← Chapters

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အပိုင်း(၆၄)

*

''စိတ်အေးအေးထားပါ အဘိုးအိုရယ်။ ကြက်ဥက အနက်ရောင်လက်ဖက်ရွက်နဲ့ တကယ်လိုက်ဖက်တယ်"

ယွမ်ကျိုးက ငြိမ်းချမ်းသော အမူအရာ ခပ်တန်းတန်းလေသံဖြင့် စကားပြောသည်။

အဘိုးအို၏ ရိုင်းပျသောအပြုအမူက ယွမ်ကျိုးကို လွှတ်ပေးမည့် ရည်ရွယ်ချက် မရှိပေ။ သူ မမျှမတ ဆက်ဆံခံရသည်ဟု ခံစားမိသည်။ စနစ်က ထောက်ပံ့ထားသော လက်ဖက်ရွက်ဖြစ်၍ သူ့ကိုယ်တိုင်ပင် တစ်ခါမှ အရသာ မမြည်းစမ်းရသေးပေ။

ယွမ်ကျိုးက လှည့်ဖြားတတ်သော စနစ်ကိုယ်စား ပစ်မှတ်ထားခံရသည်။

သို့သော်လည်း ယွမ်ကျိုး၏ခပ်တန်းတန်းလေသံကြောင့် လက်ယားလာသည်။

“ကောင်စုတ်။ အခုထွက်လာခဲ့စမ်းပါ။ အစားအသောက်တွေကို အလဟဿ မဖြုန်းတီးတတ်အောင် သင်ပေးမယ်”

ထိုစကားကိုပြောနေစဉ် အဘိုးအိုက သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး ယွမ်ကျိုးကို ရိုက်နှက်မည့် အကြံအစည်ဖြင့် စားပွဲခုံကို ခုန်ကျော်ရန် ပြင်ဆင်သည်။ ယခုအချိန်မှာ သူ့အတွက် အလိုအပ်ဆုံးက အထိုက်အလျောက် ကောင်းမွန်သော လက်နက် ဖြစ်သည်။

“ဘာကိစ္စလဲ။ ဘာဖြစ်ကြတာလဲ။ အားလုံးပဲ စိတ်ငြိမ်ငြိမ်ထားကြပါ။ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ”

“မင်းက ငါ့ကို စိတ်အေးအေးထားဖို့ ပြောတယ်ဟုတ်လား။ မင်းပုံစံကြည့်ရတာ အသက်ငယ်မယ့်ပုံလည်း မပေါက်ပါဘူး။ မင်း လက်ဖက်ရည် မသောက်ဖူးဘူးလား” အဘိုးအိုက သူ့ရှပ်အင်္ကျီကို ခေါက်တင်ပြီး ဒေါနှင့်မောနှင့် ပြောဆိုသည်။

“ဒါက ရှားပါးတဲ့ ကီမန်အနက်ရောင်လက်ဖက်ခြောက်ပဲ။ သစ်ခွပန်းနဲ့ သကြားရောယှက်ထားတဲ့ ရနံ့ပြင်းပြင်းက တကယ်ကို အရသာကောင်းမွန်တဲ့ ကီမန်အနက်ရောင် လက်ဖက်ခြောက်ပဲ။ ဟုတ်တယ်မလား”

ဌာနမှူးလင်းက လက်ဖက်ရွက်အမျိုးမျိုးကို နှံ့နှံ့စပ်စပ်သိသည်။ ဤနိုင်ငံရှိ အစိုးရဝန်ထမ်း သိသင့်သိထိုက်သော ဗဟုသုတ အားလုံးကို သိနေသည်ဟုပင် ဆိုနိုင်သည်။

“တဆိတ်လောက် ခဏစောင့်ပေးပါ” စွပ်ပြုတ် နောက်ဆုံးလက်ကျန်ကို သောက်ပြီးနောက် ဌာနမှူးလင်းက အဘိုးအိုကို တည်ငြိမ်စွာ စကားပြောသည်။ ထို့နောက် သူက ပန်းကန်ပြားသေးသေးလေးကို ဆုပ်ကိုင်ကာ လက်ဖက်ကြက်ဥကို သေချာအကဲခတ်သည်။

“သူတို့တွေ ဘာဖြစ်နေတာလဲ” သူတို့ဘေးနားက ဖောက်သည်က စပ်စပ်စုစု မေးမြန်းသည်။

“သူဌေးယွမ် ရောင်းတဲ့ လက်ဖက်ကြက်ဥက ထင်သလောက် မရိုးရှင်းဘူး” တခြားတစ်ယောက်ကလည်း အခိုင်အမာ ပြောဆိုသည်။

“လုံးဝ အဓိပ္ပါယ်မရှိပါဘူး။ ဟိုအဘိုးကြီး သုံးယောက်ရဲ့ လေးနက်တဲ့ အမူအရာကို သေချာကြည့်စမ်းပါ။ ငါတော့ ထူးထူးခြားခြား မခံစားမိပါဘူး။ အနံ့အရမ်းမွှေးတယ်လို့ပဲ ခံစားမိတယ်”

“ဘာလို့ မထူးခြားဘူးလို့ ပြောတာလဲ။ ကီမန်အနက်ရောင် လက်ဖက်ရွက်က သာမန်မဟုတ်ဘူး” တစ်စုံတစ်ရာကို လေးလေးနက်နက် သိထား သကဲ့သို့ အသံတစ်သံ ရုတ်ခြည်း ထွက်ပေါ်လာသည်။

ဆူညံသံများက ဌာနမှူးလင်း၏ စူးစမ်းမှုကို အနှောင့်အယှက် မဖြစ်ခဲ့ပေ။

အချိန်အတော်ကြာမှ ဌာနမှူးလင်းက ပန်းကန်ပြားကို အောက်ချထားလိုက်ပြီး လေးကန်စွာ သက်ပြင်းချကာ စကားပြောသည်။

“ဒီလူငယ်လေးက ကီမန် အနက်ရောင်လက်ဖက်ရွက်ရဲ့ နွေဦးလက်ဖက်ရွက်ကို သုံးခဲ့တာပဲ။ အရောင်၊ စစ်မှန်တဲ့ အနံ့အသက် နဲ့ ပျားရည်လို ချိုမြတဲ့အရသာက သံသယဝင်နေဖို့တောင် မလိုအပ်တော့ဘူး”

“ဒီလူငယ်လေးက အဖိုးတန် အရင်းအမြစ်တွေကို ပေါ့တန်တန် ဖြုန်းတီးပစ်ရလား။ ဒီလိုထိပ်တန်းအဆင့်ရှိတဲ့ လက်ဖက်ရွက်ကို ဆေးဖက်ဝင်လက်ဖက်ကြက်ဥလုပ်ဖို့ သုံးရတယ်လို့ဟာ”

ထိုစကားကို ပြောလိုက်စဉ် အဘိုးအိုက မကျေမနပ် တောက်ခေါက်သည်။

လက်ဖက်ရွက်နှင့် ပတ်သက်ပြီး အတော်အတန် ဗဟုသုတ ရှိသော ဖောက်သည်များက ယွမ်ကျိုးကို ဝိုင်းရိုက်ချင်နေသော ဆန္ဒ ဖြစ်ပေါ်နေသည်။ ကီမန် အနက်ရောင်လက်ဖက်ရွက်သည် ကမ္ဘာပေါ်ရှိ ထိပ်တန်း အနက်ရောင်လက်ဖက်ရွက် သုံးမျိုးထဲ တစ်မျိုးဖြစ်သည်။

ကမ္ဘာပေါ်ရှိ နာမည်အကြီးဆုံး အနက်ရောင်လက်ဖက်ရွက် သုံးမျိုးတွင် တရုတ်နိုင်ငံ အန်ဟွေ့စီရင်စု ဟွမ်ရှန်တောင်မှာ စိုက်ပျိုးသော ကီမန်အနက်ရောင်လက်ဖက်ရွက်၊ အိန္ဒိယနိုင်ငံ မှ ဒါဂျီလင် အနက်ရောင်လက်ဖက်ရွက် နှင့် သီရိလင်္ကာနိုင်ငံမှ ယူဗာအနက်ရောင်လက်ဖက်ရွက် တို့ဖြစ်သည်။

“ဟုတ်တယ်။ ကီမန်အနက်ရောင်လက်ဖက်ရွက်က နွေဦးလက်ဖက်ရွက်ပဲ အကောင်းဆုံး။ သစ်ခွပန်း မွှေးရနံ့လေးနဲ့ ချိုမြိန်တဲ့ အရသာလည်း ရှိတယ်” ယွမ်ကျိုးက လက်ဖက်ရွက် ရွေးချယ်ရသော အကြောင်းအရင်းကို လေးနက်စွာ ထုတ်ဖော်သည်။

“မင်းသိနေရင်လည်း ဘာလို့များ အဖိုးတန်လက်ဖက်ရွက်ကို ဖျက်ဆီးပစ်ရတာလဲ”

ယွမ်ကျိုးက သိသိရက်နှင့် အမှားကျူးလွန်၍ အဘိုးအို၏နှလုံးသားက သူ့ကို ခွင့်မလွှတ်နိုင်သော ခံစားချက်များဖြင့် မခံမရပ်နိုင် နာကျင်မိသည်။

“ဘယ်ဆိုင်ရှင်သူဌေးကို သဘောကျဆုံးလဲလို့ မေးရင် သေချာပေါက် သူဌေးယွမ်ပဲ။ တန်ဖိုးရှိတဲ့ ကီမန်လက်ဖက်ရွက်ရဲ့ နွေဦးလက်ဖက်ရွက်လေးကို သုံးပြီး လက်ဖက်ကြက်ဥကို ချက်ထားတာပဲ”

ပတ်ဝန်းကျင်မှလူများက တိတ်ဆိတ်စွာ ရေရွတ်သည်။

“၈၈၈ယွမ်ရဲ့နောက်မှာ သုညတစ်လုံး ထပ်ထည့်ဖို့တောင် တန်တယ်လို့ ခံစားမိတယ်။ ဒါကမှ တကယ်ကို အထူးလျှော့ဈေးပဲ”

“ခင်ဗျားရဲ့အရမ်းကို အေးတိအေးစက် ပုံစံကြောင့်သာ ငါတို့တွေ မိတ်ဆွေ မဖြစ်ခဲ့တာ”

“ဒါက တကယ်ကို အမှန်တရားပဲ။ သူဌေးယွမ်ရဲ့လက်ဖက်ရွက်က ချီမန် တိုင်းပြည်ဒေသကထွက်တဲ့ Likou၊ Shanli နဲ့ Pingli မဟုတ်လို့တော်သေးတယ်။ ဒါတွေကမှ တော်တော် ဈေးကြီးတယ်။ အခုတော့ သူဌေးယွမ်ကို အရမ်းကို အထင်ကြီးလေးစားသွားပြီ”

“အို့စ် အဖိုးတန်လေးကို သုံးရက်လိုက်တာနော်။ ရက်စက်ပါပေ့။ ငါ့နှလုံးသား နာကျင်ရတယ်”

“ငါ့ကို မထိနဲ့။ ငါ့အသည်း နာနေတယ်”

"ဟုတ်တယ်။ သူပြောတာမှန်တယ်။ ကောင်းမွန်တဲ့လက်ဖက်ရွက်ကပဲ လက်ဖက်ကြက်ဥကို အရသာကောင်းစေမှာ" ယွမ်ကျိုးက လေးနက်စွာပြောသည်။

"သုံးစားမရတဲ့လက်ဖက်ကြက်ဥ။ မင်းမှာ ကျန်သေးတဲ့ ကီမန်အနက်‌ရောင်လက်ဖက်ရွက်တွေ ငါ့ကိုပေး။ ငါ အားလုံးဝယ်မယ်" ယွမ်ကျိုး၏စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းသော မှတ်ချက်ကို အဘိုးအိုကြားသောအခါ သူ့နှလုံးသား နာကျင်ရသည်။

"အားနာပါတယ်။ ဒီဆိုင်က လက်ဖက်ရွက်တွေ မရောင်းပါဘူး" ယွမ်ကျိုးက အနည်းငယ်တုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းဆန်လိုက်သည်။

"မင်းကြိုက်တဲ့ဈေး ခေါ်စမ်းပါ။ မင်းကို သတင်းအချက်အလက်တချို့တော့ ပြောလိုက်မယ်။ ကီမန်နွေဦးအနက်ရောင်လက်ဖက်ရွက်က ၅၀ ဂရမ်ကို အနည်းဆုံး ခန့်မှန်းခြေအားဖြင့် ၃၀၀၀ ယွမ် တန်တယ်။ ငါက မင်းကို ၃၆၀၀ ယွမ် ပေးမယ်" အဘိုးအိုက ရက်ရက်ရောရော ကမ်းလှမ်းသည်။ အဘိုးအိုက မြင့်မားသောဈေးနှုန်း ပေးသည့်တိုင် ယွမ်ကျိုးက စိတ်မဝင်စားပေ။ ယွမ်ကျိုးက စုစုပေါင်းတန်ဖိုးကို အလျင်အမြန် တွက်ချက်သည်။ ကီလိုဝက်ခန့်ကို ယွမ် ၃၆၀၀၀၊ ၅ကီလိုအတွက် ယွမ် ၃၆၀၀၀၀ သည် သူလဝက်ခန့် အသားတင်ရသော အကျိုးအမြတ်နှင့် ညီမျှသည်။

သူ့နှလုံးသားလေး တင်းကြပ်နေသည့်တိုင် ယွမ်ကျိုးက အေး‌စက်စက် ပြန်ပြောသည်။

"မရပါဘူး။ ဒါတွေက ရောင်းဖို့ မဟုတ်ဘူး"

"ဒီကောင်စုတ်က ငါ့စကားကို ဘာလို့ နားမထောင်ရတာလဲ။ လက်ဖက်ကြက်ဥ ချက်ဖို့အတွက် ဒီလက်ဖက်ရွက်တွေကို အသုံးပြုတာက လုံးဝကို အလဟဿဖြစ်စေတယ်" အဘိုးအိုက စိုးရိမ်တကြီး ပြောဆိုသည်။ ဝိုင်းကြည့်နေသော စားသုံးသူများက အဘိုးအိုသည် လက်ဖက်ရွက်ကို

နှစ်နှစ်ခြိုက်ခြိုက်သဘောကျနေခြင်းကို ယုံကြည်သွားသည်။ ထို့ကြောင့် အဘိုးအိုဖက်မှ ယွမ်ကျိုး လက်ခံလာအောင် ဖျောင်းဖျပေးသည်။ ယွမ်ကျိုးက စကားတချို့ပြောကာ ပြန်လည် ငြင်းဆန်သည်။

"လက်ဖက်ကြက်ဥရဲ့အရသာကို အရင်ဆုံး မမြည်းစမ်းကြည့်ဘူးလား။ စားပြီးရင် နားလည်သွားမှာပါ"

"အဘိုး၊ ဒီညီအစ်ကိုက လက်ဖက်ရွက်တွေကို အဘိုးကို တကယ် မရောင်းချင်ဘူးထင်တယ်" ဌာနမှူးလင်းကလည်း ဆိုးရွားသောစိတ်အခြေအနေမှ လွတ်မြောက်ပြီးနောက် အဘိုးအိုကို နှစ်သိမ့်သည်။

"ဟုတ်တယ်။ အတင်းမတောင်းဆိုနဲ့တော့" ဒုဌာနမှူးလီက ဌာနမှူးလင်းပြောသည့်အတိုင်း လိုက်ပါပြောဆိုသည်။

"ဟုတ်ပါပြီ။ ငါသိပြီ။ ငါနားလည်ပြီ။ ငါက နှမြောတသဖြစ်နေရုံပါ။ ဒီနှစ်ထွက်တဲ့ ကီမန်နွေဦးအနက်ရောင်လက်ဖက်ရွက်ကို မဝယ်နိုင်ခဲ့ဘူး။ စိုက်ပျိုးတဲ့သူတွေပြောတော့ ဒီနှစ် အထွက်နှုန်းနည်းတော့ မနှစ်က ကြိုမှာထားတဲ့ ကုန်သည်တွေကို ရောင်းလိုက်ပြီလို့ ပြောတယ်။ ဒီ့ပြင် တခြားလက်ဖက်ရွက်တွေကလည်း ခူးပြီးပြီးချင်းကို ရောင်းကုန်သွားတယ်။ လက်ဖက်ရွက်နည်းနည်းလေး ရဖို့တောင် တော်တော်ခက်ခဲတယ်" အဘိုးအိုက အကြီးအကျယ်စိတ်ပျက် အားလျော့စွာဖြင့် ထိုင်ခုံပေါ် ပစ်လှဲလိုက်သည်။

''ဒီလိုပဲလေ။ နွေဦးလက်ဖက်ရွက်က ဝယ်ဖို့ ခက်ခဲတယ်လေ။ ဒီနှစ် လက်ဖက်ရွက် တစ်မျှင်တောင် မရဘူးလို့ ဘယ်သူကထင်မလဲ"

ဌာနမှူးလင်းက ထပ်တူခံစားရသည်။

ဖောက်သည်များစွာ သက်ပြင်းချနေခြင်းကို ယွမ်ကျိုးက တိတ်တဆိတ် စောင့်ကြည့်နေသည်။

သူ ယခုပြောပြခဲ့သော လက်ဖက်ရွက်က သာမန်လက်ဖက်ရွက်ဖြစ်သည်။ စနစ်မှပံ့ပိုးပေးထားသော လက်ဖက်ရွက်က ပိုကောင်းမွန်ပြီး ပိုတန်ဖိုးရှိသည်။ လက်ဖက်ရွက်၏ မူလဇာစ်မြစ်၊ ရိတ်သိမ်းချိန် နှင့် ခူးယူမည့် သီးသန့်လူကိုပင် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည်။

စနစ်မှ ထောက်ပံ့ထားသော လက်ဖက်ရွက်ကို ခူးဆွတ်မည့်သူသည် အသက်၁၈နှစ်ပြည့်ပြီးသော ရုပ်ရည်ချောမောသူ ဖြစ်ရမည်။ ထိုမှသာ အသန့်စင်ဆုံး လက်ဖက်ရွက်ကို ရရှိလိမ့်မည်။

ထိုအချက်ကြောင့် ယွမ်ကျိုး လှောင်ရယ်မိသည်။

ပြဿနာရပ်က အဆုံးသတ်သွား၍ တခြားဖောက်သည်များက ပုံမှန်အတိုင်း တန်းစီကြသည်။ သို့တိုင် ထိုအကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးမှုများစွာ ရှိနေသေးသည်။

"သူဌေးယွမ် အသုံးပြုထားတဲ့ လက်ဖက်ရွက်က တကယ်ကောင်းတော့ ကြက်ဥကလည်း ပေါ့ပေါ့တန်တန် မဖြစ်နိုင်ဘူး။ဘယ်ကရတဲ့ ကြက်ဥလို့ ထင်လဲ"

တစ်စုံတစ်ယောက်က စပ်စပ်စုစု မေးမြန်းသည်။

"ငါ့အမြင်တော့ ကြက်ဥတွေကလည်း သေချာပေါက် သာမန် မဖြစ်နိုင်ဘူး။ ကြက်ဥထမင်းကြော်အတွက် သုံးတဲ့ ကြက်ဥတွေပဲ ဖြစ်ရမယ်"

နောက်တစ်ယောက်က သူတို့စကားဝိုင်းထဲ ချက်ချင်း ရောက်လာသည်။

"တကယ်ကို ထူးဆန်းတဲ့ ကြက်ဥတွေပဲ။ အရသာကလည်း သေချာပေါက် ထူးခြားတယ်။ ကြက်ဥရဲ့ ညှီနံ့ မရတဲ့အပြင် မွှေးကြိုင်နေသေးတယ်။ ဒီကြက်ဥတွေကို သူဌေးယွမ် ဘယ်ကရလဲဆိုတာ ဘုရားသခင်ပဲ သိလိမ့်မယ်"

ထိုစကားကိုပြောလိုက်စဉ် ကြက်ဥထမင်းကြော်၏ အရသာကို ပြန်လည်မြင်ယောင်ကြည့်သည်။

တခြားတစ်ဖက်တွင်မူ အဘိုးအိုက လက်ဖက်ကြက်ဥကို တစ်ကိုက်ဖဲ့စားရန်ပင် စိတ်အားမထက်သန်သေးပေ။ သူ့စိတ်ခံစားချက် ပိုကောင်းမွန်အောင် ခေါက်ဆွဲပြုတ်ကို အရင်ကုန်အောင် စားပြီးမှသာ လက်ဖက်ကြက်ဥကို အရသာမြည်းစမ်းမည်။

ဈေးနှုန်းသတ်မှတ်ချက်ကြောင့် မဟုတ်ဘဲ ကီမန်အနက်ရောင် လက်ဖက်ရွက်ကြောင့် သူက တုံ့ဆိုင်းခြင်း မရှိဘဲ လက်ဖက်ကြက်ဥကို ကုန်အောင် စားမည်။

လက်ဖက်ကြက်ဥက အဖြူရောင်နောက်ခံပန်းကန်ပြားပေါ်တွင် အတော်လေး သိသာထင်ရှားနေသည်။ ကြက်ဥအောက်ခြေတွင် အညိုရင့်ရောင်အဆီများသော အရည်များ အိုင်နေပြီး လက်ဖက်၏မွှေးရနံ့များ ထွက်နေသည်။ အနီးအနား ပတ်ဝန်းကျင်မှ အနံ့ခံကြည့်လျှင် ကြက်ဥအနံ့အသက် လုံးဝ မရခြင်းကို အံ့အားသင့်ဖွယ် မြင်တွေ့ရလိမ့်မည်။

အဘိုးအိုက တအံ့တဩဖြင့် အက်ကွဲနေသော ကြက်ဥအခွံကို အစီအစဉ်တကျ ခွာသည်။ ကြက်ဥ နှင့် လက်ဖက်ရောယှက်နေသော မွှေးရနံ့ ထွက်ပေါ်လာသည်။

အပိုင်း(၆၄)

ပြီးပါပြီ။

အပိုင်း(၆၅)

*

လက်ဖက်ကြက်ဥ၏အခွံအရောင်က အညိုရင့်ရောင် ဆိုးထားသော်လည်း မူလအဖြူရောင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သေးသည်။

ကြက်ဥနှင့် ပတ်သက်လျှင် အဘိုးအိုက အတော်အတန် ဗဟုသုတကြွယ်ဝသည်။ သာဓကဆိုသော်လည်း ကြက်ဥအခွံအရောင် အပေါ်မူတည်ပြီး ကြက်မကို သတ်မှတ်ကာလအတွင်း ကျွေးမွေးသော အစားအသောက် ကွာခြားသည်။

ဈေးကွက်ထဲ ရောင်းချသော ကြက်ဥအခွံ အရောင်ရင့်သော ကြက်ဥများသည် လှောင်အိမ်ဖြင့် မမွေးမြူထားသော ကြက်မ ဥသည်ဟု ပြောတတ်ကြသည်။ ဤအချက်က အလကားသက်သက် လျှောက်ပြောနေခြင်း ဖြစ်သည်။

အဘိုးအို၏အရှေ့ရောက်နေသော ဆေးဖက်ဝင် လက်ဖက်ကြက်ဥသည် သာမန်ကြက်ဥထက်ပိုပြီး ဘဲဥပုံစံရှိကာ ပြီးပြည့်စုံသည်။

အဘိုးအိုက အခွံကို ခွာကြည့်လိုက်သောအခါ ထူးဆန်းသော အချက်ကို သတိပြုမိသည်။ ပုံမှန်အားဖြင့် ကြက်ဥအခွံကို ခွာလိုက်လျှင် ကြက်ဥကို ကာရံထားသော အမြှေးပါး ရှိနေတတ်သည်။ အမြှေးပါး ခွာရခက်ခဲလေလေ ကြက်ဥက ပို၍လတ်ဆတ်တတ်သည်။ အဘိုးအို လက်ထဲ ရောက်နေသော ကြက်ဥ၏အမြှေးပါးကို အလွယ်ကူ ခွာပစ်နိုင်သည်။

“ဒီကောင်စုတ်က ထိပ်တန်းလက်ဖက်ရွက်နဲ့ အောက်သိုးသိုးကြက်ဥကို ရောချက်ထားတယ်လို့တော့ မပြောနဲ့နော်”

အဘိုးအိုက သံသယစိတ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။

အဘိုးအိုက စိတ်ဆိုးမာန်ဆိုးဖြင့် ကြက်ဥအခွံကို အလျင်အမြန် ခွာပစ်လိုက်သည်။ အခွံအားလုံး ကုန်သွားမှ ဆေးဖက်ဝင် လက်ဖက်ကြက်ဥက အနုပညာ လက်ရာမြောက်သည်ဟု ခံစားမိသွားသည်။ ဆေးဘဲဥများကို အခွံခွာလျှင် မြေဖြူနှင့်တူသော အဖြူရောင်သတ္တုဒြပ်အနံ့အသက်ကြောင့် အမြဲတမ်းလိုလို စိတ်အနှောင့်အယှက် ဖြစ်ရသည်။

သို့သော်ငြားလည်း လက်ဖက်ရွက်နှင့် ချက်ပြုတ်ထားသောအဖြူရောင်ကြက်ဥက အလွန်အမင်း လှပသည်။

ကောင်းကင်ယံမှာ ကြယ်များလင်းလက်နေသကဲ့သို့ အပြာရင့်ရောင် နောက်ခံပတ်လည်တွင် နှင်းပွင့်ချပ်လေးကို ပြန့်ကျဲထားသည့် အသွင်ဆောင်ကာ အလွန်အမင်း ခမ်းနားထည်ဝါနေသည်။

ဤဆေးဖက်ဝင် လက်ဖက်ကြက်ဥကို ဆေးဘဲဥများနှင့် နှိုင်းယှဉ်လိုက်လျှင် အဖြူရောင်ကြက်ဥပေါ်တွင် စားဖိုမှူးက ပန်းချီရေးဆွဲထားသည်ဟုပင် ထင်မိသည်။ ထို့အပြင် လက်ဖက်ကြက်ဥ၏မွှေးကြိုင်သောရနံ့က အစာစားချင်စိတ်ကို လှုံ့ဆော်ပေးသည်။

အဘိုးက ပန်းကန်ပြားကို လှည့်လိုက်သောအခါ လက်ဖက်ကြက်ဥထဲ ရောယှက်နေသော သစ်ခွပန်းရနံ့ လေထဲ ပျံ့လွင့်လာသည်။ ထို့အပြင် ကြက်ဥပေါ်မှ ဆေးရေးပန်းချီက အသက်ဝင်လာသည်။

“လူငယ်လေးရဲ့လက်ဖက်ကြက်ဥက တကယ်ကို အနုပညာ လက်ရာမြောက်ပါတယ်”

အဘိုးအိုက စကားပြောရင်း သက်ပြင်းချသည်။

“အမှန်ပဲ”

ဌာနမှူးလင်းက ပန်းကန်ပြားပေါ်မှ ကြက်ဥလေးကို ကြည့်ပြီး ဖြည့်စွက်ပြောသည်။

တခြားတစ်ဖက်တွင်မူ ယွမ်ကျိုးက စနစ်၏တရားဝင် ရှင်းပြချက်ကို ရရှိသွားသည်။

စနစ် “ကြက်ဥတွေက လန်ရှန်မျိုးနွယ်ရဲ့ လန်ရှန်အဖြူရောင်ကြက်မတွေက ဥပေးတာပါ”

“လန်ရှန်ကြက်တွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင်တော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ခန့်ကို ပြန်လေ့လာရမယ်”

“လန်ရှန်အဖြူရောင်ကြက်က လန်ရှန်မျိုးနွယ်ရဲ့ မျိုးကွဲပဲ။ လန်ရှန်ကြက်တစ်ထောင်မှ အဖြူရောင်က တစ်ကောင်ပဲပါတယ်။ လန်ရှန်အဖြူရောင်ကြက်မှာ ဖြူဖွေးစွတ်နေတဲ့ အမွေး အနီရောင်တောက်တောက် ကြက်အမောက်ပါတယ်။ အရောင်နှစ်ရောင်ကို ယှဉ်ကြည့်လိုက်ရင် မျက်စိပသာဒ ရှိတယ်”

“လန်ရှန်ကြက်တွေကို အသားနဲ့ ကြက်ဥအတွက် အသုံးပြုနိုင်ပေမဲ့ လန်ရှန်အဖြူရောင်ကြက်ဥကိုတော့ ဥဥဖို့ပဲ မွေးထားတယ်။ ယခုဈေးကွက်ထဲမှာ တွေ့နေရတဲ့ လန်ရှန်ကြက်တွေရော လန်ရှန်အဖြူရောင်ကြက်တွေက မျိုးမသန့်တော့ဘူး။ မျိုးသန့်တဲ့လန်ရှန်အဖြူရောင်ကြက်ကပဲ အရွယ်အစားကြီးမားတဲ့ ကြက်ဥ နဲ့ အရေအတွက်များများ ဥချနိုင်တယ်”

လက်ဖက်ရွက်နှင့် ပတ်သက်၍ ယွမ်ကျိုးက အတော်အတန် ဗဟုသုတ ရသွားသည်။ အဘိုးအိုအပါအဝင် စားသုံးသူ တော်တော်များများ၏ ဝေဖန်မှုကြောင့် လက်ဖက်ရွက် အကြောင်း အတော်အတန် သိနေပါပြီ။

လက်ဖက်ကြက်ဥကို တစ်ယောက်နှင့် တစ်ယောက် စားသောက်ပုံချင်း ကွာခြားသည်။ လူတချို့က အခွံတစ်ဝက်ကို ခွာပြီး မခွာရသေးသော အပိုင်းကို ကိုင်ဆောင်ကာ စားကြသည်။ တခြားသူများက အခွံအားလုံးကို ခွာပြီးမှ တူဖြင့် ကြက်ဥကို ညှပ်ကာ စားကြသည်။ အဘိုးအိုက ကြက်ဥကို တူဖြင့် ဖဲ့၍ စားရခြင်းကို နှစ်သက်သည်။

ယွမ်ကျိုးက အဘိုးအိုအတွက် ပြင်ဆင်ပေးထားသောတူက ခေါက်ဆွဲညှပ်ရန် အသုံးပြုသောတူဖြစ်သည်။ ရှည်ရှည်မျောမျော ပိန်သွယ်သွယ် အဖျားချွန်သည်။ ထို့ကြောင့် အဘိုးအိုက လက်ဖက်ကြက်ဥကို အလွယ်တကူ ဖဲ့နိုင်သည်။

ကြက်ဥအနှစ်က ပျော့ပျောင်းပြီး လိမ္မော်ရောင်သန်းကာ ခဲနေရုံ အဆင့်ဖြစ်သည်။ ကြက်ဥအနှစ်ကို ဖဲ့လိုက်သောအခါ လက်ဖက်ကြက်ဥက ပေးသော မွှေးရနံ့က ပို၍ ပြင်းထန်လာပြီး အဘိုးအို၏နှာခေါင်းထဲ ဝင်သွားသည်။

ယခုမှသာ အဘိုးအိုက ကြက်ဥ နှင့် ကီမန်အနက်ရောင်လက်ဖက်ရွက်တို့က ထိုက်တန်မှန်း လက်ခံသွားသည်။

ကြက်ဥတစ်ဝက်ခန့်ကို တူဖြင့် ညှပ်ပြီး သူ့ပါးစပ်ထဲ ထည့်ကာ အားရပါးရ ဝါးသည်။ သူ့မျက်နှာက ကျေနပ်အားရမှု နှင့် ပျော်ရွှင်မှုများကို ဖော်ပြနေသည်။

ကြက်ဥ၏မွှေးရနံ့ နှင့် လက်ဖက်ရွက်၏မွှေးရနံ့ကို ခွဲခွဲခြားခြား ခံစားနိုင်သည်။ ကြက်ဥကို မျိုချပြီးသည့်တိုင် လက်ဖက်ရွက်မှာ ရောယှက်နေသော သစ်ခွပန်းရနံ့လေးက ခံတွင်းထဲ စွဲထင်ကျန်ရစ်နေသည်။ သစ်ခွပန်းကို စားနေရသကဲ့သို့ ခံစားရသည်။

ရှေးခေတ်က အလှပဂေးလေးများကို သစ်ခွပန်းနှင့် နှိုင်းယှဥ်ရသည့် အကြောင်းအရင်းကို ယခုမှ နားလည်သွားသည်။

“အဘိုး၊ ဆေးဖက်ဝင်လက်ဖက်ကြက်ဥက အရသာရှိလား”

သူ့ဘေးနားက မျက်မှန်နှင့်အမျိုးသားက အချိန်အတော်ကြာအောင် စူးစမ်းပြီးနောက် စပ်စပ်စုစု မေးမြန်းသည်။

“လူငယ်တွေက ဘာမှ သိပ်မသိကြပေမဲ့ ဒီလက်ဖက်ကြက်ဥက တကယ်ကို အရသာရှိတယ်”

အဘိုးအိုက ကြက်ဥကို ကုန်အောင်စားပြီးနောက် သူက တိတ်တဆိတ် ထွက်သွားသည်။ တခြားဖောက်သည်များက သူ့ပန်းကန် ဆေးကြောစရာ မလိုအပ်အောင် ပြောင်စင်နေခြင်းကို မြင်တွေ့နိုင်သည်။ လက်ဖက်ကြက်ဥမှ ထွက်လာသော အနှစ်ရည် တစ်စက်မှ မကျန်ခဲ့ပေ။

“ဌာနမှူး။ ကျွန်တော်တို့လည်း ထွက်သွားသင့်ပြီ ထင်တယ်”

ဒုဌာနမှူးလီက တိုးလျသော လေသံဖြင့် မေးမြန်းသည်။

“အွန်း ၊ သွားကြမယ်” ဌာနမှူးလင်းက အရင်ဆုံး မတ်တတ်ရပ်လိုက်သည်။

“ဒီစားသောက်ဆိုင်ကို ဘယ်လိုထင်လဲ”

စားသောက်ဆိုင်အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာစဥ် ဒုဌာနမှူးလီက မေးမြန်းသည်။

“ပြဿနာမရှိဘူးလို့ ယုံကြည်တယ်။ ဟင်းချက်လက်ရာကောင်းတဲ့အပြင် ဆိုင်ရှင်က ထူးခြားတဲ့ စိတ်ဓာတ်လည်း ရှိတာပဲ။ ဈေးနှုန်းများပေမဲ့ တန်ပါတယ်”

ဌာနမှူးလင်းက ပြုံးလျက်ပင် သူ့အတွေးကို ထုတ်ပြောသည်။

စားသောက်ဆိုင်မှာ လာစားပြီးနောက် ဒုဌာနမှူးလီလည်း စားကောင်းသောက်ဖွယ်များက ဈေးနှုန်းမြင့်သင့်သည်ဟု ခံစားမိသည်။

Cooking Master Boy ရုပ်ရှင်ထဲမှာ ပြောသွားသော စကားတချို့ရှိသည်။ စားကောင်းသောက်ဖွယ်များက လူတို့ထံသို့ ပျော်ရွှင်မှုများ ဆောင်ယူလာသည်ဟူသော စာသားဖြစ်သည်။

ယွမ်ကျိုး၏စားသောက်ဆိုင်မှာ ရောင်းချသော စားကောင်းသောက်ဖွယ်များသည် စားသုံးသူများကို ပျော်ရွှင်ခြင်းနှင့် ကြည်နူးခြင်းများ ဖြစ်ပေါ်စေသည့်အပြင် အဖိုးတန်ပါဝင်ပစ္စည်းများက ကျန်းမာရေးနှင့် ညီညွတ်ကာ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာကို ပိုကောင်းမွန်စေသည်။

...

နေ့လည်ခင်း ဆိုင်ဖွင့်ချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ညနေခင်း ဆိုင်ဖွင့်ချိန်သို့ ရောက်ရှိလာသည်။

"သူဌေး ဖရဲသီးဖျော်ရည်တစ်ခွက်ပေးပါ" အသံပိုင်ရှင်ရောက်မလာခင် အသံက လေထဲ ပျံ့လွင့်လာသည်။ ထို့နောက် ဆံပင်ခပ်မြင့်မြင့် စုစည်းထားသောကောင်မလေးတစ်ယောက် စားသောက်ဆိုင်ထဲသို့ ခပ်သွက်သွက် ဝင်လာသည်။

"ဟုတ်ပြီ။ ခဏစောင့်ပေးပါ" ယွမ်ကျိုးက ကောင်မလေးကို ပြန်ဖြေပြီး ဖရဲသီးတစ်လုံးကို ကောက်ယူကာ ဖရဲသီးဖျော်ရည်ပြုလုပ်ရန် ပြင်ဆင်သည်။ ကြံ့ခိုင်သောလက်ဖြင့် ဓားကို မြဲမြံစွာ ကိုင်ဆောင်ပြီး ဖရဲသီးဖျော်ရည်စစ်ထုတ်မည့် အလယ်အပိုင်းကို အတိအကျ ခွဲထုတ်လိုက်သည်။ လူအများ၏ချီးမွမ်းစကားကြောင့် ဖရဲသီးဖျော်ရည်၏ဝယ်လိုအား တိုးလာပြီး ဝယ်သောက်သူအများစုက ကောင်မလေးများဖြစ်ကြသည်။ ယွမ်ကျိုးက အေးတိအေးစက် မော်မော်ကြွားကြွားပုံစံ ပြုမူနေသော်လည်း မိန်းမချောလေးများကို ကြည့်ပြီး မျက်စိအစာကျွေးသည်။

"သူဌေးယွမ်၊ ရှင့်ရဲ့ဖရဲသီးဖျော်ရည်အတွက် ကျွန်မ ၈၈ယွမ် ဖြုန်းခဲ့တယ်နော်။ ရှင်က ဖရဲသီးတစ်လုံးလုံးကို ဖျော်ရည်ဖျော်တယ်ဆိုတော့ ကျန်တဲ့ဖရဲသီးအပိုင်းအစတွေကို ပေးသင့်တယ်လို့ မထင်ဘူးလား" ကောင်မလေးက ငယ်ရွယ်ပြီး ချစ်စရာကောင်းသည်။ သူမ၏ကြီးမားသော မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ယွမ်ကျိုးကို ရွှန်းလဲ့စွာ ငေးကြည့်နေသည်။ ယွမ်ကျိုးက ခေါင်းမော့ကာ သူမကို တစ်ချက်ကြည့်ပြီး ပြန်ပြောသည်။

"၈၈ယွမ် တန်ကြေးက ဖရဲသီးဖျော်ရည်တစ်ခွက်အတွက်ပါ။ မသုံးခဲ့တဲ့ ကျန်အစိတ်အပိုင်းတွေကို မင်း မပိုင်ဆိုင်ပါဘူး" သူမက အလှပဂေးလေး ဖြစ်သည့်တိုင် ယွမ်ကျိုးက ပုံမှန်အတိုင်း ငြင်းဆန်နေသေးသည်။

"သူဌေးယွမ်၊ ကျန်တဲ့အပိုင်းတွေကို မြေဩဇာလုပ်ပစ်တယ်လို့ ကြားတယ်။ ဒါက မလိုအပ်တဲ့သဘောမဟုတ်ဘူးလား။ ရှင် မသုံးဘူးဆိုရင် ကျွန်မကို ပေးပါ" ဆံပင်ခပ်မြင့်မြင့်စည်းထားသော ကောင်မလေးက သူ့လက်ကို ဖြန့်လိုက်ပြီးနောက် သနားချင်စဖွယ်ကောင်းအောင် ယွမ်ကျိုးကို ငေးကြည့်သည်။

"မရပါဘူး။ ဒါက ငါ့ရဲ့စည်းမျဉ်းပါ"

ထိုစဉ် ဝူကျိုးက သူ့ကောင်မလေးနှင့်အတူတူ စားသောက်ဆိုင်ထဲသို့ ဝင်လာသည်။ ယွမ်ကျိုးက သူတို့ချစ်သူနှစ်ယောက်ကို မြင်သောအခါ မနက်ဖြန်က စနေ၊တနင်္ဂနွေပိတ်ရက်ဖြစ်မှန်း သိလိုက်သည်။ သူ့အရှေ့မှာ ချစ်ကြည်နူး၊တစ်တီတူးနေသော စုံတွဲကို သူကြည့်မရပေ။

"သူဌေးယွမ်၊ ဒီနေ့ ကျွန်တော့်ကောင်မလေးကို ခေါ်လာတယ်" ဝူကျိုးက သူ့ကောင်မလေးအတွက် ထိုင်ခုံကိုယူပေးပြီး ပုံမှန်အတိုင်း ယွမ်ကျိုးကို နှုတ်ဆက်သည်။ ယွမ်ကျိုးက ယဉ်ကျေးသောအမူအရာဖြင့် ခေါင်းညိတ်ပြပြီး စကားတစ်ခွန်းမှ မပြောပေ။

"သူဌေးယွမ်၊ ကျွန်တော့်ကောင်မလေးက ဖရဲသီးဖျော်ရည်သောက်ဖို့အတွက် တကူးတက လာတာနော်။ ကျွန်တော်တို့ နှစ်ယောက်အတွက် ဖရဲသီးဖျော်ရည်၂ခွက်ပေးပါ" ဝူကျိုးက တခြားသော အဓိကဟင်းလျာများကိုလည်း အော်ဒါတင်ရန် ကျင်လည်စွာ ပြင်ဆင်သည်။

"အားနာပါတယ်။ ဖရဲသီးဖျော်ရည် ရောင်းကုန်သွားပါပြီ" ယွမ်ကျိုးက ထိုစကားကို ပြောလိုက်သောအခါ အလွန်အမင်း ကျေနပ်အားရသွားသည်။ သူက ဖျော်ရည်ဖြင့် ငွေမရှာနိုင်တော့သော်လည်း ပျော်ရွှင်မိသည်။ စနစ်က ပထမဦးဆုံးအကြိမ် ပစ္စည်းအရေအတွက်ကို ကန့်သတ်ပေးခြင်း ဖြစ်သည်။

တစ်နေ့ကို ဖရဲသီးဖျော်ရည် ခွက် ၁၀၀ခန့်သာ ရောင်းချနိုင်သည့် စည်းမျဉ်းဖြစ်သည်။

ဝူကျိုး၏ ဝမ်းချုပ်နေသကဲ့သို့ မျက်နှာအမူအရာကို ကြည့်ပြီး ပို၍ပင် ပျော်ရွှင်လာသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဝူကျိုး၏မျက်နှာပေါ်မှ စိတ်မချမ်းမသာဖြစ်နေသော အမူအရာသည် ယွမ်ကျိုးကို ကျေနပ်စေသည်။

အပိုင်း(၆၅)

ပြီးပါပြီ။

အပိုင်း(၆၆)

*

"သူဌေးယွမ်၊ ရောင်းကုန်သွားပြီဆိုတာ ဘာသဘောလဲ" သူဌေးယွမ်က သူ့ကို အမှန်အကန် မလိုမုန်းထား ဆန့်ကျင်နေသည်ဟု ဝူကျိုး ခံစားမိသည်။ သူ အတွေးလွန်နေခြင်း သက်သက် မဟုတ်ပေ။

“ပြောလိုက်တဲ့ အတိုင်းပဲလေ" ယွမ်ကျိုးက အေးအေးလူလူ ပြန်ပြောသည်။

“သူဌေး၊ ညနေခင်း ဆိုင်ဖွင့်ခါစပဲ ရှိသေးတယ်။ ဘယ်လိုဖြစ်ပြီး ရောင်းကုန်သွားတာလဲ" ကျွမ်းရှင်းမူက စပ်စပ်စုစု မေးမြန်းသည်။

"ဖရဲသီးဖျော်ရည်က တစ်နေ့ခွက် ၁၀၀ပဲ ရောင်းမယ်လို့ ကန့်သတ်ထားတယ်" ယွမ်ကျိုးက အကြောင်းအရင်းကို တန်းပြောသည်။

“အကန့်အသတ်နဲ့လား။ သူဌေးယွမ်က ငါတို့ကို စောစောစီးစီး ပြောသင့်တယ်လေ။ ဒါမှမဟုတ်ရင်လည်း အနည်းဆုံးတော့ အသိပေးစာ ကပ်ထားသင့်တယ်"

ဝူကျိုးက သူ့ကောင်မလေး ဖရဲသီးဖျော်ရည် မသောက်ရတော့မှန်း သဘောပေါက်သွား၍ မကျေမနပ် ရေရွတ်သည်။

"အို့ ဟုတ်လား။ ငါ မပြောခဲ့မိဘူးလား" ယွမ်ကျိုးက သံသယ‌ဝင်သော လေသံဖြင့် စကားပြောသည်။ သို့သော်လည်း သူက ကြိုတင်အသိပေးခဲ့ဖူးသော အမူအရာဖြင့် ဟန်ဆောင်နေသည်။

“ခင်ဗျား တကယ် မပြောခဲ့ဘူး။ ဒါကြောင့်မို့ သူဌေးယွမ် ဒါက ခင်ဗျားရဲ့ အမှားပဲ။ ကျွန်တော်တို့ကို ပြန်ဖြည့်ဆည်းပေးရမယ်"

ဝူကျိုးက လျင်မြန်စွာ ပြန်ပြောသည်။

“ဒီလိုတော့ မလုပ်ပေးနိုင်ဘူး" ယွမ်ကျိုးက ညှာတာမှုကင်းမဲ့စွာဖြင့် ရက်ရက်စက်စက် ငြင်းပယ်ပစ်သည်။

“သူဌေးယွမ်၊ ခင်ဗျားက အခုဆိုရင် အထိုးခံဖို့ ထိုက်တန်နေတယ်ဆိုတာ သိရဲ့လား" မနက်ခင်းတုန်းက အဖြစ်အပျက်ကို ဝူကျိုး ကြားသိထား၍ အားမနာစတမ်း ယွမ်ကျိုး၏အမှားကို ထုတ်ပြောသည်။

"မင်း စမ်းသပ်ကြည့်လိုက်လေ" ထိုစကားကို ပြောလိုက်စဉ် ယွမ်ကျိုးက သူ့ကြွက်သားအဖုအထစ်နှင့် လက်ကို မြှောက်လိုက်ပြီး ချိုသာစွာ ပြောသည်။

ယွမ်ကျိုးက တစ်နေ့လျှင် အကြိမ် တစ်ရာ၊ တစ်သောင်းမကအောင် ဒယ်အိုးကို ကိုင်နေရ၍ လက်ခွန်အား ကောင်းမွန်သည်။ ဝူကျိုးက ကွန်ပြူတာအစီအစဉ်များကို ရေးဆွဲရသူ ဖြစ်ပြီး ယွမ်ကျိုး၏အမြင်တွင် ဝူကျိုးက သူ တစ်ချက်ထိုးရုံဖြင့် လဲကျသွားနိုင်သည်။

"ကိစ္စမရှိဘူး။ နောက်တစ်ခေါက်မှပဲ ဖျော်ရည်သောက်မယ်" ကျွမ်းရှင်းမူက ဝူကျိုးကို အရှက်ရဖွယ်ကောင်းသော အခြေအနေမှ ကယ်တင်ပေးလိုက်သည်။

ရုပ်ပိုင်းဆိုင်ရာ ခွန်အားချင်း နှိုင်းယှဉ်လိုက်လျှင် ဝူကျိုးက ယွမ်ကျိုး၏ပြိုင်ဘက် မဖြစ်နိုင်ချေ။

ဝူကျိုးက နုံးခွေစွာဖြင့် ထိုင်ခုံမှာ ပြန်ထိုင်လိုက်ပြီး သူ့ကောင်မလေးကို ဟင်းပွဲ အော်ဒါမှာခွင့် ပေးလိုက်သည်။

ထိုစဉ် သူ့ကိုယ်သူ ကြားနိုင်ရုံ ရေရွတ်သည်။

"အရင်တုန်းကဆိုရင် သူဌေးယွမ်လို အေးတိအေးစက် သူငယ်ချင်း ရှိခဲ့ဖူးတယ်။ အခုတော့ သူ့အုတ်ဂူပေါ်က မြက်ရိုင်းတွေက ၃ပေလောက် မြင့်နေလောက်ပြီ"

ယွမ်ကျိုးက ပထမတစ်ဆင့်တွင် သူ အနိုင်ရသွား၍ သူ့စိတ်အခြေအနေက တကယ်ကို ကောင်းမွန်နေသည်။ ထို့ကြောင့် ဝူကျိုး၏ စကားသံခပ်တိုးတိုးကို လျစ်လျူရှုလိုက်သည်။

ညနေခင်းတွင် ၃နာရီဆိုင်ဖွင့်ချိန် ကုန်လွန်သွားသည်။ ယွမ်ကျိုးက သူ့ရှေ့ဖုံးခါးစည်းကို ချွတ်လိုက်ပြီး လက်ဆေးရန် ဘေစင် ဖွင့်လိုက်သည်။

ရေက သူ့လက်ပေါ် စီးကျလာသည်။ သူ့သန်မာပြီး သေးသွယ်သောလက်ချောင်းများတွင် အသေးအမွှား ဒဏ်ရာ အမာရွတ်များ ပြန့်ကျဲနေ၍ မိန်းမတစ်ယောက်၏လက်ဟု အထင်မှားစရာ အကြောင်း မရှိပေ။

သူက တစ်နေ့ခင်းလုံး လက်ကို အကြိမ်ကြိမ်ဆေးကြောသည်။ ထို့နောက် မြန်ဆန်သောနှုန်းဖြင့် ခေါက်ဆွဲစွပ်ပြုတ်အချိုကို ပြင်ဆင်သည်။ ပုံမှန်အတိုင်း သူက ခေါက်ဆွဲသားကို စားသည်။ ကျန်နေသေးသော စွပ်ပြုတ်အရည်ကို သယ်ဆောင်ပြီး နောက်ဖေးတံခါးမှ စားသောက်ဆိုင်အပြင်ဘက်သို့ ထွက်သည်။

လမ်းက ယခင်အတိုင်း မှောင်မည်းနေသော်လည်း ယွမ်ကျိုးက လမ်းကျွမ်းနေ၍ ချော်လဲမည်ကို မစိုးရိမ်ဘဲ ဆက်လျှောက်သည်။

"ဒါက မင်းအတွက် စွပ်ပြုတ်အရည်။ တံခါးကို စောင့်ကြပ်ဖို့အတွက်နဲ့ ဒီနေရာမှာ နေဖို့ မလိုအပ်ပါဘူး။ ဘာပြဿနာမှ မရှိဘူး" ယွမ်ကျိုးက စွပ်ပြုတ်အကြွင်းအကျန်ကို ခွေးလေး၏ အစာခွက်ထဲ လောင်းချလိုက်သည်။

သို့သော်လည်း ခွေးလေးက ယခင်အတိုင်း ပြုမူသည်။ ယွမ်ကျိုးထက် ပိုတည်ငြိမ်၊ပိုမော်ကြွားသော အမူအရာဖြင့် သူ့အိပ်နေကျနေရာမှာ မလှုပ်မယှက် လှဲလျောင်းနေသည်။

"ဒီနေရာမှာပဲနေ" ထိုစကားကိုပြောပြီးနောက် ယွမ်ကျိုးက ပန်းကန်လုံးကို ကိုင်ဆောင်ကာ စားသောက်ဆိုင်ထဲ ပြန်လာခဲ့သည်။

ခွေးလေးက ယွမ်ကျိုးထွက်သွားမှ ခေါင်းလေးကို နည်းနည်း မော်ကြည့်ပြီး မတ်တတ်ရပ်သည်။ သူ့အစာခွက်ထဲ စွပ်ပြုတ်အရည်ကို လျက်သည်။ ခွေးလေးက လူသားများနည်းတူ ပျော်ရွှင်သောအမူအရာကို ဖော်ပြသည်။

စွပ်ပြုတ်သောက်ပြီးနောက် ခွေးလေးက အစာခွက်ကို သူ့အိပ်နေကျ နေရာသို့ တွန်းပို့လိုက်သည်။ ထို့နောက် ခွေးလေးက အရှေ့ဘက်သို့ စိန်ပြေနပြေ လမ်းလျှောက်ထွက်လာသည်။

ခွေးလေး၏မျိုးရိုးက ခွေးပုမျိုးနွယ်ဖြစ်သည်။ အမွေးထူထူကောက်ကောက် ခွေးမျိုး(Poodle) ဖြစ်သည်။ ၎င်းခွေးမျိုးစိတ်သည် ရေထဲတွင် အမဲလိုက်နိုင်သော အရည်အချင်း ရှိ၍ ရေနေအမဲလိုက်ခွေးဟု လူသိများသည်။

ခွေးလေးက ဉာဏ်ထက်မြက်ပြီး သတိရှိသည်။ သူက ယွမ်ကျိုး စားသောက်ဆိုင်၏ အရှေ့တံခါးသို့ လမ်းလျှောက်သွားပြီး ပတ်ဝန်းကျင် ဘေးဘယ်ညာကို အကဲခတ်ကာ ဆိုင်ရှေ့မှာ လှဲလျောင်းလိုက်သည်။ ဦးခေါင်းကို တဖြောင့်တည်း ဆန့်ထားပြီး စိတ်အားထက်သန်မှု နှင့် လေးနက်မှုကို ဖော်ပြသည်။

ထို့အပြင် ခွေးလေးက ယွမ်ကျိုး၏ကြင်နာမှုကို တုံ့ပြန်ရန် ယွမ်ကျိုးအတွက် ဆိုင်တံခါးကို စောင့်ရှောက်ပေးသည်။

ဇွန်လ ရာသီဥတုက ကလေးငယ်၏ စိတ်အခြေအနေ ကဲ့သို့ ပြောင်းလဲလွယ်သည်။ ညကောင်းကင်ယံတွင် ကြယ်များပြည့်နှက်ခဲ့သော်လည်း ရုတ်တရက် မိုးရွာချသည်။ သို့သော်ငြားလည်း ခွေးလေးက မိုးရေစိုသော အခြေအနေနှင့် အလေ့အကျင့် ဖြစ်နေပုံပေါက်သည်။ သူက တခြားနေရာသို့ ရွေ့ပြောင်းခြင်း မရှိဘဲ သူ့အမွေးများကို မိုးရေစိုစွတ်ခွင့် ပေးထားသည်။ မိုးရေစိုနေသော ခွေးလေးက ပိန်လှီနေသည်ဟု ထင်ရသည်။ ကံကောင်းစွာဖြင့် ခဏလေးအတွင်း မိုးရပ်တန့်သွားပြီး ရာသီဥတုက တဖြည်းဖြည်းချင်း ကောင်းမွန်လာသည်။ ထို့နောက် မနက်ခင်း အလင်းရောင်ဖြင့် ကောင်းကင်ယံကြီး လင်းလက်သွားသည်။

ခွေးလေးက အနောက်ဘက်လမ်းကြားက ပလက်စတစ်အိတ်အခင်းပြားစီ မြဲမြံသော ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားပြီး အနားယူရန် လှဲလျောင်းသည်။

"ဒီနေရာ ဟုတ်တယ်မလား" လူအယောက် ၃၀ခန့်ရှိသော လူအုပ်စုကြီးက ကျယ်လောင်စွာ စကားပြောရင်း လမ်းလျှောက်လာသည်။ ခေါင်းဆောင်ဖြစ်နိုင်ပုံပေါက်သော ကောင်မလေးက မေးမြန်းသည်။

"ဟုတ်တယ်။ ငါလည်း ဒီလိုပဲ ထင်တယ်။ အဲဒီဆိုင်က နာမည်ဆိုင်းဘုတ် မရှိဘူး။ လိပ်စာက မှန်တယ်လေ" ပေါ့ပေါ့ပါးပါး အဖြူရောင်အဝတ်အစားကို ဝတ်ဆင်ထားသော ခန့်ညားသည့်လူငယ်က သူ့တယ်လီဖုန်းကို ထုတ်ကာ အတည်ပြုလိုက်သည်။

၎င်းအမျိုးသားက စားသောက်ဆိုင်ကို အတည်ပြုနေခြင်းကို မြင်တွေ့ရသောအခါ တစ်စုံတစ်ယောက်က ချက်ချင်း ထအော်သည်။

"လူချမ်းသာ He&Roက အတည်ပြုလိုက်ပြီဆိုတော့ သေချာပေါက် ပြဿနာ မရှိဘူး"

"အမှန်ပဲ။ ငါလည်း စစ်ဆေးကြည့်ပြီးပြီ။ ဒီနေရာက ငါတို့ရှာနေတဲ့ဆိုင်ရဲ့တည်နေရာပဲ" တခြားအမျိုးသားက ထအော်သောလူကို ထောက်ခံသည်။

He&Roအမည်ကို ထောက်ရှုကြည့်ရုံဖြင့် ဤလူအုပ်စုက မန်မန်၏တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်လေ့ရှိသော ပရိသတ်အဖွဲ့ ဖြစ်နိုင်သည်။ လူချမ်းသာHe&Roက လူအုပ်စုကို ဤနေရာအထိ ဦးဆောင်ခေါ်လာသည်။

“He&Ro ငါတို့တွေ ဘာဆက်လုပ်မလဲ။ စားသောက်ဆိုင်က မဖွင့်သေးဘူး"

သူတို့အုပ်စုအားလုံးက ယွမ်ကျိုး၏ စားသောက်ဆိုင် ဝင်ပေါက်မှာ တစ်စုတစည်းတည်း ရှိနေပြီး တစ်ယောက်ကိုယ် တစ်ယောက် ကူကယ်ရာမဲ့ ငေးကြည့်သည်။ အဆုံးသတ်မှာ ဦးဆောင်လာသော မိန်းကလေးက မေးမြန်းသည်။

"အခုမှ မနက် ၈နာရီခွဲပဲ ရှိသေးတယ်။ ခဏနေရင် ဆိုင်ဖွင့်မှာပါ"

ခန့်ညားသောအမျိုးသားက သူ့လက်ကောက်ဝတ်ကို မြှောက်ပြီး နာရီတစ်ချက်ကြည့်ကာ အတည်ပြုပေးသည်။

"ကောင်းပြီလေ။ ခဏစောင့်ကြည့်တာပေါ့"

ကောင်မလေးက တခြားသူများ၏စိုးရိမ်သော ခံစားချက်ကို နှစ်သိမ့်ပေးသည်။

လူချမ်းသာ He&Ro၏ နာမည်အမှန်က လင်းဟုန်ဖြစ်သည်။ သူက ချမ်းသာပြီး ခန့်ညားသည်။ သူက ပုံနှိပ်လုပ်ငန်း လုပ်ကိုင်ပြီး ကြွယ်ဝချမ်းသာသော မိသားစုမှ ဆင်းသက်လာသည်။ သူ့အားလပ်ချိန်တွင် တခြားဖျော်ဖြေရေး အစီအစဉ်များ ကြည့်ရှုပြီး ဆိုင်ကောင်းကောင်းမှာ သွားစားလေ့ရှိသည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုပြီးနောက် ယွမ်ကျိုး အသုံးပြုထားသော ဖရဲသီး၏ အရသာက ကောင်းမွန်မည်ဟု ထင်သောကြောင့် အရသာမြည်းစမ်းရန် ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။

သူတို့၏ Wechat groupတွင် အကြံပြုချက် ရယူပြီးနောက် တခြားသောအဖွဲ့ဝင်များလည်း သူနှင့်အတူတူ လိုက်ပါလာသည်။ လက်ရှိလူအုပ်စုက ပထမဆုံး ရှေ့ဆောင်လမ်းပြများ ဖြစ်သည်။ အစားအသောက်က အရသာရှိလျှင် အများကြီး ရောက်လာလိမ့်မည်။

ယွမ်ကျိုး တံခါးဖွင့်ဖွင့်ချင်း သူ့စားသောက်ဆိုင် ဝင်ပေါက်မှာ ဝိုင်းအုံနေသော လူအုပ်စုက အားကြိုးမာန်တက် စကားပြောနေခြင်းကို သတိပြုမိသည်။ မြင်ကွင်ူက ယွမ်ကျိုးကို လန့်ဖျပ်သွားစေသည်။

ယခင်ကဆိုလျှင် သူ့ဆိုင်တံခါးဖွင့်ဖွင့်ချင်း စောင့်နေသူက ၁၀ယောက် မကျော်တတ်ပေ။ လူနည်းရသည့်အကြောင်းအရင်းက မနက်ခင်းစောစောထသူ အများကြီး မရှိခြင်း နှင့် မနက်ခင်းတွင် တစ်နာရီခန့် ဆိုင်ဖွင့်သောကြောင့် ဖြစ်သည်။

နောက်ကျမှလာလျှင် စောင့်ဆိုင်းရင်း ဆိုင်ပိတ်ချိန်နှင့် ကြုံလိမ့်မည်။ အကြိမ်ပေါင်းများစွာ ကြိုးစားမှုကျရှုံးပြီးနောက် ပုံမှန်ဖောက်သည်များက နေ့လည်ခင်း နှင့် ညနေခင်းတွင် လာရောက်ရန် ရွေးချယ်ကြသည်။

တကယ်တမ်း နေ့ခင်း နှင့် ညနေခင်းကို ရွေးချယ်သော ပုံမှန်ဖောက်သည်များထဲ ဝူဟိုင်းကို ဖယ်ထုတ်ရမည်။ သူက ယွမ်ကျိုးစားသောက်ဆိုင်၏မျက်နှာချင်းဆိုင် တစ်ဖက်လမ်းတွင် နေထိုင်၍ ယွမ်ကျိုး၏စားသောက်ဆိုင် ဖွင့်ဖွင့်ချင်း မနက်စာ လာစားလေ့ရှ်သည်။

တံခါးဖွင့်သံ၏ဆွဲဆောင်မှုကြောင့် လူအယောက် ၃၀ခန့်သည် သူတို့နှစ်သက်သော အနုပညာရှင်ကို မြင်တွေ့သကဲ့သို့ ဝိုင်းအုံကြည့်ကြသည်။

ကို့ရို့ကားရာနိုင်သောမြင်ကွင်းဖြင့် ရင်ဆိုင်ရသော်ငြားလည်း ယွမ်ကျိုးက တည်ငြိမ်စွာ စကားပြောသည်။

"ဘာစားချင်လဲ။ ဆိုင်ထဲ ကြွလာပေးပါ။ ထိုင်ခုံနေရာ ပြည့်သွားရင်တော့ တခြားသူတွေက အပြင်ဘက်မှာ တန်းစီ စောင့်ပေးပါ"

ထိုစကားကိုပြောပြီးနောက် ယွမ်ကျိုးက လှည့်ထွက်လာပြီး သူ့စားသောက်ဆိုင်ထဲ ချက်ချင်း ပြန်ဝင်သည်။

"သူဌေးမှာ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေး တကယ်ရှိတာပဲ"

ဦးဆောင်လာသော မိန်းကလေးက ယွမ်ကျိုး၏ တည်ငြိမ်သော ခပ်တန်းတန်း အမူအရာကြောင့် မှတ်ချက်ပြုသည်။

"အမှန်ပဲ။ ဟင်းပွဲတွေက တကယ် အရသာရှိရဲ့လားဆိုတာ ငါတို့သေချာ မသိသေးဘူးလေ။ ဒီဆိုင်မှာ မန်မန် စားပြတာကို ကြည့်တိုင်း သွားရည်ယိုရတယ်"

ယခုစကားပြောသည်က အိုင်ဒီအမည်က Bamboo Eating Panda ဖြစ်သည်။

ဤပုဂ္ဂိုလ်ကလည်း ငွေရှားပါးသူ မဟုတ်ပေ။ မန်မန် တိုက်ရိုက်ထုတ်လွှင့်တိုင်း အွန်လိုင်းမှ တဆင့် ငွေလွှဲပေးလေ့ရှိသည်။

"အရင်ဆုံး ဝင်ပြီးမှ စကားဆက်ပြောမယ်"

He&Ro ဟု‌ လူသိများသော လင်းဟုန်က စကားပြောပြီးနောက် စားသောက်ဆိုင်ထဲ အရင်ဆုံး ဝင်သွားသည်။

ဆိုင်၏အတွင်းဘက် အပြင်အဆင်ကို တစ်ချက်ကြည့်ပြီးနောက် နောက်ဘက်နံရံပေါ်မှ မီနူး ဖတ်ရှုရန် အာရုံစိုက်သည်။

"သူဌေးယွမ်၊ ဒီကနေ့ ရှောင်လုံပေါင်း ရောင်းလား"

ဝူဟိုင်းက စားသောက်ဆိုင်ထဲ ဝင်ဝင်ချင်း တန်းမေးသည်။

"ရောင်းတယ်။ ဒါပေမဲ့ ခင်ဗျား တန်းစီစောင့်ရမယ်" ယွမ်ကျိုးက လူအယောက်၂၀၏နောက်ဘက်မှာ တန်းစီပေးရန် ဝူဟိုင်းအား ညွှန်ပြသည်။

“ဒါပေါ့။ ကျုပ် တန်းစီစောင့်မယ်။ ရောင်း/မရောင်း လာမေးရုံပဲ" လူတိုင်း၏အကြည့်အောက်မှာ ဝူဟိုင်းက နောက်ဆုံးနေရာအထိ လမ်းလျှောက်သွားပြီး စိတ်ရှည်ရှည် စောင့်ဆိုင်းသည်။

"သူဌေး၊ မီနူးမှာ ရှိတဲ့ဟင်းပွဲအားလုံးကို တစ်ပွဲချင်းစီ အော်ဒါတင်ချင်တယ်" လူချမ်းသာလင်းဟုန်က ရှိသမျှ ဟင်းပွဲတိုင်းကို အော်ဒါတင်သည်။

"အားနာပါတယ်။ မနက်ခင်းမှာ ရှောင်လုံပေါင်း တစ်မျိုးပဲ ရောင်းပါတယ်"

ယွမ်ကျိုးက ပူနွေးနွေး ဝါးပေါင်းအိုးကို ကြည့်ရန် လင်းဟုန်အား အချက်ပြသည်။

“ကိစ္စမရှိဘူး။ ကျသင့်ငွေ အားလုံးပေးမယ်"

လင်းဟုန်က စားကောင်းသောက်ဖွယ်အားလုံးကို မြည်းစမ်းချင်၍ ဆိုင်သို့ ရောက်လာခြင်း ဖြစ်သည်။ ထိုင်ခုံမှာ နေရာယူယူချင်း ဟင်းပွဲအားလုံး မှာယူခဲ့သည်။

“အားနာပါတယ်။ မရပါဘူး" ယွမ်ကျိုးကို ငွေပုံပေးပြီး စိတ်အနှောင့်အယှက် မပေးနိုင်ချေ။

ဟမ်။ ဘယ်လိုဖြစ်ရတာလဲ။ ငွေဖြင့် ဆွယ်မရ၍ လင်းဟုန် မယုံကြည်နိုင် ဖြစ်နေသည်။

ထို့ကြောင့် သူက သူ့ဝှက်ဖဲကို အသုံးပြုခဲ့သည်။

အပိုင်း(၆၆)

ပြီးပါပြီ။

All Chapters