← Chapters

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အခန်း (၆၁-၆၃)

Vol. 5 Ch. 61-63

အပိုင်း(၆၁)

*

မန်မန်က ဖရဲသီးဖျော်ရည်ခွက်ကို လက်ခံနေစဉ် အတွေးထဲနစ်မြောနေသည်။ ဖန်သားပြင်ပေါ်မှ စာတိုများက သူမကို သတိ‌ဝင်စေသည်။

"သူဌေးယွမ်က ဘယ်လိုအပင်အမျိုးအစားတွေကို စိုက်ပျိုးနေတာလဲ။ အဖိုးတန်ဖရဲသီးကို မြေဩဇာအနေနဲ့ သုံးရလား" မန်မန်က ဖောက်သည်တိုင်း သိချင်နေသော မေးခွန်းကို မေးမြန်းလိုက်သည်။

"အချိန်တန်ရင် ခင်ဗျားတို့ သိလာမှာပါ" ယွမ်ကျိုးက ဖြည်းဖြည်းချင်း ပြောသည်။

“အချက်အလက် နည်းနည်းလေး ထုတ်ပြောပေးလို့ မရဘူးလား" ဝမ်မန်က ကွေ့ကာဝိုက်ကာ မေးမြန်းနေသည်။ ချစ်စရာကောင်းသော အသံချိုချိုလေးက ကြားနာသူတိုင်း၏ နှလုံးသား အရည်ပျော်စေသည်။

သာဓကဆိုသော် ယခုမှ ဆိုင်ထဲဝင်လာသော အမျိုးသားက သူမကို ကူညီသည်။

"သူဌေးယွမ်၊ တစ်ခုခု ပြောပါဦး။ မဟုတ်ရင် ကောင်မလေး ငိုတော့မယ်"

"မရဘူး။ သူ မငိုပါဘူး" အားပေးထောက်ခံသူများသည့် အလှလေးဖြစ်သည့်တိုင် ယွမ်ကျိုးက ယခုလို တောင်းဆိုမှုမျိုးကို ငြင်းပယ်ရမည်။ လူတိုင်းကို တန်းတူညီမျှ ဆက်ဆံခြင်းက သူ့စည်းမျဉ်း ဖြစ်သည်။

"အယ်၊ သူဌေးယွမ်က ထူးခြားတာပဲ" သူမကို ကူညီရန် ကြိုးစားခဲ့သော အမျိုးသားက ရှက်ကိုးရှက်ကန်း အခြေအနေမှ ရုန်းထွက်ရန် ချောင်းခြောက်ဟန့်လိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကျေးဇူးပါပဲ။ သူဌေးယွမ်ရဲ့ စီးပွားရေး လျှို့ဝှက်ချက်ကို သိချင်ပေမဲ့ သူက မပြောတော့လဲ ဘယ်တတ်နိုင်ပါ့မလဲ" ဝမ်မန်က နားလည်ဟန်ဖြင့် ပြန်ပြောသည်။

"သူဌေးယွမ်၊ ကြက်ဥထမင်းကြော်"

"ခေါက်ဆွဲစွပ်ပြုတ်အချို တစ်ပွဲပေးပါ"

"အစုံလိုက်ကြက်ဥထမင်းကြော် နဲ့ ခေါက်ဆွဲစွပ်ပြုတ်အချို အစုံလိုက်ပွဲပေးပါ"

ခဏလေးအတွင်း စားသောက်ဆိုင်ထဲ အော်ဒါတင်သံများဖြင့် ပြည့်နှက်နေသည်။

"အိုကေ၊ အားလုံးပဲ ခဏစောင့်ပေးပါ" ယွမ်ကျိုးက ဖောက်သည်မျိုးစုံ၏ ကတိုက်ကရိုက် အော်ဒါတင်သော အပြုအမူနှင့် ကျင့်သားရနေပါပြီ။ ယွမ်ကျိုးက အော်ဒါတင်သော ဟင်းပွဲ အမည် နှင့် အရေအတွက်ကို မှတ်ထားရန်သာ လိုအပ်သည်။

စားသောက်ဆိုင်ထဲ အလုပ်များနေစဉ် ဟင်းပွဲ အရင်ရရှိသော ဝူကျိုး နှင့် ဝမ်မန်တို့က သူတို့မှာယူထားသော ဟင်းပွဲများကို ပျော်ပျော်ရွှင်ရွှင် စားသောက်ကြသည်။

"ပုံမှန်အပူချိန်ဆိုတာ အသိသာကြီးပါ" ဝူကျိုးက ခွက်ကိုမြှောက်လိုက်ပြီး တီးတိုးပြောသည်။

ဝူကျိုးက အပူမကြိုက်ဘဲ အအေးနှစ်သက်သူ ဖြစ်ပြီး သူ့ကောင်မလေး သူ့အနားမှာ မရှိလျှင် အေးစက်စက် အစားအသောက်များ နှင့် ဖျော်ရည်များကို သောက်လေ့ရှိ‌သည်။ သူ့အမြင်တွင် ရေခဲမပါဝင်သော ဖရဲသီးဖျော်ရည်က ဆွဲဆောင်မှု လုံးဝ မရှိပေ။

သို့သော်လည်း ၈၈ ယွမ်တန်သော ဖရဲသီးဖျော်ရည်ကို တန်အောင်တော့ သောက်သုံးရမည်ဖြစ်သည်။

ဝူကျိုးက ဖရဲသီးဖျော်ရည် တစ်ဝက်ခန့်ကို မျိုချလိုက်သည်။ ချိုမြသော အေးစက်စက် ခံစားချက်က သူ့စိတ်ထဲ ပြည့်နှက်သွားသည်။ စိတ်ကြည်လင်ပြီး သက်သောင့်သက်သာ ဖြစ်သော ခံစားချက် ဖြစ်ပေါ်လာသည်။

ဖရဲသီး၏အချိုဆုံး အစိတ်အပိုင်းကိုသာ အသုံးပြုထား၍ ဖရဲသီး တစ်လုံးလုံး၏ အချိုဓာတ် အရသာကို ခံစားနိုင်သည်။

ဝူကျိုးက ထမင်းကြော်စားရင်း ဖျော်ရည်သောက်ရန် စဉ်းစားထားသော်လည်း တစ်ခွက်လုံး သောက်မိသွားသည်။

"အပြင်ပန်းကြည့်ရတာတော့ သောက်လို့ကောင်းမယ်ပုံပဲ ဟုတ်တယ်မလား"

ဝမ်မန်က ဖန်ခွက်ကို မြှောက်ကိုင်ပြီး သူ့ပရိသတ်များကို ရှုထောင့်မျိုးစုံမှ ရိုက်ကူးပြသည်။

[ဖရဲသီးဖျော်ရည်က မန်မန်နဲ့ လိုက်ဖက်တယ်လို့ ခံစားမိတယ်] Dragon Laughing in the Heaven

[အမှန်ပဲ။ ဖရဲသီး‌ဖျော်ရည်က မန်မန်ရဲ့ အသားရည်ကို ဖြူဝင်းစေမှာပဲ။ နို့နှစ်လို ဖြူဖွေးနေတဲ့အသားလေးကို ကိုက်ကြည့်ချင်တယ်] Full Flowers~Unknown World

[ဟေ့လူတွေ အခုချိန်မှာ ဒါတွေကို သတိထားရမှာ မဟုတ်ဘူးလေ] He&Ro

[အမ်၊ လူချမ်းသာ ထပ်ရောက်လာပြန်ပြီလား။ ဘေးထိုင်ကြည့်နေလို့ မရဘူးလား] Brother Monkey on Horse Ride

ထို့နောက် ပရိသတ်များက စကားလမ်းကြောင်းလွှဲပြီး လူချမ်းသာနှင့် ပတ်သက်သော မှတ်ချက်မျိုးစုံကို ပေးကြသည်။ အသွင်တူသော စာတိုများက ဖန်သားပြင်ပေါ်မှာ ပေါ်လာသည်။

"အဲဒီလူချမ်းသာက မန်မန်ရဲ့ သူငယ်ချင်း ဖြစ်နေပြီနော်။ ဟေ့ သူငယ်‌ချင်းရေ။ အခုလို စကားပြောတာ ဘာသဘောလဲ။ဘာကို သတိထားရမလဲ" မန်မန်က ကိုယ်စား မေးမြန်းသည်။

[ဖန်ခွက်ကို သေချာကြည့်စမ်းပါ။ တခြားဖန်ခွက်တွေနဲ့ ခြားနားတဲ့ အချက်တွေ ရှိတယ်။ မန်မန် တစ်ငုံသောက်ကြည့်စမ်းပါ။ ဖရဲသီးဖျော်ရည်က ရေခဲတမျှ အေးနေနိုင်တယ်] He&Ro

“အို့စ် အဲဒီလိုလား။ ငါ့လက်ကတော့ ပုံမှန်အပူချိန်ပဲလို့ အသိပေးနေတယ်"

မန်မန်က ခွက်ကို ခဏအကဲခတ်ကြည့်သည်။

ယေဘုယျဆိုသော် အပူချိန်နိမ့်လျှင် ဖန်ခွက်၏အပေါ်ယံ မျက်နှာ‌ပြင်တွင် အဖြူရောင်မြူများ ဖြစ်ပေါ်နေလိမ့်မည်။ ရေခဲတမျှ အေးစက်သော ဖျော်ရည် ထည့်လိုက်လျှင် ခွက်၏နံရံတွင် သေးငယ်သော ပူဖောင်းလေးများလည်း ရှိနေလိမ့်မည်။ သို့သော်လည်း သူတို့အရှေ့က ဖရဲသီးဖျော်ရည်ခွက်ကို ကိုင်ထားသည့်တိုင် အအေးဓာတ်ကို မခံစားရသည့်အပြင် သေးငယ်သော ပူဖောင်းများနှင့် အဖြူရောင်မြူများလည်း ရှိမနေပေ။ ထိုသို့သော အကြောင်းပြချက်များကြောင့် မန်မန်က ဖရဲသီးဖျော်ရည်သည် သာမန်အပူချိန်ဟု တွေးမိသည်။

[မင်း သောက်ကြည့်ရင် သိလိမ့်မယ်] He&Ro

“သေချာရဲ့လား" မန်မန်က အကျိုးအကြောင်း သင့်လျော်သော တောင်းဆိုမှုမျိုးကို ငြင်းဆန်လေ့ မရှိပေ။ ထို့ကြောင့် သူမက ခံတွင်းအပြည့် တစ်ငုံသောက်လိုက်သည်။

သူမ၏မျက်ဝန်းများက ချက်ချင်း တောက်ပသွားသည်။ ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီး နောက်တစ်ငုံ ထပ်သောက်သည်။

[ငါ ဆိုလိုတဲ့ သဘောကို နားလည်လား] He&Ro

[မန်မန် ရဲ့ ဖရဲသီးဖျော်ရည်မရပ်မနား သောက်ပုံလေးက ချစ်စရာ အရမ်းကောင်းတယ်။ ဒီကနေ့ည ဖရဲသီးစားဖို့ ဆုံးဖြတ်လိုက်ပြီ] Dragon Laughing in the Heaven

[ဟေ့၊ မန်မန် ငါ့လက်ဆောင်ကို လက်ခံလိုက်ပါ။ ဖရဲသီးဖျော်ရည် ဝယ်သောက်လိုက်ပါ] Full Flower~Unknown World

ထိုစကားကိုပြောလိုက်စဉ် လက်ဆောင်အသိပေးစာက ဖန်သားပြင်ပေါ်မှာ ဖြတ်ပြေးသွားသည်။

[ဖရဲသီးဖျော်ရည် ရေခဲစိမ်ထားသလို အေးတယ်လို့ လူချမ်းသာက ပြောချင်တာလား] The Fickleness of the World ova.

[ဟေ့ လူချမ်းသာ၊ ခင်ဗျား ဘာပြောချင်တာလဲ တိတိကျကျ ပြောစမ်းပါ] Wrong Way of Belief

ပရိသတ်အများစုက လူချမ်းသာ ဆိုလိုချင်သည့် သဘောကို နားမလည်ကြပေ။

[ဒီခွက်က Heenoorတံဆိပ်ပဲ။ငါတို့ တိုင်းပြည်မှာ ‌နာမည်ကြီး ဇိမ်ခံပစ္စည်းပဲ။ ပြီးတော့ ဒီခွက်က အထူးပြုပြင်ထားတဲ့ အလွှာ နှစ်လွှာပါတဲ့ ခွက်ပဲ] He&Ro

[အလွှာ နှစ်လွှာပါတဲ့ခွက်လား။ ဒီပါးလွှာတဲ့ခွက်လေးက အလွှာနှစ်ထပ်ပါတဲ့ သဘောလား] Fully Flower~Unknown World

[ဖြစ်နိုင်ပါ့မလား။ မန်မန် ခွက်လေး မြှောက်ကြည့်ပေးပါ။ ငါ ကြည့်ချင်လို့ပါ] Rivers

မန်မန်က ၃၆၀ ဒီဂရီ အပြည့် ရိုက်ကူးပြသည်။

ဝမ်မန်က ခွက်ကိုမြှောက်လိုက်ပြီး ပရိသတ်များ ကောင်းကောင်းမြင်နိုင်အောင်ပြသည်။ ထိုမှသာ ခွက်က အလွှာနှစ်လွှာ ပါမှန်း ရှင်းရှင်းလင်းလင်း မြင်နိုင်မည်။

[ဒီလိုခွက်မျိုးမှာ ထူးခြားတဲ့ စရိုက်လက္ခဏာရှိတယ်။ သေချာကြည့်ရင် အတွင်းလွှာက ရေခဲတမျှ အေးစက်ပြီး အပြင်လွှာက ပုံမှန် အခြေအနေပဲ ရှိတယ်။ ခွက်ထဲ လောင်းထည့်ထားတဲ့ ဖရဲသီးဖျော်ရည်က အေးပေမဲ့ အရမ်းကြီးတော့ မအေးဘူး] He&Ro

[သူဌေးက ငါ့လိုပဲ အကောင်းကြိုက်တာပဲ။ ငါလည်း အဲဒီတံဆိပ်ကထွက်တဲ့ ခွက်ကိုပဲ သုံးတယ်] He&Ro

[သူဌေးက ခွက်ကိုတောင် အကောင်းစား သုံးတာပေါ့။ ဒီ့ပြင် လက်ဖက်ကြက်ဥကို ကြည့်ရတာ ဒီစားသောက်ဆိုင်က တော်တော် လျှို့ဝှက်ဆန်းကြယ်တာပဲ] Full Flower~Unknown World

[ငါကိုယ်တိုင် ကိုယ်ကျ စားသောက်ဆိုင်ကို သွားပြီး အရသာ မြည်းစမ်းကြည့်သင့်တယ်] Bo Ya Luo Zi

......

[ဝယ်စားနိုင်သလို လေသံမျိုးနဲ့ မပြောစမ်းပါနဲ့။ စားသောက်ဆိုင်ထဲ ဈေးအပေါဆုံးဟင်းပွဲက ၆၆ယွမ်။ သူဌေးက အရည်အသွေးကို ဦးစားပေးတာ ဖြစိနိုင်တယ်။ မန်မန် စားတာပဲ မြင်ချင်တယ်] Dreams Leap Forward

[နေရာတိုင်းမှာ လူချမ်းသာတွေ ရှိနေပုံပဲ။ ဒီလိုဈေးကြီးတဲ့ ဟင်းပွဲကို ဝယ်စားနိုင်တဲ့သူ အများကြီး ရှိသေးတာပဲ] The Fickleness of the World ova

[ငါတို့တိုင်းပြည်မှာ လူချမ်းသာတွေ အများကြီး မရှိ‌ပေမဲ့ လက်တစ်ဆုပ်စာပဲ ရှိတာ မဟုတ်ဘူးလေ။ သူဌေးယွမ် ချက်တဲ့ဟင်းပွဲတွေက အရမ်းအရသာ ရှိတယ်] Boating Lazily

[သူဌေး၊ ရှင်နဲ့ ကလေးယူချင်လိုက်တာ] I’m a Cute Girl

...........

“အရမ်းအရသာ ရှိတယ်" ဝမ်မန်က ပရိသတ်များ၏အကြိုက်အတိုင်း စားပြသည်။

ဝမ်မန်က တစ်နာရီကြာအောင် ထိုင်ခုံယူမိ၍ တခြားသူများအတွက် ချက်ချင်း နေရာဖယ်ပေးသည်။

"ကြင်နာစွာ ပူးပေါင်းပေးလို့ အရမ်း ကျေးဇူးတင်ပါတယ်။ ကျေးဇူးပါပဲ"

မန်မန်က ဦးညွှတ်လိုက်ပြီး ပျော်ရွှင်စွာဖြင့် စားသောက်ဆိုင် အပြင်ဘက်သို့ ထွက်လာခဲ့သည်။

အပိုင်း(၆၁)

ပြီးပါပြီ။

အပိုင်း(၆၂)

*

“ကြိုဆိုပါတယ်" ယွမ်ကျိုးက ယဉ်ကျေးစွာ တုံ့ပြန်သည်။

"သူဌေးယွမ်၊ ခင်ဗျာက ရွှေလက်ဖက်ကြက်ဥ ရောင်းတာလား"

ဆံပင်ခပ်တိုတိုနှင့် တက်ကြွဖျတ်လတ်သော အမျိုးသားက လက်ဆွဲ သားရေအိတ်ကို သယ်ဆောင်လာပြီး စပ်စပ်စုစု မေးမြန်းသည်။

"ခင်ဗျား စမ်းစားကြည့်ချင်လား" ယွမ်ကျိုးက တန်းမေးမြန်းလိုက်သည်။

"အမ်၊ မလိုပါဘူး။ ဈေးကြီးတဲ့ရွှေကြက်ဥကို ဝယ်မစားနိုင်ဘူး" သူက ယွမ်ကျိုး၏ အကြံပြုချက်ကို တုံ့ဆိုင်းခြင်း မရှိဘဲ ငြင်းပယ်သည်။

"အိုကေ"

ယွမ်ကျိုးက လက်ဖက်ကြက်ဥကို မရောင်းနိုင်ခဲ့သော်လည်း စိတ်မဆိုးခဲ့ပေ။ ဖောက်သည် တစ်ယောက်မှ ဝယ်မစားလည်း ပြဿနာ မရှိပေ။ လက်ဖက်ကြက်ဥ၏ မူလဈေးနှုန်း နှင့် အသုံးပြုထားသော ပစ္စည်းများ အကြောင်း တကယ် သိချင်မိသည်။

ရှေးယခင်က လက်ဖက်ရည်ကို တော်ဝင်မိသားစုများသာ စားသောက်နိုင်၍ ဇိမ်ခံပစ္စည်းဟုပင် သတ်မှတ်နိုင်သည်။ လူနေမှုအဆင့်အတန်း လျင်မြန်စွာ တိုးတက်လာ၍ လက်ဖက်ရွက်ကို သာမန်လူတန်းစားများပင် အသုံးပြုလာနိုင်သည်။

လက်ရှိကာလတွင် လက်ဖက်ရည်ကို ပုံမှန်သောက်လေ့ရှိသည်။

ယွမ်ကျိုး အတွေးထဲနစ်မြောနေစဉ် အခွန်ဌာန၏ ဌာနမှူးချုပ်သည် ဒုဌာနမှူးလီနှင့်အတူတူ စားသောက်ဆိုင်သို့ လမ်းလျှောက်လာသည်။

"ဌာနမှူး ၊ စားသုံးသူတွေ ကျိတ်ကျိတ်တိုးနေတဲ့ ဒီဆိုင်ပဲ"

ဒုဌာနမှူးလီက ဦးဆောင်ပြီး ခေါ်လာသည်။

ဌာနမှူး၏မျိုးရိုးနာမည်က 'လင်း' ဖြစ်သည်။ သူက ငယ်ရွယ်သူ မဟုတ်ဘဲ အသက်၄၈နှစ် အရွယ်ဖြစ်သည်။ သူက အခွန်ဌာနတွင် ဌာနမှူး ရာထူးဖြင့် နှစ်အတော်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့၍ ဤပတ်ဝန်းကျင်က စားသောက်များနှင့် ရင်းနှီးနေသည်။

ဤလမ်းပတ်ဝန်းကျင်မှ စားသောက်ဆိုင်များသည် ရုံးဝန်ထမ်းများ နှင့် ရပ်ကွက် နှစ်ခုမှာ နေထိုင်သူများကို အားကိုးအားထားပြုပြီး ရပ်တည်ရသည်။ ဆိတ်ငြိမ်သောနေရာက စားသုံးသူ သိပ်မလာသည့် သဘောလည်း ဖြစ်သည်။

လူဦးရေနည်းပါးသော နေရာမျိုးတွင် ဖွင့်ထားသော စားသောက်ဆိုင်လေးက အခွန်ကြေး မြင့်မားစွာ ပေးနိုင်သေးသည်။ စားသောက်ဆိုင် ဝင်ပေါက်တွင် တန်းစီစောင့်နေသော ဖောက်သည် အများအပြားရှိသောကြောင့် အခွန်ကြေးမြင့်မားခြင်းက ပြဿနာရပ် မဟုတ်ပေ။

"ဌာနမှူးအတွက် ဝယ်လာခဲ့မယ်။ ရုံးရောက်မှ စားကြမယ်။ ဒီနေရာမှာ လူတွေအများကြီးပဲ"

ဝင်ပေါက်မှာ လူ၂၀ကျော် တန်းစီစောင့်နေခြင်းကြိ မြင်တွေ့သောအခါ ဒုဌာနမှူးလီက အကြံပြုသည်။

“ကိစ္စမရှိဘူး။ တန်းစီစောင့်ကြတာပေါ့။ ငါတို့အလှည့်ရောက်ရင် ဝယ်ပြီး ပါဆယ်ထုပ်သွားမယ်လေ"

ဌာနမှူးက အစားအသောက်ကောင်းများကို သူ့မိသားစုအတွက် ပါဆယ်ထုပ်သွားလေ့ရှိသည်။ သူ့မိသားစုဝင်များက အရသာရှိသော ဟင်းလျာများကို နှစ်သက်၍ သူတို့အတွက် ဝယ်သွားလေ့ရှိသည်။

"ခင်ဗျားတို့က ဒီဆိုင်ကို ပထမ‌ဆုံး လာတာလား"

သူတို့‌အရှေ့မှာ တန်းစီစောင့်နေသူက ခေါင်းလှည့်ကြည့်သည်။

"ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ"

ဒုဌာနမှူးက နှုတ်ဆိတ်နေသော်လည်း ဌာနမှူးက စပ်စပ်စုစု မေးမြန်းသည်။

"ခင်ဗျားတို့ဝယ်စားတဲ့ ဟင်းပွဲတွေကို ပါဆယ်ထုပ်လို့ မရဘူး။ ဒီစားသောက်ဆိုင်မှာပဲ ထိုင်စားလို့ရတယ်"

သူတို့ပြောသောစကားကို နားစွန်နားဖျား ကြားလိုက်သူက ပွင့်လင်းစွာ ပြန်ပြောသည်။

"စားသောက်ဆိုင်က အရမ်းသေးတယ်လေ။ ပါဆယ်မထုပ်သွားရင် ပြဿနာရှိမှာပေါ့"

ဌာနမှူးလင်းက ဆက်လက်စကားပြောသည်။

"သူဌေးယွမ်က စည်းမျဉ်းတွေကို အရမ်းလိုက်နာရတဲ့ အကြောင်းအရင်းကို ငါလည်း မသိပါဘူး။ ဟင်းပွဲ တစ်မျိုးကို တစ်ခါပဲ မှာလို့ရမယ် သတ်မှတ်ထားရင် အဲဒီစည်းမျဉ်းကို လိုက်နာရမယ်။ ပါဆယ်ထုပ်လို့ မရဘူးဆိုရင် ပါဆယ် မရဘူးပဲ"

၎င်းအမျိုးသားက ပခုံးဆက်ခနဲတွန့်ပြီး အမှန်တရားကို ထုတ်ပြောသည်။

"ဒါဆိုရင် သူဌေးက စီးပွားရေးပျက်မှာ မကြောက်ဘူးလား" ဒုဌာနမှူးလီက တွေဝေစွာ ပြောသည်။

"သူဌေးယွမ်ရဲ့ဟင်းချက်စွမ်းရည်နဲ့ ဆိုင်သေးသေးလေး ဖွင့်ထားတာက သူ့အရည်အချင်းနဲ့ မထိုက်တန်ပေမဲ့ ငါတို့အတွက်တော့ ကောင်းတယ်လေ။ ဒါမှလည်း သူ ချက်သမျှ ဟင်းပွဲတိုင်းကို စားခွင့်ရမှာလေ" ၎င်းအမျိုးသားက အနှစ်ချုပ် ရှင်းပြသည်။

"ဒီသူဌေးယွမ်က စီးပွားရေးအကြောင်း ကောင်းကောင်းမသိပုံပဲ" ဒုဌာနမှူးလီက မကျေမနပ် ပြောဆိုသည်။

"တကယ်တမ်း သူဌေးယွမ်က သူ့စီးပွားရေးသူတော့ ကောင်းကောင်း နားလည်မှာပါ"

တစ်နာရီကျော်ကြာအောင် စောင့်ဆိုင်းပြီးနောက် သူတို့အလှည့် ကျရောက်လာသည်။

သူတို့နှစ်ယောက်က စားသောက်ဆိုင်ထဲ ဝင်ဝင်ချင်း ဒုဌာနမှူးလီက သူ့ပစ်မှတ်ဖြစ်သော ဈေးနှုန်းစာရင်းကို သေချာကြည့်သည်။

ဌာနမှူးလင်းက အေးအေးလူလူဖြင့် စားသောက်ဆိုင် ပတ်ဝန်းကျင်ကို စပ်စုသည်။

တံခါးကို ဖန်သားဖြင့် ပြုလုပ်ထားသော်လည်း အထူးသန့်ရှင်းနေသည်။ ဆိုင်အတွင်းဘက်နယ်မြေက ၃၀ မီတာ ပတ်လည် ကျယ်ဝန်းပြီး အခွန်ဆောင်သော စာရွက်ထဲ ရေးသားထားသည့်အတိုင်း မှန်ကန်သည်။ တံခါး‌ပေါက်နားတွင် သေးငယ်သော စားပွဲခုံနှင့် ထိုင်ခုံ၂လုံးကို မျက်နှာချင်းဆိုင်ထားသည်။ ထို့အပြင် အဖွင့်မီးဖိုချောင် ဘေးနားတွင် စားပွဲရှည်နှင့်အတူ ထိုင်ခုံ ၈လုံး ရှိသည်။

သူ့အမြင်အရ စားသောက်ဆိုင်က လင်းလက်တောက်ပ သန့်ရှင်းနေသည်။ မီးဖိုချောင်ထဲမှ နံရံကပ် အံဆွဲများလည်း အစွန်းအထင်း ကင်းစင်သည်။ သူတို့က ထိုင်ခုံလွတ် ၂နေရာကို ယူလိုက်ပြီး စားပွဲခုံထိပ်ကို ထိကြည့်သည်။ စားပွဲခုံကို ထိကြည့်သောအခါ အဆီလုံးဝ မရှိပေ။

ဌာနမှူးလင်းက သန့်ရှင်းနေသော စားပွဲ နှင့် ထိုင်ခုံများကြောင့် အတော်အတန် ကျေနပ်မိသည်။ သန့်ရှင်းသပ်ရပ်သည့် အပြင် မီးခိုးငွေ့နှင့် ဆီနံ့ ကင်းရှင်းနေသည်။ ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်ကြောင့် စိတ်ကျေနပ်မိသည်။

"ဟိုင်း၊ လူကြီးမင်းတို့ ဘာစားချင်လဲ" အခွန်ရုံးမှ လာစစ်ဆေးသူမှန်း မသိ၍ ယွမ်ကျိုးက ပုံမှန်အတိုင်း မေးမြန်းလိုက်သည်။

“သူဌေး၊ ဒီဈေးနှုန်းက..." ဒုဌာနမှူးလီ၏ပါးစပ် အဟောင်းသား ဖြစ်နေရသည်။ ၁၈၈ယွမ်တန် ကြက်ဥထမင်းကြော်ကို ဝယ်စားနိုင်သော်လည်း အထူးလျှော့ဈေးပေးထားသော လက်ဖက်ကြက်ဥ၏ဈေးနှုန်းက ၈၈၈ယွမ်ဖြစ်နေ၍ သူ့မျက်လုံးသူ မယုံကြည်နိုင်ပေ။

"ဘယ်တစ်ခုကို ဆိုလိုချင်တာလဲ" ဆိုင်သို့ ပထမဆုံးရောက်လာသော ဖောက်သည်များက ယခုလို မေးမြန်းနေကြဖြစ်၍ ယွမ်ကျိုးက သူတို့မေးသမျှ မေးခွန်းတိုင်းကို အခြေခံကျကျ ပြန်ဖြေသည်။

"တခြားဟင်းပွဲတွေကို ရှင်းပြဖို့ မလိုအပ်ပါဘူး။ လက်ဖက်ကြက်ဥပဲ ရှင်းပြထိုက်တယ်"

ဒုဌာနမှူးလီက အရမ်းဈေးကြီးလွန်းသော ဟင်းပွဲ အကြောင်း သိချင်မိသည်။

"အော်ဒါမှာပြီး အရသာခံကြည့်ရင် သိသွားမှာပါ" ယွမ်ကျိုး ဖြေနေကျ အဖြေဖြစ်သည်။

“‌‌သူဌေးရဲ့အကြံပြုချက်ကို နာခံပြီး ဟင်းပွဲတချို့ကို မှာစားမယ်လေ" ဌာနမှူးလင်းက တိုက်ရိုက်ညွှန်ကြားသည်။

ငါတို့နှစ်ယောက်ကို အစုံလိုက်ကြက်ဥထမင်းကြော် နဲ့ ‌အစုံလိုက်ခေါက်ဆွဲပြုတ် ပေးပါ"

ဌာနမှူးလင်းက ခေါက်ဆွဲပြုတ်ကြိုက်တတ်မှန်းသိ၍ အစုံလိုက်ခေါက်ဆွဲပြုတ်ကို ဒုဌာနမှူးလီက အော်ဒါတင်ပေးခြင်း ဖြစ်သည်။ "ကောင်းပါပြီ။ ကျသင့်ငွေက ၅၉၆ယွမ်ပါ" ယွမ်ကျိုးက စုစုပေါင်းကျသင့်ငွေကို တန်းပြောသည်။

ဒုဌာနမှူးလီက တုံ့ဆိုင်းမှု မရှိဘဲ ကျသင့်ငွေကို ပေးဆောင်လိုက်သည်။

"လူငယ်လေး၊ ဒီဆိုင်က ဟင်းပွဲတွေက အရမ်းအရသာရှိတာလား"

ဌာနမှူးလင်းက သူ့ဘေးနားက ဖောက်သည်ကို စပ်စပ်စုစု မေးမြန်းသည်။

ဘေးနားက ဖောက်သည်က မျက်မှန်တပ်ထားသော ရှက်ကိုးရှက်ကန်း လူငယ်လေး ဖြစ်သည်။ ရုတ်တရက် လှမ်းမေး၍ လူငယ် လန့်ဖျပ်သွားပြီး စိတ်တည်ငြိမ်အောင် ထိန်းချုပ်ပြီး စကားပြန်ပြောသည်။

"အရမ်းကောင်းတယ်။ သူဌေးယွမ်ရဲ့ ဟင်းချက်စွမ်းရည်က ထိပ်တန်းပေမဲ့ ဈေးအရမ်းကြီးတော့ တစ်ခါတလေပဲ ဝယ်စားနိုင်တယ်"

ထိုစကားကိုပြောလိုက်သောအခါ ရှက်ကိုးရှက်ကန်း မျက်နှာအမူအရာဖြင့် ခေါင်းကုတ်သည်။

"တကယ်ကို ဈေးကြီးတယ်။ ဒီလိုဆိုင်သေးသေးလေးက ဈေးကြီးတဲ့ဟင်းပွဲတွေကို ရောင်းချနေတာ တကယ် အံ့ဩစရာကောင်းတယ်"

ဌာနမှူးလင်းက သဘောတူဟန် ခေါင်းညိတ်သည်။

"ငါ့အမြင်မှာတော့ ဒါက အရမ်းကို လိမ်လည်လှည့်ဖြားလွန်းတယ်"

ဒုဌာနမှူးလီက ပြောင်နေသောနဖူးကို သပ်လိုက်ပြီး အသံတိုးတိုးလေးဖြင့် ငြီးတွားသည်။

“ဟင့်အင်း။ ငါတော့ အဲဒီလို မထင်ပါဘူး။ ဈေးကြီးပေမဲ့ ဟင်းပွဲတွေက ပေးရတဲ့ဈေးနဲ့ တန်တယ်။ ဒီလို အရသာရှိတဲ့ အစားအသောက်မျိုးကို ဘယ်ဆိုင်မှာမှ မရနိုင်ဘူးလေ" ရှက်ရွံ့သောလူငယ်လေးက ဒုဌာနမှူးလီ၏စကားကို ချက်ချင်း ငြင်းပယ်သည်။

"ဟုတ်တယ်။ မှော်ဆန်တဲ့ဟင်းပွဲတွေက တကယ်ကို အရသာကောင်းပါတယ်။ တစ်ခုတည်းသော ပြဿနာတစ်ခုကတော့ သူဌေးယွမ်က အပျင်းကြီးတာပဲ။ နေ့တိုင်း ဆိုင်ဖွင့်ချိန်က ၆နာရီမကျော်ဘူး" သူတို့ဘေးနားက တခြားတစ်ယောက်က အလွန်တိုးလျသော လေသံဖြင့် စကားဖြတ်ပြောသည်။

ဒုဌာနမှူးလင်း ပြန်လည်ချေပခါနီး ဟင်းပွဲရောက်လာ၍ စကားစပြတ်တောက်သွားသည်။

"လူကြီးမင်းတို့နှစ်ယောက် မှာယူထားတဲ့ အစုံလိုက်ဟင်းပွဲတွေ ရပါပြီ" ယွမ်ကျိုးက ဟင်းပွဲ တစ်ပွဲချင်းစီ ယူလာပေးသည်။

အစုံလိုက်ဟင်းပွဲများကို ငေးကြည့်ပြီး ဒုဌာနမှူးလီ၏စိတ်ထဲ ဒွိဟဖြစ်သော ခံစားချက်များ ဖြစ်ပေါ်လာသည်။ အခွံမခွာပေးထားသည့် ကြက်သွန်ဖြူ နှစ်စိတ်ကို ကြည့်ကာ စားသောက်ဆိုင်က ရိုင်းပျလွန်းသည်ဟု ခံစားမိသည်။

ထိုစဉ် ယွမ်ကျိုးက ကြင်နာစွာ အသိပေးသည်။

"ကြက်သွန်ဖြူက ပူစပ်စပ် အရသာ မရှိသလို စားပြီးရင်လည်း ခံတွင်းနံ့ကို မဆိုးရွားစေပါဘူး"

ယွမ်ကျိုးက နားဝင်ချိုအောင် ပြောသည့်တိုင် ဌာနမှူးလင်းက ကြက်သွန်ဖြူ မြိုချရန် ခက်ခဲနေသေးသည်။ တခြားစားသုံးသူများ အသုံးပြုခဲ့သော ပန်းကန်ပြားများက ဆေးကြောထားသကဲ့သို့ လင်းလက် တောက်ပနေခြင်းကို သတိပြုမိသည်။ ဖောက်သည်များက ပန်းကန်ပြား လျှာဖြင့် ယက်ထားသကဲ့သို့ လင်းလက်နေသည်။

ဌာနမှူးလင်းက ကြက်သွန်ဖြူကို စားသင့်/မစားသင့် တွေဝေနေစဉ် ဘေးခုံကလူက စကားပြောသည်။

"လူငယ်လေး၊ ဖရဲသီးဖျော်ရည် နဲ့ လက်ဖက်ကြက်ဥ‌‌က ဟင်းပွဲအသစ်တွေလား" အိုမင်းသော်လည်း ဖျတ်လတ်နေသော အသံဖြင့် စကားစပြောသည်။

အပိုင်း(၆၂)

ပြီးပါပြီ။

အပိုင်း(၆၃)

*

"ဟုတ်တယ် အဘိုး" ယွမ်ကျိုးက အတည်ပြုဟန် ခေါင်းညိတ်သည်။

“လူငယ်လေးရေ၊ နောက်တစ်ခါ ဆိုင်ပိတ်ရင်လည်း ငါတို့ကို ကြိုတင် အသိပေးပါ။ မင်းချက်တဲ့ ဟင်းပွဲတွေကို မစားရတာ ငတ်သေတော့မယ်လို့ ခံစားရတယ်" အဘိုးက ရာသီဥတု ပူပြင်းသောကြောင့် အဖြူရောင် ရှပ်အင်္ကျီ နှင့် ရိုးရိုးဘောင်းဘီကို တွဲဖက်ဝတ်ဆင်ထား၍ ပုံမှန်ထက် တက်ကြွပုံပေါက်သည်။

“ဟုတ်ကဲ့ ကျွန်တော် သိပါတယါ။ အသိပေးစာတောင် ကပ်ထားခဲ့တယ်လေ"

ယွမ်ကျိုးက ဓလေ့ထုံးတမ်းအစဥ်အလာအရ လူကြီး၊လူငယ် လေးစားသော ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။

"လူငယ်လေး။ အသိပေးစာ ကပ်ခဲ့တယ်လို့ ပြောရဲသေးတယ်နော်? မင်းက တကယ့်ကို ဟာသပဲ" အဘိုးအိုက သူ၏တုန်လှုပ်နေခဲ့သော အမူအရာကို ပြန်လည်မြင်ယောင်ပြီး အသိပေးစာကို မြင်တွေ့ချိန်က ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့သည်။

"မဟုတ်ဘူး။ ပိတ်ရက်တိုင်းကို သေသေချာချာ စစ်ဆေးခဲ့ပါတယ်" ယွမ်ကျိုးက သူယခင်ဖြေခဲ့သော အဖြေကိုသာ အာရုံစိုက် အလေးထားသည်။

လေးနက်တည်ကြည်သော ယောက်ျားများက ဆွဲဆောင်မှုရှိသည်ဟု ပြောစမှတ်ပြုကြသည်။ သို့သော်ငြားလည်း ယွမ်ကျိုး၏ လေးနက်မှုက လူအများကို ရိုက်နှက်ချင်စိတ် ဖြစ်ပေါ်စေသည်။

"ကောင်းပြီလေ။ ထားလိုက်ပါတော့။ လူငယ်လေးရေ ခေါက်ဆွဲစွပ်ပြုတ်အချို နဲ့ ဆေးဖက်ဝင်လက်ဖက်ကြက်ဥတစ်ပွဲပေးပါ"

ယွမ်ကျိုး၏‌ဆင်ခြေများကို အဘိုးအိုက နည်းနည်းလေးမျှ ပင် စိတ်မဝင်စားပေ။

"ကောင်းပါပြီ။ စုစုပေါင်းကုန်ကျစရိတ်က ၁၁၅၆ယွမ်ပါ" ယွမ်ကျိုးက စိတ်အားထက်သန်သော အမူအရာဖြင့် ဈေးနှုန်းကို ဖော်ပြသည်။

"နေပါဦး။ ဆေးဖက်ဝင်လက်ဖက်ကြက်ဥက ၈၈၈ယွမ်လား"

အဘိုးအိုက တုံ့ပြန်မှု မြန်ဆန်သည့်အပြင် သင်္ချာတွက်ချက်မှု ကျွမ်းကျင်၍ ဈေးနှုန်းကို ချက်ချင်း တွက်ချက်နိုင်သည်။

"မှန်တယ်" ယွမ်ကျိုးက အဘိုးအိုအား အနောက်ဘက်နံရံမှ ဈေးနှုန်းစာရင်းကို ဖတ်ရှုရန် အချက်ပြသည်။

အဘိုးအိုက ဆိုင်ထဲဝင်ဝင်ချင်း ဟင်းပွဲအသစ်များကို သတိထားမိသော်လည်း ဈေးနှုန်းစာရင်းကို သတိမပြုမိပေ။ သူက နံရံကို လှည့်ကြည့်သောအခါ သိသာထင်ရှားသော ၈၈၈ယွမ် နှင့် အထူးလျှော့ဈေးဟူသော စကားလုံးနှင့်အတူတူ ဆေးဖက်ဝင်လက်ဖက်ကြက်ဥစာသားကို အစဉ်လိုက် ရေးသားထားသည်။

အတွေ့အကြုံများပြီး အသိပညာကြွယ်ဝသော အဘိုးအိုကိုယ်တိုင်ပင် တုန်လှုပ်သွားသည်။ ထို့နောက် သူက မေးမြန်းသည်။

"လူငယ်လေး၊ ကြက်ဥက ဘာတွေများ ထူးခြားနေလို့လဲ"

"ဟုတ်တယ်။ နည်းနည်းပါးပါး ထူးခြားတယ်။ မြည်းကြည့်ချင်လား" ယွမ်ကျိုးက ဟင်းပွဲကို အရောင်းမြှင့်တင်ရန် တက်ကြွစွာ ကြိုးစားအားထုတ်နေသေးသည်။

"ထူးခြားတယ်ဆိုတော့လည်း ထူးခြားတယ်ပေါ့ အဲဒီလောက်နဲ့ လုံလောက်ရဲ့လား"

အဘိုးအိုက နက်နက်ရှိုင်းရှိုင်း စပ်စုချင်သော ရည်ရွယ်ချက် ရှိသည်။

သို့သော်လည်း ယွမ်ကျိုးက အဘိုးအိုကို အမှန်တရား ထုတ်ပြောမည့် အတွေး မရှိပေ။

"အရသာမြည်းစမ်းကြည့်ပြီးရင် သိသွားမှာပါ" ခဏတွေးကြံပြီးနောက် သူ ဖြည့်စွက်ပြောသည်။ "စကားလုံးတွေနဲ့ ဖော်ပြဖို့ မထိုက်တန်ဘူး"

"အိုကေ ကောင်းပြီလေ။ မင်းရဲ့အကြံပြုချက်ကို လက်ခံပြီး ဟင်းပွဲ၂ပွဲ အော်ဒါတင်လိုက်မယ်" ဈေးကြီးလွန်းသော ကြက်ဥကြောင့် အဘိုးအို ခေါင်းကိုက်သွားသော်လည်း ကြက်ဥအရသာကို မြည်းစမ်းကြည့်ရန် ဆုံးဖြတ်ထားသေးသည်။ ထို့အပြင် ဖောဖောသီသီ ငွေဖြုန်းရခြင်းက ကြုံတောင်ကြုံခဲ အခွင့်အရေး ဖြစ်သည်။

"ကောင်းပြီ။ ခဏစောင့်ပေးပါ" ထို့နောက် ယွမ်ကျိုးက ဟင်းပွဲပြင်ဆင်ရန် မီးဖိုချောင်ထဲ သွားသည်။

"အဘိုးက အရမ်းချမ်းသာတာပဲ" သူ့ဘေးနားက တစ်စုံတစ်ယောက်က အထင်ကြီးလေးစားဟန်ဖြင့် စကားပြောသည်။

"မင်းလည်း စားချင်ရင် ဝယ်စားလို့ ရနိုင်တယ်လေ"

"ကျွန်တော်က ဝယ်မစားနိုင်ပါဘူး" အဘိုးအိုကို စောနလေးတင် အထင်ကြီးလေးစားခဲ့သော အမျိုးသားက ခေါင်းခါပြီး လက်ဖျားခါကာ သူ့ကိုယ်သူ သူဆင်းရဲဟု ညွှန်ပြသည်။

"ကိစ္စမရှိပါဘူး။ အဘိုး စားနေတာကို ငါတို့ စောင့်ကြည့်နိုင်တယ်လေ။ အားလုံးက အတူတူပဲ" မိမိကိုယ်ကို ကောင်းမွန်စွာ အားပေးနှစ်သိမ့်နိုင်သော အမျိုးသားက စကားပြန်ပြောသည်။

သူတို့နှစ်ယောက် အတိုင်အဖောက်ညီစွာ ဆွေးနွေးနေစဉ် ဒုဌာနမှူးလီ နှင့် ဌာနမှူလင်းတို့က တခြားသူများကို အာရုံမထားဘဲ ဟင်းပွဲများကို စတင်မြည်းစမ်းနေသည်။ သူတို့ရှေ့မှောက်က ဟင်းပွဲများကို အာရုံထားသည်။

ဌာနမှူးလင်း၏ ဇနီးနှင့် ကလေးများက အစားအသောက်ဝါသနာရှင်များဖြစ်၍ အရသာရှိသော အစားအသောက်များကို သူ့အတွက် ဝယ်လာပေးလေ့ရှိသည်။ ထို့ကြောင့် သူက အရသာရှိသော ဟင်းလျာမျိုးစုံကို စားဖူးသည်။ သို့တိုင် ယွမ်ကျိုး၏လက်ရာက သူ့ကို အနိုင်ယူသွားနိုင်သေးသည်။

စွပ်ပြုတ်က လတ်ဆတ်ပြီး အရသာရှိသည်။ နှမ်းဆီ မွှေးရနံ့မှလွဲ၍ အရသာလွန်ကဲမှု မရှိပေ။ ဆားထည့်သော ပမာဏ နှင့် ဂျုံ၏မွှေးရနံ့က ပြီးပြည့်စုံသည်။

ခေါက်ဆွဲကိုအငမ်းမရ မျိုချပြီးနောက် ဂျုံစိုက်ခင်းကြီးထဲ ရောက်သွားသည်ဟု ခံစားမိသည်။

ဝါးရန်သင့်လျော်သော အနေအထား နှင့် ခေါက်ဆွဲ၏မွှေးကြိုင်မှုကြောင့် စားပြီးရင်း စားချင်သည့် ခံစားချက် ဖြစ်‌ပေါ်လာသည်။ ခေါက်ဆွဲစွပ်ပြုတ်တစ်ပွဲက ဂျုံ၏အနှစ်သာရ အားလုံးပါဝင်သည်။

ကြက်ဥထမင်းကြော်ကို စားနေသော ဒုဌာနမှူလီက ဈေးအရမ်းကြီးသောဟင်းပွဲများအတွက် ဆိုင်ပေါက်ဝမှာ ကျိတ်ကျိတ်တိုး တန်းစီနေသော အကြောင်းအရင်းကို နားလည်သွားသည်။

အရသာရှိသော ဟင်းပွဲများကို စားချင်သော အာသီသကို မထိန်းချုပ်နိုင်၍ အချိန်အားလပ်တိုင်း စားကောင်းသောက်ဖွယ်များကို လာစားခြင်း ဖြစ်ရမည်။

ဆန်သားက မပျော့လွန်း၊မမာလွန်း အနေအထားရှိပြီး နူးညံ့သော ကြက်ဥဖတ်လေးများ ရစ်ပတ်ထားသည်။ ထို့အပြင့် အဆီများသော ခံစားချက် လုံးဝကင်းရှင်းပြီး အရသာခံဘုပေါ်တွင် လတ်ဆတ်သော အရသာ ဖြစ်ပေါ်သည်။ ဒုဌာနမှူးလီက ကြက်ဥထမင်းကြော်ကို စားနေစဥ် သွားရည်ကျသော ခံစားချက်ကို မထိန်းချုပ်နိုင်ပေ။

သူတို့နှစ်ယောက်က အရသာကောင်းသော ဟင်းပွဲထဲ လုံးလုံးလျားလျား နစ်မြှုပ်နေပြီး ယွမ်ကျိုး၏ဟင်းချက်စွမ်းရည်ကို ယုံကြည်လက်ခံသွားသည်။

ယွမ်ကျိုးက ခေါက်ဆွဲစွပ်ပြုတ်အချို ပြင်ဆင်ခြင်းဖြင့် မီးဖိုချောင်ထဲ အလုပ်ရှုပ်နေစဥ် သူ့စိတ်ထဲမှ တဆင့် စနစ်ကို မေးမြန်းလိုက်သည်။

"စနစ်၊ ဆေးဖက်ဝင် လက်ဖက်ကြက်ဥက ဘယ်နားမှာလဲ"

သူက စနစ်ဆီမှ ပြန်စာကို မြင်သောအခါ ခေါက်ဆွဲပြုတ်ကို ဆက်လက်ပြင်ဆင်သည်။

ယွမ်ကျိုးက ခေါက်ဆွဲသားကုန်ကြမ်းကို ကြိုတင်ပြင်ဆင်ထားသော်လည်း တခြားလုပ်စရာ ကိစ္စများ ရှိသေးသည်။ ခေါက်ဆွဲပြုတ်ကို ပြင်ဆင်ရန် သုံးမိနစ်ခွဲခန့် အချိန်ယူရသည်။ ပွက်ပွက်ဆူသောရေနွေးထဲ ခေါက်ဆွဲသားကို ထည့်ပြီး ခေါက်ဆွဲများကို ယောက်ချိုဇွန်းဖြင့် ခပ်ကာ ကြွေခွက်ထဲထည့်သည်။

"အဘိုး မှာထားတဲ့ ခေါက်ဆွဲပြုတ် ရပါပြီ။ လက်ဖက်ကြက်ဥက ခဏနေရင် လာပို့ပေးပါမယ်" ယွမ်ကျိုးက ခေါက်ဆွဲစွပ်ပြုတ်အချိုကို အဘိုးအိုဆီ သယ်သွားပေးပြီး စကားပြောသည်။

အံဆွဲကို ဖွင့်လိုက်ပြီးနောက် အဖြူရောင်ပန်းကန်ပြား၏ အနားကွပ်တွင် လက်ဖက်ပင်ပုံ မှင်ဆေးရည်ခြယ်ထားသော ပန်းကန်ပြားကို ထုတ်လိုက်ပြီး လက်ဖက်ကြက်ဥ ကို ပြင်ဆင်သည်။

လျှပ်စစ်မီးဖို၏ဘေးဘက်တွင် မသိသာ၊မထင်ရှားသော အနက်ရောင်စတုရန်းပုံစံ ကုန်သေတ္တာရှိသည်။ ယွမ်ကျိုးက သေတ္တာထဲကို ခန့်မှန်းကြည့်လိုက်သောအခါ စနစ်မှ ထောက်ပံ့ပေးသော လက်ဖက်ကြက်ဥများ ဖြစ်နေသည်။

ဤတစ်ကြိမ်တွင် စနစ်၏အကာအရံက ကောင်းမွန်စွာ အလုပ်မလုပ်ပုံပေါ်သည်။ အဖုံးကို ဖယ်ရှားလိုက်သောအခါ အညိုရောင် ကြက်ဥအခွံထဲမှ ကြက်ဥနှင့် လက်ဖက်တို့ပေါင်းစပ်ထားသော မွှေးရနံ့ ထွက်ပေါ်လာသည်။

''ဝိုး၊ ဘာအနံ့အသက်လဲ။ လက်ဖက်ရည်နံ့ ကြိုင်နေတာပဲ" အဘိုးအိုက လည်ပင်းဆန့်လိုက်ပြီး ယွမ်ကျိုး အထဲမှာ ဘာလုပ်နေလဲ စပ်စုရန် မီးဖိုချောင်ထဲကို ချောင်းကြည့်ရန် ကြိုးစားသည်။

"ဒါက လက်ဖက်ရွက်ရဲ့ မွှေးရနံ့မလား" တစ်စုံတစ်ယောက်က မဝံ့မရဲ စကားပြောသည်။

"ဟမ်၊ ဒါက ဆေးဖက်ဝင်လက်ဖက် ကြက်ဥလား။ အရမ်းမွှေးပါလား"

တစ်စုံတစ်ယောက်က အနံ့ခံကြည့်ပြီး ပျော်ရွှင်စွာ ပြောသည်။

တကယ်တမ်း စိတ်လှုပ်ရှားဆုံး ပုဂ္ဂိုလ်က ယွမ်ကျိုး ဘာလုပ်နေလဲ စပ်စုနေသည့် အဘိုးအိုဖြစ်သည်။

သို့သော်လည်း စိတ်အနှောင့်အယှက် ပေးသော လျှပ်စစ်မီးဖိုက ယွမ်ကျိုး၏လက်ကို အပြည့်အဝ ကွယ်ထား၍ အဘိုးအို၏အမြင်အာရုံကို ပိတ်ပင်ထားသည်။

အဘိုးအိုက သူ့ဆီ ယွမ်ကျိုးက ပန်းကန်ပြား သယ်လာမည့် အချိန်ကို မစောင့်နိုင်တော့ပေ။

''ဒီမှာ အဘိုးရဲ့ ဆေးဖက်ဝင်လက်ဖက် ကြက်ဥပဲ''

ယွမ်ကျိုးက စားပွဲခုံပေါ်မှာ တင်ပေးပြီးနောက် စကားပြောသည်။

အဘိုးအို၏ ပထမဆုံး တုံ့ပြန်မှုက စိတ်ပျက်ခြင်း ဖြစ်သည်။ ထို့နောက် သူက ပန်းကန်ပြားကို ဖြည်းဖြည်းချင်း မြှောက်ကိုင်ပြီး ကြက်ဥကို ဘက်ပေါင်းစုံမှ အကဲခတ်ကြည့်သည်။ ထို့နောက် သူက အနံ့ကို သေချာရှုရှိုက်သည်။

''သူဌေးယွမ်၊ ဒီကြက်ဥ အစုတ်အပြတ်အတွက် ဘယ်လို လက်ဖက်ရွက်ကို သုံးထားတာလဲ"

အဘိုးအိုက ကျိန်ဆဲချင်စိတ်ကို မထိန်းချုပ်နိုင်ပေ။

ယွမ်ကျိုးက စနစ်၏ စည်းမျဉ်းများကို ကောင်းစွာ နားလည်ပြီး စနစ်က အရည်အသွေးအကောင်းဆုံး ပါဝင်ပစ္စည်းများကို အသုံးပြုထားလိမ့်မည်။ ထို့ကြောင့် သူက ခေါင်းညိတ်ကာ စကားပြန်ပြောသည်။

''ဟုတ်တယ်။ အဘိုး ထင်တဲ့အတိုင်းပဲ"

''မင်း...မင်း...မင်း...''

ယွမ်ကျိုးကို လက်ညှိုးထိုးထားသော အဘိုးအို၏လက်ဖျားက တုန်ရီနေပြီး သူ့မျက်နှာပေါ်တွင် ဒေါသများက ဟုန်းဟုန်းတောက်နေသည်။

ရုတ်တရက် သူက စားပွဲခုံကို အားကုန်သုံး ရိုက်ချလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။

"ဖြုန်းတီးတဲ့ကောင်စုတ်၊ အဖိုးတန် အရင်းအမြစ်တွေကို လက်လွှတ်စပယ် ဖြုန်းတီးရလား။ ဒီနား လာခဲ့စမ်းပါ။ ဒီကနေ့ ငါ့ဒေါသပြေတဲ့အထိ မင်းကို ရိုက်ပစ်မယ်''

ထိုစကားကိုပြောနေစဥ် သူ့လက်ကို ဆန့်တန်းလိုက်ပြီး ယွမ်ကျိုး၏အင်္ကျီကော်လံကို ဆောင့်ဆွဲရန် ကြိုးစားသည်။ ထိုစဉ် သူက မခံမရပ်နိုင် ထအော်သည်။ ''အဖိုးတန်ပစ္စည်းတွေနဲ့ လက်ဖက်ကြက်ဥ လုပ်ရလား''

အဘိုးအိုက ရုပ်ပိုင်းဆိုင်ရာ သန်မာသော်လည်း အိုမင်းနေ၍ ယွမ်ကျိုးကို ဖမ်းချုပ်ရန် လုံလောက်သော ကွေးဆန့်မှု မရှိပေ။

အဘိုးအိုက ယွမ်ကျိုးကို မဖမ်းနိုင်မှန်း သဘောပေါက်လာ၍ ဒေါသပိုထွက်လာသည်။ စားပွဲခုံကို စိတ်ဆိုးမာန်ဆိုးဖြင့် ထရိုက်ပစ်သည်။

''ကောင်စုတ်၊ မင်းက အကောင်းဆုံး အသုံးချတဲ့နည်းလမ်း သေချာမသိရင် ငါ့ကိုပဲ ပေးလိုက်တာ ပိုမကောင်းဘူးလား။ ဒီလိုအရာမျိုးကို ဆော့စရာများ ထင်နေလား"

အဘိုးအို၏ ဆတ်ဆတ်ထိမခံသော အပြုအမူက ပျော်ပျော်ပါးပါး စားသောက်နေသူများကို လန့်ဖျပ်သွားစေသည်။ နောက်ထပ်ကြုံမည့် စိတ်လှုပ်ရှားဖွယ် မြင်ကွင်းကို စောင့်ကြည့်ရန် ခေါင်းမော့လိုက်သည်။

လှည့်ဖြားလွန်းသောသူဌေးကို ဟင်းချက်စွမ်းရည်ကြောင့်သာ သည်းခံခဲ့သည်။ ဟင်းပွဲကြောင့် သူဌေးယွမ် နှင့် ဖောက်သည်တို့ ရန်ဖြစ်နေသော မြင်ကွင်းကို ပထမဆုံးအကြိမ် မြင်ရခြင်း ဖြစ်သည်။

''ဘာဖြစ်တာလဲ" ဘေးပတ်ဝန်းကျင်မှ ဖောက်သည်များက အခြေအနေကို နားလည်သူများကို စပ်စုကာ မေးမြန်းကြသည်။

အပိုင်း(၆၃)

ပြီးပါပြီ။

All Chapters