← Chapters

အခန်း (၉၄)

Vol. 10 Ch. 94

အခန်း (၉၄)

Vol. 10 Ch. 94

*(94)

“ဘာဖြစ်လို့လဲ ကျဲ?”

ထိုအချိန်၌ ကျောင်းချီယန်က ဆိုဖာပေါ်တွင် လှဲနေခြင်းဖြစ်ပြီး ကျောပြင်မှဒဏ်ရာ၏ နာကျင်မှုကြောင့် အံကြိတ်လိုက်မိ၏။ တံခါးမှ သူ့အစ်မ၏ မေးခွန်းကိုကြားလျှင် လည်ဆန့်ပြီးမေးလိုက်မိသည်။

သူသည်က သွေးအများအပြားဆုံးရှုံးခဲ့ပြီး နောက်ကျောမှ အသားအများအပြားကိုလည်း လှီးထုတ်ခဲ့ရ၏။

နိုးလာပြီးနောက်တွင် သွေးအလွန်အကျွံဆုံးရှုံးမှုကြောင့် အနည်းငယ်မူးဝေနေခဲ့‌သော်ငြား ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အားကောင်းသော ကုသရေးစွမ်းရည် ကျေးဇူးကြောင့် အလျှင်အမြန် သတိပြန်ရခဲ့လေသည်။

သို့သော် ထုံဆေးပြေသွားပြီးနောက် အလွန် နာကျင်လွန်းသဖြင့် မျက်လုံးပင်မမှိတ်နိုင်ချေ။

သူ့အစ်မစကားအရ ယခု သူ၏ကျောပြင်မှာ ချိုင့်ခွက်အပေါက်များဖြင့် လမ်းတစ်လမ်းကဲ့သို့ဖြစ်နေပြီပင်။

ဤအကြောင်းကို သိလိုက်ရသည့်အခိုက် သူ အလွန်ဒေါသထွက်သွားခဲ့သည်။

ကျောင်းစီဟွေ့က သူမ၏မောင်လေးကို လျစ်လျူရှုထားခဲ့၏။ ကျောင်းချီယန်၏အခြေအနေက တည်ငြိမ်ပြီး သူ၏ဒဏ်ရာကို ပိုးမဝင်အောင် ဂရုစိုက်နေသရွေ့ သိပ်မကြာခင် ပျောက်ကင်းသွားမည်ဟု သိရပြီးနောက်တွင် ညင်သာပြီးဂရုစိုက်တတ်သော အစ်မကြီးပုံရိပ်သည် ချက်ချင်း အော့ဖ်လိုင်းဖြစ်သွားပြီး လှောင်ပြောင်မှုနှင့် ထေ့ငေါ့လုံးများအပြည့်ဖြင့် ပြန်ဖြစ်သွားခဲ့လေသည်။

သူမက ဆောင့်ကြောင့်ထိုင်ကာ ညင်သာစွာ‌ပြောဆိုပြီး ယင်ရိလျိုကို အိမ်ထဲဝင်စေခဲ့သည်။

သူမကို ကလေးမလေးက ချစ်စရာသမင်မျက်လုံးများနှင့် ချိုသာစွာ ပြုံးပြနေသည်ကို မြင်ရလျှင် အမှတ်တစ်ရာတိုက်ခိုက်မှုနှင့် ထိမှန်ခံရသည်ဟုပင် ခံစားရပြီး သူမ၏နှလုံးသားထဲတွင် ပန်းရောင်ပူဖောင်းများပလုံစီသွားခဲ့သည်။

ကျင်းယန်က ဒီကလေးကို ဘယ်နေရာကနေ ပြန်ပေးဆွဲလာတာလဲ?

သူက ချစ်စရာကောင်းပြီး လိမ္မာတဲ့ကလေးမ‌လေးပဲ!



ယင်ရိလျိုက ယခုတင်ဝယ်လာခဲ့သော ကွင်းထိုးဖိနပ်လေးကိုစီးပြီး အိမ်ထဲတွင် တဖြတ်ဖြတ် အသံများနှင့် လမ်းလျှောက်နေသည်ကို မြင်ပြီးနောက် သူ၏အစ်မက အဘယ်ကြောင့် ဒီလောက် ရေးကြီးခွင်ကျယ် လုပ်နေရသည်ကို ကျောင်းချီယန် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

သူက သူ၏အစ်မထက်ပို၍ ရှော့ရသွားပြီး ဆိုဖာပေါ်မှ ရုတ်ခြည်း ထထိုင်လိုက်သောကြောင့် နောက်ကျောမှ ဒဏ်ရာတစ်ခုကိုပင် ထိခိုက်မိကာ နာကျင်သွားသဖြင့် မျက်နှာမဲ့သွားသည်။

“အား .. ကျင်းကော .. ကော ဘယ်သူ့ကလေးကို ခိုးလာတာလဲ?”

ကျင်းယန် သူ့ကို အေးစက်သည့်အကြည့်တစ်ချက် ပေးကာ ယင်ရိလျို၏လက်ကိုကိုင်၍ ဧည့်ခန်းဆီသွားပြီး တည်ကြည်စွာပြောခဲ့သည်။

“ငါ မင်းတို့ကို ပြောစရာ တစ်ခုရှိတယ်”

ကျောင်းမောင်နှမက အကြည့်ချင်းဖလှယ်လိုက်ကြကာ အရေးကြီးသည့်တစ်စုံတစ်ရာ ပြောမည်ဟု မျှော်လင့်ထားခဲ့လေ၏။

သို့သော်လည်း ကျင်းယန်က လည်ချောင်းရှင်းလိုက်ပြီး အလေးအနက်ပြောခဲ့လေသည်။

“ဒါက ထုထုပဲ”

ယင်ရိလျိုက တုံ့ပြန်သည့်အနေဖြင့် နူးညံ့သောလက်ဖဝါးလေးကို မြှောက်ပြီး ကျောင်းမောင်နှမကို အားရပါးရပြုံးပြလိုက်သည်။

ထိုအပြုံးကြောင့် သူမ၏ နို့နှစ်ရောင်သွားအနည်းငယ် ပေါ်သွားခဲ့သည်။ သူမက ချိုမြိန်သောပေါက်စီလေးနှင့် တူလေ၏။

ကျောင်းမောင်နှမမှာ ကျင်းယန်က သူတို့ကိုနောက်ပြောင်နေသည်ဟု ကနဦးက ယူဆခဲ့သော်ငြား ထိုအမျိုးသား၏လေးနက်သော အမူအရာကိုလေ့လာပြီးနောက် ကျင်းယန်က စနောက်နေခြင်းမဟုတ်ကြောင်းကို သိသွားခဲ့ရသည်။

သူတို့၏ရှေ့မှ ကလေးမလေးက တစ်ချိန်လုံး ကျင်းယန်၏နှလုံးသား နေရာအမြင့်ဆုံးတွင်ထားခဲ့သည့် ဉာဏ်ကောင်းပြီး အားကောင်းသောယုန်လေး ထုထုဟု ပြောနေခဲ့၏။

ထိုအချိန်မှသာ ကျင်းယန်နှင့်အမြဲတစေ အတွဲလိုက် ပေါ်လာခဲ့သော ယုန်လေးက ယနေ့ပျောက်နေကြောင်းကို နှစ်ယောက်သား သတိရလိုက်မ်ိသည်။

ကျောင်းချီယန် ခြောက်ကပ်ကပ်ရယ်လိုက်၏။

“နောက်မနေနဲ့တော့ ကော.. ကော ခိုးလာတဲ့ကလေးကို မြန်မြန်ပြန်ပို့…”

သူ မရပ်မနားစကားပြောနေခဲ့ချိန်တွင် ကျင်းယန်က သူ့ဘေးရှိကလေးမလေး၏နားရွက်နားသို့ တီးတိုးပြောနေသည်ကို သတိထားမိလိုက်သည်။

ကလေးမလေးက ခေါင်းငြိမ့်လိုက်ပြီးနောက် သူမ၏ခေါင်းပေါ်မှ ဦးထုပ်ကို ချွတ်ပေးလိုက်၏။

ပန်းရောင်သန်းနေသော ယုန်နားရွက်တစ်စုံသည် ချက်ချင်း ပေါ်လာခဲ့သည်။ တစ်ချက်လှုပ်ယမ်းပြီးနောက် နားရွက်များက သူမ၏ခေါင်းပေါ်တွင် ထောင်နေခဲ့၏။

ကျောင်းမောင်နှမမှာ ပြောစရာစကားများ ပျောက်ဆုံးသွားပြီး ယင်ရိလျိုကို မျက်လုံးပြူးကာ စိုက်ကြည့်နေခဲ့သည်။

ဒါကတကယ်ကြီး ထုထုလား?

နာရီဝက်ကြာပြီးနောက် ကျင်းယန်က အစောပိုင်း စဥ်းစားခဲ့သော ရှင်းပြချက်ကို အမူအရာကင်းမဲ့စွာ ရှင်းပြပြီး မောင်နှမနှစ်ယောက်ကို‌ အောင်မြင်စွာ အရူးလုပ်နိုင်ခဲ့၏။

ယင်ရိလျိုက ကမ္ဘာပျက်ကပ် ဖြစ်ကာစနေ့ရက်များတွင် ယုန်မျိုးစပ်တစ်ကောင်ဖြစ်လာခဲ့သည့် သူ၏သွေးဝေး ဝမ်းကွဲတစ်ယောက်ဟု ပြောခဲ့သည်။

ထိုအချိန်ကတည်းက ကလေးမလေးက စိတ်ပိုင်းဆိုင်ရာထရော်မာ အများအပြားကို ခံစားခဲ့ရပြီး ယနေ့မတိုင်ခင်အထိ ယုန်အသွင်ဖြင့်သာ သူ့နောက်လိုက်နေခဲ့၏။

ထိုအခိုက်တွင် ယင်ရိလျိုက ခြံထဲမှဝံပုလွေပေါက်ကို ပွတ်သပ်လျက် အလုပ်ရှုပ်နေခဲ့သည်။“ငါ သူတို့အကြောင်းကို ဂရုမစိုက်ဘူး.. ဒါပေမဲ့ ရင်းရင်းက ထပ်ပြီး ဂျီကျတော့မှာပဲ”

ယုန်မျိုးစပ်ကို သေချာပေါက် ပြန်ခေါ်လာပြီး ကလေးမလေးကို သမီး၏ ကစားဖော်ဖြစ်လာစေရမည်ဟု သူ၏အဖိုးတန်သမီးလေးအား ကတိ‌ပေးထားခဲ့သည်။

ထိုသို့ပြောထားပြီးမှသာ သူ၏သမီးက ဂျီမကျ‌တော့ဘဲ ကျန်ရှိသည့် နေ့ရက်များကို အေးအေးဆေးဆေး ဖြတ်သန်းနေခဲ့လေသည်။

ယခုချိန်တွင်မူ ရှုးယန်အသင်းက သူ့လက်အောက်သို့ ရောက်မလာခဲ့‌ပေ။

ရင်းရင်းအတွက် ယုန်တစ်ကောင်ကို မည်သည့်နေရာကနေ သွားရှာရမည်နည်း?

နျိုဖေးဟောင်၏ ဒေါသထွက်နေသော မျက်နှာကိုမြင်လျှင် သူ၏လက်အောက်ငယ်သားက ရုတ်တရက် ပြောလာခဲ့၏။

“ဘော့စ် အဲဒါက တကယ်တော့ လွယ်ပါတယ်”

သူ၏လက်အောက်ငယ်သားက ကြိတ်ရယ်ပြီး လည်ဖြတ်သည့်ဟန်လုပ်ပြလိုက်ပြီး တိုးတိုးပြောခဲ့သည်။

“ကျွန်တော်တို့က တစ်လှေတည်းမဟုတ်မှတော့ သူမကို ဘာလို့ လုမယူပဲ နေရမှာလဲ?”

နျိုဖေးဟောင် မျက်မှောင်ကြုတ်လိုက်၏။

ထိုနည်းလမ်းက မကောင်းပါချေ။ သူ့တွင်လည်း သမီးတစ်ယောက်ရှိ၏။ ၎င်းမှာ ကောင်းသည့် လုပ်ရပ်တစ်ခု မဟုတ်ပေ။

သို့သော် မရပ်မနားဂျီကျနေမည့် နျိုရင်းကို တွေးမိသည့်အခိုက် သူ တုံ့ဆိုင်းသွားကာ တခဏချင့်ချိန်လိုက်ပြီး သူ့နောက်လိုက်ကို ထွက်သွားစေရန် လက်ယမ်းပြလိုက်သည်။

“ငါ့ အဲဒီကြောင်း နည်းနည်းတွေးလိုက်ဦးမယ်”

ထိုအမျိုးသားက နျိုဗီလာဂိတ်မှ ပြန်ထွက်သွားခဲ့သည်။

အိမ်အပြင်ဘက်ရှိ နေလုံးက အလွန်မျက်စိကျိန်းလှ၏။

သူအပြင်သို့ ထွက်လိုက်သည့်အချိန်မှာပင် ပူလောင်သည့်နေရောင်ခြည်ကက သူ့အပေါ်သို့ ကျရောက်လာခဲ့သည်။

ထို့အအမျိုးသားက ကျိန်ဆဲလိုက်ပြီး ချွေးများကို လက်ဖမိုးဖြင့်သုတ်လိုက်သည်။

နျိုဗီလာလောက် သက်တောင့်သက်သာဖြစ်သည့် နေရာမျိုးမရှိပေ။ ဆင့်ကဲပြောင်းလဲသူများမှာ ကောင်းမွန်စွာ နေထိုင်ရသော်ငြား သူတို့တွင်ရှိသည့် အမှတ်များက လေအေးပေးစက်ကို 24/7ဖွင့်နိုင်သည်အထိ မလုံလောက်ချေ။

ထို့ကြောင့် နျိုဗီလာသည်သာ အကောင်းဆုံးဖြစ်နေဆဲပင်။

နျိုဖေးဟောင်၏ လူယုံကသာ ထိုနေရာတွင် အချိန်အကြာကြီးနေနိုင်သည်မှာ သနားစရာဖြစ်၏။

သူကဲ့သို့ သာမညစွမ်းရည်များနှင့် လူများမှာတော့ အရည်အချင်းမပြည့်မှီကြချေ။

ထိုအမျိုးသားက ကောင်းကင်၌ တောက်ပနေသောနေကို ကြည့်လိုက်ပြီး စွမ်းရည်လုံးလုံးလျားလျား မရှိသည့် ဗီလာထဲမှသခင်မလေးကို တွေးလိုက်မိသည်။

နျိုရင်းက သူ့ကို တမြန်နေ့က ဆူပူကျိန်းမောင်းခဲ့လေသည်။ သူမတွင် ဖခင်ကောင်းတစ်ယောက်သာ မရှိလျှင် ဤကဲ့သို့ အဆင့်အတန်းကို မည်သို့ ရနိုင်မည်နည်း။

သူ ခံပြင်းဒေါသထွက်ကာ မကျေမနပ်ဖြစ်နေပြီး နျိုဖေးဟောင် ယုံကြည်သည့် လူတစ်ယောက်ဖြစ်လာနိုင်မည့် နည်းလမ်းကို ဆက်တိုက်စဥ်းစားနေခဲ့သည်။

ခဏ စဉ်းစားလိုက်ပြီးနောက် ရှုးယန်အသင်းရှိ ယုန်မျိုးစပ်အပေါ် ပြန်၍မျက်စိကျသွားခဲ့ပြန်သည်။

အဆင့်ငါးသန္ဓေပြောင်းတိရစ္ဆာန်၏ ရလာဒ်များကို သုတေသနဌာနက ကြေညာပြီးနောက်တွင် ကျင်းယန်နှင့်သူ့အသင်းဖော်များက အခြေစိုက်စခန်း၏ trending topic(ရေပန်းစားသော ခေါင်းစီး) ဖြစ်လာခဲ့‌၏။

ဘယ်နေရာက ထွက်လာမှန်းမသိသည့် ထိုအသင်းအကြောင်းကို နေရာတိုင်းတွင် ဆွေးနွေးနေကြသည်။

ရှုးယန်အသင်းက လီကျန်ကျောင်း၏အဖွဲ့ထံသို့ ဝင်ခဲ့ကြောင်း သိလိုက်ရလျှင် အစားအစာဝယ်ရန်ပင် မတတ်နိုင်သည့် သာမာန်လူအများအပြားမှာ မနာလိုဖြစ်သွားကြလေသည်။

“ဒီအကြိမ်တော့ သူတို့က တကယ့်အမြင့်ကို ပျံတက်သွားတာပဲ”

“ဟင်း ဒီလောကကြီးက မတရားပါလား မတရားလွန်းတယ်ကွာ!”

“....”

အခြေစိုက်စခန်း၏ မြို့ဂိတ်တွင်ရှိနေသော ဖူမင်မှာ တိတ်တဆိတ်ပင် လူများနှင့် ရောထွေးနေခဲ့ကာ သူ့ပတ်လည်တွင် ညစ်ပတ်နေသည့် သက်လတ်ပိုင်းအမျိုးသားများ အတင်းတုပ်နေသည်ကို နားထောင်နေခဲ့သည်။

(ဖူမင်*- ကျင်းယန်တို့အဖွဲ့ မြို့တော်Z အခြေစိုက်စခန်းထဲ စဝင်တုန်းက ပေါင်မုန့်တစ်လုံးတည်းနဲ့ အခြေစိုက်စခန်းအကြောင်းပြောပြခဲ့တဲ့ ကလေး)

ကျင်းယန်နှင့် သူ့အသင်းဖော်များမှာ လီကျန်ကျောင်း၏ဝန်ထမ်းများ ဖြစ်လာကြောင်းကို ကြားလျှင် ကောင်လေး၏မျက်လုံးများမှာ အနည်းငယ်ပြူးကျယ်သွားပြီး မထိန်းချုပ်နိုင်ဘဲ ပြုံးလိုက်မိသည်။

သူ စိတ်ထိန်း၍ မရလောက်အောင် စားပစ်ချင်နေသော ချိုချဥ်နှစ်လုံးမှာ သူ၏စုတ်ပြဲနေသည့် အိတ်ကပ်ထဲ၌ ရှိနေဆဲဖြစ်ပေ၏။

ဤလူများက သာမာန်လူများ မဖြစ်နိုင်ကြောင်း သူသိသည်။

သူတို့တွင်ကောင်းမွန်သည့် စွမ်းရည်များရှိနေပေလိမ့်မည်။

ဖူမင်က ပါးနပ်ပြီးလျှာသွက်သဖြင့် ဤလူများထံမှ အလုပ်များစွာကို လုယူနိုင်ခဲ့သည်။ အကြိမ်ရေ များလာချိန်တွင် ဤသက်လတ်ပိုင်းလူကြီးများက ထိုကလေးကို ပို၍ မကျေနပ်ဖြစ်လာကြသည်။

သူတို့မပျော်ရွှင်သည့်အချိန်တိုင်းတွင် သူ့မျက်နှာကို ဖြတ်ရိုက်ခံရမည်ဖြစ်၏။ ပါးကို နှစ်ချက်သုံးချက်ရိုက်လျှင်ပင် သက်သာသည်ဟု ယူဆနိုင်သည်။

မိဘများမရှိဘဲ အခြေစိုက်စခန်းကြီးထဲ၌ နေထိုင်ရသဖြင့် သူ့အတွက် ရပ်တည်ပေးမည့်သူ မရှိချေ။

သူ၏မာနကို မြိုသိပ်ကာ တိတ်တဆိတ် သည်းခံပြီး အခြေစိုက်စခန်းထဲတွင် ပေါင်းပင်တစ်ပင်ကဲ့သို့သာ နေထိုင်နေတတ်၏။

ကျင်းယန် အမှတ်ခန်းမသို့ အရင်သွားလိုက်လေ၏။ အဆင့်ငါးသန္ဓေပြောင်း တိရစ္ဆာန်များအတွက် ရရှိမည့် ဆုလာဒ်ပမာဏအရ ပိုင်ချီကောင်းက သူ့ကို အမှတ်အများအပြား ပေးခဲ့လေသည်။

ရှုးယန်အသင်းအတွက် ဤအမှတ်များက မြို့တော်Z အခြေစိုက်စခန်းတွင် အလုပ်လုပ်စရာမလိုဘဲနှစ်ဝက်ထက်ပို၍ နေထိုင်ရန် လုံလောက်လေသည်။

သူတို့၏နေထိုင်ခွင့်ကို နောက်ထပ်တစ်လ ချက်ချင်း သက်တမ်းတိုးလိုက်ပြီး အသားစိမ်းအထောက်အပံ့ကို တစ်လစာမှာယူလိုက်သည်။ ထိုအသားကို သူတို့၏နေရာသို့ တစ်စုံတစ်ယောက်က နေ့တိုင်း အသားပို့ဆောင်ပေးမည်ဖြစ်သည်။

သူတို့သည်က အနာဂတ်၌ အချိန်အတော်ကြာအောင် အပြင်သို့ထွက်ဖြစ်မည်မဟုတ်သဖြင့် ဝံပုလွေပေါက်လေး၏ အစားအစာက ပြဿနာတစ်ခုဖြစ်လာလိမ့်မည်ပင်။

ထို့ကြောင့် အမှတ်ခန်းမမှသာ အထောက်အပံ့ယူနိုင်လေသည်။

ဤသည်မှာ ဝံပုလွေပေါက်၏ အကျိုးအတွက်ဖြစ်၏။

ဤအချိန်တွင် ကျောင်းချီယန်မှာ အပြင်းအထန်ဒဏ်ရာရ‌ထားသောကြောင့် ကျောင်းစီဟွေ့က သူ့အား အိမ်တွင် စောင့်ရှောက်ရလေသည်။

ကျင်းယန်က ဤအချိန်ကို အခွင့်ကောင်းယူ၍ ယင်ရိလျိုအား ကောင်းကောင်းဂရုစိုက်ချင်နေခဲ့သည်။

ကလေးမလေးကို သင်ပြရန် ကလေးများအတွက် ပညာရေးဆိုင်ရာစာအုပ်အချို့ကို ရှာဖွေနိုင်လျှင် အကောင်းဆုံးဖြစ်မည်ပင်။

အမှတ်ခန်းမမှ လူများကိုမေးမြန်းပြီးနောက် သူတို့က သေတ္တာများကို မွှေနှောက်ရှာဖွေပြီးနောက် ABCနှင့် pinyin(ဖျင်ယင်း) စာအုပ်နှစ်အုပ်ကို ရှာတွေ့ခဲ့ကာ မူလတန်းကျောင်း၏ ဒုတိယတန်းအတွက် သင်္ချာစာအုပ်ကိုလည်း ရှာတွေ့ခဲ့ကြသည်။

ကျင်းယန် သူ၏မျက်ခုံးကို အသာအယာတွန့်ချိုးလိုက်၏။

ဤစာအုပ်များမှာ မလုံလောက်သေးချေ။ ကလေးမလေးက အလွန်ဉာဏ်ကောင်းသောကြောင့် ဤစာများကို လျှင်မြန်စွာ သင်ယူလိမ့်မည်။

All Chapters