← Chapters

အခန်း (၂၄၈)

Vol. 24 Ch. 248

အခန်း (၂၄၈)

Vol. 24 Ch. 248

အခန်း။ ၂၄၈

"မင်း တကယ်ပဲ ဘာမှမမှတ်မိဘူးလား"

ရှန်းယွီက သူမကို အသေအချာ လေ့လာရင်း မေးလိုက်သည်။

"မမှတ်မိဘူး"

လီယောင်းက ခေါင်းခါပြသည်။ သူမသည် ပျောက်ဆုံးနေသော အမှတ်ရစရာများကို ပြန်လည်စုစည်းရန် ကြိုးစားရင်း မျက်မှောင်ကြုတ်နေမိသည်။

ရှန်းယွီ ဤအချက်ကို အတော်လေး ထူးဆန်းသည်ဟု ထင်မိသည်။ လီယောင်း၏ အနာကျင်ဆုံး အမှတ်တရအချို့ကို ချိပ်ပိတ်ထားကြောင်း ဧကရီက သူ့ကို ပြောပြဖူးသည်။ ထိုချိပ်ပိတ်ထားသော အမှတ်တရများကပင် အခြားစရိုက်တစ်ခုအဖြစ် ပြောင်းလဲသွားလေသလားဟု သူ တွေးနေမိသည်။ ထိုသို့ဆိုလျှင် သူမ၏ ကလေးဆန်သော အမူအရာနောက်ကွယ်မှ ရက်စက်တတ်သော စိတ်နေသဘောထားကို ရှင်းပြရာရောက်ပေလိမ့်မည်။

သူ၏ ဆေးပညာရှင်အဆင့် မြင့်မားလာသောအခါမှ ဤကိစ္စကို ပိုမိုသေချာစွာ စုံစမ်းရပေမည်။ ယခုလောလောဆယ် သူ၏ စစ်ဆေးခြင်းစွမ်းရည်ကို အသုံးပြုကြည့်သော်လည်း ထူးခြားသော သတင်းအချက်အလက် ဘာမျှမရရှိပေ။

"စီနီယာအစ်ကို... ညီမ တစ်ခုခု မကောင်းတာ လုပ်မိလို့လား"

လီယောင်းက စိုးရိမ်တကြီး မေးလိုက်သည်။

"မဟုတ်ပါဘူး ဘာမှမဖြစ်ပါဘူး"

ရှန်းယွီက စိတ်အေးစေမည့် အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

ရာဇဝတ်မှု အနည်းငယ် ကျူးလွန်ပြီး ဝမ်းကွဲညီမကို စိတ်ဒဏ်ရာ ပေးလိုက်တာကလွဲရင် ကျန်တာ ဘာမှမဖြစ်ပါဘူး။

သူ စိတ်ထဲမှ ကျိတ်တွေးလိုက်သည်။

"ဩော်..."

လီယောင်းက စိတ်ပျက်ဟန်ဖြင့် ပုခုံးများတွန့်ကာ ခေါင်းငုံ့သွားသည်။

သူမ၏ စိတ်ထဲတွင်မူ သူမသည် လုံးဝ ရိုင်းစိုင်းကြမ်းတမ်းသွားပြီး သူမ၏ စီနီယာအစ်ကိုကို မြေပြင်ပေါ် ဖိချကာ ထို့နောက်တွင်တော့ တစ်ခုခု... လုပ်မိလေမလားဟု တိတ်တဆိတ် မျှော်လင့်ခဲ့မိခြင်း ဖြစ်သည်။

"မင်းက ဘာလို့ စိတ်ပျက်နေတဲ့ လေသံ ဖြစ်နေရတာလဲ"

ရှန်းယွီက မေးလိုက်သည်။

သူမ၏ မျက်နှာမှာ ချက်ချင်းပင် ရဲတက်သွားပြီး ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာကို လက်နှစ်

ဖက်နှင့် အုပ်လိုက်တော့သည်။

"ဘာ... ဘာာာာ"

သူမက စကားပင် ကောင်းကောင်းမပြောနိုင်တော့ပေ။

ရှန်းယွီက သူကိုင်ထားသော မှတ်စုစာအုပ်ဖြင့် သူမ၏ခေါင်းကို ညင်သာစွာ ခေါက်လိုက်သည်။ "မင်းရဲ့ အင်္ကျီတွေမှာ သွေးတွေ ပေကျံနေပြီ။ သွားလဲလိုက်တော့"

သူက ပြောလိုက်သည်။

သူမသည် ချက်ချင်းပင် ထရပ်ကာ နီမြန်းနေသော ပါးပြင်များကို အုပ်လျက် ထိုနေရာမှ အမြန်ဆုံး ထွက်ပြေးသွားတော့သည်။

သူမ ထွက်သွားသည်နှင့် ရှန်းယွီ၏ မျက်နှာမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားသည်။ ကလေးစရိုက်နှင့် လီယောင်းသည် မူလအသွင်သို့ မပြောင်းမီက သူ့ကို ကူညီရန် တောင်းဆိုခဲ့သည်။ စရိုက်တစ်ခုက ထိန်းချုပ်ထားချိန်တွင် အခြားစရိုက်တစ်ခုမှာ တစ်နေရာရာ၌ ချုပ်နှောင်ခံထားရသည် သို့မဟုတ် အိပ်မောကျနေသည်မှာ သေချာသလောက်ပင်။

အဲ့နေရာက သူမ အရမ်းကြောက်ရွံ့နေတဲ့ အမှောင်ထုလား။

သူမကို အဲဒီကို ပြန်မလွှတ်ပါနဲ့ဟု တောင်းပန်စဉ်က သူမ၏ အသံထဲမှ ထိတ်လန့်မှုကို သူ မှတ်မိနေသည်။

ရှန်းယွီသည် သက်ပြင်းအရှည်ကြီး ချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် သူ၏ဆံပင်များကို လက်ဖြင့် ထိုးဖွလိုက်မိသည်။ ယခုလောလောဆယ်တွင် ဤအခြေအနေကို သူ ဘာမှမတတ်နိုင်သေးပေ။ သူ၏ လက်ရှိ အသိပညာနှင့် စွမ်းဆောင်ရည်မှာ ဤမျှ ရှုပ်ထွေးသော ကိစ္စကို ကိုင်တွယ်ရန် မလုံလောက်သေးပေ။

သူသည် ဧကရီကိုလည်း အမှတ်တရအားလုံးအား ချိပ်ပိတ်ရာမှ ဖွင့်ထုတ်လိုက်ရန် မေးမြန်းခဲ့ဖူးသော်လည်း အမှတ်တရအချို့မှာ ကာလကြာရှည် ချုပ်နှောင်ခံထားရသဖြင့် ပျက်စီးနေပြီ ဖြစ်ကြောင်း သိရသည်။ အကယ်၍ ၎င်းတို့အား လီယောင်း၏ အသိစိတ်အတွင်းသို့ အတင်းအကျပ် ပေါင်းစပ်လိုက်ပါက သူမ၏ စိတ်ဝိညာဉ်တစ်ခုလုံး ပျက်စီးသွားနိုင်သည့် အန္တရာယ်ရှိသည်။

သူက အသေးစိတ် ထပ်မံမေးမြန်းသောအခါ ဧကရီက ဤကိစ္စ၏ နောက်ကွယ်မှ ရန်သူမှာ ကိုင်တွယ်ရ မလွယ်ကူကြောင်းသာ ဆိုခဲ့သည်။ ဧကရီကဲ့သို့သော ပုဂ္ဂိုလ်မျိုးကပင် ဝန်ခံရလောက်အောင် ထိုရန်သူမှာ ဘယ်လောက်အထိ အစွမ်းထက်နေတာလဲ။

သူသည် နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြီး လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ အဆင့်များစွာ တက်လှမ်းနိုင်ခဲ့သော်လည်း အဆုံးစွန်ထိတော့ မသန်မာသေးသည်မှာ ထင်ရှားသည်။ အားလုံးက စွမ်းအား အပေါ်တွင်သာ မူတည်နေသည်။ သူ ယခုထက် ပိုမိုကြိုးစားရန် လိုအပ်နေသည်။

"ဒါပေမဲ့ အရင်ဆုံး... နေ့လယ်စာ စားချိန်ရောက်ပြီ"

...

အမည်မသိ နေရာတစ်ခုတွင်... အနီနှင့် အနက်ရောင် ရောယှက်နေသော ဆံပင်များရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ရာဇပလ္လင်ပေါ်တွင် ထိုင်နေသည်။ သူ၏ မျက်လုံးများမှာ ဟင်းလင်းပြင်ထဲသို့ စိုက်ကြည့်ကာ တစ်ခုခုကို စဉ်းစားနေပုံရသည်။

ရုတ်တရက် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူသည် တုံ့ဆိုင်းမနေဘဲ လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

ကြီးမားသော သွေးစက်နှစ်စက်မှာ သူ၏အထက် လေထုထဲတွင် ပေါ်လာပြီး သူ၏ လက်မောင်းပေါ်သို့ ကျရောက်လာသည်။ ထိုသွေးစက်များမှာ သူ၏ အရေပြားအတွင်းသို့ လျင်မြန်စွာ စိမ့်ဝင် ပျောက်ကွယ်သွားတော့သည်။

"တကယ့်အမှိုက်တွေပဲ"

သူက ဒေါသတကြီး ထွေးထုတ်လိုက်သည်။ သွေးမျိုးဆက် အနှစ်သာရများဆီမှ သူသိလိုက်ရသော အချက်များကြောင့် သူ၏မျက်နှာမှာ ရွံရှာမှု ဒေါသတို့ဖြင့် တွန့်လိမ်နေတော့သည်။

"မင်းတို့လို အမှိုက်တွေထဲက တစ်ကောင်က သေတာတောင် သွေးမျိုးဆက် အနှစ်သာရကို ပြန်မပို့ပေးနိုင်ဘူးလား"

သူသည် ထိုဝိညာဉ်ဖြစ်တည်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးအတွက် အချိန်နှင့် ရင်းမြစ်များစွာ ရင်းနှီးမြှုပ်နှံခဲ့ရသော်လည်း သူတို့မှာ အသုံးဝင်သော သတင်းအချက်အလက် တစ်ခုမျှပင် မရဘဲ ထိုကဲ့သို့ သေဆုံးသွားခဲ့ကြသည်။

သူ၏ အကြည့်မှာ အဝေးတစ်နေရာသို့ လွင့်ပျံသွားသည်။

"အဲဒီအရပ်မျက်နှာက..."

"ကောင်းကင်တိမ်တိုက်ဂိုဏ်းပဲ"

သူက အသံထွက်၍ ရေရွတ်လိုက်သည်။

အရေးမပါလှဘူးဟု ထင်ရသော ဤနေရာနှင့် သူသည် သူစိမ်းမဟုတ်ပေ။ အမှန်တကယ်တော့ သူသည် ထိုနေရာ၌ ဖြစ်ပျက်သမျှကို ကြိုးကိုင်ရန် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ဖူးသဖြင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်နေသူ ဖြစ်သည်။

ကောင်းအောက်ထျန်းကို မကောင်းဆိုးဝါးချုပ်နှောင်ရာမျှော်စင်အား ရှာဖွေတွေ့ရှိစေပြီး ပိုင်ဆိုင်ရန် ကြိုးပမ်းခိုင်းခဲ့သူမှာ သူပင်။ ကောင်းအောက်ထျန်း မတိုင်မီကပင် မကောင်းဆိုးဝါး အမြွှာညီနောင်ကို ထိုနေရာ၌ ပြဿနာရှာရန် သူ စေလွှတ်ခဲ့ဖူးသော်လည်း ဘာမျှ ဖြစ်မလာခဲ့ပေ။

"ဘာလို့ တစ်ခုမှ ငါ့အစီအစဉ်အတိုင်း ဖြစ်မလာတာလဲ"

သူက ဟိန်းဟောက်လိုက်သည်။

ဒေါသအရှိန်ကြောင့် သူသည် မြေပြင်ကို အပြင်းအထန် နင်းချလိုက်ရာ သူ၏ အားဒဏ်ကြောင့် ကွဲအက်နေသော မှန်တစ်ချပ်ကဲ့သို့ မြေပြင်တွင် အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်သွားတော့သည်။

သူသည် အသက်ကို ပြင်းပြင်းရှူရင်း စိတ်ကို အတင်းအကျပ် ထိန်းချုပ်လိုက်သည်။ စိတ်တိုနေရုံဖြင့် ဘာမျှ ပြေလည်သွားမည်မဟုတ်ဘဲ နောက်ထပ်လုပ်ဆောင်မည့် အဆင့်များကို နည်းဗျူဟာကျကျ စဉ်းစားရန် လိုအပ်သည်။

သူ၏ အခြေအနေကို သူ ပြန်လည်သုံးသပ်ကြည့်သည်။ သူ၏ စွမ်းအားအပေါ် ယုံကြည်မှုရှိသော်လည်း မျှော်စင်ကို သိမ်းပိုက်ရန် သူကိုယ်တိုင် မသွားလိုသေးပေ။ သူကဲ့သို့ ရာထူးနေရာရှိသူ တစ်ဦးအတွက် စွန့်စားရမှုမှာ အလွန်ကြီးမားလွန်းလှသည်။

အပြင်လူများအတွက်မူ သူသည် မကောင်းဆိုးဝါးနတ်ဘုရားကို အစွန်းရောက်ယုံကြည်သည့် ဂိုဏ်းသားတစ်ဦးမျှသာ ဖြစ်သည်။ သို့သော် အမှန်စင်စစ် သူသည် ထိုအဓိပ္ပာယ်မရှိသော အယူအဆများကို လုံးဝမယုံကြည်ပေ။ မကောင်းဆိုးဝါးနတ်ဘုရား၏ စစ်မှန်သော သဘောသဘာဝနှင့် ရည်ရွယ်ချက်များကို သူက ပိုမိုရှင်းလင်းစွာ နားလည်ထားသည်။

မကောင်းဆိုးဝါးနတ်ဘုရားဆိုသည်မှာ မရှိသော စေတနာကို အခြေခံ၍ လူသားများကို ကူညီနေခြင်း မဟုတ်ပေ။ ၎င်းသည် ရုပ်ဝတ္ထုလောကသို့ ပြန်လည်ရောက်ရှိလာပြီး ကမ္ဘာကြီးကို ဖျက်ဆီးရန်အတွက် ပူးကပ်ထိန်းချုပ်နိုင်မည့် သင့်တော်သော ခန္ဓာကိုယ်တစ်ခုကိုသာ လိုချင်နေခြင်း ဖြစ်သည်။ သူသည် ရှေးဟောင်း နတ်ဆိုးသတ္တဝါကြီးတစ်ကောင်၏ ရုပ်သေးရုပ် ဖြစ်လာရန်အတွက် သူ့ကိုယ်သု ပေးအပ်ရလောက်အောင် အစွန်းရောက်နေသူ မဟုတ်ပေ။

သူ့တွင် ကိုယ်ပိုင် ရည်မှန်းချက်ကြီးမားသော အစီအစဉ်များ ရှိသည်။ သူသည် မကောင်းဆိုးဝါးနတ်ဘုရား၏ ဝါးမျိုခြင်းကို ခံမည့်အစား ၎င်းကို ပြန်လည်သိမ်းပိုက်ပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုခြင်းပင်။ ၎င်း၏ စုဆောင်းထားသော ရတနာများ ကြီးမားသော စွမ်းအားများနှင့် ရှေးဟောင်း အသိပညာများအားလုံးကို သူကိုယ်တိုင် ပိုင်ဆိုင်လိုသည်။

ထို့ကြောင့်ပင် သူသည် အခြေအနေကို စမ်းသပ်ရန် မကောင်းဆိုးဝါး အမြွှာညီနောင်ကို အစောပိုင်းက စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ မအောင်မြင်သောအခါ ကောင်းအောက်ထျန်းကို မျှော်စင်ကို သိမ်းပိုက်ရန် အသုံးချခဲ့ရပြန်သည်။

ကံမကောင်းစွာဖြင့် လီယောင်းရုတ်တရက် ပေါ်ထွက်လာခြင်းက သူ၏ အသေအချာ ချမှတ်ထားသော အစီအစဉ်များကို နှောင့်ယှက်ခဲ့သည်။ ယခု နောက်ဆုံးကျရှုံးသွားသော အမှိုက်သုံးကောင်ကို သတ်လိုက်သူမှာလည်း လီယောင်းပင် ဖြစ်မည်ဟု သူ ပြင်းပြင်းထန်ထန် သံသယရှိနေသည်။ သို့သော် သူ့ကို အမှန်တကယ် ဇဝေဇဝါဖြစ်စေသည်မှာ သူမ၏ မဖြစ်နိုင်လောက်သော အဆင့်တက်နှုန်းပင်။

သူမသည် ကျင့်စဉ်နယ်ပယ်များကို ဘယ်လိုမျိုး လျင်မြန်စွာ ကျော်ဖြတ်နိုင်တာလဲဆိုသည်ကို သူ နားမလည်နိုင်ပေ။ သူမတွင် ထူးခြားသော ပါရမီရှိလျှင်ပင် တစ်လမပြည့်မီသော အချိန်အတွင်း ဤမျှ မြင့်မားသော အဆင့်သို့ ရောက်ရှိရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

တစ်ချက်ကလွဲလို့ပေါ့...

"သူမမှာ နတ်ဘုရားလက်နက်ရှိနေတာပဲ"

သူက မေးစေ့ကို ပွတ်ရင်း စဉ်းစားလိုက်ရာ သူ၏ မျက်လုံးများမှာ သဘောပေါက်သွားဟန်ဖြင့် ဝင်းပလာသည်။

ဤအချက်က အရာအားလုံးကို ရှင်းပြနိုင်သည်။ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့နေသော နတ်ဘုရားလက်နက်၏ ဝိညာဉ်အရှိန်အဝါမှာ ကောင်းကင်တိမ်တိုက်ဂိုဏ်း ရှိရာဘက်သို့ ဦးတည်နေခြင်းပင်။

တိုက်ဆိုင်မှုလား။

သို့သော် မေးခွန်းထုတ်စရာ တစ်ခု ကျန်သေးသည်မှာ သူမသည် ထိုကဲ့သို့သော ရတနာကို ဘယ်လို ရရှိခဲ့တာလဲ။

သူသည် ရာဇပလ္လင်ကို မှီရင်း အတွေးနက်နေပြန်သည်။

"အာ... ငါ သဘောပေါက်ပြီ"

ထိုလူသည် ရုတ်တရက် ထရပ်လိုက်ရင်း ပြောလိုက်သည်။

မကောင်းဆိုးဝါးချုပ်နှောင်ရာမျှော်စင် အတွင်း၌ အဖိုးတန်ရတနာများစွာ ရှိနေပေလိမ့်မည်။ ထိုကဲ့သို့သော နေရာမျိုးတွင် နတ်ဘုရားလက်နက် တစ်ခု နှစ်ခု ရှိနေခြင်းမှာ မဆန်းပေ။

သို့သော် ပို၍ စိုးရိမ်စရာကောင်းသော မေးခွန်းမှာ ထိုမျှော်စင်သည် အဘယ်ကြောင့် သူတို့ကို တက်ကြွစွာ ကူညီနေရတာလဲ။ သူ တွေးမိသမျှ အကောင်းဆုံး အဖြေမှာ မကောင်းဆိုးဝါးနတ်

ဘုရားသည် လက်ရှိ အခြေအနေကို စိတ်မအေးဖြစ်လာပြီး ကြီးမားသော ငါးစာများကို စတင်ချနေခြင်းပင်။

အကယ်၍ အင်အားကြီးမားသော ကျင့်ကြံသူတစ်ဦးသည် အားနည်းသော အုပ်စုတစ်စု၏ လက်ထဲတွင် ထိုမျှ တန်ဖိုးကြီးသော ရတနာများ ရှိနေသည်ကို မြင်ပါက ထိုဂိုဏ်းတစ်ခုလုံးကို ချက်ချင်း အမြစ်ပြတ် သတ်ဖြတ်ပြီး ရတနာများကို သိမ်းပိုက်ပေလိမ့်မည်။ ထိုသို့ ရတနာများကို မက်မောရာမှတစ်ဆင့် မျှော်စင်ဆီသို့ ရောက်သွားသောအခါ မကောင်းဆိုးဝါးနတ်ဘုရား၏ ပူးကပ်ခြင်းကို ခံရကာ ခန္ဓာကိုယ်ကို အသိမ်းခံရပေလိမ့်မည်။

"အကွက်စေ့လှချည့်လား မကောင်းဆိုးဝါးနတ်ဘုရား"

ထိုလူက တွေးလိုက်သည်။

သူသည် ဆုပ်ထားသော လက်သီးကို ငုံ့ကြည့်ရင်း ရွေးချယ်စရာများကို စဉ်းစားနေသည်။ အခုတော့ သူသည် နောက်ဆုတ်စရာ လမ်းမရှိတော့ပေ။ အကယ်၍ သူသာ ငါးစာကို ဟပ်လိုက်ပါက မကောင်းဆိုးဝါးနတ်ဘုရား၏ ထောင်ချောက်ထဲသို့ တိုက်ရိုက် ကျရောက်သွားနိုင်သည်။ သို့သော် သူသာ အခုချက်ချင်း အရေးမယူပါက အခြားသူတစ်ဦးဦး အရင်ရောက်သွားပြီး သူ နှစ်ပေါင်းများစွာ ပြင်ဆင်လာခဲ့သမျှကို ဖျက်ဆီးပစ်ပေလိမ့်မည်။

"ကောင်းပြီလေ"

သူက ကြေညာလိုက်သည်။

"ငါ အဲဒီငါးစာကို ဟပ်လိုက်မယ်"

All Chapters