အခန်း (၉၂)
Vol. 10 Ch. 92
*(92)
ကျင်းယန်က သူမပြောသမျှကို တိတ်တဆိတ် နားထောင်ပေးနေခဲ့၏။ နို့ပေါင်မုန့်လုံးလေး၏ခြေလှမ်းကို ထောက်ထားညှာတာခြင်းအားဖြင့် သူ၏ခြေလှမ်းကိုလည်း အရှိန်နှေးလိုက်လေသည်။
ထိုသို့လျှောက်ခြင်းက ခြေတံရှည်များရှိသော သူ့အတွက် ခက်ခဲသော်ငြား ထိုမှသာ ယင်ရိလျိုက သူနှင့်နှစ်မီတာအကွာအတွင်း ရှိနေမည်ဖြစ်သည်။
“မင်းဘာစားချင်လဲ?”
ယင်ရိလျို ခေါင်းမော့ကြည့်လိုက်၏။ ကျင်းယန်က အပေါ်စီးမှ ကြည့်နေရသဖြင့် ကလေးမလေး၏ စိတ်အခြေအနေက ကောင်းနေပြီး သူမ၏ ခေါင်းထိပ်မှ အမွှေးပွပွယုန်နားရွက်လေးများပင် အနည်းငယ်လှုပ်နေသည်ကို မြင်နိုင်သည်။
ကျင်းယန် သူ့ကိုယ်သူ မထိန်းချုပ်ဘဲ သူမ၏ခေါင်းကို ထပ်ပွတ်မိမည်ကို စိုးရိမ်သောကြောင့် အကြည့်လွှဲလိုက်လေသည်။
“ကော သွားချက်တော့မှာလား?”
သူမက စကားပြောချိန်တွင်လည်း ကြောင်ပေါက်လေးများ တမြောင်မြောင် အော်နေသည့်နှယ် စကားလုံးတစ်လုံးချင်းစီကို နူးညံ့သောအသံဖြင့် ပြောနေခဲ့လေ၏။
တခြားလူများ၏ ကလေးများက မည်သည်နှင့်တူကြောင်းကို ကျင်းယန် မသိသော်ငြား ယင်ရိလျိုမှာတော့ ချစ်စရာကောင်းလှပေသည်။
“ ကောချက်လိုက်မယ်”
ယင်ရိလျို အံ့အားသင့်သွားပြီး အတွေးများနေစဉ်တွင် ကျင်းယန်က အေပရွန်ဝတ်နေပြီး နေရာလွတ်ထဲမှ ကြိုတင်ချက်ပြုတ်ထားသော အစားအစာများနှင့် အသီးအရွက်အချို့ကို ထုတ်ယူလိုက်သည်။
သူသည် ချက်ပြုတ်ရာတွင် မကောင်းသော်ငြား ယင်ရိလျိုက သူ့အား အလွန်ပင်ထောက်ခံအားပေးနေခဲ့လေ၏။
အစားအစာများ အသင့်ဖြစ်ချိန်တွင် သူမ၏ မေးစေ့ဖောင်းဖောင်းလေးကို လက်လေးများပေါ်သို့ တင်လိုက်ပြန်သည်။
ကျင်းယန် ကလေးမလေး၏တောက်ပပြီး မျှော်လင့်တကြီးဖြစ်နေသော မျက်လုံးများကို မြင်လိုက်ရလေသည်
သူက ပန်းကန်ပြားထဲမှ ပူပူနွေးနွေး အသားတစ်ချပ်ကို ကောက်ယူ၍
အေးသွားစေပြီးမှ သူမ၏ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်လေ၏။
“အာ…ဝူးးး!!”
ယင်ရိလျို တစ်ကိုက်တည်းဖြင့် မြိုချလိုက်ပြီး သူ့ကို လက်မလေးထောင်လျက် အားပေးလိုက်သည်။
သူမ ပြုံးလိုက်လျှင် ကြောင်ပေါက်လေးတစ်ကောင်က သူ ခိုးလာသော အစားအစာများကို ခိုးကြောင်ခိုးဝှက်စားနေသကဲ့သို့ မျက်လုံးဝိုင်းဝိုင်းများက မှေးစင်းသွားခဲ့သည်။
သူမက ပါးများကို ဖောင်းကားနေအောင် ဝါးစားပြီး စားပွဲဆီသို့ ခေါင်းလေးကို ယိမ်းကာ လျှောက်လာခဲ့သည်။
လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီးနောက် သူမကို ပွေ့ချီရန်အတွက် ကျင်းယန်ကို မတောင်းဆိုရဲသောကြောင့် လက်နှင့်ခြေထောက်နှစ်မျိုးလုံးအား အသုံးပြု၍ စားပွဲကို လက်တုတ်တုတ်လေးများဖြင့် ဆုပ်ကိုင်ပြီး ထိုင်ခုံပေါ်ကို ခြေသလုံးဖြင့် တက်လိုက်သည်။
ကျင်းယန် ပန်းကန်တစ်ချက်နှင့် မီးဖိုချောင်ထဲမှ ထွက်လာပြီးနောက် ဤသည်ကို မြင်လိုက်ရလျှင် သူ၏ခန္ဓာကိုယ်မှ အေပရွန်ကို ဆွဲချွတ်လိုက်ပြီး ကလေးမလေး၏ခါးကို ကိုင်ကာ ထိုင်ခုံပေါ်တင်ပေးလိုက်သည်။
အဘယ်ကြောင့်မှန်းမသိသော်လည်း ကျင်းယန် သူမ၏‘အဖေ’ ဖြစ်လာမည့်ကိစ္စကို ယင်ရိလျိုဘက်မှ သဘောမတူပေ။
သူ့တွင် ချို့ယွင်းချက်များ ရှိနေကြောင်းကို ကျင်းယန် နားလည်ပြီး အရည်အချင်းပြည့်မီသော ‘အဖေ’တစ်ယောက်ဖြစ်လာရန်အတွက် သင်ယူရန်လည်း ဆန္ဒရှိနေခဲ့၏။
သို့သော် သူငယ်ချင်းလေးက နှုတ်ခမ်းဆူလျက် ဒေါသထွက်စွာဖြင့် ခေါင်းကို ခါယမ်းနေသောကြောင့် သူ့ကိုယ်သူ သူမ၏ အစောင့်အရှောက်အဖြစ်သာ သဘောထားလိုက်ရတော့သည်။
အိမ်ထဲတွင် ကလေးများအတွက် ဇွန်း သို့မဟုတ် ပန်းကန်လုံးအသေးများမရှိချေ။
သူမ carrefourတွင် ရှိနေချိန်က ဤအသုံးအဆောင်များကို ယူလာရန် ယင်ရိလျို မေ့နေခဲ့လေသည်။
ထို့ကြောင့် သူမ၏ပါးစပ်ထက် နှစ်ဆကြီးသော ဇွန်းတစ်ချောင်းကိုသာ နေရာလွတ်ထဲမှ ထုတ်ယူလိုက်ရသည်။
သူမ တစ်လုတ်စားလိုက်တိုင်း နှာခေါင်းနှင့်ပါးစပ်ပေါ်တွင် ဆော့စ်တချို့ ပေကျံနေခဲ့၏။
ကျင်းယန်က သူတို့စားသောက်နေချိန်တွင် သူမ၏လှုပ်ရှားမှုများကို ဂရုတစိုက်ကြည့်နေခဲ့လေသည်။
ကလေးမလေး၏ဆံပင်က ပန်းကန်လုံးထဲသို့ ကျတော့မည့် အချိန်တွင် သူမ၏ဆံပင်ကို နားရွက်နောက်သို့ ညင်သာစွာ သပ်တင်ပေးတတ်၏။
သူမ၏မျက်နှာပေါ်တွင် ပေကျံသွားသော ဆော့စ်အစွန်းအထင်းများကိုလည်း တစ်ရှုးဖြင့် သုတ်ပေးလိုက်သည်။
သူမ စားသောက်နေစဥ် ကျင်းယန်က ဂရုစိုက်ကြည့်ရှုနေရသည့်အတွက် ပထမတွင် ယင်ရိလျို ရှက်နေသော်ငြား ကလေးငယ်တစ်ယောက်၏ ခန္ဓာကိုယ်သည်က အမှန်တကယ်သေးငယ်ပြီး အားနည်းလွန်းလေသည်။
နေသားကျသွားပြီးနောက်တွင်တော့ သူမ ယုန်တစ်ကောင်ဖြစ်ခဲ့စဥ်အချိန်က ကျင်းယန် သူမကို ဂရုစိုက်ခဲ့သည့် ခံစားချက်ကို တဖြည်းဖြည်း ပြန်ရခဲ့သည်။
စားသောက်ပြီးနောက် ကျင်းယန်က ကျောင်းမောင်နှမအတွက် ကြိုတင်၍ ဖယ်ထားခဲ့သော အစားအစာများကို သယ်ဆောင်ပြီး ကလေးမလေးအား သူ့လက်ကို ကိုင်ခိုင်းကာ အပြင်ကို ထွက်လာကြသည်။
နေ့ခင်းကြောင်တောင် လူသားအသွင်ဖြင့် လမ်းထဲလျှောက်သွားရသည့်ခံစားချက်သည်က ခိုးကြောင်ခိုးဝှက်သွားရသည့်ခံစားချက်နှင့်တော့ ကွာခြားလေသည်။
ယင်ရိလျိုတွင် စူးရှသော အာရုံခံစားမှုရှိသဖြင့် ပတ်ဝန်းကျင်မှဆင့်ကဲပြောင်းလဲသူ အများအပြားက သူတို့ကိုလျှို့ဝှက်စွာ လေ့လာနေကြောင်းကို အာရုံခံစားနိုင်ပေသည်။ဤလူများ၏ ရည်ရွယ်ချက်ကို သူမ မသိသော်ငြား ဆေးရုံထဲ၌ ဖြစ်ပွားခဲ့သော ဖော်ထုတ်မှုက ထိုစိတ်ဝင်စားသူများ၏ နားဆီသို့ရောက်သွားခြင်းဖြစ်မည်ကို သူမ သိရှိနေခဲ့သည်။ဤသည်က ကျင်းယန်ကို ပြဿနာဖြစ်စေမည်လား မသေချာချေ။
ကျင်းယန်က သူမ စဥ်းစားနေသည့်အရာကို သိပုံရပြီး ပြောခဲ့သည်။
“အများကြီးမတွေးနဲ့.. ကော မင်းကိုပြောခဲ့တာကို သတိရဦး”
ထိုအကြောင်းကို ပြန်လည်သတိရသွားသောကြောင့် ယင်ရိလျို သူ့ကို ထူးဆန်းသော အမူအရာတစ်ခုလုပ်ပြပြီး သူ၏လက်ချောင်းကို ဒေါသထွက်စွာ ဆိတ်ခဲ့သည်။
‘ အခြေခံစည်းမျည်း’ ဆိုသည်မှာ သူမ၏ခြေအိတ်ရုပ် ပေါ်ထွက်သွားပြီးနောက် ကျင်းယန်က သူမအတွက်ရှေးရှု၍ ထားခဲ့သည့် စည်းမျဥ်းအချို့ဖြစ်၏။
စည်းမျဥ်းများကိုချိုးဖောက်လျှင် အပြစ်ပေးမည်ဖြစ်ကာ ထိုအပြစ်ဒဏ်များမှာ သရေစာများစားခြင်းမှ ပိတ်ပင်ခြင်းကဲ့သို့အရာများဖြစ်လေသည်။
ပထမတစ်ချက် : သူတို့အပြင်ရောက်ချိန်တွင် သူမက မည်သည့်အသွင်ဖြင့်ပင်ဖြစ်စေ သူ့၏ဘေးနားမှ မထွက်ခွာခင် ကျင်းယန်၏ခွင့်ပြုချက်ကို တောင်းရမည်ဖြစ်၏။
ဒုတိယတစ်ချက်: သူမ လူသားအသွင်ပြောင်းထားပါက သူ၏ သဘောတူချက်မပါဘဲ ကျင်းယန်ဘေးမှ ငါးမီတာထက် ပိုဝေးဝေးနေရန် ခွင့်မပြုချေ။
တတိယတစ်ချက်: ကမ္ဘာပျက်ကပ်မတိုင်ခင်က တစ်ယွမ်တန်သော အစပ်ချောင်းထုပ်လေးများကို စားရန် ခွင့်မပြုတော့ပေ။
သူမ စားနေသည်ကို မိလျှင် ပြင်းထန်စွာ အပြစ်ပေးခံရမည်ဖြစ်သည်။
….
စတုတ္တ၊ ပဥ္စမနှင့် ဆဌမစည်းမျဥ်းများလည်း ရှိပေသည်။
စည်းမျဉ်း အားလုံးက သူမ၏ ကောင်းကျိုးအတွက်သာ ဖြစ်သော်ငြား ယင်ရိလျို အသည်းကွဲနေဆဲပင်။
ယခုချိန်မှစ၍ သူမအကြိုက်ဆုံးအစပ်ချောင်းများနှင့် ကြက်တောင်ပံကင်များကို နှုတ်ဆက်ရပေတော့မည်။
ကျင်းယန်က စုံထောက်တစ်ယောက်နှင့်တူသည်။ ခိုးစားရန်အတွက် သူမ မည်သည့်နေရာတွင် ပုန်းပါစေ သူက အမြဲရှာနိုင်ပြီး သူမ စားပြီးခဲ့လျှင်ပင် အနံ့ခံနိုင်ဆဲဖြစ်သည်။
ဤ’ဆိုးယုတ်သောဖိအား’၏ ဖိနှိပ်ချုပ်ချယ်ခြင်းအောက်တွင် ယင်ရိလျိုတစ်ယောက် ခုခံရန် စွမ်းအားမဲ့သွားခဲ့သည်။
အပြန်အလှန်အနေဖြင့် သူမကလည်း ကျင်းယန်ကို သူမ၏ လိုအပ်ချက်အချို့ တောင်းဆိုခဲ့၏။
ပထမတစ်ခုမှာ ကျင်းယန်က သူ့ကိုယ်သူ သူမ၏’အဖေ’ဟု မခေါ်ဆိုရန်ဖြစ်သည်။
သူမ၏စိတ်ပိုင်းဆိုင်ရာ အသက်အရွယ်အစစ်က အရွယ်ရောက်သူ တစ်ယောက်ဖြစ်ပြီး သူမ၏အဖေအစစ်မှာ ကွင်းထိုးဖိနပ်နှင့် ဘောင်းဘီတိုများကို ဝတ်ဆင်တတ်၏။
ထမင်းစားပြီးချိန်တွင် သူတို့၏အိမ်တံခါးပေါက်တွင် သွားကြားထိုးနေမည့် ဘီယာဗိုက်ရှိနေသော၊ ကတုံးပြောင်ပြောင်နှင့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်သည်။
ထိုပုံရိပ်ကို ကျင်းယန်နှင့်တွဲမြင်ကြည့်ပါက အတော်လေးထူးဆန်းသည်ဟု ခံစားရပေမည်။
ကျင်းယန် နောင်တရနေခဲ့သော်ငြား အဆုံး၌ သူငယ်ချင်းလေး၏ ရွေးချယ်မှုကို လေးစားခဲ့လေသည်။
ထိုအခိုက်အတန်းတွင် ကျင်းယန်တစ်ယောက် အနာဂတ်တစ်နေ့တွင် ယနေ့ယင်ရိလျို၏ မဆုတ်မနစ်ကြိုးပမ်းမှုအတွက် အလွန်အမင်း ဝမ်းမြောက်မိမည်ဖြစ်သည်ကို မသိနေခဲ့ပါချေ။
======
သူတို့ဆေးရုံသို့ မသွားခင်၊ ဝံပုလွေပေါက်လေး၏ ပြန်လည်သက်သာမှုအတွက် အစာအနေဖြင့် ဆေးရုံဆီသို့ လတ်ဆတ်သည့် ဆင့်ကဲပြောင်းလဲတိရစ္ဆာန်အသားကိုလည်းလုံလုံလောက်လောက် ပမာဏ ယူသွားရန် လိုအပ်လေ၏။
ထို့ကြောင့် အသားကို လဲလှယ်ရန်အတွက် ကျင်းယန်က အမှတ်ခန်းမတွင် ရပ်တန့်လိုက်လေသည်။
အဆုံး၌ ယင်ရိလျိုက အစစ်အမှန် မျိုးစပ်တစ်ယောက် မဟုတ်သောကြောင့် သူမ၏ခေါင်းပေါ်မှ ယုန်နားရွက်များကို အပြည့်အဝ မဖုံးကွယ်နိုင်ပါချေ။
သူမ၏နားရွက်ရှည်များကို ဖုံးအုပ်ရန် သံပုရာခွံဦးထုပ်ကို တစ်ဖန်ပြန်ဝတ်ရမည်ဖြစ်သည်။
သူတို့နှစ်ယောက်က ပိန်လှီသော မိန်းကလေးတစ်ယောက်ကို ဖြတ်သွားချိန်တွင် ကျင်းယန်၏ ပုခုံးက သူမနှင့်မတော်တဆ တိုက်မိသွားခဲ့သည်။
မိန်းကလေးသည် လက်မောင်းတွင် နာကျင်မှုခံစားလိုက်ရပြီး လက်ကိုမြှောက်လိုက်လျှင် လက်ဖျံတွင် ရှရာလေးတစ်ခု တွေ့လိုက်ရသည်။
“နင် ကန်းနေတဲ့ကောင်..”
သူမက သူ့ကိုအော်ရန် ခေါင်းမော့လိုက်သော်ငြား ကျင်းယန်၏မျက်နှာကို မြင်လိုက်ရလျှင် ဆွံ့အသွားခဲ့ရသည်။
သန့်ရှင်းသော အဝတ်အစားများနှင့် ဤခန့်ညားသောလူသည်က ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်ကြောင်းသိသာပေ၏။
သူမသည်က ယခင်ကကဲ့သို့ ချောမောသောရုပ်ရည်ကို စွဲလမ်းနေဆဲဖြစ်လျှင်တော့ ခန့်ညားသော လူတစ်ယောက်ကို မြင်လိုက်ရသည့်အတွက် သူမ၏မျက်လုံးများက တလဲ့လဲ့တောက်ပနေမည်ဖြစ်လေသည်။
သို့သော်လည်း ယခုအချိန်တွင်တော့ ကမ္ဘာပျက်ကပ်ဖြစ်သဖြင့် ဆင့်ကဲပြောင်းလဲသူများကို မလေးမစား မဆက်ဆံသင့်ကြောင်းကို သိထားပေသည်။
မိန်းကလေးက အရပ်မရှည်ဘဲ ဆယ်ကျော်သက် ဖြစ်ပုံပေါ်၏။
သူမ၏ နှုတ်ခမ်းများကိုဖိကာ ခေါင်းငုံ့ပြီး ထွက်ခွာတော့မည့်အချိန်တွင် သူမ၏ ရှေ့မှ အလွန်အမင်းဆွဲဆောင်မှု ရှိသောသူ၏ တားဆီးခြင်းခံလိုက်ရလေသည်။
“တောင်းပန်ပါတယ်”
ကျင်းယန်က သူ့အိတ်ထဲမှ ပေါင်မုန့်တစ်ပိုင်းကို ထုတ်ယူ၍ မိန်းကလေးဆီကို လှမ်းပေးပြီး အမှတ်ကတ်ကို တောင်းလိုက်သည်။
မိန်းကလေးက အနည်းငယ်
ပျာယာခတ်သွားသော်လည်း ဤအမျိုးသားကို မဆန့်ကျင်ဝံ့ချေ။ထို့ကြောင့် တစ်ဖက်မှအမျိုးသားက သူမ၏ကတ်ထဲသို့ အမှတ်အချို့ လွှဲပြောင်းပေးလိုက်ချိန်တွင် အနည်းငယ် ပို၍ ဆွံ့အသွားခဲ့သည်။
“ပိုးသတ်ပြီး ပတ်တီးစီးဖို့ ဆေးရုံကို သွားဖို့ သတိရပါ”
ကျင်းယန် ထိုစကားပြောပြီးနောက် မိန်းကလေးကိုခေါင်းငြိမ့်ပြလိုက်ပြီး ယင်ရိလျို၏လက်လေးကို ကိုင်လျက် ဆေးရုံဆီဦးတည်၍ လျှောက်သွားခဲ့လေသည်။