင်းများက အနည်းငယ် တုန်ယင်သွားပါသည်။ ၎င်းသည် လေစီးကြောင်းအပေါ် သူ၏ အထူး ခံစားနိုင်စွမ်းကို ပြသနေသည်။ သူသည် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တသားတည်း ပေါင်းစပ်ထားသော မဟာဆရာသခင်တစ်ဦး ဖြစ်ပြီး၊ သူ လေ့ကျင့်သော လက်သီးပညာမှာ ရှေးခေတ် လျှို့ဝှက်ပညာရပ်ဖြစ်သည့် "ကောင်းကင်ဘုံ သေမင်းဘီး" ဖြစ်သည်။ သာမန် မဟာဆရာသခင်များနှင့် နှိုင်းယှဉ်လျှင် သူ၏ ခန္ဓာကိုယ်သည် ပိုမို ခံစားနိုင်စွမ်း မြင့်မားသည်။
သူသည် လေထဲရှိ စိုထိုင်းမူ၊ အပူချိန်၊ ခြေလှမ်းတစ်ရာအတွင်း လှုပ်ရှားမှုများကိုပင် အာရုံခံနိုင်ပြီး၊ မြေကြီးထဲရှိ ကြွက်များနှင့် ပိုးကောင်များကိုပင် သိရှိနိုင်သည်။
ဟုန်ရှီသည် မင်းသားယု၏ အိမ်တော်၌ ဟုန်ယွိ၏ ပါးရိုက်ခြင်းကို ခံခဲ့ရပြီး၊ သူ့ပုံစံက အားနည်းနေပုံရသော်လည်း၊ ဟုန်ယွိက သူ့ကို သတိမထားမိခင် အလစ်ငိုက် တိုက်ခိုက်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် ကမ္ဘာမြေသံလိုက် အပ်စိုက်မှတ်နှစ်ခုကို ကျင့်ကြံထားပြီး ၎င်းကို ဗုဒ္ဓ၏ နတ်ဘုရားခြေလှမ်းများဟုလည်း ခေါ်သည်။ သူ၏ခန္ဓာကိုယ် လှုပ်ရှားမှုသည် အလွန်မြန်ဆန်သည်။ (Buddha's Divine Feet) ရှေ့မှာတုန်းက နတ်ဘုရားများ၏ ကိုယ်လက်အင်္ဂါဟု ပြန်ဆိုခဲ့သည်။ ပါသည့်အတိုင်း ပြန်ဆိုခဲ့ခြင်း ဖြစ်ပါသည်။ အခု အသုံးနှုန်းတစ်မျိုး တွေ့ရပြန်သည်။ အခုအသုံးနှုန်းကို ပိုသဘောကျသည်။ ထို့ကြောင့် ဗုဒ္ဓ၏ နတ်ဘုရားခြေလှမ်းဟု ပြန်ဆိုပါမည်။)
အမှန်တကယ်ဆို, သိုင်းလောကတွင် သို့မဟုတ် တော်ဝင်ချန် မင်းဆက်၏ စစ်သည် သန်းပေါင်းများစွာပင် ဟုန်ရှီကို ပထမတန်းစား သိုင်းပညာရှင် အဖြစ် သတ်မှတ်နိုင်သည်။ သူသည် အခြားသော မဟာဆရာသခင်များထက် အများကြီး ပိုအစွမ်းထက်သည်။
"ဒီအချိန်က အထူးဂရုစိုက်ရမယ့် အချိန်ပဲ။ ဘာကိုမှ ပေါ့ဆလို့မရဘူး။ သတိထားရမယ်။" ဟုန်ရှီသည် လက်ထဲရှိ မြေအနှစ်သာရ ရွှေဆေးလုံးကို ချလိုက်ပြီး လျှို့ဝှက်ခန်း၏ လေဝင်လေထွက်ပေါက်သို့ လျှောက်သွားကာ ကြည့်လိုက်သည်။ အပေါ်ဘက်ရှိ လေဝင်လေထွက်ပေါက်သည် ဆီးနှင်းများဖြင့် ဖွေးဖွေးဖြူနေသည်ကို တွေ့ရသည်။ အပြင်ဘက် ကောင်းကင်ယံတွင် ဆီးနှင်းများ ကျဆင်းနေပြီး ကောင်းကင်က လင်းနေခဲ့ပြီ။ ဆီးနှင်းကျသံက တဖျောက်ဖျောက် ထွက်ပေါ်နေပြီး သိပ်သည်းကာ လူများကို ခိုင်မာသော ခံစားမှုကို ပေးစွမ်းနေသည်။
ရှင်တန်သိုင်းသခင် အစောင့်အချို့သည် တုတ်တုတ်မျှ မလှုပ်ရှားဘဲ တံခါးကို စောင့်ကြပ်နေကြပြီး၊ လျှို့ဝှက်တပ်သား ရာပေါင်းများစွာလည်း အေးအေးဆေးဆေး အသက်ရှူနေကြသည်။
"ဘာမှ မဟုတ်ဘူးထင်တယ်။ ငါ ဒေါသထွက်လွန်ပြီး၊ သံသယလွန်ကဲနေတာ နေမှာပါ။ ဟွန်း၊ ဒီမြေအောက် လျှို့ဝှက်ခန်းမှာ ထောင်ချောက်တွေ အများကြီး ရှိတယ်။ တာအိုမှော်အဆောင်တွေနဲ့လည်း ချိတ်ပိတ်ထားတယ်။ မင်းသမီးယူလူလက်လို မိန်းမမျိုးတောင် ဝင်လို့မရဘူး။ ဒါ့အပြင်, တာအိုသခင် ဝင်လာရင်တောင် ဘာကြောက်စရာလိုလဲ။ ငါ့ရဲ့ “အကျဉ်းထောင်နှိမ်နှင်းခြင်း” ဆေဘာပေါ်မှာ အဖေက သူ့ကိုယ်ပိုင်သွေးကို အသုံးပြုပြီး နတ်ဘုရား အဆောင်တစ်ခု ရေးဆွဲထားတယ်။ အဖေက လူသားအင်မော်တယ် ဖြစ်ပြီး သူ့သွေးချီကနေ သိပ်သည်းထားတဲ့ နတ်ဘုရားအဆောင်ဟာ သာမန် တစ္ဆေအင်မော်တယ်တွေကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်။"
မည်သည့်အဖြစ်ပျက်မျှ ဖြစ်ပေါ်မလာသည်ကို မြင်သောအခါ ဟုန်ရှီ၏ နှလုံးသားသည် တည်ငြိမ်သွားခဲ့သည်။ ထို့နောက် သူသည် ခက်ထန်စွာ ပြုံးလိုက်ပြီး "ဟုန်ယွိ၊ ခွေးမသားလေး။ မင်းခွေးမအမေရဲ့ ဂူသင်္ချိုင်းကို တူးဖော်ပြီး၊ အရိုးပြာကို ခွေးစာကျွေးတာ မြင်ရတဲ့အခါ, မင်း ရယ်နေမလား၊ ငိုနေမလား ကြည့်ရသေးတာပေါ့။"
စဉ်းစားနေစဉ် ဟုန်ရှီသည် သူ အမြဲဆောင်ထားသော အဖိုးတန်ဓား “အကျဉ်းထောင်နှိမ်နှင်းခြင်း”ဆေဘာကို ကိုင်လိုက်ပြီး ရွှီးခနဲ ဆွဲထုတ်လိုက် သည်။ မှိန်ပြပြ လျှို့ဝှက်ခန်းထဲတွင် လျှပ်စီးများ လင်းလက်သွားသည်။
ဤအဖိုးတန်ဓား၏ ကိုယ်ထည်သည် အလင်းတိမ်တိုက်သဖွယ် ဖြစ်သည်။ လှရာမြောက် လှပသည့် ရေခဲအက်ကြောင်းများ ဖြစ်ပေါ်လာသည်။ အထူးသဖြင့် ဓား၏ အလယ်ဗဟိုတွင် ဓမ္မစက်ဝန်းသဖွယ် သွေးနီရောင်မှော်သင်္ကေတတစ်ခု ရှိနေသည်။ ထိုမှော်သင်္ကေတသည် ဓား၏ ကိုယ်ထည်ကို ဖုံးလွှမ်းနေလောက်အောင် တောက်ပနေ၏။ ထိုသင်္ကေတသည် သစ်သားထဲတွင် နက်နက်ရှိုင်းရှိုင်း ထွင်းထုထားသကဲ့သို့ ဖြစ်နေသည်။
ဤသွေးနီရောင်မှော်သင်္ကေတသည် သတ္တု၏ သွေးကြောများထဲသို့ လုံးဝ စိမ့်ဝင်သွားပြီး ဓား၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲပြီ။
ဓား၏ ကိုယ်ထည်ထဲသို့ သွေးနှင့် မှင်ကို စိတ်အလိုအလျောက် စိမ့်ဝင်သွားစေနိုင်ရန် မဟာ သူတော်စင်နှင့် ပန်းချီသူတော်စင်တို့သာ ဤကဲ့သို့သော ရေးသားမှုစွမ်းရည်ကို ပိုင်ဆိုင်ကြသည်။
ဤဓမ္မစက်ဝန်းကဲ့သို့ သွေးနီရောင် မှော်သင်္ကေတကို ဟုန်ရွှန်ကျိသည် သူ၏ ကိုယ်ပိုင်သွေးဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ထိုသွေးနီရောင် မှော်သင်္ကေတတွင် သူ့ကိုယ်ပိုင် သိုင်းဆန္ဒပါဝင်ပြီး ဆေဘာကို အဆုံးမဲ့ စွမ်းအားဖြင့် ပေါင်းထည့်ပေးထားသည်။ ထိုဆေဘာသည် သာမန် ယင်စိတ်ဝိညာဉ် ကျင့်ကြံသူများနှင့် တွေ့ဆုံပါက လေထဲမှတဆင့် ခုတ်ပိုင်းနိုင်သည်။ သိုင်းဆန္ဒ၏ ခုတ်ပိုင်းခြင်းအောက်တွင် ယင်ဝိညာဉ် ကျင့်ကြံသူ သည် ထိုဆေဘာခုတ်ပိုင်းချက်ကြောင့် ချက်ချင်း သေဆုံးသွားမည် ဖြစ်သည်။
အကယ်၍, တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်နေလျင်ပင် လေထဲမှ ခုတ်ပိုင်းခြင်းကြောင့် ကြီးကြီးမားမား ပျက်စီးစေနိုင်သည်။ အမှန်တကယ် ထိမှန်ခဲ့ပါက, တစ္ဆေအင်မော်တယ်၏ စိတ်ဝိညာဉ်ပင် ပျက်စီးသွားလိမ့်မည်။
"ဟွန်း…။ ချန်ပီယံမြို့စားသာ မရှိရင် ဒီနေ့ ငါ့ကို ဒီလိုဆက်ဆံတဲ့ ယူလူလက်ဆိုတဲ့ ကောင်မလေးကို ငါ သေချာပေါက် သင်ခန်းစာ ပေးမိမှာပဲ။"
ဟုန်ရှီသည် ဆေဘာကို ဓားအိမ်ထဲသို့ ထည့်လိုက်ပြီး လျှို့ဝှက်ခန်းထဲသို့ လျှောက်သွားသည်။ တံခါးကို ပိတ်ပြီးနောက် မြေအနှစ်သာရရွှေဆေးလုံးကို ယူရန် ပြင်ဆင်လိုက်သည်၊ သို့သော် ထိုအခိုက်တန့်တွင် သူ၏ မျက်လုံးများသည် အေးခဲသွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လျှို့ဝှက်ခန်းရှိ စားပွဲဘေးတွင် အဖြူရောင်ဝတ်စုံဝတ် လူတစ်ဦး ရောက်ရှိနေသောကြောင့် ဖြစ်သည်။ သူ၏ ကိုယ်ခန္ဓာသည် ချောမွေ့ပြေပြစ်ပြီး ပြီးပြည့်စုံကာ၊ သူ့ခန္ဓာကိုယ်တွင် အဆုံးမဲ့ပြီး ကြောက်မက်ဖွယ် စွမ်းအား ပါဝင်နေသည်။
သို့သော် ဤလူ၏ မျက်နှာအသွင်အပြင်သည် အလွန် သာမန်ဖြစ်ပြီး၊ သူ့မျက်နှာပုံစံက လုံးဝရှိမနေသကဲ့သို့ ဖြစ်နေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူသည် ထူးခြားသည့် မည်သည့် လက္ခဏာမျှ ရှိပုံမပေါ်ချေ။
"မင်း ဘယ်သူလဲ။"
ဟုန်ရှီ၏ လှုပ်ရှားမှုများသည် မယုံနိုင်လောက်အောင် မြန်ဆန်သည်။ ရွှီးခနဲ ဆေဘာကို တဖန် ဆွဲထုတ်ပြီး အော်ပြောလိုက်သည်။ သို့သော် နောက်တစ်ခဏတွင် သူ၏စကားများကို ဗိုက်ထဲသို့သာ မျိုချလိုက်ရ၏။
အဘယ့်ကြောင့်ဆိုသော် ဤလူသည် ထရပ်လိုက်သောကြောင့် ဖြစ်သည်။ ၎င်းသည် ရိုးရှင်းသော လှုပ်ရှားမှုလေးမျှသာ ဖြစ်သော်လည်း ချက်ချင်းပင် ပြင်းထန်သည့် အားမာန်ပြည့်ဝသော ခံစားချက်ကို ထုတ်လွှတ်လိုက်သည်။ ရိုင်းစိုင်းသော ထိုသိုင်းအော်ရာသည် လျှို့ဝှက်ခန်းတစ်ခုလုံးကို ပြည့်နှက်သွားသည်။
ဟုန်ရှီသည် ထိုလူ၏ နောက်တွင် ရှေးဟောင်း ဧရာမမြွေကြီးတစ်ကောင် ကောင်းကင်ယံသို့ ခေါင်းထောင်မတ်နေပုံရပြီး မြွေကြီး၏တောင်သဖွယ် မျက်လုံးကြီးနှစ်လုံးသည် သူ့ကို ကြည့်နေပြီး ညင်သာသော အသက်ရှူသံက သူ့ကို သူ့ဗိုက်ထဲသို့ မျိုချနိုင်ပုံရသည်။
"ဒီသိုင်းစွမ်း... ဒီသိုင်းအော်ရာက သိုင်းပညာမှာ အထွတ်အထိပ်ရောက်နေတဲ့ သိုင်းသူတော်စင်တစ်ဦးရဲ့ သိုင်းအော်ရာပဲ။ ဘယ်လောက် ပြင်းထန်တဲ့ လက်သီးဆန္ဒလဲ။ ဒီလက်သီးဆန္ဒက အဖေနဲ့ နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူးတို့သာ ပိုင်ဆိုင်နိုင်တဲ့ သိုင်းအော်ရာပဲ။ ဒီလူ ဘယ်လို ဝင်လာတာ လဲ။" ဟုန်ရှီသည် သူ၏ အသည်းနှင့် သည်းခြေအိတ်တို့ ပေါက်ထွက်တော့မည်ဟု ခံစားရသည်။
အထွတ်အထိပ် သိုင်းသူတော်စင်တစ်ဦးနှင့် ရင်ဆိုင်ရသောအခါ သူသည် လက်ချောင်းတစ်ချောင်းလေးပင် လှုပ်ရှားရဲခြင်း မရှိပေ။
ဤသည်မှာ သူ၏အသက်သည် အချိန်မရွေး တစ်ဖက်လူ၏ လက်ထဲတွင် ရှိနေသည်ကို သူ သိသောကြောင့် ဖြစ်သည်။ သူ လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက်၊ သူ အသံပင်မပြုမီ ထိုနေရာမှာပင် သေဆုံးသွားနိုင်သည်။
ဟုန်ရှီသည် အထွတ်အထိပ် သိုင်းသူတော်စင်တစ်ဦးသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို နက်နက်နဲနဲ နားလည်ထားသည်။ ၎င်းသည် ဟုန်ရွှန်ကျိသည် အတိတ်က သိုင်းသူတော်စင်နယ်ပယ်၏ အထွတ်အထိပ်တွင် တည်ရှိခဲ့သောကြောင့် ဖြစ်သည်။
"ဒါက ဘာဆေးလုံးလဲ။"
စားပွဲဘေးတွင် ထိုင်နေသော ထိုလူသည် မြေအနှစ်သာရရွှေဆေးလုံး ပါဝင်သော ပုံဆောင်ခဲကို ကောက်ယူလိုက်သည်။ သူ၏ အသံသည် သံလိုက်ဓာတ်တစ်မျိုး ပါဝင်နေပုံရသည်။
ဟုန်ယွိသည် စားပွဲပေါ်ရှိ ပုံဆောင်ခဲကို ကောက်ယူလိုက်ပြီး ချိတ်ပိတ်ထားသည့် ဆေးလုံးကို ကြည့်လိုက်သည်။ ထိုဆေးလုံးသည် ပျံဝဲနေသော မီးလုံးသဖွယ် ရှိပြီး၊ လှုပ်ရှားနေကာ ဖောက်ထွင်းမြင်နေရသဖြင့် အသက်ရှင်ပြီး အသက်ရှူနေသကဲ့သို့ ထင်ရသည်။ ဤဆေးလုံးသည် ရှားပါးသော ဝိညာဉ်ဆေးလုံး ဖြစ်ကြောင်း သူ သိလိုက်သည်။"
စားပွဲတွင် ထိုင်နေသော လူသည် ဟုန်ယွိ ဖြစ်သည်။ သူသည် နတ်ဘုရားသခင်ဗျူဟာတပ်ရင်းထဲသို့ လျှို့ဝှက်စွာ ဝင်ရောက်လာခဲ့ပြီး ဟုန်ရှီ၏ သိုင်းအော်ရာကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့နောက် သူသည် ကောင်းကင်ယံထွက်ပြေးခြင်း ပညာကို အသုံးပြု၍ လေဝင်လေထွက်ပေါက်မှတဆင့် လျှို့ဝှက်ခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။ ထို့နောက် သူသည် သိပ်မကြာသေးခင်က ကျွမ်းကျင်ခဲ့သော စစ်နတ်ဘုရားနတ်ဆိုးကျမ်း၏ နတ်ဘုရားခန္ဓာကိုယ်အဖြစ် ပြောင်းလဲလိုက်သည်။ (စစ်နတ်ဘုရားနတ်ဆိုးကျမ်း - ဟူသည် စစ်နတ်ဘုရားမှော်ပညာကျမ်း ဖြစ်ပါသည်။) နောက်ပိုင်းများတွင် စစ်နတ်ဘုရားနတ်ဆိုးကျမ်း-ဟု ပြန်ဆိုပါမည်။)
ဤစစ်နတ်ဘုရား၏ နတ်ဆိုးကျမ်း၏ ခန္ဓာကိုယ်သည် မဟာပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးနောက် ပြီးပြည့်စုံသော ရုပ်ခန္ဓာကိုယ်တစ်ခု ဖြစ်လာသည်။ ချို့ယွင်းချက်ကို မည်သူမျှ မမြင်နိုင်ပေ။ အနည်းဆုံးတော့ ဟုန်ရှီသည် မမြင်နိုင်ခဲ့ပေ။ သူသည် သူ့ကို အထွတ်အထိပ် သိုင်းသူတော်စင်တစ်ဦးဟုသာ ထင်ခဲ့သည်။
ဟုန်ယွိသည် ဟုန်ရှီ ဘာလုပ်နေလဲဆိုသည်ကို ကြည့်ချင်ခဲ့ပြီး သူ့ကိုယ်သူ ထွက်ပေါ်လာရန် ရည်ရွယ်ချက် မရှိပေ။ သို့သော် သူသည် စားပွဲပေါ်ရှိ ဆေးလုံးကို ရှာဖွေတွေ့ရှိခဲ့သောကြောင့် သူ့ကိုယ်သူ ထွက်ပေါ်လာပြီး မေးလိုက်ခြင်း ဖြစ်သည်။
"မင်း ဘယ်သူလဲ။"
ဟုန်ယွိ စကားပြောသည်ကို ကြားသောအခါ ဟုန်ရှီသည် နောက်ဆုံးတွင် တည်ငြိမ်သွားသည်။ သူ၏ နှုတ်ခမ်းများက ကောက်ကျစ်စွာ ပြုံးလိုက် သည်။ ထို့နောက် သူက "မင်း ဘယ်လို ဝင်လာတာလဲ။ မင်းက မိတ်ဆွေလား၊ ရန်သူလား။"
"ငါ မင်းကို မေးနေတာ။ ဒီဆေးလုံးက ဘာလဲ။" ဟုန်ယွိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့အသံကို မြှင့်လိုက်သည်။ တောင်တန်းကြီးသဖွယ် ဖိအားက လျှို့ဝှက်ခန်းထဲသို့ ကျရောက်လာသည်။
"ဟွန်း….။ မင်း ဘယ်လို ဝင်လာမှန်း ငါ မသိဘူး။ ဒါပေမဲ့ မင်း ဝင်လာပြီဆိုမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့။ မင်း ဒီနေရာကနေ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်မယ်လို့ ထင်နေလား။ လူသားအင်မော်တယ် ဝင်လာရင်တောင် ထွက်သွားဖို့ မစဉ်းစားနဲ့။ မင်း သိပါတယ်၊ ဒီနေရာက တော်ဝင် အစောင့် အရှောက် ငါးဖွဲ့ထဲက တစ်ခုဖြစ်တဲ့ နတ်ဘုရားသခင်ဗျူဟာတပ်ရင်းဆိုတာကို။" ဟုန်ရှီသည် ခက်ထန်စွာ ပြုံးလိုက်သော်လည်း သူ၏ မျက်လုံးများ ကမူ မြေအနှစ်သာရ ရွှေဆေးလုံးပေါ်တွင် စွဲစွဲမြဲမြဲ ရှိနေခဲ့သည်။ "သိုင်းသူတော်စင်တစ်ဦး ဖြစ်တဲ့အတွက် မင်းအနေနဲ့ ပျံသန်းလို့မရသလို မြေကြီးထဲ ကိုလည်း တိုးဝင်လို့ မရဘူး။ မင်း ဝင်လာနိုင်ပေမဲ့ ထွက်သွားလို့ မရတော့ဘူး။ ဒါက မြေအနှစ်သာရ ရွှေဆေးလုံးပဲ။ သွေးပြောင်းလဲရာမှာ အသုံးပြုတယ်။ သိုင်းသူတော်စင် နယ်ပယ်ထဲ ဝင်ရောက်ပြီးသားလူတွေအတွက် အသုံးမဝင်ဘူး။ မင်း ယူသွားရင်တောင် အသုံးမဝင်ဘူး။ ဒါ့အပြင် ဒီ ဆေးလုံးဟာ ချန်ပီယံမြို့စားက ငါ့အဖေကို လက်ဆောင်ပေးထားတာ။ တကယ်လို့, မင်း ယူသွားရဲရင်, မင်းအနေနဲ့ ချန်ပီယံမြို့စား၊ ငါ့အဖေ ဟုန်ရွှန်ကျိ၊ နောက်ဆုံး တော်ဝင်ချန် မင်းဆက်တစ်ခုလုံးကိုတောင် ရန်ငြိုးဖွဲ့မိလိမ့်မယ်။"
ဟုန်ရှီသည် တည်ငြိမ်သွားပြီးနောက် သူ၏ မျက်နှာအမူအရာက မပြောင်းလဲခဲ့ပေ။ သူသည် ထိုဖိအားကို လုံးဝ ဂရုမစိုက်ခဲ့ပေ။
ထိုဖိအားမျိုးသည် စိတ်ပိုင်းဆိုင်ရာ ဖိအားမျှသာ ဖြစ်သည်။ ၎င်းသည် ဝိညာဉ်အတွက် အသုံးဝင်သော်လည်း ရုပ်ခန္ဓာကိုယ်အတွက်မူ သူ့နှလုံးသားထဲရှိ အကြောက်တရားကို ဖယ်ရှားလိုက်သည်နှင့် သိသာထင်ရှားသော သက်ရောက်မူများ ရှိတော့မည် မဟုတ်ပေ။
"ဟွန်း..၊ ဟုန်ရွှန်ကျိရဲ့ နာမည်လောက်နဲ့ ငါ့ကို ခြိမ်းခြောက်လို့မရဘူး။ ချန်ပီယံမြို့စား၊ ဒီချန်ပီယံမြို့စားပဲ ထပ်ဖြစ်နေပြန်ပြီ။ ဒါဆို ဒီဆေးလုံးက မြေအနှစ်သာရရွှေဆေးလုံးပေါ့။ သွေးကိုပြောင်းလဲနိုင်တဲ့ မြေအနှစ်သာရရွှေဆေးလုံး။ သံဖိနပ်တွေ ပျက်စီးအောင် ရှာဖွေစရာမလိုဘဲ မမျှော်လင့်ဘဲ တွေ့လိုက်ရပြီ။ ချန်ပီယံမြို့စားက ဟုန်ရှီကို မြေအနှစ်သာရရွှေဆေးလုံး ပေးတယ်လား။ ဘာအတွက်လဲ။ သူက သူ့ကို သိုင်းသူတော်စင် နယ်ပယ်ထဲ ဝင်စေချင်တာလား။ ဟုန်ရှီ သိုင်းသူတော်စင် နယ်ပယ်ထဲ ဝင်ရောက်သွားရင်, သူ့အတွက် ဘာကောင်းကျိုး ရှိမှာလဲ။ ငါ့ကို ဖိနှိပ်ဖို့လား။ ဒီရမ္မက်ကြီးတဲ့ ချန်ပီယံမြို့စားကကတော့ အခုထိ ယင်းရှာကို စဉ်းစားနေတုန်းပဲလား။ သူက ငါနဲ့ ကစားချင်နေတာလား။"
အခန်း (၃၀၀)။
ဟုန်ယွိသည် ထိုပုံဆောင်ခဲတွင် ချိတ်ပိတ်ထားသော ဆေးလုံးသည် မြေအနှစ်သာရရွှေဆေးလုံး ဖြစ်နေလိမ့်မည်ဟု ဘယ်တော့မှ မမျှော်လင့်ခဲ့ပေ။
ဤဆေးလုံးသည် လူတစ်ဦး၏ သွေးကို သန့်စင်စေပြီး၊ တစ်ချက်တည်းနှင့် သိုင်းသူတော်စင် နယ်ပယ်ထဲသို့ ဝင်ရောက်စေနိုင်ကာ၊ သိုင်းသူတော်စင် တစ်ဦး ဖြစ်လာစေဖို့ အမြင့်ဆုံး ဆေးလုံးဖြစ်သည်။ ဤနေရာတွင် မည်သို့ ပေါ်လာရသနည်း။
ဟုန်ရှီ၏ စကားကို ကြားသောအခါ ဟုန်ယွိသည် မြေအနှစ်သာရရွှေဆေးလုံးကို မဆိုင်းမတွ သိမ်းဆည်းရန် ဆုံးဖြတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို ဤဆေးလုံးဖြင့် သန့်စင်ပြီးနောက် သူသည် တစ်ချက်တည်းနှင့် သိုင်းသူတော်စင် နယ်ပယ်ထဲသို့ ဝင်ရောက်နိုင်မည်။
ချန်ပီယံမြို့စားသည် ဟုန်ရှီကို ဤဆေးလုံး ပေးခြင်းက မကောင်းသော ရည်ရွယ်ချက် ရှိနေသည်မှာ ရှင်းနေသည်။ သူသည် သူနှင့် ချန်ယင်းရှာ အကြောင်းကို တွေးနေသည်မှာ ထင်ရှားသည်။ ဟုန်ယွိက သူ့ကို သူ့ဆန္ဒအတိုင်း မည်သို့ လုပ်ခွင့် ပေးနိုင်မည်နည်း။
"တိုက်ဆိုင်လိုက်တာ။ ချန်ပီယံမြို့စားက ဒီနေ့ မင်းသားယုရဲ့ အိမ်တော်မှာ ငါ ဟုန်ရှီကို ပါးရိုက်ခဲ့တာကို သိနေပုံရတယ်။ ဒါကြောင့် သူက မြေအနှစ်သာရရွှေဆေးလုံး ပေးတာ ဖြစ်နိုင်တယ်။ မဟုတ်ရင် မြေအနှစ်သာရရွှေဆေးလုံးကို သုံးစွဲပြီးလောက်ပြီ”။
ဟုန်ယွိသည် တခဏတာ စဉ်းစားလိုက်ပြီး သူ့မှန်းဆချက်က မမှားကြောင်း ချက်ချင်း သိလိုက်သည်။
"မင်းက သေမင်းကို ဖိတ်ခေါ်နေတာပဲ။"
ထိုအချိန်တွင် ဆေဘာအလင်း တစ်ချက် လင်းလက်သွားသည်။ ဧရာမ ဓမ္မဘီးကြီးသည် ဟုန်ယွိ၏ မျက်လုံးများရှေ့တွင် မှုန်ဝါးစွာ ပေါ်လာပြီး နှိုင်းယှဉ်မရအောင် ပြင်းထန်သော ယန်ချီက ကပ်ပါလာခဲ့သည်။
ဟုန်ယွိ၏ စစ်နတ်ဘုရား၏ ခန္ဓာကိုယ်သည် ပြင်းထန်သော ယန်ချီအောက်တွင် ကွဲအက်နေသော ကြွေပန်းကန်ဖြင့် ပြုလုပ်ထားသကဲ့သို့ အက်ကွဲလာခဲ့သည်။
ဖြစ်စဉ်မှာ ထိုအခိုက်တန့်တွင် ဟုန်ရှီသည် သူ၏လက်ထဲရှိ အကျဉ်းထောင်နှိမ်နှင်းခြင်း ဆေဘာကို အထူး နည်းစနစ် အသုံးပြု၍ ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဆေဘာနောက်သို့ ခုန်လိုက်လာခဲ့သည်။ ၎င်းသည် ပြိုင်ဘက်ကင်း လှုပ်ရှားမှု နည်းစနစ်ဖြစ်သည့် ဝိညာဉ်ကြွက် ဆီပူလှုပ်ရှားခြင်း ဖြစ်သည်။ သူသည် လျှို့ဝှက်ခန်းထဲကနေ ပြင်းပြင်းထန်ထန် ခုန်ထွက်သွားသည်။
တစ်ချိန်တည်းမှာပင် သူက အော်ခေါ်လိုက်သည် "အစောင့်တွေ! အစောင့်တွေ”။
"ကောင်းလိုက်တဲ့ဆေဘာ၊ ကောင်းလိုက်တော့ လုပ်ဆောင်ချက်၊ ဟုန်ရွှန်ကျိ…။"
ဆေဘာသည် ဟုန်ယွိ၏ ခန္ဓာကိုယ်နှင့် အနီးမရောက်ခင်မှာပင် ဟုန်ယွိ၏ စစ်နတ်ဘုရား ခန္ဓာကိုယ်သည် ပြိုကွဲစပြုနေပြီ ဖြစ်သည်။ ၎င်းသည် နန်းတော်တွင် မိန်းမစိုး ဖန်း၏ လက်ဝါးဖြင့် ရိုက်နှက်ခံရစဉ်က မြင်ကွင်းနှင့် ဆင်တူသည်။
မိန်းမစိုး ဖန်းသည် သိုင်းသူတော်စင်တစ်ဦး ဖြစ်သည်။ သူ၏ လက်ဝါးဖြင့် စစ်နတ်ဘုရား၏ ခန္ဓာကိုယ်ကို ထိမှန်သွားသောအခါ စစ်နတ်ဘုရားသည် ခံနိုင်ရည်မရှိတော့ဘဲ ပြိုကွဲသွားခဲ့ရသည်။
သို့သော် အကျဉ်းထောင်နှိမ်နှင်းခြင်းဆေဘာပေါ်ရှိ စာခွေသည် ဟုန်ရွှန်ကျိ၏ သွေးဖြင့် ရေးဆွဲထားသော လက်သီးဆန္ဒ ဖြစ်သည်။ ၎င်းသည် မိန်းမစိုး ဖန်း၏ လက်ဖဝါးအားထက် နတ်ဘုရား စိတ်ဝိညာဉ်ကို ဆယ်ဆ ပိုမို ထိခိုက်စေသည်။
ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်ပင်လျှင် ဟုန်ရွှန်ကျိ၏ လက်သီးကြောင့် ပျက်စီးသွားနိုင်သည်။ အတိတ်ကျမ်းပင်လျှင် ၎င်းကို ပြန်လည် ပြုပြင်နိုင် မည် မဟုတ်ပေ။ စစ်နတ်ဘုရား၏ ခန္ဓာကိုယ်ဆို ဆိုဖွယ်ရာမရှိပေ။
မိုနိုဂိုတာရီပင်လျှင် လူသားအင်မော်တယ်၏ ပြင်းထန်သော လက်သီးချက်ကို ခံနိုင်မည် မဟုတ်ပေ။
သို့သော် အကျဉ်းထောင်နှိမ်နှင်းခြင်းဆေဘာပေါ်ရှိ အဆောင်သည် တစ္ဆေအင်မော်တယ်တို့အတွက်သာ အသုံးဝင်သည်။ သာမန်လူများအတွက်မူ လှပသော သင်္ကေတတစ်ခုမျှသာ ဖြစ်သည်။ စစ်နတ်ဘုရားသည် လူသားနှင့်တူသော်လည်း သူ၏ အနှစ်သာရမှာ နတ်ဘုရား စိတ်ဝိညာဉ် ဖြစ်နေဆဲ ဖြစ်သည်။
သူ ယန်နတ်ဘုရားတစ်ပါး မဖြစ်မချင်း သူသည် မိုးကြိုးကပ်ဘေး ကိုးကြိမ်တိတိ ဖြတ်ကျော်ပြီးသည့်တိုင် သူသည် တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်နေဆဲ ဖြစ်သည်။ သူသည် သိုင်းပညာရှင်များ၏ လက်သီးဆန္ဒ၊ ချီဖြင့် ထိန်းချုပ်ခံနေရဦးမည်။
"ဟုန်ရွှန်ကျိဟာ သူ့သားကြီးကို တကယ် ချစ်တာပဲ။ သူ ကိုယ်ပိုင် သွေးအနှစ်သာရကို အသုံးပြုပြီး၊ စာရေးသားခြင်း အစစ်မှန် အဓိပ္ပာယ်ကို အသုံးပြု ကာ အကျဉ်းထောင်နှိမ်နှင်းခြင်း ဆေဘာပေါ်မှာ အဆောင်တစ်ခု ရေးဆွဲပေးခဲ့တယ်။ ဒီအဆောင်နဲ့ဆို ဟုန်ရှီဟာ တစ္ဆေအင်မော်တယ်နဲ့ တွေ့ရင် တောင် လေဟာနယ်ထဲကနေ ခုတ်ပိုင်းပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်တယ်။ ဒါပေမဲ့ မင်း ဒီနေ့ ငါနဲ့ တွေ့ခဲ့တာကံဆိုးတာပဲ။ ငါ မင်းနဲ့ တွယ်ကပ်ပြီး ရန်ဖြစ်နေဖို့ စိတ်မပါဘူး။ ငါ မြေအနှစ်သာရရွှေဆေးလုံးကို ယူပြီး ပြန်တော့မယ်။"
ချွင်…။
အကျဉ်းထောင်နှိမ်နှင်းခြင်း ဆေဘာသည် ပျံသန်းလာပြီး စစ်နတ်ဘုရားကို တိုက်ရိုက် ပြိုကွဲစေခဲ့သည်။ သို့သော် ဤပြိုကွဲသွားသော စစ်နတ်ဘုရား သည် ချက်ချင်းပင် နွေးထွေးသော လေစီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။
အကျဉ်းထောင်နှိမ်နှင်းခြင်း ဆေဘာကို နံရံတွင် စိုက်သွားခဲ့သည်။ ရှည်လျားပြီး ကျဉ်းမြောင်းသော ဓားသွားသည် နံရံထဲတွင် လုံးဝ မြှုပ်နှံနေပြီး ၎င်း၏ ထက်ရှမှုကို ပြသနေသည်။
ဟုန်ယွိသည် အကျဉ်းထောင်နှိမ်နှင်းခြင်း ဆေဘာကို ကြည့်လိုက်ပြီး ၎င်းကို ပြန်ယူချင်ခဲ့သည်။ ၎င်းသည် အခြားလက်နက်များထက် သာလွန်သော လက်နက် တစ်ခုဖြစ်သည်။ သို့သော် သူသည် ယခုအခါ နတ်ဘုရား စိတ်ဝိညာဉ် ဖြစ်နေခဲ့ပြီး၊ ဤဆေဘာကို လုံးဝ ကောက်ယူနိုင်ခြင်း မရှိသောကြောင့် စွန့်လွှတ်လိုက်ရသည်။
ရုပ်ခန္ဓာကိုယ်ဖြင့်သာလျှင် ဤဆေဘာကို ကောက်ယူနိုင်သည်။
ဟုန်ယွိသည် အတင်းအကျပ် ယူလိုပါက သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ပြိုကွဲသွားမည် ဖြစ်သည်။
"ဟား…၊ ဟား…၊ ဟား…၊ ဟား။" ဟုန်ယွိက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းထန်ကြီးမားသော နွေးထွေး သော လေပြင်းအဖြစ် ပြောင်းလဲသွားပြီး မြေအနှစ်သာရရွှေဆေးလုံးကို ရစ်ပတ်ကာ ပျံထွက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျွမ်းကျင်သူ အများအပြားသည် ဟုန်ရှီကို ဝိုင်းရံကာ အလျင်အမြန် ဝင်လာကြသည်။ သို့သော် သူတို့သည် ဟုန်ယွိ၏ အရိပ်အယောင်ကိုပင် မမြင်ရတော့ပေ။
အဘယ်ကြောင့်ဆိုသော် ဟုန်ယွိ ထွက်ပြေးသွားစဉ် ပုံရိပ်ယောင်လေဟာနယ်ကမ္ဘာကို အသုံးပြုခဲ့သောကြောင့် သူတို့သည် သူ့ကို မမြင်နိုင်ခဲ့ပေ။
သူတို့ အိမ်ထဲသို့ ဝင်လာချိန်တွင် ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် လေဝင်လေထွက်ပေါက်မှတဆင့် ပျံထွက်သွားခဲ့ပြီးပြီ ဖြစ်သည်။
ဤအချိန်တွင် သူသည် နံရံ သို့မဟုတ် မြေကြီးကို ထိုးဖောက် ဖြတ်သန်းသွားခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မြေကြီးကို ထိုးဖောက် ဖြတ်သန်းနိုင်သော်လည်း မြေအနှစ်သာရရွှေဆေးလုံးသည် မြေကြီးကို ဖြတ်သန်းသွားနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သူသည် အရာဝတ္ထုများကို သယ်ဆောင်ပြီး နံရံကို ဖြတ်သန်းသွားနိုင်သည့် စွမ်းရည်မျိုး မရှိသေးပေ။
ထိုကဲ့သို့သော စွမ်းရည်မျိုးသည် အနည်းဆုံး မိုးကြိုးကပ်ဘေးကို အကြိမ်များစွာ ဖြတ်ကျော်ရန် လိုအပ်ပြီး၊ ထို့နောက်မှသာ မတည်ငြိမ်သည့် အသေးစား ဝိညာဉ်ကမ္ဘာတစ်ခုကို ဖန်တီးနိုင်မည် ဖြစ်သည်။
ဤကမ္ဘာတွင် ထိုကဲ့သို့ လုပ်ဆောင်နိုင်သူ များများစားစား မရှိပေ။
"သူ ဘယ်မှာလဲ။ သူ ဘယ်ရောက်သွားလဲ။ သူ ဘယ်ကို ရောက်သွားလဲ။ ငါ့ရဲ့ ဆေးလုံးရော ဘယ်မှာလဲ။ ဆေးလုံး ဘယ်မှာလဲ။"
ထိုအချိန်တွင် ဟုန်ရှီသည် အိမ်ထဲကို ကမန်းကတန်း အလျင်အမြန် ရောက်လာခဲ့ပြီ။ သူသည် နံရံပေါ်မှာ စိုက်ဝင်နေသည့် အကျဉ်းထောင်နှိမ်နှင်းခြင်း ဆေဘာကိုသာ တွေ့ရသည်။ ၎င်းအပြင်, အခြားဘာမှ မရှိပေ။ ပုံဆောင်ခဲတွင် ချိတ်ပိတ်ထားသော မြေအနှစ်သာရရွှေဆေးလုံးသည်လည်း အရိပ်အယောင်ပင် မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ပြီ။
ဟုန်ရှီသည် သူ၏ နှလုံးသားထဲတွင် စိတ်ပျက်အားငယ်ခြင်း လှိုင်းလုံးကြီးတစ်ခု လှုပ်ခါနေသည်ကို ခံစားလိုက်ရသည်။
သူ ဟစ်အော်လိုက်မိသည်။ သူ စိတ်လွတ်သွားသူကဲ့သို့ အော်ဟစ်လိုက်ပါသည်။
...
"ဘာ…။ ဒါက မြေအနှစ်သာရရွှေဆေးလုံးလား။"
အစိမ်းရောင် မိုးမခစံအိမ်တွင် ချန်ယင်းရှာနှင့် ရွှေပင့်ကူတို့သည် ဟုန်ယွိ ရရှိခဲ့သော မြေအနှစ်သာရရွှေဆေးလုံးကို မြင်သောအခါ အံ့ဩသွားကြသည်။
ဟုန်ယွိသည် နတ်ဘုရားသခင်ဗျူဟာတပ်ရင်း၏ လျှို့ဝှက်အခန်းမှ မြေအနှစ်သာရရွှေဆေးလုံးကို ယူလာပြီးနောက် သဘာဝအတိုင်း အစိမ်းရောင် မိုးမခစံအိမ်သို့ ပြန်လာခဲ့သည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။
ဤအချိန်တွင် ကောင်းကင်ကြီးက လင်းနေပါပြီ။
"ဒီမြေအနှစ်သာရရွှေဆေးလုံးဟာ နတ်ဆိုးနတ်ဘုရားရဲ့ သွေးလိုပဲ ပုံဆောင်ခဲထဲမှာ ချိတ်ပိတ်ထားတယ်။ ဒါပေမဲ့ သူ့ရဲ့ အာနိသင်က ခန္ဓာကိုယ် အတွက် သွေးလဲလှယ်ဖို့ သက်သက်ပဲ။ နတ်ဆိုးနတ်ဘုရားသွေးလို နတ်ဘုရား စိတ်ဝိညာဉ်ကို အားကောင်းစေပြီး ရှင်ခြင်းသေခြင်း အတားအဆီးကို မဖြတ်ကျော်နိုင်ဘူး။ ဒါပေမဲ့ ဒါက နတ်ဘုရား ဆေးလုံးတစ်ခုပဲ။ နတ်ဆိုးနတ်ဘုရားရဲ့ သွေးတစ်စက်ဟာ လူတစ်ဦးကို ဘဝသံသရာစက်ဝန်းကို ကျော်လွန်စေပြီး တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်စေနိုင်တယ်။ ဒါဟာ အနည်းငယ် ချဲ့ကားထားပေမဲ့ တကယ်ပဲ အဒီလို ဖြစ်နေတာပဲ။ ဒီ မြေအနှစ်သာရ ရွှေဆေးလုံးဟာ လူတစ်ယောက်ကို သိုင်းသူတော်စင် ဖြစ်စေနိုင်တယ်။ ဟုန်ယွိ၊ ဒါကို မြန်မြန် အသုံးပြုလိုက်ပါ။ စားသုံးပြီးရင်, မင်းခန္ဓာကိုယ်ထဲက သွေးအားလုံးကို သန့်စင်လိုက်။ ဒါဆို သိုင်းသူတော်စင် နယ်ပယ်ထဲ ဝင်ရောက်နိုင်ပြီ။ ငါကတော့ သိုင်းသူတော်စင် နယ်ပယ်ထဲ ဝင်ရောက်ပြီးသားမို့ သွေးလဲလှယ်ဖို့ မလိုတော့ဘူး။"
ချန်ယင်းရှာသည် ဟုန်ယွိအား နူးညံ့သော အသံဖြင့် ပြောသည်။ ထို့နောက် သူမ၏ မျက်လုံးများတွင် အေးစက်သော အလင်းတစ်ခု လင်းလက်သွား သည်။ "ဒီချန်ပီယံမြို့စားက ငါ့ကို စဉ်းစားနေတုန်းပဲလား။ ငါ ဘယ်လောက် အစွမ်းထက်လဲဆိုတာ သူ့ကို ပြရဦးမယ်။ ဒီလူက တကယ်ကို ရမ္မက်ကြီးသူပဲ။ သူ ကောင်းကင် မြွေဘုရင်မကိုတောင် မြှူဆွယ်ရဲတယ်။ ဒါပေမဲ့ ကောင်းကင် မြွေဘုရင်မက သူ့ကို မသတ်ခဲ့ဘူးဆိုတော့၊ ဒါက သူ တောရိုင်းဒေသမှာ ပြသခဲ့စွမ်းရည်ထက် ပိုပြီးအစွမ်းထက်နေတယ်ဆိုတာ ပြသနေတယ်။"
"ဟွန်း..။ မိုနိုဂိုတာရီက သူ့ကို မြေအနှစ်သာရရွှေဆေးလုံး ဘယ်နှစ်လုံး ပေးခဲ့လဲ ငါ မသိဘူး။ သူက တခြားသူတွေကိုတောင် ပေးနေသေးတယ်။ ငါ သူ့ဆီကနေ ဆေးအားလုံးကို ရအောင်ယူပြီး ရှန်ထိုက်ဇူနဲ့ မုကလေးတို့ကို ပေးရမယ်။"
ဟုန်ယွိလည်း အေးစက်သော အသံဖြင့် ပြောသည်။
သူ၏ လက်အောက်ငယ်သားများအားလုံး သိုင်းသူတော်စင် နယ်ပယ်ထဲသို့ ခြေလှမ်းဝင်ရောက်ပြီး သိုင်းသူတော်စင်တစ်ပိုင်း ဖြစ်သွားပါက သူတို့၏ ခွန်အား မည်မျှ တိုးတက်လာမည်ကို သူ ကိုယ်တိုင်ပင် မခန့်မှန်းနိုင်ပေ။
သူသည် စကားပြောနေရင်း ထိုပုံဆောင်ခဲကို ဖျစ်ခနဲမြည်အောင် ညှစ်လိုက်သည်။
ထို့နောက် ကြက်သွေးအနီရောင်၊ ခုန်နေသော မြေအနှစ်သာရရွှေဆေးလုံးကို ထုတ်ယူလိုက်သည်။ ၎င်းကို လက်ထဲတွင် ကိုင်ထားစဉ် ဟုန်ယွိသည် ဆေးလုံးက သူ၏ လက်ထဲတွင် အိပ်မောကျနေသော အရာငယ်တစ်ခုသဖွယ် အနည်းငယ် အသက်ရှူနေသည်ကို ခံစားလိုက်ရသည်။
"တကယ်ကို အံ့ဩစရာပဲ။ မြေအနှစ်သာရရွှေဆေးလုံးက အရမ်းကို အံ့ဩစရာ ကောင်းတယ်။ ကောင်းကင်အနှစ်သာရ ရွှေဆေးလုံးဆို ဘယ်လိုနေ လဲ။"
ဟုန်ယွိသည် ဆေးလုံးကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်ပါသည်။ ဆေးလုံးသည် အနည်းငယ် ခုန်နေသည်ကို သူ ခံစားလိုက်ရသည်။ အသားလုံး တစ်ခုက အန္တရာယ်ကို အာရုံခံမိပြီး ခုန်ထွက်တော့မလို ဖြစ်နေသည်။
ဟုန်ယွိသည် ဤမြေအနှစ်သာရရွှေဆေးလုံးကို သောက်သုံးခြင်းက ရက်စက်သော နာမည်ကြီး ဟင်းလျာဖြစ်သည့် "သုံးချက် အော်သံ" ဟင်းလျာကို စားခြင်းနှင့် တူသည်ဟု ခံစားရသည်။ ၎င်းဟင်းလျာသည် အရှင်လတ်လတ် ဆူဖြိုးနေသည့် မွေးကင်းစ ကြွက်အမျိုးအစား ဖြစ်သည်။ အစိမ်းစားသောအခါ ၎င်းသည် ကျီကျီအော်နေသည်။
"ဒါက ဆေးလုံးတစ်လုံး ဖြစ်ပေမဲ့ အသက်ရှင်တဲ့ အရာတစ်ခုလိုပဲ" ဟုန်ယွိသည် ၎င်းကို မဝါးဘဲ တိုက်ရိုက် မျိုချလိုက်သည်။
"ဒုန်း ဒုန်း…။"
ဆေးလုံးသည် သူ၏ လည်ချောင်းမှတဆင့် လျှောဆင်းသွားပြီး ဗိုက်ထဲသို့ ရောက်ရှိသွားသည်။ ဟုန်ယွိသည် သူ၏ ဗိုက်က နှစ်ကြိမ် ခုန်သွားပြီးနောက် ငြိမ်သက်သွားသည်ကိုသာ ခံစားလိုက်ရသည်။ အခြားဘာမှ မဖြစ်ခဲ့ပေ။
သို့သော် နှစ်နာရီခန့် ကြာပြီးနောက် ဟုန်ယွိ၏ ခန္ဓာကိုယ်သည် ပို၍ ပို၍ ပူလာသည်။ သူ၏ ခန္ဓာကိုယ်သည် ရေနွေးအိုးထဲတွင် လောင်ကျွမ်းနေသကဲ့ သို့ ဖြစ်နေပြီး၊ သူ၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းမှ လေပူများ ထွက်နေသည်။
ချွေးစီးများစွာ စီးကျလာသည်။ ဟုန်ယွိ၏ ခန္ဓာကိုယ်သည် ယိုစိမ့်နေသော ရေပိုက်တစ်ခုသဖွယ် ဖြစ်နေသည်။
အလွန်အမင်း ရေငတ်ခြင်း၊ မူးဝေခြင်းနှင့် ကိုယ်လက်မသက်မသာ ဖြစ်ခြင်းတို့သည် ဟုန်ယွိ၏ မာန်မာနရှိသော စိတ်ဆန္ဒကိုပင် ခံနိုင်ရည်မရှိလုနီးပါး ဖြစ်စေခဲ့သည်။
ကံကောင်းထောက်မစွာ မုကလေးသည် ချက်ချင်း ဆားရည်ကို ပြုတ်ပြီး ဟုန်ယွိအား သောက်ရန် ပေးခဲ့သည်။ ထိုအခါမှသာ သူ၏ ခန္ဓာကိုယ်သည် အငွေ့ပျံသွားသော ရေဓာတ်နှင့် ဆုံးရှုံးသွားသော ဆားဓာတ်ကို အချိန်မီ ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။
ဟုန်ယွိသည် သူ၏ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှုက ပိုမို မြန်ဆန်လာသည်ဟု ခံစားရသည်။
ချွေးများ ဆက်လက် ထွက်ပေါ်လာပြီး သူသည် ဆားရည်ကို ဆက်လက် သောက်နေရသည်။ သူ လဲကျတော့မလို ခံစားခဲ့ရသည်။ ထို့နောက် ချွေးသည် အနည်းငယ် နီရဲလာပြီး၊ ချွေးက ခြောက်သွားကာ သွေးထွက်နေသကဲ့သို့ ဖြစ်နေသည်။
ဤသွေးနှင့် ချွေးသည် အလွန် နံစော်ပြီး မနှစ်မြို့ဖွယ် ဖြစ်သည်။
"အံ့ဩစရာပဲ။ ဒါဟာ တကယ်ကို အံ့ဖွယ် သွေးလဲလှယ်ဆေးပဲ။ ဒါပေမဲ့ မဟာဆရာသခင် နယ်ပယ်ကို ရောက်ပြီး၊ အလွန်မင်းကြံ့ခိုင်တဲ့ ရုပ်ခန္ဓာကိုယ် ကို ပိုင်ဆိုင်မထားရင် ဒီဆေးကို လုံးဝ ခံနိုင်မှာ မဟုတ်ဘူး။" ဟုန်ယွိသည် ရေသောက်ရင်း ချီးကျူးလိုက်သည်။
ဒီလိုဆေးလုံးမျိုးက တစ်ချက်တည်းနဲ့ သောက်သုံးသင့်တဲ့အရာ မဟုတ်ဘူး။ အလွန်အမင်း ကြံ့ခိုင်အားကောင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မဟာ ဆရာသခင်တွေလောက်ပဲ ခံနိုင်လိမ့်မယ်။ မဟုတ်ရင် ခန္ဓာကိုယ်ထဲက အရှိန်မြှင့်ထားတဲ့ သွေးလှည့်ပတ်မှုဒဏ်ကို မခံနိုင်ဘဲ ချက်ချင်း သေဆုံးသွား လိမ့်မည်။
ဟုန်ယွိသည် ဤအဆင့်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ရက်အနည်းငယ် အနားယူပြီးနောက် သူတော်စင် နယ်ပယ်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်သွားမည်ကို သိရှိခဲ့သည်။
ပြန်လည် မွေးဖွားခြင်းနှင့် သွေးလဲလှယ်ခြင်း။
စာစဉ် (၂၇) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။