ပြန်လည်တိုက်ခိုက်ခြင်း
Vol. 1 Ch. 2
ခုနစ်ရက်၊ ရှစ်ရက်ခန့် ကုန်ဆုံးသွားပြီးနောက် ချန်ဖေး၏ မူလက ပိန်လှီသော ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပြည့်ဖြိုးလာပြီး ကြွက်သားများ စတင် ဖွံ့ဖြိုးလာသည်။ သူသည် ပိန်ပိန်ပါးပါးနှင့် အနိုင်ကျင့်ခံရလွယ်မည့်ပုံ မပေါက်တော့ပေ။
ချန်ဖေး အရေပြားသန့်စင်ခြင်းအဆင့်သို့ တက်လှမ်းရန် မျှော်လင့်နေချိန်မှာပင် ဆေးခန်းမှ မြို့ပြင်ရှိ တောင်တန်းများပေါ်တွင် ဆေးမြစ်ရှာဖွေရန် လိုအပ်ကြောင်း ရုတ်တရက် ကြေညာလိုက်သည်။
နောက်တစ်နေ့ မနက်စောစောတွင် ဆေးခန်းမှ အလုပ်သင် တစ်သိုက်သည် ဆေးမြစ်ထည့်ရန် ခြင်းတောင်းများ ကိုယ်စီဖြင့် မြို့ပြင်ထွက်ကာ ဖျင်းယင်း တောင်တန်းဆီသို့ ဦးတည်ထွက်ခွာသွားကြသည်။
မကြာသေးမီက မြို့ပြင်တွင် အခြေအနေ သိပ်မကောင်းလှသော်လည်း ဆေးခန်း၌ ဆေးမြစ်များ ပြတ်လပ်နေသဖြင့် အလုပ်သင်များ အပြင်ထွက်ရန် တာဝန်ကျလာအချိန်တွင် ငြင်းဆန်၍ မရနိုင်ပေ။ လူတိုင်း၌ ဆေးမြစ်ရှာဖွေရန် သတ်မှတ်ချက် ကိုယ်စီ ရှိကြပြီး ပြည့်မီပါက တောင်ပေါ်မှ ပြန်ဆင်းနိုင်သည်။
မပြည့်မီပါက သုံးရက်ကြာလျှင် ပြန်လာရမည် ဖြစ်သော်လည်း ရိုက်နှက်ခံရခြင်းကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။ လူအုပ်ကြီးသည် ကျယ်ပြောလှသော ဖျင်းယင်း တောင်တန်းထဲသို့ လူစုခွဲ ဝင်ရောက်သွားကြပြီး လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။
ချန်ဖေးသည် အမွှေးတိုင် တစ်တိုင်စာ ကုန်ခမ်းချိန်ခန့် လမ်းလျှောက်လာပြီးနောက် ဆေးမြစ်တစ်ပင်ကို တွေ့လိုက်ရသဖြင့် ဝမ်းသာအားရ သွားရောက် ခူးယူလိုက်သည်။ သူ့ကျင့်ကြံမှု အဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ ချန်ဖေးသည် မကြာသေးမီက ခံနိုင်ရည် ပိုကောင်းလာရုံ သာမက အာရုံခံစားမှု ငါးပါးလည်း သိသိသာသာ ထက်မြက်လာခဲ့သည်။
ထိုအခိုက်တွင် ချန်ဖေးသည် ဆေးမြစ်ခူးနေရင်း သူ့နားနှင့် မျက်လုံးများကို အသုံးပြုကာ ပတ်ဝန်းကျင်ကို အမြဲမပြတ် အာရုံစိုက်နေသည်။ သို့မှသာ အန္တရာယ် တစ်စုံတစ်ရာ ရောက်လာလျှင် ကြိုတင် သိရှိနိုင်မည် ဖြစ်သည်။ ဖျင်းယင်း တောင်တန်းတွင် ကြီးမားသော သားရဲများ မရှိသော်လည်း အဆိပ်ပြင်းသော အင်းဆက်များနှင့် မြွေများ အများအပြား ရှိသည်။ ဆေးမြစ်ရှာဖွေသည့် အကြိမ်တိုင်း အလုပ်သင် အများအပြား ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းများ ရှိခဲ့ဖူးသည်။
ဆေးမြစ်ခူးနေရင်း တန်းလန်းနှင့် ချန်ဖေး၏ မျက်နှာအမူအရာ ရုတ်ခြည်း ပြောင်းလဲသွားပြီး ရှေ့သို့ ရုတ်တရက် ခုန်လိုက်သည်။
နောက်တစ်ခဏတွင် မြားတစ်စင်းက ချန်ဖေး ရှိနေခဲ့သည့် နေရာသို့ စိုက်ဝင်သွားသည်။ မြားတံမှာ တုန်ခါနေဆဲ ဖြစ်ပြီး ၎င်း၏ ပြင်းထန်သော အရှိန်အဟုန်ကို ဖော်ပြနေသည်။
ချန်ဖေးသာ မရှောင်တိမ်းခဲ့လျှင် ထိုမြားဖြင့် သူ့အတွင်းကလီစာများ ထုတ်ချင်းပေါက် ခံလိုက်ရနိုင်ဖွယ် ရှိသည်။
ချန်ဖေးသည် သစ်ပင်ကြီး တစ်ပင်၏ အနောက်တွင် ပုန်းအောင်းကာ ဓားမကို ဆုပ်ကိုင်ထားရင်း သူ့ရင်ထဲတွင် ဒေါသများ ပြည့်လျှံလာသည်။ သူသာ တစ်ခဏမျှ နောက်ကျခဲ့လျှင် တစ်ပါးသူ၏ လက်ခုပ်ထဲက ရေ ဖြစ်သွားရပေလိမ့်မည်။
"ရှောင်မြန်သားပဲ" ရယ်မောသံ တစ်ခု ထွက်ပေါ်လာသည်။
"အဲဒီကောင်က ကျိရှန်းသိုင်းပညာသင်တန်းကျောင်းမှာ ခဏ တက်ဖူးတော့ နည်းနည်း ပါးနပ်တယ်" ရှားတာ့ရှင်း၏ အသံ ထွက်ပေါ်လာသည်။
"သူ့မှာ လှုပ်ရှားမှုတချို့ ရှိသားပဲ။ မင်း ဟိုဘက်ကို သွား ဒီနေ့ သူ မလွတ်စေရဘူး။နေဦး ဒီကောင် ပြေးဖို့ ကြိုးစားနေတယ်။ သူ့နောက်လိုက်" နျိုခွော မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။ သူ လေးကို မြှောက်လိုက်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ချန်ဖေးက သစ်ပင်များကြား အဆက်မပြတ် ပြေးလွှားနေသည်ကို တွေ့လိုက်ရသဖြင့် ချိန်ရွယ်ရန် ခက်ခဲသွားသည်။
နျိုခွောသည် လေးပစ်စွမ်းရည် အနည်းငယ် ရှိသော မုဆိုးတစ်ဦး ဖြစ်သော်လည်း အဆုံးတွင်မူ သာမန်လူ တစ်ဦးသာ ဖြစ်သည်။
အခြားတစ်ဖက်တွင် ချန်ဖေးသည် အဆင့်တက်ခါနီး ဖြစ်ပြီး သူ့ခံနိုင်ရည်နှင့် လျင်မြန်မှု နှစ်ခုစလုံးက သာမန်လူထက် သိသိသာသာ သာလွန်နေပြီ ဖြစ်သည်။
ထို့ကြောင့် သူ ပြေးလွှားနေစဉ် နျိုခွောမှာ သူ့ကို မည်သို့မျှ မတတ်နိုင် ဖြစ်နေရသည်။
"ချန်ဖေး... မင်းက ဘာလို့ မိန်းမလို ပြေးနေရတဲ့ သူရဲဘောကြောင်သူ ဖြစ်နေရတာလဲ... ဒီကို လာပြီး ငါ့ကို ရိုက်စမ်း... လာပြီး ငါ့ကို သတ်စမ်း...." ရှားတာ့ရှင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ချန်ဖေး ပြန်မပြောဘဲ သွက်လက်သော ခြေလှမ်းများဖြင့် ပြေးလွှားနေသည်။ ဆယ့်ငါးမိနစ်ခန့် အတွင်းမှာပင် သူ့နောက်မှ လူနှစ်ယောက်ကို ဖြတ်ကျော်ကာ လွတ်မြောက်သွားသည်။
ချန်ဖေး၏ မျက်နှာထားမှာ တင်းမာနေသည်။ ဤကိစ္စကို ဒီအတိုင်း ထားလိုက်၍ မရပေ။ သို့သော် နျိုခွော၌ လေးနှင့်မြား ရှိသည်။ ချန်ဖေး၏ လက်ရှိခွန်အားဖြင့် သူ့နယ်ပယ် တိုးတက်မလာပါက ထိပ်တိုက် ရင်ဆိုင်၍ အောင်နိုင်မည် မဟုတ်ပေ။
ထိုအချက်ကို တွေးမိရင်း ချန်ဖေး သူ့မျက်နှာပြင်ကို ကြည့်လိုက်သည်။
အမည် - ချန်ဖေး
အလုပ်အကိုင် - သိုင်းပညာရှင်
ကျင့်စဉ် - ကျိရှန်း လက်သီး (အစပျိုးခြင်း မရှိ)၊ ကျိရှန်း အသက်ရှူနည်းစနစ် (မဟာပြီးပြည့်စုံခြင်းအဆင့်)
နယ်ပယ် - သိုင်းကျင့်ကြံသူ (၉၉/၁၀၀)
"အဆင့်တက်တော့မယ်"
ချန်ဖေး၏ မျက်နှာထား အနည်းငယ် တက်ကြွလာသည်။ သူ့မူလ ခန့်မှန်းချက်မှာ ဆယ်ရက် ဖြစ်သော်လည်း ယခုအခါ ပိုမြန်မည့်ပုံ ပေါက်နေသည်။
ထို့အပြင် ယခုလေးတင် ပြင်းပြင်းထန်ထန် ပြေးလွှားခြင်းနှင့် အသက်ရှူခြင်းတို့က သူ့နယ်ပယ် တိုးတက်မှုကို အနည်းငယ် အရှိန်မြှင့်လိုက်သကဲ့သို့ ရှိသည်။
ချန်ဖေး နျိုခွော၏ ဝတ်စားဆင်ယင်မှုကို စဉ်းစားမိပြီး သူသည် ဖျင်းယင်း တောင်တန်းမှ မုဆိုးတစ်ဦး ဖြစ်နိုင်ကာ သူ့ကို ခြေရာခံနိုင်လိမ့်မည်ဟု သဘောပေါက်လိုက်သည်။
ချန်ဖေး တစ်နေရာတည်းတွင် မနေဘဲ အခြားဘက်သို့ ပြေးထွက်သွားသည်။
သူ ခဏကြာ ပြေးလွှားပြီးနောက် အနားယူလိုက်သည်။ နာရီဝက်ခန့် အကြာတွင် ချန်ဖေး ရပ်တန့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်တွင် ပြင်းထန်သော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ နောက်တစ်ခဏတွင် အရိုးများနှင့် ကြွက်သားများ ပဲ့တင်ထပ်သော အသံများ ချန်ဖေး၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။
ချန်ဖေး အလိုအလျောက် ခေါင်းမော့လိုက်ရာ နာကျင်မှုတစ်ခုက သူ့ခန္ဓာကိုယ် အတွင်းပိုင်းမှ ထွက်ပေါ်လာပြီး ယားယံသည့် ခံစားမှုတစ်ခုက သူ့အသားများထဲသို့ စီးဆင်းသွားသည်။
ကံကောင်းသည်မှာ ဤ ခံစားမှုက တစ်ခဏသာ ကြာမြင့်ပြီး ရပ်တန့်သွားသည်။ စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ်အတွင်း ဖောင်းကြွလာပြီး ချန်ဖေး မသိစိတ်ဖြင့် သူ့လက်သီးများကို ဆုပ်ကိုင်လိုက်မိသည်။
နယ်ပယ် - အရေပြားသန့်စင်ခြင်းအဆင့် (၁/၁၀၀၀)
မျက်နှာပြင်တွင် ချန်ဖေး၏ လက်ရှိနယ်ပယ်ကို ရှင်းလင်းစွာ ပြသနေသည်။ ချန်ဖေး ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ မထင်မရှား အသံများ သူ့နားထဲသို့ ဝင်ရောက်လာသည်။ သူ ပိုမို ဝေးကွာသော နေရာများကို မြင်တွေ့နေရသည်။
ချန်ဖေး နေရာမှာတင် အကြိမ်အနည်းငယ် ခုန်လိုက်သည်။ စနစ်ကြောင့်လား မဟာပြီးပြည့်စုံခြင်းအဆင့် အသက်ရှူနည်းစနစ်ကြောင့်လား မသိသော်လည်း သူ အဆင့်တက်ပြီးသည်နှင့် သူ့ခွန်အားကို ချက်ချင်း အပြည့်အဝ ထိန်းချုပ်နိုင်နေသည်။
သူ့ခန္ဓာကိုယ်၏ အားထုတ်မှုနှင့် လှည့်ပတ်မှုများ အားလုံးက သူ့ဆန္ဒအတိုင်း ဖြစ်နေသည်။ ဤ အချိန်တွင် မူလခန္ဓာက သူ့ကိုသာ ရင်ဆိုင်ရလျှင် လက်သီးတစ်ချက်တည်းဖြင့် လဲကျသွားအောင် ထိုးနိုင်ပေလိမ့်မည်။
နျိုခွော၏ လေးနှင့်မြား ဆိုသည်မှာလား။ သာမန်လူ တစ်ယောက်၏ ခွန်အားနှင့် လေးပစ်စွမ်းရည်မျှသာ ဖြစ်သည်။
မီတာ ရာဂဏန်း အကွာအဝေးတွင်
"ဒီကောင် တကယ်ပြေးနိုင်တာပဲ။ ငါ သူ့ကို မိရင် သေချာ နှိပ်စက်ရမယ်" ရှားတာ့ရှင်းက အံကြိတ်၍ ပြောလိုက်ရာ သူ့အသံမှာ အေးစက်နေသည်။
"လူတစ်ယောက်ကို နှိပ်စက်တာ မခက်ပါဘူး။ နောက်မှ သူ့အရေပြားကို လှီးပြီး ဒဏ်ရာထဲ ပျားရည် နည်းနည်း လောင်းထည့်လိုက် သူ အရမ်းဇိမ်တွေ့သွားမယ်လို့ ငါ အာမခံတယ်" နျိုခွော ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဒီတစ်ခေါက် ဒုက္ခခံပေးတဲ့ ဦးလေးနျိုကို ကျေးဇူးတင်ပါတယ်" ရှားတာ့ရှင်းက မျက်နှာလိုမျက်နှာရ ပြောလိုက်သည်။
"ငါ မင်းပိုက်ဆံ ယူထားတာပဲ အလုပ်လုပ်ပေးတာ သဘာဝပါပဲ "
နျိုခွော ဂရုမစိုက်သလို ပြောလိုက်ပြီး ရှေ့ကို ကြည့်ကာ ဆက်ပြောသည်"အဲဒီကောင် ပြေးနိုင်ပေမယ့် အခုချိန်မှာ သူ သေချာပေါက် စိုးရိမ်နေမှာပဲ။ ငါတို့ ဖြည်းဖြည်းချင်း လိုက်ပြီး နောက်ဆုံးကျရင် သူ့ကို မောအောင် လုပ်ရမယ်"
"သူ ဆေးခန်းကို ပြန်ပြေးသွားမှာ စိုးရိမ်မိတယ်"
"ငါကတော့ သူ တောင်အောက်ကို ပြေးဆင်းသွားစေချင်တာ ဒါဆိုရင် ဖြတ်တောက်ရတာ ပိုလွယ်ကူလိမ့်မယ်" လူတစ်ယောက်ကို သတ်ရခြင်းသည် တောရိုင်းတိရစ္ဆာန် တစ်ကောင်ကို သတ်ရခြင်းထက် များစွာ ပိုမို လွယ်ကူသည်ဟု နျိုခွော တွေးလိုက်သည်။
"ဦးလေးနျိုက အတော်ဆုံးပါပဲ" ရှားတာ့ရှင်းက ပြုံး၍
မြှောက်ပင့်ပြောဆိုလိုက်သည်။
"ဟားဟားဟား နောက်ဆို ဒီလိုကိစ္စမျိုး ရှိရင် ဆက်ပြီး ရှာ"
"ဝှစ်"
နျိုခွော စကားမဆုံးခင်မှာပင် သူ့မျက်နှာအမူအရာ ရုတ်ခြည်း ပြောင်းလဲသွားပြီး ဘေးဘက်သို့ လှိမ့်ရှောင်လိုက်သည်။ ပန်းကန်လုံး အရွယ်အစားရှိသော ကျောက်တုံးတစ်တုံး သူ့ခေါင်းဘေးမှ ဖြတ်သန်းသွားသည်။
နျိုခွော ထရပ်လိုက်ပြီး လေးကို မြှောက်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ပုံရိပ်တစ်ခု သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး သူ့လက်ထဲမှ လေးကို ကန်ထုတ်လိုက်သည်။
နျိုခွော ကိုယ်တိုင်လည်း ကြီးမားသော အားတစ်ခုကြောင့် လွင့်ထွက်သွားပြီး အလိုအလျောက် နောက်ပြန် လဲကျသွားသည်။
"ချန်ဖေးးး"
ချန်ဖေး ပေါ်လာပြီး နျိုခွောကို ကန်ထုတ်လိုက်သည်ကို တွေ့လိုက်ရသောအခါ ရှားတာ့ရှင်း အခြေအနေကို နားမလည်နိုင် ဖြစ်သွားပြီး အလိုအလျောက်ပင် ချန်ဖေးအား ဓားမဖြင့် ခုတ်ပိုင်းလိုက်သည်။
"ဘုန်း"
ချန်ဖေး ရှားတာ့ရှင်း၏ ရင်ဘတ်ကို ကန်လိုက်၏။ ရှားတာ့ရှင်း အော်ဟစ်လိုက်ပြီး သွေးများ အန်ကာ မီတာအနည်းငယ် အကွာသို့ လွင့်ထွက်သွားပြီး သစ်ပင်ကြီးတစ်ပင်နှင့် ဝင်ဆောင့်ကာ မြေကြီးပေါ်သို့ လျှောကျသွားသည်။
"လူငယ်လေး ဒါ ဒါက နားလည်မှုလွဲတာပါ"
မျက်စိတစ်မှိတ်အတွင်း အခြေအနေ လုံးဝ ပြောင်းပြန် ဖြစ်သွားသည်။ နျိုခွော ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သို့သော် ချန်ဖေးက စကားမပြောဘဲ နျိုခွောထံ လှမ်းသွားပြီး သူ့ဓားမကို ဝှေ့ယမ်းလိုက်သည်။
ချန်ဖေး၏ ပြတ်သားမှုကို မြင်လိုက်ရသောအခါ နျိုခွော၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ ထုံးကျောက်မှုန့် တစ်ဆုပ် သူ့လက်ထဲတွင် ပေါ်လာပြီး ချန်ဖေးထံ ပစ်ပေါက်လိုက်ကာ အခြားလက်ဖြင့် ဓားမြှောင် တစ်ချောင်းကို ထုတ်၍ ချန်ဖေးထံ ထိုးစိုက်လိုက်သည်။
"ရွှပ်"
လက်တစ်စုံ လေထဲသို့ လွင့်ထွက်သွားသည်။ နျိုခွော သူ့လက်မောင်းကို ကြောင်ငေးကြည့်နေမိသည်။ နောက်တစ်ခဏတွင် သူ့လည်ပင်း၌ နာကျင်မှုတစ်ခု ဖြစ်ပေါ်လာပြီး ကမ္ဘာကြီး ဇောက်ထိုး ပြောင်းပြန် ဖြစ်သွားကာ နောက်ဆုံးတွင် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားတော့သည်။
ချန်ဖေး ခံစားချက်မပါသော မျက်နှာဖြင့် လှည့်ထွက်လာပြီး ရှားတာ့ရှင်းထံ လျှောက်သွားလိုက်သည်။
"လူသတ်ကောင် ချန်ဖေး မင်း မင်း သေဆိုးနဲ့ သေရလိမ့်မယ်" သူ အသက်ရှင်နိုင်မည် မဟုတ်ကြောင်း သိလိုက်သောအခါ ရှားတာ့ရှင်း ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။
ချန်ဖေး ဓားကို ဝှေ့ယမ်းလိုက်ရာ ရှားတာ့ရှင်း ဘေးဘက်သို့ ခွေခေါက် လဲကျသွားတော့သည်။