အားလုံးမလှုပ်နဲ့
Vol. 45 Ch. 619
ရီချန်း၊ ယဉ်ရို့ပင်းနှင့် လင်းရှီယာ့တို့က ကျန်းရီကို မှတ်မိကြသည်။ ကျန်းရီက ရုပ်ဖျက်မထားဘဲ မူလသွင်ပြင် ရနေပြီဖြစ်သော်ငြား ယဉ်ရို့ပင်းနှင့် လင်းရှီယာ့တို့က သူ၏စိတ်ဝိညာဉ် အရှိန်အဝါ တည်ရှိမှုနှင့် ရင်းနှီးနေသည်။ ရီချန်းကမူ ပြောရန်မလိုပေ။ ကျန်းရီနှင့် သေခြင်းတရား ပင်လယ်တွင် နှစ်ကြိမ် တွေ့ဆုံခဲ့ဖူးသည်။ ပြီးနောက် သူကသူမကိုတောင် အထီးကျန်အရှေ့ပိုင်း ပင်လယ်ထဲတွင် ကယ်တင်ခဲ့ပြီး နှစ်ယောက်သားက ရှေးဟောင်း ခေါင်းတလားထဲတွင် (၁၂)ရက်ကျော် အချိန်ကုန်ခဲ့ဖူးသည်။
သုံးယောက်သားသည် ကျန်းရီကို အာရုံသိပ်မစိုက်ပေ။ ယဉ်ရို့ပင်းသည် ကျန်းရီကို မှတ်မိနေရခြင်းမှာ မိုးနှင့်မြေ တစ်သားထဲ အခြေအနေကြောင့်ဖြစ်သည်။ လင်းရှီယာ့သည် ကျန်းရီကို မှတ်မိနေရခြင်းမှာ သူက ရီချန်းကို သိသောကြောင့်ဖြစ်သည်။ ထို့အပြင် ကူကယ်ရာမဲ့တံတား၌ နှစ်ယောက်သားပေါ် နက်ရှိုင်းသည့် အမြင်အာရုံမျိုး ရစေခဲ့သော်ငြား အနည်းငယ် ထင်ရှားရုံသာဖြစ်သည်။ ရီချန်းကမူ ကျန်းရီအကြောင်း တွေးတောင်တွေးမနေချေ။ မဟုတ်လျှင် သူမက သူ့ကို ဖီးနစ်အော်သံ နယ်မြေထဲ၌ ထားခဲ့မှာမဟုတ်ဘဲ သူ့ကိုသူမ၏ မျိုးနွယ်စုဆီသို့ ခေါ်သွားမှာပဲဖြစ်သည်။
သုံးယောက်လုံးက တစ်မိုးအောက်တွင် ထူးချွန်လွန်းသည့် အမျိုးသမီးများဖြစ်ပြီး ဧကရာဇ်ကိုးပါး မျိုးနွယ်စု၏ တိုက်ရိုက်သွေးမျိုးဆက်များ ဖြစ်ကြသည်။ သူတို့အမြင်အာရုံက မြင့်မားလှရာ အံ့သြဖွယ်ကောင်းသည့် ပါရမီရှင်များစွာကို မြင်တွေ့ခဲ့ဖူးသည်။ ကျန်းရီကဲ့သို့ ပါရမီရှင်က ဘာမှမဟုတ်ပေ။ ထို့အပြင် ကျန်းရီ၏ ခန္ဓာကိုယ်သည် ကောင်းကင်ဘုံ ကျောက်တုံးများ သန့်စင်ခြင်းကြောင့် ဖျက်ဆီးခံထားရပြီးသားဖြစ်သည်။ ယနေ့ပြီးနောက် ကျန်းရီက သူတို့သုံးယောက်၏ ရင်ထဲ၌ အဆင့်အနည်းငယ် ပိုမြင့်လာတော့၏။ အထူးသဖြင့် ရီချန်းနှင့် ယဉ်ရို့ပင်းဖြစ်သည်။ သူတို့နှစ်ဦးလုံးက ကျန်းရီကို ကရုဏာသက်စွာ ကြည့်နေကြပြီး ပါရမီအတွက် သူတို့ အသိအမှတ်ပြုမှုများ ပေါ်လာတာ သိသာ၏။
ကျန်းရီသည် ဗာဂျရာနယ်ပယ် ခွန်အားကိုသာ အားကိုးပြီး နောက်ခံမရှိသော်ငြား ကျားကဲ့သို့ သခင်လေးများ သခင်မလေးများတစ်စုကို ယှဉ်ပြိုင်ရာတွင် သတ္တိသာရှိသည်။ ယင်းက ချီးကျူးဖွယ် ကောင်းနေပြီးသားဖြစ်၏။ သူသည်မည်သူမှ မရွေးရဲသော ငရဲအဆင့် ခက်ခဲမှုကို ရွေးချယ်ခဲ့သည်။ သူမသေရုံသာမက အဆင့်များကို ဆက်လက် ကျော်ဖြတ်ပြီး အမျိုးမျိုးသော မျိုးနွယ်စုများ၏ ပါရမီရှင်များ အားလုံးကို ဖိနှိပ်နိုင်ခဲ့ကာ ရတနာသုံးမျိုးကို ရခဲ့သည်။
ပိုအရေးကြီးသည်က သူသည် ဆန်းကြယ်နတ်ဘုရား နန်းတော်၏ စည်မျဉ်းကို အမှန်တကယ် ပြောင်းလဲနိုင်ခဲ့၏။ အခြားသူများသာဆိုလျှင် သူတို့က ထိုလူကံကောင်းသည်ဟုပဲ ပြောကြမှာဖြစ်သည်။ သို့သော် သုံးယောက်ကမူ ကျန်းရီသည် ရတနာသုံးမျိုးကို ရအောင်ယူနိုင်ခြင်းက ကံကောင်းတာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းသိ၏။
ဆန်းကြယ်နတ်ဘုရား နန်းတော်၏ ရတနာရှာဖွေမှုက အနှစ်(၇)သိန်းကျော် ကြာညောင်းခဲ့ပြီး အနှစ်တစ်ထောင်လျှင် တစ်ကြိမ်ဖြစ်သည်။ ဆန်းကြယ်နတ်ဘုရား နန်းတော် ပေါ်ပေါက်လာသည့် အချိန်တွင် လူသူကင်းမဲ့သည့် နေရာဖြစ်ကာ လူအများကို အချိန်လုံလုံလောက်လောက် မပေးတတ်ပေ။ အနှစ်(၇)သိန်း ကြာပြီးနောက် ဂုဏ်သတင်းကြီး မျိုးနွယ်စုများ၏ သခင်လေးများနှင့် သခင်မလေးများက နန်းတော်ထဲသို့ မည်မျှဝင်နိုင်မည်နည်း။ နန်းတော်ထဲသို့ ဝင်နိုင်ခဲ့သည့် လက်ရွေးစင် ပါရမီရှင် မည်မျှရှိသနည်း။ ယခင်က ဆန်းကြယ်နတ်ဘုရား နန်းတော်၏ စည်မျဉ်းကို မည်သူမှအဘယ့်ကြောင့် မပြောင်းလဲခဲ့သနည်း။ ယင်းအချက်ကတင် ကောင်းကင်ကို ဖီဆန်နိုင်သော အောင်မြင်မှုဖြစ်နေပြီးသားပင်။
တစ်စုံတစ်ယောက်က တာအိုကို နားလည်သဘောပေါက်ပြီး တစ်နေ့တွင် တက်လှမ်းနိုင်ရန် အရည်အချင်း ရှိရမည်ဆိုလျှင် ကောင်းကင်တောင် ထိုလူအတွက် စည်မျဉ်းများကို ပြောင်းပေလိမ့်မည်။ ထိုသို့ဖြစ်လာခဲ့လျှင် ထိုလူကို ကံကောင်းသည်ဟု လောကကြီးက ပြောရတော့မှာမဟုတ် ချွင်းချက်မဲ့ ပါရမီရှင်ဟုသာ သူတို့က ချီးကျူးကြမှာဖြစ်သည်။
ဆန်းကြယ်နတ်ဘုရား နန်းတော်၏ စည်မျဉ်းများသည် အနှစ်(၇)သိန်းကျော်အတွက် မပြောင်းလဲခဲ့ပေ။ သို့သော် ကျန်းရီကမူ ၎င်းကိုပြောင်းလဲနိုင်ခဲ့သည်။ ဆိုလိုသည်က ကျန်းရီက ထူးချွန်တာပဲဖြစ်သည်။ ဆန်းကြယ်နတ်ဘုရား နန်းတော်က ကျန်းရီကို အသိအမှတ်ပြုသည်ဟု ဆိုလို၏။ မဟုတ်လျှင် မည်သူကများ ဤဆောင်ရွက်ချက်ကို အောင်မြင်ရရှိမည်နည်း။
ကံဆိုးသည်မှာ သူမည်မျှ ထူးကဲစေကာမူ သုံးယောက်၏အမြင်တွင် ကျန်းရီက ယနေ့ သေခြင်းတရား၏ကံမှ မလွတ်မြောက်နိုင်ပေ။ ရီချန်းနှင့် ယဉ်ရို့ပင်းက ကျန်းရီကို ကာကွယ်ရန် ရှေ့ထွက်ရပ်နေလျှင်တောင် အသုံးမဝင်ပေ။ ရှီးဖေးနှင့် ကျန့်ဝူယင်တို့က ရတနာသုံးမျိုးကို ရယူရန် ဆုံးဖြတ်ချက် ချထားပြီးဖြစ်သောကြောင့် မျက်နှာသာပေးမှာ မဟုတ်ပေ။ ထို့ကြောင့် သုံးယောက်သား၏ မျက်လုံးထဲ၌ ဂရုဏာသက်သည့် အရိပ်အယောင် ရှိနေပြီး ရီချန်းက သက်ပြင်းသဲ့သဲ့တောင် ချလိုက်လေသည်။
“အားလုံးပဲ မလှုပ်နဲ့။ မဟုတ်ရင် နဂါးညှိုးရော်မြက်ပင်ကို ဖျက်ဆီးလိုက်မယ်”
သုံးယောက်သားက နုနယ်သော ခန္ဓာကိုယ်ကို တုန်ယင်သွားစေနိုင်သော အံ့သြဖွယ်ကောင်းသည့် ဟိန်းသံတစ်သံဖြစ်သည်။ ရီချန်းနှင့် ယဉ်ရို့ပင်းတို့က မျက်လုံးလက်သွားပြီး ထိုကလေး၏ ဉာဏ်ရည်ကို တိတ်တဆိတ် အသိအမှတ် ပြုလိုက်၏။ အမြင်အရ ပိုကောင်းသည့် အလှည့်အပြောင်းအတွက် အခွင့်အရေး ရှိနေသေးသည်။
ဝှစ် ဝှစ် ဝှစ်
လုံလောက်သွားပြီ ဖြစ်သည်။
လေထဲတွင် ရပ်နေသည့် ကောင်းကင်ဧကရာဇ် (၇၀)ကျော်က ရှီးဖေးနှင့် ကျန့်ဝူယင်တို့၏ သတင်းစကားများကို ရလိုက်သည်။ နဂါးညှိုးရော်မြက်က တန်ဖိုးရှိလွန်းပြီး သွေးကြောများနှင့် ရိုးတွင်းခြင်ဆီများကို သန့်စင်ပေးနိုင်သည်။ ထိုအရာကို သန့်စင်နိုင်သည့် မည်သူမဆို အဆပေါင်းများစွာ ကျင့်ကြံဆင့် တိုးတက်သွားစေနိုင်သော စင်းလုံးချော ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ရရှိပေလိမ့်မည်။ ကံကောင်းလျှင် နှစ်အနည်းငယ်အတွင်း ရိုးတံနှစ်ခု ပေါ်လာနိုင်၏။ ကံဆိုးလျှင် နှစ်တစ်သောင်းလျှင် တစ်ပင်တောင် ပေါ်လာမှာမဟုတ်ပေ။ ထို့ကြောင့် မည်သူကမှ အဆင်အခြင်မဲ့စွာ မလှုပ်ရှားရဲပေ။ ကျန်းရီက ကျောက်စိမ်းသေတ္တာကို အမှန်တကယ် ဖျက်ဆီးခဲ့လျှင် အလွန့်အလွန် ဆိုးဝါးပေလိမ့်မည်။
အကြည့်အားလုံးက ကျန်းရီ၏ လက်ထဲရှိ ကျောက်စိမ်းသေတ္တာဆီ ရောက်သွားစဉ် သူတို့၏ ကောင်းကင်စိတ်အာရုံများကို တိတ်တဆိတ် ဖြန့်ကျက်လိုက်၏။ နဂါးညှိုးရော်မြက် အထဲတွင် ရှိနေသေးလားဆိုတာ သူတို့စစ်ဆေးနေကြသည်။ နှမြောစရာက ကျောက်စိမ်းသေတ္တာတွင် အစီအရင်တစ်ခု ရှိနေပြီး သေတ္တာထဲကို ကြည့်၍မရပေ။
“အမှန်ပဲ နဂါးညှိုးရော်မြက်က အထဲမှာ ရှိနေတယ်”
ပထမဆုံး ပြောလိုက်သည့်သူက ယဉ်ရို့ပင်းဖြစ်သည်။ သူမက ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး နှုတ်ခမ်းတို့ လှုပ်သွားလေ၏။
“နဂါးညှိုးရော်မြက်ရဲ့ တည်ရှိမှုကို ကျွန်မခံစားနိုင်တယ်”
ယဉ်ရို့ပင်းက ရေခဲခန္ဓာ ဖွဲ့စည်းပုံ ရှိနေသောကြောင့် သူမစကားကို မည်သူမျှ သံသယမဝင်ပေ။ ယခုအချိန်တွင် ကျန်းရီက မီးတိမ်သံချပ်ကာကို ဝတ်ဆင်ထားသောကြောင့် နဂါးညှိုးရော်မြက် သူ့တွင်ရှိတာ သေချာနေသည်။
“ဟေး မင်း ငါက ဓားဧကရာဇ်ရဲ့မြေး ကျန့်ဝူယင်ပဲ။ နဂါးညှိုးရော်မြက်ကို ငါ့ဆီပေးလိုက်။ မင်းအတွက် ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်းနဲ့ မီးတိမ်သံချပ်ကာကို ပေးမယ်။ မင်းရဲ့တစ်ဘဝလုံး ကြွယ်ဝချမ်းသာမှုနဲ့ အောင်မြင်ကျော်ကြားမှုတောင် အာမခံပေးနိုင်တယ်”
“ငါကရှီးဖေး ရှီးမျိုးနွယ်စုရဲ့ ခေါင်းဆောင်ပဲ။ နဂါးညှိုးရော်မြက်ကို လွှဲပေးလိုက်။ မင်းကိုဘယ်သူမှ မထိရဲဘူးဆိုတာ အာမခံတယ်။ မင်းတစ်ဘဝတာအတွက် ဂုဏ်ကျက်သရေ အောင်မြင်ကျော်ကြားမှုတွေတောင် ပေးနိုင်တယ်”
“ဟေ့ကောင် ငါကဝူနီ မြောက်ပိုင်းဧကရာဇ် ဝူရှန်းက ငါ့ရဲ့အဘိုးပဲ။ မင်းငါ့ကို ရတနာသုံးမျိုးပေးရင် မင်းရဲ့အသက်ကို ရှင်ခွင့်ပေးမယ်။ ဘယ်လိုလဲ။ သိုင်းခန်းမထဲတောင် ဝင်ခွင့်ပေးမယ်”
“ငါကထူလုံ”
“... ”
တစ်ပြိုင်နက်ထဲနီးပါး လူများစွာက ကျန်းရီ၏စိတ်ထဲ အသံပို့လိုက်ကြသည်။ ကျန့်ဝူယင်နှင့် ရှီးဖေးသာ သူတို့အသံကို ပို့ခဲ့တာမဟုတ်ဘဲ ဝူနီ၊ ထူလုံနှင့် လင်းချီကျန့်တို့ကလည်း ပို့ခဲ့ကြ၏။ နောက်ဆုံးသုံးယောက်က အရှက်မဲ့သည်ဟု ဝန်ခံရမှာပဲဖြစ်သည်။ ကျန်းရီက ထိုသုံးယောက်ကို ပေးလိုက်လျှင် မည်သည့် အကြောင်းအရင်းတောင် မသိလိုက်ဘဲ သေသွားရနိုင်သည်။
ကျန်းရီက ခမ်းနားသော အနီရောင် တိုက်ပွဲဝင် သံချပ်ကာကို ဝတ်ဆင်ထား၏။ ထိုတိုက်ပွဲဝင် သံချပ်ကာက ခန္ဓာကိုယ်ပိုင် သပ်သပ်အတွက် မဟုတ်ပေ။ တစ်စုံလုံးစာဖြစ်ပြီး ရင်ကာ၊ လက်ကာ၊ ခေါင်းဆောင်းနှင့် ကျန်းရီတစ်ကိုယ်လုံးကို ကာပေးနိုင်၏။
ထိုတိုက်ပွဲဝင် သံချပ်ကာကို ဆန်းကြယ်သော ကုန်ကြမ်းများဖြင့် သွန်းလုပ်ထားပြီး အမျိုးမျိုးသော ကျော့ရှင်းသည့် ပုံသဏ္ဍန်များ ပါဝင်သည်။ ခမ်းနားရုံသာမက အနီရောင်အလင်း ဖျော့ဖျော့အလွှာ တစ်လွှာကလည်း စီးဆင်းနေ၏။ ယင်းက ကျန်းရီ၏ အရှိန်အဝါ တစ်ခုလုံးကို ပြောင်းလဲနေစေကာ မလှမ်းမကမ်းကနေကြည့်လျှင် ပြိုင်ဘက်ကင်း နတ်ဘုရားတစ်ပါးနှင့် တူနေတော့သည်။ မည်သူကမှသူ့ကို စေ့စေ့မကြည့်ရဲပေ။
“ကောင်းပြီ အားလုံးပဲ ခင်ဗျားတို့တွေ အသံပို့တာ ရပ်လိုက်တော့”
ကျန်းရီသည် မည်သို့ ပျံသန်းရမည်မှန်း မသိပေ။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်က ဖြေးဖြေးချင်း ဆင်းသက်လာ၏။ ကံကောင်းသည်မှာ ဆန်းကြယ်နတ်ဘုရားနန်းတော် ပျောက်ကွယ်သွားချိန်၌ သူ၏ခန္ဓာကိုယ်က လေထဲတွင် ဝဲနေပြီးနောက် တောင်ထွတ်ပေါ်သို့ ရောက်သွားတာပဲဖြစ်သည်။
သူ၏မျက်နှာထားက ပြာယာခတ်ပုံ ပေါ်မနေပေ။ သူက ပတ်ဝန်းကျင်ကိုကြည့်ပြီး ပြောလိုက်လေ၏။
“အားလုံးပဲ ဒီနိမ့်ကျတဲ့သူက ကျွန်တော်ရဲ့ခွန်အား အရည်အချင်း မမှီဘူးဆိုတာ သိပါတယ်။ ပြီးတော့ ဒီရတနာသုံးပါးကို ပိုင်ဆိုင်မိတဲ့အတွက် သေသင့်တဲ့အပြစ်ကို ကျူးလွန်မိတာပါ။ ဒါတွေကို မပေးရင် ဒီနေရာကနေ သေချာပေါက် ပျောက်ကွယ်သွားရမယ်မှန်း သိနေတယ်။ ကျွန်တော်အတွက် ဒါတွေယူဖို့ ဆန္ဒမရှိပါဘူး။ အားလုံးပဲ ကျွန်တော် ကိစ္စတစ်ခု ဖြေရှင်းတာကို စောင့်ပေးနိုင်မလား။ ပြီးရင် ဒီရတနာတွေကို ပေးပါ့မယ်။ ခင်ဗျားတို့အားလုံး ကိုယ့်ရဲ့ခွန်အားကို အားကိုးပြီး တိုက်ခိုက်ကြပေါ့။ ဘယ်လိုလဲ”
ထျန်း
ကျန်းရီ၏ ဖော်ပြချက် ပြီးသွားချိန်တွင် သူတို့က ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။ ကျန်းရီထိုမျှ နှိမ့်ချမည်ဟု မည်သူက ထင်မည်နည်း။ သူသည် ရတနာသုံးမျိုးကို ပေးအပ်ရန်တောင် ပြင်ဆင်ထားသည်။ ဝူနီ၊ ထူလုံနှင့် လင်းချီကျန့်တို့၏ မျက်ဝန်းများ လက်သွားကြသည်။ သုံးယောက်သားက အစ၌ အခွင့်အရေး မရှိဟု တွေးခဲ့သည်။ သို့သော် အခြေအနေတွင် ပြောင်းလဲမှုတစ်ခု အမှန်တကယ် ရှိလာသည်လော။ သူတို့သုံးယောက်က ရတနာကို ရနိုင်ခဲ့မည်ဆိုလျှင် ရှီးမျိုးနွယ်စုနှင့် နတ်မြင်းပျံ အင်ပါယာက သူတို့ကို မသတ်ရဲလောက်ပေ။
ရှီးဖေးနှင့် ကျန့်ဝူယင်၏ မျက်လုံးကလည်း လက်သွားတော့သည်။ သူတို့မျိုးနွယ်စု၌ သိုင်းပညာရှင် တစ်ဖွဲ့လုံး ရှိနေလေရာ ရတနာကို သူတို့နှစ်ယောက်ရမှာ သေချာနေ၏။ ကျန်းရီက နဂါးညှိုးရော်မြက်ကို မဖျက်ဆီးသ၍ လူတိုင်းညှိနှိုင်းနိုင်သည်။
ရီချန်းနှင့် ယဉ်ရို့ပင်းတို့က တစ်ယောက်ကိုတစ်ယောက် သံသယမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ ကူကယ်ရာမဲ့ တံတားတွင် ကျန်းရီ၏ မောက်မာပြီး အလျော့မပေးသော အကျင့်စရိုက်က ယဉ်ရို့ပင်း၏ စိတ်ထဲတွင် ရှိနေသေးသည်။ သူမအမြင်တွင် ကျန်းရီက ထိုကဲ့သို့ အလွယ်တကူ အညံ့ခံမည့်လူမျိုး မဟုတ်ပေ။ သူမည်သူကို ပြုလုပ်ရန် ကြိုးစားနေသနည်း။ ရီချန်းက ကျန်းရီကို အချိန်အနည်းငယ် ကြုံတွေ့ဖူးလေရာ ကျန်းရီက တစ်ပါးသူကို အညံ့ခံသည့် သူရဲဘောကြောင်သည့် လူမျိုးမဟုတ်ကြောင်း သူမလည်း ယုံကြည်သည်။
ဂုဏ်ယူဝံ့ကြွားသည့် အသံတစ်သံက သူတို့နှစ်ယောက်၏ အတွေးကို လက်တွေ့သို့ ပြန်ဆွဲယူလိုက်သည်။ ရှီးဖေး၏ နှုတ်ခမ်းက မိစ္ဆာအပြုံးအဖြစ် ကွေးတက်သွားပြီး သူက သမန်ကာလျံကာ ပြောလိုက်၏။
“ဘာများဖြေရှင်းဖို့ လိုတာလဲ။ သိပ်ပြီး မလွန်ကဲသ၍ ဒီသခင်လေးက မင်းကို ကူညီပေးမယ်”
ကျန့်ဝူယင်ကလည်း နောက်ကောက်မကျချင်သောကြောင့် ရှုံ့မဲ့ပြီး ပြောလိုက်၏။
“လွန်ကဲနေတယ်ဆိုရင်တောင် ဒီသခင်လေးက မင်းအောင်မြင်အောင် ကူညီပေးမယ်”
***