အခန်း (၄၀-၄၂)
Vol. 3 Ch. 40-42
အပိုင်း(၄၀)
*
“ဒါဆိုရင် အစုံလိုက်ပွဲအကြောင်း မေ့လိုက်လေ။ ကြက်ဥထမင်းကြော်ပွဲပဲ ပေးပါ" ဝမ်မန် ပြန်ပြောသည်။
ဝိုင်းကြည့်နေသော ဝူဟိုင်းနှင့် တခြားဖောာက်သည်များက ကောင်မလေး ရက်ရက်စက်စက် အငြင်းခံရမည့် မြင်ကွင်းကို မျှော်လင့်တကြီးဖြင့် ပြုံးကာ ကြည့်နေသည်။
ယွမ်ကျိုးက သူမ၏တောင်းဆိုမှုကို ငြင်းပယ်ခါနီး စနစ်က ရုတ်တရက် တုံ့ပြန်လာသည်။
စနစ်"ဒီတောင်းဆိုမှုက စည်းမျဉ်းကို မချိုးဖောက်ပါဘူး"
ယွမ်ကျိုးက ငြင်းပယ်ချင်သော ဆန္ဒကို ချက်ချင်း မျိုသိပ်လိုက်သည်။ သူ့စိတ်ထဲပေါ်နေသော စနစ်၏စာသားများကို သေချာဖတ်လိုက်သည်။
"ကိစ္စမရှိဘူး။ ခဏစောင့်ပေးပါ"
ယွမ်ကျိုးက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး ချက်ပြုတ်ရန် မီးဖိုချောင်ထဲ ဝင်သွားသည်။
ဝူဟိုင်းတို့က အဖွဲ့က မယုံကြည်နိုင်စွာ ငေးကြောင် ကြည့်နေသည်။
ဝူဟိုင်းက ထခုန်ကာ မေးမြန်းသည်။
"သူဌေး၊ ဘယ်လိုဖြစ်ရတာလဲ။ ဒီနေ့ ခင်ဗျားက စည်းမျဉ်းကို ချိုးဖောက်ချင်တာလား"
"အမှန်ပဲ။ ငါတို့တွေက ဒီဆိုင်မှာ အမြဲအားပေးနေတဲ့သူပါ။ ဒါတောင် ငါတို့တောင်းဆိုတာကို တစ်ခါမှ သဘောမတူခဲ့ဘူး။ ဒီကောင်မလေးက တစ်ခါပဲ တောင်းဆိုရတယ်နော်။ ခင်ဗျားက ချက်ချင်း သဘောတူလိုက်ရလား။ ဒါက ဘယ်လိုဖြစ်ရတာလဲ"
တစ်ယောက်ပြီးတစ်ယောက် မကျေနပ်ချက်ကို ထုတ်ဖော်သည်။
"သူဌေးယွမ်၊ ဒါကို လက်မခံနိုင်ဘူး"
"ခင်ဗျားက အလှလေးအတွက်နဲ့ စည်းမျဉ်းကို ချိုးဖောက်ချင်တာလား။ ဘယ်လိုဖြစ်ရတာလဲ"
ထို့နောက် ဝမ်မန်က ချစ်စဖွယ်မျက်ဝန်းဖြင့် ငေးကြည့်ကာ
"ငါက တူညီတဲ့ ဟင်းပွဲကို တောင်းဆိုတာ မဟုတ်ဘူးလေ။ ဒီတစ်ခေါက်မှာတာ ကြက်ဥထမင်းကြော်လေ။ အစုံလိုက် မဟုတ်ဘူးလေ။ ဟင်းပွဲချင်း မတူဘူးလေ ဟုတ်တယ်မလား"
"ဟမ်"
စောနက ဆူညံနေသူအားလုံး ကြက်သေသေကာ နှုတ်ဆိတ်သွားသည်။
"ဘာလဲဟ။ ဒီလိုလည်း ရတယ်လား"
"ဒီလိုဖြေရှင်းနည်းမျိုးကို ငါက ဘာလို့များ မတွေးမိတာလဲ။ ဟုတ်တယ် ဟင်းတစ်ပွဲကို တစ်ခါပဲ အော်ဒါတင်လို့ ရတာလေ။ ဒါပေမဲ့ မတူတဲ့ဟင်းပွဲကို ထပ်မှာတာက ပြဿနာ မဟုတ်ဘူး"
ဝူဟိုင်း အတွေးပေါက်သွားသည်။
"အကြံကောင်းပဲ။ ဒီနည်းလမ်းကို ငါ မစဉ်းစားခဲ့မိတာပဲ"
"ဒါက တကယ် အလုပ်ဖြစ်တာပဲ။ ဟင်းပွဲတိုင်းကို တစ်ခါပဲ မှာယူနိုင်တယ်"
ဖောက်သည်တိုင်းက ဤနည်းလမ်းကို စမြုံပြန်တွေးနေသည်။ ရိုးရှင်းသော အဖြေကြောင့် အံ့အားသင့်နေသည်။
လူအများစုက သူ့အမှားကို လက်မခံဘဲ အမှားကို သင်ခန်းစာယူရကောင်းမှန်း မသိခဲ့ပေ။ ပုံမှန်အားဖြင့် အကြောင်းပြချက် ပေးခြင်း နှင့် တခြားသူများကို အပြစ်တင်ခြင်း လုပ်ဆောင်သည်။ သာဓကအနေဖြင့် ပြသော် လက်တလောဝူဟိုင်း ဖြစ်သည်။
"သူဌေးယွမ်၊ ခင်ဗျားက ကျုပ်ကို လှည့်ဖြားတာပဲ"
ဝူဟိုင်းက မကျေနပ်သော အမူအရာဖြင့် ပြောဆိုသည်။
ယွမ်ကျိုးက ကောင်းကင်ဘုံကပင် ခွင့်မလွှတ်နိုင်သော အပြစ်ကို ကျူးလွန်ထား သကဲ့သို့ ဝူဟိုင်းက ပြုမူနေသည်။
"သူဌေး၊ ခင်ဗျားက ကြင်နာစိတ် မရှိဘူး။ ဘာလို့ စောစောစီးစီး မပြောတာလဲ"
တခြားဖောက်သည်များက သဘောတူပြီး မျက်မှောင်ကြုတ်ကာ ပြောသည်။
ဤမေးခွန်းမျိုးကို ရင်ဆိုင်ရသောအခါ ယွမ်ကျိုးက ပွင့်လင်းစွာ ပြန်ဖြေသည်။
"ဘာလို့ဆို မင်းတို့က သူ့လိုမှ အော်ဒါမတင်ဘူးလေ"
တကယ်တမ်း ယွမ်ကျိုး ကိုယ်တိုင်ပင် ဤနည်းလမ်းကို မသိခဲ့ပေ။ သူ ကြိုတင်သိထားလျှင် တခြားသူကို ပြောပြီသည်မှာ ကြာပါပြီ။ ယခုတော့ သူ မြတ်နိုးသောငွေများကို ဆုံးရှုံးခဲ့ရ၍ သူ့မျက်နှာက လေးနက်သွားသည်။
သူ့ဖြေကြားချက်က ဖောက်သည်များကို နှုတ်ဆိတ်စေသည်။
နောက်ဆုံးတွင်မူ ပထမဆုံးတုံ့ပြန်သောဝူဟိုင်းက စိုးရိမ်တကြီး စကားပြောသည်။
"ဒါဆိုရင် ငါလည်း ကြက်ဥထမင်းကြော် မှာချင်တယ်"
"ငါလည်း မှာမယ်။ ငါလည်း အဲဒီဟင်းပွဲ မှာချင်တယ်"
လူများစွာက သူတို့ဟင်းပွဲများကို တစ်ပြိုင်နက်တည်း အော်ဒါတင်ကြသည်။ အတွေးခေါင်ခဲ့သည့် သူတို့အုပ်စုက တစ်ယောက်ကိုယ် တစ်ယောက် အပြစ်တင် အကြောင်းပြချက်ပေးခြင်းဖြင့် ရန်ပွဲ ရပ်တန့်သွားသည်။
ကံကြမ္မာဘီးက အမြဲ တစ်ပတ်လည်သည်။ ယခုတော့ ဝမ်မန် ပျော်ရွှင်ရမည့် အချိန်ဖြစ်သည်။
ယွမ်ကျိုး၏ရိုးရှင်းသော အဖြေကြောင့် ပွက်လောရိုက်နေသော ဖောက်သည်များ နှုတ်ဆိတ်သွားသည်။
[သူဌေးက ဖြောင့်မတ်တဲ့ စရိုက်ရှိပြီး မန်မန်က ချစ်စရာအကောင်းဆုံးပဲ] Yteuje.
ထိုစဉ် လက်ဆောင်ပေးသော စာသားက ဖန်သားပြင်ပေါ်မှာ ပေါ်လာသည်။
[သူဌေးက ဟင်းချက်ကျွမ်းမယ့်ပုံပဲ။ မန်မန်၊ ဟင်းပွဲတွေက တကယ် အရသာရှိတာလား] Direction Idiot Looking for Help.
[မန်မန်၊ တခြားသူတွေကြည့်ရင်း မင်းရဲ့အချိန်တွေကို မဖြုန်းနဲ့။ မင်းရဲ့အလုပ်ကို မင်း အာရုံစိုက်ပြီး အစားအသောက်ကိုပဲ အလေးထားပါ] Whipping Palace.
[သူဌေးမှာလည်း သူ့သတ်မှတ်ချက်နဲ့သူ ရှိမှာပါ။ ဒါကြောင့်မို့ ပြောစရာ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဟင်းပွဲကို အတူတူမြည်းစမ်းကြည့်မယ်] Regretful.
[မန်မန်ရဲ့မျက်နှာလေးကို ကြည့်ရတာ အရမ်းပျော်နေပုံပဲ။ ငါလည်း မန်မန် ထမင်းကြော် ထပ်စားတာကို မြင်ချင်တယ်။ သူက ပြုံးလိုက်တိုင်း ချစ်စရာကောင်းတယ်]
Good Person Lacking the Moon
“အားလုံး မစိုးရိမ်ပါနဲ့။ ကြက်ဥထမင်းကြော် ရောက်နေပြီ။ မစားခင် ဟင်းပွဲကို တစ်ချက်ကြည့်ပါ"
ဝမ်မန်က ရတနာကို ပြသကဲ့သို့ လတ်လတ်ဆတ်ဆတ် ကြက်ဥထမင်းကြော်ကို မြှောက်ပြသည်။
ထိုစကားကိုပြောပြီးနောက် သူမက ကြက်ဥထမင်းကြော်ကို ကင်မရာ အနီးအနား ရွေ့လိုက်သည်။
ယွမ်ကျိုး ပြင်ဆင်ထားသော နတ်ဘုရားအဆင့် ကြက်ဥထမင်းကြော်က အရသာထူးကဲသည့်အပြင် ပုံပန်းသွင်ပြင်လည်း ကောင်းမွန်သည်။ ကင်မရာကောင်းကောင်းဖြင့် ရိုက်ကူးထားသော ဟင်းပွဲဟုပင် ထင်ရသည်။
[ဝိုး မိုက်တယ်ကွာ မန်မန်၊ ကျော်ကြားတဲ့ဟင်းပွဲဓာတ်ပုံတွေထက်တောင် ကြည့်လှသေးတယ်]
Yteuje.
[ဘာကြောင့်မှန်းတော့ မသိပါဘူး။ ဖုန်းဖန်သားပြင်ကို ကိုက်ချင်စိတ်ပေါက်လာပြီ။ ပုံရိပ်ယောင်ဆိုတာ သိပါတယ်] Thief of Cuisine.
[မန်မန်၊ ငါ့ကိုစောင့်ပါဦး။ အရမ်းဗိုက်ဆာလို့ ခေါက်ဆွဲပြုတ်နောက်ထပ်တစ်ပွဲ စားဦးမယ်] Dark Cloud in the Blue Sky.
“ရှင်တို့လည်း စားချင်နေမှန်း သိပါတယ်။ ဒါပေမဲ့ အခုတော့ မန်မန်က ရှင်တို့ရဲ့ စားချင်တဲ့ အာသီသပြေအောင် ကူညီပေးမယ်"
ထိုစကားကိုပြောပြီးနောက် ဝမ်မန်က ဇွန်းတစ်ဇွန်းစာ ခပ်လိုက်ပြီး ဟင်းပွဲ၏အရသာကို မြည်းစမ်းကြည့်သည်။ ထိုစဉ် ဖန်သားပြင်ပေါ်တွင် လက်ဆောင်များ ပြည့်နှက်နေ၍ ဝမ်မန်က ပို၍ပျော်ရွှင်စွာဖြင့် ဂရုတစိုက်စားသည်။
"ငါ့ဘဝမှာ ပထမဆုံးအကြိမ် ဗိုက်ပြည့်အောင် စားရတယ်။ ဒုတိယတစ်ပွဲက ထပ်ရဖို့ ခက်ခဲတယ်"
ဝူဟိုင်း၏အလုပ်အကိုင်က အနုပညာဖန်တီးခြင်းဖြစ်သည်။
"တကယ်ကို မလွယ်ကူဘူး။ သူဌေးယွမ်က သံလိုက်အိမ်မြှောင် နာမည်ပေးထိုက်ပါတယ်။ စည်းမျဉ်းပဲ သိပြီး လှည့်ဖြားတတ်တယ်"
ဒုတိယတစ်ပွဲ ထပ်စားရ၍ ထငိုသူများလည်း ရှိသည်။
"အံ့ဩစရာကောင်းတဲ့ ကြက်ဥထမင်းကြော်၊ ဟင်းပွဲတစ်ပွဲချင်းစီ အော်ဒါတင်လို့ ရတော့ နှစ်ပန်ကန်စားလို့ရပြီ။ အခုတော့ဘဝက အရမ်းကို ကောင်းမွန်နေပြီ"
တခြားသူက တူဖြင့် အားရပါးရ စားသုံးသည်။
"ဒါပေမဲ့ မင်းမှာ ပိုက်ဆံအလုံအလောက် မရှိဘူးလေ"
အနီးအနားရှိဖောက်သည်က အေးတိအေးစက် လှောင်ရယ်သည်။
"မစိုးရိမ်ပါနဲ့။ ရာထူးတိုးဖို့ လစာတိုးဖို့ အလုပ်ကြိုးစားမယ်။ ရည်မှန်းချက်က တစ်နေ့ကြက်ဥထမင်းကြော် ၆ပန်ကန်စားဖို့ပဲ"
အလုပ်ကြိုးစားသော ဖောက်သည်က သူ့ရည်ရွယ်ချက်ကို ထုတ်ပြောသည်။
ထိုစကားသံကြောင့် ယွမ်ကျိုးက မျက်ခုံးပင့်နေသည်။ ကြက်ဥထမင်းကြော်တွင် ယခုလို အကျိုးသက်ရောက်မှုမျိုး ရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"ကျေးဇူးပဲ သူဌေး၊ ကျွန်မ ပြန်တော့မယ်" ဝမ်မန်က တိုက်ရိုက်ထုတ်လွှင့်ခြင်းကို ပိတ်လိုက်ပြီး ယွမ်ကျိုးကို ကျိုးနွံစွာဖြင့် နှုတ်ဆက်စကားပြောသည်။
"ဟုတ်ကဲ့ပါ။ ဂရုစိုက်ပြန်ပါ"
ယွမ်ကျိုးက သူ့နောက်ဆုံးဖောက်သည်ကို လိုက်ပို့သည်။
ယွမ်ကျိုးက စားသောက်ဆိုင်တံခါးကို ပိတ်လိုက်သည်။
ထို့နောက် ယွမ်ကျိုးက တစ်နေ့တာ ဆေးကြောရမည့်ပန်ကန်များကို အဆင့်မြင့်ပန်ကန်ဆေးစက်ထဲ ထည့်လိုက်သည်။ သူ ဘာမှလုပ်စရာ မရှိပေ။
စနစ်"မစ်ရှင် ပြီးဆုံးခြင်း။ ဆုလာဘ်ကို ယခုပဲ ရယူနိုင်ပါပြီ"
ယွမ်ကျိုးက လှေကားပေါ် ချက်ချင်း တက်သည်။
လှေကားပေါ်မြန်မြန်ဆန်ဆန် သောကြောင့် ဒေါက်ဒေါက်မြည်သံကို ကြားနိုင်သည်။
သူက တံခါးကို တွန်းဖွင့်လိုက်ပြီး သူ့အခန်းထဲ အမြန်ဝင်သည်။ ဖုန်းကို ဖွင့်ကာ သူ့စိတ်ထဲ မစ်ရှင်အခြေအနေကို ထိလိုက်သည်။
[မစ်ရှင်၂] ဆိုင်ရှင်က အနီးအနား ပတ်ဝန်းကျင်မှာ အတော်အတန် အောင်မြင်နေပါပြီ။ ရက်၂၀အတွင်း အင်တာနက်ပေါ်မှာ အသိအမှတ်ပြုတဲ့အမှတ် ၁၀၀၀ရအောင် ကြိုးစားပေးပါ။
(မစ်ရှင်တိုးတက်မှုအခြေအနေ : ၁၀၀၀/၁၀၀၀)
(မစ်ရှင်ဆုလာဘ်) ခေါက်ဆွဲပြုတ်အချို (ရရှိသွားပါပြီ)
"ဘယ်လိုဖြစ်ပြီး တာဝန်က မြန်မြန်ဆန်ဆန် ပြီးသွားတာလဲ"
ထိုစကားကိုပြောပြီးမှ တုံးအသော စကားမျိုးကို ပြောမိမှန်း သဘောပေါက်သွားသည်။ အကြောင်းအရင်းက တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် ဖြစ်နိုင်သည်။
တကယ်တမ်း စနစ်က ယွမ်ကျိုး၏မေးခွန်းကို လျစ်လျူရှုထားသည်။
ခေါက်ဆွဲပြုတ်အချိုကို လက်ခံပြီးနောက် ချက်ပြုတ်မှုနည်းလမ်းက ယွမ်ကျိုး၏ဦးနှောက်ထဲ အလိုအလျောက် ဝင်ရောက်သွားသည်။ ခေါက်ဆွဲပြုတ်အချိုတွင်သုံးထားသော ခေါက်ဆွဲက သာမန်ခေါက်ဆွဲနှင့် မတူမှန်း သဘောပေါက်လိုက်သည်။
"နောက်ဆုံးတော့ ခေါက်ဆွဲပြုတ်အချိုက ငါ့လက်ထဲ ရောက်လာပြီ"
အပိုင်း(၄၀)
ပြီး၏။
အပိုင်း(၄၁)
*
ဂွီ
သူ့အစာအိမ်မှ ဗိုက်ဆာလောင်သောအသံ ထွက်ပေါ်လာ၍ ယွမ်ကျိုး လန့်နိုးသွားသည်။ သူက အတွေးထဲနစ်မြောနေပြီး ခေါက်ဆွဲပြုတ်အချို ချက်ပြုတ်နည်းကို အထင်ကြီးလေးစားနေသည်။
“အို့ ဒီနေ့ည ညစာတောင် မစားရသေးဘူး။ ညစာအတွက် ခေါက်ဆွဲပြုတ် ပြင်ဆင်ရင် မကောင်းဘူးလား” ယွမ်ကျိုးက တည်ငြိမ်စွာဖြင့် သူ့စိတ်ထဲ ရေရွတ်လိုက်သည်။ စောနတုန်းက ကြက်ဥထမင်းကြော် ၂ပွဲစားထားခြင်းကို မေ့လျော့နေသည်။
“ဒုန်း ဒုန်း ဒုန်း"
သူက အောက်ထပ်သို့ အမြန်ပြေးဆင်းသွားသည်။
မီးဖိုချောင် မီးများကို ဖွင့်လိုက်သောအခါ နေ့အချိန်ကဲ့သို့ တစ်ခန်းလုံး လင်းလက်သွားသည်။ ပင်မခန်းမဆောင်ထဲမှ အလင်းရောင်များသည် စားသုံးသူများကို နွမ်းလျစိတ် ပြေလျော့စေသည်။
ယွမ်ကျိုး မျှော်လင့်ထားသည့်အတိုင်း မီးဖိုချောင်ထဲမှာ ပစ္စည်းအသစ် ရောက်နေသည်။
အံဆွဲအသစ်အပေါ်တွင် ‘ဘက်စုံသုံး’ဟူသောစကားလုံး ရေးထိုးထားသည်။ ရှောင်လုံပေါင်း အသုံးပြုခဲ့သော ဂျုံအံဆွဲ၏ ဘေးနားတွင် ရှိသည်။ ထိုစဥ် မီးဖိုဘေးတွင် ချက်ပြုတ်အိုးအသစ် ပေါ်လာသည်။ သို့သော်လည်း ယွမ်ကျိုး ယခင်က မြင်တွေ့ဖူးသော အိုးများနှင့် ခြားနားသည်။
ပုံမှန်အိုးများကို တခြားစားသောက်ဆိုင်များတွင် အသုံးပြုသည်။ အိုးက ကြီးမားသောကြောင့် ခေါက်ဆွဲတော်တော်များများကို တစ်ပြိုင်နက်တည်း ပြင်ဆင်နိုင်သည်။ ယွမ်ကျိုး ပိုင်ဆိုင်သွားသော ချက်ပြုတ်အိုးက အကန့်အများကြီးပါသော ဟင်းချက်အိုးဖြစ်သည်။ အကန့်တစ်ခုချင်းစီတွင် ၁၀၀ဂရမ် ခေါက်ဆွဲများကို ပြုတ်နိုင်သည်။
စုစုပေါင်း ၁၂ကန့်ပါဝင်သည်။ အတန်း ၃တန်း ထောင်လိုက် ၄ခု ဖြစ်သည်။ သေချာအကဲခတ်ကြည့်ကာ ထိတွေ့ပြီးနောက် အကန့်တိုင်းကို သေချာပိုင်းခြားထားမှန်း သိလိုက်သည်။
လက်ကိုင်မှ ထွက်လာသော သာယာနားပျော်ဖွယ်အသံကြောင့် ကြွေရည်သုတ်ထားမှန်း ယွမ်ကျိုး သိလိုက်သည်။
“စနစ်၊ ဒါက အပူခံကြွေရည်သုတ်အိုးလား”
ယွမ်ကျိုးက တက္ကသိုလ်ကျောင်းသားဘဝတွင် ကြွေထည်များ အကြောင်း လေ့လာခဲ့ဖူး၍ အပူခံ ကြွေရည်သုတ်အိုး ဖန်တီးရန် မလွယ်ကူမှန်း သိသည်။
စနစ် “ဒီချက်ပြုတ်အိုးကို အပူခံကြွေရည်ကို အသုံးပြုထားပါတယ်။ ဒါကြောင့်မို့ အရည်အသွေးက ထိပ်တန်းအဆင့်ပါပဲ”
“ဒါဆိုရင် ဒီအိုးကိုရောင်းပြီး တခြားတစ်ခုနဲ့ လဲလှယ်ယူလို့ရလား”
ယွမ်ကျိုးက မေးမြန်းသည်။
စနစ် “ ဒီဟင်းချက်အိုးထဲ ထည့်ချက်မှ အရသာနဲ့ အဟာရဓာတ် အပြည့်အဝ ရမှာပါ။ ဒီပစ္စည်းက ရောင်းဖို့ မဟုတ်ပါဘူး”
ယွမ်ကျိုး သိထားသလောက် အပူခံကြွေရည်သုတ်ပစ္စည်းကို တခြားနေရာများတွင်လည်း အသုံးပြုနိုင်သည်။ အထူးသဖြင့် အီလက်ထရောနစ် နည်းပညာများတွင် အသုံးပြုနိုင်သည်။
စနစ်က သူ့ကို ချက်ပြုတ်ရန်အတွက် အဖိုးတန်ပစ္စည်းကို ထောက်ပံ့ပေးထား၍ အံ့အားသင့်နေရသည်။
ဘေးဘက်နားမှာ ရေစည်အသစ်ပေါ်လာပြီး ဂျုံနယ်ရန် သီးသန့်ဟု စာသားပေါ်လာသည်။
ယွမ်ကျိုးက သူ့စိတ်ထဲ ငြီးတွားလိုက်ပြီး ဂျုံအပြည့်ဖြည့်ထားသော အံဆွဲကို တည်ငြိမ်စွာ ဖွင့်လိုက်သည်။
အံဆွဲဖွင့်ဖွင့်ချင်း ဂျုံ၏ ထူးခြားသော မွှေးရနံ့ ပျံ့လွင့်လာသည်။
ယွမ်ကျိုးက ၅၀အချင်းရှိသော နီညိုရောင်အိုးကို ယူပြီး မိုးပြာရောင်ရှိသော မီးဖိုချောင် အခင်းပြားပေါ် တင်လိုက်သည်။ ထို့နောက် သန့်ရှင်းသော သစ်သားယောက်ချိုဇွန်းဖြင့် ဂျုံကို ခပ်လိုက်သည်။
လက်တလော အသုံးပြုသော ဂျုံအမျိုးအစားက ယခင်က ဖက်ထုပ်တွင် အသုံးပြုခဲ့သောဂျုံနှင့် ခြားနားသည်။ ပထမဆုံးအနေဖြင့် ဂျုံက ပုံမှန်မြင်တွေ့နေကျ ကဲ့သို့ နှင်းတမျှ ဖြူဖွေးခြင်း မဟုတ်ပေ။ ထို့အစား အဝါရောင်သန်းနေသည်။ ယွမ်ကျိုး၏ အနံ့ခံအာရုံကောင်းမွန်၍ ခြားနားသောရနံ့ကို ခံစားမိသည်။
သူက ကြောင်အိမ်ကို ဖွင့်လိုက်သောအခါ အညံ့စားကြွေခွက်များ ပေါ်လာခြင်းကို သတိပြုမိသည်။ အညိုနုရောင်ရှိပြီး အပြင်ဘက်တွင် တိမ်ပုံစံ ပုံဖော်ထားသည်။ အညံ့စား ကြွေထည်ဖြင့် ဖန်တီးထားသော်လည်း ပုံမှန်ကြွေခွက်များထက် အရည်အသွေးကောင်းမွန်သည်။ ထို့အပြင် ကြွေခွက်ကို ကြွေရည်မသုတ်ထားပေ။
ယွမ်ကျိုးက ဂျုံထည့်ထားသော အိုးထဲ ရေနှစ်ခွက်ကို ထည့်လိုက်ပြီး ဂျုံနယ်ခြင်း စတင်သည်။
မှန်ပါသည်။ ခေါက်ဆွဲပြုတ်အချို၏ ဟင်းချက်နည်းကို စနစ်မှ ပေးအပ်ထားသော်လည်း ခေါက်ဆွဲသားကို သူကိုယ်တိုင် ပြုလုပ်ရမည်။
ကမ္ဘာပေါ်တွင် ဂျုံနယ်ခြင်း အဆင့်သတ်မှတ်ချက် ရှိလျှင် ယွမ်ကျိုး၏အပြုအမူများက စာအုပ်ပါစည်းမျဉ်းများကို လိုက်နာပြီး ထူးခြားသည်ဟု ခံစားမိလိမ့်မည်။ သူ့လှုပ်ရှားမှုများက ကြော့ရှင်းသော်လည်း သူ့ကိုယ်ပိုင်ဟန်ရှိသည်။
ဂျုံမုန့်ညက်က ယွမ်ကျိုး၏လက်ထဲမှာပင် တဖြည်းဖြည်းချင်း နူးညံ ချောမွေ့လာပြီး အဝါရောင်အသွင်မှ ဖိတ်ဖိတ်တောက်နေသော အရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
မိုးပြာရောင်မီးဖိုချောင်အခင်းပြား၏ တခြားတစ်ဖက်တွင် ယွမ်ကျိုးက ဂျုံမှုန့်များကို ဖြန့်ကျဲထားပြီး ဂျုံမုန့်ညက်ကို ယူကာ လိမ့်တုံးဖြင့် မုန့်ညက်ကို ပြားသည်။
တကယ်တမ်း အသုံးပြုထားသော လိမ့်တုံးပင် သာမန်ထက် ထူးခြားပြီး ခေါက်ဆွဲလိမ့်ရန် သီးသန်ဟု ရေးထားသေးသည်။
အာရာဇ်အပင်၏ အူတိုင်ကို အသုံးပြုထား၍ ရွှေရောင်သန်းနေသည်။ နှစ်တစ်ရာ သက်တမ်းရှိသော အပင်များအနက် ဧကရာဇ်လည်း ဖြစ်သည့် အပင်ကို စနစ်မှ ထောက်ပံ့ပေးထားသည်။
ယွမ်ကျိုးက လျင်မြန်စွာ လုပ်ဆောင်သည်။ ခဏကြာပြီးနောက် ဂျုံမုန့်ညက်ကို ဓားဖြင့်လှီးရမည့် အဆင့်ဖြစ်သည်။
ထို့နောက် သင့်လျော်သောအထူသတ်မှတ်ပြီး ဂျုံပြားကို ထပ်ကာ ခေါက်ဆွဲလှီးဓားဖြင့် လှီးသည်။
ထို့နောက် ပြန့်ပြူးသော မီးဖိုစားပွဲပေါ် နှင့် ဓားထိတွေ့သောအသံက သာယာဖွယ်ကောင်းပြီး ယွမ်ကျိုး၏လှုပ်ရှားမှုတိုင်းနှင့် လိုက်ဖက်မှုရှိသည်။ ခေါက်ဆွဲမျှင်များကို ဝါးခြမ်းပြားပေါ်တွင် ဖြန့်ကာ လတ်ဆက်စွာ သိမ်းဆည်းထားနိုင်သော ကြောင်အိမ်ထဲ သိုလှောင်ထားသည်။
“ခေါက်ဆွဲပြုတ်ဖို့ အချိန်ကျရောက်ပြီ”
သူက နဖူးပေါ်မှ ချွေးသီးများကို သုတ်လိုက်ပြီး အထူးချက်ပြုတ်အိုး၏အဖုံးကို ဖွင့်လိုက်သည်။ အလယ်အကန့်တွင် ရေများ အလိုအလျောက် ဖြည့်ပေးထားပြီး ၇၀ရာခိုင်နှုန်းခန့် ရှိသည်။ ၁၀စက္ကန့်ကျော်ကြာပြီးနောက် ရေပွက်ပွက်ဆူလာသည်။ လက်အပြည့် ခေါက်ဆွဲများကို ယူလိုက်ပြီး အိုးထဲ ပစ်ထည့်လိုက်သည်။ ချက်ချင်း ခေါက်ဆွဲ အပေါ်တက်လာပြီး ကျက်သရေ တင့်တယ်စွာ လိမ်ခွေနေသည်။
“စနစ်ရေ။ ဂျုံရင်းမြစ်ကို ပြောပေးပါ” ယွမ်ကျိုးက ဟင်းလျာအသစ်ရတိုင်း ယခုလိုမေးခွန်းမျိုးကို မေးမြန်းလေ့ရှိသည်။
စနစ် “ဂျုံစိုက်ပျိုးခြင်းကို အစော လုပ်ဆောင်ခဲ့တာက မက်ဆိုပိုတေးရီယား နယ်မြေပဲ”
“တရုတ်ပြည်က ဂျုံတွေကို မြစ်ဝါမြစ်ဘက်ခြမ်းမှာ အရင်စိုက်ပျိုးတယ်။ ပြီးတော့ ယန်ဇီမြစ်တောင်ဘက်မှာလည်း စိုက်ပျိုးလာပြီး အဲဒီကနေတဆင့် ကိုရီးယား နဲ့ ဂျပန်ကို ပြန့်သွားတာပဲ။ ၁၅ရာစု နဲ့ ၁၇ရာစုကြားမှာ ဥရောပတိုက်က ကိုလိုနီတွေက ဂျုံမျိုးစေ့တွေကို တောင်အမေရိကတိုက် နဲ့ မြောက်အမေရိကတိုက်စီ သယ်သွားတယ်။ ၁၈ရာစုမှာတော့ ဂျုံက တစ်ကမ္ဘာလုံး ပြန့်သွားတာပဲ”
“ဂျုံမျိုးစေ့နှစ်မျိုးကို အီရန်ရဲ့အရှေ့ဘက်အပိုင်းမှာ စိုက်ပျိုးတော့ ဂျုံ နဲ့ တောရိုင်းအပင်တို့ မျိုးစပ်ရင်း ကျုပ်တို့ နေ့စဥ် အသုံးပြုတဲ့ သာမန်ဂျုံမျိုးကို ရရှိတာပဲ”
“စနစ်က အသုံးပြုထားတဲ့ ဂျုံက သဘာဝကနေ ရတဲ့ ပထမဆုံးမျိုးဆက်ဖြစ်လို့ ပြီးပြည့်စုံတယ်။ အကောင်းဆုံးလို့ပဲ သတ်မှတ်နိုင်တယ်”
“ဟုတ်ပါပြီ။ ဒါတွေကို ဧကရာဇ်တစ်ပါးလို သဘောထားပါ့မယ်။ အထူးခြားဆုံး ဆန် နဲ့ အခုတော့ အထူးကဲဆုံး ဂျုံပေါ့”
ယွမ်ကျိုးက သူ့ကိုယ်သူ ရေရွတ်သည်။
ထိုစဉ် အိုးထဲမှ ခေါက်ဆွဲ အသင့်ဖြစ်နေပါပြီ။
ထိပ်တန်းအရည်အသွေးရှိသော ခေါက်ဆွဲပြုတ်၏ အရသာကို ယခု မြည်းစမ်းရတော့မည်။
အပိုင်း(၄၁)
ပြီးပါပြီ။
အပိုင်း(၄၂)
*
ယွမ်ကျိုးက ကြွေခွက်အညံ့စားကို ယူလိုက်ပြီး ဟင်းခတ်အမွှေးအကြိုင်များ ထည့်ရန် ပြင်ဆင်သည်။ သူက ဆားဘူးကို ဖွင့်လိုက်ပြီး သူ့အကြိုက်အလိုက် ဆားထည့်ပြီး ပင်လယ်စာဆော့စ်ကိုလည်း အရသာရှိအောင် ထည့်လိုက်သည်။ ထို့နောက် သူကခွက်ကို အောက်ချထားလိုက်ပြီး ခေါက်ဆွဲထည့်သည်။
ယွမ်ကျိုးက ရေစစ်သော ယောက်ချို နှင့် ရှည်လျားသောဝါတူကို ကျင်လည်စွာ အသုံးပြုပြီး ခေါက်ဆွဲကို ဆယ်ကာ ရေအေးထဲ လျင်မြန်စွာ နှစ်လိုက်သည်။
ထို့နောက် ခေါက်ဆွဲများက အမွှေးအကြိုင် ရောစပ်ထားသော ခွက်ထဲပစ်ထည့်လိုက်သည်။
ပွက်ပွက်ဆူနေသော စွပ်ပြုတ်များကို ဇွန်းအပြည့်ခပ်ကာ ခေါက်ဆွဲပေါ် လောင်းချလိုက်သည်။ အပူချိန်မြင့်တက်လာခြင်းကို ချက်ချင်း ခံစားရပြီး မွှေးကြိုင်သောရနံ့က သူ့နှာခေါင်းထဲ ဝင်ရောက်လာသည်။
နှမ်းဆီး တစ်စက် နှစ်စက်ခန့် ထည့်လိုက်သောအခါ မွှေးရနံ့ ပိုသင်းကြိုင်လာပြီး မီးဖိုချောင်ထဲ ပြန့်သွားသည်။
ယွမ်ကျိုးက ခေါက်ဆွဲပန်ကန်လုံးကို သယ်ဆောင်ကာ သူ့သီးသန့်ခုံမှာ ထိုင်လိုက်သည်။ ပန်ကန်လုံး၏ ၈၀ရာခိုင်နှုန်းခန့်က စွပ်ပြုတ်အရည်ဖြစ်ပြီး ခေါက်ဆွဲ အတော်အတန်ပါသည်။
ယွမ်ကျိုးက ခေါက်ဆွဲထက် ထမင်းကို ပိုနှစ်သက်သည်။ အရွယ်ရောက်အမျိုးသားဖြစ်သော်လည်း ခေါက်ဆွဲ ၅၀ဂရမ်ကိုသာ စားသုံးနိုင်သည်။ ထို့ကြောင့် စားသောက်ဆိုင်မှာ သွားစားတိုင်း ခေါက်ဆွဲ နည်းနည်းပဲ ထည့်ခိုင်း၍ သူဌေးက ထူးဆန်းသော အကြည့်ဖြင့် ကြည့်တတ်သည်။
ယခုတော့ ယွမ်ကျိုးက ခေါက်ဆွဲပန်ကန်လုံးကို ကိုင်ကာ အားရပါးရ စားသောက်နေသည်။ ဤမြင်ကွင်းကို ကြည့်ရုံဖြင့် သူက ခေါက်ဆွဲ မကြိုက်သူဟု ယုံကြည်ရန် ခက်ခဲသည်။
“တကယ့်ကို အရသာရှိတယ်” ယွမ်ကျိုး ရေရွတ်သည်။
ဟင်းခတ်အမွှေးအကြိုင် နည်းနည်းခန့် ထည့်သုံးထားသော်လည်း ခေါက်ဆွဲပြုတ်က သာမန်ခေါက်ဆွဲစွပ်ပြုတ်ထက် အရသာရှိသည်။
စနစ်က အကောင်းဆုံး ဂျုံကို အသုံးပြုပေးထား၍ ဖြစ်နိုင်သည်။
စနစ် “ဂျုံစေ့ကို မကြိတ်ခင် အကောင်းဆုံး ဂျုံစေ့တွေကို ရွေးချယ်ပြီးမှ အခွံချွတ်တယ်။ ပြီးမှ ကြိတ်တာပါ”
"ဂျုံစေ့တွေကို ရိုးရာနည်းအတိုင်း ကျောက်တုံးကြိတ်စက်မှာ ကြိတ်တယ်။ ဂျုံစေ့ထဲမှာပါဝင်တဲ့ အာဟာရဓာတ်ကို အလဟဿမဖြစ်အောင် အပူချိန်ကို လျော့ထားတယ်။ ကျောက်တုံးကြိတ်စက်တွေမှာ ကြိတ်ရင် အာဟာရဓာတ်တွေကို ထိန်းထားနိုင်တယ်"
"အဲ့ဒီအာဟာရဓာတ်တွေထဲမှာ ပရိုတိန်း၊ဂလူတင်၊ကယ်ရိုတင်း၊ကာဗွန်ဟိုက်ဒရိတ်၊ကယ်ဆီယမ်၊ဖော့စပေါရပ်စ်၊အိုင်းယွန်း၊ဗီတာမင် ဘီ၁၊ဘီ၂ အစရှိတာတွေ ပါဝင်တယ်။ သာမန်ဂျုံထက် ကယ်ရိုတင်းနဲ့ဗီတာမင် အီး ပိုပေါကြွယ်ဝတာကို တွေ့ရတယ်။ ဒီ့အပြင် ဂျုံစေ့တွေကို ဖြေးဖြေးချင်း ကြိတ်တဲ့အတွက်ကြောင့် ဂျုံစေ့တွေမှာရှိတဲ့ မော်လီကျူးတည်ဆောက်ပုံကို မပျက်စီးစေဘူး။ အရောင်အဆင်း၊အနံ့အရသာအတွက် ဓာတုပစ္စည်းတွေ သုံးစရာမလိုဘူး"
"မူလအရောင်က အဝါရောင်ဖြစ်ရတဲ့ အကြောင်းအရင်းက လူသားတွေရဲ့အာရုံကြောစနစ်နဲ့ အရေပြားတစ်ရှူးတွေကို ကောင်းမွန်စေတဲ့ ဗီတာမင် ဘီ ပေါကြွယ်ဝလို့ပဲ"
ယွမ်ကျိုးစားလိုက်သော ခေါက်ဆွဲက စနစ်မှ အထူးပံ့ပိုးထားသော ဂျုံခေါက်ဆွဲဖြစ်သည်။ ယွမ်ကျိုးက သူ့ခံတွင်းထဲ ဝင်သွားသော ခေါက်ဆွဲများကို အကြိမ်ပေါင်းများစွာ လှည့်ပတ်ကြိတ်ချေသည်။ တစ်ကိုက် စားကြည့်ရုံဖြင့် ခေါက်ဆွဲ၏အရသာ ထူးခြားမှုကို သိနိုင်သည်။ မုန့်ညှက်နယ်စဉ်အတွင်း ဖြစ်ပေါ်လာသော မွှေးရနံ့သည် ခေါက်ဆွဲအသားတွင် ထွက်ပေါ်လာသည်။ တစ်ကိုက်စားကြည့်ရုံဖြင့် ရွှေရောင်ဂျုံခင်းထဲ လွင့်မျောနေသည်ဟု ခံစားရသည်။ နတ်သုဒ္ဓါ စားနေရသည်ဟု ထင်မှတ်မိသည်။ အဓိက ပါဝင်ပစ္စည်းက ခေါက်ဆွဲဖြစ်ပြီး တခြားဟင်းခတ်အမွှေးအကြိုင်ပစ္စည်းများက ခေါက်ဆွဲ၏ဖြည့်ဖက် ပစ္စည်းများသာ ဖြစ်သည်။ ထူးကဲစွာ ဖြည့်စွက်အသုံးပြုထားသော တွင်းဆားနှင့် အံ့ဩဖွယ်ကောင်းသော စွပ်ပြုတ်က အဓိကပါဝင်ပစ္စည်း၏အရသာကို ပို၍ ကောင်းမွန်စေသည်။ ဝါးစားရန်သင့်လျော်သော ခေါက်ဆွဲအသားများသည် ချောမွေ့ပြီး အလွယ်တကူမြိုချနိုင်သည်။ နင်ခြင်းနှင့် အစာရေမျိုတွင် ကပ်ညှိစရာအကြောင်းမရှိပေ။ အကြောင်းမူကား အစာအိမ်သည် ခေါက်ဆွဲများကို များသထက်များများစားရန် တောင်းဆိုနေသောကြောင့် ဖြစ်သည်။
ယွမ်ကျိုးက ခေါက်ဆွဲများကို အငမ်းမရစားနေသောအသံသည် စားသောက်ဆိုင်တစ်ဆိုင်လုံး ပဲ့တင်ထပ်နေသည်။ ဟင်းပွဲက အရမ်းကို အရသာရှိနေလျှင် မည်သူက ဟန်ဆောင်ပန်ဆောင်စားနိုင်မည်နည်း။
နောက်ဆုံးလက်ကျန်ခေါက်ဆွဲများကို ပလုတ်ပလောင်းဝါးကာ မြိုချလိုက်ပြီးနောက် ယွမ်ကျိုးက ခွက်ကို သယ်ဆောင်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ ကျန်နေသေးသောစွပ်ပြုတ်ရည်များကို သောက်လိုက်သည်။
"အရမ်းအရသာရှိတာဘဲ" ယွမ်ကျိုးက သူ့ရဲ့ဝမ်းဗိုက်ကို မသိမသာထိတွေ့ကြည့်သည်။ ပန်းကန်လုံးအလွတ်နှင့် ခေါက်ဆွဲချက်သောအိုးကို ငေးကြည့်နေစဉ် လေးကန်စွာ သက်ပြင်းချလိုက်သည်။
"ဗိုက်အရမ်းပြည့်သွားပြီ။ ထပ်မစားနိုင်တော့ဘူး" ယွမ်ကျိုးက နောင်တရသော လေသံဖြင့် စကားပြောသည်။ ဗိုက်ပြည့်အောင်စားပြီးနောက် မစ်ရှင်အခြေအနေကို စစ်ဆေးရန် ဖန်သားပြင်ကို ထိတွေ့လိုက်ပြီး သူ့ဆီပို့ထားသောစာများကို ကြည့်လိုက်သည်။
ပစ်မှတ် : စနစ်က မင်းကို ထိပ်တန်းစားဖိုမှူးဖြစ်လာအောင် အရှေ့တိုင်း နှင့် အနောက်တိုင်းဟင်းလျာများ နှံ့နှံ့စပ်စပ် ကျွမ်းကျင်အောင် ကူညီပေးမည်။
လက်ခံသူဆိုင်ရှင် : ယွမ်ကျိုး (သာမန် ဟန် တရုတ်လူမျိုး)
လိင်အမျိုးအစား : အမျိုးသား
အသက် : ၂၄
ရုပ်ပိုင်းဆိုင်ရာ
အရည်အသွေး : C
ဟင်းချက်စွမ်းရည် : မဆုံးဖြတ်နိုင်သေး
ကျွမ်းကျင်မှု : မရှိသေး
ကိရိယာ : မရှိသေး
(ကြက်ဥထမင်းကြော်ကိုသာ ကျွမ်းကျင်စွာ ချက်ပြုတ်တတ်သေးသည့် အတွေ့အကြုံမရှိသေးသူ)
အဆင့် ၂
ဂုဏ်ပုဒ် : ဂျုံအစားအသောက် ချက်ပြုတ်မှု ကျွမ်းကျင်သူ
(မီးဖိုချောင်ထဲမှာ အလုပ်လုပ်ရတာ တအားပင်ပန်းနေမှာပဲ။ မင်း ဟင်းချက်စွမ်းရည် တိုးတက်ဖို့ အနားယူချိန် လိုအပ်တယ်။ ဒါကြောင့်မို့ မင်းရဲ့စီးပွားရေးလုပ်တဲ့အချိန်ကို နေ့စဉ် ၆နာရီ လျှော့ချရန် ဆုံးဖြတ်လိုက်တယ်)
[မစ်ရှင်၂] ဆိုင်ရှင်က အနီးအနား ပတ်ဝန်းကျင်မှာ အတော်အတန် အောင်မြင်နေပါပြီ။ ရက်၂၀အတွင်း အင်တာနက်ပေါ်မှာ အသိအမှတ်ပြုတဲ့အမှတ် ၁၀၀၀ရအောင် ကြိုးစားပေးပါ။
(မစ်ရှင်တိုးတက်မှုအခြေအနေ : ၁၀၀၀/၁၀၀၀) ပြီးမြောက်
(မစ်ရှင်အညွှန်း : ဆိုင်ရှင်ကိုယ်တိုင် (သို့) ငွေသုံး ကြော်ငြာခြင်း ခွင့်မပြုပါဘူး။ အနာဂတ်ကျွမ်းကျင်စားဖိုမှူးအနေနဲ့ မင်းကိုယ်တိုင် ကြော်ငြာဖို့ သင့်လျော်ပါ့မလား။ တစ်ဆင့်စကား တစ်ဆင့်ပါးပြီး ကြော်ငြာပါ)
[မစ်ရှင်ဆုလာဘ်] ခေါက်ဆွဲပြုတ်အချို (လက်ခံရရှိ)
အသေးစိတ်စစ်ဆေးကြည့်ပြီးနောက် ယွမ်ကျိုးက အဆင့်၂ကို ရောက်ရှိသွားကြောင်း သိရသည်။
"အဆင့်တိုးသွားရင် ဘာဆုလာဘ်ရမှာလဲ စနစ်"
စနစ်က ပြန်ဖြေသည်။ "လူနှစ်ယောက်အတွက် စားပွဲခုံနဲ့ထိုင်ခုံကို သော့ဖွင့်နိုင်ပါတယ်"
"ကံစမ်းမဲစနစ်ကို ဒေါင်းလော့ ဆွဲနေပါပြီ။ ဒေါင်းလော့ဆွဲခြင်း ပြီးမြောက်ပါပြီ။ ဆိုင်ရှင်က ကံစမ်းမဲနှိုက်ခွင့်ရပါတယ်။ စမ်းသပ်ကြည့်ပါ"
"ကံစမ်းမဲလား။ ဒါက ပုံစံအသစ်လား" ယွမ်ကျိုးက အောက်မေးရိုးကို ပွတ်သပ်လိုက်သည်။ ဝင်ပေါက်ဘေးနားမှာ ချိတ်ဆွဲထားသော ပန်းများ ပျောက်ကွယ်သွားသည်။ ဤနေရာတွင် မှိန်ပျပျ မီးချောင်းများ အစားထိုးလာသည်။ စနစ်က စားပွဲခုံနှင့်ထိုင်ခုံတစ်စုံကို ဖန်တီးလိုက်ပုံပေါက်သည်။
"အခုပဲ ကံစမ်းသင့်လား။ နောက်မှပဲ ကံစမ်းသင့်လား"
"ဘာဆုလာဘ်လဲ အရင်ဆုံး စစ်ဆေးကြည့်မယ်" ယွမ်ကျိုးက ကံစမ်းမဲစာမျက်နှာကို ကြည့်ပြီး မဲ့ရွဲ့သွားသည်။
သူ့စိတ်ထဲတွင် ဆုလာဘ်နှစ်ခုကိုသာ ဖော်ပြထားသည်။ ဆော့အမျိုးအစား ၂၂၂ခုအနက် ကံစမ်းမဲနှိုက်လျှင် ဆော့စ်နှစ်မျိုးကို ရရှိမည်။
သူ့ကို အံ့ဩစေခြင်းက ကံစမ်းမဲစနစ်တွင် အသုံးပြုသော ကိရိယာက အန်စာတုံးဖြစ်သည်။ အန်စာတုံးလိမ့်၍ ကံစမ်းမဲနှိုက်ခြင်း ဖြစ်သည်။
"ငါက ဘယ်လိုမျိုး ကံစမ်းရမလဲ"
ယွမ်ကျိုးက မျက်လုံး ကလည်ကလည်ဖြင့် နှုတ်ဆိတ်နေမိသည်။
ယွမ်ကျိုးမေးလိုက်စဉ် အန်စာတုံး တစ်တုံးက ဘယ်ဘက်လိမ့်သွားပြီး တစ်ဖက်သို့ တိတ်တဆိတ် ရွေ့လျားသွားသည်။
"မိုက်လှချည်းလား။ တကယ်ကို စနစ်ကျတာပဲ"
"အန်စာလိမ့်မယ်"
အန်စာက တသတ်မတ်တည်းနှုန်းဖြင့် အလိုအလျောက် စတင်သည်။
၁၀စက္ကန့်ကြာပြီးနောက် "ရပ်"ဟု ပြောလိုက်၍ စနစ်က အလိုအလျောက် ထိန်းချုပ်ပေးသွားမည်ဟု တွေးထားသော်လည်း ၁၀စက္ကန့်ကျော်သည်အထိ အန်စာတုံးက ဆက်လက်လိမ့်နေသည်။ ထိုမှသာ ယွမ်ကျိုး၏ ထင်ကြေးမှားသွားမှန်း သိသည်။
အန်စာတုံး ချက်ချင်း ရပ်တန့်သွားသောအခါ ၎င်းအပေါ်မှ နံပါတ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
အပိုင်း(၄၂)
ပြီး၏။