အခန်း (၇၀-၇၂)
Vol. 5 Ch. 70-72
အပိုင်း(၇၀)
*
"မင်း အဲဒီလို ပြောလို့ မရဘူးလေ။ သူဌေးယွမ် ပြင်ဆင်ထားတဲ့ ဘလူးဘယ်ရီယိုက ပေါင်မုန့်နဲ့ တွဲစားဖို့ အသင့်လျော်ဆုံးပဲ။ အရသာ အရမ်းရှိတယ်" သာမန်ရုပ်ရည်နှင့် အမျိုးသားက သူတို့စကားဝိုင်းထဲ ချက်ချင်း ဝင်ပြောလာသည်။
“အမှန်ပဲ။ လူငယ်တွေက ပေါင်မုန့်လို အသင့်စားမုန့်တွေကို ပိုကြိုက်လာတယ်" မျက်မှန်တပ်ထားသော အမျိုးသားက သူ့အပေါင်းအဖော်များကို ကူညီသည်။
"ငါသိရသလောက်တော့ ဘလူးဘယ်ရီယိုမှာ အန်သိုဆိုင်းရမ်းနင်းတခြားသော အဟာရဓာတ်တွေ ပေါကြွယ်ဝတယ်။ အန်သိုဆိုင်းရမ်းနင်းဓာတ်က အသက်ကြီးလို့ အာရုံကြောရောဂါတွေ ဖြစ်တာကို ကာကွယ်ပေးတယ်။ အမြင်အာရုံကောင်းမွန်စေတယ်။ နှလုံးလုပ်ဆောင်ချက်ကို တိုးတက်စေတယ်။ ကင်ဆာရောဂါကို တိုက်ဖျက်ပေးတယ်။ သွေးကြောပြေလျော့ခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့အပြင် နုပျို လှပမှုကို ထိန်းသိမ်းပေးတယ်"
“ဒါဆိုရင် ဘလူးဘယ်ရီက အလှအပကို ထိန်းသိမ်းဖို့ ပိုကောင်းတဲ့ သဘောပဲ"
အသက်၂၀ ဝန်းကျင်လူငယ်လေး ဘလူးဘယ်ရီ အကြောင်း အသေးစိတ်ပြောပြသည်။
လူငယ်လေး၏စကားကြောင့် ဖောက်သည်များ ဆွံ့အနေရသည်။ လူငယ်မျိုးဆက်ထဲ အသိသညာ ကြွယ်ဝသူ ရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ယခုတော့ သစ်သီးယို ပရိသတ်များ ဂုဏ်ယူဝင့်ကြွားသည်။ ထို့ကြောင့် တစ်ယောက်ပြီး တစ်ယောက်က ပေါင်မုန့် နှင့် ဘလူးဘယ်ရီယို တွဲဖက်စားသုံးခြင်း၏ ကောင်းကျိုးကို ပြောဆိုကြသည်။
သို့သော်လည်း ဉာဏ်ထက်မြက်သော ရှောင်လုံပေါင်း ပရိသတ်များက လွယ်လင့်တကူ အရှုံးကို ဝန်ခံမည့် သဘော မဟုတ်ပေ။ အစားအသောက် အထူးပညာရှင် ဝူဟိုင်း၏ ပြန်လည်ဖြေကြားချက်က သူတို့ငြင်းခုန်မှုကို ဖျက်ဆီးလိုက်သည်။
"ဒါပေမဲ့ မင်းတို့က ပေါင်မုန့်ဝယ်လာလို့လား"
"အရိုးသားဆုံးပြောပြရရင် မင်းတို့ပေါင်မုန့်က သူဌေးယွမ်ရဲ့ သစ်သီးယိုနဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး" ဝူဟိုင်းက မော်ကြွားသော လေသံဖြင့် တခြားသူများကို အလဲထိုးသည်။
သူ့စကားလုံးများက ထိရှလွန်းသည်။ ပေါင်မုန့်သယ်လာသော သစ်သီးယို ပရိသတ်များက ယွမ်ကျိုး ဘာမှမပြောသည့်တိုင် ပေါင်မုန့်နှင့် သစ်သီးယိုကို ငါးမျက်စိ နှင့် ပုလဲလုံးဟု နှိုင်းယှဉ်မိသည်။ အရသာမြည်းကြည့်ရုံဖြင့် ခြားနားချက်ကို အလွယ်တကူ သိနိုင်သည်။
အပြင်မှဝယ်လာသော ပေါင်မုန့်သားက ကြမ်းထော်သော်လည်း သစ်သီးယိုက ထူးခြားကောင်းမွန်သည်။ သူက အရမ်းမချိုသော်လည်း လတ်ဆတ်သောသစ်သီးရနံ့ ရသည်။ တစ်ချက်စားကြည့်ရုံဖြင့် ခံတွင်းထဲ လတ်ဆတ်သော သစ်သီးရနံ့များ မွှေးကြိုင်နေသည်။
ပေါင်မုန့်နှင့် သစ်သီးယို တွဲဖက်စားရသည့် တစ်ခုတည်းသော အကြောင်းအရင်းက ဗိုက်ပြည့်စေသည်။
"ဟေ့ ဦးလေး၊ ဒီလိုလေသံမျိုးနဲ့ စကားပြောရင် တစ်သက်လုံး ရည်းစား မရဘဲ လူပျိုကြီးဘဝနဲ့ အရိုးထုတ်ရမယ်" ချစ်စရာကောင်မလေး ယွမ်ယွမ်က ဝူဟိုင်းကို စကားစစ်ထိုးသည်။
"ဘာပဲဖြစ်ဖြစ် မင်းတို့ပြောတာကို လက်မခံနိုင်ဘူး။ မင်းရဲ့ဘလူးဘယ်ရီယိုက ရှောင်လုံပေါင်းလောက် အရသာ မရှိနိုင်ဘူး"
ခဏ နှုတ်ဆိတ်ပြီးနောက် ဝူဟိုင်းက လေးနက်စွာ ခွန်းတုံ့ပြန်သည်။
အဖွဲ့၂ဖွဲ့က ထပ်မံ ငြင်းခုန်နေစဉ် ယွမ်ကျိုးက တည်ငြိမ်သော အမူအရာဖြင့် နှုတ်ဆိတ်နေသည်။
"ဆိုင်ပိတ်ရန် မိနစ်၄၀ပဲ လိုတော့တယ်။ မင်းတို့ ဘာစားချင်လဲ"
"သူဌေးယွမ်၊ ခင်ဗျားက စီးပွားရေးတောင် မစတင်ရသေးဘဲနဲ့ အချိန်တွက်လို့ရလား" ဝူဟိုင်းက ဘလူးဘယ်ရီယိုပရိသတ်များနှင့် ငြင်းခုန်နေခြင်းကို ရပ်တန့်ကာ ယွမ်ကျိုးကို တန်းမေးသည်။
"ဟုတ်တယ်။ တံခါးဖွင့်တည်းက ဆိုင်ဖွင့်ချိန်ကို စတင်သတ်မှတ်တာပဲ"
ယွမ်ကျိုးက ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်။
“သူဌေးယွမ်က အရမ်းလှည့်ဖြားတတ်တာပဲ" ဝူဟိုင်းက မနေနိုင် မထိုင်နိုင် ငြီးတွားသည်။
သစ်သီးယိုပရိသတ်များကလည်း ရှောင်လုံပေါင်း ပရိသတ်များနှင့် ငြင်းခုန်ခြင်းကို ရပ်တန့်လိုက်သည်။
လင်းဟုန် ဒကာခံခြင်း ပြီးဆုံးပြီးနောက် မိန်းမချောလေးတို့အဖွဲ့ အလှည့် ကျရောက်လာသည်။ သူတို့အဖွဲ့က သစ်သီးယို အော်ဒါတင်ပြီးနောက် ဟင်းပွဲ စောင့်ဆိုင်းခြင်းထက် ယွမ်ကျိုးကို စိတ်အနှောင့်အယှက်ပေးကာ မေးမြန်းသည်။
"သူဌေးယွမ် ဘလူးဘယ်ရီယို ရောင်းနေပြီဆိုတော့ ဘယ်အချိန်မှ ယို နဲ့ လိုက်ဖက်တဲ့ ပေါင်မုန့်ရောင်းမှာလဲ"
"ဟုတ်တယ်။ ပေါင်မုန့်ကို ဘယ်အချိန်မှ ရောင်းမှာလဲ" ချစ်စရာကောင်မလေးယွမ်ယွမ်က ပါးစပ်ထဲ ပေါင်မုန့်ထိုးထည့်ကာ ရှင်းရှင်းလင်းလင်း မေးမြန်းသည်။
"သူဌေးယွမ်၊ ငါ့လေ့လာချက်အရ ဘလူးဘယ်ရီယို နဲ့ ပေါင်မုန့်တွဲဖက်စားတဲ့ ဖောက်သည်က သုံးပုံတစ်ပုံလောက်ရှိတယ်။ ဘယ်အချိန်မှ ပေါင်မုန့် ရောင်းမှာလဲ" တစ်စုံတစ်ယောက်က အချက်အလက်များကို နှိုင်းယှဉ်ကာ မေးမြန်းသည်။
"ငါ့မှာ အားလပ်ချိန်ရရင် ရောင်းပေးမယ်" ယွမ်ကျိုးက မေးခွန်း၏အဖြေကို တိတိကျကျ ပြန်ဖြေလေ့ မရှိပေ။
“ခဏစောင့်ပါဦး။ သစ်သီးယိုတွေ ခဏနေရင် ရပါမယ်" ထိုစကားကိုပြောပြီးနောက် ယွမ်ကျိုးက သူတို့အတွက် သစ်သီးယို ခပ်ပေးရန် လှည့်ထွက်လာခဲ့သည်။
ယွမ်ကျိုးက စနစ်၏ဟာကွက်ကို ရှာတွေ့သွားတည်းက စနစ်က ခပ်ထည့်သောနည်းလမ်းကို အဆင့်မြှင့်တင်ခဲ့သည်။ ဘုံပိုင်ခေါင်း နည်းလမ်းဖြင့်သာ ထည့်ခွင့်ပြုခြင်း ဖြစ်သည်။
ရေဘုံပိုင်ခေါင်းကို ဖွင့်လိုက်တိုင်း စနစ်က သတ်မှတ်ထားသော ပမာဏအတိုင်းပန်ပြားပေါ် ကျဆင်းလာမည်။
ပိုလျှံခြင်း နှင့် အနည်းငယ်လိုအပ်ခြင်းပင် မဖြစ်ချေ။ ထို့ကြောင့် ယွမ်ကျိုးက ယင်ယာကို ယိုများများ ထည့်ပေးနိုင်သော အခွင့်အရေး ဆုံးရှုံးသွားခဲ့သည်။
…
နောက်တစ်နေ့ မနက်ခင်းတွင် လင်းဟုန်က သူ့မိတ်ဆွေတချို့ကို ခေါ်လာပြီး စားသောက်ဆိုင်အပြင်ဘက်မှာ မနက်အစောကြီး လာစောင့်နေသည်။ မနက်ခင်းပိုင်းတွင် ရှောင်လုံပေါင်း ရောင်းချသောကြောင့် တကူးတက ရောက်လာခြင်း ဖြစ်သည်။
“ဟုန်၊ ဒီဆိုင်ရဲ့စားသောက်ဆိုင်တွေက တကယ်အရသာရှိတာလား”
ဆံပင်ခပ်တိုတို သန်သန်မာမာ အမျိုးသားက မယုံသင်္ကာဟန် မေးမြန်းသည်။
“Tank ရယ် စိတ်ချထားလိုက်စမ်းပါ။ မင်းတို့ရဲ့အစ်ကိုကြီးက မင်းတို့ကို ဘယ်တုန်းက လိမ်ညာဖူးလို့လဲ” လင်းဟုန်က သူ့ကိုယ်သူ အစ်ကိုကြီးဟု သုံးနှုန်းသွားသည်။
“အံမယ် ကောင်စုတ် သူ့ကိုယ်သူ အစ်ကိုကြီးလို့ ပြောရဲသေးတယ်။ မင်းကမှ ငါ့ကို အစ်ကိုကြီးလို့ ခေါ်သင့်တာ”
နာမည်ပြောင်Tank က ခက်ထန်သော လေသံဖြင့် စကားပြောကာ လင်းဟုန်လည်ပင်းကို လက်ဖြင့် အလွယ်တကူ ဖမ်းဆုပ်လိုက်သည်။
“ငါတို့ကို မပြောင်နဲ့နော်။ စားသောက်ဆိုင်က ဘာလို့ မဖွင့်သေးတာလဲ”
အသက်၂၀အရွယ်ရှိသော ဆံပင်ရှည်နှင့်လူငယ်လေးက အေးတိအေးစက် ပြောသည်။ သူက သူတို့သုံးယောက်အနက် အသက်အငယ်ဆုံးဟု ထင်ရသည်။
“စိတ်ရှည်ရှည်ထားစမ်းပါ ရေဘဝဲရယ်။ ဆိုင်ဖွင့်ခါနီးပါပြီ”Tank၏ လည်ပင်းညှစ်ခြင်းကို ခံရသော လင်းဟုန်က ဆံပင်ရှည်ရှည်နှင့် လူငယ်လေးကို ချွေးသိမ့်သည်။
“ဒီစားသောက်ဆိုင်ကို ရင်းနှီးနေတယ်လို့ ခံစားမိတယ်” အလွန်အမင်း ရုပ်ရည်ကြည့်ကောင်းသော လူငယ်လေးက အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ ရုတ်တရက် ပြန်မဖြေခင် သူက စားသောက်ဆိုင်ကို ဂရုတစိုက်ကြည့်သည်။
“တကယ်လား။ ကျီလျန် မင်းအရင်တုန်းက ဒီဆိုင်ကို လာဖူးလို့လား” လင်းဟုန်နှင့် Tankတို့က တစ်ယောက်ကိုယ်တစ်ယောက် ကျီစယ်နေခြင်း အပြုအမူကို ရပ်တန့်လိုက်ပြီး စပ်စပ်စုစု မေးမြန်းသည်။
“မဟုတ်ဘူး။ မဟုတ်ဘူး။ ရင်းနှီးနေတယ်လို့ ခံစားမိတယ်။ ဒီစားသောက်ဆိုင်အကြောင်းကို အရင်တုန်းက ကြားဖူးနေတာ ဖြစ်မယ်” ကျီလျန်က မျက်မှောင်ကြုတ်ကာ စကားပြောသည်။
စိတ်ရှည်သည်းခံမှု အနည်းဆုံးလူက နာမည်ပြောင် ရေဘဝဲအမည်ရှိသော လူငယ်လေးဖြစ်သည်။ ၎င်းလူငယ်လေးက မကျေမနပ် ပြောဆိုပြန်သည်။
လင်းဟုန်နှင့် ရင်းနှီးသူ များပြားပြီး အများစုက ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ လင်းဟုန်၏ အားကြိုးမာန်တက် တိုက်တွန်းမှုကြောင့်သာ သူတို့က ဤစားသောက်ဆိုင်သို့ ရောက်လာခြင်း ဖြစ်သည်။
ယွမ်ကျိုး စားသောက်ဆိုင်ဖွင့်မည့် မနက် ၉နာရီအချိန်အထိ သူတို့အားလုံးက မိုက်မိုက်မဲမဲ မတ်တတ်ရပ်စောင့် နေခဲ့သည်။ မနက် ၉နာရီအထိ ဆိုင်မဖွင့်လျှင် သူတို့က ရှောင်လုံပေါင်းကို မစားရမည့် သဘောဖြစ်သည်။
“သူဌေးယွမ်။ ကျွန်တော် ဒီဆိုင်ကို နေ့တိုင်းလာပေမဲ့ အခုအချိန်ထိ ခင်ဗျားက ရှောင်လုံပေါင်း မရောင်းသေးဘူး။ ဒါက ဘာသဘောလဲ ဘာကြောင့်လဲ” လင်းဟုန်က ဝမ်းနည်းပူဆွေးသော လေသံဖြင့် စကားပြောသည်။ ယွမ်ကျိုးက သူကျေနပ်လောက်သော အဖြေ မပေးလျှင် ယွမ်ကျိုးကို မသေမချင်း ရိုက်သတ်မည့် သဘောရှိသည်။
“ဂျုံကုန်သွားလို့ပါ” လွန်ခဲ့သော ၂ရက်ခန့်က ပေးခဲ့သော အဖြေကိုသာ ဆက်ပေးနေ၍ လင်းဟုန် လုံးဝ မယုံကြည်နိုင်ပေ။
“ခင်ဗျားက တခြားအကြောင်းပြချက် မပေးတတ်ဘူးလား။ ခင်ဗျား အချိန်မီ အိပ်ရာမထလို့ပဲ ယူဆမိတယ်” လင်းဟုန်က ယွမ်ကျိုးကို အထင်ကြီးလေးစားသော ခံစားချက်အားလုံး ပျောက်ဆုံးသွားပါပြီ။
“ကျွန်တော် ပြောချင်တဲ့ သဘောကလေ။ ဒီရက်ပိုင်းအတွင်း အရမ်းအလုပ်ရှုပ်နေတော့ မီးဖိုချောင် အသုံးအဆောင်တွေကို ဝယ်ဖို့ အချိန်မရှိဘူး” ယွမ်ကျိုးက ဖြစ်နိုင်ချေရှိသော အကြောင်းပြချက်ကို ပေးသည်။
ယုံကြည်လက်ခံဖွယ်ရှိသော အကြောင်းပြချက်ကြောင့် လင်းဟုန်က သူ့ကို ရန်မစနိုင်တော့ပေ။ ဤရက်ပိုင်းအတွင်း သူက ယွမ်ကျိုး၏စားသောက်ဆိုင်သို့ နေ့တိုင်းလာဖြစ်ပြီး ယွမ်ကျိုး အနားယူချိန် မရခြင်းကို သူ မြင်တွေ့ရသည်။ ယွမ်ကျိုး၏စားသောက်ဆိုင်က တစ်နေ့ခင်းလုံး ဖွင့်ထားသည်။
“ဒီသူဌေးမှာ တကယ်ကို ထူးခြားတဲ့ အကျင့်စရိုက် ရှိတာပဲ” အစွန်းဘက်မှာ မတ်တတ်ရပ်နေသော ကျီလျန်က တိုးလျသော လေသံဖြင့် ပြောဆိုသည်။
“တကယ်တမ်း ငါ့အထင်တော့ ဒီသူဌေးက ကြောက်စရာ မကောင်းပါဘူး။ သူ ချက်တဲ့ ဟင်းပွဲတွေက ကောင်းမကောင်းတော့ မသိရသေးဘူး”
ရေဘဝဲက ဟင်းချက်လက်ရာကို မယုံကြည်ဟန်ဖြင့် ပြောသည်။
“ငါ့အထင်တော့ လင်းဟုန်ရဲ့သည်းခံနိုင်စွမ်း တိုးတက်လာပြီ” Tankက ညည်းညူပြောဆိုသည်။
“တော်စမ်းပါ၊ ငါ့နောက်ကွယ်မှာ ငါ့အတင်းအဖျင်းကို မပြောစမ်းနဲ့။ ငါ အကုန်ကြားတယ်နော်” လင်းဟုန်က စိတ်မရှည်ဟန်ဖြင့် လှည့်ပြောသည်။
သူတို့ချင်း သီးသန့်စကားပြောနေချိန်မှာပင် လင်းဟုန်က အသံအကျယ်ကြီး ထအော်တတ်သည်။
“ဟုတ်ပါပြီ။ မင်းက ငါတို့ကို မနက်စာ ကျွေးမှာလား” ရေဘဝဲက စားသောက်ဆိုင်ထဲ အရင်ဆုံးဝင်သွားသည်။
“ဒါပေါ့။ မင်းက ငါတို့ကို ဒီဆိုင်ကောင်းကြောင်း ကြွားထားတော့ ငါတို့ကို ကျွေးသင့်တာပေါ့”
Tankက ထိုင်ခုံမှာ ထိုင်လိုက်ပြီး ပုံမှန်အတိုင်း စကားပြောသည်။
“အိုကေ အိုကေ ပြဿနာ မရှိဘူး။ ငါက မင်းတို့ကို ဝယ်ကျွေးမယ်။ မင်းတို့ ဘာစားချင်လဲ”
လင်းဟုန်က သူနှင့် မရင်းနှီးသော သူစိမ်းများကိုပင် ဝယ်ကျွေးတတ်၍ သူ့သူငယ်ချင်းများကို ပို၍တောင် ဝယ်ကျွေးချင်စိတ် ရှိသည်။
“လူကြီးမင်းတို့ ဘာစားချင်ပါသလဲ” ယွမ်ကျိုးက ဧည့်သည်များ ဈေးနှုန်းစာရင်း ပြီးမြောက်အောင် ကြည့်ပြီးမည့် အချိန်အထိ စောင့်ဆိုင်း ချိုသာစွာ မေးမြန်းသည်။
စားသုံးသူဧည့်သည် တစ်ဦးချင်းစီက လူချမ်းသာပုံပေါက်သည်။ သူတို့ မကြာခဏလာလျှင် မစ်ရှင် အောင်မြင်လိမ့်မည်။
“အစုံလိုက်ကြက်ဥထမင်းကြော်နဲ့ ဆေးဖက်ဝင်လက်ဖက်ကြက်ဥပေးပါ” Tankက ချွေတာတတ်သူ မဟုတ်၍ ဈေးအကြီးဆုံး ဟင်းပွဲများကို အော်ဒါတင်လိုက်သည်။
“အစုံလိုက် ခေါက်ဆွဲပြုတ်ပေးပါ” ရေဘဝဲက အရသာပေါ့ရွှတ်သော ဟင်းပွဲများကို ပို၍ နှစ်ခြိုက်သည်။
“အစုံလိုက် ခေါက်ဆွဲပြုတ် နဲ့ ဆေးဖက်ဝင် လက်ဖက်ကြက်ဥပေးပါ” ကျီလျန်က ချွေတာတတ်သူ မဟုတ်သော်လည်း ၈၈၈ယွမ်တန် ဟင်းပွဲကို မြည်းစမ်းသင့်သည်ဟု ယူဆမိသည်။
“ကောင်းပြီ။ ခဏစောင့်ပေးပါ” ယွမ်ကျိုးက ယဉ်ကျေးစွာ ပြန်ဖြေပြီးနောက် သူတို့အော်ဒါတင်ထားသော ဟင်းပွဲများကို ပြင်ဆင်ရန် စတင်သည်။
“လင်းဟုန်၊ မင်း ဒီကနေ့ ရှောင်လုံပေါင်း မစားရတော့ လက်လျှော့လိုက်ပြီလား” ရေဘဝဲက လင်းဟုန်၏စိတ်ဓာတ်ကို သိနေ၍ မေးမြန်းလိုက်သည်။
“လက်လျှော့စရာလား။ မနက်ဖြန် မနက်ခင်း ထပ်လာခဲ့မယ်။ သူဌေးယွမ် မနက်စောစော အိပ်ရာထမယ့် အကြံအစည်ကောင်း ရှိတယ်” လင်းဟုန်က ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။
အပိုင်း(၇၀)
ပြီးပါပြီ။
အပိုင်း(၇၁)
*
“မစိုးရိမ်နဲ့။ မနက်ဖြန် မနက် ငါတို့စောစောထရင် သူဌေးယွမ်လည်း စောစောထရမှာပဲ။ ငါ့မှာ လက်ဖျားခါလောက်တဲ့ အကြံအစည်တစ်ခု ရှိတယ်” လင်းဟုန်က ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။
“မင်း ဝယ်ကျွေးမှာလား” Tankက ပွင့်လင်းစွာ ပြောသည်။
“ရတယ်လေ အဆင်ပြေတယ်။ ငါဝယ်ကျွေးနိုင်တယ်” လင်းဟုန်က ကူကယ်ရာမဲ့ စကားပြောသည်။
“ဒါဆိုရင် ပြဿနာ မရှိဘူး။ ငါတို့လည်း မနက်စောစောထမယ်” သူ့တခြားသူငယ်ချင်း သုံးယောက်ကလည်း မနက်ဖြန် ထပ်လာရန် သဘောတူကြသည်။
“မင်းက ဘယ်လို အကြံအစည်မျိုး တွေးမိတာလဲ” ယုံကြည်အားကိုးထိုက်သည်ဟုထင်ရသော ကျီလျန်က မေးမြန်းသည်။
“မင်းတို့ မနက်ဖြန် သိရမယ်လေ” လင်းဟုန်က လျှို့ဝှက်ဆန်းကြယ်သော ပုံစံဖြင့် အသေးစိတ်ရှင်းပြရန် အင်တင်တင် ဖြစ်နေသည်။
“ကောင်းပြီလေ” ထို့နောက် ရေဘဝဲက ပခုံးဆက်ခနဲ တွန့်လိုက်ပြီး စောင့်ကြည့်မည့် သဘောကို ပြသသည်။
ယွမ်ကျိုးက အမြင်အာရုံ နှင့် အကြားအာရုံကောင်းမွန်၍ သူတို့ပြောနေသော စကားအားလုံးကို ကြားသည်။ သို့သော်ငြားလည်း သူ့ဘက်က တုံ့ပြန်မည် မဟုတ်ချေ။ ဝူဟိုင်းက တခြားသူများကို စုရုံးပြီး အောက်ထပ်မှာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်သည့်တိုင် ယွမ်ကျိုးကို အိပ်မက်မှ လန့်မနိုးစေခဲ့ပေ။
ထို့ကြောင့် ယွမ်ကျိုးက သူတို့ကို အာရုံမစိုက်ခဲ့ပေ။ သူက စိတ်အနှောင့်အယှက် မဖြစ်ဘဲ ဟင်းပွဲများကို ဆက်လက်ပြင်ဆင်သည်။
မနေ့က မနက်ခင်းတည်းက ယွမ်ကျိုး၏စီးပွားရေးက ရုတ်တရက် ဟုန်ဟုန်တောက်ခဲ့သည်။ တချို့သောဖောက်သည်များက ထိုင်ခုံရသော ဖောက်သည်များ ဘေးနားမှာ မတ်တတ်ရပ် စောင့်ဆိုင်းရသည့် အခြေအနေ ဖြစ်သွားသည်။
သူ အလွန်အလုပ်ရှုပ်လာ၍ စားပွဲထိုးခန့်ရန် ရုတ်တရက် တွေးမိသည်။ ယွမ်ကျိုးက တစ်နေ့ခင်းလုံး အလုပ်ရှုပ်နေခဲ့၍ မနက်ခင်းတုန်းက လင်းဟုန် ပြောခဲ့သော စကားကို ကြားခဲ့သည့်တိုင် မေ့လျော့သွားသည်။
တစ်နေ့တာလုံး ကြိုးကြိုးစားစား အပြည့်အဝ အလုပ်အလုပ်ပြီးနောက် ယွမ်ကျိုးက အရမ်းပင်ပန်းလွန်း၍ သူ့ထိုင်ခုံမှာ ပစ်ထိုင်ချလိုက်သည်။ စနစ်မှ ထောက်ပံ့ထားသော ရေကို သောက်ပြီးနောက် သက်ပြင်းချလိုက်သည်။
ထို့နောက် ခေါက်ဆွဲပြုတ်လိုက်ပြီး အသံမြည်အောင် မြိုချလိုက်သည်။
“ဒီကနေ့ ခေါက်ဆွဲပြုတ်အရသာက ထူးခြားတယ်။ ငါ့ဟင်းချက်လက်ရာက အတော်လေး တိုးတက်လာပြီ” ယွမ်ကျိုးက ပျော်ရွှင်စွာ တွေးလိုက်သည်။
ယခင်နေ့များအတိုင်း ယွမ်ကျိုးက ခေါက်ဆွဲပြုတ်ခွက်ကို ကိုင်ဆောင်ကာ နောက်ဖေးလမ်းကြားတွင်ရှိသော အမှိုက်ပုံးအနား သွားသည်။
အရေပြားရောဂါကြောင့် ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဗလပွဖြစ်နေသော ခွေးလေးက ဒဏ်ရာများသက်သာပြီး အမွေးများ ပြန်ရှည်နေသည်။ ခွေးလေးက အတော်လေး သန့်ရှင်းသပ်ရပ်နေသည်။
ခွေးလေး၏ မူလပိုင်ရှင်က ခွေးလေး၏စပျစ်သီးပုံစံ မျက်ဝန်းနက်များကို သဘောမကျ၍ စွန့်ပစ်လိုက်ခြင်း ဖြစ်ရမည်။ ယွမ်ကျိုးက သူ့ကို နေ့တိုင်း စွပ်ပြုတ်ရည် တိုက်သည့်တိုင် ခွေးလေးက ပျင်းရိလေးတွဲစွာဖြင့် ခေါင်းမော့ကြည့်ရုံသာ ကြည့်တတ်သည်။
“မင်းရဲ့အမွေးတွေက တော်တော် သန့်ရှင်းသွားပြီလို့ ပြောလို့ရတယ်” ယွမ်ကျိုးက စွပ်ပြုတ်အရည်များကို ခွေးလေးအရှေ့က ပန်းကန်လုံး သေးသေးလေးထဲ မထည့်ပေးခင် ရေရွတ်သည်။
အမွေးဖွာခွေးလေးက အသိအမှတ်ပြုဟန်ဖြင့် တစ်ချက်မော့ကြည့်ပြီး ဆက်လက် လှဲလျောင်းနေသည်။
ယွမ်ကျိုးက ခွေးလေး၏ မော်ကြွားသော အပြုအမူနှင့် ကျင့်သားရနေ၍ စိတ်ထဲ သိပ်မထားပေ။ ထို့နောက် အနားယူရန် သူ့စားသောက်ဆိုင်သို့ ပြန်သွားခဲ့သည်။
နောက်တစ်နေ့ မနက်ခင်းတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ခွင့် ရမည်ဟု ယွမ်ကျိုး တွေးထားခဲ့သည်။ နောက်တစ်နေ့ မနက်ခင်းတွင် နားဆူလောက်သော ခွေးဟောင်သံ နှင့် ခွေးအူသံများကို ကြားရလိမ့်မည်ဟု ယွမ်ကျိုး ကြိုတင် မမျှော်လင့်ခဲ့ပေ။ ယွမ်ကျိုး လန့်ဖျပ်သွားပြီး အိပ်ရာပေါ်မှ အလောတကြီးထသည်။
စားသောက်ဆိုင်ဝင်ပေါက်ရှိသော အောက်ထပ်တွင် အံ့ဖွယ်ကောင်းသောပွဲတစ်ခု ဖြစ်နေသည်။
“လင်းဟုန် မင်းရဲ့အကြံအစည်က လက်ဖျားခါလောက်ပါတယ်”
ရေဘဝဲက အထင်ကြီးလေးစားဟန်ဖြင့် ပြောဆိုသည်။
“ငါတို့က အနီးအနား ပတ်ဝန်းကျင်ကလူတွေကို နှောင့်ယှက်သလို ဖြစ်နေမလား”
Tankက လက်ရှိအခြေအနေကို တခြားသူများထက် ပိုဂရုစိုက်နေသည်။
“ဒီနည်းလမ်းက အတော်လေး အသုံးဝင်မယ်လို့ ထင်တယ်” လူချောလေး ကျီလျန်က လင်းဟုန်၏အကြံအစည်ကို သဘောတူသည်။
“ကျီလျန်က ငါ့စိတ်သဘောထားကို နားလည်ဆုံးပဲ။ ဒီဂီတအဖွဲ့က ဌားရမ်းရ မလွယ်ကူဘူး။ ပျော်ပျော်ရွှင်ရွှင်နေကြပါ ကိုယ့်လူတို့” လင်းဟုန်က သူ့မိတ်ဆွေများကို ဂီတနားထောင်ရန် အချက်ပြသည်။
လူချမ်းသာ လင်းဟုန်က ဝူဟိုင်း၏အတွေ့အကြုံပေါ် အခြေခံပြီး rock ဂီတအဖွဲ့ကို ငှားရမ်းကာ ယွမ်ကျိုး၏ စားသောက်ဆိုင် ဝင်ပေါက်အရှေ့တွင် ဖျော်ဖြေခိုင်းခြင်း ဖြစ်သည်။
ဂီတအဖွဲ့တစ်ဖွဲ့က မလုံလောက်လျှင် လင်းဟုန်က နောက်တစ်ဖွဲ့ ထပ်ငှားရန် စီစဉ်ထားသည်။ ယွမ်ကျိုး၏ နားက သည်းခံနိုင်လျှင် နောက်တစ်ဖွဲ့ ထပ်ငှားရလိမ့်မည်။
အနီးအနားပတ်ဝန်းကျင်များကို အနှောင့်အယှက် မဖြစ်အောင် လင်းဟုန်က ဖြေရှင်းနည်းကို ကြိုတင်စဉ်းစားထားသည်။ ဤနယ်မြေတွင် နေထိုင်သူအများစုက အိမ်ငှားများ နှင့် ဆိုင်ပိုင်ရှင်များဖြစ်ကြသည်။ သူတို့က ပုံမှန်အားဖြင့် မနက် ၇နာရီတွင် အိပ်ရာထကြသည်။ လင်းဟုန်က သီချင်းဆိုမည်သူများကိုလည်း အသင့်ပြင်ထားပေး၍ အကြောက်အလန့် ကင်းမဲ့စွာဖြင့် သူ့အစီအစဉ်ကို အကောင်အထည်ဖော်ရဲခြင်း ဖြစ်သည်။
တေးဂီတအဖွဲ့ ဌားရမ်းရသော အကြောင်းအရင်းက အရမ်းရိုးရှင်းသည်။ ဆူညံလေ ပိုကောင်းလေ ဟူသော ရည်ရွယ်ချက် ဖြစ်သည်။
လျှပ်စစ်ဂစ်တာ၊ ဒရမ်သံ၊ စန္ဒယားသံ နှင့် နားဆူလောက်သော သီချင်းဆိုသံတို့ကြောင့် ယွမ်ကျိုးက သေချာပေါက် အိပ်ရာမှ လန့်နိုးလိမ့်မည်။
“ဘာဖြစ်တာလဲ။ မိုးကြိုးပစ်တာလား။ တိုင်ဖွန်းမုန်တိုင်းလား” ယွမ်ကျိုးက အံ့ဩတုန်လှုပ်သော အမူအရာဖြင့် ပြူးပြူးပျာပျာ မျက်လုံးဖွင့်သည်။
သီချင်းသံပါ ညံလာ၍ ယွမ်ကျိုးက ပြတင်းပေါက်တံခါးဖွင့်ပြီးနောက် အောက်ထပ်သို့ ချက်ချင်း အပြေးအလွှားဆင်းသည်။ သူ့စားသောက်ဆိုင် ဝင်ပေါက်တွင် ရှုပ်ယှက်ခတ်နေသော မြင်ကွင်းကို မြင်တွေ့ရသည်။
မီးဖိုချောင်းသုံးဓားကို ကိုင်ဆောင်ပြီး သူ့ကို အနှောင့်အယှက်ပေးနေသော လူတစ်စုကို ခုတ်သတ်ချင်သော အတွေးပေါက်လာသည်။
သို့သော်လည်း ယွမ်ကျိုးက သူ့စိတ်သူ ထိန်းချုပ်လိုက်ပြီး တံခါးပေါက်စီ ပြေးသွားသည်။ မီးဖိုချောင်သုံးဓားကို မူလနေရာ ပြန် မထားခင် မကျေမနပ် ကျိန်ဆဲနေမိသည်။
တံခါးက လုံးဝ အသံမလုံပေ။ မိုးခြိမ်းသံ ကဲ့သို့ နားဆူသော rockဂီတသံက ယွမ်ကျိုး၏နားထဲသို့ အတားအဆီး ကင်းမဲ့စွာ ဝင်ရောက်လာသည်။
"စနစ်၊ ကောင်းမွန်စွာ အနားယူခြင်းက ကျွမ်းကျင်စားဖိုမှူးအတွက် အခြေခံအကျဆုံး ရုပ်ပိုင်းဆိုင်ရာ လိုအင်ပဲ"
စနစ်က စကားလုံးတချို့ကို ပြသသည်။
"ဆိုင်ရှင်က ဘာလိုအပ်လို့လဲ"
"အစောပိုင်းတုန်းက ငါ့အိမ် အပြင်အဆင်အားလုံးကို ဖယ်ရှားပြီး မင်းဘာသာမင်း ပြန်တည်ဆောက်ခဲ့တယ်။ မင်း အခုသေချာကြည့်လေ ငါ့အိမ်က လုံးဝ အသံမလုံဘူး။ ခင်ဗျားတို့ဘက်က လျော်ကြေးပေးတဲ့အနေနဲ့ အသံလုံစနစ်ကို တပ်ဆင်ပေးသင့်တယ်"
ယွမ်ကျိုးက ဖြောင့်မတ်စွာ ပြောဆိုသည်။ သူ ငွေကုန်ကြေးကျခံကာ အလှဆင်ခဲ့သော ပြင်ဆင်မှုကို စနစ်က ဖျက်သိမ်းသွား၍ ယွမ်ကျိုးက ယခုထိတိုင် နှမြောတဿ ဖြစ်နေခဲ့သည်။
စနစ်က အတော်ကြာသာ်အထိ တုံ့ပြန်မှု မရှိခဲ့ပေ။
ယွမ်ကျိုးက ပင်မခန်းမဆောင်ကို နှစ်ပတ်ပြည့်အောင် မရပ်မနား လမ်းလျှောက်နေသည်။ မီးဖိုချောင်ခန်းထဲမှ မီးဖိုချောင် အသုံးအဆောင်ပစ္စည်းများက သာမန်ထက် အဆင့်မြှင့်တင်ထားနိုင်၍ ယွမ်ကျိုးက ယုံကြည်မှု အပြည့်ဖြင့် စကားပြောသည်။
"စနစ်၊ မင်း ငါ့ကို ပံ့ပိုးထားတဲ့ ပစ္စည်း အားလုံးက ထိပ်တန်း အရည်အသွေးတွေချည်းပဲ။ ဒါပေမဲ့ ဒါတွေအားလုံးကို သူခိုးဝင်ခိုးသွားရင် ဘယ်လိုလုပ်မလဲ"
ဤအချက်က ဟာကွက်ဖြစ်ပုံပေါက်သည်။ စနစ်က အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့သည်။ ထို့နောက် ယွမ်ကျိုး စောင့်မျှော်နေသော အဖြေကို ရရှိသွား သကဲ့သို့ အပြင်ဘက်မှ ဆူညံသံများ ပြယ်လွင့်သွားသည်။ သူ့အိမ်ထဲမှ အပ်ကျသံကိုပင် ယွမ်ကျိုး ကြားနိုင်လောက်သည့်အထိ တိတ်ဆိတ်သွားသည်။
စနစ်က ဖော်ပြသည်။
"စားသောက်ဆိုင်ရဲ့ခုခံရေးစနစ်ကို ပြုပြင်ပြီး ပြန်လည်တည်ဆောက်ထားပါတယ်။ ဆိုင်ရှင် စိုးရိမ်ဖို့ မလိုအပ်တော့ပါဘူး"
သူ့ရည်မှန်းချက် အောင်မြင်သွားမှန်း သဘောပေါက်၍ ယွမ်ကျိုး သက်ပြင်းချလိုက်သည်။ တကယ်တမ်း သူ ဆက်မအိပ်နိုင်တော့၍ ဆိုင်တံခါးဖွင့်ရုံသာ တတ်နိုင်သည်။
တခြားတစ်ဖက်တွင်မူ ဝူဟိုင်းနှင့် အဘိုးအိုတို့ အပါအဝင် ဖောက်သည်တချို့က မျှော်လင့်တကြီး အမူအရာဖြင့် တံခါးအပြင်ဘက်မှာ စောင့်ဆိုင်းနေသည်။
"မင်းရဲ့နည်းလမ်းက အလုပ်ဖြစ်ပါ့မလား" ဝူဟိုင်းက တံခါးဖွင့်မည့် အရိပ်အယောင်ကို မမြင်တွေ့ရ၍ မေးမြန်းသည်။
"သေချာပေါက် အဆင်ပြေမှာပါ။ အဆောက်အဦကို သေချာ စစ်ဆေးထားပြီးသားပါ။ အဆောက်အဦက ကြံ့ခိုင်တောင့်တင်းပေမဲ့ အသံလုံစနစ်က သာမန်ပဲ" လင်းဟုန်က အခိုင်အမာ ပြောဆိုသည်။
သူ မှန်ကန်ကြောင်း သက်သေပြရန် လင်းဟုန်က အနီးအနား ပတ်ဝန်းကျင်မှာ နေထိုင်သူများကို လက်ညိုးထိုးပြသည်။ ဆူညံသကြောင့် အပြင်ထွက်ကြည့်သူ အများစုသည် ညအိပ်ဝတ်စုံများ ဝတ်ဆင်ထားသည်။
လင်းဟုန်က သူတို့အားလုံးကို ကြိုတင် အသိပေးထား၍ သူတို့ချင်း တီးတိုးပြောရုံသာ ပြောပြီး ဒေါသထွက်ပုံ မပေါက်ချေ။
"ဒါဆိုရင် သူဌေးယွမ်က ဘာလို့များ ဆိုင်မဖွင့်သေးတာလဲ" ဝူဟိုင်းက ပိတ်ထားသော တံခါးကို လက်ညိုးထိုးကာ မေးမြန်းသည်။
“သူ ရေချိုးနေတာ ဖြစ်မှာပေါ့"
Tankက ဝင်ရောက်ပြောဆိုသည်။
လူအများစုက ဆွေးနွေးပြောဆိုနေစဉ် ယွမ်ကျိုးက ရေမိုးချိုး သန့်စင်ကာ ဆိုင်တံခါးကို ဖွင့်သည်။ သူ့အမူအရာကို ကြည့်လိုက်ရုံဖြင့် ရှောင်လုံပေါင်း ပြုလုပ်ရန် အချိန်မရမှန်း သိသာထင်ရှားသည်။
အပိုင်း(၇၁)
ပြီးပါပြီ။
အပိုင်း(၇၂)
*
"ထပ်မတီးကြပါနဲ့တော့" ယွမ်ကျိုးက ကူကယ်ရာမဲ့သော လေသံဖြင့် အော်ဟစ်ဆူညံနေသော အဖွဲ့ကို အော်ပြောသည်။
“နောက်ဆုံးတော့ သူဌေးယွမ် ဆိုင်ဖွင့်ပြီပေါ့" လင်းဟုန်က ယွမ်ကျိုးကို နှုတ်ဆက်သည်။
“အေး" ယွမ်ကျိုးက ခေါင်းညိတ်သည်။
“အိုကေ မင်းတို့တွေ ပြန်လို့ရပြီ" လင်းဟုန်က လက်ခုပ်တီးပြီး ဂီတအဖွဲ့ကို ချက်ချင်း ရပ်တန့်ခိုင်းသည်။
တစ်လောကလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
"လူငယ်လေး အိပ်ရာက နိုးလို့ တော်သေးတယ်။ ဒါပေမဲ့ အခုလို အခြေအနေမျိုးမှာတောင် အိပ်ပျော်နိုင်သေးတယ်နော်။ ငါ့နားနှစ်ဖက် ကန်းတော့မလိုပဲ"
နောက်ဖက်မှာ မတ်တတ်ရပ်နေသော အဘိုးအိုက သူ့နားနှစ်ဖက်ကို လက်ဖြင့် ပွတ်သပ်ပြီး သက်ပြင်းချသည်။
“သူဌေးယွမ်၊ ဒီနေ့ရော ရှောင်လုံပေါင်း ပြင်ဆင်ထားလား" လင်းဟုန်က အသံကျယ်ကျယ်ဖြင့် မေးမြန်းသည်။
“မရဘူး။ နောက်ကျနေပြီ။ လုပ်ဖို့ အချိန်မလောက်ဘူး" ဂီတအဖွဲ့၏အသံ ရပ်တန့်သွားမှ ယွမ်ကျိုးက သက်ပြင်းချကာ စားသောက်ဆိုင်ထဲ ပြန်ဝင်သွားသည်။
ဆူညံသံကို ခဏပဲ နားထောင်ခဲ့ရ၍ ကံကောင်းသွားသည်။ စားသောက်ဆိုင်အတွင်းမှာ ဆူညံသံကို မကြားရ၍ ကံကောင်းသွားသည်။ သို့တည်းမဟုတ်လျှင် နားကန်းသွားနိုင်သည်။
"သူဌေးယွမ်၊ ခင်ဗျား အခုပြင်ဆင်ပေးလို့ မရဘူးလား။ ကျွန်တော် စောင့်နိုင်ပါတယ်" လင်းဟုန်က အော်ဟစ်ပြောသည်။
"အသံတိုးတိုးပြောလို့ မရဘူး။ ငါ့နား ကန်းတော့မယ်"
လူသန်ကြီးTankက တိတ်ဆိတ်ငြိမ်သက်မှုကို သဘောကျသည်။
"ကောင်းပြီလေ။ မင်းက တိတ်တိတ်ဆိတ်ဆိတ်နေရတာကို သဘောကျပေမဲ့ ငါက ဆူညံတဲ့ ပတ်ဝန်းကျင်နဲ့ ကျင့်သားရနေပြီ"
Tank၏သတိပေးချက်ကြောင့် လင်းဟုန်၏အသံက ပုံမှန်ပြောင်းလဲသွားသည်။
"အချိန် မလုံလောက်ဘူး" ယွမ်ကျိုးက သူ့နေရာသူ ပြန်သွားပြီး ချိုသာစွာပြောသည်။
“ကောင်းပြီလေ အဆင်ပြေတယ်။။ဒါဆိုရင်လည်း ဒီမနက်ခင်းမှာ ခေါက်ဆွဲပြုတ်စားလို့လား" လင်းဟုန်က သူ့အကြိုက်ဆုံး ရှောင်လုံပေါင်းကို လွယ်လင့်တကူ စွန့်လွှတ်လိုက်သည်။
လင်းဟုန် အလွယ်တကူ လက်လျှော့လိုက်သည့် အကြောင်းအရင်းက ရှောင်လုံပေါင်း မစားချင်တော့၍ မဟုတ်ပေ။ ယွမ်ကျိုး၏လက်တလော မျက်နှာအမူအရာက အတော်လေး ထိတ်လန့်စရာကောင်း၍ ဖြစ်သည်။ ယွမ်ကျိုးကို အိပ်ရာနိုးသော နည်းလမ်းက လက်သင့်ခံဖွယ် မရှိ၍ သူ့အမှားသူ သိကာ တည်ငြိမ်နေခြင်း ဖြစ်သည်။
ယွမ်ကျိုးက သုန်မှုန်နေသော အမူအရာဖြင့် မကျေမနပ် ကျိန်ဆဲနေလျှင်ပင် လင်းဟုန် ရင်ဆိုင်နိုင်သေးသည်။ ယခုတော့ ဘာမှမဖြစ်သလို ပြုမူနေ၍ လင်းဟုန်က ရှောင်လုံပေါင်းနှင့် ပတ်သက်ပြီး ဆက်မမေးမြန်းရဲခြင်း ဖြစ်သည်။
"သူဌေးယွမ်၊ ခင်ဗျားက ရှောင်လုံပေါင်း ပြင်ဆင်ဖို့ ဘယ်နှနာရီ အိပ်ရာထတတ်လဲ"
ဝူဟိုင်းက ရုတ်တရက် မေးမြန်းသည်။
“၆နာရီ" ယွမ်ကျိုးက မေးခွန်းကို ရိုးရိုးရှင်းရှင်း လျင်လျင်မြန်မြန် ပြန်ဖြေသဟစည်။
“အိုကေ ခေါက်ဆွဲပြုတ် နဲ့ အမဲသားနုပ်နုပ်စင်း ပေးပါ" ဝူဟိုင်းက သူ့ဟင်းပွဲကို အော်ဒါတင်သည်။
ထိုနည်းတူစွာ အဘိုးအိုကလည်း ဒုတိယအကောင်းဆုံး ရွေးချယ်မှု ဖြစ်သည့် ခေါက်ဆွဲပြုတ်ကို အော်ဒါတင်သည်။
"ကောင်းပြီ။ ခဏစောင့်ပေးပါ" ယွမ်ကျိုးက ဟင်းပွဲ စတင်ပြင်ဆင်ရန် လှည့်ထွက်လာခဲ့သည်။
တခြားတစ်ဖက်တွင်မူ ဝူဟိုင်းက လင်းဟုန်ကို မျက်နှာရိပ်မျက်နှာကဲပြကာ တီးတိုးပြောသည်။
"မင်း အခုတော့ သဘောပေါက်ပြီလား"
"အွန်း၊ ငါ နားလည်ပြီ။ ဒါပေမဲ့ သူက ငါ့ကို နာမည်ပျက်စာရင်းထဲ ထည့်မလား" ဝူဟိုင်း ပါးစပ်ဟလိုက်သည်နှင့် ဆိုလိုရင်းကို လင်းဟုန် သဘောပေါက်သည်။ သို့သော်လည်း သူက အကျိုးဆက်ကို ရှင်းရှင်းလင်းလင်း သိထားရန် လိုအပ်သည်။
“မစိုးရိမ်ပါနဲ့။ ငါ့လေ့လာချက်အရ သူဌေးယွမ်က မော်ကြွားတတ်တဲ့ အကျင့်လေးပဲ ရှိတာပါ။ သူ့ကို ဆင်ခြေပေးရ လွယ်ကူပါတယ်။ တစ်ခါတုန်းက တခြားဆိုင်ကနေ ကြက်ဥထမင်းကြော် ဝယ်လာတဲ့ ကောင်လေးကိုတောင် သူ့ဆိုင်မှာ စားခွင့်ပေးတယ်။ ငါတို့က သူ့စည်းမျဉ်းကို မဖောက်ဖျက်သရွေ့ အရာအားလုံး အဆင်ပြေတယ်" ဝူဟိုင်းက သူ့ကို ယုံကြည်ပြီး သူ့အကြံဉာဏ်ကို လိုက်နာဟူသော အမူအရာကို ပြသသည်။
"ကောင်းပြီ အဆင်ပြေတယ်။ ငါ ထပ်ကြိုးစားကြည့်မယ်" လင်းဟုန်က ဝူဟိုင်း၏အကြံအစည်ကို လက်ခံသဘောတူလိုက်သည်။
ယွမ်ကျိုးက သူတို့ပြောသော အကြောင်းအရာများကို အကုန်ကြားသော်လည်း ပြုံးရုံပြုံးနေလိုက်သည်။ သူ့စိတ်ထဲ တွေးမိသည့် အချက်က
"မင်းတို့ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ ငါ့ကို အိပ်ရာက နှိုးလို့ မရဘူး"
ယွမ်ကျိုးက ဒေါသမထွက်ဘူးဟု ထင်လျှင် မှားသွားလိမ့်မည်။ မီးဖိုချောင်သုံးဓားဖြင့် ခုတ်သတ်ချင်စိတ် ဖြစ်လာသည်။ သူတို့လုပ်ရပ်နှင့် ထိုက်တန်သော အကျိုးဆက်ကို ပြန်လည်ခံစားရန် အရိုးရှင်းဆုံး နည်းလမ်းကို အသုံးပြုလိမ့်မည်။
"အများပြည်သူကို စိတ်အနှောင့်အယှက်ပေးတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမယ် စဉ်းစားထားလဲ"
အဘိုးအိုက မေးမြန်းသည်။
"မစိုးရိမ်ပါနဲ့ ဒီအနီးအနား ပတ်ဝန်းကျင်က မိသားစုတိုင်းကို ဒီကနေ့အတွက် အိပ်ရာစောစော ထရလို့ လျော်ကြေး ယွမ် ၁၀၀ပေးမယ်။ တစ်နာရီပဲကြာတာလေ ပြဿနာ မဖြစ်နိုင်လောက်ပါဘူး"
လင်းဟုန်က ယုံကြည်မှု အပြည့်ဖြင့် ပြန်ဖြေသည်။
"လင်းဟုန် သေချာရဲ့လား"
Tankက စိုးရိမ်တကြီး မေးမြန်းသည်။
“ပြဿနာမရှိဘူး။ သူဌေးယွမ်တောင် ဒေါသမထွက်ဘူး။ ကြည့်စမ်းပါဦး" လင်းဟုန်က ယွမ်ကျိုး၏မျက်နှာကို မသိမသာ လက်ညိုးထိုးပြသည်။
"အိုကေ ဒါဆိုရင်လည်း သဘောပဲ"
Tankက ပခုံး ဆက်ခနဲတွန့်လိုက်ပြီး လင်းဟုန်ကို ဖျောင်းဖျရန် မကြိုးစားတော့ပေ။
"အစီအစဉ်က တကယ်ကောင်းတယ်လို့ ထင်တယ်" ကျီလျန်က အရှက်အကြောက်ကြီးသော အမူအရာဖြင့် စကားပြောသည်။
"မင်းက ဒီဂီတအဖွဲ့ကို မကြိုက်လို့မလား" ရေဘဝဲက ညှာတာမှုကင်းမဲ့စွာဖြင့် ကျီလျန်၏အတွေးအစစ်အမှန်ကို ထုတ်ဖော်သည်။
“ဒီလို မပြောနဲ့"
မနက်ခင်း နှင့် နေ့လည်ခင်းတွင် အလုပ်ရှုပ်သောကြောင့် စားပွဲထိုး ငှားရမ်းရန် ဆုံးဖြတ်ခဲ့သည်။ သူကိုယ်တိုင် ဟင်းချက်ရသည့်အပြင် သူ့ကိုယ်တိုင် ဟင်းပွဲများကို သွားပို့ရ၍ ဖောက်သည်အရမ်းများလျှင် တကယ် ပင်ပန်းလွန်းသည်။
ယွမ်ကျိုးက အလုပ်ရှုပ်သည့်တိုင် အမွေးဖွခွေးလေးကို အစာကျွေးရန် မမေ့လျော့ခဲ့ပေ။ အစာကျွေးသော အလုပ်ပြီးမှ အိပ်ရာဝင်သည်။
မနက်ခင်း ၆နာရီထိုးခါနီး အချိန်အခါ ဖြစ်သည်။ အိမ်နီချင်းအားလုံးက အိပ်ရာထပြီး ခပ်လှမ်းလှမ်းမှာ စောင့်ကြည့်နေသည်။ မနေ့တုန်းက ဖျော်ဖြေခဲ့သော ဂီတ အဖွဲ့က မနေ့ကအတိုင်း ဖျော်ဖြေသည်။
"ငါသေသွားရင်တောင် မင်းကို ဆက်ချစ်နေမယ်"
သီချင်းဆိုသူက နားဆူလောက်သံ အသံဖြင့် သံကုန်ဟစ်နေသော်လည်း ယွမ်ကျိုးက နှိုးစက် မပေးထား၍ အိပ်ရာမထခဲ့ပေ။
ပုံမှန်အားဖြင့် ယွမ်ကျိုးက တော်ရုံအိပ်မပျော်တတ်ပေ။ အခါ ၁၀၀အထိ ရေတွက်ပြီးမှသာ အိပ်ပျော်တတ်သည်။ သို့သော်လည်း စနစ်က သူ့အိမ်ကို ပြန်လည်ပြုပြင်ပြီးနောက်ပိုင်း တိတ်ဆိတ်လွန်း၍ စောစောစီးစီး အိပ်ပျော်သွားသည်။
အောက်ထပ်မှ အော်ဟစ်ဆူညံသံများက ယွမ်ကျိုး အပေါ် သက်ရောက်မှု လုံးဝ မရှိပေ။
သီချင်းတစ်ပုဒ် အဆုံးသတ်သွားသော်လည်း ယွမ်ကျိုးအိမ်၏ ဒုတိယထပ် ပြတင်းပေါက်ကို တင်းတင်းကျပ်ကျပ် ပိတ်ထားသေးသည်။
"သူဌေးယွမ်က ဘာလို့ အိပ်ရာ မထသေးတာလဲ" လင်းဟုန်က စပ်စပ်စုစု မေးမြန်းသည်။
"ငါ ဘယ်သိပါ့မလဲ။ နားဆို့ပြီး အိပ်နေသလားပဲ" ရေဘဝဲက မယထင်ကြေးပေးသည်။
"နားဆို့ ဟုတ်လား။ သီချင်းနှစ်ပုဒ် ထပ်နားထောင်ခိုင်းမယ်။ ဆက်အိပ်နိုင်မယ်လို့ မထင်ဘူး"
လင်းဟုန်က ဂီတအဖွဲ့ကို အချက်ပြလိုက်ပြီး သီချင်းဆက်ဆိုစေသည်။
သီချင်းသုံးပုဒ် အဆုံးသတ်သွားပြီးနောက် ဒုတိယထပ်မှ တုံ့ပြန်မှုကို မကြားရ၍ လင်းဟုန်က လက်လျှော့ရန် ဆုံးဖြတ်လိုက်သည်။ ယွမ်ကျိုးက မနက် ၈နာရီခွဲအထိ စားသောက်ဆိုင်ဖွင့်မည့် အရိပ်အယောင်ကို မမြင်တွေ့ရပေ။
လင်းဟုန်က ဝင်ပေါက်နားမှာ စိတ်ရှည်ရှည် ဆက်စောင့်နေသည်။
"သူဌေးယွမ်၊ ခင်ဗျားရဲ့နားဆို့က တကယ်ကောင်းလှချည်းလား" ထိုစကားကိုပြောနေစဉ် လင်းဟုန်က ယွမ်ကျိုးကို လက်မထောင်ပြပြီး မနက်စာ စားကာ ထွက်သွားသည်။
လင်းဟုန်က လက်လျှော့လိုက်ပြီဟု ယွမ်ကျိုး ထင်မိသည်။ နေ့စဉ်ရက်ဆက် နားဆူလျှင် အိမ်နီးချင်းများကလည်း သဘောတူလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သူက လင်းဟုန်ကို လျှော့တွက်ခဲ့မိသည်။
လင်းဟုန်က သူ့အစီအစဉ်ကို လုံးဝ လက်မလျှော့ခဲ့ပေ။ နောက်ထပ်ဂီတအဖွဲ့ကိုပင် ငှားရမ်းလိုက်သေးသည်။ အနီးအနား ပတ်ဝန်းကျင် နေထိုင်သူများကို လျော်ကြေးအနေဖြင့် ၂၀၀ယွမ်ပေးလိုက်သေးသည်။ ၂၀၀ယွမ်အကျိုးအမြတ်ရ၍ တစ်နာရီ မနက်စောစော ထရခြင်းက အဆင်ပြေသေးသည်။
မည်သို့ပင်ဆိုစေကာမူ ဆူညံသံက အရမ်းမကြာခဲ့ပေ။
တတိယမြောက်နေ့ မနက် ၆နာရီတွင် အဖွဲ့၂ဖွဲ့ပူးပေါင်းပြီး ဖျော်ဖြေတင်ဆက်သည့်အပြင် ယခင်ထက် ပိုအသံကျယ်သော စက်ပစ္စည်းများကို အသုံးပြုသည်။
အဖွဲ့နှစ်ဖွဲ့က ယှဉ်ပြိုင်နေသကဲ့သို့ အပြိုင်သီဆိုသည်။ ငလျင်လှုပ် သကဲ့သို့ အခြေအနေဖြစ်သည့်တိုင် ဒုတိယထပ်က တုံ့ပြန်မှု မရှိပေ။
"သူဌေးယွမ်က အိပ်နေတာ မဖြစ်နိုင်ဘူး။ သေသွားတာပဲ ဖြစ်ရမယ်" လင်းဟုန်က စိတ်ပျက်အားလျော့စွာ အော်ပြောသည်။
“မင်း တံခါးရိုက်ချိုးတော့မလား"
ကျီလျန်က ပီတီဖြာစွာ သီချင်းနားစွင့်နေစဉ် အကြံဆိုးကို တွေးမိသည်။
အပိုင်း(၇၂)
ပြီးပါပြီ။