အဲဒါသူလား
Vol. 45 Ch. 618
ဝှစ် ဝှစ်
ဆန်းကြယ်နတ်ဘုရား နန်းတော်၏ အရှေ့ဘက်ခြမ်းရှိ တောင်းတန်းများထဲတွင် ကောင်းကင်ဧကရာဇ် အယောက်သုံးဆယ်သည် လေထဲတစ်ပြိုင်နက်တည်းနီးပါး ပျံတက်လာ၏။ တစ်ယောက်ချင်းစီက အံ့သြဖွယ်ကောင်းသည့် အရှိန်အဝါများ တည်ရှိနေပြီး နတ်ဘုရားဒိုင်းကို အသက်သွင်းပြီးနောက် ရွှေရောင်အလင်းများ ဖြာထွက်နေ၏။ သူတို့သုံးဦးလုံးက ဆန်းကြယ်နတ်ဘုရား နန်းတော်ဆီသို့ ပုံရိပ်ယောင်များသဖွယ် တစ်ဟုန်ထိုး ဝင်သွားလေရာ သူတို့ကို မည်သူမျှ တိုက်ရိုက်တောင် မကြည့်ရဲပေ။ သူတို့ထဲမှ တစ်ယောက်က အော်ပြောလိုက်၏။
“ဧကရာဇ်ကိုးပါးရဲ့ မျိုးနွယ်စုဝင်တွေကလွဲရင် ကျန်တဲ့ ခုခံရဲတဲ့လူတွေကို သတ်ပြစ်”
ထျန်း
ရတနာ ရှာဖွေမှု၏ နောက်ဆက်တွဲက ကြမ်းတမ်းမည်မှန်း မှန်းဆထားပြီးသား ဖြစ်သော်ငြား လေထုက ချက်ချင်း ဆူပွက်သွားတော့သည်။ ရှီးမျိုးနွယ်စုသည် စစ်ကူအယောက် သုံးဆယ်ရှိပြီး ရှီးဖေးနှင့် ရှဲ့ကျွင်းပါ ပေါင်းလိုက်လျှင် ကောင်းကင်ဧကရာဇ် (၃၂)ယောက်ရှိသည်။ ထိုတိုက်ပွဲဝင် ခွန်အားကို မည်သူက အမှန်တကယ် ဆန့်ကျင်ရဲမည်နည်း။
“သခင်လေး သခင်မလေး”
လှုပ်ရှားရဲသည့် လူများက အမျိုးမျိုးသော မျိုးနွယ်စုများမှ မျိုးဆက်များဖြစ်ကြသည်။ သူတို့အားလုံးက အစောင့်များ ခေါ်လာ၏။ ယခုအချိန်တွင် သူတို့အားလုံး၌ အလေးထားသည့် အမူအရာမျိုး ရှိနေသည်။ အစောင့်များစွာက သူတို့၏ သခင်လေးများ သခင်မလေးများကို ကာကွယ်ချင်သောကြောင့် လေထဲတစ်ဟုန်ထိုး တက်သွားကြသည်။ ခဏအတွင်း နန်းတော်တစ်ခုလုံး ပုံရိပ်များဖြင့် ပြည့်နေပြီး ရှုပ်ထွေးနေတော့၏။
ဝှစ် ဝှစ်
ထိုစဉ် လူရိပ်(၁၂)ရိပ်က ကောင်းကင်၏ အနောက်ဘက်ခြမ်းဆီသို့ တက်လာပြီး သူတို့၏ နတ်ဘုရားဒိုင်းများကို ထုတ်ဖော်လိုက်သည်။ မျက်စိကြိမ်းလောက်သည့် ရောင်ခြည်နှင့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု တည်ရှိနေ၏။ ခေါင်းဆောင်က ဖေးချီဖြစ်ပြီး သူကအော်ပြောလိုက်သည်။
“သခင်လေးဝူယင် ဖေးချီရဲ့တပ်က သခင်လေးရဲ့ အမိန့်အတွက် အသင့်ပါပဲ”
လူအုပ်ကြီးထဲရှိ အသက်(၇)နှစ် (၈)နှစ်အရွယ်ခန့်ရှိသော ကလေးက မျက်ဝန်းများ လက်သွားတော့သည်။ သူ၏နူးညံ့သောအသံဖြင့် ပြောလိုက်၏။
“အားလုံးကို လု”
“သတ်”
ဖေးချီသည် ထိုသို့ဖြစ်လာမည်မှန်း တွေးထင်ထားပြီးသား ဖြစ်သည်။ ကျန့်ဝူယင်၏ အမြင်တွင် သူကအံ့သြနေသည့် အရိပ်အယောင်နှင့် ချီးကျူးသည့် အရိပ်အယောင် ရှိနေသည်။ ဤစစ်ဆင်ရေးက အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သူကသစ္စာရှိ နောက်လိုက်တစ်ဦးအနေဖြင့် သူ့ကိုယ်သူ နေရာရအောင် ယူနိုင်ခဲ့ပြီဖြစ်သည်။ ကျန့်ဝူယင် မပျောက်ကွယ်သွားသ၍ သူသည် နောက်တက်မည့် ဖေးမျိုးနွယ်စု ခေါင်းဆောင်ဆိုတာ သေချာနေပြီဖြစ်သည်။
နတ်မြင်းပျံ အင်ပါယာသည် ကောင်းကင်ဧကရာဇ် ငါးဦးကို ဦးဆောင်ပြီး ဤနေရာသို့ မူလက ခေါ်လာခဲ့ပြီးဖြစ်ရာ ဖုန်းရှန့်ကျယ် (၁၈)ဦးကိုပါ ပို့လိုက်၏။ ကုန်လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း စစ်ကူတစ်ဒါဇင်ကျော် ရောက်လာသည်။ ယခု(၄၃)ယောက် ရှိသွားပြီဖြစ်ကာ ရှီးမျိုးနွယ်စု သိုင်းပညာရှင်များထက် အရေအတွက် သာနေသည်။ သူတို့၌ အဆင့်မြင့် ကောင်းကင်ဧကရာဇ် နှစ်ဦးတောင် ရှိနေပြီး ထိုသိုင်းပညာရှင်များအားလုံး တစ်ဟုန်ထိုး တက်လာချိန်၌ အပြင်သို့ ပို့ဆောင်ခံလိုက်ရသော သခင်လေးများနှင့် သခင်မလေးများက အံ့သြဆွံ့အကုန်၏။
ဝှစ် ဝှစ် ဝှစ်
ရီချန်း၊ ဝူနီ၊ ထူလုံ၊ လင်းမျိုးနွယ်စု၏ မောင်နှမ ယဉ်ရို့ပင်းတို့ အားလုံးသည် အလင်းစီးကြောင်းသဖွယ် တောင်ဘက်အရပ်ဆီသို့ ဦးတည်ပျံသန်းသွားသည်။ သူတို့က လေထဲတွင် ရပ်နေလျက် လူအုပ်ကြီးဆီသို့ တစ်ဟုန်ထိုး ဝင်သွားသော ကောင်းကင်ဧကရာဇ် တပ်ဖွဲ့နှစ်ဖွဲ့ကို ကြည့်နေသည်။ အမျိုးမျိုးသော လျို့ဝှက်အစောင့်များကလည်း ကောင်းကင်ထဲသို့ ထိုးတက်သွားပြီး ဤတိုက်ပွဲကို လေ့လာရန် ဘေးတွင်ရပ်နေလေ၏။
“ဟူး”
ယဉ်ရို့ပင်းနှင့် ရီချန်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က ထိုလူများကိုကြည့်ပြီး သူတို့ထဲမှ မည်သူမျှ ရတနာသုံးမျိုးကို မရကြောင်း တွေ့လိုက်ရချိန်တွင် သက်ပြင်းချမိလိုက်၏။ သို့သော် ရှီးဖေးနှင့် ကျန်သည့်သူများက သူတို့ကို ဆက်လက် လုယူနေဆဲဖြစ်သည်။
ဖောင်း ဖောင်း ဖောင်း
သခင်လေးများ သခင်မလေးများကို ခေါ်သွားချင်သည့် အစောင့်များနှင့် ထွက်ပြေးသူများ အားလုံးသည် အနားတောင် မချဉ်းကပ်ရသေးခင် အသတ်ခံလိုက်ရ၏။ လူအချို့က အညံ့မခံလိုသောကြောင့် ပြန်လည် တိုက်ခိုက်ကြသည်။ ရလဒ်အနေဖြင့် သူတို့အားလုံး အပိုင်းပိုင်းအစစ ခုတ်ပိုင်းခံလိုက်ရသည်။
တပ်ဖွဲ့နှစ်ဖွဲ့ ကောင်းကင်ဧကရာဇ် အယောက်(၇၀)ကျော် ဆာလောင်နေသော ကျား(၇၀)ကျော်က သိုးအုပ်ထဲသို့ တစ်ဟုန်ထိုး ဝင်သွားသည့်ပမာ ခုခံရဲသည့် လူတိုင်းကို သတ်ဖြတ်နေသည်။ မခုခံလျှင် သူတို့ကချက်ချင်း အဖမ်းခံရ၏။ ရှီးဖေးနှင့် ကျန့်ဝူယင်တို့က စိတ်အနှောက်အယှက် ဖြစ်ခံမနေပေ။ ထိုလူများ၌ ရတနာသုံးမျိုး ရှိမရှိ ဂရုမစိုက်ပေ။ ဖမ်းပြီးမှ မေးကြမှာပဲဖြစ်သည်။
အဆင့်ကို ကျော်ဖြတ်သွားသည့်သူက ရာကျော်ရှိနေရာ အများစုက ဉာဏ်ထက်မြတ်သည့်သူ ဖြစ်ကြသည်။ သူတို့အများစုက ခပ်မြန်မြန်ဖြင့်အော်ပြီး သူတို့အစောင့်များကို ခပ်ဝေးဝေးတွင် နေခိုင်းလိုက်၏။ အများစုက လက်မြှောက်ပြီး အညံ့ခံကြောင်းပြောသည်။ ထိုအခြေအနေတွင် ခုခံလျှင် သူတို့အတွက် သေခြင်းတရားသာ စောင့်နေမှာဖြစ်သည်။
ဖောင်း ဖောင်း ဖောင်း
အစောင့်အများစုက ထိုသဘောတရားကို နားမလည်ပေ။ ဤသည်က သူတို့၏ သခင်လေးများနှင့် သခင်မလေးများသည် မမျှမတ ဆက်ဆံခံနေရပြီး သူတို့သေမှာပဲဖြစ်သည်။ အများစုက ကောင်းကင်ထဲသို့ စိတ်ပျက်အားငယ်စွာ ပျံသွားကြသည်။
မရေမတွက်နိုင်သည့် အလင်းစီးကြောင်းများကလည်း လေထဲသို့ ပျံတက်လာကြသည်။ လက်နက်များ အသုံးအဆောင်များ တာအိုပုံစံများနှင့် စွမ်းအင်မျိုးစုံကလည်း ပေါ်ထွက်လာလေ၏။ ရှီးမျိုးနွယ်စုနှင့် နတ်မြင်းပျံ အင်ပါယာ၏ အဖွဲ့တို့က အလယ်တွင် လူများကို လုယူနေကြစဉ် တိုက်ပွဲဖြစ်မှာ မလွဲမသွေပင်ဖြစ်သည်။
“ချူး”
ကျန့်ဝူယင်က သူ၏လျို့ဝှက် သက်တော်စောင့် ကာကွယ်ပေးခြင်း ခံထားရပြီး ထိုရွှေတောင်ပံ ဂဠုန်ကလည်း ခပ်မြင့်မြင့် ပျံသန်းနေစဉ် ဖေးချီက ကျန့်ဝူယင်ကို အနီးကပ် စောင့်ကြပ်ရန် လူနှစ်ဦးကို ခေါ်လာ၏။ ကျန့်ဝူယင်သည် ကောင်းကင်တစ်ဖက်တွင် ရပ်နေသော ရှီးဖေးကို မောက်မာထောင်လွှားသော အကြည့်များဖြင့် ကြည့်လိုက်ပြီး တစ်ယောက်နှင့်တစ်ယောက် ရန်ဆောင်နေကြသည်။
ရှီးဖေးက အာရုံမစိုက်ပေ။ သူကနတ်မြင်းပျံ နယ်မြေ၏ ဖေးမျိုးနွယ်စုက ဓားဧကရာဇ်၏ လက်ပါးစေဆိုတာ ရှင်းရှင်းလင်းလင်း သိသည်။ နတ်မြင်းပျံ အင်ပါယာ၏ ပို့ဆောင်ရေး အစီအရင်ကနေ စစ်ကူများ ခေါ်လာချိန်၌ နတ်မြင်းပျံ မျိုးနွယ်စု၏ အဖွဲ့ဝင်များကို သတိပေးမိမှာ သေချာနေသည်။
သူသည် အားလုံး၏ ခန္ဓာကိုယ်ကို သူ၏ကောင်းကင် စိတ်အာရုံဖြင့် ထပ်ခါတလဲလဲ စစ်ဆေးကြည့်ပြီး စစ်ဆေးပြီးနောက် စိတ်ပျက်သွားတော့သည်။ လူတိုင်း၏ အမူအရာနှင့် အကျင့်စရိုက်ကို စစ်ဆေးပြီးနောက် အနည်းငယ် သံသယဖြစ်ဖွယ်ကောင်းသော လျိုရှင်းမှအပ ကျန်သည့်သူများသည် ရတနာသုံးမျိုးကို ရသွားပုံမပေါ်ပေ။
အောက်ရှိ အားလုံးနီးပါးက လုယက်ခံနေရပြီး အလောင်းများ ရှေးဟောင်းနတ်ဘုရား လက်စွပ်များကလည်း ရှင်းလင်းခံလိုက်ရသည်။ ရှီးဖေးသည် ဆန်းကြယ်နတ်ဘုရား နန်းတော်ဆီသို့ အကြည့်ထပ်ရောက်သွားလေရာ သူ၏စိတ်ဝိညာဉ်က တုန်ယင်သွားတော့၏။ သူက ပြောလိုက်သည်။
“ဆန်းကြယ်နတ်ဘုရား နန်းတော်က မပျောက်သွားသေးဘူးလား။ အထဲမှာ တစ်ယောက်ယောက် ရှိနေသေးတာများလား”
ရှီးဖေးသာမက ကျန့်ဝူယင်၊ ထူလုံနှင့် ကျန်သည့်သူများကလည်း ယင်းကို သတိပြုမိသည်။ ရီချန်းနှင့် ယဉ်ရို့ပင်းက ဆန်းကြယ်နတ်ဘုရား နန်းတော်ကို စိုက်ကြည့်နေကြ၏။ ရီချန်းက ရေရွတ်ပြောလိုက်သည်။
“အဲဒီလူက ရတနာသုံးမျိုးကို ရသွားတာနဲ့တူတယ်။ နှမြောစရာက သူအပြင်ရောက်တာနဲ့ ပျောက်ကွယ်သွားရမဲ့ ကံပါပြီးသားပဲ”
“တစ်ယောက်တည်းလား”
ယဉ်ရို့ပင်းက ရီချန်းဘေး၌ ရပ်နေသည်။ သူ့၌ ထူးဆန်းသည့် အကြားအာရုံ ရှိနေလေရာ ရီချန်းဘက်ကို လှည့်ကြည့်ပြီး သိမ်မွေ့စွာ မေးလိုက်တော့သည်။
“အစ်မကြီးချန်း အဲ့ဒီလူက ငရဲအဆင့် ခက်ခဲမှုကို ကျော်ဖြတ်နိုင်ခဲ့တာလား”
ရီချန်းသည် ယဉ်ရို့ပင်းကို ထူးမခြားနား ကြည့်လိုက်လေ၏။ သူမက မျက်နှာကာ ဝတ်ထားလေရာ သူမအမူအရာကို မြင်တွေ့ရန် မဖြစ်နိုင်ပေ။ သို့သော် ရီချန်း၏ ရှင်းလင်းပြီး ကြည်လင်သော မျက်ဝန်းများ၌ ချီးကျူးမှုများ ပြည့်နေသည်။ တစ်ယောက်ကိုတစ်ယောက် ကြည့်နေပြီးနောက် ဆန်းကြယ်နတ်ဘုရား နန်းတော်ကို ကြည့်ကာ ထိုလူ ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။
လေထဲရှိ တိုက်ပွဲက အဆုံးသတ်တော့မည်ဖြစ်ကာ လူရာချီ သေဆုံးသွား၏။ အမျိုးမျိုးသော မျိုးနွယ်စုများမှ အစောင့်များဖြစ်ကြသည့် အဆင့်မြင့်သည့် လူတစ်ဒါဇင်ခန့် သေဆုံးခဲ့ကြပြီး လူအများစုကမူ ရှီးမျိုးနွယ်စုနှင့် ဖေးချီ၏ ဖမ်းခြင်းကို ခံထားရသည်။
ယခုနှစ် ရတနာ ရှာဖွေမှုအတွက် မြင်းနတ်ဖြစ်ခဲ့သော ရှေးမျိုးနွယ်စု၏ သခင်လေး လျိုရှင်းကိုမူ ရှီးမျိုးနွယ်စုက ဖမ်းထားသည်။ အစကနေ အဆုံးထိ သူမလှုပ်ရှားခဲ့ပေ။ သူ၏မျက်နှာထက်တွင် အံ့သြသည့် အရိပ်အယောင်တောင် ရှိမနေချေ။ သူ၏အစောင့်များကို ချက်ချင်းပင် အသံပို့ပြီး နောက်ဆုတ်ခိုင်းထားလိုက်၏။ ပြီးနောက်သူက ရှီးမျိုးနွယ်စု၏ ကောင်းကင်ဧကရာဇ် တပ်ဖွဲ့ဆီသို့ ဦးစွာအညံ့ ခံလိုက်တော့သည်။
“မင်းရဲ့ရှေးဟောင်း နတ်ဘုရားလက်စွပ်နဲ့ စိတ်ဝိညာဉ် အမှတ်အသားကို ဖယ်ပေး မဟုတ်ရင် သေရမယ်”
ရှီးဖေးနှင့် ကျန့်ဝူယင်တို့၏ ညွှန်ကြားမှုအတိုင်း နှစ်ဖက်လုံးက ရတနာသုံးမျိုးကို ရှာဖွေနေကြသည်။ အဆင့်ကို တက်လှမ်းနိုင်ခဲ့သည့် သူများက သူတို့တွင်ရှိသမျှ အရာအားလုံးပေးရန် ဖိအားပေးခံရ၏။ သူတို့ရှာဖွေခံရပြီး သူတို့၌ မီးတိမ်သံချပ်ကာ၊ ကောင်းကင်ရှောင်တိမ်းခြင်းနှင့် နဂါးညှိုးရော်မြက်တို့ မပိုင်ဆိုင်တာ သိလိုက်ရသည်နှင့် သူတို့၏လက်စွပ်များ အသုံးအဆောင်ပစ္စည်းများ ပြန်ရမည်။ သူတို့ထွက်သွားခွင့် ပေးမှာပဲဖြစ်သည်။
“မရှိဘူး မရှိဘူး မရှိသေးဘူး”
ဖေးထျန်းသည် ရှာဖွေရန် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်လိုက်သည်။ ရှေးဟောင်းနတ်ဘုရား လက်စွပ်အားလုံးကို စစ်ဆေးပြီးနောက် ရှာမတွေ့သေးပေ။ ရှီးမျိုးနွယ်စုသည် အဖမ်းခံထားရသည့် တစ်ဝက်ကျော်ကို ရှာဖွေခဲ့ပြီး ဘာမှမတွေ့သေးပေ။
“သခင်လေးဝူယင် ဘာမှရှာမတွေ့ဘူး”
“သခင်လေးဖေး ဘာမှမတွေ့ဘူး”
မိနစ်သုံးဆယ်ခန့် ကြာသွားပြီးနောက် ဖေးထျန်းနှင့် ရှဲ့ကျွင်းတို့က သူတို့၏ ရှာဖွေမှုကို သတင်းပို့လာသည်။ ရှီးဖေးနှင့် ကျန့်ဝူယင်၏ အမူအရာက ချက်ချင်းပင် သုန်မှုန်သွားတော့သည်။ သူတို့သည် အောက်ကို ကြည့်မနေဘဲ ဆန်းကြယ်နတ်ဘုရား နန်းတော်ကိုသာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြ၏။
ဘီး
နောက်ဆုံးတွင် ဆန်းကြယ်နတ်ဘုရား နန်းတော်က ထပ်မံလင်းလာပြီး လေထဲ၌ အနီရောင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ် ပေါ်လာသည်နှင့် ဆန်းကြယ်နတ်ဘုရား နန်းတော်သည် တောင်ထွတ်ပေါ်ကနေ မည်သည့်အခါကမှ မတည်ရှိခဲ့သည့်အလား ပျောက်ကွယ်သွားတော့၏။
“အို”
ရှီးဖေး၊ ကျန့်ဝူယင်၊ ထူလုံ၊ ဝူနီ၊ လင်းချီကျန့်နှင့် ကျန်သည့်သူများအားလုံး အကြည့်များ တောက်ပသွားတော့သည်။ နောက်ဆုံး ပို့ဆောင်ခံလိုက်ရသည့်သူက ခမ်းနားသည့် အနီရောင် တိုက်ပွဲဝင် သံချပ်ကာကို ဝတ်ဆင်ထားသည်။ ထိုတိုက်ပွဲဝင် သံချပ်ကာက နတ်ဘုရားအလင်းများ ပြည့်နေလေပြီး ကောင်းကင်ကို အနီရောင်အလင်းများဖြင့် ပြည့်နေစေကာ လူအများ သူ့ကိုတိုက်ရိုက် မကြည့်နိုင်အောင် ဟန့်တားထားသည်။ မျက်စိကန်းနေသည့်သူတောင် ထိုသံချပ်ကာက ထူးကဲကြောင်း ပြောနိုင်မည်ဖြစ်ကာ ကောင်းကင်ဧကရာဇ် အားလုံးသည် ထိုတိုက်ပွဲဝင် သံချပ်ကာက အတုအယောင် နတ်ဘုရား အသုံးအဆောင်ဖြစ်ကြောင်း ချက်ချင်း သိကြသည်။
“မီးတိမ်သံချပ်ကာ”
မရေမတွက်နိုင်သည့် လူများက ထုတ်ဖော်ပြောလိုက်ကြသည်။ ဤလောကတွင် အတုအယောင် နတ်ဘုရား လက်နက်များနှင့် ခုခံခြင်းပုံစံ တိုက်ပွဲဝင် သံချပ်များက များများစားစားမရှိ ပိုတောင် ရှားပါးလေသည်။ ထိုလူက ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲမှ အပြင်သို့ ပို့ဆောင်ခံရလျှင် မီးတိမ်သံချပ်ကာကို ဝတ်ထားတာ ဖြစ်ရမည်။
“သူလား”
တစ်ချိန်ထဲတွင် လင်းရှီယာ့၊ ယဉ်ရို့ပင်းနှင့် ရီချန်းတို့က အံ့သြသွားကြသည်။ သူတို့သုံးယောက်လုံး ထိုလူကိုသိသည်။ သို့သော် ဆန်းကြယ်နတ်ဘုရား နန်းတော်၏ စည်းမျဉ်းများကို ပြောင်းလဲပြီး ရတနာသုံးမျိုးကို အရယူနိုင်ခဲ့သည့်သူက သူဖြစ်နေလိမ့်မည်ဟု သူတို့မထင်ထားပေ။
“သူ့ကိုဆွဲချ”
“ဖေးချီ လှုပ်ရှားလိုက်တော့”
ရှီးဖေးနှင့် ကျန့်ဝူယင်က တစ်ပြိုင်နက်ထဲ အော်လိုက်တော့သည်။ ကောင်းကင်ဧကရာဇ် (၇၀)ကျော်က ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါ တည်ရှိမှုဖြင့် ထိုလူဆီတို့ တိုးဝင်သွားလိုက်သည်။
***